*တတ်သမျှ ဆပ်ကြရအောင်*
အစ်မ.. ဒီစာအုပ်လေးယူမယ်..
အေးမောင်လေး ခုနစ်ရာပါ..
ဘာစာအုပ်လို့ ထင်ပါသလဲ မိတ်ဆွေ။ .. ဘယ်သိမလဲဗျ.. နော.. ကျွန်တော်မှ ဘာမှ မပြောရသေးတာ။ ဒါကတော့ တစ်ပတ်တစ်ခါ မွေးရပ်မြေက အမေ့ဆီမပြန်ခင် ၂၉-လမ်းထိပ်က စာအုပ်ဆိုင်မှာ ကျွန်တော် လုပ်နေကျ၊ ၀ယ်နေကျ လုပ်ငန်းစဉ်တစ်ခုပါ။ ဘာတွေ ၀ယ်သလဲဆိုတော့ ဆရာတော်တွေ ရေးတဲ့ တရားစာအုပ်တွေ။ အဲဒီ အချိန်တုန်းက အဓိက ၀ယ်ဖြစ်တာကတော့ ဆရာတော် အရှင်ဆန္ဒာဓိကနဲ့ ဆရာတော် ရဝေနွယ်တို့ ရေးတဲ့ စာအုပ်တွေပါ။
ဘာလုပ်ဖို့ ၀ယ်တာလဲလို့ မေးချင်နေပြီလား မိတ်ဆွေ..။ တခြားမဟုတ်ပါဘူး။ ကျွန်တော့်လောက် တရားအသိ မသိရှာတဲ့ ကျွန်တော့်ရဲ့ မွေးသမိခင် ကျေးဇူးရှင် အတွက်ပါ။ ကျွန်တော် အလုပ်အားတဲ့ စနေနဲ့ တနင်္ဂနွေ နှစ်ရက် အိမ်ပြန်တိုင်း အဲဒီလိုမျိုး စာအုပ်လေးတွေ ၀ယ်ပြီး ကျွန်တော့် အမေကို ဖတ်ပြနေကျပါ။ အမေ တရားအသိတွေ တိုးပွားပါစေ ဆိုပြီးတော့ပေါ့။
ဒီလိုမျိုးတရားနဲ့ ကျေးဇူး ဆပ်နည်းကိုလည်း ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ စာအုပ်တစ်အုပ်ကနေ ကျွန်တော် သိခဲ့တာပါ။ တရား မသိသေးတဲ့ မိဘတရား သိအောင်၊ သီလမရှိသေးတဲ့ မိဘ သီလရှိအောင်၊ ကုသိုလ်ကောင်းမှု မလုပ်တဲ့မိဘ ကုသိုလ်ကောင်းမှု လုပ်အောင်.. ဒီလိုမျိုးလေးတွေ ကိုယ့်မိဘအပေါ် လုပ်ပေးနိုင်ရင် သားသမီး တစ်ယောက်အနေနဲ့ ကျေးဇူးအကျေဆပ်ရာ ရောက်တယ်လို့ ဆိုထားတာကိုးဗျ။
အရင်ကတော့ အမေ ဒီစာအုပ်လေးတွေ အမေအားရင် ဖတ်နော်လို့ ပြောပြီး ၀ယ်ပေးဘူးပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့် အမေက အသက်က စကားပြောလာတော့ မျက်စိကမှုန်ပြီလေ။ ကောင်းကောင်း မဖတ်နိုင် တော့ဘူး။ နောက်တော့လည်း အော်.. ငါဖတ်ပြမှပဲ ငါ့အမေ တရား သိနိုင်မှာပါလား ဆိုပြီး အားတဲ့အချိန်၊ အမေ စိတ်ပါဝင်စားနိုင်မယ့် အချိန်လေးတွေ ရွေးပြီး ဖတ်ပြရတော့တယ်။ ဖတ်ပြနေတဲ့ အချိန်မှာလည်း အော်.. ငါသည် ငါ့အမေကို တရားနဲကျေးဇူး ဆပ်နေတာပါလား ဆိုပြီး ကိုယ့်ကိုယ်ကို ပီတိ ဖြစ်ရပါတယ်။
အဲဒီအချိန်မှာ ကျွန်တော် နောက်ထပ် စဉ်းစားမိတာ တစ်ခု ရှိသေးတယ် ခင်ဗျ။ DVD စက်လေးတစ်လုံး ၀ယ်ပြီး တရားခွေလေးတွေဖွင့် အမေ့ကို ကျွန်တော်မရှိတဲ့ formal ရက်တွေမှာ တရား နာခိုင်းမယ်ပေါ့။ ဒါပေမယ့်လည်း ကျွန်တော့်မှာ ငွေကြေး အခက်အခဲကြောင့် ဖြစ်မြောက်အောင် မလုပ်ပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်ရတဲ့ လခက အမေ့ကို တစ်ဝက်ထောက်ပံ့၊ ကျွန်တော်က တ၀က်သုံး ဆိုတော့ ပိုပိုလျှံလျှံ သိပ်မရှိဘူးလေ။ နောက်ပြီး အဲဒီအချိန် တုန်းက ကျွန်တော်တို့ မြို့မှာ မီးကသိပ်မှန်၊ မီးလာပြန် တော့လည်း ကျွန်တော်တို့ အိမ်မှာက မီးအားမြှင့်စက် မရှိတော့ ဘေးအိမ်တွေက ဆွဲတာနဲ့ပဲ မီးအားကကုန်ရော။ ၀ယ်မယ်ဆိုရင် တောင်မှ နောက်ဆက်တွဲ ထပ်ဝယ်ရမယ့် ပြဿနာတွေက အများကြီးလေ။
ဒါနဲ့ နောက်တစ်မျိုး ကျွန်တော် ကြံပြန်တယ်။ MP-3 လေး တစ်လုံးလောက် ၀ယ်ပြီး တရားနာ ခိုင်းရင် ကောင်းမလားပေါ့။ အဲဒီအချိန် တုန်းက MP-3, 1-G တစ်လုံးကို သုံးသောင်းကျော် ရှိတယ်။ ကျွန်တော် စဉ်းစား ကြည့်တယ်။ ငါသုံးလလောက် စုလိုက်ရင်တော့ ရနိုင်ကောင်း ပါရဲ့လို့။ ဒီလိုနဲ့ ကျွန်တော် ၀ယ်ဖြစ် သွားသလို အမေလည်း နေ့စဉ်ရက်ဆက် ဆိုသလို တရားနာခွင့် ရသွားတယ် ဆိုပါတော့ဗျာ။
နောက်တစ်ချက် ကျွန်တော် ဘာလုပ်သေးသလဲ ဆိုတော့ အိမ်ပြန်ရင် ပန်းဆိုးတန်း ဆိပ်ကမ်းကနေ အမေ့အတွက် စားစရာ တစ်ခုမဟုတ် တစ်ခုဝယ်သွား ပေးတယ်။ အဓိက ၀ယ်ဖြစ်တာကတော့ အမေ အရမ်းကြိုက်တဲ့ မြေပဲယိုပါပဲ။ ဒါပေမယ့် မိုးတွင်းဆိုရင်တော့ မြေပဲယိုက နည်းနည်း ရှာရခက်တယ် ခင်ဗျ။ ရေငွေ့များတဲ့ ရာသီဆိုတော့ ရောင်းတဲ့ သူတွေက မြေပဲယိုကို သိပ်မလုပ်ရောင်းကြ တော့ဘူးလေ။ အဲဒီတော့လည်း နောက်တစ်မျိုး ပြောင်းဝယ် ရတာပေါ့ဗျာ။
ဝယ်ရုံတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ အိမ်ရောက်ရင် အမေ.. သားဒါကိုတော့ အမေ ဆွမ်တော်တင်ဖို့ ဖယ်ထားတယ်၊ ဒါကတော့ မနက် ဆွမ်းခံကြွမယ့် ဦးဇင်းလေးကို လောင်းဖို့၊ ဒါကတော့ အမေစားဖို့ ဆိုပြီး ကျွန်တော် တတ်နိုင်သလောက် လုပ်ပေးပါ သေးတယ်။
အလှူအတန်း ရာသီတွေ ဆိုရင်လည်း အမေရေ..ဒါကတော့ အမေသုံးဖို့ သားလခပါ၊ ဒါကတော့ လှူဖို့ တန်းဖို့ပါ အမေဆိုပြီး လစာတစ်ဝက်အပြင် နောက်ထပ် ကျွန်တော် သုံးမယ့် အထဲက သပ်သပ်.. ထပ်ပေးပါ သေးတယ်။ ကျွန်တော်တို့ လမ်းထဲက ဘုန်းကြီးကျောင်း သိမ်ဆောက် တုန်းကလည်း အမေ့ကို ကျွန်တော် တတ်နိုင်တဲ့ ငွေကြေး ပမာဏပေးပြီး သွားလှူခိုင်းဘူးတယ်၊ ကျွန်တော်တို့ မြို့မှာ ဗုဒ္ဓသာသနာ့ ကောလိပ် ဖွင့်တုန်းကလည်း လှူခိုင်းဘူးသေးတယ်။ အလှူနဲ့ ပတ်သတ်ပြီး အမေလုပ်ဖြစ်အောင် ကျွန်တော် တော်တော်များများ လုပ်ပေးခဲ့ ဘူးပါတယ်။ နောက်ပြီး ကျွန်တော် တစ်ခုခု လှူဒါန်းခဲ့လို့ ရှိရင်လည်း အမေရေ.. သားတော့ ဒီ့အတွက် ဒီလို လှူဒါန်းခဲ့တယ် အမေ၊ အဲဒီအတွက် အမေ သာဓုခေါ်နော် ဆိုပြီးတော့လည်း ကျွန်တော်ပြုခဲ့တဲ့ လှူဒါန်းမှုတွေ ပြောပြပြီး အမျှဝေခဲ့ပါတယ်။
ဒါပေမယ့်.. ကျွန်တော် မလုပ်နိုင်တာ တစ်ခုရှိပါ သေးတယ်။ နတ်ကိုးကွယ်မှုနဲ့ ပတ်သတ်ပြီး တော့ပေါ့။ ဒါတွေက မကိုးကွယ် ထိုက်ဘူး အမေလို့ ကျွန်တော်က ရှင်းပြရင် အမေက ဘာလုပ်တယ် မှတ်သလဲ။ ဟက်ဟက် ပက်ပက် ရယ်တာခင်ဗျ။ သားရယ်.. အမေတို့ အဘိုးအဘွား လက်ထက် ကတည်းက ကိုးကွယ်လာတာ၊ အမေတော့ မစွန့်နိုင်သေးဘူး တဲ့လေ။ အဲဒီတော့ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး။ နတ်ကိုးကွယ်မှုနဲ့ ပတ်သတ်ပြီး ဆရာတော်တွေ ဟောတဲ့ တရားတွေ ဖွင့်ပြရင်လည်း.. သူတို့က ဘုန်းကြီးတွေ ဆိုတော့ ဟောမှာ၊ ပြောမှာပေါ့တဲ့လေ။ အဲဒီအတွက်တော့ ကျွန်တော် ကြိုးစားရဦးမှာပါ။ ဆရာတော် ဦးကောသလ္လ ဟောသလို အသက်လေးဆယ် ကျော်သွားလို့ ခိုင်များနေသလား မသိပါဘူးဗျာ။
ဒါနဲ့ DVD စက်အကြောင်း ကျွန်တော် ဆက်ပြောရ ဦးမယ်။ ကျွန်တော် ၀ယ်ပေးဖြစ် သွားတယ် ခင်ဗျ။ ချေးငွေရတာနဲ့
ဝယ်ဖြစ်သွားတာ၊ ကြွားတာ မဟုတ်ဘူးနော်.. ၀ူဖာ တောင် အဆစ်ပါလိုက် သေးတယ်။ အမေ့ရဲ့ ကုသိုလ်ကံနဲ့ ကျွန်တော့်ရဲ့ စိတ်ဆန္ဒ တိုက်ဆိုင်သွားလို့နဲ့ တူပါတယ်ဗျာ။ ဘာပြောကောင်းမလဲ.. လျှပ်စစ်မီး ကလည်း နာဂစ်ဖြစ်ပြီးမှ အားကောင်းသလား မမေးနဲ့။ မီးအားမြှင့်စက်တောင် မလိုတော့ဘူး။ ကျွန်တော်လည်း အဲဒီတော့မှပဲ နည်းနည်း နေသာထိုင်သာ ရှိသွားတော့တယ်။
နောက်တစ်ခု ကျွန်တော် ဒီပြင်ပ ရောက်ပြီးမှ အမေ့ကို ထပ်ပြီး ကျေးဇူးဆပ်နိုင်တာ ရှိသေးတယ်ဗျ…။ ကိုဝင်းမြင့်နဲ့ တွေ့ပြီးတဲ့ နောက်ပိုင်းမှ…။ ဘာလဲဆိုတော့ တရားအလုပ်လုပ်ဖို့…။ အမေရေ… တရားအားထုတ်ပြီဆိုရင်တော့ ဖြစ်ပျက်ကို ဘယ်လို ရှုရမယ်…၊ ရှေ့က အပျက်ကို နောက်ဉာဏ်က ဘယ်လို လိုက်ရမယ်…၊ အဓိကကတော့ ဖြစ်ပျက် တစ်လုံးပါပဲ အမေရယ်.. သတိလေး မလွတ်စေနဲ့ စသဖြင့်ပေါ့… ကျွန်တော် သိထား သလောက်။ အမေ နားလည်အောင် တော်တော်လေး ကြိုးစား ရှင်းပြလိုက်ရတယ်..။
ဒါ့အပြင် ဒီအကြောင်းလေး ကိုဝင်းမြင့်ကို ပြောပြမိတာနဲ့ ညီရေ ပဋိစ္စ သမုပ္ပါဒ်လေးကော ရှင်းပြလိုက်လားလို့ မေးတာကို ကျွန်တော်က မရှင်းပြလိုက်မိဘူး အစ်ကိုလို့ ပြောလိုက်မိတယ်…။ အဲဒီတော့ ကိုဝင်းမြင့်ကလည်း နောက်တစ်ခါ အမေနဲ့ အွန်လိုင်းက စကားပြောဖြစ်ရင် ရှင်းပြနိုင်အောင် ဆိုပြီး ကျွန်တော့်ကို ပဋိစ္စသမုပ္ပါဒ် အကြောင်း အမေ့ကို ပြန်ပြောနိုင်အောင် အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့ သင်ပေးခဲ့တယ် ခင်ဗျ…။ ဒါနဲ့ ကျွန်တော်လည်း ပဋိစ္စ သမုပ္ပါဒ်အကြောင်း အမေ့ကို ရှင်းပြနိုင်ခဲ့တယ်…။ ဒိဋ္ဌိအကြောင်းကော၊ နောက် သစ္စာလေးပါး အကြောင်းပါ…။ ကျွန်တော်သိတာလေးတွေနဲ့ နားလည်သလောက် ပေါ့ဗျာ…။
ကျွန်တော် စိတ်မကောင်းတာ တစ်ခုက အဖေ့ကိုတော့ ကောင်းကောင်း ကျေးဇူး မဆပ်ခဲ့ရ ဘူးဗျာ။ အဖေဆုံးတုန်းက ကျွန်တော်က ၁၆-နှစ်။ အခုလိုမျိုး ကျေးဇူး ဆပ်ရ ကောင်းမှန်း အဖေရှိစဉ်က ကျွန်တော် တကယ့်ကို ဘာဆိုဘာမှ မသိခဲ့တာ။ အဖေ နေမကောင်းတုန်းက ပြုစုခဲ့တာ လောက်ပဲရှိတယ်။ အခုတော့လည်း အဖေ့အတွက် ကျွန်တော် လုပ်ပေးနိုင်တာက လှူမျှဝေ၍ ဆိုတဲ့ သားသမီး ၀တ္တရား တစ်ခုပဲရှိတော့တယ်။ ကျွန်တော် ကုသိုလ်ကောင်းမှု လုပ်ပြီးတိုင်း အဖေ့အတွက် ရည်စူးပြီး အမျှ ပေးဝေတာ လောက်နဲ့ပဲ ကျေနပ်နေရ တော့တယ်ဗျာ။ ။
အခုစာဖတ်သူဟာ ကျွန်တော့်ထက် အများကြီး မိဘကျေးဇူး ဆပ်နိုင်သူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီစာက ကျွန်တော့်လိုမျိုး မိဘကျေးဇူး မဆပ်နိုင်သေး သူများအတွက် ရည်ရွယ်ပြီး ရေးသား လိုက်ရခြင်းပါ။ တစ်ဆက်တည်း မှာပဲ ဒီစာရေးတာ ကျွန်တော့်ကိုယ် ကျွန်တော် ကိုယ်ရည်သွေး လိုစိတ် လုံးဝမရှိပါဘူးဆိုတာ ထပ်ဆင့် ပြောကြားပါရစေ။
အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါစေလို့ ဆန္ဒပြုလျက်..
လေးစားစွာဖြင့်
ဖိုးသား
0 comments:
Post a Comment