* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, January 5, 2011

လင်္ကာမြေမှာတစ်နှစ်တာ အပိုင်း(၆)၊ ဝါဆိုရန်ကျောင်းရှာကြခြင်း

uesday, 04 January 2011 12:28

မကုဋာရာမ ကျောင်းတော်ကြီး၏ အရိပ်ကို ခိုလှုံရင်း ရက်သတ္တတစ်ပတ် ဆယ်ရက်ခန့်ကျော်လွန်ပြီးသော တစ်နေ့သ၌ ဆရာတော်ဦးဓမ္မဝံသနှင့်အတူ ကျောင်းရှာပုံတော်ခရီး ဖွင့်ခဲ့ကြလေသည်။ မကုဋာရာမကျောင်းတိုက်မှ သုံးဘီးကားလေးတစ်စီးဖြင့် ထွက်လာခဲ့ကြရာ နာရီဝက်သာသာတွင် ဒေဟိဝလအရပ်ရှိ သီရိလင်္ကာဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသို့ ရောက်ရှိကြလေသည်။ အလာလမ်းခရီး၌ "သီရိလင်္ကာဘုန်းကြီးတွေ ခေါင်းခါပြရင် အဆင်ပြေပြီသာ မှတ်ပေတော့"ဟူသော ဆရာတော်ဦးဓမ္မဝံသ၏ ခပ်ရွှန်းရွှန်းစကားကြောင့် ခေါင်းခါပြမည့် ဘုန်းကြီးနှင့်တွေ့ပါစေဟုပင် ပြုံးစိစိဖြင့် ဆုတောင်းမိလေသည်။ (သီရိလင်္ကာသားများသည် တစ်ခုခုကို သဘောတူပြီဆိုလျှင် ဦးခေါင်းကလေးကို ငြိမ့်ငြိမ့်ကလေး ခါရမ်းပြတတ်ကြပါသည်။)

သို့သော် ပထမတစ်ကျောင်း၌ ကျောင်းထိုင်ဘုန်းကြီး အပြင်သွားနေ၍လည်းကောင်း၊ ဒုတိယတစ်ကျောင်း၌ နိုင်ငံခြားသားဘုန်းကြီးများကို လက်ခံရန်မဝံ့ရဲ၍ လည်းကောင်း နောက်ကြောင်းပြန်လှည့်ခဲ့ကြရပါသည်။ သို့သော် ကံကောင်းသည်ဟု ပြောရမည်လားမဆိုနိုင်၊ တတိယမြောက်တစ်ကျောင်းကို ဝင်ရောက် လျှောက်ထားကြရာ "နောက်(၃) ရက်ခန့်ကြာလျှင် အကြောင်းပြန်ပါမည်၊ ဖုန်းနံပါတ် ပေးထားခဲ့ပါ"ဟူသော ဘုန်းကြီးတစ်ပါးကိုတော့ တွေ့ခဲ့ကြရပါသည်။ ခေါင်းခါပြမည့်ဘုန်းကြီး ရှားပါဘိတောင်း။

ဆရာတော် ဦးဓမ္မဝံသ၏ကျောင်းသို့ ဝင်ရောက်၍ နေ့ဆွမ်းစားကြ၏။ သီရိလင်္ကာ၌ လမ်းဘေးထမင်းဆိုင်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သော ထမင်းဆိုင်ကလေးတွေ နေရာအနှံ့ အတော်များများရှိကြ၏။ သို့ရာတွင် မြန်မာပြည်မှာလို တစ်ခါပြင်ဆိုင်မျိုးကားမဟုတ်၊ ဆိုင်မှာထိုင်စားချင်၍မရ။ ကြက်သား၊ ငါး စသည်ဖြင့် ငါးဟင်းအမယ် တစ်မျိုးမျိုးနှင့် တစ်ယောက်စာထမင်းကို စက္ကူဗူးကလေး (သို့မဟုတ်) ပလပ်စတစ်ဖြင့်ထုပ်ပြီး ရောင်းချပေးသော ဆိုင်ကလေးတို့သာ ဖြစ်လေသည်။ အပိုဟင်းအဖြစ် ဇာတ်လိုက်ကျော် ငရုပ်သီး၊ ဂေါ်ဖီကြော် စသည်တို့ပါရှိတတ်လေသည်။ တစ်ထုပ်လျှင် သီရိလင်္ကာရူပီး ၁၀၀၊ ၁၀၀ ကျော်တန် စသည်ဖြင့် ငါးဟင်းအလိုက် ဈေးနှုန်းအနိမ့်အမြင့်သတ်မှတ်ထားပြီး ၎င်းထမင်းထုပ်ကို သူတို့ဘာသာစကားဖြင့် (ရူတီ)ဟု ခေါ်လေသည်။ ထိုနေ့က ရူပီး ၁၀၀တန် ရူတီ တစ်ပါးတစ်ထုပ်စီနှင့် ဆရာတော်ဦးဓမ္မဝံသ၏လက်ရာ ပုန်းရည်ကြီး၊ အသင့်ရှိနေသော ကိုကာကိုလာတို့သည် မမေ့နိုင်စရာ ဆွမ်းဝိုင်းကလေးတစ်ခုကို ဖန်တီးပေးခဲ့လေသည်။

ဆရာတော်ဦးဓမ္မဝံသ၏ကျောင်း၌ (၃)ညခန့် အေးအေးလူလူနေထိုင်ရင်း တတိယကျောင်းမှဘုန်းကြီး၏ ခေါင်းခါသံကို စောင့်ဆိုင်းနေခဲ့ကြလေသည်။ သူ့ထံမှ အသံမလာ၍ ကိုယ်ကပင်ဖုန်းသံပေး မေးလျှောက်ကြည့်သောအခါ "ဆောရီး၊ ဟာမူးသရူး" အစချီသော မဖြစ်နိုင်ပါကြောင်း စကားကိုသာ ရခဲ့လေသည်။ ဤသို့ဖြင့် မကုဋာရာမကျောင်း New Comer အခန်းကလေးသို့ပင် ပြန်ရောက်ခဲ့ရလေသည်။ ထိုအခန်းကလေး၌ ရောက်ခါစက အတူနေခွင့်ရခဲ့ကြသော မိတ်ဆွေတစ်ချို့ ကျောင်းနေရာရရှိ၍ ပြောင်းရွှေ့သွားကြသကဲ့သို့ ကျောင်းရှာ၍မရသေးသူများ၊ နောက်နောက်ထပ်ရောက်လာသော အသစ်အသစ်သော မိတ်ဆွေများတို့ဖြင့် စည်ကားမြဲ မှိုင်ကြမြဲ ရှိနေလေသည်။ နောက်လေးရက်ခန့်လွန်သော အခါ၌ကား ဆရာတော်ဦးဓမ္မဝံသထံမှ မင်္ဂလာသတင်းစကားကြားရလေသည်။ "ဆရာတော် ဦးဓမ္မဝံသနှင့် ဦးသုမနတို့ ကျောင်းတစ်ကျောင်းကို သွားရောက်လျှောက်ထားခဲ့ ကြကြောင်း၊ ဦးသုမနနှင့်စာရေးသူတို့ နှစ်ပါးလုံး နေထိုင်ခွင့်ရရှိကြမည်ဖြစ်ကြောင်းနှင့် မနက်ဖြန်လာခဲ့ပါ၊ နောက်တစ်ခေါက်သွားကြည့်ကြပါမည်" ဟူ၏။

ပဋိဗိမ္ဗာရာမကျောင်းဆရာတော်၊ဆရာတော်ဦးဓမ္မဝံသ၊ဦးသုမန၊ဗောဓိပူဇာလာရောက်ကြသူအချို့နှင့်အမှတ်တရ

နောက်နေ့နံနက်စောစောတွင် စာရေးသူတို့သည် ပညာသင်နှစ်တစ်နှစ်လုံးအတွက် နားခိုရာကြီးဖြစ်လာမည့် ဒေဟိဝလအရပ်ရှိ "ပဋိဗိမ္ဗာရာမ"ကျောင်းတိုက်သို့ ရောက်ရှိကြလေသည်။ ကျောင်းထိုင်ဆရာတော်သည်သက်တော် (၆၅)နှစ်ခန့်ရှိမည်ထင်ရ၏။ လက္ဖက်ရည် ကိတ်မုန့်စသည်တို့ဖြင့် ဖော်ရွေစွာဧည့်ခံလေသည်။ "ကျောင်းမှ အရုဏ်ဆွမ်း နေ့ဆွမ်းကျွေးမည်၊ ကျောင်းဝိုင်းထဲတွင် မနက်,ည တံမြက်စီး နှစ်ကြိမ်လှည်းရမည်၊ ပန်းပင်များကို ရေလောင်းရမည်၊ လစဉ် ရေဖိုးမီးဖိုး သီရိလင်္ကာရူပီး (၂၀၀၀) စီပေးရမည်"ဟူ၏။ စာရေးသူတို့ကလည်း ပြိုင်တူလိုလိုပင် "ဆွမ်းကိစ္စကိုတော့ သဘောတူပါသည်၊ တံမြက်စီးမလှည်းနိုင်ပါ၊ ပန်းပင်ရေမလောင်းနိုင်ပါ၊ မိမိတို့သည် ကျောင်းသားများဖြစ်၍ ညဥ့်နက်သည်အထိ စာကြည့်ကြရပါမည်၊ လစဉ်ရေဖိုးမီးဖိုး ရူပီး (၁၀၀၀)စီသာ ပေးနိုင်ပါမည်"ဟု တစ်ဝက်မက ဈေးဆစ်လိုက်ကြလေသည်။ (နောင်အခါ ထိုကိစ္စကိုတွေးမိ ပြန်ပြောမိကြတိုင်း ပြုံးစိစိ ဖြစ်ကြရပါသည်။)

နေ့စဉ်မှန်မှန် ဗောဓိပူဇာလာရောက် ပူဇော်ကြသူ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားလေးများ

ကျောင်းထိုင်ဆရာတော် စိတ်ကောင်းဝင်နေသည်ထင့်၊ ဦးခေါင်းကလေး ခါကာလှုပ်ကာဖြင့် စာရေးသူတို့အဖွဲ့၏ ဆန္ဒအတိုင်းဖြစ်စေရမည်ဟု သဘောတူ ခွင့်ပြုလေသည်။ ထိုအချိန်တွင်ပင် ဗောဓိပူဇာ (ဗောဓိပင်ကို ပူဇော်ခြင်း)အတွက် တက္ကသိုလ်ကျောင်းသူကျောင်းသားလေးများတစ်ဖွဲ့ ရောက်လာကြလေရာ မိမိတို့ကိုပါဖိတ်ခေါ်သဖြင့် ဗောဓိပူဇာ လုပ်ကြရလေသည်။ (သီရိလင်္ကာနိုင်ငံတွင် ဘုန်းတော်ကြီးကျောင်းလိုလို၌ ဗောဓိပင်တစ်ပင်နှင့် စေတီတော်တစ်ဆူစီ ရှိတတ်ကြပါသည်။ ဗောဓိပင်ကို ည,နံနက်ဆိုသလို ပန်းဆီမီးရေချမ်း အမွှေးတိုင်စသည်များဖြင့် လာရောက်ပူဇော်တတ်ကြပါသည်။ သာမန်အားဖြင့် လာရောက် ပူဇော်ကြသူတို့မှအစ သားဆုပန် လာရောက်ကြသည့်စုံတွဲများအဆုံးဖြင့် ကျောင်းဝင်းတိုင်လိုလိုရှိ ဗောဓိပင်အသီးသီးတွင် ည,နံနက် စည်ကားနေလေ့ ရှိကြပါသည်။)

စာရေးသူတို့သည်လည်း များမကြာမီပင် မကုဋာရာမကျောင်းတိုက်မှသည် ပဋိဗိမ္ဗာရာမကျောင်းတိုက်ဆီသို့ ရွှေ့ပြောင်းဖြစ်ခဲ့ကြပါသည်။ ရောက်ဦးအစ ရက်သတ္တတစ်ပတ်ခန့် ဘုန်းကြီး၏အခန်းနှင့်ကပ်လျက်အခန်းတွင် ကျဉ်းကျပ်စွာနေထိုင်ခဲ့ကြရပါသည်။ သွေးတိုးစမ်းသည့်အနေဖြင့် ပန်းပင်များကိုရေလောင်း ခိုင်းသဖြင့် ရေလောင်းပေးခဲ့ကြရပါသေးသည်။ တံမြက်စည်းလှည်းခြင်းကိုတော့ မပြုခဲ့ကြရပါ။ သို့သော် မကြာမြင့်မီမှာပင် အချင်းချင်းယုံကြည်မှုရရှိကြသဖြင့် ဘုန်းကြီးနေသောအဆောင်နှင့် တစ်ဆောင်ကျော်တွင်ရှိသည့် နှစ်ထပ်ကျောင်းဆောင်သို့ ပြောင်းရွှေ့နေထိုင်ခန့် ရရှိခဲ့ကြပါသည်။ ယုံကြည်နားလည်မှု မရှိကြ သေးခင် ဆက်ဆံရခက်လိမ့်မည်ဟု ထင်ခဲ့ရသလောက် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုရှိလာကြသောအခါ ထင်ထားသလောက် မဆိုးဝါးတော့ပါ။ ဤသည်လည်း လောကဓမ္မတာတစ်ခုပါပေ။

အဆောင်သစ်သို့ပြောင်းရွှေ့သည့်နေ့မှစ၍ ပန်းပင်ရေလောင်းခြင်းအလုပ်မှ အငြိမ်းစားပါ တစ်ပါတည်းရခဲ့ကြပါသည်။ ထို့ထက်အဆင်ပြေလာသည်မှာကား များမကြာမီပင် စာရေးသူတို့သူငယ်ချင်းနှစ်ပါး တစ်ပါးတစ်ခန်းစီကျစီဖြင့် အေးအေးလူလူ နေထိုင်ခွင့်ရရှိခဲ့ကြခြင်းပင် ဖြစ်လေသည်။ ကုတင်၊ ခေါင်းအုံး၊ အိပ်ယာခင်း၊ စားပွဲကုလားထိုင် စသည်များကို ကျောင်းထိုင်ဘုန်းကြီးက ထုတ်ပေးပါသည်။ အခြားလိုအပ်သည့် ခြင်ထောင်၊ လျှပ်စစ်ရေနွေးအိုး၊ ပန်ကာ၊ အင်တာနက်သုံးရန်အတွက် အင်တာနက်စတစ်၊ မီးကြိုး၊ မီးပလပ်ခုံ စသည်များကိုတော့ မိမိတို့ဘာသာ ဖြေးဖြေးချင်း ဖြည့်ဆည်းကြရလေသည်။

ဆွမ်းစားချိန်ရောက်သောအခါ၌မူ ဆွမ်းတော်တင်ခြင်း၊ ဆွမ်းတော်တင်ကိုစွန့်ပြီး နယ်ဖတ်၍ ငှက်စာ ခွေးစာ ကြောင်စာကျွေးခြင်း၊ ဆေးကြောသန့်ရှင်းခြင်း စသည်တို့ကိုကူညီ ဆောင်ရွက်ပေးကြရ လေသည်။ စနေ, တနင်္ဂနွေလို နေ့မျိုး၌ကား များသောအားဖြင့် ပင့်ဖိတ်ထားသော ဟိုအိမ်သည်အိမ်သို့ ကြွရောက်၍ ဘုဉ်းပေးကြရလေသည်။ သို့ရာတွင် ဟင်းခပ်အမွှေးအကြိုင်အပူအစပ် အလွန်သုံးသလောက် င/ပိမပါသော သီရိလင်္ကာအစားအစာတို့သည် ရောက်စပေါက်စ ဖြစ်သော စာရေးသူတို့နှင့် သဟဇာတ မဖြစ်လှပါချေ။

အပိုင်း (၇)၊ သီရိလင်္ကာ၌ ဆွမ်းကပ်ကြပုံကို ဆက်ရေးပါမည်။ အရှင်ဝိသာရဒ (ရမ္မာဝတီ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP