နှစ်ဆယ်ရာစု ဖွားဖွားတာ
*****
နှစ်ဆယ်ရာစုရဲ့ သမီးပျိုလေးတယောက်ဟာ နှစ်ဆယ်တစ်ရာစု အရောက်မှာတော့ အိုမင်းမစွမ်းတော့ပါဘူး။ ဒါဟာ သဘာဝပဲလေ…။ သောင်းကျန်းတဲ့ ရောဂါဆိုးတွေရဲ့ အနှိပ်စက် မခံရသေးပေမည့် မွေးကတည်းက ပါလာတဲ့ အိုနာက ပါးပါးလေး အစွမ်းပြနေပြီ။ ရေအိမ်သွားရင် စာအုပ်အဖေါ်လေး ခေါ်သွားမြဲအတိုင်း ခေါ်သွားမိပေမည့် ဖတ်မရတော့ပါဘူးကွယ်။ ဘာကြောင့်များ ဒီလောက်သေးတဲ့ စာလုံးနဲ့ ပုံနှိပ်ကြပါလိမ့်။ စာအုပ်တွေ စာစောင်တွေ ပြောင်းသွားပေမည့် ဘာလာလာ ဖတ်မရတော့မှ လက်လျှော့ရတဲ့အဖြစ်ရောက်တယ်။ ဘတ်စ်ကား ဂိတ်မှာ ကားစောင့်ရင်လည်း မှတ်တိုင်ဆီလာနေတဲ့ ဘတ်စ်ကားနံပါတ်ကို ကိုယ်စီးလိုတဲ့ နံပါတ်ချည်းသာ မြင်နေမိတော့တယ်။ အနားရောက်လို့ မဟုတ်မှန်းသိမှ ကိန်းဂဏန်းတွေဟာ ဘာကြောင့်များ ဒီလောက်တောင် ဆင်တူရိုးမှား ဖြစ်နေရတာလဲလို့ အယောင်ယောင်အမှားမှားလည်း တွေးမိရဲ့။
ခေါင်းပေါ်မှာ ဖွာလန်ကျဲနေတဲ့ ဆံပင်ဖြူတွေ…။ ငွေမှင်ရောင် လှသလောက်… သူတို့ကျမှ ဘာကြောင့် ဒီလောက်အရုပ်ဆိုးရတာလဲ စဉ်းစားမိပြန်တော့ ဆံပင်တွေ ပိုဖြူသွားမှာစိုးလို့ ရပ်တန်းကရပ်ရတယ်။ တချိန်က ထိန်းမနိုင် သိမ်းမရ အုပ်ခဲနေတဲ့ ဆံပင်တွေ… ခုများဖြင့် ထိပ်မှာ အကွက်လိုက်ကြီးကို ပြောင်လို့…။ ဒါနဲ့ပဲ ကြည့်မရတဲ့ ဆံပင်ဖြူတွေကိုလည်း မနှုတ်ရက်တော့ပါဘူး။ သူတို့လေးတွေ ရှိနေပေလို့ အပြောင် သက်သာရာရပေတယ်ပေါ့။
ဂလုံဂလွမ်… ချလွင်ချလန်… အသံတွေ ကြားရရင်တော့ အခြားမတွေးပါနဲ့။ ဒီလက်က လွတ်ကျတာပါ။ အမလေး…ကုန်ပါပြီ ဆိုတဲ့ အသံမျိုးတွေ ကြားရရင်လည်း အထိတ်တလန့် မဖြစ်ကြပါနဲ့။ ဟင်းအိုးတွေ၊ ဟင်းခွက်တွေ ခူးရင်းခပ်ရင်း မှောက်ပြန်တာပါ။ ဦးနှောက်က စေ့စပ် သေချာစွာ အမိန့်ပေး ခိုင်းစေတဲ့အတိုင်း တသွေမတိမ်း လိုက်နာလို့ မြဲမြံခိုင်ခံ့ခဲ့တဲ့ လက်တွေ… ခုတော့လည်း သူတို့ မဟုတ်သလိုပဲ။ တခုခုတော့ မှားနေပြီ… တနေရာရာမှာတော့ မှားနေပြီ။ ဘယ်သူ့ကြောင့်လဲလို့ ကျေးဇူးပြုပြီး တရားခံ မရှာပါနဲ့တော့။
တနေ့လုံး မိုးတိုးမတ်တပ်နဲ့ သူ့အပေါ် အားပြုရပ်ရတဲ့ ခြေထောက်တွေ… ညတိုင်ရင်တော့ ဖောယောင်နေပြီ။ ဘယ်လာ ကျော့ကျော့မော့မော့ လှမ်းနိုင်တော့မလဲ။ သူတို့ကို ညှာရင်း ပုံမကျပန်းမကျ ကွတတနဲ့ ကျိုးကျိုးကျွတ်ကျွတ် အော်ရင်း မြည်ရင်း နောက်ဆုံးတော့ အိပ်ယာဖျာကပ်ရတာပါပဲ။
*****
ကိုယ့်မှာဖြင့် ကိုယ့်ဒုက္ခနဲ့ကိုယ်။ ငယ်ငယ်ရွယ်ရွယ် မသိမိုက်မှားတဲ့အရွယ်က တရားသူကြီးရှေ့သွားပြီး အေးအတူ ပူအမျှ အပေးအယူ သူနဲ့ကျမ ဆိုပြီး မဟုတ်က ဟုတ်ကတွေ ကျမ်းသစ္စာ ကျိန်ဆိုမိခဲ့လို့ အပိုဆု တွဲပါလာတဲ့ ဒုက္ခအိုးကြီးကလည်း တမှောင့်။ ဘယ်သူ့အကြောင်းလေးဖြင့် သူ့ပြောမိရင် ရာဇ၀င် ပြန်လှန်ရတော့တာ…။ ဥပမာ သာဂိအကြောင်း ပြောကြတယ် ဆိုကြပါစို့။ သာဂိလေ…ကိုဖိုးထောင် သားလေ… ငယ်ငယ်က ရှင်နဲ့တောင် ထန်းရည် အတူတူ ခိုးသောက်ကြသေးဆို… ဆိုတာမျိုး ပဝေသဏီ ရှစ်ထပ်က အကြောင်းတွေ ပြန်အစဖော်ပြီးမှ ရှေ့ဆက်လို့ရတယ်။ မောထှာ။ တခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်။ အော် သူ့ခင်မျာ ဖာသိဖာသာ နေတတ်ရှာတာပါလို့ ခွင့်လွှတ်ခဲ့သမျှ အခုများဖြင့် တယ် စိတ်မရှည်ချင်ဘူး။ သူက ယောင်တောင်ပေါင်တောင်တွေ လုပ်တော့ ကိုယ်ပါ ဝေေ၀၀ါးဝါးတွေ ဖြစ်ကုန်ရော။ အော် ငါ့နှယ် မျက်မှောင်တွေကျုံ့မိပြန်ပြီ… နဖူးရေတွေ တွန့်ကုန်ပါပေါ့။
နှစ်ဆယ်ရာစု ဖွားဖွားတာ
*****
မှတ်ဉာဏ်တွေ မကောင်းတော့တဲ့အကြောင်း သက်ဝေနဲ့ ချောကို ပြောချင်လို့ (ချိုပေစွ ဟင်းချိုကဗျာကို အလွတ်ရသေးတယ် ထင်နေကြလို့)
အသက်ချင်းပြိုင်ရင် ကိုယ်ကနိုင်မယ် ထင်နေတဲ့ Gyidaw နဲ့
နောက်ပြီး နှစ်ဆယ့်တစ်ရာစုမှာ ခေတ်စားတဲ့ သွေးစုတ်လူ ဇာတ်ကားတွေ ကြည့်ခိုင်းတဲ့ ခရေတွန်နဲ့
တနေ့တည်း နှစ်ပုဒ် သုံးပုဒ်တင်ရင် စိတ်မဆိုးတဲ့ စစ တို့အတွက်
0 comments:
Post a Comment