* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, June 30, 2011

“အာခံတွင်းက ဖွားသူများ”

“အာခံတွင်းက ဖွားသူများ”T Z sayadaw (8)

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

ကလေးများ အတွက် ယဉ်ကျေးလိမ္မာ သင်တန်းနဲ့ ဟောပြောပွဲ များရယ်၊ မြန်မာရိုးရာ ယဉ်ကျေးမှု အစဉ်အလာ များထဲက အရေး အကြီးဆုံးနဲ့ အလိုအပ်ဆုံးဖြစ်တဲ့ “သက်ကြီးပူဇော်ပွဲ”တို့ “အာစရိယပူဇော်ပွဲ”တို့ရယ် ဆိုရင်တော့ “ချောင်ကျ လွန်းတယ်၊ လမ်းကြမ်း လွန်းတယ်၊ ရာသီပြင်း လွန်းတယ်”တို့ဆိုတာ ဘာမှဂျီး(ချေး) မများဘူး။ လူကျန်းမာသမျှ လိုက်မယ်” လို့ အားလုံးကို ကတိပေး ထားခဲ့တဲ့ အတိုင်း ဒီလိုပွဲမျိုး ကလေးတွေကို မနှစ်က အတော်ကလေး ချောင်ကြိုချောင်ကြား ကျတဲ့ နေရာတွေ အထိလဲ လိုက်ဖြစ်၊ ဟောပြောဖြစ်ခဲ့ပါတယ်။

အဲဒီလို ဟောပြောဖြစ်ခဲ့တဲ့အထဲက ဆွာမြို့မှာပြုလုပ်တဲ့ “အာစရိယပူဇော်ပွဲ” မှာ ဟောပြောခဲ့တဲ့ အကြောင်းအရာများကို နာကြားကြသူတွေက တခြား တပည့်တပန်းတွေ၊ လူငယ်တွေကိုလဲ သိစေချင်လို့ စာတစ်ပုဒ်အဖြစ် ပြန်ရေးပေးဖို့ တောင်းဆိုလာ တဲ့အတွက် အကျဉ်းချုပ် ပြန်ရေးပေး လိုက်ပါတယ်။


ရှေးလူကြီးများပြောကြတဲ့ “ဘုန်းရှင် ကံရှင်များဟာ အာခံတွင်းက မွေးဖွားကြတယ်” ဆိုတဲ့ စကားကို ငယ်ငယ်ကတည်းက ကြားရဖူးပါတယ်။ ဒီစကား ကို ကြားရစဉ်ကတော့ ကလေးအတွေးနဲ့ပဲ “လူတွေဟာ တကယ်ပဲ အာခံတွင်းက မွေးတာလဲရှိသလား၊ ဒီလို ဆိုရင် သွားတွေနဲ့ ငြိမကုန်ဘူးလား” စတဲ့ မရေမရာ အတွေးမျိုးလဲ တွေးခဲ့ထင်ခဲ့မိတယ်။


ဒီစကားနဲ့ ပတ်သက်ပြီး ဒေးဒရဲမြို့မှာ နိကာယ်သင်တန်းတက်တော့လဲ သင်တန်းနာယက ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ တောင်တွင်းကြီးမြို့၊ နတ်မှီတောရ ဆရာတော်ကြီးကို လျှောက်ထားခဲ့ဖူးပါတယ်။ ဆရာတော်ကြီးကတော့ “ဒီစကားဟာ ဗြဟ္မဏ (ပုဏ္ဏား)တွေရဲ့ ယုံကြည် မှုကနေ ဆင်းသက်လာဟန်တူပါတယ်။ အခုနိကာယ်သင်တန်းမှာ ဒီဃနိကာယ်၊ ပါထိကဝဂ်၊ အဂ္ဂည သုတ်မှာတုန်းက တွေ့ခဲ့ပါတယ်။

“ပုဏ္ဏားမျိုးတို့ကသာ ဗြဟ္မာရဲ့ ရင်မှာသန္ဓေတည်ပြီး ဗြဟ္မာရဲ့ အာခံတွင်းက မွေးဖွားခဲ့ တာဖြစ်လို့ဗြဟ္မာရဲ့ အမွေခံတွေလဲဖြစ်၊ ဗြဟ္မာရဲ့သားတွေ လဲ ဖြစ်လို့မြတ်တယ်။ ဦးပြည်း (ဂတုံး=ခေါင်းတုံး) ဖြစ်တဲ့ရဟန်းတွေ ဟာ ဗြဟ္မာရဲ့ခြေဖုမိုးကဖွားမြင်ကြတာဖြစ်လို့ ဇာတ်နိမ့်တွေ၊ ယုတ်ညံ့သူတွေ ဖြစ် တယ်” ဆိုတာလေ။ (ပါထိက၊မြန်၊၇၂ )။


ဒါကတော့ ပုဏ္ဏားတွေရဲ့ အယူအဆသက်သက်ပါ၊ ဒါနဲ့ပတ်သက်လို့ မြတ်စွာဘုရားရှင်ကိုယ်တိုင်လဲ အဲဒီသုတ်မှာ ရှင်းပြထားတာ ရှိပါတယ်။ ဒီစကားနဲ့ပတ်သက်ပြီး အဋ္ဌကထာ ဆရာတော်ပြောတဲ့ စကားက သိပ်ကောင်းတယ်။ “အာခံတွင်းက မွေးဖွားသူဆိုတာ ဆရာကောင်း တပည့်တွေ ကိုပြောတာ” တဲ့။ ဒီစကားကို အဋ္ဌကထာဆရာတော်ကိုယ်တိုင်ပဲ ရှင်းလင်းချက် ပေးထား ပါတယ်။ ဆရာသမားဆိုတာ တပည့်တို့ကို နှလုံးသားနဲ့ လွယ်ပြီး အာခံတွင်းကမွေးဖွားပေးကြသူ(ပဝတ္တိ မိဖ)များဖြစ်တယ်။ ဆရာကောင်း တပည့်များဟာလဲ ဆရာတို့ရဲ့ နှလုံးသားမှာ သန္ဓေတည်ခဲ့ပြီး အာခံတွင်းက မွေးဖွားလာကြသူ များဖြစ်တယ်တဲ့။


ဘာကြောင့်လဲဆိုတော့ ဆရာသမားများဟာ တပည့်တွေအပေါ် တော်စေချင်၊ တတ်စေချင်၊ လိမ္မာစေချင်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တရားတွေ နှလုံးသားထဲမှာ ကိန်းအောင်းဖြစ်တည်စေပြီးတော့မှ ကြီးမားတဲ့ လုံ့လတွေနဲ့ လှုံ့ဆော်ပြီး အာခံတွင်းကနေ မြွတ်ဆိုဟောညွှန်သင် ပြပေးကြ တာတွေဖြစ်လို့ ဒီလြွိုမက်ဆိုဟောကြားသင်ပြပေးတာတွေကို နာယူသင်ကြားတတ်မြောက် လာကြတဲ့ တပည့်ကောင်းများသာလျှင် တကယ့် “ဆရာ သမားတို့ရဲ့” နှလုံးသားမှာ သန္ဓေတည်ပြီး အာခံတွင်းက မွေးဖွားကြ သူများလို့ ဆိုနိုင်တယ်” လို့ ရှင်းပြထားတယ်လေ။


ဘယ်စာမဆို အထူးသဖြင့် မဇ္ဈိမဒေသက ရေးတဲ့၊ ဟောတဲ့ စာတွေက အလင်္ကာဂုဏ်တွေ အတော်ပါတတ်တယ်။ အလင်္ကာစကားတွေဆိုတာ အသံ အတိုင်း အဓိပ္ပာယ်ကောက်ယူရတဲ့ မုချစကားတွေ မဟုတ်ဘူး၊ တင်စားပြောဆိုတဲ့ ဥပမာ စကားတွေဖြစ်လို့မုချဆိုလိုရင်း အဓိပ္ပာယ်ကို သဘောပေါက်အောင် လေ့လာနိုင်မှ တန်ကာကျတယ်}}ဆိုတဲ့ အကြောင်း အကျယ်တဝင့်ရှင်းပြပါတယ်။


ဒီစကားနဲ့ ဆက်စပ်ပြီး ပိုမိုပြည့်စုံတဲ့ ရှေးမထေရ်မြတ်တို့ရဲ့ အဆိုအမိန့်ကတော့ “လူဆိုတာ တစ်ကြိမ်ဖွားရုံနဲ့တော့ လူလား မြောက် (လူကောင်ကြီး)ရုံ ပဲရှိမယ်၊ နှစ်ကြိမ်ဖွားသူမှ လူရာဝင်တယ်” တဲ့။ လူရာဝင်ချင်ရင် အနည်းဆုံးနှစ်ကြိမ်ဖွားသူဖြစ်ရမယ်လို့ ဆိုလိုတာပေါ့။


ဘယ်လိုလုပ်ပြီး နှစ်ကြိမ်ဖွားသူဖြစ်ရမလဲဆိုတော့ - ပထမတစ်ကြိမ် မွေးသမိခင် မွေးသဖခင်တို့က သူလိုငါလို ဖွားမြင်ပေး တာပေါ့။ ဒီလိုတစ်ကြိမ်သာ ဖွားပြီး ဒီအတိုင်းပဲ ကြီးပြင်းလာသူများဟာ အရွယ်ရောက်လာတဲ့အခါ လူကောင်ကြီးပြီး လူလား မြောက်လာသူပဲ ဖြစ်မယ်။ လူရာမဝင်နိုင်သေးဘူးလို့ ဆိုလိုတာပါ။


အခု ဒီပူဇော်ပွဲမှာ အပူဇော်ခံဆရာကြီးများရော ပူဇော်ပွဲပြုလုပ်ကြတဲ့ တပည့်လူငယ်လူရွယ်များရောဟာ ကိုယ့်နေရာ ကိုယ့်ဒေသ မှာ ကိုယ့်အတိုင်း အတာနဲ့ကိုယ်တော့ လူရာဝင်နေကြသူများဖြစ်ပါလိမ့်မယ်။ ဒီလို လူရာဝင်လာတာဟာ ဘာကြောင့်လဲလို့ စဉ်းစားကြည့်ရင်တော့ “အသက်မွေးမှုတစ်ခု ပညာ၊ ကိုယ်စီပါ” ဆိုတဲ့အတိုင်း အတတ်ပညာ၊ အသိပညာတစ်ခုခု အနည်းဆုံး ပါကြလို့ဖြစ်တယ်ဆိုတာကိုလဲ သဘောပေါက်ကြမှာပါ။


ဒီလို “ အသက်မွေးမှု၊ တစ်ခုပညာ၊ ကိုယ်စီပါ” ဖို့ဆိုတာ မိဘတို့က ဖွားမြင်ပေးရုံနဲ့ မပြည့်စုံနိုင်ပါဘူး၊ ပထမတစ်ကြိမ် မွေးဖွားပေးတဲ့ မိဘတို့ဆိုတာ “မာတာပိတိတ၊ မိနှင့်ဖတို့၊ ရေကြည်ကလလ၊ တည်ဦးစပင်၊ ချို၊ ချဉ်၊ ပူ၊ စပ် ၊ ရှင်းရှင်းပြတ်အောင်၊ မပြတ်ယုယ၊ မိဘတို့မှာ ၊ စိုးရိမ်စွာနှင့်၊ အစာ ဆိမ့်အေး၊ နို့ချိုပေး၍၊ မွေးးသ ည့်မိခင်၊ ကျွေးဖခင်က်ကို” ဆိုတဲ့အတိုင်း အမေက ယုယ၊ အဖေက ရှာကျွေးရုံလောက်သာဖြစ်လို့ လူလားမြောက်ရုံသာ စွမ်းနိုင်ကြတာပါ။


မိဘက မွေးဖွားပေးလို့ လူဖြစ်ပြီး လူလားမြောက်လာတဲ့ လူကလေးတွေကို လူရာဝင်ဖို့ဆိုတာကတော့ “ နယနည်းနာ၊ အဖြာဖြာကို၊ လိမ္မာစေကြောင်း ၊ မေတ္တာလောင်းး၍။ မကောင်းးကိုကြဉ်၊ ကောင်းးရာယှဉ်လျက်၊ နှုတ်ထွက်သံချို၊ ဆုံုံးးမဆိုသာ၊” ဆိုတဲ့အတိုင်း ဆရာသမားတို့က သင်ကြားပြသဟော ညွှန်ပေးတာကို နည်းနာခံ သင်ယူပြီး “တစ်ခုပညာ၊ ကိုယ်စီပါ” အောင် သင်ယူခဲ့တဲ့တပည့်အဖြစ်နဲ့ ဒုတိယအကြိမ် (နှစ်ကြိမ်မြောက် ) မွေးဖွားခဲ့သူ များ ဖြစ်ကြမှသာ လူရာဝင်နိုင်ကြတာပါ။


သေချာစဉ်းစားကြည့်မယ်ဆိုရင် ပထမအကြိမ်မိဘများက မွေးဖွားပေးရတာက လူမဖြစ်သေးသူကို လူဖြစ်လာအောင် မွေးရတာ ဆိုတော့ သားသန္ဓေ ဖွားမြင်ချိန်ရောက်အောင် လွယ်ထားရတာက တကယ်ကို ဝမ်းထဲမှာ လွယ်ပြီးထားရတာဖြစ်လို့ မိခင်မှာ ကာယိကဒုက္ခအနေနဲ့တော့ ဆရာများထက်ပိုလို့ ပင်ပန်းမှာ အမှန်ပါပဲ။


“ယောကျာ်းဖောင်စီး မိန်းမ မီးနေ” ဆိုတဲ့ အသက်အန္တရာယ်နဲ့ အနီးဆုံးတာဝန်ကြီးနှစ်မျိုးထဲမှာ ပါဝင်တဲ့ ကိစ္စဖြစ်လေ တော့ သာမန်ကာယိကဒုက္ခမျိုး ထက် အဆမတန်ကြီးမားတဲ့ တကယ်ကို အသက်တစ်ချောင်းအတွက် အသက် တစ်ချောင်းကို ရင်းရတဲ့ တာဝန်ကြီးဖြစ်လို့ ဘယ်လောက်ကြီးမား တယ်ဆိုတာလဲ စာဖွဲ့လို့ကို မရနိုင်ပါဘူး။ လောကစကားလုံးတွေနဲ့ ဘယ်လိုမှ တိုင်းတာ မရနိုင်လို့လဲ “မာတာပိတု ဂုဏောအနန္တော” လို့ အတိုင်းတာ အပိုင်းအခြား၊ အကန့်အသတ်နယ်ကို လွန်ကဲတဲ့ “အနန္တ” ဂုဏ်ပုဒ်ကြီးနဲ့ ချီးကျူးရတာပေါ့။ ဒါကတော့ အားလုံးလဲ သိမှတ်လေးစားကြပြီးသားပါ။


ဒါပေမယ့် စေတသိက ဒုက္ခပိုင်းအနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင်တော့ လူလားမမြောက်သေးတဲ့ အမိဝမ်းထဲက ကလေးငယ်မှာ ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ အတုမြင် အတတ်သင် အကောင်းအဆိုးတွေဆိုတာ ဘာမှမပါသေးတဲ့ တကယ့်ကိုမှ “ပီဘိသန့် သန့်ကလေး” ဖြစ်လို့ သာမန် အာဝေဏိက ဒုက္ခထက်ပိုပြီး မိဘကို ဘာမှဒုက္ခမပေးတတ်သေးဘူးလို့တော့ ပြောရမယ် ထင်တယ်။


အဲ .. မိဘများက မွေးဖွားပြီးလို့ လူလားမြောက်လာတဲ့ လူကလေးတွေကို ဆရာသမားများက ဒုတိယအကြိမ်ဖွားမြင်ပေးဖို့ နှလုံးသားနဲ့ လွယ်ရတဲ့ အခါမှာတော့ “တပည့်”ဆိုတဲ့ လူကလေးတွေမှာ ပတ်ဝန်းကျင်ရဲ့ အဆိုးအကောင်းစရိုက်စုံတွေက အတုမြင်အတတ်သင် ထားကြပြီးဖြစ်လို့ မေတ္တာနှလုံး သား ကိုယ်ခံစွမ်းအား အတော်ကြီးကောင်းကောင်းထားပြီးတော့ကို လွယ်ယူပိုက်ထွေးကြရတယ်ဆိုတာ ဆရာ ဆရာမများ အသိဆုံးပါပဲ။


မိမိနဲ့ အလွန်ရင်းနှီးတဲ့ ကျောင်းဆရာ ကဗျာဆရာတစ်ဦးရေးတဲ့ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရဖူးတယ်၊ သူ့ကဗျာက “ သူငယ်ချင်းရေ၊ ကျောင်းဆရာ ဆိုတာ၊ “ စေတနာ၊ စာနာ၊ ဝါသနာ-ရယ်လို့ “နာ” သုံးနာ ရှိရမယ်တဲ့ကွာ။ တကယ်တန်း ငါတို့ဘဝကတော့ “နာ” သုံးနာမကပါဘူး၊ အသံနာ၊ လည်ချောင်း နာရတဲ့အပြင် “တစ်ခါတစ်ခါ ရင်ပါနာရ” လို့ လေး၊ ငါး၊ ခြောက်နာမကပါဘူးကွာ တဲ့လေ။ ဒီကဗျာလေးကိုဖတ်ပြီး “အော်.. ဒီဆရာ့ရင်ကို ဘယ်လိုတပည့်က ဘယ်လိုများဆောင့်ကန် တွန်းထိုးလုပ်လိုက်လို့ပါလိမ့်” လို့ တွေးခဲ့မိသေးတယ်။


ဟုတ်တယ်၊ တကယ်တမ်းကျတော့ ဆရာတို့ဘဝက ငါးနာ ခြောက်နာ မကတတ်ပါဘူး။ ကျေးလက်ကျောင်းဆရာတွေဆိုရင် ခရောင်းလမ်းခရီး မှာ ခြေလျင်လျှောက်ရ၊ စက်ဘီးစီးရ၊ လှည်းစီးရနဲ့ ခြေနာ၊ ခါးနာ၊ တစ်ကိုယ်လုံးနာတာကို ကြိတ်မှိတ်ခံပြီး တပည့်တွေကို နှလုံးနဲ့လဲ လွယ်၊ ခံတွင်းကလဲ ဖွားမြင်ပေးနေကြရတာပါ။ ဒီကြားထဲမှာ “ ရင်ပါနာကြရတယ်” ဆိုရင်တော့ တပည့်များအနေနဲ့ အလွန်စဉ်းစားသင့် ပါတယ်။


ဒါနဲ့ပတ်သက်လို့ ဆရာအားလုံးတို့ရဲ့ အထွတ်အထိပ်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်က တပည့်တွေကို ပြောတဲ့စကား လေးတစ်ခု ရှိပါတယ်။ ဥပရိပဏ္ဏာသပါဠိတော်၊ မဟာသုညတသုတ်မှာပါ။ အဲဒီသုတ်မှာ မြတ်စွာဘုရားရှင်က အရှင်အာနန္ဒာကို “ မြတ်စွာဘုရားရှင်တို့က တပည့်သား တို့အတွက် တရားဟော ညွှန်ဆုံးမတယ်ဆိုတာ တပည့်သားတို့ရဲ့ အကျိုးစီးပွားနဲ့ ချမ်းသာ သုခ ဖြစ်စေဖို့အတွက် တပည့်သားတို့ရဲ့ အကျိုးစီးပွားကို ရှာမှီးတဲ့အနေနဲ့ သနားစောင့်ရှောက်မှုကို အကြောင်းပြုပြီး ဟောညွှန် ဆုံးမခြင်း ဖြစ်တယ်” ဆိုတဲ့အကြောင်း ရှင်းပြပြီးတော့မှ အရှင်အာနန္ဒာကို မိန့်ကြားလိုက်တာကတော့-


“ တသ္မာတိဟာနန္ဒ မိတ္တဝတာယ သမုဒါစရထ = အာနန္ဒာ၊ ဒါ့ကြောင့် သင်ချစ်သားတို့အနေနဲ့ ငါဘုရားရှင်အပေါ်မှာ

မိတ်ဆွေတို့ ကျင့်သုံးသလို ကျင့်သုံးကြပါ။”

“ မာပသတ္တဝတာယ = ရန်သူတို့ ကျင့်သုံးသလိုတော့ မကျင့်သုံးကြပါနဲ့” တဲ့။ (မ-ဥ-၁၅၈)။


မိတ်ဆွေလို ကျင့်သုံးတယ်ဆိုတာ “ ဆရာဟောပြောတဲ့စကားကို (၁) လေးလေးစားစားလဲနာယူ။ (၂) အဓိပ္ပါယ်သိအောင်လဲ စဉ်းစား။ (၃) ဆုံးမသင်ကြားတဲ့အတိုင်းလဲ လိုက်နာကျင့်သုံးတာပါ”လို့ ဆိုလိုတာပေါ့။


ရန်သူလို ကျင့်သုံးတယ်ဆိုတာကတော့ (၁) ကြားအောင်လဲ နားမထောင်၊ (၂) သိအောင်လဲ မစဉ်းစား။ (၃) ဆရားအဆုံးမကိုလဲ လွန်ကျူးဆန့်ကျင်ပြီး ကျင့်သုံးတာပါ။ “ဒီလို တိုက်တွန်းရတာကလဲ သင်ချစ်သားတို့အတွက် ကာလရှည်ကြာ စီးပွားချမ်းသာကြဖို့ အတွက်ပါ” လို့ အဆုံးမှာပါလိုက်သေးတယ်။


ဒီစကားရပ်ကို ဖြေးဖြေးလေးစဉ်းစား နားထောင်ကြည့်ပါ။ “ငါ့အပေါ်မှာ မိတ်ဆွေလို ကျင့်ကြပါ၊ ရန်သူလို မကျင့်ကြပါနဲ့”တဲ့။


“ဒါဟာ လူနတ်ဗြဟ္မာ သတ္တဝါအားလုံးတို့ရဲ့ ကိုးကွယ်ရာဖြစ်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်လိုက်တဲ့စကားမှ ဟုတ်ရဲ့လား”လို့ ထင်ရလောက်အောင်ကို တောင်းပန်တိုးလျှိုးသံ ပေါက်နေတာကို ကြားယောင်မိကြပါလိမ့်မယ်။


ဒီစကားကို မိမိအနားမှာလာပြီး ဘုရားရှင်က မိန့်ကြားနေသလို အာရုံပြု နာယူကြည့်မိတိုင်းလဲ ကြက်သီးမွေးညင်းထပြီး ရင်ထဲမှာ နာကျင်သ လို ဝေဒနာ ကို ခံစားခဲ့ရ ပါတယ်၊ “တို့တတွေဟာ ဆရာဖြစ်တဲ့ ဘုရားရှင်အပေါ်မှာ မိတ်ဆွေလိုမှ သဘောထား ကျင့်သုံးနေကြတာ ဟုတ်ရဲ့လား၊ ရန်သူလိုများ သဘောထား ကျင့်နေမိကြလေသလား” ဆိုတဲ့ ခံစားချက်နဲ့ပေါ့။


တစ်ခါတစ်ခါ တပည့်တွေကို “ အော်မယ်၊ ငေါက်မယ်၊ နာကျင်အောင် ရိုက်ပစ်ချင်တယ်” ဆိုတဲ့ စိတ်ရိုင်းများ ပေါ်လာခဲ့ရင်လဲ၊ ဘုရားရှင်ရဲ့ ဒီစကားတော်ကို ပြန်လည်ကြားယောင်လာအောင် စဉ်းစားမိ လိုက်ရင် ကိုယ့်ကိုယ်ကိုယ်လဲ ရှက်၊ ဘုရားရှင်အပေါ် လဲ အတော်ကြီးကို ရှက်နိုးအားနာ ကြီး ဖြစ်ပြီး ဘုရားရှင် ပုံတော်ကို ဖူးမြော်ရမှာကိုတောင် မျက်နှာပူသလိုလို ဖြစ်လာမိပါတယ်။


ဒီလိုပါပဲ ပုထုဇဉ်လူသားဖြစ်တဲ့ ဆရာသမားများဆိုတာလဲ မြတ်ဗုဒ္ဓလို မဟာကရုဏာရှင်ကြီး မဟုတ်သော်လဲ ပုထုဇဉ်တွေ ထဲမှာတော့ အများထက် သာတဲ့ ကရုဏာတရားထားပြီး ကားစီး တိုက်ဆောက် ဂုဏ်မြောက်ဖို့မတွေးဘဲ လှည်းစီး ဗိုက်မှောက် အူခြောက်တဲ့ကြားကပဲ မနည်းတဲ့ စေတနာ မေတ္တာ တွေနဲ့ သင်ကြားပေးခဲ့ကြသူတွေဖြစ်လို့ သာမန်လူတွေထက် ကရုဏာကြီးမားကြသူတွေ အမှန်ပါပဲ။


တစ်ခါတစ်ခါတော့ စဉ်းစားမိတယ် “ဘုန်းကြီး”တို့ “ဆရာ” တို့ဆိုတဲ့ အမည်တွေဟာ ခိုင်းကောင်းအောင်လိုများ တမင် မြှောက်ပြီး အမည်ပေး ထားကြ သလားလို့။ ဟုတ်တယ်လေ အမည်ကတော့ ဘုရားနဲ့တစ်တန်းတည်းထားတဲ့ အနန္တဂိုဏ်းဝင် အမည်တွေပဲ။ အလုပ်လုပ်ရတာကတော့ တကယ့်ကိုမှ “ဘုံကျွန်” ပါ။ မိပေါင်းသာစုံက မွေးဖွားထားသမျှတွေရဲ့အရေးကို ကိုယ့်အရေးထက် အလေးထား လုပ်ကိုင်နေကြရသူတွေ မဟုတ်လား။


အဲဒီလိုဆရာသမားတွေက ကရုဏာဆိုတဲ့ “ဏာ” တစ်လုံးကို “အမတေ” လိုငုံပြီး “နာ” မျိုးစုံကို အံတုရင်း တပည့်သား တွေကို နှလုံးသားနဲ့လွယ်ပြီး အာခံတွင်းက ဖွားပေးကြလို့သာ တပည့်တွေမှာ အသက်မွေးမှု တစ်ခုပညာ၊ ကိုယ်စီပါပြီး လူလားမြောက်နေကြတာပါ။


ဒီလိုဆရာတို့ရဲ့ အာခံတွင်းက ဖွားလာသူတပည့်ကောင်း ဖြစ်ခဲ့ကြမှသာ “ဘုန်းရှင်ကံရှင် အဖြစ်” ပေါ်လွင် ထင်ရှားနိုင်ကြပါ တယ်။ တကယ်လို့သာ ဆရာတိုရဲ့ အာခံတွင်းက ဖွားခဲ့တဲ့ “ နှစ်ကြိမ်ဖွား” များမဖြစ်ခဲ့ဘူးဆိုရင်တော့ အတိတ်ကံက ဘယ်လောက်ပဲ ကြီးမားနေနေ “ဘုန်းရှင်ကံရှင်” အဖြစ်မပေါ်လွင် မထင်ရှားနိုင်ကြပါဘူး။


ဒါနဲ့ပတ်သတ်လို့ မြန်မာတို့ အသိများကြတဲ့ “ကုဋေရှစ်ဆယ်သူဋ္ဌေးသား” ရဲ့ ဖြစ်ရပ်ဟာ အလွန်ထင်ရှားတဲ့ သာဓကပါပဲ။ ဒီသူဋ္ဌေးသားဟာ အတိတ်ကံနဲ့ ပါရမီက လူ့စီးပွားရှာရင် ပထမတန်းစား သူဋ္ဌေးကြီးဖြစ်နိုင်သလို တရားရှာခဲ့မယ်ဆိုရင်လဲ ရဟန္တာအထိဖြစ်နိုင်လောက်အောင် ကံလဲကြီးမား ပါရမီလဲ အားကောင်းပေမယ့် သူ့မိဘရဲ့ အမြင်တိုမှုကြောင့် “တို့မှာ ကုဋေရှစ်ဆယ်ကြွယ်ဝတာပဲ၊ တို့သေရင် ဒီသားတစ်ယောက်ပဲ အမွေရမှာ၊ ဒီအသပြာတွေဟာ သူ့တစ်သက် စားမကုန်လောက် ပါဘူး။ ဘာစီးပွားမှ ရှာဖို့မလိုတဲ့အတွက် ဘာပညာမှ သင်စရာမလိုဘူး”ဆိုပြီး ဆရာသမားထံ မအပ်နှံခဲ့တဲ့အတွက် တစ်ကြိမ်ဖွား နဲ့ပဲ လူလားမြောက်ခဲ့ရတယ်။


အရွယ်ရောက်တဲ့အခါ သူ့လိုပဲ ကုဋေရှစ်ဆယ်ြွကယ်ဝတဲ့ တစ်ဦးတည်းသော သူဋ္ဌေးသမီးနဲ့ လက်ထပ်ကြလို့ နှစ်ဘက်မိဘများ ဆုံးပါးတဲ့အခါ ကုဋေတစ်ရာ့ခြောက်ဆယ်ြွကယ်ဝတဲ့ သူဋ္ဌေးလင်မယားဖြစ်ကြပေမယ့် အာခံတွင်းမှဖွားသူများ မဖြစ်ခဲ့ကြတော့ ပစ္စည်းဥစ္စာကို ဘယ်လိုသိမ်း ဆည်းရမယ်၊ ဘယ်လိုတိုးပွားအောင် လုပ်ရမယ်ဆိုတာ ဘာမျှမသိကြဘဲ သုံးဖြုန်းသောက်စား ပျော်ပါးရင်းလုံးပါးပါးပြီးနောက်ဆုံးမှာ ခွက်လက် စွဲတောင်းစားရင်း မြောင်းကြားမှာ ဘဝဆုံးကြရတယ်ဆိုတာ အားလုံး သိကြပြီးသားပါ။


ဒါကြောင့် “ အာခံတွင်းက ဖွားမြင်သူများသာ ဘုန်းရှင်ကံရှင် ဖြစ်နိုင်ကြတယ်” လို့ဆိုရတာပါ။ ဘယ်ကိစ္စမဆို ပြီးမြောက် အောင်မြင် အရာဝင်ရေး အတွက် ဆရာသမားတို့ရဲ့ နှလုံးသားနဲ့ အာငွေ့စွမ်းအားတို့ အရေးပါမှုနဲ့ပတ်သတ်လို့ သံယုတ္တနိကာယ်၊ ကလျာဏမိတ္တသုတ်မှာ အရှင်အာနန္ဒာ က မြတ်စွာဘုရားရှင်ကို “ အရာကိစ္စအားလုံး ပြီးမြောက် အောင်မြင်ရေးမှာ ဆရာသမား (ကလျာဏမိတ္တ)တို့ရဲ့ စွမ်းအားအထောက်အကူဟာ ထက်ဝက်လောက် အရေးပုါတယ်လို့ မှတ်ထင်ကြောင်း လျှောက်ထားတဲ့ အခါ မြတ်စွာဘုရားရှင်က “ အာနန္ဒာ ဒီလိုမပြောနဲ့၊ အာနန္ဒာ .... ဒီလိုမပြောနဲ့” လို့ နှစ်ခွန်းဆက် တားမြစ်ပြီးတော့မှ “ အာနန္ဒာ ... ကိစ္စအားလုံးပြီးမြောက်ရေးမှာ ဆရာသမား (ကလျာဏမိတ္တ)တို့ရဲ့ အထောက် အကူဟာ ရာနှုန်း ပြည့်လောက် အရေးပါ တယ်။


သင်တပည့်သားတို့ အနေနဲ့ ပါရမီတွေ ဘယ်လောက်ပဲရှိနေနေ၊ ငါဘုရားရှင်ဆို တဲ့ ဆရာသမား (ကလျာဏမိတ္တ)နဲ့ မတွေ့ကြုံခဲ့ရင် နိဗ္ဗာန်ရောက်ကြောင်း အကျင့်တွေ ဘယ်လိုလုပ်ကျင့်သုံးနိုင်မလဲ၊ ဒါကြောင့်တပည့်အားလုံးရဲ့ အောင်မြင်ရေးမှာ ဆရာသမားတို့ရဲ့ အထောက်အကူ ဟာ ရာနှုန်းပြည့်လောက် အရေးပါတယ်လို့ မှတ်ရမယ်” ဆိုတဲ့ အကြောင်း မိန့်ကြားတော်မူပါတယ်။


ဒီနေ့ လူရာဝင်နေကြသူတွေ အားလုံးဟာလဲ ဆရာသမားတို့ရဲ့ အာခံတွင်းက မွေးဖွားသူများဖြစ်ခွင့်ရကြလို့သာ အခုလို အသက်မွေးမှုတစ်ခုပညာ၊ ကိုယ်စီပါပြီး လူရာဝင်နေကြတယ် ဆိုတာကို အလေးအနက် ခံယူတတ်ကြရမှာပါ။


ဒါကြောင့် ဒီနေ့ပြုလုပ်တဲ့ ပူဇော်ပွဲဟာ မိမိတို့ လည်းလျှောင်းခိုမှီးခဲ့ရာ နှလုံးသားများနဲ့ ဖွားမြင်ခဲ့ရာ အာခံတွင်းတို့ကို ကျေးဇူးတုံ့ပေးဆပ် ပူဇော်တဲ့ပွဲလဲဖြစ်တယ်။ ဒီလိုပူဇော်ကြတဲ့အတွက် မိမိတို့ ကိုယ်တိုင်လဲ လောကအလယ်မှာ လူရာဝင်နိုင် လောက်အောင် အရည်အချင်းနဲ့ ပြည့်စုံတဲ့ “အာခံတွင်းက ဖွားသူများ” ဖြစ်တယ်လို့ အများကသိသာစေတဲ့ ဂုဏ်ယူပွဲကြီးလဲ ဖြစ်ပါတယ်။ အပူဇော်ထိုက်သူများကို ပူဇော်တဲ့ ပူဇနေယျမင်္ဂလာ ပွဲလဲမည်ပါတယ်။


“ မေတ္တာရှေးဦး၊ ပြုပေးဖူးကို၊ ကျေးဇူးသိမှု၊ ကတညုတည့်။ ထိုသူထက်ပင်၊ ကျေးဇူးရှင်ကို၊ ထင်ထင်မချွတ်၊ ပြောဆိုတတ်က၊ သူမြတ်မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်။ လောကီလူစု၊ ဉာဏ်မြင်နုတို့ ၊ သူပြုအထူး၊ သူ့ကျေးဇူးကို၊ ကြည့်နူးဝမ်းးမြောက်၊ မခေါက်မရက် ၊ နှစ်သက်အင်ရွှဲ၊ သိတတ်ခဲ၏” ဆိုတဲ့ မဃဒေဝလင်္ကာ (၂၅၅)အရ၊ ကျေးဇူးတုံ့ ပူဇော်ပွဲကြီး ပြုလုပ်ကြတာဖြစ်လို့ လောကမှာ အလွန်တွေ့ရ ကြုံရခဲတဲ့ “ကတညုတ ကတဝေဒီ” မင်္ဂလာပွဲကြီးလဲ ဖြစ်ပါတယ်။


အားလုံးကို အထူးပြောချင်တာကတော့ မြတ်ဗုဒ္ဓက တပည့်သားများကို တိုးလျှိုးတောင်းပန်သံနဲ့ မဟာကရုဏာ တရားကြီးမားစွာ မှာကြားခဲ့သလိုပဲ၊ “ယနေ့ကစပြီး သံသရာခရီးဆုံးရာ နိဗ္ဗာန်တိုင်အောင် - ကျေးဇူးရှင်ဆရာသမားတို့ အပေါ်မှာ (အနည်းဆုံး) မိတ်ကောင်း ဆွေကောင်းလောက်တော့ သဘောထားပြီးကျင့်သုံးကြပါ။


ရန်သူလို သဘောထားတဲ့ အမူအကျင့်များကိုတော့ လုံးဝ မကျင့်မှားမိကြပါစေနဲ့” ဆိုတာပါပဲ။ ဘာကြောင့် ဒါကို အထူး ပြောရသလဲဆိုရင်တော့ ဆရာသမားများကို မိတ်ဆွေလို သဘော ထားပြီး ကျင့်သုံးကြသူများသာ လောကီလောကုတ္တရာ ကောင်းကျိုးနှစ်ဖြာကို ရနိုင်ကြမှာဖြစ်ပြီး ရန်သူလိုသဘောထား ကျင့်သုံးကြရင်ဖြင့် ရှည်လျားလှတဲ့ သံသရာတစ်လျှောက်လုံး ဆင်းရဲဒုက္ခတွေနဲ့ တွေ့ကြုံနေကြရမှာ ဖြစ်လို့ပါ။ ဒီအတွက် မဃဒေဝကျမ်းမှာလာတဲ့ -


“ ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ လူမသမာ၊ ထိုများစွာတို့၊ ဥစ္စာစည်းပွား၊ လျော့ပါးယိမ်းယိုင်၊ မြဲမခိုင်ဘူး၊ ဓမ္မကရိုဏ်စစ်ရေ၊ ကျဖျားရေသို့၊ သရေမတိုး၊ ဘုန်းရောင်ညှိုးလျှက်၊ တန်ခိုးနေ့ည၊ ဆုတ်လပမာ၊ ယုတ်တတ်စွာ၏” ဆိုတဲ့ စကားလေးနဲ့ပဲ သတိပေး နိဂုံးချုပ်လိုက်ပါရစေ။ ။

အားလုံး အာခံတွင်းက ဖွားသူများ ပီသကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

2011-ခု၊ ဇွန်လ ၂၉-ရက်၊ဗုဒ္ဓဟူးနေ့

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP