* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, May 31, 2011

“နာနာဘာဝနှင့်တွေ့ဖူးသူများ” အပိုင်း(၁၃)

U Panna (8)

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

“ငရဲရှိတယ်၊ တိရစ္ဆာန်ရှိတယ်၊ ပြိတ္တာရှိတယ်၊ အသူရကာယ်ရှိတယ်၊ သေရဦးမယ် သတိထား”ဆိုသော အဆုံးအမကို အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်မှာ နေစဉ် ကိုရင်ငယ် ဘဝကပင် နေ့စဉ်မြင်တွေ့ နေရ၏။ နေ့စဉ်လည်း ဖတ်ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ဆွမ်းစားကျောင်း ဝင်ပေါက် တံခါးအထက်တွင် ရေးထိုး ထားသောကြောင့် ဖြစ်၏။ ရံဖန် ဆရာ တော်ကြီး ကလည်း နံက်ခင်း ဩဝါဒပေးရင်း သံဃာများကို သံပြိုင်ဆို ခိုင်းတတ်သေး၏။ ခုတိုင် စိတ်ထဲစွဲနေသည်။

ထိုစဉ်က အရွယ်ငယ်သေးတော့ ဆုံးမစာ၏လေးနက်မှု့ကို သဘောမပေါက်ခဲ့။ ဆရာတော်ကြီးကတော့ အနေအထိုင် မကောင်းရင်( ဝိနည်းသိက္ခာနဲ့ အညီ မနေရင်)အပါယ်လေးပါးသို့ ကျမှာကို နေ့စဉ်လိုလို ဆုံးမတော်မူ၏။


လိပ်ကျော ကြောင်ကော် ပြောင်ချော်ချော်မို့ နားမဝင်နိုင်ဘဲ ရှိခဲ့၏။ တစ္ဆေဖြစ်နေသော ဘုန်းကြီးတွေအကြောင်း အကြားအမြင် ရသူတွေထံမှ ကြားသိရသမျှကိုလည်း နေ့စဉ်ဩဝါဒတွင် ထည့်သွင်းဆုံးမတော်မူရှာ၏။ တပည့်တွေကို အလွန်လိမ္မာစေချင်၏၊ ဝိနည်းကို လေးစား လိုက်နာစေချင်၏။ လူ့ဘဝ၊ရဟန်ဘဝ ရောက်ခဲ့ပါလျှက် သေရင် မကျွတ်မလွတ်ပြိတ္တာ ဖြစ်မှာကို အတော်စိုးရိမ်တော်မူ၏။ မေတ္တာကရုဏာတော်၏ အတိမ်အနက်ကို ခုလို ကိုယ်တိုင်ဆရာဖြစ်ပါမှ သိရ၏။


သရဲဆိုတာ မကျွတ်မလွတ်သော ပြိတ္တာ-ဟု သိနေပါလျှက် အသေအခြာ မတွေးဖြစ်ခဲ့။ တရားဟော၊ တရားပြ၊ စာချ၊ စာရေးကိစ္စများ ဆောင်ရွက်ရင်း ရဟန်းအရာဝင်လာပါမှ နာနာဘာဝနှင့်နွယ်သောကိစ္စများကို အသေအခြာ တွေးဖြစ်၏။


သေခါနီး လူနာ၊သေဆဲ မသာ၊သေပြီး ပြိတ္တာများနှင့်ပတ်သက်၍ ရဟန်းတစ်ပါးအတွက် ငြင်းဆန်၍မရသော ကိစ္စများကို ဆောင်ရွက်နေရ၍ ဖြစ်၏။

သေခါနီးလူနာဘေးတွင် ကပ်လျှက် ပရိတ်ရွတ်ပေးရ၏။ လူနာမှာ မျက်ဖြူလန်နေပြီး အသက်ရှုပိုက် နှာခေါင်းတွင် တပ်ထားပေမယ့် နှာခေါင်းဖြင့် အသက်မရှုတော့၊ ပါးစပ်ဟကာ အသက်ရှုနေရ၏။ နေ့မကူးနိုင်တော့၊ သေမည်ကို သိနေပါလျှက် မိမိတို့မှာ မညီးမညူ ပရိတ်ရွတ်ပေးကြရ၏။ နာတာရှည် ရောဂါကြီးဖြစ်၍ အနံ့အသက်ကိုလည်း အတော်သီးခံရ၏။


သေမည်သူ ဂတိကောင်းရေးလား၊ ကျန်ရစ်သူတို့ နောက်ဆုံးမြက်တစ်ပင် စွဲခြင်းပေလား မဝေခွဲနိုင်။

ပရိတ်ရွတ်နေစဉ် ကွယ်လွန်မည်ကိုလည်း စိုးရိမ်စိတ်မောနေရ၏။ ခုတိုင်တော့ မကြုံသေး။ လူနာမှာ ပသာဒရုပ် ပျက်နေရင် (မသာရုပ်ပေါက်နေရင်) အတွေ့အကြုံအရ မကြာခင် သေတော့မည်။ ပရိတ်နာနိုင်စွမ်းလည်း မရှိဆိုတာကို သိနေ၏။ သို့ပေမယ် လူနာရှင် စိတ်ရှင်းစိတ်ကျေနပ်စေရန် ဆောင် ရွတ်ပေးကြရ၏။


အကြုံပြုလိုမှာ လူနာ သတိ+သတိရှိချိန် ထိုကိစ္စများ ဆောင်ရွက်သင့်၏။ဟဒယဝတ္ထုခေါ် နှလုံးသားတို့ လုပ်အားများ လျော့ပါးနေချိန် ဇောစိတ်တို့ အားမရှိတော့၍ တရားနာနိုင် စွမ်းရှိတော့မည် မဟုတ်သောကြောင့် ဖြစ်၏။


သေဆဲမသာ(ရုပ်ကလာပ် ပြင်ထားဆဲ)နှင့်ပတ်သက်၍ သရဏဂုံတင်ပေးကြရ၏။ ကျောင်းတိုက်နှင့်ဆိုင်ရာ နာရေးတို့၌ တရားဟောသူ မိမိက အမြဲသရဏဂုံ တင်ပေးရ၏။ ရုပ်ကလာပ်အနီးတွင် အမြဲထိုင်ရ၏။ သေသူကို သရဏဂုံ တင်ခြင်း မဟုတ်၊ လိုက်ပါပို့ဆောင် သူများကိုသာ သရဏဂုံ ဆောက်တည်စေခြင်း ဖြစ်၏။ သေသည်နှင့် သရဏဂုံပျက်၏။


သရဏဂုံ၊ သီလဆောက်တည်ခြင်း၊ လှူဒါန်ခြင်းကုသိုလ်များ ဆောင်ရွက်ပြီး သေသူကို အမျှပေးဝေခြင်းမျှသာဖြစ်၏။


သေပြီးနောက် ဆွမ်းသွတ်အမျှအတမ်း ပေးဝေပါလျှက် ကျန်ရစ်သူမိသားစုတို့က မကျွတ်-ဟု သံသယရှိလျှင်တစ်ခါ ကုသိုလ်ပြုရ၊ အမျှအတမ်း ပေးဝေကြရပြန်၏။ ထိုသို့ သေခါနီး လူနာ၊သေဆဲ မသာ၊သေပြီး ပြိတ္တာ(နာနာဘာဝ)အဖြစ်တို့သည် အခါနှောင်းခဲ့လေပြီ၊ ကိုယ့်အတွက်၊ ကိုယ်ကုသိုလ်ရဖို့ဆိုတာ မသေခြာတော့ပေ။ ထို့ကြောင့် “မင်းကွန်း ဆရာတော်ဘုရား ကြီးက “ မသေခင်က ကြိုတင်ကောင်းမှု့ ကျိုးစာပြုလော့” ဟု ဆုံးမတော်မူခြင်း ဖြစ်၏။ သေချိန်ရောက်ပြီ၊သေပြီ၊သေပြီး နောက်မှာတော့ ဘာမှမသေခြာပါ။


မြတ်စွာဘုရားက“ မေ့လျောသူတို့အတွက် အပါယ်လေးပါးသည် သူတို့၏နေရာ အိမ်ဂေဟာနှင့်တူ၏” ဟုမိန့် တော်မူ၏။ မိမိနေအိမ်ဟာ အိမ်သူအိမ်သားတို့ အမြဲနေရာဖြစ်သကဲ့သို့ ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ်-ဟူသော အ ပါယ်လေးပါးတို့သည် လူသားတို့ အမြဲနေရာ (အဖြစ်များရာ)ဘဝ ဖြစ်သည်ကို မိန့်တော်မူလိုရင်း ဖြစ်၏။


ထို့ကြောင့် လူသေ ပြီးနောက် မကျွတ်လွတ်သူပြိတ္တာ(နာနာဘာဝ)ဖြစ်ကြသည်က များလှ၏။


လူသားတို့သည် အစွဲသန်ကြ၏။ ကိုယ်အိပ်နေကျ နေရာ၊ ကိုယ်သုံးနေကျ အရာ၊ ကိုယ့်ရွာကိုယ်ဒေသ၊ ကိုယ့်မိသား စုစသဖြင့် အလွန်အစွဲသန်ကြ၏။ ကိုယ်ထင်ကုဋင်ရွှေနန်း ဖြစ်ကြ၏။ ဒေသနာတော်အရ အပါယ်သို့ ရောက်စေနိုင်သောတရားသည် နှစ်ပါးသာရှိ၏။ ဒိဋ္ဌိ(အလွဲအယူ)နှင့် ဝိစိကိစ္ဆာ(သဘာဝမှန်ကို လက်မခံနိုင်ခြင်း)တို့ ဖြစ်ကြ၏။


မြန်မာလူမျိုးတို့သည် ပေးကမ်း လှူဒါန်းကြ၏။ မေတ္တာထားတတ်ကြ၏။ သီလဆောက်တည်၏။ ဘာဝနာပွားကြ၏။

သို့ပေမယ့် သံယောဇဉ် ကြီးတတ်ကြ၏။ သံယောဇဉ်ဟူသည် မိသားစုကို တွယ်ငြိ ချစ်ခင်ခြင်းလောဘ ဖြစ်၏။ ထိုလောဘနှင့် သေသူတွေက များမည် ထင်၏။ “လောဘနဲ့သေ ပြိတ္တာပြည် မသွေရောက်တတ်သည်” တဲ့။ ပြိတ္တာဆိုတာ မကျွတ်လွတ်သော နာနာဘာဝ ဖြစ်ခြင်းပင်တည်း။


အစွဲနှင့်ပတ်သက်၍ စာရေးသူ ကိုယ်တွေ့လေးကို ရေးပြချင်ပါသည်။ ကြေကွဲစရာ ကောင်းလှသလို၊သတိသံဝေဂ ယူဖွယ်ရာလည်း ကောင်းလှ၏။

စာရေးသူ ရန်ကုန်ရောက်စ လွန်ခဲ့သောနှစ်နှစ်ဆယ်က ဖြစ်၏။ တပည့်ဦးဇင်းတစ်ပါး၏ ရဟန်းအမနှင့် လွန်စွာ ရင်းနှီး၏။ စားသောက်စရာ လိုအပ်ရာရာ များလည်း လှူဒါန်း၏။ သွားစရာရှိက မော်တော်ကားအကူအညီ ပေးရှာ၏။ အင်ဂျင်နီယာဘွဲ့ရ ပညာတတ်၊ စက်မှု့(၁)၌ လက်ထောက်မန်နေဂျာဖြစ်၏။ ခင်ပွန်းသယ်မှာ နိုင်ငံခြားသင်္ဘောလိုက်၏။ သမီးတစ်ယောက်သာ ရှိ၏။


အသက်(၄၄)နှစ်အရွယ် ရင်သားတွင် ကင်ဆာဖြစ်၍ ရင်သားတစ်ဖက် ခွဲစိပ်ဖြတ်တောက်ပစ်လိုက်ရ။ ဓာတ်ကင် ရ၏။ နောင်တစ်နှစ်အကြာ ဂျိုင်းတွင် အကျိပ်ပေါ်၍ တဖန်ခွဲရပြန်၏။ ကင်ဆာဆဲလ်ကိုသတ်သော ထိုးဆေးပေါ်ဦးစဖြစ်၏။ ထိုးဆေးများ ထိုးရ၏။ နေအိမ်ရှိ ခွေးပေါက်စ ကိုက်၍ တစ်ခါဆေးထိုးရပြန်၏။


(၆)လအကြာ၌ ဆံပင်များ အထွေးလိုက် ကျွတ်ခြင်း၊ မျက်စိများ ကွယ်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းစသဖြင့် ရောဂါမှာ ဆိုသထက်ဆိုးလာ၏။ စာရေးသူကို နေ့စဉ်ပင့်ကာ ပရိတ်နာ၏။ သို့ပေမယ် သူမှာ ခင်ပွန်းသယ် နောက်တစ်ပင်ထူမှာကို စိတ်ပူရ၊ သမီးအတွက် နောက်ဆံတင်းရ ဖြစ်နေရ၏။ တရားစခန်းများ၌ တရားအားထုတ်ဖူးသူဖြစ်သော်လည်း တကယ်အရေး ကြုံရာတွင် သက်လုံ မကောင်းချင်တော့။ သံယောဇဉ်နှင့် စွဲလန်းခြင်း တို့ကို နိုင်အောင် မစွမ်းဆောင်နိုင် ဖြစ်နေရရှာ၏။ သေမယ့်သူက ရှင်ကျန်သူများအတွက် ပူနေရ၏။ သူ့အတွက် ပူဖို့ပင် သတိမရသည်မှာ အံ့ဖွယ်ရာ။


သူသေသွားပြီးနောက် ခင်ပွန်သယ်မှာလည်း တစ်ပင်ထူ၏။ သမီးဖြစ်သူလည်း သူပေးစားချင်သူနှင့် ဖူးစာမစုံ အခြားတစ်ဦးနှင့် ဖူးစာဖက်ဖြစ်၏။ ကိုယ့်ကို ကိုယ်တောင် အစိုးမရလို့ သေရတာကို သူများအတွက် ကိုယ်က ပိုင်စိုးပိုင် နင်း လုပ်ချင်လို့မရ။


လူသားတိုင်း “ တရားမဦးခင် အသေက ဦးရင်းဖြင့် ယောဂီ ကိုယ်ကျိုး မုချနည်းလိမ့်မယ်” ဆိုတဲ့အတိုင်း ကျကျနန တရားအားထုတ် မထားရင် ကိုယ်ဘဲ အပါယ်ကျ ကိုယ်ကျိုးနည်းမှာ ဖြစ်၏။


မကျွတ်မလွတ်ကြဘဲ တစ္ဆေသရဲ နာနာဘာဝ အဖြစ်ဖြင့် သုသာန်တိုင်းမှာ ပုံသဏ္ဍာန် အမျိုးမျိုးဖြစ်နေကြတာကို အင်တာနက် မြောက်ဦးဆရာတော့် ဝက်ဆိုက်တွင် သံဝေဂယူကြဖို့ ဖေါ်ပြပေးထားသည်ကို ဤသို့ ဖတ်ရ၏။


သုသာန်ဓုတင်ဆောက်တည်ရာတွင် သုသာန်တိုင်း၌ ထိတ်စရာ၊ လန့်စရာ အာရုံတွေ အသံဗလံတွေ မမြင်ရ၊ မကြားရပါစေနဲ့ဟု အဓိဋ္ဌာန် ထားသော်လည်း မြင်ရသည့် အာရုံတွေကလည်း များလှသည်။ ညည်းညူနေသံ၊ ညည်းတွား အော်ဟစ် သံတွေကလည်း အော်ဂလီ ဆန်ချင်စရာ ကောင်းသည်။ မြင်ရသည့် အာရုံတွေကလည်း ထိတ်လန့်ချောက်ချားစရာ ဖြစ်သည်။


မည်းမည်းအကောင်ကြီးတွေ သုသာန်တိုင်းလိုလိုမှာ တွေ့ရသည်။ လူလိုလိုအကောင်တွေ၊အချို့က ခေါင်းမပါ၊အချို့က ခေါင်းသာမြင်ရသည်၊ ကိုယ်မတွေ့ရ။ အရုပ်ဆိုးအကျည်းတန် သတ္တဝါတွေလည်း မျိုးစုံသည်။ အဝတ်မပါ ဗလာ လူယောကျာ်း၊ လူမိန်းမတွေ စုံသည်။မိန်းမတွေက ဆံပင်ဖားလျား ချလို့၊ ဤအရှင်၏ရှေ့မှ ဖြတ်သွားဖြတ်လာ လုပ်ကြသည်။အချို့က တိုတို၊အချို့က ရှည်မျောမျော၊ အပေါ်ပိုင်း ခန္ဓာရှည်ပြီး အောက် ပိုင်းခြေထောက်တွေ တိုတိုပုံမျိုး ပါသလို၊အပေါ်ပိုင်း ခန္ဓာက ပုတိုတို၊အောက်ပိုင်းခြေတံ ရှည်လျားလျားတွေလည်းပါသည်။


ခန္ဓာကိုယ်က အချွန်အတက်တွေ ထွက်နေသောသတ္တဝါတွေလည်း တွေ့ရသည်။ တွေ့ရသမျှ သတ္တဝါများသည် ဤ အရှင်အားကျောခိုင်း နေသည် သာများသည်။ နွားတွေလို ချိုနှစ်ချောင်းနှင့် သတ္တဝါတွေလည်းပါသည်။ အချို့အကောင်များ၏ မျက်လုံးတွေက စကောလောက်ကြီးသည်။ အချို့အကောင်တွေ၏ပါးစပ်က တအားကျယ်သလောက် အသံကြတော့ သေး သေးလေး ဖြစ်၏။


တချို့အကောင်တွေ၏ ပါးစပ်ကြပြန်တော့ သံမှိုပွင့်လောက်ပဲရှိသည်။တစ်ခါတစ်ရံ ဤအရှင်၏အနားမှ မြေကြီးထဲက ထိုးထွက်လာသလိုမျိုး တွေ့ရ သည်။သစ်ပင် ပင်စည်ကြီးထဲ ခေါင်းတွေပြူထွက်လာပြီး ဤအရှင်အား မျက်လုံး ပြူးကြည့်နေ သည်ကိုလည်း မြင်ရသည်။


သုသာန်တစ်ခုမှာတော့ သင်္ချိုင်းဂူကြီးတစ်လုံးက လှုပ်လာပြီ မည်းမည်းအကောင်ကြီးတစ်ကောင် ထွက်လာသည်။ ဤအရှင်အား လာကြည့်ပြီး သူ့ဂူထဲပြန်ဝင်သွားသည်။ ဂူထဲမှ ထွက်လာတော့လည်း အပေါက်ဟူ၍ မရှိ၊ပြန်ဝင်သွားတော့ လည်း အပေါက်မတွေ့ရ။ သင်းပိုင်အစုတ်နှင့် ဘုန်းကြီး လိုလို ပြိတ္တာကြီးကိုလည်း မြင်တွေ့ရဖူးသည်။ ထိုဘုန်းကြီး၏ပါးစပ်မှာ လောက်တွေက အပြည့်၊ နှာခေါင်းအရင်းကနေ မေးလောက် အထိ လောက်တွေ က တဖွားဖွား ကိုက်စားနေသည်။


ဤမကောင်းအနိဋ္ဌာရုံတွေ မြင်တိုင်း မြင်တိုင်း ဤအရှင်သည် ဘဝသံသရာ အဆက်ဆက်က ဆွေမျိုးတော်စပ် ခဲ့ဖူးသူများ ဖြစ်လေမလားဟု ဆင်ခြင်မိမိ၏။ ဤအရှင်နားလည်မိသည်မှာ ပြုမိမှားခဲ့သော အကုသိုလ်ကံတွေက ခေါင်းအမျိုး စုံအောင် ပြောင်းလဲပေးနေခြင်း ဖြစ်သည်။


မြတ်စွာဘုရား ဟောကြားခဲ့သော ပေတဝတ္ထုတိုတွေထဲမှာလည်း ပါသည်။ နေ့စံ ညခံ၊နေ့ဘက်မှာ သုခစံနေသူတွေ ဒုနဲ့ဒေးဖြစ်သည်။ ဤအရှင်ကို ပြသော အာရုံတွေကိုကြည့် အမျိုမျိုးအဖုံဖုံ ဆင်းရဲဒုက္ခတွေက ကြီးလွန်းလှသည်။


ဤအရှင်သည် ပေါ်လာသမျှသော အနိဋ္ဌာရုံများကို ပေးတိုင်းပေါ်တိုင်း ဖျောက်ပစ်ပါ၏။ အချို့သောအရုံများက ဤအရှင်မေတ္တာပို့ အမျှဝေလိုက်သည့် အခါ ချက်ခြင်း ပျောက်သွားသည်။ အချို့က မပျောက်၊အတော်ကြီးကြာကြာ အမျှဝေ တော့မှ အာရုံများက ပျောက်သွားကြသည်။ အသစ်အသစ် အာရုံတွေလည်း တိုး၍တိုး၍ ပေါ်လာသည်။တရားအမှတ်ပျက် လောက်အောင် ဖြစ်သည်။မေတ္တာပို့ အမျှဝေလိုက် ပျောက်သွားလိုက်၊ အမျှပေးလိုက်၊မေတ္တာပို့လိုက် လုပ်နေရသည်။


တစ်ခါတစ်ရံတော့လည်း ဤအရှင်သည် ပေါ်လာသမျှသော အရုံများကို သံသရာဆွေမျိုးတွေ ဖြစ်မည်၊ အမျှဝေ တာကို သာဓုခေါ်ချင်လို့ လာကြတာဖြစ်မည်ဟူသောအတွေးနှင့်“ တရားဟောပေးမည်၊ တရားနာ လာကြကုန်လော့” ဟု ဖိတ်ကြားကာ ပရိတ်ကြီး(၁၁)သုတ်၊ ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏာသုတ်၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသတို့ကို ရွတ်၊ သရဂုံပေးပြီး ပြု ခဲ့သမျှသော ကုသိုလ်တို့ကို အမျှပေးဝေခဲ့သည်။ သံသရာဆွေမျိုးတွေ ကို ကျေးဇူး ဆပ်ခွင့် ရနေသည့်အတွက် ဤအရှင်မှာကျေနပ်နေသည်။


အချို့သုသာန်တွေက အတော်ကြမ်းသည်။အနံ့အသက်တွေက မကောင်း၊အသက်ရှုရခက်လောက်အောင် ဖြစ်သည်။

မြင်ရသည့်အာရုံတွေက ဆိုးမှဆိုး၊ စစ်တွေသုသာန်မှာ ကြုံရသည်က တစ်မျိုး ဖြစ်သည်။ လူလေးယောက် လူသေခေါင်းကြီးတစ်ခု ကို ရှေးနှစ်ယောက်၊ နောက်နှစ်ယောက် ထမ်းလာကြသည်။ ဤအရှင်အနား ရောက်သည့်အခါ အခေါင်းကြီးကိုချပြီး“ ကောက်ထည့်ကွာ ၊ ကောက်ထည့်” ဟု တစ်ယောက်ကအမိန့်ပေးသည်။ ဤအရှင်ကို အခေါင်းထဲ ကောက်ထည့်ခိုင်းခြင်း ဖြစ် သည်။ အမိန့်သာပေးသည် တစ်ယောက်မှ ကောက်မထည့်၊ နောက်တော့ မထည့်လျှင်လည်း နေကွာ” ဆိုပြီး ထိုအခေါင်း ကြီးကို ပြန်ထမ်းသွားကြသည်။


တစ်ရက်မှာလည်း ဤအရှင် တရားမှတ်နေတုန်း လက်မောင်းတစ်ဖက်ကို အေးစက်စက်အရာကြီးနှင့် အကပ်ခံ လိုက်ရသလို ဖြစ်သည်။ ရှည်လျားသောလျှာကြီးနှင့် အလျက်ခံလိုက်ရသလို ခံစားလိုက်ရခြင်း ဖြစ်သည်။ဤအရှင်တရား ပျက်လောက်အောင် ဖြစ်ရသည်။


ဤအရှင်အား ကျောက်တုန်းကြီးနှင့် ဖိသတ်ရန် လာသောပြိတ္တာကြီးတစ်ကောင်းကိုလည်း တွေ့ဖူးသည်။ ကျောက် တုန်းကြီးတစ်တုံးကို လှိမ့်ကာ လှိမ့်ကာနှင့် လာနေခြင်း ဖြစ်သည်။ဤအရှင်နား ရောက်လာသည်။အမျှဝေတော့မှ ပျောက်သွားသည်။ တွေ့ရသမျှ မြင်ရသမျှသော အာရုံများ ကို ရေးလျှင် များစွာရှိသေးသည်။အကုသိုလ်၏အကျိုးပေးကို သံဝေဂယူနိုင်ကြ စေရန် ရည်ရွယ်ပြီး အနည်းငယ် ဖော်ထုတ်ရေးသား လိုက်ခြင်း ဖြစ်ပေသည်-ဟု ရေးသားထားပါသည်။


အိန္ဒိယနိုင်ငံ၊ ဥရုဝေလတောရှိ ဘုရားရှင် ဒုက္ကရစရိယာ(၆)နှစ်ကြာ ကျင့်ရာလှိုင်ဂူတွင် တရားထုတ်စဉ်ကလည်း အလားတူ ပြိတ္တာ(နာနာဘာဝ) ကြီးတစ်ဦး ကျောက်တောင်အတွင်းမှ ထွက်လာပြီး နှောက်ယှက်ကြောင်း ရေးထားသေး၏။


လွန်ခဲ့သောတပိုတွဲလက မန္တလေးမြို့တွင် ပျံလွန်တော်မူသော ဆရာတော်ဦးစန္ဒောဘာသ၏ အရိုးပြာ ဂူသွင်း သင်္ဂြိုဟ်ရန် ဇာတိရွာ ရွှေတောင်မြို့နယ်၊ညောင်စာရေးရွာသို့ ပြန်ရ၏။


တစ်ညနေတွင် ရွားနီးချုပ်စပ် ဆင်သေရွာမှ ဒကာတစ်ဦး ထန်းပင်ပေါ်မှလိမ့်ကျ၍ ဈေးလမ်းရှိ ဆေးမှုးကိုလာ ပြရာ ဆေးမှုး ရွှေတောင်ပြန်သွား၍ မပြရဘဲ ရွာပြန်သယ်သွားရကြောင်းနှင့် ကွယ်လွန်သွားကြောင်းကို ကြားရ၏။


ကျေးလက်နေ ပြည်သူတို့ဘဝသည် သမုဒ္ဒရာဝမ်းတစ်ထွာအတွက် အလွန်အလုပ်လုပ်ကြရ၏။ နေပူမိုးရွာ မရှောင် ရွှံထဲဗွက်ထဲမှာ နွားနှင့်အတူ ရုန်းကြရ၏။ ချစ်ချစ်တောက်နေပူပူတွင် တောင်သူအလုပ်ကို ချွေးသီးခွေးပေါက်ကျအောင် လုပ်ကိုင်ကြရ၏။အများစု ဆင်းရဲကြ၏။ “ လက်လုပ်နိုင်မှ ပါးစပ်လှုပ်ရ” ဆိုသောစကားသည် ဇမ္ဗူဒိပ်နိမိတ်ဖြစ်လေရော့ သလားမသိ၊လူတိုင်း လက်လှုပ်နေကြရ၏။အချိန်ပင် အအား မရကြ။ထိုသို့ ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်ကြရပေမယ့် ကျေးလက်တို့တွင် ပိုတယ်ရှန်တယ်ဆိုတာ မရှိသူက များ၏။ အဆင်းရဲဆုံးကတော့ အသိမွဲခြင်းပင်ဖြစ်၏။ အသက်ဉာဏ် စောင့် ဆိုပေမယ့် ဘဝပေးအခြေအနေအရ အသက်ကို ဉာဏ်ဖြင့်မစောင့်နိုင်သူတွေက များလှ၏။ ခုတိုင် သေစာရှင်စာ ဖတ်တတ် တော်ရောပေါ့ဆိုတဲ့ အတွေးက တချို့မိဘများမှာ ရှိကြသေးသည်။


နှစ်စဉ် ကဆုန်လ တရားစခန်းပြန်လုပ်နေကြ ဆိုတော့ ရွာဓလေ့ရပ်ဓလေ့တွေနဲ့ ထိတွေ့နေရဆဲမို့ သိနေရ၏၊ တရားဟောရင်း ကျန်းမာရေးအသိ၊ ဓမ္မအသိ၊ လိုက်ဖ်စတိုင်ခေါ် ဘဝမှာ မည်သို့ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက် ရသည်ကို ကိုယ်သိသလောက် ပြောပေးရ၏။


ညောင်စာရေးရွာရဲ့ အနီးအနားရွာများဖြစ်ကြသည့် ပန်းတင်၊စိန်ကလေး၊ဆင်သေ၊သပြေကုန်းရွာများတွင် တပိုတွဲ တပေါင်း၌ ထန်းတက် ထန်းလျှက်ချက်၊ထန်းရေခါးရောင်းခြင်းဖြင့် မိသားစုပရိယေသနကို ဖြေရှင်းနေကြရသည့် မိသားစု အချို့ရှိ၏။ ရင်းတောင်အမြင့်ကြီးကို ကိုင်ထောင်ပြီး ထမ်းလှီးဓား ခါးပတ် ၊မြူအိုး (ထန်းရေခံရန်အိုး) နှစ်အိုးလောက်ကို ခါးချိတ်ပြီး ရိုးပြတ်တော၌ ဒီအတိုင်းထင်းထင်းကြီး သွားလာလုပ်ကိုင်နေတာကို အဝေးကပင် မြင်နိုင်၏။


ရွှေမဉ္ဇူကျောင်းဝိုင်းအတွင်း၌ ထိုစဉ်က ထန်းပင် လေးငါးပင်ရှိ၏။ ပန်းတင်ရွာက ဦးလှတင် လာတက်၏။ ကျောင်း ထဲက ထန်းပင်များကို နောက်ဆုံး တက်ခြင်းဖြစ်၍ ည(၈)ခန့် စာရေးသူတို့ ကိုရင်ကျောင်းသားများ စာပြန်ချိန်ဆို ထန်းပင် ပေါ်မှနေ ထိုခေတ်က ဇာတ်မင်းသား အာဇာနီလှကြည်၏ သီချင်းများကို အပီဟဲတတ်၏။ အာဇာနီလှတင်-ဟုပင် ရွာက ခေါ်ကြသည်ကို ခုတိုင် မှတ်မိနေပါသေး၏။


စာရေးသူတို့ငယ်စဉ်ကလည်း ဘယ်သူတော့ ထမ်းပင်ပေါ်ကလိမ့်ကြလို့တဲ့၊ဆိုတဲ့ အသံကို တစ်နှစ်တစ်ခါတော့ ကြားရမြဲဖြစ်၏။ နှစ်(၃၀)ကျော်ကြာ ထန်းပင်ပေါ်မှ လိမ့်ကြသံကို ခုတဖန်ကြားရပြန်၏။ နှစ်တွေ၊ ခေတ်တွေ၊ စနစ်တွေသာ ပျောင်းသွားခဲ့၏။ ကျေးလက်နေသူတို့ဘဝတွေက မပျောင်းလွဲကြသေးတာကို တွေးပြီးစိတ်မကောင်း ဖြစ်ရ၏။


ကိစ္စက ဒီမျှဖြင့် မပြီးပြတ်၊ ကဆုန်လဆန်း တရားစခန်းပြန်တော့ ထပ်ကြားရပြန်၏။ဖြစ်ပုံက ဤသို့တည်း- “ငါ့ ညီကို ဇာတ်လမ်းပြောရဦးမယ်” ဟု အစ်ကိုဘုန်းကြီးက စကားဦး သန်းလာ၍ “ဘာဇာတ်လမ်း ပြောမှာတုန်း” ဟု ပြန်မေး ဖြစ်၏။


“ မင်း တပိုတွဲလ ပြန်လာတုန်းက ဆင်သေရွာကကွာ ထန်းပင်ပေါ်မှ လိမ့်ကျတာ မှတ်မိသေလား၊သူက မကျွတ် ဘူးတဲ့ဟေ့၊ အဲဒါ မင်းကို ဇာတ်လမ်းရအောင် ပြောပြမလို့၊သူ့အမည်က ညွန့်ဝင်းတဲ့”


“ ဟုတ်ရဲ့လားဗျာ၊ အတော်ကြာ ဆောင်းပါးထဲ ရေးထည့်လိုက်ပါမှ တရားအစွဲ ခံနေရပါဦးမယ်” ဆိုတော့- “ ဟုတ်တယ်ကွ၊ ဆင်သေရွာတင်မက ဒို့နယ်မှာ အုတ်အော် သောင်းနင်းကို ဖြစ်လို့၊ ငါတော့ ဘာပြောမလဲ၊လူတွေ နောက်ဘဝရှိတယ် ၊ပြိတ္တာ(နာနာဘာဝ) မကျွတ်လွတ်သူ ရှိတယ်ဆိုတာကို သိခွင့်ရလို့ ညွန့်ဝင်းကို ကျေးဇူးတင်တယ်မောင်”


“ ဘယ်လို မကျွတ်တာလဲ ဆိုတော့” ။ “ သူ့အိမ်က စီဒီစက်တွေ၊တီဗီတွေ ဖွင့်သတဲ့ကွာ” ။ “ ဟုတ်ရဲ့လားဗျာ၊ အသံကောမြည်ရဲ့လား” ။ “ ဟုတ်တယ် ငါ့ညီ၊ အသံမြည်လို့ပေါ့ကွ၊ တစ်ရွာလုံးသိ၊ ကြောက်ကြတာမှ ဖိမ့်ဖိမ့်ကို တုန်လို့” ။“ အဲဒီတော့ ဘာလုပ်ကြတုန်း” ။ “ ထပ်ဆွမ်းသွတ်ကြရတာပေါ့၊ ဆွမ်းသွတ်မှာ ညွန့်ဝင်းက အမျိုးသမီးတစ်ယောက်ကို ဝင်ပူပြီး ပြောတယ်ကွ” ။ “ ဘယ်လို ပြောတာတုန်း မေးတော့” ။


“ သူကိုတဲ့ ထန်းပင်ပေါ်က မည်းမည်းကောင်းကြီးက တွန်းချလိုက်တာတဲ့၊ ပြီးတော့ ပြောသေးသတဲ့ ငါတော့ကျွတ်ပြီး မင်းငါ့အစား ခံပေတော့ ဆိုကာ ပျောက်သွားသတဲ့။ ထန်းပင်အောက်ရောက်တော့လဲ မည်းမည်း ကောင်တွေက သူ့ကို ဝိုင်း အုန်းနေကြလို့ သူဟာ သူခန္ဓာကိုယ်ကြီး ကို မြင်နေရပြီး ဝင်လို့မရခဲ့ဘူးတဲ့” ။


“ စိတ်ဝင်စားစရာဘဲနော်၊ နို့ နေပါဦး ပူးပြောတဲ့ဒကာမက ညွန့်ဝင်းဆိုတာ သိလို့ ရွှီးတာကော မဖြစ်နိုင်ဘူးလား” “ညွန့်ဝင်း အသံ၊ ပြီးတော့ ညွန့်ဝင်းက ဘယ်လက်ကလေးတစ်ဖက်က နဲနဲသိမ်နေလို့ သူ့ဟန်အတိုင်း ညာဖက်လက် နဲ့ ဘယ်လက်ကို မ- ကိုင်ထားသတဲ့၊ ညွန့်ဝင်းမှ ညွန့်ဝင်းအစစ်တဲ့ကွ”


“ ဘာလို့ မကျွတ်တာလဲလို့ မမေးဖူးလား ဆိုတော့” ။ “ မေးကြတာပေါ့ ငါ့ညီရာ၊ သူ့ယောက်ဖက သူမိန်းမနဲ့ကလေး တွေကို မစောင့်ရှောက်လို့ သူ့ကိုယ်တိုင် စိတ်မချဖြစ်ကာ စောင်ရှောင့်နေရလို့တဲ့၊ အစွဲပေါ့ကွာ ”


“ ရွာစောင့်နတ်တွေ၊ ကွင်းပိုင် နယ်ပိုင်တွေက သူ့ကို ဘာလို့ ဝင်ခွင့်ပေးရတာတုန်း။ မောင်းထုတ်ပေါ့ဗျ ဆိုတော့”


“ ရက်ကလည်း မလယ်သေး၊ ရွာစောင့်နတ်တွေ တားနေတဲ့ကြားက သူက ဇွတ်ဝင်ခဲ့တာလို့ ပြောတာဘဲ၊ ဆွမ်းသွတ်တော့ ဆင်သေသုံးကျောင်းရယ် ၊လေးဒေါင့်ကန်ကျောင်းဘုန်ကြီးရယ် ပင့်ကြတယ်၊အဲဒီ ဘုန်းကြီးတွေက မေတ္တာရပ်ခံပြီးပဗ္ဗာဇနီယကမ္မဝါစာရွတ်ကြတော့ သူ့ကို နေရာ ပေးပါတဲ့၊သူ့မှာ အခု နေစရာမရှိဘူးလို့ တောင်းဆိုသတဲ့”။


“ ကျောင်းခေါ် သွားပေါ့ဗျ” ဟု စာရေးသူက နောက်ရာ-

“ လေးဒေါင့်ကန်ကျောင်း ဘုန်းကြီးလေးက တက္ကသီလဓမ္မာစရိယဆိုတော့ ကြားဖူးနားဝရှိလို့ ပြောလိုက်သတဲ့”

“ ဘယ်လို ပြောလိုက်တာလဲ ဆိုတော့”


“ ငါတို့က ပေးပိုင်ခွင့် မရှိဘူး၊ မင်း နတ်မင်းကြီးလေးပါးဆီ သွားပြီး တောင်းချေလို့ ပြောလိုက်သတဲ့”

“ ဒါနဲ့ ကိစ္စက ပြီးသွားရောလား၊ နောက်ဘာဆက်ဖြစ်သေးတုန်း”


“ နောက်တော့ ဘာမှ မကြားရတော့ဘူးကွ၊ပဗ္ဗာဇနီယကမ္မဝါစာ အရှိန်ကြောင့် ထွတ်သွားဟန်တူပါရဲ့ကွာ” ဟု ပြောကာ စကားကို အဆုံးသတ်လိုက်၏။

စာရေးသူကတော့ စာသင်သား ကိုရင်ငယ်ဘဝ မဟာဂန္ဓာရုံကျောင်းတုန်းက“ ငရဲရှိတယ်၊ တိရစ္ဆာန်ရှိတယ်၊ ပြိတ္တာ ရှိတယ်၊ အသူရကာယ်ရှိ တယ်၊ သေရဦးမယ် သတိထား” ဆိုသော အဆုံးအမလေးကို ဖြတ်ခနဲသတိရလိုက်ပါတော့၏။

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

2011-ခု၊ မေလ- 31 --ရက်၊ အင်္ဂါနေ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP