ခရေပန်းလိုလူတွေများပါစေ(၂) (သို့) သိတဲ့မသာတွေ ဖြစ်အောင်ကြိုးစားပါ..

လူအများစုဟာ ဘယ်အလုပ်ပဲလုပ်လုပ် သူတစ်ပါးနဲ့သွားပြီး နှိုင်းယှဉ်ကြတာများပါတယ်။ တစ်ချို့လူတွေ ကုသိုလ်တွေ လုပ်ကြတယ်.. ဒါပေမယ့် တခြားလူကိုကြည့်ကြတယ်။ သူကျတော့ မကောင်းတာတွေလုပ်တာ ကောင်းတာတွေဖြစ်လို့.. ဘာလို့သူ့ကို မကောင်းကျိုးတွေ မပေးသေးတာလဲဆိုတဲ့ အတွေးတွေပါပဲ။ အဲ့ကထဲက ကိုယ့်မှာ အကုသိုလ်ဖြစ်နေရတာပါ။ သူများကို ပျက်စီးစေချင်တယ်.. မကောင်းတာဖြစ်စေချင်တယ်ဆိုကထဲက အကုသိုလ်ဆိုးကြီးက ကိုယ့်ရင်ထဲမှာ ကိန်းနေပါတယ်။ ကိုယ်ကကောင်းတာတွေလုပ်နေပေမယ့် သူတစ်ပါးကို မကောင်းတာတွေ ဖြစ်စေချင်နေတဲ့အတွက် ကိုယ်လုပ်နေတဲ့ကုသိုလ်တွေရဲ့ အစက မစင်ကြယ်ပါဘူး။ နောက်ပြီးတော့ ကောင်းတာလုပ်ပြီး ကောင်းတာတွေဖြစ်လာချင်တယ်.. ဒါပေမယ့် မဖြစ်လာတဲ့အခါမှာတော့.. ငါဒီလောက်ကောင်းတာတွေလုပ်ပြီး မကောင်းတာတွေဖြစ်လာရတယ်ဆိုပြီး ဒေါသတွေဖြစ်လာပါတယ်။ ဒါဟာလည်း အကုသိုလ်တစ်မျိုးပါပဲ။ ကုသိုလ်လုပ်ပြီဆိုကထဲက အကျိုးကိုမျှော်နေမှတော့ ကိုယ်လုပ်တဲ့ကုသိုလ်က လောဘနဲ့မကင်းဘူး ဖြစ်နေပါတယ်။ သံသရာကိုမလည်စေချင်တဲ့ အကျိုးမျိုးကိုလိုလားတာကတော့ ဖြစ်ချင်တဲ့ဆန္ဒကို ဦးတည်ပါတယ်။ ဒီလို ကောင်းတာတွေလုပ်ပြီး ကောင်းကျိုးတွေ များများရချင်တာကတော့ လောဘကို ဦးတည်နေပါတယ်။
ဒ့ါကြောင့် ကိုယ်လုပ်တဲ့ ကုသိုလ်မှန်သမျှကို သူတစ်ပါးနဲ့သွားပြီး မနှိုင်းယှဉ်ပါနဲ့.. ကိုယ်လုပ်တဲ့ကုသိုလ်အပေါ်မှာထားရှိတဲ့ စိတ်ထားတွေ စေတနာတွေ ဖြူစင်စေဖို့ကိုသာ အဓိကထားပါလို့ တိုက်တွန်းလိုပါတယ်။ ဘယ်ကုသိုလ်ပဲလုပ်လုပ် သူများနဲ့နှိုင်းယှဉ်ပြီးလုပ်ရင် အကုသိုလ်တွေ ဖြစ်စေနိုင်တဲ့အတွက်လည်း အမြဲတမ်း ကိုယ့်ကိုယ်ကို စမ်းစစ်ပါ။ သူတစ်ပါးတိုးတက်ကြီးပွားတာကိုမြင်ရင်လည်း ၀မ်းသာနိုင်တဲ့ မုဒိတာစိတ်မျိုးတွေ မွေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါမှသာ ကိုယ်လုပ်မယ့်ကုသိုလ်ရဲ့ အစဟာလည်း စင်ကြယ်နိုင်သလို.. သူတစ်ပါးရဲ့အောင်မြင်မှုကို ၀မ်းသာနိုင်တဲ့စိတ်ထားမျိုးတွေ မွေးမှလည်း.. အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မယ်ဆိုတဲ့အဆုံးမအတိုင်း ကိုယ့်ရဲ့အကျိုးတရားတွေလည်း စင်ကြယ်နိုင်ပါလိမ့်မယ်။
သိတဲ့မသာတွေ ဖြစ်အောင်ကြိုးစားပါ..
လောကမှာ လူမသိတဲ့မသာတွေ အများကြီးပါ။ လူ့လောကကြီးကို တိတ်တဆိတ်လေး ၀င်ရောက်လာတယ်.. နောက်ပြီးတိတ်တဆိတ်လေး ပြန်ထွက်သွားကြတယ်။ သူ့အကြောင်းမေးလိုက်ရင် အိမ်နီးနားချင်းကတောင် သိမယ်မထင်တဲ့သူမျိုးတွေပါ။ တခါက ဆရာတစ်ယောက်အိမ် သွားကန်တော့ရင်း အဲ့ဒီ့အရပ်က မသာချတဲ့ အချက်တီးသံ ခေါင်းလောင်းတစ်ခုကြားမိပါတယ်။ အဲ့ဒါနဲ့ ဆရာကြီးက သူ့မြေးလေးကို သွားကြည့်ခိုင်းတယ်။ လမ်းကတစ်လမ်းကျော်လောက်ပဲဆိုတော့ မသာချတာလည်း နီးနီးနားနားဆိုပြီး မြေးလေးက သွားကြည့်ပါတယ်။ အဲ့ဒါနဲ့ မြေးလေးက မသာကြည့်ပြီး ပြန်လာတယ်ပေါ့။ အဲ့ဒါနဲ့ ဆရာကြီးကမေးတယ်.. ဘယ်သူသေတာလဲပေါ့.. ဦး…..။ ဆိုပြီး ပြောတယ်။ အသက်ဘယ်လောက်လဲဆိုတော့ မသိဘူးတဲ့။ ဘာအလုပ်လုပ်လဲ… မသိဘူးတဲ့။ အဲ့ဒါနဲ့ ဆရာကြီးက သွားကြည့်အုံးဆိုပြီး ပြောပါတယ်။ အဲ့ဒါနဲ့ မြေးလေးက ထပ်သွားကြည့်တယ်။ အသက်က ဘယ်လောက်၊ ဘာအလုပ်လုပ်တယ်ဆိုပြီး ပြန်ပြောတယ်ပေါ့။ အဲ့ဒါနဲ့ ဘာရောဂါနဲ့သေတာလဲ.. သားသမီးတွေရော ဘယ်နှစ်ယောက်လောက်ကျန်ခဲ့လဲဆိုပြီး ဆရာကြီးက မေးပြန်ပါတယ်။
အဲ့ဒါနဲ့ ကျွန်တော်ကလည်း ဆရာကြီးမြေးက တယ် ညံ့တာပဲဗျာ။ စစ်ကိုင်းခွေးကြည့်ခိုင်းတဲ့ပုံပြင်လို အထီးဘယ်နှစ်ကောင်လဲ အမဘယ်နှစ်ကောင်လဲဆိုပြီး ခဏခဏသွားကြည့်ခိုင်ရသလိုမျိုး ဖြစ်နေပြီလို့ပြောတော့.. ဆရာကြီးက သူ့မြေးမညံ့ဘူးတဲ့။ သေတဲ့မသာ ညံ့တာဆိုပဲ။ အဲ့ဒါနဲ့ ဆရာကြီးက သူ့မြေးကို အပြစ်ပြောတာ မကြိုက်လို့ထင်တယ်ဆိုပြီး ကျွန်တော်က ယူဆမိတာပေါ့။ ဒါနဲ့ ဆရာကြီးက ထပ်ပြောတယ်.. မင်း.. မသိမသာဆိုတဲ့ စကားကြားဘူးလားတဲ့။ အဲ့ဒါလူမသိတဲ့မသာကွ.. လောကအကျိုး၊ တိုင်းပြည်အကျိုး၊ မြို့နယ်အကျိုး၊ ရပ်ကွက်အကျိုး မလုပ်တဲ့သူတွေသေရင် ဒီလိုပဲကွ..။ အဲ့လိုမသာမျိုးတွေသေရင် လူတောင်မစည်ဘူး.. သေတာတောင် ရပ်ကွက်က အချက်ပေးမှ သိရတယ်။ တကယ်လို့.. သူသာ ရပ်ကွက်အကျိုးတွေ.. မြို့နယ်အကျိုးတွေ လုပ်ကြည့်ပါလား.. ရပ်ကွက်ထဲမှာ ကျောင်းမထားနိုင်တဲ့ကလေးတွေကို ကျောင်းထားပေးတာတွေ.. ရပ်ကွက်သာရေးနာရေးကိစ္စတွေမှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စွမ်းစွမ်းတမံလုပ်ပေးတာတွေ လုပ်ကြည့်ပါလား။ အဲ့လူသေကြည့်.. နာမည်ဘယ်သူ ဘယ်အရပ်သား အသက်ဘယ်လောက်ဆိုတာ ရပ်ကွက်ထဲမှာရှိတဲ့လူတွေ မြို့နယ်မှာရှိတဲ့လူတွေ အကုန်သိလိမ့်မယ်။ အဲ့လိုပဲကွ.. ဒီလူက လူမသိတဲ့မသာမလို့ ငါ့မြေးမညံ့ဘူး မသာညံ့တာလို့ပြောတာ။ မင်းသဘောပေါက်ပြီလား ဆိုပြီး ဆရာကြီးက ဆုံးမပေးပါတယ်။ ကျွန်တော်တော့ ဒီစကားလေးကို သေချာမှတ်သားမိပါတယ်။
ဟုတ်ပါတယ်.. လောကကြီးမှာ ကိုယ်သေသွားရင်တောင် ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေကို တမ်းတကျန်ခဲ့တဲ့သူတွေ မရှိရင် လူဖြစ်ရတာ ဘာထူးမှာလဲ။ လောကကြီးထဲရောက်လာပြီးတော့.. ကိုယ်ကောင်းစားဖို့ ကိုယ့်မိသားစုကောင်းစားဖို့ဆိုတဲ့အလုပ်တွေဟာ လူသားတိုင်းလုပ်နိုင်ပါတယ်။ မလုပ်နိုင်တဲ့ အလုပ်ဆိုတာကတော့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုဆိုတဲ့ ပရဟိတလုပ်ငန်းတွေပါ။ ကိုယ်ကျိုးကို မကြည့်ဘဲ အများအကျိုးကို ကြည့်ပြီးလုပ်ဆောင်တတ်တဲ့သူတွေ သေသွားရင် အများက လွမ်းဆွတ်တမ်းတနေရမှာပါပဲ။ ဒီလိုမျိုးလူတွေ အယောက်ပေါင်းများစွာ ပေါ်ပါစေလို့လည်း အမြဲတမ်းတပြီး ကျန်ခဲ့ကြမှာပါ။ ဥပမာအားဖြင့် နာရေးကူညီမှုအသင်းမျိုးမှာ ဦးစီးလုပ်ဆောင်နေတဲ့ ဦးကျော်သူတို့လို လူမျိုးတွေသေသွားရင်တောင် အများက လွမ်းဆွတ်နေရမှာတော့ အသေချာပါပဲ။ နှမြောစရာကောင်းလိုက်တာ.. ဒီလိုလူမျိုး ဒီလိုစိတ်ဓါတ်မျိုးရှိတဲ့သူတွေ နိုင်ငံအတွက် ပြည်သူအတွက် များစွာလိုအပ်တယ်ဆိုတဲ့ နှမြောတသမှုမျိုးတွေတော့ ကျန်ရစ်ခဲ့မှာပါပဲ။ သူကိုယ်တိုင် ကောင်းခြင်း မကောင်းခြင်းဆိုတာ သူ့အပိုင်းဖြစ်နေပေမယ့်.. သူ့ရဲ့လုပ်ဆောင်မှုတွေက အများအတွက် တိုင်းပြည်အတွက် ပြည်သူအတွက် အကျိုးရှိနေတဲ့အတွက် အများကတော့ သူ့မရှိတော့တဲ့အခါမှာ သူ့လိုလူမျိုးကို တမ်းတနေရမှာကတော့ အသေချာပါပဲ..။
ဒ့ါကြောင့် ဆရာကြီးက ပြောပါတယ်.. မင်းတို့ ငါတို့တွေလည်း မကြာခင် လူ့လောကကြီးက ထွက်ခွာသွားကြရမှာပါ။ အနှေးနဲ့အမြန်ပဲကွာပါတယ်။ အေး.. မသိမသာတော့မဖြစ်မခံနဲ့ကွာ.. သိတဲ့မသာဖြစ်အောင် ကြိုးစားပါတဲ့။ ဒီလိုသိအောင်ကြိုးစားလို့ ပြောလိုက်တယ်ဆိုတာလည်း ကိုယ့်ကိုအထင်ကြီးအောင် ဘုရားတွေတည် လမ်းတွေဖောက်လုပ်ပြရမယ် ပြောတာမဟုတ်ပါဘူး။ ကိုယ်ဘာအကျိုးပြုနိုင်လဲ ဘာတတ်နိုင်လဲဆိုတာကြည့်ပြီး နိုင်တဲ့ဘက်ကနေ စွမ်းနိုင်သလောက်ထမ်းဖို့ပါပဲ။ ဦးကျော်သူတို့လို အသင်းကြီးမျိုးတွေ မလုပ်နိုင်ပေမယ့်.. ကိုယ့်အနေနဲ့ အရူးတံမြတ်ဆီးလှည်းတဲ့ ကိုယ်ကျိုးစွန့်တဲ့အလုပ်မျိုးနဲ့တော့ စွမ်းသလောက် ၀န်ကိုထမ်းသင့်ပါတယ်။
တခါက ရပ်ကွက်တစ်ခုမှာ ညနေတိုင်း ရပ်ကွက်ကလမ်းတစ်လျောက်ကို ရေဖြန်းပြီး တံမြတ်စီးအမြဲလှည်းပေးတဲ့ အရူးတစ်ယောက်ရှိပါတယ်။ သူ့အကျင့်ကိုက အဲ့လိုလုပ်ရတာကို ၀ါသနာပါတယ်ပေါ့။ သူကဒီအလုပ်က ကောင်းသည်ဆိုးသည်လည်း မသိပါဘူး။ ဒါပေမယ့် သူလုပ်ရတာ သဘောကျတဲ့ပုံနဲ့ ညနေ့တိုင်း မပျက်မကွက် ရေဖြန်းပြီး တံမြက်စည်းလှည်းတဲ့အလုပ်ကို လုပ်ပါတယ်။ ဒါနဲ့ တနေ့ကျတော့ ဆောင်းတွင်းကြီးမှာ အရူးဖျားပြီး သေပါလေရော..။ ဒါပေမယ့် အဲ့အရူးသေတဲ့အခါမှာတော့ တစ်ရပ်ကွက်လုံးကသိတယ်.. တစ်ရပ်ကွက်လုံးက မသာ လိုက်ပို့ကြပါတယ်တဲ့။ ကဲ.. ဒါကဘာမှမဟုတ်တဲ့ တံမြတ်စီးလှည်းပေးတဲ့ အရူးတစ်ယောက်ရဲ့ ပရဟိတပါ.။ ဒါမျိုးအလုပ်မျိုးတောင် ရပ်ကွက်ကလူတွေက အမြတ်တနိုးနဲ့ တမ်းတကျန်ရစ်ခဲ့ရသေးတယ်ဆိုရင်..။
ဒီတော့ ကျွန်တော်တို့တွေဟာလည်း အရူးတစ်ယောက်ထက်တော့ ပရဟိတကို ဥာဏ်ပါပါနဲ့ လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ သေချာနေပါတယ်။ ကိုယ်က ကျောင်းကြီးကန်ကြီးဆောက် အသင်းတွေဖွဲ့ပြီး မလုပ်နိုင်ပေမယ့်.. ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ အများအကျိုးရှိတာလေးတွေ လုပ်ပေးမယ်ဆိုရင်.. မြို့နယ်တစ်မြို့လုံး၊ ရပ်ကွက်တစ်ခုလုံးက မသိချင်နေပါစေ.. ကိုယ့်ရဲ့စေတနာတွေကို ခံစားဖူးတဲ့ အနည်းငယ်သောသူတွေရဲ့မေတ္တာတွေကတော့ ကိုယ်တိုင်ခံစားရမှာ မလွဲပါဘူး။ အချိန်တန်လို့ ကိုယ်ထွက်ခွာသွားခဲ့ရင် အားလုံးက မတမ်းတနိုင်ပေမယ့်.. ကိုယ့်ကိုတမ်းတပြီး ကိုယ့်ရဲ့လမ်းကြောင်းမှန်လေးကို ဆက်လျောက်လှမ်းနိုင်မယ့်သူတွေ ထားပေးခဲ့နိုင်တာဟာလည်း လာခြင်းကောင်းသော ဧည့်သည်တစ်ယောက်နဲ့ တူပါပေတယ်..။ ဒါကြောင့် မသိမသာတွေဖြစ်နေမယ့်အစား.. ကိုယ့်အထွာ ကိုယ့်ခြေရာလေးနဲ့ စွမ်းနိုင်သလောက် အများအကျိုးကို လုပ်ပေးရင်းဖြင့် သိတဲ့မသာတွေ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။
0 comments:
Post a Comment