ရှင်တော်ဟောကြား ဓမ္မစကားတော်များ (ဗုဒ္ဓ၀ဂ္ဂ)
ဆောင်းပါးအမှတ်စဉ်(၁၄)
သောတာပန်စသော အရိယာသာဝကများကို သုတ၀ါစသောဂုဏ်ပုဒ်များဖြင့် ဘုရားရှင်၏ စကားတော် များကို ကြားနာပြီး သူများဟု ဆိုထားပါသည်။ နားထောင်တတ်သဖြင့် ကြားနာပြီးသူများ ဖြစ်ကြရပါသည်။ ပုထုဇဉ်များကတော့ ဘုရားရှင်၏ စကားတော်များကို ကြားနာချင်ယောင်ဆောင်နေတတ် ကြပါသည်။ တစ်နည်းအားဖြင့် ကြားနာဆဲအဆင့်မှာပင် မကြားဆယ်ချက်၊ ကြားတစ်ချက်ဖြင့် အချိန်တွေကို စားသုံးနေကြပါသည်။ ထို့ကြောင်ပင် နားထောင်ကောင်းသူများဖြစ်ရန်လိုပါသည်၊ ခေါင်းငြိမ့်ရုံတွင် ရပ်မနေဘဲ ခေါင်းကို သုံးတတ်ရန် တွေးခေါ်မြော်မြင်တတ်ရန်လည်း လိုပါသည်။ မသိပါက ဟန်ဆောင်မနေဘဲ သိအောင်ကြိုးစားတတ်ရန်လည်း အရေးကြီးလှပါသည်။ သိပြီးရင်လည်း ဖြန့်ဝေပေးရန်လည်း လိုပါသည်။ သုတေသနသဘောပါသော ဖြန့်ဝေပေးသည့် လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်ရပါဦးမည်။ ထို့နောက်တွင် နောင်လာနောင်သားများအတွက် လုပ်ဆောင်ချက်များကို စာတမ်းပြုစု မှတ်တမ်းတင်ထားရပါမည်၊ စာတစ်လုံး ဘုရားတစ်ဆူဟု အဆိုရှိပါသည်။ သုတေသနထွန်းကားသော နိုင်ငံများသည် တိုးတက်သည်။ ယနေ့ခေတ်တွင် တရုပ်ပြည်သည် သုတေသနလုပ်ငန်းကို ဦးစားပေးနေသည်ဟု သိရပြီး ၂၀၁၃ခုနှစ်ဆိုပါက အမေရိကန်ကိုပင် ကျော်သွားနိုင်သည်ဟု ပညာရှင်များက သုံးသပ်နေကြပါသည်။ သုတေသနပြုလုပ်ပြီးပါက ချောင်ထိုးမထားဘဲ အကောင်အထည် ဖေါ်တတ်ရပါမည်။ ထို့နောက် အသီးအပွင့်ဝေေ၀ဆာသော သစ်သီးပင်များကဲ့သို့ အလှအပခံစားခြင်း၊ အသီးအပွင့်အ၇ွက် အခက်လက်များကို အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ကြရပေမည်။ အင်းဝခေတ် စာဆိုအကျော် အရှင်မဟာရဋ္ဌသာရ စကားနှင့်ဆိုရပါမူ သု၊ စိ၊ ပု၊ ဘာ၊ ၀ိ၊ လိ၊ သိ၊ ဓာ အက္ခရာစွဲသုံး ဤရှစ်လုံး သာဖြစ်ပါသည်။
ဤသည့်ရည်ရွယ်ချက်မှာ အထွေအထူးမဟုတ် သိတတ်၊မြင်တတ်စေရန်ဖြစ်သည်။ ခြေထောက်မရှိဘဲ ဧ၀ရက်တောင်ကြီးကို နှစ်ကြိမ်တက်သည်ပဲဆိုဆို၊ လက်နှစ်ဖက်မရှိဘဲ မည်သည့်သမုဒ္ဒရာကို နှစ်ခေါက်မကလို့ ဆယ်ခေါက်ပင် ဖြတ်ကူးနိုင်ပါစေဦး အသိဥာဏ်မရှိဘဲနှင့်တော့ မည်သူမှ အများကောင်းစားအောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပေ။ ထို့အတွက် ဓမ္မပဒအဋ္ဌကထာ၊ ဒုတိယအုပ် တစ်ဆယ့်လေးခု မြောက်ဝဂ် ဖြစ်သည့် ဗုဒ္ဓ၀ဂ်မှ အသိဥာဏ်ရယူရန် ဘုရားစကားတော်ကို မှတ်သားတတ်စေရန်လိုပါသည်။
လောကတွင် အနိုင်အရှုံး နှစ်မျိုးရှိရာ လူတိုင်းက အနိုင်ကို အလိုရှိတတ်ပေသည်။ သို့သော်လည်း အနိုင်ချည်းလည်း မရတတ်ပေ၊ အရှုံးချည်းလည်း မရပ်တည်နိုင်ပါ။ အသီးသီး၏ ဇွဲ၊၀ီရိယကို အခြေပြု၍ ရလာဒ် ပြောင်းသွားတတ်ပေသည်။ ရလာဒ်ပြောင်းသည်မှာ အမြစ်ပြတ် မသုတ်သင် နိုင်သောကြောင့် ဖြစ်ပါသည်။ မဂ်တရားရထားပြီးသော အရိယာများအတွက်မူကား ကိလေသာစိတ် တစ်ဖန်ပြန်မပေါ်တော့သဖြင့် အမြဲတန်း အနိုင်ရသော အောင်ပွဲ အစစ်ဖြစ်ပေသည်။ လောကလွန် အနိုင်မျိုးဖြစ်ပေသည်။ လောကသားတို့၏ အနိုင်သည် စိတ်မချရပေ၊ သို့အတွက်ကြောင့် လောကုတ္တရာအနိုင်ကို တွေ့အောင် ရှာဖွေသင့်ပေသည်။
မြတ်ဗုဒ္ဓဥာဏ်တော်ကြီးမြတ်ပုံမှာ အံ့စရာပင်ဖြစ်ပေသည်။ ဂင်္ဂါမြစ်တွင်းမှသဲများကို တစ်မှုံစီ ရေတွက်သော် ကုန်နိုင်ဖွယ်ရှိပေသည်။ မဟာသမုဒ္ဒရာတွင်းမှရေများကို တစ်စက်ချင်းခပ်ထုတ်သော် ကုန်နိုင် လောက်ပေသည်။ မြင့်မားသော တောင်ကြီးမှ မြေစိုင်ခဲများကို တူးဖြိုသော် တဖြည်းဖြည်း ကုန်သွားပေမည်။ မြတ်ဗုဒ္ဓ၏ဥာဏ်တော်မှာကား ကုန်သည်ဟုမရှိပေ။ ဤသို့ဖြစ်ရခြင်းမှာ ဥာဏ်ရှင်ဘုရားရှင်သည် ဈာန်တရားများကို ဆင်ခြင်ခြင်း၊ အမြဲအသုံးပြုခြင်း၊ ဆောက်တည်ခြင်း၊ အထမြောက်အောင်ဆောင်ရွက်ခြင်း၊ အကြိမ်ကြိမ် သက်ဝင်ခြင်းနှင့် ကိလေသာဓာတ် လုံးဝပြတ်စဲခြင်းတို့ကြောင့်ပင် ဖြစ်ပါသည်။ အဘိဓမ္မာတရား ဟောတော်မူပြီး တာဝတိသာနတ်ပြည်မှ အပြန် သင်္ကဿနဂိုရ်ပြည်မှ ဆင်းတော်မူသည့်နေ့တွင် စကြာဝဠာ တိုက်တစ်သောင်းမှ နတ်များကို လူများက မျက်ဝါးထင်ထင် တွေ့မြင်ရသည်ဟု သိရပြီး ထိုနေ့တွင် ဘုရား ဖြစ်ရပါလို၏ဟု ဆုမတောင်းဘဲနေသူ တစ်ဦးတစ်ယောက်မှ မရှိဟု ကျမ်းစာများတွင် ပြဆိုပါသည်။ လောကရှုထောင့်မှ တင်ပြရလျှင် ဘုရားရှင်သည် တလောကလုံး၏ ဘုရင်ဖြစ်တော်မူပါသည်။
တစ်လောကလုံး၏ ဘုရင်ကို ဓမ္မရှုထောင့်မှ တင်ပြရပါလျှင် ဒွါရခြောက်ပါးသာလျှင် ဖြစ်ပါသည်၊ ဒွါရခြောက်ပေါက်ကို နိုင်အောင် မပိတ်နိုင်ကြပါလျှင် ကိလေသာမိုး ယိုပါမည်။ ဒွါရခြောက်ပေါက်ကို မစောင့်ရှောက်မှုကြောင့် လူသားထုကြီးသည် အမှန်ကို ထင်ထင်ရှားရှားမမြင် ယောင်ဝါးကြီးဘ၀ဖြင့် ခရီးသွားနေကြသည့် လူမိုက်ကြီးများ ဖြစ်နေကြပါသည်။ မစောင့်ရှောက်နိုင်ခြင်းမှာ အင်အားမရှိ၍ ဖြစ်ပါသည်။ အင်အားရှိလာအောင် ၀ီရိယအတော်စိုက်ပါမှ ရရှိမည်ဖြစ်ပါသည်။ ၀ီရိယဓာတ်ဖြင့် ကုသိုလ်ကို အားထုတ်ခဲ့မှုကြောင့် လူ့ဘ၀ကို ခက်ခက်ခဲခဲ ရခဲ့ကြခြင်းဖြစ်ပြီး လူ့ဘ၀တွင် ရှာရဖွေရသည်မှာလည်း ခက်ခက်ခဲခဲပင်ဖြစ်ပြန်ရာ လွယ်လွယ်နှင့် ရတာ ဘာမှ မရှိပါ။ ဤသို့သောအနေအထားတွင် မိမိတို့၏ ဘ၀ကို မြင့်တက်စေတတ်သည့် အကြံကောင်း၊ ဥာဏ်ကောင်းများကို ပေးမည့် သူကား ရွှေထက်ပင် ရှားလေသည်။ အကြံကောင်း ဥာဏ်ကောင်းတို့ကို ဖြစ်ပေါ်စေသည့် ပထမဆုံးဟောပြောတတ်သူ အမှန်သိမြင် ဥာဏ်ရှင် ဘုရားကို ဖူးမြင်ရန်အခွင့်မှာ အလွန်ပင် ခက်ခဲလှသော အနေအထားဖြစ်ပါသည်။ ယခုမူ ယူတတ်သူအတွက် အရာအားလုံးက အဆင်သင့်ပင် ဖြစ်နေပေပြီ တစ်ချက်ကလေးမှ မချွတ်ချော်စေရန် အရေးကြီးလှပေသည်။ ချွတ်ချော်မှုမဖြစ်စေရန် အတွက် စည်းကမ်းထားပေးရသည်။
လောကတွင် စည်းကမ်းသည် အရေးကြီးလှပေသည်၊ စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သလိုပင် တိုင်းပြည်တစ်ခု၏ သာယာဖွံ့ဖြိုးမှုအတွက်လည်း အဆုံးအဖြတ်ပေးသည့် ပြဒါးတိုင်ဖြစ်ပေသည်။ ထို့ကြောင့် စည်းကမ်းများကို ဖေါ်ပြရာ အခြေခံ ဥပဒေကို တိုင်းပြည်တည်ထောင်ခါစမှ ရေးဆွဲကြပါသည်။ သို့သော် ကိလေသာ တန်းလန်းနှင့် လူသားများရေးဆွဲထားသည့် ဥပဒေဖြစ်သည့်အတွက် ထင်ရာစိုင်းထားသည့် သဘောများမကင်းတတ်ရှိနေပေရာ တိုင်းပြည်တစ်ခုနှင့် တစ်ခု မတူသလိုပင် တိုးတက်မှုလည်း ခြားနား ကြရပေသည်။ ခိုင်မာသည့် ကောင်းမွန်သည့် အခြေခံ ဥပဒေရှိပြီး လက်တွေ့ လိုက်နာ ဆောင်၇ွက်သော တိုင်းပြည်သည် တိုးတက်ပါသည်။ ဤအတူပင် ဗုဒ္ဓသာသနာတော်တွင် လည်း ၀ိနည်းသည် အရေးကြီးလှပါသည်။ သာသနာတော်၏ အသက်ဟုပင် အဋ္ဌကထာဆရာမြတ်တို့ တင်စား ခေါ်ဝေါ်ကြလေ သည်။ ထူးခြားသည်မှာ ဘုရားတစ်ဆူ၏ ၀ိနည်းနှင့် ကျန်ဘုရားတစ်ဆူ၏ ၀ိနည်း အတူတူပင်ပင်ဖြစ်ပါသည်။ ၀ိနည်းတွင် အာဏာဒေသနာ၊ သြ၀ါဒဒေသနာဟု နှစ်မျိုးရှိပေရာ (၂၂၇) သွယ်စည်းကမ်းများကို အာဏာ ဒေသနာဟု ခေါ်ပြီး သုံးဂါထာမျှသော အဆုံးအမကို သြ၀ါဒဒေသနာဟု ခေါ်ပါသည်။ ထိုသုံးဂါထာကို ၀ိနည်းမပညတ်မှီ ဘုရားရှင်တိုင်း ဟောတော်မူသော်လည်း ကာလအားဖြင့် မတူတတ်ပေ။ ၀ိပဿီဘုရားရှင်သည် ခုနှစ်နှစ်မှ တစ်ကြိမ်သာ ဟောတော်မူပြီး သိခီနှင့် ဝေဿဘူ ဘုရားရှင်တို့ကမူ ခြောက်နှစ်၊ ကကုသန္ဓနှင့် ကောဏာဂမနဘုရားရှင်တို့ကမူ တစ်နှစ်တစ်ကြိမ်၊ ကဿပဘုရားရှင်ကမူ ခြောက်လတစ်ကြိမ် ဟောတော်မူပြီး ဂေါတမဗုဒ္ဓကမူ တစ်ဆယ့်ငါးရက်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ဟောတော်မူပါသည်။ ထိုစည်းကမ်းတို့ကို လိုက်နာရန်မှာ ခန္တီတရားလိုပေသည်။ သည်းခံမှု မရှိပါက မည်သည့်စောင့်ထိန်းမှုကိုမှ မဆောင်ရွက်နိုင်ပေ၊ သာသနာတော်တွင် ဥတ္တမတပဟုခေါ်သည့် သည်းခံမှုသည် မြင့်မြတ်သည့်အပြင် ပဓာနလည်း ကျပေသည်။ သို့မှသာလျှင် ဥတ္တမ၀ဒဟုခေါ်သည့် နိဗ္ဗာန်သို့ ရောက်နိုင်ပေသည်။ လောကလူသားတို့သည် နိဗ္ဗာန်ကို ပို့ပေးနိုင်သော ဘုရားရှင်ကို ပထမ နေရာတွင် ထားကြပါသည်။
လောကတွင်ငွေသည် အရေးပါသဖြင့် ဒုတိယဘုရားသခင်ဟု တင်စားတတ်ကြပါသည်။ ငွေသာရှိလျှင် လုပ်သမျှတင့်တယ်သည်၊ ဂုဏ်ရှိသည်ဟုလည်း သီချင်းရေးစပ်ကြပါသည်။ လောကအမြင်တွင် အမှန်ပင် ဖြစ်သဖြင့်လည်း လူများက လက်ခံထားကြပါသည်။ ရဟန်းတော်များအတွက်မူ ငွေသည် သေမင်းတမန် ဖြစ်ပါသည်။ သို့အတွက်ကြောင့်ပင် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးက ငွေရလာပါက သူ့ထံ ရန်သူလာသည်ဟု မှတ်ယူပြီး ရန်သူကို မိတ်ဆွေဖြစ်သွားစေရန် ကုသိုလ်လမ်းကြောင်းသို့ရောက်အောင် လမ်းလွှဲတော်မူပါသည်။ေ၇ွှကျင် ဆရာတော်ဘုရားကြီးကမူ ၀တ္ထု၊ မာတု ဤနှစ်ခု ဘိက္ခု သေမင်း ဓားနှစ်စင်း ဟုဆိုပါသည်။ ငွေနှင့် အမျိုးသမီးသည် ရဟန်းဘ၀အတွက် ဖြောင့်ဖြောင့်မှန်မှန် ရပ်တည်နိုင်ရန် အလွန်ပင် ခက်ခဲသော အတားအဆီး ကြီးများ ဖြစ်ကြပါသည်။ ငွေသည် မကောင်း၊ မာတုဂါမသည် မကောင်းသောကြောင့် မဟုတ်၊ ထင်ထားကြသည့်အတိုင်း အကောင်းကြီးမဟုတ်၊ အကောင်းလေးသာ ဖြစ်ပေသည်။ နည်းပါးသော အကောင်းလေးအတွက် များပြားသော ဒုက္ခ အစိုင်အခဲကြီးကို ရင်ဝယ်မပိုက်မိစေရန်အတွက် တဏှာကို ပယ်သတ်စေလိုခြင်းဖြစ်ပါသည်။ သို့အတွက် အိပ်မက်ပမာ ခဏကောင်းလေးကို စွန့်လွှတ်ကြပါဟု ဟောတော်မူပါသည်။ စွန့်လွှတ်သင့်သည်ကို စွန့်လွှတ်မှ သံသရာမှလွတ်ပါမည်။
လောကတွင် ကိုးကွယ်မှုမှားပါက အမှားတကာ့တွင် အဆိုဆုံးပင် ဖြစ်ပါသည်။ ဆရာမှားတော့ တသံသရာလုံးမှောက် ဟုပြောဆိုတတ်ကြပါသည်။ ဗုဒ္ဓမပွင့်မှီက ဆရာကြီးလုပ်နေခဲ့သော သာသနာပြင်ပ ရသေ့ဆရာကြီးသည် တောင်၊တော။ဥယျာဉ်၊သစ်ပင်တို့ကို ကိုးကွယ်ကြရန်ဟောပြောရင်း တပည့်တစ်သောင်း အခြံအရံဖြင့် လှည့်လည်နေခဲ့ပါသည်။ ဗုဒ္ဓက သရဂုံသုံးပါးနှင့် လမ်းကြောင်းပြောင်းပြီး အမှန်တည့်ပေး ခဲ့ပါသည်။ အမှန်တည့် ပေးရန်အတွက် ဘုရားရှင်သည် လောကလူသားတို့အတွက် ပေါ်လာရပါသည်။
တောတိုင်းတွင် စန္ဒကူးမတွေ့၊ တောင်တိုင်းတွင် ပတ္တမြားမထွက်၊ ဆင်တိုင်းတွင် အမတေမရှိသလိုပင် အမျိုးတိုင်းတွင်လည်း ပုဂ္ဂိုလ်ထူးမပေါ်နိုင်ပေ။ မစ္ဇျိမဒေသ ချမ်းသာသော မင်းမျိုး၊ ပုဏ္ဏားမျိုး၌သာ ထူးခြားသောသူများပေါ်နိုင်သည်ဟု အဋ္ဌကထာဆရာ ဖွင့်ပြထားပါသည်။ ဤဖွင့်ပြချက် သည် အနာဝသေသ စကားဖြစ်ပါသည်။ ရာနုန်းတစ်ရာ အပြည့်မှန်သော စကား မဟုတ်ပါ။ ဘုရားရှင်ကမူ ကုလ ဟုသာမညသာ ဟောတော်မူပါသည်။ မည်သည့်နေရာတွင် မဆို၊ မည်သည့် မျိုးနွယ်တွင်မဆို ပုဂ္ဂိုလ်ထူးသည် ပေါ်နိုင်ခွင့်ရှိသည် သို့သော် လွယ်လွယ်တော့မဖြစ်နိုင်။ ပေါ်ခဲ့လျှင်လည်း အများချမ်းသာ သည်။ မြတ်စွာဘုရားရှင်တည်းဟူသော ပုဂ္ဂိုလ်ထူးကြီး ပေါ်ပေါက်ခဲ့သောကြောင့်ပင် သတ္တ၀ါတွေ ချမ်းသာ ရာ ရခဲ့ကြပါသည်။
ချမ်းသာမှုနှင့်စပ်ပြီး နာမည်ကြီးစာရေးဆရာ ဆရာဝန်က သူ၏ ကျန်းမာရေး ပညာပေး စာအုပ်တွင် ကာမဂုဏ်ခံစားမှုချမ်းသာသည် သူတွေ့ဖူးသမျှ ချမ်းသာများတွင် အကောင်ဆုံးဟု ရေးထား ပါသည်။ တစ်ချို့က တိုင်းပြည်အုပ်ချုပ်သူ၏ စည်းစိမ်ချမ်းသာကို သွားရည်ယိုကြပေမည်။ အစားမက်သော သူကမူ သလေးထမင်း ဒန်ပေါက်ဟင်းကို စားသုံးရလျှင်ဖြင့် အာဂပါးစပ် လူဖြစ်ကျိုးနပ်လေငဲ့ဟု ဆိုကြပေမည်လား မသိ။ မြတ်ဗုဒ္ဓကမူ ပညာတတ်တွေများပြားမှု၊ စည်းကမ်းတွေလိုက်နာမှု၊ အဖွဲ့အစည်း၏ ညီမျှမှု၊ တစ်ဦးနှင့် တစ်ဦး နို့နှင့်ရေ ရောထားသကဲ့သို့ ချစ်ခင်သော အကြည့်ဖြင့် ကြည့်ရှုနိုင်ခြင်းကို ချမ်းသာခြင်းဟု ဟောတော်မူပါသည်။
ချမ်းသာခြင်းအစစ်အမှန်ကို သိသွားတော်မူကြကုန်သော ဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓနှင့် ဗုဒ္ဓ၏သာဝကတို့ သည် တဏှာ၊ မာန နှင့် ဒိဋ္ဌိဟူသော လောဘ၊ သောကနှင့် ပရိဒေ၀တည်းဟူသော ဒေါသ တို့ကို မောဟကို ပယ်သတ်သော အရဟတ္တမဂ် ဥာဏ်သန်လျက်ဖြင့် ခုတ်ထွင်ပြီးဖြစ်လေရာ ချမ်းသာအစစ်ကို တကယ် သိသူများ ဖြစ်ကြလေသည်။ သူသူငါငါ ထင်သော ချမ်းသာမျိုးသည် ပိုးဖလံမျိုး မီးကိုတိုးသော အဖြစ်မျိုးနှင့်တိုးမှာ စိုးရလေသည်။ ထို့ကြောင့်ပင် အမှန်ညွှန်ပြတတ်သော ဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓ ဗုဒ္ဓ၏ သာဝကတို့သည် ပူဇော်ရာအစစ် ပုဂ္ဂိုလ်ထူးကြီးများ ဖြစ်ကြ လေသည်။
ဤဗုဒ္ဓ၀ဂ်တွင် စာမျက်နှာပေါင်း (၃၉) ခု ၊ ၀တ္ထုပေါင်း (၉) ခု၊ ဂါထာပေါင်း (၄၈)၊ ထိုတွင် အဖွင့်ခံ ဂါထာမှာ (၁၈) မျှသာ ရှိပါသည်။ ကျန်ဂါထာများမှာ အကိုးသာဓကများသာ ဖြစ်ပါသည်။ ဂါထာပေါင်း (၄၈) တွင် တစ်ဆယ့်နှစ်လုံးဖွဲ့ဂါထာ တစ်ပုဒ်၊ တစ်ဆယ့်တစ်လုံးဖွဲ့ ဂါထာ နှစ်ပုဒ်၊ ကိုးလုံးနှင့် ဆယ်လုံးရောဖွဲ့ ထားသောဂါထာ နှစ်ပုဒ်နှင့် ရှစ်လုံးဖွဲ့ဂါထာ (၄၃) ပုဒ်တို့ဖြစ်ပါသည်။ ဤဗုဒ္ဓ၀ဂ်တွင် အဋ္ဌကထာဆရာမြတ်က ၀ိသုဒ္ဓိမဂ်၊ အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ၊ ခုဒ္ဒကနိကာယပါဠိတော်။ ၀ိနည်းစူဠ၀ါပါဠိတော်၊ ပါစိတ်ပါဠိတော်၊ ဒီဃနိကာယပါဠိတော်၊ သုတ်မဟာဝါ၊ မစ္ဇျိမနိကာယပါဠိတော၊မစ္ဇျိမပဏ္ဏာသတို့ကိုပါ ကိုးကားပြီး ဖွင့်ပြတော် မူထားပါသည်။
ပထမဆုံးဝတ္ထုမှာ နတ်မင်းကြီး၏ သမီးသုံးယောက်အကြောင်းဖြင့် စတင်ထားပြီး မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံတို့အား ဟောကြားခြင်းဖြင့် အဆုံးသတ်ထားပါသည်။ ဒုတိယ၀တ္ထုတွင် အဘိဓမ္မာတရား ဟောကြားတော်မူပြီး သင်္ကနဂိုရ်ပြည်မှ သက်ဆင်းလာပုံ အကြောင်းကို ပြည့်ပြည့်စုံစုံ တင်ပြထားပါသည်။ ဤ၀တ္ထုတွင်မှတ်သားဖွယ်များမှာ မြတ်စွာဘုရားဆောင်ရွက်ရမည့်ကိစ္စကို မည်သူမျှ မဆောင်၇ွက်နိုင် ဟူသော ဥပဒေသတစ်ခု၊ သူတော်ကောင်းတို့မည်သည် သူတစ်ပါးကို အခွင့်ပေးပြီး ဂုဏ်ရှိအောင် ဆောင်၇ွက်တတ်သည်ဟူသော ဥပဒေသ၊ မိခင်နတ်သားသည် တုသိတာအထက်နတ်ဘုံမှ အောက်နတ် ဘုံဖြစ်သော တာဝတိံသာသို့ လာ၍တရားနာယူသည်ဟူသော ဗဟုဿုတ၊ သာသနာတွင်း အလှူသည် သာသနာပ အလှူထက် အကျိုးပေးထက်သန်သည်ဟူသော ဥပဒေသတစ်ခု၊ ဘုရားရှင်၏ ၀ါတော်ခုနှစ်ဝါ တွင် ပ၀ါရဏာပွဲ စတင်နေပြီ ဟူသော သမိုင်းအချက်အလက်၊ သံဝေဇနိယလေးဋ္ဌာနရှိသလို အ၀ိဇဟိတ လေးဋ္ဌာနရှိရာတွင်လည်း တန်းခိုးပြပြီး သင်္ကဿနဂိုရ်ပြည်သက်ဆင်းခြင်းသည် တစ်ခုအပါဝင်ဖြစ်သည် ဟူသော မှတ်ချက်တစ်ခု၊ အရှင်သာရိပုတ္တရာမထေရ်၏ မိုးသီးပေါက်ပေါင်းကို စေ့စေ့ငုငု ရေနိုင်မှု ဥာဏ်ရည်တို့ကို မှတ်သားရ ပါသည်။
တတိယ၀တ္ထုတွင် သီလလောက်ဖြင့် ဘ၀တစ်ခု မလုံခြုံသေးကြောင်း သံသရာခရီးသွားများ မှတ်သားဖွယ်ကို တွေ့ရပါသည်။ ထို့ကြောင့် သာသနာတော်နှင့်ကြုံတစ်ခိုက် သူတော်ကောင်းတစ်ရား တွေကို ကြိုက်လိုက်ကြပါဟု ရေးသားလိုက်ရပါသည်။
စတုတ္ထ၀တ္ထုတွင်မူ သြ၀ါဒပါတိမောက်အကြောင်း သိကောင်းစရာများကို ဟောကြား တော်မူ ထားပြီး ပဉ္စမ၀တ္ထုတွင်မူ သာသနာတော်မပျော်သော ရဟန်းတော်တစ်ပါးအကြောင်းကို မှတ်တမ်းပြုထား ပါသည်။ ငွေတစ်ရာလေးနှင့် စိတ်ကူးယဉ်နေသော ထိုရဟန်းတော်လေးသည် စိတ်ကူးထည်းတွင်ပင် ကုန်ဈေးနုန်း ကြီးမြင့်မှုဒဏ်ကို မခံနိုင်တော့ဘဲ စိတ်ကူးယဉ်အိပ်မက်မှလန့်နိုးခဲ့ရပုံကို ဖေါ်ပြထားပါသည်။
ဆဋ္ဌမ၀တ္ထုတွင်မူ ကိုးကွယ်ရာမှားနေခဲ့သော ဆရာ တပည့်အဖွဲ့ကို ရတနာသုံးပါးကို ကြည်ညို စေခြင်း ဖြင့် လမ်းကြောင်းမှန်ကို ညွှန်ပြထားပုံကို ဖေါ်ကျူးထားပါသည်။ သတ္တမ၀တ္ထုတွင်မူ အာဇာနည်များကြောင့် အများကောင်းစားရပုံကို ပြဆိုထားပြီး အာနန္ဒာမထေရ်၏ အမေးကို ဖြေပြထားပါသည်။ ဤနေရာတွင် အာဇာနည်ဆိုသည်မှာ မြတ်ပညာသခင် ဘုရားရှင်ဖြစ်သည်ဟု အဋ္ဌကထာဆရာက အရကောက် ပြထားပါသည်။
အဋ္ဌမ၀တ္ထုတွင်မူ ချမ်းသာမှု၏ အဓိပ္ပါယ်ကို တိတိကျကျ ဖွင်ဆိုနိုင်ခြင်းမရှိကြသော ရဟန်းတော်များကို မေတ္တာရှေ့ထား ညီညွတ်မှုတရား၏ ချမ်းသာပုံကို ဟောပြတော်မူပြီး နောက်ဆုံးဝတ္ထုတွင်မူ ပူဇော်ထိုက်သူများကို ပူဇော်ခံနိုင်ရခြင်း အကြောင်းနှင့်တကွ ဟောပြတော်မူထားပါသည်။ သို့အတွက် တဏှာ၊ မာန၊ ဒိဋ္ဌိလွတ်ပြီး သောကနှင့် ပရိဒေ၀ ကင်းဝေးစေရန် ကြိုးစားကြပါရန် တိုက်တွန်းရပေသည်။
ဆောင်းပါးမှတ်စုများ
၁။ ဓမ္မပဒအဋ္ဌကထာ ဗုဒ္ဓ၀ဂ်
၂။ ပါရာဇိကကဏ္ဍအဋ္ဌကထာ
၃။ လောကနီတိ
၎။ ၀ိသုဒ္ဓိမဂ်၊
၅။ အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ၊
၆။ ခုဒ္ဒကနိကာယပါဠိတော်၊
၇။ ၀ိနည်းစူဠ၀ါပါဠိတော်၊
၈။ ပါစိတ်ပါဠိတော်၊
၉။ ဒီဃနိကာယပါဠိတော် သုတ်မဟာဝါ၊
၁၀၊ မစ္ဇျိမနိကာယပါဠိတော် မစ္ဇျိမပဏ္ဏာသ
စာရေးသူ၏အာဘော်
ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။
0 comments:
Post a Comment