* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, March 29, 2011

မကျန်းမာခြင်းသည် လာဘ်တစ်ပါး (ကံထွန်းသစ်)

( ကျေးဇူးဥဒါန်း )

ဆရာတော်ဦးဇာဂရ(စာရေးဆရာကံထွန်းသစ်) နေထိုင်ခွင့်ဘဝသက်တမ်းတိုးချိန်က ကိုယ်တိုင် ရင်ထဲက ခံစားမှုလေးတွေကို စာရေးဆရာ ပီသစွာ ထိထိမိမိ ရေးချစ်ထားတဲ့ မေတ္တာဓာတ်တွေ စိမ့်ဝင်နေတဲ့ ကျေးဇူးမှတ်တမ်းစာစု လေးများပါ။ ကျေးဇူးတုံ့လှဲ့ စာစုလေးမို့ ကျေးဇူးရှင် အားလုံး အတွက် မေတ္တာများဖြင့် မျှဝေလိုက်ပါတယ်။

အာရောဂျ ပရမာ လာဘာ တဲ့၊ လူတိုင်းကြားဖူးယုံမက နားရည်ဝနေတဲ့ စကားပါ၊ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုတဲ့ အဓိပ္ပါယ်ကိုလည်း အားလုံးစွဲယုံပြီးသား၊ "လက်တွေ့ အသုံးချ တရားတော်အဖြစ် နှစ်သက်လိုက်နာလို့ မရိုးနိုင်တဲ့ ဒေသနာလည်းဖြစ်ပါတယ်။

အဘယ်သူ မနှစ်သက်၊ မလိုက်နာလိုဘဲ ရှိပါအံ့မလဲ။ ဟုတ်မှန်ကျိုးရှိတဲ့ စကားကိုသာ ဆိုတော်မူတတ်တဲ့ သုဂတဂုဏ်ရှင်ရဲ့ နှုတ်ထွက်ပဲဟာ။ သိပြီးကျင့်သူ အတွက် မသွေအကျိုးဖြစ်စေတဲ့ လမ်းညွှန်ချက်လေ။

အဲဒီလိုစဉ်းစားနေမိတာကတော့ ကိုယ်တိုင် အိပ်ယာထက်မှာ လှဲနေရချိန်ကပါ။ နှင်းမုန်တိုင်းနဲ့တိုးပြီး အက်ဆီးဒင့်ဖြစ်ပြီးကာစပေါ့။ နာတာရှည်ရောဂါ သည် မဟုတ်လေတော့၊ ဝေဒနာဖိစီးမှုက သိပ်မပြင်းလှလို့၊ ရုပ်ကနာပေမဲ့ နာမ်ကသိပ်မနာဘူးလို့ ဆိုရမှာပေါ့။ ဒီတော့ ခန္ဓာက အိပ်ယာမှာလှဲနေရပေမဲ့ စိတ်ကတော့ လှည့်လည်သွားလာနေတာပေါ့။ ဒါကြောင့် အာရုံကျရာ စိတ်ကပါရင်း.......အတွေးအမြှင်တန်းနေရာက ဘဝကိုပြန်လည် ဆင်ခြင်လာမိ တယ်။ ၂ဝဝ၇ စက်တင်ဘာနားမှာ ကွယ်လွန်သွားရှာတဲ့ မယ်တော်ကြီးကို တမ်းဆွတ်ချိန်ပိုနေတယ်လေ ။ အော်……အမေများ ကြားရင်ဆိုတဲ့ အတွေးတေ……”ဘိတ်မသိ အလျင်မသိတဲ့ လူတွေနဲ့ ဘက်ပြိုင်မနေနဲ့နော် ဦးဇင်း ဆိုတဲ့ အသံတွေ၊ ကြားယောင်မြင်ယောင်လို့ပေါ့။

အမေမျက်စိမှိတ်သွားတဲ့ နောက်မှာတော့ တစ်နေရာကနေ တစ်နေရာ၊ တစ်ရပ်ကနေ တစ်ရွာ၊ တစ်မြေကနေ တစ်ရေ၊ ရွေ့ လျှားသွားလိုက်တာ... အခုဆိုဘယ်လိုမှ စိတ်မကူးခဲ့တဲ့ ကမ္ဘာရဲ့တစ်ဘက်ခြမ်းမှာ.........

ပြီးခဲ့တဲ့ နွေဦးရာသီကပဲ ဘော်ဒွင်ပါ့ခ် ဓမ္မဇောတိကျောင်းဆရာတော် ဦးဂုဏိဿရရဲ့ အရင်က မမြင်ဘူးမတွေ့ဘူးခဲ့ကြပေ မယ့် လောကကြီးကိုကောင်းစေချင်တဲ့ စေတနာချင်းတူ၊ ယုံကြည်ချက်ချင်းတူတဲ့ သံယောဇဉ် နဲ့ စောင်မမှု၊ ယူတီကာ ဦးပညာတို့ရဲ့ ဖေးမ မှုနဲ့ ရေမကြည် မြက်မနုသေးတဲ့ နေရာလေးမှာ လိုလိုလားလား အခြေချဖြစ်ခဲ့ပြီ။ ရန်ကုန်မှာ ကိုယ်မရှိလို့ အရာမယွင်းပေမဲ့ ဒီက ညာတိတွေ အတွက်တော့ ကွက်လပ်လေးတစ်ခု ပြည့်တန်ကောင်းရဲ့ပေါ့၊ အဲဒီလိုနဲ့………

တွေးဆဲမှာပဲ ခေါင်းအုံးနံဘေးက ဖုန်းမြည်လာလို့ ကိုင်လိုက်တော့ ဟဲလို.... ဆရာတော် သတင်းကြားကြားချင်း ဆက်လိုက်တာ၊ မောင်ခမာ ဝုဓပြောပြလို့၊ အခုဘယ့်နှယ်နေသေးလဲ၊ မသေကောင်း မပျောက်ကောင်းဆရာတော်ရယ်... တဲ့၊ အော်ရီဂွန်က မေတ္တာဥယျာဉ် ဝဘ်ဆိုဒ်ပိုင်ရှင် အရှင်သိရိန္ဒ၊ ဖြစ်ကြောင်းကုန်စဉ်ပြောအပြီးမှာတော့ ဘာပဲဖြစ်ဖြစ် စာရေးပျင်းတဲ့ ဆရာတော်ကို စာရေးဖြစ်အောင် ကံကြမ္မာက ကုန်ကြမ်းပေးတာလို့ တပည့်တော်ထင်တယ်၊ အဲဒီအကြောင်းလေး သက်သာတဲ့အခါ ရေးပေးပါဘုရားနော် တဲ့၊ အယ်ဒီတာပီသပါပေရဲ့လို့ စိတ်ကမှတ်ချက်ချလိုက်တယ်။

သူတိုက်တွန်းသလို ကိုယ်တွေ့မို့ ပြန်ရေးဖို့ မဆွကတည်းက ရည်ရွယ်ရင်းပါ။ စာရေးဖို့ကုန်နေတဲ့ ကိုယ့်စိတ်တွေ ပြန်ရလိုက်သလိုပေါ့၊ စာရေးဆရာတို့၊ အနုပညာသမားတို့ဆိုတာ ကမာကောင်လေးတွေလိုပဲတဲ့၊ ကမာလေးတွေဟာ ဝမ်းထဲရောက်လာတဲ့ ကျောက်ခဲလို မာကြောတဲ့ အရာတွေကြောင့် နာကျင်ခံစားရတဲ့အခါ နာကျင်မှုပျောက်စေဖို့ အဲဒီအရာကို ညှစ်ထုတ်ရတဲ့ အရည်တစ်မျိုးနဲ့ ဖုံးရင်းဖုံရင်း လှပတဲ့ ပုလဲလုံးလေးတွေ ဖြစ်လာရတာတဲ့၊ အခုလည်း...............။

ဒီလိုနဲ့ ကိုယ်တွေ့ဆောင်းပါး သက်တန်းတိုးချိန် ကိုရေးပြီး အွန်လိုင်းမှာ တင်လိုက်တယ်ဆိုပါတော့၊ သတင်းကွန်ယက် ကူးလူးဆက်သွယ်မှု လျင်မြန်လှတဲ့ ကမ္ဘာကြီးမှာ အဲဒီဆောင်းပါးလေးပျံ့ နှံ့သွားလိုက်ပုံက...

ဘုန်းဘုန်း တပည့်တော် ကိုမျိုးပါ၊ အွန်လိုင်းမှာ ဖတ်ရလို့၊ လိုအပ်ရင် ဒီ LA မှာလာကုဖို့ တပည့်တော် စီစဉ်လိုက်ပါမယ် အမေရိကား ကိုရောက်တဲ့နေ့က လေဆိပ်မှာ လာကြိုခဲ့တဲ့ ကိုမျိုးနဲ့ ပပတို့ မောင်နှံ၊ ကမ္ဘာပေါ်မှာ ကားအများဆုံးဒေသကြီးကို ခြေအချ၊ လမ်းစည်းကမ်း လူစည်းကမ်းတွေ ကိုယ့်ဆီကလိုမှတ်လို့ လမ်းဖြတ်မကူးရဲခဲ့၊ အဲဒီကတည်းက ဖေးမကူညီခဲ့ကြတာ ယခုတိုင်...။

အဲဒီနောက်မှာတော့ ဆက်တိုက် ဆက်တိုက်ဆိုသလို တပည့်တော် မသက်မာပါ၊ ကိုမောင်နဲ့ နန်းမိုခမ်းလည်းပါတယ်လေ၊ စာဖတ်ရပြီး စိုးရိမ်လို့ အခုဘယ့်နှယ်နေသေးလဲ၊ ဘာဆောင်ရွက်ပေးရမလဲ ဘုရား အော်.မကြာမှီက မင်္ဂလာဦးတရား သွားရောက်ချီးမြှင့်ပေး ခဲ့ရတဲ့ အော်ရီဂွန်က မောင်နှံအသစ်လေ၊ အဝေးကနေ လှမ်းပူကြရှာသူတွေပေါ့၊ ခင်မင်ရင်းနှီးသူတွေရဲ့ မေတ္တာစေတနာကို ခံစားရလို့ထင်ရဲ့ ဒဏ်ကိုမေ့ကာ အေး....မသက်မာနဲ့ ကိုမောင်ရေ နံရိုး ငါးချောင်းထိတာ အခုလို သတင်းမေးလိုက်ကြတော့ တစ်ချောင်းသက်သာသွားပြီ လို့ အရွှန်းဖောက် လိုက်မိတယ်။

ညဆယ်နာရီခန့်ကျတော့လည်း ဘုန်းဘုန်း...တပည့်တော် အခုမှ သိရတယ်၊ စာမေးပွဲက အရမ်းအချိန်ပေးရလို့၊ မေးလ်တွေလည်း မဖတ်ဖြစ်၊ ဆိုဒ်တွေလည်း မကြည့်ဖြစ်တာကြာပြီ၊ အဲဒါဒီနေ့မှ . အစချီပြီး တိုးတိုးသဲ့သဲ့ ပြောပြလာသူက နယူးယောက်က ဒေါက်တာမျိုး၊ အသက်ရှူတဲ့အခါ နာနေသလား၊ အောင့်နေသလား၊ နံရဲ့အောက်မှာ အဆုပ်ရှိတယ်၊ ပြီးတော့ အသည်းနဲ့လည်း နီးတယ်၊ နံရိုးက အဆုပ်တို့ အသည်းတို့ကို ထိတတ်တယ်၊ နံရိုးအက်သွားပြန်ရင်လည်း တဖြည်းဖြည်း စိမ့်ပြီးနာလာတတ်တယ်တဲ့၊ အဲဒါကြောင့် ဆေးရုံးပြဖြစ်အောင်ပြပါ စသည်ဖြင့် လိုက်နာအပ်တဲ့ စကားတွေနဲ့ ဆရာဝန်ပီသစွာ ဘာသာတရားကိုင်းရှိုင်းစွာ လျှောက်ထားလာတယ်။

ဆရာတော် ဘယ့်နှယ်နေသေးလဲ၊ စိတ်မကောင်းလိုက်တာ ဆရာတော်၊ ဆရာတော်ရေ ဒီလိုရာသီတွေမှာ တတ်နိုင်ရင် ခရီးမသွားတာကောင်းတယ် စသည်ဖြင့် ဆက်လာပြန်သူက ဆရာတော်ဦးဧသက၊ LA အဇူဇာကျောင်းကပေါ့၊ သာသနာ့ညီနောင်ခြင်း သံယောဇဉ်၊ စာပေသံယောဇဉ်တွေကြောင့်၊ ဆရာတော်ခမျာလည်း အပူမီးက ဟပ်ပေမပေါ့လို့တွေးရင်း ကန်တော့လိုက်မိတယ်။

ဘုန်းဘုန်းရေ မျိုးဆီက မက်ဆေ့ရလို့၊ အစကဘာတွေရေးထားမှန်းမသိဘူး၊ ကိုယ်ကလည်း အက်ဆီးဒင့်တစ်လုံးဖတ်တတ်တာ၊ ဘယ်သူဘာဖြစ်မှန်းလဲမသိဘူး၊ အောက်မှာဖုန်းနံပါတ်လေးထည့်ပေးလို့ လှမ်းဆက်လိုက်တာ၊ ဘုန်းဘုန်းဘာဖြစ်လဲတဲ့ လာပါပြီ၊ လာပါပြီ၊ သူ့ထုံးစံအတိုင်း ရယ်ရွှန်းပတ်ရွှန်းနဲ့ ဆိုလာသူက ပေါ့တလန်သား မရွှေယု၊ ယောင်္ကျားလေးတစ်ပိုင်း ဖြစ်နေသူမို့လေ။

နောက်ဘ၀ကြရင် ကပ္ပိယဖြစ်ရပါစေလို့ ကိုယ့်ထံမှာ ဆုတောင်းတာကိုလည်း အမှတ်ရမိသေး၊ မယုရယ် ကပ္ပိယများ နောက်ဘ၀အထိ ဆုတောင်းမနေရပါဘူး၊ ဒီဘ၀တင်လုပ်နိုင်ပါတယ် ဟဲ့ လို့ပြန်ပြောခဲ့ရတယ်လေ။ တကယ်လည်း ကျောင်းဝတ်၊ ကန်ဝတ်ကို စေတနာပါ သူပါ၊ ဝေယျာဝစ္စတွေပြုရတာ အားမရတဲ့အပြင် ကားကြီးကြီးဝယ်ပြီး ကျောင်းကိုလာချင်တဲ့ ဘယ်သူကိုမဆို ကြိုပေးပို့ပေးနေတဲ့ နိဗ္ဗာန်ကူးတို့ရှင်၊ သူနဲ့က ဆရာတပည့်လိုတစ်မျိုး၊ မောင်နှမလိုတစ်သွင်မို့ ဟာသနဲ့ဓမ္မကို ဟောပြောနေကြ၊ ထုံးစံအတိုင်း ဒဏ်ကိုမေ့ကာ အတွေ့အကြုံကို ဟာသနှော ကာပြောမိတယ်၊ စတိတ်ချင်းဝေးလို့ လာရောက်မပြုစုနိုင်တာ ခွင့်လွှတ်ဖို့တောင်းပန်တာကို ကျေးဇူးတင်ကြောင်းပြောရင်း သူ့ကို ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ဆုပေးလိုက်တော့ သူက ဘုန်းဘုန်းပေးတဲ့ ဆုထက် ပိုပါစေတဲ့လေ ကိုယ့်မှာ ရယ်ပြုံးပြီး ကျန်ရတယ်။

ဒီလိုပဲ့တင်သံတွေ ပြန်လာလိမ့်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါ၊ ကိုယ်တွေ့လေးမို့ ခံစားရသလို မှတ်တမ်းသဘောလေးရေးလိုက်တာပါ၊ အင်းလေ... မေတ္တာတို့ဂရုဏာတို့မုဒိတာတို့ ဆိုတာ နီးခြင်း ဝေးခြင်း၊ အတွေ့အမြင်များခြင်း နည်းခြင်း၊ ကျော်ကြားခြင်း မကျော်ကြားခြင်း ဆိုတာတွေနဲ့မှ မဆိုင်တာ၊ တစ်ဦးပေါ်တစ်ဦး၊ ဒါမှမဟုတ် ၀န်းကျင်အပေါ်၊ လောကအပေါ် ပြုခဲ့ဖူးတဲ့ ကျေးဇူးတရားကို အခြေခံပြီး ဖွံ့ဖြိုးရှင်သန်တဲ့ သဘောပေပဲလို့ ဆင်ခြင်မိတယ်၊ ဟုတ်တယ်လေ၊ အနီးဆုံးဖြစ်တဲ့ ကိုယ့်ဝန်းကျင်နဲ့ ကိုယ်နေရာ ကျောင်းတိုက်လေးဟာ ဘာမှမဖြစ်သလို ပကတိ တိတ်ဆိတ်ငြိမ် သက်လို့ တောရကျောင်းလေးအတိုင်းပါပဲ။

အဲဒီနောက်တစ်နေ့ နံနက်မှာလည်း ဟယ်လို...ဆရာတော် သက်သာရဲ့လား တဲ့၊ ဆန်ဖရန်က ဆရာဥာဏ်ဦးမောင် ပဋိသန္ထာရတွေအပြီး ဆောင်းပါးလေးဖတ်ရတယ်ဆရာတော်၊ သူများတွေလို ရင်နာနာနဲ့ ရေးတဲ့ စာမဟုတ်ပေမဲ့၊ နံနာနာနဲ့ ရေးထားတဲ့ စာမို့ထင်ရဲ့ ဖတ်လို့ကောင်းသားပဲတဲ့ စာရေးဆရာရဲ့ အားပေးပုံကတော့ နောက်တစ်ခါ နံထပ်နာရမဲ့ပုံပဲ။


အဲဒီနေ့မှာပဲ နယူးယောက် ဘာဂင်ကျောင်းက နောင်တော်ကြီး ဦးစက္ကိန္ဒ နဲ့ ယူတီကာ ဦးပညာ၊ ဦးပညာက စိုးရိမ်စိတ်ကဲပြီး အမောတကော သတင်းမေးကာ တာဝန်မကျေရကောင်းလားဆိုပြီး သူ့လူရင်းဒကာတစ်ချို့ ကို ဂရုဏာဒေါသောနဲ့ မြည်တွန်တောက်တီးပါတော့တယ်၊ ဘာမျှ မစိုးရိမ် ရကြောင်း၊ တဖြည်းဖြည်း သက်သာသွားမှာဖြစ်ကြောင်း၊ ပြန်လျှောက်ရတယ်လေ၊ သူ့ကျောင်းမှာ လာရောက်သီတင်းသုံးဖို့ တစ်ခါတည်းခေါ်လေရဲ့။


အဲဒီညမှာတော့ မြန်မာပြည်က ဖုန်းဝင်လာပြန်တယ်၊ ညီတော်မောင် အရှင်ဝါယာမ၊ ဓမ္မဘေရီဆရာတော်က ဆက်ခိုင်းကြောင်း၊ ရာသီကြမ်းရင် ဘယ်မှမသွားဖို့ မှာကြောင်း၊ ရွှေသဇင် မိသားစုနဲ့ အားလုံးကလည်း စိတ်ပူနေကြကြောင်း ပြောပြတယ်၊ ဘာမှ မဖြစ်ကြောင်း၊ ဒီအကြောင်း ကို ဆွေမျိုးတွေကို အသိမပေးနဲ့ စိတ်ပူနေကြမယ်၊ နောက်ပြီး အစကတည်းက ဒီကို သွားတာ သဘောမတူတဲ့ နှမတွေက ပြန်ကြွဖို့ ပင့်နေကြလိမ့်မယ်လို့ မှာရတယ်လေ၊ သံယောဇဉ်ဆိုတာကလည်း နီးလေပိုပူလေ မြိုက်တတ်တဲ့ မီးပဲမဟုတ်လား၊ ပြန်လို့မဖြစ်သေးဘူး၊ ဒီမှာ ဆည်းပူးစရာ လေ့လာစရာတွေက ပေါခြင်းသောခြင်း၊ ငါ့ဆွေမျိုးတွေ သိအပ်တဲ့ အကြောင်းတွေကလည်း များမှများ၊ ငါစာတွေပြန်ရေးရဦးမယ်၊ ဟိုမှာတုန်းက အယ်ဒီတာလုပ်နေတော့ စာကောင်းကောင်းမရေးဖြစ်ခဲ့၊ ဒီအထဲ ယုံကြည်ရာကိုလည်း စွဲစွဲမြဲမြဲ နှစ်ဝင်ခဲ့လေတော့.....ဟူး။

ဆရာကြီးရွှေဥဒေါင်းတို့၊ ဆရာဦးအောင်သင်းတို့ ပြောတဲ့ အလုပ်လုပ်သောစာ ဆိုတဲ့ စာမျိုးတွေ ဆက်ရေးရဦးမယ်၊ အတွေ့အကြုံသစ်တွေ ထဲမှာ စေတနာနဲ့မေတ္တာစွက်ပြီးရေးရင် အဲဒီစာမျိုးဟာ တကယ်အလုပ်လုပ်မှာပါ၊ အခု မတောက်တခေါက် ဆောင်းပါးလေးကတောင်..။

ပဲ့တင်သံလေးတွေက မဆိတ်သေး တပည့်တော်ပါ အရှင်ဘုရား၊ ဆောင်းပါးတွေ့တော့ တွေ့လိုက် တယ်၊ နောက်မှဖတ်မယ် ဆိုပြီး ကျော်သွား လိုက်တာ အခုသမီးကလှမ်းပြောမှ. ဆိုတဲ့ အော်ရီဂွန်က ဘွားရွှေကြည်၊ တရားနာတဲ့အခါ စူးစူးစိုက်စိုက် မှတ်သားနာယူနေတဲ့ ဟန်ကို မြင်ယောင် မိတယ်၊ သုံးဦးသော ဆရာဝန်တွေရဲ့ မိခင်ပေါ့၊ သူနဲ့ဓမ္မမိတ်ဆွေ ဘွားကျင်ရီတို့ ဘွားဂရေစီတို့ကော ကျန်းမာကြရဲ့လားလို့ပြန်မေးရင်း ဘာမှစိတ်မပူဖို့ တဖြည်းဖြည်း ပျောက်သွားမှာပါလို့ပြောရတယ်၊ Summer ကျရင်ကြွခဲ့ပါဦးလို့ လျှောက်ပြီး ဖုန်းအချမှာပဲ

ဆရာတော် ဘုရား.ဆရာတော် ဘုရာ့ လာချေပြီ၊ အမြဲတမ်း ဇာတ်မင်းသားလေနဲ့ ဖုန်းခေါ်လေ့ရှိတဲ့ ဂျော်ဂျီယာက ရှင်မဏိဇောတိရယ်လေ၊ ဘားမားတူဒေးမှာ ဖတ်လိုက်ရလို့ဆိုပဲ၊ နောက်ဆုံးသူ အားပေးသွားပုံက နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး ဆရာတော်ရေ့ တဲ့၊ မသေပါနဲ့ဦး ဆိုတဲ့ သဘောပေါ့။

ဆောင်းပါးဖော်ပြခဲ့တာ နှစ်နေရာ၊ တစ်ပတ်ကျော်သွားခဲ့ပြီး အင်တာနက်ရဲ့ အစွမ်းနဲ့ ဝေးလံတဲ့ မိတ်ဆွေတွေ နီးစပ်သွားတာ အမှန်ပဲ၊ ကောင်း သတင်း ဆိုးသတင်း ဘယ်အရာမဆို တမုဟုတ်ချင်းနဲ့ ပျံ့နှံ့လွယ်တာပဲ၊ ရေခြားမြေခြား ဘယ်လောက်ပင်ခြားစေ တသားထဲဖြစ်စေနိုင်တာပဲ၊ ဒါကိုပဲ ကမ္ဘာကြီးပြားသွားပြီလို့ ပညာရှင်တွေဆိုကြတာပေါ့၊ ခုလို ကိုယ်ရေးကိုယ်တာ အသေးအဖွဲလေးက အစ လက်ရှိ အီဂျစ်တို့၊ တူနီးရှားတို့၊ ဘာရိန်းတို့လို့ နိုင်ငံတွေမှာတောင် ဒီအင်တာနက်ရဲ့ ကျေးဇူးနဲ့ အာဏာရှင်တွေကို ဖြုတ်ချနိုင်ကြ ဖယ်ရှားနေကြ တာတွေလည်း တွေ့နိုင် ရဲ့၊ ဖေ့စ်ဘွတ်ခ် တို့ တွတ်တာတို့ စကိုက်ပ်တို့ ဆိုတာတွေလည်း ရှိသေးသတဲ့၊ အံ့စရာနည်းပညာတွေ၊ ငါ့မြေက ငါ့ဆွေတွေ အများစုကြီး အသုံးပြုနိုင်တဲ့ တစ်နေ့.။

ဟယ်လိုဟယ်လို ဘုန်းကြီး တပည့်တော် ဇောတိကပါ အော်...နောသ့်ကာရိုလိုင်းနားက အရှင်လေး၊ မန္တလေးမှာ ညီအစ်ကိုလို နေလာခဲ့သူ၊ တစ်သုံးလုံး ဇောတိကာဘိဝံသရယ်လို့ စာသင်သားချင်းက ချီးကြူးရလောက်အောင် ဥာဏ်ထက်သူ၊ လေအေးလေးနဲ့ သူက စနိုးးချိန် မှာ ဆောင်စရာ ရှောင်စရာတွေကို ပြောပြနေတယ်၊ စနိုးထိုးရင် လက်အိပ်ထူထူသုံးဖို့ နို့မဟုတ်ရင် လက်ဖျားထိပ်က သွေးကြောလေးတွေ ပျက်စီးတတ်ကြောင်း၊ တကယ်လို့ ချွေးထွက်ရင်လည်း ချက်ချင်းရေမချိုးသင့်ကြောင်း၊ ခရီးထွက်ရင်လည်း နံနက်ပိုင်းဆိုတာ အအေးကဲပြီး စနိုးခဲလွယ်တဲ့ သဘောမို့ နံနက်စောစော ခရီးတွေရှောင်သင့်ကြောင်း၊ နို့မဟုတ်ရင် အန္တရာယ်များကြောင်း စတာတွေနဲ့ အားမပျက်ဖို့ နောင် အသားကျသွားမယ့် အကြောင်းတွေပေါ့၊ ကျေးဇူးပါ ညီတော်။

အဲဒီနေ့မှာပဲ ပါဆယ်ထုပ်လေးရောက်လာလို့ ဖွင့်လိုက်တော့ ...........

စာလုံးညီညီလေးတွေနဲ့ မရင်းနှီးတဲ့ လက်ရေး၊ ခင်နှင်းအုန်းတဲ့၊ ကြားဖူးသလို သိသလိုလိုနဲ့ စဉ်းစားလိုက်တော့၊ သြ..မှတ်မိပြီ၊ LA က အုန်းညီအစ် မတွေထဲက တစ်ယောက်၊ အထုပ်ထဲမှာတော့ မဂ္ဂဇင်းစာအုပ်လေး၊ မြန်မာပြည်မှာ ယုံကြည်ချက်ကို အသားပေးထုတ်ဝေတဲ့ မဂ္ဂဇင်းတွေထဲက တစ်စောင်၊ လစဉ်မှာယူဖတ်တဲ့ မဂ္ဂဇင်း ဆိုတာသိရတော့ စာကြိုက်ပုံချင်းညီတာ သတိပြုမိတယ်၊ စာတိုလေးကို ဖတ်လိုက်တဲ့ အခါတော့ ကိုယ်တွေ့အသိတွေနဲ့ယှဉ်ပြီး အားပေးထားပုံက ရေခြားမြေခြားမှာတော့ ဒီလိုပဲ ဆရာတော်ရေ တဲ့၊ ကိုယ့်ကိုယ်ကိုသာ အားကိုးရာတဲ့၊ အားမပျက်ဖို့ အားတက်ဖွယ်စကားတွေ၊ အဲ.. ပိုလို့အားတက် သွားရတာက စာအိပ်လေးထဲက ကိုယ့်ကိုပြန်ကြည့်နေတဲ့ အမေရိကန်သမ္မတကြီးတွေထဲက တစ်ယောက်ရဲ့ပုံတွေလေ။

ဒါထက်မက ပိုလို့ ပိုလို့ အားတတ်သွားရပြန်တာက သုံးရက်မြောက်နေ့မှာ ဖုန်းဆက်လာတဲ့ သတင်းကြောင့်၊ ဒီမှာ ညကိုးနာရီ သူတို့ LA မှာ ညခုနှစ်နာရီလောက်ပေါ့၊ အများသိကြတဲ့အတိုင်း ဒီမှာက တစ်နိုင်ငံတည်းပေမဲ့ စံတော်ချိန်က လေးမျိုးတောင်ရှိတာ၊ တစ်ချို့နေရာတွေဆိုရင် သုံးနာရီကွာတယ်၊ ထားပါ၊ ပြောလိုတာက ဒေါ်ခင်နှင်းအုန်းက ဆေးကုဖို့၊ အင်ရှူးဝါးရင့် ဆိုတဲ့ ကျန်းမာရေးအာမခံ မရှိပေမဲ့ ဘာမှမစိုးရိမ်နဲ့ ဆေးရုံကို သွားဖြစ်အောင်သွားဖို့ ကားကုမ္မဏီက အစစတာဝန်ယူပေးရမှာ စသည့်အပြင်၊ စာကြောင်းပေကြောင်းနဲ့ အခြားအခြား ယုံကြည်ချက်တွေ အကြောင်းပြောဖြစ်ကြတယ်။

အဇူဇာပဋ္ဌာန်းပွဲ နောက်ဆုံးနေ့မှာ သူရောက်ကြောင်း၊ သီတင်းကျွတ် မီးထွန်းပွဲတော်ကိုလည်း ပင့်ခဲ့သေးကြောင်း၊ နောက်နှစ် ဒီဇင်ဘာ စာဆိုတော်ပွဲမှာ ဟောပြောဖို့ ဖိတ်မည့်အကြောင်း၊ ကိုင်း...ဒါထက် ဒဏ်ရာသက်သာစေမဲ့ဆေး၊ အားတက်ဖွယ်ဆေးမရှိတော့ကြောင်း ရယ်စရာပြန်ပြော လိုက်မိတယ်။ ကျန်းမာပါစေ၊ ဒေါ်ခင်နှင်းအုန်းနဲ့ အုန်းညီအစ်မများ၊ လှူခြင်းမလှူခြင်း၊ သတင်းမေးခြင်း မမေးခြင်းထက်၊ အရေးကြီး ရင် သွေးနီး တတ်ကြတဲ့ မြန်မာ့ဗီဇအလှနဲ့ ယုံကြည်ချက်ညီရင် ခင်မင်ရင်းနှီးလွယ်တဲ့ သဘောကို စောကြောမိလို့ပါ။ တကယ်တော့ ဘာသာဝင်နဲ့ ဘာသာရှင်တွေ ဟာ အခုလို ရေးခြားမြေခြားမှာ အရေးကြုံတိုင်း ဆွေရင်းမျိုးခြာလို ဝိုင်းကြ၊ရံကြမှာပါပဲလေ။ နောက်တစ်နေ့ ညနေစောင်းမှာလည်း ကားကုမ္ပဏီက ဘာပြောလည်း ဘုရား၊ သူတို့ကုမ္ပဏီမှာ တာဝန်ရှိတယ်၊ ဆေးကုဖြစ်အောင်ကုနော်တဲ့ ဒါယိကာမကြီးေ ဒ်ါသန်းသန်းဝင်းနဲ့ ကြည်အေးငြိမ်းတို့ သားအမိ၊ အဇူဇာ ပဋ္ဌာန်းပွဲက ဆွမ်းဒကာတွေပဲ၊ မြန်မာပြည်က အတိုင်း ဘာသာတရားကို မူမပျက် ကိုးကွယ်လိုတဲ့ မိသားစု၊ ကျေးဇူးစကားဆိုကာ သာစေ၊ မာစေ ဆုပေးတော့ ဆယ့်ခုနှစ်ရက်နေ့မှာ မြန်မာပြည် ခဏပြန်အုံး မယ်လို့ နှုတ်ဆက် သွားလေရဲ့။

ဒါနောက်ဆုံးလို့ထင်ခဲ့မိတယ်၊ ကိုယ့်ကိုသိသူ၊ ကိုယ်ကသိသူ၊ ဒါမှမဟုတ် ဆောင်းပါးဖတ်မိသူ၊ ကုန်ပြီလို့ထင်လိုက်မိတယ်၊ လစ်ဟင်းခဲ့ တဲ့ ပြုဖွယ်ဝတ်တွေကို ပြန်ပြုရအုံးမယ်၊ အမြန်မဆောင်ရွက်နိုင်တောင် မှန်မှန်တော့ ဆောင်ရွက်နိုင်ပြီ၊ မကျန်း မာခြင်းေ ကြာင့် ပျောက်ဆုံးနေတဲ့ လာဘ်တစ်ပါးကို ပြန်ရှာရအုံးမယ်၊ ကျန်းမာခြင်းက လာဘ်တစ်ပါးဆိုတဲ့အတိုင်း မကျန်းမာတဲ့အခါ ကုသိုလ်ဝတ်တွေ လူမူရေးဝတ်တွေ ချို့ခဲ့ရတယ်၊ ကျန်းမာရေးကို အလေးပြုသင့်ကြတယ်၊ စားသောက်နေထိုင်သွားလာ အားလုံးပေါ့၊ အစားမတော် တစ်လုပ် အသွားမတော် တစ်လှမ်း လို့ ဆိုရိုးရှိတယ်မို့လား။

ဟောဖုန်းဝင်လာပြန်ပြီ၊ ဟယ်လို ဆိုလိုက်တော့ ဆရာတော် တပည့်တော် ခင်အေးပြုံးပါ၊ မှတ်မိလားဘုရား မှတ်မိတာပေါ့လေ၊ ဒကာဦးတင့်လွင်ရဲ့ ဇနီး၊ မြန်မာပြည်က ဆုလာဘ်အဖြစ်ရခဲ့တဲ့ ခါးကဒဏ်ရာကို ဒေါက်တာဗြူတီဆွေတို့က ဆေးကုသပေးခဲ့သလို၊ သူတို့မောင်နှံက လည်း ဆေးဝါးနဲ့ ပံ့ပိုးသူတွေ၊ အခုလည်း ကိုမျိုးပို့တဲ့ အီးမေးလ်ကြောင့် သိရကြောင်း၊ ဆရာဝန်ပြတဲ့အခါ ခါးကဒဏ်ကိုပါ ရောပြဖို့အကြံပေးရင်း လိုအပ်တာတွေကိုလည်း မိန့်ဖို့ လျှောက်သွားလေရဲ့။

အဲဒီည ကွန်ပျုတာရှေ့မှာထိုင်ပြီး အီးမေးလ်ဖွင့်လိုက်တော့ တစ်စောင်က အရှင်ဘုရား၊ တပည့်တော် LA က အေးအေးသန်းပါ၊ ဖုန်းနံပါတ်မရှိဘဲ အီးမေးလ်လိပ်စာလေးရှိလို့ လှမ်းမေးတာပါဘုရား တဲ့၊ အော်မှတ်မိပြီ ဒေါက်တာအေးအေးသန်း၊ ဒီအမေရိကကိုရောက်စကတည်းက ဆုံခဲ့ဖူးသူ၊ ဘာသာတရားကို ကိုင်းရှိုင်းပြီး သံဃာတော်များကို ဆည်းကပ်ခြင်းမှာ ညွှတ်ပျောင်းသူ၊ ဒဏ်ကြေလိမ်းဆေးတွေနဲ့အတူ လာရောက်ဖူးတွေ့တာကို အမှတ်ရမိတယ်၊ နောက်ပြီး ဓမ္မစက္ခုဓမ္မာရုံမှာ........။


အင်္ဂလိပ်လိုလည်း မပြောတတ်၊ မြန်မာစကားလည်းမေ့ ခုတော့ လေချွန်နေရတယ်ဆိုတဲ့ လူရွှင်တော်စကားလို ကိုယ့်အဖို့လည်း မြန်မာလို လည်းမရိုက်တတ်၊ အင်္ဂလိပ်လိုကလည်း ကောင်းကောင်းမရဆိုတော့ အီးမေးလ်နဲ့ ဆက်သွယ်လာသူတိုင်းကို မတုံ့ပြန်တတ်ခဲ့ ဘူး၊ မြန်မာလို မြန်မြန်ရိုက်နိုင်အောင် ကြိုးစားမှလို့တွေးနေမိတယ်။


အဝေးနေတွေက စိတ်ပူကြအားပေးကြသလောက်၊ အနီးနေတွေက ဘာမျှမသိကြဘူးလားလို့ ထင်စရာရှိတယ်၊ ကိုယ်ကိုယ်တိုင်က အသိမပေးတာ ရယ်၊ သူတို့ကိုယ်တိုင်က အွန်လိုင်းသုံးသူ နည်းတာတွေရယ်ကြောင့်ပါ၊ ဘယ်စိတ်မပူဘဲ နေကြပါမလဲ၊ သဘောဖြူ အူစင်းတဲ့ တိုင်းရင်းသားတွေပဲလေ၊ စောဘရွှေနဲ့ နော်သိန်းသိန်းဝင်းတို့၊ ဖိုးကီးကီးနဲ့ မယ်ထွန်းမယ်တို့ စတဲ့ စတဲ့ ဟော ပြောရင်းဆိုရင်းအခုမှ အမှတ်ရတယ်၊ တစ်ယောက်က ဆို လျှောက်ထားတာက တပည့်တော်လာမေးမယ်၊ လာမေးမယ်နဲ့ မအားလို့ မလာနိုင်ဘူးဘုရား တဲ့၊ နင့်ဟာက ဘ၀နတ်ထံရောက်မှ လာမေးဖြစ်တော့မှာနဲ့ တူပါရဲ့ လို့ဆိုလိုက်တော့၊ အံ့မယ်သူကမလျှော့၊ အဲဒါတော့မပူနဲ့ဘုရား၊ တပည့်တော်မ အမေရိကန်ထီထိုး ထားတယ်၊ မြန်မာပြည်က ဘုန်းကြီးပျံကြီးတွေလိုကို လုပ်ပြစ်လိုက်မှာ ဆိုပဲ၊ သူကြည်ညိုပုံ ကြားရတော့ မျက်ခုံးလှုပ်ရတယ်။

ဘာပဲဖြစ်ဖြစ်လေ၊ မြိန်ရာမှာ ဟင်းမကောင်းနိုင်သည့်တိုင်၊ ခင်ရာကတော့ ဆွေမျိုးတွေပေါ့၊ အားလုံးကို ယောနိသောမနသိကာရ ကဲပြီး ဆက်ဆံရတာပေါ့၊ စိတ်ရှည်ဇွဲသန် သည်းညည်းခံ ပြုရန်သာသနာမဟုတ်လား။

ကျေးဇူးပြုကြတဲ့ နှုတ်၏စောင်မခြင်း၊ လက်၏ဖေးကူခြင်းတွေနဲ့ သာသနာ့ဝန်ထမ်း တစ်ဦးကို မနွမ်းအောင်ထောက်ကူကြတဲ့ ကျေးဇူးတွေကိုတော့ အခြားအရာနဲ့ မစွမ်းသည့်တိုင် မေတ္တာပို့ခြင်းနဲ့ တုံ့ပြန်နေရမှာပေါ့၊ တစ်ဦးတစ်ယောက်ချင်းစီ အကြောင်းမပြန်နိုင်ရင်တောင်မှ စာတစ်ညို ပေတစ် ထွာရေးပြီး..........။

တီတီ....ဟော ဒီတစ်ခါ ကြိုးဖုန်းက ၀င်လာပါလား၊ အရှင်ဘုရား မှတ်မိလားဘုရား၊ တပည့်တော် ဖရီးမောင့်ကပါ၊ ဘာမားတူဒေးမှာ ဖတ်လိုက်ရ လို့ အဲဒါဘယ်နဲ့ နေသေးလဲ ဘုရား တဲ့၊ ဒီအသံငါသိပါတယ်၊ ရင်းရင်းနှီးနှီး စကားပြောဖူးတဲ့အသံ၊ ဦးဥာဏ်ဦးမောင်ဆီက ဖုန်းနံပါတ်တောင်းပြီး လှမ်းသတင်းမေးလိုက်တာဆိုမှ၊ အော် ဒကာမကြီးဒေါ်သန်းငြိမ်း၊ မစုတို့အမေ၊ ၀မ်းပန်းတသာ စကားတွေပြောကြပြီး ဒီဘက်ကို ဘယ်တော့လောက်ကြွဦးမလဲဘုရားလို့မေးတော့ ဟာ့မွန်းဗေးကအရှင်လေးခမာဝုဓ ပင့်ထားတာတော့ရှိတယ်၊ လာဖြစ်မလာဖြစ် မသေခြာသေးဘူး ဆိုတော့၊ အဲဒီကိုကြွဖြစ်ရင်လည်း သူလာတွေ့ပါဦးမယ်လို့ လျှောက်ပြီးဖုန်းချသွားတော့တယ်။

ဟောအခုမှ အမှတ်ရတယ်၊ ဖရီးမောင့်ကဆိုလို့ ဆန်ဖရန်စစ်စကိုကနေအဦးဆုံး လှမ်းပြီးသတင်းမေးတဲ့ သူကိုမေ့နေပါလား၊ ဒကာမကြီးဒေါ်မြင့်မြင့် သိန်း၊ ရဟန်းတော် တွေကို တူတွေမောင်တွေလို ကြည်ညိုတတ်သူလို့ ဆရာတော်တွေက မှတ်ချက်ပြုရသူ၊ တိပိဋကထေရ်တို့ရဲ့ ပစ္စည်းလေးပါးရှင်၊ ဘုရားလက်ထက် ဥတ္တရမာတာလိုမိခင်မျိုးပေါ့၊ ဆယ်ရက်တရားစခန်းဝင်ခါနီးမို့ သတင်းလှမ်းမေးပြီး လိုအပ်တာလည်း မိန့်ဖို့ လျှောက်ထားသွားယုံမက ဒဏ်ပျောက်ကင်းတဲ့ အခါလည်း ဆန်ဖရန်ကိုကြွခဲ့ဖို့ပါ ပင့်လျှောက်သူ၊ ဒကာမကြီးလည်း ကျန်းမာပါစေလို့မေတ္တာအတုံ့ပြုမိတယ်။

အင်း.......ဒီအကြောင်းတွေပြန်ရေးမယ်ဆိုရင် ဆောင်းပါးရှည်ကြီးဖြစ်ပြီး တစ်ပုဒ်နဲ့ ဆုံးမှာမဟုတ်ဘူး၊ နောက်ပြီး ကျေးဇူးတင်သင့်တဲ့သူတွေ ကြွင်းနေခဲ့ရင်လည်း..........။ ဟောပြောရင်းဆိုရင်း အခုမှ အမှတ်ရပြန်ပြီ၊ မနေ့ညကပဲ ဖို့ဝိန်းတရားပွဲမှာ ဆရာတော်ကို လာကန်တော့သွားတဲ့ တပည့်တော် မသိင်္ဂီပါ၊ ဆရာတော် အက်ဆီးဒင့်ဖြစ်တဲ့ နေရာနဲ့ တပည့်တော်မတို့နေရာက နီးနီးလေးဘုရား၊ အဲဒီတုန်းက ဖုန်းနံပါတ်မပေးခဲ့မိလို့ မကူညီနိုင်တာကို စိတ်မကောင်းဘူးဘုရား တဲ့ ၊တစ်ဆက်ထဲ သူ့ခင်ပွန်းနဲ့ပါ မိတ်ဆက်ပေးပြီး နောင်လိုအပ်တဲ့အခါ ဆရာဒကာမှတ်ဖို့၊ မီးဝေါခီးကိုလည်း လာနိုင်အောင် ကြိုးစားမည့်အကြောင်း၊ သူတို့ မီရှီဂန်ကိုလည်း ကြွနိုင်ဖို့ ကြိုးစားပါရန်အကြောင်း၊ ဒီဖုန်းနံပါတ်ကိုလည်း ဖို့ဝိန်းဆရာတော်ထံမှ ရတဲ့အကြောင်းပြောပြသွားတယ်။

နောက်ဆုံး၊ အဲ........အခုအချိန်ထိနောက်ဆုံးလို့ ပြောရမဲ့သူက ပေါ့တလန်ကနေ သတင်းမေးလာတဲ့ တရားနာပရိတ်သတ်ဟောင်း၊ ကိုသက်ဋ္ဌေးနဲ့ မသော်တို့မိသားစု၊ သူတို့လည်း ဆောင်းပါးဖတ်ရလို့ ရင်ထဲမှာဆို့ရကြောင်း မသော်ကပြောသလို တပည့်တော်တို့ကလည်း မနီးလို့ပါဘုရားလို့ ကိုသက်ဋ္ဌေးကလည်း လျှောက်တယ်၊ လိုအပ်တာကို မိန့်ဖို့နဲ့ ပန်းသီးငါးပိကြော် ပါဆယ်ပို့ပေးမည့်အကြောင်း။ ပြုံးရင်းတွေးလိုက်မိတယ်။ ဒို့မြန်မာတွေနဲ့ တွေ့မှဘဲ ပန်းသီးလည်း ငါးပိကြော်ဘ၀ ရောက်ရတော့တယ်လို့၊ တစ်ဆက်ထဲပဲ ဂျီတော့ကနေ စကားပြောလာတဲ့ ကိုဇင်မင်းအောင်နဲ့ မိဘများဖြစ်တဲ့ ကိုကျော်စွာနဲ့ မထွေးထွေးဝင်း၊ ကိုသန်းဝင်းနဲ့ မနွယ်မိသားစု စသူတွေပေါ့၊ နောက်ပြီး အကြိမ်ကြိမ် ဖုန်းဆက်မရလို့ မက်ဆေ့လေး ထားသွားတဲ့ LA က ဒေါက်တာလမင်းတရာနှင့် ဒေါက်တာမိုးငယ်ငယ် တို့မိသားစု၊ သူတို့မက်ဆေ့လေးနားထောင်ရင်း ကိုယ့်သွားတွေကိုတောင် ယောင်ရမ်းပြီး စမ်းမိတယ်။ ကံကောင်းလို့ သူတို့ နောက်တကြိမ် စိုက်မပေးရတာလို့ တွေးရင်းပြုံးမိတယ်။

သတင်းမေးခြင်းမမေးခြင်းနဲ့ ခင်မင်ခြင်းကို တိုင်းတာလို့တော့မသင့်ဘူးပေါ့။ ဒါပေမဲ့ ...အင်း……ဘ၀ဆိုတာ ဒီလိုပါပဲလေ၊ ဟိုး.ဇာတိပြည်မှာ တုန်းက တစ်ဦးကိုတစ်ဦး ရှိမှန်းတောင်မသိကြတဲ့သူတွေ၊ ဒီမှာတော့ ဆွေတွေမျိုးတွေလိုဖြစ်လို့ပါလား၊ ဒါကြောင့်လည်း ပစ္စည်းလေးပါး နဲ့ ထောက်ပံ့လှူဒါန်းတဲ့ ပ၀တ္တိမိဘတွေရယ်လို့ အဌကထာဆရာကြီးက မိန့်ခဲ့တာပဲပေါ့။

အားလုံးကို နှုတ်နဲ့ ကျေးဇူးမတင်နိုင်တောင် ရင်ထဲတော့ ကျေးဇူးဆိုနေရမှာပါ၊ အညောညဥပနိဿိတာဆိုသလို တရားတို့ စာပေတို့ကို ကြောင်းပြုပြီး အချင်းချင်းမှီရာတည်ရာ ကျေးဇူးပြုရတဲ့ သဘောပေပဲ၊ ကျေးဇူးဆိုတာကလည်း အလုံးအ၀ိုင်း ပုံသဏ္ဌာန်မဟုတ်ပေမဲ့ ပြုသူက ရင်နဲ့ပြုပြီး ခံသူကလည်း ရင်နဲ့ခံယူမှ သိနိုင်တဲ့ အလှသဘောတရားတစ်ခုပေပဲ၊ ပြုတဲ့ကျေးဇူး၊တုံ့ပြန်တဲ့ကျေးဇူးတွေ ကွန်ယက်ပြုထားတဲ့ လောကကြီးလောက် ချိုမြိန်သာယာတာ ဘယ်မှာရှိနိုင်ပါ့မလဲ၊ ဒါပေမဲ့ အဲဒီလိုကွန်ယက်မှာ ချိတ်ဆက်ချင်သူက နည်းသတဲ့၊ ဘုရားရှင် ကိုယ်တော်တိုင်က လောကမှာ ( ၁ ) ကျေးဇူးပြုသူ၊ ( ၂ ) ပြုတဲ့ကျေးဇူးကိုပြန်သိသူ၊ အဲဒီနှစ်မျိုးကို ရခဲတယ်လို့ဟောထားတာပဲ၊ အင်း...အဲဒီကျေးဇူးမသိသူတွေထဲ ကိုယ်မပါအောင်ကြိုးစားမှ၊ ဒါတင်မက မိဘတွေ အပေါ်မှာရော ကြွေးဟောင်း ကြေခဲ့ရဲ့လား၊ ဆရာသမားတွေ အပေါ်မှာရော၊ သာသနာကြီးအပေါ်မှာရော၊ အမိတိုင်းပြည်အပေါ်မှာရော....။

မိဘတို့လမ်း လက်ဆောင်ကမ်းဖို့

ပန်းတစ်ကုံးမျှ မသီရသေး။

ဘ၀ခရီး မှောင်ချွေဆီးဖို့

မီးတစ်တိုင်မျှ မထွန်းရသေး။

လောကအမွေ ပေးဆပ်ချေဖို့

ရေတစ်အိုးမျှ မဖြည့်ရသေး။

ရှစ်ဆယ်ခုလွန် နှစ်တွေတုန်းက မဂ္ဂဇင်းမှာရေးခဲ့တဲ့ မင်္ဂလာပါ မနက်ဖြန် ဆိုတဲ့ ကဗျာထဲက အဲဒီအတွေးတွေလို မဖြစ်စေရဘဲ၊ စွမ်းသမျှ တစ်ထမ်းတစ်မနဲ့ လောက ကျေးဇူးတွေကို တုံ့တင်ရင်း မင်္ဂလာပါမနက်ဖြန်လို့ နှုတ်ဆက်နိုင်ရမှာပေါ့။

ကြည့်စမ်း မကျန်းမာခိုက်မှာ ငါ့ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းကို ပြန်လည်ကြည့်ရှုခွင့်ရ လိုက်ပါလား၊ ဒီအထဲက ဟောင်းတာဖယ် ကောင်းတာသယ်ရင်း ဆူရာရွေးနှုတ်ပြီး ဘ၀ကို တွန်းရွှေ့ရဦးမှာပါလား။ စားရေးနေရေး ၀တ်ရေးတွေနဲ့ မရပ်မနား ရှိတဲ့ဘ၀မှာ ရေစိမ်းမြေစိမ်း ကျင်လည်ရင်း ဘ၀ကို ပြန်လည် ကြည့်ရှုခွင့်မသာခဲ့ပေမဲ့၊ အခုတော့ ဒဏ်ကိုအကြောင်းပြုရင်း ဘ၀ကိုပြန်ကြည့်ရှုခွင့် ရလိုက်ပါပေါ့လား၊ အတိတ်က ရှည်လျှားခဲ့ပြီး အနာဂတ်က တိုတောင်းနေပါပေါ့လား၊ ပစ္စုပ္ပန်ကကော လတ်ဆတ် သေးရဲ့လား၊ ပစ္စုပ္ပန်ကို အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြုပ်နှံသူသာ ဘ၀အရတော်သူဖြစ်တော့မှာပေါ့။

အလို.လူတိုင်းအတွက် ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးဖြစ်သလို ယောနိသောမနဿိကာရ ရှိရင် မကျန်းမှာခြင်းကလည်း လာဘ်ကြီးတစ်ပါး ပါကလား။

ကံထွန်းသစ်

/ ၁၄ / ၂၀၁၁

2011-ခု၊ မတ်လ 27-ရက်၊ တနင်္ဂနွေနေ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP