* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, May 15, 2011

“အိမ်စောင့် မြေးထိန်း သာသနာပြု”

အိမ်စောင့် မြေးထိန်း သာသနာပြုT Z sayadaw (8)

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

“ မိဘနဲ့ ဆရာသမားတို့ရဲ့ အဆုံးအမကို မခံရဘဲ သင်္ချိုင်းမှာ စွန့်ပစ်ထားတဲ့ကြက်ဟာ တွန်ချိန် စည်းကမ်း မရှိတဲ့အတွက် ပျက်စီးသွားရတာ ဇာတ်တော်မှ ပါသမို့လားကွဲ့” ( ကျည်တောင်ကန်တိုက်သစ် ဆရာတော်ကြီး )

“ ကိလေသာတွေ ထိန်းကျောင်းရမယ့် ကျောင်းကို ကိလေသာဘေးမဲ့တောလို သဘောထားနေကြတယ်” ဆိုတဲ့ သြ၀ါဒကို မိန့်ကြားခဲ့တဲ့ ကျည်တောင်ကန် တိုက်သစ်ကျောင်း ဆရာတော်ကြီးအကြောင်းကို အရင်က တစ်ခါ အတွေးသစ်ဂျာနယ် အတွဲ( ၅ )၊ အမှတ်( ၂၂၀ ) မှာ ရေးခဲ့ဖူးပါတယ်။


ခုတစ်ခေါက် ဆရာတော်ကြီးထံ သွားတဲ့အခါမှာတော့ ကျောင်းတိုက်ရဲ့ အ၀င်ဝနားမှာ တည်ထားတဲ့ အုတ်ရေအိုးစင်မှာ ကွမ်းသွေးတွေ ပေကျံနေ တာကို ပွတ်တိုက် ဆေးကြောပြီး ဆေးရောင်အသစ် ပြန်လည်သုတ်ဖို့ စီစဉ် ညွှန်ကြားနေတုန်းမှာ ရောက်သွားပါတယ်။ စီစဉ် ညွှန်ကြားတဲ့ ကိစ္စ ပြီးတဲ့ အခါမှာတော့ ဆရာတော်ကြီးက…….


‘ အဲဒါပဲ ကြည့်တော့လေကွာ၊ သူများက ခရီးသွား ခရီးလာ သန့်သန့်ရှင်းရှင်း သောက်ရအောင် ဆိုပြီး အုတ်ရေအိုးစင် သပ်သပ်ရပ်ရပ် နဲ့ ရေမပြတ်ကုသိုလ် လုပ်ထားတာကို လူတွေက ကွမ်းသွေးတွေ ပလုတ်ကျင်းပြီး အုတ်နံရံကို ထွေးထားတာ မြင်မကောင်း ရှုမကောင်း ကို ဖြစ်လို့ကွာ။ ငါလည်း အမြင်မတော်တာနဲ့ သန့်ရှင်းပြီး ဆေးအသစ် ပြန်သုတ်ခိုင်းနေရတယ်။ ဒါတင်မကသေးဘူး မောင်ရ၊ ဟိုလမ်းဘေးက ဇရပ်ကိုလည်း သွားကြည့်ဦး။ အယုတ္တ အနတ္တတွေ မီးသွေးနဲ့ ရေးထားလိုက်ကြတာ တိုင်ကော၊ တန်းကော၊ ခါးပန်းကော၊ ကြမ်းကော ကွက်လပ် မကျန်အောင် ပြည့်လို့။ အဲဒါ လူ့အဆင့်အတန်းနိမ့်ကျတဲ့ သင်္ကေတတွေပဲမို့လားကွ…..


‘ ဒါနဲ့များ လူတွေက ပြောကြသေးတယ်။ “ လောကကြီးက ဆုတ်ကပ်ကြီးဖြစ်လို့ ဘာမဆို ပျက်စီးပြီး အကျည်းတန်ကုန်ပြီ” တဲ့။ မင်းပဲ စဉ်းစား ကြည့်လေကွာ၊ လောကကြီးဟာ ဘယ်အချိန်မှာများ ဆုတ်ယုတ်တယ်၊ အကျည်းတန်တယ်လို့ ရှိလို့တုံး။ ရေမြေတောတောင်တွေ ဆိုတာလည်း သူ့သဘာဝနဲ့သူ သူ့ရာသီနဲ့သူ လှနေတာပဲ။ နေ့တစ်နေ့ တည်းကိုပဲကြည့်၊ အရုဏ်တက်ချိန်က နေ၀င်ချိန်အထိ သူ့အလှနဲ့ သူ ဘာများ ပျက်စီးလို့လဲ။ အဲ…….ဆုတ်ယုတ်ပျက်စီးနေတာက လူတွေ၊ စည်းကမ်းမဲ့လို့ လောကကြီး ဆုတ်ယုတ်ပြီး အကျည်းတန်နေတာ’ ဆိုပြီး မကျေမနပ်တဲ့ သဘောနဲ့ မိန့်ကြားနေပါတယ်။ မိမိကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးရဲ့ သဘောထားနဲ့ အဆုံးအမကို နာယူလိုတဲ့အတွက်……


‘ ဆရာတော် ဒီကိစ္စမျိုးတွေက နေရာတိုင်းလိုလိုမှာ ကြုံတွေ့နေရတဲ့ ပြဿနာပဲဘုရာ့။ အဲဒါ ဘယ်လိုက ဘယ်လိုစပြီး ဖြေရှင်းရမယ်ဆိုတာ ဘယ်သူမှ မစဉ်းစားတတ်အောင် ဖြစ်နေပုံရတယ်’ လို့ လျှောက်ထားလိုက်ပါတယ်။

ဆရာတော်ကြီးက………


‘ မင်းနှယ် ခက်ပါပကော။ ဟိုဇာတ်တော်ထဲမှာ ကြားဖူးတယ်မို့လားကွ။ သင်္ချိုင်းကုန်းမှာ မိမရှိ ဖမရှိ လွှတ်ထားတဲ့ ကြက်တစ်ကောင်ဟာလေကွာ၊ အမိအဖ ဆရာသမားတို့ထံက အတုမရတော့ တွန်ချိန်ကို နားမလည်ဘူး။ တက္ကသိုလ် ဒိသာပါမေက္ခဆရာကြီးထံမှာ ပညာသင်နေကြတဲ့ တပည့်တွေက အချိန်မှန်တွန်နေကျ ကြက်ကြီးသေဆုံးသွားတော့ အဲဒီကြက်ကို သွားဖမ်းပြီး မွေးထားကြတယ်။

အချိန်မသိ အခါမသိ တွန်ချင်သလို တွန်နေတော့ ညအခါမှာ ကြက်တွန်ချိန်ကို အမှတ်အသားပြုပြီး မန္တန်တွေရွတ်ဖတ်ရတဲ့ ကျောင်းသားတွေ အိပ်ချိန်မမှန်၊ ရွတ်ဖတ်ချိန် မမှန်ဖြစ်ပြီး ပညာတွေ မတိုးတက်တော့လို့ နောက်ဆုံးရိုက်သတ်လိုက်ကြရတာလေကွာ။ ဒီအကြောင်းကို ဆရာကြီးသိတော့ ဘာပြောလဲ၊ ‘ မိနဲ့ဖနဲ့ ဆရာသမားနဲ့ မနေခဲ့ရတဲ့အတွက် အချိန်နဲ့ စည်းကမ်းကို နားမလည်လို့ ဒီကြက်ပျက်စီးရတယ်’ လို့ ဆိုသမို့လား။ အဲဒါပေါ့ကွ၊ မိဘဘိုးဘွား၊ ဆရာသမားတွေက စပြီး သင်ကြားပြုပြင်ပေးရမှာပေါ့။


တော့်တော်စဉ်တုန်းက ငါ့ရွာက ညီဝမ်းကွဲတစ်ယောက် ရောက်လာတယ်ကွ။ ငါက “ မင်း အသက်အရွယ်လည်း ကြီးလာပြီ၊ တရားလေး ဘာလေးအားထုတ်ရင်း၊ ဒီမှာ တစ်လ ကိုးသီတင်းလောက် နေပါလား” လို့ တိုက်တွန်းတယ်။ ဘာပြန်ပြောတယ် မှတ်သလဲ။ “ အိမ်မှာ အိမ်စောင့် မြေးထိန်း အလုပ်တွေနဲ့ မအားလို့” တဲ့။ ဒါနဲ့ ငါက “ မင်းတို့မြေးကို ဘယ်လိုထိန်းကြတုံး” ဆိုတော့ “ ဒီလိုပဲ ချော့လိုက် ငေါက် လိုက် အော်လိုက် ဟစ်လိုက်ပေါ့ဘုရား၊ ဘယ့်နှယ် ထိန်းရဦးမှာတုံး” တဲ့ဗျာ။ ကဲ မှတ်ကရော……….။


‘ ဟ…….မင်းတို့က မဟုတ်သေးပါဘူးကွ၊ အရွယ်ကြီးတော့ အိမ်စောင့်၊ ကြက်နှင်၊ မြေးထိန်း၊ ခွေးမောင်းဘ၀နဲ့ပဲ အချိန်ကုန်နေရတယ် ဆိုတော့ စဉ်းစားကြည့်ကြစမ်းပါဦး။ မင်းတို့ဘ၀က အရွယ်ကောင်းတုန်းကတော့ အိမ်ကြီးရှင်၊ အရွယ်အိုတော့ အိမ်ကျွန်’ ဆိုတာမျိုး ဖြစ်မနေဘူးလား လို့ ပြောရတယ်။


“ ကိုယ့်ဘိုးကိုယ့်ဘွားတွေလည်း ဒီအတိုင်းပဲ ဟာ ကိုယ်လည်း ဒီအတိုင်းပေါ့ဘုရား” လို့ ဆင်ခြေပေးတယ်။ “ မဟုတ်ဘူးကွ၊ မင်းတို့ ငါတို့ ငယ်စဉ် ဘ၀ကို သေချာပြန်စဉ်းစားကြည့်၊ တို့ဘိုး တို့ဘွားတွေဟာ အရွယ်ကောင်းတုန်းမှာ “ အိမ်ကြီးရှင်” ၊ အရွယ်ကြီးတော့ မြေးထိန်း သာသနာပြု “ အိမ်ကြီးသခင်” အဖြစ်နဲ့ နေသွားကြတာ ဆိုပြီး ပြန်ရှင်းပြရသေးတယ်။ သူလည်း သာသနာပြု အိမ်ကြီးသခင် ဖြစ်အောင် ကြိုးစားပါ့ မယ်တော့ ပြောတာပဲကွာ။ ဟုတ်မဟုတ် တော့လည်း မသိဘူးပေါ့” လို့ မိန့်ကြားပြီး ခဏစဉ်းစားသလို တွေးရင်း နားနေတယ်။



‘ ဆရာတော် မြေးထိန်းသာသနာပြု အိမ်ကြီးသခင် ဖြစ်ပုံလေးလည်း နည်းနည်းရှင်းပြပါဦးဘုရား’ လို့ လျှောက်ထားတော့မှ…….

‘ ဒီ့ပြင်ဟာ မကြည့်နဲ့လေကွာ။ တို့ငယ်ငယ်တုန်းကလည်း နေ့လယ်နေ့ခင်း မိဘတွေတောထဲတောင်ထဲ အလုပ်သွားနေကြတဲ့အခါ အိမ်မှာ အဘိုးအဘွားတွေနဲ့ပဲ နေခဲ့ရတာပဲမို့လားကွ။ အဘိုးအဘွားတွေက တို့ကို အော်နေ ငေါက်နေတယ်ရယ်လို့ တယ်မရှိပါဘူး။


ကလေးဆိုတာတော့ ကလေးလောက်ပဲ သိပြီး ကလေးပီပီ ဆော့တာပါပဲ။ အဲ…….မတော်မလျော်တာ တွေ့တော့မှ ဘယ်လိုမလုပ်ရဘူး၊ ဘယ်လိုလုပ်ရတယ်ဆိုပြီး ဆုံးမတာပါပဲ။ ကလေးဆိုတော့ ဆိုင်းထဲမှာ ရကွင်း ( လင်းကွင်း ) တီးတာ ကြည့်ပြီး “ စလောင်းဖုံးနှစ်ချပ်တီး ကျားကြီး ကိုက်တတ်တယ်” လို့ ခြောက်လှန့်ပြီး ဆုံးမတာမျိုး၊ “ မီးဖိုမှာ နှစ်ယောက်ဆိုင်ပြီး မီးမှုတ်ရင် သူငယ်နာဖမ်းတတ်တယ်” ဆိုတာမျိုးတော့ ရှိတာပေါ့။ ဒါက သူ့အရွယ်နဲ့ သူ လိုက်နာလွယ်အောင် ပြောတာ လေကွာ။ သိတတ်လာတဲ့ အခါကျတော့ “ မြေစလောင်းကို တီးရင် ကွဲတတ်လို့” “ မျက်နှာ ချင်းဆိုင် မီးမှုတ်ရင် မျက်စိထဲ ပြာတွေ မီးပွားတွေ ၀င်မှာ စိုးလို့” ဆိုတာ သိလာပါတယ်။


ခုခေတ်လူတွေကတော့ “ ဒီလိုဆုံးမတာဟာ သိပ္ပံနည်းမကျဘူး၊ ကလေးတွေကို ကြောက်အောင်ခြောက်ရာ ကျတယ်” ဘာညာနဲ့ ပြောကြ တာပဲကွာ၊ ဒါဟာ ကလေးတွေကို သိပ္ပံနည်းသင်နေတာ မဟုတ်ဘူး၊ လိမ္မာအောင် သင်နေတာကွ၊ ဒီလို ဆုံးမခံခဲ့ရလို့ တို့ဖြင့် ကြီးတဲ့ အထိ ကြောက်လန့်နေတယ်လို့ မရှိပါဘူးကွာ။


သူ့အရွယ်ရောက်တော့ သူဆိုလိုတဲ့ အဓိပ္ပာယ်ကို သိတာပါပဲ။ ဒါမျိုးတွေကို သိပ္ပံနည်း မကျဘူး ဆိုတဲ့ ခုခေတ် မိဘ ဘိုဘွားတွေကျတော့ မြေးတွေကို ဘာတွေသင်သလဲ၊ “ ဘယ်မင်းသားလို လက်သီးထိုးလိုက်စမ်း၊ ဘယ်သူ့ကို ဘယ့်နှယ် လုပ်ပြလိုက်စမ်း” ဆိုတာတွေ သင်ကြသတဲ့လေကွာ။ အဲဒါကတော့ သိပ္ပံနည်းလား၊ ယဉ်းကျေးလိမ္မာနည်းလား၊ ကဲ…..ပြောစမ်းပါဦး။


အဲ……..ပြီးတော့ ဘာသာရေးအခြေခံ ဆိုတာလည်း ဘိုးဘွားတွေကပဲ သင်ပေးကြတာပဲကွ။ ငယ်ငယ်တုန်းကဆို ဘိုးဘွားတွေက ရေသောက် ချင်လို့ ရေလေးခပ်ပေးလိုက်ရင် “ အေးကွယ်…..သာဓု …..သာဓု………သာဓု……ငါ့မြေးက လိမ္မာတယ်ဟေ့၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေကွယ်” ဆိုပြီး ဆုပေးတယ်။


“ ဘုန်းကြီးတယ်” ဆိုတာ ဘာမှန်း မသိသေးပေမယ့် ဒီလိုဆုပေးသံ ကြားရင် ၀မ်းသာတာပဲ။ အနားမှာ ရှိတဲ့ တခြားမြေးတွေက ဘိုးဘိုး ကျွန်တော်တို့ကော “ ဘုန်းကြီးမှာလားဟင်” လို့ မေးလိုက်ရင် “ အေး…..လိမ္မာတဲ့ လူမှန်သမျှ ဘုန်းကြီးတယ်၊ သက်ရှည်တယ် ကွဲ့” လို့ ပြောကြတော့ “ ဒီလိုဆို ကျွန်တော်တို့လည်း လိမ္မာမယ်” နဲ့ ဖြစ်ကုန်ကြတာပဲ။


ပြီးတော့မှ “ အေး လိမ္မာချင်ရင် ဘယ်လိုမလုပ်ရဘူး…….မပြောရဘူး၊ ဘယ်လိုလုပ်ရ ပြောရမယ်” ဆိုတာတွေ၊ ပြီးတော့ ဘုရား၊ တရား၊ သံဃာ ဆိုတာကို ဦးချကန်တော့ပုံတွေ “ ဘုရားစာ” လို့ ခေါ်တဲ့ “ သြကာသ” တို့ “ သရဏဂုံ” တို့ “ ဂုဏ်တော်” တို့ “ သမ္ဗုဒ္ဓေ” တို့ ဆိုတာတွေ တစ်နေ့ နည်းနည်းချပေးရင်း နောက်တော့ အာဂုံရလာကြတာပဲကွ။


မိုးချုပ်စာ စားပြီးပြီဆိုရင် အဘိုးအဘွားတွေက “ပုံတွေ ဇာတ်နိပါတ်တွေ” ပြောပြကြတာကို ကြာတော့ “ စွဲ” လာတယ်။ နေ၀င်ပြီဆို ထမင်းမြန်မြန်စားပြီး ဘိုးဘွားတွေနား ၀ိုင်းနေကြတာပဲ။ ပုံပြင်နားထောင်ချင်ကြလို့။ ဒီလို ပျော်မွေ့တတ်တဲ့ အလေ့အကျင့် ရလာတော့ ကိုယ့်ဘာသာကိုယ် စာဖတ်တတ်တဲ့ အခါကျတော့လည်း “ ငါးရာ့ငါးဆယ်” တို့ “ ဇာတ်ကြီး ဆယ်ဘွဲ့” တို့ကို ဖတ်ရတာ ပျော်နေတော့တာပဲ။


ဘယ်သူမဆို မိဘဘိုးဘွား ကျောင်းထွက်ကောင်းတွေဖြစ်မှ ဆရာသမားကျောင်းရောက်တော့လည်း ကောင်းတာမျိုးလေကွာ။ “ ဆရာသမားဆိုတာ ပန်းပုဆရာ၊ ပန်းပဲဆရာနဲ့ တူတယ်” လို့ ဆိုသမို့လား။


“ သစ်” ကောင်း “ သံ” ကောင်းဖြစ်မှ ပုံကောင်း၊ ဓားကောင်းဖြစ်မှာပေါ့။ အမျက်အဆွေးတွေ အကြော် လိမ်တွေပါတဲ့ သစ်သားကို ပန်းပုထုရင် လက်ရာကောင်းပေမယ့် အဆွေး၊ အအက်၊ အနာတွေနဲ့ ဖြစ်နေရင် ပုံကောင်း ဘယ်ဖြစ်ပါ့မလဲ။


သံကြွပ် သံဆွေးဆိုရင်လည်း ပန်းပဲဆရာ ဘယ်လောက်ကောင်းကောင်း ပုံစံကောင်း လက်ရာကောင်းသာ ဖြစ်မယ်။ ဓားကောင်းဘယ်ဖြစ်မလဲ။ သုံးလိုက်ရင် တွန့်သွား၊ ပဲ့သွားတဲ့ ဓားမျိုးပဲ ဖြစ်နေမယ် မဟုတ်လားကွ။ ဆရာ့ဆီရောက်လာတဲ့ တပည့်ချင်းတူပေမယ့် အရည်အချင်း မတူကြတာ။ အဲဒါတွေ ကွာတယ်ဆိုတာ သတိမထားကြတော့ဘူးကွ။


အဲ…….ဆရာသမားများကလည်း သစ်ကြော သံကြောတော့ သဘောပေါက်ဖို့ လိုတာပေါ့ကွာ ( ဘုန်းကြီးကျောင်းမှာ သင်ကြားဆုံးမပုံကို သီးခြားတင်ပြပါမယ်။ )


အတိုချုပ်ကတော့ကွာ……..ဘိုးဘွားတွေက လောကရေး၊ ဓမ္မရေးနဲ့ ပတ်သက်ပြီး အဲဒီလို သွန်သင်ဆုံးမ ပေးတဲ့အတွက် ကလေးတွေမှာ လည်း လောကစည်းကမ်း၊ ဓမ္မစည်းကမ်းကို အငယ်ကတည်းက စွဲသွားတယ်ကွ။ ဘာမဆို “ ငယ်စွဲကမှ တကယ်မြဲတာ” မို့လား။


ဘိုးဘွားတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း သက်ကြီးရွယ်အိုဖြစ်နေချိန်မှာ “ တို့နားကို ဘယ်သားသမီးတော့ လာကြပါဦး၊ ဘယ်မြေးတော့ လာကြပါဦး” လို့ အထူးဖိတ်ခေါ်စရာ မလိုဘူး။ မြေးတွေက ၀ိုင်းဝိုင်းလည်နေပြီ ဆိုမှတော့ သားသမီးက ဘာပြောစရာလိုမလဲကွ မင်းနှယ်။


ကဲ…….အဲဒါ မင်းပဲ စဉ်းစားကြည့်ပေါ့။ ဒီလို သွန်သင်ဆုံးမတာဟာ အိမ်စောင့်၊ မြေးထိန်းရင်း သာသနာပြုရာ လည်း မကျဘူးလား။ ဒီလို သာသနာပြုပေးတဲ့အတွက် သားသမီးမြေးမြစ်တွေကပါ မပြတ်ဆည်းကပ် လေးစားခြင်း ခံရလို့ “ အိမ်ကြီးရှင်” ဆိုတာထက် တစ်ဆင့်တက်ပြီး “ အိမ်ကြီးသခင်” ဖြစ်သွားတယ်လို့ကော မဆိုနိုင်ပေဘူးလားကွ။ ငါ့ညီကို ငါက အဲဒါတွေ ရှင်းပြလိုက်တာပါ။ သူလည်း သဘောပေါက် တယ်လို့ ပြောတာ ပဲလေကွာ။ တကယ် သဘောပေါက်ပြီး ကျင့်သုံးမယ်ဆိုရင်တော့ အိမ်ကျွန်အဖြစ်ကနေ အိမ်ကြီးသခင် ဖြစ်သွား လို့ လောကရေးကော ဓမ္မရေးပါ ကောင်းသွားမှာပေါ့” လို့ မိန့်ကြားပါတယ်။


ဆရာတော် မိန့်ကြားချက်များကို တိပိဋက “ ယော” ဆရာတော်ရဲ့ စကားနဲ့ ကောက်ချက်ချလိုက်မယ်ဆိုရင် တော့ အိမ်စောင့် မြေးထိန်းရုံသက်သက် လုပ်နေရတဲ့ ဘ၀ကနေ အိုချိန်မှာ အပယ်ခံထားရတဲ့ “ အိုပယ်ဘ၀”၊ အိမ်စောင့်မြေးထိန်း သာသနာပြုဘ၀မျိုးက အိုပေမယ့် အခြံအရံတွေနဲ့ ကြွယ်ဝနေလို့ “ အိုကြွယ်ဘ၀” လို့ပဲ ဆိုရပါလိမ့်မယ်။


အိုပယ် အိမ်ကျွန်ဘ၀က လွတ်မြောက်ပြီး အိုကြွယ် အိမ့်သခင်များ ဖြစ်နိုင်ကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ ( တောင်စွန်း )

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

2011-ခု၊ မေလ- ၁၄--ရက်၊ စနေနေ့ ။


Share/Bookmark

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP