သက်တမ်းတိုးချိန်(၂)
Friday, 14 January 2011 08:58 | [IMG]/templates/ashinsirinda/images/PostAuthorIcon.png[/IMG]Written by မေတ္တာဥယျာဉ် | [LINK=/2009-07-18-17-32-10/dhamma-sarpay/724-2011-01-14-17-15-04.pdf]PDF [/LINK] | [LINK=/2009-07-18-17-32-10/dhamma-sarpay/724-2011-01-14-17-15-04.html?tmpl=component&print=1&page=]| Print |[/LINK] | [LINK=/component/mailto/?tmpl=component&link=aHR0cDovL2FzaGluc2lyaW5kYS5jb20vMjAwOS0wNy0xOC0xNy0zMi0xMC9kaGFtbWEtc2FycGF5LzcyNC0yMDExLTAxLTE0LTE3LTE1LTA0Lmh0bWw%3D] အီးမေးလ်[/LINK]
[IMG]/images/stories/Kan%20tun%20thit/Khan%20tun%20that%20%286%29.jpg[/IMG]သက်တမ်းတိုးချိန် ( ၂ )
ဆရာတော်ဦးဇာဂရ(စာရေးဆရာကံထွန်းသစ်)
အရင်ဆုံး သတိရလိုက်တာက ငါ့ဒကာတွေ ဘာများဖြစ်သွားလဲ၊ သူတို့နှစ်ယောက်ကို အနေထား မပျက်တွေရမှ ကိုယ်နာကျင်မှုကို သတိထား မိတယ်၊ နာကျင်စွာ ညည်းညူး နေခိုက် ဒိုင်း………။ အားကနဲ အော်လိုက်မိပြန်တယ်။ ပြင်းထန်တဲ့ မြည်ဟီးသံနဲ့ မိမိခန္ဓာကိုယ် တုန်လှုပ် မှုဟာ တစ်ထပ်ထည်း ကြလောက်တယ်။
မိမိတို့ ကား နောက်တစ်ခြမ်းလုံး ပွင့်ထွက်သွားတယ်၊ ဖြစ်ပုံက ………လမ်းချော်ပြီး ကန့် လန်ဖြတ်ဖြစ်နေတဲ့ မိမိတို့ ကားကို တစ်ခြား ကားတစ်စီးက ၀င်တိုက် လိုက်ခြင်းလေ၊ တိုက်သည့်နေရာက မိမိထိုင်တဲ့ တည့်တည့်၊ ဘုရားဘုရား အကြီးအကျယ် တုန်လှုပ်သွားမိတယ်၊ ဒီတစ်စီးထည်းနဲ့ ရပ်ပါ့မလား နောက်ထပ် ကားတွေများ…………..။
အဲဒီအချိန်မှာပဲ Are you ok? လို့ မေးသံကြားရတယ်၊ ဓာတ်ဆီဆိုင်မှာတွေ့ခဲ့တဲ့ စနိုးထိုးတဲ့ ကားမောင်သမားကြီး။ နောက်ပြီး ပုလိပ်တွေ၊ လမ်းကို ပိတ်လိုက်ကြတယ်၊ မိမိတို့ ကိုဝင်တိုက်တဲ့ ကားလည်း မိမိတို့ ကားနည်းတူ ရစရာမရှိအောင် ပျက်စီးသွားတယ်၊ အဲဒီကားသမားက ရဲကို ခေါ်လိုက်တာဖြစ်မယ်၊ ဘာပဲဖြစ်ဖြစ် လမ်းပိတ် ပေးလိုက်တာကိုက မိမိတို့ အတွက် ပိုလုံခြုံသွားတယ်၊ နို့ မိုရင် လမ်းအလယ်မှာ မတွေးဝံ့စရာ၊ နာကျင်တဲ့အပြင် အေးလွန်းလို့ ခြေတောက်တွေ လက်တွေ ကိုက်ခဲလာတယ်၊ စွပ်ထားတဲ့ ခြေအိပ်လက်အိပ်တွေကလည်း အအေးဒဏ် မကာကွယ်နိုင်။
ပုလိပ်တွေက မေးစရာမြန်စရာတွေ စစ်ဆေးပြီးတော့၊ “ ဒို့ ကို ဖို့ ဝိန်းကိုလိုက်ပို့ ပေးပါ ” လို့ ဒကာလေး ဝေမိုးအောင်က အကူအညီ တောင်းတော့ နောက်ထပ်( ၂ )နာရီလောက် သွားရအုံးမယ်၊ ဝေးသေးတယ်၊ မပို့ နိုင်တဲ့၊ အနီးဆုံး ဓာတ်ဆီဆိုင် ဒါမှမဟုတ် HOTEL ကို ပို့ ပေးမယ်၊ ပြီးမှ မင်းတို့ သူငယ်ချင်း ကို ဆက်သွယ်လို့ ပြောတယ်၊ ဒါကြောင့် ကားပျက်ထဲက ယူသင့်တာတွေ ယူပြီး ပုလိပ်ကားပေါ် ပြောင်းကြရ တယ်၊ ရဲဆွဲယူတော့မဲ့ ကားပျက် ( ၂ ) စီးကို ယှဉ်ကြည့်တော့မှ တို့ ဘော်ဒီမြင့်လို့ ပါလား သိလိုက်ပြီး နို့ မို့ ရင် ဘုရားဘုရား လို့ တမိရပြန်တယ်၊ ဖို့ ဝိန်းကို လှမ်းဆက်သွယ် တော့လည်း စနိုးမုန်တိုင်းကြောင့် လာလို့ မဖြစ် နိုင်တဲ့၊ ဒီတော့ အနီးဆုံး HOTEL ကို သွားကြရတယ်၊ HOTEL မှာပဲ ( ၁ )ညတာ တည်းခိုလိုက်ကြတယ်၊ ပုလိပ်က ဆိုင်ရာ စစ်ဆေးချက်တွေကို ပြုပြီးတဲ့နောက်မှ ( ၃ )ယောက်သား အနားယူနိုင်ကြတော့တယ်။
နံနက် ( ၅ ) နာရီ ( ၄၀ ) ရှိပြီ၊ ကုတင်ပေါ်မှာ အိပ်လို့ မပျော်၊ မိမိရဲ့ ကံကြမ္မာကို တွေးမိရင်း တစ်ဖျပ်ဖျပ် နိုးနေတယ်၊ ခဏနေတော့ မိမိတို့ မြို့ က ဂေါပက ဒကာ တစ်ယောက် ဖို့ ဝိန်းကို ချောချော မောမော ရောက်မရောက် လှမ်းဖုန်းဆက် လာတယ်၊ အဲဒီအချိန်မှာ မိုးလင်းနေပြီ၊ ခန်းဆီးဖွင့်ကာ ကြည့်လိုက်တော့ ၀န်းကျင် တစ်ခုလုံး ဖွေးဆွတ် တောက်ပနေတယ်၊ ညက ဘာမှ မဖြစ်ခဲ့သလိုပဲ၊ (၄) (၅) လက်မလောက်ရှိမဲ့ နှင်းထု နှင်းလွှာ ပြင်ကြီး ဖြစ်နေတယ်။
ငယ်ငယ်က ၀ါဆိုဝါခေါင် ရေကြီးချိန်ကို အမှတ်ရ မိတယ်၊ ကြည့်လေရာရာမှာ ရေပြင်ကြီး ဖွေးနေသလို နှင်းပြင်ကြီးဖွေးလို့ ၊ ရောက်တဲ့နေရာကို စေ့ငှကြည့်တော့ မစ်ချီဂန် လမ်းပေါ်က Paw Paw ဆိုတဲ့ မြို့ ကလေး၊ အကူအညီ ရလိုရငြား မိမိတို့ ရောက်နေတဲ့ မစ်ချီဂန် စတိတ်မှာရှိတဲ့ မိတ်ဆွေ ကဗျာဆရာကို ဖုန်းဆက်သွယ်ကြည့်တယ်၊ သူဇနီးနဲ့ သာတွေရပြီး သူအလုပ်သွားပြီတဲ့၊ စဉ်းငယ်ကြာတော့ ဖုန်းဝင်လာပြန်တယ်၊ ရင်နှီးနေကြ အသံရှင်။
“ အရှင်ဘုရား နေသာရဲ့လား” တဲ့ အဆိုတော်ကြီး ဒေါ်မာမာအေး၊ ကဗျာဆရာရဲ့ ဇနီးဆီက သတင်းရလို့ လှမ်းဆက်တာတဲ့၊ အေးအေး ဆေးဆေး နားနေပြီး စနိုးစဲးမှ ပြန်ဖို့ ၊ လိုအပ်တာမိန့် ဖို့ အားပေးပေမဲ့ အနေအထားက တောင်မင်း မြောက်မင်း မကယ်နိုင်တဲ့ ပုံ၊ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါလေ၊ ဒီနောက်တော့ ခရီးဆက်ဖို့ ပြင်ဆင်ကြရတယ်၊ ဖို့ ဝိန်းကို ထပ်ဆက်သွယ်ပြန်တော့ ခုရောက်နေတဲ့နေရာက ခရီးတစ်ဝက်တဲ့၊ အော်…..အခုမှ တစ်ဝက် ရှိသေးတာကို။
ဆရာတော်လေးက ကောင်းကောင်း မကျန်းမာတော့ ကိုယ်တိုင်လည်း ကားမောင်းမကြိုနိုင်၊ စနိုးတောထဲ သူတစ်ပါးကိုလည်း မခိုင်းလို၊ ဒါကြောင့် ဆရာတော်မြို့ သာ ပြန်ပါ၊ သက်တမ်းကိစ္စကို တပည့်တော် ကြည့်လုပ် ထားလိုက်မယ်လို့ ဖုန်းကနေပြန်ပြောတယ်၊ တဆက်ထည်း မနေ့ ကတည်းက စနိုးမုန်တိုင်းရှိလို့ ဆရာတော် မကြွလာဖို့ ကပ္ပိယကို အကြောင်းကြား ခိုင်းတယ်၊ သူမေ့နေလို့ ဆရာတော်တဲ့၊ ဘုရား ဘုရားလို့ ရေရွတ်မိပြန်တယ်၊ လူတစ်ယောက်ရဲ့ မေ့လျော့မှုဟာ အခြားလူတွေအတွက် …………အင်း၊
[B]“ ပမာဒေါ မဇ္ဇုနောပဒံ ” ဆိုတဲ့ စာပိုဒ်လေးကို သတိရမိတယ်၊ အဲဒါကြောင့် ဖို့ ဝိန်းဆရာတော်လေးကို “ အရှင်လေးရေ တပည့်တော် အတွက်တော့ ဗီဇာ သက်တမ်းပါမက ဘ၀သက်တမ်းပါ တိုးလိုက် ရတာပါကလားလို့ ” ပြန်ပြောလိုက်မိတော့တယ်။[/B]
ကံထွန်းသစ်
မေတ္တာများဖြင့်....
မေတ္တာဥယျာဉ်
[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK]
၂၀၁၁-ခု၊ ဇန်နဝါရီလ 14-ရက်၊ သောကြာနေ့။
0 comments:
Post a Comment