* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, January 21, 2011

ဓမ္မစကြာတရားတော်ကြီး(အသံလွှင့်) - မဟာစည်ဆရာတော်ဘုရားကြီး

ဂုဏ်တော် ၉-ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်အား ရှိခိုးပါ၏။

(၁၃၁၉-ခုနှစ် ဝါဆိုလပြည့်နေ့ညတွင် ဟောတော်မူသည်။)

နိဒါန်း

ဒီကနေ့ဟာ (ဓမ္မစကြာတရားတော်ကြီးကို စတင်ပြီး ဟောခဲ့တဲ့ နေ့က စ၍ ရေတွက်လျှင် ၂၅၄၆-နှစ်မြောက်) ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါတယ်။
(မြန်မာနှစ် ၁၃၇၂ ခု၊ ခရစ်နှစ် ၂၀၁၁ ခု၊ ယခုအခါ၌ လွန်ခဲ့သောနှစ်ပေါင်း ၂၅၉၉-နှစ်က ဖြစ်၏။)

ဒါကြောင့် ဒီကနေ့ ဓမ္မစကြာအခါတော် အထိမ်းအမှတ်အဖြစ်ဖြင့် ဓမ္မစကြာတရားတော်ကြီးကို ဟောကြားမယ်။

ဒီတရားတော်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၄၆-နှစ်က ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် စတင်ပြီး ဟောကြားတော်မူခဲ့ပါတယ်။

ဒီတရားတော်ကြီးကို ပါဠိဘာသာဖြင့် “ဓမ္မစက္ကပဝတ္တန”လို့ ခေါ်ပါတယ်။
“တရားစက်ဘီးကို စတင်ပြီး လည်စေတဲ့ တရားတော်”လို့ ဆိုလိုပါတယ်။

စတင် လည်စေပုံကို ထင်ရှား သိပြီး၊ ကြည်ညိုရအောင် ရှေးဦးစွာ ဒီတရားတော်ရဲ့ နိဒါန်း အကြောင်း အတ္ထုပ္ပတ္တိကို အကျဉ်းချုပ် ဖော်ပြပါဦးမယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ အလောင်းတော်ဟာ ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တစ်သိန်း ကာလပတ်လုံး ဗုဒ္ဓဘုရားဖြစ်ရန်အတွက် ပါရမီတွေကို ဖြည့်ကျင့် ဆည်းပူးခဲ့ပါတယ်။

ဒီလို ပါရမီဖြည့်လို့ ပြည့်စုံတဲ့အခါ နောက်ဆုံးဘဝမှာ လွန်ခဲ့တဲ့ ၂၅၈၁-နှစ်က ကပိလဝတ်ပြည့်ရှင် ခမည်းတော်ဘုရင် သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော် မာယာဒေဝီတို့ရဲ့ သားတော် “သိဒ္ဓတ္ထ”မည်တဲ့ မင်းသား ဖြစ်ခဲ့ပါတယ်။

ထိုစဉ်ကာလက ကပိလဝတ် ခေါ်တဲ့ တိုင်းပြည်ရဲ့ တည်နေရာ ဒေသကတော့ ယခုခေတ်အခါမှာ အိန္ဒိယပြည်၏ မြောက်ဘက် နယ်စပ် နီပေါပြည်နယ်ထဲမှာ တည်ရှိနေပါတယ်။

ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားကလေး ၁၆-နှစ် အရွယ်ရောက်သောအခါမှာ မယ်တော် ခမည်းတော်များက ယသော်ဓရာ ခေါ်တဲ့ မင်းသမီးကလေးနှင့် လက်ထပ် ထိမ်းမြားပြီး အင်မတန် ကြီးကျယ်တဲ့ ထီးနန်းစည်းစိမ်ကို ခံစားစေခဲ့ပါတယ်။

အသက်တော် ၂၉-နှစ် အရွယ်သို့ ရောက်တဲ့အခါမှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဆိုတဲ့ နိမိတ်ကြီး လေးပါးကို တွေ့မြင်ရတဲ့အတွက် အိုတတ်၊ နာတတ်၊ သေတတ်တဲ့ လောကကြီးကို အရွံကြီး ရွံမုန်း စက်ဆုပ်ပြီး အလွန်ပင် သံဝေဂတရား ရတော်မူခဲ့ပါတယ်။

ဒါကြောင့် လူ့ဘောင်မှ ထွက်ခွာပြီး ရဟန်းပြုကာ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းတဲ့ နိဗ္ဗာန်တရားကို ရှာမှီးတော်မူခဲ့ပါတယ်။

ဥရုဝေလတောအရပ်မှာ “ဒုက္ကရစရိယာ” ခေါ်တဲ့ အကျင့်များကိုလည်း ကျင့်သုံးနေခဲ့ပါတယ်။

ဒုက္ကရစရိယာအကျင့်

ကျင့်သုံးပုံကတော့ ထွက်သက် ဝင်သက်များကို လုံးဝ မထွက်ရ မဝင်ရအောင် အောင့်ချုပ်ပြီးတော့လည်း ကျင့်ခဲ့ပါတယ်။

သို့ပေမယ့် ဒီလိုကျင့်တဲ့အတွက် ဘယ်လို အကျိုးထူးကိုမျှ မရခဲ့ပါဘူး။ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ရှိခဲ့ပါတယ်။

ပြီးတော့ အစာကိုလည်း ဖြတ်တောက်ပြီးတော့ ခြိုးခြံစွာ ကျင့်ခဲ့ပါတယ်။ တစ်နေ့လျှင် ပဲပြုတ်ရည် လက်တစ်ဆွမ်းမျှကိုသာ သုံးဆောင်ပြီးတော့လည်း နေခဲ့ပါတယ်။
ဒီလို အစာကို ဖြတ်တောက်ပြီး ကျင့်တဲ့အတွက်လည်း ဘာအကျိုးထူးကိုမျှ မရခဲ့ပါဘူး။ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ရှိခဲ့ပါတယ်။

ဒီလို ကိုယ်ပင်ပန်းအောင် ကျင့်ရတဲ့ အကျင့်မျိုးတွေကတော့ ထိုစဉ်ကာလက အိန္ဒိယနိုင်ငံတဝှန်းလုံးမှာ အကျင့်ကောင်းအနေနဲ့ ခေတ်စားနေတဲ့ “အတ္တကိလမထာနုယောဂ” အကျင့်တွေပါပဲ။
ယခုလည်း ဒီအကျင့်မျိုးတွေဟာ အချို့ဘာသာဝင်တွေထဲမှာ ခေတ်စားနေတုန်းပါပဲ။

ဘုရားအလောင်းတော်မှာ ဒီလို ၆-နှစ်တိုင်တိုင် ကျင့်လို့ ဘာမျှ အကျိုးထူး မပေါ်တဲ့အခါမှာ ဒုက္ကစရိယာအကျင့်တွေကို စွန့်လွှတ်လိုက်ပါတယ်။
အာနာပါနဈာန်ကို ပွားနိုင်စေရန်အတွက် ကာယဗလအင်အား ပြည့်စေရန် အစာအာဟာရကို ပြန်လည် သုံးဆောင်ခဲ့ပါတယ်။

ထိုစဉ်အခါက ပဉ္စဝဂ္ဂီ ခေါ်တဲ့ ပုဂ္ဂိုလ်ငါးဦးဟာ ဘုရားအလောင်း ဘုရားဖြစ်တဲ့အခါ တရားဦးနာရန် ရည်ရွယ်ပြီး ဘုရားအလောင်းထံမှာ ဝတ်ကြီးဝတ်ငယ် ပြုစုနေကြပါတယ်။

ဘုရားအလောင်း အစာအာဟာရ ပြန်လည် သုံးဆောင်တာကို မြင်ရတော့ “ပဓာန”အလုပ်က ထွက်တယ်၊ ဘုရား မဖြစ်နိုင်တော့ဘူးလို့ အထင်မှားပြီးတော့ သူတို့က ဘုရားအလောင်းအပေါ်မှာ မြှော်လင့်ချက် မရှိဘဲ ဖြစ်သွားကြပါတယ်။

ဒါကြောင့် ပဉ္စဝဂ္ဂီငါးဦးဟာ ဘုရားအလောင်းကို စွန့်ပစ်ခဲ့ပြီး ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ သွားရောက် နေထိုင်ကြပါတယ်။

ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခြင်း

ဘုရားအလောင်းတော်လည်း အစာအာဟာရ သုံးဆောင်လို့ ကာယဗလ အားရှိတဲ့အခါမှာ “အာနာပါနဈာန်”များကို ဖြစ်ပွားစေပါတယ်။

ထို့နောက် ယခု ဗုဒ္ဓဂယာ ခေါ်တဲ့ နေရာတွင် “ဗောဓိညောင်ပင်ကြီး”အောက်မှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကာ အကြောင်းအကျိုး အဆက်ဆက် ပဋိစ္စသမုပ္ပါဒ်တရားများကို ဆင်ခြင်ပြီးတော့ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ အဖြစ်အပျက်ကို ဝိပဿနာရှုသဖြင့် သစ္စာလေးပါး တရားအလုံးစုံကို အကုန်သိမြင်တော်မူတဲ့ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။

ဒီလို ဘုရားဖြစ်တော်မူပြီးတဲ့နောက် ဝိမုတ္တိသုခ ခေါ်တဲ့ ဖလသမာပတ်ချမ်းသာကို ခံစားတော်မူကာ ၇-ပါးသော ဌာနတို့၌ ၇-ရက်စီ အားလုံးပေါင်း ၄၉-ရက် သီတင်းသုံး နေတော်မူခဲ့ပါတယ်။

တရားဦးဟောရန် ကြွချီတော်မူခြင်း

ဒီလို နေတော်မူပြီးတဲ့အခါမှာ တရားဦးဟောရန်အတွက် ပဉ္စဝဂ္ဂီတို့၏နေရာ မိဂဒါဝုန်တောသို့ ကြွချီတော်မူခဲ့ပါတယ်။
ဗုဒ္ဓဂယာမှ မိဂဒါဝုန်တောအထိ ၁၈-ယူဇနာ ဝေးကွာတယ်လို့ အဋ္ဌကထာများမှာ ပြဆိုထားပါတယ်။ ယခုခေတ် ရထားလမ်းမိုင်အားဖြင့်ဆိုလျှင် ၁၄၂-မိုင် ရှိတယ်လို့ ဆိုထားပါတယ်။

ပဉ္စဝဂ္ဂီတို့၏နေရာသို့ ရောက်တဲ့အခါ အသင့်ခင်းထားတဲ့ နေရာမှာ ထိုင်နေတော်မူပါတယ်။
ဒီလို ထိုင်နေတဲ့အခါမှာ ပဉ္စဝဂ္ဂီတို့က ဘုရားဖြစ်လာမှန်း မသိကြသေးတဲ့အတွက် “ငါ့ရှင် ဂေါတမ၊ ငါ့ရှင် ဂေါတမ”လို့ ရှေးကလိုပင် ပြောနေကျအတိုင်း မရိုမသေ သူငယ်ချင်းပြော ပြောဆိုနေကြပါတယ်။

တရားနာရန် ညွှန်ကြားခြင်း

ဒါကြောင့် မြတ်စွာဘုရားက မိမိဟာ ဘုရားအစစ်ဖြစ်လာတဲ့အကြောင်းကို ထုတ်ဖော်ပြီး ဒဲ့ဒိုးပဲ မိန့်ကြားတော်မူရပါတယ်။

မိန့်ကြားပုံကတော့ - ပဉ္စဝဂ္ဂီရဟန်းတို့၊ ရှေးဘုရားတို့နှင့် အလားတူဖြစ်တဲ့ ငါဘုရားကို ငါ့ရှင်ဟူ၍ မခေါ်ကြနဲ့။ ဂေါတမဟူ၍လည်း အမည်ထုတ်ပြီး မခေါ်ကြနဲ့။ ရဟန်းတို့ - ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်တဲ့၊ တရားအလုံးစုံကို ကိုယ်ပိုင်ဉာဏ်ဖြင့် မှန်ကန်စွာ သိတဲ့ ရှေးဘုရားတို့နှင့် အလားတူဖြစ်တဲ့ ဘုရားစင်စစ် ဖြစ်လာပြီ။ နားစိုက်ကြလော့ ... “သေခြင်းကင်းတဲ့ အမြိုက်နိဗ္ဗာန်”ကို ငါသိလာပြီ။ သင်တို့အား ငါ သွန်သင် ညွှန်ပြပေးမည်။ တရားတော်ကို ငါဟောမည်။ သွန်သင်ညွှန်ပြတဲ့အတိုင်း လိုက်နာ၍ ကျင့်သုံးကြမယ်ဆိုလျှင် သင်တို့ဟာ ရဟန်းပြုခြင်းရဲ့ ရည်မှန်းချက် အကျိုးလည်းဖြစ်၊ အကျင့်မြတ်ရဲ့ အဆုံးပန်းတိုင်လည်းဖြစ်တဲ့ အမြင့်ဆုံးတရားကို ယခုဘဝ မကြာခင်အတွင်းမှာပဲ သင်တို့ကိုယ်တိုင်ပင် မျက်မှောက်တွေ့ပြီး နေကြရပါလိမ့်မယ်လို့ ဒီလို ရဲရဲကြီး ဝန်ခံချက်ပေးပြီး မိန့်ကြားတော်မူပါတယ်။

ဒီလို မြတ်စွာဘုရားက တည့်တည့်ကြီး ပြောပြပေမယ်လို့ ပဉ္စဝဂ္ဂီငါးဦးတို့က မရိပ်မိကြသေးဘူး။
ဒါကြောင့် သူတို့က ဒီလို ပြန်လှန်ပြီး ကန့်ကွက် ပြောဆိုကြပြန်တယ်။

“ငါ့ရှင်ဂေါတမ - သင်ဟာ ဟိုတုန်းက အစာကို ဖြတ်ပြီး ဒုက္ကရစရိယာအကျင့်ကို ကျင့်နေတာတောင်မှ ပကတိလူသာမန်တရားထက် သာလွန် ထူးမြတ်တဲ့ အရိယာဉာဏ်အမြင် တရားထူးကို မရခဲ့ဘူး မဟုတ်လား။ ဒီတော့ ယခုလို ပဓာနလုပ်ငန်းက ထွက်ပြီး ပစ္စည်းများအောင် အားထုတ်နေတဲ့အခါမှာ အရိယာအမြင် တရားထူးကို ဘယ်မှာ ရနိုင်ပါ့မလဲ”လို့ ဒီလို ကန့်ကွက် ပြောဆိုကြပြန်တယ်။

ဒီတော့ မြတ်စွာဘုရားက မိမိဟာ ဘုရားအစစ်ဖြစ်လာတဲ့အကြောင်းကို သုံးကြိမ်တိုင်တိုင် ထပ်မံပြီး မဟာကရုဏာတော်ဖြင့် မိန့်ကြားတော်မူပါတယ်။
ပဉ္စဝဂ္ဂီတို့ကလည်း သုံးကြိမ်စလုံးပဲ ကန့်ကွက်နေကြပြန်ပါတယ်။

ဒီတော့ မြတ်စွာဘုရားက သတိပေးတဲ့အနေနဲ့ “ပဉ္စဝဂ္ဂီတို့ စဉ်းစားကြလော့။ ရှေးအခါက ငါဒီလိုပြေားဖူးတာကို သင်တို့ ကြားဖူးပါသလား”လို့ မေးတော်မူလိုက်တယ်။
ဒီတော့မှ ပဉ္စဝဂ္ဂီတို့က သတိရသွားကြတယ်။

“ဟို ဒုက္ကရစရိယာအကျင့်ကို ကျင့်နေတုန်းကတော့ ဘုရားမဖြစ်သေးလို့ ဘာမျှ မပြောခဲ့ပေဘူး။ ယခုပြောတာကတော့ တကယ့်ကို ဘုရားဖြစ်လာလို့ ပြောတာ ဟုတ်ပေလိမ့်မယ်”လို့ သဘောပေါက်ပြီးတော့ “ဟိုတုန်းက ဒီလို မပြောခဲ့ဖူးကြောင်း” ပြန်ကြား လျှောက်ထားကြပါတယ်။

ဆက်လက်ပြီး မိန့်ကြားမယ့် တရားကို နာကြားရန်လည်း ရိုရိုသေသေ နားစိုက်နေကြပါတယ်။

ထိုအခါမှာ မြတ်စွာဘုရားက ဓမ္မစကြာတရားတော်ကြီးကို ဒီလို စတင်ပြီး ဟောကြားတော်မူပါတယ်။

၁ - အယုတ်တရား နှစ်ပါး

ရဟန်းတို့ - ရှင်ရဟန်းဖြစ်တဲ့ သူဟာ ဤအဖို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မမှီဝဲအပ်ဘူး။

ဘယ်ဟာနှစ်ပါးကိုလည်း ဆိုလျှင် ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ ကိလေသာ ကာမချမ်းသာကို ခံစားနေတာလည်း ပဌမလမ်းမှား အဖို့တစ်ပါး ဖြစ်ပေသည်။

ဒီ ကာမချမ်းသာကို သာယာခံစားမှုဟာ ယုတ်ညံ့ပါသည်။
ရွာသူရွာသားတို့ရဲ့ အလေ့အလာ ဖြစ်ပါသည်။
အရိယာသူမြတ်တို့ရဲ့ အကျင့်မဟုတ်ပါ။
သေခြင်းကင်းရန်အတွက် အကျိုးစီးပွား အစစ်အမှန်ဖြစ်တဲ့ သီလ သမာဓိ ပညာတို့နှင့်လည်း ဘာမျှ မသက်ဆိုင်ပါ။

ထို့ပြင် သပ္ပါယဖြစ်တဲ့ အစားအစာ, အဝတ်အရုံ, ဥတု, ဣရိယာပုတ်များကိုတောင်မှ မမှီဝဲတော့ဘဲ ကိုယ်ပင်ပန်းအောင် အားထုတ်တဲ့ အကျင့်ကလည်း ဒုတိယလမ်းမှား အဖို့တစ်ပါး ဖြစ်ပေသည်။

ဒီကိုယ်ပင်ပန်းအောင် ကျင့်မှုဟာလည်း ပင်ပန်းဆင်းရဲရုံမျှသာ ရှိပါသည်။
အရိယာသူမြတ်တို့၏ အကျင့်ကောင်းကား မဟုတ်ပါ။
အကျိုးစီးပွား အစစ်အမှန်ဖြစ်တဲ့ သီလ သမာဓိ ပညာတို့နှင့်လည်း ဘာမျှ မသက်ဆိုင်ပါ။

၂ - မဇ္ဈိမပဋိပဒါ အလယ်လမ်း အကျင့်တရား

ရဟန်းတို့ - ငါဘုရားသည် အဲဒီ အဖို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မချဉ်းမကပ်ဘဲ ရှောင်ကြဉ်ပြီးလျှင် အလယ်လမ်းအကျင့်ကို သိမြင်လာပြီး၊ ငါသိလာတဲ့ ဒီအလယ်လမ်း အကျင့်ဟာ ပညာမျက်စိကိုလည်း ပွင့်လင်းစေပါသည်။
အသိဉာဏ်ကိုလည်း ဖြစ်ထွန်းစေပါသည်။
ကိလေသာငြိမ်းဖို့ အထူးသိဖို့ ထိုးထွင်းသိဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့လည်း ဖြစ်ပါပေသည်။

ရဟန်းတို့ - ငါသိလာပြီဆိုတဲ့ ထိုအလယ်လမ်းအကျင့်က ဘယ်ဟာလဲဆိုလျှင် အင်္ဂါရှစ်ပါးရှိတဲ့ ဤအရိယာမဂ်လမ်းပင် ဖြစ်ပေသည်။

အင်္ဂါရှစ်ပါးဟူသည်မှာ -
(၁) သမ္မာဒိဋ္ဌိ - မှန်စွာ သိမြင်ခြင်း၊
(၂) သမ္မာသင်္ကပ္ပ - မှန်စွာ ကြံခြင်း၊
(၃) သမ္မာဝါစာ - မှန်စွာ ပြောဆိုခြင်း၊
(၄) သမ္မာကမ္မန္တ - မှန်စွာ ပြုလုပ်ခြင်း၊
(၅) သမ္မာအာဇီဝ - မှန်စွာ အသက်မွေးခြင်း၊
(၆) သမ္မာဝါယာမ - မှန်စွာ အားထုတ်ခြင်း၊
(၇) သမ္မာသတိ - မှန်စွာ အမှတ်ရခြင်း၊
(၈) သမ္မာသမာဓိ - မှန်စွာ စူးစိုက် တည်ကြည်ခြင်း ဆိုတဲ့ ဤရှစ်ပါးပင် ဖြစ်ပေသည်။

ရဟန်းတို့ - ငါဘုရားသိလာတဲ့ “ဤမဂ္ဂင်ရှစ်ရပ် အလယ်လမ်း အကျင့်မြတ်”သည် ပညာမျက်စိကိုလည်း ပွင့်လင်းစေပါသည်။
အသိဉာဏ်ကိုလည်း ဖြစ်ထွန်းစေပါသည်။
ကိလေသာငြိမ်းဖို့ အထူးသိဖို့ ထိုးထွင်းသိဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့လည်း ဖြစ်ပါပေသည်။

အဓိပ္ပာယ်ဖော်ပြချက်

ဟော ... ဒီနေရာမှာတော့ မြတ်စွာဘုရားရဲ့ အလိုတော်ကို အနည်းငယ် ဖွင့်ပြီး ပြောရလိမ့်မယ်။

မြတ်စွာဘုရားဟာ အလောင်းတော်ဘဝက အသက်တော် ၂၉-နှစ်တိုင်အောင် ကာမသုခလ္လိကလမ်းကို လိုက်ခဲ့တယ်။
ဒုက္ကရစရိယာ ကျင့်နေတဲ့အခါမှာ အတ္တကိလမထလမ်းကို လိုက်ခဲ့တယ်။
နောက်ကာလမှာ ထိုလမ်းမှားနှစ်ခုလုံးကို ပယ်စွန့်ပြီး မဇ္ဈိမပဋိပဒါ ခေါ်တဲ့ အလယ်လမ်းမှန်အတိုင်း ကျင့်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်။

ဒါကို ရည်ပြီးတော့ “ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ” = “ငါဘုရားသည် အဲဒီအဖို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မချဉ်းမကပ်ဘဲ ရှောင်ကြည်ပြီးလျှင် အလယ်လမ်း အကျင့်ကို သိမြင်လာပြီ ရဟန်းတို့”ဟု ဟောတော်မူခဲ့ပါတယ်။

မြတ်စွာဘုရား သိလာတဲ့ မဇ္ဈိမပဋိပဒါ အလယ်လမ်းအကျင့်ဆိုတာဟာ မဂ္ဂင်ရှစ်ပါးပင် ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးထဲက “သမ္မာဒိဋ္ဌိ” တစ်ခုကို ပြောလိုက်လျှင် သူရဲ့နောက်ပါ အခြံအရံဖြစ်တဲ့ အင်္ဂါ ၇-ပါးကိုလည်း ပြောပြီးသား ဖြစ်သွားပါတယ်။

ဒါကြောင့် သမ္မာဒိဋ္ဌိ တစ်ခုကိုပဲ အနည်းငယ် ထုတ်ဖော်ပြီး ပြောပြမယ်။

အဋ္ဌကထာများမှာ သမ္မာဒိဋ္ဌိ ၆-မျိုး ဝေဘန်ပြထားပါတယ်။
(၁) ကမ္မဿကတာသမ္မာဒိဋ္ဌိ
(၂) ဈာနသမ္မာဒိဋ္ဌိ
(၃) ဝိပဿနာသမ္မာဒိဋ္ဌိ
(၄) မဂ္ဂသမ္မာဒိဋ္ဌိ
(၅) ဖလသမ္မာဒိဋ္ဌိ
(၆) ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ ဆိုတဲ့ ဒီခြောက်ပါးပင် ဖြစ်ပါတယ်။

ဒီအထဲမှာ ဖလသမ္မာဒိဋ္ဌိနှင့် ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဆိုတာတွေကတော့ အရိယာမဂ်ရဲ့ အကျိုးတရားများ ဖြစ်နေတဲ့အတွက် ဒီမဇ္ဈိမပဋိပဒါ အကျင့်ထဲမှာ ထည့်သွင်းပြောဖို့ မလိုပါဘူး။
ကျန်တဲ့ ၄-ပါးကိုသာ ပြောဖို့ လိုပါတယ်။

အဲဒီ ၄-ပါးထဲမှာ “ကမ္မဿကတာသမ္မာဒိဋ္ဌိ”ဆိုတာ မိမိကိုယ်တိုင် ပြုထားတဲ့ ကောင်းမှုကံ၊ မကောင်းမှုကံ အားလျော်စွာ ကောင်းကျိုးဆိုးကျိုးကို ခံစားရတယ်လို့ ယုံကြည် သိမြင်တာကိုပဲ ဆိုလိုပါတယ်။

ဒီ ကံ, ကံ၏အကျိုးကို ယုံကြည် သိမြင်တဲ့ သမ္မာဒိဋ္ဌိဟာ အရေးကြီးပါတယ်။
ဒီသမ္မာဒိဋ္ဌိအယူရှိပါမှ ဒါန သီလ စသော ကောင်းမှုတွေ ကောင်းကောင်း ဖြစ်ပွားနိုင်ပါတယ်။
ဘာဝနာကို အားထုတ်ပြီး မဂ်ဖိုလ်ကိုလည်း ရနိုင်ပါတယ်။
ဒါကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်မှန်းပြီး ဒါန သီလစသော ကုသိုလ်ကို ပြုတိုင်း ပြုတိုင်း ဒီ ကမ္မဿကတာသမ္မာဒိဋ္ဌိဟာ သမ္မာသင်္ကပ္ပစသော သူ့အခြံအရံ မဂ္ဂင်များနှင့်တကွ ဖြစ်ပွားနေပါတယ်။
ဒီမဂ္ဂင်တရားများရဲ့ အစွမ်းကြောင့် အဲဒီ ဒါန သီလကုသိုလ်များက ယခုဘဝလို မဂ်ဖိုလ်ရနိုင်တဲ့ ဘဝကောင်းကို ပို့ပေးနိုင်ပါတယ်။
ဒါကြောင့် ဒီ “ကမ္မဿကတာသမ္မာဒိဋ္ဌိကိုလည်း နိဗ္ဗာန်ရောက်ကြောင်း တရား”လို့ မှတ်ယူရပါတယ်။

ရူပဈာန် အရူပဈာန်များမှာ ပါတဲ့ ဉာဏ်ပညာကို ဈာနသမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။
ဒီဈာနသမ္မာဒိဋ္ဌိဟာလည်း ဝိပဿနာရဲ့ အခြေခံဖြစ်လျှင် နိဗ္ဗာန်ရောက်ကြောင်းတရား ဖြစ်ပါတယ်။
ယခု ပြောခဲ့တဲ့အတိုင်း ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ဈာနသမ္မာဒိဋ္ဌိဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ အခြေခံတရားများ ဖြစ်နေတဲ့အတွက် ဒီသမ္မာဒိဋ္ဌိနှစ်ပါးကို “မူလမဂ္ဂင်”လို့ မှတ်ရပါတယ်။

ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာကတော့ ဝိပဿနာဉာဏ်ပါပဲ။
ဒီဝိပဿနာက ပြည့်စုံတဲ့အခါမှာ မဂ္ဂသမ္မာဒိဋ္ဌိ ခေါ်တဲ့ အရိယာမဂ်ဉာဏ် ဖြစ်ပေါ်လာပါတယ်။
ဒါကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိကို ပုဗ္ဗဘာဂမဂ္ဂင်လို့လည်း ခေါ်ရပါတယ်။
အရိယာမဂ်ရဲ့ ရှေ့သွားမဂ္ဂင်မို့ ရှေ့ပိုင်းမဂ္ဂင်လို့ ဆိုလိုပါတယ်။

ဝိပဿနာဆိုတာ ဒွါရ ၆-ပါးမှာ ထင်ပေါ်လာသမျှ ရုပ်နာမ်တွေကို ရှုမှတ်ပြီးတော့ အနိစ္စ ဒုက္ခ အနတ္တသဘောကို အမှန်အတိုင်း သိတဲ့ ဉာဏ်ပင် ဖြစ်ပါတယ်။
ဒါကြောင့် ဝိပဿနာဉာဏ်နဲ့ ဒီလို သဘောမှန်ကို သိနေလျှင် သာယာဖွယ် အာရုံနှင့် တွေ့ရသော်လည်း သာယာမှု ရာဂ မဖြစ်တော့ဘဲ ငြိမ်းနေပါတယ်။
ဒီလို သာယာမှု ငြိမ်းနေတဲ့အတွက် သုံးဆောင်သင့်တဲ့ ဆွမ်း သင်္ကန်း စသည်တို့ကို သုံးဆောင်သော်လည်း ကာမချမ်းသာကို သာယာ ခံစားတဲ့ ကာမသုခလ္လိကာနုယောဂလည်း မဖြစ်ဘူး။
လုံးလုံး မသုံးဆောင်ဘဲ နေတာ မဟုတ်လို့ ကိုယ်ပင်ပန်းအောင် ကျင့်တဲ့ အတ္တကိလမထာနုယောဂလည်း မဖြစ်ဘူး။

ဒါကြောင့် ကိုယ်မပင်ပန်းရအောင် သုံးဆောင်သင့်တဲ့ ဆွမ်း သင်္ကန်း စသည်ကိုလည်း သုံးဆောင်ရမယ်။
သုံးဆောင်တဲ့အခါမှာလည်း ကိလေသာ မဖြစ်ရအောင် ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ ရှုရှုပြီး သုံးဆောင်ရမယ်ဆိုတဲ့ ဒီအကျင့်လမ်းဟာ အတ္တကိလမထလမ်းလို တင်းလွန်းတာလည်း မဟုတ်ဘူး။ ကာမသုခလ္လိကလမ်းလို လျော့လွန်းတာလည်း မဟုတ်ဘူး။
ဒီလို မလျော့လွန်း မတင်းလွန်း အလယ်အလတ် ဖြစ်နေတဲ့အတွက် မဇ္ဈိမပဋိပဒါလမ်းလို့ ခေါ်ရပါတယ်။
ဒီ မဇ္ဈိမပဋိပဒါ နည်းလမ်းအရ ဒွါရ ၆-ပါးမှာ ပေါ်လာသမျှ အာရုံတွေကို ရှုရှုနေလျှင် ရှုတိုင်း ရှုတိုင်း သမ္မာဒိဋ္ဌိမဂ္ဂင်ဟာ သူ့အခြံအရံ မဂ္ဂင်များနှင့်တကွ ဖြစ်ပွားနေပါတယ်။
ဒီလို ဖြစ်ပွားလို့ ဝိပဿနာမဂ္ဂင်က ပြည့်စုံတဲ့အခါမှာ အရိယာမဂ္ဂင်များ ဖြစ်ပေါ်ပြီး သေခြင်းကင်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်တွေ့ကာ သစ္စာလေးပါးကို သိမြင်ရပါတယ်။
ဒါကြောင့် ဒီမဇ္စိမပဋိပဒါ အကျင့်ဖြင့် ကိုယ်တော်တိုင် သိမြင်လာခဲ့တဲ့ သစ္စာလေးပါးကို ဒီလို ထုတ်ဖော်ပြီး ဟောတော်မူပါတယ်။

၃- ဒုက္ခသစ္စာ

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲအမှန် ဖြစ်ပေသည်။

ဘဝသစ်ဖြစ်ခြင်းလည်း ဆင်းရဲပင်၊
အိုခြင်းလည်း ဆင်းရဲပင်၊
နာခြင်းလည်း ဆင်းရဲပင်၊
သေခြင်းလည်း ဆင်းရဲပင်၊
မချစ်မနှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရခြင်းလည်း ဆင်းရဲပင်၊
ချစ်ခင်နှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် ကွဲကွာရခြင်းလည်း ဆင်းရဲပင်၊
အလိုရှိတာကို မရခြင်း, မရနိုင်တာကို လိုချင်ခြင်းသည်လည်း ဆင်းရဲပင်၊
အကျဉ်းချုပ်အားဖြင့်ဆိုလျှင် ငါ, ငါ့ဥစ္စာဟု ထင်မှတ် စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်များသည် ဆင်းရဲချည်းပင် ဖြစ်သည်။

၎ - သမုဒယသစ္စာ

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း အမှန် ဖြစ်ပေသည်။

အကြင် တဏှာသည် တဖန် ဘဝသစ်ကို ဖြစ်ပေါ်စေတတ်၏။
နှစ်သက် တပ်စွဲခြင်း သဘောရှိ၏။
ထိုထို ရရာအာရုံ ရရာဘဝတို့၌ နှစ်သက်ပျော်မွေ့လျက် ရှိ၏။
ထိုတဏှာမှာ သရုပ်အားဖြင့် -
ကာမဂုဏ်၌ တပ်မက်သော တဏှာ၊
ဘဝ၌ တပ်မက်သော တဏှာ၊
သူ့အလိုလို ဘဝပြတ်ခြင်း၌ တပ်မက်သော တဏှာ ဟူ၍ ၃-ပါး အပြား ရှိ၏။

ဤတဏှာသည် ဆင်းရဲဖြစ်ပွားကြောင်း အမှန် ဖြစ်ပေသည်။

၅ - နိရောဓသစ္စာ

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာအမှန် ဖြစ်ပေသည်။

၎င်းမှာ ယင်း တဏှာ ၃-ပါး၏ အကြွင်းမဲ့ ပျက်ပြယ် ချုပ်ငြိမ်းသွားခြင်း၊ ယင်းတဏှာကို စွန့်ခြင်း၊ လွတ်ထွက် စွန့်ခြင်း၊ ယင်းတဏှာမှ လွတ်မြောက်ခြင်း၊ ယင်းတဏှာဖြင့် မငြိတွယ်ခြင်းပင် ဖြစ်ပေသည်။

၆ - မဂ္ဂသစ္စာ

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အကျင့် လမ်းမှန်အစစ် ဖြစ်ပေသည်။

၎င်းမှာ အင်္ဂါရှစ်ပါးရှိတဲ့ ဤအရိယာမဂ်ပင် ဖြစ်ပေသည်။
အင်္ဂါရှစ်ပါးမှာ -
(၁) မှန်စွာ သိမြင်ခြင်း၊
(၂) မှန်စွာ ကြံခြင်း၊
(၃) မှန်စွာ ပြောဆိုခြင်း၊
(၄) မှန်စွာ ပြုလုပ်ခြင်း၊
(၅) မှန်စွာ အသက်မွေးခြင်း၊
(၆) မှန်စွာ အားထုတ်ခြင်း၊
(၇) မှန်စွာ အမှတ်ရခြင်း၊
(၈) မှန်စွာ စူးစိုက် တည်ကြည်ခြင်းတို့ပင် ဖြစ်သည်။

အဓိပ္ပာယ်ဖော်ပြချက်

ယခု ပြောပြခဲ့တဲ့ စကားရပ်များဖြင့် ကိုယ်တော်တိုင် သိမြင်လာတဲ့ သစ္စာလေးပါးကို ဖော်ပြပါတယ်။

ဒီလို သိရာမှာ သစ္စာလေးပါးရဲ့ သဘောသဘာဝ အသီးသီးကို သိတဲ့ သစ္စဉာဏ်က ၄-ပါး၊ ပြုသင့်တဲ့ကိစ္စ ၄-ပါးကို သိတဲ့ ကိစ္စဉာဏ်က ၄-ပါး၊ ကိစ္စ ၄-ပါးလုံး ပြီးစီးကြောင်းကို ပြန်လှည့် ဆင်ခြင်တဲ့ ကတဉာဏ်က ၄-ပါးအားဖြင့် ဉာဏ် ၁၂-ပါး ပါဝင်နေပါတယ်။

အဲဒီဉာဏ် ၁၂-ပါး ဖြစ်ပုံကို ဒီလို ဆက်လက်ပြီး ဟောသွားပြန်ပါတယ်။

၇ - ဒုက္ခသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၈ - ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန်တရားကို ပိုင်းခြား၍ သိသင့်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၉ - ဒုက္ခသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန်တရားကို ပိုင်းခြား၍ သိပြီးပြီ”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၀ - သမုဒယသစ္စာ၌ သစ္စဉာဏ်

“ဤအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း တရားမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၁ - သမုဒယသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း တရားမှန်ကို ပယ်သင့်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၂ - သမုဒယသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း တရားမှန်ကို ပယ်ပြီးပြီ”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၃ - နိရောဓသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၄ - နိရောဓသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန်ကို မျက်မှောက်ပြုသင့်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၅ - နိရောဓသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန်ကို မျက်မှောက်ပြုပြီးပြီ”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၆ - မဂ္ဂသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၇ - မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်

“ထိုဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန်ကို မိမိသန္တာန်၌ ဖြစ်ပွားစေသင့်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၈ - မဂ္ဂသစ္စာ၌ ကတဉာဏ်

“ထိုဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန်ကို မိမိသန္တာန်၌ ပွားစေပြီးပြီ”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ -

ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ၊
အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
အပြားအားဖြင့် သိတဲ့ ပညာ ဖြစ်ပေါ်ခဲ့ပြီ၊
ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊
ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၉ - ရှေးက ဘုရားဖြစ်ကြောင်း ဝန်မခံခဲ့ပုံ

ရဟန်းတို့ - ဤအရိယသစ္စာ ၄-ပါး၌ ယခု ပြောခဲ့ပြီးတဲ့အတိုင်း အပြန် ၃-ပါး၊ အခြင်းအရာ ၁၂-ပါး ရှိတဲ့ ယထာဘူတဉာဏ်အမြင် ငါ့မှာ ကောင်းကောင်း မစင်ကြယ်သေးသမျှ ကာလပတ်လုံး “အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိဉာဏ်=ဘုရားဉာဏ်ကို ငါရပြီ၊ ငါဘုရားဖြစ်ပြီ”ဟု ဝန်မခံခဲ့သေးပါ ရဟန်းတို့။

၂၀ - ယခုမှ ဘုရားဖြစ်ကြောင်း ဝန်ခံပုံ

ရဟန်းတို့ - ငါ့မှာ ဤအရိယသစ္စာ ၄-ပါး၌ ယခုပြောခဲ့ပြီးတဲ့အတိုင်း အပြန် ၃-ပါး၊ အခြင်းအရာ ၁၂-ပါး ရှိတဲ့ ယထာဘူတဉာဏ်အမြင် ကောင်းစွာ သန့်ရှင်း စင်ကြယ်ပြီးတဲ့အခါကျမှသာလျှင် နတ်နှင့်တကွ မာရ်နတ်နှင့်တကွ ဗြဟ္မာနှင့်တကွဖြစ်သော လောကကြီးထဲ၌ ရဟန်း၊ ပုဏ္ဏားနှင့်တကွ နတ်လူတို့နှင့်တကွဖြစ်သော သတ္တဝါများထဲ၌ အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိ=ဘုရားဉာဏ်ကို ငါရပြီ၊ ငါဘုရားဖြစ်ပြီဟု ဝန်ခံခဲ့ပါသည် ရဟန်းတို့။

အနုသန္ဓေစကား

ဒီလို ဝန်ခံရာမှာလည်း ပစ္စဝေက္ခဏာဉာဏ်နဲ့ ဆင်ခြင်ပြီးတော့ အတိအကျ မှန်ကန်စွာ သိပြီး ဖြစ်ကြောင်းကို ထပ်လောင်းပြီး နိဂုံးချုပ်အနေနဲ့ ဒီလို မိန့်ကြားတော်မူပြန်ပါတယ်။

၂၁ - ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိပုံ

“ငါ၏ ကိလေသာမှ လွတ်မြောက်မှုဟာ တဒင်္ဂလွတ်ခြင်း, ဝိက္ခမ္ဘနလွတ်ခြင်း မဟုတ်ဘဲ သမုစ္ဆေဒလွတ်ခြင်း, ပဋိပဿဒ္ဓိလွတ်ခြင်း ဖြစ်၍ ဘယ်သောအခါမျှ မပျက်နိုင်တော့ပြီ။
ယခု လက်ရှိဘဝဟာ အဆုံးစွန်သောဘဝ ဖြစ်ပေသည်။
ယခုအခါ တဖန်ဖြစ်ပေါ်မည့် ဘဝသစ် ငါ့မှာ မရှိတော့ပြီ”ဟု ဆင်ခြင်ပြီး မှန်ကန်စွာ သိမြင်တဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင်လည်း ငါ့မှာ ဖြစ်ပေါ်ခဲ့ပြီ ရဟန်းတို့ဟု မိန့်တော်မူကာ ဓမ္မစကြာတရားဒေသနာတော်ကြီးကို အပြီးသတ် နိဂုံးချုပ်တော်မူခဲ့ပါသည်။

အရှင်ကောဏ္ဍည သောတာပန်ဖြစ်ပုံ (အကျိုးပြစကား)

ထိုစဉ်အခါက ဒီဓမ္မစကြာတရားတော်ကြီးကို ကြားနာရတဲ့အတွက် ဗြဟ္မာ ၁၈-ကုဋေနှင့် အတိုင်းမသိ များစွာသော နတ်များ မဂ်ဖိုလ်တရားထူးကို ရသွားကြပါတယ်။

လူသားဖြစ်တဲ့ ပဉ္စဝဂ္ဂီရဟန်းငါးဦးထဲက အရှင်ကောဏ္ဍညမှာ “ဖြစ်ပေါ်တဲ့ တရားဟူသမျှဟာ ချုပ်ဆုံးခြင်း သဘောရှိတာချည်းပဲ”လို့ သိမြင်တဲ့ တရားမျက်စိ ခေါ် “သောတာပတ္တိဉာဏ်” ဖြစ်ပေါ်ပြီး “သောတာပန်” ဖြစ်သွားပါတယ်။

မြတ်စွာဘုရား ဥဒါန်းကျူးပုံ

ဒီလို အရှင်ကောဏ္ဍညမှာ တရားမျက်စိပွင့်ပြီး သောတာပန်ဖြစ်သွားတာကို မြင်တော်မူတဲ့အတွက် မြတ်စွာဘုရားက “အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော” = “ကောဏ္ဍည သိသွားပေပြီ အချင်းတို့၊ ကောဏ္ဍည သိသွားပေပြီ အချင်းတို့”ဟု ပီတိ သောမနဿအစွမ်းဖြင့် ဥဒါန်းကျူးတော်မူခဲ့ပါတယ်။

ဧဟိဘိက္ခု ရဟန်းအဖြစ် ရပုံ

ထိုအခါမှ အရှင်ကောဏ္ဍညက မြတ်စွာဘုရားထံမှာ ရဟန်းအဖြစ်ကို လျှောက်တောင်းပါတယ်။

မြတ်စွာဘုရားက “ဧဟိ ဘိက္ခု သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာထ” = “လာလော့ ရဟန်း၊ တရားတော်မှာ ကောင်းမွန် မှန်ကန်စွာ ဟောထားတဲ့ သွာက္ခာတ တရားတော် ဖြစ်သည်။ အမှန်စင်စစ် ဆင်းရဲကုန်ဆုံးခြင်းကို ပြုနိုင်အောင် မြတ်သော အကျင့်ကို ကျင့်လှည့်ပါလော့”ဟု ခေါ်တော်မူကာ ဧဟိဘိက္ခု ရဟန်းအဖြစ်နဲ့ ရဟန်းပြုပေးတော်မူခဲ့ပါတယ်။

ကဲ ... တရားတော်ကို အဆုံးသတ်တော့မယ်။
ဒီဓမ္မစကြာတရားဒေသနာတော်မှာ ဖော်ပြထားတဲ့ မဂ္ဂင်ရှစ်တန် မဇ္ဈိမပဋိပဒါ အကျင့်လမ်းမှန်ကို မှန်ကန်စွာ ကျင့်နိုင်ကြ၍ အရိယသစ္စာလေးတန် တရားမှန်ကို အလျင်အမြန် သိမြင်ကြပါစေသတည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP