*၀ိပဿနာအစ သံဝေဂ…(၃)*
ဝိပဿနာက တကယ့်အသေကို ကြည့်တာလို့ မှတ်ကြ။ ဒါဖြင့်ရင် ထပ်ခါထပ်ခါ ပြောနေတာက ခုနေ သေခဲ့သော်ဆိုပြီး တွေးပါနော်။
ကဲ သေတာကို အရင် စဉ်းစားရအောင်နော်။ တစ်ယောက်တည်းနေလည်း ခုနေ သေသွားပြီ ဆိုပါတော့နော်။ သေခါနီးလေးကို ပုံဖော်လိုက်ပါ။ ကိုယ့်မှာ ခင်ပွန်းသည်ရှိမယ်၊ သို့မဟုတ် ဇနီးသည်ရှိမယ်။ အဖေအမေ ရှိမယ်၊ စီးပွားတွေ မရှိဘူးလား.. အိပ်ယာ ခြင်ထောင် ခေါင်းအုံးကအစ အကုန်လုံး ကိုယ် ကြိုက်တတ်တဲ့ အရာအားလုံးကအစ သေရင် မထားခဲ့ရဘူးလား.. ဒါဖြင့် စကားအရ၊ လောကစကားအရ ပိုင်တယ်လို့ ပြောသော်လည်းပဲ တကယ်ပိုင်လား.. မပိုင်ဘူး။ ဒီကိုယ်လုံးကြီး လက်တွေ၊ ခြေတွေကအစ လူသေဖြစ်ပြီဆိုတော့ သူ့ကို ယူသွားလို့ရလား.. ထားခဲ့ရမှာပဲ။ သဘောပေါက်လား။
ဆက်တွေးလိုက်ပါဦး.. ကဲ ဘယ်လောက်လှတယ် ပြောပြော ပုပ်ပွသွားလို့ရှိရင် လှသေးလား.. အေးပေါ့ ပျက်စီးသွားမှာပဲလေ။ ဒါဖြင့် အဲလိုအဆုံးပန်းတိုင်ကို၊ အဆုံးဖြစ်မှာကို သိတဲ့အခါကျတော့ ပြင်ရဆင်ရတာလည်း အပိုအလုပ်လို့ မြင်မလာဘူးလား၊ ဟုတ်တယ်.. အဲတော့ အကြိမ်ကြိမ် နှလုံးသွင်းနော်။ အကြိမ်ကြိမ် ပွားပါ။ ခုနေ တစ်ယောက်တည်းလည်း အချိန်မရွေး သေနိုင်တယ်.. ခုနေ မသေနိုင်ဘူးလား.. ခုနေ သေလို့ရှိရင် ကဲ.. အိမ်ပြန်ဖို့ အချိန်တောင် မရဘူးလေ၊ သဘောပေါက်လား.. ကားစီးရင်းလည်း မသေနိုင်ဘူးလား၊ အချိန်မရွေး သေနိုင်တယ်၊ ဒါကြောင့်မို့ ဘုရားက အကြိမ်ကြိမ် ပွားပါတဲ့။ သဘောပေါက်လား၊ နှလုံးသွင်းရမှာနော်၊ အဲလို သွင်းခြင်းအားဖြင့် အင်မတန် ကောင်းကျိုးတွေ ရပါလိမ့်မယ်၊ ကောင်းကျိုးတွေ အများကြီး ရပါတယ်။ တွေးလို့ တောင့်တတွေနည်းရင် ကြောင့်ကြတွေလည်း နည်းလာတယ်။ သဘောပေါက်လား။
ချမ်းသာတာကတော့ ဘာမှ မခက်ဘူးနော်၊ ချမ်းသာတာကို သိပ်ပြီး မတောင့်တနဲ့၊ ဒါကိုသာ အာရုံသွင်းပေး၊ ချမ်းသာတာက မခက်ဘူး၊ သေခြင်းတရားကို နားလည်တဲ့ ပုဂ္ဂိုလ်က မာနကျပြီးသား၊ ဘာကျပြီးသားလဲ.. မာနကျပြီးသား.. မာနကျတဲ့ ပုဂ္ဂိုလ်က မေတ္တာဝင်တာ ဘာမှ မခက်တော့ဘူး၊ အော် တို့အားလုံး သေဖော်သေဖက် တွေပဲ၊ မေတ္တာကူးပုံလေး မှတ်ထားနော်.. သေခြင်းတရား ပွားများရင်းနဲ့ ကုသိုလ်ကူးပုံလေး မှတ်ထားနော်။ သေခြင်းတရားကို ပွားရင်း.. အော် အားလုံးသေမယ့် သူတွေပဲ၊ မသေခင် ခဏလေး နေကြတာ၊ သဘောပေါက်လား၊ မသေခင် ခဏလေး တွေ့ကြရတာ.. ရင်ထဲ အေးကြပါစေ၊ မေတ္တာနဲ့ပဲ ရင်ထဲအေးအောင် စောင့်ရှောက် သွားတော့တာပေါ့။ မာနကျရင် မေတ္တာ ပေါ်မလာဘူးလား.. ပေါ်လာတာ.. သဘောပေါက်လား.. မေတ္တာနဲ့ မာနနဲ့ ဆန့်ကျင်ဘက်၊ ပြန်ပြောကြည့်ပါဦး၊ မေတ္တာနဲ့ မာန ဆန့်ကျင်ဘက်၊ ပြန်ပြောကြည့်ပါဦး၊ မေတ္တာနဲ့ မာနနဲ့ ဆန့်ကျင်ဘက်။
သေချာမှတ်နော်.. သေမှာကို သတိရတော့ကာ မာန်ကျပြီးတော့ အော်.. အားလုံး သေဖော်သေဖက်တွေပဲ ဆိုပြီး မြင်တတ်လာတယ်၊ သံသရာကိုလည်း ဆန့်လိုက်တော့.. အကြိမ်ကြိမ် သေခဲ့ပါများတော့.. အော် မတော်ဘူးတဲ့ ပုဂ္ဂိုလ် မရှိတော့ဘူးတဲ့.. မိဟောင်း ဖဟောင်းတွေ တော်ဘူးတာချည်း ပဲတဲ့၊ အကုန်လုံး အမျိုးချည်းပဲလို့ မြင်ရမှာတဲ့။ မေတ္တာကူးပုံနော်၊ ဘုရား ကူးပြပုံလေးက.. အကြိမ်များစွာ၊ ဘ၀များစွာ သေခဲ့တာက များပြီတဲ့.. မတော်ဘူးတဲ့ အမျိုးလည်း မရှိတော့ဘူး၊ သဘောပေါက်လား၊ နောက်ဆုံး မိဟောင်းဖဟောင်း အကုန် တော်ခဲ့ဘူးတာချည်းပဲတဲ့။ နှလုံးသွင်းရတယ်၊ တော်တော်ကြာ သေကြမှာဆိုတော့.. မသေခင် ခဏတွေ့ကြတာမှာ ကဲ.. ချစ်ချစ်ခင်ခင်နေဖို့ မလိုဘူးလား။
ဒါကြောင့် အိမ်တစ်အိမ်မှာ အဖွားအိုတစ်ယောက် ရေးထားတယ်၊ နေရမယ့်သက်တမ်းက တိုလွန်းလို့ပါ၊ ချစ်ချစ်ခင်ခင် နေကြပါ လို့ရေးထားတယ်။ နေရမယ့် သက်တမ်းက တိုလွန်းလို့ပါ၊ ချစ်ချစ်ခင်ခင် နေကြပါ တဲ့။ သူတို့မိသားစု အင်မတန် စည်းရုံးတာ၊ တကယ် ပျော်စရာ ကောင်းတာ၊ စိတ်ချမ်းသာရတယ် မိသားစုတွေက.. အဲဒီစာ တစ်ကြောင်းတည်းနဲ့ အဖွားအိုကြီးက ထိန်းထားတာ၊ နေရမယ့် သက်တမ်းက တိုလွန်းလို့ပါ၊ ချစ်ချစ်ခင်ခင် နေကြပါ ဆိုကတည်းက မာန ကျနေပြီလေ၊ တော်တော်ကြာ သေမယ့်အတူတူ ဘာမှ မာန်တက်စရာ မရှိဘူး၊ အကုန်ထားခဲ့ရမှာပဲကို၊ ပြိုင်စရာကော လိုသေးလား၊ ရွှေပြိုင်ရင်လည်း အဲဒီရွှေက ထားခဲ့ရမှာလေ၊ ငွေပြိုင်လည်း ငွေက ထားခဲ့ရမှာ၊ စိန်ပြိုင်လည်း စိန်က ထားခဲ့ရမှာ၊ ကိုယ့်ဟာကိုယ် ၀ါးစားလို့မှ မရတဲ့ဟာ၊ သေတော့ ကယ်နိုင်လို့လား.. မကယ်နိုင်ဘူးလေ။
အဲတော့ ပြိုင်ဖို့ လိုသေးလား.. ကားပြိုင်လည်း ကားက ထားခဲ့ရမှာ၊ တစ်ခြားစီပဲလေ.. သဘောပေါက်လား၊ သေမယ့် မသာနဲ့က ဘာမှ မဆိုင်ဘူးလေ.. ခဏလေး သုံးရတာမို့ ပြိုင်စရာလိုလား.. ကိုယ့်ရှိလည်း သူ့ပေးစီး၊ ပေးသုံး၊ ဒီလိုပဲ မျှမျှတတပေါ့.. မေတ္တာနော်.. မပြိုင်တော့ဘူးနော်၊ မာနနဲ့ ပြိုင်သေးလား.. အင်မတန် အေးချမ်းပြီလေ၊ သေခြင်းတရား ကမ္မဋ္ဌာန်းတစ်ခု ကိုင်လိုက်တာနဲ့ကို မေတ္တာပါ ပါသွားပြီ။
ဘုန်းဘုန်းတို့တတွေ အခု ခဏလေး တွေ့ကြရတာနော်၊ တော်တော်ကြာရင်၊ သက်တမ်းအားဖြင့် ကြည့်ရင် သေကြမှာလေ၊ သဘောပေါက်လား.. သေရင်လည်း အကုန် မထားခဲ့ရဘူးလား၊ အဲဒီတော့ ရှိတဲ့ ပစ္စည်းတွေက ဘာမှ ပြိုင်စရာမှ မဟုတ်တာဘဲကို.. နားလည်တယ်နော်၊ များစွာလည်း ချမ်းသာဖူးပြီ၊ များစွာလည်း ဆင်းရဲဖူးပြီလေ.. နားလည်မလား၊ အဲတော့ မာန်ချရမယ်နော်.. မေတ္တာ သွင်းကြမယ်နော်.. မသေခင်ခဏမှာ နှလုံးအေးအေးနဲ့ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း စောင့်ရှောက်ရင်းနဲ့.. ကဲ.. ကုသိုလ်စွမ်းအားတွေ ၀င်မနေဘူးလား.. အဲတော့ ဟိုချမ်းသာတာက မတောင့်တလည်း ချမ်းသာတော့မှာပဲ၊ ဒါန ပါသွားပြီလေ၊ သဘောပေါက်လား၊ သေခြင်းတရား ကမ္မဋ္ဌာန်း ကိုင်လိုက်တာနဲ့ကို မေတ္တာ အပြည့်ဝင်တော့ ဒါနခန်းတွေလည်း အောင်မသွားဘူးလား။ အို.. လုပ်နေရင်းနဲ့ ချမ်းသာက ၀င်လာတော့တာပဲ။ သဘောပေါက်လား၊ နှစ်ဖက်ပြီးတယ်နော်။
ကဲပြီးရင် ဘယ်တော့မှ မသေရအောင် ဘာလုပ်မလဲ.. မေးခွန်းတစ်ခါလာတယ်၊ စက်ဝိုင်းဒေသနာ ပြန်သွားရအောင်နော်။
ဘယ်တော့မှ မသေရအောင် ဘာလုပ်မလဲဆိုတော့.. ဘုရားက အဲဒီမှာ ပညာ၊ အမြင့်ဆုံးပညာ သင်ပြီနော်၊ ဒီနေရာမှာ ဘုန်းဘုန်းတို့ အ၀ိုင်းပြေး လည်တဲ့နေရာမှာ တဏှာအစပ်က ထွက်လမ်းတဲ့၊ အဲဒါ တကယ့် အသေကို ကြည့်တာတဲ့၊ ဘာကိုကြည့်တာလဲ.. တကယ့် အသေကို တွေ့ရင် ပြီးပြီတဲ့၊ တကယ့် အသေမြင်လို့ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံ မလာတော့ဘူး၊ ကမ္မဘ၀ မရှိလို့ရှိရင် ဇာတိ မလာတော့ဘူး၊ ဇာတိ မလာတော့ရင် နောင်တစ်ဖန် မသေရတော့ဘူး၊ သဘောပေါက်လား၊ ဒီဘက်က နံပါတ် ၂-အကွက်က တကယ့်အသေကို ပြတာ၊ ပရမတ္ထ- တကယ့်အသေနော်၊ တကယ်ရှိတဲ့ အသေကို ပြတာ၊ ကိုယ့်အသေကိုယ် မြင်အောင် ပြတာ၊ အဲဒါကို ဉာဏ်နဲ့ မြင်တဲ့အခါ (အ၀ိဇ္ဇာမှာ) အ ပြုတ်လို့ တကယ့် အလင်းဓာတ်နဲ့ ဒါကို သဘောပေါက်သွားရင် တကယ့်အသေ တွေ့ပြီတဲ့။
အဲတော့ အချိန်တိုင်း တကယ်သေတာကို မြင်နေလို့ရှိရင် တဏှာ မလာတော့ဘူး၊ ကဲ ရိုးရိုးလေးပဲ စဉ်းစား၊ အခု သေခြင်းတရားကို လှည့်လိုက်တာတောင်မှ ဖြစ်ချင်တာတွေ နည်းမသွားဘူးလား၊ ဟုတ်တယ်.. တဏှာ နည်းသွားတာ၊ လိုချင်တာတွေ နည်းမသွားဘူးလား၊ ဟုတ်တယ်နော်၊ တကယ့်အသေကို တွေ့ပြီဆို တဏှာ လုံးဝ မလာတော့ဘူးလေ၊ တောက်လျှောက် သေတာတွေ့နေရင် တဏှာ လာစရာ အကြောင်းမှ မရှိတာ၊ သဘောပေါက်လား၊ လွယ်လွယ်လေးရယ်၊ မရှုပ်ဘူးနော်။
ဒါဖြင့် အားလုံးဟာ၊ သွားလာနေတဲ့ ပုဂ္ဂိုလ် အကုန်လုံးဟာ ဘာကိုမေ့လဲဆိုရင် သေခြင်းတရားကို တအား မေ့နေကြတာ၊ သဘောပေါက်လား၊ မေ့လို့လည်းပဲ မာန်တက်ပြီးတော့ကာ လိုက်လို့ မဆုံးနိုင်ကြဘူး၊ တီထွင် ကြံဆတာ ဘုန်းဘုန်းတို့ မပြောလိုပါဘူးနော်၊ ကျေးဇူးတင်ပါတယ်၊ လုပ်ကြပါ၊ အဲ.. လုပ်ရင်းနဲ့တော့ သေခြင်းတရားကို မမေ့ရဘူး၊ မသေခင်လေးမှာ အများချမ်းသာအောင် ကြိုးစားပြီး လုပ်ပေးမယ်၊ လုပ်ပေးမယ် ပေါ့နော်.. ဆိုတဲ့ စိတ်မွေးပါ၊ မမှားပါဘူး၊ အရှည် ချမ်းသာအောင်တော့ စောင့်ရှောက်ခဲ့မယ်၊ မသေခင် အများချမ်းသာအောင်၊ မျိုးဆက်သစ်တွေ ချမ်းသာအောင် စောင့်ရှောက်ခဲ့မယ်၊ ကိုယ်က သေမှာလေ၊ အဲလို စိတ်မျိုးနဲ့ လုပ်ရင်ကောင်းတယ်၊ မေ့မေ့လျော့လျော့ မလုပ်ရဘူးနော်၊ ကိုယ်မသေခင် မျိုးဆက်သစ်လေးတွေ စောင့်ရှောက်ပေးခဲ့မယ်၊ တီထွင်ပေးခဲ့မယ်၊ ဒီလို လုပ်ရမှာနော်။
{11.11.2009 ရက်နေ့တွင် စင်္ကာပူနိုင်ငံ တရားစခန်းတွင် ဟောကြားသော ပိုင်းလော့ ဆရာတော်ဘုရား၏ တရားတော်မှ ထုတ်နုတ်ရေးသား ပူဇော်ပါသည်။}
*၀ိပဿနာအစ သံဝေဂ…(၁)* >>> http://www.apymt.com/?p=1954
*၀ိပဿနာအစ သံဝေဂ…(၂)* >>> http://www.apymt.com/?p=2216
ဆရာတော်ဘုရား၏ ဂုဏ်ကျေးဇူးတို့အား ဦးတင်လျက်
ဖိုးသား
0 comments:
Post a Comment