* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, April 6, 2011

သူ့အရပ်နှင့်သူ့ဇာတ်(၂)

Tuesday, 05 April 2011 08:56 /ashinsirinda/Written by မေတ္တာဥယျာဉ်

ဣန္ဒြိယပစ္စ္စည်း [B]အပိုင်း(၂)
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)


“ သဗ္ဗညုဆိုတာ ”

နာမ်ဣနြေ္ဒ(၈)ပါးတို့ကတော့ အတူတကွ ဖြစ်ဖော်ဖြစ်ဖက် တရားတွေကို အစိုးရကြတဲ့ အတွက် သဟဇာတိန္ဒြိယ ပစ္စည်းလို့ ခေါ်ပါတယ်။

အပြားအားဖြင့် (၂၂)ပါး၊ တရားကိုယ်အားဖြင့် (၁၆)ပါးရှိတဲ့ ဒီဣနြေ္ဒတွေထဲမှာ အစဦးဆုံးဣနြေ္ဒ(၆)ပါးဖြစ်တဲ့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မနဆိုတဲ့ ဣနြေ္ဒ(၆)ပါးတို့ဟာ သက်ရှိသတ္တဝါ တစ်ဦးအတွက် အရေးအပါဆုံး ဣနြေ္ဒများဖြစ်လို့ ဒီဣနြေ္ဒ(၆)ပါးကို အလေးအနက် သဘောပေါက် သင့်ပါတယ်။

ဒီဣနြေ္ဒ(၆)ပါးတို့ဟာ ဘာကြောင့် သက်ရှိသတ္တဝါအားလုံး အတွက် အရေးအပါဆုံး ဣနြေ္ဒများလို့ ပြောရသလဲ ဆိုရင်တော့လူဖြစ်စေ၊ နတ်ဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သက်ရှိသတ္တဝါ မှန်သမျှအတွက် ခန္ဓာကိုယ် အတွင်းမှာ ရှိသမျှ တရားအားလုံး(သဗ္ဗ)ကို ဖော်ပြပါဆိုရင် ဒီဣနြေ္ဒ(၆)ပါးက လွဲလို့ တခြား ဘာမျှမရှိပါဘူး။ ခန္ဓာကိုယ် အတွင်းပိုင်းမှာ ရှိသမျှတရား အားလုံးဆိုတာ မြန်မာလို ပြောရမယ်ဆိုရင်တော့ မျက်စိရယ်၊ နားရယ်၊ နှာခေါင်းရယ်၊ လျှာရယ်၊ ကျန်တဲ့ ခန္ဓာကိုယ်ကြီးရယ်၊ အတွင်းက သိတတ်တဲ့ မန(စိတ်)ရယ်၊ ဒီ(၆)မျိုးပဲရှိပါတယ်။ ခန္ဓာကိုယ် အပြင်ဘက်မှာ သတ္တဝါတစ်ဦး တစ်ယောက် ပိုင်ဆိုင်နိုင်သမျှ တရားအားလုံး(သဗ္ဗ)ဆိုတာကလဲ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အတွေးဆိုတဲ့ ဒီအာရုံ(၆)မျိုးကလွဲလို့ တခြားမရှိတော့ပါဘူး။ (သံ၊၂၊၂၄၈။ သဠာယတနဝဂ္ဂသံယုတ်၊ သဗ္ဗသုတ်)

ဒါကြောင့် အလုံးစုံကို သိမြင်တော်မူတဲ့ သဗ္ဗညု ဘုရားရှင်တို့ဆိုတာ အတွင်းမှာရှိတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့နဲ့အပြင်က အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ အတွေး(ဓမ္မာရုံ)ဆိုတဲ့ အာရုံ(၆)ပါးတို့ရဲ့ သဘောသဘာဝ အပြည့်အစုံကိုလဲ သိတယ်၊ ဒီအတွင်းရှိသမျှ (သဗ္ဗ)နဲ့ အပြင်မှာရှိသမျှ(သဗ္ဗ)တို့ တိုက်ဆုံမှုကို အကြောင်းပြုပြီး (၁) သတ္တဝါတို့ သံသရာမှာ ကျင်လည် ကြရခြင်းကိုလည်း သိတယ်၊ (၂) ကျင်လည်ရခြင်းရဲ့ အကြောင်းကိုလည်း သိတယ်၊ (၃) သံသရာမှ လွတ်မြောက်ခြင်းကိုလည်း သိတယ်၊ (၄) လွတ်မြောက်ရခြင်းရဲ့ အကြောင်းကိုလည်း သိတယ် ။ လောကမှာ ရှိတာဟူသမျှ ဆိုရင်လဲ ဒီ(၆)စုံသာရှိပြီး သိစရာဆိုလို့လဲ ဒီ(၄)ချက်ပဲရှိပါတယ်။

ဒီသိစရာ(၄)ချက်ကို ထိုးထွင်း သိမြင်တာကိုလည်း သစ္စာ(၄)ပါးကို ထိုးထွင်းသိမြင်တယ်လို့ ဆိုရသလို၊ သိစရာရှိသမျှ အားလုံးကို အပြည့်အစုံ သိတယ်လို့လည်း ခေါ်ရပါတယ်။

ဒီစကားရပ်ကို ဒီခေတ်လူငယ်များ အလေးအနက် သိရှိသဘောပေါက်စေချင်ပါတယ်။ ကြားဖူးနားဝနဲ့ “သဗ္ဗညုဆိုတာ ဘာမဆို အကုန်လုံးကို သိတယ်ဆိုရင် အနုမြူဖော်မြူလာတွေ၊ အခုပေါ်နေတဲ့ ကွန်ပြူတာ ပညာရပ်တွေကိုရော မြတ်စွာဘုရားရှင် သိခဲ့ပါသလား” ဆိုတဲ့ မေးခွန်းမျိုး ခဏခဏ ကြုံရဖူးပါတယ်။

ဘုရားရှင်တို့ သိရမယ့် သဗ္ဗ(အားလုံး)ဆိုတာ အတွင်းဣနြေ္ဒ (အာယတနလို့လဲခေါ်တယ်) (၆) ခုနဲ့ အပြင်အာရုံ (၆)မျိုးရယ်၊ အတွင်းနဲ့ အပြင်တိုက်ဆုံမှုကို အကြောင်းပြုပြီး သိစရာ (၄)မျိုးရယ်ကလွဲလို့ တခြားဘာမျှမရှိပါဘူး။ ဒေးဒရဲနိကာယ်သင်တန်းမှာ လူငယ်တစ်ယောက်က ဒီအကြောင်း မေးဖူးစဉ်က တောင်တွင်းကြီး၊ နတ်မှီတောရ ဆရာတော်ကြီး ကတော့ “သဗ္ဗညုတ ဉာဏ်တော်ရဲ့ နယ်ပယ်မှာရှိတာ အားလုံးဆိုရင် ဒီ(၆)စုံပဲ။ သိစရာ မှန်သမျှကလဲ ဒီ (၄)မျိုးပဲရှိတယ်။ ကျန်တဲ့ကိစ္စတွေ နည်းပညာတွေ အတတ်ပညာတွေဆိုတာ သံသရာကျင်လည်ရေး တရားတွေ သာဖြစ်တယ်၊ ဘုရားရှင်တို့ရဲ့ အလုပ်(ဖယလုပ်) မဟုတ်ဘူး။ လောကသားအလုပ်နဲ့ ဘုရားအလုပ်ကို ကွဲကွဲပြားပြား နားလည် သဘောပေါက်အောင် လေ့လာပါ” လို့ မိန့်ကြားပါတယ်။

ဒီဣနြေ္ဒ(၆)ခုဟာ အတွင်းမှာရှိတဲ့ အလုံးစုံ(သဗ္ဗ)ဖြစ်သလို၊ သံသရာနဲ့နိဗ္ဗာန်၊ တနည်း ပြောရင်တော့ ကာမသုခလ္လိကာနုယောဂလမ်း၊ အတ္တကိလမထာနုယောဂလမ်းဆိုတဲ့ အစွန်း(၂)ပါးနဲ့ မဇ္ဈိမပဋိပဒါလမ်းတို့ရဲ့ အဓိက “ဆုံမှတ်”နေရာလည်း ဖြစ်ပါတယ်။

လောကမှာ ပြောဆိုနေကြတဲ့ “ဣနြေ္ဒရှိတယ်” တို့၊ “ဣနြေ္ဒရှင်”တို့ ဆိုတာဟာလည်း ဒီဣနြေ္ဒ(၆)ပါးကိုပဲ ရည်ညွှန်းပြောဆိုကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုလဲ နည်းနည်း သိထား သင့်ပါတယ်။

ခုပြောခဲ့တဲ့ ဣနြေ္ဒ(၆)ပါးတို့ကို စိတ်စေတသိက်တို့၏ ဖြစ်ပွားရာအရပ်၊ ဖြစ်ပေါ်ခြင်း ရဲ့အကြောင်း တရားများဖြစ်လို့ အာယတန (ဖြစ်ကြောင်း) များလို့လဲ ခေါ်ပါတယ်။ အဆင်း၊ အသံစတဲ့ အာရုံတရားတို့ရဲ့ ဝင်ရာတံခါးနဲ့ တူတဲ့အတွက် ဒွါရ(တံခါး)များလို့လဲ ခေါ်ပါသေးတယ်။

သက်ရှိသတ္တဝါ တစ်ဦးဆိုတာ အဘိဓမ္မာဆန်ဆန် ပြောရမယ်ဆိုရင် ဒွါရ၊ အာယတန၊ ဣနြေ္ဒလို့ သုံးမည်ရတဲ့ ဒီစက္ခု ၊ သောတ၊ဃာန၊ ဇိဝှါ၊ ကာယ၊ မန ဆိုတဲ့ (၆)ပါးနဲ့ အပြင်မှာရှိတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ အတွေးဆိုတဲ့ အာရုံ(၆)ပါးတို့ တွေ့ဆုံမိတဲ့အခါ အာရုံတွေကို သိတတ်၊ မှတ်တတ်၊ ခံစားတတ်၊ ကြံစည်စိတ်ကူးတတ်တဲ့ ရုပ်နာမ်အစုအဝေးတစ်ခုပါပဲ။ လောကဥပမာနဲ့ ထင်လွယ် မြင်လွယ်အောင် ပြောရမယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အပြင်ပိုင်းမှာ ပြင်ပအာရုံတွေနဲ့ ဆက်သွယ်ဖို့အတွက် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ စက်ယန္တရားငါးခုရယ်၊ အတွင်းဆုံးမှာ အပြင်ယန္တရား ငါးခုကနေ ဝင်ရောက်လာတဲ့ အာရုံတွေကို သိမှတ် ခံစားကြံစည်ပေးဖို့အတွက် မန(စိတ်) ဆိုတဲ့ ယန္တရားတစ်ခုရယ်၊ အားလုံးပေါင်း ယန္တရား(၆)ခု တပ်ဆင်ထားတဲ့ ရုပ်နာမ်အစု အဝေးကြီးပါပဲ။

အတွင်းဣနြေ္ဒတို့နဲ့ အပြင်အာရုံတို့ တိုက်ဆုံမိတဲ့အခါ၊ ဥပမာဆိုပါတော့ မျက်စိလို့ခေါ်တဲ့ စက္ခုနြေ္ဒနဲ့ အပြင်က အဆင်းအာရုံတို့တိုက် ဆုံမိတဲ့အခါ အဆင်းသိစိတ် စက္ခုဝိဉာဏ်ပါဝင်တဲ့ စိတ်ဖြစ်စဉ် (ဝီထိစိတ်)တွေ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ထဲမှာ ဇောစိတ်တွေက (၇)ကြိမ် လောက် ဆက်တိုက်ဖြစ်ပြီး အဆင်းအာရုံရဲ့ ကျေနပ်စရာ မကျေနပ်စရာဆိုတဲ့ ရသကိုခံစားပါတယ်၊ စက္ခုဝိညာဏဝီထိစိတ် အစဉ်ဖြစ်ပြီးတဲ့ အခါမှာလည်း ဒီအာရုံကိုပဲ အထပ်ထပ် တွေးတော စဉ်းစား ကြံစည်တဲ့ နောက်လိုက် စိတ်ဖြစ်စဉ်(တဒနုဝတ္တကမနောဒွါရဝီထိ)တွေ ဖြစ်ပါတယ်။

အဲဒီအခါမှာ ကျေနပ်မှု မကျေနပ်မှုအားလျော်စွာ လောဘတို့ ဒေါသတို့စတဲ့ ကိလေသာ တရားစုတွေလည်း ထင်ထင်ရှားရှား ပီပီပြင်ပြင် ကြီး ဖြစ်လာ ကြပါတယ်။ အာရုံကို သတိနဲ့ အသိနဲ့ ဆင်ခြင်ကြသူ များမှာတော့ သတိဦးဆောင်တဲ့ ကုသိုလ်တရားတွေ ဖြစ်လာကြပါတယ်။

တိုတိုချုပ်ကတော့ အတွင်းဣနြေ္ဒနဲ့ အပြင်အာရုံတို့ တိုက်ဆုံမိကြတဲ့အခါ သတိတရား အစောင့်အကြပ်ရှိရင် ကုသိုလ် တရားတွေဖြစ်တယ်၊ သတိတရား အစောင့်အကြပ် မရှိရင်တော့ ကျေနပ်မှု မကျေနပ်မှုအားလျော်စွာ လောဘ ဒေါသစတဲ့ ကိလေသာတရား (အကုသိုလ် တရား )တွေ ဖြစ်ပါတယ်။

သတိမဲ့ အသိမဲ့လို့ လောဘ ဒေါသစတဲ့ ကိလေသာတွေဝင်ရောက်လာပြီဆိုရင်တော့ ကျေနပ်စရာအာရုံကို အထပ်ထပ်ပြန်ပြီး ရှာဖွေဖို့တို့၊ မကျေနပ်စရာ အာရုံတွေနဲ့ ဝေးအောင် ရှောင်ရှားဖို့တို့စတဲ့ နောက်ဆက်တွဲ တာဝန်တွေက တသီတတန်းကြီး လိုက်လာတော့တာပါပဲ။ အဲဒီလို ဣနြေ္ဒတွေကို အမှီပြုပြီး သိရှိလာတဲ့ အာရုံတွေကို အကြိမ်ကြိမ် အထပ်ထပ် ရှာဖွေ ပေးဆက် နေရတာကိုပဲ ဣနြေ္ဒတို့ရဲ့ကျေးကျွန်အဖြစ် ခံရတယ် လို့ ခေါ်ပါတယ်။

ဒီနေရာမှာ လူတွေ ပြောလေ့ပြောထရှိတဲ့ “ဣနြေ္ဒမဲ့တယ်” တို့ “ဣနြေ္ဒရှိတယ်” တို့၊ “ဣနြေ္ဒရှင်”တို့ ဆိုတဲ့ စကားတွေကို နည်းနည်း စဉ်းစားကြည့်ကြ ရအောင်ပါ။

မျက်စိ၊ နား၊ နှာစတဲ့ ဣနြေ္ဒတွေဟာ လူတိုင်းလောက်နီးပါးမှာ ကိုယ်စီပါနေကြပါတယ်။ ဣနြေ္ဒရှိတယ် မရှိဘူးဆိုတဲ့စကားက ဒီဣနြေ္ဒတွေ မွေးရာပါ အနေနဲ့ပါတယ် မပါဘူးဆိုတာကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ အထက်မှာ ပြောခဲ့သလိုပဲ ဣနြေ္ဒတွေမှာ သတိတရား အစောင့်ရှိတယ်၊ မရှိဘူးဆိုတာကို ရည်ညွှန်းတာပါ၊ ဒါနဲ့ပတ်သက်လို့ ဗုဒ္ဓသာသနာသမိုင်းမှာ အလွန်ထင်ရှားတဲ့ သာဓကတစ်ခု ရှိခဲ့ ဖူးပါတယ်။

မြန်မာပြည် အပါအဝင် ကိုးတိုင်းကိုးဌာနကို သာသနာပြု စေလွှတ်ဖို့ သာသနာ့ဒါယကာ ခံယူတယ်ဆိုတဲ့ သီရိဓမ္မာ သောကမင်းကြီးဆိုတာ၊ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးကို ပိုင်စိုးတဲ့ ရှင်ဘုရင်ဖြစ်ခါစမှာ ဘယ်ဘာသာရယ်လို့ ပီပီပြင်ပြင် ယုံကြည်သူမဟုတ်သေးပါဘူး။

မိဘလက်ငုတ် ကိုးကွယ်ရင်းရှိခဲ့တဲ့ ဂိုဏ်းဝင် ပုဂ္ဂိုလ်တွေကိုပဲ အစဉ်အလာမပျက် လုပ်ကျွေး လှူဒါန်းနေတာပါ။ နေ့စဉ်နေ့တိုင်း သူ့နန်းတွင်းကို လာရောက် အလှူခံနေကြတဲ့ ဘာသာရေး ဂိုဏ်းသားတွေဟာ သွားတာလာတာ၊ နေတာထိုင်တာကလည်း ကိုးရိုးကားရား၊ မျက်နှာက လည်း ပြူးပြူး ပြဲပြဲ၊ ဟိုငေးဒီမော့၊ ဟော့ဟော့ ရမ်းရမ်း၊ ပြောပုံဆိုပုံကလည်း ပရမ်းပတာ ဟောင်ဖွာ အော်ကျယ်ဆိုတော့ ဒီလိုပုဂ္ဂိုလ်တွေကို နေ့စဉ်ပဲ လှူဒါန်းဆက်ကပ် လုပ်နေရတာကို ကြာတော့စက်ဆုပ်ငြီးငွေ့လာတယ်။

ဘာသာတရား ကိုးကွယ် ဆည်းကပ် တယ်ဆိုတာ စိတ်ကို ကြည်နူးအေးချမ်းစေရမှာ၊ အခုလို ပုဂ္ဂိုလ်တွေကို တွေ့နေ ရတာ ဟာ အေးချမ်းဖို့ နေနေသာသာ ကြည်နူးမှုကို မရဘူးဆိုတဲ့ အဖြစ်နဲ့ နေ့စဉ်ကြုံနေရလို့ ကြည်နူး အေးချမ်းစေမယ့် ကိုးကွယ်ရာကို အမြဲပဲ တောင့်တနေပါ သတဲ့။ အဲဒီအချိန်မှာပဲ ဝတ်ရုံထားတဲ့ အဝတ်သင်္ကန်းကလည်း သပ်သပ်ရပ်ရပ်၊ သွားပုံလာပုံကလည်း တည်တည်ငြိမ်ငြိမ်၊ မျက်နှာအမူအရာကလည်း ကြည်လင် အေးချမ်းလှတဲ့ နိဂြောဓ သာမဏေကိုတွေ့လိုက်ရတဲ့အခါ နေပူထဲက ပြေးလာရသူတစ်ဦးက စိမ်းစို အေးမြတဲ့ ပညောင်ပင်ကြီး ကို တွေ့လိုက်ရသလို (နိဂြောဓဆိုတာ ပညောင်ပင်လို အရပ်အဝန်း ညီမျှ တင့်တယ်သူလို့ အဓိပ္ပာယ်ရပါတယ်)။

အသောကမင်းကြီးစိတ်ထဲမှာ အခုချက်ချင်း မဖူးရမနေနိုင် ဆိုသလိုကို ကြည်ညိုစိတ်တွေ ပြင်းပြင်း ထန်ထန်ဖြစ်သွားပါတယ်။ အဲဒီကြည်ညိုမှုက စပြီးတော့ပဲ ဗုဒ္ဓဘာသာဝင် ပီပီပြင်ပြင်ဖြစ်ပြီး သာသနာပြုမင်းကြီး ဖြစ်သွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ မင်းကြီးရဲ့စိတ်ကို ငြီးငွေ့ စက်ဆုပ်စေတဲ့ ဘာသာရေး ဂိုဏ်းသားတွေဟာ သူတို့ရဲ့ ဣနြေ္ဒကို သတိနဲ့ စောင့်စည်းမှု မရှိတဲ့အတွက် ဣနြေ္ဒမဲ့သူတွေဖြစ်ပါတယ်။

နိဂြောဓ သာမဏေကတော့ ဣနြေ္ဒတို့ကို သတိနဲ့ စောင့်ထိန်းမှုရှိတဲ့အတွက် ဣနြေ္ဒရှိတယ်လို့ဆိုရပါတယ်၊ သတိစောင့်ထိန်းမှုအလွန် အထူးရှိတဲ့ ပုဂ္ဂိုလ်မျိုးကိုတော့ ဣနြေ္ဒကြီးသူလို့ သတ်မှတ်ပြောဆိုကြပါတယ်။(အမှန်ကတော့ သတိမမဲ့တာ၊ သတိရှိတာ၊ သတိကြီး တာပါပဲ)။ ဒီနေရာမှာ ထပ်ပြီး သဘောပေါက်စရာ တစ်ခုကတော့- “သဒ္ဓါ”ဆိုတဲ့ စကားကို “ယုံကြည်မှု”လို့ မြန်မာလို ပြောကြပါတယ်။

ဒီစကားရပ်ထဲမှာ “ယုံ”ဆိုတာရယ်၊ “ကြည်” ဆိုတာရယ် နှစ်ခုရှိပါတယ်။ “ယုံ”တာက လက္ခဏာသဒ္ဓါ၊ “ကြည်”ဆိုတာက ကိစ္စသဒ္ဓါဖြစ်ပါတယ် (သဒ္ဓဟနလက္ခဏာ ပသာဒကိစ္စံ)။ အထက်မှာ ပြောခဲ့ ဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် အစဉ်အလာရ လှူဒါန်းနေရတဲ့ ဘာသာရေး ဂိုဏ်းဝင်တွေဟာ ဣနြေ္ဒမဲ့ သူတွေဖြစ်လို့ ယုံသာ ယုံနေရတယ်၊ မကြည်စေနိုင်ဘူး၊ ဒါကြောင့် သိရီဓမ္မာသောက မင်းကြီးရဲ့ သဒ္ဓါတရားကို မခိုင်မြဲစေနိုင်ပါဘူး၊ ဣနြေ္ဒရှင်ဖြစ်တဲ့ နိဂြောဓသာမဏေကတော့ ယုံလဲယုံ၊ ကြည်လဲ ကြည်စေတဲ့အတွက် သဒ္ဓါတရားကို ပြည့်ပြည့်စုံစုံ ခိုင်မြဲစေပါတယ်။

ဒါကြောင့် မိမိတို့ တာဝန်ယူ ထမ်းဆောင်နေရတဲ့ သာသနာအပေါ် ကြည်ညိုကြသူတွေ သဒ္ဓါတရားခိုင်မြဲပြီး အရှည်ခန့် တည်တန့်ရေး၊ ထွန်းကားပြန့်ပွားရေးမှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ရဲ့ ဣန္ဒြိယသံဝရ သီလဟာ အလွန်ကိုမှ အရေးကြီးတယ်ဆိုတာကို သဘောပေါက် သင့်ကြပါတယ်။

ခုလိုဣနြေ္ဒတို့ကို သတိနဲ့ ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ ပုဂ္ဂိုလ်များဟာ ကိုယ့်ဣနြေ္ဒကိုယ် နိုင်နင်း ပိုင်စိုးတဲ့အတွက် ဣနြေ္ဒရှင် (ဣနြေ္ဒတို့ရဲ့သခင်)လို့လဲ တလေးတစား သတ်မှတ် ပြောဆိုလေ့ ရှိပါတယ်။

မှန်ပါတယ် ဣနြေ္ဒတို့ရဲ့အရှင်သခင် “ဣနြေ္ဒရှင်” မဖြစ်သူများဟာ ဣနြေ္ဒတို့ရဲ့ကျေးကျွန် (ဣနြေ္ဒကျွန်)များ ဖြစ်နေကြရမှာ မလွဲပါဘူး၊ မျက်စိအတွက် အဆင်းအာရုံ အမျိုးမျိုး ရှာဖွေပေးဆက် နေကြရတာ၊ နားအတွက် အသံအမျိုးမျိုး၊ နှာခေါင်းအတွက်အမွှေးနံ့သာ အမျိုးမျိုး၊ လျှာအတွက် စားဖွယ်သောက်ဖွယ် အမျိုးမျိုး၊ ကိုယ်အတွက် နူးညံ့ချောမွတ်တဲ့ အဝတ်အရုံ အမျိုးမျိုးတို့ကို ရှာဖွေဆက်သရင်း အားချိန် နားချိန်ရယ်လို့ မရနိုင်အောင် ဖြစ်နေကြသူတွေဟာ ဣနြေ္ဒတို့ရဲ့ ကျွန်အဖြစ် ခံနေရတဲ့ “ဣနြေ္ဒကျွန်”များ ဖြစ်နေကြရတာပါပဲ။

လောကလူသား အများစုတို့ ညည်းညူနေကြတဲ့ “ဒုက္ခ”ဆိုတာဟာ တကယ်တော့ ဣနြေ္ဒတို့ရဲ့ ကျွန်အဖြစ် ခံနေရတာပါပဲ။

သတိတရား အသိတရား မဲ့တဲ့အတွက် ကိုယ့်ဣနြေ္ဒရဲ့ကျွန်အဖြစ် ကိုယ်ပြန်ခံနေရတာကိုပဲ၊ အမှန်အတိုင်း မသိနိုင် မမြင်နိုင်ကြလို့ ခေတ်စနစ်တို့ရဲ့ ကျေးကျွန်၊ ခေတ်ပေါ်ပစ္စည်း ဝတ္ထုတို့ရဲ့ကျေးကျွန် ခံနေရတယ်လို့ အထင်မှားနေကြတာပါ၊ အဓိကလက်သည် အစစ်ကို မသိမမြင်ဘဲ လက်သည် သတ်မှတ်မှု လွဲမှားသွားပြီဆိုကတည်းက အဖြေရှာမှုတွေ၊ ဖြေရှင်းမှုတွေဟာလည်း လွဲမှားလို့မဆုံးနိုင်အောင် အလွဲအမှား သံသရာကြီး လည်နေရဦးမှာ မလွဲပါဘူ။

“စက္ခုနာ သံဝရော သာဓု၊ သာဓု သောတေန သံဝရော - စသဖြင့် မျက်စိ၊ နား၊ နှာစတဲ့ ဣနြေ္ဒတို့ကို သတိနဲ့စောင့်စည်းနိုင်ရင် အကောင်းဆုံး”လို့ မြတ်ဗုဒ္ဓ ဟောညွှန်ခဲ့တာဟာလဲ ဒီလို ဣနြေ္ဒကျွန် အဖြစ်က လွတ်မြောက်ပြီး ဣနြေ္ဒရှင်များဖြစ်စေဖို့ပါပဲ။

မှတ်ချက်။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်
[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK] 2011-ခု၊ ဧပြီလ ၅-ရက်၊ အင်္ဂါနေ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP