* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, January 24, 2011

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (ဒဏ္ဍ၀ဂ္ဂ)

ဆောင်းပါးအမှတ်စဉ် (၁၀)

ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ်၏ ဆောင်းပါးများကို ပြတ်တောင်း ပြတ်တောင်းနှင့် ဆက်ရေးနေဖြစ်ပါ သည်။ အကြောင်းမှာ ကိုရီးယား ဘာသာစကား လေ့လာမှု စာမေးပွဲဖြေရန်ကိစ္စ ရှိနေသောကြောင့် ဖြစ်ပါသည်။ ပါပ၀ဂ်၏ နောက်တွင် ဒဏ္ဍ၀ဂ်ကို ဖေါ်ပြထားပါသည်။ ပါပသည် ဒဏ္ဍအတွက် အကြောင်းတရားဖြစ်ပြီး ဒဏ္ဍသည် အကျိုးဆက်ဖြစ်သောကြောင့် လောဟု အတွေးဝင်မိပါသည်။ မည်သို့ပင် ရှိစေကာမူ စီစဉ်ထားကြသူ သင်္ဂါယနာတင် မထေရ်မြတ်တို့ကမူ အကြောင်းအကျိုးကို ဆင်ခြင်ပြီးမှ ဆောင်ရွက်ထား ကြမည်ကိုကားသိသာ ထင်ရှားလှပါသည်။

ဒဏ္ဍဟု ဖတ်လိုက်ရသည်နှင့် ဒုတ်ဟူသောစကားလုံးနှင့် ဒဏ်ဟူသော အသံကို စိတ်တွင် ဖြတ်က နဲထင် လာပါသည်။ ငယ်စဉ်က ဆရာများ၏ ရိုက်နှက်ဆုံးမသော ဒုတ်သံနှင့် အပြစ်ဒဏ်ပေးသံတို့သည် နားနှင့် မျက်စိတွင် အသစ်ပြန် ဖြစ်လာရပါသည်။ သိစေချင် တတ်စေချင်သော စေတနာကို သာသနာမှာ ဒုတ်စောင့်တယ် ဟူသော ပြောကြားချက်ဖြင့် ဆရာသမားများက မိမိတို့တတွေကို ဒုတ်ကိုင်ပြီး လမ်းကြောင်း ပေါ်သို့ တင်ပေးခဲ့ကြပါသည်။ ယနေ့ခေတ်တွင် ဒဏ်စနစ်နှင့် ဒုတ်စနစ်သည် ကျယ်ကျယ်လောင်လောင် ဆွေးနွေးစရာ အကြောင်းအရာ ဖြစ်လာခဲ့သော်လည်း သူ့နည်းသူ့ဟန်နှင့်တော့ အသုံးပြုနေဆဲ ဖြစ်ပါသည်။ ကိုရင်များကို အပြစ်ကျူးလွန်သော အခါတွင် ဒဏ်ပေးသည့် စနစ်ကို ကျင့်သုံးပါသည်။ စာရေးသူကမူ ဒဏ်ပေး မှုနှင့် ဆုချီးမြင့်မှုကို အချိုးညီညီ ဖြစ်စေချင်ပါသည်။ ဒုတ်ဖြင့်ရိုက်သည့် အမှုကို လုံးဝ မနှစ်သက်ပါ။ သို့သော် တစ်ချိန်က စာရေးသူသည်လည်း ဒုတ်ဖြင့်ရိုက်ပြီး တပည့်များကို ဆုံးမခဲ့ဖူးပါသည်။ ယခု ထိုစနစ်ကို အပြစ် မြင်ပြီး စွန့်လွှတ်ခဲ့သည်မှာ (၂၁) နှစ်ပင် ကြာမြင့်ခဲ့ပါပြီ။ တပည့်များကိုလည်း ဤနေရာမှ လွန်တာရှိခဲ့ပါက ကျေအေးစေကြောင်း တောင်းပန်အပ်ပါသည်။ ရှေးအခါကလည်း အိန္ဒိပြည်တွင် ဒဏ်စနစ် ရှိခဲ့သည်ဟု စာပေ မှတ်တမ်းများက ဖေါ်ပြပါသည်။ ယနေ့ခေတ် အထိရှိနေသော ဘုရားအလောင်း၏ ခက်ခဲသော အကျင့်ကို ကျင့်တော်မူခဲ့ရာ ဥရုဝေဠတောအုပ်သည် ဒဏ်စနစ်နှင့် ဆက်စပ်နေခဲ့သည်။ ရှေးအခါ ရသေ့များသည် တရားကျင့်ရာတွင် အကုသိုလ်စိတ် ဖြစ်ပေါ်လာခဲ့ပါက မည်သူမဆို သဲကို နည်းနည်းချင်း ပုံခဲ့ကြရသည်ဟု ဆိုပါသည်။ ဤကဲ့သို့ သဲများကို ပုံခဲ့သည့် အချိန်နှင့် အကြိမ်များလာခဲ့သဖြင့် သဲပုံအစု၊ သဲပုံထုကြီး ဖြစ်လာခဲ့ပါသည်။ ဤသည်ကိုပင် ရည်ရွယ်ပြီး ဥရုဝေဠတော (သဲစုပုံသည့်တော) အမည် တွင်ခဲ့သည်ဟု ဆိုပါသည်။ တရားကျင့်သောသူများပင် အကုသိုလ်စိတ်များ သို့ကလောက်ပင် ဖြစ်ခဲ့သဖြင့် သဲပုံကြီး ဖြစ်ပေါ်ခဲ့ပေရာ စိတ်ကို လွှတ်ထားသော သူသူငါငါ လူထုကြီး အတွက်မှာမူ အဘယ်မှာလျှင် ဆိုဖွယ် ရှိတော့ပါ အံ့နည်း။ မြင့်မိုရ်ထက်မြင့်သော သဲပုံကြီးကိုပင် တည်ဆောက်နိုင်ပေရာသည်။

ဤဒဏ္ဍ၀ဂ်လာ ဒဏ်သည်လည်း အကုသိုလ်ကြောင့် ရရှိလာမည့် မကောင်းကျိုးကို ဖေါ်ညွှန်း နေပါသည်။ ဒဏ်ကို လူတိုင်းကြောက်ကြသည်ဟု ပြောဆိုပါက သေသေချာချာ စဉ်းစားကြည့်သော လူတိုင်း သည် လက်ခံနိုင်ကြမည် မဟုတ်ပေ။ မကြောက်သူများလည်း ရှားရှားပါးပါး ရှိနိုင်သည်သာဟု ဆင်ခြေ ပေးကြပါမည်။ အနန္တသူရိယအမတ်ကြီး တို့ကဲ့သို့သော အမျက်ဖြေလင်္ကာကြီးကို သီကုံးခဲ့သူတို့အဖို့ သေဒဏ်ကို စဉ်းစားနေမည် မဟုတ်ပေ။ လွတ်လပ်ရေး၏ အရသာကို ခံစားမသွာခဲ့ရဘဲ တိုင်းပြည်အတွက် သက်စွန့် သွားခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော ထူးခြားသော စွမ်းဆောင်သူတစ်ချို့က အကြောက်တရား အတွက် အသက်ရှင်နေသူများ မဟုတ်ခဲ့ကြသဖြင့် အမှန်တရားအတွက် အကြောက်ကို ပမာမခန့် ရှိနိုင်ပေသည်။ သူတို့သေရမှာ မကြောက်ကြခြင်းမှာ တိုင်းပြည်အတွက် ကရုဏာ လွန်ကဲခြင်းနှင့် သတိနှင့်ပညာ အားကြီးခြင်းကြောင့်ဟု စာရေးသူက ယူဆပါသည်။

သို့သော် ဤနေရာတွင် လူတိုင်းဒဏ်ကို ကြောက်သည်ဟု မြတ်ဗုဒ္ဓက မိန့်တော်မူချက်သည် သဒ္ဒါရေး အနေဖြင့်သာ မှန်သော်လည်း ထွက်ပေါ်လာသော အနက်အဓိပ္ပါယ်အရမူ မမှန်ပေ။ ဤသည်ကို စာပေက သာဝသေ စကားဟု ဆိုပါသည်။ နိရ၀သေသစကားမျိုးကို ဟောတော်မူရာ နေရာတွင်သာ သဒ္ဒါနှင့် အနက် နှစ်ချက် ပြည့်ပြည့်စုံစုံကို မှတ်ယူရပေမည်။ ဘုရားအလိုတော်ကို ဖေါ်ညွှန်းရသော အဋ္ဌကထာဆရာက ဤနေရာတွင် ရဟန္တာနှင့် သက္ကာယဒိဋ္ဌိ အားကြီးကြသော ဆင်၊ မြင်း နှင့် နွားအာဇာနည်များသည် သေရမှာ မကြောက်ပါဟု ဖွင့်ဆိုပြပါသည်။ အကြောင်းပြချက်မှာ ရဟန္တာအနေဖြင့်မူ စွဲလမ်းမှုကင်းပြီးဖြစ်လေရကား သေရမှာမကြောက်၊ ဆင်မြင်းစသား သတ္တ၀ါမျာမှာမူ သက္ကာယအားကြီသောကြောင့် သေမည့်အရေးမလန့် သည့် အမျိုးအစားများ ဖြစ်သည်ဟု ရှင်းပြပါသည်။ လူအများသည် ကိုယ့်အသက်ကို မြတ်နိုးကြသည်ဟု ပြောဆိုသည့် ဒုတိယ၀တ္ထု ၏ ဂါထာတွင်လည်း ရဟန္တာများကို ခြွင်းချက်အနေဖြင့် ထားပြီးနားလည် ပေးကြရပေမည်။ ချစ်ခြင်း၊ မုန်းခြင်း၊ ကြင်နာခြင်း (ဤနေရာတွင် လောဘကို ဆိုလိုပါသည်) များသည် ရဟန္တာများ၏ အဘိဓာန်တွင် မရှိသော ဝေါဟာရ များသာ ဖြစ်သဖြင့် အချိန်ကုန်ခံပြီး မရှာဖွေသင့်ပေ။

သူတစ်ပါးကို ဒဏ်ပေးခြင်းဖြင့် ဒုက္ခရောက်စေသူသည် ဒဏ်ပေးသည့်နေရာတွင် စေတနာကောင်းနှင့် ဥာဏ်သစ် မလောင်းထည့်ပါက နောင်ဘ၀တွင် လူချမ်းသာ၊ နတ်ချမ်းသာနှင့် နိဗ္ဗာန်ချမ်းသာ ဟူသော သုံးမျိုး သော ကောင်းကျိုးကိုရမည့် အကြောင်း လုံးဝ မရှိပေ။ ဒဏ်ပေးသူများအတွက် တတိယ၀တ္ထု ၏ လမ်းညွှန်ချက် ဖြစ်ပါသည်။ စတုတ္ထ၀တ္ထု ကမူ သူတစ်ပါးကို ဒဏ်ပေးသည့် အဆင့်ကိုပင် မဆိုထားဘိဦး ပြောသည့် စကားကိုပင် ချိုသာစွာ ပြောသင့်ကြောင်း နည်းလမ်းကို ပြပေးပါသည်။ မုသာဝါဒ သိက္ခာပုဒ်ကို ဆောက်တည် သောအခါ ပြည့်ပြည့်စုံစုံ ဆောက်တည်လိုသူအဖို့ မုသားစကားမှ ရှောင်ကြဉ်ရုံမျှမြင့် မလုံလောက်ပေ။ ပြောသည့် စကားတွင်လည်း ချိုသာရမည်ဖြစ်သလို၊ စကားလုံးတိုင်းတွင်လည်း မေတ္တာထည့်ပေး ရလေသည်။ ထိုမျှသာ မပြီးသေး ပြောစကားသည် ညီညွတ်ရေးကိုလည်း ရှေးရှုသည့် ငြိမ်းချမ်းရေးလေသံ ပါရပေသည်။ အသံလွှင့် လုပ်ငန်းနှင့် စာနယ်ဇင်းလုပ်ငန်းကို ဆောင်ရွက်သူများအားလုံး မုသာဝါဒ သိက္ခာပုဒ်၏ ကျယ်ဝန်းသော အနက်ကို လေ့လာထိုက်ပေသည်။ ထိုသို့ ပြောဆိုသောသူ၏ စောင့်စည်းမှုသည်သာ မုသာဝါဒသိက္ခာပုဒ်၏ ပြည့်စုံသော အနက်ကိုဖေါ်ဆောင်လေသည်။ အမှန်တကယ်မှာမူ မုသာဝါဒကင်းသော ကမ္ဘာကြီးသည်သာ စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အာမခံချက် ရှိသည်သာဖြစ်သည်။ ပဉ္စမ၀တ္ထု တွင် ဇရာနှင့် မစ္စု၏ လက်တွင်ရှိနေကြသော လူသားများသည် ဒဏ်သားများပင် ဖြစ်နေကြရာ အချိန်တန်လျှင် မိမိတို့၏အမြဲနေရာ အပါယ်လေးဘုံသို့ ရောက်ဖွယ်များကြပါသည်။ ထိုသို့မဖြစ်စေရန် အပါယ်ဘုံသို့ ဦးတည်ပေးသော မုသားကို လင်္ကာမချောဟုဆိုပြီး ထပ်တလဲလဲ သုံးစွဲနေကြပါမူ မိမိတို့၏ဘ၀ အနေအထား လည်း ချောနိုင်ပါမည်လော။ ကိုယ်တိုင် မေးခွန်းထုတ်ပြီး ကိုယ်တိုင် စာမေးပွဲစစ်ကြရပေမည်။ သဘာဝ စာစစ်ချုပ်ကြီးကမူ အမှတ်ပေးမှုကို လာဘ်ယူပြီး (မဟုတ်မှန်သော အမှတ်ကောင်းများ၊ အမှတ်အတုများကို) ထုတ်ပေးနေမည့် သူများ၏ လုပ်ရပ်ကို လက်ခံမည် မဟုတ်ပေ။

မသိ၍ အကုသိုလ်ပြုသူများသည်လည်း မီးကျီးခဲကို မသိ၍ ကိုင်ပါသည်ဟု ဆိုလာသူကဲ့သို့ပင် ပူကြရ မည်သာ ဖြစ်ပေသည်။ အဋ္ဌကထာဆရာကမူ မကောင်းမှုလုပ်နေသူသည် ငါမကောင်းမှုလုပ်နေတာပါလားဟု သိကို သိနေသည်ဟု ဆဋ္ဌမ၀တ္ထု ကို ပြဆိုပါသည်။ သတ္တမ၀တ္ထု ၏ဆိုလိုချက်မှာ ဒဏ်မရှိသူနှင့် မပြစ်မှား ထိုက်သူကို ခွဲခြားပြထားပါသည်။ ရဟန္တာပုဂ္ဂိုလ်များသည် ပါဏာတိပါတ အမှုမရှိသဖြင့် ဒဏ်မရှိသူဟု သိရပြီး မိမိကိုယ်တိုင်နှင့် မိမိမှတစ်ပါး သတ္တ၀ါများ အားလုံးသည် မပြစ်မှား ထိုက်သူများ ဖြစ်ကြသည်။ မိမိဆင်းရဲ ကိုပင်ဖြစ်စေ မကြံစည်ရပေ၊ သူတစ်ပါး အပေါ်တွင်မူ ဆိုဖွယ်အထူး မရှိတော့ချေ။ ထိုသို့ပြုလုပ်ပါက ဘေးရန်ဆယ်ပါးတွင် တစ်ပါးပါးက ဒုက္ခ ပေးတတ်ပေသည်။ ဘေးရန်ဆယ်ပါးကိုမူ ၁။ ဝေဒနာ ကြမ်းရခြင်း (အသေး၊အကြီးနှစ်မျိုး)၊ ၂။ ခန္ဓာကိုယ်ကြီး ကွဲအက်ခြင်း။ ၃။ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရခြင်း၊ ၄။ စိတ်များ မငြိမ်မသက် ဖြစ်ခြင်း (အရူးအဆင့်အထိ မဟုတ်)၊ ၅။ ရာထူးချခံရခြင်း၊ ၆။ သူတစ်ပါး၏ စွပ်စွဲခံရခြင်း၊ ၇၊ ဆွေးမျိုးများ ဘေးဒုက္ခရောက်ခြင်း၊ ၈။ စည်းစိမ်ပျက်ခြင်း၊ ၉။ အိမ်မီးလောင်ခံရခြင်းနှင့် ၁၀။ သေပြီးပါက ငရဲဘုံတွင် ဖြစ်ရခြင်းတို့သည် ဒဏ်ဆယ်ပါး သရုပ် ဖြစ်ပါသည်။

အဋ္ဌမ၀တ္ထု သည် ကျင့်စဉ်မှားနေသူများအတွက် သတိပေးစကားဖြစ်ပြီး န၀မ၀တ္ထု သည် သမဏ၊ ဗြာဟ္မဏ နှင့် ဘိက္ခုဆိုသည့် ဝေါဟာရကို ရှင်းလင်းပြပါသည်။ အိန္ဒိယတွင် ကျင့်စဉ်မှားကျင့်နေသူများ ရှေးခေတ်မှစ ယနေ့ခေတ်အထိ မဆုံးနိုင်အောင်ပင် ရှိနေသည်။ အသိဥာဏ်မဲ့သော လူထုကြီးလည်း များစွာ ပေါများနေရာ မည်မျှပင် အသိပေးစေကာမူ အမှောင်ထုကြီးကား မဆုံးနိုင်အောင်ပင် ဖြစ်ချေသည်။ သို့သော် ပညာရှင်တို့ကား သနားကြသဖြင့် မီးထွန်းပေးနေခဲ့သည်သာ ဖြစ်ပေသည်။ သမဏ (ရဟန်း) အစစ်မှာမူ ကိလေသာ ငြိမ်းနေသူဖြစ်ပါမှ၊ ဗြာဟ္မဏ (မြင့်မြတ်သူ) မှာလည်း မကောင်းမှု ဟူသမျှ မြူမျှမရှိသူ ဖြစ်ပါမှ စစ်မှန်သော ဗြာဟ္မဏဟု ခေါ်ရမည်ပင်။ မန္တလေးမြို့ ဗောဓိကုန်းရပ်ကွက်ရှိ ဗြဟ္မဏများနှင့် ဟိန္ဒူဝါဒရှိ ဗြဟ္မဏ အမည်ခံများသည် ဤဗြာဟ္မဏ စာရင်းတွင် မပါဝင်ပေ။ ဤဗြာဟ္မဏ နှစ်ခုသည် အသံတူသော်လည်း အဓိပ္ပါယ် မတူပေ။ စကားလုံးချင်းလည်း ထပ်တူမညီကြပေ။ ယခုစာရေးသူ ရေးသားနေသော ဗြာဟ္မဏ၏ ဗြအက္ခရာတွင် ရေးချပါပြီး မြင့်မြတ်သူဟု ဘာသာပြန်ရပါသည်။ ပုဏ္ဏားဟု ဘာသာပြန်ရသော ဗြဟ္မဏတွင် ရေးချမပါပေ။ ဘိက္ခု (ရဟန်း) ဟူသည်မှာလည်း ကိလေသာကို ဖျက်ဆီးနိုင်စွမ်း ရှိသူမှသာလျှင် အနွတ္ထ အမည်နှင့် သင့်လျော် ပေမည်။ သို့မဟုတ်ပါက ရုဠီအမည်သာ ဖြစ်ပေမည်။ ယနေ့ ခေတ်ပုထုဇဉ် ရဟန်းတော်များကိုလည်း သမ္မုတိသံဃာတော်များဟု ခေါ်ဆိုပါသည်။ မည်သို့ပင်ဆိုစေကာမူ ပုထုဇဉ် ရဟန်းတော်များသည်လည်း လောဘ၊ ဒေါသ နှင့်မောဟ ဟူသော ကိလေသာများကို စွမ်းနိုင်သမျှ ပယ်ဖျက်နေကြသဖြင့် ဘိက္ခုအမည်ကို ရထိုက်ကြသည်သာ ဖြစ်သည်။ ရုဠီအမည် ဟူသည်မှာ အဖြစ်သာ ခေါ်ရသော အမည်မျိုးဖြစ်သည်။ ဥပမာ မောင်ဖြူဟု အမည်ပေးပြီး အသားမည်း နီဂရိုးကြီးကို ခေါ်ပါက ရုဠီအမည်သာ ဖြစ်ပါသည်။ မောင်ဖြူဟုသာ ခေါ်နေရသော်လည်း တကယ်ဖြူသူ မဟုတ်ပေ။ အသားမည်း နီဂရိုးကြီးကို မောင်မည်းဟု အမည်ပေးပါက အနွတ္ထအမည်ခေါ်ရပါသည်။ တကယ့်လိုက်ဖက်သည့် အမည် ဖြစ်ပေသည်။

ဒသမ၀တ္ထု သည် ဆင်းရဲကင်းလိုသူများအတွက် အကောင်းဆုံးနည်းလမ်းကို ညွှန်ပြထားပါသည်။ လောကတွင် လူတစ်ချို့သည် အကောင်းဆုံးနည်းလမ်းကို အပူတပြင်း ရှာဖွေနေကြပါသည်။ ရာနုန်းများစွာသော လူထုကြီးကမူ အိပ်မောကျလျက်ပင် ရှိနေပါသည်။ ဤဆင်းရဲကင်းရေးနည်းလမ်းသည် ရာနုန်းများစွာသော လူထုကြီးအတွက်လည်း ဖြစ်နေစေကာမူ မသိသူများဖြစ်နေသဖြင့် ကျော်သွားကြမည်သာ၊ သိကြသူ အနည်းစုကသာလျှင် လက်တွေ့ဆောင်ရွက်ကြပြီး ဖေါ်စားကြမည်သာ ဖြစ်သည်။ နည်းလမ်းမှာ မကောင်းသော အတွေးကို အရှက်တရားဖြင့် ပယ်ရှားခြင်းနှင့် (လက်တွေ့လုပ်ဖို့ မဆိုထားပါနှင့်) သတိကပ်ပြီး အမြဲပင် နိုးကြားနေသူဖြစ်ရန် လိုအပ်ခြင်းဟု ကျင့်စဉ်နှစ်မျိုးဖြစ်ပါသည်။ မကောင်းသော အတွေးကို ပယ်ရှားပါက ဟိရီပြဋ္ဌာန်းသော ကုသိုလ်စိတ်ဖြစ်ပြီး အမြဲနိုးကြားနေသူဖြစ်ပါက သတိဦးစီးသော ကုသိုလ်စိတ်များ ဖြစ်နေ ပါမည်။ လက်တွေ့ဆောင်ရွက်ကြည့်ပါက တဖြည်းဖြည်း လွယ်ကူလာသည်ကို တွေ့ရပါမည်။ ဤ၀ဂ်၏ နောက်ဆုးံဖြစ်သော တစ်ဆယ့်တစ်ခုမြောက် ၀တ္ထုကမူ ကိုရင်ချမ်းသာ (သုခသာမဏေရ) အကြောင်း ဖြစ်ပါသည်။ လိုက်နာစရာမှာ မိမိစိတ်ဓာတ်ကို အစဉ်ဖြောင့်မတ် နေစေရန်အတွက် အဆုံးအမနှင့် သြ၀ါဒများကို လွယ်ကူစွာ ထောင်တတ်သော နားကောင်းရှိပြီး ကျင့်ကြံလိုသော နှလုံးသားကောင်းရှိရန် လိုပါသည်။ နားကောင်းနှင့် နှလုံးသားကောင်းသည် အဆုံးအမကောင်းများအတွက် အဆင်သင့်လေသဖြင့် ဆင်းရဲငြိမ်း ကြောင်းအတွက် ဖြောင့်မှန်သော လမ်းကောင်းပင် ဖြစ်ပေသည်။

ဤ၀ဂ်တွင် ဂါထာပေါင်း နှစ်ဆယ်ပါဝင်ပြီး လေးဂါထာမှာ ကြားညှပ် ဂါထာများဖြစ်သည်။ တစ်ဆယ့် ခြောက်ဂါထာမှာ အဖွင့်ဂါထာများ ဖြစ်ပါသည်။ ထိုအဖွင့်ဂါထာ တစ်ဆယ့်ခြောက်ဂါထာတို့တွင် သုံးဂါထာမှာ အပ္ပမာဒ၀ဂ်တွင် အဋ္ဌကထာဆရာကိုယ်တိုင် သာဓကပြသုံးစွဲခဲ့ဖူးသည်ကို တွေ့ရပါသည်။ သို့သော် ထိုအပ္ပမာဒ၀ဂ်တွင်မူ ယင်းသုံးဂါထာကို ဖွင့်ဆိုမှု မပြုခဲ့ပေ။ ယခု ဒဏ္ဍ၀ဂ်ရောက်ခါမှ ယောဒဏ္ဍေန အဒဏ္ဍေသု စသည့် ဂါထာသုံးပုဒ်တို့ကို ဖွင့်ပြထားသည်ကို တွေ့ရပါသည်။ ဇာတ်လမ်းအနေဖြင့် တစ်ဆယ့်တစ်ခုပါဝင်ရာ ရဟန်းတော်များနှင့်စပ်ပြီး ခြောက်ဝတ္ထု၊ ရှင်သာမဏေ၀တ္ထုတစ်ခု၊ မင်းသားအကြောင်း ၀တ္ထုတစ်ခု၊ အမတ်ကြီးအကြောင်း ၀တ္ထုတစ်ခု၊ ဥပုသ်စောင့်သုံးသူ တစ်ဦးအကြောင်း တစ်ဝတ္ထု နှင့် ပြိတ္တာအကြောင်း တစ်ခုအားဖြင့် တစ်ဆယ့်တစ်ခု ဖြစ်ပါသည်။

ရဟန်းတော်နှင့်စပ်သည့် ခြောက်ဝတ္ထုတွင် ဆဗ္ဗီရဟန်းတော်များအကြောင်းနှစ်ခုပါဝင်ရာ နှစ်ခုလုံး အနိုင်လု၍ နေရာယူမှုနှင့် သူတစ်ပါးကို ပုတ်ခတ်စော်ကားမှုတို့ ဖြစ်ပါသည်။ သူတို့၏ အပြုအမူကြောင့် ၀ိနည်းသိက္ခာပုဒ်ကို ပညတ်ခဲ့ရသော်လည်း သူတို့သည် မကောင်းမှုကို ကုစားခဲ့သည်ကို မတွေ့ရပါချေ၊ သို့အတွက်ကြောင့်ပင် ဘုရားရှင်က တရားဟောသော်လည်း တရားတော်၏အဆုံး၌ တရားထူးရခဲ့သည့် အဋ္ဌကထာဆရာ၏ မှတ်တမ်းကို မတွေ့ရချေ။

အရှင်ကောဏ္ဍဓာန၏အကြောင်းကိုဖေါ်ပြရာတွင် သူတစ်ပါး၏ ညီညွတ်မှုကို ဖျက်ဆီးခဲ့သော မကောင်း မှုကံကြောင့် ဤဘ၀သို့ ၀ိပါက်ကြမ္မာလိုက်လာပုံကို ဖေါ်ပြထားပါသည်။ ဒေသနာတော်၏ အဆုံးတွင်မူ ရဟန်းတော်သည် ရဟန္တာတစ်ပါး ဖြစ်လာခဲ့ပါသည်။ အရှင်မောဂ္ဂလာန်မထေရ်၏ အကြောင်းကို ဖေါ်ပြရာတွင်လည်း ၀ိပါက်ကြမ္မာ မပြေးသာခဲ့ပုံကိုပင် ဖေါ်ပြထားပြန်ပါသည်။ ရှေးအခါကမူ ဤမထေရ်၏ အလောင်းလျာသည် ဇနီးမယား၏ စကားဖြင့် မိဖတို့ကို ခိုးသားဓားပြ အယောင်ဆောင်ပြီး ကိုယ်တိုင်နှိက်စက်ခဲ့သူဖြစ်ခဲ့ပါသည်။ ဤဘ၀တွင်မူ တန်ခိုးကြီးခဲ့သည့် မထေရ်တစ်ပါးဖြစ်ခဲ့သော်လည်း ခိုးသားငါးရာ၏ လက်ချက်ဖြင့် ပရိနိဗ္ဗာန်စံခဲ့ရပါသည်။ သူ၏ ကြီးသောတန်ခိုးသည်ပင် သူ၏ အကုသိုလ်ကံ အကျိုးပေးအပေါ်တွင် အနိုင်ယူနိုင်စွမ်း မရှိခဲ့သည်ကို တွေ့ရပါသည်။ ကံပျက်လာသော် ပျက်သည့်ကံကို ကောင်းလာအောင် ပြင်ရန်မဆိုထားနှင့် ရပ်တန့်သွားအောင် ဘုရားရှင်သည်ပင် မစွမ်းနိုင်အောင်ဟု အဋ္ဌကထာဆရာက သီလက္ခန်အဋ္ဌကတာ ဗြဟ္မဇာလသုတ်အဖွင့်တွင် မှတ်ချက်ပြုထားသည်ကို တွေ့ရပါသည်။ သာမန်လူသားများ အတွက်မူကား ခဲယဉ်းမည်မှာ ဧကန်သာတည်း။

ရိက္ခာစုဆောင်းသောရဟန်း၏ အကြောင်းတွင်လည်း ပစ္စည်းများကို သိုလှောင်ပြီး သာသနာ့အရိပ်တွင် ဇိမ်ခံအိပ်သော ရဟန်းအား ခြိုးခြံခြွေတာ အပ္ပိစ္ဆတာဂုဏ်၏ ကျေးဇူးကိုရှင်းပြပြီး တရားဟောတော်မူ ခဲ့ပါသော်လည်း တရား၏အဆုံးတွင် ကျွတ်တန်း မ၀င်နိုင်သည်ကို တွေ့ရပါသည်။ ရဟန်းတော်များ ၀တ္ထုများ၏ ခြောက်ခုမြောက်တွင်မူ ရဟန္တာဖြစ်သွားသော ရဟန်းတော်တစ်ပါး၏ အကြာင်းကို ဖေါ်ပြထားပါသည်။ ဆရာကောင်း တွေ့သွားသဖြင့် တရားထူး ရသွားခဲ့ခြင်း ဖြစ်ပါသည်။ ပိလောတိကတိဿဝတ္ထုတွင်မူ ပုဆိုးနွမ်းလေးက တရားပြသဖြင့် တရား ရသွားသော အရှင်အာနန္ဒာ၏ တပည့်ရဟန်းငယ် အကြောင်းကို ဖေါ်ပြထားပါသည်။ ထို့နောက် သာမဏေ၀တ္ထုကိုလည်း တွေ့ရပါသည်။ ထိုသာမဏေသည်လည်း ရှေးကုသိုလ်ကောင်းမှုကြောင့် ယခုဘ၀တွင် ချမ်းသာသူဖြစ်ခဲ့ပါသည်။

မိမိချမ်းသားကို လိုချင်သူသည် သူတပါး၏ ချမ်းသာကို ဖြစ်စေရသည်ဟူသော ဥပဒေသကို မင်းသားလေးများ၏ ၀တ္ထုတွင် တွေ့ရပါသည်။ စာရေးသူ သီရိလင်္ကာနိုင်ငံတွင်နေခဲ့စဉ်က စာရေးသူ၏ ဘ၀တွင် ပထမဦးဆုံးမြင်တွေ့ခဲ့ရဖူးသော ကြီးမားသောဖွတ်ကြီး တစ်ကာင်ကို သီဟိုဠ်ကလေးငယ်များက ညှင်းဆဲနေပုံကို သတိရမိပါသည်။ သူတို့သည်လည်း အပျော်သဘောဖြင့် ထိုသတ္တ၀ါကြီးကို ဒုတ်များဖြင့် ရိုက်နေခဲ့ကြပါသည်။

ဥပုသ်စောင့်သောအမျိုးသမီးများ၏ ၀တ္ထုတွင်မူ ၀ိသာခါကျောင်းအစ်မ၏ အင်တာဗျူးကို တွေ့ရပြီး ဘုရားရှင်ထံ သတင်းပို့ပုံကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရပါသည်။ ဥပုသ်စောင့်သူများတွင် အမျိုးသမီးကြီး များက နတ်ပြည်သို့ သွားချင်ကြသည်။ အရွယ်အလတ်များက လင်၏အနှိက်စက်ခံဘ၀မှ လွတ်မြောက် လိုကြသည်။ အိမ်ထောင်ပြုခါစအမျိုးသမီးများက ပထဦးဆုံး သားဦးကလေးကို ရလိုကြသည်။ အပျိုကလေး များက ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုလိုကြသည်ဟု အဖြေထွက်ပါသည်။ ဤ၀တ္ထုတွင် ရှေးခေတ် အိန္ဒိယနိုင်ငံ၏ အမျိုးသမီးများဘ၀ မလွတ်လပ်ပုံနှင့် ငယ်ငယ်ရွယ်ရွယ် လက်ထပ်သည့် အလေ့အထ သားကိုဦးစားပေးသည့် စနစ်များကို ဖေါ်ပြနေပါသည်။ ယနေ့ခေတ်တွင်လည်း ဤစနစ်သည် ရှိနေသေး သည်သာ ဖြစ်သည်။ မြတ်စွာဘုရားသခင်ကမူ ဇာတိ၏ ကြောက်စရာကောင်းပုံကို သိသင့်သည်ဟု မှတ်ချက်ပြုပါသည်။

သည်းခံနိုင်လွန်းသော သူဋ္ဌေးအပေါ်တွင် ပြစ်မှားခဲ့သော သူတစ်ဦး၏ ဘ၀ကူးဆိုးရွားသွားခဲ့ရပုံကို ပြတ္တာဝတ္ထုတွင် ဖေါ်ပြထားပါသည်။ သူဋ္ဌေးသည် မိမိအပေါ်နှင့် မိမိ၏ လှူဒါန်းထားခဲ့သော ပစ္စည်းများပေါ်တွင် ခုနှစ်ကြီမ်စီ လယ်ယာမြေများကို ဖျက်ဆီး၊ နွားခြံမှ နွားများကို ခိုးယူ၊ အိမ်ကိုလည်းမီးရှို့၊ ဘုရားကျောင်းတော်ကို လည်းဖျက်ဆီးခဲ့သော လူရမ်းကားအပေါ်တွင် ပြုသမျှကုသိုလ်၏ အကျိုးကို ကျေးဇူးတင်သည့်မျက်လုံးဖြင့် အမျှပေးဝေနိုင်ခဲ့သည်မှာကား ထူးခြားလှပေသည်။ ဤခေတ်တွင်လည်း ပြိတ္တာ၏ မျိုးဆက်သစ်များကို တွေ့မြင် နေရပါသည်။ အတင်းအဓမ္မ ရွေ့ပြောင်းခိုင်းနေသော လူများသည်လည်း ဤလမ်းအတိုင်း လိုက်ရဖွယ် ရှိပေသည်။ အမတ်ကြီး၏၀တ္ထုတွင်လည်း ရဟန္တာဖြစ်သွားပုံကို ဖေါ်ပြထားပါသည်။ ဤသည်ကိုထောက်ဆပါက လူဝတ်ကြောင်လည်း ရဟန္တာဖြစ်နိုင်သည်သာ။ သို့သော် ရေရှည်ထိန်းနိုင်စွမ်းမရှိပါ။ အ၀တ်ပြောင်းပြီး ရဟန်းဝတ်ပါမူ ရဟန္တာအဖြစ် ရှည်ကြာစွာ ရနိုင်ပေသည်။

ဆောင်းပါးမှတ်စုများ

၁။ ဓမ္မပဒအဋ္ဌကထာ ဒဏ္ဍ၀ဂ်

၂။ သီလက္ခန္ဓပါဠိတော် ဗြဟ္မဇာလသုတ်၊

၃။ ၀ိနည်းမဟာဝါ၊ မဟာခန္ဓက၀ဂ်အဋ္ဌကထာ နှင့် ၄။ ၀ိနည်းပါစိတ်ပါဠိတော်

စာရေးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်

အင်ချွန်းမြို၊တောင်ကိုရီးယား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP