Homeless အတွေးများ (၂)

မိရိုးဖလာဗုဒ္ဓဘာသာဖြစ်လာခဲ့လို့
ဗုဒ္ဓဘာသာဝင်အမည်ခံထားပြီး ကိုယ့်ဘာသာအကြောင်း ဘာမှမလေ့လာ၊ မသိကြတဲ့သူအချို့ နှင့် ကျွန်တော် စကားပြောကြည့်ဖူးပါတယ်။ တချို့ က ဘုန်းကြီးဆိုတာမျိုးက တချိန်လုံးအလှူပဲခံနေကြတာပဲတဲ့။ သူတို့က ပြန်ပြီးလှူပါတယ်ဆိုတာမျိုး မကြားမိပါဘူး လို့ ပြောတတ်ကြတယ်။ တချို့ ကလည်း ဘုန်းကြီးဆိုတာမျိုးက လူဖြစ်လျက်နှင့် လောကီတာဝန်တွေမယူချင်လို့ ခေါင်းရှောင်ကြတဲ့သူတွေလို့ မြင်ကြတယ်။ တချို့ က ဘုန်းကြီးဆိုတာ သာရေး နာရေးကိစ္စတွေကျရင် လာပြီး ရွတ်ဖတ်ပေးကြတဲ့သူတွေလို့ မြင်တဲ့သူတွေလည်းရှိတယ်။ နောက်ဆုံးအားလုံးကို ခြုံပြောရရင်တော့ သင်္ကန်းဝတ်ထားလို့သာ သူတို့ကို ကန်တော့နေကြရတာပါ ဆိုတာမျိုး ပြောလိုရင်းဖြစ်နေပါတယ်။
မြန်မာစကားမှာလူတိုင်းသိကြတဲ့ “မကောင်းကျောင်းပို့” ဆိုတဲ့ စကားတစ်ခုရှိပါတယ်။ မူရင်းအဓိပ္ပါယ်က ဘာကိုဆိုလိုချင်တာလဲ ကျွန်တော်သေသေချာချာမသိပေမယ့် ဒီနေ့ခေတ်အနေအထားမှာဆိုရင်တော့ ဗုဒ္ဓဘာသာဝင်အချို့  လုပ်တတ်တာကတော့ သူတို့အတွက်အသုံးမ၀င်တော့တဲ့ ပစ္စည်း၊ မလိုချင်တော့တဲ့ ပစ္စည်းမျိုးကိုဆို ဘုန်းကြီးကျောင်းကို ပေးလှူလိုက်တတ်ကြပါတယ်။ လူတိုင်းကိုတော့ မဆိုလိုပါဘူး။ ထင်ရှားတဲ့ဥပမာတစ်ခုဆိုရင် အိမ်တစ်အိမ်မှာ တစ်ယောက်ယောက်သေဆုံးခဲ့ပြီဆို
တစ်ခါတုန်းက ဒီကမိတ်ဆွေတစ်ယောက်က သူမြန်မာပြည်ပြန်ရောက်ပြီးရင် အပြီး ဘုန်းကြီးဝတ်တော့မယ်လို့ ပြောတော့ သူ့မိတ်ဆွေ ဂျပန်က မင်းဘုန်းကြီးဝတ်ရင် ၀င်ငွေကောင်းလားတဲ့။ မိတ်ဆွေက ငါတို့ မြန်မာဘုန်းကြီးတွေက ဘာဝင်ငွေမှမရှိဘူး။ သူများ ပေးလှူတာနဲ့ ရပ်တည်ပြီးနေကြရတာလို့ ပြန်ဖြေတယ်။ အဲဒီအခါမှာ ဂျပန်မိတ်ဆွေက မင်းက ဒါများ ဘာလို့ ဘုန်းကြီးလုပ်ချင်တာလဲ။ မင်းတို့ မြန်မာဘုန်းကြီးတွေက မနိပ်ပါဘူး။ ငါတို့ ဂျပန်ဘုန်းကြီးတွေဆို ၀င်ငွေတအားကောင်းတာ၊ အားလုံး သူဌေးတွေချည်းပဲ လို့ ပြောတာကို မိတ်ဆွေက ပြန်ပြောပြလို့ သိခဲ့ရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ အလေးအမြတ်ထား ပူဇော်နေကြတဲ့ ဘုန်းကြီး (သံဃာ)ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးများလဲ။ သူတို့ ဘာလို့ အိမ်တကာလှည့် တောင်းခံစားသောက်နေကြတာလဲ။ ဘာလို့ လောကီကြီးပွားရာ ကြီးပွားကြောင်းကို မလုပ်ပဲနေနေကြတာလဲ။ သေသေချာချာ တွေးကြည့်ရင် မေးချင်စရာကောင်းတဲ့ မေးခွန်းတွေ ထွက်လာမှာပါ။
သံဃာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ မသိသေးတဲ့ ဗုဒ္ဓဘာသာဝင်များအတွက် ပထမဆုံး သံဃာ့ဂုဏ်တော် (၉) ပါးကို ရေလည်စွာနားလည်အောင် လေ့လာသင့်တယ်လို့ အကြံပြုလိုပါတယ်။ ပြီးတော့မှ သံဃာတွေ ဘာလို့ ဆွမ်းခံစားနေကြတယ်၊ အလှူခံပုဂ္ဂိုလ်ကိုမှီပြီး ဘာလို့ ရပ်တည်ကြတယ်ဆိုတာလေးကို သိထားသင့်ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ကိုယ်တော်တိုင်လည်း အိမ်စဉ်လည်ပြီး ဆွမ်းခံတတ်သလို ဆွမ်းခံစားခြင်းနှင့် ပတ်သက်ပြီး သုတ်တော်ပေါင်းများစွာကို ချီးမွှမ်းဟောကြားတော်မူခဲ့ပါတယ်။ လက်လှမ်းမီသမျှ သုတ်တော်ကောက်နုတ်ချက် အချို့ ကို ဖော်ပြပေးလိုက်ပါတယ်။

၇ - သန္တုဋ္ဌိသုတ်၊ ဥရုဝေလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။
ရဟန်းတို့ ...
တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့ တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။
အဘယ်လေးမျိုးတို့နည်းဟူမူ-
ရဟန်းတို့ ...
သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို သင်္ကန်းသည် အပြစ်လည်းမရှိ။
ရဟန်းတို့ ...
စားဖွယ်တို့တွင် ဆွမ်းခံလှည့်လည်၍ ရအပ်သောဆွမ်းသည် တာဝန်လည်း နည်း ၏၊ ရလည်း ရလွယ်၏၊ ထို ဆွမ်းသည် အပြစ်လည်း မရှိ။
ရဟန်းတို့ ...
ကျောင်းတို့တွင် သစ်ပင်ရင်းဟူသောကျောင်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ကျောင်းသည် အပြစ်လည်း မရှိ။
ရဟန်းတို့ ...
ဆေးတို့တွင် နွားကျင်ငယ်ပုပ်တည်းဟူသော ဆေးသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထိုဆေးသည် အပြစ်လည်း မရှိ။
ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤ လေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။
ရဟန်းတို့ ရဟန်းသည် တာဝန်နည်း၍ ရလွယ်သော ပစ္စည်းဖြင့် ရောင့်ရဲ၏၊ ဤသို့ ရောင့်ရဲခြင်းကို ''ရဟန်း၏ ရဟန်းအဖြစ်'' ဟူသော အင်္ဂါ တစ်ပါးဟု ငါဆို၏ ဟု (မိန့်တော်မူ၏)။ တာဝန်လည်းနည်း ရလည်း ရလွယ် အပြစ်လည်း မရှိသော ပစ္စည်းဖြင့် ရောင့်ရဲသော ရဟန်းအား ကျောင်းကိုလည်းကောင်း၊ သင်္ကန်းကိုလည်း ကောင်း၊ သောက်ဖွယ်စားဖွယ်ကိုလည်းကောင်း အကြောင်းပြု၍ စိတ်၏ ပင်ပန်းခြင်း ကင်း၏။ အရပ်မျက်နှာကိုလည်း မထိခိုက်။ ရဟန်းတရားအားလျော်သော အကြင် တရားတို့ကို ထို မြတ်စွာဘုရားသည် ဟောတော်မူ၏။
မမေ့မလျော့သော သတိရှိသည် ဖြစ်၍ကျင့်သော၊ နှစ်သက်သော စိတ်ရှိသော ရဟန်းသည် (ထိုတရားတို့ကို) သိမ်းဆည်း၍ ယူအပ်လေ သတည်း။
************
၈ - အရိယဝံသသုတ်၊ ဥရုဝေလ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်
ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော ရှည်မြင့်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော (ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏) အနွယ်အဆက်ဟု သိအပ် ကုန်သော၊ ရှေးကျကုန်သော အရိယာတို့၏ အနွယ်အဆက် ဖြစ်ကုန်သော 'အရိ ယဝံသ' တရားတို့သည် ဤလေးမျိုးတို့တည်း။
(ထိုတရား တို့ကို) မပယ်အပ်ကုန်၊ (ဘုရားသျှင်တို့သည်) မပယ်ဖူးကုန်၊ ယခုလည်း မပယ်ကြကုန်၊ နောင်လည်းပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်ကုန်။
အဘယ် လေးမျိုးတို့နည်း ဟူမူ...
၁...
ရဟန်းတို့ ...
ဤသာသနာတော်၌ ရဟန်းသည် ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ဆိုလေ့ရှိ၏၊ သင်္ကန်း ဟူသော အကြောင်းကြောင့် မလျောက်ပတ် မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ သင်္ကန်းကို မရ၍လည်း မတောင့်တ၊ သင်္ကန်းကို ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိသည် ဖြစ်၍ ထွက်မြောက် ကြောင်းကို သိလျက်သုံးဆောင်၏၊ ထို ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း ဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိ နှင့် ယှဉ်၏။
ရဟန်းတို့ ...
ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော ...
အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။
၂...
ရဟန်းတို့ ...
ရဟန်းတို့ ...
ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော ...
အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။
၃...
ရဟန်းတို့ ...
နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော အိပ်ရာ နေရာ 'ကျောင်း' ဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော အိပ်ရာ နေရာ 'ကျောင်း'ဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကို လည်းဆိုလေ့ရှိ၏၊ အိပ်ရာနေရာ 'ကျောင်း'ဟူသော အကြောင်းကြောင့် မလျောက် ပတ်သော မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ အိပ်ရာ နေရာ 'ကျောင်း' ကို မရ၍လည်း မတောင့်တ၊ ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိသည် ဖြစ်၍ ထွက်မြောက်ကြောင်းကို သိလျက် သုံးဆောင်၏၊ ထို ရတတ်သမျှသော အိပ်ရာနေရာ 'ကျောင်း' ဖြင့် ရောင့်ရဲခြင်းဖြင့် လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိနှင့် ယှဉ်၏။
ရဟန်းတို့ ...
ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော ...
အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။
၎...
ရဟန်းတို့ ...
နောက်တစ်မျိုးကား ရဟန်းသည် ဘာဝနာ၌ မွေ့လျော်၏၊ ဘာဝနာ၌ ပျော်ပိုက်၏၊ ကာမစ္ဆန္ဒ စသည်ကို ပယ်ခြင်း၌ မွေ့လျော်၏၊ ပယ်ခြင်း၌ ပျော်ပိုက်၏၊ ထိုဘာဝနာ ၌ မွေ့လျော် ပျော်ပိုက်ခြင်းဖြင့် လည်းကောင်း၊ ထို(ကာမစ္ဆန္ဒ စသည်ကို) ပယ်ခြင်း ၌ မွေ့လျော်ပျော်ပိုက်ခြင်းဖြင့် လည်းကောင်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါး ကို မရှုတ်ချ။ အကြင် ရဟန်းသည် ဘာဝနာ 'ပွါးများ'မှု ပယ်မှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်းမရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိနှင့် ယှဉ်၏။
ရဟန်းတို့ ...
ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော ...
အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။
ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော (ဘုရား ပစ္စေကဗုဒ္ဓါ သာဝက)တို့၏ အနွယ်အဆက်ဟု သိအပ်ကုန်သော ရှေးကျကုန်သော အရိယာ၏ အနွယ်အဆက် ဖြစ်ကုန်သော တရားတို့သည် ဤလေးမျိုးတို့တည်း၊ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ ဘုရားသျှင်တို့သည် မပယ်ဖူးကုန်၊ ယခုလည်း မပယ်ကြကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့ အပ်ကုန်။
ရဟန်းတို့ ဤအရိယဝံသတရားလေးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရှေ့ အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက် နိုင်ရာ။
အနောက်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်း ကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။
မြောက်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။
တောင်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ-
ရဟန်းတို့ လုံ့လရှိသော ရဟန်းသည် မမွေ့လျော်ခြင်း, မွေ့လျော်ခြင်းကို သည်းခံ နိုင်သောကြောင့်တည်း ဟု (မိန့်တော်မူ၏)။ မမွေ့လျော်ခြင်းသည် လုံ့လရှိသော ရဟန်းကို မနှိပ်စက်နိုင်၊ လုံ့လရှိသော ရဟန်းကသာ မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်၏၊ လုံ့လရှိသော ရဟန်းသည် မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်သောကြောင့် လုံ့လရှိသော ရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်။ ကိလေသာကို ဖျက်ဆီး ပြီးသော အလုံးစုံသော (တေဘူမက) ကံတို့ကို ပယ်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်ကို အဘယ်မည်သော အကုသိုလ် တရားသည် တားမြစ်နိုင်အံ့နည်း၊ တစ်နိက္ခရှိ ဇမ္ဗူ ရာဇ်ရွှေစင်ကဲ့သို့ အဘယ်သူသည် ထိုရဟန္တာ ပုဂ္ဂိုလ်ကို ကဲ့ရဲ့ခြင်းငှါ ထိုက်ပါအံ့ နည်း၊ ထို ပုဂ္ဂိုလ်ကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာကလည်း ချီးမွမ်း၏။
**********
၁ဝ-သင်္ဂီတိသုတ်၊ ပါထိက၀ဂ်ပါဠိတော်၊ ဒီဃနိကာယ်။ စတုတ္ထ - တရား လေးပါးစု၊ ၃၀၉။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကို ချီးမွမ်းလေ့ရှိ၏၊ ဆွမ်းဟူသော အကြောင်းကြောင့် မလျောက်ပတ်သော မသင့်လျော်သော ရှာမှီးခြင်းသို့လည်း မရောက်၊ ဆွမ်းမရခြင်းကြောင့်လည်း မတုန်လှုပ်၊ ဆွမ်းရခြင်း ကြောင့်လည်း ကပ်ငြိသောစိတ် မရှိ၊ တွေဝေသောစိတ် မရှိ၊ တွယ်တာသောစိတ် မရှိ၊ အပြစ်ကို ရှုလေ့ ရှိ၏၊ (တဏှာမှ) ထွက်မြောက်သော ပညာနှင့် ပြည့်စုံသည်ဖြစ်၍ သုံးဆောင်၏၊ ထိုရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်းကြောင့် မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မရှုတ်ချ၊ ထိုရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၌ အကြင် ရဟန်းသည် လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ပညာ အဆင်အခြင်နှင့် ပြည့်စုံ၏၊ သတိနှင့် ပြည့်စုံ၏။
**********
ဗုဒ္ဓဘာသာဆိုတာကို အခြေခံမှမသိတဲ့ သူတွေ နိုင်ငံရပ်ခြားတိုင်းပြည်တွေရောက်ကြလို့ ဟိုကလူမျိုးခြားတွေက ကိုယ့်ဘာသာအကြောင်းများ မေးလာကြရင် ဘာတွေများ ဖြေကြမလဲဆိုတာကိုလည်း တွေးကြည့်မိပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာတိုင်းပြည်အဖြစ် အမည်ခံထားတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ယောင်ချာချာ ဗုဒ္ဓဘာသာဝင်တွေက နောင်လာမယ့်အနာဂတ်သာသနာတော်ကို ဘယ်လို ထောက်ပံ့သွားကြမလဲဆိုတာလည်း တွေးကြည့်မိပါတယ်။
(သံဃာ့ဂုဏ်ကို အာရုံပြုပူဇော်ရင်း ဤစာစုကိုရေးပါသည်။)
Labels: စိတ်ကူးပုံရိပ် စာစုများ
0 comments:
Post a Comment