ဆူနာမီအပေါ် ဗုဒ္ဓဘာသာဝင် တစ်ဦး၏ အမြင် (အပိုင်း ၁)

ဆောင်းပါး တစ်ပုဒ်လုံး တင်ကြည့်ပြီးမှ ရှည်လွန်းနေလို့ အပိုင်းခွဲတင်ဖို့ ပြင်လိုက်ရပါတယ်။ အပိုင်း (၂) ကို နှစ်ရက် သုံးရက်အတွင်း တင်ပေးပါမယ်။
နောက်ဆုံးအနေနှင့် တဂ်လုပ်လာတဲ့ ဒကာတော် ဝိမုတ္တိသုခကို အထူး ကျေးဇူးတင်ပါကြောင်း ဖော်ပြလိုပါတယ်။
ဘုန်းဉာဏ်
သဘာဝ ကြောင်းကျိုးတရားကတော့ လူတွေ ကောင်းခြင်း ဆိုးခြင်းနှင့် ဘာမျှ မဆိုင်ပါဘူး။ တစ်ခုအပေါ်မှာ တစ်ခု သက်ရောက်နေကြတဲ့ စကြာဝဠာတွင်းက စွမ်းအင်ပေါင်းစုံရဲ့ ကိစ္စမျှသာ ဖြစ်ပါတယ်။ မိုးသက်မုန်တိုင်း သို့မဟုတ် ရင့်မှည့်နေတဲ့ ကောက်ပဲသီးနှံတွေဟာ သဘာဝ ကြောင်းကျိုးတရားရဲ့ ဥပမာတွေပဲပေါ့။ သဘာဝ အကြောင်းတရားတွေဟာ တကယ်ပဲ ကျွန်ုပ်တို့တွေ အပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ မိုးသက်မုန်တိုင်းမိခြင်းက ဆိုးဆိုးဝါးဝါး အအေးမိတာကို ဖြစ်စေနိုင်တယ်။ ဒါပေမဲ့ အအေးမိ ဖျားနာတာဟာ ကျွန်ုပ်တို့တွေရဲ့ အတိတ်က ကောင်းကံ မကောင်းကံတွေနှင့်တော့ ဘာမျှ မဆိုင်ပါဘူး။ အဲဒါဟာ သဘာဝ အကြောင်းတရားရဲ့ သဘာဝ အကျိုးတရားပဲ ဖြစ်ပါတယ်။
ကမ္မ ကြောင်းကျိုးတရား ဆိုတာကတော့ လူတွေ ဘယ်လို တွေးကြတောကြ၊ ဘယ်လိုတွေ ပြောကြဆိုကြ၊ ဘယ်နည်းဘယ်ပုံ ပြုမူကြပြီး အကျိုးတရားအနေနှင့် ဘယ်လို ခံစားကြသလဲဆိုတာတွေနှင့် ဆက်စပ် ပတ်သက်ပါတယ်။ ဗုဒ္ဓရဲ့ ကမ္မ ဒေသနာတော်က ကမ္မကြောင်းကျိုးတရားနှင့်ပဲ သက်ဆိုင်ပါတယ်။ တစ်စုံတစ်ယောက်ကို ကူညီခြင်း၊ သင့်ကို ကျေးဇူးတင်စေခြင်း၊ ကျေးဇူးတင်တာကြောင့် ပျော်ရွှင်ခြင်း၊ ခိုးဝှက်ခြင်း၊ အဖမ်းခံရခြင်း၊ အဲဒီလို အဖမ်းခံရတာကြောင့် စိတ်မလုံမလဲဖြစ်ခြင်း သို့မဟုတ် ရှက်ကိုးရှက်ကန်းဖြစ်ခြင်းတို့ဟာ ကမ္မကြောင်းကျိုးတရားရဲ့ ဥပမာတွေပါ။ တစ်ဦးတစ်ယောက်ရဲ့ ပျော်ရွှင်မှု သို့မဟုတ် မပျော်ရွင်မှုဟာ သူတို့ ဘယ်လို ပြုမူ လုပ်ကိုင်ခဲ့သလဲ ဆိုတာရဲ့ တိုက်ရိုက် အကျိုးတရား ဖြစ်ပါတယ်။ သူ့ရဲ့ အပြုအမူ (ကံ)တွေကြောင့် တစ်ဦးတစ်ယောက်ကို ဆုတော်လာဘ်တော် ပေးသနားတာ သို့မဟုတ် အပြစ်ပေးနေတာ မရှိပါဘူး။ သူတို့တွေရဲ့ သုခ ဒုက္ခဟာ သူတို့တွေရဲ့ ပြုမူ လုပ်ကိုင်မှု (ကံ)တွေရဲ့ အကျိုးရလာဒ်မျှသာ ဖြစ်ပါတယ်။ အခု ကမ္မဒေသနာတော်ကို ဆင်ခြင် စဉ်းစားပြီး မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဆူနာမီကို ရှုမြင်ကြည့်ကြပါစို့။
ဆူနာမီဟာ သဘာဝ ကြောင်းကျိုးတရားကြောင့် ဖြစ်တဲ့ ဥပမာ အဖြစ်အပျက်တစ်ခုပါ။ ကမ္ဘမြေကြီးပေါ်က မြေမျက်နှာပြင်လွှာပြားတွေဟာ မြေငလျင်လှုပ်မှုကို ဖြစ်ပေါ်စေပြီး ရွေ့လျှားနေပါတယ်။ ထုပ်လွှတ်လိုက်တဲ့ စွမ်းအင်က ကြီးမားလှတဲ့ လှိုင်းလုံးကြီးတွေကို ဖြစ်စေပါတယ်။ အဲဒီ လှိုင်းလုံးကြီးတွေဟာ ကမ်းခြေကို ရိုက်ခတ်ခဲ့မယ်ဆိုရင် ကပ်ဘေးဆိုးကြီးကို ဖြစ်ပေါ်စေပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဆူနာမီ ရိုက်ခတ်ခံခဲ့ရတဲ့ ဧရိယာမှာ ရှိနေကြတဲ့ လူတွေဟာ ဒုက္ခနှစ်မျိုးကို ခံစားနေကြရပါတယ်။ အဲဒါတွေကတော့ သဘာဝ ကြောင်းကျိုးတရားကြောင့် ဖြစ်ရတဲ့ ဒုက္ခနှင့် ကမ္မကြောင်းကျိုးတရားကြောင့် ဖြစ်ရတဲ့ ဒုက္ခတွေပါပဲ။ ရေအကြီးအကျယ် လွှမ်းနေချိန်မှာ တစ်ယောက်ယောက်ဟာ လဲသွားတဲ့ သစ်ပင်ရဲ့ ရိုက်ခတ်မှုကို ခံရနိုင်တယ်။ သို့မဟုတ် သံစသံန တစ်ခုခုကြောင့် ထိမိ ရှမိနိုင်တယ်။ နံရံတစ်ခုနှင့် တိုက်မိပြီး ကျေမွသွားနိုင်တယ်။ ဒါတွေက သဘာဝ အကြောင်းတရားများရဲ့ ရင်နင့်ဖွယ် အကျိုးတရား ဥပမာတွေဖြစ်ပြီး အတိတ်က ကောင်းကံ မကောင်းကံတွေနှင့် ဘာမျှ မသက်ဆိုင်ပါဘူး။
ကံဆိုတာက လူတွေရဲ့ စေတနာပါတဲ့ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတွေ (ကမ္မ)နှင့် အဲဒီ ကံတွေရဲ့ အကျိုး တရားများ (ဝိပါက)နှင့် သက်ဆိုင်ပါတယ်။ လူတွေ ဆူနာမီကို တုန့်ပြန်နိုင်တဲ့ နည်းလမ်းစုံနှင့် သူတို့ ရနိုင်တဲ့ အကျိုးတရားတွေကို ဥပမာအဖြစ် တင်ပြပါ့မယ်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိတယ်လို့ ဆိုကြပါစို့။ နှစ်ဦးလုံးဟာ ဆူနာမီအတွင်းမှာ ထိခိုက်ဒဏ်ရာတွေ ရကြတယ်။ သူတို့တွေရဲ့ အိမ်နှင့် အသက်မွေးဝမ်းကြောင်း အလုပ်တွေ ဆုံးရှုံးကြတယ်လို့ ဆိုကြပါစို့။ အမျိုးသားက စိတ်ပျက် လက်ပျက်ဖြစ်ပြီး ဘာလို့ ငါ့ကျမှ ဖြစ်ရတာလဲကွာလို့ ငိုယိုပါတယ်။ ဒီနေ့ ငါ မြို့ပြင်မှာသာ ရောက်နေခဲ့ရင်လို့ ဒေါသနှင့် ပြောပြီး ဝမ်းနည်းနေပါတယ်။ ဒီလိုမျိုး တွေးပြီးတော့ သူဟာ ဒုက္ခကို ပိုလို့ ဆိုးစေပါတယ်။ ဒါပေမဲ့ မကြာခင်ပဲ သူ့အတွေးတွေ ပြောင်းသွားတယ်။ သူ့အိမ်နီးချင်းရဲ့ အိမ်က နည်းနည်းလေးပဲ ထိခိုက်ပျက်စီးတာကို သတိပြုမိပြီး “ငါ လုံးလုံး ကြည့်မရတဲ့ အဲဒီ ခွေးကောင်၊ သူ့အိမ်က မပျက်ပဲကိုး၊ သနားစရာပဲ”လို့ သူ တွေးပါတယ်။ သူက သူ့ ဒုက္ခကို ထပ်ဆိုးစေပြီး အကျည်းတန် အရုပ်ဆိုးတဲ့ အကုသိုလ် စိတ်တွေကိုလည်း အားဖြည့်ပေးနေပါတယ်။ နောက်တော့ “အင်း … လူတိုင်းဟာ သူကိုယ်တိုင် အတွက်ပါပဲလား” လို့ တွေးပြီး စွန့်ပစ်ထားတဲ့ အိမ်တွေက တစ်ခုခုများ ခိုးလို့ ရလေမလားလို့ ကြည့်ရင်း လျှောက်လည်ပါတယ်။ အခုဆို အဲဒီလူရဲ့ မကောင်းတဲ့စိတ်တွေနှင့် ခံစားမှုတွေက အကုသိုလ်အမှုတွေဆီ ခေါ်ဆောင်နေပါတယ်။
အခု အမျိုးသမီးရဲ့ တုန့်ပြန်ပုံတွေကို ကြည့်ကြရအောင်ဗျာ။ အစပိုင်းဖြစ်တဲ့ စိတ်သောကတွေကနေ ပြန်လည်နာလန်ထူပြီးနောက် သူမရဲ့ ပထမဆုံး အတွေးကတော့ “ငါ အသက်မသေပဲ ရှင်ကျန်ရစ်ခဲ့တာ ဘယ်လောက် ကံကောင်းလိုက်လဲ” ဆိုတာပါပဲ။ သူမ တကယ်ပဲ ဒုက္ခရောက်ခဲ့ရပါတယ်။ ဒါပေမဲ့ ဝမ်းနည်းပက်လက် ဖြစ်ပြီးဖြစ်စေ၊ စိတ်ပျက်လက်ပျက် ဖြစ်ပြီးတော့ ဖြစ်စေ၊ ဒေါသဖြစ်ပြီးတော့ဖြစ်စေ၊ သူမဟာ ဆင်းရဲဒုက္ခတွေကို ထပ်ပေါင်း မထည့်ပါဘူး။ အဲဒီနောက် သူမက “ငါထက် အများကြီး ပိုဆိုးတဲ့ အခြားသူတွေ ရှိကို ရှိမှာပဲ။ ဘာများ ကူညီ လုပ်ပေးနိုင်မလဲ ဆိုတာကို ငါ ကြည့်ရမယ်”လို့ တွေးပြီး ဒဏ်ရာရသူတွေကို စတင် လှည့်ပတ်ကြည့်ပါတယ်။ သူများတွေအကြောင်း တွေးနေမိတာက သူမကိုယ်တိုင်ရဲ့ အခြေအနေတွေကို တစ်စုံတစ်ခုသော အတိုင်းအတာထိ လျစ်လျူရှုနိုင်မှုကို ပေးပါတယ်။ ဒီနည်းဖြင့်လည်း သူမရဲ့ ဒုက္ခတွေကို ပိုမဆိုးဝါးစေပြန်ပါဘူး။နောက်နေ့မှာတော့ အစိုးရက ဖြန့်ဖြူးပေးတဲ့ စားစရာအချို့ကို ယူနိုင်ခဲ့တယ်။ သူမ လျှောက်ထွက်လာစဉ် ဘာမျှ မရရှာတဲ့ ကလေးတစ်ယောက်ကို သတိပြုမိတယ်။
ကလေးကို နှစ်သိမ့်ပေးပြီး အစားအသောက်တွေကိုလည်း မျှဝေပေးလိုက်တယ်။ ကလေးလေးက တစ်ယောက်တည်း ဖြစ်နေတာကို မြင်လိုက်ရတော့ သူလေးကို စောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရက်အနည်းငယ် အကြာမှာတော့ ကလေးရဲ့ ဖခင်က ကလေးကို တွေ့သွားပြီး သူမကိုလည်း ကလေးကို စောင့်ရှောက်ထားတဲ့ အတွက် အလွန်အမင်း ကျေးဇူးတင်မိတယ်။ ကလေးရဲ့ ဖခင်ဟာ ဆူနာမီဒဏ် မခံရတဲ့ အနီးက မြို့တစ်မြို့မှာ သူ့ညီမနှင့် အတူ နေနေပါတယ်။ ကလေးရဲ့ ဖခင်က အစားအသောက်နှင့် လုံခြုံမှုရှိတဲ့ နေရာမှာ သူနှင့်အတူ လာနေဖို့ အမျိုးသမီးကို ဖိတ်ခေါ်ပါတယ်။ အမျိုးသမီးရဲ့ အပြုသဘောဆောင်တဲ့ စိတ်ထား (ကုသိုလ်စိတ်)တွေနှင့် အပြုအမူတွေဟာ ခုတော့ သူမဘဝအပေါ်မှာ လက်တွေ့ကျပြီး ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေပါပြီ။



Posted by ဘုန်းဉာဏ် at Wednesday, March 30, 2011 0 comments
Labels: Translation
0 comments:
Post a Comment