တောင်ကိုရီးယားနိုင်ငံမှ ဗုဒ္ဓဘာသာမေးခွန်းများ အမှတ် (၃၂)
18 January 2011
၁။ စိတ်နှလုံးကောင်းသူ စိတ်နှလုံးဖြူစင်သူစသည့် အရေးအပြောအရ စိတ်ဟာ နှလုံးအိမ်မှာတည်သည်ဟု ယူဆမိပါသည်။ သို့သော် စိတ်ဖေါက်ပြန်သော စိတ်ဝေဒနာရှင်များကို ကုသရာတွင် နှလုံးကို မကုပဲ ဦးဏှောက်ကို ကုကြပါသည်။ နှလုံးရောဂါသည်သည် စိတ်မဖေါက်ပြန်ပါ။ ဗုဒ္ဓ၏ ယူဆချက်အရ စိတ်က မည်သည့်နေရာတွင် တည်ရှိပါသလဲဘုရား ကျေးဇူးပြု၍ ရှင်းလင်းဖေါ်ပြပေးတော်မူပါအရှင်ဘုရား။
စိတ်ဟာ နှလုံးအိမ်မှာ တည်သည်ဟု ယူဆမိပါသည်ဟု ဆိုပြီး မေးခွန်းကို ဖတ်ရပါသည်။ ရှင်းလင်းဖေါ်ပြပေးရန် လျောက်ထားသည့်အတွက် ကြိုးစားဖြေပြရပါမည်။ စိတ်သည် အဝေးသို့သွားတတ်သည်၊ အထည် ကိုယ်မရှိ၊ တစ်ချိန်တွင် တစ်ကြိမ်သာဖြစ်သည်ဟု ပထဆုံးသိထားရပါမည်။(ဓမ္မပဒ စိတ္တ၀ဂ္ဂ) စိတ်သည် အမှန်တကယ် မသွားပါ အာရုံကို လှမ်းပြုခြင်း ဖြစ်ပါသည်။ ထိုအာရုံကိုယူခြင်းကိုပင် အဝေးသို့သွားတတ်သည်ဟု မြန်မာလို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ စိတ်သည် ရုပ်ကဲ့သို့ အစိုင်အခဲရှိနေသည် မဟုတ်ပါ သို့အတွက်ကြောင့် ဘယ်နားမှာ ရှိနေသည်ဟု သက်သေပြပြီး မပြောနိုင်ပါ။ ရုပ်သည်ပင် အစိုင်အခဲမရှိကြောင်း အဆင့်မြင့်တရားသိလာပါက လက်ခံနိုင်ပါလိမ့်မည်။ စိတ်သည် အမြဲတန်း ဖြစ်တည်ပျက်စနစ်ဖြင့် သံသရာ တစ်လျောက်လုံး သတ္တိကူးစက်မှုဖြင့် ဘ၀များစွာ ကျင်လည်နေကြပါသည်။ သို့ရာတွင် နှလုံးအိမ်မှာတည်သည်ဟု လူအများက ဘာကြောင့် ပြောနေကြပါသနည်း။ တွေးချင်စရာ ဖြစ်ပေသည်။ အမှန်တကယ်က အဘိဓမ္မာပဋ္ဌာန်းပါဠိတော်တွင် ဟဒယ(နှလုံး) ဟု မဟောထားပါ။ ၀တ္ထုံ နိဿာယ ဟု ဟဒယဟူသော ပါဠိ မပါသေးပဲ သာမညသာ သုံးစွဲထားပါသည်။ ၀တ္ထုဟူသော ပါဠိစကား၏ ဆိုလိုချက်မှာ တည်ရာ၊ မှီရာဟု အဓိပ္ပါယ်ရှိပါသည်။ ဘယ်မှာတည်နေသည်၊ မှီနေသည်ကို လေ့လာကြည့်သော် မိခင်၏ ၀မ်းတွင်း အစဦးဆုံး အနေအထားတွင် ဖြစ်ပေါ်နေခဲ့သော ရုပ်များသည် တည်ရာ၊မှီရာ ဖြစ်ရပါမည်။ မျက်စိလည်း မပေါ်ခဲ့သေး၊ နားလည်း မပေါ်ခဲ့သေးသော မိခင်၏ ၀မ်းတွင်းရှိခဲ့စဉ် ထိုအချိန်များက မျက်စိနှင့်မြင်သိစိတ်၊ နားဖြင့်ကြား သိစိတ်တို့လည်း မဖြစ်ပေါ်နိုင်သေးပါ။ တဖြည်းဖြည်းမှသာ ရုပ်များ ပေါ်လာခဲ့ ကြပါသည်။ ဟဒယသည် နှလုံး၊ မတ္တလုင်္ဂသည် ဦးဏှောက်ဖြစ်ရာ နှစ်ခုစလုံး ရုပ်များသာ ဖြစ်ပါသည်။ စိတ်သည် မှီစရာရှိသည်ကို တည်မှီသည်ဟုဆိုထားရာ ဦးဏှောက်ကိုလည်း တည်မှီနိုင်သလို၊ နှလုံးကိုလည်း တည်မှီနိုင်ပါသည်။ မျက်စိနှင့် နား၊ လျှာ နှင့် ကိုယ်တို့ကိုလည်း စိတ်က တည်ပါသည်၊ မှီပါသည်။ ဤသည်ကိုကြည့်ပါက စိတ်မည်သည့်နေရာတွင် တည်သည်၊ မှီသည်ကို တွေ့ရပါမည်။ မျက်စိကန်း နေသူသည် မျက်စိနှင့် ပတ်သက်သော ကုသိုလ်စိတ် မရနိုင်သလို၊ အကုသိုလ်စိတ်လည်း ဖြစ်မည် မဟုတ်ပေ။ နားစသည်တွင် အတူတူပင် မှတ်ယူရပါမည်။ တည်သည်၊ မှီသည်ဟုဆိုသော်လည်း တပူးတွဲတွဲဖြစ်နေသည် မဟုတ်ပေ။ ဆရာ့အရိပ် မိဘအရိပ်ကို ခိုသည်ဟုဆိုရာ ဆရာမိဘရှိနေမှခိုနိုင်သော်လည်း သူတို့သွားသည့် နေရာတိုင်းကို လိုက်နေသည် မဟုတ်ပေ။ စိတ်သည်လည်း နှလုံးနှင့် ဦးဏှောက်ကို တည်မှီသည် ဟုဆိုရာ သူတို့ရှိမှ စိတ်ဖြစ် နိုင်သည်။ သူတို့မရှိက စိတ်မရှိနိုင်ပေ။ စိတ်မရှိက လူလည်း မရှိနိုင်တော့ပေ။
နှလုံးအိမ်မှာတည်သည်ဟု တွေးရသည်မှာ စိတ်ဆိုးသောအခါ၊ ကြောက်လန့်သောအခါ စသည်တွင် သွေးလည် ပတ်မှုက မြန်လာပြီး နှလုံးသွေးကြောပြွန်သိှု့ ၀င်လာသော တွန်းကန်အားလည်း များလာသဖြင့် ဒိတ်ကနဲ ခုံသွားခြင်း ဖြစ်ရပါသည်။ ဤသည်ကို ဒေါသစိတ်ဟု အမည်ပေးပါသည်။ လောဘ ကြီးလွန်းသော အခါတွင်လည်း ထိုနည်းတူပင် ဖြစ်ပြီး သေဆုံးသည်အထိ သွေးခုန်နုန်း မြန်ပါသည်။ ထို့ကြောင့် အရှေ့တိုင်းသားတို့က နှလုံးသားနှင့်စိတ်ကို ထပ်တူပြုကြပါသည်။ အနောက်တိုင်းသားတို့ကမူ သိပ္ပံပညာ ထွန်းကားလာသော အခါတွင် ရုပ်ပိုင်းဆိုင်ရာ များကိုအသေးစိတ်နိုင်နင်းလာရာမှ စိတ်သည် ဦးဏှောက်တွင်ရှိသည်ဟု အယူအဆ ပေါ်ထွန်းလာရပါသည်။ မည်သူကမှ စိတ်ကို မည်သည့်နေရာတွင်ရှိသည်ဟုဆွဲထုတ်ပြ၍ ဖြစ်နိုင်သော အနေအထားလည်း မဟုတ်ပေ။ ဦးဏှောက်မရှိရင်လည်း သေမည်၊ နှလုံးသွေးကြောပိတ်ပြီး အလုပ်မလုပ်တော့ပါကလည်း သေပါမည်။ ဆိုလိုသည်မှာ ရုပ်ပိုင်းဆိုင်ရာများကလည်း ကောင်းနေရပါမည်။ စိတ်သည်သူတို့ (ဦးဏှောက်၊နှလုံးသား) အပေါ်တွင် မိဘအရိပ်၊ ဆရာသမားအရိပ်ကို ခိုနေသော သားသမီးနှင့် တပည့် များကဲ့သို့ မှီပြီးဖြစ်နေပါသည်။ အဘယ့်ကြောင့်နည်း ဦးဏှောက်နှင့် နှလုံးသားတို့သည် သွေးလည်ပတ်မှုနှင့် ဆက်စပ်နေကြပါသည်။ သွေးမရှိပါက နှစ်ခုစလုံး စက်ဆီကုန်သော မော်တော်ကားများလိုပင် ဖြစ်ကြပါမည်။ တောင်မြို့ဂန္ဓာရုံဆရာတော်ကြီး၏အယူအဆအရ စိတ်သည် ဦးဏှောက်ကို မှီသည်၊တည်သည်ဟု မယူဆပါ၊ ကဗန္ဓပြိတ္တာသည် ဦးခေါင်းမရှိပါ။ ဦးခေါင်းမရှိပေမည့် အသက်ရှင်နေပါသည်၊ ဤသည်ကို ထောက်ဆပါက အနောက်တိုင်းသားများ ယူဆသလို စိတ်သည်ဦးဏှောက်မှာ မုချ တည်သည်ဟု မမှတ်ယူသင့်ကြောင်း ဆရာတော်ကြီးက သူ့အယူအဆကို မိန့်ပါသည်။ ဆရာတော်ကြီးက ဆက်လက်မိန့်ရာမှာ အကုသိုလ်မဖြစ်ဖို့၊ ကုသိုလ်စိတ်ဖြစ်ဖို့ လိုရင်းသာ ဖြစ်ကြောင်း မိန့်ပါသည်။ ဆရာတော်ကြီးကို မေးခွန်းမေးခဲ့သူမှာ စိတ်ရောဂါအထူးကုဆရာဝန်ကြီး မန္တလေးသား ဦးနေ၀င်းဖြစ်ပါသည်။ သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအဖြေများ စာအုပ်၏ မေးခွန်းနံပါတ်(၂၀)၊ စာမျက်နှာ(၈၂ )တွင် ဖတ်နိုင်ပါသည်။ စာမျက်နှာ(၁၀၆) မျက်နှာမျှသာရှိသော အမေးအဖြေစာအုပ်ငယ် ဖြစ်ပါသည်။ စာရေးသူကမူ ဓမ္မပဒမှ မြတ်ဗုဒ္ဓ၏ မိန့်တော်မူချက်ကို ဦးထိပ်ရွက်ပြီး စိတ်သည် မှီသင့်မှီထိုက်သောရုပ်တရားများ အပေါ်တွင် အခြေအနေနှင့် အချိန်အခါအရ မှီနေပြီး ကုသိုလ်နှင့် အကုသိုလ်စိတ်များ ယောနိသောမနသိကာရနှင့် အယောနိသောမနသိကာရများ အပေါ်တွင် အခြေခံပြီး ဖြစ်ပွါး နေပါကြောင်း ဖြေပြရပါသည်။ မရှင်းလင်းသေးပါက ဆက်ပြီး ဆွေးနွေးနိုင်ပါသည်။
၂။ တပည့်တော် ငယ်စဉ်က စပြီး ကံနှင့်ကံ၏ အကျိုးကို ယုံကြည်ပြီး ကံသာအမိ၊ ကံသာအဖ၊ ကံသာလျှင် ပြုသူ နောက်သို့ နွားနောက်သို့ လှည်းဘီးလိုက်သည်ပမာ အစဉ်လိုက်သည်ဟု ကြားဖူး၊ မှတ်ဖူးထားပါသည်ဘုရား၊ အခုစာတွေဖတ်တော့ သေချာခွဲခြမ်းစိတ်ဖြာပြီးဖေါ်ပြတဲ့အခါ ကောင်းမှုကုသိုလ်ကံတွေဟာ ပြုသူနောက်ကို အရိပ်ပမာလိုက်ပြီး အကုသိုလ်ကံ တွေဟာ ပြုသူနောက်ကို နွားနောက်သို့ လှည်းဘီးလိုက်သည့်ပမာလို့ သေချာ ခွဲခြားဖေါ်ပြထားတာကို ဖတ်ရပါတယ်ဘုရား။ ဥပမာနှစ်ခု၏ သိမ်မွေ့စွာကွဲပြားပုံကို ထပ်မံရှင်းလင်းအောင် ဖြေကြား ပေးတော်မူပါဘုရား။
ဝန်ဆောင်သော နွားလား၏ နောက်သို့လှည်းဘီးလိုက်သကဲ့သို့ ဆိုရာတွင် ၀န်ကိုဆောင်ရွက်နေရသဖြင့် မလွတ်လပ်ခြင်းသာမက လေးလံခြင်းတာဝန်ကြီးများကို ဆောင်ရွက်နေရပါသည်။ ဤသည်ကို ကြည့်ပါက နွားမောင်းသမားနှင့် နှင်တန်ကြီးကိုလည်း မြင်ယောင်မိပါလိပ့်မည်။ အတင်းရုန်းကန်ထွက်မည်ဆိုပါကလည်း ရှေ့ပိုင်းတွင် လည်ပင်းကို ပတ်ထားသော ထမ်းပိုးထုတ်နှင့် ကြိုးကြီးများက နွားကို ဒုက္ခပေးပါမည်၊ နောက်ဆုတ်ပါကလည်း လှည်းဘီးကြီးများက သူ၏ တင်ပါးနှင့် ပေါင် တံခေါက်ကွေးတို့ကို နာကျင်စေပါမည်။ ဘေးကျပ်နံ ကျပ်ဖြစ်စေသော ၀န်ဆောင်နွားလားသည် ရှေ့ နှင့် နောက်၊ အထက် နှင့် အောက်မှ ဒုက္ခမှလွတ်စေရန် ပြေးစရာ မြေမရှိအောင်ပင် ဒုက္ခကို ခံစားရနေရသည်မှာ မြင်သာထင်သာ ရှိလှပါသည်။ ရှေးခေတ်က လယ်ယာလုပ်စားနေသော လူထုကြီးကို သူတို့၏ လက်တွေ့အသုံးဆောင်ဖြစ်သော ဥပမာကို သုံးစွဲပြပြီး တရားဟောပါသည်။ အကုသိုလ်လုပ်သူများလည်း ဤ၀န်ဆောင် နွားလားကြီး၏ ဒုက္ခမျိုး တစ်နေ့နေ့နှင့် တကွေ့ကွေ့တွင် တွေ့ကြမည် ဖြစ်ကြောင်း အသိပေးလိုက်ခြင်းပင် ဖြစ်ပေသည်။ မြင်သာထင်သာသော ဥပမာပေးမှုကြီးပင် ဖြစ်ပါသည်။
အရိပ်၏ ဥပမာတွင် ကုသိုလ်ကို တင်စားပြီး ပေးထားသည်မှာလည်း ကံသတ္တိ၏ တန်ခိုးကို သိစေပါသည်။ အရိပ်သည်ပေါ့သည် တာဝန်တရပ်အနေဖြင့် သယ်ဆောင်စရာ မလိုသလိုပင် ကုသိုလ်ပြုသူအတွက်မှာလည်း ၀န်ထုပ်မရှိ လွယ်ကူစွာဖြင့်ပင် ကုသိုလ်၏ အကျိုးတရားကို ခံစားနိုင်ပေသည်။ အရိပ်၏ ဥပမာဖြင့် ကုသိုလ်၏ အကျိုးတရားကို ဖေါ်ပြရာတွင် သိစေသည့်အခြားတစ်ချက်မှာ အေးမြခြင်း သဘောတရားကို ပေါ်လွင်စေခြင်း ဖြစ်ပါသည်။ အရိပ်များစွာတွင် သစ်ပင် အရိပ်သည်ပင် ရာသီဥတုကို သာယာစေခြင်း၊ အရိပ်ခိုမိသူ မည်သူပင် ဖြစ်စေကာမူ မောပမ်းနွမ်းနယ်မှုကို ပျောက်ခြင်းစသည့် ကောင်းသောအနေအထားကိုဖြစ်ပေါ်စေခြင်းများကိုလည်း တွေ့ရပါသည်။ ဆရာ့အရိပ်၊ မိဘအရိပ် စသည့် ကောင်းမွန်သော သက်ရှိအရိပ်များသည်ကား ပို၍ ကုသိုလ်ဖြစ်စေပေလိမ့် မည်မှာ သေချာပါသည်။ ဤအရိပ်သဘောများ၏ ကောင်းကျိုးတို့ကို ရည်မျှော်ပြီး ကုသိုလ်ကံ၏ ကောင်းကျိုးကိုပေါ်စေသော ဥပမာသည်ကား ထိမိလှပါသည်။ သဗ္ဗညုတဥာဏသခင် ဘုရားရှင်၏ ကျေးဇူးများသည်ကား မသိသူများပင်လျှင် အထိုက်အလျောက် ခံစားကြရပါသည်။ သိသူများအတွက်မူ ပြေကုန်နိုင်ဖွယ်မရှိတော့ပြီတည်း။ ဤဥပမာနှစ်ခုစလုံးကို ဓမ္မပဒ၊ယမက၀ဂ်၊ ပထမဆုံးဝတ္ထုနှစ်ခုတွင် ပေးထားပါသည်။ တစ်ခြားနေရာတွင်လည်း အကုသိုလ်အကျိုးပေးပုံများကို ငရုပ်သီး စပ်သည့် ဥပမာ၊ ရေမျှောခံရသော ဥပမာစသည်တို့ဖြင့်လည်း စုံစုံလင်လင် တွေ့နိုင်ပါသေးသည်။ မေးခွန်းရှင်၏ မေးပေးသော ကုသိုလ်ကို အသိအမှတ်ပြု၊ သာဓုခေါ်အပ်ပါသည်။
ကျေးဇူးပါ
နောင်လဲ အကျိုးများမဲ့ မေးခွန်းတွေ မေးနိုင်ပါတယ်
ဒေါက်တာ အရှင်နန္ဒက
ကျန်းမာပါစေ ဆရာတော်ဘုရား
တပည့်တော်ရဲ့မေးခွန်းများကို ကြိုးစားပြီးရှင်းလင်းစွာဖြေကြားပေးသည့်အတွက် ကျေးဇူးတင် ၀မ်းမြောက် သာဓုခေါ်မိပါတယ်ဘုရား။ တပည့်တော် နားလည်အောင် တဖြည်းဖြည်း နှစ်ကြိမ်လောက်ဖတ်ပြီးမှ စာပြန်လိုက်တာ ပါဘုရား။ ပထမမေးခွန်းက သိမ်မွေ့တော့ ဆရာတော့်အဖြေကို ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်နဲ့ပါ တွဲပြီး တစ်ခါတည်းရှင်းလင်းအောင် သဘောကျအောင် ဖတ်ပြီး မှတ်သားထားလိုက်ပါတယ်ဘုရား။
ဒုတိယမေးခွန်းရဲ့အဖြေကလည်း သဘောကျစရာကောင်းပါတယ်ဘုရား သို့သော် တပည့်တော်တွေးနေမိတာ တစ်ခုကို ဆရာတော်များ ထည့်ဖြေလာမလား ဆိုပြီး ကြိုမထည့်ပေးလိုက်တာပါဘုရား။ တပည့်တော်တွေးနေမိတာက အရိပ်ပမာဆိုတာ ပေါ့ပါးချမ်းသာတဲ့သဘောဆောင်တယ်လို့ ထင်သာတဲ့ အတွေးကို တွေးမိခဲ့ပါတယ် သို့သော်ထို့ထက် သိမ်မွေ့တဲ့ အနက်ဆောင်နေမလားလို့ပါ။ တပည့်တော်ဆိုလိုချင်တာက ကံတွေမှာ ပြုသူရဲ့ စေတနာပေါ်မူတည်ပြီး အကျိုးပေးမှု အတိုင်းအတာ အချိန်အခါဆိုတဲ့နေရာမှာ ဘယ်အခါမှအကျိုးမပေးတဲ့ကံ အကျိုးပေးခွင့်မရတဲ့ကံ (အဟော သိကံ) သဘောတရားကို ခရီးသွားဟာ ညဖက်အလင်းရောင်မရှိတဲ့အခါ အရိပ်မထင် သလိုမျိုး ဆိုချင်တာများ ပါနေမလားလို့ပါဘုရား။ မကောင်းမှုပြုတဲ့အခါ ပြုမိတဲ့အခါမှာကော အဟောသိကံ ရှိတာပါပဲလားဘုရား ရှိရင် ကောင်းမှုကံနဲ့ မကောင်းမှုကံမှာ အဟောသိကံဖြစ်မှု ဘယ်ဘက်မှာ ပိုများတယ်ဆိုတာကော မြတ်စွာဘုရား ဟောကြား ချက်တွေမှာရှိပါသလားဘုရား။ မကောင်းမှုပြုနေကြပေမယ့် မကောင်းကျိုးမခံစားကြသေးတဲ့သူတွေကိုလည်း လက်တွေ့မှာ မြင်နေရလို့မေးကြည့်တာပါဘုရား။
မေးခွန်းလေးတွေထဲမှာ ဆွေးနွေးစရာတွေကတော့ ဆက်ပြီးပါတတ်စမြဲပါပဲ။ ဒုတိယအဖြေနေရာမှာ ဥပမာလေး တွေက အရိပ်မရှိတဲ့ညအခါမှာ ကုသိုလ်အကျိုးပေးကိုနားလည်ရရင် အဟောသိကံကိုများဆိုလိုနေမလားဆိုတဲ့ အတွေးမျိုး စာရေးသူမှာလဲ ပေါ်ခဲ့သေးတယ်၊ အလင်းမရှိရင် အရိပ်က မရှိပဲကိုး၊ အဋ္ဌကထာဆရာကတော့ အလင်းသဘောထက် ဆက်စပ်မှုသဘောကို ပိုပြီး အလေးပေး ထားပါတယ်၊ အဟောသိကံကို မရည်ရွယ်ဖူးလို့ ဆိုချင်တာပါ၊ အရိပ်ဟာ ကိုယ်နဲ့ ဆက်စပ်နေသောကြောင့် မလာပါနဲ့၊ မသွားပါနဲ့၊ နေရစ်ခဲ့ပါလို့၊ အရိပ်ကိုပြောလို့၊ နှင်ထုတ်လို့ မရနိုင်၊ မဖြစ်နိုင်သလို ပါပဲ ကုသိုလ်ကို ပြုပြီးတဲ့ အခါမှာ၊ ကောင်းကျိုးတွေကို မလာနဲ့၊ တော်ပါပြီလို့ ငြင်းပယ်လို့ မရပါဘူး။ ချမ်းသာသူများ ဆက်တိုက် ချမ်းသာ နေသလိုမျိုးပေါ့။ ရှေးကကုသိုလ်ကံတွေကြောင့်ချမ်းသာနေကြတာပါ၊ အခုလုပ်မိတဲ့ အကုသိုလ်အလုပ်တွေဟာ ရှေးကံတွေကြောင့် အလွန်ချမ်းသာ နေကြတာပါ၊ အကုသိုလ်လုပ်နေတဲ့ သူတွေအများကြီးပါ လူတိုင်း ချမ်းသာကြတာမှ မဟုတ်တာနော်၊ တစ်ချို့က အခုချမ်းသာတာကို ကြည့်ပြီး အကုသိုလ်အလုပ်နဲ့ အကျိုးပေးတာကို အခုကံကြောင့် လို့ ထင်တတ်ကြတယ်၊ အခုအလုပ် အပေါ်မှာ ရှေးက ကုသိုလ်ကံရဲ့ အဟုန်ကြောင့်လို နားလည်ကြရမယ်၊ ဒီအလုပ်ဟာလဲ နောက်ကို ကောင်း၊ မကောင်းသတ္တိတွေ ဆက်ပြီး လိုက်ကြပါမယ်၊ အခုဘ၀မှာ ကောင်းတာ လုပ်မိဖို့ လိုတယ်လေ၊ အဟောသိကံ အယူအဆနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးရရင် ကုသိုလ်ဖြစ်ဖြစ်၊ အကုသိုလ်ဖြစ်ဖြစ် ဆောင်ရွက်ကြရင် စေတနာ ပါတတ်ကြတာ များပါတယ်၊ စေတနာမပါပဲ ဆောင်ရွက်ရတာ နဲပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကိုယ်ကြိုက်လို့ ကိုယ်လုပ်တာတွေ များလို့ပါပဲ၊ အခြေအနေအရ ဆောင်ရွက်ကြပြန်တော့လဲ၊ နောက်တော့ စိတ်ပြောင်းပြီး စေတနာဟာ ပါသွားတတ်ကြတာကလား၊ ဒီလိုဖြစ်ကြရတာဟာ လူတွေမှာ စိတ်ဓာတ်ခွန်အား နည်းတတ်ကြလို့ပါ၊ ဒီတော့ အဟောသိကံ ဆိုတာ နည်းတယ်လို့ ဆိုသင့်ပါတယ်၊ အရိပ်ရဲ့ ဥပမာဟာလဲ ဒါကို ရည်ရွယ်လိုခြင်းထက် တိုက်ရိုက်အကျိုးကို ရည်ရွယ်ပါတယ်။ အဟောသိကံကို ရည်ရွယ်တယ်ဆိုရင် ကုသိုလ်၊ အကုသိုလ်နဲ့ပါ ဆိုင်နေပြီး ယခု ဟောကြားတဲ့ ဥပမာပေးမှုဟာ ကုသိုလ်နေရာမှာ ဖြစ်နေလို့ပါဟု ဆွေးနွေးပါရစေ၊ အဟောသိကံဆိုတာ စေတနာဆိုး မပါဘဲ အမှုမဲ့အမှတ်မဲ့ပြုမိသော အကုသိုလ်နှင့် စေတနာကောင်းများစွာ မထားပဲ လုပ်မိသော ကုသိုလ် လုပ်ငန်းများကို ဆိုလိုပါသည်။ မသိပဲပြုမိလုပ်သော ကုသိုလ်၊ အကုသိုလ်ကံတို့တွင်လည်း စေတနာအနေနှင့် ပါဝင်သည်သာ၊ အစွမ်း ထက်မြက်၊ မထက်မြက်သာ ကွဲပြားပါသည်။ သို့အတွက် အမှုမဲ့ အမှတ်မဲ့ စေတနာသည် အစွမ်းသတ္တိ ကင်းမဲ့နေသဖြင့် နောင်ဘ၀၊ ယခုဘ၀ အကျိုးပေးနိုင်ရန် မဖြစ်တော့ပေ။ ဥပမာ စေတနာမပါပဲ ပုရွက်ဆိတ်ကို နင်းမိသော အကုသိုလ်ကံမျိုး ဖြစ်သည်။ သူများလုပ်၍ အများနည်းတူ မကောင်းတတ်၍ ဆောင်ရွက်လိုက်ရသော စေတနာမဲ့ ကုသိုလ်မျိုးတွေလည်း အသိဥာဏ်နှင့် ယုံကြည်မှု မပါပါက အဟောသိကံ ဖြစ်နိုင်သည်သာ။
ဆရာတော်ကျန်းမာပါစေ
ရိုသေစွာဖြင့်တပည့်တော်ရွှေမာသန်း
Ewha Womans University
0 comments:
Post a Comment