* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, December 18, 2010

ရော့၊ အင့်လို့မရ


အသက် (၃၅) နှစ်အရွယ်မှာ ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက်
ဘုရားရှင် (၄၅) နှစ်ကြာ တရားတော်များ ဟောကြားတော်မူခဲ့ပါတယ်။

ငါးပါးသီလ၊ ရှစ်ပါးသီလ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်၊
သတိပဋ္ဌာန် စသဖြင့် အကြောင်းအရာ မျိုးစုံဘဲ။
နောက်ပိုင်းမှာ ဘုရားဟောတရားတော်တွေဟာ
ပိဋကတ်သုံးပုံအဖြစ်ထင်ရှားလာတယ်။

ဘုရားရှင်ဟောခဲ့တဲ့တရားတော်တွေဟာ ဘာမှ တီထွင်ကြဆပြီး
ဟောခဲ့တာမပါဘူး။ အရှိတရားတွေကို ဟောတာ။
ဘုရားရှင်က အရှိတရားကို ပြန်လည်ထုတ်ဖော်ပြောဆိုပြတာ။

ဆိုကြပါဆိုစို့။
ဘုရားရှင်က ပါဏာတိပါတ၊ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါလို့ ပြောတယ်။
သူ့တပါးအသက်သတ်တတ်တဲ့ပုဂ္ဂိုလ်ဟာ အသက်တိုတတ်တယ်၊
အနာရောဂါထူပြောတတ်တယ်။
သူ့တပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်သာ
အသက်ရှည်တတ်ပြီး အနာရောဂါကင်းရှင်းတတ်တယ် လို့ ဘုရားရှင်ပြောပါတယ်။

ဒီမှာနားလည်ရမှာက
သူတပါးအသက်သတ်တတ်တဲ့ပုဂ္ဂိုလ်ဟာ ဘုရားရှင်ဟောလို့ အသက်တိုတတ်ပြီး
အနာရောဂါထူပြောတာမဟုတ်ဘူး။
ဘုရားရှင် ဟောဟော မဟောဟော၊ သူတပါးအသက်သတ်တဲ့သူ
ဒီအကျိုးတရားတွေနဲ့ ရင်ဆိုင်ရမှာပဲ။

ကုန်ကုန်ပြောရရင်
ဘုရားရှင် ပွင့်ထွန်းခဲ့သည်ဖြစ်စေ၊ မပွင့်ထွန်းခဲ့သည်ဖြစ်စေ၊
သူတပါးအသက်သတ်ရင် သတ်ခြင်းကြောင့် သဘာဝတရားဖြစ်တဲ့
အသက်တိုခြင်း အနာရောဂါထူပြောခြင်း အကျိုးကတော့ ပေးနေမှာ။
ဒါက သဘာဝ သဘောတရားတွေ၊ ဘုရားရှင်နဲ့ မဆိုင်ဘူး။

ဒီပါဏာတိပါတလို့ခေါ်တဲ့ သူတပါးအသက်သတ်လို့ ရလာမဲ့အကျိုးတရားတွေကလဲ
ဗုဒ္ဓဘာသာအတွက်တင် မဟုတ်ဘူး။
မြန်မာလူမျိုးအတွက်တင် မဟုတ်ဘူး။
ပါဏာတိပါတ (သူတပါးအသက်သတ်ခြင်း) ကို
ကုလားကဘဲ ကျူးလွန် ကျူးလွန်
တရုတ်ကဘဲ ကျူးလွန်ကျူးလွန်၊ အင်္ဂလိပ်ကဘဲ ကျူးလွန် ကျူးလွန်။
ကျူးလွန်တဲ့သူ အကျိုးအပြစ်ရနေမှာဘဲ။

ဒီလိုဘဲ။
ခရစ်ယာန်ဘာသာဝင်ကဘဲ ကျူးလွန်ကျူးလွန်၊
ဟိန္ဒူဘာသာဝင်ကဘဲ ကျူးလွန် ကျူးလွန်၊
အစ္စလာမ်ဘာသာဝင်ကဘဲ ကျူးလွန်ကျူးလွန်
ကျူးလွန်သူ အကျိုးအပြစ်ရနေမှာ။

ဒါ့ကြောင့်
ပါဏာတိပါတ (သူတပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း သီလ) အပါအ၀င်
ငါးပါးသီလဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့တင် ဆိုင်တာ မဟုတ်ဘူး။
မြန်မာလူမျိုးတွေနဲ့တင် ဆိုင်တာမဟုတ်ဘူး။
လူသားအားလုံးနဲ့ဆိုင်တာ။
လောကထဲမှာ ရှိနေတဲ့ အရှိတရား၊ သဘာဝနိယာမတရားကြီးဖြစ်နေတာကိုး။

ဒါပေမဲ့ ဒီအရှိတရား၊ သဘာဝနိယာမ တရားကြီးကို
ဘုရားရှင်က မပြောပြရင် ဒို့တတွေ သိမှာ မဟုတ်ဘူး။ သိခွင့်ရမှာ မဟုတ်ဘူး။
သူတပါးအသက်ကို သတ်ရင် ဒီလိုဖြစ်တတ်တယ်လို့
အရှိသဘောတရားကို ဘုရားရှင်ကသာ မပြောပြခဲ့ရင်
ဒို့တတွေ သူတပါးအသက် သတ်ဖို့ ၀န်လေးမှာ မဟုတ်ဘူး။

အခုတော့
သူ့သက်သတ်ဖြတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည် လို့
ဘုရားရှင်ပြောပြခဲ့လို့ ဒို့တတွေ နားလည်ပြီး ကျင့်သုံးခွင့် လိုက်နာခွင့်ရတာ။

အခြားတရားတော်တွေဖြစ်တဲ့ သစ္စာလေးပါးတို့၊ မဂ္ဂင်ရှစ်ပါးတို့ကိုလဲ
ဘုရားရှင် ဟောကြားပြောကြားခဲ့လို့ သိရတာ။

ကုသိုလ် အကုသိုလ် ကောင်းတာ မကောင်းတာတွေကို
ဘုရားရှင် ခွဲခြားပြခဲ့တော့ သိလာရပြီး ဆောင်တတ် ရှောင်တတ်လာတာ။

ဒီတော့ ဒီလို ဆောင်တတ် ရှောင်တတ်ကျင့်ကြံတတ်အောင်
ပြောပြဟောပြညွှန်ပြခဲ့တဲ့ ဘုရားရှင်ကို ဒို့တတွေ ဗုဒ္ဓဘာသာဝင်တွေက
ဆရာတစ်ဆူအဖြစ်မှတ်ယူပြီး ကျေးဇူးတင်လွန်းလို့
ကျေးဇူးတင်တဲ့အနေနဲ့ အလေးပေးရတာ။
ကိုးကွယ်ရတာ၊ ဆည်းကပ်ရတာ၊ ပူဇော်ရတာ။

ဘုရားရှင်ကို ဆွမ်း၊ ပန်း၊ ရေချမ်းစသည်ကပ်လှူတာကလဲ
ဘုရားရှင်က တစုံတခု ပေးနိုင်လို့
ဘုရားရှင်ထံမှ တစုံတခု မျှော်လင့်ချက်နဲ့ ကပ်လှူရတာမဟုတ်ဘူး။

ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်က
ဘုရားရှင် ပရိနိဗ္ဗာန်စံ (ကွယ်လွန်) သွားပြီဖြစ်တဲ့အတွက်
ပရိနိဗ္ဗာန်စံသွားပြီဖြစ်တဲ့ ဘုရားရှင်က လာပြီး
‘ရော့၊ အင့်’ လို့
ဘာမှ ပေးနိုင်မှာ မဟုတ်ပါဘူး။

အထက်က ပြောခဲ့သလို ဘုရားရှင်ကို
လောကီအရေး၊ သံသရာအရေး ဆောင်ရန် ရှောင်ရန်တွေကို
လမ်းညွှန်ပေးတဲ့ဆရာအဖြစ်မှတ်ယူပြီး ကျေးဇူးတင်လွန်းလို့
ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်ဆည်းကပ်ကြတာပါ။
ကိုးကွယ်ဆည်းကပ်ရမှာပါ။

Photo: Google Search

Read more...

အဓိပတိလမ်းပေါ်က ရဟန်း

E-mail Print PDF

အဓိပတိလမ်းပေါ်က ရဟန်း

အရှင်ဝိစိတ္တသာရ (မော်ဒန်)

(၁)

“သစ်ပုတ်ပင်နှင့် ကံ့ကော်မြိုင်တန်း၊
အဓိပတိလမ်းနှင့် လွမ်းမောဖွယ်ရာမြကျွန်းသာ၊
အင်လျားကန်ဘောင်က ဗူးသီးကြော်။

စောင့်မျှော်နေသောညနေ၊
တက္ကသိုလ်ကျောင်းကငွေလမင်းနှင့်ဂျပ်ဆင်ထိပ်ကလိပ်ပြာ၊
သုံးရာသီဦးချစ်လက်ဘက်ရည်ဆိုင်ကခုံပုလေးများ၊”

စသည်စသည် ဤမည်သောအရာတို့သည်ကား ရိုမန္တိက(Romantic) ဆန်လွန်းလှသောဝေါဟာရများပေတကား။

တက္ကသိုလ်နေ့ရက်များနှင့်
ချိတ်ဆက်ယှက်နွှယ်
ဆွတ်ပျံ့ဖွယ်အလှ၊
အနုအရွကဗျာ၊
အလင်္ကာဟာသ
မေတ္တာသိမ့်သိမ့်၊
ငြိမ့်ငြိမ့်ညောင်းညောင်း၊
ပျောင်းပျော့သောဂီတကို ဖွဲ့နွဲ့ခြင်းတွင် မှော်ဝင်သော ကဝေလက်များက တက္ကသီလာ၏ ဝေ့ပြာမှုံရီသော ပုံရိပ်တို့ကို ညွတ်နူးဖွယ်ရာ ဖန်တီးခဲ့ချေပြီတည့်။

ဝတ္ထုဘုတ်အုပ်တို့ကိုပင် အဟုတ်မှတ်ထင်ကာ လုပ်ဇာတ်များကို ကိုးကွယ်လေ့ရှိတတ်သော ဆယ်ကျော် သက်ရွယ်ရှင်ငယ်လေးတစ်ပါး၏ အိပ်မက်တွင် တက္ကသီလာဟူသည် ကမ္ဘာသစ်ပမာဖြစ်လာချေတော့၏။ ငါသည်လည်း ဤမြကျွန်းသာသို့ ကြွချီအံ့၊ အဓိပတိလမ်းပေါ်တွင် မော်မော်ကြွားကြွား လမ်းသလားပေအံ့ ဟု လက်ခမောင်းခတ်ကာ စာတွေကျက်မှတ်မိသေးတော့၏။ သို့သော် ကမ္ဘာသစ်ကား ခြားလေပြီ။ မြန်မာစာသင် ပုန်းကြီးကိုအခြေတည်၍ မင်္ဂလသုတ်နှင့် နမက္ကာရဘုရားရှိခိုး၊ ပရိတ်ကြီးအမျိုးမျိုးနှင့် သင်ရိုးပိဋကတ်၊ ပထမလတ် ပထမကြီးဟူသော ဆာတီဖီကေ့ထ်(Certificate)တို့သည် မြကျွန်းသာနှင့်မနီး တက္ကသီလာခရီး မဟုတ်ခဲ့လေပြီ။ “ရန်ကုန်ပူရံ မနောရမံ” ဆိုသော်လည်း “တက္ကသီလံ”ကား “အတိဒူရံ” ဖြစ်ခဲ့ချေပြီတကား။

ရှင်ပင်ဖြစ်စေ၊လူပင်ဖြစ်စေ လူငယ်သည် လူငယ်သာဖြစ်၏၊ ထို့ထက်မပို ၊ လောကုတ်ကို မလို။ လောကီကိုသာ ညွတ်ရိုးထုံးစံရှိသတည်း။ ဘဂ၀ါဟိုက်စကူးဟူသည်ကား မသေရာအမြိုက်တူးဖော်ရေး လမ်းတည်းဟု ထိုစဉ်က မသိခဲ့ရိုးအမှန် ၀န်ခံရပေမည်တည့်။ သို့သော် ဘဂ၀ါဟိုက်စကူးမှ ပေါင်းကူးဖြစ်သော သာသနာ့တက္ကသီလာ သို့ကား သူရောက်အောင်သွားခဲ့ပါချေသည်။ စိန်ပန်းကမ္ဗလာတို့ စွေးစွေးနီခဲ့ပါလေသော ထိုတက္ကသီလာ၌ ရိုမန္တိကမြူကင်းသော သင်ရိုးညွှန်းတမ်းများနှင့် ဓမ္မရနံ့ ဓမ္မဂီတတို့တွင် သူပျော်မွေ့နိုင်အောင် ကြိုးစားခဲ့ချေ သည်။ ယထာဘူတကျစွာ တွေးခေါ်တတ် လာပြီဖြစ်သည့် ရဟန်းငယ်တစ်ပါးဘ၀တွင်မူ မြကျွန်းသာကို စာပေ ပြတင်းပေါက်မှသာ ချောင်းကြည့် မိတော့သည်။

သို့သော် တက္ကသီလာကို လွမ်းမောဖွယ်ရာထက် သမိုင်းပြတိုက်ကြီးအဖြစ် မှတ်ထင်စွဲမြဲနေသော တက္ကသိုလ် ကျောင်းသူဟောင်းကြီးတစ်ဦး၏ ဖိတ်ခေါ်လမ်းပြမှုကြောင့် အဓိပတိလမ်းမကြီးပေါ်မှာ ဧည့်သည်တစ်ယောက် အဖြစ်လမ်းလျှောက်ခဲ့ရဖူးလေသည်။ ကျောင်းသူဟောင်းအမျိုးသမီးကြီး၏ တက္ကသီလာနေ့စွဲများကို နားစိုက်ရင်း ဟိုးနှောင်းခေတ်ဆီက တောက်ပခဲ့သော တက္ကသိုလ်အဆောင်ဆောင်အခန်းခန်းများကို ငေးနေမိသေးတော့ သည်။

အော် ဇာတိသွေးဇာတိမာန်နှင့် မြန်မာ့ဦးစွန်းကို မြှင့်ခဲ့ရာ၊ အမျိုးဘာသာသာသနာ၏ သမိုင်းအသစ်ကို ထုဆစ်ခဲ့ရာ တန်ဖိုးကြီး လှသောတက္ကသီလာပေတကား။ ဆယ်ကျော်သက် အရွယ်ဆီက စိတ်ကူးနုနုများကား အတွေးအသားတက်၍ ရင့်ကျက်ဟန်ရှိခဲ့ပြီ။ ပြည့်ဝသော ရင့်ကျက်မှုကား မဟုတ်ချေသေး။ ငယ်စဉ်က လျှောက်လိုခဲ့သော အဓိပတိလမ်းကိုကား အတွေးအမြင်တစ်မျိုးဖြင့် ရိုးရိုးလေးသာ လျှောက်ခဲ့ဖူးလေပြီ။ သို့သော် တဒင်္ဂဖြတ်လျှောက်ခြင်းမျှသာတည်း။
(၂)

မြကျွန်းသာကံ့ကော်တော၏ အဓိပတိလမ်းပေါ်တွင် အတွင်းစည်းမှ လျှောက်ခဲ့ဖူးသောရဟန်းတစ်ပါးတော့ ရှိခဲ့ဖူးပါလေသည်။ တက္ကသိုလ်ခေတ်ဦး(၁၉၃၉ခုနှစ်)ဆီက ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနစာသင်ခန်းတွင် ရဟန်းငယ်တစ်ပါးက တက္ကသိုလ်ကျောင်းတော်သားကြီးအဖြစ် အခြားကျောင်းသူကျောင်းသားများကြားတွင် ထင်းထင်းကြီးရှိနေခဲ့လေသည်။ထိုရဟန်းငယ်သည် တက္ကသီလာမြကျွန်းသာတွင် ပထမဆုံးတက် ရောက်ခွင့်ရသော ဗုဒ္ဓဘာသာရဟန်းတော်ပင်ဖြစ်ချေသည်။ ထိုအကြောင်းကို ဆရာကြီမြကေတု၏ နှောင်းခေတ်တက္ကသိုလ်ဘ၀မှတ်တမ်းများတွင် ဤသို့ဤပုံလင်းခဲ့ပါ ချေ၏။

“ဤဖြစ်ရပ်သည် ရှေးအခါက မည့်သည့်အခါကမှ မပေါ်ပေါက်သေးသောကိစ္စရပ်မျိုးဖြစ်၍ ထူးထူးကဲကဲ တက္ကသိုလ်သမိုင်းတစ်ရပ်အနေဖြင့် တင်ပြသင့်သည်ဟု ထင်မြင်မိပေသည်။ တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ စသည်တို့ကို ကျောင်းသားအဖြစ်မှတ်ပုံမတင်ပါလေဘဲ ပြင်ပမှ အလွတ်ဖြေဆို အောင်မြင်ကြလေကုန်သော ရဟန်းပျိုများကား ရှိခဲ့ဖူးပါသည်။ သို့သော် ရဟန်းဝတ်ဖြင့် ကျောင်းသူကျောင်းသားများနှင့်အတူ နေ့ကျောင်း တက်ကာ ၀ိဇ္ဇာအောင်ပန်းကို ဆွတ်လှမ်းပန်ဆင်သွားသော ရဟန်းပျိုကိုကား ကျွန်ုပ်၏ သမိုင်းတွင် မြှုတ်နှံဖုံး ကွယ်ထားမရစကောင်းပါပေ၊ ယင်းရဟန်းပုဂ္ဂိုလ်ကား ရှင်ကေလာသဖြစ်ပါသည်။”

ဆရာကြီးမြကေတုက ရှင်ကေလာသ၏ တက္ကသီလာရောက်မလာမီအခြေအနေကို ရှင်းပြခဲ့သေးသည်။ ရှင်ကေလာသ၏ဖခင်က ရခိုင်ပြည်နယ် သံတွဲမြို့ရှိ မူလတန်းကျောင်းအုပ်ဆရာကြီးဆရာဒိုင်ဖြစ်သည်။ မိခင်က ပစ္စည်းဥစ္စာအနည်းငယ်ပြည့်စုံသည့် ထားဝယ်သူဒေါ်မေခင်ဖြစ်သည်။ ရှင်ကေလာသ အလောင်း အလျာလေး မန္တလေးကယ်လီဟိုက်စကူးကျောင်းတွင် (၉)တန်းတက်နေစဉ် ဆရာစံအရေးတော်ပုံကြီးနှင့် ကြုံရသည်။ ရှင်ကေလသ၏ ဖခင်အား ဆရာစံနှင့် ရင်းနှီးကျွမ်းဝင်သူဟု အထင်ရှိ၍ သာယာဝတီထောင်တွင် ထိန်းသိမ်းထားသည်။ တစ်နှစ်ခန့်ကြာမှ လွတ်မြောက်လာသည်။ ထောင်မှလွတ်သောအခါ မန္တလေးတွင် စာသင်နေသည့် သားကို ခေါ်ကာ မိခင်ရှိရာထားဝယ်သို့ သွားရောက်၍ မိသားစုလိုက် သာသနာ့ဘောင်ဝင် ရောက်ကြသည်။ သာသနာ့ဘောင်တွင် ပျော်ပိုက်ကာ တစ်ဝါဆိုပြီးသော် ဖခင်ရဟန်းပျံလွန်တော်မူသည်။ ထို့နောက် ရှင်ကေလာသသည် သီလရှင်ဝတ်နေသောမိခင်ကိုခွင့်တောင်းကာ မိခင်ကြီးလှူဒါန်းလိုက်သော ၀တ္ထုငွေကြေးဖြင့် သီရိလင်္ကာသို့ စွယ်တော်ဘုရားဖူးထွက်ခဲ့ပါလေသည်။

စွယ်တော်ဖူးသွားလေမှ သီရိလင်္ကာရဟန်းတို့၏ ပညာရေးနိုးကြားတက်ကြွမှုကို ရှင်ကေလာသမြင်ဟန်တူ ပါသည်။ တစ်ပိုင်းတစ်စ ပညာရေးစီးကြောင်းကို ပြန်ဖောက်ရန် အကြံဖြစ်ကာ အိန္ဒိယတစ်ဘက်ကမ်းသို့ ကူး၍ ကာလကတ္တားတက္ကသိုလ်က ကျင်းပသည့် မက်ထရစ်စာမေးပွဲကို ၀င်ရောက်ဖြေဆိုရာတွင် လက်တားစ် လေးခု ဖြင့် ထူးထူးကဲကဲ အောင်မြင်ခဲ့ပါလေသည်။ လက်တားစ်ဟူသည် ဂုဏ်ထူးမှတ်နှင့် ညီမျှသည် ဟူ၏။

ရှင်ကေလာသကား ယူနီဗာစီတီကျောင်းတော်သားကြီးဖြစ်ခွင့်ရရန်လမ်းပွင့်ခဲ့ချေပြီ။ ရှင်ကေလာသအိပ်မက် တွင် ကာလက္တားတက္ကသိုလ်ကို ရဟန်းဝတ်ဖြင့်ပင် ဆက်လက်တက်ရောက်ကာ ၀ိဇ္ဇာဘွဲ့ကို ဆွတ်ခူးချေမည်။ ၀ိဇ္ဇာ ဘွဲ့ရှင်ဖြစ်သည့်ကာလ ပညာပြည့်ဝသည်တွင်တော့ ဥရောပနှင့် အနောက်နိုင်ငံတစ်ခွင် ပြဲပြဲစင်အောင်ကြွ ရောက်၍ ဓမ္မလမ်းဖောက်ချေမည်၊

အိပ်မက်သည် အိပ်မက်သာလျှင်ကတည်း။ ရှင်ကေလာသအိပ်မက် မက်နေ စဉ်မှာပင် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက်သည့်အတွက် ၀ိဇ္ဇာတန်းအပိုဘာသာရပ်ကို (မိခင်ဘာသာ) မြန်မာဘာသာဖြင့် ယူခွင့်မရှိတော့။ အစိမ်းသက်သက်ဖြစ်သော ဟိန္ဒီ၊အူရဒူ၊ ဘင်္ဂါလီဘာသာ တစ်ခုခုကို ရယူမှသာ ကျောင်းတက်ခွင့်၊စာမေးပွဲဖြေဆိုခွင့်ရပေမည်။ထိုသို့ဖြင့် ရှင်ကေလာသသည် ၀ိဇ္ဇာဘွဲ့နှင့် အနောက် တိုင်းသာသနာပြုအိပ်မက်များကို ထုပ်ပိုးသိမ်းဆည်းကာ အမိမြေသို့ ဆုတ်ခွာခဲ့ရလေတော့သည်။

ကံကောင်းထောက်မစွာပင် ရှင်ကေလာသ မြန်မာမြေပေါ်သို့ ခြေချလိုက်သည့်အချိန်သည် ဗိုလ်အောင်ကျော် အရေးအခင်းနှင့် ကျောင်းသား သပိတ်ကြီးပြီးစ၊ ရန်ကုန်တက္ကသိုလ်၏ ကျောင်းအုပ်ကြီး အဖြစ်မြန်မာအမျိုးသား ဆရာကြီး ဦးဖေမောင်တင်ကို အဦးအစခန့်ထားအပ်သည့် အချိန်ဖြစ်သတည်း။ မြန်မာ ကျောင်းအုပ်ကြီးအုပ်ချုပ်နေသည့် တက္ကသိုလ်တွင် မြန်မာရဟန်းတော် တစ်ပါးဖြစ်သည့် ရှင်ကေလာသ အနေဖြင့် ကျောင်းတက်ရောက်ခွင့်ရရေး စဉ်းစားမိတော့သည်။

သို့နှင့် ၁၉၃၉ ခု၏ ဇွန်လပိုင်း နေ့တစ်နေ့တွင် ကျောင်းအုပ်ကြီးရုံးခန်းသို့ ရှင်ကေလာသ ရောက်လာ ခဲ့လေသည်။ ခရစ်ယာန်ဘာသာဝင်မြန်မာအမျိုးသားကြီးတစ်ဦးဖြစ်သူ ဆရာကြီး ဦးဖေမောင်တင်ကား ဗုဒ္ဓ ဘာသာရဟန်းတော်အရှင်ကေလာသကို နွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ အသိဉာဏ်ငတ်မွတ်ဆာလောင်မှုနှင့် သာသနာပြုအိပ်မက်အထုပ်အပိုးလေးလံလှသော ရှင်ကေလာသ၏ ဆန္ဒကို ဖြည့်ဆည်း ပေးရန်လည်း ဆုံးဖြတ် ခဲ့ပါသည်။ ရှင်ကေလာသအား ကျောင်းတက်ခွင့်လျှောက်လွှာတင်သွင်းရန်နှင့် အုပ်ချုပ်ရေးအဖွဲ့ကို ထောက်ခံ တင်သွင်း ပေးမည်ဖြစ်ကြောင်း ရဲရဲကြီးကတိပေးခဲ့ပါလေသည်။

ရဟန်းတော်တစ်ပါးအား တက္ကသိုလ်တက်ခွင့်ပေးရေးအတွက် ဆရာကြီးဦးဖေမောင်တင်၏ အတွေးအမြင်နှင့် ကူညီပံ့ပိုးမှုကို ဆရာကြီးမြကေတုက ဤသို့ ရေးသားထားလေသည်။

“ ကျောင်းအုပ်ကြီးသည် စဉ်းစားမိသည်၊ ရှေးအခါက မြန်မာပြည်တွင် အခြေခံပညာသည် ဘုန်းတော်ကြီး ကျောင်းများက စတင်အခြေခံလျက် ဘုန်းတော်ကြီးများကသာ စာသင်ကြားပေးကြသည်၊ ယခုတိုင်အောင်လည်း တောရွာများတွင် မြန်မာကလေးငယ်များသည် ဘုန်းကြီးကျောင်းများ၌သာလျှင် စာပေအခြေခံ သင်ကြားနေရပေ သေးသည်။ ရှေးအခါက လူပုဂ္ဂိုလ်များတည်ထောာင်ထားသည့် ကျောင်းဟူ၍ မရှိခဲ့ပေ။ အနောက်နိုင်ငံများ၌ လည်း ထို့အတူပင်၊ ရှေးအခါက အောက်စဖို့ဒ် တက္ကသိုလ်သည်ပင်လျှင် ဘုန်းတော်ကြီးများက စတင်၍ အခြေခံပညာကို သင်ကြားလာခဲ့ရာမှ ယခုအခါ နာမည်ကျော်တက္ကသိုလ်ကြီးဖြစ်လာခဲ့သည်။ ရှေးအခါက ယင်းတက္ကသိုလ်က ဘုန်းတော်ကြီးများ ၀တ်ဆင်သည့် ၀တ်ရုံသည်ပင်လျှင် ယခုအခါ ဘွဲ့နှင်းသဘင်များ၌ (ဘုန်းကြီးများ၏ အစဉ်အလာဝတ်ရုံကိုပင်) ဘွဲ့နှင်းဝတ်ရုံအဖြစ်အသုံးပြုနေကြသည်။ ”

“ဤမျှ ဘုန်းတော်ကြီးများက စတင်၍ အခြေခံပညာကို သင်ကြားပေးလာခဲ့ပြီးမှ ယခုအခါ လူပုဂ္ဂိုလ်များက တည်ထောင်ထားသောကျောင်းတွင် ပညာရှာမှီးလိုသော ရဟန်းပုဂ္ဂိုလ်တစ်ပါးကို ပညာသင်ခွင့်မပေးနိုင်ဟု ငြင်းဆိုလိုက်ပါက လွန်စွာ အမြင်ကျဉ်းမြောင်းရာ ရောက်မည့်အပြင် တွက်ကတ်ရာလည်း ရောက်လှသည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးသည် အစွမ်းကုန်ကြိုးစား၍ ရှင်ကေလာသအား ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်နိုင်အောင် ဆောင်ရွက်ပေးလိုက်လေသည်။”

တွေးတတ်ပါပေစွ။ မြင်တတ်ပါပေစွ၊ ရှုခင်းရှုကွက်ကျယ်ဝန်းလှပေစွ။ ထိုသို့ဖြင့် ရှင်ကေလာသ ရန်ကုန် တက္ကသိုလ်၏ အဦးအစကျောင်း တော်သားရဟန်းဖြစ်ခွင့်ရခဲ့သည်။ ၁၉၃၉ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှ အစပြုကာ ကျောင်းတက်ခွင့်ရရှိခဲ့ပြီး အခြားကျောင်းသူကျောင်းသားများနှင့်အတူ သင်တန်းများပုံမှန်တက် ရောက်ခဲ့ပါလေတော့သည်။ တက္ကသိုလ်ပညာရေးကို ဆည်းပူးနေစဉ်မှာပင် ဒုတိယကမ္ဘာစစ်မီးလျှံက တောက် လောင်လာခဲ့သည်။ သို့သော် စစ်ရိပ်စစ်ငွေ့များကြားတွင်ပင် ရှင်ကေလာသ ၀ိဇ္ဇာတန်းအောင်ခဲ့သည်။

စစ်ကြီးပြီးသည့်အခါမှာတော့ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ကာ မဟာဝိဇ္ဇာ ဘွဲ့ကို ဆွတ်ခူးခဲ့ပြန်သည်။ ရှင်ကေလာသကား ဤမျှဖြင့် ပညာရေးအဆာမပြေသေး၊ အနောက်တိုင်း သို့ပြေးလွှားလှည့်လည်ကာ သာသနာလည်းပြု ပညာလည်း စုခဲ့ပါချေသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်၊ ဆောဗွန်းတက္ကသိုလ်မှ M.A.M.F ဘွဲ့ကို ဆွတ်ခူးရယူနိုင်ခဲ့ပြန်ပါသည်။ ရှင်ကေလာသ ပြည်တော်ဝင် ခရီးမှာတော့ ကမ္ဘာအေးကုန်းမြေတွင် ဖွင့်လှစ်သည့် ဗုဒ္ဓတက္ကသိုလ်၏ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ပေး အပ်ခြင်းခံရပါလေသည်။

(၃)

ယခုအခါ ကျောင်းအုပ်ကြီးအရှင်ကေလာသသည်လည်း ဂျပန်နိုင်ငံတွင် လွန်တော်မူခဲ့ပြီဟု သိရသည်။

ကမ္ဘာအေးကုန်းမြေတွင် ဖွင့်လှစ်ခဲ့သည့် ဗုဒ္ဓတက္ကသိုလ်သည်လည်း ခေတ်စနစ်အမျိုးမျိုးပြောင်းလဲမှု အောက်တွင် မှုန်ဝါး ပျောက်ကွယ်သွားလေပြီ။ သို့သော် ယနေ့ခေတ် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်နှင့် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် တို့၏ ရှေ့ပြေးတက္ကသိုလ်ဖြစ်ခဲ့လေသည်။

ထိုဗုဒ္ဓတက္ကသိုလ်မရှိတော့သော်လည်း ဗုဒ္ဓတက္ကသိုလ်ကျောင်းတော်သားဟောင်းကြီးများကတော့ မျက်မှောက် ခေတ်သာသနာတော်၏ ရှေ့တန်းစာမျက်နှာတွင် ရွှေရောင်ကမ္ဗည်းထိုးခံကြရမည့်ပုဂ္ဂိုလ်များအဖြစ် ဖြတ်သန်းနိုင်ခဲ့ကြပြီ။ သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ အင်္ဂလန်နိုင်ငံဘာမင်ဂန်ဆရာတော် ဒေါက်တာ ရေ၀တဓမ္မ၊ ဓမ္မဒူတ ဆရာတော်အရှင်ပညာဇောတ၊ ဖားအောက်တောရ ဆရာတော် အရှင်အာစိဏ္ဏ၊ တစ်ဘ၀သာသနာ ကျမ်းပြု မိုးကုတ်ကမ္မဋ္ဌာနာ စရိယဆရာတော်အရှင်ဃောသိတစသောပုဂ္ဂိုလ်မြတ်တို့သည် ဗုဒ္ဓတက္ကသိုလ်ဆင်းများဖြစ် ကြသည်ဟု မှတ်သားရပေ၏။

အော် အဓိပတိလမ်းပေါ် လျှောက်ခဲ့ဖူးလေသည့် ခြေလှမ်းများ၏ အလျားအနံ အကျဉ်းအကျယ်ကား မည်သို့ရှိခဲ့ လေသနည်း။

အရှင်ဝိစိတ္တသာရ (မော်ဒန်)

Read more...

သွားတော်လေးဆယ် စွယ်တော်လေးဆူ

အယ်ဒီတာ ခင်ဗျား

ဆရာတို့မဂ္ဂဇင်းတွင် ဘာသာရေးပြသနာ အဖြေလွှာအခန်း ပါရှိ၍စာရှုသူတို့က မေးနိုင်သည်ဟု သိရသဖြင့် ကျွန်တော့်စိတ်က မရှင်းလင်းသော အချက်တစ်ချက်ကို မေးလိုသဖြင့် ၊စာကို ရေးရပါသည်။

စာများတွင် သွားတော်လေးဆယ်၊ စွယ်တော်လေးချောင်း ဟူ၍ တွေ့ရပါသည်။ ပကတိ လူများတွင် သွား ၃၂ ချောင်း ရှိသော်လည်း မြတ်စွာဘုရားတွင် သွားတော်လေးဆယ်၊ စွယ်တော်လေးချောင်း ရှိ၍ သွားတော် ၄၄ ချောင်းဟု ဆိုပါသည်။

ဆရာတော်တစ်ပါးကို လျှောက်ထားကြည့်ရာ သွားတော်ရော စွယ်တော်ပါမှ ၄၀ သာ ရှိကြောင်း ဆိုပါသည်။ ထိုသွားတော် ၄၀ နှင့် ၄၄ ချောင်း နှစ်မျိုးနှစ်စား ကွဲပြားနေသည်ကို ဆရာတို့၏ မဂ္ဂဇင်း ဘာသာရေးပြသနာ အဖြေလွှာ အခန်းမှ နောင်လာနောက်သား ဗုဒ္ဓဘာသာဝင်အများတို့ ကွဲကွဲပြားပြား သိရှိနိုင်ရန် ဖြေရှင်းဖော်ပြပေးစေလိုပါသည် ခင်ဗျား။

ဦးသာဒင်၊ မုံရွာမြို့

သွားတော်လေးဆယ် စွယ်တော်လေးဆူ ၊ပြသနာမှာ ယခုမှ ပေါ်ပေါက်လာသော ပြသနာ မဟုတ်။ ကုန်းဘောင်ခေတ် ပဒုံမင်း ခေါ် ဘိုးတော်မင်းတရား (၁၁၄၃-၁၁၈၂) လက်ထက်တွင်လည်း အကြီးအကျယ် အငြင်းအခုံဖြစ်၍ ဆရာတော် သံဃာတော်များပင် အကွဲကွဲအလွဲလွဲ ဖြစ်သည် ဆိုကြ၏။

ထိုပြသနာကို မောင်းထောင်သာသနာပိုင်လူထွက် မင်းတိုင်ပင် အမတ်ကြီး မဟာဓမ္မသင်္ကြန် ဖြေဆိုခဲ့ရကြောင်း သာသနာလင်္ကာရစာတမ်းတွင် ဆိုပေသည်။

သွားတော် ၄၀နှင့် စွယ်တော် ၄ ချောင်းသည် အချို့ ဆရာတော်တို့က သီးခြား ဖြစ်သည်။ အချို့ ဆရာတော်တို့က စွယ်တော်သည် သွားတော်တွင် အပါအ၀င် ဖြစ်သည်ဟု ဆိုကြ၏။

ဆရာတော်များ စကားမညီညွတ်ရှိ၍ ထိုအခါ အသက် ၇၈ နှစ်အရွယ် မင်းတိုင်ပင်အမတ်ကြီးအား ဘုရင်မင်းမြတ်က မေးတော်မူ၍ ကျမ်းဂန်အထောက်အထားဖြင့် အဆုံးအဖြတ်ရေးရလေသည်။ အမတ်ကြီးက မဟာအဋ္ဌကထာ၊ ၀ိသုဒ္ဓိ၊မဂ် အဋ္ဌကထာ စသည်ကိုဆောင်၍ တင်လျှောက်ရသည်။

အညေသံ ပရိဏ္ဏဒန္တာနမ္ပိ ဒွတ္တိံသဒန္တာ ဟောန္တိ၊ ဣမဿ ပနစတ္တာလီသံ ဘ၀ဿန္တိ။

-မြတ်စွာဘုရားအလောင်းမှ အခြားတစ်ပါးကုန် သော သူတို့အားလည်း၊ ဒွတ္တိံသဒန္တာ ၃၂ ချောင်းသောသွားတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ၊ဣမဿ ပန-ဤဘုရား အလောင်းအားကား၊ စတ္တာလီသံ-၄၀ သောသွားတို့သည်၊ ဘ၀ိသန္တိ- ဖြစ်ကုန်လတံ္တ။- ဟု ဘုရားအလောင်း ဖွားတော်မူစကပင် စွယ်တော် လေးဆူ အပါအ၀င် သွားတော် ၄၀ ဖြစ်ကြောင်း သုတ်မဟာဝါ အဋ္ဌကထာက ဖွင့်ဆိုလေသည်။

၎င်းင်းနှင့်ပတ်သက်၍

သွားမည်ကုန်သည်ကား သွားအပြည့်အစုံရှိသော လူသာမန်တို့အား ၃၂ ချောင်းဖြစ်ကုန်၏။ ထို ၃၂ ချောင်းတို့သည် အဆင်းဖြူ၍ ပုံသဏ္ဏန်အားဖြင့်ကား အမျိုးမျိုးရှိကုန်၏။ ထိုသွားတို့တွင် အောက်သွားအစဉ်က အလယ် ၄ ချာင်းတို့သည် ဘူးစေ့သဏ္ဏာန်ရှိ၍ အမြစ် ၁ ခုစီ ရှိကုန်၏။ထို ၄ ချောင်းမှအပ တစ်ဖက် တစ်ချောင်းစီသည် အစွယ်ဖြစ်၍ အမြစ်နှစ်ခွ ရှိကြလေသည်။ထိုအစွယ် ၂ ချောင်း၏ အပြင်ဘက် စွယ်ရံနှစ်ချောင်းကား အမြစ် ၃ ခွရှိသည်ဟု ဆို၏။ထိုစွယ်ရံ ၂ ချောင်း၏အပြင် ၂ ချောင်းစီဖြစ်သော အံလယ် ၄ ချောင်းတို့ကား အမြစ် ၄ ခွ ရှိကြ၏။ ယင်း၏အပြင်ဘက် အံဆုံး ၄ ချောင်းကား အမြစ် ၄ ခွစီ ရှိသည်ဟု ဆိုလေသည်။၊သို့ အလယ် ၄ ချောင်း အစွယ် ၂ ချောင်း ထို့အပြင် စွယ်ရံ ၂ ချောင်း အံလယ် ၄ ချောင်းနှင့် အံဆုံး ၄ ချောင်း ပေါင်းလျှင် အောက်သွား ၁၆ ချောင်း ဖြစ်၍ အထက်သွားဖုံးကလည်း အထက်သွား ၁၆ ချောင်းစီ ရှိသဖြင့် လူတစ်ဦးအဖို့ သွားအစုံအလင် ၃၂ ချောင်း ဖြစ်လေတော့၏။၊ကား ၀ိသုဒိ၊မဂ် အဋ္ဌကထာ၏အဆို ဖြစ်လေသည်။

မြတ်စွာဘုရားမှာကား လူသာမန်တို့ထက် အံသွားအထက် ၄ ချောင်း အောက် ၄ ချောင်း ပို၍ သွားတော် ၄၀ တိတိ ဖြစ်လေသည်။၊ ဖော်ပြချက်တို့မှာ မင်းတိုင်ပင်အမတ်ကြီး မဟာဓမ်္မသင်္ကြန်၏ အဆုံးအဖြတ်မှ အကျဉ်းဖော်ပြချက် ဖြစ် လေသည်။ ယင်းကိုပင် ယောအတွင်းဝန်ကြီး (ယောမင်းကြီး ဦးဘိုးလှိုင်) က ၎င်း၏ ကာယာနုပသနာကျမ်းတွင်၊ ဤသို့အဆုံးအဖြတ် ပြုခဲ့လေသည်။

အရွယ်ရောက်၍ သွားပြည့်စုံလျှင် အထက်တစ်ဆယ့် ခြောက်ချောင်း၊ အောက်တစ်ဆယ့်ခြောက်ချောင်းအားဖြင့် သုံးဆယ့်နှစ်ချောင်း ဖြစ်၏။ ငယ်သွား မလဲသေးသော သူငယ်က ငယ်သွား ပြည့်စုံလျှင် အထက်ဆယ်ချောင်း၊ အောက်ဆယ်ချောင်းဖြင့် အချောင်းနှစ်ဆယ်ဖြစ်၏။ ထိုငယ်သွားသည် ခုနစ်နှစ်မှ တစ်ဆယ့်လေးနှစ် အတွင်းက ကျိုးတတ်၏။ ကျိုးပြီးလျှင် ပေါက်ရန် သွားလည်း ငယ်သွားအောက်အမြစ်ခြေတွင် မုန့်ကျွဲသဲကဲ့သို့ နုနုပျော့ပျော့ အထက်တစ်ဆယ့်လေးချောင်း အောက်တစ်ဆယ့် လေးချောင်းရှိ၏။ ထို့ကြောင့် ငယ်သွား မကျိုးမီ ခြောက်နှစ်ရွယ် သူငယ်က ပေါက်ရန်သွားနှင့်တကွ အောက်နှစ်ဆယ့်လေးချောင်း၊ အထက် နှစ်ဆယ့်လေးချောင်းအားဖြင့် လေးဆယ့်ရှစ်ချောင်းရှိ၏။ ပေါက်ရန် သွားနုတို့သည် ရှေးဦးစွာ အလယ်က မာပြီးမှ အပြင်ကို တဖြည်းဖြည်းမာ၏။ ပေါက်ရန် သွားကြီးသည့် ကာလ ငယ်သွားတို့သည် ကျိုးကြ၊ ကျွတ်ကြကုန်၏။ အထက် တစ်ဆယ့်လေးချောင်း၊ အောက်တစ်ဆယ့်လေးချောင်း ပေါက်ပြီးမှ အထက်အောက် ၀ဲယာအဆုံးဟုခေါ်သော သွား ၄ ချောင်းပေါက်၍ အထက် တစ်ဆယ့်ခြောက်ချောင်း၊ အောက်တစ်ဆယ့်ခြောက်ချောင်းအားဖြင့် သုံးဆယ့်နှစ်ချောင်း ဖြစ်ကုန်၏။

ပေါက်ပြီးသောသွားတို့၏ အမြစ်တို့သည် အထက်အောက် ပါး၊ရိုး၌ သံရိုက်သကဲ့သို့ စိုက်ဝင်လျက်နေ၏။ သွားဖုံးတွင်းကတည်သော အလယ်ပိုင်းသည် သေး၏။ သွားဖုံးပြင်ကရှိသောအပိုင်းသည် ကြီး၏။ သွားတို့သည် အဆင်းအားဖြင့် ဖြူကုန်၏။ သဏ္ဏာန်အားဖြင့် အထူးထူးအပြားပြားရှိကုန်၏။ အထက်အောက် ရှေ့သွား လေးချောင်းစီ ရှစ်ချောင်းတို့သည် အမြစ်တစ်ခုစီသာ ရှိကုန်၏။ မြေစိုင်၌ စီ၍စိုက်ထားသော ဘူးစေ့သဏ္ဏာန် ရှိကုန်၏။ အစွယ်လေးချောင်းတို့သည် အမြစ်တစ်ခုစီ စပယ်ငုံသဏ္ဏာန် ရှိကုန်၏။ အစွယ်တို့၏ ၀ဲယာ အထက် အောက် အံငယ်လေးချောင်းစီ ရှစ်ချောင်းတို့သည် အမြစ်တို့ကို ၀ဲယာ နှစ်ချောင်းစီ ရှိကြကုန်၏။ လှည်းထောက်ခွသဏ္ဏာန်နှင့် တူကြကုန်၏။ အံငယ်တို့ ၀ဲယာ အထက်အောက် သုံးချောင်းစီ၊ အံကြီး တစ်ဆယ့် နှစ်ချောင်းတို့သည် ခိုင်ခံ့သောအမြစ်ကြီး ပြင်ဘက် နှစ်ချောင်း၊ အတွင်း နှစ်ချောင်းအားဖြင့် သုံးချောင်းစီ ရှိကုန်၏။ ဆူးလေသီးသဏ္ဏာန်နှင့် တူကြကုန်၏။ ၊သို့ သွားတို့သည် သဏ္ဏာန်အားဖြင့် လေးမျိုး ရှိကုန်၏။ (ကာယနုပသနာ ၁၂၈)

ဖော်ပြပါတို့မှာ သာမန်လူတို့၏သွား ၃၂ ချောင်း ရှိပုံကို ဖော်ပြ၏။ မြတ်စွာဘုရားတို့အတွက် ယင်း ၃၂ ချောင်းတွင် အထက် အံ ၀ဲယာ ၂ ချောင်းစီ၊ အောက်အံ ၀ဲယာ ၂ ချောင်းစီတို့ကိုယူကာ သွားတော် ၄၀ ကို သိနိုင်ရာ၏။

ပြသနာတွင် သွားတော်လေးဆယ်၊ စွယ်တော်လေးဆူအရ ရှင်းလင်းရန်သာ ဖြစ်သော်လည်း မင်းတိုင်ပင် အမတ်ကြီး မဟာဓမ္မသင်္ကြန် ဖြေဆိုသကဲ့သို့ ပြည့်ပြည့်စုံစုံ ဖြေဆိုလိုက်ရပါသည်။ ထိုနှင့် တစ်ဆက်တည်း ခဏခဏ တောင်းဆိုခြင်းခံရသော ရှေးဆရာတော်ကြီးများ၏ သွားတော်လေးဆယ်ဘုရား ရှိခိုးပါ ထည့်သွင်း ဖော်ပြလိုက်ပါသည်။ သွားဝေဒနာရှင်များ ကျက်မှတ်ရှိခိုးနိုင်ကြပါစေသတည်း။

သတိဂတိ ဓိတိမနံ္တ၊ သနံ္တ ဒနံ္တ သုခါဝဟံ။

စတ္တာလီသ သမဒနံ္တ၊ ဗုဒ္ဓံ၊ ၀န္ဒာမိ အာဒရံ။

သတိဂတိဓိတိမနံ္တ-အလွန်ကြီးမားသောသတိ၊ လောကီသားတို့ စကားတစ်ခွန်း မြန်လွန်းဗုဒ္ဓ၊ နှုတ်တော်မှလျှင် တစ်ရာ့နှစ်ဆယ့်ရှစ်ခွန်း ရည်ညွှန်းစကား မြွက်ကြားတော်မူလျက် သူမတူအောင် တည်ကြည်ခြင်း ရှိတော်မူထသော၊ သနံ္တ-အေးချမ်းတည်ငြိမ် ၊ဣနြေ္ဒ၊လည်း ရှိတော်မူထသော၊ ဒနံ္တ-အယဉ်ကျေးဆုံး ဖက်နှုန်းမရှိ အဓိပတိ သခင် ဖြစ်တော် မူသော၊ သုခါဝဟံ- လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ ချမ်းသာစီးပွားကို ဆောင်တော်မူတတ်သော၊ စတ္တလီသ သမဒနံ္တ စွယ်တော်လေးဆူ ရည်တူပါဝင် အမြင်တင့်တယ် လေးဆယ်သော သွားတော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကို၊ အဟံ-သွားနာ သွားကိုက် သွား၌ဝေဒနာ ဖြစ်တတ်ပါ၍၊ သံသရာဒုက္ခ နေ့ညများစွာ ခံစားရပါသော ဘုရားတပည့်တော်သည်၊ အာဒရံ-ခြေ လက် နဖူးခ တံတောင် ဒူးဟု ငါးဦးတည်ရင်း ညီညွတ်ခြင်းဖြင့် မယွင်းသေချာ အလွန်ရိုသေစွာ၊ ၀န္ဒာမိ-ဦးညွတ်ရိုကျိုး လက်အုပ်မိုး၍ ရှိခိုးလိုက်ပါ၏ အရှင်ဘုရား။

မြတ်သတိဝါဒီ မဂ္ဂဇင်း၊

ဇန်န၀ါရီလ၊ ၂၀၀၁ ခုနှစ်။

Read more...

မှန်ကြည့်လိုက်ပါ စာအုပ်ထွက်ရှိခြင်း…

ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ)၏ ဒုတိယမြောက် စာအုပ်ဖြစ်သည့် “မှန်ကြည့်လိုက်ပါ” ဟု အမည်ပေးထားသည့် ဓမ္မရသ စာအုပ်ကို ရဲမာန်စီးပွားရေး လုပ်ငန်းစု၏ စီစဉ်မှုဖြင့် ဆရာတော်၏ စာဖတ်ပရိတ်သတ်လက်သို့ အရောက်အပ်လိုက် နိုင်ပြီဖြစ်ကြောင်း စီစဉ်သူ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်စွာမှ ပြောကြားသည်။ မနာပဒါယီ အင်တာနက်စာမျက်နှာတွင် ဆရာတော်ရေးသားသည့် ဓမ္မရသ ဆောင်းပါးများမှ ပရိတ်သတ်များ အဖတ်များ၊ အကြိုက်များသည့် ဆောင်းပါးများကို စုစည်းကာ မနာပဒါယီစာစဉ် (၂) အဖြစ် ဤ “မှန်ကြည့်လိုက်ပါ” ဟူသော စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်ပါသည်။

စာအုပ်ဖတ်မှ အားရတတ်သည့် စာအုပ်ပရိတ်သတ်များအတွက် ဓမ္မအသိ မျှဝေကြည့်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ မနာပဒါယီစာစဉ် (၁) အဖြစ် ထုတ်ဝေခဲ့သည့် “မချစ်မမုန်း အကောင်းဆုံးဟူသော” စာအုပ်သည်လည်း ယခုအခါ ကုန်သလောက်နီးပါး ဖြစ်နေကြောင်း စာပေအသိုင်း အ၀ိုင်းမှတဆင့် ကြားသိရသည်။

နောင်ထွက်ရှိလာမည့် စာအုပ်များကိုလည်း မနာပဒါယီ စာစဉ်များအဖြစ် ဆက်လက်ဖြန့်ဝေသွားကာ စာအုပ်မှ ရရှိလာသည့် အကျိုးရလာဘ်များကို မနာပဒါယီ စာပေပြန့်ပွားရေးနှင့် ပညာရေး အလှူများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တမှ မိန့်ကြားတော်မူပါသည်။ နောင်ထွက်ရှိရန် စီစဉ်ထားသည့် စာအုပ်များမှာ
  • - အခြေခံ ၀ိပဿနာ တရားအားထုတ်နည်း
  • - နဲနဲလေးတော့ လွဲနေတယ် အတွဲ (၁)
  • - စိတ်အားဖြည့် စကားစုလေးများ (၁)
  • - စိတ္တသုခ ဘုရားရှိခိုး ၀တ်ရွတ်စဉ် စသည်တို့ ဖြစ်ပါသည်။

ထို့ကြောင့် ဆရာတော်၏ ဓမ္မစာအုပ်များအား ဓမ္မဒါနပြု လှူဒါန်းလိုသူများ အနေဖြင့်လည်း အောက်ဖော်ပြပါ ဌာနများသို့ ဆက်သွယ်ကာ လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။

မနာပ ဒါယီ စာပန်းချီ ရှည်တည်ကာလ တိုင်စေသော်ဝ်….

  • သီရေဇေယျုံကျောင်း၊ အိမ်တော်ရာတိုက်၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။ ဖုန်း- ၃၈၃၇၉၆
  • စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့၊ တောင်ကိုရီးယား။ ဖုန်း = ၀၅၃-၂၉၅-၉၂၂၀
  • ရဲမာန်စီးပွားရေး လုပ်ငန်းစု ၄၆-၄၇၊ သိမ်ကြီးဈေး (စီ)၊ အဆောင်(၄) ပထမထပ်၊ ရန်ကုန်မြို့။ ဖုန်း = ၀၉၅၉၇၉၈၅

Read more...

စွမ်းမှစွမ်း ... (မစိုးရိမ်စာသင်သား)







Print this post

Read more...

“ပန်းစကား”

Pannyat pan ပန်းစကား

ဉာဏ်ဦးမောင်

တိုက်တိုက် ဆိုင်ဆိုင်လို့ ပြောရမှာပါ။ ဝင်းဝင်းပပ သာနေတဲ့ လရယ်။ တဖြူးဖြူး တိုက်ခတ်နေတဲ့ လေပြေညင်း လေးရယ်။ တိတ်ဆိတ်စွာ အိပ်မော ကျနေတဲ့ ညတစ်ညရယ်။ မိုးတိမ် မိုးသား တွေကလည်း ကင်းစင် နေတာမို့ ကြယ် ကလေးတွေ တဖျတ်ဖျတ် လင်းလက်နေတဲ့ ကောင်းကင် ပြာပြာ ကြီးရယ်၊ အကွယ် အကာမဲ့ တိုက်တစ်တိုက်ရဲ့ အမိုးလေဟာ ပြင်ကနေ မြင်ရတဲ့ ညတစ်ညရဲ့ အလှဟာဖြင့် ပြောပြလို့ မကုန်နိုင် အောင်ပါပဲ။

စာရေး သူနေခွင့်ရတဲ့ အဆောင်ရဲ့ ခြေရင်းထောင့်မှာ ပုန်းညက်ပင်သုံးပင် တန်းစီ စိုက်ထားပါတယ်။ အဆောင်အအုံနဲ့ နီးလွန်းတာကြောင့် ပုန်းညက်ပင် များကို သိပ်ပြီးကြီးထွားခွင့် မပေးနိုင်ပါဘူး။ တော်တော်လေး မြင့်လာတာနဲ့ အပေါ် အဖျားပိုင်းက အကိုင်း အခက်တွေကို မကြာမကြာ ဖြတ်ပြီးတော့ ပေးရပါတယ်။ဒီတော့လည်း ပုန်းညက် ပင်လေးတွေဟာ အထက်ကို တက်ခွင့် မရနိုင်တော့ဘဲ ဘေးဘက် ဆီသို့သာ အခက်အလက်တို့ ဖြာရတော့ တယ်ပေါ့။ ပုန်းညက်ပင်လေးတွေရဲ့ ပုံပန်းသဏ္ဌာာန်ဟာ ပုပုဝိုင်းဝိုင်းလေးတွေနဲ့ဆိုတော့ တမျိုးချစ်စရာ ကောင်း သွားပြန်တာပေါ့လေ။ မကြာမကြာ ကိုင်းဖျားတွေကို ဖြတ်တောက်ခဲ့ရတာကြောင့် ကျန်ရှိနေတဲ့ ကိုင်းတွေမှာပဲ အရွက်တွေက အားပေးထွက်ရတာမို့ ပုန်းညက်ပင်လေး တွေဟာ နေပြောက် မထိုးနိုင် လောက်အောင်ကိုပဲ အရွက်တွေ စိပ်လို့ပေါ့

ပုန်းညက် ပင်လေးများရဲ့ အောက်မှာတော့ အပြာရောင်နုနု ကြွေပြားလေးတွေ ကပ်စီထားတဲ့ ရှည်မျောမျော ခုံတန်းလေး တစ်ခုရယ်။ ခုံတန်းလေးနဲ့ မျက်နှာချင်းဆိုင် မှာတော့ ရောက်စုံ ကြွေပားများနဲ့ တန်ဆာ ဆင်ထားတဲ့ ခေတ်ပေါ်ပုံစံ ရေအိုးစင် ကလေးတစ်ခု ရှိတယ်ပေါ့။ နေ့လယ်နေ့ခင်း များမှာဆိုရင် ရေအိုးစင်က ရေအေးအေး လေးကို သောက်ပြီး ခုံတန်းလျား လေးပေါ် သက်သောင့် သက်သာ အနားယူ နေတတ်တဲ့ သူတချို့ကို ရံခါဆိုသ လို တွေ့ရတတ်ပါတယ်။

စာရေးသူကိုယ်တိုင် ပုန်းညက်ပင် တန်းအောက်က ခုံတန်းလျား လေးပေါ်မှာ အကြိမ်များစွာ အနားယူအပန်းဖြေ ထိုင်ခဲ့ဖူးပေမယ့် ခုလို လရောင်ဖြာတဲ့ ညတစ်ညမှာ ပုန်းညက်ပင် လေးတွေရဲ့ အပေါ်ဘက်ကနေ မိုးကြည့်ပြီး ပုန်းညက်ပင် လေးတွေကနေပေးတဲ့ မွှေးမြလှတဲ့ ရနံ့လေးကိုတော့ သေသေချာချာ မရှူရှိုက်ခဲ့ဖူးပါဘူး။ ဒီတစ်ည မှာတော့ ပြောခဲ့သလို ညတစ်ညရဲ့ အလှပေါင်းစုံကို တပြိုင်တည်း တွေ့ကြုံ ခံစား ရတာကြောင့် အိပ်မပစ်ရက်နိုင် လောက်အောင် ဖြစ်ရတာမို့ လရောင်လည်းဖြာ၊ လေပြေလည်းခ၊ တိတ်ဆိတ်စွာ လှနေတဲ့ ညတစ်ညမှာ မွှေးမြ လှတဲ့ ပန်းရနံ့ကို ကျေနပ်စွာ ရှူရှိုက်မိရပါတယ်ပေါ့။

တိုက်တိုက် ဆိုင်ဆိုင်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကိုလည်း ပြောပြချင်ပါတယ်။ ရိုသေ လေးစားရတဲ့ ဆရာတော် အရှင်မြတ် တစ်ပါးက အမိန့်ရှိဖူးပါတယ်။ စာရေးသူကို "မင်း ခုဘာစာတွေ ဖတ် နေတုန်း"တဲ့။ စာရေးသူက "ဒီလိုပါပဲဘုရား။ ဘာစာရယ်လို့ တိတိကျကျ မပြောနိုင်ပါဘူး။ ကောင်းနိုး ရာရာတွေ ကို ရွေးပြီး ဖတ်ဖြစ်ပါတယ်"လို့ ပြန်ကြား လျှောက်ထားတော့ "အေး ဘုန်းဘုန်း အကြံပေးမယ်။ တို့ ဗုဒ္ဓဘာသာ ရဲ့ ပိဋကတ် ကျမ်းဂန်တွေထဲမှာ လူတန်းစား အသီးသီး။ ပုဂ္ဂိုလ်မရွေး။ သင့်တော်တဲ့ အဆုံးအမတွေ။ ဥပဒေသတွေ ရှိတယ်။ အဲဒါ အရင်က ပါဠိစာပေ အနေနဲ့ပဲ ရှိတာဆိုတော့ ပါဠိဘာသာ မကျွမ်းကျင်တဲ့ သူတွေအတွက် အလှမ်းမမီ နိုင်သလို ဖြစ်နေတယ်။ ခုတော့ မြန်မာပြန် ကျမ်းစာတွေအဖြစ် ရှိနေပြီမို့ မြန်မာစာ ဖတ်တတ်သူတိုင်း ဖတ်ရှု နားလည်နိုင်ပြီ။ ဗုဒ္ဓရဲ့သဗ္ဗညုတ ဉာဏ်တော်စွမ်းအားနဲ့ ဟောကြားထားတဲ့ တရားတော် များဆိုတော့ တချို့ နားမလည်နိုင်တာတော့ ရှိမှာပေါ့။ ဒါပေမဲ့ အဲဒါကလည်း အနည်းအကျဉ်း လောက်ပါပဲ။ ဗုဒ္ဓကိုယ်တော်တိုင် ကိုက သာမန် လူတန်းစားတွေ နားလည်နိုင်အောင် ဥပမာ ဥပမေတွေနဲ့ ဟောထားခဲ့တာဆိုတော့ နားလည်နိုင် တာ များပါတယ်။ ဒါကြောင့် ပိဋကတ် မြန်မာပြန် ကျမ်းစာများကို ဝတ်တစ်ခုထားပြီး တဖြည်းဖြည်း ဖတ်ကြည့် စမ်းပါလို့ အထူးတလည် အမိန့်ရှိခဲ့ဖူးပါတယ်။

ဒါကြောင့် အားလပ်လို့ ကိုယ်ပိုင် စာကြည့်ချိန် ရတာနဲ့ ပိဋကတ်မြန်မာပြန် ကျမ်းစာများကို ဖတ်ဖြစ်ခဲ့တာ အချိန် အတော်ကြာခဲ့ပါပြီ။ ခု ညဦးပိုင်း မှာတော့ ပုဂ္ဂလပညတ် မြန်မာပြန်ကျမ်းကို ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ဘာဖတ် ခွင့် ရခဲ့သလဲဆိုတော့ လောကမှာ မစင်နဲ့တူတဲ့ စကားရှိတဲ့ "ဂူထဘာဏီ ပုဂ္ဂိုလ်" မစင်လိုလူရယ်။ ပန်းနဲ့တူတဲ့ စကားရှိတဲ့ "ပုပ္ဖဘာဏီပုဂ္ဂိုလ်" ပန်းလိုလူရယ်နဲ့။ ပျားနဲ့တူတဲ့ စကားရှိတဲ့ "မဓုဘာဏီပုဂ္ဂိုလ်" ပျားလိုလူရယ်လို့ ပုဂ္ဂိုလ်သုံးမျိုးသုံးစား ရှိကြောင်း ပုဂ္ဂလပညတ်မှာ ဗုဒ္ဓမိန့်တော်မူထားပါတယ်။

မစင်နဲ့တူတဲ့ စကားရှိတဲ့ ဂူထဘာဏီပုဂ္ဂိုလ် ဆိုတာကတော့ ဆွေမျိုးသဘင်၊ မင်းပရိတ်သတ်တို့ အလယ်မှာ မဟုတ်မမှန်တဲ့စ ကားကို ပြောဆိုတဲ့ ပုဂ္ဂိုလ်ကို ခေါ်ဆိုကြောင်း ဆက်လက် မိန့်တော်မူပါတယ်။ သက်သေအဖြစ် ခေါ်ယူမေးမြန်း ရာမှာလည်း မသိတာကို အသိ။ သိတာကို မသိလုပ်ပြီး။ ဗလောင်းဗလဲ ပြုလုပ်တတ်သူ။ မိမိ အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်။ သူတစ်ပါး အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်။ အနည်းငယ်မျှသော တံစိုးလက်ဆောင် ကြောင့်ပဲ ဖြစ်ဖြစ်။ သိလျက် ချို့ယွင်းသော စကားကို ပြောဆိုတဲ့ပုဂ္ဂိုလ်ကို ဂူထဘာဏီ-မစင်နဲ့တူတဲ့ စကားရှိတဲ့ ပုဂ္ဂိုရယ်လို့ မိန့်ဆိုထားပါတယ်။

ပန်းနဲ့တူတဲ့ စကားရှိတဲ့ ပုပ္ဖဘာဏီပုဂ္ဂိလ်ကိုတော့ ဆွေမျိုးသဘင် မင်းပရိတ်သတ်တို့ အလယ်မှာ မဟုတ်မမှန် တာကို မပြောဘဲ။ ဟုတ်တိုင်း မှန်ရာကိုသာ ရဲရဲဝံ့ဝံ့ပြောဆိုတဲ့ ပုဂ္ဂိုမျိုးကို ခေါ်ဆိုကြောင်း မိန့်တော်မူပါတယ်။ ပုပ္ဖဘာဏီ ပုဂ္ဂိုလ်ကတော့ သက်သေအဖြစ် ခေါ်ယူမေးမြန်းရာမှာ မသိတာကို မသိတဲ့အကြောင်း။ သိတာကို သိ တဲ့အကြောင်း။ မမြင်တာကို မမြင်တဲ့အကြောင်း။ မြင်တာကို မြင်တဲ့အကြောင်း။ အမှန်အတိုင်း ပြောဆိုသူကို ခေါ်ဆိုကြောင်းနှင့် မိမိအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်။ သူတစ်ပါး အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်။ ဖောက်ပြန်ချွတ် ယွင်းတဲ့စကားကို မဆိုဘဲ မှန်မှန်ကန်ကန် အရှိကို အရှိအတိုင်း။ ပကတိအတိုင်း ပြောဆိုသူကိုသာ ခေါ်ကြောင်း မိန့်တော်မူပါတယ်။

ပျားနဲ့တူတဲ့စကားရှိတဲ့ မဓုဘာဏီပုဂ္ဂိုလ်ကတော့ ပြောတဲ့စကားကလည်း အပြစ်ကင်းတယ်။ ကြားရသူများ လည်း နားချမ်းသာတယ်။ နှစ်လိုဖွယ်ဖြစ်ပြီး နှလုံးသို့ သက်ဝင်တယ်။ လူအများကလည်း မြတ်နိုးတယ်။ အဲဒီ စကားမျိုးကို ပြောဆိုတဲ့ ပုဂ္ဂိုလ်မျိုးကို ခေါ်ဆိုကြောင်း မိန့်တော်မူပါတယ်။ ပုန်းညက်ပန်းနံ့လေးကို အားပါးတရ ရှိုက်ရှူရင်း ဗုဒ္ဓမိန့်တော်မူတဲ့ ပုဂ္ဂိုလ်သုံးမျိုးရဲ့ ကွဲပြားခြားနားမှုကို စိတ် ဖြာမိတာ သဘာဝကျလှပါတယ်။ ပိုပြီးတော့လည်း နားလည်သဘောပေါက်မိပါတယ်။

စာရေးသူတို့ တတွေဟာ မစင်နံ့ကိုတော့ ရှူရှိုက်လိုကြမယ် မဟုတ်ပါဘူး။ မစင်ကို ရွံရှာရာမှာ အနံ့တင်လားဆို တော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ အရသာရှိရှိ ချက်ပြုတ်ပြီး အဆန်းတကြယ် ပြင်ဆင်ထားတဲ့ အစာအာဟာ ရပဲ ဖြစ်ပါစေ။ မစင် တစ်စက်လောက် ကျမှန်းသိပါက ဘယ်သူမှ နှစ်ခြိုက်လိုလားစွာ စားသုံးလိုကြမယ် မဟုတ် ပါဘူး။ မစင်ရဲ့သဘာဝဟာ အဲဒီလောက်ထိ ရွံမုန်းဖွယ် ဖြစ်တာပါ။ ဗုဒ္ဓက မဟုတ်မမှန် ပြောဆိုတတ်တဲ့ပုဂ္ဂိုလ်။ ဗလောင်းဗလဲ အပြောင်းအလဲများစွာနဲ့ လိမ်ညာလှည့်စား မဟုတ် မတရား ပြောဆိုတတ်တဲ့ ပုဂ္ဂိုလ်မျိုးကို မစင်နဲ့ တူတဲ့စကားရှိတဲ့ ဂူထဘာဏီပုဂ္ဂိုလ်လို့ ခိုင်းနှိုင်းပြီး ဟောကြား တော်မူတာဟာဖြင့် အလွန်မှပဲ ဆီလျော်သဘာဝ ကျလှပါတယ်။

စာရေးသူတို့ ပတ်ဝန်းကျင်မှာလည်း ခုတစ်မျိုး။ တော်ကြာတမျိုး။ အမျိုးမျိုး ပြောင်းလဲပြီး ဗလောင်းဗလဲ ပြော တတ်တဲ့ ပုဂ္ဂိုလ်မျိုး။ မဟုတ် မတရား။ ငါ့စကား နွားရ။ မစားရ ဝခမန်း။ ညာဝါးဖြီးဖြန်းပြီး အရမ်းကာရော မဆင် မခြင် ပြောတတ်တဲ့ပုဂ္ဂိုလ်မျိုး။ တံစိုးလက်ဆောင်၊ ဂုဏ်လာဘ်လာဘ။ ရာထူးဌာနန္တရ မျှော်ကိုးပြီး ကိုယ်ကျိုးစီး ပွား တစ်ခုအတွက် တစ်ပါးသူ ဘယ်လိုပဲ ပျက်ပျက် ဆိုတဲ့ စေတနာဆိုးနဲ့ ပြောဆိုတတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်မျိုးကိုတော့ မစင်ကို ရွံရှာမုန်း တီးသလို ပတ်ဝန်းကျင်ကလည်း မုန်းတီးရွံရှာကြပါ တယ်။ ဗုဒ္ဓကတော့ အဲဒီပုဂ္ဂိုလ်မျိုးကို ဂူထဘာဏီ ပုဂ္ဂိုလ်ရယ်လို့ မိန့်တော်မူထားပါတယ်။

ဗုဒ္ဓရဲ့ရည်ရွယ်တော် မူလိုရင်းက အဲဒီ ဂူထဘာဏီ ပုဂ္ဂိုလ်မျိုး မဖြစ်ကြစေဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ စာရေးသူတို့ ကိုယ်တိုင် အကြောင်း တစ်မျိုးမျိုးကြောင့် မစင်နဲ့တူတဲ့ စကားမျိုးကို ဆိုခဲ့ရင်တောင်မှ နောင်အခါမှာ ဂူထဘာဏီ ပုဂ္ဂိုလ်မျိုး။ မစင်နဲ့တူတဲ့ စကားမျိုးကို ဆိုမိတဲ့သူမျိုး မဖြစ်ရလေအောင် အထူးပဲ စောင့်စည်း ဆင်ခြင်သင့်လှပါတယ်။ ဒီလိုမှ မဟုတ်ဘဲ မစင်နဲ့တူတဲ့ စကားမျိုးကို စာရေးသူတို့ တတွေ ပြောဆို နေမယ် ဆိုရင်တော့ မစင်ကို အများသူငါ ရွံမုန်းသလို စာရေးသူတို့ တတွေလည်း အများသူငါ ရွံမုန်းစရာ ပုဂ္ဂိုလ်မျိုး ဖြစ်နေလေမှာ သေချာလှ ပါတယ်။

လေပြေနဲ့အတူ ပျံ့လွင့်လာတဲ့ ပုန်းညက်ပန်းရနံ့လေးဟာ ရှိုက်ရှူလို့ မဝနိုင်သလို၊ ရှိုက်ရှူခွင့်ရခဲ့တဲ့ စာရေးသူတို့ ရဲ့ စိတ်များကို ကြည်နူးနှစ်သက် ဖြစ်ရသလို၊ ပန်းနဲ့အလားသဏ္ဌာန်တူတဲ့ စကားမျိုးကို ပြောတတ်တဲ့သူမျိုးကို လည်း အများတကာက တွေ့လို၊ မြင်လို၊ ဆက်ဆံလိုကြပါလိမ့်မယ်။ ပန်းနဲ့အလားတူတဲ့ စကားမျိုးကို ပြောတတ် တဲ့သူမျိုးရဲ့ ဂုဏ်သတင်းမျိုးဟာလည်း ကောင်းမြတ်တဲ့၊ အများသူငါ ကြားလိုတဲ့ သတင်းမျိုးသာ ဖြစ်မှာ မလွဲပါ ဘူး။

ဒီတော့ စာရေးသူတို့ အနေနဲ့ နူးညံ့ ပြေပြစ်တဲ့ စကား။ သာယာ ချေငံတဲ့စကား။ စေ့စပ် ဆွေးနွေးရေးစကား။ ခိုက်ရန် မဖြစ်ရတဲ့ စကားမျိုးကိုသာ ပြောဆိုတတ်တဲ့သူမျိုး ဖြစ်ဖို့ အမှန်ပင် လိုအပ်လှပါတယ်။ ပန်းနဲ့တူတဲ့ စကားမျိုးကို ပြောဆိုခဲ့မယ်ဆိုရင်တော့ ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူချင်းဆောင် ဆိုသလို စာရေးသူတို့ရဲ့ ကောင်းမြတ်ခြင်း ဂုဏ်သတင်းဟာ ကမ္ဘာမြေအနှံ့ ကြိုင်သင်းပျံ့နှံ့သွားလေမှာ မလွဲပါဘူး။ ဒီထက် တိတိကျကျ ပြောရရင် ပန်းရနံ့ဟာ ပန်းရှိခိုက်မှာသာ ရနံ့သင်းတာပါ။ စာရေးသူတို့မှာ ပန်းနဲ့တူတဲ့ စကားရှိတဲ့ အတွက် ဂုဏ် သတင်း ပျံ့သင်းခဲ့မယ် ဆိုရင် စာရေးသူတို့ ရုပ်နာမ်ခန္ဓာအစဉ် ဒီကမ္ဘာမြေအပြင်က ပျောက်ကွယ် သွားသည့်တိုင် စာရေးသူတို့ရဲ့ ကောင်းမြတ်ခြင်း ဂုဏ်သတင်းကတော့ နောင် အဆက်ဆက် ပျံ့သင်းပြီး ကျန်ရစ် နေလေဦးမှာပါ။

ဒါကြောင့် စာရေးသူတို့အနေနဲ့ ပန်းနဲ့တူတဲ့ စကားရှိတဲ့ သူမျိုးဖြစ်ဖို့ ကြိုးစားသင့် လှပါတယ်ဆိုတဲ့ အတွေးတစ်ခုကို ပုန်းညက်ပန်း ရနံ့ကို မဝနိုင်စွာ ရှူရှိုက်ရင်း ဆင်ခြင်နေမိ ပါတော့တယ်။

ဒီစာကို ရေးနေဆဲအခိုက်မှာတောင် မွှေးမြလှလို့ နမ်းမဝတဲ့ "ပုန်းညက်ပန်း"လေးရဲ့ သင်းရနံ့ကို လွမ်းတမ်းတလို့ နေမိပါသေးတယ်။ ။

မှတ်ချက်။ ။ မိတ်ဆွေကြီး စာရေးဆ၇ာ ဉာဏ်ဦးမောင် သူရဲ့ တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ နောက်ဆုံးနှစ်စာမေးပွဲလဲ ပြီးမြောက်သွားပြီမို့ စာဖတ်ပရိသတ်ရင်ထဲ စွဲငြိစေမည့် ဆောင်းပါးတွေလဲ မကြာခဏ ဖတ်ရှုရတော့မှာပါ။ စာရေးဆရာ ဉာဏ်ဦးမောင်အား အထူးဘဲ ကျေးဇူးတင်ပါတယ်။

မေတ္တာများဖြင့်--- မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

၂၀၁၀-ခု၊ ဒီဇင်ဘာလ ၁၇-ရက်၊ သောကြာနေ့။

Read more...

ရှင်သာရိပုတ္တရာက ရှင်မောဂ္ဂလာန်လောက် ပညာဉာဏ်မထက်လို့ လ, ၀က် နောက်ကျသွားရတာလား

ရှင်သာရိပုတ္တရာက ရှင်မောဂ္ဂလာန်လောက် ပညာဉာဏ်မထက်လို့
လ, ၀က် နောက်ကျသွားရတာလား

ဒကာ။ ။ ဆက်မေးခွင့်ပြုပါဦးဆရာတော်၊ ရှင်မောဂ္ဂလာန်ထေရ်မြတ်က ခုနစ်ရက်ထဲနဲ့ ရဟန္တာကြီးဖြစ်သွားပါလျက် ရှင်သာရိပုတ္တရာထေရ်ကျတော့ လ, ၀က်တိတိ ၁၅ ရက် ရှိမှ ရဟန်းကိစ္စပြီးရတာဟာ ဘ၀င်မကျစရာ ဖြစ်နေပါတယ်၊ ဘုရားပြီးရင် ရှင်သာရိပုတ် ဟာ ပညာအရာမှာ သူတဆူသာဖြစ်ပါလျက်နဲ့ ဒီလို အထက်မဂ် ရယူရေးမှာ ရှင်မောဂ္ဂလာန်အောက် ခုနစ်ရက်လောက် နောက်ကျနေရတာကို သူအချို့က မဟုတ်ဘူးလို့ ငြင်းနေကြပါတယ်၊ အဲဒါလေး တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပေးပါဦး ဘုရား။
ဆရာ။ ။ အရှင်သာရိပုတ္တရာ၏ ၀ိပဿနာဉာဏ် အရှုခံတရားတွေက အရှင် မောဂ္ဂလာန် ရဲ့ ၀ိပဿနာဉာဏ် အရှုခံတရားတွေထက် အဆပေါင်းများစွာ ကြီးကျယ်ပြန့်ပွားနေသောကြောင့် နောက်ကျသွားတယ်လို့ ဆိုတယ်၊ အဲဒါဟာ အတိုအကျဉ်းဆုံး အဖြေပဲ။
ဒကာ။ ။ တပည့်တို့နားလည်ရုံမျှ အနည်းငယ်တိုးချဲ့ပြီး ပြောပြပေးပါဦး ဆရာတော်၊ တိုလွန်းတော့ ဘာမှ နားမလည်တော့ဘူး။
ဆရာ။ ။ အင်း…တိုတိုကျဉ်းကျဉ်းဆို၊ ခုတော့ နားမလည်ပြန်ဘူးတဲ့။ အရှင်သာရိပုတ္တရာက ရုပ်တရားစုအပေါ်မှာ မှတ်တဲ့အခါ ရူပ, ရုပ်ကို အနိစ္စ, ဒုက္ခ, အနတ္တနဲ့ လိုက်မှတ်တယ်၊ ဖဿကို အနိစ္စ, ဒုက္ခ, အနတ္တနဲ့ လိုက်မှတ်တယ်၊ ဝေဒနာကို အနိစ္စ, ဒုက္ခ, အနတ္တနဲ့ ရှုမှတ်တယ်။
သဒ္ဒရုပ်, သောတရုပ်, သောတ၀ိဉာဏ်၊ ဖဿ, ဝေဒနာ စသည် တို့ကိုလည်း သည်လိုပဲ လုံးစေ့ပတ်စေ့ တခုစီ, တခုစီ ခွဲခြားပြီးတော့ ကျယ်ပြန့်စွာ ရှုမှတ်ပွားများနေတော့ကာ ပရိကံဉာဏ်အရာမှာ များပြား စေ့စပ်လွန်းလျက် (ရှင်ဘုရင် တခါထွက် ပဲကြီး တလှေချက် ဆိုတာလို) တော်တော်နဲ့ ကိစ္စမပြီးဘဲ နောက်ကျ ကြန့်ကြာနေရတယ်တဲ့၊ အဲဒါဟာ အဋ္ဌကထာ ဆရာတွေရဲ့ ရှေ့နေ လိုက်ချက်ပဲ။
အရှင်မောဂ္ဂလာန်ကတော့ ရုပ်နာမ် ဓမ္မတို့ရဲ့ ဖြစ်ပျက်မှုကို ဥဒယ၀ယဉာဏ်နဲ့ တပေါင်းတစု တလုံးတည်း ရှုမှတ်ပွားများလို့ မြန်မြန်ကိစ္စပြီးသွားတာတဲ့၊ ကဲ…အဲဒါ အနည်းငယ် တိုးချဲ့လိုက်တာပဲ၊ သဘောပေါက်ရဲ့လား။
ဒကာ။ ။ သဘောပေါက်ပါပြီ ဆရာတော်၊ ရှင်ဘုရင်နဲ့ ဆင်းရဲသား ခရီးသွားသလိုပေါ့ ဘုရား၊ ဆင်းရဲသားက လွယ်အိတ်ကလေး ဘေးချိတ်လိုက်ရင် ပြီးတာပဲ၊ ရှင်ဘုရင်ကတော့ ဘယ်ဝင်း ညာဝင်း ရှေ့တပ် နောက်တပ်တွေ ချဲ့နေရတာနဲ့ မပြီးနိုင်တော့ဘူး။

Read more...

တမလွန်လောကကို အောင်မြင်ဖို့ရာ ဤလေးပါးကို သင်ကျင့်ပါ...

တမလွန်လောကကို အောင်မြင်ဖို့ရာ ဤလေးပါးကို သင်ကျင့်ပါ...







ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

တရားမင်းသခင် - ၂။ ဖခင့်သောက


ဘုရင် သုဒ္ဓေါဒနသည် သားတော် သိဒ္ဓတ္တကို မတွေ့ရသည်မှာ ရက် အတန်ကြာပြီ ဖြစ်သောကြောင့် ကာဠုဒါယီ အမတ်နှင့်အတူ သားတော် စံပျော်ရာ သုရမ္မနန်းဆောင်သို့ ကြွရောက်လာ၏။ ယသောဓရာသည် ယောက္ခမတော် မင်းကြီးကို မြင်သည်နှင့် တပြိုင်နက် မင်းကြီး၏ ခြေတော်ရင်းမှာ ဒူးထောက်၍ ခစားလိုက်ပြီး မင်းကြီးထိုင်ရန် နေရာပြင်ပေး၏။ မင်းကြီး ထိုင်ပြီးသောအခါ သင့်တော်သော အကွာအဝေးမှာ နေ၍ ခစား၏။

“ကျန်းမာပါရဲ့လား သမီးတော်။ သားတော် ရှိပုံမရဘူး ထင်တယ်နော်။”

“မှန်လှပါ ဖခမည်းတော် ဘုရား။ မောင်တော်ဟာ ကာဠာမ ရသေ့ရဲ့ ကျောင်းသင်္ခမ်း သွားနေတာ နာရီပိုင်းအထိ ကြာသွားပါပြီ။ ခုထိ ပြန်မလာသေးတာပါ ဘုရား”

ပြန်လည် လျှောက်ထားချက်ကို ဘ၀င်မကျ၍ မင်းကြီး မျက်နှက်ပျက် သွားပြီဟု ယသောဓရာ ခံစားလိုက်ရသည်။ မင်းကြီးသည် အတန် ကြာအောင် နှုတ်ဆိတ်နေ၏။ စိတ် အနှောင့်အယှက် ဖြစ်သွားဟန် တူသည်။ နောက်ဆုံး၌ မင်းကြီး မိန့်မြွက်တော်မူ၏။

“သမီးတော်။ မင်း ဒီကို စရောက်ရောက်ချင်း ငါ ပြောခဲ့ သင်ခဲ့တာတွေကို မေ့သွားပြီလား။ သားတော် ကာမဂုဏ်တွေ ငြီးငွေ့ စိတ်ပျက်သွားအောင် ဘာမှ မလုပ်ရဘူးလို့ ငါ ပြောခဲ့တာ မှတ်မိသေးရဲ့လား။ သားတော် ပျော်ရွှင်အောင် ပြုစုပေးရမယ်။ သူ့ရဲ့ လိုအင်ဆန္ဒ မှန်သမျှကို ဖြည့်ဆည်းပေးဖို့ ငါ့တာဝန်သာ ဖြစ်တယ်။ ကာဠာမ ရသေ့နဲ့ ဘာမှ မဆိုင်ဘူး။ သူက ကာဠာမ ရသေ့ဆီ ဘာဖြစ်လို့ သွားရတာတဲ့လဲ။ ကာဠာမ ရသေ့က ငါ စီမံမပေးနိုင်တဲ့ စည်းစိမ်ချမ်းသာတွေ ဖန်တီးပေးနိုင်လို့တဲ့လား။ အင်း . . . ငါ့ ပုဏ္ဏားတော်တွေ ဟောခဲ့တဲ့အတိုင်း သူ ထီးနန်းစည်းစိမ်းတွေကို စွန့်ခွာသွားလေမလားလို့ တွေးလိုက်ရင် သိပ် စိတ်ပူတာပဲ သမီးတော်ရယ် . . .။ ငါ့ နေပြည်တော်အတွက် သာကီမျိုးနွယ်အတွက် သူ့ကိုပဲ ငါ မျှော်လင့်ထားတာ။ ဒီမယ် သမီးတော်။ ငါ့သားတော် မအီမသာ ခံစားရတဲ့ အရိပ်အရောင် တွေ့မိရင် ငါ့ကို ချက်ချင်း အသိပေးပါ။”

“သည်းခံတော်မူပါ ခမည်းတော် ဘုရား။ မောင်တော် ညအိပ်ယာ ၀င်ချိန်မှာ အချိန်အတော်ကြာအောင် ယောဂကျင့်တဲ့အကြောင်း ခမည်းတော်ကို အသိပေးခဲ့တာ မှတ်မိမယ် ထင်ပါတယ်ဘုရား။ အဲဒီကတည်းက ခမည်းတော် ညွှန်ကြားတဲ့အတိုင်းပဲ မောင်တော် စိတ်လက်ပျော်ရွှင်အောင် အထူးအာရုံစိုက်ပြီး အစွမ်းကုန် ပြုစုစောင့်ရှောက် လုပ်ကျွေးပါတယ်ဘုရား။ သူ့ရဲ့ အရိပ်တစ်ခုလို သူနဲ့ နီးနီးကပ်ကပ် နေပါတယ်ဘုရား။ ဒါပေမယ့် သူက “မင်းနဲ့ငါတို့ရဲ့ သီးခြားကမ္ဘာရဲ့ အပြင်ဘက်မှာ ကမ္ဘာတစ်ခု ရှိသေးတယ်”လို့ပဲ အမြဲ ပြောနေပါတယ် ခမည်းတော်။ ခုတလော မောင်တော်ဟာ သမီးတော်နဲ့အတူ စကားစမြည် ပြောနေရတာ ပျော်စရာတစ်ခုခု လုပ်ကိုင်ဆောင်ရွက် နေရတာထက် ပြင်ပကမ္ဘာကို သိမြင်နားလည်နိုင်ဖို့ ဒီနန်းဆောင် အပေါ်ထပ်ကနေ ပြတင်းတံခါးတွေ ဖွင့်ကြည့်ဖို့ကိုပဲ ဆန္ဒပြင်းပြပါတယ် ဘုရား။ မနေ့ကတော့ နန်းတော်တံခါး အပြင်ဘက်မှာ စကဏ္ဍာလ ကလေးငယ်တစ်ယောက် အမှိုက်ကျင်းမှာ စွန့်ပစ်ထားတဲ့ စားကြွင်းစားကျန်တွေ လိုက်ကောက်ပြီး စားနေတာကို ဟို ပြတင်းပေါက်ကနေ သူ လှမ်းမြင်လိုက်ပါတယ် ဘုရား။ အဲဒါကို မြင်လိုက်ရတော့ သူ စိတ်ထိခိုက်သွားပြီး ဒီနန်းဆောင်ပေါ်ကနေ ပြေးဆင်းသွားပါတယ် ဘုရား။ စဏ္ဍာလကလေးကို သမီးတော်ဆီိ လက်ဆွဲခေါ်လာပြီး စဏ္ဍာလကလေး အားရကျေနပ်တဲ့အထိ ပွဲတော်စာတွေ ကျွေးလိုက်ဖို့ သမီးတော်ကို အမိန့်ပေးပါတယ် ဘုရား။”

“အလို လေးလေး. . . သမီးတော်။ အဲဒီလို မြင်သာတဲ့ နေရာမှာ အကြွင်းအကျန်တွေ စွန့်ပစ်ဖို့ အခြွေအရံ အလုပ်အကျွေးတွေကို စေခိုင်းလိုက်ရသလား သမီးတော်ရယ်။”

“ခမည်းတော် ဘုရား။ သမီးတော် ဒီကို မရောက်ခင်ကလည်း အကြွင်းအကျန်တွေကို အဲဒီနေရာမှာ စွန့်ပစ်တာပါပဲ ဘုရား။ မောင်တော်ဟာ အမှိုက်ကျင်းထဲမှာ စွန့်ပစ်ထားတဲ့ အကြွင်းအကျန်တွေကို မြင်ဖူးပြီးသား ဖြစ်ပါလိမ့်မယ် ဘုရား။ မောင်တော်ရဲ့ စိတ်ကို ထိခိုက်စေတာက အမှိုက်ကျဉ်း မဟုတ်ပါ ဘုရား။ အမှိုက်ကျင်းထဲက အကြွင်းအကျန်တွေ ကောက်စားနေတဲ့ စဏ္ဍာလလေးကို မြင်လိုက်ရလို့ မောင်တော် စိတ်ထိခိုက်သွားတာ ဖြစ်ပါတယ်ဘုရား။”

“အို . . . သမီးတော်။ နောက်နောင်မှာ ဘယ်စဏ္ဍာလကိုမှ မမြင်တွေ့စေရဘူး။ မဟုတ်သေးဘူး။ နန်းတော်နဲ့ အနီးတစ်ဝိုက်မှာ ဘယ်လိုဇာတ်နိမ့်တွေမှ ခြေမချစေရဘူး။ စဏ္ဍာလကို လက်ဆွဲ ခေါ်လာတုန်းက သားတော် ဘာတွေပြောတယ်ဆိုတာ တိတိ ကျကျ ပြန်ပြောပြ စမ်းပါ သမီးတော်။”

“စဏ္ဍာလကို လက်ဆွဲခေါ်လာတာ မြင်ရတော့ တအံ့တသြနဲ့ မောင်တော့်ဆီကို ပြေးသွားခဲ့ပါတယ် ဘုရား။ စဏ္ဍာလလေးဟာ ကြောက်လွန်းလို့ တုန်တုန်ရီရီ ဖြစ်နေပြီး စကားတစ်ခွန်းမှ မပြောနိုင်ပါ ဘုရား။ သူ့ဝမ်းဗိုက်ဟာ ပိန်ချပ်နေပြီး သူ့မျက်တွင်းတွေကလည်း ဟောက်ပက်ပက်ပါ ဘုရား။ အဲဒီ စဏ္ဍာလလေးရဲ့ ခေါင်းကိုလက်နဲ့ ကိုင်ထားရင်း မောင်တော်က သမီးတော်ကို 'အို. . . ယသောဓရာ။ ကူကယ်ရာမဲ့ ဒီကလေးဟာ လူသားမျိုးဆက်ပါကွယ်။ ငါတို့က ကောင်းမွန်မြင့်မြတ်တဲ့ ပွဲတော် စာတွေ စားသုံးနေချိန်မှာ သူက အမှိုက်ကျင်းထဲက စွန့်ပစ်ထားတဲ့ အကြွင်းအကျန်တွေကို ကောက်စားနေတာ။ သူ ငါ့ကိုမြင်တော့ ကြောက်လန့်ပြီး ထွက်ပြေးဖို့ ကြိုးစားသေးတယ်။ အဲဒီတုန်းက ငါ စိတ်ထိခိုက်တာပဲ ရှိတယ်။ ဘာအနှောင်အဖွဲ့မှ မရှိဘူး။ ဒီလို သိမ်ငယ်တာတွေ တိုင်းပြည်အတွင်းမှာ ရှိနေတဲ့အတွက် တိုင်းပြည်ရဲ့ အရှင်သခင် ငါတို့မှာ တာဝန် မရှိဘူးလား။ တိုင်းပြည်ရဲ့ အခွန်ဘဏ္ဍာကို ကောက်ယူပြီး တိုင်းပြည်တွင်းမှာ ရှိနေတဲ့ ဒီလို သိမ်ငယ်တာတွေကို တာဝန်မဲ့ မျက်ကွယ်ပြုနိုင်တဲ့ ပြည့်ရှင်မင်းရဲ့ အဆင့်အတန်းကို ဘယ်လို သတ်မှတ်မလဲ။ ကဲကဲ ယသောဓရာ . . . ။ လောလောဆယ် သူ့ကိုသာ ချိုမြိန်ကောင်းမြတ်တဲ့ အစားအစာတွေ ပေးလိုက်ပါ။ သူ စားနိုင်သလောက် စားစမ်းပါစေ။' လို့ အမိန့်ရှိပါတယ် ဘုရား။

“သမီးတော်က ဘာမှ ပြန်မပြောဘူးလား”

“ခမည်းတော်။ မောင်တော် ညွှန်ကြားတဲ့အတိုင်းပဲ ပန်းကန်ပြားထဲ ထမင်းထည့်ပြီး စဏ္ဍာလလေးကို ပေးလိုက်ပါတယ် ဘုရား။ စဏ္ဍာလလေးက ထမင်းပန်းကန်ပြားကိုယူ၊ အောက်မှာ ထိုင်. . . ”

ယသောဓရာ စကားမဆုံးမီ မင်းကြီးသည် စိတ်ဆိုးမန်ဆိုး အော်လိုက်၏။
“အလိုလေးလေး . . . သမီးတော်။ ငါ့ ရွှေနန်းတော်မှာ စဏ္ဍာလအတွက် ပန်းကန်ပြား ဘယ်နေရာကများ ရသလဲ။ သမီးတော် ရူးများနေသလား။”

“သည်းခံတော်မူပါ ခမည်းတော် ဘုရား။ ဇာတ်နိမ့်တွေနဲ့ ပတ်သက်လို့ လိုက်နာရမယ့် ထုံးတမ်းစဉ်လာတွေကို သမီးတော် သိပါတယ် ဘုရား။ ဒါကြောင့် ကျွန်မတစ်ယောက်ကို ငှက်ပြောရွက်ပိုင်းတစ်ခု အယူခိုင်းပြီး အဲဒါနဲ့ ထည့်ကျွေးဖို့ စဏ္ဍာလရဲ့ ဘေးနားမှာ ချခင်းလိုက်ပါတယ် ဘုရား။ အဲဒီတော့ မောင်တော်က ထမင်းကို ပန်းကန်ပြားထဲ ထည့်ပေးဖို့ အမိန့်ရှိပါတယ် ဘုရား။”

အခြေအနေမှာ ဆိုးရွားနေပြီ၊ ထင်ထားသည်ထက် ပို၍ အကြပ်ရိုက်နေပြီဟု မင်းကြီး နားလည်လိုက်၏။ စိုးရိမ်ခြင်း ကြီးစွာဖြင့် ငြီးတွားလိုက်လေသည်။
“အို . . . နတ်ဒေ၀ါတို့။ အို . . . နတ်ဗြဟ္မာတို့။”

တစ်ချိန်လုံး တိတ်တိတ်ဆိတ်ဆိတ် ရှိနေခဲ့သော ကာဠုဒါယီ အမတ်က ဆို၏။
“နားဆင်တော်မူပါ အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ သားတော်ဟာ ပညာဥာဏ်နဲ့ ပြည့်စုံသူ ဖြစ်ပါတယ် ဘုရား။ သူ့ကို ကာမဂုဏ်တွေနဲ့ ပျော်မွေ့နေအောင် လုပ်မယ်ဆိုရင် ဒီလို အခြေအနေမျိုးနဲ့ ကြုံရမှာပါပဲ ဘုရား။ ပုဏ္ဏားတော်တွေ ညွှန်းကြားတဲ့အတိုင်း မင်းကြီးက သားတော်ကို သဘာဝလောက အစစ်နဲ့ ထိတွေ့ရင်းနှီးခွင့် မပေးပါဘူးဘုရား။ မင်းကြီးက ကောင်းမြတ်ခြင်း ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုတဲ့ ဘ၀ရဲ့ မျက်နှာစာ တစ်ဘက်ကိုပဲ သားတော်ရှေ့မှာ ဖွင့်လှစ်ပြထားပါတယ် ဘုရား။ ပညာရှိတဲ့ မင်းသားကတော့ ဘ၀ရဲ့ ဆင်းရဲကြပ်တည်းတဲ့ မျက်နှာစာကိုလည်း သိမြင်လာလိမ့်မယ်လို့ ကျွန်တော်မျိုး နားလည် သဘောပေါက်ခဲ့ပြီးသား ဖြစ်ပါတယ် ဘုရား။ အရှင်မင်းကြီး။ အလွန်အမင်း ချမ်းသာသူတွေနဲ့ အလွန်အမင်း ဆင်းရဲသူတွေသာ ဘ၀အတွက် စိုးရမ်ကြောင့်ကြ ပိုတတ်ကြ ပါတယ် ဘုရား။ သန်းပေါင်းများစွာရှိတဲ့ အလယ်အလတ် တန်းစားတွေကတော့ ဘ၀မှာ လွန်လွန်ကဲကဲ ပျော်ရွှင်တာ မရှိသလို အလွန်အကျွံလည်း သောကရောက်လေ့လည်း မရှိပါ ဘုရား။ ဘ၀ရပ်တည်ဖို့ ရုန်းကန်ရခြင်းသာလျှင် သူတို့အတွက် စိုးရိမ်ပူပန်စရာ ဖြစ်ပါတယ် ဘုရား။ သားတော်မင်းသားကို လုံခြုံရေး အစောင့်အကြပ်တွေနဲ့ ထိန်းထားပြီး ထီးနန်း လွှဲအပ်နိုင်မယ်လို့ အရှင်မင်းကြီး ထင်ထားပါလိမ့်မယ် ဘုရား။”

“အဲဒီတော့ ဘာဖြစ်သလဲ။ အမှိုက်တွင်းထဲက ကောက်စားတဲ့ စဏ္ဍာလတွေကို တွေ့မြင်ရလို့၊ ထမင်းမစားဘဲ ဖွဲစားတဲ့ အရူးတွေနဲ့ ဘာမှ မထူးတဲ့ တောပျော်ရသေ့တွေကို တွေ့မြင်ရလို့ ငါ့သားတော်မှာ ဘာတွေ အကျိုးထူးမှာမို့လဲ။ ငါ့သားတော်က တစ်ခြားနေပြည်တော်တွေ သိမ်းပိုက်အောင်မြင်တာကို ငါ မြင်ချင်တယ်။ ဇမ္ဗူဒိပ် တစ်ကျွန်းလုံး တစ်ခုတည်းသော အလံတော်အောက်မှာ သိမ်းသွင်းလိုက်နိုင်တာကို ငါ မြင်ချင် တယ်။ ဘုန်းသမ္ဘာနဲ့ ပြည့်စုံတဲ့ ငါ့သားတော်ဟာ အဲဒီလို အောင်မြင်နိုင်စွမ်း ရှိတယ်။ ငါက သူ့ကို တိုက်တွန်းလိုက်ဖို့ပဲ လိုတယ်။ သူ ဘ၀ကို စိတ်ပျက်ငြီးငွေ့စရာ မလိုဘူး။ မိခင်ဟာ စူးရှ အန္တရာယ်ဖြစ်စေမယ့် လက်နက် အချွန် အထက်တွေကို သူ့သားငယ် မမီနိုင်တဲ့ နေရာမှာ ထားသလို ငါလည်း ငါ့သားတော်ကို ထိတ်လန့်သံဝေဂ ရစေမယ့် အရာတွေနဲ့ ဝေးအောင် ရှိသမျှ ငါ့ စွမ်းအားနဲ့ ငါ့ အမိန့်အာဏာကို အသုံးပြုမယ်။ မနက်ဖန်က စပြီး လုံခြုံရေးကို ပိုပြီး တင်းတင်းကြပ်ကြပ် ချထားမယ်။ သူတောင်းစား အားလုံး နဲ့ ရသေ့ရဟန်း မှန်သမျှ ငါ့နန်းတော်တွင်း ချင်းနင်းဝင်ရောက်ခြင်း မရှိစေရဘူး။”

“အရှင်မင်းကြီး . . . ။ သည်းခံတော်မူပါ ဘုရား။ အဲဒီလို စောင့်ကြပ် ပိတ်ပင်ခြင်းဟာ မင်းသားရဲ့ မခံချင်စိတ်ကို နှိုးဆွပေးရာ ရောက်ပါလိမ့်မယ် ဘုရား။ အဲဒီလိုသာ တင်းကြပ်လိုက်မယ်ဆိုရင် မင်းသားဟာ တနည်းနည်းနဲ့ နန်းတော်ကို စွန့်ခွာသွားပါလိမ့်မယ် ဘုရား။ အတင်းအကြပ် မလုပ်ပါနဲ့ ဘုရား။ စစ်မှန်တဲ့ လောကရဲ့ သဘောမှန်ကို မင်းသားသိခွင့် ပေးလိုက်ပါ ဘုရား။”

တစ်ချိန်လုံး ခေါင်းငိုက်စိုက် ချထားပြီး တွေတွေဝေေ၀ ကြောင်ငေး တွေးတောနေသူ ယသောဓရာသည် မင်းကြီးကို ရဲဝံ့စွာ လျှောက်ထား၏။

“ခမည်းတော် . . . ။ ခမည်းတော် နှစ်သက်တော်မူတဲ့ ဗျစ်ရည်များ ဆက်သပါရစေ ဘုရား။ ခွင့်ပြုပါ ခမည်းတော်။ ဗျစ်ရည် သွားယူဖို့ ခဏလေး အချိန်ပေးပါ ဘုရား။”

“ဒီအချိန်မှာ အဲဒီ ဗျစ်ရည်က ဘာအဓိပ္ပာယ် ရှိမှာလဲ။ ငါ သွားမယ်။ သားတော် ပြန်လာရင်သာ ငါ့ကို ချက်ချင်းလာတွေ့ဖို့ ပြောလိုက်ပါ။”

ပြောပြောဆိုဆိုပင် မင်းကြီးသည် နေရာမှ ထလိုက်၏။ မင်းကြီး ခံပြင်းဒေါသ ဖြစ်နေသည်။ စိတ်လက် မပျော်ရွှင်နိုင်ပေ။ ယသောဓရာလည်း မရွှင်သော မျက်နှားထားဖြင့် မင်းကြီးရှေ့မှောက်၌ ဒူးထောက်၍ အရိုအသေ ပေးလိုက်ပြီး မင်းကြီးကို သုရမ္မနန်းဆောင် မုခ်ဝအထိ လိုက်ပါပို့ဆောင် နှုတ်ဆက်လေ၏။ သုဒ္ဓေါဒန မင်းကြီးသည်လည်းကောင်း ကာဠုဒါယီ အမတ်သည်လည်းကောင်း ယသောဓရာကို တစ်စုံတစ်ရာ နှုတ်ဆက်စကား မပြောကြားဘဲ ထွက်ခွာသွားကြလေ၏။ ယသောဓရာ မင်းသမီးသည်လည်း တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ပြီး လေးလံနှေးကွေးသော ခြေလှမ်းများ၏ သယ်ဆောင်ရာသို့ လိုက်ပါလျက် သုရမ္မနန်းဆောင်ဆီ ဦးတည်နေ၏။ မင်းသမီးသည် နန်းဆောင်ပေါ်သို့ မတက်မီ သိဒ္ဓတ္ထမင်းသား ပြန်လာလေပြီလား မျှော်လင့်ချက်ဖြင့် နောက်ပြန် လှည့်ကြည့်လိုက်၏။ တိတ်ဆိတ် ငြိမ်သက်သော တံခါးမုခ်ကိုသာ တွေ့ရလေသည်။

(ဆက်ရန် . . . . .)

Read more...

သင်္ခတ နှင့် အသင်္ခတ

Saturday, December 18th, 2010 | Author: admin

သင်္ခါရ ဆိုသည်မှာ အကြောင်းတို့ စုပေါင်း၍ ပြုလုပ်ပေးခြင်းကြောင့် ဖြစ်ပေါ်လာသော တရားကို ဆိုခြင်း ဖြစ်သည်။
တိုတိုရှင်းရှင်း ဆိုရလျင် အကြောင်းကြောင့် ဖြစ်သော တရားပင် ဖြစ်၏။
ဖြစ်ပေါ်လာသော တရားဖြစ်ပေသည်။ အဖြစ်တရား ဖြစ်သောကြောင့် ပျက်တတ်ပေမည်။
အဖြစ်တရားမှန်သမျှ အပျက်ရှိသမြဲဖြစ်ပေမည်။ ထို့ကြောင့် ဆင်းရဲ ပေသည်။

ရုပ် နှင့် နာမ်တို့သည် သင်္ခါရတရားများချည်း ဖြစ်ပေသည်။
ရုပ်သည်လည်း အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသော တရားဖြစ်သည်။ ရုပ်၏ မှီရာအကြောင်းတရားတို့မှာ..
ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ပင်ဖြစ်လေသည်။
ကံကြောင့် ကမ္မဇရုပ်တို့ဖြစ်ရသည်။
စိတ်ကြောင့် စိတ္တဇရုပ်တို့ ဖြစ်ရသည်။
ဥတုကြောင့် ဥတုဇရုပ်တို့ ဖြစ်ရသည်။
အာဟာရကြောင့် အာဟာရဇရုပ်တို့ ဖြစ်ရလေသည်။

ထို့အတူ မြင်စိတ် ကြားစိတ် …စသည်တို့သည်လည်း ဆိုင်ရာ အကြောင်းများကြောင့် ဖြစ်လာသော သင်္ခါရတရားများ ဖြစ်သည်။
ဥပမာ ကြားစိတ်ကလေးဖြစ်လာဖို့ရန်ျမှာ …
နား(သောတပသာဒ)၊ အသံ(သဒ္ဒါရုံ) ၊ နှလုံးသွင်းအာရုံစိုက်မှု (မနသိကာရ)၊ လေဖြတ်သန်းနိုင်သော အပေါက်အကြား (အာကာသဓာတ်) တို့ ရှိရပေမည်။
(သောတာ ကာသ၊ သဒ္ဒထင်ပြီ၊ မနသီ၊ လေးလီသောတဖို့။)[စာ-၁၀၁၊ ဗုဒ္ဓအဘိဓမ္မာ-ဒေါက်တာမင်းတင်မွန်]

ထို ဆိုင်ရာ အကြောင်းတရားများကြောင့်သာ ကြားစိတ်ကလေး ဖြစ်လာရပေသည်။
ရုပ်/နာမ် အပေါင်းတို့သည် ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသောကြောင့် သင်္ခါရ တရားများဟု ခေါ်ဆိုခြင်းဖြစ်ပေသည်။
အကြောင်းကြောင့် ဖြစ်သော တရားဖြစ်သောကြောင့်လည်း အကျိုးတရားဖြစ်လေသည်။
သင်္ခါရ နှင့် သင်္ခတ တို့သည် အတူတူပင်ဖြစ်သည်။
ထိုနေရာတွင် သင်္ခါရ ဆိုသည်မှာ
ပဋိစ္စသမုပ္ပါဒ်တွင် ပါသော သင်္ခါရကို ဆိုခြင်းမဟုတ်ပေ.၊ ပဋိစ္စသမုပ္ပါဒ်တွင် ပါသော သင်္ခါရသည် အကြောင်းတရားဖြစ်ပေသည်။
ယခု ဆိုသော သင်္ခါရဆိုသည်မှာ အကျိုးတရား ဖြစ်၏။

သင်္ခါရ ၏ ပြောင်းပြန်တရားကို ၀ိသင်္ခါရဟု ခေါ်ဆိုသည်။
ဝိသင်္ခါရ နှင့် အသင်္ခတ မှာ အတူတူပင်ဖြစ်၏။
ဝိသင်္ခါရ (သို့မဟုတ်) အသင်္ခတ ဆိုသည်မှာ အရှိတရား ဖြစ်လေသည်။
မည်သည့် တစုံတရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ..ရှိနေသောတရားပင်..ဖြစ်၏။
ဖြစ်လာသော တရား မဟုတ်သောကြောင့် ပျက်ခြင်း မရှိပေ။
ထိုကြောင့် ချမ်းသာအမှန်ဖြစ်ပေသည်။ ထို အသင်္ခတသည် နိဗ္ဗာန်ပင်ဖြစ်ပေသည်။

နိဗ္ဗာန်သည် ဖြစ်ပေါ်လာသော တရားမဟုတ်ပေ။ ဖြစ်လည်းမဖြစ် ပျက်လည်းမပျက်ပါဘဲ ဆင်းရဲငြိမ်းသော သဘာဝအနေဖြင့် အမြဲ တည်ရှိနေသော အရှိတရားပင် ဖြစ်ပေသည်။

မဂ္ဂင်(၈)ပါးကျင့်ကြံ ပွားများခြင်းသည် နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်ပေသည်။ ထိုနေရာတွင် မဂ္ဂင်(၈)ပါးသည် နိဗ္ဗာန်၏ အကြောင်းတရားဟု ဆိုနိုင်ပါသော်လည်း
မဂ္ဂင်(၈)ပါး ကျင့်ကြံခြင်းသည် နိဗ္ဗာန်ကို ဖြစ်စေခြင်းမျိုး မဟုတ်ပေ။
မဂ္ဂင်(၈)ပါး ကျင့်ကြံခြင်းကြောင့် ဆင်းရဲငြိမ်းသော အရှိသဘာဝ နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်ခြင်း ဖြစ်၏။

ဥပမာ ဆိုရလျင်..
မန္တလေးသို့ မီးရထားဖြင့် ခရီးသွားသောအခါ…
မီးရထား စီးသွားခြင်းကြောင့် နဂိုက ရှိနေသော မန္တလေးသို့ ဆိုက်ရောက်သွားခြင်းမျိုးပင် ဖြစ်ပေသည်။

သင်္ခါရ နှင့် ၀ိသင်္ခါရ တို့ကို အတိုချုပ်နားလည်အောင် ဖော်ပြရလျင်..

သင်္ခတ (သင်္ခါရ) အသင်္ခတ (၀ိသင်္ခါရ)
ဆင်းရဲသည် ချမ်းသာသည်
အဖြစ်တရား အရှိတရား
ရုပ်/နာမ် နိဗ္ဗာန်

ထိုတရားတို့သည် မြတ်ဗုဒ္ဓ ဟောတော်မူ၍သာ ကျွန်ုပ်တို့သည် သိခွင့်ရပေသည်။ မြတ်ဗုဒ္ဓမှ မဟောကြားခဲ့လျင် အဖြစ်တရားရယ်လို့လည်း မသိရ အရှိတရားဟု၍လည်း မသိနိုင်ပေ။
ထို့ကြောင့် မြတ်ဗုဒ္ဓသည် ကျွန်ုပ်တို့ အတွက်..အနန္တ ကျေးဇူးရှင် ဖြစ်၏။

ဗုဒ္ဓ မြတ်စွာ၊ ပွင့်ထွန်းလာ၍၊
သစ္စာလေးအင်၊ ရှစ်မဂ္ဂင်နှင့်၊
သုံးအင်လက္ခဏာ၊ သင်္ခတာ သင်္ခတ၊
မြတ်ဓမ္မကို၊ နက်လှဉာဏ်တော်၊
ဟောထုတ်ဖော်၍၊ သူတော်အများ၊
သိရငြား၊ များလှအကျိုးတွေ။ ။


အောက်ပါတရားတော်မှ ကောက်နုတ်ရေးသားထားပါသည်…
သင်္ခတ နှင့် အသင်္ခတ တရားတော် - ချမ်းမြေ့ဆရာတော်ဘုရားကြီး

Read more...

*သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ*

UHtayHlaing-သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ

လေးစားရိုသေစွာဖြင့်
ဖိုးသား

Read more...

အနာဂတ်သာသနာရေး

Friday, December 17, 2010

ဖော်ပြပါစာအုပ်အား ကလစ်ထောက်၍ ဒေါင်းလုပ်ယူနိုင်ပါသည်။

အနာဂတ်သာသနာရေးဆိုတဲ့ ခေါင်းစဉ်တတ်လိုက်တာဟာ အင်မတန်ကြီးကျယ်သွားမယ်ထင်ပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသနာရေးစာအုပ်ကို ဦးခိုက်ရိုသေတဲ့အနေနဲ့ ဒီခေါင်းစဉ်လေးတပ်ပြီး ဆရာတော်ဘုရားကြီးကို အမှတ်တရ ကြည်ညိဦးခိုက်လိုက်တာပါ။ ဆရာတော်ဘုရားကြီးရဲ့ သာသနာ့အပေါ်မှာထားရှိတဲ့ မျှော်လင့်ချက်တွေ၊ သာသနာတော်ကို ထွန်းတောက်စေချင်တဲ့ ဆန္ဒတွေဟာ ဖော်ပြပါစာအုပ်က ရည်ညွှန်းနေပါတယ်။ ဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ စကားလုံးတိုင်း စကားလုံးတိုင်းဟာ ဗုဒ္ဓရဲ့အဆုံးမတွေကို ဘယ်လောက်ထိ တန်ဖိုးထားသင့်တယ်၊ ဘယ်လောက်ထိ အသိဥာဏ်နဲ့ထိုးထွင်းပြီးလုပ်ဆောင်သင့်တယ် ဆိုတဲ့ အဓိပ္ပါယ်တွေကို ဖော်ညွှန်းနေတာပါပဲ။ တကယ်တော့ ဒီလိုစာအုပ်မျိုးဟာ ဗုဒ္ဓဘာသာဝင် အိမ်တိုင်းအိမ်တိုင်းရဲ့ အိမ်ဦးခန်းမှာ မရှိမဖြစ်ရှိသင့်တဲ့စာအုပ်ဖြစ်ပြီး စာအုပ်ထဲမှာပါရှိတဲ့အကြောင်းရာတွေကိုလည်း ဗုဒ္ဓဘာသာဝင်တွေအနေဖြင့် အလေးဂရုပြုလိုက်နာပြီး ထိန်းသိမ်းစောင့်ရှောက်သင့်လှပါတယ်။ အနာဂတ်သာသနာရေးစာအုပ်မှာ ပါရှိတဲ့အချက်တွေဟာ.. သာသနာတော် ရေရှည်တည်တံ့ရေး၊ ဗုဒ္ဓရဲ့အဆုံးမအစစ်မှန်တွေ မကွယ်ပျောက်ဖို့အရေးတွေကို အမျှော်အမြင်ကြီးစွာဖြင့် မေတ္တာရှေ့ထားပြီး ဖော်ပြထားတဲ့အချက်တွေပါပဲ။

ယခုလိုအချိန်ခါမျိုးမှာ ဒီလိုမျိုး အသိပေး သတိပေး ပညာပေးစာအုပ်တွေကို ဗုဒ္ဓဘာသာဝင်တွေအနေဖြင့် သေချာမှတ်သားပြီး ကျင့်ကြံလိုက်နာဖို့ လိုအပ်လှပါတယ်။ လူအများစုက သာသနာ့အရေးဆိုတာကို ရဟန်းသံဃာအများစုနဲ့သာ သက်ဆိုင်တယ်လို့ ထင်နေကြတာပါ။ သာသနာအရေးဆိုတာ လူတွေနဲ့မပတ်သက်ရသလိုတောင် ဖြစ်နေပါပြီ။ ဗုဒ္ဓဘာသာဟာ အခြားဘာသာဝင်တွေနဲ့ လုံးဝမတူကွဲပြားတယ်ဆိုတာ ရှေ့အရင်ပိုစ့်တွေမှာလည်း ဖော်ပြပြီးခဲ့ပါပြီ။ ဘာလို့လည်းဆိုတော့ ဗုဒ္ဓရဲ့သာသနာကို ၀င်ရောက်ခိုလှုံတဲ့ ဘုရားတပည့်သား သံဃာတွေအနေဖြင့် လူပုဂ္ဂိုလ်တွေလို စီးပွားရှာလို့မရ၊ လူတွေနဲ့ရောရောနောနောနေလို့ မရသလို.. ၀ိနည်းဆိုတာကိုလည်း အသက်နဲ့ထပ်တူ ထိန်းသိမ်းနေကြရတဲ့ အတွက်ကြောင့်ပါပဲ။ အခြားဘာသာတွေနဲ့မတူတဲ့ အဓိကအချက်က အဲ့ဒါပါပဲ။ ဗုဒ္ဓဘာသာဟာ ဆရာနဲ့ဒကာညီမျှမှသာ သာသနာတော်ရေရှည်တည်တံ့နိုင်ဖို့ ကောင်းစွာဖြစ်နိုင်သလို.. ဗုဒ္ဓရဲ့အဆုံးမ အစစ်မှန်တွေဟာလည်း အရှည်တည်တံ့အောင် ကျန်ရစ်နေမှာဖြစ်ပါတယ်။ ဆရာနဲ့ဒကာညီမျှဖို့အတွက် ရဟန်းသံဃာတွေဘက်မှလည်း ဘုရားအဆုံးမအတိုင်း ကျင့်ကြံနေထိုင်ကြဖို့လိုသလို.. လူပုဂ္ဂိုလ်တွေဘက်မှလည်း သာသနာတော်ကို သဒ္ဓါ၊ပညာညီမျှစွာဖြင့် ဆည်းကပ်ကိုးကွယ်တတ်ဖို့ဟာ အဓိကကျလှပါတယ်။


ဆရာတော်တစ်ပါး ဟောပြဆုံးမသလိုပါပဲ.. လူတွေဝိနည်းနားမလည်တော့ ၀ိနည်းကိုမလေးစားတဲ့ ရဟန်းသံဃာတွေ များလာရတယ်ဆိုတာပါပဲ။ ဒီစကားဟာ အင်မတန် ဂရုပြုသင့်ပါတယ်။ ဒီလိုပြောလိုက်တာဟာလည်း ရဟန်းသံဃာတွေကို စော်ကားလိုတဲ့ စိတ်မျိုးနဲ့ ပြောလိုတာ မဟုတ်ပါဘူး။ လူတွေဝိနည်းမသိတာဟာ ရဟန်းသံဃာတွေအတွက် အင်မတန် ဒုက္ခရောက်စေတဲ့ဆိုတဲ့အချက်ကို သိစေချင်လို့ပါပဲ။ ၀ိနည်းဆိုတာသာသနာရဲ့အသက်ပါ.. ဗုဒ္ဓရဲ့သာသနာကို နှစ်ပေါင်း(၂၅၀၀)ကျော်ထိ ရှည်ကြာလာအောင် ထိန်းသိမ်းစောင့်ရှောက်လာနိုင်ခဲ့တာဟာ ၀ိနည်းဆိုတဲ့ ဘုရားရှင်ရဲ့အဆုံးမတွေကို အသက်နဲ့ထပ်တူကျင့်သုံးလိုက်နာခဲ့တဲ့ ရဟန်းသံဃာတော်တွေရှိခဲ့တဲ့ အတွက်ကြောင့်ပါပဲ။ ဒါ့ကြောင့် ဆရာနဲ့ဒကာညီမျှရေးဟာ အဓိကကျတယ်ဆိုတဲ့အချက်ကို ဖော်ညွှန်းပြပေးတာပါပဲ။ အနာဂတ်သာသနာရေးစာအုပ်ထဲမှာလည်း မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးဟာ ၀ိနည်းကိုဘယ်လောက်ထိ တန်ဖိုးထားတယ်ဆိုတဲ့ အချက်တွေကိုလည်း ဖော်ပြထားပါတယ်။ ဆရာတော်ဘုရားကြီးဟာ ၀ိနည်းကို တန်ဖိုးထားတဲ့အတွက်ကြောင့်လည်း သာသနာတော် အောက်တန်းမကျခဲ့ပုံကို ဖော်ပြထားပါတယ်။ ဒီတော့ သာသနာတော် ရေရှည်တည်တံ့ဖို့အတွက် ဆရာကောင်းနဲ့ ဒကာကောင်းတွေများဖို့လိုသလို.. သာသနာတော်ရဲ့ အဓိကအသက်ဖြစ်တဲ့ ၀ိနည်းစည်းကမ်းကို ရဟန်းသံဃာတွေရော၊ လူပုဂ္ဂိုလ်တွေအနေနဲ့ပါ အမြတ်တနိုးတန်ဖိုးထားပြီး ကိုးကွယ်တတ်မှသာ အနာဂတ်ရဲ့သာသနာရေးဟာ ဖြောင့်ဖြူးနိုင်မှာဖြစ်ပါတယ်။


ဒီလိုမှမဟုတ်ရင်ဖြင့်.. လူတွေဝိနည်းနားမလည်တော့ တကယ့်ဝိနည်းနဲ့ညီတဲ့ရဟန်းသံဃာတွေကို ကြည်ညိုတတ်ရမှန်း မသိတဲ့အတွက်.. တကယ့်သာသာနာ့အကျိုး ပရိယတ် ပဋိပတ်ကို ဘုရားအဆုံးမနဲ့အညီကျင့်ကြံတဲ့ ရဟန်းသံဃာတွေကျတော့ ကြည်ညိုတတ်ရမှန်း မသိတော့ပါဘူး။ ဘုန်းကြီးဆိုရင် ကိုယ့်အပေါ်ကောင်းမှ၊ ကိုယ့်အပေါ်အရောတ၀င်ပြုမှ င့ါဘုန်းကြီးလို့ ထင်နေတတ်ကြတော့တာပါ။ ဒီတော့ဘုရားရဲ့အဆုံးမတွေကို အသက်နဲ့ထပ်တူကျင့်သုံးနေတဲ့ ရဟန်းသံဃာတွေကျတော့ သံဃာစစ်သံဃာမှန်လို့မထင်ကြတော့ပဲ.. ရဟန်းကပဲ လူပုဂ္ဂိုလ်လာရင် ခရီးဦးကြိုပြုရမလို ဖြစ်နေပါတော့တယ်။ ဒီလိုအဖြစ်မျိုးတွေဟာ သာသနာကွယ်ကြောင်းတွေပါပဲ။ အဓိကအနေဖြင့်.. လူပုဂ္ဂိုလ်တွေ ၀ိနည်းကိုနားလည်ရင် ၀ိနည်းကိုတန်ဖိုးထားတတ်ရင်.. ၀ိနည်းတော်အတိုင်း ကျင့်ကြံနေကြတဲ့ ရဟန်းသံဃာတွေအတွက်တော့ ရွှေပါပဲ။ ကြည်ညိုအောင်မနေတာကိုက ကြည်ညိုစရာကောင်းနေပါလိမ့်မယ်..။ ဒါမှလည်း သာသနာတော် အထက်တန်းရောက်မှာဖြစ်သလို လူပုဂ္ဂိုလ်တွေအနေဖြင့်လည်း သံဃာကိုဆည်းကပ်ရတဲ့ အကျိုးတရားထူးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်ဖြင့် ၀ိနည်းမလေးစားတဲ့ရဟန်းသံဃာတွေကြောင့် သာသနာတော်အောက်တန်းရောက်နိုင်သလို ၀ိနည်းမသိတဲ့ဒကာဒကာမတွေအတွက်လည်း ဘ၀သံသရာတစ်လျောက်လုံး အရှုံးကြီးရှုံးကြရတော့မှာပါ။ ဒါ့ကြောင့် ဆရာဒကာညီမျှဖို့အရေးဟာ ဗုဒ္ဓသာသနာအတွက် အသက်တမျှအရေးကြီးလှတဲ့ အဓိကအချက်ပါပဲ။


အနာဂတ်သာသနာတော် ရေရှည်တည်တံ့ဖို့အတွက် လူပုဂ္ဂိုလ်တွေအနေဖြင့် ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ ပါတ်သက်ပြီး ဗဟုသုတများစွာရှိဖို့လိုအပ်သလို.. သဒ္ဓါကိုပညာနဲ့ထိန်းကွပ်ပေးနိုင်ဖို့ဟာလည်း အဓိကကျပြန်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုက သဒ္ဓါအား တအားကောင်းကြပါတယ်။ ကိုယ့်မှာစားစရာသာမရှိရင်နေရမယ် လှူဖို့တန်းဖို့ဆို ရက်ရောပြီးသားပါပဲ။ ပညာမပါတဲ့အလှူမျိုးတွေကျတော့ ဒါနသာဖြစ်ပေမယ့် သာသနာအတွက် အကျိုးမများလှပါဘူး။ တကယ် သာသနာတော်ကို ကြည်ညိုကိုးကွယ်တတ်ချင်တယ်ဆိုရင် မိမိရဲ့သဒ္ဓါတရားကို ပညာနဲ့အမြဲထိန်းကွပ်ပေးဖို့ဟာ အဓိကအကျဆုံး အချက်ပါပဲ။ ပညာမပါတဲ့အတွက် မလှူသင့်တဲ့နေရာတွေမှာကျ ပြည့်လျှံလို့၊ တကယ်လိုနေ တကယ်မရှိတဲ့နေရာတွေကျတော့ စားစရာကိုမရှိတဲ့အနေထားမျိုးတွေထိ ဖြစ်နေကြရတာပါ။ ချဲဂဏန်းပေးတဲ့ဘုန်းကြီးကျောင်းကြတော့ တိုက်တွေကားတွေနဲ့.. တကယ့်ပရိယတ် ပဋိပတ်ကိုကျင့်ကြံအားထုတ်တဲ့ စာသင်သားရဟန်းတော်တွေနေတဲ့ ကျောင်းမျိုးကျတော့ ဆွမ်းကွမ်းကိစ္စတောင် အဆင်ပြေအောင် မနည်းလုပ်ဆောင်နေကြရတာပါ။ သာသနာတော်အတွက် ၀မ်းနည်းစရာပါပဲ။ အဲ့ဒါတွေရဲ့ အဓိကအချက်ကတော့ ပညာမပါတဲ့သဒ္ဓါတရားတွေကြောင့်ပါပဲ။ မိမိလုပ်လိုက်တဲ့အလုပ် မိမိလှူလိုက်တဲ့အလှူဟာ မိမိအကျိုး အများအကျိုး သာသနာ့အကျိုးကို ဘယ်လောက်ထိ အကျိုးများစေလဲဆိုတဲ့ ပညာပါတဲ့အလှူမျိုးဖြစ်ဖို့လိုသလို.. သံဃာစစ်သံဃာမှန်ကိုလည်း ထောက်ပံ့ကြည်ညိုတတ်ဖို့ လိုအပ်လှပါတယ်။ ဒီလိုမှမဟုတ်ရင်ဖြင့် တကယ့်ဝိနည်းအတိုင်းနေထိုင်ကျင့်ကြံကြတဲ့ ရဟန်းသံဃာတွေ လာဘ်လာဘဆုတ်ယုတ်ရင်ဖြင့် သာသနာတော်မှာ မပျော်ပိုက်နိုင်တော့ပဲ သံဃာစစ်သံဃာမှန်တွေ သာသနာ့ဘောင်မှာ မရှိနိုင်တော့သလို.. သာသနာစစ် သာသနာမှန်ဟာလည်း အနှေးနဲ့အမြန် ကွယ်ပျောက်သွားမှာပါ။ ဒါ့ကြောင့် သာသနာတော်ကို ဆည်းကပ်တဲ့လူပုဂ္ဂိုလ်တွေအနေဖြင့် ပညာပါတဲ့သဒ္ဓါမျိုးတွေရှိမှသာ သာသနာတော်ဟာ ထွန်းတောက်လာမှာဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအနေဖြင့် အဓိကသိရှိဖို့ လိုအပ်လှပါတယ်။


ဒီလို သိသင့်တဲ့အချက်တွေကို လိုက်ပြောမယ်ဆိုရင် ဘက်ပေါင်းစုံကကြည့်နိုင်လေလေ ပြောစရာတွေ များလေလေပါပဲ။ အဓိကကတော့ မိမိကိုယ်တိုင်က သာသနာတော်ကို တကယ်ကြည်ညိုလိုတဲ့ ဆန္ဒရှိဖို့ဟာ အဓိကကျလှပါတယ်။ တကယ်ကြည်ညိုတတ်ချင်ရင် ဆရာတော်ဘုရားတွေ ဟောပြဆုံးမတဲ့တရားတော်တွေကို ပညာဥာဏ်နဲ့စီစစ်ပြီး သေချာနားကြားကြဖို့လိုသလို.. တခြားဘက်မှာလည်း ဘာသာရေးနဲ့ဆိုင်တဲ့ စာအုပ်မျိုးတွေ ဖတ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ သာသနာတော်ရဲ့ လိုအပ်ချက်တွေ၊ ဘယ်လိုပြုပြင်သင့်လဲဆိုတဲ့အချက်တွေကို နားလည်သဘောပေါက်မှာဖြစ်ပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရေးသားတဲ့ အနာဂတ်သာသာနာရေးဆိုတဲ့ စာအုပ်ထဲမှာလည်း သာသနာတော်အတွက် ပြုပြင်သင့်တဲ့အချက်၊ လိုက်နာသင့်တဲ့အချက်တွေကို သေချာဖော်ပြထားပါတယ်။ ဒီအတိုင်းလိုက်နာမယ်ဆိုရင်ဖြင့် ဗုဒ္ဓရဲ့သာသနာဟာ နေလိုလလို ထွန်းတောက်လာမှာ မလွဲပါဘူး။ ဒီတော့ သာသနာတော်ကိုတကယ်ကြည်ညိုတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေဖြင့် ဒီလိုစာအုပ်မျိုးတွေကို များစွာဖတ်ပေးဖို့လိုသလို.. မိမိကိုယ်တိုင်ကလည်း ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်ဆင်ပေးဖို့လိုပါတယ်။ ဒါမှဟာ နောင်လာနောင်သားတွေအတွက် အမှားပြင်ပြီး အမှန်သိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်သိနားလည်တဲ့ ဗုဒ္ဓရဲ့အဆုံးမတွေကိုလည်း သူတစ်ပါးအားဖြန့်ဝေပေးခြင်းဖြင့် အနာဂတ်သာသနာရေးကို ဖြောင့်ဖြူးပေးအောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ဗုဒ္ဓရဲ့သာသနာတော်ကို တကယ်ကြည်ညိုသူများအတွက် အနာဂတ်သာသနာရေးစာအုပ်လေးကို လက်ဆင့်ကမ်းရင် ဓမ္မဒါနပြုလိုက်ပါတယ်။ စာအုပ်ထဲမှာပါရှိတဲ့အချက်တွေအတိုင်း လိုက်နာကျင့်ကြံခြင်းဖြင့် သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ များစွာပေါ်ထွက်နိုင်ကြပါစေ..။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP