* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 23, 2011

ဒုလ္လဘရဟန်းဝတ်လျှင် အထူးဆင်ခြင်စရာများ


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ်ရက်တို့၌ ဒုလ္လဘရဟန်းဝတ်တတ်ကြ၏။ ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။ အပျော်အပါး အမော်အကြွားတို့ကို ရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့်ကျင့်ဦးမှတော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘ ရဟန်းဝတ် တတ်ကြသည်။ ရဟန်းအဖြင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း ပါရမီအကျင့်ကောင်း၊ အကျင့်မြတ်တို့ကို ထိုသင်္ကြန်ရုံးပိတ်ရက်၊ ခွင့်ရသည့်ရက်များ၌ အကျိုးရှိအောင် အသုံးချလိုသည့် စေတနာကောင်းဖြင့် ရဟန်းဝတ်ကြခြင်း ဖြစ်၏။

ဒုလ္လဘရဟန်း- ရခဲလှသည့်ရဟန်းအဖြစ်သည် ဒုလ္လဘငါးပါးတွင် တစ်ခုအပါအ၀င်ဖြစ်ပါ၏။ ဒုလ္လဘငါး ပါးတို့မှာ- (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊ (၂) မနုဿတဘာဝ ဒုလ္လဘ= လူအဖြစ်ကိုရခဲခြင်း၊ (၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊၊ (၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊ (၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ= သူတော်ကောင်းတရား (မှန်ကန်သောတရား)တို့ကို ကြားနာရခြင်း ကို အလွန်ရခဲခြင်းတို့ ဖြစ်ကြပေသည်။ ထိုသို့ငါးပါးရှိရာတွင် သာသနာတော်၏ အနှစ်သာရ ဘ၀ဖြစ်သော ရဟန်းအဖြစ်နှင့် အချိန်ကိုကုန်လွန်စေကာ အသုံးချကြသည့်အတွက် လွန်စွာမှ အကျိုးရှိလှပါပေသည်။

ဤသို့ သဒ္ဓါတရားရှိပြီး မြင့်မြတ်သောရဟန်းဘ၀အဖြစ်နှင့် အချိန်ကို လွန်စွာအကျိုးရှိစေရန် အသုံးချသည်ကမှန်၏။ သို့သော်လည်း ရဟန်းအဖြစ်နှင့် မည်သို့မည်ပုံ ဖြည့်ကျင့်မှ ပို၍အကျိုး ရှိလှသည်၊ မှန်ကန်လှသည်ကို ၀ိနည်းတော်တို့အား သင်ကြားတတ်မြောက်ထားသော ရဟန်း တော်များလောက် သိမထားသော်လည်း သိထားသင့်သည့်ဝိနည်းတော်(စည်းကမ်း)များနှင့် လိုက်နာသင့်သည့်အချက်တို့ကို ဒုလ္လဘရဟန်းမ၀တ်ခင် ကြိုတင်သိထားသင့်၏။ ထို့ကြောင့် ဤဓမ္မဆောင်းပါးဖြင့် သံသရာ၌ တင်ခဲ့ဖူးသော ကျေးဇူးတရားများကို ကျေးဇူးဆပ်ရေးသား ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။



ရဟန်းဝတ်ရန် ကျောင်းသို့ ချဉ်းကပ်စဉ်ကပင် နှလုံးသွင်းသင့်သည်မှာ သံသရာဒုက္ခဘေးမှ လျင်မြန်စွာလွတ်ကင်းရန်အတွက် လူဝတ်ကိုစွန့်၊ ရဟန်းအ၀တ် သင်္ကန်းဖြင့် တရားအားထုတ် ရန် လာခဲ့သည်ဟု ဦးစွာနှလုံးသွင်းသင့်၏။ သံသရာဘေးမှ လျင်မြန်စွာလွတ်ကင်းရန်ဟု ဆိုရခြင်းမှာ ရဟန်းတော်အဖြစ်သည် အကျဉ်းအားဖြင့် (၂၂၇)ပါး၊ အကျယ်အားဖြင့် ကုဋေကိုး ထောင်ကျော်သော သီလတော်မြတ်တို့ကို စနစ်ကျမှန်ကန်စွာ မပျောက်၊ မကျား၊ မကျိုးရ အောင် အားထုတ်တတ်ပါလျှင် သီလသိက္ခာ၏အစွမ်းအာနိသင်ကြောင့် တရားအားထုတ်ရာ၌ သမာဓိ၊ ပညာ(မဂ်၊ ဖိုလ်)တရားတို့ လျင်မြန်စွာရောက်ရှိနိုင်သောကြောင့်ဖြစ်၏။

လူစိတ်ကိုဖျောက်၊ ရဟန်းတော်စိတ်ဖြင့် မအပ်စပ်သည့် လက်စွပ်၊ ဆွဲကြိုး၊ လက်ပတ်နာရီ တို့ကို ချွတ်ထားခဲ့ကာ ၀တ္ထုငွေတို့ကိုလည်း ရဟန်းအဖြစ်သို့ ရောက်ခါနီးမှအစပြု၍ မထိမကိုင်၊ လူ့အလုပ်တွေ နှလုံးမသွင်း၊ ရဟန်းအလုပ်သာ မှန်စွာဆင်ခြင်ရတော့မည်ဟု ဆုံးဖြတ်ထားရ မည်။ လက်ကိုင်ဖုံးများကိုလည်း ယူဆောင်မလာသင့်ပေ။ အိမ်အလုပ်များ ကျောင်းအထိ ပါမလာအောင် ထားနိုင်ခဲ့ရပါမည်။ လူဝတ်အဖြစ်၌ သူဌေးသူကြွယ်၊ ရာထူးဂုဏ်ထည်၊ ခေတ်ပညာတွေ လွန်စွာတင့်တယ်ခဲ့သည့်အဖြစ်တို့ကို နှလုံးမသွင်း ရိုးရှင်းရှင်း စိတ်ရင်းဖြင့်သာ မာနကို ခ၀ါချ၍ “မိမိကို ရဟန်းအဖြစ်တင်ပေးမည့် ကျောင်းရှိ သံဃာတော်တို့၏ ဆုံးမ သွန်သင်မှုအောက်တွင်သာနေမည်”ဟု ဆုံးဖြတ်ထားသင့်ပေသည်။

စဦးဆုံးကြုံတွေ့ရမည့် တရားအားထုတ်ရန် ကမ္မဋ္ဌာန်းမှာ ခေါင်းစရိတ်ချိန်၌ (အရေလျှင် ငါးခု မြောက်ရှိသောအဖို့အစု)တို့ကို ဆင်ခြင်ရမည့် တစပဉ္စကကမ္မဋ္ဌာန်းပင်ဖြစ်ပါသည်။ ဆင်ခြင်ပုံ မှာ- “အတ္ထိ ဣသ္မိံ ကာယေ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။” (ဣသ္မိံ ကာယေ- ဤကိုယ်ကာယ တလံမျှ၌၊ ကေသာ- ဆံပင်၊ လောမာ- အမွေး၊ နခါ- ခြေသည်း လက်သည်း၊ ဒန္တာ- သွား၊ တစော- အရေတို့သာလျှင်၊ အတ္ထိ သန္တိ- ရှိကြကုန်၏။)

“ငါ၏ခန္ဓာကိုယ်၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေတို့သာ ရှိချေသည်။” ဟူ၍ ဉာဏ်ဖြင့် သေချာဆင်ခြင်ရှုမှတ်ရပေမည်။ ဆင်ခြင်ပုံကမ္မဋ္ဌာန်းတိုသောကြောင့် ပေါ့ပျက် ပျက် သဘောမထားဘဲ အလေးအနက်ထား ဆင်ခြင်ပွါးများရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုရမူ- ဘုရားရှင်လက်ထက်က ပါရမီတရားတို့ ဖြည့်ကျင့်ထားခဲ့ကြသောပုဂ္ဂိုလ်တို့သည် ထို ကမ္မဋ္ဌာန်းဖြင့်ပင် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့ကြပြီ။ မိမိလည်း မည်မျှပါရမီ ဖြည့်ကျင့်ခဲ့ သည်ကို မသိနိုင်သောကြောင့် ခေါင်းရိတ်နေစဉ်၌ အလေးအနက်ထားဆင်ခြင်သင့်ပေသည်။

ပြီးနောက် သိမ်ထဲ၌ ရဟန်းအဖြစ်သို့ သိက္ခာတော်မတင်ခင် သိမ်ဝင်သံဃာတော်များ၏ စစ်ဆေးမေးမြန်းမည့် မေးခွန်းတို့ကို မှန်ကန်စွာ ဖြေဆိုရမည်ဖြစ်သည်။ မေးပုံနှင့် ဖြေကြားပုံ တို့မှာ-

(၁) ကုဋ္ဌံ, ဂဏ္ဍော, ကိလာသော, သောသော, အပမာရော
တေ- သင်ပဉ္စင်းလောင်းအား၊ ဧ၀ရူပါ- ဤသို့သဘောရှိကုန်သော-
(ကုဋ္ဌံ- သဖန်း၊ နီဖြူ၊ လူချင်းမတူအောင်၊ အနုအကွက်၊ သမင်ရက်မျိုး၊ အနာဆိုးတို့သည် လည်းကောင်း၊
ဂဏ္ဍော- သားရေစိုစို၊ ပြည်ယိုယိုမျိုး၊ အနာဆိုးတို့သည်လည်းကောင်း၊
ကိလာသော- တင်းတိပ် ပွေးညှင်း၊ ခရုသင်းနှင့်၊ ဆင်ညှင်းကြီးမျိုး၊ အနာဆိုတို့သည် လည်းကောင်း၊
သောသော- ရှူနာရှိုက်နာ၊ ကြက်ညှာ ချောင်းဆိုး၊ အနာမျိုးသည်လည်းကောင်း၊
အပမာရော- ခွေးရူးဝက်ရူး၊ ဘီလူးဖမ်းစား၊ မြေဘုတ်များကြောင့်၊ စကားသွပ်ပေါ၊ သတိလျော့ ၍၊ မေ့လျော့တတ်သော အနာမျိုးသည်လည်းကောင်း)
သန္တိနုခေါ- ရှိကုန်သလော။
(သင့်၌ ကူးစက်တတ်သောရောဂါ၊ ထိုသို့သောအနာဆိုးများ ရှိပါသလား?)
(နတ္ထိ ဘန္တေ- မရှိပါဘုရား)

(၂) မနုဿာ အတ္ထ
မနုေဿာ- လူသားစင်စစ် ဧကန်ဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် လူသားစင်စစ် ဧကန်ဖြစ်ပါသလား?)
(အာမဘန္တေ- လူသားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)

(၃) ပုရိသာ အတ္ထ
ပုရိေဿာ- နပုလ်းပဏ္ဍုပ်၊ မဟုတ်ဣတ္ထိ၊ မျိုးဇာတိနှင့်၊ ပုရိသစစ်၊ ယောက်ျားဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသလား?)
(အာမဘန္တေ- ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)
(၄) ဘုဇိသာ အတ္ထ
ဘုဇိေဿာ- သူ့ကျွန်သူ့ကျေး၊ ခင်းမှုရေးကြောင့်၊ ထွက်ပြေးကြဉ်ဖဲ၊ ခေါ်ငင်ဆဲတွင်၊ ရှောင် လွှဲမဖြစ်၊ တော်လှန်စစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် သူ့ကျွန်အဖြစ်မှ လွတ်ပါသလား?)
(အာမဘန္တေ- သူ့ကျွန်အဖြစ်မှ လွတ်ပါသည်ဘုရား)
(၅) အဏဏ အတ္ထ
အဏဏော- ယခုအခါ၊ သူ့ဥစ္စာကို၊ များစွာယူချေး၊ ကြေအောင်ပေး၍၊ မြီကျွေးမတင်၊ သန့် ရှင်းစင်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်သည် သူတစ်ပါးတို့ထံမှ ငွေကြေးဥစ္စာ ချေှးငှါးထားပြီး ကျေအောင် ပြန်ဆပ်ပြီးပြီလား?)
(အာမဘန္တေ- သူ့ကျွေးမတင် ကြွေးသန့်ရှင်း ကင်းစင်ပါသည်ဘုရား)
(၆) နတ္ထ ရာဇာဘဋာ
ရာဇာဘဋော- မင်းပါးစိုးခွင်၊ ချဉ်းကပ်ဝင်၍၊ အစဉ်လှုပ်ရှား၊ မင်းခစားသည်၊ န အသိ- မဖြစ်ဘဲ ရှိပါ၏လော။
(သင်သည် မင်းခစားအဖြစ်မှ လွတ်မြောက်ပါသလား?)
(အာမဘန္တေ- မင်းခစားဘ၀မှ လွတ်မြောက်ပါသည်ဘုရား။)
မှတ်ချက်။ အရပ်သားအစိုးရ၀န်ထမ်း၊ လခစားများဖြစ်ပါက ခွင့်ယူရပါမည်။ ခွင့်ရက်ရရှိမှ ရဟန်းပြုသင့်သည်။ စစ်မှုထမ်းများဖြစ်ပါက ဒုလ္လဘရဟန်းဝတ်ရန်ဟူသော အကြောင်း အရာဖြင့် ခွင့်တင်ပြီး ခွင့်ပြုချက်ကျထားပြီး ဖြစ်ရပါမည်။

(၇) အနုညာတာ အတ္ထ မာတာပိတူဟိ
နာဂ- မဂ်ဖိုလ်နီးကြောင်း ပဉ္စင်းလောင်း၊ တေ- သင်ပဉ္စင်းလောင်း၏၊ မာတာပိတူဟိ- သင်၏ ကျေးဇူးဂုဏ်ရှင်၊ မိခင်ဖခင်တို့က၊ အနုညာတော- ရဟန်းပြုရန် အနူးအညွတ် ခွင့်ပြုလွှတ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်အား မိဘများက ရဟန်ပြုရန် ခွင့်ပြုကြပါသလား?)
(အာမဘန္တေ- မိဘနှစ်ပါက ရဟန်းပြုရန် ခွင့်ပြုကြပါသည်ဘုရား)
(၈) ပရိပုဏ္ဏ၀ီသတိဝဿာ အတ္ထ
ပရိပုဏ္ဏ၀ီသတိဝေဿာ- သန္ဓေကလလ၊ ရေတည်စက၊ စ၍ချင့်တွက်၊ ဤသည့်ရက်တွင်၊ အသက်တိတိ၊ နှစ်ဆယ်ပြည့်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်ကို မိခင်က မမွေးဖွားခင် ကိုယ်ဝန်ဆောင်ထားခဲ့သောကာလနှင့် မွေးဖွားပြီး လက်ရှိအချိန် အထိကာလ နှစ်ခုပေါင်း သင့်၌ အသက်နှစ်ဆယ် ပြည့်ပါသလား?)
(အာမဘန္တေ- အသက် ၂၀ ၊ ပြည့်ပါသည်ဘုရား)
(၉) ပရိပုဏ္ဏံ ဝေါ ပတ္တစီဝရံ
တေ- သင့်အား၊ ပတ္တစီဝရံ- သပိတ်သင်္ကန်းသည်၊ ပုဏ္ဏံ- ပြည့်စုံပါပြီလော။
(အာမဘန္တေ- ပြည့်စုံပါပြီဘုရား)
(၁၀) ကိံနာမာ အတ္ထ
ကိန္နာမောသိ- ဟူသော ပါဌ်ဖြင့် မိမိ၏အမည်ကို မေးလျှင်-
[အဟံ ဘန္တေ နာဂေါ နာမ- (ဘန္တေ- အရှင်ဘုရား၊ အဟံ- တပည့်တော်သည်၊ နာဂေါ နာမ- နာဂအမည်ရှိပါသည်ဘုရား)]
(တပည့်တော်၏အမည်သည် “နာဂ”အမည် ရှိပါသည်ဘုရား)
ကောနာမောတေ ဥပဇ္ဈာယော- ဟူသော ပါဌ်ဖြင့် မိမိ၏ ဥပဇ္ဈာယ်ဆရာတော်ကို မေးလျှင်-
[ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ တိဿတ္ထေရောနာမ (ဘန္တေ- အရှင်ဘုရား၊ မေ- တပည့် တော်၏၊ ဥပဇ္ဈာယော- ဥပဇ္ဈာယ်ဆရာသည်၊ အာယသ္မာ တိဿတ္ထေရောနာမ- အရှင်တိဿ မထေရ်အမည်ရှိပါသည်ဘုရား)]
(တပည့်တော်၏ဆရာ့အမည်သည်အရှင်တဿမထေရ်အမည် ရှိပါသည်ဘုရား)
ဤသည်မှာ သိမ်တွင်း၌ မေးပုံနှင့် ဖြေကြားပုံများဖြစ်၏။ ထိုသို့ မေးသောအခါများတွင် ဖြေ ကြားရမည်မှာလည်း ဖြေကြားပုံအတိုင်းသာဖြစ်၏။ မှန်သည်မှားသည်အရေးမကြီး ဤအတိုင်း ဖြေကြားရမည်ဆိုသောကြောင့် မိမိ၌ပြည့်စုံထားရမည့်အချက်တို့ကို မပြည့်စုံပါဘဲ လိမ်ညာဖြေ ကြားလျှင် အစတည်းက မုသာဝါဒကံနှင့် စမိနေသလိုဖြစ်နေပေမည်။ “အစကောင်းမှ အနှောင်းသေချာ”ဆိုသလို အစတည်းက သန့်ရှင်းကောင်းမွန် နေရန် ပြင်ဆင်ထားရမည်ဖြစ်ပါသည်။

ရဟန်းသိက္ခာတော်တင်ပေးမည့် ဆရာတော်များအနေဖြင့်လည်း ရဟန်းဝတ်ရန်လာကြသူများ ကို သင်ပေးပါလိမ့်မည်။ သို့သော် တချို့ကျောင်းများ၌ ဒုလ္လဘရဟန်းဝတ်ရန်လာကြသူများ အလွန်များလှသော ကြောင့် သေချာကျ န သင်ချိန်မရ၍ မိမိတို့အနေဖြင့် ကြိုတင်သိရှိထားလျှင် ပို၍ကောင်းသည်။ သိက္ခာတော် တင်ပေးကြမည့် ရဟန်းတော်များသည် အနည်းဆုံး ငါးပါး ရှိ ထားကြပြီး မိမိတို့ကို ရဟန်းခံ အစီအစဉ်အတိုင်း လုပ်ဆောင်သွားကြပါလိမ့်မည်။ ထိုသို့ စီစဉ်တကျ လုပ်ဆောင်တိုင်း၌ လေးနက်စွာ ဆင်ခြင်နေသင့်သည်မှာ ရဟန်းမဖြစ်သေးခင်၌ “ငါသည် မြင့်မြတ်သောရဟန်းဘောင်သို့ မကြာခင်ရောက်ရတော့မည်၊ လူဘောင် လူ့အလုပ် စွန့်ရတော့မည်။”၊ ရဟန်းအဖြစ်ရောက်သွားသောအခါ၌လည်း “ငါသည် မြင့်မြတ်သော ရဟန်းဘောင်သို့ ရောက်ခဲ့ချေပြီ။ လူတွေကဲ့သို့ မနေအပ်တော့။”ဟူ၍ ၀မ်းမြောက်ပီတိ ဖြစ်နေ ရပါမည်။

ရဟန်းအဖြစ်သို့တင်ရန် ပထမ ကိုရင်အဖြစ်တင်၊ ပြီးနောက် ရဟန်းအဖြစ် သိက္ခာတော်များ တင်ခြင်း အစဉ်တကျလုပ်ဆောင်ရာတွင် သရဏဂုံရွတ်ဆိုရာ၌ ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရ မည်ဖြစ်၏။ အာဖျားလျှာဖျားလေးဖြင့် ရွတ်ဆို၍မသင့်ပေ။ ဆရာတော်များ၏ ကမ္မ၀ါစာ ရွတ်ဆို တော်မူခြင်းကိုလည်း လေးနက်စွာနာကြားရပါမည်။ ရွတ်ဆိုသောပါဠိအဓိပ္ပါယ်တို့ကို နားမလည်သော်လည်း ဘုရားရှင်ဆုံးမ ထားခဲ့သော ၀ိနည်း(စည်းကမ်း)များအတိုင်း မိမိကိုရဟန်း အဖြစ် သိက္ခာတော်များ တင်ပေးနေကြသည်ဟူ၍ နှလုံးသွင့်ဆင်ခြင်သင့်၏။ အဓိပ္ပါယ်တို့ကို သိရှိက ပိုကောင်း၏။ ကမ္မ၀ါစာရွတ်ဆိုကြသော ရဟန်းတော်များ၏ ဌာန်ကရိုဏ်းကျနစွာ ရွတ်ဆိုသံများကို ကြားရပါမည်။ ပထမတစ်ခေါက်ဖြင့် ဌာန်းကရိုဏ်မကျသော စာလုံးများ ပါခဲ့ခြင်းမဖြစ်ရအောင် ကမ္မ၀ါစာကို နှစ်ခေါက် ရွတ်ဆိုကြသည်။ အမြဲတမ်းဝတ်မည့် ရဟန်း လောင်းဖြစ်လျှင် သုံးခေါက်ရွတ်ဆိုကြ၏။

သိမ်မှအထွက် သိမ်ဆွမ်းလောင်းလှူကြသော ဒကာဒကာမများလည်း တွေ့ကြုံရတတ်ပေ သည်။ ထိုအခါတွင်လည်း သာယာတပ်မက်ခြင်းမဖြစ်စေရန် နှလုံးသွင်းသင့်၏။ သိမ်ဆင်း ဆွမ်းလောင်းနေကြသော ဒကာဒကာမတို့ကို မေတ္တာပို့ပေးနေရမည်။ “မိမိကိုခင်လို့ ကျွေးသည်”ဟူ၍ နှလုံးမသွင်းသင့်။ ဒကာဒကာမတို့သည် သံဃာတော်အရှင်သူမြတ်တို့ကို ကြည်ညိုကြသောကြောင့် သာသနာတော်စည်ပင် ကြောင်း “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” စသည့် ရှင်လေးပါးမှ ဆွမ်းအလှူဒါနဖြင့် ကုသိုလ်ယူလို သောကြောင့်၊ လယ်ယာမြေကောင်း ဖြစ်သော သံဃာတော်အရှင်သူမြတ်တို့ထံ၌ ကုသိုလ်မျိုးစေ့များ လာရောက်စိုက်ပျိုးနေကြ သည်ဟုဆင်ခြင်ပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေရန် ရဟန်းကျင့်ဝတ်ဖြင့် ပြည့်စုံစွာရှိနေရ ပေမည်။

ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး”စသည့် ပစ္စည်းလေးပါး မသုံးဆောင်ခင်တို့၌လည်း နှလုံးသွင်း ဆင်ခြင်ရန် ကမ္မဋ္ဌာန်းများရှိပါသည်။ ၎င်းကမ္မဋ္ဌာန်းတို့ကိုလည်း အလေးအနက်ထား ဆင်ခြင် ပွါးများရပါမည်။ သီရိလင်္ကာ၌ သံဃရက္ခိတမထေရ်ကြီး၏ ကျောင်းတွင် ခုနစ်နှစ်သား ကိုရင်လေး ဆွမ်းစားရန်ပြင်နေချိန်တွင် ပန်းကန်သံများကို ကြားနေရသော သံဃရက္ခိတ မထေရ်ကြီးက ကိုရင်လေးကို သတိပေးစကား ပြောကြားလိုက်သည်မှာ “လျှာအပူလောင်မယ်၊ သတိထားစား”ဟူ၍ဖြစ်၏။ ကိုရင်လေးလည်း သတိဝင်ပြီး ဆွမ်း၌ဆင်ခြင်ရမည့် ကမ္မဋ္ဌာန်းကို ဆွမ်းမစားခင် ဆင်ခြင်ရာတွင် ခန္ဓာဉာဏ်ရောက် တရားပေါက်၍ ကိလေသာကုန်ခန်းကာ ရဟန္တာဖြစ်ခဲ့သည်မှာ ဆွမ်းမစားခင် ဆွမ်း၌ဆင်ခြင်ရမည့်ကမ္မဋ္ဌာန်းကို လေးနက်စွာဆင်ခြင်ခဲ့ သောကြောင့်ဖြစ်၏။ ထို့ကြောင့် “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” ပစ္စည်းလေးပါး မသုံးဆောင် ခင်တိုင်း၌ ရဟန်းတော်များအနေဖြင့် အလှူရှင်များကို မေတ္တာပို့ခြင်း၊ မသုံးဆောင်ခင် ဆင်ခြင် ပွါးများရသည့်ကမ္မဋ္ဌာန်းတို့ကို မပျက်မကွက် ဆင်ခြင်နှလုံးသွင်းကြရပေသည်။

ပစ္စည်းလေးပါးဆင်ခြင်ပုံတို့ကို ပါဠိတော်ဖြင့် ဆင်ခြင်ရန် အခက်အခဲရှိကလည်း မြန်မာလို ဆင်ခြင်နိုင် ပေသည်။ ဆင်ခြင်ပွါးများရာ၌ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ထားရန်သာ လိုရင်းဖြစ်ပါသည်။ ထိုဆင်ခြင်ပုံများကို သေချာကျက်မှတ်ထားသင့်၏။

သင်္ကန်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဟိရိကောပိနပ္ပဋိစ္ဆာဒနတ္ထံ။
(မြန်မာ။ “ကင်းမြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါ သတည်း။”)

ကျောင်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဥတုပရိဿယ ပိနောဒနပ္ပဋိသလ္လာနာရာမတ္ထံ။
(မြန်မာ။ “ချမ်းပူ ကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးကြမ်း၊ မသန့်ကင်းစင်၊ စိတ်ကြည်လင် ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။

ဆွမ်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေ၀ါမိ၊ နေ၀ ဒ၀ါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ၀ိဘူသနာယ၊ ယာဝဒေ၀ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ၊ ၀ိဟိံသူပရတိယာ ဗြမစရိယာ နုဂ္ဂဟာယ၊ ဣတိ ပုရာနဉ္စဝေဒနံ ပဋိဟင်္ခါမိ၊ န၀ဉ္စ ဝေဒနံ န ဥပါဒေဿာမိ၊ ယတြာ စ မေ ဘ၀ိဿတိ၊ အန၀ဇ္ဇာတာ စ ဖာသုဝိဟာရော စ။
(မြန်မာ။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာ ဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင် ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

ဆေးပစ္စည်း၌ဆင်ခြင်ပုံ
ပါဠိ။ “ပဋိသင်္ခါ ယောနိသော ဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ ဥပ္ပာန္နာနံ ဝေယျာဗျာဓိကာနံ၊ ဝေဒနာနံ ပဋိဃာတာယ၊ အဗျာပဇ္ဇာ ပရမတ္တာယ။
(မြန်မာ။ “ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်ရှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့ ရည်မှန်း သုံးဆောင်ပါသ တည်း။

အခြားအသုံးအဆောင်တို့၌ဆင်ခြင်ပုံ
ဖိနပ်ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူသစ်ငုတ်၊ ခလုတ်ဆူးငြောင့်၊ မနှောင့်ဘေးကျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

ထိုပစ္စည်းလေးပါးတို့မှာ ရဟန်းတော်များအတွက် “ရှင်လေးပါး”တို့ဖြစ်ကြပြီး “သေလေးပါး”မှာ ပါရာဇိကလေးပါးတို့ဖြစ်ကြ၏။ ပါရာဇိကအာပတ်သင့်မိသွားလျှင် အာပတ်ဖြေလို့မရသော ကြောင့် ရဟန်းမဟုတ်တော့ပေ။ ထို့ကြောင့် “သေလေးပါး” ဟုခေါ်ခြင်းဖြစ်၏။ ပါရာဇိက အာပတ်များ ကျူးလွန်မိသွားလျှင် သင်္ကန်းဆင်မြန်းထားသော်လည်း ရဟန်းအဖြစ်၊ ရဟန်းဘ၀ မဟုတ်တော့ပေ။ ထို့ကြောင့် ရဟန်းတော်များအတွက် လုံးဝ သိရှိနားလည်းထားရမည့် အာပတ်များ ဖြစ်ကြပေသည်။ ပါရာဇိကလေးပါးတို့မှာ-
(၁) မေထုန ပါရာဇိက- မေထုန်ဟူသော မမြတ်သောအကျင့်ကိုကျင့်ခြင်း။ (တစ်နည်းနည်းဖြင့် မေထုန်မှီဝဲလျှင် ပါရာဇိကကျ၏။)
(၂) အဒိန္နဒါန ပါရာဇိက- သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ (တစ်မတ်တန်၊ တစ်မတ်အထက် ထိုက်တန်သောပစ္စည်းကိုယူလျှင် ပါရာဇိကကျ၏။)
(၃) မနုဿဝိဂ္ဂဟ ပါရာဇိက- လူစင်စစ် အသက်ကိုသေစေလိုသောစိတ်ဖြင့်သတ်ခြင်း။ (ကိုယ်ဝန်ကျဆေးပေးလျှင်ပင် ပါရာဇိကကျ၏။)
(၄) ဥတ္တရိမနုဿဓမ္မ ပါရာဇိက- မရသေးသောဈာန်မဂ်ဖိုလ်တရားတို့ကို ရ၏ဟု ဟောပြော ခြင်းတို့ဖြစ်ကြ၏။

အခြား သတိထားရမည် အာပတ်များမှာ လိမ်ညာပြောခြင်း၊ အချင်းချင်း ကွဲပြားရန်၊ ချစ်ခင်မှု ပျက်ပြားရန်ပြောဆိုမိခြင်း၊ တစ်မိုးတစ်ရံတည်းသော ကျောင်း၊ အိမ်တို့၌ မာတုဂါမ (အမျိုးသမီး) ရှိနေလျက်အိပ်ခြင်း (မှတ်ချက်။ ဒုလ္လဘ၀တ်ပြီး အိမ်ပြန်အိပ်တတ်ကြရာ မိမိ၏ အမိ၊ အစ်မ၊ ညီမကအစ မာတုဂါမရှိတဲ့ အိမ်၊ ကျောင်းတို့၌ မအိပ်ကောင်း)၊ မြေကြီးကိုတူးဆွ ခြင်း၊ မြက်ခုတ်၊ ပေါင်းရှင်း၊ မြေတူး၊ မြေဖို့ပြုလုပ်ခြင်း၊ သစ်ပင်ကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ ပြစ်မှုကျူး လွန်သောကြောင့် စစ်ဆေးမေးမြန်သည့်အခါ အလွဲအချော် မတော်တာပြောခြင်း၊ မဖြေဘဲနေ ခြင်း၊ သံဃိက (အများပိုင်) ပစ္စည်းများကို မသိမ်းဆည်းခြင်း၊ မပန်ကြားဘဲ တခြားနေရာသို့ သွားခြင်း၊ ပိုးရှိသောရေကိုသောက်သုံးမိခြင်း၊ နေ့လွဲညစာစားခြင်း၊ အကပ်မခံဘဲ သုံးဆောင် ခြင်း၊ အချင်းချင်း ကလိထိုးကစားခြင်း၊ မာတုဂါမနှင့် တိုင်ပင်ပြီး တစ်ခရီးတည်း အတူသွားခြင်း၊ ဆရာသမား၊ ကျောင်းရှိ ထင်ရှားသည့်ရဟန်းတစ်ပါးပါးကို မပန်ကြားဘဲ မွန်းလွဲပိုင်း၊ ညပိုင်း တို့မှာ ရွာထဲ၊ မြို့ထဲသွားခြင်း စသည်တို့ကို ကျူးလွန်မိလျှင် ပါစိတ်အာပတ်သင့်၏။ ထို့ကြောင့် သတိထားဆင်ခြင်သင့်လှပေသည်။

ရဟန်းတော်တို့၏ အာပတ်သင့်ခြင်းအကြောင်းခြောက်ပါးဖြစ်သည့် (၁) အလဇ္ဇိတာ- အရှက် မရှိခြင်း၊ (၂) အညာဏတာ- သိက္ခာပုဒ်ကိုမသိခြင်း၊ (၃) ကုက္ကုစ္စပကတတာ- ယုံမှားသံသယ ရှိခြင်း၊ (၄) အကပ္ပိယေ ကပ္ပိယသညိတာ- မအပ်သည်ကို အပ်သည်ဟုအမှတ်ရှိခြင်း၊ (၅) ကပ္ပိ ယေ အကပ္ပိယသညိတာ- အပ်သည်ကို မအပ်ဟု အမှတ်ရှိခြင်း၊ (၆) သတိသမ္မောသတာ- သတိတွေဝေခြင်း စသည်တို့ကြောင့် တစ်နည်းနည်းဖြင့် အာပတ်များ ကျူးလွန်မိတတ်ကြပေ သည်။ ယခုခေတ်ဆိုလျှင် ရဟန်းတော်များ ခရီးသွားရာ၌ ခရီးစရိတ်အဖြစ် ငွေသားများကို ကိုင်ကြရပေသည်။ ရဟန်းတော်များအနေဖြင့် တချို့အာပတ်များကို အာပတ်သင့်မှန်းသိထား သော်လည်း မဖြစ်သာသောအခြေအနေများကြောင့် ကျူးလွန်ချင်သောစိတ်မရှိဘဲ ကျူးလွန် နေမိခြင်းဖြစ်ကြ၏။ ထိုသို့ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်သောသီလတော်မြတ်များ ကို သတိထားကာ စောင့်ရှောက်ကြပါသော်လည်း ဖော်ပြပါအကြောင်းခြောက်ပါးထဲမှ တစ်ပါးပါးဖြင့် ကျူးလွန်မိတတ်ကြသောကြောင့် ပါရာဇိကအာပတ်လေးပါးမှတစ်ပါး အခြား အာပတ်များကို ဖြေရန်နည်းလမ်းများဖြင့် အာပတ်ဖြေကြရသည်၊ ဒေသနာကြားကြရပေသည်။

ဒုလ္လဘရဟန်းဝတ်ကြသော အမျိုသားကောင်းတို့အနေဖြင့်လည်း မြတ်သောကုသိုလ်ကောင်းမှု တို့ကို ဖြည့်ဆည်းကြရာတွင် အနည်းငယ်သောပြစ်မှုများကို တစ်ရက်တစ်ရက် ကျူးလွန် မိတတ်ကြရာ သိမ်အတွင်း သံဃာတော်များ ဘုရားဝတ်တက်ချိန်တို့၌ ဒေသနာကြား (အာပတ် ဖြေ)တတ်ရမည်။ ထို့ကြောင့် ဒေသနာကြားပုံကို အရကျက်မှတ်ရန်လိုအပ်ပါသည်။

သီတင်းငယ်က သီတင်းကြီးထံ ပြောကြားပုံ
ငယ်။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
(အရှင်ဘုရား၊ အလုံးစုံသော အာပတ်တို့ကို ထင်ရှားဖော်ပြပါသည်ဘုရား)
ကြီး။ သာဓု အာဟုသော သာဓု သာဓု။
(ကောင်းပေစွငါ့ရှင်၊ ကောင်းပါပေစွ)
ငယ်။ အဟံ ဘန္တေ သဗ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလာ မတိဒေသေမိ။
(အရှင်ဘုရား၊ အကြောင်းအမျိုးမျိုးနှင့်ဆိုင်သော များစွာသော အာပတ်အလုံးစုံတို့ကို တပည့်တော် သင့်ရောက်မိပါပြီ။ ထိုအာပတ်တို့ကို အရှင်ဘုရားထံ၌ ပြောကြားပါသည်ဘုရား)
ကြီး။ ပဿသိ အာဝုသော တာ အာပတ္တိယော။
(ထိုအာပတ်တို့ကို ရှု၏လော ငါ့ရှင်)
ငယ်။ အာမ ဘန္တေ ပဿာမိ။
(မှန်ပါ၊ ရှုပါသည်ဘုရား)
ကြီး။ အာယတိံ အာဝုသော သံဝရေယျာသိ။
(နောင်အခါ [အာပါမသင့်အောင်] စောင့်စည်းပါငါ့ရှင်)
ငယ်။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
(ကောင်းပါပြီအရှင်ဘုရား၊ နောင်အခါ ကောင်းစွာစောင့်စည်းပါမည် အရှင်ဘုရား)
ကြီး။ သာဓု အာဝုသော သာဓု သာဓု။
(ကောင်းပေစွ ငါ့ရှင်၊ ကောင်းပါပေစွ)

သီတင်းကြီးက သီတင်းငယ်ထံ ပြောကြားပုံ
ကြီး။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
(ငါ့ရှင်၊ အလုံးစုံသော အာပတ်တို့ကို ထင်ရှားဖော်ပြပါ၏)
ငယ်။ သာဓု ဘန္တေ သာဓု သာဓု။
(ကောင်းပါပေစွ အရှင်ဘုရား၊ ကောင်းပါပေစွ)
ကြီး။ အဟံ အာဝုသော သဗ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလာ မတိဒေသေမိ။
(ငါ့ရှင်၊ ငါသည် အကြောင်းအမျိုးမျိုးနှင့်ဆိုင်သော များစွာသော အာပတ်အလုံးစုံတို့ကို သင့်ရောက်မိပါပြီ။ ထိုအာပတ်တို့ကို ငါ့ရှင်ထံ၌ ပြောကြားပါသည်)
ငယ်။ ပဿထ ဘန္တေ တာ အာပတ္တိယော။
(ထိုအာပတ်တို့ကို ရှုပါ၏လော အရှင်ဘုရား)
ကြီး။ အာမ အာဝုသော ပဿာမိ။
(ရှုပါသည် ငါ့ရှင်)
ငယ်။ အာယတိံ ဘန္တေ သံဝရေယျာထ။
(နောင်အခါ [အာပတ်မသင့်အောင်] စောင့်စည်းပါ အရှင်ဘုရား)
ကြီး။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
(ကောင်းပါပြီငါ့ရှင်၊ နောင်ခါမှာ ကောင်းစွာစောင့်စည်းပါမည်)
ငယ်။ သာဓု ဘန္တေ သာဓု သာဓု။
(ကောင်းပါပေစွ အရှင်ဘုရား၊ ကောင်းပါပေစွ)

ပါဠိလို အရကျက်ထားသင့်ပါသည်။ မြန်မာလို ဒေသနာကြားကလည်း ရပါသည်။ သို့သော် ကျောင်းရှိသံဃာတော်များအနေဖြင့် ပါဠိလိုသာ ဒေသနာကြားလေ့ရှိကြသဖြင့် အနက်သိထား ပြီး ပါဠိလိုဒေသနာကြားနိုင်ရန် ဒုလ္လဘရဟန်းမ၀တ်ခင် အရကျက်ထားသင့်၏။ အာပတ်ဖြေ
ကြားပြီးမှ တရားအားထုတ်လျှင် ပို၍ သင့်တော်ကောင်းမွန်သည်။ အာပတ်သင့်ထားသော ရဟန်းတော်တစ်ပါးအနေဖြင့် သင့်ထားပြီးသောအာပတ်ရှိလျက်နှင့် တရားအားထုတ်က မည်မျှ ပင် ကြိုးစားအားထုတ်ပါသော် တရားမရနိုင်ပေ။ ထို့ကြောင့် တရားအားထုတ်ခါနီးတိုင်း သံသယကင်းစင်ပြီး စိတ်ကြည်လင်ကာ သမာဓိတရား လျင်စွာဖြစ်နိုင်ရန်အတွက် အာပတ်ဖြေ ကြားပြီးမှ တရားအားထုတ်ပါလေ။

ဒုလ္လဘ၀တ်စဉ်အချိန်ကာလ ရက်ပိုင်းလေးမှာ ရဟန်းတော်စိတ်ဖြင့် အမြဲနေသင့်၏။ ရပ် အကြောင်း၊ ရွာအကြောင်း၊ တောအကြောင်း၊ တောင်အကြောင်းများ မပြောမိစေရန် အထူးပင် သတိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူဝတ်ဘ၀ဖြင့်နေစဉ်က အချင်းချင်းတွေ့ လိုက်သည်နှင့် စကားစမြီများ လက်စုံကျကာ ဟိုအကြောင်း သည်အကြောင်း ရောက်တတ်ရာ ရာ ပြောတတ်ကြသည့်အကျင့်ဆိုးများ ပါလာတတ်ကြရာ အချင်းချင်းတွေ့လိုက်သည်နှင့် ရဟန်းစိတ်ပျောက် လူစိတ်ရောက်ကာ ပြောမိတတ်ကြ၏။ လူ့ဘ၀တုန်းက စကားပြောရင်း ပုဆိုးကို ပေါင်အထိ မြှောက်တတ်သည့်အကျင့်များလည်းရှိခဲ့ကြရာ သင်္ကန်းကိုလည်း ပုဆိုးအမှတ်ဖြင့် ပြုလုပ်တတ်ကြသည်။ ထို့ကြောင့် အထူးပင်ဆင်ခြင်သင့်လှ၏။ သင်္ကန်းကို အဟရတ္တဓဇ- အဟတ္တဖိုလ်၏အောင်လံဟု ခေါ်ဆိုသောကြောင့် အထူးပင် အလေးအနက် ထားသင့်ပေသည်။ နေကထိုင်မပါဘဲ ကြမ်းပြင်မှာထိုင်ခြင်းမျိုးလည်း မပြုလုပ်ရပေ။

လူ့ဝတ်တုန်းက ညထမင်းကို ဖွယ်ဖွယ်ရာရာချက်၍ အဓိကထား စားကြသည်ဖြစ်ရာ ဒုလ္လဘ ၀တ်စဉ်၌ ညအချိန်ဗိုက်ဆာသဖြင့် ချဉ်းသုတ်လေးစားချင်၊ ပေါင်မုန့်လေးဝါးချင်၊ ကော်ဖီလေး သောက်ချင်ဖြစ်လာကာ မနေနိုင်မထိုင်နိုင်ဖြစ်လာတတ်ကြ၏။ စာရေးသူ ဆရာတော်ဦးဇ၀န ၏ မှော်ဘီမြို့နယ်ရှိ သုဒ္ဓ၀ိပဿနာကျောင်းတွင် ဒုလ္လဘ၀တ်ခဲ့စဉ်က တွေ့ခဲ့ရသည့် ဒုလ္လဘ ရဟန်းတစ်ပါးကြီးဆိုလျှင် “ဗိုက်ဆာလို့လည်း ဘေးနားမှာ ၀ယ်စားစရာ ဆိုင်မရှိ၊ လူသူနဲ့လည်း ဝေးလှလိုက်တာ၊ တခြားကျောင်းပြောင်းချင်တယ်”ဟူ၍ အတူလာခဲ့ကြသော မိတ်ဆွေ ဒုလ္လဘ များထံ လာရောက်ညည်းညူရှာလေ၏။ မိတ်ဆွေရဟန်းများက ဖျောင်းဖျောင်းဖျဖျ ပြောဆို ပေးပြီး နှစ်သိမ့်ရရှာလေသည်။

ကျောင်းသို့ တရားစာအုပ်များယူဆောင်လာသင့်၏။ စိတ်များတည်ငြိမ်မှုဖြစ်စေရန် တရား စာအုပ်များကို ဖတ်နေသင့်သည်။ မိမိမေးလိုသော တရားနဲ့ပတ်သက်သည့် မေးခွန်းများကို လည်း ကျောင်းရှိသံဃာတော်များထံ မေးလျှောက်သင့်၏။ မိမိအား ဆုံးမစကားများ ဟောကြား ပါကလည်း အလေးအနက်ထား နာကြားရမည်။ ရဟန်းတော်တို့စည်းကမ်း၌ အသက်ကြီးခြင်း၊ ခေတ်ပညာတတ်မြောက်ခြင်းတို့နှင့် အထက်အောက် သတ်မှတ်သည်မဟုတ်ပေ။ သိက္ခာတော် အကြီးအငယ်အလိုက် နေရာထိုင်ခင်း ထိုင်တာကအစ ၀ါစဉ်အလိုက်ထိုင်ကြရ၏။ အချင်းချင်း စကားပြောရာတွင်လည်း “တင့်ပါ့ဘုရား၊ အရှင်ဘုရား”စသည်ဖြင့် ပြုမှုနေထိုင်ကြပြီး အရိယာ သင်္ကန်းဆင်မြန်းထားကြသူများပီပီ ယဉ်ကျေးသိမ်မွေ့လှ၏။ တစ်ဦးနှင့်တစ်ဦး အလေးအနက် ထားကြ၏။ ဘုရားသားတော်များ ပီသကြသူများဖြစ်ကြ၏။

ရဟန်းတော်၏သိက္ခာတော်များကို ချရန်အတွက်လည်း သိထားရမည့်အချက်များရှိပါသည်။ ပထမရဟန်းဘ၀မှ ကိုရင်ဘ၀သို့တစ်ဆင့်၊ ပြီးမှ လူ့ဘောင်သို့ ချရ၏။ သိက္ခာတော်များ ချပေး စဉ်တွင် အသိသက်သေ သံဃာတော်တစ်ပါးနှင့် သိက္ခာတော်များချပေးသည့် သံဃာတော် တစ်ပါး အနည်းဆုံး နှစ်ပါးရှိရပါမည်။ သိက္ခာချပြီးမှ လူ့ဝတ်လဲရမည်ဖြစ်ပါသည်။ လွန်စွာ အရေးကြီးသောအချက်ဖြစ်၏။ မိမိအနေဖြင့် အလောတကြီး အိမ်ပြန်ချင်လွန်းသောကြောင့် “လူဝတ်လဲတာ ဘာကြာတာမှတ်လို့” ဆိုပြီး ကိုယ့်ဘာသာ သင်္ကန်းချွတ်၊ အ၀တ်လဲ အိမ်ပြန် ပါက ရဟန်းသိက္ခာတော်များက ကျမသွားခြင်းကြောင့် လူ့ဘောင်တွင်နေစဉ် လူအ၀တ်အစား များဖြင့် ပါရာဇိကအာပတ်များသင့်ကာ လက်ရှိဘ၀၌ မဂ်ဖိုလ်လည်းဆုံးရှုံး၊ နောင်သံသရာတွင် လည်း ဆင်းရဲဒုက္ခ ပင်လယ်ဝေရမည့်အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထို့ကြောင့် ရဟန်း သိက္ခာတော်များကို စနစ်တကျချပြီးမှ လူ့ဝတ်လဲ၊ ငါးပါးသီလခံယူဆောက်တည်ကာ ရဟန်း ၀တ်ခဲ့စဉ်က အသိတရားများကို အစဉ်အမြဲသိရှိနားလည်ကာ နိဗ္ဗာန်မရောက်မချင်း နိဗ္ဗာန်သို့သွား အားလုံးသောသံသရာ့ခရီးသွားတို့သည် ဆက်လက်သွားရန် ကျန်သေးသည် ဟူသောအသိဖြင့် ခရီးနှင်ကြရပေဦးမည်။

ဤမျှဖြင့် ဒုလ္လဘရဟန်းခံရန် ရည်သန်ထားကြသူများအတွက် ပြင်ဆင်ရန်အချက်များ အတော် အသင့် ပြည့်စုံလောက်ပြီဟု ယူဆမိပါသည်။ လိုတာများလည်း ရှိပါဦးမည်။ လိုအပ်သည်များ ကိုလည်း ဖြည့်စွက်ပြင်ဆင်ထားကြပြီး သာသနာတော်တွင်းကာလမှာသာ ဖြည့်ကျင့်တော်မူ နိုင်သည့် ပါရမီကုသိုလ်ထူးများကို စနစ်ကျမှန်ကန်စွာ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။

ဓမ္မမိတ်ဆွေအားလုံး၊ သတ္တ၀ါအနန္တအားလုံး ဘေးရန်ကြောင့်ကြ၊ ဆင်းရဲကင်းပြီး၊ ကောင်းကျိုး လိုရာဆန္ဒပြည့်ဝကာ အစွဲမကျန် ပြည်နိဗ္ဗာန်သို့ အရောက်ချီနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)
(forwards)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP