သက်တမ်းတိုးချိန်
သက်တမ်းတိုးချိန် ( ၁ )[IMG]/images/stories/U%20Zargara-R-2.jpg[/IMG]
ဆရာတော်ဦးဇာဂရ (စာရေးဆရာကံထွန်းသစ်)
အမေရိကမှာ ကြမ်းတမ်းတဲ့ ရာသီဥတုမုန်တိုင်း၊ လောကဓံမုန်တိုင်း များစွာနဲ့ ရင်ဆိုင်ပြီး သီးတင်းသုံးနေတဲ့ ဆရာတော် ဦးဇာဂရရဲ့ ရင်ဖွင့်စကားနဲ့အတူ၊ “ဗုဒ္ဓမြတ်စွာ သာသနာ အတွက်တော့ ငါပါ အသက် ဆုံးစေမည်”ဆိုတဲ့ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးရဲ့ မိန့်မှာချက်လို…. သာသနာ အတွက် အသက် ဘေးမှ သီသီလေး လွတ်မြောက် လာခဲ့သော ဆရာတော် ဦးဇာဂရ ရဲ့ တုန်လှုပ်ဘွယ်ဖြစ်ရပ်…….ကိုယ်တွေ့ကို စာရေးဆရာ ကံထွန်းသစ် ကိုယ်တိုင် ဖွင့်ဟထားပါတယ်၊ ဆက်လက်ဖတ်ကြည့် ပါအုံးလို့.... (မေတ္တာဥယျာဉ်)
M . သုံးလုံးဖြစ်စဉ်နဲ့ အနောက်ကမ္ဘာသားတွေက အရှေ့ကမ္ဘာကို ကိုလိုနီပြုခဲ့ကြတယ်လို့  သမိုင်းက ဆိုပါတယ်။ ပထမ Mission ၊ ဒုတိယ Merchant ၊ နောက်ဆုံး Military ကလိုက်လာတယ်လို့  ဆိုတော့ ခရစ်ယာန်သာသနာက ရှေးဦးစွာ လမ်းဖောက်ခဲ့တာပေါ့။ ဗုဒ္ဓဘာသာ အနောက်ကမ္ဘာကို ရောက်လာဟန်ကတော့ အဲဒီ ဖြစ်စဉ်နဲ့ ပြောင်းပြန်းလို့ ဆိုရမယ်။ ပထမဆုံး ဘာသာဝင်တွေက Military တွေကြောင့်ဖြစ်စေ၊ အခြား အကြောင်းကြီးငယ်တွေကြောင့်ဖြစ်စေ၊ အရင်ရောက်နှင့်နေကြပြီး Mission လို့ ဆိုရမဲ့ ဘာသာရေးခေါင်းဆောင်တွေက နောက်က လိုက်လာ ကြတယ် လေ။ ပြီးမှ ဘာသာဝင်တွေ အမြင့်ဆုံး ဘ၀ချမ်းမြေ့စေဖို့ ရယ်၊ မိရိုးဖလာ အစဉ်အလာကောင်းလေး မကွယ်ပျောက်စေဖို့ ရယ်၊ ဘာသာ ၀င်တွေနဲ့  ဘာသာရှင်တွေ ပူးပေါင်း အားထုတ်ကြတဲ့ သာသနာပြုလမ်းစဉ်ဆိုပါတော့။
အဲဒီလိုမှ မပြုနိုင်ကြရင် အခြေခိုင်သူတွေအတွက် မထောင်းသာပေမဲ့၊ မိရိုးဖလာလေးတွေ အဖို့ ကတော့ နီးစပ်မှု ဒါမှမဟုတ် အထင်တကြီး အားကို လိုမှု၊ အားငယ်စဉ် စည်းရုံး သိမ်းသွင်းခံရမှု၊ စတာတွေကြောင့် အလွယ်တကူ ဘာသာပြောင်းသွားကြတာတွေဟာ အတော်သတ်မယ်မထင်ဘူး၊ အဲဒီလို မဖြစ်ရေးကိုတွေးချင့်ပြီး သူတစ်ပါး ဘာသာဝင်တွေကို သိမ်းသွင်းဖို့ မစွမ်းသေးသည့်တိုင် ကိုယ့်ဘာသာဝင်လေးတွေ မဖိတ်စင်ဖို့ ညိုငယ်မသွားဖို့ ကျိုးပန်းကြရမယ်ဆိုတဲ့ အသိဆန္ဒတွေနဲ့ မြန်မာ ရဟန်းတော်တွေ သာသနာပြုလာလိုက်ကြတာ အခုဆို အမေရိကန်ပြည်တလွှာ ဗုဒ္ဓဘာသာ မြန်မာ ကျောင်းတော်တွေဟာ ( ၇၀ )ကျော်ပြီလေ၊ မိမိ သီတင်းသုံးတဲ့ ၀က်စကွန်းစင်ပြည်နယ် မီဝေါကီးမြို့ က ပညာရာမကျောင်းလေး ဟာလည်း အဲဒီထဲက တစ်ကျောင်းအပါအ၀င်ပေါ့၊
ရောက်စကတော့ တွန့် ဆုပ်မိတယ်၊ ကွင်းစိမ်း၊ ဒေသစိမ်း၊ လူစိမ်း၊သူစိမ်းတွေကြား၊ နောက်ပြီး ကိုယ့်လူခံတွေကလည်း အကွဲလေး အကွဲကြီးမျိုးစုံနဲ့ ပြိုကွဲနေချိန်၊ လစဉ်ပေးမန့် ကိုတောင် ဖို့ ဝိန်းမြို့ ဇေတ၀န်ဆရာတော်လေးက ကျားကန်ပေးထားလို့ ကျောင်းလေးတည်မြဲနေခြင်းလေ။
ဘာပဲဖြစ်ဖြစ် အကွဲတွေ စပ်အောင်၊ အကောက်တွေ မဖြောင့်တောင် ပိုမကွေးအောင်၊ အဖြူထည်လေးတွေ မဖွေးတောင် မညစ်ထေးအောင်၊ ကြိုးစားမဟဲ့ ဆိုတဲ့ စိတ်နဲ့ အဲဒီကျောင်းလေးမှာ ၀ါဆိုလိုက်ပါတော့တယ်။
အစကတည်းက ယဉ်သကိုယ် ဆိုသလို၊ ကပ္ပိယရဲ့ ပညာပြတာခံရ၊ ကျောင်းဥက္ကဌ ဆိုသူရဲ့ မထေမဲ့မြင် ပြုတာခံရ စတာတွေအပြင် အသုံးအဆောင် ပရိဘောဂ တွေရဲ့ စိမ်းကား မှုကိုလည်း ကြုံရတယ်။ နည်းပညာကြွယ်ဝတဲ့ တိုင်းပြည်ဖြစ်လေတော့ ကိုယ့်အဖို့ က အားလုံးဟာ အသစ်အဆန်းချည်း၊ တစ်နေရာနဲ့  တစ်နေရာ အသုံးအဆောင်တွေက မတူ၊ ရောက်ပြီး ဒုတိယနေ့ မှာပဲ ပြဿနာက စတော့တယ်၊ နေ့  ( ၁၁ )နာရီခွဲသည့်တိုင် ဆွမ်းကပ် မည်သူမရှိ၊ ရောက်ခဲ့ကြုံ ခဲ့ဖူးတဲ့ ကျောင်းက နောင်တော်ညီတော် ရဟန်းတော်များနည်းတူ ကိုယ်ကိုတိုင် ဆရာတော်၊ ကိုယ်ကိုတိုင် ကပ္ပိယလုပ် ရတော့မှာပဲလို့ ကြံရွယ်ကာ ဟင်းနွေးတဲ့ မိုက်ကရိုဝေ့ကို ဖွင့်ကြည့်တယ်၊ မပွင့်၊ တတ်သလောက် မှတ်တတ်လောက် ကြိုးစားကြည့်တယ်၊ မလှုပ်၊ ခက်ကပြီ၊ ကိုယ်သုံးခဲ့ ဖူးတာတွေနဲ့ မတူ၊ ဘယ်သို့ ပြုရပါခြိမ့်၊ ကြာကြာစဉ်းစားနေခွင့်ကို နာရီကမပေး၊ မွန်းတည့်လုပြီလို့ လက်တံကပြောနေပြီ၊ သည်တော့ ရေခဲသေတ္တာကိုဖွင့် သစ်သီးလေး ( ၂ ) လုံးကို ကပ္ပိရင်း ဒီနေ့ တော့ ရသေ့ဘ၀ ခံယူရတော့မယ်လို့ တွေးရင်းပြုံးနေမိတယ်။
ဒီလိုနဲ့ တဖြည်းတဖြည်း သာသနာပြု လုပ်ငန်းကြီး စပြီပေါ့လေ၊ လာသမျှ လေးတွေကို နိဗ္ဗာန်ရောက်ကြောင်း တရားထက်၊ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကျင့်သုံးတော်မူတဲ့ “ သာခလျဉ္စ ၀ိဿာသဉ္စ” ထုံးကို လက်သုံးပြုရင်း၊ သိမ်းသွင်းရတယ်၊ တစ်ဦးချင်း တန်းဖိုးကို အသိမှတ်ပြုရတယ်၊ ဖော်ရွေစွာ ဆက်ဆံတယ်၊ ပျူငှာစွာ ကြိုဆိုတယ်၊ ဗုဒ္ဓမြတ်စွာရဲ့ အရိပ်ဟာ လူမျိုးမရွေး ဘာသာမခြား လူတိုင်းရဲ့ နားခိုပန်းဖြေရာလို့ ကြေငြာရတယ်၊ အားလုံးအပေါ် မေတ္တာညီ ဆက်ဆံတယ်၊ “ ပစ္စည်းမသို စိတ်မတို ခင်ပျိုကြီးပွားကြောင်း( အဲ ခင်အိုပေါ့လေ ) ” ကို တစ်တွတ်တွတ်ရွတ်ရတယ်၊ ပုဂ္ဂိုလ်မရွေး စွမ်းသမျှ ကျွေးမွေးစောင့်ရှောက်တယ်။
ခုတော့ကျောင်းလေးဟာ စည်ပင်စပြုပြီ၊ ခရစ်ယာန်လည်းလာတယ်၊ အစ္စလန်လည်း ရောက်တယ်၊ ချင်းတွေလည်း ၀င်တယ်၊ မွန်တွေလည်း နားတယ်၊ ကရင်နဲ့ မြန်မာတွေကတော့ မပြတ်ဘူးပေါ့။ မကြာမကြာဆိုသလို ကျောင်းပွဲ ရာသီပွဲလေးတွေ ကျင်းပဖြစ်ကြပြီ။
ဒီလိုနဲ့ သက်တန်းတိုးချိန်ရောက်ခဲ့ပါရော၊
တိုးထားတဲ့ ဗီဇာသက်တမ်းက ( ၁ ) လခန့် သာကျန်တော့တယ်၊ ဒါကြောင့် အစစ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ဖို့ ဝိန်းက ဆရာတော်လေးကို အကြောင်းကြားရတယ်။ ဆရာတော်လေးက မြန်မာပြည်ဖွား ဒုက္ခသည်တိုင်းကို ကူညီစောင့်ရှောက်ပေးနေသူဖြစ်လေတော့ အလုပ်ကများပေတောင်း၊ ဖုန်းဆက်တိုင်းမရ၊ မစ်ဆေစ့်ပေးလို့ မယူ၊ အီးမေလ်ပို့ လို့ လည်းမပြန်နဲ့ ၊ ဘယ်လိုဘာလိမ့်လို့ တွေးရပြီ၊ ဒကာဒကာမတွေနဲ့ ကျောင်းဂေါပက တွေကလည်း ပူကြပြီ၊ အိုဗာစတေးဖြစ်မှာ စိုးကြတယ်၊ ဒီတော့ သူတို့ ကလည်း ဖြစ်တဲ့နည်းနဲ့ ဗီဇာရအောင်ကြိုးစားချင်ကြတယ်၊ ရနိုင်သမျှနည်းနဲ့ ဖြစ်ဖြစ် ဆောင်ရွက် ချင်ကြတယ်။ မဖြစ်သေး။ မိမိကိုယ် အမြဲတမ်း စောင့်ရှောက်သော ဖို့ ဝိန်းဆရာတော်လေး က သူဆောင်ရွက်ရမဲ့ အရေးသူသိလို့ အေးနေတာလည်း ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ်….။
နောက်ဆုံး သူ့ အနီးနေ ဒကာကို လှမ်းစုံစမ်း လိုက်တော့မှ ဆရာတော်လေးအတော် မကျန်းမမာတဲ့၊ ဒီလိုဆို ကိုယ်ကကြွရပေမယ်၊ အများကို ၀န်မတတ် စေချင်လို့ ဘတ်စ်ကား ဂရေးဟောင်း လိုင်းကားနဲ့  သွားမယ်လို့ ဒကာလေး ဝေမိုးအောင် တို့ ကို တိုင်ပင်တော့ မသင့်လျော်ကြောင်း၊ သူတို့ ပိုနိုင်အောင် စီစဉ်မယ်ဖြစ်ကြောင်း၊ နောက်ပြီး ဆရာတော်လေးဟာ ဒီကျောင်းရဲ့ ပင်မ ကျေးဇူးကြီးသူဖြစ်လို့  တပည့်တော်တို့ လည်း သတင်းမေး လိုက်သင့်ကြောင်း လျှေက်ထားတယ်၊ ဒါကြောင့် လမ်းကျွမ်းကျင်တဲ့ ရောက်ဖူးတဲ့သူတွေကို အလုပ်ပိတ်ရက်နဲ့  ညှိပြီး မေးမြန်းကြည့်တော့ ဘယ်သူမှ မပို့ နိုင်၊ ဒီနိုင်ငံမှာကလည်း လူတိုင်းကိုယ်စီ ( First ship ၊ Second ship ၊ third ship )စတဲ့ အလုပ်ကိုယ်စီ ဆိုတော့ အပြစ်မဆိုသာ၊ ကိုယ်အရေး ကိုယ်သာ ဖြစ်သလို ဖြေရှင်းရပေတော့မယ်၊ ဒါကြောင့် ( ၁ ) လ ( ၇ ) ရက် ၂၀၁၁ခုနှစ် သောကြာ နေ့ ညနေမှာ သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒကာစိုးဝင်းနဲ့ ဒကာဝေမိုးအောင်တို့ လိုက်ပို့ မယ်တဲ့၊ ရာသီက စနိုးချိန်၊ သိကြတဲ့အတိုင်း အမေရိကန်အလယ်ပိုင်း ဒေသတွေရဲ့ စနိုးရာသီဆိုသွားရေး လာရေးမသာတော့၊ တလောက မင်နီဆိုတာ၊ အိုင်ဟိုးဝါ၊ နယူးယောက်စတဲ့ စတိတ်တွေမှာ စနိုးမုန်တိုင်းကျသွားသေးတယ်လေ။ ဒီ မီဝေါကီးမှာလည်း ပါးပါးတလှည့်၊ ထူထူတခါ ကျနေပြီပဲ၊ ဒါကြောင့် စိုးရိမ်စိတ်လေးတော့ဖြစ်မိတယ်၊ ဒီအထဲ နံနက်က ဘုရား ၀တ်ပြုတော့ လက်ရုံးကလှုပ်သေး၊ အသား လှုပ်ဟောတွေ အယူမရှိပေမဲ့ အစွဲကတော့ မကင်းထင့်၊ ဒါပေမဲ့ မေ့မေ့ ဖျောက်ဖျောက် ထားလိုက်တယ်။
သွားဖို့ လာဖို့ ပြင်ရင်ဆင်ရင် ဖို့ ဝိန်းဆရာတော်လေးအတွက် ဆေးဝါးနဲ့ စားဖွယ်လေးတွေ ထုတ်ပိုး ထားလိုက်တယ်၊ ညနေစောင်းတော့ ဒကာတွေကိုမျှော်ရင်း အပြင်ကြည့်လိုက်တော့ စနိုးလေးတွေ ဖွဲဖွဲကြနေတယ်၊ စနိုးက မြင်ဖူးစမှာတော့လှ, လှသေးတော့၊ ကျပြီးစမှာလည်း အဖြူရောင် လွင်ပြင်ကနေ အလင်းပြန်နေတော့ ၀န်ကျင်းတစ်ခုလုံး လင်းပြီး ဖွေးဆွတ်နေတော့တယ်၊ ဒါပေမဲ့ အဲဒီအလှနှစ်ခုရဲ့ကြားမှာ လှို့ဝှက်ကြမ်းတမ်းတဲ့ ကံကြမ္မာ ရှိတယ်ဆိုတာ ဘယ်သူ စဉ်းစားမိမှာလဲ၊ စိတ်ကတစ်ချက်ထင့်ပြီး Weather သတင်းကြည့်အုံးမပဲဆိုပြီး အခန်းထဲးပြန်ဝင်တော့ လက်တော့ ကွန်ပြူတာလေးက သိမ်းဆည်းပြီးသား ဖြစ်နေပြီး၊ ပြန်မထုတ်ချင်တော့တာနဲ့ ဒကာလေးကိုရဲနဲ့ မဖြူတို့ ကို သွားခါနီးမှ လှမ်းမေးတော့မယ်ဆိုပြီး ပြုနေကြ၀တ် တွေထဲက ညနေခင်း ဘုရားရှိခိုးမှုကို ပြုလိုက်တယ်၊ တိုက်ဆိုင်မှုနဲ့ တူရဲ့၊ သံဃာဂုဏ်တော် ပွားများချိန်မှာ လက်ရုံးက လုပ်လာပြန်တယ်၊ အယူမသီးတတ်ပေမဲ့ ဒါ ( စင်ကနယ် ) များလားလို့ တွေမိတယ်။
ညနေစောင်း ( ၅ ) နာရီခန့် မှာထွက်မဲ့ ခရီးက ( ၉ )နာရီအထိမသွားနိုင်သေး၊ ငါ့လူတွေ အခုထက်ထိ ဗမာဆန်တုန်း ပါလားလို့ တွေးမိလိုက်တယ်၊ ဒီလိုမှန်းသိရင် စောစောက စာရေးဆရာလေး ငြိမ်းချမ်းလက်ရဲ့ ဖတ်လက်စ ဆောင်းပါးသစ်လေးကို ဆုံးအောင်ဖတ်လိုက်ပါရဲ့။ ဖုန်းဆက်ကြည့်မှ ကားပိုင်ရှင် ဒကာက ကိစ္စပေါ်နေလို့ နောက်ကျကြောင်း သိရတယ်၊ သူတို့ ရောက်လာတော့ ည ( ၁၀ )နာရီ၊ စနိုးရာသီ၊ ခရီးစိမ်း ဖြစ်ပါ့မလားလို့ ထပ်မေးမိတယ်၊ ဖြစ်တယ် GPS ခေါ် Navigator ပါတယ် ။ စိုးရိမ်းစရာ မရှိဘူးလို့ အားပေးကြတယ်၊ ကားမောင်းမည်သူက မနှစ်ကဒီလို စနိုးရာသီမှာ သွားဖူးပြီးသားလို့  အာမခံတယ်၊ သူတို့ စေတနာ သူတို့ သဒ္ဓါနဲ့ လမ်းပြစက် အားကိုးပြီး ထွက်ခဲ့ကြတော့တယ်။
အဲဒီမှာလည်း အံ့စရာလား ရယ်စလားမသိ၊ သွားမည့် လိပ်စာရိုက်ထည့်ထားတဲ့ Navigator က Turn left , Turn left လို့ အော်နေလို့ သူခိုင်းတဲ့ အတိုင်းကွေ့ လိုက်တာ၊ မိမိတို့ နေရာ နေရှင်နယ် လမ်းကိုပဲ ပြန်ရောက်လာတယ်၊ တစ်ကြိမ်တောင်မဟုတ် သုံးကြိမ်သုံးခါတောင်။
နောက်ဆုံးတော့ ထွက်ရမည့် Exit ကိုသိတယ် သူ့ စကားနား မထောင်တော့ဘူးဆိုပြီး အဝေးပြေးလမ်းမဆီ မောင်းထွက်ခဲ့ကြတယ်၊ မိမိက ဒရိုင်ဘာရဲ့ နောက်ခုံကပေါ့၊ စကားတပြောပြောနဲ့  ရှေးဟောင်း နှောင်းဖြစ် စုံစွာပေါ့၊ ချီကာဂိုဖြတ်ချိန်ထိ ရာသီဥတုက သာယာဆဲ၊ အင်ဒီယားနားသို့ ဆိုတဲ့ ဆိုင်းကိုမြင်တော့ “ ဒါ မိုက်ကယ်ဂျင်ဆင်ရဲ့ ဇာတိမြေပေါ့” လို့ သူတို့ ကိုပြောလိုက်သေးတယ်။
ဒကာလေးဝေမိုးအောင်က နောက်Summer ချိန်ဆို မိသားစုတွေနဲ့ သွားကြရအောင်လို့  ထက်သန်စွာ ပြောတယ်၊ အဲဒီအချိန်မှာပဲ စနိုးက ကျစပြုပြီ၊ ဒီလိုနဲ့ စနိုးပါးပါးကြားမှာ မောင်းလာခဲ့ကြတယ်၊ ၀န်းကျင်မှာတော့ စနိုးကျပြီးစမို့ အလင်းပြန်ပြီး ရှုချင်ဖွယ်ဖွေးဆွတ်နေတယ်၊ “ တို့ ငယ်ငယ်က ရုပ်ရှင်တွေ ပြက္ဒဒိန်တွေမှာ မြင်ဖူးတဲ့ ရှုခင်းတွေက ဒါတွေပဲ” လို့ ပြောလိုက်မိသေးတယ်။
တဖြည်းဖြည်းနဲ့ စနိုးဟာ သိပ်သည်းလာတယ်၊ ရှေ့ မှာလည်း သွားနေတဲ့ ကားတစ်စီးသာ တွေ့ ရတယ်၊ သတိထားမောင်းနေကြရတယ်၊ တစ်ခါတစ်ခါ ကုန်ကားကြီးတွေက ရုတ်တရက် သုံးလေးစီး ဖြတ်ကျော် သွားတတ်တယ်၊ ထိတ်လန့် စရာပဲ၊ မိမိကတော့ မေတ္တာကမ္မဋ္ဌာန်းပွားရင်း ဖြေးဖြေးသာ မောင်းလို့  သတိပေးကာ လိုက်ပါခဲ့တယ်၊ တစ်နေရာ အရောက်မှာတော့ ထွက်ရမဲ့ Exit 30 ကိုတွေ့ လိုက်တယ်၊ ဒါပေမဲ့ GPS Navigator က ဘာမှမပြောတော့ ကားမောင်းသူက မထွက်မိ၊ Exit လွန်မှကြည့်လိုက်တော့ Navigator အလုပ်မလုပ်တော့ကြောင်းတွေ့ ရတယ်၊ စနိုးမုန်တိုင်းကြောင့် Connection ပြတ်သွားခဲ့ပြီးတဲ့၊ ဒီလိုနဲ့  သတိထား မောင်းရင်းမောင်းရင်း Exit 60 ကိုရောက်လာတယ်၊ ဓာတ်ဆီဆိုင်တစ်ခုမှာ အသာဝင်နား လိုက်ကြတယ်၊ ကားဆီဖြည့်ရင်း လူဝိတ်လျော့ရင်းပေါ့။
စနိုးလည်း ဆဲစပြုပြီ၊ နာရီကလည်း နံနက် ( ၃ ) နာရီ၊ အဲဒီလိုနဲ့ ဆက်ထွက်ခဲ့ကြတယ်၊ မိမိအေးနေတာ ပင်ပန်းနေတာကိုကြည့်ပြီး ဒကာတို့ က စိတ်မကောင်းကြ၊ အမြန်ရောက်လို ကြတယ်၊ သို့ သော် မြန်၍မရ၊ ဖြည်းဖြည်းသာသွားလို့ သတိပေးရင်း ဗုဒ္ဓါနုဿတိကိုပြောင်းပြီး ပွားများလိုက်တယ်၊ တတိယမြောက် ဗုဒ္ဓဂုဏ်တော်အရောက်မှာပဲ ဝေါး………ဂျိန်း…………ဂျုံး…………...အား…………..အား……။ ( ဆက်ရန် )
မေတ္တာများဖြင့်....
မေတ္တာဥယျာဉ်
[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK]
၂၀၁၁-ခု၊ ဇန်နဝါရီလ 13-ရက်၊ ကြာသပတေးနေ့။
0 comments:
Post a Comment