* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 2, 2011

သာသနာပြုပုဂ္ဂိုလ်ကျော်များနှင့် သာသနာပြုလုပ်ငန်းများ

မိမိတို့သည် စေတီပုထိုးတို့ဖြင့် မြင့်မြင့်မားမား ၀င့်ဝင့်ကြွားကြွား တည်ရှိသောအမိမြန်မာနိုင်ငံတော်ကြီးတွင် ကြီးပြင်းလူလားမြောက်ခဲ့ကြသည်။ တိုင်းတစ်ပါးသို့ရောက်နေကြသော်လည်း မြန်မာ့ရှုခင်းနှင့် မြန်မာ့စိတ်ရင်းကို လွမ်းတသသဖြင့် ဆုပ်ကိုင်ထားမြဲရှိကြပါသည်။ မိမိတို့နေထိုင်ကြရာ မြို့ပြတို့တွင် ဘုန်းတော်ကြီးကျောင်း တိုက်များ မဖြစ်မနေတည်ထောင်ခြင်း၊ မြန်မာယဉ်ကျေးမှုပွဲလမ်းသဘင်များ ဆင်ယင်ကျင်းပခြင်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းခြင်း ပြန့်ပွါးအောင် ဆောင်ရွက်ကြိုးစား ခြင်းတို့ဖြင့် မြန်မာပြည် ပုံသဏ္ဍာန် ဖန်ဆင်း တည်ဆောက် နေကြပါသည်။ ထိုနှင့်အတူ ကိုးကွယ်ရာ ဆည်းကပ်ရာဆရာတော် သံဃာတော်တို့သည်လည်း သာသနာပြုဟူသော တာဝန်များဖြင့် တိုင်းတစ်ပါးသို့ ရောက်ရှိတော်မူလာကြပါ သည်။ ထိုဆရာတော် အရှင်မြတ်များသည် ကလေးသူငယ်လေးများကို ဗုဒ္ဓဘာသာယဉ်ကျေးမှု မြန်မာ့ ယဉ်ကျေး မှုများသင်ကြားပေးခြင်း၊ တကာတကာမတို့၏ သောကတောက ဘ၀အမောများကို ငြိမ်းအေးအောင် ဓမ္မဆေး ဖြင့်တိုက်ကျွေးလျှက် သာသနာပြု တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက် လျှက်ရှိ နေကြသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ရောက်ခဲ့ပြန်လေပြီ၊ ငယ်စဉ် ကလေးဘ၀က ညောင်ရေသွန်းပွဲတော်ကို တပျော်တပါး ပါဝင်ဆင်နွှဲယင်း ရေသွန်း လောင်းလှူခဲ့ဘူး၏။ ထိုနောက်အရွယ်ရောက်ပြီး အိန္ဒိယနိုင်ငံသို့ ပညာသင် ရောက်ပြန်တော့ ဗုဒ္ဓနေ့ အခမ်းအနားများကို မနားတမ်းတက်ရောက်ခဲ့၏။ သူ့ယဉ်ကျေးမှုနှင့် သူ လေ့လာစရာ များ အတုယူစရာများ ရှောင်ကြဉ်စရာများ မြောက်များစွာတွေ့ရှိလေ့လာခဲ့ရသည်။ ထိုနောက် စာပေပို့ချသည့် သာသနာပြုလုပ်ငန်းများ မနားတမ်း ထမ်းဆောင်နေရစဉ် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်တက္ကသိုလ်က ကြီးမှုးကျင်းပသည့် ဗုဒ္ဓနေ့ အခမ်းအနား များကို ငါးနှစ်တိုင်တိုင်တက်ရောက်ခဲ့ရပါသည်။ သူ့အရပ်နှင့် သူ့ဇာတ်ဆိုသလိုပင် သူတို့ယဉ်ကျေး မှု့အားလျော်စွာ အတွေ့အကြုံသစ်များ ဆည်းပူးခွင့် ရရှိခဲ့ပါသည်။

၂၀၀၈ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများ စုပေါင်း၍ ကျင်းပ ပြုလုပ်သည့် ၆ ကြိမ်မြောက် ဗုဒ္ဓနေ့ အခမ်းအနားကို တက်ရောက်ခွင့်ရခဲ့ပါသည်။ ထိုအခန်းအနားတွင် အင်္ဂလန်နိုင်ငံရောက် သံဃာတော်များကို တစုတဝေးတည်း ဖူးတွေ့ခွင့်ရ၏။ အသိတကာ တကာမများကို နှတ်ဆက်ခွင့် တွေ့ဆုံစကားပြောခွင့်ရ၏။ အချိန်အင်မတန် ဆင်းရဲလှသည့် အင်္ဂလန်လိုနိုင်ငံတွင် အသိ မိတ်ဆွေများ အပေါင်းအသင်းများ သံဃာတော်များကို တချိန်တည်း တပြိုင်နက်တည်း တွေ့ဆုံခွင့် စကား ပြောခွင့် ဖူးမျှော်ခွင့်များသည် အလွန်ရခဲလှသည့် အခွင့်အရေးများဖြစ်သည်။ ထိုအခွင့်အရေးများ ဒုလ္လဘတရား များကို ရရှိအောင်ဦးဆောင် ဦးရွက်ပြုသူများသည် အင်္ဂလန်နိုင်ငံရောက် သံဃာတော်များ ဖြစ်သည်ကို ကြည်ညိုစွာသိခွင့်ရ၏။

မှန်ပေသည်။ ထိုအရှင်မြတ်တို့သည် ဤကဲ့သို့ ဗုဒ္ဓနေ့ကြီးဖြစ်ပေါ်လာအောင် အကြိမ်ကြိမ် ကြိုတင်ညှိနိုင်း ဆွေးနွေး ပွဲများပြုလုပ်ခဲ့ရသည်။ စာအုပ်ဖြစ်မြောက်ရေး၊ အခန်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဖိတ်စာ အချိန်မီရိုက်နှိပ်ဖြန့်ဝေးရေး၊ အလှူငွေများထည့်ဝင်လှူဒါန်းရေး စသည့် စသည့် အရေးပေါင်းမြောက်များကို အကြိမ်ကြိမ်ဆွေးနွေးအတည်ပြု တာဝန်ခွဲဝေဆောင်ရွက်ခဲ့ကြရသည်။ မိမိတို့ ကျောင်းအသီးသီးက တာဝန်များ ကို ခဏထားပြီး ညီညွတ်ရေး အောင်မြင်ရေးအတွက် ကိုယ်ရောစိတ်ပါ ဆောင်ရွက်ခဲ့ကြသည်။ ဤသည်တို့သည် ပင် အင်္ဂလန်နိုင်ငံ မြန်မာရဟန်းတော် တို့အကြား၌ တဦးကောင်း တယောက်ကောင်းဝါဒသည် ဆိတ်သုဉ်း သွားခြင်း။ စည်းရိုးခြားလိုက်လျှင် ရန်ဖြစ်ချင်သော၊ တရွာနှစ်ကျောင်းရှိလျှင် နောင်ဂျိန်ချ ချင်သော ညဉ်ဆိုးများ ဖယ်ရှားပြီးခြင်း၏ သာဓကများပင်တည်း။

ယခုအချိန်အခါသည် ကမ္ဘာတ၀န်းလုံးရှိ ရဟန်းတော်များ ညီညွတ်ဘို့ ကြိုးစားဘို့အထူးလိုအပ်သော အချိန်ဖြစ် ပေသည်။ ဗုဒ္ဓဘာသာဝင် ဦးရေသည် ကမ္ဘာ့လူဦးရေ၏ လေးပုံသုံးပုံသည်မှသည် လေးပုံတစ်ပုံသို့ သိသိသာသာ ထိုးကျသွားလေပြီ။ သာသနာပြု ပုဂ္ဂိုလ်ကျော်အရှင်မြတ်တို့ ညီညွတ်ဘို့ လက်ဆင့်ကမ်း တာဝန်ပေးနိုင်ဘို့ မျိုးဆက်သစ် သာသနာပြုရဟန်းတော်များ ပေါ်ထွန်းလာအောင် ဆောင်ရွက်မွေးမြူဘို့ အထူးလိုအပ်လာလေပြီ။ ထိုကဲ့သို့ ဆောင်ရွက်သင့်သည်များကို မဆောင်ရွက်ပါက ဗုဒ္ဓသာသနာသည် ကမ္ဘာ့မြေပေါ်မှ အချိန်မတိုင်မီ ကွယ်ပျောက်သွားမှာ စိုးရိမ်ရပါသည်။

ထိုကြောင့် ပြည်ပသာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောက်ရွက်တော်မူနေကြသည့် သာသနာ့ နောင် တော် အရှင်မြတ်များနှင့် ပြည်တွင်းရှိ ဆရာတော် သံဃာတော် အရှင်မြတ်တို့သည် ၁။ ပိဋကတ်စာပေ တတ်ကျွမ်းသည့် ရဟန်းတော်များ ၂။ ဘာသန္တရစာပေစကား ကျွမ်းကျင်စွာ ပြောဆို ရေးသားတတ်သည့် ရဟန်းတော်များ ၃။သာသနာတော်ကို ချစ်မြတ်နိုးစိတ်ပြင်းပြ ထက်မြက်သည့် ရဟန်းတော်များ ၄။ ခေတ်မီ နည်းပညာများကို အသုံးပြုတတ် အသုံးပြုနိုင်သည့် ရဟန်းတော်များ မွေးမြူ ဖော်ထုတ်ပေးဘို့ လိုနေပြီဖြစ် သည်။

ပိဋကစာပေ မတတ်ကျွမ်းသည့် ရဟန်းတော်များ ဖြစ်နေလျင် ဗုဒ္ဓဟောကြား ဒေသနာများကို ကမ္ဘာသူကမ္ဘာ သားတို့ အတွက်မှန်ကန်စွာ ဟောကြား နိုင်လိမ့်မည် မဟုတ်ပေ။ ပိဋကစာပေသာတတ်၍ ဒေသအလိုက်ဘာသာ စကားများ ကျွမ်းကျင်စွာ မပြောမဆိုတတ်ပါက ထိရောက်သည့် သာသနာပြု လုပ်ငန်းများကို ပြုလုပ်နိုင်မည် မဟုတ်ပါပေ။ ပိဋကလည်းတတ်ကျွမ်း၊ သာသာစကားလည်း ပြောနိုင်ပါသော်လည်း သာသနာတော်ကို ချစ်မြတ် နိုးစိတ် မပြင်းပြလျှင်လည်း သာသနာပြုရာ၌ အခက်အခဲများကို ကျော်လွှားနိုင်မည် မဟုတ်ပါပေ။ ပိဋကစာပေ လည်းတတ်ကျွမ်း၊ ဘာသန္တရလည်း နားလည် သာသနာချစ်စိတ်လည်း ပြင်းပြသည့် ရဟန်းတော်များ ခေတ်မီ နည်းပညာများ အသုံးပြု၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျှင်မုချ အောင်မြင် မည်ဟု ယုံကြည်ပါသည်။

သီရိဓမ္မာသောကမင်းတရားလက်ထက်က ကိုးတိုင်းကိုးဌာန သာသနာပြုလုပ်ငန်းများ ဌာနတိုင်းမှာ အောင်မြင်ခဲ့ ပါသည်။ ထိုခေတ် ထိုအချိန်က သာသနာပြုလုပ်ငန်းများ အောင်မြင်ခဲ့သည့် အတွက်ကြောင့် ယနေ့ မိမိတို့ခေတ် တွင် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မကို လေ့လာခွင့် သင်ကြားခွင့် ကျင့်ကြံခွင့် ရနေကြခြင်း ဖြစ်ပါသည်။ ထိုအချိန်က သာသနာပြုလုပ်ငန်းများ အောင်မြင်ရခြင်း၏ အဓိက အကြောင်းအရာ များကို လေ့လာကြည့်မိသည့်အခါ - ၁။ ထိုအချိန်က သာသနာပြုရဟန်းတော်များသည် ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သည့် စိတ်ဓာတ်များဖြင့် ပြည့်စုံ နေခြင်း ၂။ ၀န်ဆောင်နွားလားကဲ့သို့ သီးခံနိုင်အားကောင်းခြင်း ၃။ မြင်းကဲ့သို့ လျင်မြန်ဖြတ်သည့် သတိပညာ များနှင့်ပြည့်စုံခြင်း ၄။ ဆင်ကဲ့သို့ သိက္ခာခွန်အားနှင့်ပြည့်စုံခြင်း ဟူသည့် အကြောင်းလေးချက်နှင့် ပြည့်စုံသည့် အတွက်ကြောင့် သာသနာပြုလုပ်ငန်းများ အထူးအောင်မြင်ခဲ့သည့်ဟု လေ့လာသုံးသပ်မိပါသည်။

မှန်ပါသည် သာသနာပြုအရှင်မြတ်တို့သည် ဆန့်ကျင်ဘက် မိစ္ဆာဝါဒီများနှင့်တွေ့ဆုံ ယှဉ်ပြိုင်ရသည့်အခါ ခြင်္သေ့ မင်း ကဲ့သို့ ရဲရဲရင့်ရင့် ပြုမူဆောင်ရွက်ခဲ့ရပါသည်။ မိမိသိစေချင်သည့် တရားဓမ္မများကို သိထိုက်သည့် သိနိုင်သည့်လူသားတို့ သိခွင့်ရဘို့ အောင့်အီး သီးခံမှု ခန္တီစွမ်းရည် များကို ထိပ်ဆုံးရောက်အောင် ကျင့်ကြံတော် မူခဲ့ကြရပါသည်။ အချိန်တိုတိုအတွင်း ကျယ်ကျယ်ပြန့်ပြန့် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မများ လူသားတို့၏ နှလုံးသား ထဲတွင် တည်ရှိကိန်းအောင်း သွားစေဘို့ သာသနာပြုရဟန်းတော်များ သတိပညာများနှင့် ပြည့်စုံတော် မူခဲ့ကြပါ ပေသည်။ သာသနာပြု အရှင်မြတ် များသည် စံနမူနာပြအဖြစ် မိမိတို့၏ သိက္ခာခွန်အား အကျင့်တရားများကို ဆင်ပြောင်ကြီး ကဲ့သို့ တည်ကြည်ခန့်ငြားအောင်ကျင့်တော်မူခဲ့ကြပါပေသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၂၃၀၀ကျော်က သာသနာပြုပုဂ္ဂိုလ်ကျော်တို့၏ သာသနာပြုနည်းများကို အတုယူပြီး ယနေ့ မျက်မှောက်ခေတ်တွင် သာသနာပြု ပုဂ္ဂိုလ်ကျော်တို့ ပေါ်ထွန်းလာဘို့နှင့် သာသနာတော်ကြီး အရှည်တည် တန့်ပြန်ပွါးလာစေဘို့ ဆရာရော တကာပါ လက်တွဲညီညာဆောင် ရွက်မည် ဆိုလျင် ဧကန်မုချ အောင်မြင်မည်ဟု ယုံကြည်ပါသည်။ Men Power ဟူသည့် သာသနာပြုရဟန်းတော်များ အင်အား၊ စည်းလုံးညီညွတ်သည့် တကာ တကာမ အင်အား။ Money Power ဟူသည့် ပန့်ပိုးထောက်ပံ့လှူဒါန်းငွေ အင်အား၊ Material Power ဟူသည့် သာသနာပြုရာတွင်လိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်း အင်အား နှင့် Mind Power ဟူသည့် သာသနာပြုပုဂ္ဂိုလ်ကျော် အရှင်မြတ်တို့၏ တည်ကြည်မြင့်မြတ်သည့် စိတ်ဓာတ်ခွန်အား၊ တကာ တကာမတို့၏ သာသနာပြန့်ပွါးမှုအပေါ် ထားရှိသည့် ထက်သန်လေးမြတ်သည့် စိတ်ဓာတ်ခွန်အားများဖြင့် ဗုဒ္ဓမြတ်စွာ သာသနာကို ထိန်းသိမ်းစောင့်နိုင် ကြပါစေ၊ ကမ္ဘာသူကမ္ဘာသားတို့၏ နှလုံးသားမြေအပြင်မှာ မြတ်ဗုဒ္ဓ၏ သူတောင်းကောင်းမျိုးစေ့များ စိုက်ပျိုးနိုင်ပါ စေ ဟု ယူကေနိုင်ငံ (၇) ကြိမ်မြောက် ဗုဒ္ဓနေ့ကို ဂုဏ်ပြုရင်း ဆုမွန်ကောင်းများ တောင်းဆို ပို့သလိုက်ပါသည်။

ဒေါက်တာအရှင်သြသဓသာရ

(၂၀၀၉ ခုနှစ်ထုတ် အင်္ဂလန်နိုင်ငံ ဗုဒ္ဓနေ့ နှစ်လည် စာစောင်မှ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP