* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 2, 2011

သင်္ကြန် မှာ …..သင်ကျန်မနေအောင်

နှစ်ဟောင်းကုန်ပျောက်လို့နှစ်သစ်ဆီသို့ ရောက်လာပီဆိုရင်နှစ်ဦးကို ရွှင်မြူးစွာကြိုဆိုတဲ့ နှစ်သစ်ကူးပွဲတော်တွေကို ကျင်းပလေ့ရှိတဲ့အထဲမှာ မြန်မာတို့လဲပါဝင်ပါတယ်၊ ကမ္ဘာပေါ်ရှိ လူမျိုးနဲ့ နိုင်ငံတိုင်းဟာ မိမိတို့ကိုယ်ပိုင်ရိုးရိုရာနဲ့ ယဉ်ကျေးမှု့ ဓလေ့ထုံးစံအတိုင်း လက်ခံအသုံးပြုတဲ့ သက္ကရာစ်ကွဲချင်ကွဲပါမယ် ၊ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပလေ့ရှိတတ်တာတော့ သေချာနေပါတယ်။

ခုလဲပဲ မြူးကြွပြီး အထူးရသပေးစွမ်းနိုင်တဲ့ သင်္ကြန်သီးချင်းသံများက လေထဲမှာ လွင့်ပျံ့လာမှု့နဲ့အတူ သင်္ကြန်ကိုကြိုတဲ့မိုးစက်ငယ်တို့ရဲ့ မြေထက်မှာ ကြွေသက်လာဟန်တွေက သင်္ကြန်ကို ပြန်အမှတ်ရစေပြန်တယ်၊ ဒီတော့လဲ နှစ်တနှစ်ကုန်ပျောက်လို့ နှစ်သစ်တခုတောင်မှ ရောက်တော့မှာပါလားဆိုတဲ့ အတွေးနဲ့ အတူ မြန်မာတို့ရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ သင်္ကြန်ကိုလဲ အာရုံပြုမိလိုက်ပြန်ပါတော့တယ်။


ဝေးခဲ့တာကြာ ဒီအခါ


``ခါသုံးကောင် တကောင်အမိဖမ်း `` တဲ့ ၊ ရှေးက ထားခဲ့တဲ့ လူကြီးသူမတို့ရဲ့စကား ပေါ့… မြန်မာနိုင်ငံမှာ သင်္ကြန်၊၀ါဆို၊သီတင်းကျွတ်အခါရယ်လို့ ရက်မြတ်မဟာအခါကြီး သုံးခုရှိပါတယ် ၊ အဒီ အခါနေ့ရက်များ ရောက်လာပြီဆိုရင် မိမိတို့နဲ့နီးစပ်ရာ ကျောင်းကန် ဘုရားများဆီသို့ အရောက်သွားပြီးဒါန၊ သီလ၊ ဘာဝနာထဲမှ အားသန်ရာအမှု့တွေကို သူ့ထက်ငါ အလုအယက် ပြုလုပ်အားထုတ်လေ့ရှိပုံတွေက ဘယ်နိုင်ငံရဲ့ ယဉ်ကျေးမှု့နဲ့မှ မတူတဲ့ယဉ်ကျေးမှု့တခုလို့ထင်ပါတယ်။ စတုဒိသာလှူဒါန်းသူ၊ သီတင်းသီလ စောင့်ထိန်းသူ၊တရားဘာဝနာကို ဟော၊နာ၊ကျင့်ကြံသူတွေနဲ့ နာမည်ကြီး တန်ခိုးကြီး ဘုရားတိုင်းမှာ တိုးမပေါက်အောင်လဲ စည်ကားမြဲဖြစ်ပါတယ် ၊အဲဒီအခါသုံးမျိုးထဲက လူမျိုးဘာသာ ပုဂ္ဂိုလ်ကြီးငယ်မရွေး အမြဲတောင့်တ သတိရပျော်ရွှင်လေ့ရှိတဲ့အခါကို ပြပါဆိုရင် သင်္ကြန်အခါ ကို ပြရမယ်လို့ ထင်ပါတယ်၊ ခုတော့လဲ ဒီအခါတွေဟာ စာရေးသူနဲ့ဝေးခဲ့တာ ကြာခဲ့ပါပြီ….


လွမ်းမောမိသည် ကိုယ့်ဋ္ဌာနီ


အော် ဘာလိုလိုနဲ့ နာရီတိုက်စား ရာသီများရဲ့အောက်မှာ တနှစ်ကုန် တနှစ်ကူးတဲ့ လတခူးတောင် ရာက်လာပြန်ပြီပေါ့၊ မုတ်သုန်လေညှင်း တိုက်ခတ်ခြင်းနဲ့အတူ မိုးပေါက်မိုးစက်တို့လဲ မြေထက်မှာ ကြွေသက်စပြုလာတာတွေ့ရတော့ မကြာမီ နွေဦးရာသီရောက်တော့မှာပါလားလို့ တွေးမိလိုက်ပါတယ်.။

ဇာတိဋ္ဌာနေ မြန်မာပြည်မှာတော့ ဆောင်းကုန်လို့ နွေကိုကူးဖို့ လေရူးတသုန်သုန် မြူးတဲ့အချိန်လို့ အောက်မေ့မိတယ် ၊ ဥသြငှက်ငယ်လေးတွေရဲ့ နွေးကြိုတေးသံနဲ့ရယ်…၀ဿန်ဦးမို့ ပွင့်ဖူးလာကြဦးမယ့် ပန်းလေးတွေရဲ့အလှတွေရယ်က ဒီတခူးလကို သာယာလှပအောင် အလှဆင်နေကြတော့မယ်ထင်ပါရဲ့လေ ၊ နှစ်သစ်ကိုကြိုဖို့ ပွင့်လာသလားပင် ထင်ရလောက်တဲ့ ပိတောက်ပန်းရနံ့လေးတွေကလဲ လေထဲမှာ သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်စ ပြုလောက်ရောပေါ့လို့ တွေးသိ ခံစားရပါတယ်၊

မြေပျော့လျှင် ခြေရာထင်သကဲ့သို့ စိတ်ထားနုလို့များ လွမ်းစိတ်ဝင်မိသလားပင် မသိပါဘူး ၊ နှလုံးသားဓါတ်ခံနုသူတို့အဖို့မှာတော့ ပျော်စရာတွေကပင် လွမ်းစရာတခုအသွင် ဖြစ်ပေါ်ခံစားတတ်တာလဲ ဓမ္မတာပဲ ထင်ပါရဲ့နော် ၊ ခုလဲပဲ သင်္ကြန်တေးသံစုံကို နားယံမှာ ကြားရပြန်တော့လဲ ရင်ထဲတမျိုး နေရတာဆိုးသလိုပဲပေါ့..ဘယ်ကိုတမ်းတ သတိရမိတယ်လို့ အမည်မဖေါ်ပြနိုင်ပေမဲ့ ကျော်ဖြတ်ခဲ့ရပီးသော သင်္ကြန်ပေါင်းများစွာကိုပင် ထင်ပါရဲ့နော် ၊

ခုတလော အင်တာနက်သတင်းတွေဖတ်တဲ့အခါမှာလည်း မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော် ဆိုင်ရာ သတင်းလွှာတွေ ဖတ်နေရတယ်၊ တချို့ကလဲ ပျော်ပွဲရွှင်ပွဲတွေကျင်းပဖို့ဖြစ်သလို တေးသီချင်း ဗီဒီယို အကအလှကြောငြာတွေပါပဲ ၊တချို့ကြတောလဲ့ အဲဒီသင်္ကြန်အခါ ရက်မြတ်မဟာမှာ သာသနာဘောင်ဝင်ကြပီး ဘ၀အနှစ်သာရ ထုတ်ယူကြမည့်အကြောင်း သတင်းကောင်းတွေပါ့၊ .ဒါနဆိုတဲ့ မြေပေါ်မှာ.. သီလ.. တိုင်ထူကာ ဘာဝနာနဲ့ ခေါင်အုပ်ကြပီး ခေါင်ချုပ်အလုပ်လုပ်ကြမဲ့သူတွေကလဲ ဒီရက်မြတ်အခါကို မျှော်လင့်အားခဲနေကြဟန်တူပါရဲ့လေ..

ထို့အတူ လူငယ်မောင်မယ်တို့မှာလဲပဲ တီးလို့ဆိုဖို့ ကဖို့လှဖို့အတွက် ၀ါသနာတူရာ စုစည်းခါဖြင့် အကတွေ တိုက်ကြ အဆိုတွေကျင့်ကြနဲ့ သင်္ကြန်ကို အပျော်ဖြင့် မျှော်လင့်နေချိန်လို့ အောက်မေ့မိတယ်၊ ဒီလို သတင်းကြောငြာတွေကနေ မြန်မာရိုးရာ ရက်မြတ်မဟာအတာသင်္ကြန်အတွက် က၊ ဆို ၊တီးဟန်နဲ့ ဓမ္မအသံတွေ နားယံမှာစုံနေအောင် ကြားရတဲ့အခါ လူသားတွေနဲ့အပြိုင် စာရေးသူတို့လို သာသာနာပျော် ရဟန်းတော်တို့ရင်ထဲမှာလဲ အပျော်တွေပူးဝင်ခံစားခဲ့ရပြန်ပါတယ်..၊ တဆက်တည်းမှာပဲ သင်္ကြန်နဲ့ ဆက်စပ်ပြီး စာရေးသူအတွေးဝင်မိတာလေးတွေကို ဒီလို ချရေးကြည့်လိုက်ပြန်ပါတယ်


သင်္ကြန်အကြောင်း တစေ့တစောင်း


သူများက သင်္ကြန်ပြောလို့ ပြောနေရတယ်၊ တကယ်တော့သင်္ကြန်ရဲ့ အဓိပ္ပါယ်ကို နားမလယ်ခဲ့တာ အမှန်ပါ ၊ စာပေမှာတော့ ပြောင်းရွှေ့ခြင်းကို သင်္ကြန်လို့ ခေါ်ဆိုကြောင်း သိရတယ် ၊

အချင်း ယူဇနာ (၅၀) လုံးဝန်းယူဇနာ(၁၅၀)ရှိပြီး အတွင်းဘက်ကားရွှေ၊ အပြင်ဘက်ကား ဖလ်သားအတိနဲ့ပြီးသော ဘာဏုရာဇာမည်တဲ့တနင်္ဂနွေဂြိုဟ်မင်းဟာ န၀င်းတလုံးမှနေပြီး န၀င်းတလုံးဆီ၊နက္ခတ်တလုံးမှ နက္ခတ်တလုံးဆီ၊ တရာသီမှ တရာသီသို့ အစဉ်လိုက်ပြောင်းရွှေ့ခြင်းကို အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိရတယ် ။ တနှစ်တခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာတော့ ဗြဟ္မာမင်းကြီးကနေ သိကြားမင်းကို ဦးခေါင်းတလုံး လွှဲပြောင်းပေးနေပုံကို ဖေါ်ပြလေ့ရှိတာကိုလဲ သတိပြုမိပါတယ် ၊ ဘာပဲ ပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်းအဓိပ္ပါယ်လို့သာ လွယ်လွယ်မှတ်လိုက်ပါစို့နော်


ပြောင်းတော့ ပြောင်းနေတယ်


သင်္ကန္တ(သင်္ကြန္တ) ဆိုတဲ့ ပါဠိကနေ ဆင်းသက် ရွေ့ရှားလာလို့ သင်္ကြန်လို့ခေါ်တယ် ၊ ပြောင်းရွှေ့ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်တယ်လို့ သိရပြီးပါပြီ ။ ဒါဆို ဘာတွေ ဘယ်လို ပြောင်းရွှေ့သလဲ စဉ်းစားကြည့်ကြရင် အဆိုးနဲ့အကောင်းက တလှည့်ဆီ ပြောင်းပြန် ပြောင်းနေတာလား၊ အကောင်းကနေ အဆိုးဘက်ဆီ ပြန်ပြောင်းတာလားတော့ ခွဲခြား မသိပါ ၊ ဒီပြောင်းရွှေ့ခြင်းဆိုတာဟာ အဟောင်းကနေ အသစ်ဆီ ၊ အဆိုးကနေ အကောင်းဆီ ..တနှစ်မှသည် တစ်နှစ်ဆီ ဆီသို့ ပြောင်းရွှေ့တာကို ဆိုလိုတာဖြစ်နိုင်သလလို ၊ အရှုံးမှသည် အနိုင်ဆီ ၊ အမုန်းမှသည် အပြုံးဆီ ..ဆင်းရဲမှသည် ချမ်းသာဆီသို့ ပြောင်းရွှဲ့ခြင်းကို ဆိုလိုတာလဲ ဖြစ်နိုင်တယ် ၊ ဘာပဲ ပြောပြောပေါ့၊ စီးပွားရေး ပညာရေး လူမှု့ရေးတွေမှာ တနှစ်လာလဲ ဒီအတိုင်း တနှစ်လာလဲ ဒီအတိုင်းဆိုရင် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ဟာ မိမိအတွက်တော့ ဘာမှ ထူးမည်မထင်ပါတော့..ပြောင်းတော့ ပြောင်းလဲနေတာအမှန်ပဲ၊ဘာတွေ ဘယ်လို ပြောင်းလဲနေတယ်ဆိုတာသာ မိမိတို့ သိဖို့လိုအပ်တာ ဖြစ်မယ်လို့ တွေးမိတယ် ၊


တရားမထိုင် မသိနိုင်


ဓမ္မသဘောအရဆိုရင်လဲ ရုပ် တရား နာတရားတွေဟာ စက္ကန့်မလပ် တရစပ်ပဲ ဖြစ်လိုက် တည်လိုက် ပျက်လိုက် သဘောရှိနေတော့ အမြဲတမ်းပြောင်းလဲနေတယ်မဟုတ်လား.. ဥပမာ ငယ်စဉ်က ရှိခဲ့တဲ့  မိမိတို့ ကိုယ်လုံးကိုယ်ရေ လှပတင့်တယ်ခြင်းတွေဟာ အသက်ရွယ်ကြီးလာတဲ့အခါ မရှိတော့တာ တွေ့နိုင်ပါတယ် . ပဋိသန္ဓေနေခြင်းကနေ အိုခြင်းဆီ၊ အိုခြင်းကနေ နာခြင်းဆီ ၊ နာခြင်းကနေ သေခြင်း ဆီသို့ ပြောင်းနေတာ ထင်ရှားလှပါတယ် ပကတိမျက်စိနဲ့တော့ မမြင်နိုင်ဘူးပေါ့ ၊ ဒါဟာ ဉာဏ်မျက်စိနဲ့ သေချာ ရှု့ကြည့်မှ သိနိုင်တဲ့ အရာမို့ အများသူငါ သတ္တ၀ါတို့ဟာ ခန္ဓာရဲ့ အပြောင်းအလဲတွေကို မသိနိုင်ဖြစ်နေကြတာပါ ၊ ဒီလိုဆိုရင် ခန္ဒာငါးပါး ရုပ်နာမ်နှစ်ပါးတို့ရဲ့ အပြောင်းအလွဲတွေ သိချင်ရင်တော့ တရားထိုင်ဖို့ လိုတယ်လို့ တွေးမိတယ်၊


ဓါတ်ခံပြောင်းမှ လာဘ်ကံကောင်းမယ်


ဒီအပြင်လဲ သကြန်ဆိုတာ ပြောင်းလဲခြင်း ပြောင်းရွှေ့ခြင်းလို့ သဘောပေါက်ထားသူများဟာ ပြောင်းလဲသင့်သည်များကို ပြောင်းလဲပြစ်ရမယ်ဆိုတာ သိစေချင်မိပါတယ်၊ ဓါတ်ခံကောင်းမှ လာဘ်ကံ ကောင်းတယ်လို့ ဆိုရိုးစကားအရဆိုရင် ဆိုက်ရောက်လာမဲ့ နှစ်သစ်မှာ လာဘ်ကံကောင်းလိုသူတိုင်းဟာ ဓါတ်ခံကောင်းထားဖို့ လိုအပ်ပါလိမ့်မယ်၊ ဓါတ်တူ နံတူ ဆေးဘက်ယူ လို့ ရှေးသူတော်စင်တို့ အမှာစကားက ဒီနေရာမှာ ဒါကိုများ ဆိုသလားတွေးစရာပါ၊ ဒါကြောင့် နှစ်သစ်မှာ လာဘ်ကံကောင်းလိုသူတိုင်းဟာ မိမိတို့ နှလုံးသားဖြူစင်ပြီး စိတ်ထားမွန်မြတ်ခြင်းဆိုတဲ့ ဓါတ်ခံကောင်းနေဖို့ လိုအပ်ပါတယ်၊ တကယ်လို့သာ ဓါတ်ခံညံ့နေရင်လည်း အကောင်းနဲ့ ပြန်ပြောင်း လဲ လိုက်ရမှာပေါ့ ၊ ဒါကြောင့် မပြေလည်မှု့တွေနဲ့ ပြည့်နေပြီး လောကအလယ်မှာ မျက်နှာငယ်နေပါသလား ၊ပြေလည်ကောင်းမွန်လာအောင် လာဘ်ကံတွေကောင်းဖို့ ဓါတ်ခံတွေကို ပြောင်းပေးကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်

ဘာကြောင့် ဘယ်လို ဘာကို ဘာနဲ့ ပြောင်းမလဲ


အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ ခံယူထားတဲ့ ဗုဒ္ဓ၀ါဒမှာ အကြောင်းနဲ့ကင်းပြီး ဖြစ်တည်လာတာ မရှိတာအမှန်ပါ ၊ ဒါဆိုရင် ကံကောင်းနေသူတွေဟာ ကံကောင်းနိုင်ကြောင်းအမှု့တွေပြုခဲ့လို့ဖြစ်သလို ကံဆိုးနေသူတွေဟာလည်း ကံဆိုးနိုင်ကြောင်း မကောင်မှု့တွေ ပြုခဲ့လို့ပဲ ဖြစ်မှာပါ၊ အကြောင်းကောင်းရင် အကျိုးကောင်းမယ်၊ အကြောင်းဆိုးရင် အကျိုး ဆိုးမယ်ဆိုတာ ယုံမှားစရာတောင်မှ မရှိပါဘူး ။

လူတိုင်းကံကောင်းချင်ကြပေမဲ့ ကောင်းကံ(ကုသိုလ်)လုပ်ဖို့ကြတော့ ၀န်လေးတတ်ကြပါတယ် ၊ ကံကောင်းချင်ကြပေမဲ့ မကောင်းကံအပြုများသူမှာတော့ ကံကောင်းချင်လျှက် ကံဆိုးနေကြအုံးမှာပါ ၊ ဒါဆိုရင် ကောင်းချင်သူတို့ ကောင်းကံလုပ်ဖို့လိုမယ်ဆိုတာ သိသာပါတယ်၊ ထို့အတူ ကံမကောင်းအကြောင်းမလှလို့ ကြိုးစားသမျှသဲထဲရေသွန်သလို ဘာမှအရာမထင်ဖြစ်နေသူများသည်လည်း ကောင်းမှု့(ကုသိုလ်)လို့ အမည်တတ်ထားတဲ့ အရာတွေ ကို ပြောင်းလဲ လုပ်ဖို့ လိုပါတယ် ၊

ဒါကြောင့် ရက်မြတ်မဟာ အတာသင်္ကြန်ကာလအတွင်းမှာ ဆင်းရဲခြင်းကို ဒါနပြုပြီး ချမ်းသာခြင်းဆီရောက်အောင် ပြောင်းရပါမယ်၊ သီလလို့ ခေါ်ဆိုတဲ့ ကိုယ်ကျင့်တရားဖြူစင်အောင် ကျင့်ကြံပြီးတော့ မကျန်းမမာ ရောဂါထူပြော စိတ်ဆင်းရဲမှု့သဘောကို ကိုယ်ကျမ်းမာ စိတ်ချမ်းသာအောင် အောင်ပြောင်းရပါမယ် ၊ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးကို မှန်ကန်စွာ မသိနားမလည်ခြင်းဆိုတဲ့ ဉာဏ်ပညာနဲခြင်းကို ဘာဝနာပွားပြီး ဉာဏ်ပညာအားကြီးအောင် ပြောင်းယူရပါမယ်၊ အကျဉ်းချုပ်ရရင် မကောင်းတာကို ကောင်းတာနဲ့ပြောင်း ၊ညစ်တာကို သစ်တာနဲ့ပြောင်း၊ ဒုစရိုက်ကို သုစရိုက်နဲ့ပြောင်း၊ အကုသိုလ်ကို ကုသိုလ်နဲ့ပြောင်းရင် လူတိုင်းကံကောင်းလာမယ်လို့ တွေးပြီး သင်္ကြန်ရဲ့အဓိပ္ပါယ်နဲ့အရသာဟာ လူတိုင်းမှာ ပြည့်ဝသွားမယ်လို့ ယုံကြည်မိပါတယ် ၊


ဒင်းကျန် မဖြစ်စေချင်


ကျေးလက်တောရွာတွေမှာ သဘာဝကြက်တွေ ၊ဘဲတွေဟာ ဥဥပြီးသားပေါက်လေ့ရှိပါတယ်၊ ကြက်မ ဘဲမကြီးတွေဟာ ကျေနပ်လောက်အောင်ဥပြီးတဲ့အခါ ဥကလေးတွေကအကောင် ပေါက်လာအောင် ၀ပ်ကျင်းမှာ ၀ပ်ပြီး ကိုယ်ငွေ့ပေးလေ့ ရှိပါတယ် ၊ အချိန်တန်တဲ့အခါ ဥလေးတွေကနေ သားပေါက်လာပြီး ကြက်ပေါက် ဘဲပေါက်လေးတွေ ဖြစ်လာတာပေါ့ ၊ ဒါပေမဲ့ အကောင်မပေါက်ပဲ ကျန်နေတဲ့ ဥတွေလဲ ရှိတတ်ပါသေးတယ်၊ အဲဒီလို ဥတွေကို ဒင်းကျန် ဥတွေလို့ ခေါ်ဆိုတယ်လို့ မှတ်သားဘူးတယ်၊ သားမပေါက်တဲ့ အဲလိုဥတွေဟာ ကြာလာတာနဲ့အမျှ အမှိုက်ပုံလွှင့်ပစ်ခံရပီး ခွေစားခံဖြစ်သွားကြတာပေါ့ ။

ဒီလိုပါပဲ… လူတိုင်းရဲ့ဘ၀မှာ အကျိုးပေးဖို့ အခွင့်ရေးပေးဖို့ စောင့်နေတဲ့ အတိတ်က ပြုဖူးတဲ့ ကုသိုလ်ကံထူးတွေ ရှိနေတတ်ကြပါတယ် ၊ ဒီကံတွေဟာ ကံပိုင်ရှင်ရဲ့ ကုသိုလ်ပြုခြင်းဖြင့်အပူပေးမှု့ကို မျှော်လင့်နေကြတာပေါ့၊

ကြောင်းကျိုးမြင်သိပြီး မိဘဆရာသမားတို့ရဲ့ စကားကို လိုက်နာပွားသူတွေကတော့ လိုအပ်သလို ဒါန သီလ ဘာဝနာစတဲ့ ကုသိုလ်ထူးတွေ ဆည်းပူးပြီး အပူပေးလိုက်တော့ ဟော ချမ်းသာခြင်း ကျန်းမာခြင်း အသိပညာနဲ့ပြည်စုံးခြင်းစတဲ့ ကောင်းကျိုးလေးတွေ ပေါက်ဖွားလာတာပေါ့။ ဒါကြောင့် ကောင်းကျိုးလိုလားပြီး ကံကောင်းလိုသူတိုင်းဟာ လက်ရှိဘ၀ကို ကုသိုလ်ပြုလုပ်ခြင်းဖြင့် အပူပေးသင့်ပါတယ်

သို့သော်လည်း ကုသိုလ်ကံ အပူပေးရမဲ့အစား တချို့သောကာယကံရှင်တွေက မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆနေလိုက်ကြတယ် ၊ဒါ့အပြင် ငါးပါးအာရုံ ကာမဂုဏ်လိုက်စားကာ မိုက်မှားနေကြလေသေးတော့ ပြုခဲ့ဘူးသမျှ ကုသိုလ်ကံတွေဟာ အကျိုးပေးချင်ပါလျက်နဲ့ အကျိုးပေးခွင့်မသာဖြစ်နေရရှာတော့တယ်၊ ဘာမှ ပေါက်ဖွား တောက်ကြွားမလာနိုင်တော့ပဲ ဒင်းကျန် ဥသဖွယ် အဟောသိကံဖြစ်သွားရတော့တာပါ့.၊ နောက်ဆုံးတော့ မရှိတော့ မလှူ ၊ မလှူလို့ မရှိ နဲ့ ဒါနလဲ မပြုနိုင် ၊သီလလဲ မစာင့်နိုင်၊ ဘာဝနာလဲ မပွားနိုင်ရကား ဆင်းရဲတဲ့ ဒုက္ခကနေ သုခဆီ မပြောင်းလဲနိုင် ဖြစ်နေရပါတော့တယ် ။သူများတွေ ကြိုးစားသလောက် အရာရောက်လို့ ထွန်းပေါက်အောင်မြင်ပြီး ချမ်းသာနေချိန်မှာ မိမိကတော့ သမုဒ္ဒရာ ၀မ်းတထွာအတွက် နဲ့ ဆင်းဆင်းရဲရဲ ကြိုးစားနေရတတ်ပါတယ် ဒါကြောင့် သင်္ကြန်ကနေ ဒင်းကျန် ဖြစ်မသွားအောင် လဲ ဂရုစိုက်သင့်ပါတယ် ။သင်င်္ကြန်မှာ ဒင်း….ကျန်မနေခဲ့ပါစေနဲ့လိုပဲ ဆိုပါရစေ..


သင်္ကြန်ကနေ သင်းကျန်နေစေဖို့


အဆင်းလဲလှ ရနံ့ကလဲသင်းမြတဲ့ ပန်းပေါင်းစုံတို့ဟာ ရှု့ဖွယ်မဆုံးတဲ့ ဥယဉ်တခုလုံးမှာ ပွင့်လန်းဝေဆာ ဖူးပွင့်နေမယ်ဆိုရင် အဲဒီဥယဉ်ကြီးဟာ သာယာလှပနေမှာပါပဲနော် ၊ ဥယဉ်ကြီးက သာယာလှပတာနဲ့အမျှ ကောင်းသတင်းတွေကလဲ ၀န်းကျင်တခုလုံး ပျှံလွင့်ဖုံးနေမယ်လို့ ထင်ပါတယ် ၊ ဒီဂုဏ်သတင်းတွေနဲ့ သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်နေတဲ့ ဒီဥယဉ်ကြီးမှာ ဖြူပြာနီဝါ ရောင်းစုံဖြာတဲ့ ငှက်ကျေးသာရကာအပေါင်းတို့နဲ့ အတူ ၀တ်ရည်စားသုံး ပျား၊ လိပ်ပြာ၊ ပိတုန်း တိုဟာလဲ ၀တ်ရည်ကို စားသုံးရင်း ပျော်မဆုံးဖြစ်နေကြမှာပေါ့ ၊

ဒီလိုပါပဲ၊ ဘ၀ဆိုတာဥယဉ်ကြီးတခုပမာလို တင်စားဆိုလို့ရမယ်ဆိုရင်လေ၊ ဒီဥယဉ်ကြီးဟာ ကောင်းမြတ်တဲ့ ဂုဏ်သတင်းတွေနဲ့ လောကကြီးအတွင်းမှာ ပျံ့သင်းနေသင့်တယ်မဟုတ်လား၊ မိမိရဲ့ ဘ၀ဥယဉ်တွင်းမှာ ဒါနပန်း သီလပန်း ဘာဝန်ပန်းတွေ တနည်းအားဖြင့် အမည်ပေါင်းစုံနဲ့ ကုသိုလ်ပန်းတွေသာ ပွင့်လန်းနေမယ်ဆိုရင် ဒီကုသိုလ်တွေရဲ့ ဂုဏ်သတင်းရနံ့ သင်းပျံကျော်ဇောမှု့တွေကလဲ လောကထဲမှာ ပျံ့ဝဲသွားမှာ အမှန်ပဲလေ ။ဒီအကျိုးကြောင့် ရာထူးဂုဏ်ရှိန်နဲ့ ဥစ္စာစီးစိမ်ကြွယ်ဝပြီး ဂုဏ်ကျက်သရေ အဖြာဖြာနဲ့ ပြည့်စုံနိုင်လာတာပဲ ဖြစ်ပါတယ် ၊ ပန်းရှိတော့ ပန်းချစ်တတ်သူ လာသလို ဂုဏ်ရှိတော့လည်း ဂုဏ်ကို တန်ဖိုးထားသူတွေ လာကြလို့၊ ဟော ဘ၀ဥယဉ်ကြီးဟာ ဂုဏ်သိက္ခာကျက်သရေ မင်္ဂလာရှိသူတွေနဲ့ ပြည့်စုံနေတော့မှာပေါ့ ၊

ဒီလိုဆိုရင် ရက်မြတ်မဟာ နှစ်သစ်ကူး အတာသင်္ကြန်အခါရက်များဟာ မိမိအတွက် ကုသိုလ် ကံ အဆင်းရနံ့တွေ သင်းပျံကျန်နေအောင် ကြိုးစားပြီးနေသင့်တဲ့ကာလလို့ အောက်မေ့မိတယ် ၊ ဒီရက်တွေအတွင်းမှာ စိတ်ကောင်းနှလုံးကောင်းထားပြီး မကောင်းတာတွေကို မကြံစည် မပြောဆို မပြုလုပ်သင့်ဘူး ကောင်းတာတွေကိုသာ ရွေးချယ် ကြံစည် ပြောဆို ပြုလုပ်ခြင်းဖြင့် ဒါနစတဲ့ ကုသိုလ်ကံပန်းတွေ မိမိဘ၀ဥယဉ်မှာ ပွင့်လာ တည်လာ မှီလာအောင်ကြိုးစားသင့်တယ်လို့ ခံယူမိတယ်၊

အဲသလိုသာ ဘ၀ဥယဉ်ကြီးဝယ် ဒါန အစရှိတဲ့ လူတို့ရဲ့ ကုသိုလ်ကံ ပန်းပွင့်တွေနဲ့ လန်းလန်းဝင့်ဝင့် ငွားငွားစွင့်စွင့် ဖူးပွင့်ဝေဆာနေမယ်ဆိုရင် သင့်ရဲ့ ဒီဘ၀ဥယဉ်ကြီးဟာ ဂုဏ်ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံမယ်၊ မိမိသူတပါး နှစ်ဦးသားအတွက်အကျိုးများမယ်၊ အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ရနံ့သတင်းတွေနဲ့ လောကအတွင်း ထာဝစဉ် ပျံ့သင်းနေတော့မယ်၊ ၀တ်ရည်စားသုံး ပျားပိတုန်းနဲ့ တူတဲ့ အထက်တန်းလွှာ သူဋ္ဌေးသူကြွယ်တွေနဲ့ ပေါင်းသင်းမိလို့ စီးပွားဖြစ်မယ် ၊ သူတော်ကောင်းတွေက ချီးမြှောက်ကြလို့ ကောင်းစားမယ်၊ စိတ်နှစ်လုံးအေးမြမယ်လ။ ဒါဆိုရင်ဒီသင်္ကြန်ဟာ သင့်အတွက်တော့ သင်းကျန် ဖြစ်သွားတော့မယ် ထင်မိပါတယ် ၊

ဒီတော့ နှစ်သစ်ကူးစ သင်္ကြန်ကာလ အတွင်းမှာ စိတ်ကောင်းနှလုံးကောင်းနဲ့ ယှဉ်ပြီး ပြုလုပ်အားထုတ်ကြတဲ့ ဒါန၊သီလ ဘာဝနာ စသော ကောင်းမှု့ကုသိုလ်ကံတို့ဟာ သင့်ကို လောကကြီးရဲ့ ဆင်းရဲတွင်းမှာ ကျန်မနေအောင်ဆွဲတင်မှာပါ ၊ရောဂါထူပြော ဒုက္ခတောမှာ သင်ကျန်မနေအောင် ၊ဘေးရန်ထူပြောတဲ့ လူမှု့အရှုပ်တောမှာသင်ကျန်မနေအောင် ဆွဲတင်မှာပါ၊ အဲဒီလို ကောင်းမှု့ကံတွေက မြင့်ထက်မြင့်ရာကို ဆွဲတင်တဲ့အခါ သင်ကျန်မနေအောင်ဆိုရင် သင်္ကြန်မှာ မကောင်းမှု့ရှောင် ကောင်းမှု့ဆောင်လို့ ဖြူအောင်စိတ်ကို ထားကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း လူတိုင်းအတွက် ကောင်းမြတ်တဲ့ ဂုဏ်သတင်း ရနံ့နဲ့ သင်းကျန်နေမဲ့ သင်္ကြန်ပွဲတော်ဖြစ်ပါစေလို့ ဆုတောင်းလျှက် စာရေးသူရဲ့ ရင်းတွင်းက အတွေးတစ်စကို ရပ်နားလိုက်ပါရစေ ။

မေတ္တာသီသေန စိတ္တေန

မြန်မာ့အားမာန် အရှင်နန္ဒ၀ံသ (အညာမြေဋ္ဌေးလှိုင်)

ခေတ္တ၊ လောကချမ်းသာကျောင်း၊ နယူးယောက်မြို့၊ အမေရိကန်နိုင်ငံ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP