စံပြသာသနာပြုနည်း
မဟာဂန္ဓာရုံဆရာတော်
စံပြသာသနာပြုနည်းများ
ဘယ်အရပ်မှာ နေနေ
ဘယ်အရပ်သို့လေ သွားသွား
စိတ်ကောင်းရှိဖို့ သတိထား
ကိုယ်ကျင့်တရား လေးစားကာ
ကျန်းမာသန့်ရှင်း ဖြစ်စေပါ
ဝတ်စားတတ်ကာ နေထိုင်တတ်
ချမှတ်ထားတဲ့ စည်းကမ်းရိုသေ
စာတတ်ဖို့ပဲ ကြိုးစားလေ
ဤ ၁၀-ချက်တွေ ဂရုစိုက်
နေဆဲကျောင်း၌ လွန်ပျော်ပိုက်
သူ့ထံနေခိုက် သူ့ကြိုက်လိုက် (၂)
၁။ စိတ်ကောင်းရှိဖို့က ပထမ
၂။ ၀ိနည်းလေးစားဖို့က
( ကိုယ်ကျင့်တရား လေးစားဖို့က) ဒုတိယ
၃။ ကျန်းမာဖို့က တတိယ
၎။ သန့်ရှင်းဖို့က စတုတ္ထ
၅။ အ၀တ်အစားတတ်ဖို့က ပဉ္စမ
၆။ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
၇။ အသွားအလာတတ်ဖို့က သတ္တမ
၈။ အပြောအဆိုတတ်ဖို့က အဋ္ဌမ
၉။ စည်းကမ်းလိုက်နာဖို့က န၀မ
၁၀။ စာတတ်ဖို့က ဒသမ
ဤ ၁၀-ချက်ကို အစဉ်အတိုင်း ဂရုစိုက်ပါ။
စကားခြောက်မျိုး
မဟုတ်မမှန် အကျိုးမရှိ - သူတပါးတို့လည်း မနှစ်သက်သော စကားတမျိုး။
၂။ ဘူတံ တစ္ဆံ အနတ္ထသံဟိတံ - သာစ ပရေသံ အပ္ပိယာ အမနာပါ။
ဟုတ်မှန်သော်လည်း အကျိုးမရှိ - သူတပါးတို့လည်း မနှစ်သက်သော စကားတမျိုး။
၃။ ဘူတံ တစ္ဆံ အတ္ထသံဟိတံ - သာစ ပရေသံ အပ္ပိယာ အမနာပါ။
ဟုတ်မှန် အကျိုးရှိသော်လည်း သူတပါးတို့ကမူ မနှစ်သက်သော စကားတမျိုး။
၎။ အဘူတံ အတစ္ဆံ အနတ္တ္ထသံဟိတံ - သာစ ပရေသံ ပိယာ မနာပါ။
မဟုတ်မမှန် အကျိုးမရှိ - သူတပါးတို့ နှစ်သက်သော စကားတမျိုး။
၅။ ဘူတံ တစ္ဆံ အနတ္ထသံဟိတံ - သာစ ပရေသံ ပိယာ မနာပါ။
ဟုတ်မှန်သော်လည်း အကျိုးမရှိ - သူတပါးတို့ နှစ်သက်သော စကားတမျိုး။
၆။ ဘူတံ တစ္ဆံ အတ္ထသံဟိတံ - သာစ ပရေသံ ပိယာ မနာပါ။
ဟုတ်မှန် အကျိုးရှိ - သူတပါးတို့လည်း နှစ်သက်သော စကားတမျိုး။
( စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတွယ်) ဆိုသည့်အတိုင်း မြတ်ဗုဒ္ဓသည် ၃ နှင့် ၆ -ကိုသာ ပြောတော်မူသည်။
( မဇ္ဈိမပဏ္ဏာသ အဘယရာဇကုမာရသုတ် ပဏ်-၂-၅၇)
စကားအရာ အင်္ဂါလေးတန်---
၁။ သုဘာသိတ-ကောင်းသောစကားကိုသာ ပြောဆိုရာ၏။
ဆိုးဝါး ကြမ်းတမ်းသောစကားကို မပြောဆိုရာ။
၂။ ဓမ္မ-တရားနှင့်လျော်သော စကားကိုသာ ပြောဆိုရာ၏။
တရားမဲ့သောစကား စည်းကမ်းမဲ့သောစကားကို မပြောဆိုရာ။
၃။ ပီယ-ချစ်ဖွယ်သောစကားကိုသာ ပြောဆိုရာ၏။
ရွံမုန်းဖွယ်စကားကို မပြောဆိုရာ။
၎။ သစ္စာ-မှန်သောစကားကိုသာ ပြောဆိုရာ၏။
မဟုတ်မမှန် လုပ်ကြံမပြောဆိုရာ၊ နားစွန်းနားဖျား သူများစကားဖြင့်
ဟုတ်သယောင် ချဲ့ထွင်မပြောရာ။
( သဂါထာဝဂ္ဂသံယုတ် သုဘာသိတသုတ် နှာ-၁၉၀)
* ဘ၀န္တဂု, သုံးလူ့ထွတ်ချာ, စောမြတ်စွာလည်း, သုဘာသိတ, ဓမ္မစသား, ပီယ သစ္စာ, ကျိုးနပ်ရာဟု, အင်္ဂါလေးတန်, ဟောမိန့်ညွှန်၏။ ( မဃဒေ၀လင်္ကာသစ်)
စကားပြောရာ အချိန်အခါစသည် ၅-မျိုး ---
၁။ ကာလ-ပြောသင့်ရာ အခါမှသာ ပြောဆိုရာ၏။
အချိန်အခါမဟုတ် အချိန်အခါ မသင့်တော်လျှင် မပြောဆိုရာ။
၂။ သစ္စာ-အမှန်ကိုသာ ပြောဆိုရာ၏။
၃။ သဏှ-နူးညံ့သောစကားကိုသာ ပြောဆိုရာ၏။
ခက်ထန် ရင့်သီးသောစကားကို မပြောဆိုရာ။
၎။ အတ္ထသံဟိတ-အကျိုးစီးပွားဖြစ်မည့် စကားကိုသာ ပြောဆိုရာ၏။
သူတပါးအကျိုးယုတ်စေသော စကားကို မပြောဆိုရာ။
၅။ မေတ္တာစိတ္တ-မေတ္တာရှေ့ထား၍ ပြောဆိုရာ၏။
မိမိပြောဆိုသောစကားဖြင့် သူတပါးအကျိုးယုတ်စေရန် ဒေါသ မောင်းတင်၍ ပြောဆိုခြင်း
မပြုရာ။ ( အံ-၅-၀ါစာသုတ် ၂၁၃)
နေ,လ၊ ရွှေ၊ စိတ်-တို့၏ အညစ်အကြေး ငါးပါး
၁-ဆီးနှင်း ၂-မြူ ၃-တိမ် ၄-အသူရိန် ၅-မီးခိုးတို့ ဖြစ်ပါတယ်။
အဲဒီအညစ်အကြေး ငါးပါးရှိလျှင် နေလတို့၏ အရောင်ဟာ မထွက်နိုင်ပါဘူး။ ထွက်သော်လည်း ကြည်လင်သန့်ရှင်း ထွန်းလင်းတောက်ပခြင်း မရှိပါဘူး။
ရွှေတို့၏ အညစ်အကြေး ငါးပါးရှိ၏
၁-ကြေးနီ ၂-ကြေးဝါ ၃-ခဲမဖြူ ၄-ခဲမနက် ၅-ဘော်ငွေ တို့ဖြစ်ပါတယ်။
ဒီအညစ်အကြေးတွေရှိက ရွှေရဲ့ တော်ကပမှု ပျော့်ပျောင်းမှု အဖိုးထိုက်တန်မှုတွေ ယုတ်လျော့စေပါတယ်။
စိတ်၏အညစ်အကြေး ငါးပါးရှိ၏
နေ,လနှင့် ရွှေတို့မှာ အညစ်အကြေး ငါးပါးစီ ရှိကြသလို စိတ်မှာလည်း အညစ်အကြေး ငါးပါးရှိပါတယ်။
၁-လောဘ ၂-ဒေါသ ၃-မောဟ ၄-မိဒ္ဓ ၅-အ၀ိဇ္ဇာ တို့ပါပဲ
စိတ်ဟာ အညစ်အကြေးရှိနေရင် ပညာရောင် မထွက်နိုင်ပါဘူး။ ပညာရောင် ထွက်လာစေဖို့ မိမိရဲ့ စိတ်ကိုလည်း သန့်ရှင်းအောင် ဆေးကြောရန် ပို၍ပို၍ လိုအပ်သည် မဟုတ်ပါလော။ မိမိစိတ်ကို မိမိသန့်စင်အောင် ပြုလုပ်ပါက သဒ္ဓါထူး ပညာထူးသည် ပေါ်ပေါက်၏။ သူတော်စင်ဘ၀သို့ ရောက်၏။
အမရပူရ မဟာဂန္ဓာရုံ ဆရာတော်
0 comments:
Post a Comment