* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, June 10, 2011

သူတို့အမေး - သိကြားမင်း ငရဲကျပါသလား




ဘုန်းဘုန်းဘုရား...

အရှင်ဘုရား၏ ပန်းကမ္ဘာ Blog ကိုပုဂံဘုရားသမိုင်း ရှာရာမှတဆင့် တပည့်တော် ရှာတွေ့ခဲ့ပါတယ်ဘုရား... တပည့်တော်အတွက်တော့ အရှင်ဘုရားရေးတဲ့ စာတွေက ဗဟုသုတ အများကြီးရစေပါတယ်ဘုရား..

ဘုန်းဘုန်း ရေးတဲ့သူယောင်မယ် သူယောက်သီး ဆိုတာလေးကို တပည့်တော် ဖတ်ပြီးနောက်မှာ တပည့်တော် စိတ်ထဲမှာ သိလိုတာလေးတစ်ခု ရှိလာပါတယ် အဲဒါလေးကို မေးခွင့်ပြုပါဘုရား..

"ဣသိသိင်္ဂရသေ့လည်း ရရှိထားသော ဈာန်ကိုကစားရင်း ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်လေရာ သိကြားမင်း၏ ဗိမာန်ပင် တုန်လှုပ်လေ၏။ သိကြားမင်းသည် စုံစမ်းဆင်ခြင်၍ ထိုရသေ့၏ သီလတန်ခိုးကြောင့် တုန်လှုပ်ခြင်းဖြစ်ကြောင်း သိသဖြင့် `ငါ့နေရာကို လိုချင်လို့များလား´ ဟု ယုံမှားသံသယဖြင့် ကြောက်ရွံလှသဖြင့် အလမ္ဗုသာ မည်သော နတ်သမီးကို စေလွှတ်၍ ထို ဣသိသိင်္ဂ ရသေ့၏ သီလကို ဖျက်ဆီးလေ၏။"

သိကြားမင်းသည် ရသေ့၏ သီလကို နတ်သမီးကို စေလွှတ်ပြီးတော့ ရသေ့၏သီလကို ဖျက်ဆီးစေခဲ့ပါတယ်... အဲဒီ့လို့ ရသေ့သီလကိုဖျက်ဆီးသော သိကြားမင်းက ငရဲကျလားဆိုတာကို သိလိုပါတယ်ဘုရား...

တပည့်တော်စာတွင် အမှားယွင်းပါရှိခဲ့လျှင် ရှိခိုးကန်တော့ တောင်းပန်ပါတယ်ဘုရား...

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ ကိုဦးထိပ်ပန် ကန်တော့လျှက်
ဒကာ ဟိန်းထွန်းစိုး
5.Apl.2011

အထက်ပါ မေးခွန်းကို မေးလ်ပို့ပြီး မေးမြန်းထားတာ ကြာပါပြီ၊ သို့ပါသော်လည်း အကြောင်းကြောင်းတွေကြောင့် အချိန်တွေ ကြန့်ကြာနေခဲ့ပါတယ်၊ ဘာသာရေးကို စိတ်ဝင်စားကြတဲ့ လူငယ် လူရွယ်လေးတွေ များပြားလာတာ ကို တွေ့ရတဲ့အတွက် စိတ်ထဲမှာလည်း ပီတိဖြစ်မိတယ်။ ဒါကြောင့်လဲ စာရေးသူဟာ လူငယ် လူရွယ် မျိုးဆက်သစ် လေးတွေ ဘာသာရေးနဲ့ မစိမ်းအောင် သူတို့စိတ်ဝင်စားမဲ့အကြောင်းအရာလေးတွေကို အလျင်းသင့်လျင် သင့်သလို ရေးသားလေ့ရှိခဲ့တယ်၊ အထက်ပါ မေးခွန်းအရ တိုတိုနဲ့ လိုရင်းဖြေဆိုရရင် သိကြားမင်းဟာ အဲဒီ သိကြားမင်း ဘ၀နဲ့ သောတာပန်ဖြစ်သွားတာကြောင့် သောတာပတ္တိမဂ်က လုပ်ခဲ့ဖူးသမျှ အကုသိုလ်ကို ပယ်သတ်ကာ အနိုင်ယူလိုက်တဲ့အတွက် ငရဲမကျတော့ဘူး လို့လွယ်လွယ် မှတ်သားနိုင်ပါတယ်၊ သို့သော်လည်း သူ့နောက်ကွယ်မှာ နက်နဲတဲ့ သမိုင်းကြောင်းတွေ ရှိနေခဲ့တယ် ဆိုတာကို သိရမှ ဒီအဖြေကို လက်ခံနိင်လိမ့်မယ်။

အခုလူ့လောကမှာ မေးနေကြတယ်၊ အကုသိုလ်တွေ နှစ်ပေါင်းများစွာ လုပ်ပြီး အသက်မွေးဝမ်းကျောင်း စီးပွားရေး လုပ်နေသော်လည်း ဆက်လက်ကြီးပွားနေကြတယ်၊ အကုသိုလ်က သူတို့ကို အကျိုးမပေးဘူးလား၊ ဒဏ်မခတ်ဘူးလား တဲ့။ ကံ ကံရဲ့ သဘောအရ ဆိုလျင်တော့ သူတို့ အကုသိုလ်တွေဟာ ဒီဘ၀မှာ အကျိုးမပေးရင်တောင် နိဗ္ဗာန် မရောက်ခင် ဘ၀တွေ အကြား ဘ၀တစ်ခုမှာ အကုသိုလ်အကျိုးကို ခံစားရမှာပါ၊ ယခုဘ၀ ချမ်းသာပြည့်စုံနေတာ အရင်ဘ၀တွေက ဒါနအကျိုးပေးတွေ မကုန်သေးလို့ပဲ ဖြစ်ပါတယ်။

သိကြားမင်းဆိုတာကလဲ ဟို ( ၅၅၀ ) ဇာတ်တော်တွေမှာလာတဲ့ သာသနာပကာလ သိကြားမင်းတွေလဲ အများကြီးရှိတယ် ၊ ဒီသိကြားမင်းကတော့ တို့ဂေါတမဗုဒ္ဓဘုရားမပွင့်ခင် မဂဓတိုင်း မစလ ရွာမှာ ရပ်ရွာကောင်းကျိုး သယ်ပိုးပြီး သူငယ်ချင်းတွေ အုပ်စုလိုက် နတ်ပြည်ရောက်သွားတဲ့ သူပါ၊ အဲဒီထဲမှာ ခေါင်းဆောင်နာမည်က ကိုမာဃ လို့ ခေါ်တယ်၊ အခု ဒီသိကြားမင်းကိုလဲ ကိုမာဃ သိကြားမင်းလို့ အလွယ်မှတ်နိုင်ပါတယ်၊

အခု သိကြားမင်းဟာ ရသေ့သီလကို ဖျက်ဆီး ( ပျက်စီး ) စေတာ မှန်သော်လည်း ဒီအဖြစ်အပျက်က ဘုရားမပွင့်ခင် သာသနာပကာလမှာ ဖြစ်ခဲ့တာပါ၊ ဗုဒ္ဓစာပေတွေမှာ သက္ကပဥှသုတ္တန် ဆိုတာ ရှိတယ်၊ သိကြားမင်းက သူသိလိုတဲ့ မေးခွန်းတွေကို တန်းစီပြီး ဘုရားရှင်ကို မေးမြန်းထားတာကို မြတ်စွာဘုရားကလဲ အကျယ်တ၀င့် ဖြေဆို ဟောကြားပေးလိုက်တယ်၊ တရားတော် အဆုံးမှာ သိကြားမင်းဟာ သောတာပန် ဖြစ်သွားတယ်၊ တစ်ဆက်တည်းမှာ ထူးဆန်းအံ့သြစရာ ကောင်းတာက သောတာပန်လဲ ဖြစ်ပြီးရော သိကြားမင်းဟာ ဘုရားရှင်ရှေ့မှာတင် စုတေသွားတယ်၊ စုတေပြီး ဘွားကနဲ ခန္ဓာကိုယ်အသစ် ချက်ချင်းဖြစ်လာတယ်၊ နောက်က ပါလာတဲ့ နတ်သား နတ်သမီးတွေ တစ်ယောက်မှ မသိလိုက်ဘူး၊ သိကြားမင်းကိုယ်တိုင် နဲ့ ဘုရားရှင်ပဲ သိလိုက်တယ်၊

နတ်ဗြဟ္မာများ သေလျင် ခန္ဓာကိုယ် မကြွင်းကျန်

ဗဟုဿုတအဖြစ် သိနိုင်တာက ဖယောင်းတိုင် ဆီမီးတိုင်များ ကုန်သွားရင် ဘာမှ မကျန်ခဲ့ သလိုပဲ၊ နတ်တွေ ဗြဟ္မာတွေ သေပြီဆိုရင် လူတွေ သေသလို ခန္ဓာကိုယ် မကျန်ရစ်ဘူး၊ ဖျတ်ကနဲ့ ပျောက်သွားတယ်၊ အခု သိကြားမင်းလဲ နောက်တကြိမ် သိကြားထပ်ဖြစ်တာဆိုတော့ ခန္ဓာကိုယ်က ဘွားကနဲ ပေါ်လာတာပေါ့၊ အဲဒီလို သောတာပန်လဲဖြစ်၊ ခန္ဓာကိုယ်အသစ် ဘ၀အသစ်လဲ ရလိုက်တယ် ဆိုတော့ သိကြားမင်းဟာ သိပ်ပြီး ပျော်လွန်းလို့ ၀မ်းသာအားရ ဘုရားရှင်ကို လျောက်ထားတဲ့ စကားတွေ အများကြီးရှိခဲ့တယ် -

အမြဲတမ်း ဘုရားဆီမလာနိုင်တဲ့ သိကြားမင်း

တပည့်တော် သိကြားမင်း တော်တော် အလုပ်များပါတယ်၊ ဒါကြောင့် အရှင်ဘုရားဆီကို ခဏတိုင်း လာရောက် မဖူမျှော်နိုင်ခဲ့ဘူး ၊အခုတော့ လာဖူးရကျိုး နပ်ပါပြီ၊ နောက်ဘ၀သစ်ကိုလဲ ရလိုက်ပါပြီ ဆိုပြီး လျောက်ထားတယ်၊ ဘာကြောင့် သိကြားမင်း အလုပ်များသလဲ လို့ဆိုရင် ကာမဂုဏ်အာရုံတွေ ခံစားတာသက်သက် မဟုတ်ပဲ အခြားသော နတ်သား နတ်သမီးတွေရဲ့ အခက်အခဲတွေကိုလဲ ဖြေရှင်းပေးရ သတဲ့။
ဥပမာ တစ်ချို့နတ်သား နတ်သမီးတွေက ဘွားကနဲ့ နတ်ပြည်မှာ ဗိမာန်နှစ်ခုအကြား လာဖြစ်ရင် နတ်သားတွေက သူယူမယ် ငါယူမယ် လုနေကြတော့ အဲဒီပြဿနာတွေကို သိကြားမင်းက ဒိုင်ခံဖြေရှင်း ပေးရတယ်၊ နီးတဲ့ ဗိမာန်ပိုင်ရှင် နတ်သားပိုင်စေ ပေါ့။ ဒီအကြောင်းတွေကို လင်္ကာလေးတွေနဲ့ အလွယ်မှတ်နိုင်ပါတယ်။

နတ်သမီး ခွဲတမ်း ဥပဒေ

ရင်ခွင်ထက်တွင်၊ ဖြစ်ပေါ်လျင်၊ ခေါ်တွင် သားနှင့် သမီး၊
အဓိပ္ပါယ်က ဗိမာန်ပိုင်ရှင် နတ်သားရဲ့ ရင်ခွင်ထဲမှာ ဘွားကနဲ ပေါ်လာရင် နတ်သားရဲ့ သား သမီးတွေပါတဲ့။
အိပ်ယာထက်တွင်၊ ဖြစ်ပေါ်လျင်၊ ခေါ်တွင် ပါဒပရိစာရိက၊
နတ်သားရဲ့ အိပ်ယာပေါ် လာဖြစ်ရင်တော့ မိဖုရားအနေနဲ့ သိမ်းပိုက်နိုင်ပါတယ်၊
အိပ်ယာဘေးမှာ၊ ဖြစ်ပေါ်လာ၊ မှတ်ပါ အထိန်းတော်ဘ၀၊
အိပ်ရာပတ်ပတ်လည်မှာ တဦးတည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပေါ်လာရင် မိဖုရားရဲ့ အထိန်းတော်တဲ့၊ အခုခေတ်လို ပြောရရင် ငယ်ကျွန် အိပ်ဖော် လို့ပဲ ပြောရမယ်။
ဗိမာန်အတွင်းမှာ၊ ဖြစ်ပေါ်က ၊ မှတ်ကြ အလုပ်သမား၊
နတ်သားရဲ့ ဗိမာန်ထဲ တနေရာရာမှာဖြစ်လျင် အလုပ်သမား၊ အခြံအရံတွေပါတဲ့၊
ဗိမာန်နှစ်ခုကြားဖြစ်၊ တရားစစ်၊
နီးရာဘက် ၊ ပိုင်စေ ၊ ဆုံးဖြတ်ပေ။
မျက်နှာမူရာ၊ ပိုင်ဆိုင်ပါ၊
အနီး အဝေး၊ အကွာအဝေးက တူညီနေလျင် နတ်သမီး မျက်နှာမူထားရာ အရပ်က ဗိမာန်ရှင် နတ်သားကို ပေးဖို့ ဆုံးဖြတ်ပေးတယ်။
မဝေလောက်က ၊ ဆရာ ကောက်ရ၊
ဟိုဘက် ဒီဘက် ဘာမှ ချိန်ညှိလို့ မရရင် တရားသူကြီး သိကြားမင်းက တော်ကောက်တယ် လို့ စာပေများမှာ ဆိုပါတယ်။ ဒါကြောင့် အလုပ်ရှုတ်တယ် ဘုရားဖူးကို အမြဲမလာနိုင်တာလို့ သိရတယ်။

ဘုံစဉ်စံ သောတာပန်များ

သိကြားမင်းဟာ ဟောဒီ သုတ္တန် အဆုံးမှာ သောတာပန်ဖြစ်လို့ တော်သေးတယ်၊ စာပေတွေမှာတော့ တော်တော် အပျော်အပါး မက်ကြောင်း၊ ၀ဋဇ္ဈာသယ ၊ ၀ဋာဘိရတလို့ ဖွင့်ဆိုကြတယ်၊ သိကြားမင်းရယ်၊ သာဝတ္ထိက ဇေတ၀န်ကျောင်ဒကာ အနာထပိဏ်သူဋ္ဌေးကြီးရယ်၊ ပုဗ္ဗာရုံ ကျောင်းအမကြီး ၀ိသာခါ တို့ ဟာ သတ္တက္ခတ္တု ပရမ သောတာပန် အဖြစ်နဲ့ နောက်ထပ် လူ့ပြည်နဲ့ နတ်ပြည်တို့မှာ ( ၆ ) ဘ၀တိတိ ကျင်လည်ပြီး လူ့စီးစိမ် နတ်စီးစိမ်တွေကို ခံစားပြီးရင် နောက်ဆုံးဘ၀မှာ အနာဂါမ်အဖြစ်နဲ့ သုဒ္ဓါဝါသ ဗြဟ္မာ့ပြည် ပထမထပ် အ၀ိဟာဘုံမှာ သက်တမ်းပြည့် ကပ်ပေါင်း တစ်ထောင်ခံစားအုံးမယ်၊

နောက်ထပ် ဒုတိယ အတပ္ပါဘုံမှာ သက်တမ်းပြည့် ကပ်ပေါင်း နှစ်ထောင်၊ သုဒဿာဘုံမှာ သက်တမ်း ဆတိုးတက်ကာ ကပ်ပေါင်း လေးထောင်၊ သုဒဿီဘုံမှာ ကပ်ပေါင်း ၈ ထောင် ၊ နောက်ဆုံး အကနိဋ္ဌ ဘုံမှာ ကပ်ပေါင်း ၁၆၀၀၀ ထောင် တိတိ နေရပါမယ်၊ စုစုပေါင်း ကပ်ပေါင်း ( ၃,၁၀၀၀ ) သုံးသောင်း တစ်ထောင်သက်တမ်း နေကြရအုံးမယ်၊ နားလည်လွယ်အောင် ပြောရရင် နောက်ထပ် ဘုရားရှင်တွေ အဆူဆူ ပွင့်တာတောင်မှ သူတို့ဟာ ရဟန္တာမဖြစ်သေးဘူး၊ နိဗ္ဗာန်မ၀င်နိုင်သေးဘူးပေါ့၊ ဒါကို သတိထားရပါမယ်၊

ပြည့်စုံလွန်းရင် လက်မလွှတ်ချင်တာ လူ့သဘာဝ

အခု လူ့ဘ၀မှာ လူသားတွေတောင်မှ ကိုယ့်နေရာ၊ ရရှိပြီးသား ရာထူးအာဏာ စီးစိမ်ဥစ္စာ၊ ဂုဏ်ဒြပ် တွေကို များပြားအောင် အထက်တက်နိုင်အောင်ပဲ ကြိုးစားနေကြတယ်၊ အကြောင်းတိုက်ဆိုင်လာလို့ လုယူမယ့်သူ ရှိရင်တောင် အသက် အိုးအိမ် စီးစိမ်ဥစ္စာနဲ့ မိသားစု မပြိုကွဲဖို့ နည်းမျိုးစုံသုံးပြီး ကာကွယ်လေ့ရှိကြတယ်၊ နောက်ဆုံး အသက်တောင် အသေခံပြီး ကာကွယ်နေကြတယ်၊ ဒါကြောင့် လူသားတွေရဲ့စိတ်ဟာ ပြည့်စုံလွန်းနေရင် ဘ၀မှာ မသေချင်ကြသေးဘူး၊ တစ်ချို့များဆို ဒီဘ၀မှာပဲ ပျော်ပျော်ပါးပါး နေချင်သေးတယ်၊ နိဗ္ဗာန် မ၀င်ချင်သေးဘူး လို့ ဆိုတဲ့သူတွေတောင် ရှိနေကြတယ်။

သိကြားမင်း အနာထပိဏ် ၀ိသာခါတို့ဟာလဲ လောကီဘက်က ကြည့်ရင် ဘာမှ လိုလေသေးမရှိ ဆိုတော့ ဘ၀ကို တွယ်တာနေကြတယ်၊ မစွန့်ချင်ကြသေးဘူး၊ လောကုတ္တရာဘက်က ကြည့်ရင်လဲ သောတာပန်ဖြစ်နေပြီ ဆိုတော့ အပါယ် ငရဲ ကျမှာ ပူပင်စရာ မလိုတော့ဘူး၊ လူ့ပြည် နတ်ပြည် စိတ်ကြိုက် ခံစားနေရတာ ဆိုတော့ လက်ရှိဘ၀ ပြည့်စုံမှုကို တွယ်တာနေကြတယ် လို့ ဆိုရမယ်၊

ဒီဆောင်းပါးကို ကောက်ချက်ဆွဲလိုက်ရင် သိကြားမင်းဟာ ဘုရားရှင်ဆီကို တရားနာ လာရမှာ မပျင်းရိတဲ့အတွက် ရလိုက်တဲ့ အကျိုးကျေးဇူးပါပဲ။ ဒါကြောင့် သူတော်ကောင်းတရားတွေကို နာကြားရခြင်းဟာ တစ်မဂ် တစ်ဖိုလ်ကို ရစေနိုင်တယ် လို့ မှတ်သားထားရင်း နိဂုံးချုပ်ပါတယ်။

အထက်ပါ မေးခွန်းလာ ဆောင်းပါးကို အပြည့်အစုံ ဖတ်လိုပါလျင် ဤနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

အကိုး။ သုတ်မဟာဝါ ပါဠိတော် အဋ္ဌကထာမှ သက္ကပဥှသုတ္တ၀ဏ္ဏနာ အဖွင့်ကို မှီငြမ်းဖြေဆိုပါသည်။

မေတ္တာဖြင့် .
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
You might also like:

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP