နာနာဘာဝနှင့်တွေ့ဖူးသူများ (၄)
နာနာဘာဝနှင့်တွေ့ဖူးသူများ (၄)
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)
“ ကိုကျင်လှ ဆုံးပြီး၊မနက်ဖန် သင်္ဂြိဟ်မယ်” ဟု သင်္ကြန်အကြပ်နေ့ ညနေ(၆)နာရီသာသာတွင် ရွာမှနေ မိုးမိုးက ဖုံဆက်လာသည်။ ဒီနှစ်သင်္ကြန်က တန်ခူးလကုန်၊ ကဆုန်လ ကူးဖြစ်၍ နှစ်ကူး လကူးဖြစ်၍ ကွယ်လွန်သူ များကို အားချင်း သင်္ဂြိဟ်နေကြရ၏။ လကူး၊ နှစ်ကူး မဖြစ်အောင်လို့ ဆောင်ရွက်ကြရ၍ သင်္ကြန် ရက်ထဲမှာ ကျန်ရစ်သူများ အတော်ကသီ ကြရကုန်၏။
ကိုကျင်လှက စာရေးသူ၏ ရဟန်းဒကာ စာရေးသူတို့ ရွှေမဉ္ဇူကျောင်းကြီး ထွက် ကျောင်းသား ဟောင်းဖြစ် ၏။ ကျောင်းအပေါ် အတော်အလေးထားသည်။ ကွယ်လွန်ရမည့်အရွယ် မတိုင်သေး၊ (၅၃)နှစ်သာ ရှိသေး၏။ လူချစ်လူခင်ပေါ၏။ ပါတီကောင်စီခေတ်တွင် ကျေးရွာ ကောင်စီဥက္ကဋ္ဌ (၃)ကြိမ်တောင် လုပ်ခဲ့သူဖြစ်၏။ အသောက်အစားခုံမင်၏။ ဒါကြောင့်ပင် အပူကဲသော အချိန်၌ ကွယ်လွန်ရခြင်းဖြစ်၏။
ကျေးလက်နေသူတို့ဘဝကား အသက်ကိုစောင့်နိုင်သော ဉာဏ်အား အလွန်နည်းကြ၏။ ကျေးလက်ဆေးခန်းမှ ဆေးမှူးကလည်း ရွှေတောင်မြို့မှနေ မနက်လာ၊ ညနေပြန်ဆိုတော့ ဆေးမှုမရှိသည်အချိန် ဖြစ်လို့ကတော့ “တာ့တာ”ဟုသာ ပြောရမှာ ဖြစ်၏။သတ္တဝါတွေ၏ ကံလို့သာ ပြောရုံမှတစ်ပါး အခြားမရှိပြီ။
နှစ်ဆန်း(၅)ရက်၊၂၀/၁/၂၀ဝ၇-နေ့တွင် စာရေးသူသည် ပျံလွန်တော်မူပြီးကြကုန်သော ရွှေမဉ္ဇူဆရာတော်ဘုရား များ၏ ကျေးဇူးဂုဏ်ကို အာရုံယူမြှော် ပူဇော်သောအားဖြင့် စုပေါင်းတရား အားထုတ်ခြင်း ဓမ္မပူဇာပွဲနှင့်သံဃပူဇာပွဲ ပူဇော်လှူဒါန်းရန် ဇာတိ ညောင်စာရေးရွာသို့ ပြန်ရပါသည်။
ရွာရောက်သည့်နှင့် ရဟန်းဒကာ နာနာဘာဝဖြစ်နေကြောင်းကို ကိုယ်တိုင်တွေ့သူများက ပြောပြကြ၏။ လောကအလို ပြောရင်တော့ မကျွတ်ဘူး ဖြစ်နေ၏။ ကျောင်းထိုင်ဆရာတော်သည်ပင် သွားရောက် ပရိတ်ရွတ်ပေးရသတဲ့။ ရဟန်းဒကာ မကျွတ်တာကတော့ အတော်ကြေကွဲစရာဖြစ်၏။
မည်သို့ မကျွတ်သည်ကို စာရေးသူက မေးဖြစ်၏။
ကိုကျင်လှ၏တူဖြစ်သူ မောင်ကျော်သူ၏ဇနီး ဂျူလိုင်မိုးနှင့် သူမ၏သားငယ်တို့ ည(၇)နာရီလောက်မှာ ကိုကျင်လှ၏ သမီးနွဲ့မာ၏ စိုက်ပျိုးရေးဆိုင်ရာ မျိုးစေ့ ပိုးသတ်ဆေး မျိုးစုံ ရောင်းသော ဆိုင်ရှေ့သို့ ရောက်သွားကြသတဲ့။ ထိုအခါ သားငယ်က “ဟိုမှာ ဘဘရယ် ဘဘရယ်” ဟု ဆိုင်ရှေ့ကို လက်ညှိုးထိုးပြီး အော်လို့သာ ခေါ်နေ၍ “ဘဘဆုံးပြီး”ဆိုကာ သားငယ်ကို ချီး၍ အိမ်သို့ ပြန်ခဲ့ရ၏။မဆုံးခင် သင်္ကြန်အကျနေ့က ထိုဆိုင်ရှေ့၌ သမီးကြီးဖြစ်သူ မွှေးမွှေး၏ သမီးငယ်နှင့်အတူ မြေးအဖိုးနှစ်ယောက်အတူ ရေပတ်နေကြသေး၏။ ထို့ကြောင့်ပင် ထိုနေရာမှာ သားငယ်သည် သူ၏ဘဘကို တွေ့မြင်ရခြင်းများ ဖြစ်လေရော့သလား။ ရဟန်းဒကာ ထိုနေရာတွင် စွဲနေခဲ့ရ၏။
ကိစ္စကမြင်ရုံမျှဖြင့် ပြီးမသွားခဲ့၊ နာနာဘာဝကား အိမ်ထိအောင် လိုက်လာဟန်တူ၏။ မောင်ကျော်သူက ကိုကျင်လှအိမ်မှာ နောက်နေ့ ဆွမ်းသွတ်ရန် ကူညီညာဝိုင်း လုပ်နေရ၍ သားအမိ နှစ်ယောက်ထည်း ညအိပ်ရာဝင်ကြရ၏။ ထိုသောအခါ အေးစက်လျှက်ရှိသော လက်ကြိးဖြင့် ဂျူလိုင်မိုး၏ခြေထောက်ကို ဆုပ်ကိုင်ခြင်းကို ခံလိုက်သတဲ့။ ဘာပြော ကောင်းမလဲသားကို ချီပြီးတချိုးထည်း မိဘအိမ်ရှိရာ ပန်းတင်ရွာသို့ သုတ်ခြေတင် ပြေးခဲ့ရပြီး၊ ဖိနပ်တောင်မစီးခဲ့နိုင်ခဲ့၊ ထိုည မိဘအိမ်မှာ အိပ်ရတော့၏။
ဂျူလိုင်မိုး၏အဖေကား ကိုသန်းထွန်းဖြစ်သည်။ ကိုသန်းထွန်း၏သားနှင့် ကိုကျင်လှ၏ သမီးနွဲ့မာတို့ အိမ်ထောင်ကျ၍ ခမည်းခမက်တော်ကြ၏။ ကိုင်ကျင်လှနှင့် ကိုသန်းထွန်းကား ယခင်ကပင် ရင်းခြာကြသူများဖြစ်ကြ၏။ ကိုကျင်လှသင်္ဂြိဟ် သည့်နေ့က ကိုသန်းထွန်းမှာ မျက်ရည်မဆည်နိုင်ဖြစ်နေသည်ကို အခြားသူများပင် စိတ်မကောင်း ဖြစ်ကြရ၏။ တောသား များသဘာဝအတိုင်း ပင်ကျရည်ကိုတော့ ခုံမင်သူများဖြစ်ကြ၍ အတွဲညီကြ၏။
နာနာဘာဝကား ဂျူလိုင်မိုးနောက်ပါလာဟန်တူ၏ ကိုသန်းထွန်းအိမ် ရောက်ပြန်တော့ ကိုကျင်လှသောက်သွားသည့် ဆေးအနံ့ကြီးက တစ်အိမ်လုံးကို လွှမ်းခြံပြီး နံနေပါသတဲ့။ ထိုအခါ ကိုသန်းထွန်းက ခပ်ထွေထွေလေးဖြင့် “ကျင်လှ လာကွာ၊ သူငယ်ချင်း၊အဲဒီ တန်းလျားပေါ်ထိုင်ကွာ၊ မင်းလာတာ ငါသိတယ် ဆိုကာ ပြော၍ သူလည်း တန်းလျား တူတူထိုင်နေ၏။ ဇနီးဖြစ်သူ မကြင်စိန်က ကြောက်လှ၍ သူယောကျာ်းကို ပြောပါမှ- ကျင်လှ မင်းကို သပြေကုန်းရွာက အဝင်းက မျှော်နေ တယ်ကွ၊ သွားလိုက်ဦးလို့ ” ပြောလိုက်ပါမှ ဆေးနံ့ကြီးက ပျောက်သွားသည်ဟူ၏။
ထိုည သပြေကုန်းရွာရှိ အဝင်းအိမ်တွင် ယခင် ကိုကျင်လှ သက်ရှိထင်ရှားရှိနေစဉ်က လာခဲ့သလိုမျိုး ခြံနောက်က တံခါးဖွင့်သံ၊ ခြေဆေးသံများကို အတိုင်းသား ကြားနေရသတဲ့။ ခွေးဟောင်းသံ၊ ခွေးအူသံတွေကလည်း တစ်ညလုံး ညံနေ၏။ မမြင်အပ်သော လောကသားတို့၏ သဘာဝအတိုင်း မိမိကျင်လည်ခဲ့သော ဝန်းကျင်အသိုင်းအဝိုင်းကို ခွဲခွါနိုင်သော အနေအထား မရှိသေးခြင်း၊ သမုဒယဆိုသော တဏှာငြိတွယ်မြဲ ၊ချည်နှောင်မြဲ ဖြစ်နေခြင်းတို့ကြောင့် ထိုကဲ့သို့ ဖြစ်နေရ၏။
သည့်အပြင် ပြောပြသူက ဆက်ပြောပြ၏။ ကိုကျင်ခြေရင်းအိမ်က သူနာပြု ဆရာမလေးကိုလည်း သူ့အိမ်ပေါ်အတက်မှာ ရေနှင့်ပတ်ပြန်သတဲ့။ “ဒါတော့ ဟုတ်ဟန်မတူပါဘူးဟယ်၊ ဆရာမလေးကို ရှိုးနေကြတဲ့ ရွာက ကာလသားတွေက ခေါင်းရင်းဖြစ်တဲ့ ကိုကျင်လှအိမ်မှာ ရှိနေကြတော့ ဒီကောင်တွေ နောက်တာထင်ပါရဲ့လို့” စာရေးသူ ပြောတော့ အနားမှာ ရှိနေသော ကျောင်းထိုင်ဘုန်းကြီးက “ဟုတ်လောက်တယ်ကွ၊ ဖုန်းလာလို့ အိပ်ချိန်းရုံးမှာ ဆရာမလေး ဖုံဆက်ရင် အတော်ကြာ ဆိုပဲ၊ ဒီကောင်တွေကလည်း မလှမ်းမကမ်းက လျှောက်ပြန် သံပေးလုပ်နေကြတာကို ဈေးသူဈေသားတွေက ငါ့ကိုလျှောက် ကြတယ်” ဟု ဝင်ပြောပါသည်။
ကျေးလက်နေတောသားတို့ဘဝကား ရိုးစင်းလှ၏။ သံယောဇင်ကြီးတတ်ကြ၏။ အသောက်အစားက မကင်းတတ်ကြ၊ ဖားရှာခြင်း၊ ငါးရှာခြင်းနှင့် ငှက်ပစ်ခြငို့်းကာ ဒေသဓလေ့ စရိုက်များကြ၏။ အကုသိုလ်မှန်း သိကြသော်လည်း ဘဝပေးအခြေအနေအရ ကင်းကွာလို့ မဖြစ်နိုင်ကြကုန်။ သည့်အပြင် လုံလောက်သည့် ကုသိုလ်ကောင်းမှုကလည်း ပြောပလောက်အောင် ပြုလုပ်နိုင်ကြသူများ မဟုတ်၍ မိန်မိန်ယှက်ယှက် သီလကို ချိုးဖေါက်မိ သူများ ဖြစ်နေကြရ၏။
အမရပူရမြို၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က နေ့စဉ်ပေးလေ့ရှိသော ဩဝါဒတို့တွင် “ဒါနတွေ အမြောက်အများ ဘယ်လိုဘဲ ပေးလှူ၊ပေးလှူ သီလမစင်ကြယ်လို့ကတော့ အပါယ်ကျမှာ၊ ပြိတ္တာ(မကျွတ်လွတ်သူ)ဖြစ်မှာ}} ဟူ၍ မကြာမကြာ ဆုံးမလေ့ရှိပါသည်။
ထိုကြောင့် “ငရဲရှိတယ်၊ တိရစ္ဆာန်ရှိတယ်၊ ပြိတ္တာရှိတယ်၊ အသူရကာယ်ရှိတယ်၊ သေရဦးမယ် သတိထား” ဟူ၍လည်း နေ့ သတိပေးစာကို စာသင်သားအားလုံး ရွတ်ဆိုကြရပါသည်။
ကျေးလက်နေသူတို့ကား အာစိဏ္ဏကံ(အမြဲမပြတ်) အာသန္နကံ(သေခါနီးအနီးကပ်) ကုသိုလ်တွေကို လုပ်ရကောင်းမှန် သိကြသူများ မဟုတ်ကြ၍ သေရင် နာနာဘာဝဖြစ်ဖို့က အားသာနေ၏။
စုပေါင်းတရားအားထုတ် ပူဇော်ပွဲ၌ ထိုအကြောင်းအရာများကို ပြောပြပြီး ကိုကျင်လှကို ရည်စူးအမျှပေးဝေ ရပါသည်။ စုပေါင်းတရားအားကြသည့် ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို ဤရွှေမဉ္ဇူကျောင်းဝန်းကျင်မှာ ရှိနေကြသော မကျွတ်မလွတ် သည့် နာနာဘာဝတို့ကို နေ့စဉ် တစ်ချိန် တရားအားထုတ်ပြီး အမျှပေးဝေစေရ၏။
ကဆုန်လဆန်း(၁၁)ရက်နေ့ည သန်းခေါင်ယံမှာ ကျောင်းဝင်းထဲမှာ ခွေးတွေ အတော် ဟောင်ကြ၊ အူကြတာကို သတိထားမိ၏။ မနက်အရုဏ် ဆွမ်းဝိုင်းမှာ ထိုအကြောင်းကို ပြောဖြစ်၏။
ထိုအခါ ဦးသံဝရက မနေညနေက ဦးကိုသိန်းကြီးက ဒကာကြီးဦးချစ်လှကို သုသာန်သွား ဖိတ်ကြောင်း၊ ဖိတ်လာသည့် ကိုယ်စားလှယ် သစ်ခက်ကလေးကို ဦးဇင်းကြီးဦးစိန်သန်း အိပ်သည့်အခန်းခေါင်းရင်း နံမှာထား၍ မအိပ်ဝန့်ကြောင်း တို့ကို ပြောပြ၍ ခွေးတွေအူခြင်း၏ ဇစ်မြစ်ကို သဘောပေါက်ရ၏။
ထိုကိစ္စကို ဦးစံအေးက ခိုင်းစေခြင်း ဖြစ်ကြောင်းကိုပါ သိရသဖြင့် ဦးစံအေး၏သမီး မိုးမိုးကို မေးတော့ မိုးမိုးက ဤသို့ ပြောပြသည်။
တစ်ည သန်းခေါင်ယံအချိန်တွင် သူ့အဖေက သူမကို နှိုး၍ သူအိပ်သည့် အခန်း၏တောင်ဖက် ပြူတင်း ပေါက် မှနေခေါင်းတုန်းနှင့် ယောကျာ်းကြီး တစ်ယောက် သံတိုင်ကြားမှ ကြည့်နေသည်ကို မြင်ရကြောင်း၊ မယုံသင်္ကာဖြစ်မိ၍ ထပ်ခါ ထပ်ခါကြည့်ဖြစ်ကြောင်း၊ အသေ အခြာကို မြင်ရ၍ ကြောက်လန့် လာခြင်းကြောင့် သမီးကို နှိုးရခြင်းဖြစ်ကြောင်းနှင့် ထိုညတွင် သူမရောအဖေပါ နှစ်ယောက်လုံး ကြောက်လန့်၍ အိပ် မပျော်ဖြစ်ကာ မိုးလင်းခဲ့ကြောင်းကို ပြောပြ၏။
ဒကာဦးစံအေးကား အသက်(၆၈)နှစ်၊သူ့သမီးမိုးမိုးကား (၄၁)နှစ် ဖြစ်ကြ၍ လီဆယ်ပြောစရာအကြောင်း မရှိနိုင်သည် ကို သိနေ၍ “အဲဒီ ခေါင်း တုန်းနှင့်ကြည့်နေတဲ့ နာနာဘာဝကို ညည်းအဖေက ဘယ်သူလို့ ထင်ကြောင်းကိုရော ပြောပြ ရဲလား”ဟု စာရေးသူက မေးရာ-
“ဘလေး လိုလို ထင်ကြောင်း” ပြောပြ၏။
ဘလေးဆိုတာ လွန်ခဲ့သည့် (၅)နှစ်လောက်က ဆုံးပါးသွားသည့် သူမတို့ခေါင်းရင်းအိမ်က ဒကာကြီးဦးချစ်လှကို ပြောဆိုခြင်းဖြစ်၏။
ဒကာကြီးဦးချစ်လှသည် စာရေးသူတို့ ရွှေမဉ္ဇူကျောင်းတိုက်၌ သိမ်ကျောင်းကို ဆောက်လုပ်လှူဒါန်းသော ကုသိုလ် ရှင်ဖြစ်၏။ ဇနီးဆုံးသည်ကို စာရေးသူတို့ပင် မမှီလိုက်ရပါ။ မခင်စန်းဆိုသည့် သမီးတစ်ယောက်သာရှိ၏။ အိုမင်းမစွမ်းဖြစ်လာ သည့်အခါတွင် နွမ်းပါးသွားရှာ၏။ ဆေးဝါးဓာတ်စာ မပြည့်မစုံဖြင့် ဘဝကိုအဆုံးသတ်လိုက်ရ၏။
ပိဋကတ်တော်တွင်ဖေါ် ပြထားသည့်အတိုင်း ကုသိုလ်ကောင်းမှုရှိသော်လည်း မရဏန္တိကဒုက္ခ(သေခါနီးဆင်းရဲ)ခံစားရချိန်တွင် ဝိပ္ပဋိသာရခေါ် နှလုံး မသာမယာ ဖြစ်ပွားမိပါက မကျွတ်လွတ်သော နာနာဘာဝ ဖြစ်နိုင်ရတတ်သည်-ဟူ သော အဆိုအတိုင်းပင် ဖြစ်ဟန်တူ၏-သံဝေဂ ရမိ၏။
ဘုရင်ကောသလ၏ မိဖုရားကြီး မလ္လိကာသည် ဘုရားအမှူးရှိသော သံဃာတော်(၅၀ဝ)ကို နေ့စဉ်ဆွမ်းလောင်းနေ သူဖြစ်၏။ သူမလွန်ကျူးမိသော အကုသိုလ်အမှု တစ်ခုကို မင်းကြီးအား လိမ်လည် သံတော်ဦးတင်ခဲ့၏။ “ငါသည် မင်းကြီးအားလိမ်လည်၍ သံတော်ဦးတင်ခဲ့မိ၏။ မင်းကြီးကား အသိအားနည်းသူဖြစ်၍ ငါ့စကားကို ယုံကြည်၏။ သို့ပေမဲ့ သူတစ်ပါး စိတ်ကို သိကြကုန်သော ဘုရား၊ ရဟန္တာမျးနှင့်သမ္မာဒေဝနတ်ကောင်းတွေ သိကြတော့မှာဘဲ” ဆိုသော နှလုံးမသာမယာဖြစ် မှု ကုက္ကုစ္စဖြင့် နတ်ရွာစံကံတော်ကုန်ရ၏။ ငရဲ၌ (၇)ရက် ခံရပြီး(၇)ရက်လွန်ပါမှ တာဝတိံသာနတ်ပြည် ရောက်သွား၏။
မိဖုရားကြီး၏ လားရာဂတိကို ကောလမင်းကြီးကလည်း အလွန်အမင်း သိလိုလှ၏၊ ဘုရားရှင်ကလည်း မိဖုရားကြီး၏ လားရာဂတိကို ပြောပြဖို့ရာ ဝန်လေးနေတော့၏။ နေ့စဉ်သံဃာတော်(၅၀ဝ)ရာကို ဆွမ်းလောင်းနေ သူတစ်ဦး၏ လားရာ ဂတိဆိုးကို အမှန် ပြောပြလိုက်ရင် မင်းတရားသည် သာသနာနှင့်ကောင်းမှုကုသိုလ်ကို ယုံကြည်မည် မဟုတ်တော့။
ထိုကြောင့် ဘုရားရှင်သည် မင်းကြီးကျောင်းတော် လာတော့လည်း မိဖုရားကိစ္စ သတိဖေးမပေး၊ နန်းတော်သို့ ဆွမ်းစားမကြွ နေရတော့၏။ (၇)ရက်လွန်ပါမှ နန်းတော်ကို ဆွမ်းစား ကြွတော်မူရ၏။
ထိုအခါ “မြတ်စွာဘုရား၊ မိဖုရားကြီး လားရာဂတိကို သိလိုပါတယ်ဘုရား” ဟု လျှောက်ထား လာပါသည်။
“မင်းကြီး၊မိဖုရားကြီး ယခု တာဝတိံနတ်ပြည်သို့ ရောက်နေတယ်” ဟု မိန့်တော်မူ၏။
“ဒါပေါ့ဘုရား၊ မိဖုရားမှ နတ်ပြည် မရောက်ရင် ဘယ်သူ ရောက်တော့ မှာလဲဘုရား၊ တစ်နေ့တစ်နေ့ ဘုရားအမှူးရှိတဲ့ သံဃာတွေကို ဖွယ်ဖွယ်ရာရာနဲ့ ဘယ်ပုံ ဘယ်နည်း ဆွမ်းကပ်မယ် ဆိုတာကိုဘဲ တွေးတောစီမံနေတာဘုရာ့” ဟု အားရဝမ်းသာ ပြန်လျှောက်၏။
သို့ပါ၍ “ငါမှာ ကုသိုလ်တွေရှိသားဘဲ” ဆိုသော အသိကလေးဖြင့် စိတ်ချပြီး မနေလိုက်ပါနှင့်၊ စိတ်ကို စင်ကြယ် စေရန်၊ သုဓ်သင်နိုင်စွမ်းသော ဘာဝနာကုသိုလ်ပါ ရှိပါမှ ဘဝနောင်ရေး အမှန်စိတ်အေးကြရပါမည်။
“မိုးမိုး..ရယ် နင့်အဖေ မျက်စိအမြင်များ မှားရော့လေသလား၊ ခေါင်းရင်မှာ မန်ကျီပင်တွေရဲ့ အရိပ်ကျနေတာရယ်၊ အိပ်မှုံစုတ်ဖွား ရယ် ပေါင်းပြီး အမြင်မှားတာရော မဖြစ်နိုင်ဘူးလား”
“ဘုန်းကြီးကလဲ ကလေးမှမဟုတ်တာ၊ သေခြာအောင် အကြိမ်ကြိမ်ကြည့် ဖြစ်တာ၊ နောက်မှ လန့်လာပြိး တပည့်တော်မ ကို နှိုး တာ၊ ဖေတို့က ကြောက်တတ် သူတွေမှ မဟုတ်ကြတာ” လို့ ပြန်လျှောက်ပါသည်။
အင်း နာနာဘာဝ တွေ့ချက်ကတော့ ဒဲ့ကြီး၊ ပက်ပင်းကြီး ဖြစ်နေ၏။ ထိုကြောင့် ဒကာကြီး ဦးစံအေးက တရားစခန်း မှာ ဦးကိုသိန်းကို သုသာန်စေ လွတ်ပြီး ဦးချစ်လှကို ဖိတ်ခိုင်းပြီး နောက်နေ့ ကဆုန်လဆန်း(၁၂)ရက်တွက် ရေစက်ချတရား နာရန် ဖိတ်ခိုင်းခြင်းဖြစ်ကြောင်းကို ပြည့်ပြည့်စုံစုံ သိရတော့၏။
မည်သူတွေ သုသာန်က လိုက်ပါလာသည်ကိုတော့ မသိကြရ၊ ထိုည ကျောင်းဝင်းအတွင်း ခွေးဟောင်းသံတွေ၊ အူသံတွေ ပွတ်လော ညံသွားတာ ကိုတော့ ယောဂီ(၁၀ဝ)ကျော်နှင့် သံဃာ(၂၀)ကျော်တို့ အားလုံးသတိထားမိလိုက်ကြကုန်၏။
သေသူအတွက် ရှင်နေသေးသူများသည် လုပ်ပေးနိုင်တာ တစ်ခုထည်းသာ ရှိပါသည်။ ထိုအရာကား သေလွန်သွားသူ ကို ရည်မှတ်၍ ဘုရား အမှူးရှိသော သံဃာတော်အား လှူဒါန်းပြီး “ဣဒံ ပုညံ ဉာတီနံ ဟောတု၊ သုခိတာ ဟောထ ဉာတယော” ဤကုသိုလ် သည် ဆွေမျိုးတို့ အတွက်ဖြစ်ပါတယ်၊ ဤကုသိုလ်ကြောင့် ဆွေမျိုးတွေ ချမ်းသာကြပါစေ” ဟူ၍ဆိုကာ အမျှပေးဝေရပါမည်။ ဘုရားအမှူးရှိသံဃာ ဆိုသည်ကား အိမ်ရှိရုပ်ပွားတော်နှင့် သံဃာတော်များကို ဆိုလိုပါသည်။
ဘုရားရှင်သည် ဘုရားဖြစ်တော်မူသည့် မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၊ပြာသိုလ်လပြည့်နေ့တွင် ရာဇဂြိုဟ်မြို့ သို့ရောက် တော်မူ၏။ ဝေဠုဝန် ကျောင်းတော်ကို အလှူခံတော်မူ၏။ နောက်နေ့တွင် တိရောကုဋ္ဋသုတ်တော်ကို ဟောတော်မူ၏။ ဗိမ္ဗိသာရမင်း၏ (၉၂)ကမ္ဘာတုန်းက ဆွေဟောင်း မျိုးဟောင်းတွေ နာနာဘာဝများ ဖြစ်နေကြ၍ ကျွတ်လွတ်စေရန် ဆွမ်းသွတ်ကုသိုလ်ပွဲ၌ ဟောကြားတောမူခြင်း ဖြစ်၏။
ဦးစံအေးမြင်ရသူသည် ဒကာကြီးဦးချစ်လှပင်ဖြစ်စေ၊ အခြားသူပင်ဖြစ်စေ နာနာဘာဝ ဖြစ်နေရင်တော့ ဆောင်ရွက်ပေးလို့ရသည့် ဖြေဆေးဆိုတာ ဗုဒ္ဓဉာဏ်တော်ကြီးဖြင့် သိရှိ ဖေါ်ထုတ်ဟောကြာထား၍ သက်ဆိုင်သူများက အထက်ပါအတိုင်း ဆောင်ရွက်ပေးကြမည်ကို သတိပေး လိုက်သည်။
အလားတူ ဖြစ်ရပ်မှန် ကိစ္စတစ်ခုကိုလည်း သတိရမိသေး၏။ စာရေးသူ ဖျာပုံနယ်၊ ရွှေလှေကျင်းရွာသို့ တရားဟော ကြွခဲ့စဉ်က ဖြစ်၏။ ကိုလှဋ္ဌေး၏ ငါးဖမ်းစက်လှေပေါ်တွင် လုပ်သားတစ်ဦး သေဆုံးသွား၏။ ထိုသူကား မကျွတ်ဘဲ စက်လှေ ပေါ်၌ တွဲငြိနေ၏။ ညတိုင် စက်လှေ၌ ရေတုံကင်ကို လှုပ်နေတတ်၏။
ညီဖြစ်သူ ကိုညံလင်းနှင့် မိသားစုများက ထိုအကြောင်းအရာကို ပြောပြကြ၏။ ကိုလှဋ္ဌေးက ထိုကိစ္စများကို အယုံအကြည် အလျဉ်းမရှိ၊ တစ်ညတွင် နာနာဘာဝက စက်လှေပေါ်မှနေ ဆင်လာပြီး အိပ်ပျော်နေသော ကိုလှဋ္ဌေး၏ လည်ပင်းကို ညှစ်တော့၏။ ထိုကဲ့သို့ လုပ်ပါမှ ကိုလှဋ္ဌေး ယုံတော့၏။ ထိုကြောင့် စာရေးသူရောက်ခိုက် ပြောပြ၍ စက်လှေပေါ်တွင်ဆွမ်း ကပ်၊ သင်္ကန်းလှူ၊ ပရိတ်ရွတ်၊ ရေစက်ချ အမျှပေးစေရန် ဆောင်ရွက်စေခဲ့ရ၏။ ထိုတော့ မခြောက်မလှန့် ဖြစ်သွား၏။
လောကတွင် ပကတိမျက်စိဖြင့် မမြင်နိုင်ကောင်းသော အရာတို့ကား များလှချေ၏။ မျက်ဒိဋ္ဌမဟုတ်သဖြင့် လက်မခံနိုင်သည်ကို အပြစ်မပြောလိုသော်လည်း နာနာဘာဝတို့ကား လူသားတို့၏ အနီးအပါးတွင် အမှန်ရှိနေကြ၏။ ကုသိုလ် ကောင်းမှု၏ အဖို့ကိုလည်း အားထားမျှော်လင့် နေကြကုန်၏။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ကံမှီ၍အသက်ရှင်သန်ကြ ရသော သတ္တဝါများ ဖြစ်ကြသောကြောင့်ပါတည်း။
ဆက်လက်ဖေါ်ပြပေးပါမည်။
မေတ္တာများဖြင့်
0 comments:
Post a Comment