ရှင်တော်ဟောကြားဓမ္မစကားတော်များ(ဗြဟ္မဏ၀ဂ္ဂ)
ဆောင်းပါးအမှတ်စဉ်(၂၆) အပိုင်းနှစ်
ဗြာဟ္မဏ၀ဂ်ဆောင်းပါး၏ပထမပိုင်းတွင်ဗြာဟ္မဏအကြောင်းကိုရဟန္တာဟုဘာသာပြန်ဆိုခြင်းအကြောင်း ကို မတင်ပြမိဘဲ ပုဏ္ဏားဟု ဘာသာပြန်ဆိုရခြင်း အကြောင်းမျှကိုသာသိသမျှ တင်ပြဖြစ်ခဲ့ပါသည်။ ယခုဆောင်းပါး အပိုင်းနှစ်တွင် ဗြာဟ္မဏဟူသော ပါဠိကို ရဟန္တာဟု ဘာသာပြန်ရခြင်း အကြောင်းနှင့် ဤ၀ဂ်တွင်ပါရှိသည့် ၀တ္ထုကြောင်းများနှင့် ဆိုလိုချက်များကို တင်ပြရပါမည်။
ဗြာဟ္မဏကို ရဟန္တာဟု ဘာသာပြန်ဆိုခြင်းမှာဝေါဟာရအနက် ဟုခေါ်ပါသည်။ သဒ္ဒါအရ ထွက်သော အနက်၊ဆိုလိုရင်းကိုပေါ်လွင်စေသော အဓိပ္ပါယ်အနက်၊ ယနေ့ခေတ်လူသားများ အသုံးများတွင်ကျယ်ေ နသောဝေါဟာရအနက်ဟူ၍ ပါဠိတစ်ပုဒ်၏ အဓိပ္ပါယ်သုံးမျိုးကိုမြန်မာလိုဖေါ်ဆောင်နိုင်ပါသည်။ ဥပမာ အားဖြင့်ပုရိသဟူသောပါဠိပုဒ်ကိုပြောဆိုရမည်ဆိုပါလျှင်သဒ္ဒါနက်အားဖြင့်ဆန္ဒကိုပြည့်ဝစေသောကြောင့့် ယောက်ျားဟုဆိုလိုပါသည်။ အဓိပ္ပါယ်နက်အားဖြင့် မိဘတို့၏ လိုအင်ဆန္ဒနှင့်ပျော်ရွင်မှုကိုပေး စွမ်းနိုင်သောကြောင့်ယောင်္ကျားဟုဆိုလိုပါသည်။ယနေ့ခေတ် လူသားများ ကတော့ယောင်္ကျား ဟုခေါ် ကြပါသည် ယင်းကို ဝေါဟာရအနက်ဟုခေါ်ပါသည်။
ဗြာဟ္မဏကိုလည်း ဤနည်းဖြင့် အနက်သုံးမျိုးထွက်အောင် စီမံနိုင်ပါသည်။ မကောင်းမှုကို အပပြုတတ် သူဟု သဒ္ဒါနက်အရ သိနိုင်ပါသည်။ အဓိပ္ပါယ်အနက်အားဖြင့် မကောင်းမှုများ လုံးဝ မရှိသူဟု သိရပါသည်။ဝေါဟာရနက်အားဖြင့် ရဟန္တာဟု ဆိုရပါမည်။ထေရ၀ါဒ၏ ပါဠိတော်များ အလို ရဟန္တာ၏ အနက်အဓိပ္ပါယ်မှာ ပဋိသန္ဓေကုန်ဆုံးသူ၊မြင့်မြတ်သည့်ကျင့်စဉ်ကို ကျင့်သုံးပြီးသူ၊ပြုစရာ ကိစ္စများ ကိုနောက်ထပ်ပြုစရာ မကျန်အောင်ပင်ပြုပြီးသူဟု ပါဠိတော်များတွင် ဆိုပါသည်။
မဟာယာန၀ါဒအလို ရဟန္တာ၏ အဆင့်သတ်မှတ်မှုသည် နိမ့်ကျနေပါသည်။ သူတို့သည် ရဟန္တာကို အထင်ကြီးတတ်သည်ကို ကိုရီးယားတွင်ရှိနေသော စာရေးသူက သိထားပါသည်။ သို့သော် အစဉ် အဆက်လက်ခံသော မဟာယာန မှတ်တမ်းများတွင်မူ ရဟန္တာတွင် အားနည်းချက် ငါးချက် ရှိသည်ဟု ဆိုပါသည်။ ယင်းအား နည်းချက်ငါးခုသည် ထေရ၀ါဒပါဠိတော်လာ မူဝါဒနှင့် မကိုက်ညီပါ။ ယင်းငါးချက်ကို စာဖြင့် တိတိကျကျ မဖေါ်ပြနိုင်တော့ပါ။ သာသနာ၂၅၀၀ဟု အင်္ဂလိပ်လို ရေးသား ထားသော စာအုပ်တွင် ယင်းငါးချက်ရှိသည်ဟု သိသော်လည်း အကုန်လုံးကို တိတိကျကျ မမှတ်မိတော့ပါ၊ ကိုးကားစရာ စာအုပ်လည်း အဆင်သင့်မရှိသဖြင့် မဟာဒေ၀၏ ရဟန္တာအပေါ်ဝေဖန်ချက် ငါးခုဟုသာရေး လိုက်ရ ပါသည်။ သာသနာ၂၅၀၀ ခရီးဟု စာရေးဆရာကြီး မောင်အံ့က ရေးသားထား သော စာအုပ်ရှိသော်လည်း အင်္ဂလိပ်လို စာအုပ်နှင့် မတူသည်က များပါသည်။
ရဟန္တာခေါ်ဆိုသော ပုဒ်လေးခုတွင် ဗြာဟ္မဏဟူသော ပါဠိပုဒ် မရှိပါ။ အဘိဓာန်ဂါထာ နံပါတ် ၁၀၊ ခီဏာသ၀ါဒိ စတုက္ကတွင် ၁။ ခီဏာသ၀ (အာသဝေါကုန်ခမ်းသူ-သဒ္ဒါနက်၊ ယိုစီးတတ်သော တရားလေး ပါးကုန်ပြီးသူ-အဓိပ္ပါယ်နက်) ၊ ခီဏာ အာသ၀ါ ယဿာသော ခီဏာသဝေါ။ ၂။ အသေက္ခ (ကျင့်ကြံ အားထုတ်စရာမရှိသူ - သဒ္ဒါနက်၊ ကျင့်ကြံအားထုတ်မှု ပြီးဆုံးသွားသဖြင့်နောက်ထပ်ကျင့် ဖွယ်မလိုသူ-အဓိပ္ပါယ်နက်) တတော ဥတ္တရိ ကရဏီယာဘာဝတော နတ္ထိ သိက္ခာ ဧတဿာတိ အသေက္ခာ၊ ၃။ ၀ီတရာဂ (ရာဂကင်းသူ-သဒ္ဒါနက်၊ အစွဲလမ်းကင်းသူ - အဓိပ္ပါယ်နက် ) ၀ိဂတော ရာ ဂေါ ယသ္မာတိ ၀ီတရာဂေါ။ ၄။ အရဟာ (ပယ်သတ်ပြီးသူ - သဒ္ဒါနက်၊ သံသရာစက်၏ ၀င်ရိုးများကို ရိုက်ချိုးပြီးသူ - အဓိပ္ပါယ်နက်) သံသာရစက္ကဿ အရေ ဟတ၀ါတိ အရဟာ၊ အရဟန္တိပိ ပါဋ္ဌော၊ လေးပုဒ်စလုံး၏ ဝေါဟာရနက်မှာမူ တစ်မျိုးတည်းသာ ရဟန္တာဟူ၍ ဖြစ်ပါသည်။ အရဟာ ဟူ၍ဖြစ်စေ၊ အရဟဟူ၍ ရေးချ မပါမူ၍ဖြစ်စေ ပါဠိနှစ်ခုစလုံး မှန်သည်ဟု မှတ်ကြရပါမည်။ ယခုလောက် ဆိုပါလျှင် ဗြာဟ္မဏသဒ္ဒါနျင့် ယင်းပါဠိကို ရဟန္တာဟု ဘာသာပြန်ခြင်းအကြောင်း စုံလင်သွားပေပြီဟု ယူဆပါသည်။
ဓမ္မပဒအဋ္ဌကထာဆရာ ဖွင့်ပြသောနှစ်ဆယ့်ခြောက်ခုမြောက်ဝဂ်တွင်ရှိသည့် ၀တ္ထုကြောင်း များနှင့် အဓိပ္ပါယ်ကို ဖေါ်ပြရပေမည်။
လောကတွင်ဖြစ်ရိုးထုံးစံမှာ သာသနာတော်ကို ကြည်ညိုလွန်းသောသူများက ဣနြေ္ဒရရ သီတင်း သုံးသောရဟန်းတော်များကိုရဟန္တာများဟုထင်တတ်ကြပါသည်။ရဟန္တာများကြွလာပါပြီဟု အော်ဟစ်တတ် ကြပါသည်။ စာရေးသူကိုယ်တိုင် ၁၉၈၂ခုနှစ်က ကြုံဖူးခဲ့ပါသည်၊ ထိုစဉ်က အသက်၁၅နှစ်အရွယ်တွင် မဟာမြိုင်ကျောင်းတိုက်မှ ဆွမ်းခံတန်းတွင် ကြွခဲ့စဉ် မန္တလေးမြို့ ဒိုင်းဝန်ရပ်ကွက်မှ ကြည်ညိုသူများက ကြည်ညိုစိတ်ဖြင့်အော်ဟစ်ခဲ့ကြပါသည်။ တစ်ဘ၀သာသနာ စာအုပ် တွင်လည်း မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး သံဃာတော်များနှင့် မွေးရပ်မြေ သရိုင်ရွာ ၊ ၀က်လက် မြို့နယ်သို့ ကြွတော်မူခဲ့ရာ ရွာသားများက ဟစ်အော်ခဲ့ကြပါသည်။ ယခုလည်းမြန်မာနိုင်ငံတွင် ရဟန္တာတော်တော် များများရှိနေ သည်ဟု နီပေါ၊ အိန္ဒိယနှင့်တောင်ကိုရီးယားနိုင်ငံများမှ ဓမ္မမိတ်ဆွေများက ယုံကြည်နေကြပြီး စာရေးသူ ကို မေးမြန်းကြသည်မှာ အကြိမ်းများစွာရှိပါပြီ။
မြန်မာနိုင်ငံဖွား လူတစ်ချို့က ရဟန်းတော်များ၏ ဆုတ်ယုတ်သည့်ဘက်ကို သုံးသပ်နေကြပြီး အားမလို အားမရဖြစ်နေတတ်ကြသည်မှာ အဘယ့်ကြောင့်ပါနည်းဟုမေးချင်ပါသည်။ တစ်ချို့က ၀က်ဘက် ဆိုဒ်မှနေပြီး ရဟန်းတော်များကို ပရီးမီးယားသာသနာပြုများ၊ ခေတ်ရေစီးကြောင်းနှင့်အတူ စီးဆင်းမျော ပါလာတဲ့ ရဟန်းတော်များစသဖြင့် စကားလုံးလှလှလေးများနှင့် သာသနာတော်မှ မတော် မလျော် ရဟန်းတော်များ အကြောင်းကိုပြောနေကြသည်မှာ သာသနာပြုရာ မရောက်ဟု ဆိုချင် ပါသည်။ အဘယ့် ကြောင့်ပါနည်း၊ သန့်ရှင်းစင်ကြယ်သော သာသနာတော်ဆိုသည်မှာ သာသနာ့ဝန် ထမ်းများတစ်ပါးမှ မရှိတော့မှသာ ဖြစ်ပေလိမ့်မည်။ မည်သည့်ဘာသာ၌မဆို သာသနာ့ဝမ်ထမ်းများ၏ မတော်မလျော်သည့် အမှုများရှိပါသည်။ စာရေးသူငယ်စဉ်က ဆရာတော်ကြီးတစ်ပါးက သာသနာတော် သန့်ရှင်းရေးကို လုပ်ရင်သာသနာ့ဝန်ထမ်းများအားလုံးကို လူထွက်ခိုင်း လိုက်ကြဟူ၍လည်းကောင်း၊ မစိုးရိမ်တိုက်သစ် ဆရာတော်ဦးရာဇဓမ္မကမူ အပြစ်ကလေးတွေနဲ့မှကြည်ညိုချင်ပါမူ ငါ့ကျောင်းလာ ကြည်ညိုကြဟူ၍ လည်းကောင်း ဆုံးမဖူးပါသည်။ ဘုရားလက်ထက်က ဥပုသ်ပြုရင်း ဆွဲထုတ်ရသောရဟန်းများ အကြောင်း ကို စူဠ၀ါပါဠိတော်တွင် ဖတ်ရသည်။ ဘုရားရှင်က အဂ္ဂသာဝ ကနှစ်ပါး၏ တပည့်များ ကိုနှင်ထုတ် ခိုင်းဖူးသည်။ သို့အတွက် ဗုဒ္ဓဘာသာဝင်လူများက ရှက်ပြီး ငါဗုဒ္ဓ ဘာသာဝင် မဟုတ်ပါဟု ပြောဆိုသည်ဟု စာပေတွင် မဖတ်ဖူးပါ။မြန်မာရဟန်းတော်ပေါင်း သံဃာတော်ပေါင်းလေးသိန်းကျော်တွင် အင်တာနက် ကိုရေရေ လည်သုံးစွဲတတ်သည့် ရဟန်းတော်နှစ်ထောင်ထက်ကျော်မည် မထင်ပါ။ ယနေ့ခေတ် တွင်နှစ်ဘက်ကိုမြင်အောင်ကြည့် မျှအောင်တွေးတတ် တတ်ရပါမည်။ စာရေးသူ၏ အယူအဆမှာ ရဟန်းတော်များ အင်တာနက်သုံးသည်မှာ ရည်းစားထားရန် ရည်ရွယ်ချက်ဖြင့် မသုံးဟုဆိုလိုပါသည်။ အချင်းချင်းတွေ့မိသွားရာ စကားစွန်း များမှ တစ်ဆင့်ဖြစ် သွားနိုင်ပေသည်သာဖြစ် ပါသည်။ဖြစ်ခဲ့ရင်လည်းနှစ်ဘက်စလုံး၏ မပြည့်ဝမှုဟုသာ ဆိုလိုပါသည်။ ရဟန်းတိုင်း၊ အမျိုးသမီး တိုင်းဖြစ်နေသည် မဟုတ်ပေ။ ဒကာ၊ဒကာမများဘက်မှလည်း တစ်ပါးဖြစ်တိုင်း အားလုံဒီအတိုင်းပဲဟု မထင်မြင်မိပါက ပိုကောင်းပါမည်။မြင်တတ်သူများကိုလည်း အချိန်မှီပြုပြင်နိုင်ပါစေဟု ဆန္ဒပြု အပ်ပါ သည်။
ယခုလည်း ရဟန်းတော်ကိုမြင်သည်ထက် သံဃာဂုဏ်ကိုအာရုံပြုနိုင်သော သူများက ဆွမ်းလှူသော အခါ ရဟန္တာကိုလှူပါ၏ဟု ဆိုနေကြရာ ပုထုဇဉ်ရဟန်းများ စားရဲစရာပင် မဖြစ်တော့ပြီ။ အရိယာ ရဟန်းများကလည်း ရှက်နိုးကြပါသည်။ရှေးခေတ်၊ယခုခေတ်နှစ်ခေတ်လုံးတွင် သံဃာတော်ကိုစနစ်တကျ ကြည်ညိုတတ်သူများရှိပါသည်။ တစ်ချို့ကြည်ညိုသည်မှာ အစွဲများလွန်းသည့် အနေအထားဖြစ်ပေရာ ထိုအစွဲကို ပယ်ဖျက်ကြရပါမည်။ သံဃာဟူသည် အကျင့်ပျက်မရှိပါ၊ ရဟန်းတွင်မူ တစ်ချို့အကျင့် ပျက်နိုင်ပေသည်။ ရဟန်းသံဃာဟုဆိုသော်လည်း ရဟန်းဟုသာ ခွဲကြည့် တတ်လျှင် သံဃာမဖြစ်ပေ။ သံဃာဟူသည် အပေါင်းသဘောဆောင်ပါသည်။ ရဟန်းဟူသည် အနုတ်ကိန်းလည်း ရှိနိုင်သလိုပင် အပေါင်းကိန်းလည်း ရှိနိုင်ပါသည်။ ထိုကိန်းဂဏန်းများကို ဂရုမပြုပါပဲ ကုသိုလ်ကို သင်္ချာနည်းဖြင့် မယူဆ ဘဲ မမြဲတမ်း အပေါင်းလက္ခဏာပြု၍ယောနိသောမနသိကာရစိတ်ထားဖြင့် ကြည့်တတ်ကြရပေမည်။ ကြည်ညိုမှုတွင် သဒ္ဓါနှင့်ပညာ အချိုးမညီမျှပါက တဏှာဖက်သို့ ကူးသွားတတ်ပေသည်။ ကြည်ညိုတိုင်း လည်းကောင်းသည် မဟုတ်ပေ။ ပသာဒဗဟုလဗြာဟ္မဏ ၀တ္ထုက ဖေါ်ပြနေပါသည်။
ယခုခေတ်တွင် သက်ဆိုင်ရာအလုပ်တွင် ကြွမ်းကျင်ပြီး စိတ်စိုက်ကြိုးစားသူကို ပရော်ဖက် ရှင်နယ် ပီသ သူဟု ပြောတတ်ကြပါသည်။ ရဟန်းတော်များသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် သမထ၊ ၀ိပဿနာ အရာတွင် စိတ်စိုက်နိုင်ကြပါမူ ကြွမ်းကျင်သူအဆင့်သို့ရောက်ပြီး ရဟန္တာဖြစ်နိုင် သည်ကို သမ္ဗဟုလ ၀တ္ထုက သက်သေပြနေပါသည်။
ကိလေသာမရှိပါကမြင့်မြတ်သူ အစစ်ဖြစ်ပြီးဗြာဟ္မဏဟုဘုရားဟုခေါ်ဆိုကြောင်းကို မာရ၀တ္ထု တွင်ပြဆိုပါသည်။ အညတရဗြာဟ္မဏ၀တ္ထုတွင်မူ ပုဏ္ဏားက ငါလည်းဗြာဟ္မဏ ဘုရားရှင်ကလည်း သူ၏ တပည့်များကိုဗြာဟ္မဏဟုခေါ်နေပေသည်မေးလျောက်ကြည့်သော် ကွဲပြားမှန်း သိသွားပါသည်။ မျိုရိုး အားဖြင့်အခေါ်ခံရခြင်းသည် ပုဏ္ဏားများအတွက်ဖြစ်ပြီး မဂ်လေးပါးဖြင့် တစ်ဆယ့်ခြောက်ပါးသော အရိယာလုပ်ငန်းစဉ်ကို ပြီးမြောက်သူ ရဟန္တာများကိုဗြာဟ္မဏဟုခေါ်ဆိုကြောင်းဖြေဆိုပြရပါသည်။ ပုဏ္ဏားသည် အမြင်ရှင်းပြီးသောတာပန်အဆင့်သို့ရောက်ရှိ ခဲ့ပါသည်။ ဤကဲ့သို့သောဝတ္ထုကို ဤ၀ဂ်၏ ဆယ်ခုမြောက်ဖြစ်သော ဇဋိလဗြာဟ္မဏ၀တ္ထုတွင်လည်း တွေ့ရပါသည်။
ငါးခုမြောက် အရှင်အာနန္ဒာမထေရ်၏ ၀တ္ထုတွင် အလင်းရောင်အပေါ် အမှီပြုပြီး ပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အစွမ်းများ ကွာခြားသွားပုံကို တွေးမိသော အရှင်အာနန္ဒာက ဘုရားရှင်အား လျောက် ထားသောအခါ အချိန်နှင့် လုပ်အား ပေါင်းစပ်မိပါက စွမ်းအားကွာလာပုံကို ရှင်းပြပါသည်။ ရှင်ဘုရင်သည် ကောင်းမွန်၊ တန်ဖိုးရှိ၊ လှပသော အ၀တ်အစားနှင့် ၀တ်ဆင်ခြင်း အချိန်တွေကိုပေါင်းပါက ကြည့်ကောင်းမည်။ ရဟန္တာသည် သမာပတ်ဝင်စားခြင်းအလုပ်နှင့် ပြီးစီးချိန်၊ နေနှင့် လတို့သည် ဆီးနှင်း၊ မြူ၊ တိမ်၊ မိးခိုးနှင့် လငပုတ်ဖမ်းခြင်း မခံရချိန်တို့တွင် လှပသည်။ ဘုရားရှင်သည် အချိန်ကို အသုံးချဆုံးဖြစ်သဖြင့် အားလုံး ထက် စွမ်းအားကောင်းပေသည်။
ဗြာဟ္မဏပါဠိစကားလုံးနည်းတူ ပဗ္ဗဇိတဟူသော စကားလုံးသည်လည်း ရဟန်းတော်များနှင့် သာမ ကတောထွက်သူ အားလုံးနှင့် သက်ဆိုင်ပေသည်။ သို့သော်တောထွက်ရုံမျှနှင့် ပဗ္ဗဇိတဟု မခေါ်ဘဲ ကိလေသာ ငြိမ်းသူကိုသာလျှင်ပဗ္ဗဇိတဟု ခေါ်ဆိုကြောင်း ဘုရားရှင်က မထင်ရှားသော ပုဏ္ဏားတစ်ဦးကို ရှင်းပြခဲ့ရာ သဘောပေါက်သွားပြီး သောတာပန်ဖြစ်လာခဲ့ပါသည်။
လက်တွေ့ကြုံမှယုံပါသည် ဟူသောစကားသည် ယနေ့ခေတ်မှပေါ်လာသည့်ဟု ဖတ်ရသော် လည်းအောက်ပါဝတ္ထုအရ မမှန်ဟုဆိုရပါမည်။ရှေးခေတ်က အရှင်သာရိပုတ္တရာ မထေရ်နှင့် စပ်ပြီးကောင်းကြောင်းကိုချည်းကြားနေရပေရာလက်တွေ့သိရအောင်ဆွမ်းခံကြွချိန်တွင် နောက် ကျောဖက်မှ လက်ဝါးဖြင့် အားထည့်ပြီး ရိုက်ခဲ့ပါသည်။ မထေရ်က နောက်ပြန်လှည့်မကြည့်ဘဲ ရှေ့ဆက်ကြွချီခဲ့ပါသည်။ လက်တွေ့ဟုတ် မဟုတ်စမ်းသပ်သော ပုဏ္ဏားက သည်းခံနိုင်စွမ်းကိုမြင်ရသဖြင့် သူ၏အမှား ကိုတောင်း ပန်သော အခါတွင်လည်း မထေရ်ကတောင်းပန်စကားပြန်လည်ပြောကြား ခဲ့ပါသည်။ မကျေနပ်ကြသော လူအများကသတ်မည်ဟု ကြံစည်ကြပြီး လာကြသော အခါတွင် မထေရ်က သပိတ်ကိုစော်ကားသော ပုဏ္ဏား၏ လက်တွင်ထည့်ပြီးသေဘေးမှ ကာကွယ်ပေးခဲ့ပါသည်။ အကျိုးအကြောင်းကိုလည်း လူအုပ်ကြီး အား ရှင်းပြခဲ့သည်ဖြစ်ပါသော်လည်း ရဟန်းတော်များက အစဉ်အလာမကောင်းနိုင်ဟူသော အမြင်ဖြင့် ပြစ်တင်ခဲ့ပါသည်။ ဘုရားရှင်က ရဟန္တာသည် လက်တုန့်မပြန်၊ ခွင့်လွတ်ရန်သာ စိတ်ထားကြပါသည်။ လက်တုံ့ပြန်သူကိုလည်း ရဟန္တာများက အားမပေးပါ၊ အကြောင်းမှာဒေါသဟူသည် မိဘများနှင့် ဘုရားရှင်အပေါ်မှာပင် အမှတ်မထားပြစ်မှားတတ်ကြပေရာဒေါသကင်းသူဗြာဟ္မဏအစစ် ရဟန္တာများမှာ မူ ထိုစိတ်မဖြစ်ပါဟုဟောပြခဲ့ပါသည်။ ယခုဝတ္ထုမှာ ခုနှစ်ခုမြောက်ဝတ္ထုဖြစ်ပြီး ကိုးခုမြောက်ဝတ္ထု သည်လည်း နာမည်တူ အကြောင်းအရာကွဲ ၀တ္ထုတစ်ခု ဖြစ်ပါသည်။ ဆရာကိုလေးစားသည့်နေရာတွင် အရှင်သာရိပုတ္တရာသည် စံတင်လောက်ပေသည်။ ယခုလည်း သူ့ကိုသောတာပန်ဖြစ်စေခဲ့သည့် အရှင် အဿဇိမထေရ် ရှိတော်မူရာအရပ်သို့ ဦးခေါင်းတော်ပြီးအိပ်ခဲ့ရာ ကျန်ရဟန်းများ၏ မိစ္ဆာဒိဋ္ဌိ ဟုပင် စွပ်စွဲခြင်းကိုခဲ့ရပါသည်။ကျေးဇူးကို သိတတ်ရန် အလွန်အရေးကြီးကြောင်း ဘုရားရှင်ကဟောပြခဲ့ ရပါသည်။
သံသယဆိုသည်မှာ ဖြစ်လာပါက ပွါးတတ်ကြပေရာ လူသားကို ဒုက္ခပေးသည့်နေရာတွင် သံသယသည် ဆိုးရွားလှပေသည်။ ယခုလည်း မိထွေးတော် မဟာပဇာပတိဂေါတမီအပေါ်တွင် ဆရာမရှိသူ၊ ဥပစ္ဇျာယ်မရှိသူဟုပြောဆိုကြကာ ဥပုသ်အတူတူမပြု၊ ပ၀ါရဏာအတူတူမပြုဟုငြင်းဆို ကြကာ ရဟန်းဖြစ် မဖြစ်အပေါ်တွင် သံသယပွါးကြပါသည်။မြတ်စွာဘုရားရှင်ကိုလည်းလျောက်ထားသော အခါတွင် သူသည်သာ ဆရာလည်းဖြစ်၊ ဥပစ္ဇျာယ်လည်းဖြစ်သည်ဟု မိန့်တော်မူပြီးလျင် ဂရုဓံတရားရှစ်ပါးကို လက်ခံလိုက် ကတည်းက သူသည် ရဟန်းမ အစစ်ဖြစ်သည်ဟု ရှင်းပြရာ သဘော ပေါက် လက်ခံလာကြ ပါသည်။ ကိုယ်၊နုတ်၊ စိတ်သုံးပါးလုံးတွင် အမြဲစင်ကြယ်နေသူသည်ဗြာဟ္မဏဖြစ် သည်ဟုဟောတော်မူ လိုက်ရာ ရဟန္တာအဖြစ်ကိုထောက်ခံလိုက်ခြင်း ဖြစ်ပေသည်။ ဤ၀ဂ်တွင် ကျန်ဝတ္ထုသုံးဆယ်ရှိပါသေးသည်
ဆောင်းပါးအမှတ်စဉ် (၂၆) အပိုင်းသုံး (အပြီးဆုံးပိုင်း) ကို ဆက်လက် ဖတ်ရှုတော်မူကြပါရန် စာရှုသူများကို သိစေအပ်ပါသည်။ ဒေါက်တာအရှင်နန္ဒက၊ တောင်ကိုရီးယားနိုင်ငံ
0 comments:
Post a Comment