လူတိုင်းအတွက်ပဋ္ဌာန်း-အာဟာရပစ္စည်း အပိုင်း(၂)
Tuesday, 29 March 2011 20:29 Written by မေတ္တာဥယျာဉ်
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ဒီဖြစ်စဉ် အသေးစိတ်ကို ဒေသနာနယဆေးပညာကို စတင်ဖော်ထုတ်ခဲ့တဲ့ အင်းဝခေတ်က ဝန်စာရေးကြီး ဦးကောင်းရေးတဲ့ နရသုခိဆေးကျမ်း အခန်း(၆)မှာတော့ - “တေဇော၊ ဝါယော၊ အာပေါ၊ ပထဝီ၊ စဉ်စီကာသ၊ ဓာတ်ထိုမျှတို့၊ ဆုံးစ အသင့်၊ ရှေ့နှင့်နောက်ပိုင်း၊ အစဉ်တိုင်းလျှက်၊ ခိုင်းနှိုင်းသမှု၊ ပစ္စည်းပြုသည်၊ ဤလူ့ဘဝ၊ သဏ္ဌာာနကား၊ အစရေကြည်၊ အမြှုပ် တည်မှ၊ သွေးရည် သားတစ်၊ ခက်မ ဖြစ်၍၊ တလစ်ချိန်လျှော်၊ ဖွားမြင်မြော်၏၊ ထိုရော်ကစ၊ မသေမျှလျှင်၊ ကာလအဖို့၊ ထိုဓာတ်တို့နှင့်၊ မချို့မယွင်း၊ မကွင်းမကွေ၊ လေးထွေ ဣရိယာ၊ ဖြစ်ကြရာ၏ ...”စသဖြင့် ရေးထားပါတယ်။
ဒီမှာ အထူးပြတာကတော့ ပထမသတ္တာဟမှာ တေဇောဓာတ်ဦးဆောင်တဲ့အတွက် ရေကြည် ကလေးဖြစ်တယ်။ ဒုတိယပတ်မှာ ဝါယောဓာတ်က ဦးဆောင်လို့ အမြှုပ်ကလေး ဖြစ်လာတယ်။ တတိယပတ်မှာ အာပေါဓာတ်ဦးဆောင်တဲ့အတွက် သွေးရည်ခဲလေး ဖြစ်လာတယ်။ စတုတ္ထပတ်မှာ ပထဝီ ဓာတ် ဦးဆောင်လာပြီဖြစ်လို့ နဲနဲမာလာတဲ့ သားတစ်ခဲကလေးဖြစ်လာတယ်။ ပဉ္စမပတ်မှာ အာကာသဓာတ် ဦးဆောင်လို့ ခက်မငါးဖြာဆိုပြီး ကွဲပြားလာတယ်။ ဒီဖြစ်စဉ်တွေမှာ ဓာတ်တွေကပဲ အဓိကဦးဆောင်ပြီး ဒီခန္ဓာကိုယ်ကြီးကို လိုအပ်သလို ပုံပေါ်အောင် ဆောင်ရွက်ပေးကြတာဖြစ်တယ်။ ဘယ်အတ္တရဲ့ အစွမ်းမှ မဟုတ်ဘူး၊ ခန္ဓာကိုယ်တစ်ခုလုံးမှာ အတ္တရဲ့ နေရာရော၊ အတ္တရဲ့ အခြေရာ လက်ရာရော ဘာမျှမရှိဘူးဆိုတာကို ပြလိုရင်းပါပဲ။
အမိဝမ်းက ကျွတ်လွတ်ဖွားမြင်လာပြီးနောက်မှာလဲ ရုပ်ခန္ဓာကိုယ်ကြီးကို ဒီအကြောင်းလေးပါး ကြောင့်ဖြစ်တဲ့ ရုပ်လေးမျိုးတို့ကပဲ အချင်းချင်း အပြန်ပြန်အလှန် လှန်ရိုင်းပင်းကူညီ ပူးပေါင်းကြပြီး ထောက်ကန်တည်ဆောက်ပေးကြတာပါ။ အဓိကအနေနဲ့ အာဟာရရုပ် သစ်တွေရဲ့ အထောက် အပံ့က ပိုပြီး အရေးကြီးပါလိမ့်မယ်၊ “ရေအသက်တစ်မနက်၊ ထမင်းအသက် ခုနှစ်ရက်” တို့ “ ဝမ်းတစ်လုံးကောင်း၊ ခေါင်းမခဲ” တို့ ဆိုတဲ့ စကားတွေဟာ ဒီသဘောကို ညွှန်ပြနေတယ်လို့ ယူဆရပါတယ်။
အစားအစာတွေက အာဟာရရုပ်သစ်တွေဖြစ်ပေါ်တယ်ဆိုရာမှာ စားလိုက်တဲ့အစာတွေ၊ ရေတွေက ဒီအတိုင်းဖြစ်နိုင်တာ မဟုတ်ပါဘူး၊ အစားအစာတို့ ရေတို့ထဲမှာပါတဲ့ ဩဇာဆိုတဲ့ အဆီဓာတ်ကသာ အာဟာရဇရုပ်ကို ဖြစ်စေတာပါ။ အဲဒီအဆီဓာတ်ကိုတော့ ကမ္မဇရုပ်တွေထဲမှာပါတဲ့ “ဝမ်းမီး”လို့ခေါ်တဲ့ ပါစကတေဇောဓာတ်ကသာ ချက်ထုတ်ပေးနိုင်တာဖြစ်လို့ ကမ္မဇရုပ်မရှိဘဲ အာဟာရဇရုပ်ဆိုတာ မဖြစ်နိုင်ပြန်ပါဘူး။ “ ရာသီပြင်းလို့ အစားအသောက်ပျက်တယ်၊ စိတ်ညစ်လို့ အစားအသောက် ပျက်တယ်” ဆိုတဲ့ ဖြစ်ရပ်များကို ထောက်ဆကြည့်ရင် အာဟာရဇရုပ် ဖြစ်ပေါ်နိုင်ရေးမှာ ဥတုဇရုပ်၊ စိတ္တဇရုပ်တို့ရဲ့ ပံ့ပိုးကူညီမှုကလဲ မရှိမဖြစ်ဆိုတဲ့အထဲကပါပဲ။
တိုတိုချုပ်ကတော့ ရုပ်လေးမျိုးတို့ဟာ အချင်းချင်းမှီခိုရိုင်းပင်းပြီးတော့သာ ဒီခန္ဓာကိုယ်ကြီး ကျန်းမာချမ်းသာအောင်၊ အနာရောဂါ ကင်းပြီး သန်စွမ်းခိုင်ခန့်အောင် တည်ဆောက် ထောက်ပံ့ နေကြတာဖြစ်ပါတယ်။ ရုပ်လေးပါးတို့ တစ်ပါးက တစ်ပါးကို အထောက်အကူ မပေးနိုင်တော့ဘူး ဆိုရင်တော့ ခန္ဓာ ကိုယ်ကြီးတစ်ခုလုံးလဲ ချွတ်ယွင်းဖောက်ပြန်ပျက်စီးသွားမှာပါပဲ။
“စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုမှ ကိုယ်နု”ဆိုတဲ့ မြန်မာစကားအတိုင်းပဲ၊ ကျန်းမာသန်စွမ်းဖို့နဲ့ အသက်ရှည်ရာ အနာမဲ့ရေး အတွက် ရုပ်အာဟာရ တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ပါဘူး၊ နာမ်အာဟာရ တရားတို့ရဲ့ အထောက်အပံ့နဲ့လဲ ပြည့်စုံစေရမှာဖြစ်ပါတယ်။
ပစ္ဆာဇာတပစ္စည်းမှာ ပြခဲ့တဲ့အတိုင်း ခဏမစဲဖြစ်ဖြစ်သမျှ ရုပ်လေးမျိုးတို့ဆိုတာ နောက်နောက် နာမ်တွေက ဖြစ်ပေးနေလို့သာ သက်တမ်ြး ပ ည့် နေ ပြီး ဒီခန္ဓာ ကိုယ်ကြီးကို တည်ဆောက် နိုင်တာဖြစ်ပါတယ်။ ဒီခန္ဓာကိုယ်ကြီးရဲ့ ဖြစ်တည်နေမှုကို အသေအချာစဉ်းစား ကြည့်မယ် ဆိုရင်တော့ အာဟာရဇ ရုပ်ဦီးးဆောင်တဲ့ ရုပ်တရားတွေက တည်ဆောက်ရေးကို အဓိကိကတာဝန်ယ်ယူပြီး ဖဿ၊ စေတနာ၊ ဝိဉာဏ်တို့ ဦးဆောင်တ်တဲ့ နာမ်တရားတွေကွက သက်တ်တမ်းးပြည့် နေနိုငိင်ေ်အောင်န်နဲ့ စနစ်တ်တကျ အဆင်ေ်ပြေချောမွေ့အောင် ထိမ်းသိမ်းအုပ်ချုပ် စီမံပေး တယ်လို့ သဘော ပေါက်မိ ပါတယ်။
“သက်ရှိ ခန္ဓာကိုယ်”လို့ ခေါ်တဲ့ သဏ္ဌာနပညတ်ရုပ်ဒြဗ်အစုအဝေးကြီးဆိုတာ ကမ္မဇ၊ စိတ္တဇ၊ ဥတုဇ၊ အာဟာရဇဆိုတဲ့ ရုပ်လေးမျိုး အစုအဝေး ကြီးဖြစ်ပါတယ်၊ ဒီလေးမျိုးထဲမှာလည်း အာဟာရဇ ရုပ်တွေကသာ ဒီခန္ဓာကိုယ်ကြီးကို အဓိကတိုးပွား စည်ပင်စေတာဖြစ်လို့ (ဩဒနကုမ္မာသူပစယော)၊ သတ္တဝါတည်တန့်ရေးမှာ အစာကအဓိက(သဗ္ဗေသတ္တာ အာဟာရဌိ တိကာ)လို့ ဆိုရတာပါ။
အခု အာဟာရပစ္စည်းကို လေ့လာကြည့်မယ်ဆိုရင် အာဟာရဆိုတာလဲ ရုပ်အာဟာရ၊ နာမ်အာဟာရလို့နှစ်မျိုး နှစ်စားရှိကြောင်း ကိုလဲ သိရှိပြီးကြပါပြီ။ ဒါကိုသဘောပေါက်ထားပြီးရင် အသညသတ်ဘုံသား သတ္တဝါတွေဟာ နာမ်တရားလုံးဝမရှိဘဲ ရုပ်ခန္ဓာကိုယ်ကြီးချည်းသက်သက် မဟာကပ် ငါးရာတိတိ ဘယ်လိုလုပ် ရပ်တည်နေနိုင်မလဲ ဆိုတဲ့ကိစ္စလည်း နည်းနည်း သဘောပေါက်လောက်ပြီ ထင်ပါတယ်။ တည့်တည့်ပြောမှ ရိပ်မိမယ်ဆိုရင်တော့ အဲဒီဘုံကို ရောက်စေတတ်(ပို့ပေးတတ်)တဲ့ ရူပါဝစရပဉ္စမဈာန် ကုသိုလ်ကံလို့ ခေါ်တဲ့ စေတနာဟာရက ထောက်ပံ့ပေးလိုက်လို့ တည်နေနိုင်တာပါ။ ရုပ်မရှိတဲ့ အရူပဘုံသားဗြဟ္မာတွေကတော့ စေတနာဟာရçဝိညာဏာ ဟာရနှစ်မျိုးကြောင့် ဖြစ်တည်နေနိုင်တာပါ။
တိရစ္ဆာန်များနဲ့ လူတို့ နတ်တို့ဆိုတဲ့ ကာမဘုံသားတွေကတော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးထဲမှာ အခု “အာဟာရပစ္စည်း”ဆိုတာ ကံ၊ စိတ်၊ အာဟာရဆိုတဲ့ အကြောင်းသုံးပါးကို မုချအားဖြင့် ပြောတာဖြစ်ပါတယ်။ ရှေ့မှာပြောခဲ့ပြီးဖြစ်တဲ့ အတိုင်း ခန္ဓာ ကိုယ်ကြီးကို အဓိကတိုးပွားကြီးထွားစေတဲ့ အာဟာရဇရုပ်ဆိုတာ အလုတ်အလွေ့ပြုပြီး စားမျိုလိုက်လို့ ဝမ်းထဲရောက်လာတဲ့ အစားအစာတွေကို ကမ္မဇတေဇောဓာတ်ဖြစ်တဲ့ ပါစကမီးနဲ့ ချက်ပေးမှ အဆီဩဇာဆိုတဲ့ အာဟာရဇရုပ်ဖြစ်လာတာပါ။ “ဥတု”ဆိုတာလည်း အဲဒီတေဇောဓာတ် ကိုပဲ ပြောတာဖြစ်လို့ အာဟာရပစ္စည်းအရ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရား လေးပါးလုံးကို ပြတယ်လို့ ဆိုနိုင်ပါတယ်။
ဒီအကြောင်းလေးပါးကို ထပ်ပြီး စိစစ်ခွဲခြားကြည့်မယ်ဆိုရင် ကံနဲ့စိတ်က နာမ်တရား၊ ဥတုနဲ့ အာဟာရ(အစားအစာ)က ရုပ်တရားတွေ ဖြစ်ပါတယ်။ ဒါတွေကို ဒီလောက်ထိ အသေးစိပ်ထပ်ပြီး ရှင်းပြ ခွဲပြနေရတာကတော့ - မြန်မာစကားမှာ “ အသက်ကို ဉာဏ်စောင့်၊ ဥစ္စာကို ကံစောင့် “ ဇီဝံ ပညာယ ရက္ခေယျ၊ ဓနံ ကမ္မေန ပါလယေ ”လို့ ဆိုရိုး(နီတိ)စကားရှိတယ်။ ဒီစကားထဲက အသက်ကို ဉာဏ်နဲ့စောင့်ရမယ်ဆိုတာ ဘယ်လိုဉာ ဏ်ကိုပြောတာလဲဆိုတာကို သဘောပေါက်စေချင်လို့၊ ကိုယ့်အသက်ကို ကိုယ်ပိုင်ဉာဏ်နဲ့စောင့် တတ်စေချင်လို့ပါ။
“ အသက်ရှည်ရာ အနာမဲ့ရေးမှာ” ဥတု၊ အာဟာရ(အစားအစာ)ဆိုတဲ့ ရုပ်အကြောင်းအထောက်အပံ့ နှစ်မျိုးရယ်၊ ကံနဲ့စိတ်ဆိုတဲ့ နာမ်အကြောင်း အထောက်အပံ့နှစ်မျိုးရယ်ရှိတယ်။ အဲဒီအကြောင်း အထောက်အပံ့တွေ အချင်းချင်းရိုင်းပင်းကူညီပေးနေမှ၊ အပြန်အလှန် အထောက်အကူရမှ “သက်ရည်ကျန်းမာ ဘေးရန်ကွာ“ဆိုတဲ့ ကောင်းကျိုးကို ရနိုင်မှာပါ။
ဒီနေ့ ကမ္ဘာမှာ သိပ္ပံပညာရှင်ကြီးတွေက သတ္တဝါတို့ရဲ့ သက်ရှည်ကျန်းမာရေးအတွက် အတော်လေး စနစ်တကျရှာဖွေလေ့လာတင်ပြကြပါတယ်။
သက်ကြီးရွယ်အိုပိုင်းအတွက် သိပ္ပံပညာရှင်တို့ရဲ့ ယေဘုယျတွေ့ရှိညွှန်ကြားချက်ကတော့ “ အသက်ကြီးသူများအနေနဲ့ မိမိနဲ့ သင့်တင့်မျှတမယ့် အစားအစာကိုသာ လိုက်လျောညီထွေဖြစ်အောင် သတိထားစားကြဖို့၊ အခြေအနေအရ ကိုယ်လက်လှုပ်ရှားမှုကို သင့်တင့်မျှတအောင်ပြုလုပ်ပေးဖို့၊ လုံလောက်တဲ့ အားလပ်ချိန်နားနေချိန်များ စီစဉ်ပြီး ကိုယ်ရောစိတ်ပါ အနားပေးဖို့နဲ့ မိသားစုအတွင်း စိတ်ချမ်းသာအောင် သင့်မြတ်၊ ကြင်နာ၊ ဖေး မပေး ကြဖို့” ဆိုတဲ့ အချက်များ ဖြစ်ပါတယ်။
ဒီအကြံပြုချက်များကို ကြည့်မယ်ဆိုရင် ဥတုနဲ့ ရုပ်အာဟာရပိုင်းအတွက် ပြည့်စုံမှုရှိတယ်လို့ ဆိုနိုင်ပေမယ့် နာမ်ပိုင်းဆိုင်ရာကိုတော့ သိပ္ပံပညာရှင်များ ပြည့်စုံအောင် ညွှန်ပြနိုင်စွမ်းမရှိကြပါဘူး။ မြတ်ဗုဒ္ဓရဲ့ “ ကံ၊ စိတ်၊ ဥတု၊ အာဟာရ” ဆိုတဲ့ ဟောညွှန်ချက်လို ရုပ်ရော နာမ်ပါ ပြည်စုံ မှုမရှိဘူး ဆိုတာကို တွေ့ရပါလိမ့်မယ်။
မြတ်ဗုဒ္ဓအလိုအရ အသက်ရှည်ရာ အနာမဲ့ရေးမှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းလေးမျိုးလုံးကို သတိထားပြုပြင်ပေးရမှာ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ကံတွေထဲမှာ ပဋိသန္ဓေကျိုးကိုပေးတဲ့ ကံတွေရှိသလို ပဝတ္တိကျိုးကိုပေးတဲ့ ကံတွေလည်းရှိပါတယ်။ ပဝတ္တိမှာ အသစ်ပြုလုပ်တဲ့ ကံတွေကလည်း အခုပစ္စုပ္ပန်ဘဝမှာကို အကျိုးပေးတဲ့ကံတွေဆိုတာလည်းရှိသလို၊ အတိတ်ကံဟောင်းတွေကို အကျိုးပေး ခွင့်ရအောင် ထောက်ပံ့ ကူညီ ပေးနိုင်တဲ့ကံတွေလည်း ရှိပါတယ်။ ဒါကြောင့် အသက်ရှည်ရာ အနာမဲ့ရေးမှာ ပစ္စုပ္ပန်ကံတွေကို ကောင်းအောင် တည်ဆောက်ရေးဟာလည်း အရေးကြီးပါတယ်။
သီဟိုဠ်ကျွန်းမှာ ဝသဘမင်း လို့ရှိခဲ့ဖူးတယ်။ သု့ကို ဗေဒင်ဆရာတွေက အာယုဗ္ဗေဒလို့ခေါ်တဲ့ သက်ဖြတ်ဗေဒင်နည်းအရ တွက်ကြည့်တဲ့အခါ နန်းသက် (၁၂)နှစ်သာရှိတယ်လို့ ဟောကြတယ်။ ဒီတော့ ရှင်ဘုရင်က ဗေဒင်ဆရာတွေကို ထိုက်သင့်တဲ့ ဆုလာဘ်တွေ ဘာတွေပေးပြီးတော့မှ “ကောင်းပြီး၊ ဒီအကြောင်း ဘယ်သူ့ကိုမှ မပေါက်ကြားစေနဲ့” လို့ ပိတ်ပင်လိုက်တယ်။ ပြီးတော့ ရဟန်းတော်များကို ပင့်ဖိတ်ပြီး အသက် ရှည်ရာ အနာမဲ့ရေး အထောက်အကူဖြစ်မယ့် ကုသိုလ်မျိုးကို မေးပါတယ်။
ရဟန်းတော်များက “ ရေစစ်၊ ဆေး၊ ကျောင်း၊ အဟောင်းပြုပြင်၊ သီလစင်၊ ငါးအင် သက်ရှည် ကြောင်း” ဆိုတဲ့ ကုသိုလ် ငါးမျိုးကို ညွှန်ပြကြတယ်။ ရဟန်းတော်များ ညွှန်ပြတဲ့အတိုင်း လှူဒါန်း တယ်၊ သီလလည်း လုံခြုံအောင်စောင့်တယ်၊ ကျောင်းဟောင်း ကန်ဟောင်း ဇရပ် တန်ဆောင်း ပြာဿာဒ် ဟောင်းတွေကို ပြုပြင်တယ်။ အဲဒီ ကုသိုလ်တွေပြုတဲ့အတွက် နန်းသက်(၄၀)ကျော်အထိ ခံစားပြီး သက်တမ်းပြည့် အရွယ်ရောက် မှ ပဲ ကံတော် ကုန်သွားပါသတဲ့။
ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရားလေးမျိုးထဲမှာ သိပ္ပံဆရာတို့ အမြင်အရတော့ ဥတုနဲ့အာဟာရက အရေးအကြီးဆုံးလို့ ယူဆမယ်ထင်ပါတယ်။ ဗုဒ္ဓအမြင်အလိုအရလည်း သာမန်ယေဘုယျ သဘောမျိုးနဲ့ သုတ္တန်နည်းအတိုင်း ပြောရမယ်ဆိုရင်တော့ “သဗ္ဗေသတ္တာ အာဟာရဌိတိကာ”လို့ ဆိုတဲ့အတွက် ရုပ်အာဟာရကပဲ အရေးအကြီးဆုံးလို့ ဆိုရမလိုပါပဲ။ အဋ္ဌကထာဆရာကလဲ “ဥတု ဘောဇနဝသေန ဟိ အာယု ဟာယတိ ပိ ဝဍ္ဎုတိပိ = အအေးအပူဆိုတဲ့ ဥတုနဲ့ အစားအစာတို့ကြောင့် သတ္တဝါတို့ရဲ့အသက် ဆုတ်ယုတ်ခြင်း တိုးပွားခြင်းဖြစ်ရတယ်”လို့ ဆိုပါတယ်။(ဒီ၊၂-၇)
ဒီနေ့ ပျမ်းမျှသက်တမ်းရှည်တယ်ဆိုတဲ့ နိုင်ငံတွေရဲ့ အဓိကအားသာချက်ကို ကြည့်မယ်ဆိုရင်လည်း အပူအအေးရာသီဥတုကို လိုအပ်သလို ထိန်းနိုင် အသုံးပြုနိုင်တဲ့ နည်းပညာနဲ့ အစားအသောက်တို့ အဓိကသာလွန်နေတာကို ခန့်မှန်းလို့ရပါတယ်။
ဒါပေမယ့် အဘိဓမ္မာနည်းအရ ဆိုရင်တော့ စိတ်က အရေးအကြီးဆုံးလို့ သတ်မှတ်ရပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ စိတ်က “မနိနြေ္ဒ” ဆိုတဲ့ အမည်နဲ့ ဣနြေ္ဒလည်း ထိုက်တယ်။ ဣနြေ္ဒထိုက်တဲ့ တရားတွေဟာ သူ့နယ်ပယ်မှာ အစိုးရကြတဲ့အတွက် တခြားတရားတွေထက် စွမ်းအားပိုမြင့်ပါတယ်။ (ဒီအကြောင်း ဣန္ဒြိယပစ္စည်းမှာလည်း ထပ်ပြောပါဦးမယ်)။ ဒါကြောင့် စိတ်ကို စင်ကြယ် မြင့်မြတ်တဲ့အဆင့်ရောက်အောင် တည်ဆောက်နိုင်ရင် စိတ္တဇရုပ်တွေလည်း စင်ကြယ်မြင့်မြတ်ပြီး တခြား ရုပ်တွေအားလုံးအပေါ် လွှမ်းမိုးနိုင်သွားပါတယ်။
မြတ်စွာဘုရားရှင်တို့ ပဋ္ဌာန်းဒေသနာတော်ကို သုံးသပ်ဆင်ခြင်တဲ့အခါ တစ်ကိုယ်လုံးရှိ ရုပ်တွေက ရောင်ခြည်တော်တွေ ဖြာထွက်တယ် ဆိုတာ ဉာဏ်တော်နဲ့ ယှဉ်တဲ့ စိတ်တော်ကြောင့် စိတ္တဇရုပ်တွေပါ ကြည်လင်မြင့်မြတ်သွားလို့ပါပဲ။ သာမန်လူတွေမှာလည်း ကြည်နူးဝမ်းသာစရာ တစ်ခုခုနဲ့ ကြုံလာတဲ့ အခါမျိုးမှာ ရုပ်တွေအားလုံး ကြည်လင်ဝင်းပသွားတာတို့၊ လျင်မြန် ဖျတ်လတ်သွားတာတို့ဖြစ်တတ်ကြ တာပါပဲ။
မြတ်စွာဘုရားရှင်က မဟာပရိနိဗ္ဗာနသုတ်မှာတော့ “ဘယ်သူမဆို ဣဒ္ဓိပါဒ်လေးပါးကို ပွားများပြီး ခိုင်မာအောင်ပြုထားမယ်ဆိုရင်၊ ရှိနေတဲ့ အသက်ကို အာယုကပ်ဆုံး(သက်တမ်းပြည့်)အောင်အထိ သာမက နည်းနည်းပိုပြီးတော့တောင် ဆွဲဆန့်ထားလို့ရတယ်ဆိုတဲ့ အကြောင်းမိန်ကြား ပါတယ်။ (နိမိတ္တောဘာသကထာ၊အပိုဒ်-၁၆၆)
ဗိမ္ဗိသာရမင်းကြီး ထောင်တွင်းမှာ အစာရေစာဖြတ်ထားစဉ်က ဖလသမာပတ်ဝင်စားပြီး စင်္ကြံသွားနေတဲ့အတွက် ခန္ဓာကိုယ် ညှိုးနွမ်းခြင်းမရှိဘဲ ပိုပြီးတော့တောင် ကြည်လင်ဝင်းပတယ် ဆိုတာလည်း အတူတူပါပဲ။ ဣဒ္ဓိဒါဒ်(၄)ပါးနဲ့ ယှဉ်တဲ့စိတ်၊ ဖလသမာပတ်နဲ့ ယှဉ်တဲ့ စိတ်တို့ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေအဆင့်မြင့် စွမ်းအားတက်ပြီး ကျန်ရုပ်တွေကိုပါ ထောက်ပံ့ ကူညီပေးတဲ့အတွက် အသက်ပို ရှည်နိုင်တဲ့ သဘော၊ အသက်မသေဘဲ တည်နေနိုင်တဲ့ သဘောဖြစ်ပါတယ်။
ဥတုတို့ အာဟာရတို့ရဲ့ အရေးပါပုံကတော့ အားလုံးသဘောပေါက်ကြမှာပါ။ နေပူစပ်ခါးဆိုတဲ့ ဥတုကြမ်းမှာ လူတွေရဲ့ အသား အရေတွေ ညှိုးနွမ်းခြောက်ခန်းတယ် မဝင်းဝါ မစိုပြေဘူးဆိုတာလည်း ကြုံဖူးတွေ့ဖူးပါတယ်။ ရေမြေကောင်းတဲ့အရပ်တွေမှာ အသီး အနှံတွေက အာဟာရဓာတ် ပိုပြည့်ဝတဲ့အတွက် စားသောက်နေထိုင်သူတွေရဲ့ အသားအရေဟာလည်း စိုပြေပြည့်ဖြိုးတာကို တွေ့နိုင်ပါတယ်။
ဒါကြောင့် အသက်ရှည်ရာ အနာမဲ့ရေးမှာ အာဟာရပစ္စည်းကို စနစ်တကျတည်ဆောက်ရေးဟာ အဓိကအရေးပါကြောင်း၊ ဒီအာဟာရပစ္စည်းကို သိတဲ့ဉာဏ်နဲ့သာ အသက်ကို စောင့်နိုင်ကြောင်း သဘော ပေါက်စေချင်ပါတယ်။
ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ကို ကောင်းအောင် ပြုပြင်ပြောင်းလဲပေးရမည့်အစား ပွဲပြင်၊ နေရာပြောင်း၊ ယတြာကောင်းတွေကို ယုံကြည်ကိုးစား အလေးထား နေကြတဲ့အတွက် ရေရှည်မှာ မိမိအတွက် သာမက မိမိနှင့် ဆက်စပ်ရာ ဝန်းကျင်တစ်ခုလုံးကိုပါ ဆိုးဝါးနစ်နာ ထိခိုက်ကြရတာမျိုးတွေကို ကြုံတွေ့ ကြားသိဖူးကြပါလိမ့်မယ်။ ပွဲကောင်း၊ အိမ်ကောင်း၊ နေရာကောင်း၊ ယတြာကောင်းတို့ကြောင့်တော့ လူကောင်းသူကောင်း အခြေအနေကောင်းတွေ မဖြစ်နိုင်ဘူး။ ကံကောင်း၊ စိတ်ကောင်း၊ ဥတုကောင်း၊ အာဟာရကောင်းတွေဖြစ်အောင် ကြိုးစားပြုပြင် အားထုတ်ကြမှသာ တကယ့်အခြေအနေ ကောင်း တွေဖြစ်မယ်ဆိုတဲ့ အသိမှန် အမြင်မှန်တွေ ရရှိကြဖို့နဲ့ ဒီလိုပညာအဆင့်အတန်း မျိုးရှိကြမှသာ မိမိအသက်ကိုသာမက ကျင်လည်ရာ ဝန်းကျင်လောကကြီးကိုပါ စောင့်ရှောက်နိုင်ကြမှာဖြစ်လို့ ဒီအကြောင်းတွေကို ဒီလောက်ထိ အကျယ်တဝင့် ပြောနေရတာပါ။
ခန္ဓာရဲ့ဖြစ်စဉ်မှာ အာဟာရပစ္စည်း တရားတို့က ထောက်ပံ့ကျေးဇူးပြုပုံ၊ ပဝတ္တိကာလ တစ်လျှောက်မှာ အာဟာရဇရုပ်က အရေးပါပုံနဲ့ ကံ၊စိတ်၊ ဥတု၊အာဟာရတို့ကြောင့်ဖြစ်တဲ့ ရုပ်လေးမျိုးတို့ အချင်းချင်း အပြန်ပြန်အလှန်လှန် ကျေးဇူးပြုနေပုံ၊ နာမ်အာဟာရတရားများက ထိန်းသိမ်း အုပ်ချုပ်ပုံ အလုံးစုံတို့ကို ကြောင်းကျိုးဖြစ်စဉ်ပါပြည့်စုံအောင် သဘောပေါက် ဆင်ခြင်နိုင်စွမ်းရှိပြီဆိုရင် ဣန္ဒကနတ်ဘီလူး အမြင်မှန်ရသလို ဝိပဿနာဉာဏ် အမြင်အမှန်အထိ ရနိုင်ပါလိမ့်မယ်။ သာမညဖလသုတ်မှာ မြတ်စွာဘုရားရှင်က ဝိပဿနာဉာဏ်ဖြစ်ပုံကို ဟောတော်မူတဲ့အခါ ဒီခန္ဓာဖြစ်စဉ်ကိုပဲ အခြေခံ ပြီး ဆင်ခြင်ပွားများပုံကို ဟောတော်မူထားတာတွေ့ရပါတယ်။
“မေ = ငါ၏၊ အယံ ကာယော = ဤခန္ဓာကိုယ်သည်၊ ရူပီ = ရုပ်ရှိ၏၊ စာတုမဟာဘူတိတော = မဟာဘုတ် လေးပါး အထည်ကိုယ် ရှိ၏၊ ဝါ = မဟာဘုတ်လေးပါးအတိပြီး၏၊ မာတာပေတ္တိကသမ္ဘဝေါ = မိဘတို့သုက်သွေးကြောင့် ကောင်းစွာဖြစ်ရ၏။
ဩဒနကုမ္မာသူပစယော = ထမင်း မယောမုန့်တို့ဖြင့် တိုးပွားစေအပ်ပြီ။ ဝါ = ထမင်းမယောမုန့် တို့ကြောင့် တိုးပွားကြီးထွားလာ၏။
အနိစ္စဓမ္မော = မမြဲခြင်းသဘောရှိ၏။ ဥစ္ဆာဒန ဓမ္မော= သွေး၊လေ၊ သည်းခြေ၊ သလိပ်တို့ ကြောင့်ဖြစ် ပေါ်လာသော လေးလံမှုနှင့် အနံ့အသက် ဆိုးဝါးမှုတို့ ကင်းဝေးစေရန် နံ့သာရေ စသည်ဖြင့် ဖုံးအုပ်လိမ်းကျံပေးရခြင်းသဘောရှိ၏၊ ပရိမဒ္ဒနဓမ္မော = အင်္ဂါကြီးငယ်တို့ ညောင်းညာ ကိုက်ခဲခြင်းကို ပယ်ဖျောက်ခြင်း၊ အမိဝမ်းတွင်း ကိန်းအောင်းစဉ်၌ မတင့်တယ် မပြေပြစ်သော လက်၊ ခြေ၊ နှာရောင်၊ နဖူး၊ နောက်စေ့စသည် တို့ကို ပြေပြစ်ဖြောင့်စင်း သွယ်တန်းစေခြင်းအကျိုးငှါ ဆုပ်နယ်çဆွဲငင်çဖိနှိပ်ပေးရခြင်းသဘောရှိ၏။(သို့ကလောက်ဆောင်ရွက် ပေးနေ ပါသော်လည်း)။ ဘေဒနဓမ္မော = ပျက်စီးခြင်းသဘောရှိ၏၊ ဝိဒ္ဓံသန ဓမ္မော = ဖရိုဖရဲပြို ကွဲခြင်းသဘောရှိ၏။ ဣဒဉ္စပန မေ ဝိညာဏံ= ငါ၏ ဤစိတ်ဝိညာဏ်သည်လည်း၊ ဧတ္ထသိတံ = မဟာဘုတ်အတိပြုသော ဤခန္ဓာကိုယ်၌မှီ၏၊ ဧတ္ထပဋိဗဒ္ဓံ = မဟာဘုတ်အတိပြီးသော ဤခန္ဓာကိုယ်၌ စပ်၏” လို့ ဝိပဿနာဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပုံကို ဟောပြထားပါတယ်။
ဒီစကားရပ်ထဲမှာ - ရူပီ၊ စာတုမဟာဘူတိကော၊ မာတာပေတ္တိက သမ္ဘဝေါ၊ ဩဒနကုမ္မာသူ ပစယော၊ ဥစ္ဆာဒနဓမ္မော၊ ပရိမဒ္ဒန ဓမ္မောဆိုတဲ့ (၆)ပုဒ်ဖြင့် ဥဒယ(အဖြစ်) လက္ခဏာကိုပြတယ်။ အနိစ္စဓမ္မော၊ ဘေဒနဓမ္မော၊ ဝိဒ္ဓံသနဓမ္မောဆိုတဲ့ (၃)ပုဒ်ဖြင့် ဝယ(အပျက်) လက္ခဏာကိုပြတယ်။ ဣဒဉ္စ ပန မေဝိညာဏံ ဧတ္ထသိတံ၊ ဧတ္ထပဋိဗဒ္ဓံ ဆိုတဲ့ စကားပိုဒ်ကတော့ အခု ရှုဆင်ခြင်နေတဲ့ ဝိပဿနာဉာဏ်နဲ့ ယှဉ်တဲ့ ဝိညာဏ်ဟာလည်း မမြဲခြင်း ပျက်စီးပြိုကွဲခြင်း သဘောရှိတဲ့ ခန္ဓာကိုယ်ထဲမှာ အပါအဝင်ဖြစ်တဲ့ ဟဒယဝတ္ထုရုပ်ကို မှီစပ်ပြီးဖြစ် နေရတာဖြစ်လို့ မှီရာ ကာယနည်းတူ မမြဲခြင်း၊ ပျက်စီးခြင်း၊ ဖရိုဖရဲပြိုကွဲခြင်းလက္ခဏာရှိတယ်လို့ ပြပါတယ်။ ဒါကြောင့် ဒီစကားရပ် အားလုံးဟာ ဝိပဿနာဉာဏ် (ဝါ) ဝိပဿနာ ရှုမှတ်ပွားများ ပုံကို ပြတယ်ဆိုတဲ့အကြောင်း အဋ္ဌကထာဆရာက ရှင်းပြထားပါတယ်။ (သာမညဖလ။ပါ၊ဋ္ဌ၊ဘာသာဋီ-တ)
အာဟာရပစ္စည်းနဲ့ ဘယ်လိုပဲ ထောက်ပံ့ကျားကန်ပေးထားပေမယ့် ဒီခန္ဓာကိုယ်ကြီးဆိုတဲ့ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးတို့ဟာ မြဲမြံခိုင်ခန့်တဲ့ နိစ္စသဘော၊ တင့်တယ်လှပတဲ့ သုဘသဘော၊ ကျေနပ်ချမ်းသာတဲ့ သုခသဘော၊ လိုတိုင်းရ ထင်တိုင်းပေါက်တဲ့ အတ္တသဘော တို့ လုံးဝ ဆိတ်သုဉ်းတဲ့ အနိစ္စ၊ အသုဘ၊ ဒုက္ခ၊ အနတ္တသဘောအစစ်ကြီးသာ ဖြစ်တယ်ဆိုတဲ့ ဝိဇ္ဇာဉာဏ်အလင်းဓာတ်ရရှိပြီး လောဘ၊ ဒေါသ၊ မာန်မာနစတဲ့ ဘဝရဲ့ အတားအဆီး အချုပ်အနှောင်တို့ကို ဖြိုခွင်းဖယ်ရှားနိုင်ကြဖို့ပါ။
အာဟာရပစ္စည်းကို နိဗ္ဗာန်ရောက်အောင် အသုံးချတတ်ကြပါစေ။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
2011-ခု၊ မတ်လ ၂၉-ရက်၊ အင်္ဂါနေ့။
0 comments:
Post a Comment