* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, March 17, 2011

ရွှေမန်းမြို့က ရှင်ပြုအလှူ(၂)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့က မန္ထလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ လမ်း ၈၀၊ ၄၀ လမ်းနှင့် ၄၁လမ်းကြား၊ ပေါက်မြိုင်တိုက် ၊ အေးငြိမ်းအောင်မြင်သိဒ္ဒိရှင် ဓမ္မာရုံကြီးမှာ လူရွှင်တော်စာရေးဆရာ ဦးချစ်စရာ ရဲ့ (သား) မောင်စိုးမင်းအောင် ၊ လူရွှင်တော်ဦးဒီပါရဲ့မြေးလေး နဲ့ ယနေ့ထိ သာ့သနာ့အမွေခံယူခွင့်မရရှာသေးတဲ့ ကလေးလေးတစ်ယောက်တို့ သာသနာ့ဘောင်သို့သွတ်သွင်းပြီးနောက် သမီး မစုမြတ်အောင် (ခ) မရတနာစုကြည် ကို မြတ်နားသမင်္ဂလာဆင်ယင်ကျင်းပသည့်အလှူတော်မင်္ဂလာ အောင်ပွဲကြီးရဲ့ အလှူကြီးနေ့အကြောင်းကို အလှူတော်မှတ်တမ်း ဒုတိယပိုင်းအနေဖြင့် အမှတ်တရ ရေးသားအပ်ပါသည် .....။

အာရုံတတ်ချိန်နံနက်ခင်းဆီက အလှူတော်မင်္ဂလာမဏ္ဍပ်ကြီး
အလှူကြီးနေ့ နံနက်ဝေလီဝေလင်းအချိန်မှာ မန်းလေးမြို့မှ ပင့်သံဃာတစ်ဆယ့်တစ်(၁၁)ပါး ကို အားရုံဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်....။

ညကလဲ ပွဲကြည့်ထားသေးတယ် .....မနက်၎နာရီလောက် အိပ်ယာထရတော့ အိပ်ရေးကမ၀ဘူး ...။
အိပ်ချင်မူးတူးနဲ့ ဆွမ်းကပ်နေပုံးD
နံနက် အာရုံဆွမ်းကပ်ပြီးတဲ့နောက်မှာတော့ ဖိတ်ကြားထားတဲ့ ပရိတ်သတ်တွေမလာခင်မှာ မိတ်ကပ်ဖန်တီးရှင်-အကြည် ( ကြည်ခိုင်မိုး)ဆီကို ကိုယ့်မျက်နှာကို ကြည့်ပျော်ရှုပျော်လေးဖြစ်ဖို့အတွက် ပြေးရပြန်ပါတယ်... အဟဲ ( ဗွီဒီယိုရိုက်မှာဆိုတော့ နဲနဲလှချင်တာပေါ့း)

မန်းလေးမြို့ထုံးစံအရ နံနက်(၈)နာရီဆိုရင် ဖိတ်ထားတဲ့ လူတွေက အကုန်စုံနေပြီ ၊ နေ့လည် ၁၁လောက်ဆို လူမရှိတော့ဘူးလို့ဆိုပေမယ့် ကျမတို့ အလှူနေ့ကတော့ နံနက်(၈)နာရီလောက်ထဲက စီကားလိုက်တာ နေ့လည် ၁နာရီကျော် ဘိတ်သိတ်မစခင်အချိန်ထိ စည်ကားနေဆဲလူတွေနဲ့အတူ ထမင်းရုံထဲမှာလဲ မနားတမ်း ထမင်းကျွေးနေရဆဲဖြစ်ပါတယ် ....။
မြန်မာနိုင်ငံမှာ ပရဟိတလုပ်ငန်းတွေနဲ့ သာသနာပြုတော်မူတဲ့ သီတဂူကြယ်တစ်ပွင့်ဆရာတော်ဘုရားကလဲ မအားလပ်တဲ့ကြားက အလှူကိုကြွရောက်ချီးမြှင့်တော်မူပါတယ် ....။မောင်ရှင်လောင်းလေးတွေကိုလည်း ဆရာတော်ဘုရားကိုယ်တိုင် သင်္ကန်းစီးပေးပြီး ၊ ရေစက်ချ အနုမောဒနာတရား ချီးမြှင့်တော်မူခဲ့ပါတယ် .....။
အလှူကြီးနေ့မှာတော့ ငါးခြောက်နှပ် ၊ ကုလားပဲနှပ် ၊ ပဲပင်ချဉ်သုတ် ၊ ကြက်သွန်နီနဲ့ငရုတ်သီးအရွကြော် ၊ ပဲဟင်းချိုတို့နဲ့ အချိုတည်းဖို့ မန်းလေးထိုးမုန့် ၊ လက္ဘက်သုတ် နဲ့ ရေနွေးကြမ်း ၊ သီးမွှေးငှပျောသီး တို့နဲ့ ဖိတ်ကြားထားသူ လူ ၁၀၀၀ ကျော်ကို နေ့လည်စာဖြင့် ဧည့်ခံ၊ လှူဒါန်း ကျွေးမွေးခဲ့ပါတယ် ....။

အလှူတစ်ခုလုပ်ပြီဆိုရင် ကျမ အစိုးရိမ် အပူပန်မိဆုံးက ကျွေးနေရင်း ထမင်းတွေ ဟင်းတွေ မလောက်ငှမှာကိုပဲ ဖြစ်ပါတယ် ...။
အလှူမတိုင်ခင်ကတည်းက ကျမအနေနဲ့ လူရွှင်တော် စာရေးဆရာ ဦးချစ်စရာကြီးကို .....လေးချစ်ရေ မလိုအပ်တဲ့ ၊ တစ်ခြားအပိုကုန်မှာတွေကိုပဲ လျှော့ချ ၊ အလှူမှာကျွေးမဲ့ ထမင်းဟင်းကိုတော့ ကုန်ချင်သလောက်ကုန်ပါစေ အလျှံအပယ်ချက်ပါ... ကိုရင်လေးတွေအတွက် သင်္ကန်းပရိတ်က္ခရာရှစ်ပါး အစုံကို ၊ အလှူမြောက်အောင် ၀ယ်ပါဆိုတဲ့ စကားကိုပဲ ကျမ ထပ်ကာတစ်လဲလဲ မှာခဲ့မိတာ ....။
တစ်ကယ်ပဲ စိတ်ချမ်းသာစရာကောင်းပါတယ် ....လူတွေ ဘယ်လောက်များများ ထမင်း ဟင်းကလဲ ပြတ်လပ်မသွားခဲ့တဲ့အပြင် အလှူဟင်းကကောင်းလိုက်တာဆိုပြီး လာသမျှလူတွေအားလုံးက အားပါးတရ စားကြတဲ့အတွက် အရမ်းပဲ ၀မ်းသာ ၊ ပီတိဖြစ်ရပါတယ် ....။

အလှူနေ့မှာ ဆရာမကြီး လူထုဒေါ်အမာရဲ့(သား) ဆရာညီပုလေး ၊ မင်းခိုက်စိုးစံ၊ ဆရာမ ယဉ်ယဉ်နု(မန္ထလေး) နဲ့ ဖိတ်ကြားထားတဲ့ စာရေးဆရာအတော်များများ လာရောက်ခဲ့ကြသလို ကျမချစ်ခင်လေးစားရတဲ့ စာရေးဆရာမ ခင်ခင်ထူး နဲ့ သမီးလေး တို့လဲ တတ်ရောက်ခဲ့ကြပါတယ်...။ ဆရာနေ၀င်းမြင့်ကတော့ စာပေဟောပြောပွဲအတွက် နယ်ကိုသွားနေရလို့ အလှူနေ့က မလိုက်လာနိုင်ခဲ့ပါဘူး....။
ကျမအတွက် ဆရာမရေးခဲ့တဲ့ စာပေဗိမ္မာန်ဆုရ စာအုပ် နဲ့ အခြား ရှားပါးစာအုပ်လေးတွေကို လက်ဆောင်ပေးလိုက်တော့ ကျမ အရမ်းပဲ... ကြည်နူးဝမ်းသာရပါတယ်....။
ဆရာမခင်ခင်ထူး ၊ သမီးလေးတို့နဲ့ အမှတ်တရ .....
စာရေးဆရာမ ယဉ်ယဉ်နု (မန္ထလေး) ကလည်း အလှူနေ့မှာ ကျမအတွက် လက်ဆောင်ပေးဖို့ဆိုပြီး စာအုပ်လေးတွေ ယူလာပါတယ် ...။ ဆရာမက လေဖြတ်ထားတဲ့အတွက် ညာဘက်လက်တစ်ဘက်က စာမရေးနိုင်ခဲ့ပေမယ့် သူများကိုရေးခိုင်းပြီး စာပေဗိမ္မာန်ဆုကိုရရှိခဲ့တဲ့အကြောင်းလေးကို ကျမကို ပြောပြတော့ စိတ်မကောင်းဖြစ်မိသလို အရမ်းလဲလေးစားစရာကောင်းတဲ့ စာပေမိခင်တစ်ဦးအဖြစ် အသိအမှတ်ပြုမိပါတယ် ...။
အခုလို လူရွှင်တော် စာရေးဆရာဦးချစ်စရာရဲ့ လှူချင်တဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း ၊ လှူဒါန်းခွင့်ရခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေကြောင့် ၊ ကျမ လေးစားတန်ဖိုးထားရတဲ့ စာပေအသိုင်းအ၀ိုင်းက ဆရာကြီး ဆရာမကြီးတွေနဲ့ ရင်းနှီးစွာ တွေ့ခွင့် ၊ ဆုံခွင့် ၊ ကန်တော့ခွင့်ပါ ရခဲ့ပါတယ် ....။

ဆရာမ ယဉ်ယဉ်နု (မန္ထလေး) နှင့် အမှတ်တရ
ဆို၊က၊ရေး၊တီး ရွှေတံဆိပ်ဆုရှင်မောင်ရှင်လောင်း မောင်နှမနှစ်ယောက်ကလဲ တေးသီချင်းနဲ့ အားပါးတရ ဧည့်ခံဖျော်ဖြေကြပါတယ် ....။ လူရွှင်တော် နဲ့ မင်းသမီးကမွေးလာတဲ့ မျိုးဆက်လေးတွေဆိုတော့ မခေဘူးလို့ပြောရမယ် ။ တစ်ကယ့် ၀ါရင့်အဆိုတော်ကြီးတွေလိုပါပဲ ....။
ကိုအောင်ကျော်မြင့် နဲ့ နန်းတော်ရှေ့ဆရာတင်ရဲ့(မြေး) နန်းခင်မွှေး တို့က တေးသီချင်းများသီဆိုပြီး
ကျောက်ပန်းတောင်း (မင်းသမီး)-စကားဝါ ဒေလီမြင့်ရဲ့ (သမီး) ညီမလေး မှုံနံ့သာသွယ် က အကနဲ့ တွဲဖက်ကာ ပျော်ရွှင်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်....။
အဲဒါပြီးတဲ့နောက်မှာတော့ ဘိတ်သိတ်သွန်းလောင်းရန် တာဝန်ယူထားတဲ့ စာရေးဆရာ မန်းတက္ကသိုလ် စိုးနိုင်က ဆိုင်း - မန္ထလေးသိန်းအောင် (သား) ပိုင်အောင်တို့နဲ့ တွဲဖက်ပြီး မောင်ရှင်လောင်းများကို အစီအစဉ် ၅ရပ်နဲ့ ဘိတ်သိတ်မြှောက်ကာ နားထွင်းမင်္ဂလာပြုပါတယ် .....။

မန်းလေးမြို့ ၊သဘင်အစည်းအရုံးဥက္ကဌကြီး- နန်းတော်ရှေ့ဆရာတင်ရဲ့ (သား) ဖြစ်သူ ဘဘ ဦးရွှေနန်းတင် ကလဲ မြန်မာ့ရိုးရာသုခုမအနုပညာနဲ့စာပေကို ချစ်ခင်လေးစားသောအားဖြင့် လူရွှင်တော်စာရေးဆရာ ဦးချစ်စရာ ၊ ဒေါ်အေးအေးသွင်တို့ရဲ့ ရင်သွေးရတနာများကို လာရောက်လှူဒါန်းပေးတဲ့ ကျမတို့ရဲ့ ဒါနစေတနာကို ချီးမြှောက်သောအားဖြင့် ကျေးဇူးတင်မင်္ဂလာစကားများ အားပါးတရ ပြောကြားပေးခဲ့ပါတယ် .....။
မြန်မာ့ဆိုင်းက နောက်ခံဗျောတီးပေးပြီး မောင်ရှင်လောင်းလေးတွေကို ဘိတ်သိတ်ထမင်း နဲ့ ဘိတ်သိတ်ဟင်းများ အခုလို ခွံ့ကျွေးရပါတယ် .....
အဲဒီအချိန်မှာ အလှူ့ဒါယိကာဦးချစ်စရာတို့ မိသားစုနဲ့ မောင်ရှင်လောင်းလေးတွေရဲ့ ဆွေမျိုးမိဘတွေ ၊ ဘိတ်သိတ်ပွဲကြည့်သူတွေ အားလုံးက အလှူအတွက် ကြည်နူး ၀မ်းသာတဲ့ မျက်ရည်စတွေနဲ့အတူ မြင်ရသူတိုင်းရဲ့ ရင်ကို ၀မ်းနည်း ၀မ်းသာဖြစ်စေခဲ့ပါတယ် ...။
မစုမြတ်အောင်ကို နားသမင်္ဂလာပြုလုပ်နေပုံ
ဘိတ်သိတ်ဆရာအဖြစ် တာဝန်ယူဆောင်ရွက်ပေးသော စိုးနိုင် (မန်းတက္ကသိုလ်)
ဘိတ်သိတ် အခမ်းအနားပြီးတဲ့နောက်မှာတော့ အလှူတော်မင်္ဂလာ အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ကျိတ်ကျိတ်တိုးနေတဲ့ လူအုပ်ကြီးကြားမှာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ပါတယ် ....။
အဲဒါတွေပြီးတဲ့နောက်မှာတော့ သာသနာ့ဘောင်ကိုဝင်ရောက်ရတော့မယ့် မောင်ရှင်လောင်းလေးများကို ဆံချပြီး ဆရာတော် သံဃာတော်တို့ထံမှ သင်္ကန်းစီး ၊ သီလခံယူကာ မြင့်မြတ်သော သာ့သနာ့ဘောင်ကို ၀င်ရောက်ကြပါတယ် ....။

အားလုံးပြီးတဲ့နောက်မှာတော့ သီတဂူကြယ်တစ်ပွင့်ဆရာတော်မှ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာထဲက သူတစ်ပါးအတွက် ဘာမျှော်လင့်ချက်မှမပါပဲ သန့်စင်မွန်မြတ်စွာ လှူဒါန်းခြင်းနဲ့ စိတ်ထားတတ်ခြင်း တို့ကိုအခြေခံသော ပါရမီထိုက်တဲ့ဒါနသြ၀ါဒတရားဒေသနာကို ချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့ကို ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ်လှူဒါန်းကြပါတယ် .....။
သံဃာတော်တစ်ပါးလျှင် ဒွိစုံသင်္က္ခန်း(၂) စုံနှင့် အခြားလှူဖွယ်ပစ္စည်းများ ၊ ပစ္စည်းလေးပါးအတွက် န၀ကမ္မ၀တ္ထုငွေ တစ်ပါးလျှင် ၃၀၀၀၀၀ ( သုံးသောင်းကျပ်) တို့ကို သံဃာတော် တစ်ဆယ့်နှစ်ပါးတို့အား ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ သာဓု အနုမောဒနာခေါ်ဆိုခဲ့ကြပါတယ် .....။

ညနေ ၄နာရီတိတိအချိန်မှာ အလှူတော်ကြီး အောင်မြင်စွာပြီးမြောက်သွားခဲ့ပါတယ် .....။ညပိုင်းအချိန်မှာတော့ မန်းလေးမြို့ကျက်သရေဆောင် မြို့မဂီတ၀ိုင်းတော်သားများ ၊ ရတနာပုံသန်းဌေးအောင် ဆိုင်းအဖွဲ့တို့နဲ့အတူ ဟာသလူရွှင်တော်-စာရေးဆရာ -အလှူ့ဒါယိကာကြီး ဦးချစ်စရာ ၊ ဦးမော့(စ်) ၊ ဦးရန်အောင် ၊ ဦးဒီပါ ၊ တို့နဲ့အတူ ရှေ့ထွက်မင်းသမီး ကျမ နှင်းဟေမားp ၊ ခေါင်းဆောင်မင်းသမီး နန်းခင်မွှေးတို့က အလှူအောင်ပွဲအတွက် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြပါတယ်....။

************************************************
အလှူတစ်ခုလုပ်နိုင်ဖို့ဆိုတာ လှူချင်တဲ့ဆန္ဒရှိရုံနဲ့လဲ မရနိုင်သလို .... ငွေကြေးပြည့်စုံရုံ ၊ မိမိတစ်ယောက်ထဲရှိရုံနဲ့လဲ မပြီးပါဘူး ၊ ဘက်ပေါင်းစုံ ဒေါင့်ပေါင်းစုံကနေ အစစအရာရာ အကူအညီ အထောက်အပံ့ ရှိမှသာ ပြည့်စုံအောင်မြင်တဲ့ အလှူပွဲကြီးတစ်ခုဖြစ်မြောက်ရတာပါ ....။

အထူးသဖြင့် အခုလို မွန်မြတ်တဲ့ ရှင်ပြု အလှူတော်ကြီးတစ်ခုအဖြစ် ကျမကိုလှူဒါန်းခွင့်ရအောင် ပထမဆုံး “တိုင်ပင်ခဲ့တဲ့ လူရွှင်တော် စာရေးဆရာကြီး ဦးချစ်စရာ ” ၊ ဒီအလှူကြီး ဖြစ်မြောက်ဖို့ရာအတွက် ကျမဘေးကနေ အစစအရာရာ ကူညီပါရမီဖြည့်ဆည်းပေးခဲ့တဲ့ ကိုအောင်ကျော်မြင့် ၊ အလှူမတိုင်ခင်ကနေ အလှူပြီးတဲ့အထိ လိုအပ်တဲ့ ကားတွေအားလုံးကို စိတ်ကြိုက်ယူသုံးခွင့်ပြုပြီး အစစအရာရာ စိတ်ရောကိုယ်ရောနှစ်ကာ အလှူအတွက်မနေမနား ကူညီပေးခဲ့တဲ့ မန်းလေးမြို့က ကိုမောင်မောင် တို့ကို အရမ်းကျေးဇူးတင်မိပါတယ်...။

နောက်ပြီး အလှူမတိုင်ခင်ကနေ အလှူပြီးမြောက်တဲ့အထိ အစစအရာရာ အကူအညီပေးခဲ့တဲ့ အန်တီနန်းခင်မွှေး ၊ အလုပ်ရှုပ်နေတဲ့ကြားက ကျမကို အချိန်များစွာပေးပြီး မေတ္တာနဲ့ပြင်ဆင်ပေးခဲ့တဲ့ - ကျမကမဲ့ အငြိမ့်စင်ပေါ်ထိ လိုက်လာပြီး အားပေးခဲ့တဲ့ မိတ်ကပ်ကြည်ခိုင်မိုး၊ လမ်း ၈၀ မဟာအောင်မြေ ရပ်ကွက်တစ်ခုလုံးက ကျမ ချစ်ခင်ရတဲ့ မန်းလေးသူ ၊ မန်းလေးသား မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ခဲ့မိပါတယ် ဆိုတာလေးကို ဒီနေရာလေးမှာ ကျမရဲ့ တစ်သက်တာ အမှတ်တရအဖြစ် မှတ်တမ်းတင် ရေးသားအပ်ပါတယ်.........။

အားလုံးကို ချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
(16 March 2011)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP