လူတိုင်းအတွက်ပဋ္ဌာန်း(စူးစိုက်မှနက်ရှိုင်း)
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ဈာနပစ္စယော = ဈာန်ပစ္စည်း တဲ့။ “ဈာန်” ဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ တစ်ပြိုင်နက် ဗုဒ္ဓဘာသာကြားဖူးနာဝသမား အများစု တို့က “မြေလျှိုးမိုးပျံ” ဆိုတဲ့ အဓိပ္ပာယ်ကို ပြေးပြီး သတိရတတ်ကြတာများပါတယ်။
အမှန်ကတော့ “ဈာန်” ဆိုတာ မြေလျှိုးမိုးပျံနိုင်ခြင်းရဲ့ အခြေခံတရားတော့ မှန်ပါတယ်။ မြေလျှိုးမိုးပျံနိုင်တာတော့ မဟုတ် ပါဘူး၊ မြေလျှိုး မိုးပျံဆိုတာက အဘိညာဏ်ရဲ့ အလုပ်သာဖြစ်ပါတယ်။ အဘိညာဏ် ဆိုတာ “အဘိ+ဉာဏ = အထူးအစွမ်း ထက်တဲ့ ဉာဏ်” လို့ အဓိပ္ပာယ်ရပါတယ်။ အဘိညာဏ်တွေအမျိုးမျိုးရှိတဲ့အထဲက ဣဒ္ဓိဝိဓအဘိညာဏ်ကို ရရှိမှသာ မြေလျှိုးမိုးပျံနိုင်တာပါ။ ဣဒ္ဓိဝိဓကို “တန်ခိုး” လို့လည်း ခေါ်ကြတယ်။ “အဆန်းတကြယ် အံ့ဩဖွယ် ဉာဏ်အထူး” လို့ ဆိုရမယ် ထင်ပါတယ်။ ထားပါတော့ အဲဒါက အဘိညာဏ်တွေပါ။
ဈာန်တွေထဲက အမြင့်ဆုံး ရူပဈာန်ကို ရရှိပြီးသူများသာ ဈာန်ကို အခြေခံပြုပြီး အဘိညာဏ်ရောက်အောင် ထပ်ဆင့်ကြိုးစားရတာဖြစ်လို့ “ဈာန်” ဆိုတာ အဘိညာဏ်တို့ရဲ့ အခြေခံသာဖြစ်ပါတယ်။
တကယ်တမ်း “ဈာန်” ဆိုတာကတော့ အာရုံကို စိုက်စိုက်စူးစူးရှုတဲ့သဘော။ စိတ်ကို အာရုံထဲ စူးဝင်နေတယ်လို့ ထင်ရ လောက်အောင် ကို အာရုံနဲ့စိတ်ကို တွဲကပ်ထားပြီး ရှုမှတ်နေတဲ့သဘောကို ဈာန်လို့ခေါ်တာပါ။ ဒါကြောင့် လယ်တီဆရာတော် ဘုရားကြီးက ပရမတ္ထ သံခိပ်လင်္ကာများမှာ ဈာန်နဲ့ပတ်သက်ပြီး -
“ စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန်၊ ဈန်ဟု ခေါ်သတတ်” လို့ ရေးခဲ့တာပါ။ “ စိုက်စိုက်စူးစူး ရှုတယ်” ဆိုလို့ ကမ္မဋ္ဌာန်း တရား အားထုတ်တဲ့ ပုဂ္ဂိုလ်က ရှုတယ်လို့တော့ မထင်လိုက်ပါနဲ့၊ “ ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ” ဆိုတဲ့ တရားငါးပါး တို့က ရှုတာပါ။ အထူးသဖြင့်တော့ အာရုံ တစ်ခုဆို တစ်ခုတည်းကိုသာ ငြိမ်သက် တည်ကြည်ပြီး စူးစိုက်အာရုံ ပြုနေတဲ့ သဘောက ဧကဂ္ဂတာတရားရဲ့ လက္ခဏာသာ ဖြစ်ပါတယ်။
အများနားလည်ပြောဆိုနေကြတဲ့ “သမာဓိတရား” ဆိုတာလည်း ဒီ “ ဧကဂ္ဂတာတရား” ကိုပဲ ခေါ်တာပါ။
“ ဈာန = ဈာန်” တရားဆိုတာ အာရုံကို စူးစိုက်ရှုခြင်းဆိုတဲ့ (ဥပနိဇ္ဈာန)ကိစ္စကို လုပ်ဆောင်တတ်သလို ဆန့်ကျင်ဘက် ဖြစ်တဲ့ အပိတ်အပင် အတားအဆီး(နီဝရဏ)တရားတွေကို ဖယ်ရှားလောင်မြိုက်ခြင်းဆိုတဲ့ (ဈာယန)ကိစ္စကိုလည်း ဆောင်ရွက် နိုင်ရ မှာဖြစ်ပါတယ်။ ဒီလိုကိစ္စ(၂)ရပ်လုံးကို ဆောင်ရွက်နိုင်တာဆိုလို့ ဝိတက်အစရှိတဲ့ စေတသိက်တရား(၅)ပါးသာရှိပါတယ်။
ဒါကြောင့် ဒီဝိတက်စတဲ့တရား(၅)ပါးကိုသာ ဈာန်ရဲ့ အစိတ်အပိုင်း(ဈာနင်္ဂ)တရားများလို့ သတ်မှတ်ခေါ်ဆိုရပါတယ်။
ဈာနင်တရားတွေ အလုပ်(၂)မျိုးလုပ်ပုံကတော့ -
“ ဝိတက်နှင့် ထိနမိဒ္ဓ” အိပ်ချင်မူးတူး၊ ထုံထိုင်းတွေဝေ၊ အကြံတုံး ဉာ ဏ်တုံး၊ လူဖျင်း လူညံ့ဖြစ်အောင် လွှမ်းမိုး ပိတ်ပင်ထားတဲ့ တရားများကတော့ ထိနမိဒ္ဓစေတသိက်များပဲဖြစ်ပါတယ်။ ဒီတရားနှစ်ခုလွှမ်းမိုးထားပြီဆိုရင် လူစွမ်းလူစ ပျောက်ပြီး ဘယ်အလုပ်ကိစ္စ ကိုမှ စူးစူး စိုက်စိုက်တက်တက်ြွကြွက မလုပ်ဆောင်နိုင်တော့တဲ့အတွက် လူဖျင်း၊ လူန၊ လူအ၊ လူထုံကြီးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လည်း ဒီတရားတွေကို အနှောင့်အယှက် အပိတ်အပင်(နီဝရဏ) တရားများလို့ ဆိုရတာပါ။
ဝိတက်တရားက ယှဉ်ဘက်သမ္ပယုတ်တရားတွေကို အာရုံတစ်ခုပေါ်တင်ပေးတတ်တဲ့အတွက် အမြဲကြံစည်စိတ်ကူး နေသူနဲ့ တူပါတယ်။ ဝိတက်တရားက သမ္ပယုတ် တရားတွေကို ကသိုဏ်းအစရှိတဲ့ အာရုံပေါ်တင်ပေးပြီး ကြံစည်စိတ်ကူးပေးခြင်းဖြင့် ဖြောင့်ဖြောင့် ဆန့်ကျင် ဘက်ဖြစ်တဲ့ “ထိန မိဒ္ဓနီဝရဏ တရား” များကိုလည်း အရာဝတ္ထုတစ်ခုခုကို မီးနှင့် ရှို့မြှိုက်သည့်ပမာ ပယ်ခွာလောင်မြှိုက်ပေးပါတယ်။
“ ဝိစာရနှင့် ဝိစိကိစ္ဆာ” “ဝိစိကိစ္စာ နီဝရဏ” ဆိုတာ အာရုံတစ်ခုအပေါ်မှာ တည်တည်ငြိမ်ငြိမ်မရှိဘဲ အမျိုးမျိုး အထွေထွေ တွေးတော ယုံမှား တတ်တဲ့ သဘောဖြစ်ပါတယ်။ ဝိတက်ရဲ့ တင်ပေးမှုကြောင့် အာရုံပေါ်ကျရောက်နေတဲ့ သမ္ပယုတ်တရားများဟာ ဝိစိကိစ္စာတရား များရဲ့ နှောက်ယှက်ခြင်းကို ခံရတဲ့အခါ အာရုံပေါ်မှာ ကောင်းစွာ မရပ်တည်ဘဲ ယုံမှား သံသယဝင်ပြီး ကသိုဏ်းအစရှိတဲ့ အာရုံမှ ဆုတ်နစ်သွားတတ်ပါတယ်။ အဲဒီအခါမှာ ဝိစာရ တရားက သမ္ပယုတ်တရားတို့ကို ရောက်ပြီးတဲ့အာရုံက မခွာအောင် အာရုံကို ထပ်တ လဲလဲ စွဲစွဲမြဲမြဲသုံးသပ်ပေးခြင်းဖြင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ “ ဝိစိကိစ္စာ နီဝရဏတရားများကိုလည်း ပယ်ခွာ လောင်မြှိုက် ပေးပါတယ်။
“ ပီတိနှင့် ဗျာပါဒ” “ဗျာပါဒ နီဝရဏ”ဆိုတာ တရားကိုယ်အနေနဲ့တော့ အာရုံကို မနှစ်သက်နိုင်အောင် ခက်ထန် ကြမ်းတမ်းတဲ့ ဒေါသ တရား ပါပဲ။ ဝိစာရတရားက သမ္ပယုတ်တရားတွေကို အာရုံပေါ်မှာ စွဲမြဲ နေအောင်အထပ်ထပ် သုံးသပ်ပေးနေသော်လည်း ဗျာပါဒ နီဝရဏ တရားက နှောင့်ယှက်ထားလျှင် အာရုံကို မနှစ်သက်တော့တဲ့အတွက် ကြာရှည်သုံးသပ်ချင်မည် မဟုတ်တော့ပါဘူး။
ဒီလို အခြေအနေ မျိုးမရောက်အောင် ပီတိတရားက အာရုံကို နှစ်သက်ပြီး ကိုယ်ရောစိတ်ပါ နှစ်သက် ပြည့်ဖြိုး ပွားတိုးစေခြင်းဖြင့် ဖြောင့်ဖြောင့် ဆန့်ကျင် ဘက်ဖြစ်တဲ့ “ဗျာပါဒနီဝရဏ” တရားတို့ကို စိတ်အစဉ်မှာ မပါရအောင် ပယ်ခွာလောင် မြှိုက်ပေးပါတယ်။
“သုခနှင့် ဥဒ္ဓစ္စ ကုက္ကုစ္စ” “ဥဒ္ဓစ္စ နီဝရဏ” ဆိုတာ မငြိမ်မသက် တုန်လှုပ်ပျံ့လွင့်ပြီး အာရုံပေါ်မှာ မရပ်မတည်ဘဲ ပြေးနေတဲ့ သဘောဖြစ်ပါတယ်။
“ကုက္ကုစ္စ” ဆိုတာကတော့ ပြုလုပ်လုက်မိတဲ့ မကောင်းမှုတွေ မပြုလုပ်လိုက်မိတဲ့ ကောင်းမှုတွေကို ပြန်တွေးပြီး နောင်တရ ပူပန်နေတဲ့ သဘော ဖြစ်ပါတယ်။
ပီတိကြောင့် သမ္ပယုတ်တရားအားလုံး ကသိုဏ်းစတဲ့အာရုံပေါ်မှာ နှစ်သက်အားရတဲ့ စိတ်အစဉ်အဖြစ် ကျရောက် နေသော်လည်း ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏတရားများ နှောင့်ယှက်လာလျှင် အာရုံတို့ရဲ့ သာယာနှစ်သက်ဖွယ် အရသာများ မပေါ်နိုင်တဲ့အတွက် ငြိမ်ငြိမ်သက်သက် တည်နေနိုင်စွမ်း မရှိနိုင်တော့ပါဘူး၊ အဲဒီလို အခြေအနေမျိုး မဖြစ်ပေါ်မကြုံတွေ့ရအောင် သုခဝေဒနာတရားက အာရုံရဲ့ အရသာ ကို အေးမြချမ်းသာ ငြိမ်သက်စွာ ခံစားပေးခြင်းဖြင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်တဲ့ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏတရားတို့ကို စိတ်အစဉ်မှာ မဝင်မပါရအောင် ပယ်ခွာ လောင်မြှိုက် ပေးပါတယ်။
“သမာဓိ နှင့် ကာမစ္ဆန္ဒ”
“ကာမစ္ဆန္ဒ နီဝရဏ” ဆိုတာ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို နှစ်သက်စွဲလန်း တပ်မက်တတ်တဲ့ လောဘစေတသိက်ပါပဲ။ (တဏှာ၊ လောဘ၊ သမုဒယ ဆိုတဲ့ အမည်များနဲ့ ထင်ရှားပါတယ်။) စိတ်အစဉ်မှာ တဏှာလောဘပူးယှဉ်လာပြီးဆိုရင် နှစ်သက်ဖွယ် အာရုံ ကာမဂုဏ်တွေနောက်ကို တကောက်ကောက်လိုက်ပြီး စိတ်ဓာတ်တွေ မငြိမ်မသက် ကလိန်းကလက်ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် ကာမစ္ဆန္ဒနီဝရဏတရား နှောင့်ယှက် လာလျှင် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခတို့ တောင့်မခံနိုင်ကြတော့ဘဲ ကသိုဏ်းစတဲ့ အာရုံကနေ စိတ်အစဉ် ခွာသွား ရပါလိမ့်မယ်။
ဈာန်အင်္ဂါတို့နဲ့ ယှဉ်တွဲနေတဲ့ ဈာန်စိတ်အစဉ်တွေ လွင့်စဉ် ခွာထွက်မသွားရအောင် သမာဓိဆိုတဲ့ ဧကဂ္ဂတာ တရားက အာရုံအပေါ်မှာ ခြိုက်ခြိုက်မြိုက်မြိုက် တည်တန့်ပေးခြင်းဖြင့် ရှေးဈာန်အင်္ဂါ(၄)ပါးတို့ အာရုံရဲ့ အရသာ အပေါ်မှာ စူးစိုက်တည်တံ့စေပြီး ဆန့်ကျင် ဘက်ဖြစ်တဲ့ ကာမစ္ဆန္ဒနီဝရဏတရားကိုလဲ စိတ်အစဉ်မှာ ပါဝင်မလာအောင် ဖယ်ခွာလောင်မြိုက်ပေးပါတယ်။
ဒါကြောင့် ပစ္စနီက ဓမ္မေ ဈာယတိ = ဆန့်ကျင်ဘက်တရားတို့ကို ပယ်ခွာလောင်မြိုက်စေတတ်၏” ဆိုတဲ့ ဗျူပ္ပတ်အရ ဝိတက်စတဲ့ စေတသိက်(၅)ပါးကိုသာ ဈာန(ဈာန်)တရားများလို့ ခေါ်ရပါတယ်။
“ဈာန = စူးစူးစိုက်စိုက်ရှုတယ် ”ဆိုတာ သာမန်မြင်ကာမတ္တမဟုတ်ဘဲ မြင်ရတဲ့အာရုံအပေါ်မှာ စိတ်ကို စူးဝင်နေတယ်လို့ ဆိုရလောက်အောင် ရှုမှတ်တာပါ။ ကြားသင့်ရာအာရုံ၊ တွေးသင့်ကြံသင့်ရာအာရုံတို့ အပေါ်မှာလဲ အလားတူစူးစိုက်ရှုမှတ် ပွားများရတဲ့အလုပ်ပါ။ သာမန်ရှုသည်ထက်ပိုပြီး စူးစူးစိုက်စိုက်ရှုမှတ်တဲ့အတွက် စိတ်အစဉ်မှာလဲ သာမန်ထက် ပိုပြီး ထင်မြင် လာပါတယ်။
အဋ္ဌကထာဆရာတော်ကတော့ ပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာသူတို့ဟာ မြင်ကွင်းကိုပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မြင်ရအောင် သစ်ပင်တို့တောင်ထွတ်(တောင်ငူ)တို့ ပေါ်တက်ပြီး ကြည့်ကြတယ်။ ဒီလိုတက်ပြီးကြည့်တဲ့အခါ အပေါ်ကိုရောက်လေ ပိုပြီးမြင်ကွင်းက ကြီးကျယ်လာလေ ဖြစ်သလို ဈာန်တရားများဟာလဲ ကြာလေကြာလေ အမြင်စူးစိုက်ပြီး ကြီးကျယ်လာလေ ဖြစ်တယ်ဆိုပြီး ဈာန်တရား ကို သစ်ပင်ဖျားတို့ တောင်ထွတ်တို့ကို တက်ရောက်ကြည့်ရှုပြောဆိုသူနဲ့ ဥပမာပြုပါတယ်။
ဒါကို နိဿယပြန်တဲ့ ဆရာတော်က-
“ ဈာနပစ္စ္စေယော=သစ်ပင်တောင်ငူ၊ တက်သသူသည်၊ အောက်လူတို့အား၊ ပြောသည့်လားသို့။ နှစ်ပါးရုပ်နာမ်၊ သဟဇံအား၊ ဆယ့်တစ်ပါးတွင်။ ထင်ရှားတပ်တပ်၊ ကပ်၍ရှုခြင်းဟူသော အာရမ္မဏူပနိဇ္ဈာနç လက္ခဏူပ နိဇ္ဈာန သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ပဉ္စဝ္စဝိဉ်ကြဉ်၊ စိတ်မှာယှဉ်သည့်၊ ဈာနင်ခုနှစ်ပါး၊ ပစ္စည်းတရား၎င်း”လို့ ပြန်ဆိုပါတယ်။
ဈာနင်ခုနှစ်ပါးဆိုတာ ကတော့ ဝေဒနာကို သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဆိုပြီး (၃)ပါးခွဲရေတွက်လို့ပါပဲ၊ တရားကိုယ် စစ်စစ်ကတော့ ဝေဒနာကို တစ်ပါးပဲရေတွက်တဲ့အတွက် ဈာနင်(၅)ပါးသာ ဖြစ်ပါတယ်။
ဝေဒနာဈာန်တရားထဲမှာ ဒေါမနဿပါထည့်သွင်းပါဝင်ရတာကတော့ ဈာန်ဆိုတာ အများကြားဖူးနားဝရှိထားသလို ကုသိုလ်တရားချည်း မဟုတ်ဘူး၊ စိုက်စိုက်စူးစူး ရှုမှတ်တာမှန်သမျှ ကုသိုလ်ရှုလည်း ဈာန်ပဲ၊ အကုသိုလ်ရှုလည်း ဈာန်ပါပဲ၊ အကုသိုလ်ဈာန် ကျတော့ ဒေါမနဿဝေဒနာ နဲ့ ရှုတာလဲ ရှိပါတယ်။
ဟုတ်ပါတယ် ကြားဖူးနားဝ ဗုဒ္ဓဘာသာအများစုကတော့ ဈာန်တရား မဂ်တရား ဖိုလ်တရားဆိုတဲ့ စကားသုံးခွန်းက ဆက်တိုက်အတွဲ လိုက် ပြောနေçကြားနေကြတာများတော့ “ဈာန်” ဆိုရင် ကောင်းတဲ့တရား၊ မြင့်မြတ်တဲ့တရားလို့ချည်း ထင်ကြတာ များပါတယ်။ “ဈာန်” လို့ အမည်ရတဲ့ တရား(၅)မျိုးတို့ဟာ ကုသိုလ်တရားမှာ ယှဉ်တွဲဖြစ်ပေါ်သလို အကုသိုလ်တရားမှာလဲ ယှဉ်တွဲဖြစ်ပေါ်တဲ့ အတွက် ကောင်းတဲ့ ဈာန်ဆိုတာရှိသလို မကောင်းတဲ့ဈာန်ဆိုတာလဲ ရှိပါတယ်။
တစ်ခါတစ်လေမှာ အကုသိုလ်ဈာန်တွေက ကုသိုလ်ဈာန်တွေထက်တောင် သမာဓိအားပိုပြီး ကောင်းချင် ကောင်းနေတတ် ပါသေး တယ်။ ငါးမျှားတဲ့လူတစ်ယောက်က ငါးဟပ်çမဟပ် စူးစိုက်ကြည့်နေတာ။ ကျားပွဲ ဖဲပွဲမှာ ကျားကွက်တို့ ဖဲချပ်တို့ကို စူးစိုက်ကြည့်နေ တာမျိုးတို့၊ အလွန်နှစ်သက်တဲ့ အဆင်း အသံတို့ကို စူးစိုက်ပြီး ကြည့်ရှုတာ၊ နားထောင်တာတို့စသည်ပေါ့။
အဲဒီမှာလဲ သူ့ဟာနဲ့သူ ပီတိတို့၊ ဧကဂ္ဂတာတို့ဆိုတာရှိတာပါပဲ။ အနုမြူဖော်မြူလာအတွက် အိုင်စတိုင်း စူးစိုက် တွေးကြံနေတာ နဲ့ပတ်သက်ပြီး တောင်တွင်းကြီး၊ နတ်မှီတောရ ဆရာတော်ကြီး မိန့်ကြားဖူးတာကတော့- “ ဒီ ဈာန် သမာဓိတွေဟာ ရှေ့နားက “သမ္မာ” ဆိုတဲ့ ဂုဏ်ပုဒ်ကလေးသာ တပ်ဆင်ပေးလိုက်နိုင်မယ် ဆိုရင် တစ်ထိုင်တည်းနဲ့ တစ်မဂ် တစ်ဖိုလ်အထိရောက်သွားနိုင်လောက်တဲ့ တကယ့်ဈာန် သမာဓိမျိုး” တဲ့။
စက္ကဝက်ငှက်များ ထိန်ထိန်သာနေတဲ့ လမင်းကြီးကို မမှိတ်သောမျက်စိနဲ့ ကြည့်နေတယ်ဆိုတာမျိုးလဲ “ဈာန်” လို့ပဲ ဆိုရမှာပါ။
မန္တလေးတက္ကသိုလ်က ပါမောက္ခဆရာကြီးတစ်ဦး ပြောဖူးတယ်။ ကျောင်းပိတ်ခါနီးညနေမှာ ယောကျာ်းလေး မိန်းကလေးမိတ်ဆွေ အချင်းချင်းစုံတွဲ နှုတ်ဆက်နေကြတာတွေကို ချောင်းကြည့်တဲ့ ကျောင်းသားတွေဟာ တစ်ကိုယ်လုံး ခြင်တွေသီးနေအောင် ကိုက်ထား တာတောင် မသိလောက်အောင် သမာဓိအားကောင်းသတဲ့။
စူးစိုက်တာမှန်သမျှကို ဈာန်လို့ဆိုနိုင်ပေမယ့် ဈာန်တိုင်း ကုသိုလ်မဖြစ်ဘူး၊ အာရုံမှန်၊ နှလုံးသွင်းမှန်မှ ကုသိုလ်ဖြစ်တယ်၊ အာရုံမှား နှလုံးသွင်းမှားရင်တော့ အကုသိုလ်ပဲ ဖြစ်ပါတယ်။
ကုသိုလ်ဈာန်ဖြစ်အောင် စူးစိုက်ရှုသင့်တဲ့ အာရုံများကိုတော့ ယောဂကျမ်းများနဲ့ ကမ္မဋ္ဌာန်းကျမ်းများမှာ အမျိုးပေါင်း (၄၀)လောက် ပြထား ပါတယ်။ ကမ္မဋ္ဌာန်း(၄၀)လို့ အသိများပါတယ်။ အဲဒီထဲမှာ “အပ္ပနာ”လို့ ခေါ်တဲ့ အာရုံအပေါ်မှာ ခိုင်ခိုင်မြဲမြဲ သက်ဝင်တဲ့ ဈာန်အဆင့်ရောက်စေတဲ့ ကမ္မဋ္ဌာန်းအာရုံတွေရှိသလို အပ္ပနာနီးပါးအထိ ရောက်အောင် ရှုလို့ရတဲ့ ဥပစာရဈာန်ရဲ့ အာရုံကမ္မဋ္ဌာန်းတွေလည်း ပါပါတယ်။ ကမ္မဋ္ဌာန်း(၄၀)ဆိုတာ ပထဝီကသိုဏ်းစတဲ့ ကသိုဏ်း(၁၀)ပါး။ ဥဒ္ဓုမာတကစတဲ့ အသုဘ (၁၀)ပါး။ ဗုဒ္ဓါနုဿတိစတဲ့ အနုဿတိ(၁၀)ပါး။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ အပ္ပမညာတရာ (၄)ပါး။ အာဟာရေ ပဋိကူလသညာဆိုတဲ့ သညာ(၁)ပါး။ ဓာတ်လေးပါးကို ပိုင်းခြားမှတ်သားတဲ့ စတုဓာတုဝ၀တ္ထာန်(၁)ပါး။ အာကာသာနဉ္စာ ယတနစတဲ့ အာရုပ္ပ(၄)ပါး ပေါင်း(၄၀)ဖြစ်ပါတယ်။
ဒီ(၄၀)ထဲမှာ လက်ရှိ ဗုဒ္ဓဘာသာဝင်တို့ အသိအကျင့်များတဲ့ ကမ္မဋ္ဌာန်းကတော့ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊
သံဃာနုဿတိ၊ အာနာပါနသတိဆိုတဲ့ အနုဿတိ(၄)ပါးနဲ့ ဗြဟ္မစိုရ်တရား(၄)ပါးလို့လဲခေါ်တဲ့ အပ္ပပညာ(၄)ပါးတို့ပဲ ဖြစ်ပါတယ်။
မရဏဿတိကိုလဲ အချို့ပွားများကြတာရှိပါတယ်။ ကျန်တဲ့ ကမ္မဋ္ဌာန်းတွေကတော့ သမထယာနိကခေါ်တဲ့ သမထကို အဓိကထားပြီး ကျင့်တဲ့ပုဂ္ဂိုလ်တွေလောက်ပဲ ပွားများအားထုတ်ကြပါတယ်။ အကျယ်သိချင်ရင်တော့ သဂြိုဟ် ကမ္မဋ္ဌာန်းပိုင်းမှာ အထိုက် အလျောက် ဖော်ပြ ထားတာ ရှိပါတယ်။ ဝိသုဒ္ဓိမဂ်မှာတော့ ပိုပြီးပြည့်ပြည့်စုံစုံ ရှိပါတယ်။
အရေးကြီးတာကတော့ ဒီကမ္မဋ္ဌာန်းတွေကို ပွားများတဲ့အခါ “ဈာန်” လို့ ခေါ်ဆိုနိုင်လောက်အောင် စူးစူးစိုက်စိုက် အာရုံပြုပြီး ပွားများကြဖို့ ဖြစ်ပါတယ်။ ဒီနေ့ ဗုဒ္ဓဘာသာဝင် တော်တော်များများဟာ “အရဟံ” စတဲ့ ဘုရားဂုဏ် တော်တွေ၊ “သွာက္ခာတော” စတဲ့ တရားဂုဏ်တော်တွေ၊ “ သုပ္ပဋိပန္နော” စတဲ့ သံဃာ့ဂုဏ်တော်တွေကို အသံ ကျယ်ကျယ်နဲ့ ဘုရားရှိခိုးတာတို့။ သဗ္ဗေသတ္တာ အဝေရာဟောန္တု စတဲ့ မေတ္တာပို့တို့ကို အသံထုတ်ရွက်ဆိုပြီး မေတ္တာပို့တာတို့တော့ ရှိပါတယ်။ အသံက မထုတ်ရဘူးလို့တော့ မဆိုပါဘူး၊ ထုတ်လိုက ထုတ်ဆိုနိုင်ပါတယ်။
တကယ်ဘာဝနာမြောက်ဖို့ကတော့ ဂုဏ်တော်ဆိုရင်လဲ ဂုဏ်တော်ထဲမှာ စူးစူးစိုက်စိုက် ရောက်ဖို့၊ မေတ္တာဆိုရင်လဲ ရည်မှန်းတဲ့ သတ္တဝါတွေအပေါ် တကယ်မေတ္တာစိတ်ရောက်ဖို့က ပိုပြီးအရေးကြီးပါတယ်။
နှုတ်ဆောင်ကမ္မဋ္ဌာန်းထက် သရုပ်ဆောင်ကမ္မဋ္ဌာန်းဖြစ်ဖို့ ကြိုးစားကြရမှာပါ။ ဘုရားဂုဏ်တော်တွေ အပေါ်မှာ ကိုယ်ဉာ ဏ်မှိသမျှ စူးစူးစိုက်စိုက်အာရုံပြုပြီး ပွားများပေးရင် ကြည်နူးတဲ့ပီတိတရား၊ ချမ်းသာ အေးမြတဲ့ သုခဝေဒနာတို့၊ အာရုံပေါ်မှာသာ စိတ်က စူးစိုက်ကျရောက်နေတဲ့ ဧကဂ္ဂတာတရားတို့ဆိုတာ ဖြစ်လာပါတယ်။
အဲဒီဖြစ်လာတဲ့ တရားတွေကို ပိုပြီး စူးစူးစိုက်စိုက်သတိထားလိုက်ရင် ဒီတရားတွေဟာလည်း တစ်ခဏနဲ့ တစ်ခဏ မတူအောင် ပြောင်း လဲဖြစ် ပျက်နေတဲ့ အနိစ္စသဘောလက္ခဏာကစပြီး ဒုက္ခသဘော၊ အနတ္တသဘောအထိ ဆိုက် ရောက် သိမြင်သွားတဲ့အတွက် ဝိပဿနာဉာ ဏ်တွေ ဖြစ်ပါတယ်။ ဝိပဿနာဉာ ဏ်ရင့်လာတဲ့အခါ ဆက်တိုက် ဆိုသလိုပဲ၊ မဂ်ဉာဏ်အထိ ဆိုက်ရောက်ပြီး မဂ်ရ ဖိုလ်ရ အရိယာတွေ ဖြစ်သွားပါတယ်။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
2011-ခု၊ ဇွန်လ-၅-ရက်၊ တနင်္ဂနွေနေ့။
0 comments:
Post a Comment