* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, April 25, 2011

Good Friend (Part 6) - မိတ်ဆွေကောင်း (အပိုင်း ၆)


တရားစကား ပြောကြားတတ်ခြင်း

မိတ်ဆွေကောင်းမည်သည် အကျိုးရှိသော စကားကိုသာ ပြောဆို၏။ စီးပွားဥစ္စာ တိုးပွားကြောင်း ဖြစ်သည့် အနှစ်သာရှိသော စကားကို ပြောဆိုနိုင်၏။ သံသရာဝဋ်မှ ထုတ်ဆောင်နိုင်သည့် သစ္စာတရားကို ဟောပြနိုင်၏။

တရားစကား ဟောကြားတတ်သော မိတ်ဆွေကောင်းနှင့် ပေါင်းခွင့်ရခြင်းသည် ကြီးပွား ချမ်းသာကြောင်း ဖြစ်၏။ လောကီအကျိုးဖြစ်စေ လောကုတ္တရာအကျိုးဖြစ်စေ ပတ်ဝန်းကျင်၏ ထောက်ပံ့မှု မိတ်ဆွေတို့၏ ကူညီမှု ရမှသာ သိသိသာသာ တိုးပွားနိုင်၏။

ပဉ္စဝဂ္ဂီ ငါးဦးတို့မှ အစ သုဘဒ္ဒပရဗိုဇ် အဆုံး ကျွတ်တမ်းဝင်သူ အားလုံးတို့သည် ဘုရားရှင်၏ အဆုံးအမ တရားတော်များကို တိုက်ရိုက်စေ တစ်ဆင့်ဖြစ်စေ နာယူခဲ့ကြရ၏။ သာသနာတော် တစ်လျှောက်လုံး ကျွတ်တမ်း ဝင်ခဲ့သူများသည် ပရိယတ္တိဓမ္မ အကျင့်လမ်းညွှန် တရားတော်များကို နာယူခဲ့ကြရ၏။ သာသနာ မကွယ်မချင်းလည်း ကျွတ်တမ်းဝင်လိုသူများ တရားနာရပေမည်။ ပရတော­ဃောသပစ္စယဟူသော သူတစ်ပါးဟောသော တရားကို မနာရလျှင် (ရေးသောစာကို မဖတ်ရလျှင်)၊ ကျင့်နည်းမသိလျှင် ကျွတ်တမ်း မ၀င်နိုင်ပေ။

လောကုတ္တရာ တရားထူး ရရေးအတွက် သူတော်ကောင်း မိတ်ဆွေကို မှီခိုရ၏။ ဘုရားပစ္စေကဗုဒ္ဓါတို့မှ တစ်ပါး သူတော်ကောင်းတရား မနာယူရဘဲ မဂ်ဖိုလ်ရသူဟု မရှိနိုင်ပေ။

သာဝကဘာသိတ တရားတော်များသည်လည်း ဗုဒ္ဓဘာသိတ တရားတော်များ ကဲ့သို့ပင် နာယူသူကို ဒုက္ခမှ လွတ်မြောက် စေနိုင်၏။

ထို့ကြောင့် လေးနက်သော တရားစကား ဟောကြားတတ်သူကို မှီခိုဆည်းကပ်ရမည့် မိတ်ဆွေဟု ဘုရားရှင် ဟောတော်မူခဲ့၏။

မလျော်သည်ကို မတိုက်တွန်းခြင်း

မိတ်ဆွေကောင်းတို့သည် မြှောက်ထိုးပင့်ကော် လုပ်လေ့မရှိ။ မပြုသင့်သောကိစ္စ မပြောသင့်သောစကား မရှိသင့်သော အယူအဆတို့မှ တားမြစ်ပေးတတ်၏။

မလျော်သောကိစ္စကို တားမြစ်၍ အပြုသဘော ဆုံးမတတ်သော မိတ်ဆွေကောင်း၏ လက္ခဏာကို မဟာသုတသောမဇာတ်၌ အထင်အရှား တွေ့ရ၏။

မဟာသုတသောမဇာတ်

ရှေးအခါက ဗာရာဏသီမင်းသည် အမဲဟင်းမပါဘဲ ပွဲတော်မတည်ပေ။ တနေ့သော် ချက်ပြုတ်ရန် ပြင်ဆင်ထားသော အမဲသားကို ခွေးစားသွား၏။ ဥပုသ်နေ့ ဖြစ်သောကြောင့် နောက်ထပ် အမဲသား မရနိုင်တော့ပေ။ ထို့ကြောင့် စားဖိုသည်သည် သုသာန်မှ လူသားကိုယူ၍ ကောင်းမွန်စွာ ချက်ပြုတ်ကာ မင်းအား ဆက်သ၏။

ဘီလူးဖြစ်ခဲ့ဖူးသော မင်းကြီးသည် ထိုအခါမှစ၍ လူသားကို စွဲမက်သွား၏။ ထို့ကြောင့် စုံစမ်းမေးမြန်း၍ အဖြစ်မှန်ကို သိရသောအခါ လူသားကိုသာ ဆက်သရန် စားတော်ကဲအား တိတ်တဆိတ် အမိန့်ပေး၏။ စားတော်ကဲသည် နှောင်အိမ်မှ အပြစ်သားတို့ကို မင်းမိန့်ဖြင့် သတ်၍ အသားကို မင်းအတွက် ချက်ပြုတ်၏။ နှောင်အိမ်မှ လူကုန်သော် အသပြာထုပ်ကို လမ်းခရီးမှာ ချထား၍ ကောက်ယူသူကို စောင့်ဖမ်းကာ ခိုးသူဟု စွပ်စွဲ၍ သတ်၏။ အသပြာထုပ်ကို လမ်းခရီးမှာ တွေ့ရသော်လည်း မျက်ကွယ်ပြု၍ ရှောင်သွားကြသောအခါ ညသန်းခေါင်၌ လမ်းခရီးမှ စောင့်၍ အခါမဲ့ ထွက်လာသူတို့ကို ခိုးသူဟု စွပ်စွဲကာ ဖမ်းသတ်၏။

ထိုအခါ လူသတ်သမားကို ဖမ်းဆီး ဖော်ထုတ်ပါရန် ပြည်သူတို့က မင်းကြီးထံ တိုင်ကြားကြ၏။ မင်းကြီးက တာဝန်မယူသောကြောင့် စစ်သူကြီးကို လျှောက်ထားကြ၏။ စစ်သူကြီး၏ အစီအစဉ်ဖြင့် သူသတ်ကောင် စားဖိုသည်ကို ဖမ်းမိကြ၏။ စားဖိုသည်ကို စစ်မေး၍ မင်းကြီး၏ လူသားစားသော အဖြစ်ကို သိရလေ၏။

ထိုအခါ စစ်သူကြီးက မင်းကြီးကို လူသားမစားပါရန် အကြောင်း ဝတ္ထုနှင့်တကွ တားမြစ် လျှောက်ထား၏။

ရှေးအခါက မဟာသမုဒ္ဒရာ၌ ငါးတို့သည် အာနန္ဒာငါးကြီးကို မင်းအဖြစ် တင်မြှောက်၍ ငါးမင်းထံ ဝင်ထွက်ခစားကြ၏။ ထိုစဉ် ငါးမင်းသည် ငါးငယ်တစ်ကောင်ကို ရေညှိဟူသော အမှတ်ဖြင့် ဖမ်းယူစားမိ၏။ ငါး၏ အရသာကြောင့် ငါးမင်း၏ ခန္ခာကိုယ်သည် တုန်လှုပ်ချောက်ချား သွား၏။ ငါးမင်းသည် အရသာထူးသော အစာကို အန်ထုတ် ကြည့်သောအခါ ငါးအသားတစ်ကို တွေ့ရ၏။ ထိုအခါမှစ၍ ငါးမင်းသည် ဇာတ်တူသားကို တပ်မက်သွား၏။ ထို့ကြောင့် အခစားဝင်သော ငါးတို့မှနောက်ဆုံး ငါးတစ်ကောင်ကို ဖမ်းယူစားသောက် နေလေ၏။ ကာလကြာသော် ငါးတို့ ယုတ်လျော့လာ၏။ ထိုအခါ ပညာရှိ ငါးတစ်ကောင်သည် အာနန္ဒာငါးမင်းကို မသင်္ကာ၍ စောင့်ကြည့်နေရာ ငါးမင်း၏ဖောက်ပြန်မှုကို သိရ၏။ ထို အကြောင်းကို ငါးအပေါင်းအား ပြောပြသောအခါ ငါးတို့သည် ကြောက်လန့် ထွက်ပြေးကြ၏။ ငါးသား၌ တပ်မက်မိသော အာနန္ဒာ ငါးမင်းသည် ပြေးလေသော ငါးတို့ကို လိုက်ရှာ၏။

ကျောက်ဆောင်တစ်ခုကို လှည့်ပတ် ရှာဖွေစဉ် ခန္ဓာကိုယ် ကြီးမားရှည်လျားသော ငါးမင်းသည် ကျောက်ဆောင်ကို ခန္ဓာကိုယ်ဖြင့် တစ်ပတ်ပတ်မိ၍ မိမိ၏ အမြီးကို ပြန်မြင်ရ၏။ မိမိ၏ အမြီးကို တစ်ပါးသောငါးဟု ထင်၍ ဖမ်းယူစားလိုက်၏။ ပြင်းစွာသော ဝေဒနာကို ခံစားရလေသည်။ သွေးနံ့ကြောင့် ငါးတို့ စုရုံးလာကြပြီး ငါးမင်းကို ဝိုင်းအုံ စားသောက်ကြ၏။ ငါးမင်းကို အမြီးမှစ၍ စားခဲ့သော ငါးတို့သည် ဝမ်းခေါင်းတစ်လျှောက် ဝင်ကာ ဦးခေါင်းအထိ ရောက်ကြ၏။ ယူဇနာ ငါးရာရှိသော ငါးမင်း၏ ကိုယ်တွင်းသို့ ဝင်မိသော ငါးတို့သည် ပြန်မထွက်နိုင်ဘဲ သေကြရ၏။

ဤအကြောင်းဝတ္ထုကို ပြောပြ၍ လူသား မစားရန် စစ်သူကြီးက မင်းကြီးကို တားမြစ် လျှောက်ထား၏။

ထို့ပြင် အရက်ကို စွဲမက်၍ အသက်သေရသော သောတ္ထိယ အရက်သမား အကြောင်းကို ပြောပြ၍လည်း လူသားကို မစွဲမက်ရန် လျှောက်ထား၏။

ထို့ပြင် လူသားကို မစွန့်နိုင်လျှင် မင်းကြီးကို တိုင်းပြည်မှ နှင်ထုတ်မည်ဟုဆို၏။

ရှေးအခါက စိတ္တကုဋ်တောင်ဝယ် ရတနာရွှေဂူ၌ ဟင်္သာကိုးသောင်းတို့ နေ၏။ ဟင်္သာတို့သည် အတောင်ကို မိုးစို၍ မပျံသန်းနိုင်လျှင် ပျက်စီးရမည် ဖြစ်သောကြောင့် မိုးလေးလပတ်လုံး ဂူတွင်းမှာပင် နေကြ၏။ မိုးလအတွင်း၌ ကြိုတင် စုဆောင်းထားသော အစာများကို စားကြ၏။ ဟင်္သာတို့နေသော ဂူ၌ လှည်းဘီးပမာဏရှိသော ပင့်ကူတစ်ကောင် ရှိ၏။ ထိုပင့်ကူသည် ဂူဝကိုပိတ်၍ တစ်လတစ်လလျှင် တစ်လွှာတစ်လွှာသော ပင့်ကူအိမ် အမြှေးကိုဖွဲ့၏။ ပင့်ကူမျှင်သည် နွားချည်ကြိုး ပမာဏ ရှိ၏။ မိုးကျွတ်၍ ဂူမှထွက်သော ဟင်္သာတို့သည် လေးလွှာသော ပင့်ကူအိမ် အမြှေးကို ရှေးဦးစွာ ဖောက်ထွင်းရ၏။ အစာဝေစု နှစ်ခုရသော ဟင်္သာပျို တစ်ကောင်က ပင့်ကူမြှေးကို ရှေးဦးစွာ ဖောက်ထွင်း၏။ ထိုအပေါက်ဖြင့် ဟင်္သာတို့ အပြင်သို့ ထွက်ကြရ၏။

တစ်ခါသော် ငါးလကြာအောင် မိုးသည်းစွာ ရွာ၏။ ထို့ကြောင့် ဟင်္သာတို့၏ လေးလစာ စုဆောင်းထားသော အစာသည် ပြတ်သွား၏။ ထိုအခါ ဟင်္သာတို့သည် ဟင်္သာဥတို့ကိုလည်းကောင်း၊ ဟင်္သာငယ်တို့ကို လည်းကောင်း၊ ဟင်္သာအိုတို့ကိုလည်းကောင်း စားသောက်၍ အသက် ဆက်ကြ၏။ ငါးလကြာ၍ မိုးစဲသောအခါ ဂူဝ၌ဖွဲ့အပ်သော ပင့်ကူ ကွန်ယက်သည်လည်း ငါးလွှာရှိ နေ၏။

ထိုအခါ ဇာတ်တူသားစားသော ဟင်္သာတို့သည် အားနည်းနေ၏။ အစာဝေစု နှစ်ခုရသော ဟင်္သာပျိုသည် တာဝန်အရ ကွန်ယက်အမြှေးကို ဖောက်၏။ လေးလွှာသောကွန်ယက် အမြှေးကို ခွင်းနိုင်သော်လည်း ငါးခုမြောက် ပင့်ကူအိမ်၌ ငြိ၏။ ထိုအခါပင့်ကူသည် ဟင်္သာပျို၏ ဦးကောင်းကိုဖြတ်၍ သွေးကိုသောက်၏။ ဤသို့လျှင် ကွန်ယက်အလွှာကို ဖောက်တိုင်းဖောက်တိုင်း ဟင်္သာတို့ သေကြရ၏။ ထို့ကြောင့် ဇာတ်တူသား စားသော ဓတရဋ္ဌ ဟင်္သာတို့ မျိုးပြတ်၏။

ဤဇာတကဝတ္ထုဖြင့်လည်း စစ်သူကြီးက မင်းကြီးကို ဇာတ်တူဖြစ်သည့် လူသားကို မစားပါရန် တားမြစ် လျောက်ထား၏။

ဘုရားလောင်းက အတန်တန် တားမြစ်ပါသော်လည်း လူသားကို မစွန့်လွှတ်နိုင်သော မင်းကြီးသည် တိုင်းပြည်ကိုသာ စွန့်သွားလေ၏။ မင်းကြီးသည် သန်လျက်နှင့် ချက်ပြုတ်စရာ အိုးခွက်ကို ယူ၍ စားဖိုမှူး ရသကကို ခေါ်ကာ တိုင်းပြည်မှ ထွက်သွား၏။

(ဆက်ရန် . . . . .)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP