* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, June 19, 2011

“လေးနေရင် ဖွကြည့်လိုက်”

T Z sayadaw (8)

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

အိုခြင်းရဲ့အလှ” “ဘယ်ကျောင်းနေမလဲ မောင်ရေခဲ” ဆောင်းပါလေးတွေ ဖတ်ပြီး တောင်စွန်း ဓမ္မဘေရီဆရာတော်ရဲ့ ဆောင်းပါးလေးတွေ တင်ပေးပါအုံးလို့ မကြာခဏ တောင်းဆိုနေကြတဲ့ စာချစ်ပရိသတ်များအတွက် အခုမှရေးတဲ့ ဆောင်းပါး အသစ်လေး ပါ။ လောက ထဲမှာနေကြလို့ ကောင်း ဆိုး နှစ်တန် လောကဓံ တရားတွေနဲ့ ရင်ဆိုင် နေရသူများအတွက် လောကဓံတရားကို ရင်ဆိုင်ရဲဘို့ နှစ်လုံးသွင်း ဆင်ခြင် အသိပွါး သတိထား စရာလေးတွေကို ဓမ္မဘေရီ ဆရာတော်က ဘုရားရှင်ရဲ့ မိန့်မှာချက်များနဲ့ အတူ လောက ဓမ္မနှင့် ဟန်ချက် ညီညီ တင်ပြထားပြီး လက်တွေ့ဘဝတွင် လင်းကနဲ လက်ကနဲ နားလည်နိုင်အောင် ရေးသားထားတဲ့ စိတ်ဝင်စားစရာ မှတ်သားဖွယ်ရာ ဆောင်းပါးကောင်းလေးမို့ မေတ္တာဥယျာဉ်ကနေ ဓမ္မဒါန ပြုလိုက်ပါတယ်....။

ရင်းနှီးတဲ့ တပည့်မိသားစုမှာ တစ်ဦးတည်းရှိတဲ့ သားကလေး မမျှော်လင့်ပဲ ရုတ်တရက် ဆုံးပါးသွားကြလို့ အတော်ကို ယူကျုံးမရ ဖြစ်ကြရရှာပါတယ်။ ဖြစ်တဲ့အချိန်မှာတော့ မိမိက ခရီးထွက်နေလို့ မရောက်ဖြစ်ဘူး၊ အဝေးကပဲ ဖုန်းနဲ့နှစ်သိမ့်စကား အနည်း အပါး ပြောလိုက်ပါတယ်။ တစ်ခုတော့ အလေးအနက် သတိပေးလိုက်ပါတယ်။

“ အေး..ဝမ်းနည်းပူဆွေးဖို့ အကောင်းဆုံး ကိစ္စမျိုးနဲ့ ကြုံရတာကို “ဝမ်းနည်းမနေပါနဲ့”လို့ ဘယ်သူမှ မပိတ်ပင်သင့်တဲ့ ကိစ္စဖြစ်လို့ငါလဲ မပိတ်ပင်ချင်ဘူး၊ မင်းတို့ သတိပြုရမှာကတော့ ဝမ်းနည်းကြေကွဲရတာကို ရင်ထဲမှာ မျိုသိပ်မထား မိပါစေနဲ့၊ ငိုချင်လာရင် မျက်ရည်ထွက်အောင် ငိုပစ်လိုက်၊ မကျေနပ်သေးရင် အသံထွက်ပြီး ငိုပစ်ကြပါ။ နောက်ဆုံး “ငိုကြည့်တော့လဲဘာမှမထူးပါလား” လို့ ကိုယ်တိုင်ကျေကျေ နပ်နပ်သဘောပေါက်လာတဲ့အထိ ငိုကြနော်”လို့။


ရက်လည်နေ့ မှာတော့ မိမိလဲ ရောက်ခဲ့ပါတယ်၊ သူတို့မျက်နှာကြည့်ရတာ သောက ထုထည်တယ်ပါးသေးပုံ မပေါ်တဲ့အတွက် ဘာမှအထွေအထူး မပြောဖြစ်ပါဘူး၊ သာမန်လုပ်ရိုးလုပ်စဉ်ပဲ လုပ်ပေးခဲ့တယ်။


တစ်လပြည့်တဲ့နေ့မှာတော့ “ သောက တနုကဘာဝံ ဉတွာ = သောကပါးလောက်တဲ့ အခြေအနေကို သိပြီးတော့ ” ဆိုတဲ့ ဋီကာ အရှင်မြတ်တို့ မှာကြားချက်အတိုင်း ပြောသင့်တာလေးတွေကို ပြောပေးခဲ့ပါတယ်။ အခု အဲဒီမှာ ပြောခဲ့ တာလေးတွေကို အများလဲ သိရှိ စဉ်းစားကြစေလိုတဲ့အတွက် ပြန်ပြောလိုက်ပါတယ်။


အေးအေး ဆေးဆေးလေး တွေးကြည့်မယ်ဆိုရင်တော့ တကယ့်ကို ဘာမှအထူးအဆန်း မဟုတ်ပါဘူး၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ဖို့ လပိုင်းအလိုလောက်မှာ အရှင်အာနန္ဒာမထေရ်ကို မိန့်ကြားခဲ့တဲ့ “အနစ္ဆရိယံ ခေါပနေတံအာနန္ဒ ယံ မနုဿဘူတော ကာလံ ကရေယျ = အာနန္ဒရဲ့ မွေးဖွားလာသူတိုင်းအတွက် ဒီသေခြင်းတရား ဆိုတာက ဘာမှ အဆန်းမဟုတ်ပါဘူး” ဆိုတဲ့ စကားအတိုင်းပါပဲ။


ဒါကလဲ တကယ်ကို အေးအေးဆေးဆေး စဉ်းစားနိုင်ရင်သာ ဒီသဘောမျိုးကို လက်ခံနိုင်တာနော်၊ ခုလို သွေးပူကြုံမှ ထပြီး စဉ်းစား ရင်တော့ အတော့်ကို ဆန်းနေသလိုကြီးပဲ။ ဆန်းသမ ဒီအဖြစ်အပျက်မျိုးက ကိုယ်တစ်ဦးတည်းမှာမှ ကွက်ပြီးကြုံရသလားလို့ ထင်မှား မိလောက်အောင်ကို ဆန်းနေကြတယ် မဟုတ်လား။ ဒါဟာ တကယ်တမ်းကတော့ ဘာကြောင့်မှ မဟုတ်ဘူး၊ ဘာမှ ရေရေရာရာ မသိနိုင်တဲ့ ကံတရားကြီးကို တကယ်ရေရာ သေချာတဲ့ အားကိုး စရာကြီး လို ပုံပြီးယုံမိကြလို့ပဲ။


တို့လူစုကလဲ ဘယ်လောက်များ ကံကို ပုံအပ်မိလိုက်သလဲဆိုရင် “ကံသာလျှင်အမိ၊ ကံသာလျှင်အဖ” လို့တောင် ဆိုလိုက်ကြသေး မို့လား။ ကိုယ့်အမိအဖလို ကိုယ့်အပေါ်မှာ ညှာတာမှု ထောက်ထားမှု မရှိတဲ့ကံကို မိဘလို သဘော ထားပြီး အယုံလွန်၊ အပုံလွန်ကြလို့ လဲ ခုလို ကြုံရတဲ့အခါကတော့ “တို့ထင်သလို မဟုတ်ရလေခြင်း” ဆိုပြီး ငိုကျွေးတာ တို့ ပူဆွေးတာတို့တွေ ဖြစ်ကြရတာပေါ့။


အမှန်ကတော့ ကံဆိုတာ မိဘလဲမဟုတ်၊ ဆွေးမျိုးလဲ မဟုတ်ပါဘူး၊ သူ့နယ်ပယ်ထဲက မလွန်ဆန်နိုင်သူအားလုံးကို သူ့နိယာမအတိုင်း သူလုပ်နေတာပါ။ ဒါပေမယ့် တို့တတွေကတော့ လူ့ပြည်သားတွေပီပီ နိယာမတရားရုံးတော်ကိုလဲ လူ့ပြည်က ရုံးတွေလို သဘောထားမိကြပုံ ရပါတယ်။

တစ်ခါတစ်လေတော့လဲ ကံကို ကိုယ့်အတွက် မျက်နှာသာရ အောင် လျှောက်လဲပေး တဲ့ ရှေ့နေ လို မြင်ကြတာလဲရှိရဲ့။ တစ်ခါတစ်လေတော့လဲ ကိုယ့်ကိုမှ တမင်ရန်ငြိုးဖွဲ့ပြီး ဆွဲချလို ဒုက္ခပေး တယ်လို့ ထင်တတ်ကြတာ လဲ ရှိရဲ့ပေါ့။ တကယ်တော့ “ကံ” ဆိုတာ တကယ့်ကိုမှ လာဘ်မစား ဘက်မလိုက်တဲ့ ဓမ္မနိယာမ တရားသူကြီး သက်သက်ပါ။ အခုကာယကံရှင်တွေဆိုရင်ပဲ အခုကြုံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကံတရားကို ဆွဲချကြီးလို မြင်နေကြတယ် မဟုတ်လား။


အဲဒါဘာကြောင့်လဲ၊ ဒါကိုနည်းနည်းစဉ်းစားကြည့်ကြရအောင်။ အမှန်ကတော့ တို့တတွေအားလုံး ကံရဲ့အုပ်ချုပ်မှု နယ်ပယ်ထဲက လွတ်အောင် မရုန်းနိုင်ကြသေးတာကတော့ အဓိကအကြောင်းရင်းပေါ့လေး။ ဒီထက်ပို ဆိုးတာကတော့ တို့ရဲ့ “အတ္တ” လို့ ခေါ်တဲ့ “ငါ” ဆိုတဲ့ အစွဲပါပဲ။ ကံရဲ့ ပိုင်နက်ထဲမှာနေပြီး ကံပိုင်တဲ့ အရာတွေကို “ငါ ပိုင်တယ်”လို့ စွဲယူထားမိကြတယ်မဟုတ်လား။ သိတဲ့အတိုင်းပဲ ဘယ်သူမဆို “ငါ” လို့ ထင်မှတ်ထားတဲ့ ဧရိယာက အလွန်ကျဉ်း တတ်ကြတာ ဓမ္မတာပဲ။ ဧရိယာကသာ ကျဉ်းပေမယ့် ငါပိုင်ဆိုင်တယ် လို့ စွဲလမ်းထားတဲ့ အရာတွေ ကတော့ ဘယ်သူမှ မနည်းကြဘူးလေ။


ဒီဧရိယာ ဘောင်ကျဉ်းကျဉ်းကလေးထဲမှာ စွဲလမ်းစရာတွေကို “ မဆန့်မပြဲ” လို့ ဆိုရလောက်အောင် သိုလှောင် ထားတဲ့အတွက် စွဲလမ်းထားတဲ့အရာတိုင်းဟာလဲ အဆမတန်ကို သိပ်သည်းပြီး အရာရာတိုင်းဟာ လေးလံနေကြ တာပါ။


လူနဲ့လူချင်းက ဘာမှမထူးခြားပေမယ့် အဲဒီလူဟာ ငါ့သား၊ ငါ့မယား၊ ငါ့မိဘ၊ ငါ့ဆွေမျိုးဆိုပြီး ငါဆိုတဲ့ဘောင်ထဲ ထိုးသိပ်လိုက်တဲ့ အခါကျတော့ ငါရဲ့ဘောင်ထဲမှာ ရှိနေတဲ့ လူနည်းစုကလေးက အပြင်မှာရှိနေတဲ့ လူတွေအားလုံးထက် ပိုပြီးလေးသလို ခံစားရမှာပဲ။ ဘာကြောင့်လဲဆိုတော့ အတ္တ(ငါ)ရဲ့ ဘောင်ထဲက လူက ကျဉ်းမြောင်းသိပ်သည်း သွားတော့တာကိုး။


ဥပမာ - ခဲ တစ်ပိဿာနဲ့ မှို့တစ်ပိဿာဆိုပါတော့၊ ချိန်ခွင်ထဲထည့်ပြီး ချိန်ကြည့်ရင်တော့ အလေးချိန်ချင်းက အတူတူပါပဲ။ ဒါပေမယ့် ကိုင်ကြည့် မçကြည့်မယ်ဆိုရင်တော့ ခဲတစ်ပိဿာက လေးသလို ဖြစ်နေမယ်မဟုတ်လား။


ဟောပြောပွဲတစ်ခုမှာ ဟောသူနာသူ အမေးအဖြေ အစီအစဉ်ပါတော့ ဆရာကြီးဒေါက်တာသန်းထွန်းဖြေရမယ့် အလှည့်မှာ မေးသူက “ဆရာကြီးခင်ဗျား - ခဲတစ်ပိဿာနဲ့ မှို့တစ်ပိဿာ ဘယ်ဟာက ပိုလေးပါသလဲ” ဆိုပြီးမေးတယ်။ ဆရာကြီးက “ အဲဒါ မင်းကိုယ်တိုင် တကယ်သိချင်ရင် အဲဒီပစ္စည်းနှစ်မျိုးကို အပေါ်မြှောက်ပြီး အောက်ကနေ ခေါင်းနဲ့ ခံကြည့် လိုက်လေ”လို့ ဖြေသွား ဖူးတယ်။ အလေးချိန်ချင်း တူပေမယ့် ကိုယ့်အပေါ်သက်ရောက်လာတဲ့အခါမှာတော့ သိပ်သည်းတဲ့ အရာက ပိုပြီးလေးလံသလို ခံစားရတာပေါ့။ အဲဒီအတိုင်းပါပဲ - လူချင်းတူပေမယ့် ငါဆိုတဲ့ အတ္တဘောင် ထဲမှာ ထည့်သိပ်စွဲလမ်းထားတဲ့ လူတွေနဲ့ ပတ်သက်လာရင် တခြားလူတွေ ထက် ပိုပြီး လေးလံသလို ခံစားရမှာပဲ။


အခုလဲ ကံရဲ့ပိုင်နက်ထဲက ကံပိုင်လူသားလေးတစ်ဦးကို ကံက အသက်ရှင် နေထိုင်ခွင့် ကုန်ပြီလို့ သတ်မှတ်ခံ လိုက်ရ တဲ့အခါ၊ ဒီရန်ကုန်မြို့ဝန်းကျင်မှာ တစ်နေ့ တစ်နေ့ လူပေါင်း ၇၀ ခန့်လောက် ဒီလိုပဲ ကံရဲ့ဆုံးဖြတ်ခြင်း ခံနေကြရတဲ့ ကိစ္စတွေက မှို့ထုပ် ကိုယ်ပေါ်ကျသလောက်ပဲဖြစ်ပြီး “ငါ့သား” လို့ သတ်မှတ်စွဲလမ်း သိမ်းပိုက်ထားတဲ့ ဒီလူလေး တစ်ယောက် ကျတော့ ခဲတစ် ပိဿာ ခေါင်းပေါ်ကျသလို ခံစားကြရတာမို့လား။ တစ်ပိဿာချင်း တူလျက်နဲ့ ဘာကြောင့် ထိချက်ချင်းမတူ ရသလဲ။ မြတ်စွာ ဘုရားဟောတော်မူတဲ့ “ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ = အတိုချုပ် ကတော့ ဥပါဒါန်နဲ့ စွဲလမ်းထားတဲ့ ခန္ဓာငါးပါးတို့ ဟာ ဒုက္ခပဲ” ဆိုတဲ့ စကားက ဒါကိုပြောတာပဲ။ အဲဒါသဘောပေါက် အောင် ဖြေးဖြေး စဉ်းစား ကြည့်ကြရမယ်။


“ဒါဖြင့် “ခဲ” လို လေးလံဖိစီးနေတဲ့ ဒီဝန်ထုပ်ကြီးပေါ့သွားအောင် ဘယ်လိုလုပ်ရမလဲ” ဆိုရင်တော့ ခဲလို မလေးစေချင် ရင် မှို့လို ပွသွားအောင် “ ဖွပစ်လိုက်” လို့ပဲ ပြောရမှာပါ။


ဒီလို သဘောမျိုးကို မြတ်စွာဘုရားရှင်က လက်တွေ့ကျင့်သုံး ခိုင်းတဲ့ သာဓကတစ်ခု ပိဋကတ်တော်မှာ ရှိခဲ့ဘူးတယ်။ အတော်များ များ ကြားဖူးနားဝလည်း ရှိကြမယ်ထင်ပါတယ်။


“ကိသာဂေါတမီ” ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းလေ။


ဒီမိန်းကလေးက မျိုးရိုးစဉ်ဆက်အရတော့ သူဋ္ဌေးမျိုးပါပဲ၊ သူ့မိဘများ လက်ထက်ရောက်တော့ စီးပွားပျက်ပြီး ဆင်းရဲနေကြလို့ သူလည်း ဆင်းရဲသူမလေး ဖြစ်နေတာပေါ့။ သူတို့နဲ့ တစ်မြို့ထဲနေတဲ့ သူဋ္ဌေးကြီးမှာလည်း ကမ္မဇိဒ္ဓိ ကုန် ချိန်ရောက်တော့ ဘဏ္ဍာတိုက်မှာ သိုလှောင်ထားတဲ့ ရွှေတွေက မီးသွေးတွေလို ဖြစ်သွားတယ်။ မိတ်ဆွေများရဲ့ အကြံပေးချက်အရ အဲဒီမီးသွေးတွေလို ဖြစ်နေ တဲ့ ရွှေတွေကို အိမ်ရှေ့မှာ ဈေးခင်းသလို ဖြန့်ထားတယ်။



“ဒီပစ္စည်းတွေ ထိုက်တန်အောင် ဘုန်းကံ ရှိသူ တစ်ဦးဦးက မြင်တဲ့အခါမှာ မူလပကတိအတိုင်း ရွှေတွေအဖြစ်နဲ့ မြင်လိမ့်မယ်၊ အဲဒီအခါမှာ ဒီပစ္စည်းတွေကို သူ့လက်နဲ့ အထိခိုင်းလိုက်ရင် ရွှေတွေပဲ ပြန်ဖြစ်လိမ့်မယ်။ ပြီးရင်တော့ ယောကျာ်းဆိုရင်လည်း သမက်တော်လိုက်၊ မိန်းမဆိုရင်လည်း ချွေးမတော်လိုက်ပေါ့” ဆိုတဲ့ မိတ်ဆွေများရဲ့ အကြံပေးချက်အရ ဘုန်းကံရှိသူကို မျှော်လင့်နေ တာ။


တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီသူဋ္ဌေးကြီးအိမ်ရှေ့ ကိသာဂေါတမီဆိုတဲ့ မိန်းကလေး ရောက်သွားတဲ့အခါမှာတော့ မိန်းကလေးက “အဘတို့ ဘာဖြစ်လို့ ရွှေတွေကို အိမ်ရှေ့မှာ မီးသွေးဈေးခင်းသလို ထုတ်ထားရတာလဲ” လို့ မေးလိုက်တော့ “ ဘယ်မှာလဲ ရွှေတွေ၊ ကိုင်ပြစမ်းပါ” ဆိုပြီး တိုက်တွန်းလိုက်တယ်။ မိန်းကလေးရဲ့ လက်နဲ့လည်း ကိုင်လိုက်ရော ရွှေတွေ ဖြစ်သွားတော့ သူ့သားနဲ့ လက်ထပ်ပေးပြီး ချွေး မတော်လိုက်လို့ သူဋ္ဌေးချွေးမဖြစ်သွားခဲ့တာ။


“လွယ်လှချည်းလား” လို့ မထင်လိုက်နဲ့၊ ဒါဟာ မဇ္ဈိမဒေသရဲ့ ဓလေ့ထုံးတမ်းကို သိထားမှ ပိုသဘောပေါက်မှာ၊ အဲဒီမှာ မိန်းကလေး တစ်ယောက် လူရာဝင်ရေးက တကယ့်ကို “ယောကျာ်း သနားမှ မိန်းမလူရာဝင်”ရတဲ့ ဘဝမျိုး။ ဒါကြောင့် ဒကာမကြီး လူထုဒေါ် အမာက တောင် သူ့စာတစ်ပုဒ် (အမေရှေးစကား ထင်ပါတယ်) ထဲမှာ “သားကို သခင်၊ လင်ကို ဘုရား” လိုသဘောထား ကိုးကွယ်နိုင်မှ မိန်းကလေးများ လူရာဝင်ခွင့်ရတဲ့ နိုင်ငံကြီးနှစ်နိုင်ငံကြားမှာ ကျွန်မတို့ မြန်မာပြည်က မိန်းကလေးတွေ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်အား ကိုယ်ကိုးပြီး လူရာဝင်ခွင့်ရကြတာဟာ မြန်မာလူမျိုးတို့ရဲ့ ထူးခြားချက်ပဲ” ဆိုတဲ့ အကြောင်းရေးထားတာ ဖတ်ရဖူးတယ်။


ကဲ ထားပါတော့ ဒီလိုနဲ့ ကိသာဂေါတမီဟာ သူဋ္ဌေးသားကတော်ဖြစ်သွားရော ဆိုပါတော့။ သူ့ခင်ပွန်းသည်မှာ သူ့အရင်က ထိမ်းမြားလက်ထပ်ထားတဲ့ မယားတွေလဲ ရှိသေးတယ်။ သူတို့က သားဦးမဖွားဖြစ်ကြတဲ့အတွက် အရိုက်အရာ ခံမရှိလို့ “ကတော်” စာရင်းအသွင်းမခံရဘူး၊ အလုပ်အကျွေး ကိုယ်လုပ်မောင်းမဆိုတဲ့ အဆင့်လောက်ပဲ သတ်မှတ်ခံကြရတာ။


ကိသာဂေါတမီ ရောက်ခါစမှာတော့ တခြားကျေးကျွန်အခြွေအရံတွေကလဲ ဘာမှအထင်မကြီးကြဘူး။ “ဆင်းရဲသူမက ခုမှ သူဋ္ဌေးအိမ်ရောက်လာပြီး စည်းစိမ်တွေခံစားနေရတာ” ဆိုတဲ့ သဘောနဲ့ မလေးမစား စောင်းမြောင်းညူစူ သဘောမျိုးတွေနဲ့ ဆက်ဆံကြ တာပေါ့။ အချိန်တန်လို့ ကိသာဂေါတမီမှာ သားဦးရတနာလေးရတော့မှ အရိုက်အရာ ခံရပြီဆိုပြီး ကိသာဂေါတမီကို သူဋ္ဌေးကတော် အဖြစ်နဲ့လဲ အသိအမှတ်ပြုလိုက်ရော အိမ်မှာရှိတဲ့ အလုပ်အကြွေး ကိုယ်လုပ် မောင်း မ တွေရော ကျေးကျွန် အခြွေ အရံတွေ ကပါ “ဖူးဖူးမှုတ်၊ ပြားပြားဝပ်”ဆိုသလို ရိုသေလေးစား လာကြတာ။ မရိုသေလို့လဲ မဖြစ်ဘူးလေ သူကတစ်ချိန်မှာ အိမ်ကြီးရှင် သူဋ္ဌေး ကတော်ကြီးဖြစ်မှာဆိုတော့ ကျန်တဲ့ အခြွေအရံတွေရဲ့ ကံကြမ္မာက သူ့အပေါ်မှာ တည်နေတော့မှာကိုး။


ဒါကြောင့် ကိသာဂေါတမီအတွက် ဒီသားလေးဟာ သူ့ဘဝရဲ့ အတက်အကျ အနိမ့်အမြင့်ကို ဆုံးဖြတ်ပေးမယ့် တကယ့်ကိုယ်ပွား ကလေးဖြစ်နေတယ်။ အဲဒီလိုနဲ့ သားရဲ့အရှိန်အဝါနဲ့ ကိသာဂေါတမီရဲ့ တန်ခိုးအာဏာတက် နေစဉ်မှာပဲ ရုတ်တရက် သားကလေး ဆုံးပါးသွားတာ။ ဒါဟာ ကိသာဂေါတမီအတွက် သားတစ်ယောက်သာ ဆုံးပါးသွားတာမဟုတ်ဘူး။


သူ့ဘဝတစ်ခုလုံး ဆုံးပါးသွားရတာပါ။ သူရဲ့အရှိန်အဝါ တန်ခိုးအာဏာ ကံကြမ္မာတွေက ဒီသားလေးနဲ့ပဲ တွဲနေတာ။ သားကလေး မရှိတော့ရင် အရိုက်အရာခံမရှိတော့ဘူး၊ အရိုက်အရာခံမရှိတော့ရင် သူလဲအိမ်ကြီးရှင်မ မဖြစ်နိုင် တော့ဘူးလေ။


ဒါကြောင့် ကိသာဂေါတမီဟာ “သားရောဘဝပါ ဆုံးရှုံးရပါပေါ့ကလား” ဆိုပြီး သွေးရူးသွေးတန်းကို ဖြစ်သွား တော့တာ။ ဘာမှကို ဆောက်တည်ရာ မရနိုင်တော့ဘူး။ သားသေကိုရင်မှာ ပိုက်ပြီး “ကျွန်မသားလေးကို ရှင်အောင် လုပ်ပေးကြပါ” ဆိုပြီး လမ်းစုံ အော်ဟစ်ပြေးနေတော့တာ။ နောက်ဆုံးမှာ အကြင်နာတရားရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက “ဂေါတမီ နင့်ဒုက္ခကို ကယ်နိုင်မှာဆို လို့ ဂေါတမမြတ်စွာဘုရားပဲ ရှိတယ်၊ ဘုရားရှိရာ ဇေတဝန် ကျောင်းကိုသာ သွားပေရော့” ဆိုပြီးညွှန်လိုက်လို့ ဘုရားရှင်ဆီရောက် လာတာ။


ဘုရားရှင်က အခြေအနေ အရပ်ရပ်ကို သိလိုက်ပြီး တကယ်လို့သာ “ဟဲ့ - နင့်သားက သေနေပြီပဲဟာ၊ သေသူကို ရှင်အောင်ကုလို့ ဘယ်မှာရတော့မှာလဲ” ဆိုပြီး တည့်တိုးကြီးသာ ပြောချလိုက်ရင် အဲဒီနေရာမှာ ကိသာဂေါတမီဟာ တစ်ခါတည်း အရုပ်ကြိုးပြတ် လိုဖြစ်ပြီး တကယ်ကို ဘဝဆုံးသွားမှာမလွဲဘူး။


မဟာကရုဏာရှင်ဖြစ်တော်မူတဲ့ ဘုရားရှင်က ဒီအခြေအနေအားလုံးကို သိရှိတော်မူတဲ့အတွက် သားသေ အကြောင်းကို ဘာမှ မပြောဘဲ “ချစ်သမီး ဂေါတမီ ... နှမ်းတစ်ဆုပ်ရှာခဲ့ပါ ၊ အဲဒီနှမ်းဟာ သား၊ သမီး၊ မိဘ၊ မောင်ဘွား စသည်တစ်ဦးမှ မသေဆုံးဖူးတဲ့ အိမ် ကတော့ ဖြစ်ပါစေ” လို့ မိန့်ကြားလိုက်ပါတယ်။


ဘုရားရှင် မိန့်ကြားတဲ့အထဲမှာ “အဲဒီနှမ်းတစ်ဆုပ်ရရင် သေနေတဲ့သားကို ရှင်အောင်လုပ်ပေးမယ်” ဆိုတဲ့ စကားတော့ မပါပါဘူး။ ဘုရားရှင်တို့မည်သည် ဘယ်လိုအကြောင်းကြောင့်မှ မုသားစကားကိုတော့ မပြောပါဘူး။ ဒါပေမယ့် ကိသာဂေါတမီကတော့ ဒါဟာသူ့သားနဲ့ သူ့အတွက်ဧရာမ မျှော်လင့်ချက်ကြီးပဲလို့ ခံယူပြီး ချက်ချင်းပဲ နှမ်းရှာ လှည့်လည် တော့တယ်။


သူတောင်းတာကို အိမ်တိုင်းကပဲ ကြည်ကြည်ဖြူဖြူ ပေးပါတယ်။ သို့သော် အိမ်တိုင်းမှာ သေခြင်းနဲ့က မကင်းကြလို့ ကိသာဂေါတမီ မယူခဲ့ရဘူး။


ပထမတစ်အိမ် အဖသေသတဲ့ ၊ ဒီလောက်နဲ့တော့ မမှုသေးဘူး “သူတို့မှာက အဖေသေတာ၊ ငါ့မှာက သား၊ ဘာဆိုင် လဲပေါ့” နောက်တစ်အိမ် အမိသေသတဲ့။ ကိသာဂေါတမီ နည်းနည်းတွေသွားပြီ။ နောက်တစ်အိမ် မနေ့တစ်နေ့ကမှ သမီးလေးသေ သွားသတဲ့။ ဒီတစ်အိမ်ရောက်အပြီးမှာတော့ ကိသာဂေါတမီရဲ့ “ငါ့မှာသာ” ဆိုတဲ့ အတ္တလှောင်အိမ်က အတော်လေး လှုပ်ခါ သွားပြီ။ နောက်တစ်အိမ် သားကလေးသေဆုံးလို့ ဒီနေ့မှ သင်္ဂြိုလ်ခဲ့ရတာ ဆိုတဲ့ အသံလဲကြား လိုက်ရော ကိသာဂေါတမီရဲ့ အတ္တလှောင်အိမ် တစ်ခါတည်းပွင့်ထွက်သွားတော့တယ်။ လှောင်အိမ်ပွင့်သွားပြီဆိုတော့ လှောင်ထားခဲ့မိတဲ့ “ ငါ့သားမှာသာ ဒီအဖြစ်မျိုး နဲ့ ကြုံရလေခြင်း” ဆိုတဲ့ အထင်မှားတွေလဲ တစ်ခါတည်း လွင့်စဉ်ပြန့် ကျဲပြီး သိပ်သည်းဆတွေအားလုံး ပျက်သွားတော့ တယ်။


မြတ်ဗုဒ္ဓရဲ့ ရည်ရွယ်ချက်ကလဲ ဒီလိုပျက်ပြယ်çပြန့်ပွသွားစေဖို့ပဲ အိမ်ပေါက်စေ့မှာ လိုက်လံကျဲဖြန့်ပြီး အဖွခိုင်းလိုက်တာပါ။ အတ္တလှောင်အိမ်ကျိုးပျက်ပြီး ဥပါဒါန်တွေ ဖြန့်ပွသွားတာနဲ့အမျှ လေးလံမှုတွေလဲ လျော့သွား တာပေါ့။


လေးလံမှုတွေလျော့သွားတာနဲ့အမျှ ဆင်ခြင်တုံတရားတွေ၊ သတိတရား အသိတရားတွေကလဲ နေရာယူလို့ ရလာတော့တာပေါ့၊ “ အော် ... သေခြင်းဆိုတာ ငါ့တစ်အိမ်တည်းမှာ၊ ငါ့သားတစ်ယောက်မှာသာ ကြုံရတဲ့ အရာ မဟုတ်ဘူး၊


“မွေးဖွား၊ ရှင်သန်နေထိုင်ကြတဲ့သူတွေ အားလုံးနဲ့ဆိုင်တဲ့ ဘုံဆိုင် ဓမ္မတာတရား တစ်ခုပါလား” ဆိုတာကို မျက်ဝါးထင်ထင် သိမြင်လိုက်တဲ့ အခါမှာတော့ နှမ်းရှာတဲ့ ခရီးကိုအဆုံးသတ်လိုက်ပြီး မြို့ပြင်ကိုထွက်လာခဲ့တယ်။ သုဿာန်မှာ သားသေကို သင်္ဂြိုဟ်ပြီးတော့မှ ဘုရားရှင်ထံမှောက် ပြန်ရောက်လာတယ်။ “ ဘယ်နှယ်လဲ ချစ်သမီး ... နှမ်းရခဲ့သလား” လို့ဘုရားရှင် က မေးတဲ့အခါ မှာတော့ “ တပည့်တော်အတွက် နှမ်းမလိုအပ်တော့ပါဘုရား၊ အရှင်ဘုရား ဟောမြွက်မယ့်တရားဓမ္မကိုသာ အလိုရှိပါတယ်” ဆိုတော့မှ “ သောကပါးပြီ၊ ဆောက်တည်ရာရပြီ” ဆိုတာကို သိတော်မူလို့ ဘုရားရှင်က တရားဓမ္မ ဟောကြား ပေးတဲ့ အခါ တရားအသိတွေရ ပြီး နောက်ဆုံးတော့ ကိသာဂေါတမီ ရဟန္တာထေရီမကြီး ဖြစ်သွားခဲ့ပါတယ်။


ဟုတ်ပါတယ်။ “ငါ့မှာသာ” ဆိုတဲ့ အတ္တလှောင်အိမ်ထဲမှာ ထည့်ပြီး သိပ်သည်းအောင် စွဲလမ်းထားကြလို့သာလေး နေတာပါ။ အားလုံးနဲ့ မျှဖြန့်ပြီး ကြည့်လိုက်ရင်တော့ “အတ္တ” ဆိုတဲ့ ဘောင်ဟာ အထင်သက်သက်ပဲဆိုတာ သဘောပေါက်ပြီး ပွင့်သွားမှာပါ။


ကျဉ်းမြောင်းတဲ့ အတ္တဘောင် ပွင့်ပျက်သွားပြီဆိုတာနဲ့ လှောင်ပိတ်မိပြီး သိပ်သည်းနေတဲ့ စွဲလမ်းစရာတွေ အားလုံး ဟာလဲ ပြန့်ပွပြီး နောက်ဆုံးတော့ ပျက်ပြယ်ပျောက်လွင့်သွားရစမြဲပါပဲ။ ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့စကားထဲက အတိုင်းပြော ရမယ်ဆိုရင် အတ္တဘောင်ကို မဖျက်ဘဲ ဒီအတိုင်းကြည့်တာနဲ့ အတ္တဘောင်ကို ဖျက်ပြီး ဖွကြည့်တာဟာ “သေဆုံးခြင်း”ဆိုတဲ့ ချိန်ခွင်ထဲမှာ ထည့်ချိန်ကြည့်ရင်တော့ “သေတယ်” ဆိုတဲ့ အလေးချိန်ချင်းက အတူတူပဲလို့ ဆိုနိုင်ပေမယ့်ဖွကြည့်လိုက်တဲ့အခါ ခဲတစ်ပိဿာ လိုကနေ မှို့တစ်ပိဿာလို အဖြစ်မျိုးပြောင်းလဲ သွားတယ်လို့လဲ ဆိုနိုင်တာပေါ့။


အဲဒါပါပဲ၊ ကိသာဂေါတမီရဲ့ ဖြစ်ရပ်မှာတော့ မြတ်ဗုဒ္ဓက ကိသာဂေါတမီရဲ့ သောကတွေကို အိမ်ပေါက်စေ့ လှည့်လည်ပြီး “ဖြန့်ဖွကြည့်လိုက်” လို့ ခိုင်းတဲ့သဘောပေါ့။ ဒီသဘောမျိုးကို တိပိဋကဓရ မင်းကွန်းဆရာတော် ဘုရားကြီးကတော့ “မကျေနပ်ရင် ငုံ့ကြည့်လိုက်ပါ” တဲ့။ ငုံ့ကြည့်လိုက်တဲ့အခါ ကိုယ့်ထက် အဖြစ်ဆိုးသူတွေ၊ အခြေအနေဆိုးသူတွေကိုတွေ့မြင်လိုက်ရတော့ ကိုယ်က သူတို့နဲ့ စာရင် “ငါ့ အဖြစ်က တော်သေးရဲ့”ဆိုတဲ့ အသိနဲ့ အလိုလို အထက်မှာ ရောက်နေပြီပေါ့။ သူတို့ရဲ့ အထက်မှာ ရောက်နေ ပြီဆိုကတည်းက သူတို့ထက်ပေါ့သွားပြီပေါ့။ ဒီလို ပေါ့သွားတာဟာ ကိုယ့်ရဲ့ အတ္တဘောင်ကျိုး၊ ပေါက်၊ ပွ၊ ပြန့် သွားလို့ပါပဲ။


ဆရာတော်ကြီးက ဆက်ပြီး မိန့်ကြားတာလဲရှိသေးတယ် “သိပ်ပြီး ကျေနပ်နေရင်လဲ မော့ကြည့်လိုက်ပါ”တဲ့။


အထက်ကို မော့ကြည့်လိုက်တော့ “ငါဟာ ဘာမှ မဟုတ်သေးပါလား”ဆိုတာကို သိမြင်ပြီး အတ္တဘောင်ထဲမှာ သိုလှောင် ထားမိတဲ့ မာနတွေ အာဃာတတွေလဲ ပွပြန့်လွင့်ပျယ်ပြီး ပေါ့ပါးပါးဖြစ်သွားမှာပါ။


ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုလေးလံတဲ့ ဒဏ်တွေပဲ ဖိစီးနေနေ “ငါ”ဆိုတဲ့ အတ္တဘောင်ကျိုးပျက်သွားအောင် ဖွ ၊ ဖြန့်ပြီးတော့သာ ကြည့်ပေး ပါ။ “ငါ” ဆိုတဲ့ ဘောင်ကျိုးပျက်သွားပြီဆိုရင်တော့ အရာအားလုံးဟာ အားလုံးရဲ့ ဘုံဆိုင်သဘာဝ နိယာမကြီး တစ်ခုအဖြစ် သိမြင်ပြီး ပေါ့သွားကြမှာ မလွဲပါဘူး။ မြန်မာစကားမှာ “ပွပွရွရွ၊ ပေါ့ပေါ့ပါးပါး” ဆိုတာ ရှိသမို့လား။


ဖွလိုက် ဖြန့်လိုက်ရင် ပွသွား ရွသွားမယ်၊ “ရွ” တယ်ဆိုတာ သိပ်သည်းဆတွေ ပျက်သွားတာပါပဲ၊ “ရွ”သွားပြီဆိုရင် ထုထည် ပမာဏကလဲ ပါးပါးလေးဖြစ်ပြီး “ပေါ့” သွားမယ်လို့ ဆိုလိုတဲ့ သဘောပါပဲ။


တိုတောင်းးတဲ့ ဘဝမှာ ပေါ့ပါး လန်းးဆန်းးပြီးး အသိမှန် အမြင်မှန် ရကြပါစေ ...။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

2011-ခု၊ ဇွန်လ 17-ရက်၊ သေကြာနေ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP