ခန္ဓသုတ်တော်
မြတ်စွာဘုရားရှင်ဟာ သာဝတ္ထိပြည် ဇေတဝန် ရွှေကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်အခါ ဇေတဝန်ကျောင်းတိုက်ကြီးရဲ့ မီးတင်းကုတ် မီးဖိုနားမှာ ရဟန်းတော်လေးတစ်ပါးဟာ ထင်းခွဲနေတုန်း မြွေဆိုး ကိုက်လို့ ပျံလွန်တော်မူခဲ့ရရှာပါတယ်။
အဲဒီအကြောင်းကို မြတ်စွာဘုရားထံတော်မှောက် ရဟန်းတော်တွေက လျှောက်ထားတော်မူကြတော့ မြတ်စွာ ဘုရားက ရဟန်းတော်တွေအားလုံး အဆိပ်အမျိုးမျိုး ထိမိ, ကိုက်မိတဲ့ ဘေးရန်ကနေ ကာကွယ်နိုင်ကြစေဖို့ ဒီ ခန္ဓသုတ် ပရိတ်ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။
ဒီခန္ဓသုတ် ပရိတ်ဒေသနာတော်ဟာ အစား အသောက်တွေထဲမှာ အဆိပ်ခတ်တာမျိုး၊ မြွေ, ကင်းစတဲ့ အဆိပ်ရှိသတ္တဝါတွေ ကိုက်ခဲထိပါး တာမျိုးစတဲ့ အဆိပ်ရှိ သတ္တဝါ ဘေးရန်ကနေ အထူးကင်းဝေးစေတတ်တယ် လို့ဆိုပါတယ်။
ဒီခန္ဓသုတ် ပရိတ်ဒေသနာတော်ဆိုတာဟာ အဆိပ်ပြင်းတဲ့ မြွေမင်းကြီး (၄) မျိုးအပေါ်မှာ မေတ္တာ ပွားပုံတွေ, ခြေမဲ့သတ္တဝါ၊ ခြေ ၂ ချောင်း သတ္တဝါ, ခြေ ၄ ချောင်း သတ္တဝါ, ခြေများစွာ သတ္တဝါတွေအပေါ်မှာ မေတ္တာပွားပုံတွေ, သတ္တဝါတွေအားလုံး ဣဋ္ဌာရုံ မှန်သမျှ တွေနဲ့သာ တွေ့ကြ ကြုံကြ ဆုံကြရပါစေကြောင်း ဆုမွန် ကောင်းတောင်းတာတွေ, ဘုရား တရား သံဃာ့ဂုဏ်တော် တွေကို ပေါင်းစုစီစဉ် ဟောကြား ထားတာဖြစ်ပါတယ်။ အဆိပ်ဘေးရန်ကို ကင်းပျောက်စေတတ်, တန်ခိုး အာဏာထက်မြက်ပါတဲ့ ခန္ဓသုတ် ပရိတ်ဒေသနာတော်ကို ကြည်ညိုသဒ္ဓါ ရိုသေစွာနဲ့ ရွတ်ကြ, ဖတ်ကြ, နာကြ, ကြည်ညို ပူဇော်ကြပါစို့ သူတော်ကောင်းတို့ …။
ကိုက် ခုတ် သစ် ကျား၊ မြွေ ဖား ကင်း သန်း စုန်းဖမ်း နတ်တိုက်၊ ကိုယ်၌ပြုသူ ခွင့်မှုရှိရာ၊ မည်သာခန္ဓ ပရိတ်လှကို၊ နေ့ ညရွတ်ပါ ကြိမ်ကိုးခါတည်း
ခန္ဓှသုတ်ရွတ်ဖတ်ရန်အချိန်နှင့် ရွတ်ဖတ်ရခြင်းအကျိုး
ခန္ဓသုတ်တော်တွင် ၀ိရူပက္ခ အစရှိသော မြွေနဂါးလေးမျိုးနှင့်တကွ၊ သတ္တ၀ါအားလုံးတို့အပေါ်၌ မေတ္တာတရား ပွားများပုံကို ဟောကြားထားပါသည်။
ခန္ဓသုတ်ကို မြွေ၊ ကင်းနှင့် အခြားသော အဆိပ်ရှိသော သားရဲတိရ စ္ဆာန်များ ထူပေါသောအချိန်တွင် ရွတ်ဖတ်ကြသည်။ ခန္ဓသုတ်ကို အမြဲရွတ်ဖတ်ခြင်းကြောင့် မြွေ၊ ကင်းနှင့် သားရဲတိရစ္ဆာန်များ၏ ကိုက်ခဲခြင်း၊ ရန်မူခံရခြင်း ဘေးတို့မှ ကင်းဝေးနိုင်ပြီး တခြားအန္တရာယ်ဆိုးများကိုလည်း ကာကွယ်တားဆီးနိုင်ပေသည်။
(၁) သဗ္ဗာသီဝိသဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ၀ိယ။ ယံ နာသေတိ ၀ိသံ ဃောရံ သေသဉ္စာပိ ပရိဿယံ။
သပ်ဗာသီဝိသ ဇာတီနံ၊ ဒိပ်ဗ မန်တာ ဂဒံ ၀ိယ၊ ယံ နာသေတိ ၀ိသံဃောရံ၊ သေသင်စာပိ ပရိတ်သယံ။
(၂) အာဏာက္ခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။ သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
အာဏာ ခစ်တန်မှိ သပ်ဗတ်ထ၊ သပ်ဗဒါ သပ်ဗ ပါဏိနံ၊ သဗ္ဗေသောပိ နိဝါရေတိ၊ ပရိတ်တံ တံ ဘဏာမ ဟေ။
အို သူတော်ကောင်းတို့၊ နတ်မန္တန် နတ်ဆေး ဝါးသည် လျှင်သောအဆိပ်ရှိသော မြွေမျိုးမှန်သမျှတို့၏ ပြင်းထန်သော အဆိပ်ကို ဖျက်ဆီးတတ်သကဲ့သို့ ခန္ဓသုတ် ပရိတ်တော်သည် အာဏာခေတ်တခွင်လုံး၌ သတ္တဝါ အလုံးစုံတို့၏ ပြင်းထန်သော အဆိပ်ကိုလည်းကောင်း ဘေးရန် အမျိုးမျိုးကိုလည်းကောင်း၊ ဘယ်အခါမဆို လုံးဝကုန်စင်အောင်ပင် မြစ်တားပယ်ရှားနိုင်ပါပေသည်၊ ထို ခန္ဓသုတ်ပရိတ်တော်ကို ငါတို့ရွတ်ဆိုကြကုန်စို့။
(၃) ၀ိရူပက္ခေဟိ မေ မေတ္တံ။ မေတ္တံ ဧရာပထေဟိ မေ။ ဆဗျာပုတ္တေဟိ မေ မေတံ၊ မေတ္တံ ကဏှာဂေါတမကေဟိ စ။
ဝိရူပက်ခေဟိ မေ မစ်တံ၊ မစ်တံ အေရာပထေဟိ မေ၊ ဆ-ဗျာ ပုတ်တေဟိ မေ မစ်တံ၊ မစ်တံ ကန်ဏှာ ဂေါတမကေဟိ စ။
ဝိရူပက္ခနဂါးမျိုးတို့နှင့် ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာ ဖြစ်ပါစေ၊ ဧရာပထနဂါးမျိုးတို့နှင့်လည်း ငါ၏မိတ်ဆွေအဖြစ် ချစ်မေတ္တာဖြစ်ပါစေ၊ ဆဗျာပုတ္တနဂါးမျိုးတို့နှင့်လည်း ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာဖြစ်ပါစေ၊ ကဏှာဂေါတမက နဂါးမျိုးတို့နှင့်လည်း ငါ၏မိတ်ဆွေအဖြစ် ချစ်မေတ္တာဖြစ် ပါစေ။
(၄) အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။ စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။အ- ပါဒကေဟိ မေ မစ်တံ၊ မစ်တံ ဒွိပါဒကေဟိ မေ၊ စတုပ် ပဒေဟိ မေ မစ်တံ၊ မစ်တံ ဗဟုပ် ပဒေဟိ မေ။
အခြေမရှိသော သတ္တဝါတို့နှင့် မိတ်ဆွေအဖြစ် ငါ၏ ချစ်မေတ္တာဖြစ်ပါစေ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ တို့နှင့်လည်း ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာဖြစ်ပါစေ၊ အခြေလေးချောင်းရှိသော သတ္တဝါတို့နှင့်လည်း ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာဖြစ်ပါစေ၊ အခြေများစွာရှိသော သတ္တဝါတို့နှင့်လည်း ငါ၏ မိတ်ဆွေအဖြစ် ချစ်မေတ္တာဖြစ် ပါစေ။
(၅) မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။ မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။မာမံ အ-ပါဒကော ဟိန်သိ၊ မာမံ ဟိန်သိ ဒွိပါဒကော၊ မာမံ စတုပ်ပဒေါ ဟိန်သိ၊ မာမံ ဟိန်သိ ဗဟုပ်ပဒေါ။
အခြေမရှိသော သတ္တဝါမျိုးသည် ငါ့ကိုမညှင်းဆဲပါ စေလင့်၊ အခြေနှစ်ချောင်းရှိသော သတ္တဝါမျိုးသည်လည်း ငါ့ကိုမညှင်းဆဲစေလို၊ အခြေလေးချောင်းရှိသော သတ္တဝါမျိုး သည်လည်း ငါ့ကိုမညှင်းဆဲစေချင်၊ အခြေများစွာရှိသော သတ္တဝါမျိုးသည်လည်း ငါ့ကိုမညှင်းဆဲပါစေလင့်။
သပ်ဗေ သတ်တာ သပ်ဗေ ပါဏာ၊ သပ်ဗေ ဘူတာစ ကေ၀လာ၊ သပ်ဗေ ဘတ်ဒရာနိ ပတ်သန်တု၊ မာကိန်စိ ပါပ မာဂမာ။
သတ္တဝါမှန်သမျှ ကောင်းမြတ်သော ဣဌာရုံတို့ကို ကြုံတွေ့ကြပါစေ၊ ဘယ်သူတစ်ဦးတစ်ယောက်သို့မျှ ဆင်းရဲ ဒုက္ခ မကျမလာ မရောက်ပါစေလင့်။
(၇) အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။ အပ္ပမာဏော သံဃော ပမာဏာဝန္တာနိ သရီသပါနိ။ အဟိ ၀ိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။အပ်-ပမာဏော ဗုတ်ဓော၊ အပ်-ပမာဏော ဓမ်မော၊ အပ်-ပမာဏော သံဃော၊ ပမာဏ၀န်တာနိ သရီသပါနိ၊ အဟိ ၀ိတ်ဆိကာ သတပဒီ၊ အုန်န နာဘီ သရဗူ မူသိကာ။
မြတ်စွာဘုရားသည် ဂုဏ်တော်အားဖြင့် အတိုင်းအရှည် ပမာဏမရှိ၊ လောကုတ္တရာတရားတော်သည်လည်း ဂုဏ် တော်အားဖြင့် တိုင်းတာမရ ပမာဏမရှိ၊ အရိယာသံဃာ တော်သည်လည်း လောကုတ္တရာတရားအရ ပမာဏမရှိ မြွေ၊ ကင်းမြီးကောက်၊ ကင်းခြေများ၊ ပင့်ကူ၊ အိမ်မြှောင်၊ ကြွက်ဟူသောရင်ဖြင့် တွားသွားတတ်သော သတ္တဝါများ သည် တိုင်းတာကန့်သတ်မှု ပြုတတ်သော ကိလေသာရှိသူ များဖြစ်၍ ပမာဏရှိသူများပင်တည်း။
(၈) ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ ပဋိက္ကမန္တု ဘူတာနိ။ သောဟံ နမော ဘဂ၀တော။ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။ကတာမေ ရက်ခါ ကတံ မေ ပရိတ်တံ၊ ပတိတ်ကမန်တု ဘူတာနိ၊ သောဟံ နမော ဘဂ၀တော၊ နမော သတ်တန်နံ သန်မာသမ်ဗုတ်ဓာနံ။
ငါသည် အကာအကွယ် အစောင့်အရှောက်ကို ပြုပြီး ခဲ့ပြီ၊ ငါသည် အရံအတားကို ပြုပြီးခဲ့ပြီ၊ သတ္တဝါများ ရှောင်ရှားကြကုန်လော့၊ ထို ငါသည် ပရိနိဗ္ဗာန်ဝင်စံတော် မူပြီးသော ရှေးရှေးဘုရားရှင် မှန်သမျှအား ရှိခိုးပါ၏၊ ဝိပဿီ အစရှိသော ခုနစ်ဆူသော ဘုရားရှင်တို့အား လည်း ရှိခိုးပါ၏။
ခန္ဓသုတ္တံ နိဋ္ဌိတံ။
0 comments:
Post a Comment