* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, April 6, 2011

“နှစ်သစ်မင်္ဂလာ သင်္ကြန်ပွဲ”

t">

“နှစ်သစ်မင်္ဂလာ သင်္ကြန်ပွဲ” ဆိုတာလေးကို နားလည်ကြည့်ကြရအောင်ပါ။ မြန်မာသင်္ကြန်ပွဲဟာ ဧပရယ်လ၏ ဒုတိယပတ်တွင်ကျရောက်သောရိုးရာသင်္ကြန်ပွဲတစ်ခုပါ။ ပုံမှန်အားဖြင့် သုံးရက်သော ကာလတိုအားဖြင့် ရိုးရာသင်္ကြန်ပွဲကျင်းပကာ နှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုခြင်းပင်ဖြစ်ပါတယ်။ ဒီတော့ တန်ခူးလဆန်း 10ရက်ကျရောက်လာတော့မယ့် နှစ်သစ်မင်္ဂလာအခါ သင်္ကြန်ကိုလည်း မင်္ဂလာရှိစွာ ကြိုဆိုဖိုလိုအပ်ပါတယ်။ စာရေးသူ “မင်္ဂလာရှိသော နှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုခြင်း” လို့ဆိုထားပါတယ်။
“မင်္ဂလာရှိသော နှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုခြင်းသည် အဘယ်သို့သော ကြိုဆိုခြင်း ပြုလုပ်ခြင်းကို ဆိုလိုသနည်း” မင်္ဂလာရှိသော နှစ်သစ်ကို မင်္ဂလာရှိသော အလုပ်များကို ပြုစုလုပ်ကိုင်ခြင်းဖြင့် ကြိုဆိုရပါမယ်။ ဒီတော့ မင်္ဂလာဆိုတာ ဘာလဲလို့ မေးစရာဖြစ်လာပါတယ်။ “မင်္ဂ ပါပံ လုနာတိ ဆိန္ဒတီတိ ၀ါ မင်္ဂလံ-သတ္တ၀ါတို့၏ စင်ကြယ်ကြောင်းကို ဖြစ်စေတတ်သောကြောင့် မင်္ဂလာ။ မကောင်းမှု့ကို ပယ်ဖျက်တတ်သောကြောင့် မင်္ဂလာမည်၏။” လို့ စာမှာ လာပါတယ်။ ဒီတော့ စင်ကြယ်ကြောင်းတရားတွေကို ပြုလုပ်ရမယ်။ မကောင်းမှုဟူသမျှကို မပြုလုပ်ပါနဲ့ ဖျက်ဆီးပစ်ရမယ်လို့ အကျဉ်းအားဖြင့် မှတ်ထားစေချင်ပါတယ်။
“ဘာသာရေးကို မမြတ်နိုးသူ၊ ဘာသာရေးကို မိရိုးဖလာဗုဒ္ဓ၀ါဒီအမည်ခံမျှသာဖြစ်သူ၊ နှစ်သစ်ရဲ့ အတာသင်္ကြန်ရဲ့ အဓိပ္ပါယ်ကို နားမလည်သူတွေကတော့ “သူငယ်ချင်းတွေစု ပိုက်ဆံများစွာဖြုန်းပြီး ကားတစ်စီး ရက်အပြတ်ငှား တပျော်တပါးကြီး ကဲပြီး မူးယစ်သောက်စားကာ နှစ်သစ်ကို ကြိုဆိုလိုက်မှာပေါ့”ဆိုတဲ့ အသံထွက်လာနိုင်သလို ဘာသာရေးကို အလွန်မြတ်နိုးသူ၊ တကယ့်ဗုဒ္ဓ၀ါဒီစစ်စစ်ဖြစ်တဲ့သူ၊ နှစ်သစ်အတာသင်္ကြန်ရဲ့ အဓိပ္ပါယ်ကို တကယ်နားလည်ထားသူတွေကတော့ “ဒီလို အခါကြီးရက်တွေမှာ ဘုရားကျောင်းတက် ငါးပါးသီလ၊ရှစ်ပါးသီလ၊ဆယ်ပါးသီ ဆောက်တည်မယ်။ ၁၀ရက်တရားစခန်း၊ ၁၅ရက်တရားစခန်းစသည် ၀င်ရောက်ကာ ဘာဝနာတရားပွားများမယ်။ အမိ၊အဖ၊ဦးလေး၊ကိုကြီး၊သက်ကြီးဝါကြီးပုဂ္ဂိုလ်များကို ခေါင်းလျော်၊ လက်သည်းခြေသည်းဖြတ် သန့်ရှင်းမှုပြု၊ ဂါရ၀တရား၊ နိဝါတတရား ရင်မှာထားပြီး ရှိခိုးရိုသေ ကောင်းမှုတွေပြုပြီး နှစ်သစ်ကို ကြိုဆိုလိုက်မှာပေါ့”ဆိုတဲ့ အသံလေးတွေရဲ့ မတူညီတဲ့ အဖြေစကားလေးတွေ ထွက်ပေါ်လာမယ်ဆိုတာ သေချာပါတယ်။
စာရေးသူတို့ မြန်မာမှုပြုထားတဲ့ “သင်္ကြန်”ဆိုတာဟာ “သင်္ကန္တ-ပြောင်းလဲခြင်း၊ပြောင်းလဲမှု့” ဆိုတဲ့ သဒ္ဒါပုဒ်ရင်းကနေ ဆင်းသက်လာတာပါ။ ဘယ်ကို ဘယ်လို ဘာတွေ ပြောင်းလဲနေတာလဲဆိုတာကတော့ “ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ နေရာဌာနမှ သေရာဌာနသို့ ပြောင်းခြင်းကို” ဆိုလိုတာပါပဲ။
မိမိတို၏ ခန္ဓာကိုကြီးဟာ နေရာဌာနမှ သေရာဌာနသို့ ပြောင်းနေတာကိုတောင် မသိဘဲ အပျော်တွေပိုကာ ရေသဘင်နွှဲ ပျော်ရွှင်ပွဲတွေ ကျင်းပနေတာဟာဖြင့် တကယ့်ကို မသိရူးတွေပဲလို့ မိုးကုတ်ဆရာတော်ဘုရားကြီးက သမ္မသနသုတ်တန် ဟောစဉ်မှာ မှတ်ချက်ချကာ မိန့်ထားပါသေးတယ်။ “လူမိုက်တစ်သောင်း ချီးမွမ်းရှောင်းလည်း ပညာရှိတစ်ယောက်ပြစ်တင်ကြောက်လော့” ဆိုတဲ့ စကားအရ ထိုကဲ့သို့သော ပညာရှိတစ်ယောက်၏ ကဲ့ရဲ့ရှုံ့ချပြစ်တင်ခြင်းကို ကြောက်ရွံ့သင့်လှပါတယ်။ အလေးထားသံဝေဂ ရသင့်ပါတယ်။
ပြောင်းလဲခြင်းဆိုတဲ့ သင်္ကြန်အခါတော်နေ့များမှာ မှန်ကန်တဲ့ ပြောင်းလဲမှု့လေးတွေကို ပြောင်းလဲကာ ပြုလုပ်စေချင်ပါတယ်။ ဘာတွေကို ပြောင်းလဲရမလဲဆိုတော့ သေရာပြောင်းတဲ့ အလုပ်ကိုရပ်ဆိုင်းစေပြီးတော့ မသေရာသို့ ပြောင်းသော အလုပ်ကို ပြုလုပ်ပြောင်းလဲခြင်းပါပဲ။ မယဉ်ကျေးသေးတဲ့ မိမိစိတ်တွေ ယဉ်ကျေးလာအောင် ပြောင်းလဲလိုက်စမ်းပါ။ မပြုလုပ်ဖြစ်သေးတဲ့ သုစရိုက်တရား ၁၀ပါးဆိုတဲ့ ကောင်းတဲ့ကုသိုလ်လုပ်ငန်းတွေကို ပြုလုပ်ဖြစ်လာအောင် ပြောင်းလဲလုပ်ကိုင်စမ်းပါ။ ယဉ်ကျေးနေတဲ့ မိမိရဲ့စိတ်တွေ ပိုပြီးယဉ်ကျေးလာအောင်၊ ပြုလုပ်ဖြစ်နေတဲ့ သုစရိုက်တရား ၁၀ပါးဆိုတဲ့ ကောင်းတဲ့ကုသိုလ်လုပ်ငန်းတွေ ပိုပြီးတိုးပွားလာအောင် ပြုပြင်ပြောင်းလဲတိုးပွား လုပ်ကိုင်လိုက်စမ်းပါ။ မိမိနေ့စဉ် ဆောက်တည်ကျင့်သုံးနေတဲ့ ငါးပါးသီလကနေ ဒီလို မင်္ဂလာရှိတဲ့ အခါကာလသမယမှာ ၈ပါးသီလ၊ ၉ပါးသီလတွေပို ပြီးဆောက်တည်ကျင့်သုံးဖြစ်အောင် ပြောင်းလဲ ဆောက်တည်လိုက်စမ်းပါ။ ၀ိပဿနာများပွားများအားထုတ်ဖြစ်အောင် မိမိစိတ်ကို ပြုပြင်ပြောင်းလဲလိုက်စမ်းပါ။
တကယ်တော့ ဒီလို စိတ်ဓာတ်တွေ ယဉ်ကျေးလာအောင် ပြောင်းလဲပြုပြင်ခြင်းတွေ၊ သုစရိုက်တရား၁၀ဆိုတဲ့ ကုသိုလ်လုပ်ငန်းတွေ ပြုလုပ်နေတာတွေ၊ သီလတရားတွေ ဆောက်တည်ကျင့်သုံးနေတာတွေဟာ သေရာပြောင်းတဲ့ အလုပ်ကိုရပ်ဆိုင်းစေပြီး မသေရာ နိဗ္ဗာန်သို့ ပြောင်းသော အလုပ်တွေ၊ မြင့်မြတ်ပြီး မှန်ကန်တဲ့ ပြောင်းလဲမှု့တွေ ပြောင်းလဲနေခြင်းပါပဲ။ ဒီလို မှန်ကန်တဲ့ ပြောင်းလဲမှုတွေကို ပြောင်းလဲနိုင်ပါမှ “သင်္ကန္တ-ပြောင်းလဲခြင်း၊ပြောင်းလဲမှု့” ဆိုတဲ့ သင်္ကြန်အခါကို တကယ်နားလည်တဲ့ သူတွေဖြစ်မှာပါ။ သင်္ကြန်အခါမှာ အဓိပ္ပါယ်ရှိစွာ ကုန်ဆုံးစေတဲ့ မြင့်မြတ်သူတွေဖြစ်မှာပါ။
အတိတ်က မကောင်းမှုတွေပြုခဲ့မိတယ်ဆိုရင်လည်း မေ့ပစ်လိုက်စမ်းပါ။ အနာဂတ်အရေးကိုလည်း မျှော်တွေးပြီးတော့လည်း ဘာမှမလုပ်ဘဲ မင်္ဂလာရှိတဲ့အချိန်တွေမကုန်ဆုံးစေချင်ပါဘူး။ လက်ရှိ ပစ္စုပ္ပန်အချိန်လေးကိုပဲ အကျိုးရှိရှိအသုံးချစေချင်ပါတယ်။ ဒီတော့ မိမိတတ်နိုင်သလောက် မင်္ဂလာနှစ်သစ် အခါသမယမှာ ၀ိပဿနာဘာဝနာ တရားများပွားများ အားထုတ်ခြင်း၊ သီလတရားများ ဆောက်တည်ခြင်း၊ ဒါနတရားများ ပြုလုပ်ခြင်းဖြင့် မင်္ဂလာရှိသော အလုပ်များကို လုပ်ပြီး မင်္ဂလာရှိသော နေ့ရက်များမှာ အသက်ရှင်ရပ်တည် ဖြတ်သန်းဖို့ အရေးကြီးပါတယ်။
ဓမ္မပဒပါဠိတော်မှာ ခန္ဓာ ငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ၊ သေခြင်းကင်းသော နိဗ္ဗာန်ကို မမြင်ဘဲ အနှစ်တရားပတ်လုံး အသက်ရှင်ရပ်တည်နေရခြင်းထက် ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သောသူ၏၊ သေခြင်းကင်းသော နိဗ္ဗာန်ကို မြင်သော သူ၏ တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှည်ရပ်တည်နေရခြင်းက ပိုပြီးတော့ မြတ်၏ လို့ ဟေားထားတာရှိပါတယ်။
ဒီတော့ ဒီသင်္ကြန်ဆိုတဲ့ သဘောအဓိပ္ပါယ်ကို နားလည်ကြပြီး ၀ိပဿနာများပွားများအားထုတ်၊ ဘုရားကျောင်းကန်သွား ငါးပါးသီလ၊ ရှစ်ပါးသီ၊ ကိုးပါးသီလ စတဲ့ ကောင်းမှု့တွေကို ပြုလုပ်နေကြတဲ့သူတွေဟာ မသိတဲ့ အရူးအစားထဲမှာ မပါပါဘူး။ သေရာဌာနမှ မသေရာ အမတ-နိဗ္ဗာန်ဆိုတဲ့ အလုပ်ကို ရှာဖွေဖို့ အချိန်ကျရောက်လာတယ်ဆိုတာကို မမေ့သင့်ပါဘူး။
ဒီလို မြင့်မြတ်တဲ့ မြန်မာ အခါတော်နေ့ရက်များမှာ သက်ကြီး ရွယ်အိုများဖြစ်တဲ့ အဘိုး အဘွားများနဲ့ မိဘ၊ ဆရာသမား၊ အစ်ကိုကြီး အစ်မကြီးများကို ရိုသေစွာပြုစုလုပ်ကျွေး ပူဇော်ပသဖို့လိုပါတယ်။ ဒီလို ပူဇော်ခြင်းများ ပြုလုပ်ပြီးတော့ နှစ်သစ်မှာ မင်္ဂလာရှိစွာ ကြိုဆိုသင့်ပါတယ်။ စာချစ်သူ မိမိဉာဏ်ရှိရင် ရှိသလို သင်္ကြန်ရဲ့ သဘောသဘာဝကို တွေးကြည့်ပြီးတော့ နားလည်စေချင်မိပါသေးတယ်။ နားလည်ပြီးတော့ နားလည်တဲ့အတိုင်း တကယ်လက်တွေ့ကျကျ လုပ်ကြည့်စေချင်မိပါတယ်။
ထို အတာသင်္ကြန်ရက်တွင်း သိကြားမင်းလူပြည်ဆင်းသက်လာပါသည်ဟု ဆိုကြပါတယ်။ သူပြုလုပ်ရမည့် တာဝန်တစ်ခုမှာ လူပြည်သို့ ဆင်းသက်ပြီး ဤမည်သော မြို့/ရွာက၊ ဤမည်သော သူကတော့ ဤမည်သော ကုသိုလ်ကောင်းမှုတွေပြုလုပ်ပါသလား၊ မပြုလုပ်ပါဘူးလားဆိုတာကို လိုက်လံကြည်ရှု့ပြီး မှတ်တမ်းပြုရမည့် တာဝန်ရှိပါတယ်။ လိုရင်းကတော့ မင်္ဂလာရှိသော နှစ်သစ်မှာ လူသားတို့အား ဘာသာရေးကျင့်ဝတ်တရားများကို မမေ့မလျော့တဲ့ သတိတရားနဲ့ ပြုလုပ်ကြရန် လမ်းပြကူညီ သံဝေဂ-အသိတရားများရရှိဖိုဆင်းသက်လာခြင်းပါပဲ။ နှစ်ဟောင်းမှာ ပြုလုပ်ခဲ့မိသော အပြစ်များကို ဒီနှစ်သစ်မှာ သီလဟူသော ရေစင်ဖြင့် ဆေးကြောဖယ်ရှားပစ်ဖို့လိုပါတယ်။ သာမာန်ရေစင်နဲ ဆေးကြောရုံမျှဖြင့် နှစ်ဟောင်းက အညစ်အကြေးများ သန့်စင်မည်ဟု အတွေးအမှားတွေကို အလေးမထားမိစေချင်ပါဘူး။
တကယ်တော့ သူဟာ ငါသည် ထိုကဲ့သို့သော ကောင်းမှု့များကို ပြုလုပ်ခဲ့တဲ့အတွက် ဒီလို နတ်တို့ကို အစိုးရတဲ့ နတ်တိုသနင်း သိကြားမင်းဖြစ်ရတာပဲလို့ သက်သေပြဖို့ လူပြည်ကလူတွေကို သံဝေဂ-အသိတရားတွေရလာကာ ထိုကဲ့သို့သော ကောင်းမှု့တွေ ပြုလုပ်စေဖို့အတွက် ရောက်လာတာပါ၊ သိကြားမင်းက သိစေချင်သလို မတွေးမိကြ မသိဘဲဖြစ်နေခဲ့တဲ့ နှစ်ပေါင်းလည်း မနည်းတော့ပါဘူး။ မတွေးမိ မသိမိကြလို့လည်း လုပ်သင့်တဲ့ ကုသိုလ်လုပ်ငန်းတွေ မေ့ပျောက်ကာ အကျိုးမရှိ ခိုက်ရန်ဖြစ်ပွား ဆင်းရဲခြင်းတရားတွေဖြစ်စေတဲ့ ပျော်ရွှင်သောက်စား မူးရမ်းကားခဲ့တဲ့ နှစ်တွေလည်း မနည်းတော့ပါဘူး။ မသိရူးတွေအတွက်တော့ ပျော်လို့ကောင်းနေဆဲပါပဲ။ မိမိဟူသော အကြောင်းကြောင့် ချစ်စရာကောင်းတဲ့ မြတ်နိုးစရာကောင်းတဲ့ မြန်မာ့ရိုးရာ နှစ်သစ်မင်္ဂလာ သင်္ကြန်အခါကို ညစ်ညမ်းတဲ့ အကုသိုလ်အလုပ်တွေ ပြုကာ ညစ်ညမ်းတဲ့ အရောင်တွေ မဆိုးမိစေချင်ပါဘူး။
ဒီတော့ သိကြားမင်းက သိစေချင်တဲ့ တွေးစေချင်တဲ့ ပြုလုပ်စေချင်တဲ့ သိကြားမင်းဖြစ်ကြောင်း ကောင်းမှု့ကုသိုလ် လုပ်ငန်းတွေဆိုတာဘာတွေလဲဆိုတော့…………..
၁။ မိဘနှစ်ပါးကို လုပ်ကျွေးရပါမယ်။ ဒီလို မင်္ဂလာ အခါတော်နေ့မှာ မိမိရဲ့ မိဘနှစ်ပါးကို စိတ်ချမ်းသာအောင် ပြုစုလုပ်ကျွေးသင့်ပါတယ်။ နောက်ပြီးတော့ ပိုပြီးတော့ မင်္ဂလာရှိသွားအောင် ၁။ သဒ္ဓါတရား မရှိတဲ့ မိဘတွေကို သဒ္ဓါတရားများ တိုးပွားလာအောင်၊ ၂။ သီလဆောက်တည်ခြင်း မရှိသေးတဲ့ မိဘများကို သီလဆောက်တည်ခြင်းအမှု့ပြုဖြစ်လာအောင်၊ ၃။ ဒါနမပြုဖြစ်သေးတဲ့ မိဘတွေကို ဒါနများ ပြုလုပ်ဖြစ်လာအောင်၊ ၄။ ၀ိပဿနာတရား ပွားများ အားထုတ်ခြင်းမရှိသေးတဲ့ မိဘများကို တရားပွားများ အားထုတ်ဖြစ်လာအောင် ပြုလုပ်ဖန်တီးဆောက်ရွက်ပေးခြင်းဟူသော လောကုတ္တရာ ကျေးဇူးဆပ်နည်းဖြင့် လုပ်ကျွေးကာ ကျေးဇူးဆပ်ဖို့ပါပဲ။ မာတာပိတုဥပဌာနံ ဧတံမင်္ဂလမုတ္တမံ-မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်းဟာလည်း မင်္ဂလာတစ်ပါးဖြစ်တယ် လို့ မင်္ဂလသုတ်တော်မှာ ဗုဒ္ဓမြတ်စွာ ဟောထားပါသေးတယ်။ ဒီတော့ “မင်္ဂလာရှိသော နှစ်သစ်ကို မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်းဖြင့် မင်္ဂလာရှိသော အလုပ်တွေလုပ်ဆောင်ရင်း မင်္ဂလာရှိစွာ ကြိုဆိုရမှာဖြစ်ပါတယ်။
၂။ ကြီးသော သူများကို ရိုသေလေးစားရပါမယ်။ ဒီလို မင်္ဂလာ အခါတော်နေ့မှာ မိမိထက် အသက်သိက္ခာ ဂုဏ်ဝါကြီးသူတွေကို ပြုစုလုပ်ကျွေးသင့်ပါတယ်။ ထိုသူများကို ခေါင်းလျော်ပေးခြင်း၊ လက်သည်းခြေးသည်များကို ရှင်းလင်းညှပ်ပေးခြင်း၊ ရိုရိုသေသေ လေးလေးစားစားဆက်ဆံခြင်းများကို ပြုလုပ်ရပါမယ်။ အာဋာနာဋိယ သုတ်တော်မှာ “အသက်သိက္ခာ ဂုဏ်ဝါကြိးသူတွေကို အမြဲလုပ်ကျွေးခြင်းဖြင့် ၁။ အသက်ရှည်စွာနေရခြင်း၊ ၂။ ရုပ်ရည်အဆင်းလှပခြင်း။ ၃။ ကိုယ်၊စိတ်နှစ်ဖြာ ချမ်းသာခြင်း။ ၄။ ခွန်အားဗလကြီးခြင်း”ဆိုတဲ့ အကျိုးတရာတွေရရှိစေတယ်လို့ ဗုဒ္ဓမြတ်စွာ ဟောထားတော်မူခဲ့သလို “ဂါရဝေါစ ဧတံမင်္ဂလမုတ္တမံ-အသက်သိက္ခာ ဂုဏ်ဝါကြီးတဲ့ သူများကို ခစားဆည်းကပ်လုပ်ကျွေးခြင်းဟာလည်း မင်္ဂလာတစ်ပါးဖြစ်တယ်”လို့လည်း ဟောထားပါသေးတယ်။ သုစရိုက်တရား ၁၀ပါးမှာ စတုတ္ထမြောက်ဖြစ်တဲ့ အပစာယန ကုသိုလ်ဖြစ်တယ်လို့လည်း ဟေားထားပါသေးတယ်။ ဒီတော့ “မင်္ဂလာရှိသော နှစ်သစ်ကို မိမိထက် အသက်သိက္ခာ ဂုဏ်ဝါကြီးမားတဲ့ သူများကို ခစားဆည်းကပ် လုပ်ကျွေးခြင်းဖြင့် မင်္ဂလာရှိသော အလုပ်တွေလုပ်ဆောင်ရင်း မင်္ဂလာရှိစွာ ကြိုဆိုရမှာဖြစ်ပါတယ်။
၃။ နူးညံ့သိမ်မွေ့စွာ ပြောဆိုရပါမယ်။ ဒီလို မင်္ဂလာ အခါတော်နေ့မှာ ကြမ်းတမ်းတဲ့ စကားတွေ မပြောဆိုမိအောင်၊ ရိုင်းပြတဲ့ စကားတွေ မပြောဆိုမိအောင် နေထိုင်သင့်ပါတယ်။ သူတစ်ပါး နားဝင်ချိုတဲ့ စကားများကိုသော ပြောဆိုရပါမယ်။ ဒီလို ကြမ်းတမ်းတဲ့ စကားတွေ၊ ရိုင်းပြတဲ့ စကားတွေ မပြောမိလေအောင် မဖြစ်ပေါ်လာအောင် ကိုယ်နဲ့ နှုတ်ကို စောင့်ထိန်းဆိုတဲ့ သီလတရားကို စောင့်ထိန်းကာ နေရပါမယ်။ “သုဘာသိတာစ ဧတံမင်္ဂလမုတ္တမံ-ယဉ်ကျေးချိုသာသော စကား၊ နူးညံ့သိမ်မွေ့သော စကားကို ပြောဆိုခြင်းဟာလည်း မင်္ဂလာတစ်ပါးဖြစ်တယ်လို့” မင်္ဂလသုတ်တော်မှာ ဗုဒ္ဓမြတ်စွာ ဟောကြားထားပါတယ်။ ဒီတော့ “မင်္ဂလာရှိသော နှစ်သစ်ကို မနူးညံသိမ်မွေ့သော စကား၊ ချိုသာသော ယဉ်ကျေးသော စကားများကို ပြောဆိုခြင်းဖြင့် မင်္ဂလာရှိစွာ ကြိုဆိုရမှာဖြစ်ပါတယ်။
၎။ ကုန်းတိုက်သော စကားများကို မပြောဆိုပါနှင့်၊ ရှောင်ကြဉ်ရပါမယ်။ ဒီလို မင်္ဂလာအခါတော်နေ့မှာ သူတစ်ပါး ချစ်ခင် ပေါင်းဖော်ခြင်းကို ဖျက်ဆီစေတတ်တဲ့ ကုန်းတိုက်သောစကားများကို မပြောဆိုမိအောင် နေထိုင်သင့်ပါတယ်။ ဒီအတွက်လည်း ဒီလိုစကားတွေ မပြောမိလေအောင် ကိုယ်နဲ့ နှုတ်ကို စောင့်ထိန်းဆိုတဲ့ သီလတရားကို စောင့်ထိန်းကာ နေရပါမယ်။ ကုန်းတိုက်စကားပြောဆိုခြင်းဆိုတာဟာ ၀စီဒုစရိုက်အမှုကို ကျူးလွန်လိုက်တာပါပဲ။ ဒုစရိုက်ဆိုတာက မကောင်းမှု့၊ မကောင်းမှု့ဆိုတာက မင်္ဂလာတရားမဟုတ်ပါဘူး။ ဒီတော့ “မင်္ဂလာရှိသော နှစ်သစ်ကို ကုန်းတိုက်ခြင်း ပိသုဏ၀ါစာ စကားများကို မပြောဆိုခြင်းဖြင့် မင်္ဂလာရှိစွာ ကြိုဆိုရမှာဖြစ်ပါတယ်။
၅။ မစ္ဆရိယ စိတ်တွေ မမွေးပါနှင့်။ ၀န်တိုခြင်း ဒီ မစ္ဆရိယ တရားဟာ သတ္တ၀ါတို့ရဲ့ ပျက်ဆီးကြောင်းတရား တစ်ခုဖြစ်တာကြောင့် မင်္ဂလာမဟုတ်သော ဒီအကုသိုလ်တရားကို မထားရှိသင့်ပါဘူး။ မမွေးသင့်ပါဘူး။ ပေးကမ်းခြင်း မင်္ဂလာတရားကို ထားရှိပွားများ ရပါမယ်။ “ဒါနဉ္စ ဧတံမင်္ဂလမုတ္တမံ- ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်ဟာလည်း မင်္ဂလာတစ်ပါးဖြစ်တယ်လို့” ဗုဒ္ဓမြတ်စွာ မင်္ဂလသုတ်တော်မှာ ဟောထားပါတယ်။ သုစရိုက်တရား ၁၀ပါးထဲမှာ ပထမဆုံးဖြစ်တဲ့ ဒါန ကုသိုလ်ဖြစ်တယ်လိုလည်း ဟောကြားထားပါတယ်။ ဒီတော့ “မင်္ဂလာရှိသော နှစ်သစ်ကို မစ္ဆရိယတရားကို ဖျက်ဆီး ဒါနဆိုတဲ့ မင်္ဂလာတရားကို ပြုလုပ်ခြင်းဖြင့် မင်္ဂလာရှိစွာ ကြိုဆိုရမှာဖြစ်ပါတယ်။
၆။ သစ္စာနှင့် ယှဉ်သော စကားကိုသာ ပြောဆိုရပါမယ်။ ဒီလို မင်္ဂလာအခါတော်နေ့မှာ မှန်သော စကားကိုပြောဆိုသင့်ပါတယ်။ မုသားစကားတွေကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ရပါမယ်။ ဒီမုသားပြောဆိုခြင်းကို ရှောင်ကြဉ်ပြီး သစ္စာစကားတွေပြောဆိုမိစေဖို့အတွက် ကိုယ်နဲ့ နှုတ်ကို စောင့်ထိန်းဆိုတဲ့ သီလတရားကို စောင့်ထိန်းကာ နေရပါမယ်။ ဒီတော့ “မင်္ဂလာရှိသော နှစ်သစ်ကို သစ္စာ စကားများကို ပြောဆိုခြင်းဖြင့် မင်္ဂလာရှိစွာ ကြိုဆိုရမှာဖြစ်ပါတယ်။
၇။ မိမိရဲ့ အမျက်ဒေါသ ကို ထိန်းချူပ် နှိပ်ကွပ်ရပါမယ်။ ဒီလို မင်္ဂလာအခါတော်နေ့မှာ တစ်ယောက်တစ်ယောက်နဲ့ ဒေါသဖြစ်ပွား ခိုက်ရန်မများအောင် စောင့်ထိန်းရပါမယ်။ ဒေါသတရားကို နှိပ်ကွပ်ဖို့အတွက် သည်းခံခြင်းတရားကို ပွားများရပါမှာ။ သတ္တ၀ါ အားလုံးအပေါ်မှာ မေတ္တာထားရမှာပါ။ “ခန္တီစ ဧတံမင်္ဂလမုတ္တမံ-သည်းခံခြင်းဟာလည်း မင်္ဂလာတစ်ပါးဖြစ်ပါတယ်”လို့ မင်္ဂလသုတ်တော်မှာ မြတ်ဗုဒ္ဓဟောကြားထားပါတယ်။ ဒီတော့ “မင်္ဂလာရှိသော နှစ်သစ်ကို သည်းခံခြင်းတရား ထားရှိခြင်းဖြင့် မင်္ဂလာရှိသော လုပ်ဆောင်ချက်များကို ပြုလုပ်ခြင်းဖြင့် မင်္ဂလာရှိစွာ ကြိုဆိုရမှာဖြစ်ပါတယ်။”
မိမိတတ်စွမ်းနိုင်မယ်ဆိုရင် မင်္ဂလာရှိတဲ့ မင်္ဂလာ ၃၈ပါးကို ဒီလို မြင့်မြတ်တဲ့အခါတော်နေ့မှာ ကျင့်ဆောင်အားထုတ်နိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။
ဒီ ၇ ချက်ကို အနှစ်ချူပ်ပြီး လုပ်ဆောင်ကျင့်ကြံလိုက်မယ်ဆိုရင်လည်း ဒါနတွေ၊ သီလတရားတွေ၊ ဘာဝနာတရားတွေကို လုံးဝပြုလုပ်ပြီးသား ဖြစ်ပါတယ်။ သုစရိုက်တရားတွေကိုလည်း ကျင့်ကြံပြီးသား ဖြစ်ပါတယ်။ ဒီလို မိမိရဲ့ နှလုံးသားထဲမှာ၊ စိတ်သန္တာန်မှာ ဒါနတရားတွေ၊ သီလတရားတွေ၊ ဘာဝနာတရားတွေ၊ သုစရိုက်တရားတွေသာ ဖြစ်တည်ကာ တည်ရှိနေမယ်ဆိုရင် ဒီနှစ်မင်္ဂလာနှစ်သစ်အတွက် မင်္ဂလာရှိသော ကြိုဆိုခြင်းဖြစ်သလို မင်္ဂလာရှိသော ကျက်သရေရှိသော လူသားပီသတဲ့ လူသားများ ဖြစ်မှာ မလွဲပါဘူး။ လက်ရှိပစ္စုပ္ပန်အချိန်လေးလည်း မင်္ဂလာရှိပြီး လှပကာ ပျော်ရွှင်ဖွယ်လေးဖြစ်မှာမလွဲသလို နောက်အနာဂတ်ကာလအချိန်များမှာလည်း မင်္ဂလာရှိသော လှပခြင်း ပျော်ရွှင်ခြင်းတွေ ဖြစ်နေမယ်ဆိုတာ သေချာပါတယ်။
(မိုးကုတ်ဆရာတော်ကြီးဟောထားတော်မူသော သင်္ကြန်တရား (သမ္မသနသုတ်)ကို ဒီကိုဖိုးသားဆိုက်မှာ နာယူချင်သူများ မှာသွားရောက်နာယူကြည်ညိုနိုင်ပါတယ်။ မြန်မာသင်္ကြန်သမိုင်းကြောင်း ဖတ်သိလိုပါက ဒီမြန်မာ့အားမာန်ဆိုက်မှာ လေ့လာလို့ရပါတယ်။)
(ဥယျာဉ်မှူးလေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP