* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, December 20, 2011

သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိတော်နှင့် အန္တိမအဂ္ဂိဈာပနပူဇာပွဲသဘင် အခမ်းအနားအစီအစဉ်

Read more...

Friday, December 16, 2011

သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး ခန္ဓာဇာတ်သိမ်း ငြိမ်းတော်မူခြင်း



မဟာစည်ရတ္တညုနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သဒ္ဓမ္မရံသီရိပ်သာများအားလုံး၏ အဓိပတိဆရာတော်ကြီး
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်အထူးပြည့်စုံတော်မူသော
သူမတူအောင် ၀ိနည်းအထူးလေးစားတော်မူသော
မေတ္တာ ကရုဏာအထူးကြီးမား လုံ့လကြီးတော်မူသော
သက်တော်ရှည် သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး
အရှင်ကုဏ္ဍလာဘိဝံသ

သက်တော် (၉၁) နှစ် ၊ ၀ါတော် (၇၂)၀ါသည်



ယနေ့ ဒီဇင်ဘာလ၊ ၁၆ ရက်၊ ၂၀၁၁ ခုနှစ် နံနက် ၇း၃၅ နာရီတွင်
ခန္ဓာဇာတ်သိမ်း ချုပ်ငြိမ်းတော်မူကြောင်း ရပ်နီးရပ်ဝေးမှ တပည့်ဒါကာ ဒါယကာမများအား အသိပေးအပ်ပါသည်။

ရုပ်ကလာပ်တော်ကို (၇)ရက် ပူဇော်ထားရှိမည် ဖြစ်ပြီး ၂၂-၁၂-၂၀၁၁ ခုနှစ် နေ့လည် ၁ နာရီ အချိန်တွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် အန္တိမအဂ္ဂိဈာပနပူဇော်ပွဲသဘင်
စ်ီရင်ကျင်းပမည်ဖြစ်ကြောင်း
(၇) ရက်တိုင်တိုင် အထူးတရားပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း
ဆရာတော်ဘုရားကြီး၏ နောက်ဆုံးခရီးမှာ ဒကာ ဒကာမများအနေဖြင့်
နောက်ဆုံး ကျေးဇူးဆပ် ပူဇော်မှုပြုနိုင်ရန် အန္တိမအဂ္ဂိဈာပန တင့်တင့်တယ်တယ် ဖြစ်စေရန် ရည်ရွယ်ပြီး နှိုးဆော်လိုက်ရပါသည်။

ဇေယျာခေမလမ်း၊ ရှစ်မိုင်၊ မရမ်းကုန်းမြို့နယ် ၊ သဒ္ဓမ္မရံသီကျောင်းတိုက်
တယ်လီဖုန်း။ ။ ၀၁.၆၆၁၅၉၇ ၊ ၀၉၄၉၇၇၁၃၅၃


Read more...

Friday, December 9, 2011

ချမ်းမြေ့ ဆရာတော်ဘုရားကြီး ၏ မေတ္တာပွားနည်း


အားလုံးသတ္တ၀ါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊

ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊

အစစ အရာရာ အဆင်ပြေကြပါစေ။


အားလုံးသတ္တ၀ါတွေ ဘေးကင်းကြပါစေ၊ ရန်ကင်းကြပါစေ၊

စိုးရိမ်ခြင်း ကင်းကြပါစေ၊ ပူဆွေးခြင်းကင်းကြပါစေ၊

ကြည်လင်ရွှင်လန်း ချမ်းမြေ့ကြပါစေ။


အားလုံးသတ္တ၀ါတွေ ဒေါသမာန်မာန ကင်းကြပါစေ၊

ရန်မူလိုခြင်း ကင်းကြပါစေ၊

နှိပ်စက်လိုခြင်း ကင်းကြပါစေ၊ သတ်ဖြတ်လိုခြင်း ကင်းကြပါစေ၊

ရန်ငြိုးသိုခြင်း ကင်းကြပါစေ၊ မနာလိုခြင်း ကင်းကြပါစေ။

စိတ်ထားဖြူစင် မေတ္တာဝင် ချစ်ခင်ကြင်နာကြပါစေ။


အားလုံးသတ္တ၀ါတွေ လိမ်ညာလှည့်ဖြား ရှောင်ရှားကြပါစေ၊

ကောက်ကျစ်စဉ်းလဲ ရှောင်လွှဲကြပါစေ၊

ကုံးချောစကား ရှောင်ရှားကြပါစေ၊ ကြမ်းတမ်းစကား ရှောင်ရှားကြပါစေ၊

ကြိမ်းမောင်းစကား ရှောင်ရှားကြပါစေ၊ အကျိုးမဲ့စကား ရှောင်ရှားကြပါစေ၊

ဟုတ်မှန်ကျိုးရှိ အနှစ်ပြည့်၍ ပိယ၀ါစာ ချိုသာစကား

မေတ္တာထား ပြောကြားကြပါစေ။


အားလုံးသတ္တ၀ါတွေ သူ့ပစ္စည်းကို ရယူလိုခြင်း ကင်းကြပါစေ၊

သူ့အကျိုးကို ဖျက်ဆီးလိုခြင်း ကင်းကြပါစေ၊

အယူမှားကို စွဲယူလိုခြင်း ကင်းကြပါစေ၊

ယူမှားကင်းကြ လောဘကိုသိမ်း ဒေါသထိန်း အေးငြိမ်းကြပါစေ။


အားလုံးသတ္တ၀ါတွေ ဥစ္စာဓန ပြည့်စုံကြပါစေ၊ အလှူဒါန ပြုနိုင်ကြပါစေ၊

ကိုယ်ကျင့်သီလ ထိန်းနိုင်ကြပါစေ၊ ဥပုသ် သီလ စောင့်နိုင်ကြပါစေ၊

သမထတရား ပွားနိုင်ကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

လိုအင်ဆန္ဒ မှန်သမျှပြည့်ဝကြပါစေ။


ချမ်းမြေ့ဆရာတော်ဘုရားကြီး ၏ မေတ္တာစိတ်မြတ် အအေးဓါတ် တရားတော် မှ ကူးယူဖော်ပြပါသည်။

http://www.facebook.com/notes/monica-pyone/%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%81%BF%E1%80%99%E1%82%94-%E1%80%86%E1%80%9B%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%E1%81%BE%E1%80%80%E1%80%AE%E1%80%B8-%E1%80%B1%E1%80%99%E1%80%90%E1%81%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%B9%E1%80%B8/230779013657132

Read more...

လက်ငင်းအကျိုးပေးတဲ့ ဒါနစေတနာ

ဘယ်နေရာရောက်ရောက် ခွေးကျွေးတဲ့အလုပ်ကလေးကိုတော့ ၀တ်တစ်ခုလိုကိုထားပြီး လုပ်ဖြစ်ပါတယ်။ တစ်ခါတလေဆို လမ်းပေါ်မှာခွေးပိန်ကလေးတွေ တွေ့ရရင်တောင် နီးစပ်ရာ မုန့်ဆိုင်က၀ယ်ပြီး ကျွေးခဲ့ဖူးပါတယ်။ တစ်နေ့တော့ ဒီခွေးကျွေးတာနှင့် ပတ်သက်ပြီး သူငယ်ချင်းက မေးခွန်းတစ်ခု မေးလာပါတယ်။

“တနင်္လာနံမို့ ခွေးကျွေးတာလား” တဲ့။

မိမိက “တနင်္လာနံ ဆိုတာ ဘာလဲ” လို့ ပြန်မေးတော့ သူငယ်ချင်းက “ငွေနံလေ” တဲ့။

ဒီတော့မှ မိမိလည်းသဘောပေါက်သွားပြီး “တနင်္လာနံကြောင့်တော့ မဟုတ်ဘူး။ သီဟိုဠ်ဝတ္ထုလေးတစ်ပုဒ်ကို ဖတ်ဖူးထားလို့ပါ” လို့ပြောပြီး အဲဒီသီဟိုဠ်ဝတ္ထုလေးကိုပါ သူငယ်ချင်းကို ပြောပြဖြစ်လိုက်ပါတယ်။ သူငယ်ချင်းက “သြော်...ဒါကြောင့်ကိုး။” လို့ အတည်လိုလို နောက်သလိုလိုနဲ့ ပြန်ပြောခဲ့တာ အခုအထိ မှတ်မိနေပါသေးတယ်။

သူငယ်ချင်းကို ပြောပြဖူးခဲ့တဲ့ သီဟိုဠ်ဝတ္ထုလေးကို အခုချစ်တဲ့ စာဖတ်သူတွေကိုလည်း ပြန်ပြောပြချင်ပါတယ်။

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ အရှင်စူဠနာဂ လို့ အမည်ရတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။

သီဟိုဠ်ကျွန်း အနုရာဓမြို့ မှာ မြတ်စွာဘုရားရဲ့  ညှပ်ရိုးတော်ကို ဌာပနာထားရာလည်းဖြစ်၊ ဒေ၀ါနံပိယတိဿမင်းကြီးရဲ့  ကောင်းမှုလည်းဖြစ်တဲ့ ထူပါရုံစေတီဆိုတာ ရှိပါတယ်။ ထူပါရုံစေတီတော်ရဲ့ အနီးမှာရှိတဲ့ ကျောင်းကြီးကိုလည်း ထူပါရုံကျောင်းတိုက်ကြီးလို့ ခေါ်ပါတယ်။ အရှင်စူဠနာဂဟာ အဲဒီထူပါရုံကျောင်းတိုက်ကြီးမှာ တခြားရဟန်းတော်တွေနှင့်အတူ သီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးပါ။

တစ်နေ့မှာ အရှင်စူဠနာဂဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ သားတွေပေါက်ထားတဲ့ ခွေးမတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ခွေးမကိုသေချာ ကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့ အတော်ဆာလောင်မွတ်သိပ်နေတဲ့ပုံပါ။ ဆာလောင်မွတ်သိပ်နေပုံရတဲ့ ခွေးမကိုမြင်လိုက်တော့ အရှင်စူဠနာဂက တော်တော်လေး သနားသွားပါတယ်။ ဒါပေမယ့် ဆွမ်းစားပြီး သပိတ်ဆေးပြီးပြီဆိုတော့

ကျွေးစရာဆွမ်းကျန်လည်း မရှိတော့ပါဘူး။

ဒါကြောင့် ဘာလုပ်လိုက်သလဲဆိုတော့ “ငါသည် စားအပ်ပြီးသော အစာမှန်သော်လည်း ထိုခွေးမအား အန်၍ လှူအံ့သောငှာအပ်၏” လို့ နှလုံးပိုက်ပြီး မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက်ပါတယ်။

အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံတင်မကပါဘူး၊ အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလဲတိုက်လိုက်ပါသေးတယ်။

အစာထိုက်သင့်သလောက်ဝသွားတဲ့ခွေးမကို ကြည့်ပြီး အရှင်စူဠနာဂ လည်း တစ်ခါမှ မဖြစ်ဖူးတဲ့ ပီတိတွေ ဖြစ်လာပါတယ်။

ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။ သူ့ရဲ့ ဆုတောင်းက

"ငါသည် ဤခွေးမအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ အန်၍ကျွေးလိုက်ရသော ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။ နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘ ပေါများရပါလို၏" တဲ့။

စာမှာတော့ အရှင်စူဠနာဂရဲ့  ဒါနစေတနာဟာ ပထမဇောအဆင့်မှာတင် အရှိန်အဟုန်အစွမ်း တော်တော်ကြီးမားနေခဲ့တယ်လို့ ဆိုပါတယ်။

အရှင်စူဠနာဂဆုတောင်းတဲ့နေ့ ညချမ်းမှာပဲ ဒကာ ဒကာမများစွာဟာ ထောပတ်တွေ တင်လဲခဲတွေ သကာတွေ ပျားရည်တွေ ယူလာပြီး “အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲ” လို့ မေးပြီး ရောက်လာကြပါတယ်။ အရှင်စူဠနာဂလည်း ကိုယ့်ကိုယ်ကို အံ့အားသင့်နေပါတယ်။ အရှင်စူဠနာဂဟာ ရောက်လာတဲ့ ဘုဉ်းပေးစရာတွေကို သီတင်းသုံးဖော်ရဟန်းတော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။

နောက်မကြာခင်မှာ ဒကာ ဒကာမတွေ ထပ်ရောက်လာပြန်ပါတယ်။ သူတို့ သီဟိုဠ်ခေတ်မှာ အသုံးများတဲ့ ဇာတိပ္ဖိုလ်ပွင့် အစရှိတဲ့ဆေးတွေကို ယူလာပြီး ကပ်လှူပြန်ပါတယ်။ အရှင်စူဠနာဂလည်း ရှေးနည်းအတိုင်း သီတင်းသုံးဖော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။

နံနက်လင်းလို့ ဆွမ်းခံကြွတဲ့အခါမှာတော့ ဒကာ ဒကာမတွေဟာ ရေတွက်လို့မရနိုင်လောက်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲတဲ့။

ဘယ်လောက်အထိ ဆွမ်းတွေရသလဲဆိုရင် ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်အားလုံး သုံးဆောင်နိုင်လောက်အောင်အထိ များပြားလွန်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရှင်စူဠနာဂက ကျောက်စည်ကို တီးခတ်ပြီး ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေကို ပြန်ပြီးလောင်းလှူလိုက်ပါတယ်။ နောက်ရက်တွေမှာလည်း အရှင်စူဠနာဂဟာ ရသမျှဆွမ်းဟင်းတွေကို ကျောက်စည်တီးခတ်ပြီး နေ့စဉ်ပြန်လှူခဲ့ပါတယ်။

တစ်နေ့မှာတော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ ပီတိကို အခြခံပြီး ၀ိပဿနာဘက်ကူး ကမ္မဋ္ဌာန်းဘာဝနာကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ တက်ကြွထက်သန်တဲ့ ဒါနစေတနာဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ အရဟတ္တဖိုလ်အထိ အကျိုးပေးသွားတာပါပဲ။

အရှင်စူဠနာဂ ရဟန္တာဖြစ်ပြီးနောက်ပိုင်း တစ်ခုသောကာလကြာကြာ ရက်တစ်ရက်မှာ ထူပါရုံကျောင်းတိုက်မှာရှိတဲ့ ရဟန်းတော်ငါးရာကြွလာပြီး မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိပင်ကို လိုက်ပို့ပေးဖို့ တောင်းပန်ကြပါတယ်။ အရှင်စူဠနာဂကလည်း လိုက်ပို့ပေးပါမယ်လို့ ပြန်ဝန်ခံလိုက်ပါတယ်။ အရှင်စူဠနာဂကို လိုက်ပို့ပေးဖို့ တောင်းပန်ရခြင်းရဲ့  အဓိကအကြောင်းကတော့ လမ်းခရီးတစ်လျှောက်မှာ ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ပါ။

အရှင်စူဠနာဂလည်း ဂတိခံထားတဲ့အတိုင်း ရဟန်းတော်ငါးရာကို မဟာဗောဓိပင်ကို လိုက်ပို့ပေးပါတယ်။ လမ်းခရီးတစ်လျှောက်မှာ နတ်ကောင်းနတ်မြတ်တွေက ကူညီစောင့်ရှောက်သလို ရောက်ရာဒေသက ဒကာ ဒကာမတွေကလည်း ဆွမ်းအချိုပွဲတွေ အလျှံအပယ် လောင်းလှူကြပါတယ်။

မဟာဗောဓိပင်ကိုဖူးပြီး အပြန်ခရီးမှာတော့ အရှင်စူဠနာဂဟာ လေ၀မ်းရောဂါကို အပြင်းအထန်ခံစားရပါတော့တယ်။ ဒီတော့ အတူပါလာသူ ရဟန်းတော်တွေလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။ သူတို့စိတ်မကောင်းဖြစ်ကြခြင်းရဲ့  အကြောင်းကတော့ အကယ်၍ အရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့ရင် သူတို့အတွက် ဆွမ်းဘောဇဉ်အခက်အခဲ တွေ့ကြမှာစိုးလို့ပါ။ ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်းငါးရာကို ဘယ်လိုမိန့်သလဲဆိုတော့ “အရှင်ဘုရားတို့၊ အထွေအထူး မစိုးရိမ်ကြပါနဲ့ ။ တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ တပည့်တော်ရဲ့ ဓါတ်တော်ကို ရှေ့ ဆုံးကကြွတဲ့ မထေရ်ရဲ့  ရေစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာဖြစ်ဖြစ် ဖွဲ့ ချည်ပြီး မြို့ ရွာထဲ ၀င်ပါဘုရား။ ဒါဆို အရှင်ဘုရားတို့အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက် မပင်မပန်းဖြစ်ရပါလိမ့်မယ်ဘုရား။” လို့ အကြံပေးတော်မူပါတယ်။

အရှင်စူဠနာဂမထေရ်လည်း အဲဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်။ ကျန်ခဲ့တဲ့ သတင်းသုံးဖော်ရဟန်းတော်တွေက အရှင်စူဠနာဂရဲ့  အလောင်းတော်ကို ကောင်းကောင်းသဂြိုလ်ပြီး အရှင်စူဠနာဂမှာခဲ့တဲ့အတိုင်း ဓါတ်တော်တွေကိုယူပြီး ကြွတော်မူကြပါတယ်။ ကြွတော်မူတဲ့ လမ်းခရီးတစ်လျှောက် ပစ္စည်းလေးပါးမပင်မပန်းနဲ့  မိမိတို့သီတင်းသုံးရာ သီဟိုဠ်ကျွန်း ထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

စေတနာကြီးမားလှတဲ့ သာမန်ဒါနလေးဟာ ကာယကံရှင်မရှိတော့တာတောင် ကျန်ခဲ့သူတွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မ၀တ္ထုလေးပါ။ စေတနာရဲ့  သဘောသရုပ်ကို ဖွင့်ပြခဲ့တဲ့ ၀တ္ထုလေးအဖြစ်လည်း ပူးတွဲသဘောပေါက်လိုက်ရပါတယ်။

အရှင်စူဠနာဂရဲ့ ဝတ္ထုလေးကို သတိရနေသမျှတော့ ခွေးတွေကို ကျွေးဖြစ်နေအုံးမှာပါ။

ခွေးတွေကို ကျွေးဖြစ်နေသမျှတော့ အရှင်စူဠနာဂရဲ့  ၀တ္ထုလေးကို သတိရနေဖြစ်အုံးမှာပါ။


ကျမ်းကိုး

မဓုရ ရသ၀ါဟိနီကျမ်း - စူဠနာဂမထေရ်ဝတ္ထု

(နှာ ၃၇၁-၃၈၀)

ရဝေနွယ် (အင်းမ)

Faces (မုခ) မဂ္ဂဇင်း

ဇန်န၀ါရီ ၂၀၀၃

“ကုသိုလ်ဖြစ်အောင်တွေးမယ်” စာအုပ်မှ ပြန်လည်ကူးယူ ပူဇော် ဖော်ပြပါသည်။

Read more...

စိတ်ထဲ ရိပ်ခနဲ လင်းလက်သွားတဲ့ အလင်းရောင်လေးတွေ အကြောင်း


Time

The foolish call for the unchangeable past,

While life walks toward the future;

They simply lose their present and future.

(Chai Na Pol Akarasupaset)

...

လူမိုက်တွေဟာ ပြောင်းလဲပစ်လို့မရနိုင်တဲ့ (ပြန်မရနိုင်တဲ့) အတိတ်ကို တမ်းတတတ်ကြတယ်။ သူတို့ အဲဒီလိုတမ်းတနေချိန်မှာပဲ သူတို့ရဲ့ဘ၀ဟာ အနာဂတ်ကို ဦးတည်လျှောက်လှမ်းသွားနေတယ် ဆိုတာ သူတို့မသိကြဘူး။ဒါကြောင့်မို့ လူမိုက်တွေဟာ သူတို့ရဲ့ ပစ္စုပ္ပန်ဘ၀နဲ့ အနာဂတ်တွေကို အလွယ်တကူ ဆုံးရှုံးနေကြတာပဲပေါ့။


ဓမ္မအတွေးစများ

အပိုင်း - ၁

ပစ္စုပ္ပန်မှာ အာရုံနဲ့စိတ် အဆင်ပြေအောင်နေ

စာအုပ်စင်မှာရှိတဲ့ စာအုပ်တွေအများကြီးထဲက ဒီစာအုပ်ကလေးကိုတော့ ခဏခဏဖတ်ဖြစ်ပါတယ်။ ဖတ်ဖြစ်တိုင်းလည်း ဓမ္မနဲ့ဆိုင်တဲ့ အတွေးအမျှင်တွေက ရင်ထဲမှာ ဖွဲ့သီလာတတ်ပါတယ်။

စာအုပ်အမည်က The Foolish, The Clever, The Wise ပါ။ မူရင်းစာရင်း စာရေးဆရာကတော့ Chai Na Pol Akarasupaset တဲ့။ ဒီစာအုပ်ကို မြန်မာပြည်က စာရေးဆရာ လွတ်လပ်အိမ်က ဘာသာပြန်ထားပါတယ်။ လူမိုက်၊ လူလိမ္မာနှင့် ပညာရှိလို့ အမည်ပေးထားတဲ့ စာအုပ်ကလေးက အတွဲ(၂)တွဲတောင် ထုတ်ဝေပြီးပါပြီ။

ဒါပေမယ့် ကြည့်ရတာ ဒီစာအုပ်ကလေးကို အားပေးတဲ့သူ နည်းလေသလား။ ဒါမှမဟုတ်ရင်လည်း ခဏခဏရိုက်ရလွန်းလို့ ကုန်သွားလေသလား မသိနိုင်ပါဘူး။ စာအုပ်ဆိုင်တွေဘက် လှည့်ဖြစ်တဲ့အခါမျိုးမှာ ဒီစာအုပ်ကို အတွေ့ရနည်းပြီး အတွေ့ကျဲနေတတ်လို့ပါ။

ထားပါတော့။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အရေးကြီးတာက ဒီစာအုပ်ထဲမှာ ပါတဲ့အကြောင်းအရာတွေပါ။ ဒီတော့ကာ ခေါင်းစဉ်တစ်ခုချင်းစီအလိုက် ရင်ထဲကို ထိရှသွားသမျှတွေကို ရေးပြချင်ပါတယ်။

ဒီစာပိုဒ်တွေကို ဖတ်ရင်းက ကိုယ်ဟာ ဘယ်လိုလူစားမျိုးထဲမှာ ပါနေသလဲဆိုတာ ကိုယ့်ကိုယ်ကိုလည်း ဆန်းစစ်ကြည့်မိပါတယ်။ ကိုယ့်ကိုယ်ကို ရိုးရိုးသားသား အမှတ်ပေးကြည့်မိတော့ တစ်ခါတစ်လေ ကိုယ့်စိတ်ဟာ The Foolish (လူမိုက်) အုပ်စုထဲမှာ ရောက်နေတတ်ပြီး တစ်ခါတလေမှာတော့လည်း The Clever (လူလိမ္မာ) ထဲ ရောက်ချင်ရောက်နေပြန်ပါတယ်။ ဒါပေမယ့် မူရင်းစာရေးဆရာ ညွှန်းဆိုထားတဲ့ The Wise (ပညာရှိ) အုပ်စုထဲရောက်ဖို့တော့ အတော်ကြိုးစားရဦးမှာပါလား ဆိုတာကိုလည်း ကိုယ့်ကိုယ်ကို နားလည်နေမိပြန်ပါတယ်။

လောကမှာ လူသားတွေအားလုံး တစ်နေ့တာဆိုတဲ့ နေထွက် နေ၀င် အချိန်ကန့်သတ်ချက်တစ်ခုကို ပြိုင်တူရကြတာချည်းပါပဲ။ ဒါပေမယ့် အချိန်ကို အသုံးချပုံချင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ ဒါကြောင့်မို့လည်း အချိန်ကိုမူတည်ပြီးတော့ စာရေးဆရာက အုပ်စုသုံးစု ခွဲလိုက်ဟန်တူပါရဲ့။

Time

The foolish call for the unchangeable past,

While life walks toward the future;

They simply lose their present and future.

လူမိုက်တွေဟာ ပြောင်းလဲပစ်လို့မရနိုင်တဲ့ (ပြန်မရနိုင်တဲ့) အတိတ်ကို တမ်းတတတ်ကြတယ်။ သူတို့ အဲဒီလိုတမ်းတနေချိန်မှာပဲ သူတို့ရဲ့ဘ၀ဟာ အနာဂတ်ကို ဦးတည်လျှောက်လှမ်းသွားနေတယ် ဆိုတာ သူတို့မသိကြဘူး။

ဒါကြောင့်မို့ လူမိုက်တွေဟာ သူတို့ရဲ့ ပစ္စုပ္ပန်ဘ၀နဲ့ အနာဂတ်တွေကို အလွယ်တကူ ဆုံးရှုံးနေကြတာပဲပေါ့။

သေချာပါပြီ။ ဒီစာပိုဒ်ကို ဖတ်လိုက်တာနဲ့ကို ကိုယ့်စိတ်ဟာ The foolish (လူမိုက်) အုပ်စုဝင် ဖြစ်မှန်းမသိ၊ ဖြစ်နေတယ်ဆိုတာ သိလိုက်ရပါရဲ့။ ကျန်တဲ့အချိန် အသာထား။ တရားထိုင်တဲ့အချိန်မှာ ပိုသိသာတယ်။ စိတ်ဟာ ပစ္စုပ္ပန်တည့်ဖို့ ပေးထားတဲ့အာရုံဖြစ်တဲ့ ၀င်လေ ထွက်လေအပေါ်မှာ ကြာကြာ နေလေ့မရှိဘူး။ အတိတ်မှာ ကျက်စားခဲ့တဲ့ အာရုံတွေဆီကို ပြန်ပြန်ရောက်သွားတာ။ ပစ္စုပ္ပန်အာရုံနဲ့ နေနိုင်ဖို့အတွက် မနည်းကြိုးစားရတယ်။ ၀ီရိယကို တွန်းတင်ပေးရတယ်။

“ပါသ္မိံ ရမတိ မနော” ဆိုတဲ့အတိုင်း စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်တတ်တော့ သတိမပါ၊ ဉာဏ်မပါဘဲ ကျက်စားပျော်ပါးခဲ့တဲ့ အာရုံအဟောင်းတွေဆီကိုပဲ တ၀ဲဝဲရယ်တဲ့ တလည်လည် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့ အညစ်အကြေးစွန်းထင်းခဲ့တဲ့ အာရုံတွေကို သန့်ရှင်းရေး လုပ်ပစ်နေတဲ့ ၀င်လေထွက်လေကို ရှုမှတ်ခြင်းဆိုတဲ့ တစ်ခုတည်းသော ပစ္စုပ္ပန်အာရုံကို ဆုံးရှုံးသွားရပါတော့တယ်။ အာရုံအညစ်အကြေးတွေကို ဆေးကြောဖို့ရာ မလုပ်ဖြစ်တော့ အနာဂတ်မှာ ရလာမယ့် ရှင်းသန့်တဲ့အာရုံ သက်သက်နဲ့ ထိတွေ့ဖို့ရာ အခွင့်အလမ်း နည်းသွားပြီပေါ့။

ဒါကြောင့်မို့ စာရေးဆရာကပြောတာပေါ့။ လူမိုက်တွေဟာ သူတို့ရဲ့ပစ္စုပ္ပန်နဲ့ အနာဂတ်ကို လွယ်လွယ်ကလေး ဆုံးရှုံးကြတယ်ဆိုတဲ့ စကားဟာ မှန်လိုက်လေပေါ့နော်။

ရှေ့တစ်ဆင့် တိုးကြည့်ရအောင် -

The clever dream of the unreal future, while life need something to live with now. They are usually dissatisfied with the present.

လူလိမ္မာတွေဟာ ဖြစ်မလာသေးတဲ့ အနာဂတ်ကို အိပ်မက် မက်ကြတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဘ၀ရဲ့လိုအပ်ချက်က ပစ္စုပ္ပန်နဲ့ အတူနေဖို့ပါ။ သူတို့ဟာ သူတို့ရဲ့ လက်ရှိပစ္စုပ္ပန်ကို အမြဲမကျေနပ်ဘူး ဖြစ်နေကြတယ်။

စိတ်နဲ့ ပစ္စုပ္ပန်အာရုံနဲ့ တည့်ဖို့ဟာ ဘယ်လောက်အရေးကြီးသလဲ ဆိုတာကြည့်နော်။ လူလိမ္မာလို့ အခေါ်ခံရသူတွေတောင် သတိလက်လွတ် ဖြစ်တတ်ကြတာကို စာရေးဆရာက ထောက်ပြထားတာ။

လူမိုက်တွေက အတိတ်ကို တမ်းတနေတဲ့အချိန်မှာ လူလိမ္မာတွေဟာလည်း မရောက်သေးတဲ့ အနာဂတ်ကို အိပ်မက် မက်တတ်ကြတယ်။ အနာဂတ်ကို အိပ်မက် မက်နေပြီဆိုကတည်းက ပစ္စုပ္ပန်အာရုံပေါ်မှာ စိတ်ကိုတည့်အောင် မထားနိုင်တော့ဘူးပေါ့။

ဒီတော့ ဘာဖြစ်သလဲ။ သူတို့အိပ်မက်ထားတဲ့ ပုံစံအတိုင်း အနာဂတ်ကာလကို မရောက်မချင်း ရင်မောနေရတော့တာပေါ့။ အနာဂတ်ဆိုတာ တစ်ချိန်မှာ ပစ္စုပ္ပန်ဖြစ်လာမှာပါ။ ပစ္စုပ္ပန်ဖြစ်လာမှာချင်း အတူတူ လက်ရှိရထားတဲ့ ပစ္စုပ္ပန်ကာလကိုပဲ အကောင်းဆုံးတည်ဆောက် လေ့ကျင့်ထားတဲ့စိတ်နဲ့ ပစ္စုပ္ပန်ချင်းဆက်သွားလို့ အနာဂတ် ရောက်သွားတယ်ဆိုရင် အိပ်မက်တွေဟာ လက်တွေ့ဘ၀ ဖြစ်လာမှာပါ။

သို့မဟုတ်ရင်တော့ ငါလိုချင်တဲ့ အနာဂတ် ရောက်မလာသေးဘူး။ ငါဖြစ်ချင်တဲ့ပုံစံနဲ့ အနာဂတ် မရောက်သေးဘူးနဲ့ လက်ရှိပစ္စုပ္ပန်ကို မကျေနပ်တဲ့စိတ်တွေနဲ့ အမြဲရင်ဆိုင်နေကြမှာပါ။

ဒါဆိုရင် မရနိုင်တော့တဲ့ အတိတ်နဲ့ မရောက်သေးတဲ့ အနာဂတ်ရဲ့ သဘောသဘာဝတွေကို နားလည်ထားတဲ့ The Wise (ပညာရှိ)တွေရဲ့ နှလုံးသွင်းတတ်ပုံကို လေ့လာကြည့်ကြရအောင် -

The wise stand in the real present, stretch the past, present and future into direction.

Their lives are powerful and directed towards success.

ပညာရှိကတော့ လက်ရှိပစ္စုပ္ပန်မှာပဲ နေရတယ်။

အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တို့ကို လားရာတစ်ခုဆီ ဦးတည်ထားတယ်။

သူတို့ရဲ့ဘ၀ဟာ စွမ်းအားတွေရှိပြီး အောင်မြင်မှုတွေ ရရှိတယ်။

ဆိုလိုတာက အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ ကာလပညတ်ကို နှလုံးမသွင်းတော့ဘူး။ ပေါ်ဆဲအာရုံပေါ်မှာပဲ စိတ်ကို တည့်အောင်ထားတယ်။ ပေါ်ဆဲအာရုံပေါ်မှာ စိတ်ကို တည့်အောင်ထားတော့ ဘာတွေ့ရမှာတုံးလို့ မေးစရာရှိပါတယ်။ မေးစရာရှိရင် အဖြေလည်း ရှိရမှာပေါ့။ ပေါ်ဆဲအာရုံမှာသာ စိတ်ကို တည့်အောင်ထားကြည့်။ အာရုံရဲ့ မမြဲတဲ့သဘာဝကို ဉာဏ်က သိလာပါလိမ့်မယ်။

အဲဒီတော့ မမြဲတဲ့သဘာဝကို သိပြီဆိုရင် ဘာကို စွဲလမ်းတပ်မက်နေဦးတော့မှာလဲ။ စွဲလမ်းတပ်မက်မှုကင်းတဲ့စိတ်ဟာ စွမ်းအားတွေ ပြည့်လာတယ်။ ခွန်အားသစ်တွေ ဖြစ်လာတယ်။ အဲဒီတော့ သူတို့ရဲ့ ဘ၀ဟာ အောင်မြင်ပြီပေါ့။ အောင်မြင်မှုတွေထဲမှာ အဆင့်အမြင့်ဆုံးကတော့ ကိုယ့်ကိုယ်ကို အောင်နိုင်ခြင်းပါပဲ။ ကိုယ့်စိတ်ကို အစိုးရ အောင်နိုင်ခြင်းဟာ အဆင့်အမြင့်ဆုံး အောင်မြင်မှုပါပဲ။

ဒါကြောင့် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးရဲ ‘လက်ရှိ ပစ္စုပ္ပန်ကာလ(လက်ငင်းအချိန်)ကို နိဗ္ဗာန်အထိ အကျိုးရှိအောင် အသုံးချပါ’ ဆိုတဲ့ အဆုံးအမအတိုင်း ပစ္စုပ္ပန်မှာ အာရုံနဲ့ စိတ် တည့်အောင်၊ အဆင်ပြေအောင် နေနိုင်ရင်ဖြင့် လူမိုက်၊ လူလိမ္မာတွေဘ၀က လွန်မြောက်ပြီး ပညာရှိ (The Wise) ဘ၀ကို ရောက်နိုင်မယ့်အကြောင်း၊ ဓမ္မအတွေးစတစ်ခုကို ရေးပြလိုက်ရတာပါ။


စီးပွားရှာတဲ့နယ်ပယ်ဖြစ်ဖြစ်

အနုပညာနယ်ပယ်ပဲ ဖြစ်ဖြစ်၊

ပညာရေးနယ်ပယ်ပဲဖြစ်ဖြစ်၊

ဘယ်နယ်ပယ်ပဲဖြစ်ဖြစ်၊

ဘယ်နယ်ပယ်မှာမဆို

အောင်မြင်မှုတွေအထွတ်အထိပ်ဆိုတာက

တစ်နေရာတည်းရယ်။

ဒီအမြင့်ဆုံးကနေရာကိုရဖို့

အုံလိုက် ကျင်းလိုက် တိုးဝှေ့ပြီး

အပေါ်မရောက် ရောက်အောင်တက်နေကြတဲ့

မြင်ကွင်းက ရင်မောစရာပါ။

ကိုယ့်ရှေ့မှာ ရောက်နေသူရဲ့

ခြေထောက်ကို ဆွဲချ၊

ကိုယ့်နောက်က တက်လာမယ့်သူရဲ့

ခေါင်းကို နင်းချနဲ့ဆိုတော့

လိုချင်တာတစ်ခုကြောင့်

မလိုချင်တာတွေကို

ဖယ်ရှားပစ်နေရတဲ့ဒုက္ခတွေက

မနည်းပါလား။


လွတ်မြောက်ချင်ရင် . . . . .


“မကောင်းမှုရှောင်

ကောင်းမှုဆောင်

ဖြူအောင်စိတ်ကိုထား”

ဆိုတာ မြတ်စွာဘုရားအဆူဆူရဲ့ အဆုံးအမပါ။ လွန်ခဲ့တဲ့ (၁၂)နှစ်ကျော်က မိုင်းပြင်းမြို့နယ်၊ သုဝဏ္ဏလျှံတောင်ပေါ်မှာ ဒီအဆုံးအမစကားကို ဆရာအရှင်ရဲ့ နှုတ်ဖျားကတစ်ဆင့် ပြန်ကြားခဲ့ပုံကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆုံးအမ စကားလုံးတွေဟာ ရင်ထဲကို တရားသားအဖြစ် စီးဝင်သွားခဲ့လို့ပါ။

အဲဒီကစလို့ ဘ၀အမြင်ပြောင်းလဲခဲ့တဲ့ ကိုယ့်ရဲ့ အတိတ်ကအရိပ်တွေကိုလည်း မကြာခဏ အမှတ်ရဖြစ်ပါတယ်။ အဲဒီ(၁၂)နှစ်ရဲ့ ရှေ့ကာလတွေတုန်းကဆိုရင် ကိုယ့်စိတ်ဟာ ဘယ်လိုဖြစ်ခဲ့သလဲ။

စာရေးဆရာ Chai Na Pol Akarasupaset ရဲ့ Dealing with Badness (မကောင်းမှုကို ဖြေရှင်းခြင်း) စာပိုဒ်ထဲက The Foolish တွေရဲ့ သဘောထားနဲ့ တစ်ထပ်တည်းဖြစ်ခဲ့တယ်လို့ ၀န်ခံချင်ပါတယ်။

Dealing with Badness

မကောင်းမှုကို ဖြေရှင်းခြင်း။

The foolish perform one bad deed to get rid of Badness, which doubles their troubles.

လူမိုက်တွေဟာ မကောင်းတာတစ်ခုကို မကောင်းမှုနဲ့ပဲ ဖယ်ရှားဖို့ ကြိုးစားတယ်။ ဒီလိုလုပ်ခြင်းသည်ပင်လျှင် သူတို့ရဲ့ဒုက္ခကို နှစ်ဆတိုးပွား လာစေပါတယ်။

အခြေခံအကျဆုံး ဥပမာပေးရရင် ဆေးလိပ်ဖြတ်ဖို့ဆိုပြီး ကွမ်းကိုစားတယ်။ ကြာတော့ ဆေးလိပ်ရော၊ ကွမ်းရော စွဲသွားပါလေရော။ အရက်ဖြတ်ဖို့ဆိုပြီး မူးယစ်ဆေးဝါး ဆေးပြားတွေသုံးတယ်။ အနံ့မနံတော့ လူကြားထဲမှာလည်း အမူးသမားလို့ အထင်မခံရဘူးပေါ့။ နောက်တော့လည်း အဲဒီဆေးပြားတွေရဲ့ဒဏ်ကို အပြင်းအထန် ခံရပြီး အသက်ပေးသွားခဲ့ကြသူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ ကိုယ် စလုပ်ထားတဲ့အကျင့်ဆိုးက ကိုယ့်ကို ဒုက္ခဖြစ်စေတာကို မရိပ်မိတော့ နောက်ဒုက္ခ တစ်ခုနဲ့ အစားထိုးတဲ့အခါ ဒုက္ခနှစ်ဆပွားပြီး အသက်ပါ ပေးလိုက်ရတာပေါ့။

ဒါက အကျင့်ဆိုးကို ကျင့်မိလို့ ဒုက္ခနှစ်ဆပွားတာ။

စိတ်ဆိုး စိတ်ညစ်ကို မွေးမိလို့ ဒုက္ခနှစ်ဆပွားတာကလည်း ကိုယ့်ကိုယ်ကို တဖြည်းဖြည်းနဲ့ မျှဉ်းပြီး သတ်နေသလိုပါပဲ။

ဆိုပါတော့။ စီးပွားရှာတဲ့နယ်ပယ်ဖြစ်ဖြစ်၊ အနုပညာနယ်ပယ်ပဲဖြစ်ဖြစ်၊ ပညာရေးနယ်ပယ်ပဲဖြစ်ဖြစ်၊ ဘယ်နယ်ပယ်ပဲဖြစ်ဖြစ်၊ ဘယ်နယ်ပယ်မှာမဆို အောင်မြင်မှုအထွတ်အထိပ်ဆိုတာက တစ်နေရာတည်းရယ်။ ဒီ အမြင့်ဆုံးကနေရာကိုရဖို့ အုံလိုက် ကျင်းလိုက် တိုးဝှေ့ပြီး အပေါ်မရောက် ရောက်အောင် တက်နေကြတဲ့ မြင်ကွင်းက ရင်မောစရာပါ။

ကိုယ့်ရှေ့မှာ ရောက်နေသူရဲ့ ခြေထောက်ကို ဆွဲချ။ ကိုယ့်နောက်က တက်လာမယ့်သူရဲ့ ခေါင်းကို နင်းချနဲ့ဆိုတော့ လိုချင်တာ တစ်ခုကြောင့် မလိုချင်တာတွေကို ဖယ်ရှားပစ်နေရတဲ့ ဒုက္ခတွေက မနည်းပါလား။ လိုချင်တာက လောဘ၊ လောဘစေတသိက်ဟာ အကုသိုလ် စေတသိက်၊ တနည်းအားဖြင့် မကောင်းမှု။ အဲဒီလောဘကြောင့် ဒေါသဖြစ်။ ဒေါသက မလိုချင်တာ။ ဒါလည်း အကုသိုလ် စေတသိက်။ တစ်နည်းအားဖြင့် မကောင်းမှုပေပဲ။

ဒါကြောင့် စာရေးဆရာက ပြောတာပေါ့။ လူမိုက်တွေဟာ မကောင်းတာတစ်ခုကို မကောင်းမှုနဲ့ဘဲ ဖယ်ရှားဖို့ ကြိုးစားတယ်တဲ့။ အဲဒါဟာ သူတို့ရဲ့ဒုက္ခကိုပဲ နှစ်ဆတိုးပွားစေတယ် ဆိုတာလေ။ မှန်လိုက်တာနော်။

လူမိုက်တွေထက်စာရင် အသိဉာဏ်နည်းနည်း အဆင့်မြင့်လာသူတွေကိုတော့ လူလိမ္မာလို့ ခေါ်ကြတာပေါ့။ လူလိမ္မာတွေဟာ အသိဉာဏ်လေးရှိတော့ လူမိုက်တွေလိုတော့ မကောင်းမှုနဲ့ မပျော်ပိုက်ဘူးပေါ့။ ပြီးတော့ မကောင်းမှုကိုလည်း ကောင်းမှုနဲ့ အစားထိုးတတ်ကြတယ်လေ။ ဒါကလည်း ဆရာသမားတွေရဲ့ အဆုံးအမကို ရထားကြလို့ပေါ့။ ဒါကို စာရေးဆရာက လူလိမ္မာ (The Clever) တွေရဲ့ မကောင်းမှုဖြေရှင်းပုံကို ဒီလို ရေးသားထားလေရဲ့။

The clever perform goodness to get rid of one badness, which creates uncountable conflicts of dualism.

လူလိမ္မာက မကောင်းတာကိုဖယ်ရှားဖို့ ကောင်းမှုကို ပြုလုပ်ပေမယ့် ကောင်းမှုနဲ့ မကောင်းမှုတို့ရဲ့ကြားမှာ မရေတွက်နိုင်တဲ့ ပဋိပက္ခကို ဖန်တီးမိတယ်တဲ့။

မကောင်းတာကို မလုပ်ဘူး။ ကောင်းတာကို လုပ်ဖြစ်သွားပြီ ဆိုတာကတော့ ၀မ်းသာစရာပါ။ အကျင့်ပြောင်းသွားပြီကိုး။ အကျင့်ဆိုးကို ပစ်ပယ်ပြီး အကျင့်ကောင်းကို ကျင့်ဖြစ်တာကတော့ မင်္ဂလာပဲပေါ့။ ဒါပေမယ့် ကိုယ့်လို အကောင်းဘက်ကို ပြောင်းမလာသေးတဲ့သူတွေ အပေါ်တော့ အပြစ်မြင်တတ်ကြသေးတယ်။ ငါကောင်းပြီ၊ သူတို့ မကောင်းကြသေးဘူးပေါ့။ မကောင်းသေးတဲ့ သူတွေကိုပဲ သနားစရာလိုလိုနဲ့ အပေါ်စီးက ငုံ့ကြည့်တတ်ပြန်ပါတယ်။ ဒါကိုက ကောင်းတာမှာ ‘ငါ’ ကပ်ပြီး ငါကောင်းတာ၊ ငါ့ကောင်းမှုဆိုပြီး ပြန်စွဲလမ်းနေတော့ မာနက စိတ်ထဲ နေရာယူလို့ ရသွားပြီပေါ့။

ကောင်းမှုကုသိုလ်ကို ဓမ္မလို့မမြင်ဘဲ ‘ငါ’ တပ်ပြီး စွဲလမ်းလိုက်တော့ အမြင်မှားဒိဋ္ဌိဝင်ပြီလေ။ ကိုယ်လုပ်ထားတဲ့ ကုသိုလ်အပေါ် နှစ်သက်နေတာ၊ သာယာနေတာတွေဟာလည်း ရပ်တန့်မှုတစ်မျိုးပါပဲ။ အမှန်တော့ ကုသိုလ်အထောက်အပံ့ကြောင့် ဖြစ်လာတဲ့ အေးချမ်းမှု၊ တည်ငြိမ်မှုတွေကို အရင်းပြုပြီး လွတ်မြောက်မှုလမ်းစကို ရှာရမှာ။

ဒါကြောင့် စာရေးဆရာက ကောင်းမှုနဲ့ မကောင်းမှုကြားမှာ ဗျာများနေတတ်တဲ့ လူလိမ္မာတွေရဲ့ ရင်ထဲက ပဋိပက္ခကို အမိအရ ဖော်ကျူးထားတာ . . . ဒါဖြင့်ရင် စာရေးဆရာက ဘာကို ဆက်ပြောချင်တာလဲ။ ဒီခေါင်းစဉ်တစ်ခုတည်း အောက်မှာပဲ အမြင်ချင်းမတူတဲ့ ပညာရှိ (The Wise) တွေရဲ့ အမြင်ရှင်းပုံကို ဒီလိုရေးဖွဲ့ထားပြန်ပါတယ်။

The wise liberate themselves from all badness and goodness, which brings about eternal liberty after tiresome work.

ပညာရှိကတော့ သူတို့ကိုယ်ကို မကောင်းမှု၊ ကောင်းမှုကနေ လွတ်မြောက်အောင်နေတယ်။ ငြီးငွေ့ဖွယ်ရာ အလုပ်တွေရဲ့နောက်က ထာဝရ လွတ်မြောက်မှုကို ဆောင်ယူတယ်။

ဟုတ်တယ်။ ပညာရှိစာရင်းဝင်သွားတဲ့ ဉာဏ်ကြီးသူတွေကတော့ အကုသိုလ်အလုပ်တွေကို လုံးဝ မလုပ်တော့တာ အသေအချာပါပဲ။ ကုသိုလ်ကောင်းမှုကိုတော့ သူတို့လုပ်ပါတယ်။ ဒါပေမယ့် ငါ့ကုသိုလ်လို့ မစွဲလန်းတော့ပါဘူး။ ကုသိုလ်ရဲ့ရှေ့မှာ ‘ငါ’ မတပ်တော့ဘူး။ ငါလုပ်တာပေါ့လို့လည်း မာန မထောင်တော့ဘူး။ ဒီတော့ကာ သူတို့ဟာ ကုသိုလ်တရားကနေ ထပ်မံလွတ်မြောက်သွားတာပေါ့။

ဘယ်လောက်အထိ လွတ်မြောက်သွားသလဲ။

ကုသိုလ်ဆိုတာလည်း သင်္ခါရတရားပဲ။

အကုသိုလ်ဆိုတာလည်း သင်္ခါရတရားပဲ။

“ပြုပြင်စီရင်အပ်တဲ့ သင်္ခါရတရားမှန်သမျှ ပျက်စီးတတ်တဲ့ သဘောရှိကုန်သည်။ မမေ့မလျော့ မပေါ့မဆသော သတိတရားနဲ့ နေရစ်ကြကုန်လော့” ဆိုတဲ့ ဘုရားရှင်ရဲ့ နောက်ဆုံးမိန့်မှာချက်နဲ့ တစ်ထပ်တည်း ဖြစ်သွားတော့တယ်။

သင်္ခါရမှန်သမျှ ပျက်စီးတတ်တာကို ဉာဏ်ကြီးတဲ့ ပညာရှိတွေက သိပြီးသားဖြစ်နေတော့ ကုသိုလ်သင်္ခါရကို ဆုပ်ကိုင်ထားခြင်း မရှိတော့ဘူး။ (အကုသိုလ်ကတော့ လွှင့်ပစ်ခဲ့တာ ကြာပါပြီ)။ ဒါကြောင့် လက်လွှတ်လိုက်တယ်။ လက်လွှတ်လိုက်တော့ ဘာဖြစ်သလဲ။ သင်္ခါရ နယ်ပယ်က လွတ်မြောက်သွားပြီး အသင်္ခါရနယ်ပယ်ကို ကူးသွားပြီ။ ပြုပြင်စီရင်ခြင်းမရှိတဲ့ နယ်ပယ်ကို ရောက်သွားပြီ။ ထာဝရ လွတ်မြောက်သွားပြီ။ ဒါကြောင့်မို့ ပြုပြင်စီရင်အပ်တဲ့ သင်္ခါရတရားထဲမှာ အကျုံးဝင်နေတဲ့ ကုသိုလ်တရားကိုပင် ငြီးငွေ့ဖွယ်ရာလို့မြင်နေပြီ။ ပျက်ခြင်းရဲ့ အနိစ္စတရားကို နားလည်သူဟာ ဖြစ်ခြင်းရဲ့ ဒုက္ခကိုပါ တွဲမြင်သွားပြီ။

ပညာရှိတွေရဲ့ လွတ်မြောက်အောင်နေတတ်တဲ့ စိတ်ရဲ့ အခြေအနေသဘာဝကို ရေးဖွဲ့တင်ပြနိုင်တဲ့ မူရင်းစာရေးဆရာကိုလည်း စိတ်ထဲကနေ တလေးတစား ချီးမွမ်းရင်းနဲ့ အားကျလိုက်မိပါရဲ့။


ပုထုဇဉ်ဆိုတာကလည်း

အလွယ်တကူပြစ်မှားတတ်တဲ့

အကျင့်စရိုက်ရှိသူတွေမဟုတ်လား။

အပေါ်ယံရှပ်မြင်တဲ့ အမြင်နဲ့

လောကကြီးကို ကြည့်နေခဲ့တာ

ကြာပြီဆိုတော့

ကိုယ့်ရဲ့ပြစ်မှားလွယ်တဲ့

ကာယကံ၊ ၀စီကံ၊ မနောကံမှုတွေကြောင့်

တစ်ချိန်မှာ ပြန်ဆပ်ရမယ့်

ဝဋ်ကြွေးနဲ့ အပြစ်ဒဏ်ကို

မသိရှာကြဘူး။

ဒါကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက

မဟာကရုဏာဉာဏ်တော်ကြီးနဲ့

မြင်တော်မူပါတယ်။


စိတ်ထားသန့်စင် ရှုမြင်လျှင် . . .

ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့တဲ့ စကားတစ်ခွန်း ရှိခဲ့ဖူးပါတယ်။

“လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အဲဒီလူ ဖြတ်သန်းနေရတဲ့ ခေတ်ကာလကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူ ဘယ်လောက်အထိ ကျေပွန်အောင် ထမ်းဆောင် နိုင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ”

စာရေးဆရာကြီး ဗန်းမော်တင်အောင် ပြောခဲ့တဲ့ စကားပါ။ ဒီစကားက ရင်ကြားထဲ စိမ့်ဝင်သွားတော့ လူငယ်သဘာဝ သမိုင်းပေး တာဝန်ဆိုတာကို နိုင်သလောက် ထမ်းကြည့်ချင်စိတ် ပြင်းထန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စိတ်ကူးရတာ လွယ်သလောက် လက်တွေ့ဘ၀မှာ ရုန်းကန်ရတာ ခက်ခဲလှပါတယ်။

နောက်တော့ အသက်အရွယ်က ကြီးလာ၊ အတွေ့အကြုံက အသင့်အတင့် ရလာတဲ့အချိန်မှာ ဆရာဗန်းမော်တင်အောင်ရဲ့ နောက်ထပ်စကားတစ်ခွန်းကိုပဲ ပြန်ကိုးကားပြီး လောကကြီးကို ပြောဖြစ်ခဲ့ပါတယ်။

“ကျွန်ုပ်ကရော နောက်ထပ် ဘာများ တတ်နိုင်ပါဦးတော့မည်နည်း”

အတွေ့အကြုံရေစီးကြောင်းပေါ်မှာ တွေ့ခဲ့ရသမျှလူတွေကို ပြန်သတိရဖြစ်တဲ့အခါ လူတစ်ယောက်ရဲ့တန်ဖိုးကို တိုင်းတာဆုံးဖြတ်တဲ့သူတွေ ကိုယ်တိုင်က ကိုယ့်အပြုအမူ၊ လုပ်ဆောင်ချက်တွေနဲ့ပဲ ရှုမြင်သုံးသပ်နေကြတာပါလား ဆိုတာကို သိမြင်လာပါတယ်။ ဒါဆိုရင် အဲဒီ အမြင်ဟာ အပေါ်ယံအမြင်ပဲ ရှိတော့မှာပေါ့။

စာရေးဆရာ Chai Na Pol Akarasupaset က Real Values (စစ်မှန်တဲ့တန်ဖိုး) ဆိုတဲ့ စာပိုဒ်ထဲမှာ The Foolish (လူမိုက်)တွေရဲ့ လူ့တန်ဖိုးဖြတ်အမြင်ကို ဒီလိုရေးသားထားပါတယ်။

The foolish perceive man’s value by his conduct, they understand only the exterior.

လူမိုက်တွေဟာ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူတို့ရဲ့ အပြုအမူ၊ အလုပ်အကိုင်နဲ့ပဲ ရှုမြင်တတ်ကြတယ်။ သူတို့ဟာ အပေါ်ယံကိုပဲ နားလည်တယ်။

လူတွေထဲက လူတွေမပြောနဲ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှား ရှိစဉ်တုန်းကတောင် ပုထုဇဉ်ရဟန်းတွေရဲ့ အပေါ်ယံ ရှုမြင်တတ်ပုံနှင့် ပတ်သက်လို့ သာဓကတစ်ခု ရှိခဲ့ဖူးပါတယ်။

မြတ်စွာဘုရားရဲ့ သာသနာတော်မှာ ဧတဒဂ်ဘွဲ့ရ ရဟန္တာမထေရ် မြတ်ကြီးတွေ (၄၁)ပါး ပေါ်ထွန်းခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်မြတ်ကြီးလည်း တစ်ပါးအပါအ၀င်ပါ။ မထေရ်မြတ်ကြီးရဲ့ အသံတော်ဟာ သာယာချိုမြိန် အေးချမ်းလှတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မထေရ်မြတ်ကြီးဟာ အဆင်းတော့ မလှပရှာပါဘူး။ ပုပုကွကွနဲ့ အကြည့်ရဆိုးတဲ့ ကိုယ်ခန္ဓာဖြစ်နေပါတယ်။ ဒါကြောင့် သီတင်းသုံးဖော် ရဟန်းတွေက အချိုးမကျတဲ့ ခန္ဓာပိုင်ရှင် မထေရ်မြတ်ကြီးကို လှောင်ပြောင်ကြပါတယ်။

အသံချိုမြိန်လွန်းလို့ အသံသာတဲ့အရာမှာ ဧတဒဂ်ဘွဲ့ ရထားပေမယ့် အဆင်းမလှပြန်တော့ ပုထုဇဉ်ရဟန်းတွေအတွက် ကဲ့ရဲ့စရာ ဖြစ်နေတော့တာပေါ့။

ပုထုဇဉ်ဆိုတာကလည်း အလွယ်တကူ ပြစ်မှားတတ်တဲ့ အကျင့်စရိုက် ရှိသူတွေ မဟုတ်လား။ အပေါ်ယံရှပ်မြင်တဲ့ အမြင်နဲ့ လောကကြီးကို ကြည့်နေခဲ့တာ ကြာပြီဆိုတော့ ကိုယ့်ရဲ့ပြစ်မှားလွယ်တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံမှုတွေကြောင့် တစ်ချိန်မှာ ပြန်ဆပ်ရမယ့် ၀ဋ်ကြွေးနဲ့ အပြစ်ဒဏ်ကို မသိကြရှာဘူး။ ဒါကို ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မဟာကရုဏာဉာဏ်တော်ကြီးနဲ့ မြင်တော်မူပါတယ်။

ဒါကြောင့်မို့ ရဟန်းပရိသတ်တွေ စုံညီတဲ့အချိန်မှာ အရှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်မြတ်ကြီးရဲ့ စင်ကြယ်မြင့်မြတ်တဲ့ ဂုဏ်ပုဒ်တွေကို ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဖော်ထုတ်ချီးမွမ်းတော် မူခဲ့ရပါတယ်။ အဲဒီအခါကျမှ ပုထုဇဉ်ရဟန်းတွေရဲ့ ပြစ်မှား ပုတ်ခတ်ပြောဆိုမှုတွေဟာ ရပ်တန့်သွားပါတော့တယ်။

ဒါကြောင့်မို့ ပုထုဇဉ်ဘ၀ဆိုတာ အင်မတန် ကြောက်စရာ ကောင်းလှပါတယ်။ ဉာဏ်အလင်းက မပွင့်သေးတော့ စိတ်က အမှောင်တိုက်ထဲမှာ နေနေရသလိုပါပဲ။ ဒီတော့ကာ အန္တရာယ်တွေကို ပွေ့ပိုက်ထားသူတွေနဲ့ တူနေပါတယ်။ ဒါကြောင့် စာတွေ၊ ပေတွေထဲမှာ ဗာလာနံ - လူမိုက်လို့ သုံးတာပေါ့။ တကယ်တော့ အန္ဓပုထုဇဉ်ဆိုတာကိုက ဗာလာနံ - လူမိုက်တွေ အများစုပါပဲ။

လူလိမ္မာကတော့ အသိဉာဏ်မြင့်လာသူပီပီ လူမိုက်တွေလောက်တော့ မရမ်းတော့ဘူးပေါ့။ ဒါပေမယ့် သူ့မှာလည်း လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။ စာရေးဆရာက လူလိမ္မာတွေရဲ့ လူ့တန်ဖိုးအမြင် သတ်မှတ်ချက်ကို ဒီလို ရေးဖွဲ့ထားလေရဲ့။

The clever perceive man’s value by his power, they understand only half.

လူလိမ္မာတွေက လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ရဲ့တန်ဖိုး အာဏာ စွမ်းပကားနဲ့ ရှုမြင်တယ်။ သူတို့ဟာ တစ်ဝက်လောက်ပဲ နားလည်တယ်။

ဒီစာပိုဒ်ကို ဖတ်ရတော့ အရှင်ဒေ၀ဒတ်ကို ချက်ချင်း မြင်ယောင်မိပါတယ်။ ပါရမီဓာတ်ခံ ကောင်းခဲ့သူဆိုတော့ အရှင်ဒေ၀ဒတ်ဟာ သမထစွမ်းအားနဲ့ လောကီအဘိညာဉ်ကို ရခဲ့ပါတယ်။ ဒါပေမယ့် သစ္စာတရားကို သူ မမြင်ဘူး။ သူ့တန်ခိုးစွမ်းအားလောက်နဲ့ ဘုရားကိုပြိုင်ဖို့ စဉ်းစားတယ်။ ဘုရား သာသနာတော်မှာ ရှိတဲ့ လက်ဝဲရံ၊ လက်ယာရံ ကိုယ်တော်မြတ်ကြီးတွေကိုတောင် သူ့လက်အောက်မှာ ထားချင်တယ်။ ဘုရားထံပါး ချဉ်းကပ်ပြီးတော့လည်း ဘုရားရဲ့တပည့်တပန်းတွေကို သူ့ကိုပေးဖို့ သွားတောင်းသေးတယ်။ မရတဲ့အပြင် ဘုရားရှင်ရဲ့ ပြစ်တင်မောင်းမဲတာ ခံရတော့ အရှက်ကြီးရှက်ပြီး ဘုရားရှင်ကို လုပ်ကြံ သတ်ဖြတ်ဖို့အထိ ကြံစည်ကြိုးစားခဲ့ပါတယ်။

တစ်ဝက်အမြင်ဆိုတာ တကယ်တော့ ငါးဆယ်ရာခိုင်နှုန်း ကွက်လပ်ဖြစ်နေသေးတဲ့ အမြင်ပဲ။ တစ်နည်းအားဖြင့် ကျပ်မပြည့်တဲ့ အမြင်ပါပဲ။ အဲဒီတော့ ဝေါဟာရအနေနဲ့သာ လူလိမ္မာဖြစ်နေတာ။ စိတ်ကတော့ မိုက်တဲ့ဘက်ကို ဦးလှည့်နေတုန်းပဲ။ ရထားတဲ့ တန်ခိုးစွမ်းအားဟာ သာသနာပြုရာမှာ လျင်မြန်ဖို့၊ အများအကျိုးကို အချိန်တိုတိုနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ပါလားလို့ နှလုံးသွင်းပြီး သစ္စာတရားကို သိမြင်ဖို့အတွက် ဆက်ပြီး ကြိုးစားသွားရဦးမှာပါလားလို့ ဉာဏ်မသွင်းတတ်တော့ လောကီအဘိညာဉ် ရလျက်သားနဲ့ လူမိုက်စာရင်းဝင်ပြီး ဇတ်သိမ်းမလှ ဖြစ်သွားတော့တာပေါ့။

ဒါကြောင့် တန်ခိုးအာဏာ၊ ပါဝါ၊ စွမ်းအားဆိုတာတွေဟာ ဉာဏ်မပြည့်စုံသေးတဲ့ (ဉာဏ် တစ်ဝက် ဖြစ်နေသေးတဲ့) လူတွေရဲ့လက်ထဲရောက်ရင် အင်မတန်ကို အန္တရာယ်များလှပါတယ်။

ဒီအတွေးဖြစ်ပေါ်နေချိန်မှာပဲ မှတ်စုစာအုပ်ထဲက အလွတ်ရလုနီးပါးဖြစ်နေတဲ့ စာပိုဒ်အချို့ကိုလည်း တစ်ဆက်တည်း သတိရမိပါတယ်။

အောင်မြင်တယ်ဆိုတာ သူများထက်သာသွားတာကို မဆိုလိုပါဘူး။ ပြိုင်ပွဲမှာ ပထမရတာ၊ အိမ်ကြီးအိမ်ကောင်းနဲ့ နေနိုင်တာ၊ ရာထူး အမြင့်ဆုံးရတာ၊ ဘွဲ့ထူးကြီးကြီး ရထားတာ၊ ဂုဏ်ပြုတာတွေ ခံရတာတွေဟာ အောင်မြင်မှုအစစ် မဟုတ်ဘူး။

ကိုယ့်ဘ၀မှာ ကိုယ်တကယ်လုပ်ချင်တဲ့အလုပ် မြင့်မြတ်တဲ့အလုပ်၊ ကိုယ့်ဝါသနာစရိုက် ပါရမီနဲ့ ကိုက်ညီတဲ့အလုပ်၊ ကိုယ့်ရဲ့မြင့်မြတ်တဲ့ လူ့သဘာဝမှာ နက်နက်ရှိုင်းရှိုင်း အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဆန္ဒကို အကောင်အထည်ဖော်ရတဲ့ အလုပ်ကို လုပ်တဲ့သူဟာ အောင်မြင်တဲ့သူ ဖြစ်တယ်။ ဘယ်သူမျှမသိကြလည်း အောင်မြင်တဲ့သူပဲ။

ဆရာတော် ဦးဇောတိကရဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန် စာအုပ်ထဲကပါ။

ဒါကြောင့် တစ်ယောက်က တစ်ယောက်ကို ခန့်မှန်းရခက်တဲ့ လောကကြီးထဲမှာ သူ့အမြင်၊ သူ့ထောက်ခံချက် ရဖို့ထက် ကိုယ့်စိတ်ကိုယ့်သန္တာန်မှာ စင်ကြယ်နေဖို့ အဓိကပါ။ အထင်ဆိုတာကိုက အမြင်လောက် မတိကျပါဘူး။ ခန့်မှန်းတယ်ဆိုကတည်းက မှန်ချင်မှလည်း မှန်မယ်ဆိုတာ သိထားပြီးရင် ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို အကောင်းဆုံး ဆက်လုပ်နေဖြစ်ဖို့ အရေးကြီးပါတယ်။

ကိုယ်လုပ်နေတဲ့ကိစ္စဟာ ကောင်းမွန်မှန်ကန်မှုနဲ့ စင်ကြယ်မြင့်မြတ်မှုရှိ မရှိကိုတော့ စင်ကြယ်သူတွေ၊ စိတ်သန့်စင်သူတွေက သိနိုင်ကြပါတယ်။ လောကမှာ သိစရာမှန်သမျှကို စိတ်နဲ့သိရတာပါ။ စိတ်စင်ကြယ်သူဟာ သိစရာမှန်သမျှကို အကုန်သိမြင်ပါတယ်။ စိတ်စင်ကြယ်တဲ့သူဟာ ကိုယ့်စိတ်ကိုလည်း အသေအချာသိသလို သူတစ်ပါး စိတ်ကိုလည်း သိမြင်နိုင်ပါတယ်။ ဒီလိုသိနိုင်မှသာ ပညာရှိစာရင်းဝင်မှာပါ။

စာရေးဆရာရေးသားထားတဲ့ ပညာရှိတွေရဲ့ လူ့တန်ဖိုးဖြတ်အမြင်ဟာ အတော့်ကိုလေးနက် ပါတယ်။

The wise perceive man’s value by his purity, they touch the inner most core of life.

ပညာရှိကတော့ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ့ရဲ့ သန့်စင်မှုနဲ့ ရှုမြင်တယ်။ သူတို့ဟာ ဘ၀ရဲ့ အတွင်းအကျဆုံးအရာကို ထိတွေ့ကြတယ်။

ဖုန်တွေ အလူးလူးပေကျံနေတဲ့ ကြေးမုံပြင်တို့၊ ရေခိုးရေငွေ့တွေ ရိုက်ခတ်ထားတဲ့ မှန်မျက်နှာပြင်တို့မှာ ပုံရိပ်တွေ ထင်ထင်ရှားရှား မပေါ်နိုင်သလိုပါပဲ။ ရှုပ်ထွေးနေတဲ့စိတ်၊ အညစ်အကြေးတွေ ထူပြောနေတဲ့ စိတ်တွေရဲ့ မျက်နှာပြင်တွေမှာလည်း လူတစ်ယောက်ရဲ့ တန်ဖိုးကို အမှန်အတိုင်း ဆုံးဖြတ်နိုင်တဲ့အမြင် ပေါ်နိုင်ဖို့ခက်လှပါတယ်။ သန့်ရှင်းနေတဲ့စိတ်၊ အညစ်အကြေး ကင်းစင်နေတဲ့ စိတ်တွေရဲ့ မျက်နှာပြင်မှာတော့ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ အမှန်အတိုင်း အတိအကျ ပေါ်နိုင်ပါတယ်။

ဒါကြောင့် သူများကို အမှန်အတိုင်းရှုမြင်ချင်ရင် ကိုယ့်စိတ်ကို အရင်သန့်စင်အောင် လုပ်ထားဖို့ လိုပါတယ်။

ဒါမှသာ “စိတ်သန့်စင်သူသည် စိတ်မသန့်စင်သူကိုလည်း သိသည်။ စိတ်သန့်စင်သူကိုလည်း သိသည်” ဆိုတဲ့ စကားရပ်အတိုင်း ဖြစ်တော့မှာပေါ့။

လောလောဆယ်မှာတော့ ကိုယ့်စိတ်ဟာ လောဘ၊ ဒေါသ၊ မောဟ အညစ်အကြေးတွေနဲ့ ရှုပ်ထွေးပွေလိမ်ပြီး မသန့်မစင် ဖြစ်နေသေးရင်တော့ “စိတ်မသန့်စင်သေးသူသည် စိတ်မသန့်စင်သူကိုလည်း မသိ၊ စိတ်သန့်စင်သူကိုလည်း မသိ” ဆိုတဲ့ အချက်ကိုတော့ ၀န်ခံရတော့မှာပါပဲ . . . . .

မြသန်းစံ

၁၅-၉-၂၀၀၇။

http://www.facebook.com/messages/?action=read&tid=id.198419873567813#!/notes/momo-aung/%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%80%91%E1%80%B2-%E1%80%9B%E1%80%AD%E1%80%95%E1%80%B9%E1%80%81%E1%80%94%E1%80%B2-%E1%80%9C%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%80%E1%80%B9%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%90%E1%80%B2%E1%80%B7-%E1%80%A1%E1%80%9C%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%9C%E1%80%B8%E1%80%B1%E1%80%90%E1%80%BC-%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%99%E1%80%9E%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%B6/284071864961740

Read more...

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၆)



သတိက အဆင်သင့်ရှိနေရင် မကျေနပ်တဲ့ စိတ်ကလေး ဖြစ်လာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း ချက်ချင်းမြင်နိုင်တယ်။ ဒီစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးလေးပဲ၊ ဒေါသစိတ်ကလေးပါ၊ ငါမဟုတ်ဘူး၊ သူ့သဘာဝနဲ့သူပဲ၊ အဲဒီလို ဒေါသစိတ်ကို ငါမဟုတ်တဲ့ စိတ်အနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။ အဲဒီဒေါသစိတ်ကို ငါ့စိတ်လို့ မြင်နေရင် ငါမကျေနပ်ဘူးဆိုတဲ့ အတွေးကြောင့် ငါကျေနပ်အောင် ဘာလုပ်ရမလဲဆိုတဲ့ နောက်ဆက်တွဲတွေ အများကြီး ဆက်တွေးရတော့တယ်။ ငါမဟုတ်ဘူးလို့ မြင်လို့ရှိရင် ရှေ့ဆက်စရာ မရှိတော့ဘူး။ အဲဒီနေရာတင် ရပ်လို့ရတယ်။ ဇာတ်လမ်း မရှည်တော့ဘူး။

ကိလေသာ အကြောက်ဆုံးအရာက အနတ္တဉာဏ်နဲ့ အေးအေးဆေးဆေး ကြည့်တာပဲ။ အေးအေးဆေးဆေးကြည့်နိုင်ရင် ကိလေသာဟာ စိတ်ဝင်စားစရာ အင်မတန်ကောင်းတာကို တွေ့ရတယ်။ ကိလေသာဟာ မဟုတ်တာကို အဟုတ်လို့ ထင်အောင် အမျိုးမျိုး ဖန်တီးပြနိုင်တယ်။ ဒါကြောင့် ပယ်ဖို့ထက် သိဖို့ ပိုအရေးကြီးတယ်။

ကိုယ့်မှာ ကိလေသာ ကင်းသလား၊ မကင်းဘူးလားဆိုတာ သူများကို သွားမမေးပါနဲ့၊ အချိန်တန်တော့ သူ့ဟာသူပြပါ လိမ့်မယ်နော်။ လောကဓံတရားက စာမေးပွဲစစ်ပေးမယ်။

ကိုယ့်မှာ ဣဿာမစ္ဆရိယဖြစ်တာကို ဖြစ်မှန်းသိလိုက်ရတာ အကျိုးအင်မတန်များပါတယ်နော်။ ကိုယ့်ချို့ယွင်းချက်ကို မသိဟန်ဆောင်ထားတာ ဖုံးထားတာဟာ အမှန်တော့ ကိုယ်ပဲ ထိခိုက်တယ်၊ နစ်နာတယ်။

လောဘဟာ ကလေးဆန်တယ်။ ဒေါသဟာ သိပ်ကလေးဆန်တယ်။ မာန ဣဿာ မစ္ဆရိယ စသည် သူတို့မရှိတဲ့အခါမှာ တကယ့်ကို ရင့်ကျက်မှု အပြည့်ရှိနေတာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရင့်ကျက်မှုရှိလာအောင် တကယ်အသိဉာဏ်ရှိတဲ့ လူကြီးဖြစ်လာအောင်ဆိုရင် သတိနဲ့နေမှ ဖြစ်တော့မှာ။

လောဘ၊ ဒေါသ၊ မာန၊ မနာလိုဝန်တိုမှု၊ ယုံမှားသံသယဖြစ်မှု၊ စိတ်ပျံ့လွင့်မှု၊ ထိုင်းမှိုင်းတွေဝေမှု စတာတွေဟာ ရန်သူစိတ်တွေပဲ။ ကိလေသာအကြောက်ဆုံးဟာ သူ့ကို ရန်လုပ်တာ မဟုတ်ဘူး။ ကိလေသာအကြောက်ဆုံးဟာ သူ့ကို သတိနဲ့ဉာဏ်နဲ့ အေးအေးဆေးဆေး ကြည့်တာကို အကြောက်ဆုံးပဲ။

ကိလေသာရဲ့သဘောက ငါနဲ့ပေါင်းစပ်မိရင် အင်အားပိုပြီး ကြီးတတ်တယ်။ ကိလေသာဟာ အတ္တရဲ့အကူအညီကို မရရင် အားနဲသွားတယ်။ ဘယ်လိုကိလေသာဖြစ်ဖြစ်၊ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ် ငါဆိုတဲ့ သက္ကာယဒိဋ္ဌိရဲ့ အထောက်အပံ့ကို မရရင် သူသိပ်အားမကြီးဘူး။ ဖြစ်ကြောလည်း မရှည်ဘူး။ မြန်မြန်နဲ့ပြေသွားတယ်။

ဒါကြောင့် လောဘ၊ ဒေါသ၊ မာန၊ မနာလိုဝန်တိုမှုတွေကို အနတ္တအဖြစ်နဲ့မြင်ရင် သူအင်အားနဲပြီးတော့ နောက်ဆုတ် သွားမှာပါ။ ပြီးတော့ သူ့ဆီက ပညာနဲ့ အသိဉာဏ်လည်း ရလိုက်မယ်။ သူက ကိုယ့်ကို ပညာအသိဉာဏ်တွေ ပေးသွားတာပဲ။ ဒါကြောင့် စိတ်ဓါတ်ခိုင်မာလာတယ်။ အတွင်းမှာ အင်အားတွေ ရှိလာတယ်။ အင်မတန် ရင့်ကျက်တည်ငြိမ်တဲ့သူ ဖြစ်လာတယ်။

ရုပ်ပိုင်းဆိုင်ရာ အုတ်တွေ၊ ကျောက်တွေ၊ သံတွေနဲ့ ဆောက်ထားတဲ့ ရဲတိုက်ကြီးကတော့ လူပုဂ္ဂိုလ်ကို ပြင်ပရန်သူကိုပဲ ကာကွယ်နိုင်ပါတယ်နော်၊ ကိုယ့်စိတ်ထဲကို အမြဲဝင်နေတဲ့ ကိလေသာရန်သူကိုတော့ ၀င်မလာအောင် အကာအကွယ် မပေးနိုင်ပါဘူး။ ကိလေသာရန်သူ စိတ်ထဲကို ၀င်မလာအောင် သတိ၊ သမာဓိ၊ ဉာဏ်ပညာကသာ ကာကွယ်နိုင်တာပါ၊ ပြင်ပက ရန်သူထက် ကိလေသာရန်သူက ပိုကြောက်စရာ ကောင်းပါတယ်။

သမထက စိတ်ကို တခြားအာရုံ မရောက်အောင် အတင်းချုပ်ထားတာ၊ ဖမ်းထားတာ၊ ထိန်းထားတာ၊ ထွက်မလာအောင် အပေါ်ကနေ ဖုံးထားတယ်။ ဖိထားတယ်။ ၀ိပဿနာက ဖုံးထား ဖိထားတာ မဟုတ်ဘူး။ ၀ိပဿနာဘာဝနာက စိတ်မှာဖြစ်တတ်တဲ့ ကိလေသာရဲ့ သဘာဝကို နက်နက်နဲနဲ သိသွားပြီးတော့ အသိဉာဏ်နဲ့ ပယ်လိုက်တာ၊ အတွင်းကနေ သူ့ရဲ့အကြောင်းရင်းကို ကုလိုက်သလိုပဲ။ ကိလေသာကို အရင်းအမြစ်ကနေပြီးတော့ တစ်ခါတည်း ပယ်နိုင်အောင် အားထုတ်တဲ့ ဘာဝနာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ နက်နဲတယ်။ ဉာဏ်အများကြီး ပါပါတယ်။

စိတ်ထဲမှာ လောဘဖြစ်တယ် ဆိုပါတော့၊ အဲဒီလောဘကို ဖိဖို့ ဖုံးထားဖို့ မကြိုးစားပဲနဲ့ အဲဒီလောဘရဲ့သဘာဝကို စိတ်ပါလက်ပါ စိတ်ရှည်လက်ရှည် သေသေချာချာ ကြည့်တာပဲ။ သေသေချာချာ ကြည့်ပါများရင် လောဘဖြစ်စရာ အာရုံတစ်ခုနဲ့ စိတ်နဲ့ တိုက်ဆိုင်မှုရှိတဲ့အခါ လောဘဖြစ်တယ်ဆိုတာကို ကိုယ်တိုင်မြင်ရတယ်။ ကိုယ်တိုင် သိရတယ်နော်။

အဲဒီလို ကြည့်တဲ့အခါမှာ အဲဒီလောဘဖြစ်တဲ့ စိတ်ကိုပဲ စိတ်ဝင်စားစရာ၊ အံ့သြစရာတစ်ခုအနေနဲ့ မြင်ရတယ်။ ငါ့စိတ်လည်း မဟုတ်တော့ဘူး။ စိတ်နဲ့အာရုံတစ်ခုနဲ့ တိုက်ဆိုင်တဲ့အခါမှာ ဖျတ်ကနဲ ပေါ်လာတဲ့ စိတ်ကလေးတစ်ခုပဲ။ တော်တော်အံ့သြဖို့ကောင်းတယ်။ ငါ့စိတ်မဟုတ်တော့ဘူးဆိုရင်ကိုပဲ အနတ္တသဘော ဖြစ်သွားပြီနော်။ အနတ္တဥဉဏ်နဲ့ မြင်နိုင်မှသာ အမြင်မှန်တစ်ခုကို ရပြီလို့ ပြောလို့ရတယ်။

လောဘကို ချက်ချင်း မပယ်နိုင်သေးဘူးနော်။ ဒီလိုနည်းနဲ့ တရားကို အားထုတ်သွားတဲ့အခါမှာ တဖြည်းဖြည်းနဲ့ စိတ်ထဲမှာ လောဘဖြစ်တဲ့အခါ သိတယ်။ ဒေါသဖြစ်တဲ့အခါ သိတယ်။ မာနဖြစ်တဲ့အခါ သိတယ်။ ဣဿာမစ္ဆရိယဖြစ်တဲ့ အခါ သိတယ်။ ဒီလိုသိရင်းသိရင်းနဲ့ ဒီလိုသိတဲ့ အသိဉာဏ်ဟာ ကြာလေကြီးလေ ဖြစ်လာတယ်။ လောဘ၊ ဒေါသ မာနတွေ ကတော့ ချက်ချင်း မပျောက်သေးဘူးနော်။ ဒါပေမယ့် သူတို့ကို သိတဲ့အသိဉာဏ်က ကြီးလာတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာတရားမှာ ပယ်ဖို့ထက် သိဖို့က ပိုအရေးကြီးတယ် လို့ ပြောတာနော်။ အသိဉာဏ်ကြီးလာမှ အဲဒီအသိဉာဏ်က သူ့ဟာသူ ပယ်သင့်တဲ့ကိလေသာကို ပယ်တာပဲ။ ငါက ပယ်လိုက်တာ မဟုတ်ဘူး။ ဒါကြောင့် အတ္တနဲ့ ပယ်လို့ မရဘူး။ အနတ္တနဲ့မှပဲ ပယ်လို့ရတယ်။

အကြည့်ခံဖြစ်တဲ့ အာရုံကလည်း အနတ္တပဲ၊ ကြည့်နေတဲ့ စိတ်ကလည်း အနတ္တပဲ၊ နှစ်ခုစလုံး အနတ္တဖြစ်သွားတယ်။ အဲသလိုဖြစ်သွားရင် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းရတာ ပိုလွယ်သွားတယ်။

အားလုံးဟာ အနတ္တပါလားလို့ တကယ်မြင်ရင် ဘာရှေ့ဆက်စရာရှိသေးလဲ၊ ဘာမှ ဆက်စရာ မရှိတော့ဘူး။ အဲဒီမှာ လမ်းဆုံးသွားပြီ။ အားလုံးကိုသာ အနတ္တလို့မြင်ရင်၊ အားလုံးကိုသာ အနိစ္စလို့မြင်ရင် ရှေ့ဆက်စရာ ဘာမှမရှိတော့ဘူး။ ဇာတ်လမ်းက အင်မတန်တိုတယ်။ ဇာတ်လမ်းတွေရှည်နေကြတာဟာ အတ္တကြောင့်ပါ။

ခံစားချက်တစ်ခုခု၊ ဥပမာ-လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ်၊ မနာလိုဝန်တိုစိတ်ဖြစ်ဖြစ်၊ ကြောက်စိတ်ဖြစ်ဖြစ်၊ အားငယ်စိတ်ဖြစ်ဖြစ် အဖြစ်များလို့ရှိရင် အဲဒီခံစားချက်က စိတ်ထဲမှာ နေရာအပြည့် ယူထားလိုက်တယ်။ နေရာမဖယ် တော့ဘူး။ တွေးသမျှ အတွေးတွေဟာ အဲဒီနား ပတ်ဝန်းကျင်မှာပဲ တွေးတော့တာပဲ။ ခံစားမှုတစ်ခုထဲမှာ ချောင်ပိတ်မိ နေတာဟာ ဘယ်လောက် ပင်ပန်းသလဲဆိုတာ သိကြပါတယ်။



သတိနဲ့နေတဲ့ အလေ့အကျင့်ကို လုပ်လာတဲ့အခါမှာ ပစ္စုပ္ပန် တကယ်တည့်သွားတဲ့အချိန်မှာ အဲဒီချောင်ပိတ်မိနေတဲ့ စိတ်ဟာ မရှိတော့ဘူး။ ပစ္စုပ္ပန် တကယ်တည့်ပြီဆိုရင် ငါဆိုတာတောင် ပျောက်သလိုဖြစ်သွားတယ်။ သိတာပဲရှိတော့တယ်။ အဲဒီလို ငါဆိုတာပါ ပျောက်ပြီးတော့ သိတဲ့သဘောသက်သက် ဖြစ်လာတဲ့အချိန်မှာ စိတ်ကတည်ငြိမ်ပြီးတော့ အေးချမ်း နေတယ်။ လွတ်လပ်နေတယ်။ အဲဒီအချိန်မှာ အတိတ်မရှိဘူး၊ အနာဂတ်မရှိဘူး၊ ငါမရှိတော့တဲ့ သတိ၊ သမာဓိမျိုးကြုံဖူးရင် ထွက်လမ်းကို သိပြီး ချောင်ပိတ်မိရင် ခဏပဲ။ ဒီနည်းကို မသိရင် ကိုယ့်အတွေးက ကိုယ့်ကို နှိပ်စက်တာကို ကောင်းကောင်း ခံရမယ်။

သိနေလို့ရှိရင် လုံးဝအတွေးအတော မရှိတော့တဲ့အခါမှာ ဒီလိုသိရတဲ့အာရုံကို ငါလို့မထင်တော့ဘူး။ ပထမတော့ ငါ့လက်ကပူနေတာလို့ ထင်တာ၊ ငါ၊ လက်၊ ပူ သုံးခုကို တွဲထားတာ။ နောင်သတိ အင်မတန်ကောင်းလာတဲ့အခါမှာ လုံးဝ အတွေးအတောမရှိ၊ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ငါလည်း မဟုတ်တော့ဘူး။ လက်လည်း မဟုတ်တော့ဘူး။ ပူတာပဲ ရှိတော့တယ်။ ငါဆိုတဲ့ ပညတ် ကွာသွားပြီ။ လက်ဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ ပူတယ်ဆိုတဲ့ သဘာဝတစ်ခုကိုပဲ သိနေရတော့တာ။

အဲသလို ငါလည်းမဟုတ်၊ လက်လည်းမဟုတ်ပဲ ပူတာကို သိတဲ့အချိန်မှာ ပရမတ်ကို သိတယ်။ ပညတ် မပါတော့ဘူး။ ငါပူတာ မဟုတ်တော့ဘူး။ လက်ပူတာ မဟုတ်တော့ဘူး။ ပူတာဟာ ပူတာပဲ။ ရုပ်အပေါ်မှာ ငါဆိုတဲ့ အထင်အမြင်မှားမှုဟာ ပျောက်သွားပြီ။

အဲဒီလို ပစ္စုပ္ပန် တကယ်တည့်တဲ့အချိန်၊ ပညတ်မပါပဲနဲ့ ပရမတ်ကို တကယ်သိတဲ့အချိန်မှာ အမှန်ကို သိတာပဲ။ အမြဲတမ်း ငါဆိုပြီးတော့ စွဲလာတဲ့ အစွဲကြီးဟာ အဲဒီအချိန်မှာ ခဏလောက် ပျောက်သွားတယ်။ သိတဲ့စိတ်ကလေး ရှိတယ်။ သိရတဲ့အာရုံရှိတယ်။ ကျန်တာဘာမှ မရှိတော့ဘူး။ အဲဒီလို အသိအမြင်ဟာ အင်မတန် ထူးဆန်းတယ်။ အဲဒီအချိန်မှာ ဖြစ်နေတဲ့ အသိဉာဏ်ဟာ အင်မတန် နက်နဲတယ်။ အာရုံက ရိုးတယ်၊ သိတာလည်းပဲ ရိုးရိုးလေးပဲ သိတယ်။ သို့သော်လည်း ဖြစ်ပေါ်လာတဲ့ အသိဉာဏ်က အင်မတန်ကြီးကျယ်တယ်။

အဲသလို ရိုးရိုးနဲ့ နက်နက်နဲနဲသိအောင် တရားအားထုတ်ရတာပဲ။ ဆန်းဆန်းပြားပြားသိဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်မှာဖြစ်တဲ့ သဘာဝကို အမှန်အတိုင်းသိဖို့ပဲ ကြည့်နေတာ။

အဲဒီလို ဘယ်အရာကို ကြည့်ကြည့် သဘာဝအဖြစ်နဲ့ပဲ မြင်တယ်၊ ပုဂ္ဂိုလ်သတ္တ၀ါအဖြစ်နဲ့ မမြင်တော့ဘူး။ အဲဒီဉာဏ်ဆိုတာ နဲနဲနောနော ဉာဏ်မဟုတ်ဘူးနော်။ နာမ်ရုပ်ကို ကွဲကွဲပြားပြား ပိုင်းခြားပြီးတော့ သိတဲ့ဉာဏ်ဖြစ်သွားပြီ။

အတွေးအခေါ်တွေ ဘယ်လောက်ပဲ ကြီးကြီးကျယ်ကျယ် နက်နက်နဲနဲတွေ ဖတ်ရှုနေအုံးတော့ ဒီလောက်နက်နဲတဲ့ ဉာဏ်မျိုး ရဖို့ရာ မလွယ်ဘူး။

အဲဒီဉာဏ်မျိုး ရတဲ့သူဟာ နဂိုတုန်းက သူသိထားတဲ့ အသိအမြင် အထင်မှားမှုတွေဟာ ပျောက်ကုန်တယ်။ သူ့ရဲ့စိတ်နေ စိတ်ထားပါ တစ်ခါတည်း ပြောင်းလဲသွားတယ်။ အသိဉာဏ်ပါ ပြောင်းသွားတယ်။ စိတ်နေသဘောထား၊ အပြုအမူ၊ အသိအမြင် ပြောင်းလဲသွားတာ၊ ပြောင်းလဲတာမှ တကယ့်ကို သိသိသာသာကြီး ပြောင်းလဲသွားတာ။ ထိထိရောက်ရောက် ကြိုးစားလို့ရှိရင် အဲဒီလို ဉာဏ်မျိုးဖြစ်လာမယ်။ အဲဒီအနတ္တဉာဏ်က စိတ်ကို အင်မတန် ချမ်းသာစေတယ်နော်။ ပစ္စုပ္ပန်မှာ တည့်တည့်နေတဲ့အကျင့်က အမြတ်ဆုံးအကျင့်ပဲ။ အမြတ်ဆုံးဘ၀ပဲ။

ကြံစည်တွေးတောပြီးမှ သိလို့ရတဲ့အာရုံဟာ ပစ္စုပ္ပန်တည့်တည့် အာရုံမဟုတ်ဘူး။ ပရမတ်လည်း မဟုတ်ဘူး။ စိတ်ကူးနဲ့ သိလို့ရတဲ့အတွက်ကြောင့် ပညတ်ပဲဖြစ်နေတယ်။ တွေးနေတာမဟုတ်ပဲနဲ့ စိတ်ကို တကယ်ထိပြီးတော့ သိနေတဲ့အချိန်မှာ ပရမတ် တည့်နေတာပဲ။

စိတ်ဟာ ပစ္စုပ္ပန်မှာ အနေများလာတဲ့အခါ ဘ၀ရဲ့ Quality ဟာ အင်မတန် မြင့်မားလာတယ်။ စိတ်ရဲ့ (Quality) အရည်အသွေးတွေဟာ မြင့်မားလာတယ်။ စိတ်ထဲမှာဖြစ်တဲ့ လောဘ၊ ဒေါသတွေ၊ ပျံ့လွင့်မှုတွေ၊ စိတ်ဆင်းရဲမှုတွေ တဖြည်းဖြည်း ရှင်းသွားတယ်။ သူတို့ ရှင်းသွားရင် စိတ်ရဲ့အရည်အသွေး ဘယ့်နှယ့်နေမလဲ။ မြင့်လာတယ်၊ အေးချမ်း တည်ငြိမ်မှု၊ သန့်ရှင်းမှု ရှိလာတယ်။


ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)


Credit to: http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:91736

Read more...

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၅)




ပစ္စုပ္ပန်မှာ စိတ်ကိုထားတတ်တဲ့ အလေ့အကျင့် များလာရင် အဲဒီလူဟာ အပိုကိစ္စတွေကို လျှော့တတ်လာတယ်။ အပိုစကားပြောတာတွေ၊ အပိုခရီးသွားတာတွေ၊ အကျိုးမရှိဘဲနဲ့ ထိုင်တွေးပြီင်္း ပူနေတာတွေလည်း လျှော့သွားတယ်။ စိတ်က ပိုရှင်းလာတဲ့အတွက် တစ်ခုခုကို လုပ်စရာရှိလို့ စဉ်းစားရမယ်ဆိုရင် သူသိပ်အချိန်ကြာကြာ စဉ်းစားမနေရဘူး။ ချီတုံချတုံဖြစ်ပြီး အချိန်ကုန်မသွားဘူး။

သတိရှိလို့ သမာဓိလည်း ကောင်းလာတဲ့အခါ၊ စိတ်လည်း ကြည်လင်အေးချမ်းလာတဲ့အခါမှာ လုပ်စရာကိစ္စ တစ်ခုခုရှိလို့ အေးအေးဆေးဆေး အာရုံပြုလိုက်ရင် ဘယ်ကိစ္စ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် အဖြေထွက်လာတယ်။ အဲဒါကိုက အချိန်ကုန်တော်တော် သက်သာသွားတာ။

အပိုလုပ်လို့ အလုပ်ပိုတာ…။

ခြေတစ်လှမ်း တစ်ချက်လောက် သိတယ်ဆိုရင်ကိုပဲ အင်မတန် အကျိုးများပါတယ်။ ဒါက လုပ်မကြည့်သေးဘဲနဲ့တော့ မသိဘူးနော်၊လုပ်ကြည့်လာတဲ့အခါကျမှ တကယ့်ကို အကျိုးများတာကို သိလာလိမ့်မယ်။

သာမန်အခြေအနေမှာ လူတွေဟာ တစ်ခုခု စိတ်ညစ်စရာ၊ စိတ်ပူစရာ၊ သဘောမကျစရာ၊ စိတ်ပင်ပန်းစရာတွေ တွေးနေတတ်တယ်။ အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ၊ တွေးနေတာပဲ။ သတိနဲ့သိပြီးတော့ သွားခြင်းအားဖြင့် အဲဒီအတွေးတွေဟာ နည်းနည်းတော့ လျော့သွားတယ်။ အတွေးနည်းနည်း လျော့သွားရင် စိတ်က နည်းနည်းကြည်လာတယ်။ စိတ်နည်းနည်း အေးချမ်းလာတယ်။ စိတ်မှာ ပင်ပန်းမှု နည်းနည်းလျော့သွားတယ်။

မိုးလင်းကတည်းက၊ အိပ်ရာနိုးကတည်းက ကိုယ့်ရဲ့စိတ်အခြေအနေ Mood ကို ပြုပြင်ထားရမယ်။ နိုးရင် နိုးနိုးချင်း တရားရှုမှတ်လိုက်ရင် သတိ၊ သမာဓိ ကောင်းလာပြီး စိတ်ကြည်လင် အေးချမ်းလာပြီးတော့ တည်ကြည်ခန့်ညားတဲ့၊ အေးချမ်းတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ Mood မျိုးရလာတယ်။ အဲဒီ Mood လေးကို အပျက်မခံဘဲ ထိန်းသွားရမယ်။

အဲဒီလို တစ်နေ့တာလုံး တည်ငြိမ်အေးချမ်းတဲ့၊ ခန့်ညားမှုရှိတဲ့၊ တည်ကြည်မှုရှိတဲ့၊ မြင့်မြတ်တဲ့စိတ်ကို ထိန်းထားလို့ရှိရင် တရားထိုင်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ သတိ၊ သမာဓိကို ရတယ်။


ညမှာ တရားအားထုတ်ပြီးမှ အိပ်လို့ရှိရင် မနက်နိုးတဲ့အခါမှာ ပိုပြီး ကြည်လင်လန်းဆန်းတယ်။ တရားအားထုတ်ဖို့လည်းပဲ ပိုပြီးတော့ စိတ်က သတိရတယ်။ လုံ့လ၀ီရိယ၊ သဒ္ဓါတရားလည်းပဲ ပိုပြီင်္းတော့ အားကောင်းလာတယ်။

အိပ်နေရင်းပဲ အသက်ရှုတာလေးကို သိပြီးတော့ နေလိုက်ပါ။ စိတ်ကတော့ ထုံးစံအတိုင်းပဲ ဟိုကိစ္စ၊ ဒီကိစ္စ တွေးဦးမှာပဲ။ တွေးလိုက်ရင် တွေးတယ်ဆိုတာလေးကို စိတ်ကသိလိုက်ပါ။ သိပြီးရင် “ဘာမှ မထူးပါဘူး” ဆိုပြီးတော့ အသာလေး စိတ်ကို လျော့ချလိုက်ပါ။ ကိုယ့်ကိုယ်ကို စိတ်မဆိုးပါနဲ့။ ပြန်ပြီးတော့ အသက်ရှုတာလေးကို သတိကပ်ပြီးတော့ ထားလိုက်ပါ။ ခန္ဓာကိုယ်ကိုလည်းပဲ ခြေတွေလက်တွေကို အတတ်နိုင်ဆုံး သက်တောင့်သက်သာဖြစ်အောင် လျှော့ပြီးတော့ ချထားပါ။ နေရာအနေအထားကိုလည်း အသက်သာဆုံး ဖြစ်သွားအောင် ပြင်လိုက်ပါ။ ခေါင်းအုံးကအစ နိမ့်လွန်းရင်လည်း မကောင်းဘူး။ မြင့်လွန်းရင်လည်း မကောင်းဘူး။ အဲသည်လို ကိုယ်နဲ့ အဆင်အပြေဆုံးဖြစ်အောင် ပြုပြင်ထားပြီး အိပ်လျက်ကလေးပဲ တရားအားထုတ်ပါ။ ဒီလိုတရားအားထုတ်ရင်း၊ တရားအားထုတ်ရင်းနဲ့ပဲ အိပ်ပျော်သွားပါစေ…။

စာကျက်ခါနီးမှာ တရားထိုင်တယ်။ တရားထိုင်ပြီးမှ စာကျက်တယ်။ အဲဒီလိုလုပ်တော့ စာတွေကို ပိုပြီးတော့ မှတ်မိတယ်။ ပိုပြီးတော့ သဘောပေါက်တယ်။ တော်တော်နဲ့ မမေ့ဘူး။ အိပ်ခါနီးမှာလည်း အိပ်ရာထဲမှာ တရားမှတ်ရင်းနဲ့ အိပ်တာပဲ။ စိတ်ထဲမှာလည်း ရှင်းသွားတယ်။ ခန္ဓာကိုယ်ထဲမှာလည်း ရှင်းသွားပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတယ်။

တရားကတော့ အားထုတ်နေမှာပဲ။ ကိုယ်သိနိုင်တဲ့အကျိုးက ရနေတာကိုး။ အသိဥာဏ် ထက်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ စိတ်ချမ်းသာတယ်။

ဘာမှမတွေးပဲနဲ့ ဒီလိုသိနေတဲ့အခါမှာ စိတ်က အင်မတန် အေးချမ်းနေတယ်။ တခြားနည်းနဲ့ပျော်မယ့်အစား အဲသလို တစ်နေရာမှာ တိတ်တိတ်ဆိတ်ဆိတ် အေးအေးကလေး နေပြီးတော့ တရားနဲ့ပဲ ပျော်လာတာပဲ။

စိတ်တည်ငြိမ်အေးချမ်းမှုနဲ့ အသိဉာဏ်နက်နဲမှုဟာ အင်မတန် အရသာရှိတယ်။ အင်မတန် ကျေနပ်စရာကောင်းတယ်။

တရားအားထုတ်တယ်ဆိုတာ တကယ်ကို ရာခိုင်နှုန်းပြည့် ရိုးရိုးသားသား စိတ်ရောကိုယ်ပါ လုပ်မှပဲ တကယ်ထိထိ ရောက်ရောက် တိုးတက်မှု ဖြစ်နိုင်တယ်။ ဒီလိုမလုပ်ရင်တော့ နဲနဲပါးပါး အပေါ်ယံ သတိ၊ သမာဓိလောက် ရရင်ရမယ်။ တကယ်လေးနက်တဲ့ အဆင့်မြင့် သတိ၊ သမာဓိလောက်ပဲ ရရင်ရမယ်။ တကယ်လေးနက်တဲ့ အဆင့်မြင့် သတိ၊ သမာဓိ ဉာဏ်ပညာ မရနိုင်ပါဘူး။

သိနေတာကို သိနိုင်တဲ့သတိ ဖြစ်လာတော့ သိနေတာကို သိနေတဲ့အချိန်မှာမှ “ငါအခုမှ လူဖြစ်ပြီ” လို့ ခံစားလိုက်ရတယ်။

ဥပေက္ခာဝေဒနာဟာ မသိရင် မောဟဖြစ်နေတဲ့အတွက်ကြောင့် ငြိမ်းချမ်းတဲ့သဘောတော့ မရှိဘူး။ ဒါကြောင့် ဥပေက္ခာကို မသိရင် ဒုက္ခနဲ့တူတယ်တဲ့။ ဥပေက္ခာကို သိရင် သုခနဲ့ တူတယ်တဲ့။

ဥပေက္ခာက အခြေအနေကိုလိုက်ပြီးတော့ သုခဘက်ကိုလည်း ပါတတ်တယ်။ ဒုက္ခဘက်ကိုလည်း ပါတတ်တယ်။ ဥပေက္ခာဝေဒနာကို များများသိအောင် လုပ်လို့ရှိရင် စိတ်က ပိုပြီးတော့ ငြိမ်းချမ်းလာတယ်။



သိပြီးတော့နေတဲ့ စိတ်ကလေးဟာ ငြိမ်းချမ်းနေတယ်၊ အဲဒီငြိမ်းချမ်းနေတဲ့စိတ်ကလေးဟာ ညီမျှနေတယ်။ ဟိုဘက် မရောက်ဘူး။ ဒီဘက်လည်း မရောက်ဘူး။ ၀ီရိယ ပိုတယ်လည်း မရှိဘူး။ ၀ီရိယ လိုတယ်လည်း မရှိဘူး။ ၀ီရိယ ညီမျှနေတယ်။ အဲဒီလို ၀ီရိယ ညီမျှနေတာကိုလည်းပဲ ဥပေက္ခာလို့ပဲ ခေါ်တယ်။

အဲဒီလိုစိတ်ထဲမှာ အားလုံး ဥပေက္ခာဖြစ်ပြီး ငြိမ်းချမ်းနေတဲ့အခါမှာ ပထမတော့ ငါငြိမ်းချမ်းတယ်လို့ ခံစားရတယ်။ ငါပါနေတယ်နော်။ ဒီလိုနဲ့ဆက်ပြီးတော့ အားထုတ်သွား၊ အားထုတ်သွား၊ အားထုတ်သွား ကြာလာတဲ့အခါမှာ ငါမပါတော့ဘဲနဲ့ ငြိမ်းချမ်းတယ်ဆိုတာပဲ ရှိတော့တယ်။

ငြိမ်းချမ်းမှုဟာ အနတ္တဖြစ်သွားပြီနော်။ ငါ့ရဲ့ငြိမ်းချမ်းမှု မဟုတ်ဘူး၊ ငါပိုင်ဆိုင်တဲ့ ငြိမ်းချမ်းမှု မဟုတ်ဘူး။ ငြိမ်းချမ်းမှု ဆိုတာ သဘာဝတရားတစ်ခုဆိုတဲ့ သဘောမျိုး ဖြစ်သွားတယ်နော်။ အဲဒီလို ဥပေက္ခာဖြစ်နေတဲ့အခါမှာ ကိုယ့်ဟာကိုယ် ငါတရားအားထုတ်နေရတယ်လို့တောင် မထင်တော့ဘူး။ သူ့အလိုလိုပဲ တရားအားထုတ်တာ ဖြစ်သွားနေတာ။ အဲဒီလို အခါမှာ အနတ္တကို ကောင်းကောင်း ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အဲဒီတော့ ငြိမ်းချမ်းမှုရဲ့ အနတ္တကို သိရတယ်။ အနတ္တ လက္ခဏာကို သိရတယ်။

ဒီငြီမ်းချမ်းမှုဟာလည်းပဲ အမြဲတမ်းတော့ မရှိဘူး။ သူလည်း ပျက်ချင်တဲ့အခါ ပျက်သွားတာကိုး။ ဖြစ်နေတဲ့အချိန်မှာ တောင်မှ တဆက်ထဲလို့ ပြောလို့မရဘူး။ တစ်ခုပြီးမှ တစ်ခုပဲ။ အဲသလို အားထုတ်သွားပြီးတော့ ငြိမ်းချမ်းနေတဲ့ အနတ္တ သဘောကို သိပြီးတော့ နေရင်းကလည်း နောက်ဆုံးမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တယ်။

စိတ်က တခြားကို ပျံ့လွင့်သွားရင် အဲဒါကို သိလိုက်ပါ။ တခြားတစ်ခုခုကို တွေးနေပြီ။ သိလိုက်ပြီ။ သိပြီးရင် ညင်ညင်သာသာ စိတ်ကလေး နူးနူးညံ့ညံ့ကလေးနဲ့ နဂိုနေရာကို ပြန်ယူလာပါ။ ကိုယ့်စိတ်ကိုပဲ ကိုယ်ပြန်ပြီးတော့ မကျေမနပ် မဖြစ်လိုက်ပါနဲ့။ ဒီစိတ်ကလည်း ဟိုတွေးဒီတွေး တွေးပြန်ပြီပေါ့လို့ ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီးတော့ ဒေါသ မဖြစ်ဖို့နော်။

လောဘအားကြီးနေတဲ့အချိန်မှာ လောဘက သူလိုချင်တာ ရဖို့ပဲ။ ဘယ်လိုနည်းနဲ့ရရ ရရင်ပြီးရော။ ဒါကိုပဲ သူဆုံးဖြတ်မှာပဲ။

ဒေါသအားကြီးနေတဲ့အခါမှာ မကျေနပ်တဲ့စိတ် အားကြီးနေတယ်။ အဲဒီအချိန်မှာ သူ့အတွက် ဘာအရေးကြီးဆုံးလဲ ဆိုတော့ သူတစ်ပါးကို ပြောရဆိုရဖို့၊ ရိုက်ရ နှက်ရဖို့၊ အပြစ်ဒဏ်ပေးရဖို့၊ နှိပ်စက်ရဖို့က အရေးကြီးဆုံးဖြစ်နေတယ်။ အဲဒါဟာ တရားတယ်။ အဲဒါဟာ မျှတတယ်လို့ သူထင်မှာပဲ။ ဒါမှ လုပ်သင့်တဲ့ကိစ္စလို့ သူထင်မှာပဲ။

မာနဖြစ်တဲ့အခါမှာ ဘယ်လိုနေသလဲဆိုတော့ သူများထက် သာရဖို့ အရေးကြီးဆုံးပဲ။ တခြားကိစ္စတွေက အရေးမကြီးဘူး။

ထို့အတူ ဣဿာမစ္ဆရိယ စိတ်သဘောထားလည်း ဒီလိုပဲ။ မနာလိုတဲ့စိတ်၊ ၀န်တိုတဲ့စိတ် ရှိတယ်။ သူများ ကြီးပွားတာကို မလိုချင်ဘူး။ သူ မကြီးပွားသင့်ဘူးလို့ ယူဆတယ်။ “ငါပဲ ကြီးပွားသင့်တယ်” လို့ ထင်နေတယ်။ ကိုယ့်မှာရှိတာကို မျှပေးဖို့ စိတ်မကူးနိုင်ဘူး။

လူတွေရဲ့စိတ်မှာ လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်၊ မာနဖြစ်လိုက်၊ မနာလို ၀န်တိုတဲ့စိတ်ဖြစ်လိုက်၊ တော်ကြာ လောဘပြန်ဖြစ်လိုက်၊ တော်ကြာမာနဖြစ်လိုက်၊ သတိမရှိတဲ့သူ၊ မောဟနဲ့ နေတဲ့သူဆိုရင် တစ်ခုမဟုတ် တစ်ခုတော့ တစ်လှည့်စီ ဖြစ်နေတာနော်။

စိတ်ရဲ့သဘာဝဟာ လောဘဖြစ်နေတဲ့အချိန်မှာ လောဘကို ငါလို့ထင်တယ်။ လောဘကို ငါ့စိတ်လို့ ထင်တယ်။ လောဘက လိုချင်နေတာကို ငါလိုချင်တယ်လို့ထင်တယ်။ လောဘက တရားတယ်လို့ထင်ရင် ငါတရားတယ်လို့ပဲ ယူဆမှာပဲ။ ထို့အတူပဲ ဒေါသ၀င်လာတဲ့အခါမှာလည်း ဒေါသကို ငါလို့ ထင်နေတယ်။ ဒေါသက လုပ်ချင်တာကို အရေးကြီးတယ်လို့ထင်တယ်။ အဲသလို ဖြစ်နေတာနော်။

ဒါပေမယ့် သတိနဲ့ ဥာဏ်နဲ့ ကြည့်တတ်တဲ့သူအဖို့ ဒီဒေါသ၊ လောဘဟာ ငါမဟုတ်ဘူးလို့ မြင်လာတယ်။ ဒါကြောင့် သူတို့ခိုင်းတိုင်း မလုပ်တော့ဘူး။ သူတို့ရဲ့ လွှမ်းမိုးမှုကနေ လွတ်သွားတယ်။

တစ်ယောက်ယောက်ကို စိတ်ဆိုးတယ်၊ မကျေနပ်ဘူး၊ သူက ငါ့ကို ဘယ်လိုပြောလို့ ငါက စိတ်ဆိုးတယ်လို့ ဇာတ်လမ်းကို စဉ်းစားမနေပဲနဲ့ စိတ်ဆိုးနေတဲ့စိတ်ကလေးကိုပဲ ကြည့်ဖို့လိုတယ်။ ဇာတ်လမ်းကို တွေးရင် စိတ်က ပိုပြီးတော့ ဆိုးလာတတ်တယ်။ ပိုပြီးတော့ စိတ်ဆင်းရဲသွားတတ်တယ်။ ဇာတ်လမ်းကို တွေးနေတာ မဟုတ်တော့ဘဲနဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားမှုကိုပဲ ကြည့်နေပါ.....။


ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)


Credit to: http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:82168#comments

Read more...

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၄)


ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာ သူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။ ကိုယ့်အတွေးပါ။ ကိုယ့်သဘောထားမှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေ မှားနေလို့၊ ကိုယ့်စိတ်ကို ကိုယ်နားမလည်လို့၊ ကိုယ့်စိတ်ကို ကိုယ်တည်ငြိမ်အောင်၊ အေးချမ်းအောင် မထားတတ်လို့၊ အဲဒီစိတ်က အတွေးတွေ အမျိုးမျိုးတွေးပြီးတော့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။ တရားအားထုတ်ပြီးတော့နေရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေဖြစ်နေတယ်။

ကိုယ့်စိတ်က ကိုယ့်ကို မကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က ရန်သူပဲ။ ကိုယ့်စိတ်က ကိုယ့်ကို ကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က မိတ်ဆွေပဲ။

ကိုယ့်စိတ်ကို ကိုယ့်မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပြီဆိုရင် အဲဒီလူမှာ အင်မတန်မြင့်မားတဲ့ စိတ်ဓါတ်အရည်အသွေးတွေ ရှိလာလိမ့်မယ်။ ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ တကယ်ဖြစ်သွားပြီဆိုရင် အဲဒီလူဟာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေသွားလို့ ရပြီ။ ကုန်ကုန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ရာခိုင်နှုန်းပြည့် တကယ်ဖြစ်မယ်ဆိုရင် တရားကိစ္စလမ်းဆုံးတဲ့ ထိအောင် ရောက်နိုင်ပါတယ်။

“ Everything that crosses the mind, wears and tears the mind ” စိတ်ထဲကို ဖြတ်သန်းသွားတဲ့အရာ မှန်သမျှဟာ စိတ်ကို ပင်ပန်းနွမ်းနယ်စေတယ်။

လူတွေဟာ အတွေးများလွန်းလို့ စိတ်ဓါတ် energy စိတ်ဓါတ်အင်အားတွေ အများကြီး ကုန်ဆုံးသွားတယ်နော်။ အတွေးအတောထဲမှာ ငေးမောပြီးတော့ မနေပဲ ဖြစ်နိုင်သလောက်၊ ရနိုင်သလောက် ပစ္စုန်ပ္ပန်တည့်တည့်မှာ သတိကပ်ပြီး နေမယ်ဆိုရင် စိတ်ပင်ပန်းမှု မရှိတော့ဘူး။ စိတ်ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ တစ်နေ့တာကုန်သွားမယ်။

သင့်အတွေးတွေက သင့်ကို ပိုပြီးတော့ ကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင်လည်း လုပ်လို့ရတယ်။ သင့်ကို ပျက်စီးသွားအောင်လည်း လုပ်လို့ရတယ်။ စိတ်ချမ်းသာအောင်၊ အားတက်နေအောင်လည်း လုပ်နိုင်တယ်။ စိတ်ဆင်းရဲအောင်၊ စိတ်ဓါတ်ကျနေအောင်လည်း လုပ်နိုင်တယ်။

လူတွေကတော့ ထင်တာပေါ့။ အဆင်မပြေမှုတွေ များနေလို့ စိတ်ဆင်းရဲတာပါလို့။ အဲဒီအဆင်မပြေမှုက ဘယ်အချိန်ကျမှ အကုန်လုံး ပျောက်သွားမှာလဲ၊ ဘ၀ရှိသေးသရွေ့ကတော့ ဘယ်တော့မှ အကုန်လုံး ပျောက်မသွားနိုင်ဘူး။ အနဲနဲ့အများတော့ ရှိဦးမှာပဲ။ ဒါပေမယ့် ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ တရားအားထုတ်ပြီးတော့ ကြည်လင်အောင်၊ သန့်ရှင်းအောင်၊ အေးချမ်းအောင်၊ မြင့်မြတ်အောင် ထားတတ်လာပြီး စိတ်က ကောင်းတာလုပ်ဖို့ပဲ အတွေးများလာတဲ့အခါမှာ ဘ၀မှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ ပြဿနာတွေဟာ တဖြေးဖြေးနဲသွားတယ်။

တွေးတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ် (process)ကို သေသေချာချာ စိတ်ဝင်စားပြီးတော့ ကြည့်ပါ။ လောကမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဟာ အတွေးပဲ။ အတွေးဟာ အင်မတန် နက်နဲကျယ်ပြန့်တယ်။ တစ်လောကလုံး ဒီလောက် ဆန်းပြားနေတာ အတွေးကြောင့်ပဲနော်။

တွေးတဲ့အခါမှာ အတွေးနဲ့အတူ စိတ်ထဲမှာ ဘယ်လိုခံစားမှုတွေ ဖြစ်လာသလဲဆိုတာ သိအောင်လုပ်ပါ။ ဒီကိလေသာတွေဖြစ်လာတဲ့အခါ ချက်ချင်းကြီး ဖျောက်ပစ်ဖို့ မကြိုးစားပါနဲ့။ သူတို့ရဲ့ သဘောသဘာဝတွေကို စိတ်ဝင်စားပြီးတော့ သေသေချာချာကြည့်ပါ။ သူတို့နဲ့အတူတူ ပါလာတဲ့ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကိုလည်း တွေ့ရလိမ့်မယ်။ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကို မြင်ပါများလာရင် ကိလေသာတွေကို မွေးမထားတော့ဘူး။

သူရဲ့သဘောသဘာဝတွေကို သိရင်းသိရင်းနဲ့ အသိဉာဏ် ရင့်ကျက်လာပြီး တဖြည်းဖြည်း သူ့ဟာသူ အားနဲ သွားတာပါပဲ…။ အဲဒီတော့ သူ့ရဲ့ သဘောသဘာဝတွေကို သိဖို့ အင်မတန် အရေးကြီးပါတယ်။

နာမည်တွေ ခဏဖယ်ထားပြီးတော့ အာရုံပေါ်မှာ ခံစားပြီး သိလို့ရတာလေးကိုပဲ သိနေဖို့ အရေးကြီးတယ်။ ထွက်လေ ၀င်လေမှာ ၀င်လာတဲ့လေဟာ အေးနေတယ်။ ပြန်ထွက်သွားတဲ့လေဟာ နွေးနေတယ်။ မတူတာလေးကို မတူမှန်းသိဖို့ လိုတယ်။ မတူမှန်းကို သိနေလို့ရှိရင် သတိပိုကောင်းလာတယ်။ သမာဓိ ပိုကောင်းလာတယ်။


အာရုံကို ထိထိမိမိ သိသွားတဲ့အခါမှာ အာရုံပေါ် ပိုပြီးတော့ စိတ်ဝင်စားမှုရှိတယ်။ အာရုံကို သေသေချာချာ မသိတဲ့ အချိန်မှာ စိတ်ရဲ့သဘာဝဟာ တခြားအာရုံတစ်ခုခုကို ရှာချင်တယ်။ ဒီအာရုံကို စိတ်မ၀င်စားတော့ဘူး။ ဘာမှ မထူးပါဘူးလို့ ထင်လာတယ်။ တကယ်ထိထိမိမိ လုပ်ရင် ရက်ပိုင်းအတွင်း ထူးပါတယ်။

သမာဓိကောင်းလို့ အရှိန်နဲနဲ ရသွားပြီဆိုရင် စိတ်က သူ့ဟာသူပဲ ဒီအာရုံထဲမှာ နေပြီးတော့ အလိုက်သင့်လေး၊ ပုံမှန်လေး သူ့ဟာသူ အားထုတ်သွားနေတယ်။ စိတ်ထဲမှာလည်း တင်းမနေတော့ဘူး။ လျော့သွားတယ်။ လျော့သွားတယ်ဆိုတာက ၀ီရိယ လျော့သွားတယ်လို့ မဆိုလိုဘူးနော်။ Tension တင်းမာမှု လျော့သွားတာ၊ ခန္ဓာကိုယ်မှာလည်း Tension မရှိတော့ဘူး။ စိတ်မှာလည်း Tension မရှိတော့ဘူး။ ခန္ဓာကိုယ်ကလည်း Relax ဖြစ်နေတယ်။ စိတ်ကလည်း Relax ဖြစ်သွားတယ်နော်။ အဲဒါကိုပဲ ကာယမုဒုတာ၊ စိတ္တမုဒုတာလို့ ခေါ်တာပဲ။ ကိုယ်၏ နူးညံ့ခြင်း၊ စိတ်၏ နူးညံ့ခြင်းဆိုတာ ဖြစ်သွားတယ်။

အဲသည်လို သမာဓိ တော်တော်လေး ကောင်းလာတဲ့အခါမှာ သက်တောင့်သက်သာဖြစ်သွားတော့ အင်မတန်ချမ်းသာ လာတယ်။ ပိုပြီးပျော်လာတယ်။ အဲဒီအချိန်မှာ ငြိမ်းချမ်းပြီးနေတယ်။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ - ကိုယ်စိတ်နှစ်ပါးလုံးရဲ့ ငြိမ်းအေးခြင်းတဲ့။ စိတ်ထဲမှာ အေးနေတယ်။

“ အရင်တုန်းက စိတ်ဆင်းရဲစရာ တစ်ခုခုရှိလာပြီဆိုရင် သူများကိုပဲ အပြစ်တင်တယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် ငါ့မှာ စိတ်ဆင်းရဲရတယ်လို့ ဒီလို အပြစ်တင်တယ် ” တဲ့။ “ ဒီလို တရားအားထုတ်လို့ စိတ်ချမ်းသာနေတဲ့အခါကျတော့ ဒီစိတ်ကို ကြည့်တဲ့အခါ ပြင်ပက ဘာကြီးဖြစ်နေဖြစ်နေ ကိုယ့်စိတ်ကိုကိုယ် ထားတတ်ရင် ချမ်းသာနေတာပဲဆိုတာ တွေ့ရတယ်” တဲ့။ “ အရင်တုန်းက စိတ်ချမ်းသာမှုဟာ အပြင်မှာ ရှိတယ်လို့ထင်တယ်၊ အခုတော့ စိတ်ချမ်းသာမှုဟာ စိတ်ထဲမှာပဲ ရှိတယ်ဆိုတာကို သိလာတယ် ” တဲ့။

အိပ်ပျော်သွားလို့၊ ဘာမှ မသိတော့လို့ စိတ်ကို အနားပေးလိုက်တဲ့နည်းက သတိမပါဘူး။ ပညာမပါဘူး။ အိပ်မပျော်ပဲနဲ့ကို ကိုယ့်ခန္ဓာမှာဖြစ်နေတဲ့ ရိုးရိုးအာရုံတစ်ခုအပေါ်မှာ စိတ်ကလေးကို ကပ်ထားပြီးတော့ ဘာမှမတွေးပဲနဲ့ သိနေတဲ့အချိန်မှာ စိတ်အနားရတာက ပိုပြီးတော့ နက်နဲတယ်။ အဲဒီလို စိတ်ကို ထားနိုင်လို့ရှိရင် စိတ်ရဲ့အင်အားကလည်း ပိုပြီးတော့ ကြီးမားလာတယ်။

စားရင်းနဲ့လည်း သတိလေးနဲ့ စားလို့ရှိရင် စိတ်ထဲမှာ သဘောကျတာကိုလည်း သိတယ်။ သဘောမကျတာကိုလည်း သိတယ်။ ဒီလို သတိနဲ့စားတဲ့အခါမှာ လောဘကြီးကြီးနဲ့ စားလို့မရတော့ဘူး။ သင့်တော်တဲ့ အစားအစာကို သင့်တော်တဲ့ ပမာဏလောက်ပဲ စားလို့ရတော့တယ်။ ပိုမစားဘူး။ မကြိုက်လို့ရှိရင်လည်း ဒေါသမဖြစ်ဘူး။ ဒီအစားအစာအပေါ်မှာ စိတ်က ဘယ်လိုသဘောထားနေတယ်ဆိုတာကိုပါ သိနေတယ်။ ဒါ တရားအားထုတ်ပြီးသား ဖြစ်နေတယ်။ သိပ်ခက်တာ မဟုတ်ပါဘူး။ ၀ါသနာပါရင် လုပ်လို့ရတယ်။

အစားအသောက်ကို သတိနဲ့စားလို့ရှိရင် သတိကောင်းလာတဲ့အတွက်ကြောင့် လိုတာထက်လည်း ပိုမစားဖြစ်ဘူး။ အဲဒါ ပထမဦးဆုံးရတဲ့ အကျိုးပဲ။ သာမန်အားဖြင့် လူတွေဟာ လိုတာထက် ပိုစားမိတတ်ကြတယ်။ သတိနဲ့စားလို့ရှိရင် လိုသလောက် စားပြီးတဲ့အခါမှာ အလိုလိုတော်ချင်လာတယ်။

သတိနဲ့စားတဲ့သူဟာ အစားအသောက်ပေါ်မှာ လောဘလျော့သွားတယ်။ ဉာဏ်ပညာ ပိုကြီးလာတယ်။ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ကိုက်ညီအောင် လိုအပ်တဲ့ပမာဏ မပိုမလို စားမယ်။ အစားအသောက်နဲ့ စိတ်နဲ့၊ အစားအသောက်နဲ့ ခန္ဓာကိုယ်နဲ့ ဆက်စပ်မှုကိုလည်း ပိုမြင်လာတယ်။ မြင်လာတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ မတည့်တာတွေ မစားတော့ဘူးနော်။ ပြီးတော့ ဒီအပေါ်မှာ စွဲလန်းမှုလည်း နည်းသွားတယ်။ နောက်နေ့ကျရင် ရှိရင်တော့ စားမယ်။ မရှိရင်လည်း ကိစ္စမရှိဘူး။ နောက်နေ့ကျ ဒါမျိုးစားဖို့အရေး ပူပူလောင်လောင်ကြီး မလုပ်တော့ဘူး။

အစားအစာတင်မကဘူး။ ဆေးဝါးလည်း ဒီလိုဘဲ။ မလိုအပ်ပဲနဲ့ မသုံးချင်ဘူး။ ဆေးတစ်ခုခု သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာသလဲဆိုတာ အသေးစိတ် သိနေတယ်။ ဆေးရဲ့ side effect ကို ပိုသိရတယ်။ လွယ်လွယ်နဲ့ မသုံးချင်ဘူး။ သဘာဝအတိုင်း ကျန်းမာအောင်ပဲ ကြိုးစားချင်တော့တာ။

အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့လည်း လူတွေရဲ့စိတ်မှာ ခံစားချက်တော်တော်လေး များပါတယ်။ အထူးသဖြင့် အခုခေတ်မှာ အ၀တ်အစား အထူးအဆန်းတွေ အများကြီး ၀တ်ကြတာပဲ။ တန်ကြေးဆိုရင်တော့ မပြောပြတတ်တော့ပါဘူး။ အဲဒီတော့ အ၀တ်အစားဝတ်တာနဲ့ ပတ်သက်ပြီးတော့ သတိလေးနဲ့ ဉာဏ်လေးနဲ့ လုပ်မယ်ဆိုရင် ဒီအ၀တ်အစားဟာ ဒီရာသီဥတုနဲ့ ကိုက်ညီတယ်။ ကိုယ်သွားရမယ့်ခရီး၊ ကိုယ့်တွေ့ရမယ့် ပုဂ္ဂိုလ်နဲ့လည်း ဒီအ၀တ်အစားဟာ သင့်တော်တယ်ဆိုတဲ့ ဉာဏ်ကလေး သုံးပြီးတော့ ၀တ်မှာပဲနော်။ အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ကြွားစရာဝါစရာကြီးဖြစ်အောင် လုပ်မနေတော့ဘူး။

ကိုယ်ဝတ်တဲ့ အ၀တ်အစားဟာ ကိုယ့်အသက်အရွယ်၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ်လုပ်တဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီအောင်တော့ ရွေးလိုက်ပါနော်။ အဲဒီလို ဉာဏ်နဲ့သိပြီးတော့ လုပ်ခြင်းအားဖြင့် အကုန်အကျလည်း အများကြီး နဲသွားလိမ့်မယ်။ သူနဲ့ပတ်သက်တဲ့ လောဘလည်း နည်းသွားလိမ့်မယ်။ လောဘနဲသွားရင် ဒေါသလည်း နည်းသွားမယ်နော်.....။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

Credit to: http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:82263

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP