လင်္ကာမြေမှာတစ်နှစ်တာ အပိုင်း(၇)၊ သီရိလင်္ကာဆွမ်းအလှူပွဲများအကြောင်း
ပဋိဗိဗ္ဗာရာမကျောင်းသို့ ရောက်ပြီးနောက်ပိုင်း စနေ, တနင်္ဂနွေနေ့တိုင်းလိုလိုပင် ဟိုအိမ်သည်အိမ်မှ ပင့်ဖိတ် ကျွေးမွေး လှူဒါန်းကြသော အရုဏ်ဆွမ်း နေ့ဆွမ်းများကို ဘုဉ်းပေးခဲ့ကြရပါသည်။ များသောအားဖြင့်ကြွရောက်ခဲ့ရ သမျှသော ဆွမ်းကျွေးပွဲတိုင်းလိုလိုသည် သေလွန်သွားသော ဆွေမျိုးသားချင်းတစ်စုံတစ်ယောက်ကို ရည်စူး၍ လှူဒါန်းသောဆွမ်း (မတကဘတ္တ) တို့သာများကြသည်ကို သတိထားခဲ့မိပါသည်။ မြန်မာပြည်မှာလို မွေးနေ့ဆွမ်း အလှူ, အိမ်သစ်တက်အလှူ စသည်များကား မတွေ့ခဲ့ရသလောက်ပင် ရှားပါးလှပါသည်။
ထူးခြားသည်မှာ ဆွမ်းကျွေးမည့်အိမ်းတိုင်းသို့ ဘုန်းကြီးကျောင်းမှ စွယ်တော်ပွါးကို မဖြစ်မနေ ပင့်ဆောင်ပူဇော်ကြခြင်းပင် ဖြစ်ပါသည်။ မှန်ပါ၏။ သီရိလင်္ကာသားများသည် ဘုရားရှင်၏ အောက်လက်ဝဲစွယ်တော်ဓာတ်မြတ်ကို ကိုးကိုယ်ပူဇော်ခွင့်ရနေကြသူများပီပီ အလှူဒါနပြုသမျှ၌ စွယ်တော်ပွါးကို မပါမဖြစ်သော အပူဇော်ခံတစ်ပါးအနေဖြင့် အထွတ်အမြတ်ထား ပူဇော်လေ့ရှိကြပါသည်။ ဆွမ်းမကျွေးမီနေ့ကပင် စွယ်တော်ပွါး သီတင်းသုံးရန် ကျောင်းဆောင်ငယ်ကို ဘုန်းကြီးကျောင်းမှသည် မိမိတို့အိမ် ဆီသို့ ငှါးယူရွှေ့ပြောင်းထားကြလေသည်။ ဆွမ်းကျွေးမည့်နေ့၌ စွယ်တော်ပွါးကြုပ်ကို ဒကာကြီးတစ်ယောက်၏ ဦးခေါင်းပေါ်တွင် တံဘက်ဖြင့်ခံပြီးမှ ဘေးမှထီးတော်မိုးပေးသူတစ်ဦးလိုက်ပါလျှက် ကျနစွာပင့်ဆောင် ကြလေသည်။
စွယ်တော်ပွါးကြုပ်နှင့် ဆွမ်းမဆက်မီသီလဆောက်တည်နေကြသူများကို တွေ့မြင်ရပုံ
သာမန်အားဖြင့် ခပ်ရိုးရိုးပင် ပင့်ဆောင်လေ့ရှိကြသော်လည်း တတ်နိုင်သူများအနေဖြင့်မူ ရိုးရာတီးဝိုင်းကလေး တစ်ခုကို ငှါးရမ်းကာ စည်စည်ကားကား ပင့်ဆောင်လေ့ရှိကြပေသည်။ တီးဝိုင်းဟုဆိုရာ၍ မြန်မာနိုင်ငံမှာကဲ့သို့ ကြေး၊ မောင်း၊ ရကွင်း၊ နှဲ၊ ပလွေ၊ ပတ်မ စသည်ဖြင့် ရှင်လောင်းလှည့်သောအခါမျိုးတွင် လမ်းလျှောက်ရင်းတီးရသော တီးဝိုင်းများကဲ့သို့ တူရိယာစုံလှသည်တော့မဟုတ်ပါချေ။ အနီးစပ်ဆုံးပြောရလျှင် ဒိုးပတ်ဝိုင်းနှင့်ခပ်ဆင်ဆင်တူသည်ဟုတော့ ဆိုနိုင်လိမ့်မည်ထင်ပါသည်။ သို့သော် စာရေးသူတို့မြန်မာနား၌ကား နဝင်ပီယံမရှိလှပါ။ တတီတီတတာတာမှုတ်သည့် နှဲဆရာတစ်ဦး၊ ဒိုးပတ်ကဲ့သို့သော ရိုးရာဗုံတစ်လုံးကို တုတ်တိုဖြင့်ရိုက်ကာရိုက်ကာ တီးသူတစ်ဦး၊ လည်ပင်း၌လွယ်ထားသည့် ပက်လက်ဗုံတိုကလေးနှစ်လုံးကို အဖျားတွင်ကွေးညွတ်ကော့ဝိုက်ထားသည့် ကြိမ်ကွင်းဖြင့် ပလုံတုံတုံ တုံတုံတုံ တုတ်တုတ်တုတ် စသည်ဖြင့်တီးသူ တစ်ဦး တို့သာ ပါတတ်လေသည်။ ရံခါ၌မူ ဝါးမပါ စည်းသက်သက်သာတီးသူ တစ်ဦးပါ ပါတတ်လေရာ စုစုပေါင်းပါမှ သုံးဦး (သို့မဟုတ်) လေးဦးသာရှိတတ်လေသည်။
ထိုတီးဝိုင်းနောက်မှ စွယ်တော်ကြုပ်၊ စွယ်တော်ကြုပ်နောက်မှ ရဟန်းတော်များစီတန်း၍ အလှူ့ရှင်အိမ်သို့ ကြွရောက်ကြရပါသည်။ (ဝေးလျှင်မူ ကားဖြင့်ပင့်တတ်ကြပါသည်)။ စွယ်တော်ကြုပ်ကြွရာလမ်းတစ်လျှောက်တွင် ထိုင်နေသူများက မတ်တပ်ရပ်၍ အရိုအသေပြုကြပါသည်။ အိမ်သို့ရောက်သောအခါ ကျောင်းဆောင်တော်၌ ကိန်းဝပ်စေပြီးမှ သံဃာတော်များ၊ ဒကာ/မများ မိမိတို့နေရာတွင် ထိုင်ကြရပါသည်။
အသားမဲသော်လည်း အသဲဖြူသူတို့၏ ဆွမ်းအလှူ
သံဃာတော်များသီတင်းသုံးရန်အတွက် များသောအားဖြင့် ခုံတန်းလျားများချပေးထားတတ်ကြပါသည်။ တစ်ခါတစ်ရံတွင် ဆိုဖာထိုင်ခုံ၊ တစ်ခါတစ်ရံတွင်မူ ကြမ်းပြင်၌ချခင်းထားသော ဆိုဖာဖုံကလေးများ ချပေးထား သည်မျိုးလည်းတွေ့ရတတ်ပါသည်။ မြန်မာပြည်မှာကဲ့သို့ စားပွဲဝိုင်းဖြင့်ကျကျနန ခန့်ခန့်ထည်ထည် ပြင်ဆင်ထား ခြင်းမျိုး မဟုတ်ကြပါသော်လည်း ဆွမ်းပွဲတင်မည့်ခုံတန်းလျားပေါ်တွင်ရော သံဃာတော်များထိုင်မည့် နေရာများ တွင်ပါ သန့်စင်ဖြူလွသည့် အဝတ်ဖြူများခင်းပေးထားကြသည်ကိုမူ တစ်မူထူးခြားစွာ တွေ့မြင်ရလေသည်။ ခုံတန်းလျားပေါ်တွင် သံဃာတော်တစ်ပါးစီအတွက် ပန်ကန်ပြားတစ်ချပ်၊ ပန်ကန်လုံးခပ်ကြီးကြီးတစ်လုံးစီ ချထားလေ့ရှိကြပါသည်။
ဦးစွာ စွယ်တော်ပွါးကို ဆီမီး၊ အမွှေးတိုင်များဖြင့်ပူဇော်ကြပြီး ငါးပါးသီလခံယူဆောက်တည်ကြပါသည်။ ထို့နောက်တရားအနည်းငယ်ဟောပြီး "သုဂန္ဓံ သီတလံ" အစရှိသောဂါထာများကို သံဃာတော်တစ်ပါးက တိုင်ပေးကာ ဘုရားရှင်အားရည်မှန်း၍ ဆွမ်းတော်၊ ပန်းတော်၊ ဆီမီး၊ ရေချမ်းစသည်များကို ကပ်လှူပူဇော်ကြပါသည်။ ထို့နောက် "ဣမံ ဘတ္တံ သပရိက္ခာရံ၊ ဘိက္ခုသံဃဿ ဒေမ"ဟူသော လှူဖွယ်ဝတ္ထုများနှင့်တကွ ဆွမ်းလှူဒါန်းပါကြောင်း ရဟန်းတော်တစ်ပါးက တိုင်ပေးပါသည်။ သူတို့အသံထွက်နှင့်ဆိုလျှင် (ဣမံ ဘတ္တံ ဆပရိက္ခာရံ၊ ဘိက္ခုဆံဃဆ္ဆ ဒေမ)ဟု အနီးကပ်ဆုံး အသံထွက်ပါသည်။ ထို့နောက်တွင်တော့ ဆွမ်းကပ်ရန် စတင်ပြင်ဆင်ကြပါတော့သည်။
ဦးစွာ ပန်းကန်လုံးကြီးထဲတွင် လက်ဆေးရန်နှင့် ခံတွင်းဆေးရန် ရေထည့်ပေးကြပါသည်။ ထို့နောက်တွင် မုန်လာဥဝါ၊ ပဲသီး၊ နာနတ်သီး စသည့်အသီးအနှံများကို ခပ်ပြစ်ပြစ်ရောကျိုထားသည့် သူတို့အခေါ် ယာဂုဘတ္တ ဟူသော သီးစုံဟင်းတစ်ခွက်ကို လက္ဘက်ရည်သောက်ပန်ကန်လုံးဖြင့် ကပ်လှူလေ့ရှိကြပါသည်။ ထိုသီးစုံဟင်းနှင့် ဘုန်းပေးရန်အတွက် ငရုပ်ကောင်းမှုန့်ကလေးဖြူးထားသည့် ပဲတောင့်ရှည်ပြုတ်၊ မုန်လာဥဝါပြုတ်စသည်များကိုပါ တစ်ပါတည်း ဆက်ကပ်လေ့ရှိကြပါသည်။ သီးစုံဟင်းရည်ခွက်နှင့် သီးနှံပြုတ်များကိုဘုန်းပေးကြအပြီးတွင်မှ ဆွမ်းဆက်ကပ်ကြပါသည်။
များသောအားဖြင့် ဆွမ်းနှစ်မျိုးစီပါလေ့ရှိပါသည်။ ဆန်နီကိုချက်သောဆွမ်းနှင့် ဆန်ဖြူကိုချက်ထားသောဆွမ်းတို့ ဖြစ်ပါသည်။ (မြန်မာပြည်တွင် ဆန်နီကို မတွေ့မြင်ခဲ့ဖူးပါ၊ သီရိလင်္ကာရောက်မှ စတင်တွေ့မြင်ဖူးပါသည်၊ သီရိလင်္ကာသား အများစုနှစ်သက်သော ဆန်အဖြူမှာ အနံ့စူးရှရှကလေး တစ်မျိုးနံသော်လည်း ဆန်နီမှာမူမနံပါ၊ ထို့ကြောင့်နောက်ပိုင်းတွင် စာရေးသူအနေဖြင့် ဆွမ်းကျွေးပွဲကြုံလျှင် ဆွမ်းနီကိုသာရွေးချယ် ဖြစ်ခဲ့ပါသည်။) ဦးစွာ ပန်းကန်ပြားတွင်ဆွမ်းထည့်ပေးကြပါသည်။ ထို့နောက်တွင် ငါးဟင်း၊ ဟင်းရွက်ကြော်၊ ကုလားပဲချက်၊ အာလူးချက်၊ စသည်ဖြင့် ဟင်းအမယ်များစွာကို တစ်ဦးတစ်ခွက်စီကိုင်လျှက် တစ်ပါးပြီးတစ်ပါးဆီသို့ စီတန်းကာ လောင်းထည့် ပေးကြပါတော့သည်။
ကိုယ်မကြိုက်သော ဟင်းကိုကိုင်ဆောင်လာသူက မိမိရှေ့သို့ရောက်လာပြီး လောင်းထည့်မည်ပြုလျှင် ပန်ကန်ပြားကို လက်ဖဝါးဖြင့် အသာကလေး ဖုန်းအုပ်ပြလိုက်ခြင်းဖြင့် ငြင်းပယ် နိုင်ပါသည်။ သူတို့ဆွမ်းကျွေးပုံကိုနားလည်အောင် ပြောရပါလျှင် ပန်ကန်ပြားတစ်ချပ်တည်းတွင် ဆွမ်း၊ငါး၊ဟင်း စသည်များကို အကုန်လုံးပုံထည့်ပေးပြီး စုပုံ ကျွေးသည့် (သို့မဟုတ်) ထိပ်စုကျွေးသည့် ပုံစံမျိုးပင်ဖြစ်သည်ဟု ဆိုနိုင်မည်ထင်ပါသည်။ မြန်မာပြည်မှာလို ဆွမ်းဝိုင်းအကြီးကြီးတွင် ဟင်းအစုံကိုလှလှပပ ပြင်ဆင်ချထားပြီး ကြိုက်တဲ့ဟင်းကို မိမိတို့ဘာသာ လိုအပ်သလောက် ရွေးချယ်ခပ်ထည့်စားနိုင်သည့်စနစ်မျိုးတော့ဖြင့် မဟုတ်ပါချေ။
သံဃာတော်များ ဆွမ်းစတင်ဘုန်းပေးကြပြီဆိုသည်နှင့် လက်ဆေးရေထည့်ပေးထားသည့် ပန်ကန်လုံးကြီးများကို သန့်ရှင်းပစ်လိုက်ကြပြီးလျှင် အုန်းသီးစိမ်းရည်ကိုထည့်ထားပေးကြပါသည်။ (သီရိလင်္ကာတွင် အရည်သာ သောက်လေ့ရှိကြသည့် အုန်းနီသီးတစ်မျိုးလည်းရှိပါသည်။ ၎င်းကိုသူတို့ဘာသာစကားဖြင့် "တမ်ဘလိ" ဟုခေါ်ပါသည်။ ဆွမ်းကျွေးပွဲမှန်သမျှ ထိုအုန်းသီးရည်ပါစမြဲဖြစ်ပြီး၊ သူတို့အဆိုအရ အပူအစပ်စာများကို အုန်းသီးရည်က ပြန်လည်ထိန်းညှိပေးသည်ဟု သိရပါသည်။ ထို့ထက်ဆိုရပါလျှင် သီရိလင်္ကာသားများသည် ထိုအုန်းနီသီးရေကို ဆေးဝါးတစ်ခုအနေဖြင့်ပင် သောက်သုံးလေ့ရှိကြပြီး တစ်ချို့ဆိုလျှင် မနက်စောစော လက္ဘက်ရည် ကော်ဖီချိန်များတွင်ပင် လက္ဘက်ရည်ကော်ဖီအစား ထိုအုန်းသီးရည်ကိုပင်သောက်လေ့ရှိကြပါသည်။ အုန်းသီးရည်တစ်လုံးလျှင် သီရိလင်္ကာရူပီး ၂၀ ဝန်းကျင်ပေးရပါသည်။)
ဆွမ်းဘုန်းပေးပြီးလျှင် တရားဟော၊ ရေစက်ချ၊ အမျှဝေကြပါသည်။ ရေစက်ချ အမျှဝေကြပုံမှာ မြန်မာပြည်နှင့်မူ များစွာကွာဟသည်ဟု ဆိုနိုင်ပါသည်။ မြန်မာပြည်တွင်မူ "ယနေ့ယခုမည်သည့်ကောင်းမှုများပြုကြကြောင်း၊ ကောင်းမှုစွမ်းအားကြောင့် မည်သို့မည်ပုံကောင်းကျိုးတရားများ ခံစားရလိုကြောင်း၊ အမိအဖ ကိုယ်စောင့်နတ်မှစ၍ အမျှပေးဝေလိုသမျှ စာရင်းပြပြီး ၃၁ ဘုံရှိသမျှသတ္တဝါအကုန်လုံးကို အမျှပေးဝေကြပါကြောင်း၊ ဝသုန္ဒရေ သက်သေအရာတည်ပါစေကြောင်း" ခန်းနားစွာရွတ်ဆိုကြပြီးမှ "အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော" စသည်ဖြင့် အမျှပေးဝေလေ့ရှိကြသော်လည်း သီရိလင်္ကာ၌မူ ထိုသို့မရှည်လျား မခန်းနားလှပါ။ အလှူရှင်များ ကိုယ်တိုင် (ဘုန်းကြီးကတိုင်ပေးစရာမလိုဘဲ) "ဣဒံမေ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော" (ဤကောင်းမှုသည် ဆွေမျိုးတို့အတွက် ဖြစ်ပါစေ၊ ဆွေမျိုးများချမ်းသာကြစေသတည်း) ဟုရွတ်ဆို၍ ရေစက်သွန်းချကြရပါသည်။ ထိုအခိုက်တွင် ရဟန်းတော်များက "ရေသည် မြင့်ရာအရပ်မှ နိမ့်ရာအရပ်သို့စီးလေဘိ သကဲ့သို့ မြင့်မြတ်ရာဤလူ့ဘဝမှ ပေးဝေအပ်သောကောင်းမှုအဖို့ဘာဂသည် နိန့်ကျသောပြိတ္တာဘဝဆီသို့ ကပ်ရောက်နိုင်ပေ၏" ဟူသည့် အဓိပ္ပါယ်ရသော "ဥန္နမေ ဥဒကံ" အစချီသည့် ဂါထာတိုလေးကို ရွတ်ဆိုပေးကြ လေသည်။ ဤသည်ပင် သူတို့၏ အမျှပေးဝေမှု ဖြစ်တော့၏။ ထို့နောက်တွင် သင်္ကန်းစသည့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆွမ်းကျွေးပွဲပြီးစီးလေတော့သည်။ မည်သို့ဆိုစေ ဟင်းခပ်အမွှေးအကြိုင် အပူအစပ် များလှသည့် သီရိလင်္ကာဆွမ်းကျွေးပွဲတို့နှင့်ကြုံရလေတိုင်း ရွှေပြည်ကြီးမှ ဆွမ်းဝိုင်းများကိုသာ တဝဲလည်လည် မြင်ယောင်နေမိပါလေတော့သည်။
အပိုင်း(ဂ) ကို ဆက်ရေးပါမည်။ အရှင်ဝိသာရဒ(ရမ္မာဝတီ)
အပိုင်း (၆)ကိုဆက်ရေးပါမည်။
0 comments:
Post a Comment