* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, May 4, 2011

“နာနာဘာဝနှင့်တွေ့ဖူးသူများ”အပိုင်း(၁ဝ)

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

“ဘုန်းကြီးရေးတဲ့ စာတွေ သူရဇ္ဇမှာ ဖတ်ရတယ်” လို့ ရေကြည် ရာမြက်နုရာ အခြားမြို့ရွာများ ရောက်နေကြသော ဇာတိရွာသူ ရွာသား များက တွေ့ဆုံရင် ဝမ်းမြောက်ဝမ်းသာ အမြဲပြောလေ့ ရှိကြသည်။ ကိုယ့်ရွာ အမည်ကို စာမှာပါတော့ ဒေသလွမ်းစိတ်နှင့်အတူ စာဖတ်ရတာကိုက ရသာတစ်မျိုးဖြစ်၏။

ဒေသလွမ်းစိတ်ဆိုတာ အကြောင်းအားလျော်စွာ ဒေသနှင့်ဝေးကွာနေပြီး ဒေသကို ချစ်မြတ်နိုးသူတွေမှာသာ ခံစား ကြရတာမို့ စာဖတ်ရင်း ရွာလွမ်းစိတ်ဖြင့် ကိုယ့်အရပ် ကိုယ့်ဒေသကို မျက်လုံးထဲမှာ ထင်းထင်းကြီး ပေါ်နေတတ်သည့်ပြင် ဇာတိရနံ့ကိုပါ စာဖတ်ရင်း တပြိုင်တည်း ခံစားနေရတတ်၏။


ရွာမှ ကွယ်လွန်သွား သူများ၏ ဖြစ်ထွေကို ရွာပြန်ခိုက် ရွာကလူတွေ ပြောပြ တာတွေ၊ ငယ်စဉ်က လူကြီးသူမတို့ ပြောဆို ဆုံးမခဲ့တာတွေကို ရေးဖြစ် သည်က များလှ၏။ တမလွန်ဘဝ ပြဿနာ များကို နာနာဘာဝ အမည်ဖြင့် ရေးသားခြင်းဖြစ်၏။

တမလွန်ဘဝ ပြဿနာ ဟူသည် ကွယ်လွန်ပြီးနောက် လူသားတို့ဝန်းကျင်၊ မိသားစု အနီးအပါး၌ အစွဲ(သမုဒယသံယော ဇဉ်)နှင့် ပြုမိမှားခဲ့သည့် မကောင်းမှု့ကို ကြေကွဲစွာ တွေးမိ၍ နှလုံးမသာမယာဖြစ်ခြင်း ( ဝိပ္ပဋိသာရ)ကြောင့် တစ္ဆေပြိတ္တာ (စာအလို-ပေတယောနိ )ဖြတ်တတ်ကြောင်းကို သတိပြုမိပြီး မသင့်လျှော်သော အပြု အမူ အပြော အဆို စိတ်ကူးတွေကို ရှောင်ကြဉ်ကြဖို့နှင့် သံဝေဂယူပြီး အစွဲနှင့် ကြေကွဲခြင်းတို့ ဖြစ်ခွင့် မသာအောင် တရား အားထုတ်စေချင်၍ ရေးသားခြင်း ဖြစ်၏။ သို့ပေမယ့် အမည်ကို ဖေါ်ရေးသားမိသဖြင့် စာဖတ်သက်နုကြသော ကျန်ရစ် သူ ဆွေမျိုးအချို့က အပုတ် ချသည်ဟု ယူဆကြပြီး ကျေနပ်ခြင်း မရှိကြ၊ ဒေါသထွက်ကြကြောင်းကို ပြန်ကြား ရသဖြင့် စိတ်မကောင်း ဖြစ်ရ ပြန်၏။


“ငါကိုယ်က မှားတာပါ” ဟု ဖြေရတော့၏။

“သေသွားတဲ့ ကိုအဝှါက၊ မဘယ်သူက ငါ့ကို ဘယ်လို ခြောက်လိုက်တာ၊ ဘယ်သူကိုတော့ ဘယ်နေရာမှာ ဘယ်လိုကြီး တွေ့ တယ်၊ ဘယ်လို အိပ်မက်ပေးတယ်၊ ဘယ်သူ့ကို ပူးပြောတယ်၊ အကြားအမြင်ဆရာကို သွားမေးတာ၊ဘာပြောလိုက်လို့” စသဖြင့် မိန်မိန် ရှက်ရှက်ပြော တတ်ကြ၏။ ထိုကဲ့သို့ ပြောဆိုကြခြင်း၊ မေးမြန်းကြခြင်းမျိုးသည် ပြိတ္တာဖြစ်နေသည်ကို ကြော်ငြာ ခြင်းပင် ဖြစ်၏။ သို့ကလို ပြောခြင်းမျိုးကိုတော့ သေလွန်သူကို အပုတ်ချသည်ဟု မမြင်။


ယခုကဲ့သို့ စာဖြင့် ရေးပြခြင်း ကိုတော့ အပုတ်ချခြင်းဟု မြင်ကြသည်။ အမှန်တော့ “နာနာဘာဝ” ဆိုတာ ထိုကဲ့သို့သော ဖြစ်ထွေကို အကြောင်းအကျိုး ဆက်စပ်ပြ ခြင်းမျှ ဖြစ်တာကို နားမလည်ကြဘူး-ဟု စာချများ၏ ဆွမ်းဝိုင်းမှာ စာချဘုန်းကြီး အချင်းချင်း ထိုအကြောင်းကို ပြောဖြစ်ကြသေး၏။


စာရေးသူစာသင်သား ကိုရင်ဘဝက ကျောင်းတိုက် ပဓာနဆရာတော်ကြီး ပျံလွန်တော်မူတော့၊ စာချနာယကများက “ တို့ဆရာတော်ကြီးအတွက် ဆွမ်းသွတ်စရာ မလိုဘူး” ဟု ပြောကြသည်။ နားထဲ၌ ကြားရသည်မှာ တမျိုးကြီးဖြစ်ခဲ့ရ၏။ အမှန်မှာ ပိဋကတ် ကျွမ်းကျင်တော်မူလှသော စာချနာယက ဆရာတော်များသည် ဆရာတော်ဘုရားကြီး၏ ဘဝတစ်တာ အနေအထားအရ ဆွမ်းသွတ်စရာမလိုကြောင်း နားလည်တော်မူကြ၍ ထိုကဲ့သို့ပြောခြင်း ဖြစ်၏။


ကွယ်လွန်သူအား ရည်းမှန်းဆွမ်းသွတ်ခြင်းဟူသည် ကွယ်လွန်သူမကျွတ်မလွတ်(နာနာဘာဝ)ဖြစ်နိုင်ကြောင်း သံသယ ရှိ၍လည်းကောင်း၊ ထုံးတန်းစဉ်လာအရ ကျန်ရစ်သူတာဝန်ဟု ယူဆ၍ကြ၍လည်းကောင်း ဆွမ်းသွတ်နေကြခြင်းဖြစ်၏။


သည့်အပြင် သားသမီးကျင့်ဝတ်ငါးမျိုးတွင်“ လှူမျှဝေခြင်း” တာဝန်ကို ကျေပွန်လို၍လည်း ဖြစ်ဟန်တူ၏။

(၇)ရက်အတွင်း သေသူသည် နေအိမ်မှ မခွါသေးဟူသော အစွဲကြောင့် ကွယ်လွန်သူအား ရည်မှန်းလျှက် တစ်ပတ်ပြည့် ဆွမ်းသွတ်ပေးကြခြင်းဖြစ်၏။ အမှန်မှာ နေအိမ်၊ ပစ္စည်းဥစ္စာ၊ ချစ်သူတို့၌ တွယ်ငြိမှု့ရှိနေသမျှ တစ်ပတ်မက နေနိုင်ပါသည်။ ငယ်စဉ်က ဇာတ်ပွဲများကြည့်ရာတွင် တစ်ပတ်ကျော်က အိမ်စောင့်နတ်၊ ရွာစောင့်နတ်တို့က အိမ်ထဲ၊ ရွာထဲဝင်ခွင့် မပြု၍ မင်းသား၊ မင်းသမီးတို့၏ ငိုချင်းချခန်းကို ဇာတ်နာစေရန် ကပြကြသည်ကို တထစ်ချ အမှန်ဟု စွဲနေကြ၍ ဖြစ်ဟန်တူသည်။ ပြိတ္တာ(နာနာဘာဝ)အဖြစ်ဖြင့် နေနိုင်သလို၊ အခြားတိရစ္ဆာန်အဖြစ်နှင့်လည်း ဖြစ်နေကြသည်ကို ပိဋကတ်တော် များ၌ တွေ့ရ၏။


ဆွမ်းသွတ် အမျှပေးဝေခြင်း ကိစ္စကို ကျန်ရစ်သူများက သေသူများအတွက် လေးလေးနက်နက် ပြုလုပ်ပေးသင့်၏။ အဘယ်ကြောင့်ဆိုသော် အကြောင်းအားလျော်စွာ မိမိတို့နှင့် သက်ဆိုင်သူသည် သေလွန်ပြီးနောက် ပြိတ္တာဘဝဖြင့် နာနာဘာဝဖြစ်နေက ထိုသူ၏ တမလွန်ဘဝပြဿနာသည် ရှင်ကျန်ရစ်ခဲ့သူတို့က ရှင်းပေးပါမှ ပြေလည်ကြရ၏။ နာနာဘဝတို့သည် တစ်ပါးသူတို့ပြုပေးသည့် ကုသိုလ်ကံကို မှီကြနေရသောကြောင့် ဖြစ်၏။


စာသင်တိုက်၌ စာသင်သားဘဝဖြင့် အတူနေခဲ့ဖူးသည့် စာသင်ဖက်မိတ်ဆွေရဟန်းနှင့် တွေ့ကြစဉ်က ပြောပြသောအ ကြောင်းအရာသည် ဤသို့ ဖြစ်၏။


ဘုန်းတော်ကြီး ဦး....သည် အလွန်အနေရိုးသူဖြစ်၏။ အသက်ထက်ဆုံး သက်တော်ဝါတော်ကြီးသည့်တိုင် ဆွမ်းခံ ဝတ်မပျက်ခဲ့၊ ဆွမ်းခံထွက်ပြီး စာချဆရာတော်များကို ဆွမ်းခံကျွေးသူဖြစ်၏။ စာရေးသူပင် သကျသီဟ စာသင်တန်းအောင် ပြီးနောက် ဆွမ်းခံမထွက်တော့၍ ထိုဘုန်းတော်ကြီး၏ ခံဆွမ်းကိုပင် စားခဲ့ဖူးသောကျေးဇူးရှိ၏။ ရှေးဆရာတော်ပီပီ နှမျော ခြင်းမဟုတ်သော်လည်း သုံးစွဲပစ်ရမည်ကို ဝန်လေး၏။ ဘယ်အရာမဆို သိမ်း ဆည်းလေ့ ရှိတတ်၏။


ထိုဘုန်းတော်ကြီး ပျံလွန်မူပြီးနောက် လက်ရှိကျောင်းဘုန်းကြီးကို အိမ်မက်ပေးတော့၏။ “သူသည့် ကျောင်းတိုက်၏ မြောက်ပေါက်အထွက် ပိဋကတ်တိုက်နားရှိ အမိုက်ပုံတွင် ယခု နာနာဘာဝဖြစ်နေရ၏။ ဂတိမကောင်းရခြင်းအကြောင်း မှာ သူသိမ်းထားသော ငါးကျပ်တန် အသစ်စက်စက် ကလေးများကို သေခါနီးတွင် စွဲလန်းသောကြောင့် ဖြစ်၏။ ထိုငါးကျပ်တန် အသစ်ကလေးများဖြင့် သံဃာများအား ဆွမ်းကပ်ပြီး သူ့အား အမျှပေးဝေပါ” ဟု အိမ်မက်ပေးပါသတဲ့။


လက်ရှိကျောင်းဘုန်းကြီးက ဘုန်းတော်ကြီး၏ ကျန်ခဲ့သည့်သေတ္တာကို သေခြာရှာဖွေတော့မှ အိမ်မက်၌ ပြောဆိုခဲ့သည့် အတိုင်း ငါးကျပ်တန်အသစ် များကို တွေ့ရ၍ ထိုငါးကျပ်တန်ကလေးများဖြင့် ဘယာကျော်ဝယ်လျှက် ကျောင်းသံဃာများ ကို အရုဏ်ဆွမ်း ကပ်လှူပေးရကြောင်း စာသင်ဖက် မိတ်ဆွေ ရဟန်းက ပြောပြ၍ သိရသည်။


ဤဖြစ်အင်ကို ထောက်ရှု့၍ တမလွန်ဘဝပြဿနာဆိုတာ မကွယ်လွန်မီ အကုသိုလ်နှင့်ကွယ်လွန်ခါနီး တွယ်မိငြိမိသော သမုဒယကြောင့် ဖြစ်တတ် တာကို သိရသည်။ တွယ်ငြိမှု့ကလေးသည် ဘဝတလျှောက်လုံး မြှုပ်နှံခဲ့ရသည့် ရဟန်းဘဝကြီး ကိုပါ ဝါးမျှိုပစ်လိုက်သကဲ့သို့ ဖြစ်၏။


အားလုံးကြားဖူးနေကြသည့် ဧဠကပတ္တနဂါးကြီးသည် ရဟန်းဘဝမှ ဖြစ်လာ၏။ ရဟန်းဘဝဖြင့် ရဟန်းတရားကို နှစ်ပေါင်း နှစ်သောင်းတောင် အားထုတ်ခဲ့သူ ရဟန်းသူတော်ကောင်းကြီးဖြစ်၏။ သို့ပေမယ် လှေဖြင့် ချောင်းငယ်ကို ဖြတ်ကူး ခိုက် ပိန်းတောကို ပွတ်တိုက်မိပြီး ပိန်းပင်အချို့ ကျိုးပြတ် ကြကုန်၏။ ဤအချင်းအရာကို မြင်ပြီ “ငါ့တော့ အာပတ်သင့်ပြီ” ဟူသော အစွဲဖြင့် စိတ်လက် မကြည်မသာ နှလုံးနာစွာဖြင့် ပျံလွန်တော်

မူပြီးနောက် ဖားစားငါးစား တိရစ္ဆာန်မျိုး၌ မြွေနဂါးဖြစ်ရ၏။ “အနှစ်နှစ်သောင်း အားထုတ်ခဲ့သည့် ရဟန်းတရားကား ငါ့ကို မကယ်နိုင်ပါလား” ဟု ကဿပဘုရားရှင် သာသနာ တစ်လျှောက်လုံး ခံစား နေရရှာ၏။


လူဝတ်ကြောင်၊ ရဟန်း မည်သူကိုမဆို ပိုင်ဆိုင်ခွင့်များတာ၊ နည်းတာနှင့်မဆိုင်သလို၊“မတွယ်ပါနဲ့၊ မငြိပါနဲ့လို့” ပြောရုံ မျှဖြင့်လည်း အတွယ်အငြိက ကင်းစင်သွားသည့် အရာမျိုး မဟုတ်၊ အလားတူ သေခါနီး စိတ်လက်မကြည်မသာ ဖြစ်နေခြင်းကို လည်း ဘာမှ စိတ်ထဲမထားနဲ့၊ တရားနှလုံးသွင်း၊ ပုတီးစိပ်ဆိုကာ လက်ထဲပုတိးထည့် ပေးရုံမျှဖြင့် စိတ်ဆိုတာ စင်ကြယ်သွားရိုးမရှိ၊ စိတ်သန္တာန် အထုံအရ စိတ်သည် ချစ်အပ် သံယောဇဉ်ထားအပ်သည့် သက်ရှိသက်မဲ့ အရာမှန်သမျှ၌ တွယ်တတ်ငြိတတ်သော သဘာဝရှိ၏။


ပြုမိမှားခဲ့သည်များကို တရေးရေး တွေးနေမိတတ်၏။ တရားကို အပီအပြင်အားထုတ်ထားပါမှ စင်ကြယ်သော စိတ်အစဉ် ဖြစ်၏။ စင်ကြယ်သော စိတ်အစဉ် ဖြစ်ပါမှ တွယ်ငြိခြင်းသမုဒယနှင့် နှလုံးမသာမယာဖြစ်ခြင်းကို ရှင်းထုတ်နိုင်၏။


သာဝတ္ထိမြို့သား တိဿအမည်ရသည့် ရဟန်းတစ်ပါး ရှိခဲ့ဘူး၏။ ဇနပုဒ်ကျောင်းတစ်ကျောင်းတွင် သီတင်းသုံး ဝါဆို ဝါကပ်တော်မူ၏။ ဝါဆိုသင်္ကန်းအလို့ငှါ ရှစ်တောင်ရှိ ထူထဲသော အဝတ်တစ်ထည် အလှူခံရရှိ၍ နှမဖြစ်သူကို အပ်နှံထား၏။


နှစ်မဖြစ်သူသည် “ဤအဝတ်က ထူထဲကြမ်းတန်း၏၊ ငါ့ အစ်ကိုနဲ့မသင့်တော်” ဟု ကြံကာ အပိုင်းပိုင်းဖြတ်၊ အမျှင် မျှင်ပြုလုပ်၊ မောင်း၌ထည့်ထောင်း ပြီ ချည်မျှင်တဖန်ပြုလုပ်၍ ဗိုင်ငင်လျှက် ယက်ကန်းစင်တင်ကာ နူးညံ့သောအဝတ်ဖြစ် အောင် ပြန်လည် ယက်လုပ်ထားလိုက်၏။ အဝတ်သည် ကိုးတောင် ရှိသွား၏။


ဝါလကင်းလွတ် သီတင်းကျွတ်လသော် အစ်ကုန်ဘုန်းကြီး ဦးတိဿသည် ချည်နှင့် အပ်များ စီစဉ်ပြီး သင်္ကန်းချုပ်ကူရန် ကိုရင်ငယ်များနှင့် အတူပြန်ရောက်လာပြီး “ညီမလေး၊ အစ်ကို အဝတ်ပြန်ပေးပါ၊ သင်္ကန်းချုပ်မလို့” ဟု ပြောဆို၏။


ညီမဖြစ်သူသည် သိမ်းထားသည့် အဝတ်ကို ပြန်ပေးရာ “ ဒါ့ ငါ့အဝတ်မဟုတ်ဘူး၊ ငါ့အဝတ်က ပိုကြမ်းတယ်၊ပြီးတော့ ရှစ်တောင်ဘဲ ရှိတယ်၊ နင်ပေးတဲ့အဝတ်က ပိုပြီးလဲနူးညံ့တယ်၊ ပြီးတော ကိုးတောင်ဖြစ်နေတယ်၊ ငါ မလိုချင်ဘူး၊ ငါ့အဝတ် ကိုဘဲ လိုချင်တယ်” ဟု ပြောဆိုသည်။


ညီမဖြစ်သူက အစ်ကိုဘုန်းကြီး၏ အဝတ်ဖြစ်ကြောင်းကို အသေအခြာ ကျကျနန ရှင်းပြပါမှ လက်ခံပြီး ကျောင်းတော်သို့ ယူဆောင်ကာ သင်္ကန်း ချုပ်တော့သည်။


ညီမဖြစ်သူကလည်း သင်္ကန်းကူချုပ်ကြသော သံဃာများအတွက် သင်္ကန်းချုပ်နေခိုက် ယာဂုနှင့်ဆွမ်းစသည်တို့ဖြည့် ဖြည့်ဆည်းပေးသည်။ သင်္ကန်ချုပ်ပြီးသည့်နောက် လှူဒါန်ဖွယ်ရာ အဖြာဖြာတို့ဖြင့်လည်း ပြည့်ပြည့်စုံစုံ လှူဒါန်းပူဇော်သည်။


တိဿရဟန်းသည် သင်္ကန်းချုပ်ပြီးနောက် ထိုသင်္ကန်းသစ်ကလေးကို တပ်မက်စိတ်ဖြင့် တစိမ့်စိမ့်ကြည့်လျှက် ကြည် နူး နှစ်သက်နေသည့်အပြင် “ မနက်ဖန် ဆွမ်းခံကြွရင် ဝတ်မယ်” ဟုလည်း စိတ်ကူးဖြင့် တန်းပေါ်တင်ထားလိုက်၏။


စားသောက်ထားသော အာဟာရသည် ကျေညက်ခြင်းမရှိနိုင်၍ ထိုညမှာပင် ပျံလွန်တော်မူ၏။ပျံလွန်တော်မူချင်းပင် ထိုသင်္ကန်းအသစ်၌ သန်းကောင်ကြီး ဖြစ်တော့၏။ ဘာကြောင့်လဲ? အစွဲဖြင့် သေသောကြောင့် ဖြစ်၏။ ညီမဖြစ်သူမှာ အကောင်း ပကတိကြီးမှနေ ပျံလွန်တော် မူသောကြောင့် ဖြေမဆည်နိုင်၊ ရဟန်းတော်များ ခြေဖမိုးဦးတိုက် လူးလိမ့်ငိြုွေကးနေတော့ ၏။ ရဟန်းတော်များသည် ဦးတိဿ၏ ကျန်ခဲ့သည့် ရုပ်ကလာပ်ကို သင်္ဂြိဟ်ခြင်းကိစ္စ ဆောင်ရွက်ကြရသည်။


ဗုဒ္ဓသာသနာ၌ ပျံလွန်တော်မူသော ရဟန်းတွင် နာမကျန်းဖြစ်စဉ်က ပြုစုသည့် အလုပ်အကျွေးမရှိက ထိုရဟန်းပိုင် ကျန်ခဲ့သည့် ပစ္စည်းအားလုံးသည် သံဃာပိုင်ဖြစ်ရ၏။ လူဝတ်ကြောင် ဆွေမျိုးသားချင်းတို့နှင့် ပက်သက်ခြင်း၊ အမွေဆက်ခံ ခြင်းမျိုးမရှိရ၊ ထိုကြောင့် ဦးတိဿပိုင် ချုပ်ပြီးကာစ သင်္ကန်း အသစ်ကို သံဃာပိုင်ဖြစ်သွား၍ ရဟန်းတော်များကို ခွဲဝေပေးရန် ယူဆောင်ကြကုန်၏။


ထိုသင်္ကန်းတွင် သန်းကောင်ကြီးဖြစ်နေသော ဦးတိဿသည် “ ငါ့သင်္ကန်းကို ဒီရဟန်းတွေ လုယူနေတယ်၊ လုယူနေ တယ်” ဟု အော်အစ်လျှက် သင်္ကန်း၌ ဟိုးပြေးဒီပြေး ဖြစ်နေသတဲ့။ သန်းဖြစ်နေတာတောင် ငါ့သင်္ကန်းလုပ်နေရှာသော ဦးတိဿ၏ အစွဲကား အလွန်ပြင်းထန်သည်မှာ ထင်ရှား လှသည်။


အလားတူပါဘဲ စာရေးသူတို့ဝန်းကျင်တွင် သေလွန်ပြီးဖြစ်သူကို “ ငါ့အဖေ၊ ငါ့အမေ၊ ငါ့လင်၊ ငါ့သား ၊ငါ့မယား၊ ငါ့သမီး ငါ့ဥစ္စာ-စသဖြင့် ကျန်သူများ စွဲလန်းလို့ပင် အတောမသတ်နိုင်သလို၊သေလွန်သွားသူကလည်း သားစိတ်မချ၊သမီးစိတ်မချ ခင်ပွန်းစိတ်မချ၊ဇနီးစိတ်မချဖြင့် အတော်ကို အစွဲ သန်လွန်းလှ၏။


အမှန်တော့ဘဝတွေကို အသေအခြာတွေးကြည့်ပါက သေရပြီဆိုတာနှင့် သေသူသည် ရှင်ကျန်သူများနှင့် ဘာမှမဆိုင် တော့သလို၊ အလားတူ ရှင်ကျန်နေရစ်သူများလည်း သေသူနှင့်ပက်သက်ခြင်းဆက်နွယ်ခြင်း မရှိနိုင်တော့။ သူ့ကျေးဇူးကိုယ့် ကျေးဇူး တင်ခဲ့ဖူးသဖြင့် ကိုးကွယ်ရာ ဘာသာ အလိုက် ကုသိုလ်ပြုပေးခြင်း၊ ပူဇော်ခြင်း ၊ရှိခိုးခြင်းတို့ကိုသာ ဝတ္တရားအနေဖြင့် လည်းကောင်း၊ ကျေးဇူးဆပ် အနေဖြင့်လည်းကောင်း ဆောင် ရွက်ပေး ကြခြင်း ဖြစ်သည်။ “ဆန်ဆုံရင်စား၊ ကံကုန်ရင်သွား” သဘောမထားနိုင်ကြဘဲ ဤသို့ အစွဲသန်ခြင်းသည်ပင် ပုထုဇဉ်လူသား၏ သဘာဝ ဖြစ်၏။


သေလွန်သွားသူသည် ရောက်ရာဖြစ်ရာဘုံဘဝသည် မနုဿဂတိ(လူဘဝ)ဒေဝဂတိ(နတ်ဘဝ)တိရစ္ဆာနဂတိ(တိရ စ္ဆာန်ဘဝ) နိရယဂတိ (ငရဲသားဘဝ) ရောက်သွားသူတို့သည် ကျန်ခဲ့သည်ဘဝနှင့် အချင်းခပ်သိမ်းကင်းပြတ်နိုင်ကြသော်လည်း ပြိတ္တာ(နာနာဘာဝ)ဖြစ်ရသူများ အဖို့မှာ ကျန်ခဲ့သူများနှင့် မကင်းနိုင်ကြ၊မခွါနိုင်ကြ ဖြစ်ရ၏။


လွန်ခဲ့သော တစ်ဆဲ့လေးငါးနှစ်က စာရေးသူနှင့် ရင်းနှီးသော ဒကာမကြီး တစ်ဦးသည် ရင်သားကင်ဆာဖြင့် သေအံ့ဆဲ ဆဲ အချိန်တွင် စာရေးသူကို ပင့်၍ ပရိတ်နာသည်။ သူမှာ သေအံ့မူးမူးအချိန်မှာပင် ခင်ပွန်းသယ် သင်္ဘောသား နောက်အိမ် ထောင်သစ် ထူထောင်မည်ကို စိုးရိမ်နေ၏။

အိမ်မပြုရသေးသော သမီးအတွက် နောက်ဆံတင်ပြီး ဟိုလူနဲ့ပေးစားခဲ့ရနိုးနိုး ဒီလူနဲ့ပေးစားရနိုးနိုး ဖြစ်နေရှာ၏။ ကိုယ့်ကိုယ်တောင် ကိုယ်မပိုင်လို့ ယခု သေရမည့်သူက အခြားသူတွေအတွက် ပူနေလိုက် သည်မှာ အံ့ဩစရာ။ သူသေသွားတော့လည်း ခင်ပွန်းသယ်က အိမ်နောက်ထောင်ဖြင့် ဘဝသစ်ပြန်စ၏။ သမီးဖြစ်သူကလည်း ရေစက်ဆုံသူနှင့် အကြောင်းပါ၏။သူ့အတွက် ခင်းပွန်းနှင့်သမီးက အချိန်ကြာကြာ ပူဆွေးခြင်းဖြင့် အလွမ်း သယ်မနေနိုင်ကြ။


ရှင်ကျန်သူများသည် သူတို့ဘဝနှင့်သူတို့ လူ့ဘဝခရီးကို ဆက်လက်ချီတက်နေကြသည်။

အချစ်ကြီးသူ အချို့တော့ နှစ်ရှည်လများ လွမ်းဆွေတသ ရှိနိုင်၏။ သို့ပေမယ့် အဲဒီ အမြဲလွမ်းနေသည့် ဇနီးမယားကို သေလွန်ပြီးသူ ခင်ပွန်းက ဖြစ် နေ သော ဘဝ အနေအထားအတိုင်း ကိုယ်ထင်ပြကြည့်ပါ၊ “ပြေးဖက်မလား၊ ထွက်ပြေးမလား” ဆိုတာကို ဖာသာ စဉ်းစားကြည့်စေချင် သည်။ဘုန်းကြီးပင့်ပြီး ဆွမ်းသွတ်မှာတော့ သေခြာ၏။


ထိုကဲ့သို့ သင်္ကန်းသစ်၌ စွဲစွဲလန်လန်းဖြင့် ဦးတိဿတဖြစ်လဲ သန်းကောင်ကြီး အော်ဟစ်ပြီ ဟိုပြေးဒီပြေး ဖြစ်နေတာကို ဂန္ဓကုဋိကျောင်းတော်မှနေ ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် ကြားတော်မူသော ဘုရားရှင်သည် “အာနန္ဒာ၊ တိဿရဲ့သင်္ကန်း မဝေခြမ်းကြနဲ့ဦး ခုနစ်ရက် သိမ်းထားလိုက်” ဟု မိန့်တော်မူသည်။


အရှင်အာနန္ဒသည် ဘုရားရှင်မိန့်တော်မူသည့်အတိုင်း ဦးတိဿ၏ သင်္ကန်းကို (၇)ရက်ထားပြီးမှ (၈)မြောက်နေ့တွင် သံဃာတော်များကို မဲချဝေပေး လိုက်သည်။

ရဟန်းတော်များသည် ဓမ္မသဘင်၌ “ ဘာလို့ ဘုရားရှင်က ဦးတိဿရဲ့သင်္ကန်းကို (၇)ရက် ထားခိုင်းပြီး၊(၈)ရက်မြောက် နေ့ကျမှ ဝေခိုင်းရတာပါလိမ့်” ဟု အချင်းချင်း ပြောဆိုနေကြ၏။


ဘုရားရှင်က “ ချစ်သားတို့၊ ခု ဘယ်သူ့ အကြောင်းကို ပြေနေကြတာတုန်း” ဟု မေးတော်မူရာ- “ ဦးတိဿအကြောင်း ကိုပါဘုရား” “ ချစ်သားတို့၊ တိဿဟာ သူ့သင်္ကန်းသစ်ကို စွဲလန်းပြီး အဲဒီ သင်္ကန်းမှာ သန်းဖြစ်နေတယ်၊ သင်တို့က ဝိနည်း တော်အတိုင်း သင်္ကန်းကို ဝေဘန်ကြတဲ့အခါ “ ငါ့သင်္ကန်းကို လုနေကြတယ်၊ လုနေကြတယ်” အော်ကာ ဟိုးပြေးဒီပြေး ပြောင်းဆန်နေတယ်၊ အကယ်၍ သင်တို့က အဲဒီအချိန်မှာ သူ့သင်္ကန်း ကို ဝေယူကြရင် သံဃာတော်ကို ပြစ်မှာဆဲဆိုဖြစ်မယ်၊ အဲလိုဆို သန်းဘဝမှ ငရဲကို ကျတော့မှာ” “ အခု ဦးတိဿ ဘယ်ဘဝ ရောက်သွားပြီးလဲဘုရား” ။


“တုသိတာနတ်ပြည် ရောက်သွားပြီ၊ဒါကြောင့်(၈)ရက်ကြာမှ ဝေခိုင်းတာ” ဟု မိန့်တော်မူပါသည်။

“မြတ်စွာဘုရား၊ တွယ်ငြိတတ်တဲ့တဏှာက အတော့်ကို ကြောက်စရာကောင်းတာပါလားဘုရား”

“ အိမ်း ဟုတ်တယ် ချစ်သားတို့၊ သံက ဖြစ်တဲ့ သံချေးဟာ သံကို သုံးမရအောင် ဖျက်ဆီးပြစ်သလို၊ တွယ်ငြိခြင်းတဏှာ ကလည်း လူသားစိတ် သန္တာန်မှာ ဖြစ်ပြီး၊ လူသားဘဝကို ငရဲ ပြိတ္တာ စတဲ့ဘဝတွေမှာ ဖြစ်စေတယ်၊လူသားဘဝကို ပျက်စီး ခြင်းသို့ ရောက်စေတယ်၊ ဒါကြောင့် ရဟန်းဆိုတာ သူများလှူတဲ့ ဆွမ်းသင်္ကန်းကျောင်း ဆေး ပစ္စည်းလေးပါးတို့အပေါ်မှာ ငါ့ကျောင်း ငါ့ကန်ရယ်လို့ အလွန်ကြီး မစွဲလန်းကြရဘူး၊ ဆင်ချင်ပြီး သုံးစွဲကြ ရမယ်” ဟု ဆုံးမတော်မူသည်။


ပိဋကတ်စာပေများ၌ သေလွန်ပြီးသည် အစွဲနှင့်နှလုံးမသာယာခြင်း နှစ်မျိုးကြောင့်သာ တမလွန်ဘဝ၌ အပါယ် လေးပါးသို့ ကျရောက်ရခြင်း ကို တွေ့ရသဖြင့် အစွဲနှင့်နှလုံးမသာမယာ ဖြစ်ခြင်းကို စိတ်သန္တာန်မှ ရှင်းထုတ်နိုင်လျှင်အပါယ် ဘဝတို့သို့ ကျရောက်စရာ အကြောင်းမရှိနိုင်တော့။ စိတ်ရှင်းဖို့ဆိုရာမှာ တရားအားထုတ်ခြင်း အလေ့အကျင့်ရှိမှ ဖြစ်၏။


အစွဲနှင့်ပတ်သက်၍ နာနာဘာဝဖြစ်နေတာတောင် အစွဲက စွဲမြဲဖြစ်နေတတ်၏။ သံယောဇဉ်ရှိသူနောက် တကောက် ကောက်လိုက်ပါနေတတ်၏။ ကျန်နေသူများကိုပါ နာနာဘာဝက စိတ်မချနိုင်ဖြစ်နေတာကို ဇာတ်တော်များ၌ တွေ့ရဖန်များ၏။


စာရေးသူ၏ တပည့်တစ်ပါးဖြစ်သူ အရှင်ဝိမလ(တောင်သာ)က သူကြုံတွေ့ခဲ့ရသည့် တမလွန်ပြဿနာကို ဤသို့ ပြောပြဖူး၏။ လွန်ခဲ့သောနှစ်က အမှတ်(၁)စစ်မှု့ထမ်းဟောင်းစံပြရွာ(လေးဒေါင့်ကန်) သင်္ကြန်တရားစခန်းအပြီး၊ ညောင်စာ ရေးရွာ၊ ရွှေမဉ္ဇူကျောင်းတရားစခန်း မဆက်ခင် သူ၏ ဇာတိရွာ တောင်သာနယ်သို့ ပြန်ကာ တရားစခန်းဆောင်ရွက်သည်။


တနေ့နံနက်တွင် အလုပ်ပေးတရား ဟောပေးနေခိုက် တရားပရိတ်သတ်ထဲမှ မသန်းစိန်ဆိုသူ အမျိုးသမီးတစ်ဦး တုန်တုန်ရီရီဖြင့် ပူးတော်၏။ ကျေးလက်ဒေသ ဓလေ့အားလျော်စွာ ပူးပြီးဆိုတာနှင့် “ဘယ်သူလဲ၊ဘယ်ဝါလဲ” ဆိုကာ ရွာမှ မကြာခင်က သေသူများ၏ အမည်များကို သူ့အမျိုးကိုယ့်အမျိုးအမည်များကို ဝိုင်းမေးကြတော့၏။


ထိုအခါ အပူးခံရသူ မသင်းစိန်က “ ငါ စိုးတင့်ရယ်” ဟု ပြောသတဲ့။

“စိုးတင့်ဆိုတာက တပည့်ရဲ့ ယောက်ဖဘုရာ့၊တပည့်တော် ရွာပြန်မရောက်ခင်လေးတင် ပြည် ဆေးရုံးမှာ ဆုံးတာ၊ ဆည်မြောင်းလုပ်ငန်း မှာ ကျောက်သယ်တဲ့ ကားမှောင်းတာ၊ ဆည်မြောင်းပြီးတော့ အောင်လံ ဗွက်ကြီးတံထားဆောက်လုပ် ရေးမှာ သဲတို့ကျောက်တို့ သယ်နေတဲ့ ကားမောင်းနေရင်း၊အားတဲ့အချိန် ကြံတိုက်နေရာက၊ရောဂါရပြီး ပြည်ဆေးရုံတင်၊အဲဒီမှာ ဆုံးလို့ ရွာပြန်သယ်လာတာ။ထုံးစံအတိုင်း ရွာအပြင်မှာ ထားပြီး သင်္ဂြိဟ်တာ ရက်ပိုင်းဘဲ ရှိသေးတယ်” ဟု ဦးဝိမလက ပြောပြ၏။


“ပြည်မှာ ဆုံးစတုန်းကလည်း ဆွမ်းမသွတ်ခဲ့ရဆိုတာတော့ ဟုတ်ပါပြီ၊ဒီကျတော့လည်း ဆွမ်းမသွတ်ဖူးလား” ဟု စာရေးသူကမေးရာ-“ သွတ်ပါတယ် ဘုရား” ဟု ပြော၏။


“ မသင်းစိန်ပူးနေတုန်း တပည့်တော် ပလ္လင်ပေါ်မှနေ ဘာလို့ ပူးတာလဲလို့” မေးတော့ “ အဲဒီပူးနေတဲ့ မသင်းစိန်က ပြောတယ်၊ ခု တရားစခန်း လုပ်နေတာ သူ့ကို အမျှမပေးဝေကြဘူးလို့ ပြောတယ်ဘုရာ့”

တပည့်တော်က “ ဆွမ်းသွတ်ပေးတာဘဲ ဘာလို့ အမျှမပေးရမှာလဲ ဆိုတော့၊သူ လျှောက်လယ်နေလို့ သာဓုမခေါ် လိုက်ရဘူး၊ဆွမ်းသွတ်တာ သူမသိဘူးတဲ့ဘုရား”


တရားနာပရိတ်သတ်ကလည်း အများဆိုတော့ “ ခု ဘယ်ကနေ လာတာလဲလို့ ဝိုင်းမေးကြတော့ ရွာအနောက် သရက်တောမှာ မသင်းစိန် သရက်သီးကောက်နေတုန်း သူလိုက်လာတာလို့ ပြောတယ်ဘုရား”


“ သရက်ခြံဆိုတာက သုသာန်နားမှာ ရှိတယ်၊ ရွာသူရွသားတွေ အနောက်တောခေါ်အဲဒီ သရက်ဥယျာဉ်မှာဘဲ သွားသွားပြီး သရက်သီးကောက် ကြတယ်ဘုရား၊ တပည့်တော်လည်း တရားဆက်ဟော ၊တရားဆက်ထိုင်စေပြီး၊ တရားဖြုတ်တော့ နာမည် ခေါ်၍ အမျှပေးဝေလိုက်ပါတယ်” “ ဒါနဲ့ ပြီးသွားရော့လားဆိုတော့” နေ့ခင်းဖက်မှာ တစ်ခါဝင်ပူးသေးတယ်၊ တပည့်တော် တော့ မသွားတော့ဘူး၊ယောဂီတွေ ရုံးရုံးဖြစ်နေလို့ သိရတာ” ဟု ဆက်ပြောပြ၏။


“ နေ့လည်မှာ တစ်ခါ ထပ်ပူးတုန်း ပြောသွားတာကတော့ သူ့သားနဲ့သမီးကို စိတ်မချလို့ ဆိုလားဘဲဘုရား” ဟုပြော ကာ ဦးဝိမလက သူ့စကားကို အဆုံးသတ်လိုက်၏။


ငါးကျပ်တန် အသစ်ကလေးများကို စွဲလန်းပြီး မကျွတ်မလွတ်ဖြစ်နေရကြောင်း အိပ်မက်ပေးသောဘုန်းတော်ကြီးနှင့် ပူးဝင်၍ပြောသော ကိုးစိုးတင့်တို့၏ အကြောင်းသည် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပြိတ္တာ(နာနာဘာဝ)ဖြစ်ကြ ရပြီဆိုရင်တော့ ကိုယ်တိုင်ကုသိုလ်ပြုခွင့် မသာ၍ အခြားသူများကို ကုသိုလ်ပြုစေပြီးမှ သူဝေမယ့်အမျှဝေသံကို နားစွင့်ပြီး သာဓုခေါ်နိုင်မှ ထိုပြိတ္တာ(နာနာဘာဝ) အဖြစ်မှ လွတ်မြောက်နိုင်တာကတော့ အသေအခြာ မို့ သေမှ သူများကို အသိပေးကာ သူ့ကုသိုလ်ကို သာဓုစောင့်ခေါ်မှာလား၊ သို့မဟုတ် ကုသိုလ်ကို ကိုယ်တိုင်ပြုလုပ်ခွင့် အပြည့်ရှိနေသေးသော ယခုသက်ရှိ အချိန်မှာဘဲ ကုသိုလ်ပြုမှာလားဆိုတာကတော့ မသေသေးသူတို့ စဉ်းစားကြရမည့်ကိစ္စသာ ဖြစ်ပါကြောင်း-

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

2011-ခု၊ မေလ- ၂--ရက်၊ တနင်္လာနေ့ ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP