* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, February 6, 2011

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (အတ္တ၀ဂ္ဂ)

ဆောင်းပါးအမှတ်စဉ် (၁၂)
ဗုဒ္ဓဘာသာနှင့် ကမ္ဘာပေါ်ရှိ အခြားဘာသာများကို အယူအဆ ကွဲလွဲစေသည်မှာ အတ္တနှင့် အနတ္တသာ လျှင် ဖြစ်ပေသည်။ အခြားဘာသာများက အတ္တ၀ါဒအပေါ်တွင်အခြေခံပြီး ၀ါဒကွန်ယက်ကို ဖြန့်ကြက် ကြလေသည်။ ယင်းအယူအဆ နှစ်ရပ်သည် သိမ်မွေ့သဖြင့် ဗုဒ္ဓဘာသာဝင်များသည်ပင် ရှင်းရှင်းလင်းလင်း သိရန်မူ ကြိုးစားအားထုတ်မှ နားလည်နိုင်လေသည်။ အဘယ့်ကြောင့်ပါနည်း တသံသရာလုံးက အတ္တ၀ါဒ အပေါ်တွင် အခြေခံလာခဲ့ကြပေရာ ဘုရားရှင်က အနတ္တဟုဟောကြားပါမှ သိခွင့်ရသောကြောင့် ဖြစ်ပေသည်။ သိခွင့်ရသော အချိန်နှင့် အကြိမ်အရေအတွက်မှာလည်း များများစားစား မဟုတ်လေသဖြင့်  လူအပေါင်းသည် ယောင်ဝါးကြီးဘ၀ဖြင့် စခန်းသွားနေကြပေသည်။ ဘုရားရှင်သည်ပင် ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဦးကို ဟောတော်မူခဲ့ရာတွင် အနတ္တ၀ါဒကို အစဦး မဟောကြားခဲ့မူ၍ အရိယာဖြစ်ကြပြီးမှ အနတ္တလက္ခဏ သုတ်ကို ဟောတော်မူခဲ့ပေရာ အတ္တနှင့် အနတ္တ ကွဲပြားရန် မည်မျှခက်ခဲသည်ကို သိနိုင်ပေသည်။ ဘုရားရှင်ခေတ်က ရှိနေခဲ့သော အခက်သည် ယနေ့ခေတ်လူသားများအထိပင် အဆုံးသတ်၍ မရအောင် အခက်ဖြစ်နေရပေသည်။ သို့အတွက်ကြောင့်ပင် ထေရ၀ါဒနှင့် မဟာယာန၀ါဒ နှစ်ခုစလုံး၌ သေခါနီးအခါတွင် လိပ်ပြာခွဲ၊ သေပြီးနောက် တစ္ဆေကြီးကျွေးစသည့် ကျင့်သုံးမှုများဖြင့် အတ္တ၀ါဒလောင်းရိပ်မှ ရုန်းမထွက်နိုင်အောင်ပင် ဖြစ်နေပေ သေးသည်။ ဟိန္ဒူဘာသာဝင် ပညာရှင်တို့ကလည်း ဗုဒ္ဓဘာသာကို ဟိန္ဒူလက်အောက်ခံ ဘာသာအဖြစ် ဆင်တူ ရိုးမှားဖြစ်စေရန် န၀မအ၀တာရအဖြစ် ဖန်ဆင်းခြင်း၊ ပရမအတ္တ၏ တပည့်အဖြစ် သွတ်သွင်းခြင်းတို့ဖြင့် ညင်ညင်သာသာ ပူးသတ်ကြပေသည်။ ထို့ပြင် ပါဠိစာပေတွင် အတ္တဟုတွေ့မြင်တိုင်း အသက်၊ လိပ်ပြာဟု အဓိပ္ပါယ်ထွက်သော (Soul) ဟုဘာသာ ပြန်ကြပေသည်။ အတ္တဟူသောပါဠိကို ဘာသာပြန်ရမည်မှာ (Soul) မဟုတ် ကိုယ်တိုင်ဟု အဓိပ္ပါယ်ရသော (by yourself) ဟု ပြန်ဆိုကြရပေမည်။ ယခု အခါ ပါပ၊ ဒဏ္ဍနှင့် ဇရာဝဂ် တို့၏ နောက်တွင် အတ္တ၀ဂ်ကို စီစဉ်ထားသည်မှာ စဉ်းစားစရာ တစ်ခုဖြစ်ပေသည်။ ဆိုလိုသည်မှာ အကုသိုလ်ကို မပြုရုံမျှနှင့် မလုံလောက်၊ ကုသိုလ်လုပ်ဆောင်ရာ တွင်လည်း အတ္တ၊ အနတ္တကွဲပြားပါမှ သံသရာက လွတ်နိုင် မည်ကို သိစေလိုသဖြင့် ဤအတ္တ၀ဂ်ကို စီမံလေသလောဟု တွေးထင်မိခြင်း ဖြစ်ပေသည်။ အတ္တ၀ါဒတန်းလန်းရှိနေသောသူသည် အနတ္တ၏ အသီး အပွင့်ဖြစ်သော နိဗ္ဗာန်ကို ဆွတ်ခူးနိုင်စရာ အကြောင်းလုံးဝ မရှိပါချေ။
အတ္တနှင့် အနတ္တကိုသိနားလည်ရန် အရေးကြီးလှသဖြင့် ဓမ္မဗဟုဿုတကို အနည်းငယ် ရေးသားရမည် ထင်ပါသည်။ ဟိန္ဒူဝါဒတွင် အတ္တအသေးနှင့် အကြီးရှိပေရာ ပရမအတ္တသည် ဖန်ဆင်းရှင်၏ အတ္တဖြစ်ပြီး တစ်ဦးချင်းစီတွင်မူ အသေးစား အတ္တမျှသာ ရှိပေသည်။ ထိုအတ္တလေးသည် မည်သည့်အခါမှ ပျက်ပြယ် ပျောက်ကွယ် သွားခြင်းမရှိသည့်ပြင် ညအခါ အလွန်အိပ်မောကျနေသည့်အချိန်တွင် ပရမအတ္တနှင့် ဆက်သွယ်ကြသည်ဟု သိရပါသည်။ လူများသေဆုံးသည့်တိုင်အောင် အတ္တလေးက မသေဆုံးပေ။ လူ၏ခန္ဓာကိုယ်မှ ထွက်ခွါသွားခွဲပြီး နောက်ခန္ဓာကိုယ်အသစ်ကို ရှာဖွေပေသည်။ သို့အတွက် ကလေးငယ်များ မွေးဖွားသည့်အခါ ငယ်ထိပ်နားရှိနေရာလေးတွင် လှုပ်စိလှုပ်စိနှင့် ဖြစ်နေသည်မှာ အတ္တလေး ၀င်ရောက် လာခဲ့သောကြောင့်ပင် ဖြစ်သည်ဟု ဆိုပါသည်။ ဤနေရာတွင် သေခါနီးအခါ လူ၏ခန္ဓာကိုယ်အတွင်းမှ အတ္တထွက်သွားသည်ကို လက်မခံကြသော သိပ္ပံပညာရှင်များက ခန္ဓာကိုယ်ကို အပေါက်မရှိအောင် အတ္တ ကလေး မထွက်နိုင်စေရန် ရည်ရွယ်ပြီး စပ်းသပ်ခဲ့သော်လည်း သေမည့်သူကတော့ သေခဲ့သည်ပင် ဖြစ်သည်ဟု ကြားသိရပါသည်။ မြန်မာတို့ကလည်း ဤအရိပ်အယောင်ဖြင့်ပင် အသက်ထွက်သည်ဟု ဆိုကြကာ လည်ချောင်းဝတွင် တစ်နေပုံများကို ရုပ်ရှင်များမှတစ်ဆင့် အယူမှားကို သတင်းပေးကြပေသည်။ အမှန်မှာ ဗုဒ္ဓ၀ါဒအနေဖြင့် စိတ်၊စေတသိက်၊ရုပ်တို့သည် ခဏမစဲ ဖြစ်တည်ပျက်စနစ်ဖြင့် သံသရာခရီးသွားနေကြပေရာ အချိန်မရွေး၊ ခဏတိုင်း သေဆုံးနေကြသူချည်း ဖြစ်ပါသည်။ တည်မြဲသောအရာဟူ၍ ရှာမရသည်ကို သိထားကြရပါမည်။ ဤသို့သိထားသူသည် အကုသိုလ်အဖြစ်နည်းပါသည်။ သိမထားသော သူများသည် လောကဓံအတက်အကျ နှင့်ကြုံလာသောအခါတွင်မူ ဆောက်တည်ရာမရ ဖြစ်တတ်ကြပါသည်။ သူတစ်ပါး၏ လောကီဆိုင်ရာ ပြည့်စုံမှုများပေါ်တွင်လည်း အထင်ကြီးလွန်း အားကျလွန်းခြင်း များဖြစ်တတ် ကြပါသည်။ ဗုဒ္ဓဘာသာ မြန်မာတို့၏ သိထားရမည့် ဘ၀ကူးပုံအခြင်းအရာမှာ စွမ်းအင်သတ္တိများ ပြောင်းလဲသွားပုံကို နားလည်ထားခြင်းနှင့် တူညီပါသည်။ ဆရာတော်တစ်ချို့က ဘ၀ကူးပုံကို ငွေလွှဲပို့ပုံနှင့် ဥပမာ ပေးတတ်ကြပါသည်။ ဥပမာ တစ်နေရာမှ တစ်ခြားနေရာသို့ ငွေပို့သောအခါ ထုတ်ယူမည့်သူသည် ပို့လိုက်သော ငွေသားစက္ကူရွက်ကို တိုက်ရိုက်ရသည်မဟုတ်သော်လည်း ပမာဏတူသော ငွေကို လက်ခံသည့် နေရာတွင် ရှိသော ဘဏ်စသည်မှ အခြားငွေသားစက္ကူကို လက်ခံရခြင်းဖြစ်သည်။ သို့သော် လက်ခံရသော ငွေပမာဏ သည် ပေးပို့သော ငွေပမာဏ နှင့် အရေအတွက် တူညီရသည်သာ ဖြစ်ပေသည်။ ဤနည်းတူ နောက်ဘ၀တွင် ရရှိမည့်ခန္ဓာကိုယ်နှင့်စိတ်သည် ဘ၀ဟောင်းကလည်းမဟုတ် ထိုဘ၀နှင့်လည်း ကင်းသည်မဟုတ် သတ္တိ အနေဖြင့် ဆက်စပ်လျက်ရှိပေသည်။ အတ္တလေးပြောင်းသွားသည့် အနေမျိုး မဟုတ်ပါချေ။ ယခုဖေါ်ပြမည့် အတ္တ၀ဂ်ကမူ မိမိကိုယ်ကို အားကိုးပြီး ကုသိုလ်စိတ်များဖြစ်ပွါးစေရန် မိန့်ဆိုချက်ဖြစ်ပါသည်။ တစ်ခြား ဘာသာများကဲ့သို့ ဘုရားရှင်က ဆွဲတင်ခေါ်ဆောင်ခြင်း၊ တွန်းပို့နှစ်မြုပ်ပစ်ခြင်း ကိစ္စများကို ဆောင်ရွက်မည် မဟုတ်ပဲ ကောင်းမကောင်းကို လမ်းညွှန်ပြသပေးသွားရုံသာ ဖြစ်ပါသည်၊ မိမိတို့၏ ဥာဏ်၊ ၀ီရိယ၊ သတိ၊ သဒ္ဓါများ အလျောက်သာ ကိုယ်တိုင်လျောက်၊ ကိုယ်တိုင်ခံစားခွင့်ရှိသော ထူးခြားသော အယူဝါဒမျိုး ဖြစ်ပေ သည်။
ပထမဆုံးဝတ္ထုတွင် မိမိကိုယ်ကို တကယ်တန်းချစ်မြတ်နိုးသူဖြစ်လိုပါလျှင် ဘ၀ကို သုံးခုပိုင်းပြီး တစ်ချိန် ချိန်တွင် ဒါနစသည်ပေါင်းစု မြတ်ကောင်းမှုကို ပြုတတ်ကြရမည် ဖြစ်ကြောင်း၊ ရဟန်းဖြစ်ပါလျှင်လည်း သက်ဆိုင်ရာ ကျင့်ဝတ်များကို ပြည့်စုံစွာ ဖြည့်ဆည်းပူရမည်ဖြစ်ကြောင်း မိန့်တော်မူထားပါသည်။ ဗောဓိရာဇ ကုမာရကို တစ်ပုဒ်တည်းဖြင့်ဟောတော်မူရာ တရားတော်၏ အဆုံးတွင် သောတာပန်ပုဂ္ဂိုလ် ဖြစ်ခဲ့ပေသည်။ ဤ မင်းသားသည် အဓိဋ္ဌာန်ပြု၍ ဘုရားရှင်အား ခြေသုတ်ပုဝါကို နင်းစေတော်မူခဲ့ရာ ဘုရားရှင်က အဓိဋ္ဌာန် မအောင် မှန်းသိပြီး နင်းတော်မမူခဲ့ပေ။ အတိတ်ဘ၀က အကုသိုလ်ကံကြောင့် သားသမီးရမည့်သူ မဟုတ်ဟုဆိုပါသည်။ ဤမင်းသား၏ ၀တ္ထုတွင် မင်းသား၏ လျောက်ထားသော စကားအရ သူသည် အမိဝမ်းတွင်းတွင်ရှိနေစဉ်ကာလ၊ ကလေးဘ၀ဘာမှ မသိခင်ကာလနှင့် အရွယ်ရောက်ပြီး သိတတ်သည့်ကာလ သုံးခုတွင် သူသည် သရဏဂုံသုံး ပါး တည်သူဖြစ်ကြောင်း သိရပါသည်။
ဒုတိယ၀တ္ထုတွင် မိမိကိုယ်တိုင် ထိုက်သင့်သည့် အရည်အချင်းပြည့်ဝပြီးမှ သူတစ်ပါးကို ဆုံးမသင့်ကြောင်း မိန့်တော်မူလျက် ထိုသို့ဖြစ်မှသာလျှင် ပင်ပန်းမှု မရှိနိုင်ကြောင်း မိန့်တော်မူပါသည်။ မစိုးရိမ်ဆရာတော်ကြီး ဦးသိရိန္ဒ၏ ခံယူချက်ကို သတိရမိပါသည်။ ဆရာတော်ကြီးက ကိလေသာတန်းလန်းနှင့် လူသားသည် ကိလေသာပြည့်နေသော လူထုကြီးကို ဆုံးမပေးနေသည်မှာ ရွှံ့ညွှန်တွင်နစ်မြုပ်နေသော ဆင်ကြီး တစ်ကောင်က အခြားဆင်များ၏ လွတ်မြောက်ရာကို မရှာကြံနိုင်သလိုမျိုး ဖြစ်နေသည်ဟု ယူဆပေသည်။ ဆရာတော်ကြီး၏ ၀ါဒသည် ပြင်ထန်လွန်းသည်ဟု ယူဆစရာဖြစ်သော်လည်း ဗုဒ္ဓအလိုနှင့် တစ်ထပ်တည်း ကျနေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ အစစ်အမှန်ကို ရှာဖွေနေသူများအတွက် အကျိုးများစေရန် တရား ပြသောသူများသည် မိမိတို့ကိုယ်တိုင်ပင် အစစ်အမှန်တရားများကို တွေ့ပြီး ဖြစ်သင့်ပေသည်။ မတွေ့သေး ပါကလည်း မနေမနား ပထမနေရာတွင် ထားပြီး ဖွေရှာသင့်ပေသည်။ ဤနေရာတွင် တရားဟောကောင်းသော အရှင်ဥပနန္ဒသကျပုတ္တမထေရ်ကို အကြောင်း ပြုပြီး ဟောတော်မူထားခြင်းဖြစ်သည်။ သူသည် သူတစ်ပါးကိုသာ နားဝင်ဟောတတ်ပြီး သူကိုယ်တိုင်မူ ကျောင်းများစွာတွင် တောင်ဝှေး၊ ထီး၊ ဖိနပ်စသည့် ပစ္စည်းများထားပြီး ဝေပုံစုရရန် ကြိုးစာနေခဲ့သူဖြစ်သည်။ အပြောနှင့် အလုပ်မညီသည့် ရဟန်းတော် တစ်ပါးဖြစ်ခဲ့ပေသည်။ သို့အတွက် တရားအဆုံးတွင် အရိယာစာရင်းဝင် ရဟန်းတစ်ပါး ဖြစ်လာခဲ့ကြောင်းမှတ်တမ်း မ၀င်ခဲ့သူ ဖြစ်ပေ သည်။
တတိယ၀တ္ထုတွင်မူ  ရဟန်းတော်များ၏ ဦးစီးခေါင်းဆောင်သည် နောက်လိုက်ရဟန်းတော်များကို ကြိုးစားအားထုတ်စေပြီး မိမိကိုယ်တိုင်ကမူ တရားအားထုတ်မှုကို မပြုလုပ်ဘဲ  နေခဲ့လေသည်။ သူတစ်ပါးများ တရားကျင့်နေစဉ်တွင်လည်း အိပ်နေစဉ် မြည်ဟိန်းနေသော သူ၏အသံကြောင့် အနှောက်အယှက် ဖြစ်ခဲ့ပေသည်။ ၀ါတွင်းသုံးလကုန်သော်လည်း တရားထူး မရခဲ့ကြဘဲ ဘုရားရှင်ထံသို့ရောက်ခဲ့ ကြပါသည်။ ဘုရားရှင်က ခေါင်းဆောင်ကောင်းဟူသည် အပြောနှင့် အလုပ်ကိုက်ညီအောင် ဖြစ်သင့်ကြောင်း တရားပြပြီး ဆုံးမခဲ့ပါသည်။ တရားနာယူပြီးသည့် အဆုံးတွင် ရဟန်းတော်အားလုံးသည် တရားထူးကို ရခဲ့ကြသည်ဟု မှတ်တမ်း ရေးထိုးထားပါသည်။
စတုတ္ထ၀တ္ထုတွင် သားသောကကြောင့် တစ်ဆယ့်နှစ်နှစ်လုံး တရားထူးမရခဲ့သော အရှင်ကုမာရ ကဿပမထေရ်၏ မယ်တော်ထေရီကြီး၏ အကြောင်းဖြစ်ပါသည်။ မထေရ်၏ ဆင်ခြင်ဥာဏ်နှင့် ပြောဆို ဆက်ဆံလိုက်သော ပရိယာယ်ဆုံးမ စကားကြောင့် သားပေါ်တွင် ထားသောသောကကို ဖြတ်ပြီး ကြိုးစား အားထုတ် ခဲ့ပေရာ နေ့ချင်းပင် ရဟန္တာထေရီမကြီး ဖြစ်လာခဲ့ပေသည်။ အမှန်မှာမူ ဘ၀တစ်ခုကို နိမ့်စေ၊ မြင့်စေသည်မှာ သူတစ်ပါးမဟုတ်၊ မိမိသာလျှင် ပဓာနဖြစ်ပေသည်။ သူတစ်ပါးကမည်မျှပင် ကူညီနေပါစေ မိမိကသာ မလှုပ်ရှားပါက ရှေ့သို့ ရွေ့ရှားမည် မဟုတ်ပါပေ။ သို့အတွက် စီးဆင်းနေသောရေကဲ့သို့ ရှင်သန်နေရန် ကိုယ်တိုင်အားထုတ်မှုဖြင့် ဘ၀၏ တိုးတက်ကြောင်းကို အားထုတ်သင့်ပေသည်။
ပဉ္စမ၀တ္ထုတွင် တရားနာပြီး၍ သောတာပန်ဖြစ်သော အမျိုးသားတစ်ဦး၏ လူမှားပြီး အသတ်ခံရသော ၀တ္ထုဖြစ်ပါသည်။ ညအခါတွင် တရားနာပြီး အိမ်ပြန်အသွား ရေကန်နားတွင် ရှိနေခဲ့စဉ် သူခိုများက သူတို့ လုယူလာခဲ့သော ပစ္စည်းကို နောက်က လိုက်လာခဲ့သော လူအများ၏ လက်မှ မလွတ်တော့မှန်းသိသဖြင့် သောတာပန် အမျိုးသား၏ အနီးနားသို့ ပစ်ချခဲ့ခြင်း ဖြစ်ပေသည်။ လူအများက အနီးနားသို့ ရောက်လာခဲ့သော အခါတွင်မူ သောတာပန်အမျိုးသားကိုပင် သူခိုးထင်ပြီး သတ်ဖြတ်ခဲ့ပေသည်။ ယခုဘ၀တွင် ကောင်းသော် လည်း အတိတ်ဘ၀မှ အကုသိုလ်သည် လိုက်လာခဲ့သဖြင့် ၀ိပါက်ကြမ္မာ မပြေးသာဖြစ်ခဲ့ရပေသည်။ သို့အတွက် ယခုဘ၀ပြုသမျှ မကောင်းမှုသည် ဤဘ၀ နောင်ဘ၀နှစ်ခုနှင့် ဆက်စပ်နေကြောင်း အသိနှင့် သတိရှိခြင်းဖြင့် ဘ၀နှစ်ခု ကောင်းကြောင်း ကုသိုလ်အပေါင်းကို ဆည်းပူး တတ်ကြရပေမည်။ ဤ၀တ္ထုနည်းတူ န၀မ၀တ္ထုတွင်လည်း အလားတူပင် ဖြစ်ပါသည်။
ဆဋ္ဌမမြောက် ဒေ၀ဒတ္တ၀တ္ထုတွင်မူ ရစ်ပတ်တတ်သော မာလာနွယ်နှင့်တူသော တဏှာကြောင့် သီလ ကင်းမဲ့တတ်ပုံကို ဟောတော်မူထားပါသည်။ သတ္တမ၀တ္ထုတွင်မူ ဒေ၀ဒတ်ကိုပင် ထပ်မံအကြောင်းပြုပြီး ကောင်းသူများသည် ကောင်းတာလုပ်ရသည့်အတွက် အခက်မရှိသော်လည်း မကောင်းသူများအတွက်မူ အခက်ဖြစ်ရပုံကို ဖေါ်ပြပါသည်။ အပြန်အားဖြင့် မကောင်းမှုသည်လည်း လူမိုက်များအတွက် လွယ်ကူပါပေ သည်။ လူလိမ္မာများအတွက်မူကား မကောင်းမှုသည် ခက်ခဲလွန်းပေသည်။ မိမိတို့သည် ဘယ်အတွက် ခက်နေကြသည်ကို  သိရှိပြီး အချိန်မှီပြင်ဆင်သင့်ပေသည်။
အဋ္ဌမ၀တ္ထုတွင် မနာလိုစိတ်ကြောင့် အခက်အခဲတွေ့သော ရဟန်းတော်တစ်ပါးကို အကြောင်းပြုပြီး တရားထူး ရသွားသော အမျိုးသမီးကြီးတစ်ဦး၏ အကြောင်းဖြစ်ပါသည်။ ဘုရားရှင်ကို မဖူးစေချင်သော ဘုရားသားတော် ရဟန်းတစ်ဦး၏ အမျိုးသမီးကြီး အပေါ်တွယ်တာမှု သံယောဇဉ်နှင့် ဘုရားရှင်အပေါ်မနာလိုမှု ၀န်တိုမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်မှာ အမျိုးသမီးကြီးမှာ ဘုရားရှင်၏ တရားဟောတော် မူသောကြောင့် တရားထူးရသွားခဲ့ပါသော်လည်း ရဟန်းတော်မှာ ဘာတရားထူးမှ ရသွားခဲ့သည်ဟု မှတ်တမ်း တင် မခံခဲ့ရသောကြောင့် ဖြစ်ပါသည်။
ဒသမ၀တ္ထုတွင် အတ္တဒတ္ထမထေရ်ကို အကြောင်းပြုပြီး ဟောတော်မူသော ၀တ္ထုဖြစ်ပါသည်။ ထိုမထေရ် သည် ဘုရားရှင်၏ အကြိုက်ဆုံး အလုပ်ဖြစ်သည့် တရားတော်ကို ကျင့်ကြံခြင်းဖြင့် နိဗ္ဗာန်ရသည် အထိ ကျင့်ကြံသွားသော ရဟန်းတော်တစ်ပါး ဖြစ်ပေသည်။ မြတ်စွာဘုရားရှင်က လေးလအလွန်တွင် ပရိနိဗ္ဗာန်စံတော်မူမည်ဟု မိန့်တော်မူသောအခါ ရဟန်းတော်အများစုသည် ဘုရားရှင်နှင့် ထပ်ချပ်မကွာ လိုက်ပါကြပါသည်။ အတ္တဒတ္ထမထေရ်ကမူ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မမူမှီ တရားထူးရအောင် ကြိုးစား မည်ဟု သန္ဒိဋ္ဌာန်ချပြီး ကြိုးစားခဲ့သည်မှာ ဘုရားရှင်၏ ရှေ့တော်တွင် တဖန်ပြန်ဖူးရသည် အထိ ဖြစ်ပါသည်။ ထိုအခါမြတ်စွာဘုရားရှင်က ချီးမွမ်းတော်မူခဲ့ပြီး တရားဟောတော်မူခဲ့ရာ ရဟန္တာတစ်ပါး ဖြစ်ခဲ့ပေသည်။
ဤနေရာတွင် အရေးကြီးသော မှတ်ချက်မှာ ပန်းနံ့သာ ဆီမီးစသည်တို့ဖြင့် ပူဇော်ပသမှုကို ပြုနေခြင်းသည် တကယ်တန်းပူဇော်နေခြင်းမမည်၊ တရားဖြင့် ပူဇော်ခြင်းသည်သာ အကောင်းဆုံး ပူဇော်ခြင်းဖြစ်ပြီး သာသနာတော်နှင့် တွေ့ရကျိုးနပ်သူသာ ဖြစ်သည်ဟု ဟောတော်မူခဲ့ပါသည်။ ဘုရားရှင်၏ သာသနာကို တွေ့နေကြသော သူများသည်  မိမိတို့၏ ယခုဆောင်ရွက်နေသော မည်သည့်အလုပ် ဖြစ်စေကာမူ ဘုရားရှင်၏ အလိုတော်ကျဖြစ်သလား၊ မဖြစ်ဖူးလားဆိုသည်ကို စဉ်းစားသင့်လှပေသည်။
တစ်ဆယ်သော ဂါထာဖွင့်တို့ဖြင့် ဖွင့်ဆိုထားသော ဤအတ္တ၀ဂ်တွင် အဖွင့်ဂါထာအပြင် အဖွင့်မခံရသော ဂါထာငါးထာလည်း ပါဝင်ပေသေးသည်။ အဖွင့်ဂါထာ ဆယ်ဂါထာတို့တွင်လည်း လေးပါဒဖြင့်ရေးဖွဲ့ထားသော ဂါထာရှစ်ပုဒ်နှင့် ခြောက်ပါဒဖြင့်ရေးဖွဲ့ထားသော ဂါထာ နှစ်ပုဒ်တို့ကိုလည်း ဤဆစ်ဆယ့်နှစ်ခုမြောက် အတ၀ဂ်တွင် တွေ့ရပါသည်။
အတ္တ၀ဂ်တစ်ခုလုံး၏ သိစေလိုသောအချက်မှာ ဗုဒ္ဓ၀ါဒသည် မိမိကိုယ်ကို အားကိုးရာအဖြစ် တည်ဆောက်ပြီး မြတ်စွာဘုရားရှင်၏ ပါဝင်မှုကဏ္ဍမှာ မိတ်ဆွေကောင်းတစ်ဦး၏ လမ်းကြောင်းမှန်ကို ကူညီပံ့ပိုးပေးမှု သဖွယ်သာ ဖြစ်ပေသည်။ တကယ်တန်းအားဖြင့် နိဗ္ဗာန်လမ်းခရီးသို့သွားရာဝယ် ကိုယ်တိုင်တည်ဆောက်၊ ကိုယ်တိုင်လျောက်သော လမ်းစဉ်သာ ဖြစ်ပါသည်။ နည်းစနစ်နှင့် လမ်းကြောင်း မှန်ကိုသာ ဗုဒ္ဓ၀ါဒတွင် တွေ့နိုင်ပြီး ဆွဲဆောင်စည်းရုံးမှုနှင့် မလိုက်လိုသူများအပေါ်တွင် ကျိန်ဆဲလိုမှုများ အလျင်းပင် မရှိပါချေ။ မိမိအားမချစ်သော သူများအပေါ်တွင်လည်း၊ ချစ်ခင် နှစ်သက်သော သူများပေါ်တွင် လည်းကောင်း တန်းတူရည်တူထားနိုင်စွမ်းသော ဘုရားရှင်၏ စိတ်ဓာတ်မှာမူ ဘာသာရေး ခေါင်းဆောင်တိုင်း တွင် မတွေ့ရသော ရှားပါးသော ကွဲပြားမှုဖြစ်ကြောင်း နားလည်ရပေသည်။ သို့အတွက်ကြောင့်ပင် တကမ္ဘာလုံးက ပညာရှင်များ၏ ချီးမွမ်းသံကို ကြားနေရဆဲ ဖြစ်ပါသည်။
ဆောင်းပါးမှတ်စုများ
၁။ ဓမ္မပဒအဋ္ဌကထာ အတ္တ၀ဂ်
စာရေးသူ၏အာဘော်
ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။
ဆရာတော် ဒေါက်တာအရှင်နန္ဒက
ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်
အင်ချွန်းမြို၊တောင်ကိုရီးယား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP