* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, April 14, 2011

လင်္ကာဒီပသို့ တစ်ခေါက်(၂)

မဟိန္ဒလေတောင်၊စေတီယတောင်၊မိဿကတောင်
မဟိန္ဒလေ့တောင်ကို သမိုင်းမှတ်တမ်းများမှာ ဖတ်ရှုခဲ့ရတဲ့အတွက် စာရေးသူ အလွန်စိတ်ဝင်စားတဲ့နေရာလဲဖြစ်သလို အရောက်ခြင်ဆုံးနေရာတစ်ခုလဲဖြစ်ပါ တယ်။ ထိုတောင်ကို အရှင်မြတ်မဟိန္ဒမထေရ်ရဲ့နာမည်ကိုအစွဲပြုပြီး မဟိန္ဒလေတောင်လို့လဲခေါ်သလို မိဿကတောင်၊ စေတီယတောင်လို့လဲခေါ်ပါသေးတယ်။ မိဿကတောင်ဟာ ရှေးသူတော်ကောင်း သူမြတ်လောင်းများ သီတင်းသုံးခဲ့တဲ့နေရာဖြစ်တယ်ဆိုတာကို သမိုင်းမှတ်တမ်းများမှာ အထင်အရှားမှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။
မနက်လင်းတဲ့အခါမှာ စာရေးသူတို့အဖွဲ့ဟာ အနုရာဓမြို့ကနေ အရှေ့မြောက်စူးစူးဖက်ကို ထွက်ခွာလာခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် ရာသီဥတုလဲ သာယာမျှတတဲ့အပြင် စိမ်းလန်းစိုပြေတဲ့သစ်ပင်များဖြင့် ဘယ်ကိုပဲကြည့်ကြည့် မျက်စိအေးပြီး စိတ်ချမ်းသာလှပါတယ်။ ဒါကြောင့်လဲ ရှေးခေတ် သံဃာတော်များ သီတင်းသုံးပျော်မွေ့နေနိုင်တော်မူကြတာပဲလို့ အတွေးနယ်ချဲ့နေမိသူက စာရေးသူပါ။ မကြာမီမှာပဲ မဟိန္ဒလေ့တောင်ခြေသို့ဝင်ရာ ကတ္တရာလမ်းလေးအတိုင်းကားဖြင့် လာခဲ့ကြရာ မဟိန္ဒလေ့တောင်ခြေသို့ ရောက်ခဲ့ပါတယ်။
ထိုမဟိန္ဒလေ့တောင်ဟာ အနုရာဓမြို့ရဲ့ အရှေ့မြောက် အရပ် ရှစ်မိုင်ခန့်တွင် တည်ရှိပါတယ်။ မဟိန္ဒလေ့တောင်ခြေ၀န်းကျင်မှာ ကျောက်ပြား၊ကျောက်ချပ်၊ ကျောက်တိုင်၊ ကျောက်ခွက်ကြီးများ၊ ကျောက်ရေစယောက် အကျိုးအပဲ့များ ဟိုနားဒီနား ပြန့်ကျဲနေတာကို မြင်ရပါတယ်။
သမိုင်းစာပေများကို ဖတ်ထားရတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်ကာလ အတိတ်ဆီက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာများကို ထင်ဟပ်ပေါ်လွင်လာသလို ခံစားမိပါတယ်။ ပြန့်ကျဲနေတဲ့ အကျိုးအပဲ့အထောက်အထားများကိုကြည့်ပြီး သဘာဝတရားကိုမလွန်ဆန်နိုင်တဲ့ အဖြစ်ကို သတိထားမိလို့ သံဝေဂရမိသလို မနေ့တစ်နေ့ကမှ ဖြစ်ခဲ့သလိုမျိုးလဲ စိတ်ထဲ ခံစားမိပါတယ်။
ဒီလိုနဲ့ မဟိန္ဒလေ့တောင်ခြေရှိ ကျောင်းတော်ရာဟောင်းကို ပထမ သွားရောက်လေ့လာခဲ့ကြပါတယ်။ ကျောင်းတော်ရာဟောင်းကား ကျောက်သားများဖြင့်သာ ဆောက်လုပ်ထားတဲ့ ကျောင်းတော်ဖြစ်တယ်။ ထိုကျောင်းအနီးမှာ(DANA SALAWA) အလှူလုပ်ကြတဲ့ဇရပ် လို့ ဆိုင်းဘုတ်မှာရေးထားတာကိုတော့ တွေ့ခဲ့ရတယ်။
ကျောင်းတော်ရာရဲ့အရှေ့မျက်နှာစာမှာတော့ အလျား (၃၅)ပေရှည်တဲ့ ကျောက်ခွက်ကြီးတစ်ခုရှိပါတယ်။ ယခုတိုင် မပျက်မစီးပဲ တည်ရှိနေပါတယ်။ ကျောက်ခွက်ကြီးမှာ ရဟန်းတော်များ ဆွမ်းခံပြန်ရာတွင် ဆွမ်း၊ဆွမ်းဟင်းများကို စုပေါင်းထည့်ကြတဲ့ ကျောက်ခွက်ကြီးဖြစ်တယ်။ ထိုစဉ်က မဟိန္ဒလေ့တောင်နဲ့ဝန်းကျင်တွင် တရားအားထုတ်ကာ သီတင်းသုံးနေထိုင်တော်မူကြတဲ့ သံဃာတော်များအရေအတွက်မှာ နှစ်ထောင်လောက်ရှိတယ်လို့သိရပါတယ်။ ဆွမ်း-ဆွမ်းဟင်းများ ပေါင်းထည့်တဲ့ ကျောက်ခွက် ကြီးပမာဏနဲ့ဆိုရင် ဖြစ်နိုင်ခြေရှိတယ်လို့ဆိုရမယ်။ ဒီယနေ့ခေတ်မြန်မာနိုင်ငံမှာ သံဃာတော်အပါးရေနှစ်ထောင်လောက်ကို တစ်နေရာတည်းမှာ ဖူးမြင်ရဖို့ရာ မလွယ်ကူပေမဲ့ ထိုခေတ်အခါက သံဃာတော်အပါးနှစ်ထောင်လောက်ကို ဒီမဟိန္ဒလေ့တောင်မှာ ဖူးမျှော်ကြရတာ ဟာ သီဟိုဠ်နိုင်ငံသားများအဖို့ ကံအကောင်းဆုံး လို့ ဆိုရမယ်။
ပြီးတေတော့ ကျောင်းတော်ရာဟောင်းမှာ ဆွမ်းပေါင်းထည့်တဲ့ကျောက်ခွက်ကြီးရဲ့ နံဘေးမှာ ကျောက်ခွက်ငယ်တစ်ခုကို တွေ့ရပါသေးတယ်။ သူကတော့ သစ်သီးမျိုးစုံအရည်များ ပေါင်းထည့်ကာ ဖျော်ရည်ပြုလုပ်တဲ့ ကျောက်ခွက်ဖြစ်တယ်လို့ သိရပါတယ်။ သံဃာတော်များဆွမ်းဘုဉ်းပေးပြီး တဲ့အခါ အချိုဖျော်ရည်များသုံးဆောင်နိုင်ဖို့အတွက် ပြုလုပ်ထားဟန်တူပါတယ်။ ကျောင်းတော်ရာရဲ့ နံဘေးတွေမှာတော့ ကျောက်တိုင်များ ဟိုတစ်ခု ဒီခု ရှိနေပါသေးတယ်။ ညာဖက်နံဘေးမှာတော့ သံဃာတော်များ ရေသုံးဆောင်နိုင်ဖို့အတွက် ကျောက်ရေစယောက်ကြီးတစ်ခုကိုလဲ တွေ့ခဲ့ရပါ တယ်။
ကျောင်းတော်ရာရဲ့ ဘယ်ဘက်အနားမှာတော့ ကျောက်ပြားကြီးနှစ်ချပ်ကို ချောမွတ်နေအောင်ပြုလုပ်ထားပြီး ထိုကျောက်ချပ်ကြီးမှာ သီဟိုဠ်ဘာသာနဲ့ စာများရေးသားထားတာကို တွေ့ရပါတယ်။ ဂိုက်အဖြစ်လိုက်ပါလာသူ သီရိလင်္ကာနိုင်ငံသားအား မေးကြည့်ရာ ဒီအထဲကစာတွေ က ရဟန်းတော်များ လိုက်နာရမဲ့ဝိနည်းစည်းကမ်းများကို ရေးသားထားတာပါ လို့ ပြောပါတယ်။ ဒီကျောက်ချပ်ကြီးရဲ့ နံဘေးမှာတော့ ကျောင်းဆောင်ငယ်တစ်ခုရဲ့အလယ်မှာ ပလ္လင်တစ်ခုကို တွေ့ခဲ့ရပါတယ်။ ဒါကတော့ ရဟန်းတော်များ တရားအားထုတ်ပြီး ဆရာရှေ့မှောက်မှာ တရားဆွေးနွေးကြတဲ့နေရာတစ်ခုဖြစ်တယ်လို့လဲ သိခဲ့ရပါတယ်။
မဟိန္ဒလေတောင်ခြေမှာ သံဃာတော်များ ရေချိုးတော်မူရာ ကျောက်ရေကန်ကြီးနဲ့ ကျောက်ရေစယောက်ကြီးများကိုလဲ ယနေ့တိုင် ထင်ရှား တွေ့နေရပါတယ်။ ဒါ့အပြင် တောင်ခြေမှာ ရဟန်းတော်များ သီတင်းသုံးရာကျောင်းလေးများဟာ ဟိုနားတစ်ဆောင် ဒီနားတစ်ဆောင် ပြန့်ကြဲနေတာကို မြင်တွေ့ခဲ့ရပါတယ်။ တစ်ခေတ်တစ်ခါက သံဃာတော်များ တရားအားထုတ်ကာ နေထိုင်သီတင်းသုံးခဲ့သဖြင့် သင်္ကန်းရောင်တ၀င်းဝင်းဖြင့် စည်ပင်ခဲ့မှာပါ။ အခုအချိန်မှာတော့ သဘာဝတရားကို မလွန်ဆန်နိင်သဖြင့် ကျောက်ဖြင့်ပြုလုပ်တဲ့ကျောင်းများပင် ပျောက်ခဲ့ရပါပကော။ သံဝေဂယူဖွယ်တရပ်လဲ ဖြစ်နေပါတော့တယ်။
မဟိန္ဒလေတောင်ရဲ့ပတ်ပတ်လည်မှာ ရဟန်းတော်များ သီတင်းသုံးရာ ဂူပေါင်း(၆၆)ဂူ ရှိတယ်လို့ ဂိုက်အဖြစ်ပါလာသူက ပြောပြလို့သိရပါတယ်။ ထိုဂူများကိုလဲ ပီယာနံဒေ၀တိဿမင်းက ဆောင်တန်းလှေခါးနဲ့အတူ ပြုလုပ်လှူဒါန်းထားတယ်လို့လဲ သိခဲ့ရပါတယ်။ ကိုလံဘိုတွင် စာသင်နေသူ ဦးဥတ္တမ၊ ဦးဓမ္မသာမိတို့ရဲ့ ဦးဆောင်မှုဖြင့် တောင်ခြေကနေ စောင်းတန်းလှေခါးအတိုင်း တောင်ပေါ်သို့ တက်လာခဲ့ကြပါ တယ်။ စောင်းတန်းလှေခါးများမှာ ကျောက်သားပကတိဖြင့် ပြုလုပ်ထားပြီး လှေခါးထစ်ပေါင်း (၁၈၄၀)ရှိပါတယ်။ စောင်းတန်းနံဘေး တစ်ဖက်တစ်ချက်မှာ တရုတ်စကားပန်းပင်တွေ အစီအရီစိုက်ပျိုးထားပါတယ်။ လှေခါးထစ်များစွာနဲ့ စောင်းတန်းကြီးဟာ ဒေ၀ါနံပီယတိဿမင်း လှူဒါန်းထားတဲ့ ကောင်းမှုတော်ပဲဖြစ်ပါတယ်။ ထိုစောင်းတန်းကြီးကို မြင်ရတော့ စိတ်ထဲ လွမ်းမောဖွယ် ဆွေးမြေ့ဖွယ် ခံစားခဲ့ရပါတယ်။ ဘာကြောင့်ရယ်လို့တော့ မသိ။
စောင်းတန်းကောင်းမှုရှင် ဒေ၀ါနံပီယတိဿမင်းဟာ သီဟိုဠ်နိုင်ငံမြို့တော် အနုရာဓ မြို့မှာ နန်စံတော်မူတဲ့ သာသနာပြုမင်းကောင်းမင်းမြတ်ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထင်ရှားအောင် ရေးရမယ်ဆိုပါရင်…
အိန္ဒိယနိုင်ငံ ပါဋလိပုတ်တွင် တတိယသင်္ဂါယနာတင်အပြီး သီဟိုနိုင်ငံကို သာသနာပြုစေလွတ်ခံရသူကား အသောကမင်းရဲ့သားတော် မဟိန္ဒမထေရ် ဖြစ်တယ်။ မဟိန္ဒမထေရ်ဟာ နောက်ပါ သုမဏသာမဏေ၊ရဟန်းတော်ငါးပါး၊ဘဏ္ဍုကဥပါသကာတို့နဲ့အတူ သီဟိုဠ်နိုင်ငံ၊ မဟိန္ဒလေတောင်ပေါ်သို့ သာသနာတော်နှစ်(၂၃၆)ခုနှစ်၊နယုန်လပြည့်နေ့မှာ ရောက်ရှိတော်မူခဲ့ပါတယ်။ မဟိန္ဒမထေရ်တို့ သာသနာပြုအဖွဲ့စတင်ခြေချခဲ့တဲ့နေရာကို “ထေရမ္ဗတ္ထ” ကုန်းတော်လို့ အမည်တွင်ခဲ့တယ်၊ ဆိုလိုတာကတော့ သရက်ပင်ရှိတဲ့ သရက်ကုန်း လို့ပြော တာပါ။ မဟိန္ဒမထေရ်တို့ ရောက်ရှိခဲ့တဲ့ နယုန်လပြည့်နေ့မှာပဲ အကြောင်းအရာ လေးခု အထင်အရှားဖြစ်ခဲ့ပါတယ်။
(က) ထိုနေ့မှာပဲ တောင်ပေါ်တွင် တောကစားထွက်လာတဲ့ ဒေ၀ါနံပီယတိဿမင်းနဲ့ ဆုံမိကြကာ မဟိန္ဒမထေရ်က ထိုမင်းနဲ့အတူပါလာသူ မင်းချင်းတို့အား “စူဠဟတ္ထိပဒေါပမသုတ္တန်” ကိုဟောကြားတော်မူလိုက်တယ်ဆိုရင်ပဲ ဒေ၀ါနံပီယတိဿမင်းနဲ့အတူ မင်းချင်းလေးသောင်းတို့ဟာ သရဏဂုံတည်သူများဖြစ်ခဲ့ကြပြီး ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ကြာပါတယ်။
(ခ) ထိုနေ့ညချမ်းအချိန်မှာ အတူပါလာတဲ့ ဘဏ္ဍုကဥပါသကာကို ရဟန်းပြုပေးခြင်းဖြင့် သီဟိုဠ်ကျွန်းရဲ့ပထမဦးဆုံး ရဟန်းတော်ဖြစ်လာ ပါတယ်။ထိုစဉ်က ဘဏ္ဍုကဥပါသကာဟာ အနာဂါမ်တည်ပြီးဖြစ်တယ် လို့ ကျမ်းလာအရသိရပါတယ်။
(ဂ) ဘဏ္ဍုကအားရဟန်းခံပေးပြီးတဲ့အခါ မဟိန္ဒလေတောင်ရဲ့ဝန်းကျင်မှာရှိတဲ့ နတ်များအား တရားဟောကြားတော်မူမှာဖြစ်တဲ့အတွက် အတူပါလာသူ တူတော်မောင်(ညီမတော်သင်္ဃမိတ္တာရဲ့သား) သုမနသာမဏေကို တရားနာလာကြဖို့ရန် ဖိတ်ခေါ်ခိုင်းသဖြင့် သုမနသာမဏေက “ဘယ်အထိ ကြားအောင် ကြွေးကြော်ရမလဲဘုရား” လို့ မေးရာ၊ မထေရ်က သီဟိုဠ်ကျွန်းတစ်ကျွန်းလုံး ကြွေးကြော်ရမယ်လို့ မိန့်တော်မူတဲ့ အတွက် သုမနသာမဏေဟာ သီဟိုဠ်တစ်ကျွန်းလုံးကို ကြားနိုင်အောင်လို့ စတုတ္ထဈာန် ဣန္ဓိပါဒ်ဝင်စားကာ “သမန္တာ စက္က၀ါဠေသု” အစချီတဲ့ဂါထာတို့ဖြင့်တောင်ထွဋ်ပေါ်ကနေ ကြွေးကြော်လိုက်ပါတယ်။ ထိုအသံကို နန်းတော်ပြန်ခဲ့တဲ့ ဒေ၀ါနံပီယတိဿမင်းကြားတော့ “ဘာအသံကြီးပါလိမ့် အရှင်မြတ်များ ဘေးအန္တရာယ်ကြုံနေရပြီထင်တယ်” လို့မှတ်ထင်ပြီး မင်းချင်းများအား အထောက်တော်လွတ် ခဲ့ရသေးတယ်လို့ဆိုတယ်။ မဟိန္ဒလေ့တောင်နဲ့အနုရာဓဟာ ရှစ်မိုင်ခန့်ဝေးတယ်။ယခုအချိန်တိုင်ထိ မဟိန္ဒလေ့တောင်ပေါ်တွင် သုမနသာမဏေ တရားနာဖိတ်ကြားရာ “သုမနတောင်ထွဋ်” ဆိုပြီး အထင်အရှားရှိပါတယ်။
သီဟိုဠ်ကျွန်းရှိနတ်ဗြဟ္မာများကလဲ ကြားရသမျှကို အထက်ဘ၀ဂ်တိုင်အောင် အဆင့်အဆင့်ကြွေးကြော်ကြရာ ထိုစဉ်က တရားနာလာကြတဲ့ နတ်ဗြဟ္မာများဟာ မရေမတွက်နိုင်အောင်ပဲ များလွန်းလှတယ်လို့ဆိုပါတယ်။
(ဃ) ထိုနေ့ညချမ်းအချိန်မှာ မဟိန္ဒမထေရ်က နတ်ဗြဟ္မာများအား အဂ္ဂင်္ုတ္တရ၊ဒုကနိပါတ်လာ “သမစိတ္တ၀ဂ်”ကိုဟောတော်မူရာ တရားထူးရကြတဲ့ နတ်ဗြဟ္မာများဟာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ ဒီတုန်းက နတ်နဂါးတွေတောင်မှ သရဏဂုံတည်ကြတယ်လို့ ဆိုပါတယ်။ (ဘုရားရှင်လက်ထက် အရှင်သာရိပုတ္တရာလဲ ဒီသုတ္တန်ကိုဟောခဲ့လို့ ဒီလိုမျိုးပဲဖြစ်ခဲ့ဖူးပါ တယ်)
မဟိန္ဒမထေရ် သီဟိုဠ်သို့ စတင်ရောက်တဲ့နေ့မှာပင်လျှင် အထက်ဖေါ်ပြပါအတိုင်း အချက်လေးချက်အထင်အရှားဖြစ်ပြီး၊ လူအများ၊နတ်ဗြဟ္မာများ မရေမတွက်နိုင်အောင် တရားထူးရကြတဲ့အပြင် အချို့မှာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ် ကူးပြောင်းခဲ့ပါတယ်။ ဒါကြောင့်လဲ မဟိန္ဒမထေရ် သာသနာပြုတော်မူရာ တောင်ကို မဟိန္ဒလေတောင် လို့ အခုအချိန်အထိ နာမည်တွင်ကျန်ရစ်ခဲ့ပါတယ်။
(အကျယ်သိချင်ရင် ဓမ္မာစရိယဦးဌေးလှိုင်ရေးတဲ့ သီဟိုဠ်ခေတ်စံတော်ဝင်အရိယာများ)စာအုပ်ကို ရှာဖွေဖတ်ရှုနိုင်ပါတယ်)။
စာရေးသူတို့လဲ သုမနတောင်ထွဋ်ကို တက်ချင်တဲ့ဆန္ဒကြောင့် တက်ခဲ့ပါတယ်။ တောင်ထွဋ်ပေါ်တွင် လေတိုက်လွန်းသဖြင့် သတိထားကာ တက်ခဲ့ရပါသေးတယ်။ တောင်ထွဋ်ပေါ် အကျယ်အ၀န်းမှာ လူဆယ်ငါးယောက်လောက်ထိုင်လောက်တဲ့နေရာအကျယ်ရှိတာကို တွေ့ရပါတယ်။ တောင်ထွဋ်ကနေ အရှေ့မြောက်ဘက်မှာ မဟိန္ဒလေ့စေတီတော်ကြီးကို ထုံးသင်္ကန်းဖွေးဖွေးဖြင့် ဖူးမျှော်ရပါတယ်။ ဒီမှာ ထူးခြားချက် တစ်ခုတွေ့ခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ မြို့နယ်အရပ်ရပ်မှာရှိတဲ့ စေတီပုထိုးများဟာ ထုံးသင်္ကန်းကပ်ကြတာကိုပဲ ဖူးမြင် ကြရပါတယ်။မြန်မာပြည်မှာလို ရွှေသင်္ကန်းကပ်လေ့မရှိကြပါ။
မဟိန္ဒလေတောင်ပေါ်မှ အနောက်ဖက်ကို ဆင်ခြေလျှောအတိုင်းဆင်းသွားတဲ့အခါမှာတော့ မဟိန္ဒမထေရ် သီတင်းသုံးတော်မူခဲ့တဲ့ ကျောက်လှိုင်ဂူကို ရောက်ခဲ့ပါတယ်။ ကျောက်လှိုဏ်ဂူရဲ့အနေအထားကား ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ကျောက်တုံကြီး နှစ်တုံးက ထပ်အုပ်မိုးထားတဲ့ပုံသဏ္ဍာန်ဖြစ်လို့ သီတင်းသုံးရာနေရာဟာ လှိုဏ်ဂူလိုလိုဖြစ်နေတာပါ။ ထိုနေရာကနေ နံဘေးဘက်ကို မျှော်ကြည့်လိုက်တဲ့အခါ ကြည်နူးဖွယ်ရာ တောတောင်တို့သဘာဝရှုခင်းကို တမျှော်တခေါ်ကြီး မြင်ရတဲ့အတွက် စိတ်ကြည်နူးငြိမ်းချမ်းလှပါတယ်။ အော်….ရှေးကသူတော်ကောင်း သူမြတ်လောင်းများ နေထိုင်သီတင်းသုံးခဲ့တဲ့နေရာဟာ နှစ်ပေါင်းနှစ်ထောင်ကျော်ကာလ အချိန်ကြာညောင်းခဲ့ပေမဲ့ ယခုတိုင်ထိ ငြိမ်းချမ်းမှုကို ဖေါ်ဆောင်နေဆဲပါပဲလား။
မဟိန္ဒမထေရ်အရှင်သူမြတ် နေထိုင်သီတင်းသုံးတော်မူရာကနေ တောင်ပေါ်ပြန်တက်လာတဲ့အခါ တောင်ထိပ်ပေါ် ရင်ပြင်ကျယ်ကြီးရဲ့ အလယ်ဗဟိုမှာ စေတီလေးတစ်ဆူ ကိုဖူးမြင်ရပါတယ်။ မဟိန္ဒမထေရ်ရဲ့ ဓါတ်တော်များကို ဌာပနာထားတော်မူရာ “အမ္ဗတ္ထလစေတီ” လို့ခေါ်ပါတယ်။ဒေ၀ါနံပီယတိဿမင်းကြီးက အရှင်မြတ်ရဲ့ဓါတ်တော်များအနက် တစ်ဝက်တိတိကို ဒီ အမ္ဗတ္ထလစေတီ မှာ ဌာပနာထားခဲ့ပြီး၊ ကျန်တဲ့ဓါတ်တော် တစ်ဝက်ကိုတော့ အနုရာဓနေပြည်တော်မှ စေတီပုထိုးများမှာ ဌာပနာထားတယ်လို့ သိရပါတယ်။ ထို အမ္ဗတ္ထလ စေတီရဲ့မနီးမဝေး တောင်ထိပ်မှာတော့ ဥာဏ်တော် မြင့်မားလှတဲ့ အမ္ဗတ္ထလပုံတူစေတီကြီး တစ်ဆူကိုလဲ ကြည်ညိုဖွယ်ရာ ဖူးမြင်ကြရပါတယ်။

အပြည့်အစုံသို့ »

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP