သဗ္ဗာသဝသုတ် အဆက်
ဘုရားသခင်သည် ပယ်ရှင်းရန် နည်းလမ်းနှင့် တကွဖြစ်သော အောက်ပါ အာသဝတရား ခုနစ်မျိုးကို ဟောကြားတော်မူသည်။
၁) မြင်ခြင်း(ဒဿန)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ
၂) ပိတ်ဆို့ခြင်း(သံဝရ)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ
၃) မှီဝဲခြင်း(ပဋိသေဝန)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ
၎) သည်းခံခြင်း(အဓိဝါသန)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ
၅) ရှောင်ကြည်ခြင်း(ပရိဝဇ္ဇနာ)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ
၆) ပယ်ဖျောက်ခြင်း(ဝိနောဒနာ)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ
၇) ပွါးများခြင်း(ဘာဝနာ)ဖြင့် ပယ်အပ်ကုန်သော အာသဝတရားများ
မြင်ခြင်းဖြင့် ပယ်အပ်သောအာသဝေါတရားတို့ဟူရာ၌ မြင်ခြင်းဟူသည် အရိယာသူတော်ကောင်းတို့ကို ဖူးမြင်ခြင်းကိုဆိုလို၏။ မှန်၏။ အရိယာသူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသောသူသည် သူတော်ကောင်းစကားကို ကြားနာခွင့်မရနိုင်ပေ။ သူတော်ကောင်း တရားကို မကြားနာရသော် သူတော်ကောင်းတရား၌ နားလည်လိမ္မာသူဖြစ်မလာနိုင်ပေ။ သူတော်ကောင်းတရား၌ မသိနားမလည် မလိမ္မာသော် နှလုံးမသွင်းသင့်သောတရားကို နှလုံးသွင်းခြင်း၊ နှလုံးသွင်းသင့်သောတရားကို နှလုံးမသွင်းမိခြင်း ဟူသော ချွတ်ချော်မှားယွင်းမှုကြီးတို့ကို ပြုလုပ်မိတတ်ကြလေသည်။ ထိုသို့ နှလုံးသွင်း ချွတ်ချော်မှားယွင်းခြင်းကြောင့် မဖြစ်သေးသော အာသဝတရားတို့လည်း ဖြစ်လာတတ်၏၊ ဖြစ်ပြီးသော အာသဝတရားတို့လည်း တိုးပွါးအားကြီးလာတတ်လေသည်။
ဤနေရာ၌ စာရေးသူ၏ နှလုံးသွင်းမှားယွင်းမှုများစွာထဲမှ တစ်ခုကို နမူနာပြုလိုပါသည်။ ရမ်းဗြဲမြို့၊ ဓမ္မဝိဇယကျောင်းတွင် ကျောင်းထိုင် စဉ်ကဖြစ်ပါ၏။ ဓမ္မဝိဇယကျောင်းသည် မြို့နယ် လျှပ်စစ်ဓာတ်အားပေးလိုင်း၏ အစွန်အဖျားကျသော တစ်နေရာတွင်တည်ရှိ၏။ ထိုအချိန်က ညနေ (၇း၀၀) နာရီမှ (၁၀း၀၀)နာရီအထိသာ တစ်ရက်ခြားတစ်ကြိမ်စီ လျှပ်စစ်မီးရရှိကြ၏။ လျှပ်စစ်မီးလာပြီဆိုလျှင် ဗို့အားမြှင့်စက်မြှင့်သံတို့သည် တဖြောင်းဖြောင်း ထွက်ပေါ်လာလေ့ရှိ၏။ ကနဦးကမှ ဗို့အား ၁၂၀ မျှသာရောက်ရှိသော စာရေးသူတို့ကျောင်းတွင် ၃ မိနစ်ခန့်ကျော်လျှင်ပင် ဗို့အား ၃၀ မျှသာ ရှိရစ်လေတော့သည်။ ဘယ်မီးသီး ဘယ်မီးချောင်းကို ဘယ်လိုလင်းအောင် ထွန်းမည်နည်း။
မီးမလာမှာ သေချာသောနေ့၌ ဘယ်သို့မျှခံစားချက်မဖြစ်သော်လည်း မီးလာသည့်နေ့၌မူ မနသိကာရမမှန်နိုင်တော့ပြီ။ "ဒီလောက်တောင်ဗို့အားမြှင့်စက်သံ
သို့သော် ဆရားကောင်းသမားကောင်းများထံ ချည်းကပ်၍ ဗုဒ္ဓတရားတော်များကို သင်ယူထားခဲ့ဖူးသော အသိတရားများက စာရေးသူကို ကယ်တင်ခဲ့ပါသည်။ "ငါ့နှယ် ဒီအကြံဆိုးတွေဟာ မဟုတ်သေးပါဘူး၊ ကုသိုလ်ဖြစ်အောင် ကြံစမ်း၊ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းစမ်း"ဟု ကိုယ့်ကိုကိုယ် ဆုံးမမိလေသည်။ နှလုံးသွင်းမှုကိုလည်း "အင်း..၊ ဒီတစ်မြို့လုံး ကြိုက်သလိုသုံးနိုင်အောင် ဓာတ်အားပေးနိုင်လောက်တဲ့ စက်ကြီးတစ်လုံးသာရောက်လာရင် သိပ်ကောင်းမှာပဲ" ဟု ပြောင်းလဲလိုက်မိလေသည်။ ထိုရောခဏ၌ နှလုံးသွင်းမှားသဖြင့် အာသဝတရားတို့ ပူးဝင်နှိပ်စက်ခြင်းခံနေရသော စိတ်သည် အမူးပြေပျောက်၍ အမှန်ရောက်သောသူကဲ့သို့ ရွှင်လန်းပေါ့ပါးသွားခဲ့ရလေသည်။ ထိုသို့နှလုံးသွင်း မှန်လိုက်သည်ကို အကြောင်းပြု၍ ဗို့အားမြှင့်စက်ကို တစ်ဖုန်းဖုန်းလှည့်ကာ စိတ်ရှုပ်နေကြရရှာသောသူတို့အပေါ်၌ ထိုဒုက္ခတို့မှ လွတ်မြောက်စေလိုသော (ကောင်းမြတ်သော) မေတ္တာတရားတို့ကိုသာ ပွါးပို့မိလေတော့သည်။
ဇာတ်လမ်းကိုအနည်းငယ်ဆက်ရပါလျှင် အစပိုင်းက စာရေးသူ ကြံစည်တောင့်တခဲ့သကဲ့သို့ မည်သူ့အိမ်က တီဗွီ, မီးချောင်းမျှလည်း မလောင်ကျွမ်းခဲ့ပါ။ တစ်မြို့လုံးကို လင်းထိန်စေနိုင်လောက်သော ဓာတ်အားပေးစက်ကြီးလည်း ရောက်မလာခဲ့ပါ။ သို့သော် မကြာမြင့်မီကာလ၌ပင် စာရေးသူတို့ကျောင်းအတွက် သီးသန့်မီးစက် အလှူရှင်တစ်ယောက်တော့ဖြင့် ပေါ်ပေါက်ခဲ့ပါသည်။ (စာရေးသူ၏ စိတ်သည် အာသဝတရားတို့ကြောင့် ညစ်ညူးထိုင်းမှိုင်းခဲ့ရစဉ်က ဘာကောင်းကျိုးမှ မရခဲ့သည့်အပြင် ပူလောင်မှု အမျိုးမျိုးကိုသာ ခံစားခဲ့ရသော်လည်း၊ မေတ္တာတရားတို့ကြောင့် ကြည်လင်အေးမြခဲ့ရပြီးနောက်ပိုင်းတွင် သိသာသော ကောင်းကျိုး တရားတို့ ဖြစ်ပေါ်ခဲ့ရကြောင်း သတိပြုမိကြသည် ဆိုပါလျှင် ကိုယ့်မကောင်းကြောင်းကိုကိုယ် ထုတ်ဖော် ရေးသားရကျိုးနပ်ပါပြီ။)
စာရေးသူသည် သူတော်ကောင်းဆရာသမားများကို ဖူးမြင် ချည်းကပ်၍ ဗုဒ္ဓတရားတော်များကို ကြားနာမှတ်သားခဲ့ရသောကြောင့်သာ မိမိ၏ နှလုံးသွင်းမှားကို ပယ်ဖျောက်၍ နှလုံးသွင်းအမှန်သို့ ရောက်စေနိုင်ခဲ့သည်ကို သတိပြုမိကြစေလိုပါသည်။ ဤသို့ သူတော်ကောင်းတို့ကို ဖူးမြင်ချည်းကပ်၍ ဗုဒ္ဓတရားတော်များကိုနာယူခြင်းဖြင့် နှလုံးသွင်းမှန်ကန်စေကြပြီးလျှင် ပယ်ရှင်းနိုင်သော အာသဝတရားတို့ကို ရည်ညွှန်း၍ (မြင်ခြင်းဖြင့်ပယ်အပ်သော အာသဝတရား) တို့ဟူ၍ ဘုရားသခင် ဟောကြားတော်မူလေသည်။
ထို့ထက်အလွန်လည်း ဘုရားသခင်သည် သူတော်ကောင်းတို့ကို မဖူးမြင်ခြင်းကြောင့်၊ သူတော်ကောင်းတရား၌ မလိမ္မာခြင်းကြောင့် မသင့်သောအားဖြင့် နှလုံးသွင်းမှားယွင်းပုံများကို.....
ထိုသူ (အရိယာ-သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, အရိယာ-သူတော်ကောင်း တရား၌ မလိမ္မာသော, အရိယာ-သူတော်ကောင်းတရား၌ ယဉ်ကျေးမှု 'ဝိနည်း' မရှိသော အကြားအမြင်မရှိသူ ပုထုဇဉ်) သည် ဤသို့ မသင့်သော အကြောင်းအားဖြင့် နှလုံးသွင်း၏။
''ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့ဖူးသလော။
အတိတ်ကာလ၌ မဖြစ်ခဲ့ဖူးသလော။
အတိတ်ကာလ၌ အဘယ်သူ ဖြစ်ခဲ့ဖူးသနည်း။
အတိတ်ကာလ၌ အဘယ်သို့ ဖြစ်ခဲ့ဖူးသနည်း။
ငါသည် အတိတ်ကာလ၌ အဘယ်သူဖြစ်ပြီး၍ အဘယ်သူဖြစ်ခဲ့ဖူးသနည်း။
ငါသည် အနာဂတ်ကာလ၌ ဖြစ်လတ္တံ့လော။
အနာဂတ်ကာလ၌ မဖြစ်လတ္တံ့လော။
အနာဂတ်ကာလ၌ အဘယ်သူ ဖြစ်လတ္တံ့နည်း။
အနာဂတ်ကာလ၌ အဘယ်သို့ ဖြစ်လတ္တံ့နည်း။
ငါသည် အနာဂတ်ကာလ၌ အဘယ်သူဖြစ်ပြီး၍ အဘယ်သူဖြစ်လတ္တံ့နည်း'' ဟု (နှလုံးသွင်း၏)။
ယခုပစ္စုပ္ပန်ကာလ၌လည်း-
''ငါဖြစ်သလော။
ငါမဖြစ်သလော။
ငါအဘယ်သူ ဖြစ်သနည်း။
ငါအဘယ်သို့ ဖြစ်သနည်း။
ငါသည် အဘယ်မှ လာသနည်း။
ထိုငါသည် အဘယ်သို့ သွားလတံ္တနည်း'' ။
ဤသို့ အဇ္ဈတ္တသန္တာန်၌ သို့လော သို့လော တွေးတော ယုံမှားခြင်းဖြစ်၏၊ (ဤသို့ မသင့်သောအကြောင်း အားဖြင့် နှလုံးသွင်း၏)။" ဟု ဟောတော်မူလေသည်။ ထို့သို့နှလုံးသွင်းမှားယွင်းမှုကြောင့် အာသဝတရားတို့ တိုးပွါးပုံကိုလည်း.....
"ဤသို့ မသင့်သောအကြောင်းအားဖြင့် နှလုံးသွင်းသော ထိုသူအား ဒိဋ္ဌိခြောက်ပါးတို့တွင်တစ်ပါးပါးသော ဒိဋ္ဌိဖြစ်၏၊ ''ငါအား အတ္တသည် ရှိ၏'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့် ဒိဋ္ဌိဖြစ်၏၊ ''ငါအား အတ္တသည် မရှိ'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ ''အတ္တဖြင့်သာလျှင် အတ္တကို သိ၏'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ ''အတ္တဖြင့်သာလျှင် အနတ္တကိုသိ၏'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ ''အနတ္တဖြင့်သာလျှင် အတ္တကို သိ၏'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ တစ်နည်းအားဖြင့် ထိုသူအား ''ငါ၏ ထိုအတ္တသည် ပြောဆိုတတ်၏၊ သိမြင်ခံစားတတ်၏၊ ထိုထိုယောနိ ဂတိဝိညာဏဋ္ဌိတိ သတ္တာဝါသ သတ္တနိကာယ (အာရုံ)တို့၌ ကောင်းမှုကံ, မကောင်းမှုကံတို့၏အကျိုးကို (သိမြင်) ခံစားတတ်၏၊ ငါ၏ ထိုအတ္တသည် မြဲ၏၊ ခိုင်မြဲ၏၊ တည်မြဲ၏၊ ဖောက်ပြန်သောသဘောမရှိ၊ မြဲသော အရာတို့နှင့် တူစွာ ထို့အတူပင် တည်လတ္တံ့'' ဟု ဤသို့သော ဒိဋ္ဌိဖြစ်၏။" ဟု ဟောတော်မူလေသည်။ ထိုသို့အာသဝတရား တိုးပွါးသူတို့၏ သံသရာဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်ပုံကိုလည်း....
"ရဟန်းတို့ ဤမှားသောအမြင်ကို မိစ္ဆာဒိဋ္ဌိ, ဒိဋ္ဌိတောအုပ်, ဒိဋ္ဌိခရီးခဲ, ဒိဋ္ဌိဆူးငြောင့်, ဒိဋ္ဌိဖောက်ပြန်လှုပ်ရှားမှု, ဒိဋ္ဌိသံယောဇဉ်ဟူ၍ ဆိုအပ်၏၊ ရဟန်းတို့ ဒိဋ္ဌိသံယောဇဉ်နှင့် ယှဉ်သော အကြားအမြင်မရှိသူပုထုဇဉ်သည် (ပဋိသန္ဓေတည်၍) ဖြစ်ခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း (ကိုယ်) ဆင်းရဲခြင်းစိတ်မကောင်းခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်၊ ထိုဆင်းရဲ 'ဒုက္ခ'မှ မလွတ်ဟု (ငါဘုရား) ဟောတော် မူ၏။" ဟု ဟောတော်မူလေသည်။
ထို့အပြင်လည်း ဘုရားသခင်သည် သူတော်ကောင်းတို့ကို ဖူးမြင်ခြင်း, သူတော်ကောင်းတရား၌လိမ္မာခြင်းတို့ကြောင့် နှလုံးသွင်းမှန်မှန်ကန်ကန်သွင်းတတ်ပုံ, နှလုံးသွင်းမှန်မှုကြောင့် အာသဝတရားတို့ ချုပ်ငြိမ်းကွယ်ပျောက်၍ ရရှိနိုင်သော ကောင်းကျိုးတရားတို့ကို ဟောတော်မူလိုရကား.....
"ထိုသူ (အရိယာ-သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, အရိယာ-သူတော်ကောင်းတရား၌ လိမ္မာသော, အရိယာ-သူတော်ကောင်းတရား၌ ယဉ်ကျေးမှု 'ဝိနည်း' ရှိသော အကြားအမြင်ရှိသူ အရိယာသာဝက) သည်....
''ဤသည်ကား ဒုက္ခတည်း'' ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ''ဤသည်ကား ဒုက္ခဖြစ်ကြောင်း သမုဒယတည်း'' ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ''ဤသည်ကား ဒုက္ခချုပ်ရာ နိရောဓတည်း'' ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ''ဤသည်ကား ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်း အကျင့် (လမ်းစဉ်) တည်း'' ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ဤသို့သော အကြောင်းအားဖြင့် နှလုံးသွင်းသော ထိုသူအား (ပရမတ္ထသဘာဝအားဖြင့် ထင်ရှားရှိသော ခန္ဓာ၌ ငါ့ဟာ ငါ ငါ့ကိုယ်ဟု အမှားမြင်ခြင်း) သက္ကာယဒိဋ္ဌိ, (ဘုရားစသည်တို့၌ ယုံမှားခြင်း) ဝိစိကိစ္ဆာ, (နွား ခွေး စသည်တို့၏ အကျင့် အလေ့ဖြင့် စင်ကြယ်၏ဟု အကျင့်အလေ့တို့ကို အမှားသုံးသပ်ခြင်း) သီလဗ္ဗတပရာမာသ သံယောဇဉ်သုံးပါးတို့သည် ပပျောက်ကုန်၏။ ရဟန်းတို့ ဤအာသဝတို့ကိုမြင်ခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။"ဟု မြင်ခြင်းဖြင့် ပိတ်အပ်ကုန်သော အာသဝတရားတို့ကို ဟောကြားတော်မူလေသည်။
အပိုင်း (၁၅) ကိုဆက်ရေးပါမည်။
အရှင်ဝိသာရဒ (ရမ္မာဝတီ)
0 comments:
Post a Comment