ဘ၀အလင်း(ပညာရေးအလှူ)
ဘဝမှာ မျက်စိနှစ်ကွင်း အလင်းမရတော့ဘူးဆိုရင် ဘ၀မှာ အတော်ကို မှောင်မိုက်နေမှာပါ။ ဒီတစ်ဘဝ အတွက် မျှော်လင့်ချက်၊ ရည်မှန်းချက်တွေ ကင်းမဲ့ပြီးတော့ အားငယ်မှုတွေ ပြည့်နှက်နေပါလိမ့်မယ်။ လမ်းတစ်ခု လျှောက်လှမ်းဖို့အတွက်တောင် အမှီပြုရာ တုတ်၊ သို့မဟုတ် တစ်ယောက်ယောက်ကို လက်ချိတ်ပြီး လျှောက်မှသာ သွားလိုရာနေရာလေးကို ရောက်မှာပါ။ သို့ပေမယ့် မျက်စိနှစ်ကွင်း အလင်းရလက် ဘဝမှောင်နေသူတွေရှိတယ်၊ မျှော်လင့်ချက်မဲ့နေသူတွေရှိတယ်၊ ရည်မှန်းချက်ပျောက်နေသူတွေရှိတယ်။ မျက်စိကြောင့် ဘဝမှောင်နေသောသူဟာ အပြင်ဗဟိဒ္ဓ အလင်းရောင်တွေ မမြင်ရ၍ မှောင်မှက်နေတယ်။ အပြင်ဗဟိဒ္ဓကို မြင်ရလျှက် မှောင်နေ သောသူတွေဟာ ပညာအလင်းတွေ ချို့တဲ့နေကြလို့ ဘဝအလင်းကို မမြင်ရတာ။ မျက်စိလင်းလျှက် ဘဝမှောင်နေသူ တွေဟာလည်း ဘဝရဲ့ အဆင်ပြေ ချောမွေ့တဲ့လမ်းကို လျှောက်လှမ်းဖို့ အတော်ခက်ခဲနေကြရတယ်။ အမှီပြုရာ တုတ် သို့မဟုတ် အမှီသဟဲပြုလို့ရမယ့် နွေးထွေးသော ရင်ခွင်တွေ လိုအပ်နေတယ်။ ဒါမှ သွားလိုရာကို သွားနိုင်မှာလေ။
ဒီတော့ ဘဝမှာ မှောင်မိုက်ပြီးတော့ ရည်မှန်းချက် ပျောက်နေသူတွေ၊ မျှော်လင့်ချက်ကင်းမဲ့သူတွေကို ထောက်တည်ရာရအောင် ဆောင်ရွက်ပေးသင့်တယ်။ အရိုးသားဆုံး အတွေးတွေနဲ့ အမြင့်ဆုံးစိတ်ထား ထားပြီးတော့ စာနာကူညီပေးသင့်တယ်။ လူတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံး လိုအပ်ချက်ကို ပြောပါဆိုလျှင် သီလနှင့် ယှဉ်သော ပညာအရည်အချင်းသာ ဖြစ်လိမ့်မယ်လို့ ကျွန်တော် တွေးမိပါတယ်။ ဒါကြောင့် သီလနဲ့ယှဉ်သော ပညာအလင်းတွေကို သူတို့ဘ၀မှာ ထွန်းလင်းပါမှ သူတို့ဘဝ၊ သူတို့ပတ်ဝန်းကျင် သာယာစိုပြည့်ပါလိမ့်မယ်။ သူတို့ဘဝလေးတွေ သာယာစိုပြေစေလိုသော ဆန္ဒတွေနဲ့ ကူညီဖေးမ ပေးမယ်ဆိုရင် သူတို့တွေလည်း ပျော်ရွှင်နေရမယ်၊ ကြိုးစားရင် ကြိုးစားသမျှ အရာထင်လာမယ်၊ ကူညီပေးသူမှာလည်း သူတို့ အဆင်ပြေသည်နဲ့အမျှ စိတ်ထဲမှာ ပီတိတွေ အထပ်ထပ်အခါခါ ဖြစ်ရမယ်။ နှစ်ဖက်လုံးမှာ ဘယ်လောက်ထိများ အေးချမ်းမှုတွေ ဖြစ်လိမ့်မလဲ။ တွေးကြည့်ရုံမျှဖြင့် ရင်တွင်းမှာ ကြည်နူးစရာပါ။
ဤစိတ်ကူး ဤအတွေးများနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ ဦးစီးဦးဆောင်ပြု၍ စတင် အကောင်ထည်ဖော်မိပါတော့သည်။ ထိုသို့ အကောင်ထည် ဖော်ရာတွင် ဘုရားရှင်၏ အလိုတော်ကျ ဖြစ်စေရန် သော်လည်းကောင်း၊ သီးသန့် စောင့်ရှောက်ပေးရန် အခြေအနေမပေး၍သော်လည်းကောင်း အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်ရန် တိုင်ပင် ဆွေးနွေးမိခဲ့ကြပါတယ်။
ကျောင်းသားများကို ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီ ကျောင်း၊ မင်္ဂလာဒုံမြို့နယ်)တွင် ထားရှိမည်ဖြစ်ပြီး ကိုရင်ဝတ်လျှင်သော်လည်းကောင်း၊ ညအိပ်ကျောင်းသား အဖြစ်သော်လည်းကောင်း ထားရှိကာ ပညာသင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။ အခုလို ထားတယ်ဆိုတာလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို ကုသိုလ်လည်းရ၊ ပညာလည်းရစေချင်သော အကျိုးတရားများကြောင့် ဖြစ်ပါတယ်။ သူတို့လေးတွေ ဆန္ဒရှိလို့ ကိုရင် ၀တ်ခဲ့ရင် သီလကျေးဇူးတရားတွေ ဘာသာရေး အသိတရားတွေပါ သိမြင်ပြီး လောကီပညာကိုလည်း ကောင်းစွာ တတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ဆရာတော် ကိုယ်တိုင်သည်ပင် အရင်ကတည်းက တိုင်းရင်းသား မိဘမဲ့ ဆင်းရဲ ကျောင်းသားများကို လက်ခံပြီး စောင့်ရှောက်နေဆဲပင် ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ကိုးတန်း နှင့် ဆယ်တန်း ပေါင်း ကျောင်းသား ဦးရေမှာ ၂၅ ဦးရှိနေပြီ ဖြစ်ပါတယ်။ ဆရာတော်နှင့် တိုင်ပင်ကာ ပညာရေးအလှူတော်အဖြစ် ၆ ရက် ဇွန်တွင် စတင်ခဲ့ပါပြီ။ လှူဒါန်းမည့် အရာများမှာ ကျောင်းသားများ စားသောက်ရေး အဆင်ပြေစေရန် လစဉ် ဆန်၊ ဆီ ပဲတို့ လှူဒါန်းသွားမှာပါ။ ကျောင်းသားများ၏ ပညာ သင်ကြားရာတွင် အဆင်ပြေစေရန် ဆရာ/ဆရာမ များကို တစ်လလျှင် ငါးသောင်းကျပ်ဖြင့် ငှားရမ်းသင်ကြားမှာ ဖြစ်ပါတယ်။ လက်ရှိတွင် ကျောင်းနှစ်ကျောင်းပေါင်းအတွက် ဆရာ/ဆရာမ ၆ ဦး ငှားရမ်းထားပါသည်။ ကျောင်းသားများအတွက် လစဉ်လိုအပ်သော စာရေးကိရိယာအစ ရှိသည်တို့ကိုလည်း လှူဒါန်းသွားမှာဖြစ်ပါတယ်။
ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာကြီးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈ ၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမ ကျောင်း၏ သီလရှင်ဆရာကြီး၏ စည်းကမ်းအရ ၄င်းကျောင်းတွင် သီလရှင်များအဖြစ်သာ လက်ခံ၍ ပညာသင်ကြားပေးခြင်း၊ ဘာသာရေးအသိတရားများ သင်ကြားခြင်းများကို စောင့်ရှောက်ပေးနေသဖြင့် ကျောင်းသများမှာ သီလရှင်ဝတ်ကာ နေထိုင်နိုင်မှသာ အဆင်ပြေမည်ဖြစ်ပါသည်။ အာသောကာရာမ သီလရှင်စာသင်တိုက်တွင် ကိုးတန်း၊ ဆယ်တန်းအားဖြင့် သီလရှင် ၂၅ ဦး ရှိပြီးဖြစ်ပါသည်။ ရည်ရွယ်ချက်၊ လှူဒါန်းမှု အသီးသီးအားဖြင့် ဆောင်ရွက်မည့် အစီအစဉ်များမှာ ကျောင်းသားများအတိုင်း လှူဒါန်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေများ အနေဖြင့်လည်း မိမိပတ်ဝန်းကျင်၊ မိမိအသိမှသော်လည်းကောင်း၊ အကြောင်းအရာ တစ်မျိုးမျိုးဖြင့် တွေ့ရှိပါက ထေရဝါဒဗုဒဘာသာ လူငယ်များအသင်းနှင့် ဆက်သွယ်ပြီး အပ်နှံကာ ပညာရေးကို သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ သို့ရာတွင် အောက်ဖော်ပြပါ အချက်များနှင့်လည်း ပြည့်စုံရန် လိုအပ်မည် ဖြစ်ပါသည်။
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်မှသာ အဆင်ပြေမည်ဖြစ်ပါသည်။
(ခ) ကိုရင်/ကျောင်းသား/သီလရှင်များအနေဖြင့် မိမိနေထိုင်သော ကျောင်း၏ စည်းကမ်းများ အတိုင်း တိကျစွာလိုက်နာရပါမည်။
(ဂ) ပညာသင်ကြားရန် အမှန်တကယ် အခက်အခဲရှိသူ ဖြစ်ရပါမည်။
(ဃ) ပညာသင်ကြားရာတွင် အမှန်တကယ် ကြိုးစားလိုစိတ်ရှိသူ ဖြစ်ရပါမည်။
(င) အထက်ပါအစီအစဉ်အတိုင်း နေထိုင်သင်ကြားရမည်ကိုလည်း မိဘ(သို့)အုပ်ထိန်းသူမှ လက်ခံသဘောတူပြီး ဖြစ်ရပါမည်။
ဤအချက်များဖြင့် ပြည့်စုံလျှင် ပညာရေးအတွက် သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများ အနေဖြင့်လည်း အထက်မှာ ရေးသားဖော်ပြခဲ့ပြီးသလို ရည်မှန်းချက် ပျောက်နေသူတွေ၊ မျှော်လင့်ချက် ကင်းမဲ့သူတွေကို ထောက်တည်ရာရအောင် ဆောင်ရွက်ပေးမယ်၊ အမြင့်ဆုံးစိတ်ထားများနဲ့ စာနာ ကူညီပေးမယ် ဆိုတဲ့ အတွေးစိတ်ကူးများဖြင့် ဝိုင်းဝန်းကူညီပေးစေလိုပါတယ်။ တစ်ယောက်အားထက် ဗုဒ္ဓဘာသာဝင်များအားလုံး စုပေါင်းပါဝင်လှူဒါန်းကြစေလိုပါတယ်။ လှူဒါန်းကြလိုသော ဓမ္မမိတ်ဆွေများ အနေဖြင့် တစ်ဦးချင်း အလှူရှင်၊ လစဉ်အလှူရှင်များ အားဖြင့် လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းသော ငွေများကိုလည်း ဘဏ်စာအုပ် သီးသန့်ထား၍ ဘဏ်တွင်အပ်ကာ လှူဒါန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လစဉ် လှူဒါန်းမှုများကိုလည်း အလှူရှင် အသီးသီးအား မေးလ်ဖြင့် ပြန်လည် ပို့ပေးမည်ဖြစ်ပြီး အသင်းဆိုဒ်တွင်လည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူ မှတ်တမ်းဓါတ်ပုံများနှင့် အမည်စာရင်းများကို ပူးတွဲ ဖော်ပြပေးသွားပါမည်။
ဓမ္မမိတ်ဆွေများအနေဖြင့် အကြုံပြုလိုလျှင်သော်လည်းကောင်း၊ လှူဒါန်းလိုလျှင်သော်လည်းကောင်း ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကို အောက်တွင် ဖော်ပြထားပါသည်။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ် စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြ၍ သာသနာ့အကျိုး သယ်ပိုးနိုင်ကြပါစေ။
အမောင်(ရေနံ့သာ)
(၁) ကိုထွန်းထွန်းလှိုင် ဖုန်း +၉၅ ၉-၇၃၀ ၆၂ ၈၁၁ htunhtunhlaing82@gmail.com (YGN)
(မြန်မာနိုင်ငံတွင်း လှူဒါန်းလိုသူများ ကိုထွန်းထွန်းလှိုင်ဆီသို့ ဖုန်းဆက်၍ မေးမြန်းကာ လှူဒါန်းစေလိုပါသည်။)
(၂) ကိုဝင်းသူ winthu.tbyo@gmail.com (RU)
(၃) ကိုသန့်ဇင် ဖုန်း +၇ ၉၁၆ ၉၈၅ ၇၀ ၉၅ thantzin83@gmail.com (RU)
(၄) ကိုနန်းထိုက်ဝင်း nanhtikewin@gmail.com (YGN)
လှူဒါန်းနိုင်သည့်ဘဏ်အကောင့်
( Name =Tin Moe Aung, card No =6762-3069-7691-9742, Card Name=Maestro, bank Name=Alfa bank, Country=Russia Federaion, City=Moscow )
နိုင်ငံတကာမှ အလှူရှင်များအနေဖြင့် လှူဒါန်းမှု ပြုလုပ်နိုင်ရန်အတွက် အောက်တွင် Online Donation ကို ပြုလုပ်ထားပါသည်။ ထို့သို့လှူဒါန်းရာတွင် အဆင့်နှစ်ဆင့် ပြုလုပ်ပေးရမည် ဖြစ်ပါသည်။ အခက်ခဲများရှိပါကလည်း စုံစမ်း မေးမြန်းစေလိုပါသည်။ လှူဒါန်းမှု အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
အလှူရှင်များ အချက်အလက်ဖြည့်ရန်
အချက်အလက်ဖြည့်ပြီးပါက (+79266253133)သို့ လွှဲပြောင်းလှူဒါန်းပေးပို့ရန်
0 comments:
Post a Comment