* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, January 20, 2011

လင်္ကာမြေမှာတစ်နှစ်တာ အပိုင်း(၉)၊ မမြင်နိုင်သောကံတရား၏ဦးခေါင်းနှင့် ကျောင်းဖွင့်ပြီ

Monday, 17 January 2011 00:17

24 February 2010 နေ့၊ ယနေ့ ကျောင်းစတက်ရတော့မည်ဖြစ်ပါသည်။ မိမိ၏လာရာလမ်းကြောင်းကို ပြန်ပြောင်းတွေးမိသည်။ မိမိသည် (၁၉၉၄-၉၅) ပညသင်နှစ်၊ ဆယ်တန်းစာမေးပွဲဖြေအပြီးတွင် ရမ်းဗြဲမြို့၊ အင်းတောင်ကျောင်းဆရာတော်ကြီး ဘဒ္ဒန ဣ္တန္ဒာစရိယမထေရ်မြတ်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေဘဝကို (၃) ကြိမ်မြောက်အဖြစ် ရောက်ခဲ့ရသည်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ တိုးကြောင်ကလေးရွာမကျောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း, အောင်မြေရတနာကျောင်း၊ မန္တလေးမြို့, မစိုးရိမ်တိုက်ဟောင်း, နိကာယနယုပဒေသကျောင်း ဆရာတော်များ၏မေတ္တာရိပ်ကို ခိုလှုံကာ ပရိယတ္တိစာပေများကို တစ်ဖက်မှ သင်ကြားရင်း (၂၀၀၀) ခုနှစ်တွင် ဒဂုံတက္ကသိုလ်အဝေးသင်ဌာနခွဲမှ မြန်မာစာအထူးပြုဘာသာရပ်ဖြင့် (B.A)ဘွဲ့ကိုရရှိခဲ့သည်။

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သိပ္ပါလယကျောင်းတွင် စာချဘုန်းကြီးဘဝဖြင့် (၂)နှစ်နေထိုင်ရင်း ဓမ္မာစရိယစာမေးပွဲကို ဖြေဆိုခဲ့သည်။ ဓမ္မာစရိယ နှစ်ကျမ်းအောင်ဘဝနှင့် အသက် (၂၅)နှစ်မှစ၍ တောမြို့ကလေးတစ်မြို့၏ ကျောင်းသေးသေးလေးတစ်ကျောင်းတွင် (၄)နှစ်၊ထိုမှတဖန် ဘိုးဘွားတို့ရွာမှ ဆရာတော်ကြီး ပျံလွန်တော်မူသွားသောအခါ မြို့ကျောင်းကလေးကိုစွန့်ခွါ၍ အိမ်ခြေ (၁၅၀)ခန့်ကိုးကွယ်သော တောရွာကျောင်းကလေး တစ်ကျောင်းသို့ ပြောင်းရွှေ့ကာ (၂)နှစ်၊ စုစုပေါင်း(၆)နှစ်ခန့်မျှ ကျောင်းထိုင်ဘုန်းကြီးလေးဘဝဖြင့် တောမြို့,တောရွာကလေးတို့တွင် ဘဝကိုမြုပ်နှံထားခဲ့သူသာ ဖြစ်ပေ သည်။

(၂၀၀၉)တွင် ရန်ကုန်မြို့သို့ခေတ္တရောက်လာခိုက် စင်္ကာပူနိုင်ငံ ဇယမင်္ဂလာကျောင်းဆရာတော်နှင့် ဆုံမိပြီး စင်္ကာပူနိုင်ငံသို့ အလည်အပတ်ရောက်ခဲ့ ရသည်။ ထိုမှ ဆရာတော်၏တိုက်တွန်းလမ်းညွှန်မှု၊ ကံအားလျော်စွာ ဆုံဆည်းခွင့်ရခဲ့သော ရန်ကုန်မြို့မှ ဒကာမကြီး ဒေါ်ဥမ္မာလွင် (မိသားစု)နှင့် ကျွမ်းဝင်ရင်းနှီးကြသူ ဒကာ/မများတို့၏ အားပေးပံ့ပိုးမှု တို့ကြောင့် သီရိလင်္ကာသို့ မမျှော်လင့်ဘဲ ရောက်လာခဲ့ရသည်။ စာရေးသူအနေဖြင့် ဤအကြောင်း တို့ကို အဘယ်ကြောင့်ရေးသားဖော်ပြနေရပါသနည်း။ ဆန်းကြယ်လှသော ကံတရားတို့အကြောင်းကို အနည်းငယ် ထင်ဟပ်ပေါ်လွင်စေချင်၍ ဖြစ်ပါ၏။

မှန်လှသည်၊ ကံတရားတို့သည် ဆန်းကြယ်လွန်းလှပါ၏။ သတ္တဝါတို့၏အောင်မြင်မှု၊ ဆုတ်ယုတ်ပျက်စီးမှုတို့အတွက် နည်းပရိယာယ်အမျိုးမျိုးဖြင့် ဝင်ရောက်ခြယ်လှယ်ပေးနေကြသည့် ပညာ၊ ဝီရိယ၊ ကံ စသည့်တရားတို့တွင် ကြိုတင်မသိနိုင် မမြင်နိုင် မခန့်မှန်းနိုင်ကြသည်မှာ မိမိတို့၏ ကံတရားသာဖြစ်သည်။ ကျောင်းတုန်းက ဥာဏ်တုံး၍ ဆရာ့ကြိမ်လုံးနှင့် ခဏခဏမိတ်ဆက်ခံခဲ့ရသူသည်လည်း သူဌေးကြီးဖြစ်ကောင်းဖြစ်သွားနိုင်၏။ ဥာဏ်ကောင်းလှသည် စာတော်လှသည်ဆိုသူများသည်လည်း အိုးအိမ်သော်မှ အတည်မကျသည့် လမ်းဘေးဘဝ ရောက်သွားနိုင်လေသည်။

ကံတရား၏ပရိယာယ်၊ ကံတရား၏ ဦးခေါင်းနှင့်ပတ်သက်၍ ကြားဖူးခဲ့သည့် ဖြစ်ရပ်နှစ်ခုကို ကြားညှပ်၍ ပြောပြချင်ပါသည်။ ပထမလူသည် ကားအက်ဆီးဒင့်ဖြစ်မည့် သူတစ်ယောက်ဖြစ်၏။ သူသည် ပထမတွင် သိန်းထီပေါက်၏။ ကားဝယ်စီး၍ မကြာမြင့်မီ အက်ဆီးဒင့်ဖြစ်လေသည်။ စင်စစ် သူ၏သိန်းထီပေါက်ခြင်းသည် အက်ဆီးဒင့်ဖြစ်စေဖို့ရန်အတွက် အကောင်းလောကဓံအနေဖြင့် ပရိယာယ် ဆင်ပေးလိုက်ရုံမျှသာဖြစ်လေသည်။ နောက်တစ်ယောက်ကား အိမ်ကလေးမီးထဲပါသွားသူဖြစ်၏။ မထူးတော့ပြီဆိုသောအတွေးဖြင့် ဖားကန့်ဘက်သို့တက်ကာ ကျောက်တူး၏။ မကြာမီ ကျောက်အောင်၍ ကြီးပွါးသွား၏။ ပထမ သူ့အိမ်ကုတ်ကလေးမီးထဲပါသွားခြင်းသည် ကြီးပွါးစေရန်အတွက် ဖန်တီးပေးလိုက်သည့် ကံတရား၏ ပရိယာယ်မျှသာတည်း။ ထို့ကြောင့် လက်ရှိအနေတွင် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်စုံတစ်ခုသော အပြောင်းအလဲကြောင့် စိတ်ကြီးမဝင် ဘဝင်မမြင့်မိကြစေရန်နှင့် စိတ်ပျက်ညှိုးငယ်ခြင်း မပြုမိကြစေရန် သတိထားသင့်ကြလှ၏။ ကံတရား၏ ဦးခေါင်းသည် မုန်းတိုင်း၏ ဦးတည်ရာကို အကဲခတ်ရသည်ထက် ခက်ခဲလှသည်မဟုတ်ပါလော

နောက်တစ်ကြောင်းမှာ မိမိတို့၏ဘဝတွင် အမှတ်မထင်ဆုံခဲ့ရဖူးသူများသည်လည်း တစ်ချိန်ချိန်တွင် ဘဝ၏အလှည့်အပြောင်းအတွက် အဓိကအခန်း ကဏ္ဍမှ ပါဝင်လာတတ်သည်မျိုးလည်း ရှိနိုင်လေသည်။ မှန်၏။ မိမိတို့ဘဝတစ်လျှောက်ကို သတိထား၍ ပြန်ပြောင်းစဉ်းစားမိကြသူများ သိနိုင်မြင်နိုင်ကြ ပေလိမ့်မည်။ စာရေးသူသည် အခြေပြုမူလတန်းအောင်ပြီးခါစတွင် အကြောင်းပြချက်မရှိပါပဲ စိတ်လေလွင့်နေခဲ့ဖူး၏။ ထိုအချိန်တွင် သူငယ်ချင်းဖြစ်သူ ကိုအောင်စိုးမိုးကို အကြောင်းခံ၍ စင်္ကာပူနိုင်ငံ ဇယမင်္ဂလာကျောင်းဆရာတော် ဒေါက်တာအရှင်ဝိစိတ္တ ဖြစ်လာမည့် ဦးဇင်းဦးဝိစိတ္တနှင့် ဆုံတွေ့ခွင့်ရခဲ့ပြီး ထိုအရှင်မှပင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)၏ ဝိနယမဟာဌာန ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တသီလဝံသာဘိဝံသမထေရ်မြတ်၏ အောင်မြေရတနာပရိယတ္တိစာသင်တိုက်တွင် စာသင်ခွင့်ရရန် စာရေးသူအတွက် အစစအရာရာတာဝန်ယူ အာမခံ၍ လျှောက်ထားပေးခဲ့ဖူးလေသည်။

ထိုမထင်မှတ်စဖွယ် သေးငယ်လှသော နောက်ခံအကြောင်းတရားတို့သည် ဆယ်စုနှစ်တစ်ခုကျော်လွန်လာသော ယခုအခါမှနေ၍ ပြန်ပြောင်းတွေးကြည့် လိုက်သော် ယခုကဲ့သို့ နိုင်ငံရပ်ခြားတွင် ပညာသင်ခွင့်ရရှိရေးအတွက် အကြောင်းတရားတစ်ခု ဖြစ်မှန်းမသိ ဖြစ်နေလေတော့သည်။ ဘဝသံသရာ တစ်ကွေ့ဝယ် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကူပံ့ဖူးခဲ့ကြသူတို့၏ အကြောင်း+အကျိုးဆက်စပ်မှုတို့သည်လည်း ဆန်းကြယ်လှပေစွ။ ပဋ္ဌာန်းဒေသနာတော်အရ ဆိုရပါလျှင် (ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော) ထဲတွင်အကျုံးဝင်လိမ့်မည် ထင်ပါသည်။ လောကတွင် အပြောတွင်ကျယ်နေသည့် ပဋ္ဌာန်းဆက် ဟူသောစကားသည် ဤသို့သောဖြစ်ရပ်မျိုးကို ဖော်ညွှန်းသုံးစွဲကြသည်ပင် ဖြစ်ချိမ့်မည်။

စာရေးသူတို့ ကေလနီယတက္ကသိုလ်တွင် 2010 ပညာသင်နှစ်အတွင် စာသင်ကာလကို (၃)ပိုင်းပိုင်းခြားသတ်မှတ်ထားသည်ကိုလည်း တွေ့ရပေသည်။ ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှသည် ဧပြီလ(၄)ရက်နေ့အထိကို First Term, ဧပြီလ (၂၄)ရက်နေ့မှသည် ဇူလိုင်လ (၁၇)ရက်နေ့ထိကို Second Term, သြဂုတ်လ(၇)ရက်နေ့မှသည် အောက်တိုဘာ(၃၀)ရက်နေ့ထိကို Third Termအဖြစ်အသီးသီး သတ်မှတ်ထားလေသည်။ ထိုတွင် First Term ကာလသည် တက္ကသိုလ်မှ ပြဋ္ဌာန်းထားသည့်ဘာသာရပ်အစုံကို အမြည်းသဖွယ် တက်ရောက်သင်ကြားခွင့်ရရန် သတ်မှတ်ထားခြင်းဖြစ်သည်ဟု ထင်မိပါသည်။

အဘယ်ကြောင့်ဆိုသော် First Term ကုန်လျှင် မယူမနေရ (Compulsory)ဘာသာရပ်များဖြစ်သည့် (1) ME 39: Source Studies (2) ME 39: Research Methodology, (3) ME 39: Logical Reasoning, (4) ME 01: Buddhist Doctrines of the Pali Nikayas: Analysis and Interpretation (5) ME 35: Theyravada Tradition: A Historical and Doctrinal Study တို့မှတစ်ပါး ကျန်သောဘာသာရပ် (၅)ခုဖြစ်သည့် (1) ME 27: Social Dimension of Buddhism, (2) ME 09: The Buddhist Vinaya and the Monastic Organization, (3) Origins of Mahayana and the Earliest Mahayana Sutras, (4) ME 23: Buddhist Art and Architecture-II (Sri Lanka), (5) ME 26: Buddhist Psychotherapy တို့ထဲမှ နှစ်သက်ရာ (၃)ခုကို မိမိတို့ဘာသာရွေးချယ် (Select) သတ်မှတ်ပြီး စာမေးပွဲအတွက် တက္ကသိုလ်ရုံးအဖွဲ့သို့ စာရင်းပေးသွင်းကြရသောကြောင့်ဖြစ်ပါသည်။

First Term စတင်သည့် ရက်သည် ဖေဖော်ဝါရီ (၂၀)ရက်နေ့ဟုဆိုသော်လည်း ကျောင်းတက်ရက်သည် တစ်ပတ်လျှင်ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ (၃)ရက်တည်းသာ တက်ရောက်ကြရသည်ဖြစ်သောကြောင့် (၂၀၁၀)ပညာသင်နှစ်အတွက် ဖေဖော်ဝါရီလ (၂၄)ရက်၊ ဗုဒ္ဓဟူးနေ့သည် ကျောင်းစတင် တက်ရောက် ကြရသည့်နေ့ ဖြစ်ခဲ့ပါသည်။ စာသင်ချိန်ကို ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့အတွက် နေ့လည် (၂း၀၀)နာရီမှ ညနေ (၅း၀၀)နာရီထိသတ်မှတ် ထားပြီး၊ ကြာသပတေးနေ့တွင်မူ ဘာသာရပ် (၄)ခုဖြစ်သောကြောင့် ညနေ(၆း၀၀)အထိ သတ်မှတ်ထားပါသည်။ ကျောင်းစတင်တက်ကြရသည့်ထိုနေ့က (1) Social Diamension of Buddhism, (2) The Buddhist Vinaya and the Monastic Organization, (3) Origins of Mahayana and the Earliest Mahayana Sutras ဟူသောဘာသာရပ်သုံးမျိုးကို စတင်လေ့လာခွင့်ရရှိကြပါသည်။

ထိုနေ့က ကျောင်းစတင်တက်ကြရသည့်ရက်တို့၏ ထုံးစံအတိုင်း ဆရာများသည် မိမိတို့ကိုယ်ကို မိတ်ဆက်ခြင်း၊ နားမလည်လျှင် ပြန်လည်ဆွေးနွေး နိုင်ကြောင်း ဖိတ်ခေါ်ခြင်း၊ သက်ဆိုင်ရာဘာသာရပ်များကို လေ့လာခြင်းကြောင့် ရရှိနိုင်မည့်အကျိုးတရား တို့ကို ရွှန်းရွှန်းဝေအောင်ပြော၍ ကျောင်းသား များကို အားတက်စေခြင်း စသည်တို့ဖြင့် ပြုံးပြုံးရွှင်ရွှင်ရှိကြလေသည်။ စာရေးသူတစ်ပါးတည်း သီးသန့်အနေဖြင့်ကား သူတို့ပြောသည့် ကုလားသံတစ်ဝက် အင်္ဂလိပ်သံတစ်ဝက်ကို နားလည်တစ်ချက် မလည်မချက်နှင့် အားတက်သည့်အခါတက် စိတ်ပျက်သည့်အခါပျက်ရင်း " အင်း ဒီတောင်ကိုတက်မလို့ ဒီကိုရောက်လာခဲ့တာ၊ တစ်နှစ်တာတော့ အားခဲရပေဦးမပေါ့လေ " ဟူသောအတွေးဖြင့် ကိုယ့်ကိုယ်ကို အားပေးပြီးရင်း အားပေးကာနေခဲ့ရလေသည်။

Social Diammention of Buddhism ဆရာ က ဗုဒ္ဓဘာသာ လူမှုရေးရှုထောင့် သဘောတရားများအကြောင်းကို မိတ်ဆက်၏။ ထို့နောက် မေတ္တာတရား အပေါ် ရှုမြင်သုံးသပ်ပုံ အကြောင်းကို ရှုထောင့်အမျိုးမျိုးမှ ရှုမြင်ကြပုံ အထွေထွေကို ဆွေးနွေးပြလေသည်။ သူဆွေးနွေးသမျှကို လိုရင်းမျှ ဖော်ပြရလျှင် တဖက်သား၏အကျိုးစီးပွါးကို လိုလားသောစိတ်နေစိတ်ထားကို မေတ္တာ ဟုခေါ်ဆိုသတ်မှတ်ကြောင်းနှင့် ထိုသို့ခေါ်ဆိုနိုင်ရန်အတွက် ဘယ်အတိုင်းအတာ အထိ တစ်ဖက်သား၏ အကျိုးစီးပွါးကို လိုလားသောစိတ်မျိုးဖြစ်သင့်သည်ကို ဆွေးနွေးပြလေသည်။

ဥပမာအားဖြင့် ခြင်တစ်ကောင်က မိမိကို လာကိုက်လျှင် မရိုက်သတ်ပဲ လွှတ်ပေးလိုက်ရုံမျှဖြင့် ထိုခြင်၏ အကျိုးစီးပွါးကို လိုလားသည်ဟု ဆိုနိုင်ပါမည်လော၊ တကယ်တန်း တဖက်သား၏ အကျိုးစီးပွါးကို လိုလားသူမှန်လျှင် သူအလိုရှိသလောက်သော သွေးကို စုပ်ယူစေသည်အထိ ခွင့်ပြုပေးသင့်သည်မဟုတ်ပါလော၊ မိမိကမရိုက်သတ်ပဲ လွှတ်လိုက်စေကာမူ သွေးကိုစုပ်ယူရန်အထိ လိုက်လျောခွင့်ပြုနိုင်ခြင်းသာ မရှိခဲ့ပါမူ သူတစ်ဖက်သား၏ အစာအာဟာရကို ဖြတ်တောက်ရာရောက်ခြင်း ကြောင့် တကယ့်မေတ္တာစစ်ဟု ခေါ်ဆိုနိုင်ပါမည်လော၊ စသည့်မေးခွန်းများကို ထုတ်ကာဖြင့် မေတ္တာတရားအပေါ်ထားရှိသော သဘောထား အမြင်များကို ဦးဆောင်ဆွေးနွေးသွားလေသည်။ (စာရှုသူတို့ကား မည်သို့ထင်ြမင်ပါသနည်း၊ စာရေးသူ၏ အမြင်ကို အပိုင်း (၁၀)တွင် ဆက်လက်တင်ပြသွားပါမည်။)

The Buddhist Vinaya and the Monastic Organization, ဆရာက ဝိနည်းပညတ်တော်များ ပေါ်ပေါက်လာပုံအကြောင်းကို မိတ်ဆက်ပြောပြ၏။ ဘုရားဖြစ်ပြီးပထမ ဝါတော် (၂၀)အထိ ဝိနည်းပညတ်တော်ဟူ၍ မရှိခဲ့သေးကြောင်း၊ အရှင်သုဒိန်၏ ရဟန်းတို့နှင့်မလျော်သောအကျင့်ကို စတင်ကျင့်သုံး သည်မှ အစပြု၍ ဝိနည်းပညတ်ချက်များ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း၊ ကျောင်းနှင့်ပတ်သက်၍ သာသနာတော်အစပိုင်းတွင် ဂူ, လိုဏ်ခေါင်း၊ သစ်ပင်ရိပ်စသည့် သဘာဝမှီခိုစရာတို့သည်ပင် ရဟန်းတို့၏ ကျောင်းများအဖြစ် တည်ရှိနေခဲ့ကြောင်း၊ နောက်ပိုင်းကာလ ဝေဠုဝန်ဥယျာဉ်တော်ကို အလှူခံယူရသည်မှစ၍ လူအများဆောက်လုပ်လှူဒါန်းအပ်သော ကျောင်းများတစ်စတစ်စ တိုးတက်ပွါးများလာခဲ့ကြောင်း၊ စသည်ဖြင့် သူ၏ဘာသာရပ်ကို မိတ်ဆက်ဆွေးနွေးသွားလေသည်။

Origins of Mahayana and the Earliest Mahayana Sutras, ဆရာကမူ ဘာတွေကို ဆွေးနွေးသွားမှန်း သေချာမသိလိုက်၍ ဤနေရာ၌ မဖော်ပြနိုင်သည်ကို စာရှုသူမိတ်ဆွေများအား တောင်းပန်စကားဆိုရပါသည်။ မှန်ပါ၏၊ ထိုနေ့က ဆရာ၏လေသံ တိုးတိုးကလေးသည် စာရေးသူတို့၏ နောက်ဆုံးတန်း ခပ်ကျကျ ထိုင်ခုံဆီသို့ ရောက်သည်တစ်ချက် မရောက်သည်တချက်ဖြင့် ရှိနေခဲ့သည်ကတော့ အမှန်ပင် ဖြစ်လေသည်။ မည်သို့ဆိုစေ..၊ ဤဘာသာရပ်ကိုတော့ဖြင့် ငါမရွေးတော့ပြီဟူသောအတွေးနှင့်အတူ နောက်ပိုင်းတွင်လည်း တကယ်မရွေးချယ်ဖြစ်ခဲ့တော့သဖြင့် မဟာယာနဆရာ၏ လက်ချာများနှင့်ပတ်သက်၍စာရှုသူတို့ထံ မည်သို့မျှတင်ပြခြင်းပြုနိုင်လိမ့်မည် မဟုတ်ပါကြောင်း ဝမ်းနည်းစကား ဆိုလိုက်ရပါ၏။

အမှတ်ရဖွယ်တစ်ခုကို ဆက်လက်ဖောက်သည်ချလိုပါသေးသည်။ ထိုနေ့က ကျောင်းမှအပြန် စာရေးသူတို့သူငယ်ချင်းနှစ်ပါး လိုင်းကားစီး၍ ပြန်ခဲ့ကြပါသည်။ တက္ကသိုလ်တည်ရှိရာ ပိပ္ပလိယာန မှတ်တိုင်မှ စာရေးသူတို့ကျောင်းသို့ လိုင်းကားနှစ်ဆင့်စီးကြရပါသည်။ ပထမလိုင်းကားမှ ဒုတိယလိုင်းကားသို့ ပြောင်းစီးသောအခါ အမှားအယွင်း မရှိခဲ့သော်လည်း ဒုတိယလိုင်းကားမှ မိမိတို့ဆင်းရမည့်မှတ်တိုင်ထင်၍ ဆင်းလိုက်ကြသောအခါ၌ကား မှတ်တိုင်လွဲမှားခဲ့ကြလေတော့သည်။ နေရာဒေသလည်း မကျွမ်းကျင်သေးသည့်အလျှောက် လမ်းပျောက်၍ ယောင်လည်လည်ဖြစ်နေကြသည်ဖြစ်ရာ မလွဲသာတော့၍ နီးရာကုလားဒကာတစ်ယောက်အား လမ်းမေးကြရလေသည်။ သူလည်းမသိ၊ နောက်တစ်ယောက်၊ နောက်တစ်ယောက်မှ နောက်တစ်ယောက်၊ ဤသို့ဖြင့် နိုင်ငံခြားသား ဘုရုမင်ဘုန်းကြီးလေးနှစ်ပါး မျက်စိလည်လမ်းမှားနေကြောင်း အလိုလိုကြော်ငြာပြီးသား ဖြစ်သွားလေတော့သည်။ (သီရိလင်္ကာသားများသည် မြန်မာနိုင်ငံသားများကို ဘုရုမင် ဟုခေါ်လေ့ရှိကြပါသည်။)

လမ်းကြားကလေးအတွင်းကျကျတစ်နေရာတွင် ဖြစ်နေ၍ သုံးဘီးကားကလေးများလည်း တစ်စီးမျှမလာ၊ ကံအားလျော်စွာ ရောက်လာသည့် သုံးဘီးကလေးကို စာရေးသူတို့ကတားလိုက်ရာတွင် မူလဒကာက လေရှည်ပြီး လမ်းမှားနေကြသူများဖြစ်ကြာင်း လောကွတ်ချော်လိုက်သဖြင့် ဖြစ်သင့်သမျှသောဈေးနှုန်းထက် ၄-၅ ဆမျှတောင်းလေရာ အဆင်မပြေခဲ့ကြပြန်ပါပေ။ တော်ပြီ၊ နောက်နောင်လမ်းမှားလျှင်လည်း မည်သူ့ကိုမျှ မမေးရဲတော့ပြီ။ သူတို့လောကွတ်ပိုမှုကြောင့် အနီးအနားဝန်းကျင်မှ လူအများ၏ သနားကြည့်ကြည့်သည့် အကြည့်များကိုလည်း မခံရဲတော့ပြီ။ ထိုနေရာမှသည် လမ်းမကြီးရှိရာဆီသို့သာ မှန်းဆလျှက် အမြန်ဆုံး ပြန်လည် သုတ်ခြေတင်ခဲ့ကြရလေသည်။ နောက်ဆုံးတွင်မတော့ အခြားသော သုံးဘီးကားကလေးတစ်စီး၏ အကူအညီဖြင့်ပင် ပဋိဗိဗာရာမ ကျောင်းတော်ဆီသို့ မှောင်ရီဖြိုးဖျ မိုးချုပ်စတွင်မှ ဆိုက်ရောက်ခဲ့ရလေတော့သည်။ ကဗျာဆန်ဆန်ပြောရပါလျှင် "တစ်ရံတစ်ခါဆီက လင်္ကာဒီပကျွန်းမြတ်မြေမှာ စိတ်မကြည်စရာ လမ်းလည်းပျောက်ခဲ့ဖူးပါသတည်း"။

အပိုင်း (၁၀) ကိုဆက်ရေးပါမည်။ အရှင်ဝိသာရဒ (ရမ္မာဝတီ)
Last Updated on Monday, 17 January 2011 02:32

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP