သမက်ရဟန်းနဲ့ ယောက္ခမ
သမက်ဖမ်းတဲ့ ယောက္ခမ အကြောင်းပါ။
ကလေးတွေကို ယဉ်ကျေးမှုသင်တဲ့အခါ သင်ခန်းစာ တစ်ခုချင်းစီရဲ့ အဓိပ္ပါယ်ကို ပုံပြင်၊သာဓကလေးတွေနဲ့ ဥပမာပေးပြီးပြောလေ့ရှိတယ်။ တနေ့မှာ မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်စတဲ့ လူမှုကျင့်ဝတ်ဆိုင်ရာ အခန်းလေးတွေရောက်လာပါတယ်။ ပထမ သားသမီတို့ရဲ့ အပေါ်မှာ ပြုလုပ်ရမယ့် မိဘတို့ကျင့်ဝတ်ကို ရှင်းပြတယ်။ မိဘကျင့်ဝတ်ထဲမှာ သားသမီးတွေ အရွယ်ရောက်လာတဲ့အခါ ပြုလုပ်ပေးရမယ့် ထိမ်မြှားလက်ထပ်ပေးရခြင်းဆိုတဲ့ အချက်တစ်ချက်လည်း ပါဝင်ပါတယ်။ အဲဒီအချက်ကို ရှင်းပြတဲ့အခါ မိဘတွေက သား၊ သမီးတွေ အရွယ်ရောက်လာတဲ့အခါမှာ သင့်တော်တဲ့လူမျိုးကိုရှာပြီး ကိုယ့်သားသမီးတွေကို လက်ထပ်ပေးရမယ်။ လက်ထပ်ပေးတဲ့အခါမှာ “ကောင်းတဲ့လူနဲ့ လက်ထပ်ပေးရမှာလား၊ မကောင်းတဲ့လူဆိုးနဲ့ လက်ထပ်ပေးရမှာလား”လို့ ကလေးတွေကို မေးလိုက်တယ်။
ကလေးတွေအားလုံး တညီတညာတည်း ပြန်ဖြေပါတယ်။ ကောင်းတဲ့လူနဲ့ လက်ထပ်ပေးရမှာပါတဲ့။ အားလုံးဖြေပြီးလို့ ခဏ အသံတိတ်ဆိတ်သွားတဲ့အခါ ကောင်လေးတစ်ယောက်က ထပြီးပြောတယ်။ “မိန်းကလေးတွေအတွက် ကောင်းတဲ့လူဆိုရင် ဘုန်းဘုန်းနဲ့ ပေးစားရမှာပေါ့။ ယောက်ျားလေးတွေဆိုရင် သီလရှင် ဆရာလေးတွေနဲ့ ပေးစားရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းဘုန်းတွေ၊ သီလရှင်တွေက လူဝတ်ကြောင်တွေထက် ပိုပြီး ကောင်းတယ်၊ သင့်တော်ပါတယ်” တဲ့။ ကျန်တဲ့ကလေးတွေကလည်း ဟုတ်တယ်၊ ဟုတ်တယ်နဲ့ တညီတညာတည်း ထောက်ခံကျတယ်။ သာသနာတော်ကို မျိုးဆက်ပြုတ်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး မရှိဘဲနဲ့ ကလေးက ကလေးဆန်စွာပဲ ပြောလိုက်လို့ တော်ပါသေးရဲ့။
မေးတဲ့ ကောင်လေးကို ရယ်ချင်သွားတယ်။ သူ့စိတ်ထဲမှာလည်း လူကောင်းလို့ပြောလိုက်တာနဲ့ သူစိတ်ထဲမှာ နီးစပ်ရာ ဘုန်းဘုန်းတို့ သီလရှင်တို့ ပြေးမြင်လိုက်တာကိုး။
ဒါနဲ့ သူ့ကို နားလည်အောင် ရှင်းပြလိုက်ရတယ်။ “ဘုန်းဘုန်း၊ သီလရှင်တွေဆိုတာ အပူကင်းချင်လို့ ကိစ္စများမြောင်တဲ့ လူ့ဘောင်ကို စွန့််ပြီး၊ သားမွေးမှု၊ မယားကျွေးမှု ကင်းတဲ့ သာသနာ့ဘောင်ဘ၀ကို ကူးကြတာလေ။ ဒါကြောင့် သူတို့နဲ့ပေးစားလို့ ဘယ်ဖြစ်ပမလဲ။ လူ့ဘောင်၊ လူ့လောကမှာလည်း လူတော်လူကောင်းတွေ အများကြီးရှိပါတယ်။ ကိုယ့်သား၊ ကိုယ့်သမီးတွေကို သင့်တော်မယ် ထင်ရင် သူတို့နဲ့ ပေးစားလည်း ရပါတယ်။ မင်းတို့လေးတွေကြီးလာလို့ မိဘဖြစ်လာရင် သမက်ဖမ်းတာလည်း ကြည့်ဖမ်းကြအုံး။ သမက်၊ ချွေးမအဖြစ် ဘုန်းကြီး၊ သီလရှင်ကိုမှ သွားဖမ်းလို့ အကုန်ဒုက္ခရောက်ကုန်အုံးမယ်၊ ဘုရားရှင်လက်ထက်ကလည်း ဘုရားရှင်ကို သမက်ဖမ်းလို့ ဘုရားရှင်ကိုယ်တော်တိုင် သဘောပေါက်အောင် တရားဟောပြလိုက်ရတဲ့ သမက်ဖမ်းယောက္ခမ တွေရှိခဲ့ဖူးတယ်။ မာဂဏ္ဍိယပုဏ္ဏား လင်မယားနှစ်ယောက်ရှိတယ်။ သူတို့မှာ သမီးချောကလေး တစ်ယောက်လည်းရှိတယ်။ သူတို့က ရဟန်းတော်တွေကို မြတ်နိုးလေ့ရှိကြတယ်။ ရဟန်းတော်တွေကို တန်ခိုးရှိတဲ့ သူတော်ကောင်းတွေလို့လည်း သူတို့ရဲ့ စိတ်ထဲမှာ ယူဆကြတယ်။ ဒါကြောင့် သူတို့ရဲ့ သမီးလေးကို ရဟန်းတော်တွေနဲ့မှ ပေးစားလိုစိတ်ရှိကြတယ်။ ကျန်တဲ့ လူဝတ်ကြောင်တွေနဲ့ရင်ဆိုရင် သဘောမတူကြဘူး၊ မတန်ဘူးပေါ့လေ။ သူတို့သမီးလေး အရွယ်ရောက်လာလို့ ထိပ်မြှားပေးမယ်ဆိုရင် ရဟန်းတော်တွေက သူတို့ရဲ့ ခေါင်းထဲမှာ သမက်လောင်းအဖြစ် နံပါတ်တစ်ပေါ့။
ဒါနဲ့ပဲ လူရည်သန့်၊ ရုပ်ချောချော သမက်လောင်းရရှိရေးအတွက် ရှာကြတာပေါ့။ အဲဒီလိုရှာနေဆဲမှာ သမက်လောင်း လူရည်သန့် ရုပ်ချောချော သမက်လောင်းတွေကို တွေ့ကြပါတယ်။ ဒါပေမယ့် ရဟန်းမဟုတ်တဲ့အတွက် မပေးစားလိုကြဘူး။ သူတို့လိုချင်တဲ့ သမက်လောင်းမှာ ရှိရမယ့် အချက်အလက်တွေက…
နံပါတ်တစ်….အမျိုးမြတ်ရမယ်…။
နံပါတ်နှစ်….ရုပ်ချောရမယ်…..။
နံပါတ်သုံး…အဲဒီလူကလည်း ရဟန်းဖြစ်ရမယ်တဲ့…။
အခုခေတ်မော်ဒယ်မင်းသမီးလေးတွေ ဂျာနယ်၊ မဂ္ဂဇင်းတွေကနေပြီးတော့ အင်တာဗျူးကြတဲ့အခါ သူတို့မျှော်လင့်ထားတဲ့ ချစ်သူအင်္ဂါတွေထက် ပိုဆိုးမယ်ထင်တယ်။ သူတို့သမီးလေးကလည်း မိန်းမတစ်ယောက်ရှိရမယ့် ငါးလီကောင်းတာတို့၊ ခြောက်ပစ်ကင်းတာတို့နဲ့ ကိုက်ညီပြီးတော့ လှတာဆိုတော့ အင်္ဂါတွေကလည်း ဒီလောက်တော့ရှိရမှပေါ့လေ။ တကယ့်ရှုမ၀တဲ့ မိန်းမလှလေးပေါ့။
တစ်နေ့မှာတော့ ပုဏ္ဏားကြီးဟာ သူ့ရဲ့အိမ်ရှေ့ကို ဆွမ်းခံကြွလာတဲ့ မြတ်စွာဘုရားကို တွေ့လိုက်တယ်။ ဒါနဲ့ အိမ်ထဲကို အမြန်ပြေးဝင်ပြီး သူ့ဇနီး ပုဏ္ဏေးမကို ၀မ်းသာအားရစွာနဲ့ ဒီလိုပြောလိုက်တယ်။
“ရှင်မရေ…တို့တော့ သမက်လောင်းတွေ့ပြီကွ… သမီးဘယ်မှာလဲ… သမီးလေးကို အကောင်းစား မိတ်ကပ်၊ နှုတ်ခမ်းနီ၊ လက်သည်း၊ ခြေသည်းဆိုးဆီ၊ ခေါင်းလိမ်းဆီနဲ့ အကောင်းဆုံး အ၀တ်စားတွေကို ဖီးလိမ်းပြင်ဆင်ပေးပြီး ခေါ်ခဲ့စမ်းပါ။ ငါ့ရဲ့ သမက်လောင်းလေးကို ပြချင်လွန်းလို့ပါ”
ပထမတော့ ပုဏ္ဏားကြီးရဲ့ အရေးတကြီး ပြောဆိုချက်ကြောင့် ပုဏ္ဏေးမကြီး အံအားသင့်သွားတယ်။ လင်ဖြစ်သူရဲ့ အတန်တန်ပြောဆိုမှုကြောင့်လည်း သူ့သမီးလေးကို အကောင်းဆုံးဆို တာတွေနဲ့ သေချာဖီးလိမ်းပေးပြီး သားမိသားဖသုံးယောက် အိမ်ကနေ ထွက်လာကြတယ်။
အိမ်ရှေ့ခြံတံခါးဝကို ရောက်တဲ့အခါမှာ ဘုရားကို မတွေ့တော့တာရယ်ကြောင့် ပုဏ္ဏားကြီးက “ညည်းတို့ နုံလို့ သမက်လောင်းနဲ့ လွဲရတော့မယ်”ဆိုပြီး ဆူပူကြိမ်းမောက်လိုက်တယ်။ ပြီးတော့ ဘုရားရဲ့ခြေတော်ရာကိုလည်း “အဲဒါ ငါ့သမက်လောင်းခြေရာပဲ” ဆိုပြီးတော့ လက်ညိုးထိုးပြ လိုက်တယ်။
ပုဏ္ဏေးမကြီးကလည်း ဘုရားရှင်ရဲ့ခြေတော်ရာကို မြင်တဲ့အခါကျမှ ပုဏ္ဏားကြီးကို ဒီလို ပြန်ကောတော့တာပဲ။
ပြီးတော့ ဒေါသအားကြီးသူရဲ့ ခြေထောက်က ရှေ့ကိုဆွဲနေတတ်တယ်..ဒါက မဆွဲဘဲနဲ့ ညီနေတာ…ဒါကတစ်ချက်..။
နောက်ပြီး မောဟအားကြီးသူရဲ့ခြေထောက်ဟာ နောက်ပိုင်းက ခွက်နေတတ်တယ်…ဒီခြေရာက မခွက်ဘူး…အားလုံး တပြေးတည်းညီမျှတဲ့ သာမန်ယောက်ျားနဲ့ မတူတဲ့ လက္ခဏာတွေ ရှိတာရယ်မို့ မဟုတ်မှလွဲရော ဒီခြေရာပိုင်ရှင်ဟာ ဘုရားသာဖြစ်ရမယ်...ကျုပ်တို့ သမီးကို နှစ်သက်မယ့် လူစားမျိုးမဟုတ်ပေဘူး…။
ဒီလို ပုဏ္ဏားလင်မယားနှစ်ယောက် အခြေအတင်စကားပြောနေစဉ်မှာပဲ ဘုရားရှင် ရွာတွင်းကပြန် ကြွလာတာကို တွေ့လိုက်ရတယ်..။ ဒီတော့ ဘုရားရှင်ရဲ့ အနားကိုကပ်ကာ သူတို့သမီးနဲ့ ပေးစားချင်တဲ့ အကြောင်း၊ သမီးကလေးကလည်း ခြောက်ပစ်ကင်းစင် သမီးချောလေးဖြစ်ကြောင်း၊ ဘုရားရှင်ကို လျှောက်တင်လိုက်တယ်။
ဒီတော့မှ ဘုရားရှင်က ဘယ်လောက်ပဲချောချော၊ ဘယ်လောက်ပဲလှလှ ကာမအမိုက်မှောင်ပင်ဖြစ်ကြောင်း၊ တကယ်တမ်းဆိုရင် ကာမဂုဏ်တွေက စိတ်ကို လှည့်စားမှုသက်သက်သာ ပေးထားတာမျိုးဖြစ်ကြောင်း၊ ဒါကြောင့်မို့ ပုဏ္ဏားသမီးကို ယူဖို့ မဆိုထားနဲ့ ခြေဖျားနဲ့တောင်မှ ထိပါးခြင်းမပြုချင်ကြောင်း စသဖြင့် ကာမာဒိနာဝလို့ခေါ်တဲ့ ကာမအမိုက်မှောင်အပြစ်တရားတွေကို ဟောပြလိုက်မှ ပုဏ္ဏားကြီးလင်မယားလည်း အကျွတ်တရားရသွားတယ်။ နောက်ပြီးတော့ သမီးဖြစ်သူကိုလည်း ညီဖြစ်သူထံ အပ်ပြီး ရဟန်းဝတ်သွားပါတော့တယ်။။
ထပြောခဲ့တဲ့ကောင်လေး အရွယ်ရောက်လာလို့ အိမ်ထောင်သားမွေးပြုမယ်ဆိုရင်တော့ မလွယ်လှပေဘူး။ သူသမက်ဖမ်းတာ စိတ်ဝင်စားစရာဖြစ်မှာတော့ သေချာပဲ။
မော်ကွန်းသစ်
0 comments:
Post a Comment