* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, March 21, 2011

နာနာဘာဝနှင့် တွေ့ဖူးသူများ(၁)

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

ကျုပ်တို့အရပ်မှာ ညနေ နေဝင်ရီတရော၊နွားရိုင်းသွင်းချိန်၊နေဝင်ဖြိုးပျရောက်ချိန်ဆို ကလေးတွေကို အမေတွေက ရွာပြင်ကို ပေးမထွက်ကြဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်ဟာ နာနာဘာဝတွေ ထွက်တဲ့အချိန်မိုလို့တဲ့။

ငယ်စဉ်က ဘာကြီးမှန်း မသိရဘဲနဲ့ ကြောက်ခဲ့ရသည့် ကျုပ်ဘဝမှာ “နာနာဘာဝ” အဲဒီက စခဲ့၏။





ဒီနှစ် ကဆုန်လ အရပ်ပြန်တော့ ရသေ့တောင်ဘုရားကို ညနေမိုးချုပ်မှာ သွားဖြစ်သည်။ ကုက္ကိုတောရွာနှင့် ဆင်ရွာကို ဖြတ်ရ၏။ ထိုရွာနှစ်ရွာကြားမှာ သင်္ချိုင်းကုန်းရှိ၏။ စာရေးသူတို့ ငယ်ဘဝက ကုက္ကိုင်ပင်ကြီးတွေ အုံ့ဆိုင်းလို့၊နေပျောက်မထိုး၊ ဧရာဝတီမြစ်ရေတက်လျှင် ရေဝင်သည့်ချောင်းရှိ၍ အလေ့ကျပင်တွေကလည်း ပိတ်ပိတ်သဲသဲ ပေါက်နေ၏၊ရှေးနှစ်များ စွာထဲက သင်္ချိုင်းအိုကြီးမို့ အုတ်ဂူတွေကလည်း ပုံစံအမျိုးမျိုး ပေါမှပေါ၊ထိုအုတ်ဂူများအနက် ကျုပ်စိတ်မှာ ယနေ့တိုင်စွဲနေ သည့်အုတ်ဂူကြီးက အခေါင်းထည့်ထားသော အလောင်းစင် ပုံသဏ္ဌာန် အုတ်ဂူကြီး ဖြစ်၏။

နွေရာသီဆို ဆရာဘုန်းကြီးနှင့် မနက်ပြီး အလှူတွေကို အရုဏ်မတက်မှီ သွားရသည်။ကျုပ်က ကျောင်းသားဆိုတော့ ထီးထမ်းပြီး ဘုန်းကြီးနောက်က လိုက်ရ၏။ သစ်ရိပ်တွေအပြင် လရောင်မှုံမှုံ ဝါးဝါးအောက်မှာ လရောင်ဆမ်းထားသည့် အလောင်းစင်အုတ်ဂူကြီးနှင့် အခြားအုတ်ဂူတွေက ဝိုးတို့ဝါးတား၊ လူသေမြှုပ်ထားသော မြေပုံတွေကလည်း ဟိုတစ်ပုံ၊ဒီတစ်ပုံမို့ နောက်လဲ လှည့်ပြန်မကြည့်ရဲ၊ဘေးဘီးလဲ မကြည်ဝံ့၊ကလေးပီပီ အဲဒီရွာတွေ သွားရရင် သင်္ချိုင်းကြီးကို ဖြတ်ရမှာအလွန် ကြောက်ပေါ့။ အသည်းတလှပ်လှပ်၊ ရင်တဖိုဖို ၊ကြက်သီး တဖျန်းဖျန်း၊ နောက်ကျောချမ်းချမ်း ဖြစ်ထွေကတော့ တစ်သက်မမေ့။

မှတ်မိပါသေးတော့၏-တစ်ညနေမှာ မှောင်ရီပျိုးစ အမေနှင့်အတူ အဲဒီသင်္ချိုင်းကြီးကို ဖြတ်ပြီး ကိုင်းထဲကိုသွားရ၏။

သင်္ချိုင်းကုန်းအဝင်မှာ အမေက နေဦးဆိုကာ သူ့ခြေဖဝါးက မြေမှုံကိုယူပြီး ကျုပ် နဖူးကို သူလက်ဖြင့် “ဖွဖွ” ဟု ဆို၍ တို့ ပေး၏။ အဲလို အမေ့ခြေမှုန့်ကို သားသမီးနဖူးကို တို့ရင် ကလေးများ မလန့်ဟူ၍ ဒေသစွဲအယူရှိကြလို့ပါ။

ယခုအခေါက် ရွာရောက်ခိုက် လှေကြီးစုရွာ အသွားမှာ အဲဒီသင်္ချိုင်းကိုဖြတ်တော့ အမေနှင့်အတူ သွားခဲ့စဉ်က “ဖွဖွ” ဆိုတာကို သတိရမိ ပါသေးတော့သည်။ ငယ်ဘဝ၏ လွမ်းဖွယ်ရာနှင့် မုဆိုးမအမေ၏အကြင်နာမို့ ရင်မှာလိုက်မောရပါသည်။ အသက်လေးဆယ်ကျော်သည့်တိုင် နုသစ်လျက်၊ရင်မှာ ဖိုလှိုက်ဆဲ။

ယခုတော့ ကက္ကိုပင်ကြီးတွေလဲ မရှိတော့ရုံမျှမက လူသေ မြှုပ်ရန် မြေနေရာသည်ပင် အနည်းမျှရှိတော့၏၊လူနေအိမ်တွေကလဲ သင်္ချိုင်းကုန်းထဲ ရောက်နေသလို့ ကျေးရွာမူလတန်းကျောင်းလည်း ဆောက်လုပ်ထားသည်။စာရေးသူကြောက်ခဲ့ရသည့် အုတ်ဂူကြီးလည်း ကွယ်ပျောက်ခဲ့၏။ မကြောက်တတ်သော ယနေ့ခေတ် ကလေးတွေအဖို့ နာနာဘာဝနှင့် ပတ်သက်၍ ကြောက်ရခြင်းရသကို ခံစားတတ်မည်မဟုတ်။ ကျောင်းသားလေးတွေက သင်္ချိုင်းကုန်းထဲမှာဘဲ ကြောက်လန့်မဲ့ ဆော့နေကြ၏။

လှေကြီးစုရွာ၏အရှေ့ဖက်မှာ ရသေ့တောင် ဆိုတာရှိသည်၊ ရှေးဟောင်း ဘုရားပျက်တစ်ဆူနှင့် ဘိုးတော်ရုပ်တု၊ မယ်တော်ရုပ်တု၊ဘီးလူးရုပ်တုတွေ ရှိ၏။ယနေ့တိုင် လှေကြီးစုရွာထဲက နတ်ဝါသနာထုံသူ အမျိုးသမီးများသည် ရသေ့တောင် ပေါ်တက်ပြီး နတ်ပူးပြီး၊ နတ်မေးလေ့၊ နတ်ဟောလေ့ ရှိကြသည်။ နတ်လမိုင်းကပ်သော နေရာဟု ပြောနိုင်၏။ ဟိုယခင်ကတော့ ရသေ့တောင်ပေါ်မှာ နတ်ရေကန်ရှိသည်-ဟု လူကြီးသူမများက ပြောကြသည်၊ပယောဂပူးသူများနှင့်မျက်စိနာရောဂါဖြစ်သူများ ထိုနတ်ရေကန်က ရေဖြင့် မျက်စဉ်းခပ်ရင် ပျောက်ကင်းကြောင်း ပြောဆိုကြ၏။ယခု နတ်ရေကန် မရှိတော့။



ရသေ့တောင်ပေါ်နေသော ဦးပဇင်းနှင့်အရပ်ထဲက ဒကာတွေက “လွန်ခဲ့သည့်သုံးနှစ်လောက်က တောင်၏အရှေ့ ဖက်နားကနေ ပြည်ခရိုင်ပတ်လမ်းဖေါက်တာ မြေထိုးစက်ကြီးဖြင့် မြေထိုးရာမှာ ရှေ့တည့်တည့်က နဂါးကြီး တစ်ကောင် ပါးပျဉ်းကြီးထောင်ပြီး စူးစူးဝါးဝါး စိုက်ကြည့်နေလို့ ဆက်ပြီးမြေကို မထိုးရဲတော့ဘဲ နောက်ဆုတ်ခဲ့ရသတဲ့။ ခရိုင်ပတ်လမ်း စီမံကိန်းကြီးလည်း မဖြစ်တော့ဘူး” ဟု တောင်ပေါ်ကနေ နဂါးကြီး တွေ့ရသည့်နေရာကို ညွှန်ပြရင်း ပြောပြကြ၏။ မြေကော်စက်ကြီး မောင်းသူ တစ်ဦထည်းဘဲ မြင်ရသတဲ့။ရှေးအခေါ် နာနာဘာဝ-ဟု ဆိုရမလားဘဲ။စာထဲကဆိုသည့် အသုရ ကာယ်ဆိုတာမျိုးနေမှာ။

နာနာဘာဝဆိုသော ပါဠိစကားကို ကြီးတော့ သိလာရ၏။ အမျိုးမျိုးသော ဖြစ်ခြင်း၊သေကွဲကွဲခြင်းကို နာနာဘာဝဟု ဆိုပါသည်။ ဘယ့်နှာကြောင့် တစ္ဆေ သရဲ သင်းကွဲပြိတ္တာစတာတွေကို မြန်မာတို့က “နာနာဘာဝ” ဆိုတာကို နားမလည်နိုင် ။ကြောက်အောင် ခြောက်တတ်သော သတ္တဝါ-ဟု အဓိပ္ပါယ် ဖွင့်ဆိုကြ၏။

ပါဠိမှာ သရဲတစ္ဆေကို တစ္ဆက-ဟု ဆိုပါသည်။ခြောက်တတ်သူ။ အင်္ဂလိပ်တို့တော့ သေသွားသူရဲ့ ဝိဥာဉ်(သရဲတစ္ဆေ)ဟု ဆိုကြ၏။ နိုင်ငံခြား တစ္ဆေသရဲဇာတ်ကားတွေ ကြည်နေကြရ၍ လူမျိုးတိုင်းမှာ တစ္ဆေ၊သရဲ ယုံကြည်မှု ရှိကြတာကို သိရသည်။



ပြိတ္တာဆိုတာကို ပါဠိမှာ ပေတ-ဟု ဆို၏။တမလွန်ဘဝရောက် သွားသူ-ဟု ဆိုရသည်။သူတို့က အုံးနဲ့ကျင်းနဲ့ အစုဖွဲ့နေကြသတဲ့။တစ်ခါတလေတော့ တစ်ဦးတည်း ဖြစ်နေရင် သင်းကွဲပြိတ္တာ-ဟု ရှေးက ဆိုရိုးပြုကြသည်။ သူတို့အတွက် ကုသိုလ်ပြုပေးလို့ အမျှရကြလျှင် ပြိတ္တာဘဝက လွတ်မြောက်နိုင်ကြ၏။

လူအများစုသည် နာနာဘာဝကို တွေ့ဖူးမြင်ဖူးကြတာမဟုတ်၊သို့ပေမဲ့ ကြောက်တတ်ကြသည်။ ကြောက်နေရတာလေးကိုက ရသတစ်မျိုး ဖြစ်၏။တချို့ နာနာဘာဝကို ကြုံဖူးတွေ့ဖူးသူတွေ ရှိကြ၏။ သူတို့၏စကားတွေက ယုံကြည်လက္ခံစရာ ဖြစ်၏။ထိုသူများကို “နာနာဘာဝနဲ့ တွေ့ဖူးသူများ” ဟု ဆိုက သင့်အံ့ကောင်းရာ၏။

ပိဋကတ်မှာ နာနာဘာဝနှင့် တွေ့သူတွေ အများအပြားရှိသည်။ဘုရားရှင်က ဝိမာနဝတ္ထု၊ပေတဝတ္ထုဆိုပြီး ကျမ်းစာ အုပ်ကြီး နှစ်အုပ်စာ သီးသန့် ဟောထားခဲ့သည်။ အခြားပိဋကတ်တွေထဲမှာလည်း ကြိုကြားကြိုကြား ထည့်၍ဟောတော်မူသည်။

ဘုရားရှင်လက်ထက်က ရဟန်းတော်များသည် ပံ့သူကူသင်္ကန်းကို ဝတ်ကြသည်။ပံ့သူကူသင်္ကန်းဆိုတာ လူသေကောင်တို့၊ အမိုက်ပုံတို့မှာ ရစ်ပတ်စွန့်ပစ်ထားသော အဝတ်အထည်များကို ကောက်ပြီး၊ ဖွတ်လျော်ချုပ်ဆိုး ဝတ်ရသည့်သင်္ကန်း ဖြစ်၏။

ဝိနည်းပိဋကတ်၊ ပါရာဇိကဏ်တွင် သုသာန်အနီးကျောင်းမှာ င်္သီတင်းသုံးနေသော ရဟန်းတော်သည် လူသေကောင်မှာ ပတ်ထားသော အဝတ်ကို ပံ့သူကူ ကောက်ယူသည် ။လောလောလတ်လတ် စွန်းပစ်သွားသည့် မသာကောင်က အဝတ်ကို ချွတ်ယူ၏။ထိုအခိုက် လူသေကောင်ကြီးက ထလာပြီး “ငါ့ အဝတ်ပြန်ပေး၊ ငါ့အဝတ် ပြန်ပေး” ဆိုကာ နောက်ကနေ လိုက်တောင်း နေပါသတဲ့။ သုသာန်ဓုတင်ဆောက်တည်သောရဟန်းကား သုတ်ခြေတင် ပြေးရတော့၏။ဒရောသောပါးကို ပြေးရ တာ၊ကျောင်းထဲရောက်တော့ “ဝုန်းဆို” တံခါးကို ဆောင့်ပိတ်လိုက်မှ အဲဒီနေရာမှာပဲ လူသေကောင်ကြီးက လဲကျသွားသတဲ့။ ကြောက်စရာမှ တကယ့်ကို ကြောက်စရာကြီး။

ထိုဖြစ်အင်ကို ဘုရားရှင်အား လျှောက်ထားတော့မှ ဘုရားရှင်က “လူသေကောင်မှာ သေသွားတဲ့သူက တစ္ဆေအဖြစ်နဲ့ ပြန်ပြီးစီးနေတာ၊ဒါ့ကြောင့် အဝတ်ကို လိုက်တောင်တာဖြစ်ကြောင်း” ပြောပြပါသည်။ထိုရဟန်းကို “နာနာဘာဝနှင့် တွေ့ဖူးသူ” ဟု ဆိုရပါမည်။

ကျုပ်တို့ငယ်စဉ်က ကျောင်းမှာ ဦးပဇင်းကြီး ဦးသာဉာဏ်ဆိုတာ ရှိသည်။ ကျောင်းသားများကို ဂဏန်းသင်္ချာ သင်ပေး၏။ စာရေးသူတို့ မမှီလိုက်သည့် ဆရာတော်ကြီး ဦးမဉ္ဇူ၏တပည့် ဖြစ်၏။ ဆရာတော်ကြီးဦးမဉ္ဇူ ပျံလွန်တော်မူတော့ ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို တည့်တည့်မှန်အောင် ဒုံးတိုက်မယ်ကွဆိုကာ-ဟု မူးမူးဖြင့် ဒုံးတိုက်လိုက်တာ အသားစများ လွင့်စဉ် သွားကြောင်းကို ပြောပြလေ့ရှိ၏။သည့်အပြင်-


ငယ်စဉ်က သောက်သောက်စားစား ပေပေတေတေနေခဲ့သူ ဖြစ်သည်အလျှောက် တစ်နေ့မှာ သူငယ်ချင်းနှစ်ယောက် ဆင်ရွာကနေ သောက်စားပြီးပြန် လာကြသတဲ့။ ညဉ့်ကလဲနက်၊ ထွေကလဲထွေ၊ ကုက္ကိုတောသင်္ချိုင်းလဲရောက်ရော နောက်ကနေ အလောင်းကြီးကို ပိုက်ပြီး ဆံပင်ဖားလျားဖြင့် သရဲမကြီး လိုက်လာ၍ သူငယ်ချင်းနှစ်ယောက် ကိုယ်လွတ် ရုန်းထွက်မပြေးနိုင်အောင်လို့ဆိုကာ ပုဆိုးစချင်း ချည်နှောင်ပြီး ဓားဖြင့်ဝှေ့ယမ်းလျှက် နောက်ပြန်နောက်ပြန်ဆုတ်ပြေးခဲ့ရ ကြောင်းကို ပြောပြဖူးသည်။သူ့အပြောအရဆို ဦးဇင်းကြီးသည် နာနာဘာဝနဲ့ တွေ့ဖူးသူ ဖြစ်၏။

နောက်တစ်ဦးကတော့ ကျုပ်အစ်ကို မောင်ကျော်မြင့် ဖြစ်သည်။ သူကိုရင်ဝတ်တုန်းက၊နာနာဘာဝကို မြင်လိုက်ရပြီး နောက်နေ့မှာ လူထွက်တော့သည်။ ကိုရင်ဆည်းတာ (၃)ရက်တောင်မခံ၍ ယနေ့တိုင် ပြောစမတ်ဖြစ်နေရ၏။

ကိုရင်တွေက ယခင်ကျောင်းအိုကြီးပေါ်ထပ် ဆင်ဝင်ဆောင်မှာ အိပ်ကြရသည်၊တရေးနိုးမှာ စေတီဟောင်းကြီး ဖက်ကို အမှတ်တမဲ့ ကြည်မိရာ အဝတ်ဖြူဖြူ ဖိုးသူတော်လိုလို နာနာဘာဝကြီး စေတီပျက်ပျက်ကြီးထဲ ဝင်သွားတာကို အသေအခြာကို မြင်လိုက်ရကြောင်းကို ယနေ့တိုင် မှတ်မိလျှက်ရှိ၏။ကြောက်နေမြဲ ဖြစ်နေပါသည်။

ကျုပ်တို့ ငယ်စဉ်က နေခဲ့ရသည့်ကျောင်းကြီးက ရှေးကျောင်းအိုကြီးပါ၊ကျောင်းသားနှစ်ယောက် ဟိုဖက်ဒီဖက် လက်ချင်းချိတ်ဆက်ပါမှ ကျောင်းတိုင်ကို ပတ်မိ၏။ ကျွန်တိုင်လုံးကြီးတွေက ကြီးလှ၏၊ ပေအစိပ်သုံးဆယ် လောက်ကို အဆက်မ ရှိဘဲ ခေါင်အမိုးတိုင် ရှည်၏။ ဆင်ဝင်၊ စမုခ်၊ဘုရားခန်း၊ ကျက်သရေခန်းတို့ဖြင့် ရှေးအခေါ် တိုင်တစ်ရာ ကျောင်းကြီးပါ။ မှတ်မိပါသေးသည်။ ဆရာတော်က သမပြီးဆိုရင် ကျောင်းသားနှစ်ယောက် တိုင်ကိုအလယ်မှာထားပြီး ကိုယ့်လက် သူဆွဲ၊သူလက်ကိုယ်ဆွဲဖြင့် “မင်္ဂလသုတ် ကျောလုံးပုတ်ဆိုတဲ့” အတိုင်း ဆော်ပလော် အတီးခံခဲ့ရ၏။ ညဆိုရင် တစ်ကျောင်းလုံး မှောင်နေ၏၊ မီးအိမ်ထွန်းထားသည့် နေရာကွက်ကွက်ကလေးသာ လင်းနေသည်။ထုံးစံအတိုင်း မသာတင်သော ကုဋင်၊ မသာဆင်သည့် လိုက်(ဇာစ)တွေကလဲ ကျောင်းမှာပဲလှူထားကြ၏။တစ်ယောက်တည်း ညဆို ကျောင်းအပေါ်ထပ် မတက်ရဲ ထိုမျှ ကြောက်စရာ့ ရှေးကျောင်းအိုကြီးရယ်ပါ။

ကျောင်းကြီးက တောင်ကို ခေါင်းပြု၊မြောက်ကို ခြေပြုထားသည်၊ရွာက ကျောင်းအနောက်ဖက်မှာ ဆိုတော့ မုခ်ဦး၊နတ် လမ်းက ရွာဖက်ကို မျက်နှာစာထား၏။ကျောင်း၏ခြေရင်းဖက်မှာတော့ သစ်ပင်တွေဖြင့် ပွေလီရှုပ်နေသော ရှေးစေတီအပျက်ကြီးတစ်ဆူ၊နှစ်ကျိပ်ရှစ်ဆူ ဘုရားတန်ဆောင်း၊လျောင်းတော်မူ တန်ဆောင်း၊မတ်ရပ်တန်ဆောင်း၊ ကျောင်း ခေါင်းရင်ဖက်မှာတော့ သိမ်ဟောင်းကြီး၊ရှေးဘုရားပျက်တွေဖြင့် ပြည့်နေသောကျောင်းဝိုင်းမို့ နေ့ခင်းတောင် တစ်ယောက်ထဲဆို အင်မတန် ကြောက်ရသော နေရာဖြစ်၏။ သေစ်ကြီးဝါကြီးတွေကလဲ အုံ့ဆိုင်းလို့၊ ယိမ်းနွဲ့လို့၊ကျောင်းထဲမှာ ကြောင်ငါးပိလို့ခေါ်သည့် နှုတ်သီးချွန်းချွန်း တောကြောင်၊သင်းခွေကြပ်၊လိပ်တွေတောင် တွေ့ရတတ်သည်။

ကျောင်းတည်သက်က ဆရာတော်တွေ ယခုဆို ခြောက်ဆက်တောင် ရှိပြီဖြစ်၍ နှစ်ကာလကြာမြင့်နေသည့်ကျောင်း ဟောင်းကြီး ဖြစ်သည်။ကျောင်းကြီးဝန်းကျင်မှာ တစ္ဆေသရဲတွေကလဲ နေရာတိုင်းလိုလိုမှာ ရှိနေကြကြောင်းကို ကျုပ်တို့ ကျောင်းသားဘဝက အတော်ပြောဆိုကြ၏။ ကျောင်းသား၊ကိုရင်တိုင်းက ကျောင်းဝန်းကျင်မှာ သရဲမရှိသော နေရာလွတ် မရှိတာကို သိနေကြ၏။ထို့ကြောင့် ညညဆို ကျောင်းမှာက ကလေးပီပီ အကြောက်ပိုရသည်။

သရဲဆိုတာကလဲ ရှိတယ်လို့ ကြားဖူးထားသော နေရာရောက်ရင် ကြက်သီးမွေးညင်းထပြီး ကြောက်တတ်တာကလား၊

ဟော မသိပြန်တော့လဲ မကြောက်ပြန်ဘူး၊ကျုပ်တို့ ယခုဆို ဟိုအရပ်ဒီအရပ် တရားဟောကြွရသည်၊ တည်းခိုရမယ့်ကျောင်း မိုးချုပ်မှ ရောက်၊ပြင်ပေးတဲ့ကုဋင်၊ခြင်တောင်မှာ မောမောပန်းပန်းဖြင့် အိပ်လိုက်တာပါဘဲ၊ ဟော မနက်မိုးလင်းလို့ ကုဋင်တို့၊ခြင် ထောင်တို့ ကြည့်မိရင် ကွယ်လွန်သူ မည်သူကောင်းမှု့ဆိုရင် သဘောပေါက်ပြိးသား“သေစဉ်တုန်းက လူသေအတွက် ပြင်သည့်ကုဋင် နှင့်လိုက်ဆိုတာကို” ထိုညသာ အဲဒီကျောင်းဆက် အိပ်ရင် အိပ်ပျော်မှာမဟုတ်တော့။

ကျုပ်တို့ လူမျိုးမှာ တတ်နိုင်သူများက မိဘများကွယ်လွန်ရင် ကုဋင်အသစ်၊ဇာပိတ်အသစ်တို့ဖြင့် အလောင်းကိုပြင်တတ်ကြသည်။အဲ မသာလဲချပြီးရော၊ကုဋင်တို့၊လိုက်တို့ကို မီးရှို့ရမှာလဲ အသစ်ကြီးတွေ ဖြစ်၍ နှမြောကြ၏၊အိမ်မှာလည်း မထားဝံ့၊ထိုအခါ ဘုန်းကြီးကျောင်းကို ကမ္ဗည်းထိုး လှူလိုက်ကြသည်။ ကိုရင်ေ၊ကျောင်းသားတွေက သိနေကြ ၍ ကြောက်ကြ၏။

ကျုပ်က ဘုန်းကြီးကျောင်းသား ဘဝကို (၆)နှစ်သားက စခဲ့တာဖြစ်၍ အကြောက်က အမြစ်တွယ်နေသည်၊ ကြောက်တတ်တာက ငယ်ဖေါ်လို ဖြစ်နေသည်။မသာကုဋင်၊မသာခြင်ထောင်ဆိုရင် ကြောက်တတ်သည်၊ယခုတော့ ဟန်ကိုယ့်ဖို့ လုပ်ကာ လာလှူရင် မငြင်းသာ လက္ခံပေးနေရ၏။

မောင်ကျော်မြင့်သည် ဘုန်းကြီးကျောင်းသားက ဖြစ်လာသောကိုရင်မို့ ကျောင်းဝန်းကျင်ရှိ “နာနာဘာဝ” ဇာတ်လမ်း တို့ဖြင့် အကျွမ်းဝင်နေ၏၊အကြောက်ဓာတ်ခံက ရှိနှင့်ပြီးသား၊ ညသန်းခေါင်ယံ ကိုယ်တိုင်တတ်အပ်မြင်လိုက်ရ၍ ကြောက်ပြီး နောက်နေ့ ချက်ခြင်းလူထွက်ခြင်း ဖြစ်၏။

တိတ်ဆိတ်ငြိမ်သက်သော ညသန်းခေါင်ယံအချိန်သည် ထိတ်လန့်ပြီး အလွန်ကြောက်စိတ် ဝင်တတ်သည်။တိတ်ဆိတ်ခြင်းက ကြီးစိုးလေ အလွန်ကြောက်ရလေဖြစ်၏။နေ့ခင်းနေ့လယ် ကြောက်တယ်ဆိုတာ မရှိသလောက်၊ နာနာဘာဝနှင့်တွေဖူး သူအများစုသည် ညပိုင်းတွေမှာဘဲ တွေ့မြင်ကြ၏။

ဘာကြောင့် ကြောက်ရတာပါလိမ့်-ဟု ဆန်းစစ်ကြည့်ရင် စိတ်မှာ ကြောက်စိတ်ကြီးစိုးသွား၍ ကြောက်တာကို သတိထားပြုမိသည်။ မကြောက်တတ်သူများကို ကြောက်စိတ်က မကြီးစိုး၍ ထိတ်လန့်တယ်ဆိုတာ မဖြစ်ကြ။တောကျောင်း၊ တောင်ကျောင်းတွေမှာ တစ်ပါးတည်း သီတင်းသုံးနေကြသော ပုဂ္ဂိုလ်တွေကို မေးကြည့်ရင် အဲဒီသဘောကို ပြောပြကြသည်။ မိမိကိုယ်တိုင် ကြောက်စိတ်ဝင်နေချိန် အနီးအပါးက လူသံသူသံကြားလိုက်ရင် ကြောက်စိတ်ပျယ်သွားတတ်၏။

ကျုပ်တို့ ညောင်စာရေးရွာကြီးသည် ရွာတန်းရှည်ကြီး ဖြစ်သည်။ထို့ကြောင့် ဆယ်အိမ်ကျော်လောက်တွေမှာ ရွာထဲကို ဝင်ဖို့ ဖြတ်လမ်းတွေ ရှိကြသည်။ဖြတ်လမ်းချိုးဟု ခေါ်ဆိုကြသည်။ တချို့ဖြတ်လမ်းတွေက လူ နွား လှည်းအားလုံး သွားလို့ရပြီး၊ တချို့ကတော့ လူသွားဖို့သာသာ။ တချိုဖြတ်လမ်းတွေက မျက်နှာချင်းဆိုင် ရွာအပြင်ထိ လမ်းပေါက်၏။တချို့ကတော့ ရွာထဲ ဝင်လို့ ဖြစ်ရုံမျှသာ၊မျက်နှာချင်းဆိုင်မှာ ဖြတ်လမ်းမရှိတတ်။

ဖြတ်လမ်းတွေထဲမှာ ခြင်္သေ့လေး လမ်းပေါက်ဆိုတာ ရှိ၏။တခြားဖြတ်လမ်းတွေက ရိုးရိုးမြေသား လမ်းဖြစ်ပေမယ့် ခြင်္သေ့လေးလမ်း ဖြတ်လမ်းက ရွာထဲဝင်လမ်းစပ်မှာ ခုနစ်ပေလောက် အမြင့်ရှိ ခြင်္သေ့နှစ်ကောင်ပုံကို အုတ်ခုံ အခိုင်အခန့် အုတ်ခင်းလမ်းဖြစ်သည်။ယနေ့တိုင် ရှိ၏။

ကျုပ်တို့ ကျောင်းသားဘဝက တောင်ဖက်က ဦးချစ်လှအိမ်သာရှိပြီး၊မြောက်ဘက်မှာတော့ အိမ်မရှိပါ၊ယခုတော့ ဦးစံအေး အိမ်ရှိနေပြီ။ဦးချစ်လှအိမ်ဖက်ခြမ်းတွင် ယနေ့တိုင် တွေ့နေသေးသော မန်ကျည်းပင်ကြီးတွေ စီတန်းပေါက်နေ၏။



မန်ကျည်းများက သရဲခြောက်တတ်ကြောင်းနှင့် ခြင်္သေ့လေးနှစ်ကောက်၏ အောက်မှာလည်း သိုက်ရှိကြောင်း ကျောင်းသား ကိုရင်များက လူကြီးသူမတွေ ပြောစကားအရ သိနေကြ၍ မနက်စောစော ရွာထဲ အရုဏ်ဆွမ်းခံသွားရင် တစ်ယောက်ထဲ မသွားရဲသော နေရာဖြစ်၏။

သူ့အိမ်က သိုက်နှင့်မလွတ်၍ သီလရှင်ဆရာကြီး ဒေါ်ညိုလေးကို ရွှေ့ခိုင်းထားရကြောင်း၊နောက် သူတို့အိမ် နောက် ဖက် ခြံစည်းရိုး ကုက္ကိုပင်မှာ ဥစ္စာစောင့်များ ဒန်းစီးနေကြတာကို တွေ့ဖူးကြောင်း ဦးစံအေးဇနီးဒေါ်ပုကြီး ရှိစဉ်က ပြောဖူးပါသည်။ကျုပ်တို့ ဒေသမှာ သစ်ပင်ကြီးတွေမှာ နွယ်ပင်တွေ တွဲလွဲစွဲနေရင် ဥစ္စာစောင့်တွေ ညကျ ဒန်းစီးသည်-ဆိုသော အစွဲအလမ်းရှိ၏။

မိုးမိုး၊နီနီ-ဟူ၍ သမီးနှစ်ယောက်ရှိ၏။မနက်စောစော စနေပတ် ဆွမ်းထချက်ရာမှာ မန်ကျည်းပင်ငုတ်တိုမှာဖြူဖြူကောင်ကြီး ထိုင်နေတာတွေ့၍ ညီအမနှစ်ယောက် လန့်ဖြန့်ပြီး အိမ်ပေါ်ပြန်တက်ပြေးကြရသတဲ့၊ထိုနေ့ကစ၍ ယနေ့တိုင် အရုဏ်ဆွမ်းကို ထ မချက်ရဲကြတော့။

တစ်ခါတော့ လသာသာညတစ်ည သန်းခေါင်ယံ သူတို့အိမ်မှာ လာအိပ်သည့် မစန်းမြင့်နှင့်နီနီ အပြင်ကို အပေါ့စွန့်ဖို့ ထွက်ကြ၏။ခေါင်းရင်းဖြတ်လမ်းက လူသံကြား၍ ကြည့်မိရာ အမျိုးသမီးသုံးယောက် ဆံပင် ဖားလျားချပြီး စကားတပြောပြောနှင့် သွားနေကြတာကို လှမ်းကြည့်မိလိုက်ကြသတဲ့၊ဟိုက လှဲ့ပြန်ကြည့်ပြီး ပြုံပြသွားကြတာ၊ချောကလဲချော၊လသာသာမှာ အသားကလေးတွေက ဝင်းလဲ့နေတာဆိုပဲ၊ကိုယ့်ရွာက ရွာသူတွေ မဟုတ်ဆိုတာ ချက်ချင်းသိပြီး အိမ်ပေါ်လန့်ပြေးကြရသည်။တစ်ညလုံး လန့်ပြီး အငိုမတိတ်နိုင် ဖြစ်ခဲ့ရသတဲ့။တိုက်ဆိုင်စွာ နောက်နေ့မနက်မှာ နောက်ဖက်အိမ်က ကိုကျောက်ဒိုး၏ သား မောင်ဆိတ်ကြီး ရေနစ် သေသွားရှာသည်။ရွာမှာ ရေတက်နေချိန်ကို။

အဲဒီလမ်းကြားက သားစိမ်းငါးစိမ်း ဆွဲသွားရင်လဲ လန့်တတ်၏။ဟိုတစ်နေက မိုးမိုးနှင့် တွေလို့ သူမက“မနက်(၄) နာရီလောက်ကစလို့ ပရိတ်ရွတ်၊ ပဋ္ဌာန်းရွတ်၊ တရားထိုင်နေတုန်း ယခုတစ်လော၊ လမ်းကြားထဲက ချူသံတွေကြားလာရတယ်၊

နောက်ဖက်အိမ်က ဘကြီးတို့ကလဲ ကြားကြတယ်လို့ ပြောကြတယ်၊အဲဒါ ဘာပြုလို့လဲ”ဟု မေးလာပါသည်။

“ငါတို့ ငယ်ငယ်က ကြားဖူးတဲ့ အတိုင်းဆို၊သိုက်တွေ လှည်းတွေနဲ့နေရာ ပျောင်းကြတာနေမှာ့ပေါ့၊ဒါမှဟုတ်လဲ နင်ပဋ္ဌာန်းရွတ်တာကို ကြည်ညိုကြလို့ နေမှာပေါ့၊ဆက်ရွတ်၊မွေးရနံ့တွေ မွေးကြိုင်လာလိမ့်မယ်” လို့ ပြောလိုက်ရပါသည်။

သိုက်လို့ခေါ်သော ဥစ္စာစောင့်တွေကိုလည်း နာနာဘာဝခေါ်ဆိုရမယ်ထင်ပါသည်။စာအလိုကတော့ ဥစ္စာစောင့်ကို ဝေမာနိကပြိတ္တာ စာရင်းမှာ သွင်းထား၏။ခြင်္သေ့လေးလမ်းကြား ဧရာဝတီမြစ်တိုင် ဒိုယိုပေါက်ဖြစ်၍ ရေမျှောကမ်းတင် နာနာဘာဝတွေလည်း ဝင်မယ်ဆို ဝင်လာနိုင်၏။

ကျုပ်က(၁၄)နှစ်သားမှာ ကိုရင်ဝတ်ဖြင့် အမရပူရမြို့၊မဟာဂန္ဓာရုံကျောင်းတိုက်ကို စာသင်ဖို့ ရောက်ခဲ့၏။ဆရာတော်ကြီးက မနက်အာရုံဆွမ်း ဘုဉ်းပေးပြီးရင် တစ်ကျောင်းတိုက်လုံးရှိ သံဃာတွေကို ဩဝါဒနေ့စဉ်ပေးပါသည်။နေ့စဉ်ဆိုတော့ လောကဓမ္မစသည့် အကြောင်းအရာတွေက စုံမှစုံ၊ဆရာတော်ကြီးက ကျမ်းပြုအကျော်ဆိုတော့ အကြောင်းအရာ တိုင်းကစိတ်ဝင်စားစရာ၊ဩဝါဒတက်ကြရတာ မပျင်းကြပါဘူး၊ ကျောင်းတိုက်နှင့်နီးသော အိမ်တွေက ဒကာဒကာမတွေလည်း ဩဝါဒကို နေ့စဉ် လာပြီး နာကြပါသည်။

အကြောင်အရာစုံသမှ သရဲအကြောင်းလဲ ဘယ်လွတ်မလဲ၊ဆရာတော်ကြီး ပြောပြသည့် နာနာဘဝအကြောင်းမှာ-မဟာဂန္ဓာရုံကျောင်းတိုက်ကြီး တည်ထောင်စက၊ကျောင်းတိုက်၏ တောင်ဖက် တောင်မင်းကြီးဘုရားရှေ့မှာ ဦးမှုန်ကြီးအမည်းဖြင့် ဦးဇင်းကြီးတစ်ပါးနေသည်။ဦးမှုန်ကြီးက လူဘဝတုန်းက ပေတေသောက်စားတဲ့ လူရွတ်လူပျော်ကြီး၊ကြီးမှ သင်္ကန်းဝတ်လာတာ၊ ဆရာတော်ကြီးကလဲ နာမည်မကျော်သေး၊ မကြီးပွားသေး၊သူဆွမ်းခံလို့ရသော စားဦးစားဖျား ဆွမ်း/ ဆွမ်းဟင်းများကို ဆရာတော်ကြီးကို ကြည်ညိုတော့ ဦးဦးဖျားဖျား လာကပ်လေ့ရှိ၏။

သံဃာကလည်း တိုက်တည်စမှာ ငါးပါးမျှရှိ၍ ကျောင်းနီးနားအချင်းချင်း ယိုင်းပင်ဟန်လဲ တူပါသည်။ဦးပိန်တံ တားနား ကပ်ရက် ဆောင်းတန်းမုခ်ဦး၊အာရုံခံတန်ဆောင်း၊တံတိုင်းအကာအရံတွေနဲ့ ဥာဏ်တော်အမြင့်ပေ(၃၅)ပေ လောက်ရှိ ဆင်းတုတော်ကြီးကို တောင်မင်းကြီးဘုရားလို့ ခေါ်ပါသည်၊ကျုပ်တို့ စာသင်သားဘဝတုန်းက၊ယခုလို ဦး ပိန်တံထားကြီးက မစည်ကားသေး၊ အကျော်ဆိုင်လေး တစ်ဆိုင်ဘဲရှိ၏၊သတ္တဋ္ဌာန စေတီဟောင်း၊ဘုရာအိုဘုရားပျက် သစ်ပင်ပိတ်ပေါင်းတွေဖြင့် နေခင်းပိုင်းတောင် တစ်ယောက်ထဲ မသွားရဲသည့်နေရာ။

ယခင်တုန်းကတော့ သူငယ်ချင်းနှစ်ပါးနေတာ၊နောက်အတူနေ ဦးဇင်းကြီးက ပျံလွန်တော်မူသွား၍ တစ်ပါးထည်း ဆက်နေသည်၊ ညညဆို သေသွားသည့်ဦးဇင်းကြီးက လာလာခြောက်သတဲ့၊ဦးမှုန်ကြီးကလဲ “ မင်းကွာ လူတုန်းကမှ မကြောက်တာ၊သရဲဖြစ်နေမှတော့ မင်းကို ဘာလို့ ကြောက်ရမလဲ” ဆိုပြီး ဆဲဆိုကာ တွေ့ရာဖြင့် ပစ်ပေါက်နေကျ။

တစ်ညမှာတော့ သရဲခြောက်နေတုန်း ကုဋီတက်ချင်၍ ကုဋီသွားတက်တာ၊ကုဋီက ယခုခေတ်လို ရေလောင်းကုဋီ မဟုတ်တော့၊ကြမ်းပေါက်ကို ချေနင်းပြီး စွန်းရတာ၊အဲဒီမှာ တွဲလောင်းကျနေတဲ့ ဦးမှုန်ကြီး၏ ရွှေအုကို သူငယ်ချင်းသရဲက စွဲထားပါလေရောတဲ့၊ ဒီတော့မှ လူတုန်းကတောင် မကြောက်ဘူးဆိုသည့် ဦးမှုန်ကြီး သန်ခေါင်ယံကြီးမှာ ကျောင်းတိုက်ထဲကို ငယ်သံကိုပါပြီး အူးရားဖားယား အော်ပြေးလာ၍ ဆရာတော်ကြီးက တစ်ည ကျောင်းမှာ သိပ်ထားပေးရကြောင်းကို ခုတိုင် ကျုပ်မှတ်မိနေသည်။

လေးစားရသည့်ပြင် နာမည်ကျော် ဂုဏ်ဟိတ် ကြီးမားလှသောဆရာတော်ကြီး ပြောပြတာမို့ အမှန်ဖြစ်မည်။ကျေးရွာကျောင်းအချို့ရောက်၍ ညဖက် ကုဋီတက်လျှင် သစ်သားကုဋိများဆိုက ဦးမှုန်ကြီး၏ ဖြစ်အင်ကို တွေးမိပြီးအောက် ငုံကြည့်ကာ ကြောက်ရမလိုရယ်ပါ။

ဆရာတော်ကြီးက ပြောပြပါသေး၏။လူတစ်ယောက်က သရဲ အင်မတန် ခြောက်တယ်ဆိုသည့် သစ်ပင်ကြီးရှိရာကို သရဲအခြောက်ခံရအောင် သွားသတဲ့။သစ်ပင်အောက်ရောက်တော့ သရဲ ဘယ်တော့များ ခြောက်ပါလိမ့်မလဲ၊ဘယ်လိုများ ခြောက်မှာပါလိမ့်မလဲ-ဆိုကာ သရဲအခြောက်ခံရဖို့ကို စောင့်နေ၏။

“သရဲကလဲ ဒီလောက်တောင် အခြောက်ခံချင်တဲ့ကောင် သိကြရောပေါ့ကွာ”တွေးပြီး မျက်လုံကို လင်းကွင်းလောက်ကြီး ပြူးပြလိုက်သည်။

“ဪသာ် သရဲဆိုတာ မျက်လုံးအတော်ပြူးတာကို၊အင်း ဘယ်တော့များ ခြောက်မှာပါလိမ့်”လို့ တွေးနေသတဲ့။ နောက် သရဲက လျှာကြီးထုတ်ပြလိုက်သည်။

“အံမယ် သရဲဆိုတာ မျက်လုံးတင်ပြူးတာ မဟုတ်ဘဲ၊လျှာကလဲ အကြီးကြီးကို” အင်း မခြောက်သေးပါလား-ပေါ့

သရဲက လက်မဲကြီးဖြင့် လှမ်းကော်လိုက်၏၊

“အလို လက်ကြီးကလဲ မဟားဒယား ကြီးတာပါကလား၊အမွေး အမျှင်တွေကလဲ ထူးလွန်းပါရဲ့” လို့ အံ့ဩလို့ပေါ့။

သရဲကလဲ ဒီလောက်ရှိလှတဲ့အကောင် သိကြရောပေါ့ကွာ၊ နားရွက်တစ်ဖက်ကို ခင်းပြီး၊နားရွက်ဆစ်ဖက်ကို ခြုံကာ အိပ်ပြလိုက်ပါတော့၏။

“အို အတော်ကြီးတဲ့ နားရွက်တွေပါလား၊ခြုံလို့လဲ ရ၊ခင်းအိပ်လို့လဲ ဖြစ်၊သရဲဆိုတာ အင်္ဂါခြေလက် အတော်ကို ကြီးတာပါကလား၊ဘယ်တော့များ ခြောက်မှာပါလိမ့်” ဟူ၍သာ ဆက်သာတွေးနေ၏။

သရဲလည်း ဘယ်လို ကြောက်အောင် ဆက်ပြီးချောက်ရပါ့မလဲ-ဟု စဉ်းစားရင်း ခေါင်းစားနေတော့၏။ဆရာတော် ကြီး ပြောပြတာက ဒီလောက်ပါဘဲ။

နာနာဘာဝတွေက ခြောက်တတ်၏။ နောက်တတ်၏။ သူသဘာဝအတိုင်း အေးအေးလူလူ နေတတ်၏၊ကုသိုလ် ကောင်းမှုကို သူတို့အတွက် ပြုပေးစေချင်ကြ၏၊ လူတိုင်းတော့ သူတို့ကို မမြင်နိုင်ကြ။သို့ပေမယ့် သူတို့ရှိနေကြ၏။



အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

2011-ခု၊ မတ်လ၁၉-ရက်၊ စနေနေ့။

မေတ္တာများဖြင့် မေတ္တာဥယျာဉ်

www.ashinsirinda.com

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP