* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 2, 2011

ပေါင်းစည်းခြင်းရသ

Resized_DSC_3159 copy - Copyပေါင်းစည်းခြင်း ရသ Resized_IMG_0246
ငိမ်းချမ်းလက်








“ ဟယ်လို ဦးဇင်းလေးလားဘုရား၊ တပည့်တော်တို့ ဒီနှစ် ထမနဲပွဲမှာ စားစရာ တစ်ခုခု လှူမယ်နော်၊ အဲဒါ ဦးဇင်းလေးက ကြိုပြောထားမှ နေရာအတွက် အဆင်ပြေမယ် ဆိုလို့ ဖုန်းဆက် ထားတာဘုရာ့၊ ဒါမှ နေရာ အဆင်မပြေဘူး ဆိုရင် နောက်ကျောင်း ပွဲတွေမှာ လာမလုပ်တော့ဘူးနော် ” လို့ ပြောလာ သူကတော့ အရင်ကျောင်းပွဲတွေမှာ နေရာ အဆင် မပြေခဲ့လို့ ကွန်ပလိန်း လုပ်ဖူးတဲ့ ဒကာမကြီးပေါ့။

တစ်ဆက်တည်း ပြီးခဲ့တဲ့အကြိမ်တုန်းက သူပြောခဲ့တာကိုလည်း ပြန်ကြားယောင်မိတယ်၊ “ ဒါပါနဲ့ဆိုရင် သုံးကြိမ်တောင် ရှိပြီနော် ” တဲ့၊ တကယ် ဆိုရင် မိမိတို့ ကျောင်းတိုက်မှာကျင်းပတဲ့ ပွဲတိုင်းအလှူရှင်များ အစစအဆင်ပြေဖို့အတွက် အတတ်နိုင်ဆုံး စနစ်တကျ စီစဉ်ပေးလေ့ရှိတယ်ဆိုတာ ကုသိုလ်ရှင်များနဲ့ ကုသိုလ်ယူသူတိုင်း အသိပါ။


ဒါပေမဲ့ ပွဲတော်ကျင်းပတဲ့အခါမှာတော့ စီစဉ်ထားသလို နေရာတကျမဖြစ်တတ်တာကို အားလုံးကြုံဖူးကြမှာပါ။ အဲဒါကလည်း သွားရေးလာရေး ခက်ခဲလို့ နောက်ကျတဲ့သူ၊ ရောက်နှင့်နေသူကလည်း နေရာလပ်တယ်ထင်ပြီး စိတ်ကြိုက်နေရာကို ယူနှင့်သူ၊ ရာသီဥတုအခြေ အနေကြောင့် နေ ရာရွှေ့ရတဲ့အခါ သင့်ရာကြုံရာနေရာပေးရခြင်း စတာတွေကြောင့် နေရာနဲ့ပတ်သတ်ပြီး ခွန်းကြီးခွန်းငယ် ပြောရတာလေးတွေတော့ ရှိတတ်တာပေါ့။


အဲဒီလို ပြောစရာဆိုစရာ အရေးကိစ္စကြုံလာရင် ပွဲတော်ကျင်းပတဲ့နေရာနဲ့ အနီးဆုံးမှာရှိတဲ့ “ ကံဆိုးသူ မောင်ရှင် ” က မိမိ။ ကွန်ပလိန်းအမျိုးမျိုးက မိမိအပေါ်သာ တက်လာတတ်စမြဲ၊ ရှေးအရင်ပွဲတော်များမှာ ဖြစ်ခဲ့တဲ့ တစ်ချို့ကိစ္စတွေဆိုရင် အလှူရှင်စာရင်းလက်ခံတာ မိမိမဟုတ်ပေမဲ့ ပွဲနေ့မှာ အကြောင်းကြီးငယ် ကိစ္စကြုံလာရင် အနီးဆုံးရှိနေတတ်တဲ့ မိမိကသာ ပြေလည်အောင်ဖြေရှင်းပေးရမြဲ။ ဒါကြောင့် အထက်မှာပြောခဲ့ သလို နောက်နောင် ပွဲတွေမှာ မလိုလားအပ်တဲ့ ကိစ္စလေးတွေ မဖြစ်အောင် အခုလို ကြိုပွိုင့်လေးတွေ လုပ်ထားရတာပေါ့။


အလှူဒါနနဲ့ပတ်သတ်ရင် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တော်တော်များများ သဒ္ဓါပေါက်ရင် ပေါက်သလောက် စေတနာတရားတွေ အထွဋ် အထိပ်ရောက်ပြီး အိမ်တိုင်ပါချွတ်လှူရ လှူရလို့ သဘောထားတတ်ကြပေမဲ့၊ တစ်ခါတစ်လေတော့ ဂုဏ်ပကာသနအရင်းခံတဲ့ အသိဥာဏ်အားနည်းတဲ့ အပြုအမှုတွေကြောင့် ကုသိုလ်ဖြစ်သင့်သလောက် မဖြစ်တာကိုလည်းတွေ့ရတယ်။


တကယ်ဆို အခုလို ဒါနပြုတဲ့နေရာတွေမှာ ပါရမီထိုက်တဲ့ ကုသိုလ်ဖြစ်ဖို့ စေတနာ၊ လှူဖွယ်ဝတ္ထု နဲ့ အလှူခံ ပုဂ္ဂိုလ် ဒီသုံးချက် ဟန်ချက်ညီဖို့ လိုအပ်လှပါတယ်။ အလှူခံပုဂ္ဂိုလ်မရွေး လှူဒါန်းခွင့်ရတဲ့ အခုလို စုပေါင်းပွဲတော်တွေမှာ အသိဥာဏ်ရှေ့ထားရင် သာမန်ဒါန ကုသိုလ်လေးကနေ ပါရမီထိုက်တဲ့ ကုသိုလ်တစ်ခုဖြစ်နိုင်လို့ အလှူရှင်များရဲ့ စိတ်ကို အသိဥာဏ်တို့၊ စေတနာတို့နဲ့ အတူယှဉ်တွဲနေအောင် ကြိုးစားသင့်ကြပါတယ်။


နောက်ပြီးအလှူခံပုဂ္ဂိုလ်ကို အယုတ်အလတ် အမြတ်မရွေး လှူဒါန်းတတ်မယ်ဆိုရင် “ အလှူခံ တစ်ကျိပ်လေး ခွေးတောင်ပါသေး ” လို့ ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ဖြူစင်တဲ့ လှူဖွယ်ဝတ္ထုနဲ့ မြင့်မြတ်တဲ့ စေတနာတရားကို အရင်းခံလိုက်ရင် အလှူခံပုဂ္ဂိုလ်ဆိုတာ ဒီအမေရိကန်နိုင်ငံမှာလည်း မရှားလှပါဘူး။ ဒါကြောင့် အခုလို ဒါနပွဲတော်တွေမှာ မိမိရဲ့ သိတတ်နားလည်မှုကနေ အလှူဒါနပြုသူအချင်းချင်း စိတ်ကောင်း ထား မေတ္တာပွား လို့ ဖြူစင်တဲ့စေတနာ ခပ်များများလေး ပက်ဖျန်းပေးလိုက်မယ်ဆိုရင် နေရာနဲ့ပတ်သတ်ပြီး မွန်မြတ်တဲ့ အလှူတစ်ခု ဆင့်လောင်းရရှိနိုင် တာကို လည်း နှလုံးသွင်းစေချင်ပါတယ်။


ဒီနေရာမှာ မိမိအနေနဲ့ နေရာနဲ့ပတ်သတ်ပြီး တစ်ခုတွေးမိတယ်၊ မိမိ ထာဝရ လိုလားတဲ့ နေရာတစ်ခုကို ပြောပါဆိုရင်တော့ ဗုဒ္ဓမြတ်စွာ ညွန်ပြတော်မူတဲ့ အရိယာတို့စံဝင်ရာ နေရာမြတ်လေးပဲပေါ့၊ ကျန်တဲ့ အခြားသူတွေ လိုလားတပ်မက်နေကြတဲ့ ထိုနေရာ၊ ဤနေရာ ၊ ထိုကုလားထိုင်၊ ဤကုလားထိုင်တွေ ဆိုတာကဖြင့် စိတ်ရှုပ်ထွေးဖွယ်ရာ နေရာတွေလို့ ထင်မိတယ်။


ဒါကြောင့်လည်း နှစ်စဉ်ကျင်းပတဲ့ ဟာ့မွန်းဗေးကျောင်းတိုက်ကြီးရဲ့ ပွဲတော်များမှာပါဝင်ကြတဲ့ အလှူရှင်များရယ်၊ အဖက်ဖက်က အားကြိုးမာန်တက် လုပ်ဆောင်ပေးလာကြတဲ့ လူငယ်လူရွယ်များရယ်၊ ပွဲတော်ကို အစအဆုံး ပတ်စာခွာ ဖျာသိမ်း မီးဖိုချောင်ဝေယျာဝစ္စလုပ်ကိုင်ပေးကြတဲ့ ကုသိုလ်ရှင် များရယ်ကို ဆရာတော်များက ကြုံတိုင်း ကုသိုလ်လုပ်တဲ့နေရာမှာ စိတ်ထားတတ်ဖို့ ဟောပြောပေးကြသလို၊ မိမိလည်း အခွင့်သင့်ရင် သင့်သလို ပြောပေး ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြောခဏ မေ့ခဏလို့ ပြောရမလိုပေါ့။ ဒါကြောင့်လည်း ပြောလို့နားဝင်တာထက် ဖတ်လို့သဘောပေါက်တာက ပိုပြီး အသိစွဲနိုင်လို့ အတွေးအမြင်လေးတွေကို အခုလို ကလောင်ထက် ထပ်တင်ပြန်မိတာပါ။


အထက်မှာ ဖုန်းနဲ့ ကွန်ပလိန်းတက်လာတဲ့ ဒကာမကြီးကို ဒီသဘောထားလေးတွေ နောက်ကြုံကြိုက်ရင် ပြောပြပေးရအုံးမယ်၊ လောလောဆယ်တော့ “ ဒကာမကြီး ဘာမှမပူနဲ့၊ ဒီတစ်ခါ နေရာအဆင်ပြေအောင် စီစဉ်းပေးထားပါ့မယ် ” လို့ အာမခံပေးလိုက်တော့ ဒကာမကြီးလည်း စိတ်ကျေနပ်သွားပြီး “ ဦးဇင်း ဒါဆိုရင် တပည့်တော်တို့ သံဃာတော်များအတွက် ဆွမ်းဟင်းဘာလုပ်ပေးလာရအုံးမလဲဘုရား” လို့ နောက်ထပ် ကုသိုလ်လိုက်ပွဲ အတွက် မေးလာလို့ “ ဟင်းတွေကတော့ စုံသလောက်ဖြစ်နေပါပြီး၊ ဒကာမကြီး လှူချင်တယ်ဆိုရင် ဟင်းချိုသောက် တစ်ခုလောက် စီစဉ်လေ၊ ဒကာမကြီး လုပ်မယ်ဆိုရင် ဦးဇင်းတို့ ကျောင်းကနေ ဟင်းချိုသောက် မလုပ်တော့ဘူးပေါ့ ” “ ဒါဆိုတပည့်တော်တို့ မြန်မာပြည်ကနေ လတ်တလော တုန်းကမှ ယူလာတဲ့ ပုတတ်စာကို ဗူးသီးလေးနဲ့ ဟင်းခါးချက်လာခဲ့မယ်ဘုရား” “ ဟာ့...... ကောင်းတာပေါ့ ဒကာမကြီးရယ်၊ သရက်သီးစိမ်းလေးကို ပါးပါးပေါက်ထည့်လိုက်ရင် ပိုလို့ကောင်းပေါ့၊ ဒီရောက်ကတည်းက ပုတတ်စာဆိုတာ မစားရတာကြာလို့ အရသာကို မေ့တေ့တေ့ရယ်လေ” လို့ အရွှန်းဖောက်လိုက်သေးရဲ့။


ဒီထမနဲပွဲက ကျောင်းတိုက်ကြီးရဲ့ ရာသီပွဲဦး၊ ဒီပြဿနာကလည်း ပြဿနာဦးပေါ့။ နှစ်စဉ် အမေရိကန်နိုင်ငံ၊ ကာလီးဖိုးနီးယားပြည်နယ်၊ ဟာ့မွန်းဗေးမြို့၊ ဓမ္မာနန္ဒ၀ိဟာရကျောင်းတိုက်ကြီးမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်းကြီးက ဦးဆောင်ပြီး ထမနဲပွဲ၊ သင်္ကြန်ပွဲ၊ ဗုဒ္ဓနေ့ပွဲ၊ ၀ါဆိုပွဲ၊ နိဗ္ဗာန်ဈေးပွဲ၊ သီတင်းကျွတ်ပွဲနဲ့ ကထိန်ပွဲတော်များဆိုပြီး ရာသီအလိုက် ပွဲတော်ကြီးခုနှစ်ပွဲကို ကျင်းပတယ်။ နိဗ္ဗာန်ဈေးပွဲတော်ကလွဲပြီး ကျန်တဲ့ခြောက်ပွဲ မှာ အလှူရှင်များလှူဒါန်းကြတဲ့ မြန်မာရိုးရာ အစားအစာများအပြင်၊ ဒီမြေဖွား ကလေးများအတွက် ဒီပြည်က အစားအစားများကိုပါ စီစဉ်ပေးလို့ရယ်၊ လာသမျှ အလှစားယုံသာမက အ၀လည်းစားလို့ရအောင် လှူဒါန်းပေးကြတဲ့အပြင်၊ အစားအသောက်များရဲ့ အခြေအနေအလိုက် ဒီကအခေါ် “ To Go ” ပါတွဲလို့ ကြွရောက်လာသူများ အစားလည်းဝ အထုပ်လည်းဆွဲ ကုသိုလ်လည်းရအောင် အလှူရှင်များ၊ ဝေယျာဝစ္စကုသိုလ်ရှင်များနဲ့ ပွဲစီစဉ်သူ အဖွဲ့ဝင်လူကြီများက အစစအရာရာ အဆင်ပြေအောင် လုပ်ဆောင်ပေးကြတယ်လေ။ အဲ…….တစ်ခုတော့ရှိတာပေါ့၊ အထုပ်ဆွဲတဲ့အခါမှာ အကျွေးအမွေး အလှူရှင်များရဲ့ လှူဒါန်းမှုအခြေအနေနဲ့ အချိန်အခါအပေါ်တော့ မူတည်တာပေါ့။


နိဗ္ဗာန်ဈေးပွဲတော်ကတော့ ကျောင်းတိုက်ကြီး ရပ်တည်လည်ပတ်ဖို့ တစ်နှစ်မှာတစ်ကြိမ်သာကျင်းပတဲ့ Fundraising ဖြစ်လို့ အစားအသောက် အလှူရှင်များရဲ့ အရင်းနဲ့ ရောင်းရတဲ့ အမြတ်ပါမကျန် ကျောင်းတိုက်ကြီးကို အားလုံးပြန်ပြီး လှူဒါန်းကြတဲ့အပြင်၊ လာရောက်ကြတဲ့ ဧည့်သည်များ ကလည်း Ticket လို့ခေါ်တဲ့ အစားအသောက်များတွက် အလှူငွေလက်မှတ်နဲ့ ၀ယ်ယူပြီး အစားလည်းစား အလှူလည်းဖြစ်တဲ့ ကုသိုလ် စနစ်နဲ့ ကျောင်းတိုက် ရံပုံငွေအတွက်ပါ တစ်ခါတည်း ရောင်းသူရော ၀ယ်သူပါပေါင်းလို့ အများအလှူ စုပေါင်းကုသိုလ်ဖြစ်အောင် စီစဉ်ပေး ထားတယ်လေ။ ဒါတွေက ဒီကျောင်းတိုက်ကြီးမှာ နှစ်စဉ်ကျင်းပတဲ့ နှစ်တစ်နှစ်ရဲ့ ပွဲတော်အချုပ်ပေါ့။


အခုလည်း တပို့တွဲလရဲ့ ထမနဲရာသီ ရောက်လာပြန်ပြီ။ ငယ်ငယ်တုန်းက ကျောင်းမှာသင်ခဲ့ဖူးရဲ့။ ဒီထမနဲပွဲ အကြောင်းပေါ့။ ပုဆိုးခါးတောင် ကြိုက်လို့ ဆေးမှင်ကြောင် ထိုးကွင်းအရုပ်တွေကို ပေါင်နှစ်ဖက်မှာ အပြည့်ထိုးထားပြီး ဗလတောင့်တောင့် ဦးခေါင်းယောင်ထုံးထားတဲ့ အမျိုးသား ကြီးနှစ်ယောက်က သစ်သားယောက်မကြီးတွေ ကိုင်လို့ ထင်းမီးညီညီထိုးထားတဲ့ မိုးပြဲဒယ်အိုးကြီး ဘေးကနေ ဆီ၊ ဂျင်း၊ ကောက်ညှင်းဆန် အဖြူ , အမည်း၊ နှမ်း၊ မြေပဲ၊ သကြား၊ ဆား၊ နှမ်းဆီ၊ အုန်းသီ အစရှိတဲ့ အမယ်ပစ္စည်းအစုစုကို အစဉ်အတိုင်းထည့်ကာ ဘေးနှစ်ဖက်ကနေ ချွေးတလုံးလုံးနဲ့ အားရပါးရ သူအပြိုင် ကိုယ်အပြိုင် ထိုးနေကြတဲ့အချိန်မှာ အလယ်က “ ရေကိုင် ” လို့ ခေါ်တဲ့ ထမနဲအတွက် အရသာ အလေးအပေါ့တင်မက အချိုအစိမ့်၊ အပျော့အမာ၊ အစေးအညက်၊ အမွှေးအကြိုင် စတဲ့ ထမနဲကောင်းတစ်ဒယ်ဖြစ်ဖို့ အဓိက အခရာလို့ဆိုရမဲ့ ပုဂ္ဂိုလ်ရဲ့ စရိုက် အသွင်အပြင်ရယ်၊ နံဘေးကနေ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်နေတဲ့ မြန်မာရိုးရာ အိုးစည်ဝိုင်းရယ်၊ အားပေးနေကြတဲ့ သူတွေရယ်ပေါ့။ ဒါကတော့ ဟိုးငယ်ငယ် တုန်းက မြင်ခဲ့ဖူးသင်ခဲ့ရဖူးတဲ့ ထမနဲပွဲတော်အကြောင်း မြင်ကွင်းလေးပေါ့။ အရွယ်ရောက်လို့ တပို့တွဲလရဲ့ ထမနဲ ရာသီရောက် ရင် ရွှေတိဂုံ ဘုရားခြေတော်ရင်းမှာ ကျင်းပတဲ့ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို မြင်ရတော့ သင်ခဲ့ဖူးတဲ့စာနဲ့ မြင်တွေရတဲ့အမြင်ရယ် ပေါင်းစပ်လို့ ထမနဲကောင်း တစ်ဒယ်အတွက် စုပေါင်းခြင်းရလဒ်ရဲ့ အောင်မြင်မှုရသတို့ကို ပိုလို့ သဘောပေါက်ခဲ့ရတယ်။


အခုတော့ အမေရိကန်ရောက်မှ ကိုယ်တွေ့ကြုံတဲ့ မိမိနေထိုင်ရာ ကျောင်းတော်ကြီးရဲ့ ထမနဲပွဲတော် ပုံရိပ်တွေနဲ့ ငယ်စဉ်က ထမနဲပွဲတော် ပုံရိပ်တွေကို နိုင်းယှဉ်ကြည့်မိပြန်တယ်။ တူတာရှိသလို မတူတာလည်း ရှိလို့ပေါ့။ တူတာက ထမနဲဖြစ်တာလေ၊ မတူတာကတော့ ထင်းမီးနဲ့ ဂက်(စ်)မီးကွာတာရယ်၊ နောက်ပြီး မိမိတို့ ဟာ့မွန်းဗေးကျောင်းမှာ မြန်မာရိုးရာ အတီးအမှုတ်မပါတာလေးရယ်ပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်လေ……… ဟာ့မွန်းဗေးကျောင်း ထမနဲက စားလို့သိပ်ကောင်းတယ်လို့ လာသူအများက ဆိုကြရဲ့။ အဲ…….. ဒီနေရာမှာ “ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ် ” လို့ ဆိုချင်ဆိုနော်။


ထမနဲထိုးမဲ့နေ့မှာ နှစ်စဉ်အဓိကထိုးပေးနေကြ ဘေးဧရိယာက လူငယ်လူရွယ်များ ဒီနှစ်မှာ ပတ်လည်ဘောလုံးပြိုင်ပွဲများရှိတယ်ဆိုလို့ ထိုးမဲ့ရက် မတိုင်မှီ ကြိုတင်ပြီးဖုန်းနဲ့ ဟိုတဂွမ်ဂွမ်၊ ဒီတဂွမ်ဂွမ် လုံ့လပြုထားရတယ်လေ။ ထမနဲကောင်းဆိုတာ စားလိုအရသာရှိသလောက် ထိုးတဲ့ အခါလည်း အားသွန်ခွန်စိုက်ရတယ်ဆိုတာ ထိုးဖူးသူတိုင်း အသိပါ။ လှေလှော်အားကစားကို လိုက်စားတဲ့ ညီငယ် လုံးလုံးတို့လို သူတွေအတွက်တော့ သိပ်မထောင်း သာလှပေမဲ့ တော်ယုံ တန်ယုံ အလေ့အကျင့်မရှိသူတွေ အတွက်တော့ အိမ်ပြန်ရောက်တဲ့အခါ အကိုက်အခဲပျောက်ဆေးတွေ ကြိုသောက် အိပ်တာ စိတ်အချရဆုံးလို့ နောင်ထမနဲပွဲ နွှဲမဲ့သူများကို မှာလိုက်ချင်သေးရဲ့။


ကျောင်းရဲ့ ထမနဲပွဲတော်ကို ဖေဖော်ဝါရီ နှစ်ဆယ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာကျင်းပမှာဖြစ်လို့ ဆယ့်ကိုးရက် စနေနေ့ နံနက် ရှစ်နာရီလောက် ကစလို့ ကောက်ညှင်းများစတင် ချက်နေကြတယ်တဲ့အချိန်မှာ ကြိုရောက်နှင့်နေသူ တစ်ချို့က ထမနဲထိုးဖို့ စိတ်စောကာ ထိုးမယ်တကဲကဲ ဟန်ရေး တပြပြ ဖြစ်နေကြလေရဲ့။ ဘယ်လောက်ပင် စိတ်စော စိတ်စော ကောက်ညှင်းဆန်မကျက်သရွေ့ ကိစ္စမပြီးပါဘူး။

ဆန်ကျက်မှ စထိုးရမှာမို့လေ။ မိမိက ပြောလိုက်သေးရဲ့ “ ပြောတော့၊ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ ကြွက်စုပ်လေး ခြေတောက်အနား ဖြတ်ပြေးတာကို လန့်အော်နေရင် လူကြားလိုမသင့်လျော်ဘူးနော်” လို့၊ ဟုတ်တယ်လေ၊ ကောက်ညှင်းဆန်မရခင် ထိုးမယ်တပြင်ပြင်လုပ်နေပြီး တကယ့်တကယ် ထိုးကြတဲ့အခါ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတဲ့ သူတစ်ချို့ကိုပေါ့။


ဒီလိုနဲ့ ကောက်ညှင်းဆန်ကျက်တဲ့အချိန် နေ့လည် တစ်နာရီလောက်ကနေ စထိုးလိုက်ကြတာ ညနေငါးနာရီကျော်လို့ ခြောက်နာရီထိုသွားတယ်။ အဲဒီ နေ့က အငြိုးကြီးတဲ့ စနေမိုးကလည်း ခပ်ကဲကဲရယ်လေ၊ မိုးထဲလေထဲမှာ ချွေးမရွဲဘဲ အားခဲလို့ ထမနဲထိုးခဲ့ကြတဲ့ ဘေးဧရိယာက လူကြီးလူငယ် လူရွယ်တစ်ဖွဲ့ရဲ့ ထက်သန်တဲ့ စေတနာသဒ္ဓါတရားကလည်း မမေ့ရက်စရာပါ။ စုစုပေါင်း ပေါင်တစ်ရာ့ရှစ်ဆယ် ထိုးဖို့ပြင်ပေမဲ့ နောက်တစ်နေ့ ပွဲနေ့မှာ သတင်းကနေရာသီကောင်းမှာကိုကြိုသိလို့ ကျောင်းမှာလက်ကျန်ရှိတဲ့ ကောင်းညှင်းဆန်တွေကိုပါ ရောသမပေးလိုက်တာ ပေါင်နှစ်ရာနီးပါး ဖြစ်သွားတော့တယ်။ဟာ့မွန်းဗေးရဲ့ ဒီနှစ်ထမနဲထိုးချိန်မှာ အရင်နှစ်တွေနဲ့မတူ ထူးခြားတာလေး တစ်ခုရှိတယ်။

ပုံမှန်ထိုးနေကြ လူငယ်လူကြီး၊ ယောင်္ကျားလေးအမျိုးသားတွေ အပြင် မီးဖိုချောင်ဝေယျာဝစ္စအဖွဲ့ ဒကာမကြီးတွေလည်း အားကျမခံ ထမနဲတစ်ဒယ် ၀င်ကာတွယ်သေးရဲ့။ လက်သံတော့ ပြောင်သဗျ။ အမျိုးသမီးတွေဆိုပြီး အထင်သေးချင်တဲ့ သူများကို မြင်တွေ့စေချင်ရဲ့။

မှတ်တမ်း ဓာတ်ပုံတောင် တင်ဖြစ်လိုက်သေး။ အဲဒီတစ်ဒယ်ကတော့ သူတို့ပြောသလိုဆိုရရင် ဂွတ်ရှယ်ဆိုပဲ။ နောက်တစ်နေ့ ကျောင်းပွဲကိုလာကြတဲ့ ထမနဲလက်ဆောင်ရတဲ့ ကံထူးရှင်တွေ သိပါလိမ့်မယ်။ စာဖတ်သူလည်း တကယ်လို့များ အဲဒီနေ့က ကံထူးရှင်ဖြစ်ခဲ့တယ်ဆိုရင် မေးပါရစေ၊ ဂွတ် မဂွတ်၊ ရှယ် မရှယ်ပေါ့။


တကယ်တော့ ထမနဲဆိုတာ ပါဝင်သင့်တဲ့ အမယ်ပစ္စည်းအစုစုနဲ့ အောက်ကနေမီးအားကို နားလည်တဲ့သူက လိုတိုး ပိုလျော့ ပြုပေးလို့၊ အထက်ကလည်း ချက်ပြီးသားကောက်ညှင်းဆန်ကို ဆီ၊ ဂျင်း၊ မြေပဲ၊ နှမ်း ၊ ဆား၊ သကြား၊ အုန်းသီးကြော် အစရှိတဲ့ အဆာပလာတွေကို အချိုးကျကျ အစဉ်အတိုင်း လိုအပ်သလို ထည့်ပေးရတဲ့အပြင်၊ ထိုးသားတွေကလည်း အိုးမကပ်အောင် အားစိုက်ပြီး မခိုမကပ်ဘဲ မနားတမ်း ထိုးပေးနေမှ အားလုံးက အညီအမျှ အချိုးကျလို့ ထမနဲကောင်း တစ်ဒယ်ဖြစ်လာတာကလား။

ဒီကြားထဲ ထမနဲအိုးတွေက တစ်ကြိမ်သာထိုးရပေမဲ့ ထူးထူးခြားခြား ငါးဒယ်မြောက်မှာ ကျန်တဲ့ အဆာပလာတွေ အကုန်ထည့်ပြီး ဆားမထည့်မိ လို့ နှစ်ကြိမ်တောင် ထိုးလိုက်ရပါသေးရဲ့။ အဲဒါတောင် ထမနဲထိုးသားလုပ်အားရှင် စိုးမိုးတို့လို ကြိုပြန်နှင့်သူတွေကို လက်ဆောင်ပေးပြီးမှ သိရတော့ တယ်။ အဲဒီတစ်ဒယ်က သွေးတိုးသမားများအတွက် ထင်ပ။ စိုးမိုးကို နောက်တစ်နေ့ ဖြစ်တဲ့ ပွဲတော်နေ့မှာတွေ့တော့ နောက်လိုက်သေးရဲ့၊ “ စိုးမိုးရေ မနေ့ကပေးလိုက်တာက ထမယ် မနဲဘူး၊ ဆားနဲတာဟေး..... ” လို့။


ဒီနှစ်ထမနဲပွဲကတော့ ထိုးတဲ့နေ့မှာ မိုးထဲလေထဲ အပြတ်နွှဲခဲ့ရပေမဲ့၊ ပွဲတော်ကျင်းပတဲ့ နောက်နေ့မှာ ရာသီဥတုသာသာယာယာရှိလို့၊ လာသမျှ ဧည့်သည် တိုင်းလိုလိုကို ကျောင်းကနေ ထမနဲအထုပ်လေးတွေ ပေးဝေဖြစ်ခဲ့တယ်။ အလှူရှင်များရဲ့ စုပေါင်းလှူဒါန်းတဲ့ ထမနဲအပြင်၊ ထမင်း၊ ငါးဟင်းနဲ့ ရှောက်သီးသုပ်၊ အုန်းထမင်းနဲ့ ကြက်သားချက်၊ ကြာဆံချက်၊ လ္ဘက်ရည်နဲ့ အီကြာကွေ၊ စမူဆာသုပ်အစရှိတဲ့ စားသောက်စရာများကိုလည်း သီးသန့် အလှူရှင်များမှ လာရောက်ပြီး အသီးသီးကုသိုလ်ပြုကြသေးတယ်။ ရာသီကလည်းကောင်း စားစရာကလည်းများလို့ လာရောက်ကြတဲ့ ဧည့်သည် ရှစ်ရာကျော် တစ်ထောင်လောက်အတွက် ပြည့်စုံလုံလောက်ယုံမက အထက်မှာဆိုခဲ့သလို “ To Go ” များလည်း အပါပေါ့။


ကျောင်းတိုက်မှာ ပွဲတော်တစ်ခုကျင်းပတိုင်း အဆင်ပြေတာလည်းရှိမယ်၊ မပြေတာလည်းရှိမယ်။ ဘာပဲဖြစ်ဖြစ် ကျင်းပတဲ့ ပွဲတော် အောင်အောင်ြ မင်ြ မင်နဲ့ ပြီးဆုံး သွားဖို့အတွက် ကြုံတွေလာတဲ့ အဆင်မပြေမူလေးတွေကို စိတ်ရှည်သည်းခံပေးပြီး အများနဲ့ထပ်တူ ခိုကပ်မနေဘဲ ကျရာနေရာကနေ နားလည်းမှုတရား လက်ကိုင်ထားပြီး လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုပဲပေါ့ လူဘ၀မှာလည်း ဘယ်အရာမဆို အခက်အခဲဆိုတာ အနည်းနဲ့ အများ တွေ့ကြုံနိုင်ကြတာပဲ၊ ကျရာထောင့်ကနေ တစ်ဦးနဲ့တစ်ဦး မေတ္တာရှေ့ထားပြီး လိုအပ်တာတွေကို အပြန်အလှန် ဖြည့်ဆည်းပေး ကြရင် တွေ့ကြုံ လာတဲ့ မည်သည့်ကိစ္စကြီးငယ်မဆို အနှေးနဲ့အမြန် အောင်မြင်စွာနဲ့ ပြီးမြောက်နိုင်မှာပါ။


အထက်မှာပြောခဲ့သလို ထမနဲကောင်း တစ်ဒယ်ဖြစ်ဖို့ ပါဝင်မဲ့ ပစ္စည်းတွေကို “ ရေကိုင် ” လိုခေါ်တဲ့ နားလည်တတ်ကျွမ်းတဲ့ သူက အစစအရာရာ အချိုး ကျကျ၊ အစီအစဉ်အလိုက် စနစ်တကျ ထည့်တတ်ရသလို၊ ထိုးတဲ့သူများဘက်ကလည်း တက်ညီလက်ညီ မခိုမကပ်ထိုးပေးရတဲ့အပြင်၊ မီးအတွက် အတိုး အလျော့ နားလည်းတဲ့သူကလည်း ကြည့်လို့ ညှိပေးသင့်တာ ညှိပေးပြီး စုပေါင်းစိတ်ဓာတ် ခိုင်မာမှသာ နောက်ဆုံးရလဒ်က အရသာကောင်းမွန်တဲ့ ထမနဲကောင်းဖြစ်မှာ မဟုတ်လား။


ဒီလိုဘဲ လောကမှာလည်း ရဟန်းလည်း ရဟန်းအလျောက်၊ လူလည်း လူအလျောက်၊ မိဘလည်း မိဘအလျောက်၊ သားသမီးလည်း သားသမီး အလျောက်၊ ဆရာလည်း ဆရာအလျောက်၊ တပည့်လည်း တပည့်အလျောက် စတဲ့ ဘ၀များစွာရဲ့ အခြေအနေ အချိန်အခါ အရပ်ရပ်တို့ကို အကျိုးရှိရှိ သူ့နေရာ သူ့ဌာနအလျောက် စွမ်းနိုင်ရာကို အချိုးကျကျ နည်းလမ်းမှန်မှန် ပေါင်းစည်းနိုင်ရင် မိသားစုရေး၊ လူမူရေး၊ နိုင်ငံရေး၊ စီးပွားရေး အစရှိတဲ့ လောကအရေးသာမက၊ ဘာသာရေး၊ သာသနာရေးနဲ့ လောကုတ္တရာ အရေးတွေကိုပါ ပြီးမြောက်အောင်မြင်မှာ ဧကန်ပါ။ ဘုရားအစရှိတဲ့ အရိယာ သူတော်ကောင်းများ ဆုံးမထားတဲ့ နည်းကောင်း လမ်းမှန်များနဲ့ အချိုးကျကျ ဘ၀ကို အသုံးချတတ်ကြမယ်ဆိုရင် လောကအတွက်ရော၊ ဓမ္မအတွက်ပါ အဖိုးအနဂ္ဃထိုက်တန်လှတဲ့ ပေါင်းစပ်မှုလေးတွေ ဖြစ်သွားမယ်ဆိုတာတွေးမိရင်း..............။

စုပေါင်းခြင်းရလဒ်ရဲ့ အောင်မြင်မှုရသကို ခံစားနိုင်ကြပါစေ။

ငြိမ်းချမ်းလက်

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

2011-ခု၊ ဧပြီလ-၁-ရက်၊ သောကြာနေ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP