* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 9, 2011

Good Friend (Part 5) - မိတ်ဆွေကောင်း (အပိုင်း ၅)


ချစ်ခင်မြတ်နိုးအပ်ခြင်း၊ နှလုံးကိုပွားစေခြင်း

မိတ်ဆွေကောင်းမည်သည် ကိုယ်နှုတ် သိမ်မွေ့၍ စိတ်ထားလည်း နူးညံ့သောကြောင့် ချစ်ခင်မြတ်နိုးအပ်သူ ဖြစ်ပေသည်။

မိတ်ဆွေကောင်းမည်သည် သူ့ကို တွေ့မြင်လိုက်ရလျှင် ပျော်ရွှင်ချမ်းမြေ့ စေသူပင် ဖြစ်၏။ သူနှင့်တွေ့လျှင် စိတ်ချမ်းသာရသောကြောင့် တွေ့ခွင့်ဆုံခွင့် မျှော်လင့်နေရသူ ပင်ဖြစ်၏။

ဘဝါဘဝက ချဖူးသောရေစက် ပန္နက်ဖူးသော သစ္စာကြောင့် မြင်လိုက်ရသည်နှင့် ချစ်ခင် မြတ်နိုးအပ်သူများသည် အထူးမိတ်ဖွဲ့စရာ မလိုသော သူငယ်ချင်းများ ဖြစ်ကြ၏။ တစ်ခါ တွေ့လိုက်သည်နှင့် တစ်သက်တာအတွက် ယုံကြည်ရသော လက်တွဲဖော် ဖြစ်လာနိုင်၏။

ရှေးရှေးသော ဘဝအဆက်ဆက်က ပတ်သက်ခဲ့ဖူးသူကို တွေ့လိုက် သည်နှင့် မေတ္တာသက်ဝင် ချစ်ခင်တတ်ကြောင်း သာကေတဇာတ်ဖြင့် ထင်ရှားစေအပ်၏။

သာကေတဇာတ်

တစ်ခါသော် ဘုရားရှင်သည် သံဃာတော်များ ခြံရံလျက် သာကေတမြို့သို့ ဆွမ်းခံဝင်တော်မူ၏။ ထိုအခါ ပုဏ္ဏားအိုတစ်ယောက်သည် ဘုရားရှင်၏ ခြေဖမြက်တို့ကို ကိုင်၍ “ချစ်သား..... သားတို့မည်သည် မိအိုဖအိုကို လုပ်ကျွေးရ၏။ သင့်မိခင်ကို ကြည့်ရန်လိုက်ခဲ့လော့”ဟု ဆို၍ ဘုရားရှင်ကို သူ့အိမ်သို့ ပင့်သွား၏။

အိမ်ရောက်သော် ပုဏ္ဏေးမသည်လည်း ဘုရားရှင်ကို သားကဲ့သို့ ပြောဆိုဆက်ဆံ၍ ငိုကြွေး၏။ သားသမီးတို့ကိုလည်း ခေါ်၍ သင်တို့အစ်ကိုကို ရှိခိုးလော့ဟုဆိုကာ ဘုရားရှင်အား ရှိခိုးစေ၏။ ပုဏ္ဏားလင်မယားတို့သည် စိတ်အလို နှစ်သက်သောကြောင့် အလှူကြီး ပေး၏။

ဆွမ်းဘုဉ်းပေးပြီးသော ဘုရားရှင်သည် ဇရာသုတ်ကို ဟောတော်မူ၏။ ထို့နောက် “ပုဏ္ဏားလင်မယားကား ရှေးဘဝငါးရာစီ၌ ငါ၏ အမိ၊ အဘ၊ မိထွေး၊ ဘထွေး၊ မိကြီး၊ ဘကြီး ဖြစ်ခဲ့ဖူးပြီ။ ပုဏ္ဏား လင်မယားတို့၏ လက်၌ ဘဝထောင့်ငါးရာစီ ငါ ကြီးပြင်းခဲ့ရပြီ”ဟု ဘဝသုံးထောင်ကို ပြ၍ အတိတ်ဇာတ်ကို ဟောတော်မူ၏။

“ရှေးဘဝက ချစ်ခင်ကျွမ်းဝင်ဖူးသူကို တွေ့ရလျှင် မြင်မြင်ချင်း ချစ်ခင်နှစ်သက် ကြည်ညို၏”ဟု ဟောတော်မူလေသည်။

မိသားစုအတွင်း ထားရှိသော ချစ်ခင်မြတ်နိုးခြင်း၊ ဆွေမျိုးသားချင်း အပေါင်းအသင်းတို့အပေါ် ထားရှိသော ချစ်ခင်မြတ်နိုးခြင်းတို့သည် ပေမမည်၏။ တစ်ယောက်နှင့်တစ်ယေက် မခွဲနိုင် မခွာရက်ဖြစ်အောင် တုပ်နှောင်တတ်သောကြောင့် သံယောဉ်ကြိုး ဟုလည်း ခေါ်ကြသည်။

တရားကိုယ်အားဖြင့် အပါယ်ချနိုင်သည့် တဏှာလောဘပင် ဖြစ်၏။ ဂေဟဿိတပေမ တဏှာသည် သူ့ချည်းသက်သက်ဆိုလျှင် အပါယ်ချနိုင်သော်လည်း ကုသိုလ်နှင့်တွေ့လျှင် နောက်ဆုတ်ပေးရ၏ အပါယ်မချနိုင်ပေ။ ထို့ကြောင့် ကုသိုလ်မှီရာ ရှိသူသည် ချစ်ခင်မြတ်နိုးမှုကြောင့် အပါယ်မကျ။

ကျောက်တုံး ကျောက်ခဲသည် ရေမှာ နစ်မြုပ်တတ်သော်လည်း လှေသင်္ဘောတို့၌ တည်၍ ရေပေါ်မှာ မျောနိုင်သကဲ့သို့ ဖြစ်ပေသည်။

အပြန်အလှန် ချစ်ခင်မြတ်နိုးကြသူများသည် ကုသိုလ်ကောင်းမှု အထောက်အပံ့ယူ၍ အပါယ်မကျဘဲ ဘဝဆက်တိုင်း ပေါင်းဆုံနိုင် ကြ၏။

ဘဝအဆက်ဆက် အတူပေါင်းခဲ့ရသူတို့သည် အချင်းချင်း ချစ်ခင် မြတ်နိုးကြ၍ နောက်နောက်ဘဝ၌လည်း အတူဖြစ်လိုကြကြောင်း ပထမ သမဇီဝီသုတ်၌ တွေ့ရ၏။

ပထမသမဇီဝီသုတ်

ဘုရားရှင်သည် ဘေသကာဠတော၌ သီတင်းသုံးတော်မူစဉ် တစ်နေ့သ၌ နကုလပိတာမည်သော သူကြွယ်အိမ်သို့ ဆွမ်းခံကြွတော်မူ၏။

ထိုအခါ သူကြွယ်က “တပည့်တော်သည် နကုလမာတာကို ငယ်ရွယ်စဉ်ကပင် သိမ်းပိုက်ခဲ့ပါသည်။ ထိုအခါမှစ၍ အခြား တစ်ယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားဘိ စိတ်နှင့်ပင် မပြစ်မှားဖူးပါ။ နကုလမာတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင် ပါသည်။ သံသရာမှာလည်း အမြဲ မြင်လိုပါသည်။”ဟု လျှောက်ထား၏။

ထိုစကားကို ကြားလျှင် နကုလမာတာကလည်း “တပည့်တော်မသည် နကုလပိတာ၏ အိမ်သို့ ငယ်ရွယ်စဉ်ကပင် လိုက်ခဲ့ရပါသည်။ ထိုအခါမှစ၍ အခြားတစ်ယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားဘိ စိတ်နှင့်ပင် မပြစ်မှားဖူးပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲ ကြည့်နေချင်ပါသည်။ သံသရာမှာလည်း အမြဲ မြင်လိုပါသည်။”ဟု အားကျမခံ ပြန်လျှောက်၏။

ထိုသမီးခင်ပွန်းတို့ကို ဘုရားရှင်က “ယခုဘဝ၌ နှစ်ကိုယ့်တစ်စိတ် ကြည်ဖြူမြတ်နိုးကြသော ဇနီးမောင်နှံတို့သည် နောက်နောင်ဘဝ၌လည်း မကွဲမကွာ ဖြစ်လိုကြလျှင် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ တူညီကြရမည်”ဟု မိန့်တော်မူ၏။

လေးစားထိုက်ခြင်း

မိတ်ဆွေကောင်းမည်သည် သီလ၊ သမာဓိ၊ ပညာ ဂုဏ်ရှိန်ဝါ ကြီးမားသောကြောင့် လေးစားထိုက်သူပင် ဖြစ်၏။

အပေါင်းအသင်းကို ဂုဏ်ကြောင့်လည်း လေးစားအပ်၏။ ကိုယ့်ကို လေးစားသောကြောင့် သူ့ကိုပြန်၍ လေးစားရသည်လည်း ရှိ၏။ နေ့စဉ်ဘဝ လူမှုဆက်ဆံရေး၌ အပြန်အလှန် လေးစားမှုသည် အရေးပါ၏။

အပြန်အလှန် လေးစားတတ်၍ လေးစားစရာ ကောင်းသော မိတ်ဆွေများ အကြောင်းကို တိတ္တိရဇာတ်၌ တွေ့နိုင်၏။

တိတ္ထိရဇာတ်

ရှေးအခါက ခါ၊ မျောက်၊ ဆင်ဟူသော မိတ်ဆွေသုံးဦးသည် ဟိမဝန္တာအရပ်၌ ညောင်ပင်တစ်ပင်ကို အမှီပြု၍ နေကြ၏။

၎င်းတို့သည် အချင်းချင်း မရိုသေကြကုန်။ တစ်နေ့သော် ကြီးမြတ်သူကို အရိုအသေပြုရန် အချင်းချင်း သဘောတူကြ၏။ ၎င်းတို့မှီခိုရာ ညောင်ပင်ကို အမှတ်အသားပြု၍ အသက်အရွယ်ကို ဆုံးဖြတ်ကြ၏။

ဆင်သည် ငယ်စဉ်အခါက ညောင်ပင်ကို ပေါင်ဖြင့် ခွ၍ သွားဖူး၏။ ဆင် ငယ်စဉ်က ညောင်ပင်သည် အတော်အတန် ကြီးနေပြီ ဖြစ်၏။

မျောက်သည် ငယ်စဉ်အခါက ညောင်ပင်၏ အညွန့်ကို ထိုင်နေရင်း ကိုက်စားဖူး၏။ မျောက် ငယ်စဉ်အခါက ညောင်ပင်သည် ပေါက်ခါစသာ ရှိသေး၏။

ခါ ငယ်ရွယ်စဉ်က ညောင်ပင် မရှိသေးပေ။ ခါသည် အခြားအရပ်မှ ညောင်သီးကို စား၍ ထိုအရပ်၌ မစင်စွန့်၏။ ခါ၏ မစင်နှင့် ပါလာသော ညောင်စေ့သည် အပင်ပေါက်၍ ထိုညောင်ပင် ဖြစ်လာသည်။

ထို့ကြောင့် ခါသည် ပဋိသန္ဓေအားဖြင့် အကြီးဆုံးဖြစ်၍ ဆင်သည် အငယ်ဆုံးဖြစ်၏။ ထို့ကြောင့် ဆင်နှင့် မျောက်တို့က ခါကို ရိုသေ လုပ်ကျွေးကြ၏။ ထိုသတ္တဝါတို့ သေလွန်သော် နတ်ပြည်လားကြ၏။

ဆုံးမတတ်ခြင်း နှင့် ဆုံးမခံနိုင်ခြင်း

မိတ်ဆွေကောင်းမည်သည် အတွေ့အကြုံနှင့် အတွေးအခေါ် ရှိ၍ ကောင်းရာကောင်းကြောင်း လမ်းညွှန်းတတ်သူ၊ သွန်သင်ဆုံးမ တတ်သူပင် ဖြစ်၏။

မိတ်ဆွေကောင်းမည်သည် စိတ်နေသဘောထား ကြီးမားကျယ်ပြန့်သူ ဖြစ်သောကြောင့် အမှားကို ကန့်ကွက်၍ဖြစ်စေ၊ အမှန်ကို ညွှန်ပြ၍ဖြစ်စေ အကျိုးသင့် အကြောင်းသင့် ဆုံးမသည်ကိုလည်း ခံယူနိုင်သူပင် ဖြစ်၏။

အမြော်အမြင်ရှိသော ပညာရှိ သူတော်ကောင်း၏ ဆုံးမစကား တစ်ခွန်းသည် ဘဝတစ်ခုလုံးကို မြှင့်တင်ပေးနိုင်၏။ ဆုံးမတတ်ခြင်း နှင့် အဆုံးမ ခံနိုင်ခြင်းတို့သည် မိတ်ကောင်းဆွေကောင်း လက္ခဏာ ဖြစ်သကဲ့သို့ ကောင်းမြတ်သော ဆုံးမစကားသည် ကြီးပွားချမ်းသာကြောင်း ဖြစ်၏။

စူဠသေဋ္ဌိဇာတ်တော်လာ ဆင်းရဲသား တစ်ယောက်သည် ဘုရားလောင်း ပညာရှိ၏ စကားတစ်ခွန်းကြောင့် လေးလအတွင်း အသပြာနှစ်သိန်း ချမ်းသာခဲ့ဖူး၏။

စူဠသေဋ္ဌိဇာတ်

ရှေးအခါက စူဠသေဋ္ဌိမည်သော ဘုရားလောင်း သူဌေးသည် အတိတ်နိမိတ်ကို နားလည်၏။ တစ်နေ့သော် ဗာရာဏသီ မင်းကြီးထံ အခစားဝင်သော သူဌေးသည် လမ်းခရီး၌ ကြွက်သေတစ်ကောင်ကို တွေ့၏။ ထိုအခိုက် နက္ခတ်ကို တွက်ချက်၍ “ပညာရှိသူသည် ဤကြွက်သေကို အရင်းပြု၍ သားမယားကို မွေးမြူနိုင်ပါလိမ့်မည်” ဟုပြော၏။

ထိုစကားကိုကြားသော ဆင်းရဲသား တစ်ယောက်သည် ကြွက်သေကို ကောက်ယူ၍ ဈေး၌ ကြောင်စာအဖြစ် ရောင်းလိုက်ရာ အသပြာ တစ်ချင်ရွေးရ၏။

ထိုအသပြာဖြင့် တင်လဲခဲ ဝယ်ယူ၏။ ထို့နောက် တောမှပြန်လာသော ပန်းသည်တို့ကို တင်လဲ အနည်းငယ်စီ ပေး၍ ရေတိုက်၏။ ပန်းသည်တို့က သူ့ကို ပန်းတစ်ဆုပ်စီ ပေးခဲ့၏။ ထိုပန်းတို့ကိုရောင်း၍ တင်လဲဝယ်ပြန်၏။ တင်လဲနှင့် ရေအိုးတို့ကို ယူဆောင်၍ ပန်းသည်တို့ကို ရှေးနည်းအတိုင်း ပြုစု၏။ ပန်းသည်တို့က တစ်ဝက်ခူးပြီးသော ပန်းတို့ကိုပေး၏။ ထိုပန်းတို့ကို ရောင်း၏။ ဤသို့လျှင် ဆင်းရဲ သားသည် မကြာမီ အချိန်အတွင်း အသပြာ ရှစ်ကျပ်ရ၏။

လေမိုးကျသော တစ်နေ့သ၌ မင်းဥယျာဉ် အတွင်းဝယ် သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်တို့ ကြွေကျ၏။ ဆင်းရဲသားသည် ဥယျာဉ်စောင့်ကို ခွင့်တောင်းကာ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်တို့ကို ရှင်းလင်း သုတ်သင်၏။ ကစားနေကြသော ကလေးတို့ကို တင်လဲကျွေးကာ လုပ်အားပေးစေ၏။ ထင်းသစ်ရွက်တို့ကို ဥယျာဉ်တံခါးမှာ စုပုံစေ၏။ ထိုထင်းတို့ကို မင်း၏ အိုးထိန်းသည်ထံ ရောင်းလိုက်ရာ အသပြာတစ်ဆယ့် ခြောက်ကျပ်နှင့် အိုးငါးလုံးရ၏။

ဤသို့ အသပြာ နှစ်ဆယ့်လေးကျပ် ရလာ၏။ ထို့နောက် မြက်ရိတ်သမားတို့ကို မြို့တံခါးမှ ကြို၍ ရေတိုက်၏။ မြက်ရိတ် သမားတို့က ကျေးဇူးတုံ့ပြန်လိုကြ၏။ သို့သော် အချိန်မတန် သေးသောကြောင့် တားမြစ်ရ၏။

ထို့နောက် ဆင်းရဲသားသည် ကုန်းကြောင်းအမှုဆောင်သူ၊ ရေကြောင်း အမှုဆောင်သူ မင်းမှုထမ်းတို့နှင့် ရင်းနှီး၏။ ကုန်းကြောင်း အမှုဆောင်သူတို့ထံမှ မြင်းကုန်သည် ငါးရာ လာလိမ့်မည်ဟု ကြားသိရသော ဆင်းရဲသားသည် မြက်ရိတ်သမားတို့ ထံမှ မြက်တစ်စည်းစီ တောင်း၏။ ထို့ပြင် သူ့အရင်ဦး၍ မည်သူ့ကိုမျှ မြက်မရောင်းရန်လည်း တောင်းပန် ထား၏။ ထိုအခါ မြင်းကုန်သည်တို့သည် မြို့၌ မြင်းစာ မရနိုင်သောကြောင့် ဆင်းရဲသားထံမှ အသပြာ တစ်ထောင်ဖြင့် မြက်ဝယ်ရ၏။

ဤသို့စသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်ခဲ့သော ဆင်းရဲသားသည် လေးလအတွင်း မှာပင် အသပြာနှစ်သိန်း ချမ်းသာလာ၏။

ဤဇာတ်တော်၌ ဆင်းရဲသားသည် ကိုယ်တိုင်ကြိုးပမ်းမှုဖြင့် ချမ်းသာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘုရားလောင်း၏ တန်ဖိုးရှိသော စကားသည် သူ့ဘဝ ပြောင်းလဲရန် အဓိကကျသော အကြောင်းရင်းပင် ဖြစ်ပေသည်။

ဘုရားလောင်းသည် ဆင်းရဲသားကို တိုက်ရိုက်ရည်ရွယ်၍ အကြံပေး ဆုံးမခဲ့သည် မဟုတ်။ ပါးနပ်သော ဆင်းရဲသားက အခွင့်အရေးကို အရယူခဲ့ခြင်းသာ ဖြစ်ပေသည်။ တိုက်ရိုက် မဆိုသော်လည်း ပညာရှိတို့၏ စကားသည် အသုံးချတတ်သူအတွက် အသုံးကျ လှပေသည်။ ကျိုးကြောင်းပြ၍ ဆုံးမသော မိတ်ကောင်းဆွေကောင်း သူတော်ကောင်း တို့၏ စကားသည် အဘယ်မှာ အကျိုးမရှိဘဲ နေမည်နည်း။ မုချ အကျိုးရှိသည်သာတည်း။ ထို့ကြောင့် ဆုံးမစကား ပြောကြားတတ်ခြင်းကို မိတ်ဆွေကောင်း လက္ခဏာအဖြစ် ဘုရားရှင် ဟောတော်မူခဲ့ခြင်း ဖြစ်ပေသည်။

မြော်မြင်တတ်သိသူ မိတ်ဆွေကောင်းတို့က တာဝန်သိသိ ဆုံးမပါသော်လည်း ထိုဆုံးမမှုကို လက်မခံလျှင် နစ်နာပျက်စီးတတ်ကြောင်း အောက်ပါ ဇာတ်တော်များ၌ ထင်ရှား၏။

ဒုဗ္ဗစဇာတ်

ရှေးအခါက ဘုရားအလောင်းသည် လှံခုန်သော အတတ်ကို သင်ယူ၍ ဆရာနှင့်အတူ လှည့်လည်သွား၏။ ဆရာကြီးသည် လှံလေးစင်းကို ခုန်နိုင်၏။ တစ်ခါသော် ရွာငယ်တစ်ခု၌ ပညာပြ၏။ သူရာယစ်မူးနေသော ဆရာသည် လှံငါးစင်ကို ခုန်ရန် စီစဉ်၏။ ဘုရားလောင်းက လေးစင်းသာခုန်ရန် ပြော၏။ ဘုရားလောင်း၏ စကားကို နားမထောင်ဘဲ လှံငါးစင်းကိုခုန်သော လှံဆရာသည် လှံစူး၍သေရ၏။

ဝေဒဗ္ဗဇာတ်

ရှေးအခါက ဘုရားလောင်းသည် ဝေဒဗ္ဗမန္တာန်ကိုတတ်သော ပုဏ္ဏား တစ်ယောက်ထံ၌ ပညာသင်ယူ၏။ ဆရာပုဏ္ဏားသည် နက္ခတ်မွန်းတည့်ချိန်၌ ကောင်းကင်ကိုကြည့်၍ မန္တာန်ကိုရွတ်ပြီး ရတနာမိုး ရွာစေနိုင်၏။

တစ်ခါသော် အမှုကိစ္စဖြင့် စေတတိုင်းသို့သွားသော ဆရာတပည့် နှစ်ယောက်သည် လမ်းခရီး၌ ခိုးသူဖမ်းဆီးခြင်း ခံရ၏။ ခိုးသူတို့သည် တပည့်ကို လွှတ်လိုက်၏။ တပည့်သည် ဆရာကို ရွေးထုတ်ရန် ဥစ္စာသွားယူရ၏။

ဘုရားလောင်းသည် “ယနေ့ ဥစ္စာမိုး ရွာစေတတ်သော နက္ခတ်ထွန်းလိမ့်မည်။ သို့သော် မန္တာန်စွမ်း ဖြင့်ဥစ္စာမိုး မရွာပါစေနှင့်”ဟု ဆရာကို မှာကြား၍ ဆရာကို ရွေးရန် ဥစ္စာ သွားယူ၏။

သို့သော် ခိုးသူတို့လက်၌ ဆင်းရဲမနေလိုသော ဆရာသည် မန္တာန်ဖြင့် ဥစ္စာမိုးရွာစေ၍ ခိုးသူတို့ကို ဥစ္စာပေးကာ လွတ်မြောက်ခဲ့၏။

ထို ခိုးသားငါးရာတို့ကို အခြား ခိုးသားငါးရာက ဖမ်းဆီးပြန်၏။ အဖမ်းခံရသော ခိုးသားတို့က “ဥစ္စာလိုလျှင် ပုဏ္ဏားကို ဖမ်းပါ”ဟု လမ်းညွှန်၏။ ထို့ကြောင့်ပုဏ္ဏားသည် ဒုတိယအကြိမ် အဖမ်းခံရ၏။ ထိုအခါ နက္ခတ်ထွန်းရန် တစ်နှစ် စောင့်ရမည် ဖြစ်သောကြောင့် မန္တာန်စွမ်း မပြနိုင်သော ပုဏ္ဏားကို ခိုးသူတို့က အမျက်ထွက်၍ သတ်ပစ်လိုက်ကြ၏။

ထို့နောက် ခိုးသူနှစ်အုပ်စုသည် အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ကြရာ နှစ်ယောက် သာကျန်၏။ ထိုနှစ်ယောက်သည် တစ်ယောက်က ဥစ္စာကို စောင့်နေခဲ့၍ တစ်ယောက်က ရွာသို့သွား၍ ထမင်းချက်ရန် သဘောတူ၏။

ဥစ္စာစောင့်ရန် တာဝန်ကျသော ခိုးသူသည် ရွာမှပြန်လာသော ထမင်းချက်သမား ခိုးသူကို ဓားနှင့် ခုတ်သတ်လိုက်၏။

တစ်ယောက်တည်းသာ ကျန်တော့သော ခိုးသူသည် အသင့်ရှိနေသော ထမင်းထုပ်ကို စားသောက်၍ အဆိပ်သင့်သေ၏။ ထမင်းချက်သမား ခိုးသူသည်လည်း အကြံသမား ဖြစ်၏။ ထမင်းထဲ၌ အဆိပ်ထည့်ထားခဲ့သည်။ ခိုးသူအားလုံး သေကြသောအခါ ပိုင်ရှင်မဲ့ ဥစ္စာတို့သာ ကျန်ခဲ့၏။

ထိုအခါ ဆရာကိုရွေးရန် ဥစ္စာယူ၍ ပြန်လာသော ဘုရားလောင်းသည် ဥစ္စာအားလုံးကို တစ်ယောက်တည်း ရ၏။

ဤဇာတ်တော်၌ ဆရာပုဏ္ဏားသည် ဘုရားလောင်းဖြစ်သော တပည့်လိမ္မာ၏ စကားကောင်းကို မလိုက်နာသောကြောင့် သေရခြင်း ဖြစ်၏။

သင်္ခဓမဇာတ်

ဘုရားလောင်း ခရုသင်းသည်နှင့် ဖခင်တို့သည် ဗာရာဏသီပြည် နက္ခတ်သဘင်၌ ခရုသင်းမှုတ်ခြင်းဖြင့် ဥစ္စာများစွာ ရခဲ့၍ အိမ်ပြန်လာကြ၏။

အပြန်ခရီး၌ ခိုးသူရှိသော တောကို ဖြတ်ကြရ၏။ ထိုစဉ် ဘုရားလောင်းသည် ခရုသင်းကို အဆက်မပြတ် မှုတ်သော ဖခင်ကို တားမြစ်၏။ တားမြစ်မရသောကြောင့် ခရုသင်းသံကို ကြားသော ခိုးသူများ ရောက်လာပြီး ဥစ္စာများကို လုယူသွား၏။

စကားကို မလိုက်နာသူကြောင့် ဆုံးမတတ်သော ပညာရှိတို့ပါ ဘေးတွေ့ရတတ်ကြောင်း ဤဇာတ်တော်၌ ထင်ရှား၏။

ဘေရိဝါဒကဇာတ်

ရှေးအခါက ဘုရားလောင်းစည်သည်နှင့် သားဖြစ်သူတို့သည် ဗာရာဏသီပြည် နက္ခတ်သဘင်၌ စည်တီး၍ ဥစ္စာများစွာ ရခဲ့၏။ ဗာရာဏသီမှ အပြန်ခရီး၌ သားဖြစ်သူသည် စည်ကို အဆက်မပြတ် တီး၏။ ဖခင်က ခရီးသွားသော မင်း၏ စည်တော်ကဲ့သို့ နား၍နား၍ တီးရန် ဆုံးမ၏။

ခိုးသူတို့သည် စည်သံကြား၍ မင်းစည်ဟု ထင်သောကြောင့် ထွက်ပြေးကြ၏။ ထို့နောက် အဆက်မပြတ်တီးသော စည်ကား မင်းစည်မဖြစ်နိုင်ဟု ဆင်ခြင်၍ ပြန်လာကြ၏။ စုံစမ်းသောအခါ စည်သည်သားအဖကို တွေ့၍ ထိုသားအဖ၏ ဥစ္စာတို့ကို လုယူလိုက်ကြ၏။

ဤဇာတ်တော်၌လည်း စကားနားမထောင် သူနှင့်အတူ ဆုံးမတတ်သူပါ ဘေးတွေ့ရလေ၏။

ထို့ကြောင့် ဆုံးမတတ်ခြင်းသည် မိတ်ဆွေကောင်း၏ ဂုဏ်အင်္ဂါ ဖြစ်သကဲ့သို့ ဆုံးမစကားကို လိုက်နာခြင်းသည်လည်း မိတ်ဆွေကောင်း လက္ခဏာပင် ဖြစ်ကြောင်း ဘုရားရှင် ဟောတော်မူ၏။

(ဆက်ရန် . . . . .)
2 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP