* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, December 16, 2010

Nirodhasacca - နိရောဓသစ္စာ

Nirodha-Sacca -- Noble Truth of Suffering

Read more...

ဓမ္မ

ဒေါသ၊ ဣဿာ၊ အာဃာတ စသော ဖောက်ပြန်မှုများသည် ဟိန္ဒူလည်း မဟုတ်ပေ။ ဗုဒ္ဓဘာသာလည်း မဟုတ်ပေ။ ဂျိန်းလည်း မဟုတ်ပေ။ ဖာရဆီလည်း မဟုတ်ပေ။ မွတ်စလင်လည်း မဟုတ်ပေ။ ခရစ်ယာန်လည်း မဟုတ်ပေ။ ဓမ္မစစ် ဓမ္မမှန်သက်သက်သာဖြစ်သည်။

ဓမ္မသည် စံထားလောက်သည့် နေနည်း ထိုင်နည်း တစ်ခုဖြစ်သည်။ ချမ်းသာသုခရှိစွာဖြင့် နေသော မြင့်မြတ်သည့် နေနည်းထိုင်နည်းဖြစ်သည်။ ငြိမ်းချမ်းမှုရရှိစေသည့် ညစ်ကြေးကင်းစင်သော နိဿရည်းဖြစ်သည်။ အားလုံးကို ကောင်းကျိုးပေးတတ်သည့် ကျင့်ဝတ်ဥပဒေပေါင်းချုပ်ဖြစ်သည်။ ယင်းသည် အားလုံးအတွက်ဖြစ်သည်။

သီလနှင့်ပြည့်စုံခြင်း၊ သမာဓိနှင့်ပြည့်စုံခြင်း၊ ပညာနှင့်ပြည့်စုံခြင်းတို့သည် ဗုဒ္ဓဘာသာတို့၏ ဓမ္မသာဖြစ်ပါသလား။ တခြားပုဂ္ဂိုလ်များ၏ ဓမ္မမဖြစ်ရတော့ဘူးလား။ ရာဂကင်းခြင်း၊ ဒေါသကင်းခြင်း၊ မောဟကင်းခြင်းတို့သည် ဂျိန်းတို့၏ ဓမ္မသာဖြစ်ပါသလား။ တခြားပုဂ္ဂိုလ်တို့၏ ဓမ္မမဖြစ်ရတော့ဘူးလား။ မေတ္တာ၊ ကရုဏာစိတ်ဖြင့် လူ့အကျိုးဆောင်ရွက်သွားခြင်းသည် ခရစ်ယာန်တို့၏ ဓမ္မသာဖြစ်ပါသလား။ တခြားပုဂ္ဂိုလ်များ၏ ဓမ္မ မဖြစ်နိုင်ဘူးလား။ ဇာတ်ခွဲခြားမှု မထားဘဲ လူမှုရေးညီမျှမှုသည် မွတ်စလင်တို့၏ ဓမ္မဖြစ်ပါသလား။ တခြားပုဂ္ဂိုလ်တို့၏ ဓမ္မမဟုတ်နိုင်ဘူးလား။

ဓမ္မကိုကျင့်သုံးဆောက်တည်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ လူဖြစ်ရန်အတွက်ဖြစ်သည်။ လူတော်လူကောင်းဖြစ်ရန်အတွက် ဖြစ်သည်။ လူတော်လူကောင်းဖြစ်လာပါက ဟိန္ဒူကောင်း၊ ဗုဒ္ဓဘာသာကောင်း၊ ဂျိန်းကောင်း၊ မွတ်စလင်ကောင်း၊ ခရစ်ယာန်ကောင်းစသည်တို့ ဖြစ်လာမည်မှာ မလွဲပေ။ လူတော်လူကောင်းမဖြစ်ပါက ဗုဒ္ဓဘာသာ ဖြစ်နေ၍ကော ဘာလုပ်မှာနည်း။ ဟိန္ဒူ၊ ဂျိန်း၊ ခရစ်ယာန်၊ မွတ်စလင်ဖြစ်နေ၍ကော ဘာထူးမှာနည်း။

ဦးဂိုအင်ကာ

ဓမ္မ-ဘ၀တစ်လျှောက်နေသွားနည်း အတတ်ပညာ

Read more...

ုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ *ကိုယ့်ကိုပြန်စစ် အဖြေရှာ ဘယ်လိုဟာကို တွေ့မလဲ*

12/15/2010 တောသားလေး , Posted in , 0 Comments



ကျွန်တော် ဒီရက် မအားတာနဲ့ စာတွေကိုကောင်းကောင်း မတင်ဖြစ်သလို သူငယ်ချင်းများဆီကိုလည်း မရောက်ဖြစ်ပါဘူး။ ဒီပိုစ်လေးကိုလည်း ဆရာမဒေါက်တာမတင်ဝင်း ရေးတဲ့ “မေမေပြောတဲ့ ရှေးရှေးစကား” စာအုပ်ကို ဖတ်ရင်းနဲ့ စာအုပ်ထဲမှ ပုံပြင်လေးတစ်ပုဒ်ကို နှစ်သက်သဖြင့် ကောက်နုတ်ပြီး စာဖတ်သူ ဓမ္မမိတ်ဆွေများကို ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ပုံပြင်လေးက ကျွန်တော်တို့ အားလုံးအတွက် သင်ခန်းစာ ယူစရာတွေ အများကြီးပေးပါတယ်။
ပုံပြင်လေးက ဒီလိုပါခင်ဗျာ…..

တောထဲမှာ ပဒုမ္မာကြာပန်းတွေ အများကြီးပွင့်တဲ့ ရေကန်ကြီး တစ်ကန်ရှိပါတယ်။ အဲဒီရေကန်ကြီး အနီးအနားကို ရောက်လာကြတဲ့သူတိုင်းဟာ အလွန်လှပဝေဆာတဲ့ ကြာပန်းတွေကို မြင်တော့ လိုချင်ဇောကြီးကြီးနဲ့ ရေကန်ထဲကို ဆင်းပြီး ခူးကြ၊ချိုးကြ ပါတယ်။ မိန်းမရော ယောင်္ကျားရော လူငယ်ရော၊ လူကြီးပါ ၀မ်းမြောက်ဝမ်းသာ ကြာပန်းတွေ ခူးနေကြတာကို ခရီးလမ်းကဖြတ်သွားတဲ့ ရသေ့ကြီးတစ်ပါးက လှမ်းမြင်သောအခါ “ဟေ…အဆင့်သင့်လိုက်လေ၊ ငါ့မှာလည်း ဘုရားပန်းလိုနေတာနဲ့ အတော်ပဲကွယ့်” လို့ဆိုပြီး ရေကန်ထဲကို ဆင်းပြီး ဘုရားလှူဖို့ ပန်းချိုးပါတယ်။ တစ်ပွင့်၊ နှစ်ပွင့်၊ သုံးလေးပွင့် စသည်ဖြင့် ချိုးလာလိုက်တာ ငါးပွင့်လည်းရရော ရေကန်စောင့် နတ်သမီး ပေါ်လာပါတယ်။
နတ်သမီးက ရသေ့ကြီးကို “အသင်ရသေ့၊ အသင်ဟာ သူတော်ကောင်းယောင် ဆောင်နေတဲ့ ရသေ့ပဲ” လို့ ပြောတဲ့အခါမှာ ရသေ့ကြီးက “ဟဲ့…ဘာပြုလို့တုန်း” လို့ ပြန်မေးပါတယ်။ နတ်သမီးက “အသင်က ကြာပန်းတွေကို ခိုးနေတာကိုး” လို့ ပြောတော့ “ဟဲ့…ခိုးတယ်လို့ ပြောရအောင် ဒီကန်က ပိုင်ရှင်မှ မရှိဘဲပဲ” လို့ ပြန်ပြောသောအခါ ရေကန်စောင့် နတ်သမီးက “ဒီရေကန်မှာ ပိုင်ရှင်ရှိပါတယ်။ အဲဒီပိုင်ရှင်ကတော့ ကျွန်ုပ်ပါပဲ” လို့ ဆိုသတဲ့။ အဲဒီတော့လည်း ရသေ့ကြီးခမျာမှာ ခိုးထုတ်ခိုးထည်နဲ့ မိနေသလို ခပ်ကြောင်ကြောင် ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ ရသေ့ကြီးက ဘေးဘက်ကို လှမ်းကြည့်တော့ တခြားသူတွေ ကြာပန်းတွေ ချိုးနေတုန်းကို မြင်ပါတယ်။
အဲဒီလိုမြင်သောအခါ ရသေ့ကြီးက “ဟဲ့…နတ်သမီးရဲ့ နင်က ငါ့ကိုပဲ ပြောနေတယ်။ ဟောဟိုမှာ တခြားသူတွေ ပန်းတွေ လိုသလို ချိုးနေတာကိုတော့ မပြောဘူး” လို့ ဆိုပါတယ်။
နတ်သမီးက “သူတို့ကိုလည်း ကျွန်ုပ်မြင်ပါတယ်။ ဒါပေမယ့် သူတို့ကိုတော့ ဘာမှမပြောတော့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ရဲ့ အကျင့်သီလက လက်နှီးစုတ်လို ဖြစ်နေပြီ၊ ညစ်ပေစွန်းထင်းထားတာ များလွန်းတော့ သူတို့အဖို့ နောက်ထပ်မကောင်းမှု ပြုရင်လည်း ထပ်ပြီး ညစ်ပေစရာ မလိုတော့ပါဘူး။ အသင်ရသေ့ကြီးကတော့ အ၀တ်ဖြူစလို သန့်ရှင်းတဲ့ သီလရှိပါပေတယ်။ အဲဒါကြောင့် ကျွန်ုပ်က သတိပေးရတာပါ” လို့ ပြောပြီး နတ်သမီး ကွယ်သွားပါတယ်။
အထက်ဖော်ပြပါ ပုံပြင်လေးက ကျွန်တော်တို့ အားလုံးအတွက် သင်ခန်းစာတွေ၊ အတွေးလေးတွေ အများကြီး ၀င်လာပါတယ်။ ကျွန်တော်တို့တွေရော လက်နှီးစုတ်တွေလား ဖြူစင်တဲ့ အ၀တ်ဖြူစတွေလားလို့ ကိုယ်ကိုကိုယ် ပြန်ပြီးသုံးသပ် သင့်လာပါတယ်။ ကိုယ်ကိုတိုင် လက်နှီးစုတ်ဖြစ်နေရင်လည်း အခုချိန်မှာ သိပြီး ဖြူစင်သန့်ရှင်းသွားအောင် လျှော်ဖွတ် လိုက်သင့်ပါတယ်။ အထက်ပုံပြင်ထဲက ရသေ့ကြီးကို ပြောသလို ဖြူစင်သန့်ရှင်းနေတဲ့ အ၀တ်ဖြူစလေးလို ဖြစ်နေရင်လည်း အဲဒီဖြူစင်နေတဲ့ အရောင်လေးကို မည်းညစ်ပြီး လက်နှီးစုတ်လို ဖြစ်မသွားအောင် ဆက်လက်ကြိုးစား အားထုတ်သင့်ပါတယ်။ လက်နှီးစုတ်ကိုလည်း ဒါက လက်နှီးစုတ်ကြီးဆိုပြီး မလျှော်ဖွတ်ဘဲ ပစ်ပယ်ထားလိုက်ရင် ကြာရင် လုံးဝသုံးမရတဲ့ အခြေအနေ ရောက်သွားပြီး စွန့်ပစ်လိုက်ရမှာဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖြူစင်တဲ့ အကျင့်သီလ ပိုင်ရှင်များကလည်း လက်နှီးစုတ်ကို ဖြူစင်လာအောင် လျှော်ဖွတ်ပေးပြီး ကိုယ်ရဲ့ ဖြူစင်တဲ့ အ၀တ်ဖြူစလေးကို မညစ်နွမ်းသွားအောင် ကြိုးစားသင့်ပါတယ်။
မည်းညစ်နေတဲ့ လက်နှီးစုတ်ကလည်း ဘယ်တော့မှ ဖြူလာမှာ မဟုတ်ဘူးဆိုပြီး ဆက်လက်ပြီးတော့ ညစ်နွမ်းမနေသင့်ပါဘူး။ အမှားဆိုတာရှိရင် အဲဒီအမှားကို ပြင်နိုင်တဲ့ အမှန်ဆိုတဲ့ အဖြေဆိုတာရှိပါတယ်။ ဒါကြောင့် အားလုံးဘဲ အကျင့်သီလ ဖြူစင်သော အ၀တ်ဖြူစလေးလို ဖြစ်အောင်ကြိုးစားအားထုတ်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

တောသားလေး

Read more...

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၁၅-ဒီဇင်ဘာ-၂၀၁၀)

Preparing formwork for Building Two on 15-December-2010.





0 comments

Read more...

ဗုဒ္ဓဘာသာ (၁)


ကမ္ဘာပေါ်မှာ ကိုးကွယ်ရာဘာသာပေါင်းမြောက်များစွာရှိပေမဲ့
ကြီးကျယ်တဲ့ဘာသာကြီး လူသိများတဲ့ဘာသာကြီးအနေအားဖြင့်
လေးမျိုးသာရှိကြောင်း တညီတညွတ်တည်း လက်ခံထားကြပါတယ်။

ဒီဘာသာကြီးလေးမျိုးမှာလဲ
ဘာသာကိုတည်ထောင်သူနဲ့ ဘာသာရေးအဆုံးအမ (တရား) ကို
(၁) စူးစမ်းဝေဘန်သုံးသပ်ပြီးမှ လက်ခံယုံကြည်ရသောဘာသာနဲ့
(၂) စူးစမ်းဝေဘန်ပိုင်ခွင့်မရှိဘဲ လက်ခံယုံကြည်ရသောဘာသာလို့
နှစ်မျိုးရှိပါတယ်။
ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။

ဒီဘာသာကြီးတွေကို နောက်တစ်မျိုးပြောကြည့်ရအောင်။

ဒီဘာသာကြီးလေးမျိုးမှာ
(၁) ကိုယ့်ကိုယ်ကို မှီခိုအားကိုးရသောဘာသာနဲ့
(၂) သူများကို မှီခိုအားကိုးရသောဘာသာလို့
နှစ်မျိုးရှိပါတယ်။
ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။

ဗုဒ္ဓဘာသာမှာ
ဗုဒ္ဓဘာသာကို တည်ထောင်တဲ့ ဘုရားရှင်ကိုရော၊
ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုရော
စူးစမ်းလေ့လာခွင့် (Right to study, Right to survey)နဲ့
သံသယရှိခွင့် (Right to Doubt) အပြည့်ရှိပါတယ်။

ဗုဒ္ဓစာပေတရားတော်ရဲ့ထူးခြားချက်တွေထဲမှာ
ဧဟိပဿိက (လာကြည့်ပါ) ဆိုတဲ့စကားလုံးပါပါတယ်။
ဗုဒ္ဓဘာသာအရေးနဲ့ ပတ်သက်လို့ လာကြည့်နိုင်ပါတယ်၊
လေ့လာနိုင်ပါတယ်လို့ ဖိတ်ခေါ်တဲ့သဘောပါ။

လာပါ၊ ယုံကြည်လက်ခံပါ လို့ ဗုဒ္ဓဘာသာစာပေက မဆိုပါဘူး။
ဘာမသိ ညာမသိတဲ့ အကန်းယုံ ယုံကြည်မှုမျိုးကို ဗုဒ္ဓဘာသာက လက်မခံပါဘူး။
အကြောင်းအကျိုးမရှိတဲ့ အရမ်းယုံ ယုံကြည်မှုမျိုးကို ဗုဒ္ဓဘာသာက လက်မခံပါဘူး။

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင် ဆိုသူတွေရော၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေပါ
ဗုဒ္ဓဘာသာကို စူးစမ်းပါ၊ လေ့လာပါ၊ ကျင့်ပါ၊ ကြံပါ၊
သဘောကျမှ လက်ခံပါ။

ဒါနဲ့ပတ်သက်လို့ ညွှန်းနေကျသုတ်တစ်သုတ်ဖြစ်တဲ့
ဘုရားရှင် ဟောတော်မူခဲ့တဲ့ ကေသမုတ္တသုတ်ကို ဖတ်ခိုင်းပါရစေ။

ကေသမုတ္တိသုတ်ဆိုတာက ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာဝင်တွေကို
အရောင်တောက်စေတဲ့ သုတ်တစ်သုတ်ဖြစ်ပါတယ်။

ဘာသာရေးဆိုင်ရာ သမိုင်းတစ်လျှောက်တွင် ထူးထူးရှားရှား ပြိုင်ဘက်ကင်းသည့်
မြတ်စွာဘုရား၏ သြ၀ါဒစကား ဖြစ်ခဲ့ပါတယ်။

အခြားအခြားသော ဘာသာတို့နှင့် နှိုင်းယှဉ်လေ့လာရာတွင်
ဒီကေသမုတ္တိသုတ်ကြောင့်
ဗုဒ္ဓဘာသာအတွက်
ဗုဒ္ဓဘာသာဝင်တို့ ခေါင်းမော့နိုင်ခဲ့ပါတယ်။

ကေသမုတ္တိသုတ်လာ မြတ်စွာဘုရားရဲ့
ကိုးကွယ်ယုံကြည်မှုအပေါ်
သဘောထားအမြင်များဟာ
ဘာသာရေးသုတေသီတို့ လက်ဖျားခါရလောက်အောင် ကောင်းခဲ့ပါတယ်။

Freedom of Religion လို့ ခုခေတ်အော်အော်နေ့တဲ့
ဘာသာရေးယုံကြည်ချက် လွတ်လပ်မှုကို
လွန်ခဲ့သော ဟိုး နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက
မြတ်စွာဘုရားက အပြည့်အ၀ ပေးထားခဲ့ပြီးပြီ။

ပိဋက စာလုံးနဲ့စပ်တဲ့ မာ ပိဋကသမ္ပဒါနေန
(ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။)
လို့ ပါတဲ့ ကေသမုတ္တိသုတ်ကို
မြန်မာလိုရော အင်္ဂလိပ်လိုပါ အကျဉ်းဖော်ပြပေးလိုက်သည်။

ကေသမုတ္တိသုတ်
အခါတစ်ပါး၌ ကောသလပြည် ကေသပုတ္တိမြို့ငယ် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဤမြို့နေလူအပေါင်းကို ကာလာမအမျိုးအနွယ်များဟု ခေါ်တွင်ကြလေသည်။
၎င်းတို့မြို့သို့ ဗုဒ္ဓရောက်ရှိလာကြောင်း ကြားသောအခါ
ကာလာမအမျိုးသားတို့သည်
ဗုဒ္ဓထံသို့ ဆည်းကပ်၍ ဤသို့လျှောက်ထားကြကုန်၏။

အရှင်ဘုရား၊ ကေသမုတ္တိသို့ ရဟန်းပုဏ္ဏားအချို့တို့ ရောက်ရှိလာကြပါသည်။
သူတို့သည် သူတို့၏ အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။
သူတပါး၏ အယူဝါဒများကို မထီလေးစား ပြုကြပါသည်။
ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။

ထို့နောက် အခြားက ရသေ့ပုဏ္ဏားတို့ ရောက်လာကြပြန်ပါသည်။
သူတို့ကလည်း သူတို့၏အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။
အခြားသူများ၏ အယူဝါဒများကို မထီလေးစားပြုကြပါသည်။
ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။

ဘုရားတပည့်တော်တို့မှာ ကြည်ညိုလေးမြတ်ဖွယ်သော ဤရသေ့ပုဏ္ဏားများတွင်
မည်သူက အမှန်စကားပြော၍
မည်သူက မမှန်တရားဟောသွားကြသည်ကို
မဝေခွဲနိုင်အောင် အစဉ်စိတ်ရှုတ်ပွေကာ
သံသယဖြင့် တွေဝေလျက် ရှိကြရပါသည်ဘုရား။

ဟုတ်ပေသည် ကာလာမအမျိုးသားတို့၊
ယုံမှားဖွယ်ရာကိစ္စတွင် သံသယဖြစ်ပေါ်လာသောကြောင့်
သင်တို့သည် ယုံမှားသံသယရှိသင့်ကြပေသည်။
စိတ်ရှုတ်ပွေခြင်း ဖြစ်သင့်ကြပေသသည်။
ယခု ရှုကြပေလော့ ကာလာမအမျိုးသားတို့။
သတင်းစကားကို ကြားရုံမျှဖြင့် နားမယောင်နှင့်။
အစဉ်အလာဖြစ်ပေသည်ဟူ၍လည်း လက်မခံနှင့်။
လူပြော သူပြော တစ်ဆင့်စကားကိုလည်း မယုံလေနှင့်။
ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။
တက္ကနည်းနှင့် ဆင်ခြင်ကြံဆ ယူရုံမျှကိုလည်း နားမယောင်လေနှင့်။
ပုံပန်းအမြင် သဏ္ဌာန်ကြည့်၍လည်း မဆုံးဖြတ်နှင့်။
ရော်ရမ်းမှန်းဆ ယူရသောသဘော ထင်မြင်ချက်ကိုလည်း အမှန်ဟု မမှတ်ယူနှင့်။
ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရုံဖြင့်လည်း မယုံကြည်ပါလေနှင့်။
အသင်တို့ ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်ပေသည်ဟူသော သဘောကြောင့်လည်း
မှန်လှပြီဟု တထစ်ချ မမှတ်ကြကုန်ရာ။

အို ကာလာမနွယ်ဖွား အမျိုးသားတို့။
အချို့သောအကြောင်းတရားသည်
အကုသိုလ်ဖြစ်သည်၊
မမှန်ကန်၊
မကောင်းကျိုးကို ဖြစ်စေသည်ဟု
သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။
ထိုအကြောင်းတရားများကို စွန့်ပယ်ကြကုန်လော့။

အချို့အကြောင်းတရားများမှာမူ
ကုသိုလ်ဖြစ်သည်၊
မှန်ကန်သည်၊
ကောင်းကျိုးကို ဖြစ်စေသည်ဟု
အသင်တို့ကိုယ်တိုင် ကိုယ်ကျသိ၏။
ထိုအကြောင်းတရားများကို နှစ်သက်စွာလက်ခံ၍
လိုက်နာ ကျင့်ကြံကြပေတော့။

Kesamutti Sutta
Do not believe what you hear just
because you have heard it for a long time.

Do not follow tradition blindly merely
because it has been practiced in that way for many generations.

Do not be quick to listen to rumours.

Do not confirm anything just
Because it agrees with your scriptures.

Do not foolishly make assumptions.

Do not abruptly draw conclusions
by what you see and hear.

Do not be fooled by outward appearances.

Do not hold on tightly to any view or idea just
because you are comfortable with it.

Do not accept as fact anything that
you yourself find to be logical.

Do not be convinced of anything out of respect and deference
to your spiritual teachers.

You should go beyond opinion and belief.
You can rightly reject anything which when accepted, practiced and perfected leads to more aversion, more craving and more delusion. They are not beneficial and are to be avoided.

Conversely, you can rightly accept anything which when accepted and practiced leads to unconditional love, contentment and wisdom. These things allow you time and space to develop a happy and peaceful mind.

This should be your criteria on what is and what is not the truth; on what should be and what should not be the spiritual practice.

ရည်ညွှန်း။
အံ ၁၊ ၁၈၉
ဦးဟုတ်စိန် ပါဠိ မြန်မာအဘိဓာန်
ဦးကိုလေး၊ မြတ်ဗုဒ္ဓဒေသနာ
photo: googlesearch


Read more...

အာနာပါနသတိ (ထွက်လေ+၀င်လေရှုမှတ်ပုံ)








နိဒါန်း စကား-
ဤကမ္ဘာလောကတွင် ဂင်္ဂါဝါဠုသဲစုမက မရေတွက်နိုင်သော ဘုရားရှင်တို့ ပွင့်ပေါ်ခဲ့ကြပါသည်၊၊ ပွင့် တော်မူပြီးသော ဘုရားအဆူဆူတို့သည် အာနာပါနသတိခေါ် ထွက်လေ+၀င်လေကိုသတိကပ် ရှုမှတ်ခြင်းဖြင့် ဘုရားဖြစ်တော်မူရကြောင်း ပါဠိတော်များစွာတို့တွင် ဖော်ပြထားပါသည်၊၊ ဤသို့လျင် အာနာ ပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ခြင်းသည် ဘုရားအဖြစ်သို့ ရောက်စေတတ်သောနည်းဖြစ် သည်ဟု ဆိုရာရောက်ပါသည်၊၊

မှန်ပါသည်၊၊ သတိပဋ္ဌာန်လေးပါးတွင် ကာယာနုပဿနာသတိပဋ္ဌာန်၌ ပါဝင်သော အာနာပါန သတိ= ထွက်လေ+၀င်လေကို သတိကပ် ရှုမှတ်မှုသည် ဘုရားအဖြစ်နှင့် နိဗ္ဗာန်သို့ရောက်စေရန် တစ်ခုတည်းသော လမ်းစဉ်ဖြစ်သည်ဟု မဟာသတိပဋ္ဌာနသုတ်တွင် မြတ်စွာဘုရားရှင် ဟောတော်မူပါသည်၊၊
“မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထရှင်ရသေ့သည် မဟာဗောဓိပင်အခြေ၌ ထိုင်တော်မူလျှက် အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်တော်မူပါသည်၊ ဘုရားအဖြစ်သို့မရောက်မခြင်း မထတော့ဟုလည်း ဓိဌာန်တော်မူပါသည်၊ ဘုရားအလောင်းတော်သည် အာနာပါနသတိ=ထွက်လေ+ ၀င်လေကို ရှုမှတ်တော်မူရင်း သမာဓိအဆင့်ဆင့် ဉာဏ်စဉ်အဆင့်ဆင့်တို့ ဖြစ်ပေါ်လာပြီး၊ ဈာန်လေးပါး၊ ဉာဏ်လေးပါးတို့ကို ရရှိတော်မူပြီး၊ အာရုဏ်တက်အချိန်တွင် သဗ္ဗေညုတာအစစ် ဘုရားအဖြစ်သို့ ရောက်တော် မူပါသည်၊၊”

ဤဖော်ပြချက်တွင် သိဒ္ဓတ္ထရသေ့ ဘုရားအလောင်းတော်သည် အာနာပါနသတိ=ထွက်လေ+၀င်လေ ကို သတိကပ်ရှုမှတ်သဖြင့် ဘုရားအဖြစ်သို့ရောက်ရသည်ကို စာဖတ်သူ သိရှိရမည် ဖြစ်သည်၊၊ အာနာ ပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ခြင်းသည် မျက်မှောက်ဘ၀အတွက် ကျန်းမာရေးကောင်းခြင်း၊ စိတ်တည်ငြိမ်ခြင်း၊ သတိကောင်းခြင်း၊ ကိုယ်ခန္ဓာပေါ့ပါးခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်မှု ရခြင်း၊ ချစ်ခင်သူပေါများခြင်း၊ မျက်နှာအသွင် ရွှင်ပြခြင်း၊ စသော အကျိုးတရားများကို ရရှိစေနိုင်ပါ သည်၊၊
အနာဂတ်ဘ၀တွင်လည်း ဆိုးဝါးလွန်းသည့် ဘ၀များသို့ မကျရောက်ရဘဲ၊ သုဂတိဘ၀၊ အဆင့် အတန်းရှိသော ဘ၀များတွင် ဖြစ်ရပါသည်၊၊ ထိုမျှမက အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ခြင်းသည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်များနှင့် နိဗ္ဗာန်ကိုရစေတတ်သော အကျင့်လည်း ဖြစ်ပါသည်၊၊ ပါရ မီပြည့်ဝနေသူဖြစ်ပါက ယ္ခုဘ၀တွင်ပင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်နှင့် ရဟန္တာဖြစ်စေသော အကျင့်လည်း ဖြစ်ပါသည်၊၊ ဘုရားဆုပန်ထားသူများအတွက်မူ အာနာပါနသတိကို သတိကပ်ရှုမှတ် ပွားများခြင်းဖြင့် ဘုရားအဖြစ်သို့ ရောက်စေသောကျင့်စဉ်၊ လမ်းစဉ်ဖြစ်ပါသည်၊၊

ဤအကျိုးကျေးဇူးများကို လေ့လာသိရှိရသဖြင့် တရားစခန်းများသို့ မ၀င်နိုင်သူများ၊ ကျင့်ကြံလိုသူများ အတွက် အကျိုး များသော အာနာပါနသတိ=ထွက်လေ+၀င်လေရှုမှတ်ပုံကို ပါဠိတော် အဋ္ဌကထာ ကျမ်းစာအသီးသီးတို့မှ လေ့လာစုစည်းလျှက် တင်ပြလိုက်ရပါသည်၊၊ အလုပ်ကိစ္စများသဖြင့် ရိပ်သာ များတွင် ၀င်ရောက်နည်းခံပြီး ကမ္မဌာန်းနည်းပြဆရာများဖြင့် နည်းယူခွင့်မရကြသော သူများအတွက် ဤစာတမ်းငယ်တွင် အာနာပါနသတိ=ထွက်လေ+၀င်လေရှုမှတ်အားထုတ်နည်းကို အခြေခံမှစတင်ပြီး တင်ပြထားပါသည်၊၊ အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ် ပွားများ၊ ကျင့်ကြံအားထုတ်ပြီး ဘ၀အလင်းရသူများ ဖြစ်ကြပါစေ……
------------------------------------------------------------------------

သီလဆောက်တည်-
အာနာပါနသတိ=ထွက်လေ+၀င်လေကို စတင်ရှုမှတ်မည့်သူသည် ပထမဆုံး ငါးပါးသီလဆောက် တည်ရပါသည်၊၊ သီလဆောက်တည်သည်မှာ အစဉ်အလာအရ ဖြစ်သည်၊ ပါဠိတော်တွင် ညွှန်ထားခြင်း မရှိပါ၊၊ ပါဠိတော်မူရင်းတွင် တရားရှုမှတ်ရန်သင့်တော်သည့်နေရာ အရပ်(၃)မျိုးကို ညွှန်ကြားထားပါသည်၊ နေရာမျိုးမှာ---
(၁) တော အရပ်
(၂) သစ်ပင်ရင်း အရပ်
(၃) ဆိပ်ငြိမ်သည့် အရပ်၊ တို့ဖြစ်ပါသည်၊၊
ဤနေရာသုံးမျိုးမှာ အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ရန်သင့်တော်သည့် နေရာဒေသ များအဖြစ် မြတ်စွာဘုရားရှင်ကိုယ်တိုင် ညွှန်ကြားထားပါသည်၊၊

ထိုင်သည့်ပုံစံ-
အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ရန်ထိုင်သည့်အခါ အမျိုးသားဖြစ်လျင် တင်ပလ္လင်ခွေ၍ ထိုင်ရပါမည်၊ ထိုင်သည့်အခါ မိမိကိုယ်နှင့် ဦးခေါင်းကို တည့်မတ်အောင်ထားရမည် ဖြစ်ပါသည်၊၊ လက်ဝါးနှစ်ဘက်ကို တင်ပလ္လင်ခွေအလယ်တည့်တည်၌တင်ပြီး၊ ဘယ်ဖက်ဖ၀ါးပေါ်တွင် ညာဘက် လက်ဖ၀ါးကိုထပ်လျှက်၊ ပက်လက်လှန်တင်ထားရပါမည်၊ မျက်စေ့ကို ညင်သာစွာမှိတ်ပြီး စိတ်ကို နှာသီးဖျား၌ထားရပါမည်၊၊

ထိုသို့စိတ်ကို နှာသီးအ၀၌ ထားသောအခါ အသက်ရှူသည့်အခါနှင့် အသက်ရှူထုတ်လိုက်သည့်အခါတွင် နှာသီးအ၀မှလေဖြတ်သွားသည်ကို သိလိုက်ရမည် ဖြစ်ပါသည်၊၊ ဤသို့သိလိုက်ရလျင် နှာသီးအ ၀မှလေထွက်လာလျင် ထွက်သည်ဟုမှတ်ရပါမည်၊ အသက်ရှူသွင်းသဖြင့် နှာသီးဝမှလေ၀င်လာလျင် ၀င်သည်ဟု မှတ်ပါမည်၊၊ အစပိုင်းတွင် အလေ့အကျင့်မရသဖြင့် အနည်းငယ်မှတ်ရခက်သော်လည်း နာရီအတန်ကြာမျှ လေ့ကျင့်မိသွားသောအခါ မှတ်ရသည်မှာ ပို၍လွယ်ကူလာမည် ဖြစ်ပါသည်၊၊ မိန်းကလေးဖြစ်လျင် အမျိုးသားများကဲ့သို့ တင်ပလ္လင်ခွေ၍ဖြစ်စေ၊ အမျိုးသမီးထိုင်နည်းဖြင့် ဖြစ်စေ ထိုင်ရပါမည်၊ ကျန်သည့်ထိုင်ပုံနှင့် ရှုမှတ်နည်းမှာ အမျိုးသားများနှင့် နည်းတူဖြစ်ပါသည်၊၊

ထွက်လေ+၀င်လေမှတ်ပုံ-
အသေးစိတ် တင်ပြပါမည်၊ ထွက်သက်+၀င်သက်ရှုရာတွင် ပိဋကတ်စာပေများ၌ ဆိတ်ငြိမ်ရာအရပ်၌ သွားပြီးရှုမှတ်ရမည်ဟူ၍၄င်း၊ ကိုယ်ကိုဖြောင့်မတ်စွာ ထားရမည်ဟူ၍၄င်း၊ ဖော်ပြထားခြင်းများ ရှိပါသည်၊၊ ထိုသို့ဖော်ပြထားခြင်းမှာ အာနာပါန(ခေါ်) ထွက်သက်+၀င်သက်ကို ရှုရာ၌အသင့်တော်ဆုံးကို ဖော်ပြထားခြင်းမျှ ဖြစ်ပါသည်၊၊ ထို့ကြောင့် အာနာပါန (ခေါ်) ထွက်လေ+၀င်လေကိုရှုမှတ်ရာ၌ အခြေအနေအရ ကြုံသလိုရှုမှတ်နိုင်ပါသည်၊၊ ထွက်သက်+၀င်သက်ရှုရာတွင် သတိမှတ်နည်း (၈)နည်း ရှိပါသည်၊၊ ထိုရှစ်နည်းတွင် မိမိတို့နှင့်သင့်လျော်သည့်နည်းကို အသုံးပြုပြီး ရှုမှတ်နိုင်ပါသည်၊၊ အစဆုံး တရားအားထုပ်သည့် ယောဂီအတွက် အသင့်တော်ဆုံး(၃)နည်းရှိပါသည်၊၊ ထိုသုံးနည်းမှာ---
(၁) ရေတွက်၍ မှတ်နည်း(ဂဏနာ)
(၂) မရေတွက်ဘဲ မှတ်နည်း(အနုဗန္ဒနာ)
(၃) ထိသိနည်း(ဖုသနာ)၊ တို့ဖြစ်သည်၊၊
-------------------------------------------------------------------

(၁) ရေတွက်၍ မှတ်နည်း-
ရေတွက်၍မှတ်နည်းသည် ငါးမျိုးရှိပါသည်-
(၁) တစ်မှ ငါးအထိရေတွက်နည်း၊
(၂) တစ်မှ ခြောက်အထိရေတွက်နည်း၊
(၃) တစ်မှ ခုနှစ်အထိရေတွက်နည်း၊
(၄) တစ်မှ ရှစ်အထိရေတွက်နည်း၊
(၅) တစ်မှ ကိုးအထိရေတွက်နည်း၊
(၆) တစ်မှ တဆယ်အထိရေတွက်နည်း၊ တို့ဖြစ်ပါသည်၊၊

ရေတွက်၍ရှုမှတ်နည်းဟူသည်မှာ အသက်ရှူသည်ကို တစ် နှစ် သုံးစသည်ဖြင့် ရေတွက်၍ မှတ်နည်း ကိုခေါ်ပါသည်၊၊ ရေတွက်၍မှတ်နည်းသည် ပုတီးစိတ်သည်နှင့်ဆင်ဆင်မျှ တူပါသည်၊၊ မိမိတို့အသက်ရှု သောအခါ ၀င်သက်ကိုလည်း ရှူရသည်၊ ထွက်သက်ကိုလည်း ရှူရသည်၊၊ ထိုဝင်သက်+ထွက်သက် နှစ်မျိုးတွင် ထင်ရှားရာကစ၍ မှတ်ရပါသည်၊၊ မှတ်သည့်အခါ ထွက်သက်ကစ၍မှတ်လျင် လေထွက် သည်ကို (တစ်)ဟုရေတွက်၍ မှတ်ရပါသည်၊၊ လေ၀င်သည်ကို (နှစ်)ဟု မှတ်ရပါသည်၊၊ ဤနည်းဖြင့် (ငါး)အထိ မှတ်ရပါသည်၊၊ ငါးအထိ ပြည့်သောအခါ တစ်မှစ၍ ပြန်လည်ရေတွက်ရမည် ဖြစ်ပါသည်၊၊

အသက်ရှူထုတ်သည်နှင့် အသက်ရှူသွင်းသည်ကို တစ် နှစ် သုံးဟု ရေတွက်နေခြင်းပင် ဖြစ်ပါသည်၊၊ ဤနည်း၏ အဓိကရည်ရွယ်ချက်မှာ သတိကိုထူထောင်ရန် ဖြစ်ပါသည်၊၊ ရှုမှတ်ရန်လည်း အလွန်လွယ် ကူပါသည်၊၊ အမှတ်သတိခိုင်မာလာသည်အထိ ရေတွက်၍ မှတ်နည်းကို ရှုမှတ်ရပါသည်၊၊ ခုနှစ်ရက် အဓိဌာန်ဖြင့် ရှုမှတ်သူဖြစ်လျင် နှစ်ရက်ခန့်ဤနည်းကို ရှုမှတ်သင့်ပါသည်၊၊ ဤနည်းဖြင့် သတိကောင်း လာပြီဆိုလျင် ယောဂီအနေဖြင့် မရေတွက်ဘဲမှတ်သည့်နည်း=အနုဗန္ဒနာကို အသုံးပြုရမည် ဖြစ်ပါ သည်၊၊ ဤနည်းကို နာရီအတန်ကြာသည်အထိ မှတ်လျင် သတိအားကောင်းလာမည် ဖြစ်ပါသည်၊ စိတ် ပြန့်လွင့်မှုလည်း နည်းလာမည် ဖြစ်ပါသည်၊၊

(၂) မရေတွက်ဘဲ မှတ်နည်း-
အထက်ပါနည်းဖြင့်မှတ်၍ စိတ်မပြန့်လွင့်တော့သော ယောဂီသည် မရေတွက်ဘဲမှတ်သည့်နည်းကို ဆက်လက်၍ ရှုမှတ်ရမည် ဖြစ်ပါသည်၊၊ မရေတွက်ဘဲမှတ်နည်းဆိုသည်မှာ ထွက်သက်လေ+၀င်သက်လေကို နှာသီးဖျားမှစောင့်၍ နှာသီးဝမှလေထွက်လျင် ထွက်သည်ဟု မှတ်ရပါသည်၊ ၀င်လျင် ၀င်သည်ဟု မှတ်ရပါမည်၊ တစ် နှစ်စသည် မရေတွက်ရပါ၊၊ ထွက်လေ+၀င်လေကို သီးသန့်မှတ်ခြင်း ဖြစ်ပါသည်၊၊

(၃)ထိ သိ မှတ်နည်း
ထိသိနည်းဟူသည်မှာ ထွက်လေ+၀င်လေတို့ ထွက်တိုင်း သိ၊ ၀င်လာတိုင်း သိဖြစ်အောင်မှတ်နည်း ဖြစ်ပါသည်၊၊ ဤမှတ်နည်းတွင် ထွက်လေ+၀င်လေ+အသိဟု အစိတ်အပိုင်းသုံးမျိုးကို တွေ့ရမည် ဖြစ်ပါသည်၊၊ ထွက်သက်+၀င်သက်ကို မှတ်သောအခါ အဆင့်သုံးမျိုးရှိပါသည်၊၊ အဆင့်သုံးမျိုးမှာ---
(၁) နှာသီးဖျား၌ လေတိုးထိမှုသဘော၊
(၂) ထွက်သက်၊
(၃) ၀င်သက်တို့ ဖြစ်ပါသည်၊၊ သုံးဆင့်လုံးကို သိရပါမည်၊၊

ဥပမာအားဖြင့် တံခါးစောင့်သည် တံခါးဝ၌ရပ်နေရင်း တံခါးမှဝင်လာသူ၊ ထွက်သွားသူ၊ တံခါးမှဖြတ် သန်းသွားလာနေပုံကို သိသကဲ့သို့ ဖြစ်ပါသည်၊၊ တံခါးစောင့်သည် ဤသုံးမျိုးလုံးကို တပြိုင်နက်သိခြင်း ဖြစ်ပါသည်၊၊ ထွက်သက်လေ+၀င်သက်လေကို မှတ်သောအခါတွင်လည်း ထွက်သက်လေ ထွက်သွားပုံ၊ ၀င်သက်လေ ၀င်လာပုံ၊ ထိုလေကလေး နှာသီးဝမှဖြတ်သန်းသွားပုံကို တပြိုင်နက်သိရမည် ဖြစ်ပါသည်၊၊ သုံးမျိုးခွဲခြားပြီးသိလျင် အာနာပါနသတိဘာဝနာ ပြည့်စုံသည်ဟု ဆိုပါသည်၊၊

အာနာပါန(ခေါ်) ထွက်သက်+၀င်သက်ရှုမှတ်ရာတွင် နည်းပေါင်း(၁၆)နည်းရှိပါသည်၊၊ အာနာပါန သုတ္တန်များတွင် ဤနည်းများကိုမြတ်စွာဘုရားရှင် ညွန်ကြားထားပါသည်၊၊ မဇ္ဈိမနိကာယ်၊ သတိပဋ္ဌာန သုတ္တန်တွင် ပထမလေးနည်းကိုသာ အဓိကထား၍ဟောပါသည်၊၊ ကျင့်နည်းများကိုလည်း ပထမလေး နည်းတွင်သာ ဖော်ပြထားပါသည်၊ ကျန်နည်းများအတွက် သီးခြားမဟောပါ၊ ပထမလေးနည်းကိုနည်း မှီ၍ သိရန်ဖြစ်ပါသည်၊၊ နည်းပေါင်း(၁၆)နည်းမှာ---
(၁) ပထမစတုက္က(၄)နည်း
(၂) ဒုတိယစတုက္က(၄)နည်း
(၃) တတိယစတုက္က(၄)နည်း
(၄) စတုတ္ထစတုက္က(၄)နည်း၊ တို့ဖြစ်ပါသည်၊၊

အာနာပါန(ခေါ်)ထွက်သက်+၀င်သက်ရှုနည်းနှင့် ပတ်သက်၍ စတုက္ကပေါင်းလေးခု ရှိပါသည်၊၊ ၀ိပဿနာယာနိက သမားများအတွက်မူ ပထမစတုက္က(ပထမလေးနည်း)တစ်ခုတည်းသာ လိုအပ်ပါသည်၊၊ ထို့ကြောင့် သတိပဋ္ဌာန်ဒေသနာတော်၌ ပထမစတုက္ကကိုသာ အဓိကထား၍ ညွန်ကြားထားခြင်း ဖြစ်ပါသည်၊၊ ထိုပထမစတုက္တတွင် ကျင့်နည်းပေါင်း (၄)ခု ပါဝင်ပါသည်၊၊

နည်း(၁)---
(၁) ၀င်လျင် ၀င်မှန်းသိအောင် သတိထားနည်း
(၂) ထွက်လျင် ထွက်မှန်းသိအောင် သတိထားနည်း
နည်း(၂)---
(၁) ရှည်လျင် ရှည်မှန်းသိအောင် သတိထားနည်း
(၂) တိုလျင် တိုမှန်းသိအောင် သတိထားနည်း
နည်း(၃)---
(၁) ၀င်လျင် စ လယ် ဆုံးကို သိအောင် သတိထားနည်း
(၂) ထွက်လျင် စ လယ် ဆုံးကို သိအောင် လေ့ကျင့်နည်း တို့ဖြစ်ပါသည်၊၊
နည်း(၄)---
(၁) ၀င်လျင် ၀င်သက်ကို ငြိမ်းအောင် လေ့ကျင့်နည်း
(၂) ထွက်လျင် ထွက်သက်ကို ငြိမ်းအောင်လေ့ကျင့်နည်း
အထက်ပါလေးနည်းကို မြန်မာကဗျာဖြင့် အလွယ်တကူမှတ်နိုင်ပါသည်၊၊ “သတိမြဲရာ ပထမာ၊ ဒုမှာ ရှည် တို သိ၊ လုံးစုံလင်းရာ တ၌သာ၊ စမှာ ငြိမ်းလေဘိ”ဟူ၍ ဖြစ်ပါသည်၊၊

နည်း(၁)--
ပထမစတုက္ကသည် သတိထူထောင်သည့် စတုက္ကဖြစ်ပါသည်၊၊ ဤစတုက္ကတွင်ပါဝင်သော နည်း(၁) အရ အသက်ရှူရှိုက်ရာတွင် နှာသီးအတွင်းသို့လေ၀င်လျင် လေ၀င်လာမှန်းသိအောင် သတိပြုနေရပါသည်၊၊ လေထွက်လျင်လည်း ထွက်လာမှာမှန်းသိအောင် သတိပြုနေရပါသည်၊၊ ဆိုလိုသည်မှာ အသက်ကို ရှူသွင်းသောအခါ ရှူသွင်းမှန်းသိအောင် သတိထားရပါသည်၊၊ အသက်ကိုရှူထုပ်သော အခါတွင်လည်း ရှူထုတ်မှန်းသိအောင် သတိထားရပါသည်၊၊

ဝင်သက်+ထွက်သက်ကိုမှတ်ရာ၌ နှာသီးဖျားမှနေ၍ မှတ်ရပါသည်၊ ၀င်သက်+ထွက်သက် သို့မဟုက် ၀င်လေ+ထွက်လေနောက်သို့ စိတ်ကလိုက်ပြီး မှတ်မနေရပါ၊ နှာသီးဖျားတွင် စိတ်ကိုစိုက်ထားရပါသည်၊ ထိုအခါအသက်ရှူ၍ လေ၀င်လာသည်ကို သိနိုင်ပါသည်၊ လေထွက်သည်ကိုလည်း သိနိုင်ပါ သည်၊ လေ နှာသီးဖျားကို ထိသွားသည်ကိုလည်း သိနိုင်ပါသည်၊၊ သတိကောင်းလာလေလေ ပိုသိလေလေဖြစ်ပါသည်၊၊ တရားအားထုတ်သည်ဟူသည်မှာ ထွက်လေ+၀င်လေတို့ နှာသီးဖျားကို ထိသွားနေတာကို မှတ်နေခြင်းပင် ဖြစ်ပါသည်၊၊

ထွက်သက်+၀င်သက်ကို မှတ်သောအခါ နှာသီးဖျားခေါ် နှာခေါင်းဝ၏ အောက်တည့်တည့် နှာရည်ယို စီးကျသည့် အထက်နှုတ်ခမ်းသား၌ စိတ်ကိုစိုက်ထားပြီး ထွက်လေ+၀င်လေကို ထွက်လျုင် ထွက်မှန်း သိ၊၊ ၀င်လျင် ၀င်မှန်းသိဖြစ်အောင် မှတ်သားရပါသည်၊၊ ထိုသို့မှတ်နေစဉ်အတွင်း စိတ်သည် လွင့်ထွက် သွားတတ်ပါသည်၊ ထိုသို့လွင့်ထွက်သွားလျင် လွင့်သွားပါစေ၊ လွင့်ထွက်သွားသည်ကိုတော့ သိအောင် မှတ်ရပါသည်၊၊ အခြားအာရုံတခုခုသို့လည်း ရောက်သွားတတ်ပါသည်၊ ရောက်ပါစေ၊ ရောက်သည်ကို သိအောင်မှတ်သားရပါသည်၊၊ ရောက်သွားရာ၊ ၀င်လာရာ အာရုံဟူသမျှကို သတိအလွတ်မခံဘဲ မှတ် သားနေလျင် တရားမှတ်ခြင်းအလုပ်ပင် ဖြစ်ပါသည်၊၊ တရားမှတ်ခြင်းဟူသည် ဖြစ်ပေါ်လာသည့် အာရုံ အားလုံးကို သတိမလွတ်ဘဲသိနေခြင်း သိနေအောင်ကြိုးစားခြင်းပင် ဖြစ်ပါသည်၊၊

ထွက်လေ+၀င်လေကိုရှုမှတ်နေစဉ် စိတ်စိုက်ထားရာနှာသီးဖျားမှ စိတ်လွင့်သွားခြင်း၊ အာရုံတခုခုသို့ ရောက်သွားခြင်းတို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်ရန်မလိုပါ၊ မူလရှုမှတ်နေကျအတိုင်း ဆက် လက်ရှုမှတ်ရမည် ဖြစ်ပါသည်၊၊ လွင့်ချင်ရာ လွင့်၊ ရောက်ချင်ရာ ရောက်၊ လွင့်မှန်း ရောက်မှန်း သိနေလျင် တရားမှတ်ခြင်းပင် ဖြစ်ပါသည်၊၊ တခါတရံ ထွက်လေ+၀င်လေကိုမှတ်စဉ် ဘာမှန်းမသိလိုက် သည့် သဘောများလည်း ဖြစ်တတ်ပါသေးသည်၊ ထိုသို့ဖြစ်လာလျင်လည်း ဘာမှမသိလိုက်သည့် သဘောမှန်းသိအောင် မှတ်ရပါမည်၊၊

တရားအားမထုတ်ခင်က စိတ်သည် လွင့်ချင်ရာ လွင့်၊ ဖြစ်ချင်ရာဖြစ်နေခဲ့ပါသည်၊၊ သတိမထားသည့်အတွက် လွင့်မှန်း ဖြစ်မှန်းမသိခြင်း ဖြစ်ပါသည်၊၊ တရားအားထုတ်သောအခါ သတိထားနေသည့် အတွက် စိတ်၏လွင့်နေပုံ၊ ဖြစ်ချင်ရာဖြစ်နေပုံများကို သိလာပါသည်၊၊ ဤသည်ပင် တရားအားထုတ် ခြင်း၏ အကျိုးဖြစ်ပါသည်၊၊ မည်သည့်အာရုံကို စိတ်ရောက်ရောက် သတိအလွတ်မခံဘဲ မှတ်နေနိုင် လျင် သတိထူထောင်မှု အားကောင်းလာပါသည်၊၊

အာရုံများများသိနိုင်လေလေ သတိအားကောင်းလေလေ ဖြစ်ပါသည်၊၊ ထို့ကြောင့် ထွက်လေ+၀င်လေ ကိုမှတ်နေစဉ် စိတ်အပြင်ထွက်ချင် ထွက်၊ မထွက် ချင်နေ၊ လွင့်ချင်ရာ လွင့်၊ မလွင့်ချင်နေ၊၊ ထွက်လျင်လည်း ထွက်သည်ကို မှတ်၊ လွင့်လျင်လည်း လွင့်သည်ကို မှတ်၊၊ ထွက်သည့်စိတ်ကို မထွက်အောင် အတင်းမကြိုးစားရပါ၊ လွင့်သည့် စိတ်ကိုမလွင့်အောင် အတင်းမကြိုးစားရပါ၊ အလိုက်သင့် မူလရှုမှတ် နေသည့် ထွက်လေ+၀င်လေကိုသာ ထွက်မှန်းသိ၊ ၀င်မှန်းသိအောင် ကြိုးစားရပါသည်၊၊

ထိုအခါ ထွက်လေ+၀င်လေကို ထွက်မှန်း သိ၊ ၀င်မှန်းသိနေစဉ် စိတ်အပြင်ရောက်သွားသည်ကို သိလာပါသည်၊ စိတ်လွင့်သည်ကိုလည်း သိလာပါသည်၊ ဖြစ်ပေါ်နေသည့် အာရုံများကိုလည်း သိလာပါသည်၊ အာရုံများထင်ရှားကြည်လင်လာမည် ဖြစ်ပါသည်၊၊ အစပိုင်းတွင် မသေမခြာသိခြင်း ဖြစ်ပါသည်၊ သတိအားကောင်းလာသောအခါ အသေးစိတ်သိလာပါသည်၊၊ သတိအားလုံးဝ ကောင်းလာသောအခါ ပိုင်းပိုင်းခြားခြားသိလာပါသည်၊၊ ဤသည်မှာ ထွက်လေ+၀င်လေကို ရှုမှတ်ခြင်း၏ အကျိုးဖြစ်ပါသည်၊၊

ဤအချိန်တွင် မှတ်ဉာဏ်များ အလွန်အားကောင်းလာပါမည်၊ ကျောင်းသားတစ်ဦးသာဖြစ်ပါက စာတပုဒ်ကို တကြိမ်မျှကြည့်ရုံနှင့် မှတ်မိမည်ဖြစ်ပါသည်၊၊ ထွက်လေ+၀င်လေကို မှတ်နေစဉ် စိတ်အပြင် ရောက်ခြင်း၊ အရင်ကအဖြစ် အပျက်များကို သတိရခြင်း၊ နာကျင် ကိုက်ခဲခြင်း၊ စိတ်များ တွေဝေလာ ခြင်းစသည်များ ဖြစ်ပေါ်လာပါက ဖြစ်ပေါ်လာသမျှကို မခုခံဘဲ၊ အားလုံးကို မှတ်နေရမည် ဖြစ်ပါသည်၊၊ မှတ်သားနေရင်းက ထိုအာရုံများများ ရပ်တန့်သွားမည် ဖြစ်ပါသည်၊၊ အာရုံများရပ်တန့်သွားသောအခါ မူလရှုမှတ်နေကျ ထွက်လေ+၀င်လေကို ပြန်ပြီး ရှုမှတ်ရန်ဖြစ်ပါသည်၊၊

ထိုကဲ့သို့ကြိုးစားနေခြင်းဖြင့် မိမိတိုသန္တာန်၌-သဒ္ဓါ၊ ၀ီရိယ၊ ခန္တီ၊ သတိ၊ သမာဓိ၊ ပညာတို့ တိုးတက်လာမည် ဖြစ်ပါသည်၊၊ တိုးတက်လာသောအခါ စိတ်ကြည်လင်လာပါမည်၊ စိတ်အား ထက်သန်လာပါမည်၊ အပင်ပန်းခံနိုင်လာပါမည်၊ အာရုံများထင်ရှားလာပါမည်၊ သိမှုဆိုင်ရာတွင် ပုဂ္ဂိုလ်ဖြင့်သိခြင်းမျိုး မဟုက်တော့ဘဲ ဓမ္မဖြင့်သိခြင်းမျိုး ဖြစ်လာပါမည်၊၊ ဆိုလိုသည်မှာ ပညတ်မပါဘဲ သဘာဝသက်သက်ကို သိခြင်းမျိုးဖြင့် သိလာပါမည်၊၊ ခါးကနာသည် ဆိုရာ၌ ခါးက သက်သက်၊ နာခြင်းက သက်သက်ဆို သည်ကိုခွဲခြားပြီး သိလာပါမည်၊ နာခြင်း၌ ခါးကိုမထည့်သွင်းဘဲ သိလာပါမည်၊ ဤသို့သိခြင်းကို ပရ မတ်သိဟုလည်း ခေါ်ရပါသည်၊၊

“သတိမြဲရာ ပထမာ” ဟူသော ပထမနည်းအရ ထွက်သက်+၀င်သက်ကို ရှုမှတ်ရာတွင် ထွက်လျင် ထွက်မှန်းသိအောင်၊ ၀င်လျင် ၀င်မှန်းသိအောင် သတိထား၍ မှတ်ပါများသောအခါ ယောဂီ၏သန္တာန်၌ သတိသည် ခိုင်မာလာမည် ဖြစ်ပါသည်၊၊ သတိခိုင်မာလာသောအခါ၊ သတိမြဲလာသောအခါ ရှုမှတ်သမျှ အာရုံများအပေါ် သတိအလိုလိုရှိလာပါသည်၊၊ ကိုင်လျင် ကိုင်မှန်း သိလာပါသည်၊ ထိလျင် ထိမှန်း သိ လာပါမည်၊ ပြောမှု၊ ဆိုမှု၊ လျောင်းမှု၊ အိပ်မှု၊ စားမှု၊ သောက်မှုစသည်များ၌ သတိသည် အလိုလို လိုက်ပါလာမည် ဖြစ်ပါသည်၊၊ ဤသို့ဖြစ်လာပြီဆိုလျင် ယောဂီပုဂ္ဂိုလ်၌ သတိထူထောင်မှု အောင်မြင်လာပြီ ဖြစ်ပါသည်၊၊ အလုပ်တိုင်း၌ သတိမမြဲသေးလျင် သတိထူထောင်မှု မအောင်မြင်သေးဟု မှတ်ရ ပါမည်၊၊ ဤသို့ဖြင့် ပထမနည်းအရ သတိထူထောင်၍ အောင်မြင်ပြီးသောယောဂီသည် တဆင့်တက်၍ ဒုတိယနည်းကို ကြိုးစားရပါမည်၊၊

နည်း(၂)--
ပထမနည်းဖြင့် သတိထူထောင် အောင်မြင်ပြီးသောယောဂီသည် ပြုလုပ်သမျှ အမှုကိစ္စတို့၌ သတိအ လိုလို ပါလာပြီဖြစ်သည်၊၊ ထိုသို့သတိမြဲလာပြီဆိုပါက “ဒုမှာ ရှည်တို သိ”ဟူသော ဒုတိယနည်းအရ ထွက်လေ+၀င်လေကို ရှည်လျင် ရှည်မှန်းသိအောင်၊ တိုလျင် တိုမှန်းသိအောင် ရှုမှတ်ရပါမည်၊၊ ထွက်လေ+၀င်လေသည် သာမာန်ကြည့်လျင် အတူတူဟုထင်ရသော်လည်း မတူညီပါ၊ တခါတရံ အသက်ရှုတာ ရှည်ပါသည်၊ တခါတရံတိုပါသည်၊ ထိုသို့ဖြစ်ရာ၌ ယောဂီသည် ရှည်လျင် ရှည်သည်ဟု သိနေရပါမည်၊ တိုလျင်လည်း တိုသည်ဟု သိနေရပါမည်၊၊

ပထမနည်းတွင် ထွက်သက်+၀င်သက်ကို ရှုမှတ်ရာ၌ သတိကိုမြဲလာအောင် လူကလုပ်ယူရပါသည်၊၊ ထွက်လေ ထွက်မှန်းသိအောင်၊ ၀င်လေ ၀င်မှန်းသိအောင် သတိကိုထူထောင်ရပါသည်၊၊ နာတာ ကျင်တာ ကိုက်တာ ခဲတာ၊ စိတ်အပြင်ရောက်တာ၊ အတိတ်ကအဖြစ်အပျက်များကို အမှတ်ရတာစသည်ကိုသိအောင် သတိကိုကပ်ထားရပါသည်၊၊ သတိကိုထူထောင်၍ အောင်မြင်လာသောအခါတွင် သတိကို လူကလုပ်ယူစရာမလိုတော့ဘဲ အမူအရာတိုင်းကို သတိကအလိုလို သိလာပါသည်၊၊ အမူရာတိုင်းတွင် သတိကပ်လာပါသည်၊၊ သတိသည် ရင့်ကျက်လာပြီ ဖြစ်ပါသည်၊၊ ထွက်လေ+၀င်လေအာရုံ တွင်မကတော့ဘဲ ပြင်ပအာရုံများအထိပါ သတိကပ်လာပါသည်၊၊ မိမိကလုပ်ယူရသည့် သတိအဆင့်ကို ကျော်လွန်လာသောသတိကို အသိနှင့်ယှဉ်တွဲသော သတိဟုခေါ်ရပါသည်၊၊ သတိနှင့် အသိတို့တွဲစပ် လာပြီ ဖြစ်ပါသည်၊၊

ပထမနည်းဖြင့် သတိထူထောင်မှု အောင်မြင်လာသော ယောဂီသည် ဒုတိယနည်းအတွက် အထူးကြိုး စားဖွယ် မလိုတော့ဘဲသတိက သူ့အလိုလိုပါလာပါသည်၊၊ အသက်ရှည်ရှည် ရှူသည်ကိုလည်း သိလာပါသညါ၊ အသက်တိုတိုရှူသည်ကိုလည်း သိလာပါသည်၊ ဤသတိကို လူကလုပ်ယူရသော သတိမဟုက်တော့သောကြောင့် ဥပဋ္ဌာနသတိဟု ခေါ်ပါသည်၊၊ ဤအဆင့်သို့ရောက်လာသည်နှင့် ယောဂီသည် သိက္ခာသုံးပါးတွင် သမာဓိသိက္ခာနယ်သို့ ရောက်လာပြီ ဖြစ်ပါသည်၊၊

ထိုအခါ ၀ီရိယ၊ သတိ၊ သမာဓိတို့ အားကောင်းလာပြီ ဖြစ်သည်၊ ၀ီရိယက သက်ဆိုင်ရာတရားများကို ထောက်ပံ့လာ ပါသည်၊ သတိကဆိုင်ရာအာရုံများ အလိုလိုထင်လာအောင် ထောက်ပံ့လာပါသည်၊ သမာဓိက စိတ်ကို မပြန့်လွင့်အောင် ငြိမ်သက်နေအောင် ထောက်ပံ့လာပါသည်၊ ဤသို့ဝီရိယ၊ သတိ၊ သမာဓိတို့ ဆိုင်ရာ တရားများကို အညီအညွတ် ထောက်ပံ့လာသောအခါ ယောဂီ၏စိတ်သည် အထူးစုစုစည်းစည်း ဖြစ်လာပါသည်၊ တည်ကြည်လာပါသည်၊ ထိုအခါ စိတ္တ၀ိသုဒ္ဓိဖြစ်ပေါ်လာပါသည်၊၊ စိတ်စင်ကြယ်သည်ဟု ဆိုလိုပါသည်၊၊
စိတ္တ၀ိသုဒ္ဓိ၌ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ ၀ါဝင်ပါသည်၊၊ ဤမဂ္ဂင်လေးပါးတို့က ဆိုင်ရာ ကိစ္စများကို ပြုလုပ်သောအခါ သမာဓိသိက္ခာပြည့်စုံလာပါမည်၊ သမာဓိသိက္ခာပြည့်စုံလာသောအခါ ပညာသိက္ခာပြည့်စုံလာပါမည်၊၊ သီလသိက္ခာပြည့်စုံစေရန်အတွက်မူ ပထမနည်းတွင် ထွက်သက်+၀င်သက်ကို သတိမလွတ်အောင် အားထုတ်၍အောင်မြင်စဉ်က သီလသိက္ခာပြည့်စုံစေခဲ့ပြီ ဖြစ်ပါသည်၊၊

ထွက်သက်+၀င်သက်ကို သတိထားရှုမှတ်နေရင်းက ကိုယ်ကျင့်သီလကို စင်ကြယ်လာစေပါသည်၊ သတိအားကောင်းမှု၊ မကောင်းမှုအပေါ်တွင်အပေါ်တွင်မူတည်၍ သီလစောင့်ထိမ်းမှုသည်လည်း အစ ပိုင်းတွင် လူကလုပ်ယူရပါသည်၊ သတိအားကောင်းလာသောအခါ သီလရှိလာအောင် လူကလုပ်ယူစရာမလိုတော့ဘဲ စောင့်ထိမ်းတတ်မှု သီလအလိုလို ယောဂီတွင် တည်လာမည် ဖြစ်ပါသည်၊၊

ဤသို့လျင် နည်း(၂)အောင်မြင်လာသော ယောဂီသည် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာတို့ ပြည့်စုံလာပြီ ဖြစ်ပါသည်၊၊ သို့သော် ဤပညာသိက္ခာသည် ၀ိပဿနာအဆင့်သို့ရောက်သောပညာ မဟုက် သေးပါ၊ သမာဓိပညာမျှသာ ဖြစ်ပါသေးသည်၊၊ ထိုပညာကိုအခြေခံ၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု လက္ခဏာရေးသုံးပါးထင်အောင် ရှုမှတ်နိုင်သောအခါမှ ၀ိပဿနာပညာအဆင့်သို့ ရောက်သည်ဟု ခေါ် ပါသည်၊၊ ဤအဆင့်ကို ဒိဋ္ဌိဝိသုဒ္ဓိ(နာမရူပ ပရိစ္ဆေဒညာဏ်)မှစပြီး နောက်ပိုင်းများ၌သာ ပညာသိက္ခာကို ဖြည့်ခြင်းအဆင့်သို့ရောက်ပါသည်၊၊

ထွက်လေ+၀င်လေနှင့် အာရုံများအပေါ်တွင် လူက သတိကိုလုပ်မယူရဘဲ သတိကသူ့အလိုလိုကပ် သည့်အဆင့်သို့ရောက်လာပြီဆိုလျင် ထိုသတိသည် သမ္မာသတိမဂ္ဂင်ထိုက်သော သတိဖြစ်လာပါသည်၊ သတိ၏တွဲဘက် ၀ီရိယသည်လည်း သမ္မာဝါယာမမဂ္ဂင်ထိုက်လာပါသည်၊ ကုသိုလ်+အကုသိုလ်တို့နှင့် စပ်၍ သမ္မပ္ပဓာန်ကိစ္စပါလာပြီဖြစ်ပါသည်၊၊ တရားရှုမှတ်မှုသည် သူ့အလိုလို ဖြစ်လာပါသည်၊ ဤအ ဆင့်ကို သတိရှိသူ၊ စိတ်အားထက်သန်သူ၊ သိတတ်သူဟု ခေါ်ဆိုရပါသည်၊၊ ယောဂီသည် နည်း(၂) ဖြင့်အားထုတ်အောင်မြင်ပြီးလျင် ထွက်လေ+၀င်လေတို့၏ ရှည်မှန်း+တိုမှန်းကို သိလာပါသည်၊၊ ခုနှစ်ရက်အဓိဌာန်ဖြင့် ရှုမှတ်သူဖြစ်ပါက ဤနည်းကို နှစ်ရက်ခန့် အချိန်ယူအား ထုတ်သင့်ပါသည်၊၊

နည်း(၃)--
ထွက်လေ+၀င်လေတွင် အစ အလယ် အဆုံးဟူ၍ရှိပါသည်၊၊ ယောဂီသည် ထွက်လေ+၀င်လေတို့၏ အစ အလယ် အဆုံးကို တခုခြင်းစီ ခွဲခြားပြီးမှတ်ရပါသည်၊၊ လင်္ကာတွင်(တမှာ လုံးစုံ သိ) ဟု ဆိုထားသည့်အတိုင်း နည်း(၃)အဆင့်သို့ရောက်လာသော ယောဂီသည် ထွက်သက်+၀င်သက်တို့၏ အစ အလယ် အဆုံး အလုံးစုံကို အမှတ်သတိဖြင့် ရှုမှတ်နေရပါသည်၊၊ အလုံးစုံဆိုတာ ထွက်သက်+၀င်သက်တို့၏ အစ အလယ် အဆုံးသုံးမျိုးလုံးကို အမှတ်သတိဖြင့် သိနေရမည်ဟု ဆိုလိုပါသည်၊၊

နည်း(၁)တွင် ထွက်သက်+၀င်သက်ကို ထွက်မှန်း+၀င်မှန်းသိအောင် ရှုမှတ်ခြင်းဖြင့် သတိကိုထူထောင်သည်၊ နည်း(၂)ဖြင့် ထွက်သက်+၀င်သက်တို့၏ အရှည်+အတိုကိုသိအောင် ရှုမှတ်ရသည်၊ နည်း(၃)ဖြင့် ထွက်သက်+၀င်သက်တို့၏ အစ အလယ် အဆုံးကိုသိအောင် ရှုမှတ်ရသည်၊၊

နည်း(၁)ကို ရှုမှတ်၍ အောင်မြင်လာသော ယောဂီ၏သန္တာန်တွင် သတိခိုင်မာလာပြီ ဖြစ်ပါတယ်၊ နည်း (၂)ကို ရှုမှတ်၍ အောင်မြင်လာသော ယောဂီ၏သန္တာန်တွင် သတိအပြင် အသိ=သမ္ပဇညပါ ယဉ်တွဲဖြစ်ပေါ်လာပြီ ဖြစ်ပါတယ်၊ နည်း(၃)ကို အောင်မြင်လာသော ယောဂီ၏သန္တာန်တွင် ထွက်သက်+၀င်သက် အစ အလယ် အဆုံးကိုသိလာပြီ ဖြစ်ပါသည်၊၊ နည်း(၃)ကို ရှုမှတ်အောင်မြင်သောအခါ ထွက်သက်+၀င်သက်တို့၏ အစ အလယ် အဆုံးကိုကောင်းကောင်းကြီး အသေးစိတ် သိမြင်လာပါသည်၊၊ ဤနည်းကို ခုနှစ်ရက်အဓိဌာန်ဖြင့် အားထုတ်သူသည် သုံးရက်ခန့်အားထုတ်ရှုမှတ် သင့်ပါသည်၊၊

နည်း(၄)--
နည်း(၃)ကို အားထုတ်အောင်မြင်ပြီးသော ယောဂီသည် သတိနှင့် သမာဓိတို့ အလွန်အားကောင်းလာပါသည်၊၊ သို့သော် ထွက်သက်+၀င်သက်ကိုနိုင်နင်းခြင်း မရှိသေးပါ၊ ထွက်သက်+၀င်သက်တို့သည် ယောဂီ၏ ဆန္ဒအတိုင်း မဖြစ်သေးပါ၊ ထို့ကြောင့် ယောဂီသည် ထွက်သက်+၀င်သက်ကို နိုင်နင်းစေရန်၊ မိမိဆန္ဒအတိုင်းဖြစ်စေရန် နည်း(၄)ကို အားထုတ်ရမည် ဖြစ်ပါသည်၊၊ "စမှာ ငြိမ်းလေဘိ"ဟူသည့်အတိုင်း နည်း(၄)တွင် ယောဂီသည် ထွက်သက်+၀င်သက်ကို ငြိမ်းအောင် အားထုတ်ရမည် ဖြစ်ပါသည်၊၊

ဆိုလိုသည်မှာ ကြမ်းတမ်းသည့် ထွက်သက်+၀င်သက်ကို နူးညံ့လာအောင်၊ ငြိမ်းလာအောင် အားထုတ်ရှု မှတ်ရမည်ဟု ဆိုလိုပါသည်၊၊ ထွက်သက်+၀င်သက်တို့သည် ခန္ဓာကိုယ်နှင့် ဆက်စပ်နေသဖြင့် ခန္ဓာကိုယ်အမူအရာများကြမ်းပါက ထွက်သက်+၀င်သက်လည်း ကြမ်းပါသည်၊ ခန္ဓာကိုယ်အမူအရာ နူးညံ့ပါက ထွက်သက်+၀င်သက်လည်း နူးညံ့လာပါသည်၊၊ ထို့ကြောင့် နည်း(၄)တွင် ထွက်သက်+၀င်သက်ကို နူးညံ့လာအောင်၊ ငြိမ်းလာအောင် ရှုမှတ်ရပါသည်၊၊ ဤနည်းကို ခုနှစ်ရက် အဓိဌာန်ဖြင့် အားထုတ်သူသည် နှစ်ရက်ခန့် အားထုတ်သင့်ပါသည်၊၊

ဤနည်းကို ကြိုးစားအားထုတ် ရှုမှတ်သဖြင့်အောင်မြင်လာသော ယောဂီသည် ထွက်သက်+၀င်သက်များ နူးညံ့လာပါသည်၊ ငြိမ်းလာပါသည်၊ ကိုယ်ခန္ဓာတို့သည်လည်း နူးညံ့လာပါသည်၊ ငြိမ်းအေးလာပါသည်၊၊ ကိုယ်ရောစိတ်ပါ နူးညံ့၊ ငြိမ်းအေးသည့်အဆင့်သို့ ရောက်လာပါသည်၊၊ ကိုယ်ကာယများစင်ကြယ်ပြီး၊ ကိုယ်၏ပူပန်ခြင်း စိတ်၏ပူပန်ခြင်းများ မဖြစ်တော့ပါ၊ ထွက်လေ+၀င်လေတို့သည်လည်း နူးညံ့လာပါသည်၊ သိမ်မွေ့လာပါသည်၊ ငြိမ်းသွားသည်အထိပင် သိမ်မွေ့လာပါသည်၊ ကိုယ်ကာယ များစင်ကြယ်လျင် ထွက်သက်+၀င်သက်နူးညံ့သိမ်မွေ့လာသည်မှာ သဘာဝပင် ဖြစ်ပါသည်၊၊

ထွက်သက်+၀င်သက်ရှုမှတ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ သမာဓိရရှိရန်ဖြစ်ပါသည်၊၊ သမာဓိရရှိရန်-အပြစ်ကင်းစင်မှု=သီလ၊ စိတ်နှလုံးကြည်လင်မှု=အ၀ိပ္ပဋိသာရ၊ ၀မ်းမြောက်မှု=ပါမောဇ္ဇ၊ နှစ်သက်မှု= ပီတိ၊ ငြိမ်းအေးမှု=ပဿဒ္ဓိ၊ ချမ်းသာမှု=သုခတို့လိုအပ်ကြောင်း ပါဠိတော်တွင်ဆိုပါသည်၊၊ ထိုလိုအပ် ချက်ကို ပြည့်စုံစေရန် ထွက်သက်+၀င်သက်နည်းဖြင့် ရရှိရန်ဤစတုက္ကနည်းကို ဗုဒ္ဓရှင်တော်သင်ပြ ညွှန်ကြားထားခြင်း ဖြစ်ပါသည်၊၊

ထွက်သက်+၀င်သက်ကို ရှုမှတ်ခြင်းဖြင့် သမာဓိရလာသောအခါရရှိသော သမာဓိကိုလိုက်၍ ယောဂီ၏ သန္တာန်တွင် နိမိတ်များထင်ပေါ်လာတတ်ပါသည်၊၊ အထက်တွင်ဖော်ပြခဲ့ပြီးသော နည်း(၄)မျိုးဖြင့် ရှုမှတ် အောင်မြင်လာသော ယောဂီသည် သမာဓိသိက္ခာကောင်းကောင်းကြီး ထူထောင်မိပြီ ဖြစ်ပါသည်၊၊ ထူထောင်ရရှိလာသော သမာဓိကိုလိုက်၍နိမိတ်(၃)မျိုး ယောဂီ၏အာရုံတွင် ထင်ပေါ်လာတတ်ပါ သည်၊၊ နိမိတ်(၃)မျိုးမှာ---
(၁) ပရိကမ္မနိမိတ်
(၂) ဥဂ္ဂဟနိမိတ်
(၃) ပဋိဘာဂနိမိတ် တို့ဖြစ်ပါသည်၊၊

‘ပရိမ္မနိမိတ်’ဆိုသည်မှာ ထွက်သက်+၀င်သက်အရာ၌ ထွက်လေ+၀င်လေကိုပင် ခေါ်ပါသည်၊၊ ထွက် လေ+၀င်လေကို ထွက်မှန်းသိ၊ ၀င်မှန်းသိအောင် သတိကပ်ပြီး ရှုမှတ်သဖြင့် ရရှိလာသော သမာဓိကို “ပရိကမ္မသမာဓိ”ဟု ခေါ်ပါသည်၊၊ ‘ပရိကမ္မ’ဟူသည် မူလအခြေခံ ထွက်လေ+၀င်လေဟူ၍ ဖြစ်ပါသည်၊ “ပရိကမ္မသမာဓိ”ဆိုသည်မှာလည်း အခြေခံအဆင့် သမာဓိကိုခေါ်ပါသည်၊၊

‘ဥဂ္ဂဟနိမိတ်’ဆိုသည်မှာ စိတ်ဖြင့်(မနောဒွါရ)ယူအပ်သော အာရုံတခုခုဖြစ်ပါသည်၊၊ မူလအခြေခံ ထွက်လေ+၀င်လေထက်ကျော်လွန်သော အခြားအာရုံကို ခေါ်ပါသည်၊၊ ထိုအာရုံများမှာ ပါဠိတော်တွင် များစွာပြဆိုထားပါသည်၊၊ အလင်းရောင် အမျိုးမျိုး၊ အဆောက်အဦးအမျိုးမျိုး၊ အမြင်အာရုံအမျိုး၊ သစ် ပင်၊ တော တောင်၊ ရေမြေ၊ ကောင်းကင်၊ မိန်းမ၊ ယောကျာင်္း၊ အဆင်းအာရုံအမျိုးမျိုး၊ အသံအာရုံ အမျိုး မျိုး၊ စသည်ဖြင့် အာရုံပေါင်းမြောက်များစွာကို မျက်စိဖြင့်မြင်နေရသလို စိတ်ထဲတွင် ထင်ပေါ်လာသော အာရုံများကို ဥဂ္ဂဟနိမိတ်ဟု ခေါ်ဆိုပါသည်၊၊ တရားအားထုတ်နေရင်း သမာဓိရလာသောအခါ ယောဂီ ၏စိတ်ထဲတွင် ပေါ်လာတတ်သည့်အာရုံများပင် ဖြစ်ပါသည်၊၊ ဤအဆင့်တွင်ရသောသမာဓိကို “ပရိ ကမ္မသမာဓိ”ဟုပင် ခေါ်ရပါသည်၊ ရှေ့တွင်ရခဲ့သော ‘ပရိကမ္မသမာဓိ’ထက် အဆများစွာပိုပြီး တည် ကြည် လာပါသည်၊၊

‘ပဋိဘာဂနိမိတ်’ဆိုသည်မှာ ‘ဥဂ္ဂဟနိမိတ်’ထက် ကျော်လွန်သည့်အဆင့်ကို ခေါ်ပါသည်၊၊ ဥဂ္ဂဟနိမိတ် အဆင့်တွင် တည်ငြိမ်မှု မရှိသေးပါ၊ ခပ်မှိန်မှိန်ဖြစ်နေပါသည်၊ ပဋိဘာဂနိမိတ်အဆင့်တွင်မှ မလှုပ်ရှား တော့ဘဲ တည်ငြိမ်လာပါသည်၊ သမာဓိသည်ပေါ်လိုက် ပျောက်လိုက်လည်း မဟုက်တော့ဘဲ တည်နေ ပါသည်၊ ဤအဆင့်တွင်ရသောသမာဓိကို “ဥပစာရသမာဓိ”ဟု ခေါ်ပါသည်၊ “ဥပစာရဈာန်”ဟုလည်း ခေါ်ပါသည်၊၊ ပဋိဘာဂနိမိတ်အဆင့်တွင် အာရုံတမျိုးတည်းဖြစ်သော်လည်း သမာဓိနှစ်မျိုး ကွဲပါသည်၊ အနည်းငယ်နုသောသမာဓိကို “ဥပစာရသမာဓိ”ဟုခေါ်ပြီး၊ ပို၍ရင့်ကျက်သော သမာဓိကို “အပ္ပနာ သမာဓိ”ဟု ခေါ်ပါသည်၊၊

ပဋိဘာဂနိမိတ်အပေါ်၌ စိတ်ကိုထားပြီး အားထုတ်ခြင်းကို ဌပနာနည်းဟု ခေါ်ဆိုကြောင်း ထိုထိုဝိပဿနာရှုနည်းကျမ်းများ၌ လေ့လာရပါသည်၊ ဌပနာနည်းဖြင့် ဆက်လက် ရှုမှတ်အားထုတ်လျင် ဈာန်အမျိုးမျိုးကိုရရှိနိုင်သည်ဟုလည်း ဆိုပါသည်၊၊ ဤအဆင့်သည် သမာဓိထူ ထောင်မှု အထွဋ်အထိပ်ရောက်သော အဆင့်ဖြစ်ပါသည်၊၊ ဤအဆင့်မှနေပြီး ယောဂီသည် ၀ိပဿနာသို့ ကူးရပါသည်၊၊
ဝိပဿနာသို့ ကူးသောအခါ သီလရှိခြင်း၊ သမာဓိကောင်းခြင်း၊ ဒိဋ္ဌိကင်းစင်ခြင်း၊ ၀ိစိကိစ္ဆာကင်းခြင်း ဆိုသည့် အရည်အခြင်းလေးမျိုး လိုအပ်ပါသည်၊၊ ပဋိဘာဂနိမိတ်အဆင့်သို့ရောက်လာသော ယောဂီသည် သမာဓိကိုတည်ဆောက်ပြီး ဖြစ်သည့်အတွက် စိတ်စင်ကြယ်လာပြီဟု ဆိုပါသည်၊၊

ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကင်းရန် ၀ိပဿနာကို ဆက်လက်အားထုတ်ရမည် ဖြစ်ပါသည်၊၊ ၀ိပဿနာသို့မကူးဘဲ ထွက် လေ+၀င်လေကိုပင် ဆက်လက်အားထုတ်လျင် ဈာန်များရလာပါမည်၊၊ အဘိညာဉ်များဖြင့် မြေလျိုး၊ မိုးပျံလုပ်ချင်သူများအတွက် ဈာန်များကို ဤအဆင့်တွင်ဆက်လက်အားထုတ်ပါက ရရှိလာနိုင်ပါသည်၊၊ သမထလမ်းဟု ခေါ်ဆိုပါသည်၊၊

သမထမှ ၀ိပဿနာသို့ကူးရာတွင် “ခဏိကသမာဓိ”အဆင့်မှလည်း ကူးနိုင်သည်၊ “ဥပစာရ သမာဓိ”အ ဆင့်မှလည်း ကူးနိုင်သည်၊ “အပ္ပဏာသမာဓိ”မှလည်း ကူးနိုင်ပါသည်၊၊ ခဏိကသမာဓိအဆင့်ဆိုသည်မှာ ‘ပရိကမ္မနိမိတ်’နှင့် ‘ဥဂ္ဂဟနိမိတ်’အဆင့်များကို ခေါ်ပါသည်၊ ‘ဥပစာရသမာဓိ’အဆင့်နှင့် ‘အပ္ပဏာသမာဓိ’အဆင့်ဆိုသည်မှာ ‘ပဋိဘာဂနိမိတ်’အဆင့်ကိုခေါ်ပါသည်၊၊ အပ္ပဏာသမာဓိအဆင့်မှ ၀ိပဿနာသို့ကူးသည်မှာ အကောင်းဆုံးဖြစ်သည်ဟု ၀ိပဿနာနည်းပြကျမ်းများစွာတွင် ဆိုပါသည်၊၊

ထွက်လေ+၀င်လေကို နည်း(၄)အဆင့်အထိ ရှုမှတ်ရာမှဖြစ်ပေါ်လာနေသည့် နာမ် ရုပ်ကို အနိစ္စ ဒုက္ခ အနတ္တဟု ဆင်ခြင်သုံးသပ်သည်ကို ၀ိပဿနာဟု ခေါ်ပါသည်၊၊ နာမ်+ရုပ်အပေါ်တွင် လက္ခဏာရေး သုံးပါးတင်၍ ဆင်ခြင်သုံးသပ် မှတ်ရှုသဖြင့် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကင်းပြီး နာမ်ရုပ်ကို ပိုင်းခြားသိသော “နာမရူပပရိစ္ဆေဒညာဏ်”နှင့်၊ နာမ်ရုပ်၏ အကြောင်းကိုသိမ်းဆည်းသော “ပစ္စယပရိဂ္ဂဟညာဏ်”များကို ရလာပြီဆိုလျင် “စူဠသောတာပန်(ကလျာဏပုထုဇဉ်)” ဖြစ်ပါသည်၊၊ ဤအဆင့်တွင် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကို တဒင်္ဂပဟာန်ဖြင့် ပယ်နိုင်သောကြောင့် ဒုတိယဘ၀အတွက် စိတ်အေးရပြီ ဖြစ်ပါသည်၊၊

ဝိပဿနာသို့ကူးခြင်းဟူသည်မှာ ထွက်လေနှစ်မျိုးတွင် ထွက်လေသည် ရုပ်ဖြစ်သည်၊၊ ထွက်လေဟု သိနေသည်မှာ နာမ်ဖြစ်သည်၊၊ ၀င်လေသည် ရုပ်ဖြစ်သည်၊၊ ၀င်လေဟုသိနေသည်မှာ နာမ်ဖြစ်သည်၊၊ ဤသို့ ထွက်လေ+၀င်လေကို ရုပ်နှင့် နာမ်ဟု ခွဲခြားသိအောင်ရှုမှတ်ရသည်ကို ၀ိပဿနာရှုမှတ်သည်ဟု ခေါ်ပါသည်၊၊ ရုပ်+နာမ်နှစ်မျိုးတွင် ရုပ်သည် ထာဝရမတည်သော အနိစ္စ၊ ဆင်းရဲမှု ဒုက္ခ၊ မိမိအလိုသို့ မလိုက်မှု အနတ္တဖြစ်သည်ဟု ဆင်ခြင်သုံးသပ်လာသောအခါ ၀ိပဿနာဉာဏ်အဆင့်ဆင့် တက်လာ ပြီး စူဠသောတာပန်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်နှင့် ရဟန္တာဟူသော အထက်မဂ်ဖိုလ်အဆင့်များကို ကျင့်စဉ်၏အကျိုးဆက်အဖြစ်ရ ရှိလာမည်ဖြစ်ပါသည်၊၊

စူဠသောတာပန်အဆင့်ကိုရရှိရန် နာမ်နှင့် ရုပ်ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့ဖြင့်သိရန် လို အပ်ပါသည်၊၊ နာမ် ရုပ်ကို အကြောင်းနှင့်အတူတကွသိခြင်းကို စာပေဝေါဟာရဖြင့် လက္ခဏ၊ ရသ၊ စသည်ဖြင့်ခေါ်ဆိုခြင်း ဖြစ်ပါသည်၊၊ ဤအဆင့်ကို သာမန်ဉာဏ်အသင့်အတင့်ရှိသူ(ဒွိဟိတ်) များပင် ရရှိနိုင်ကြောင်း ၀ိပဿနာရှုနည်းကျမ်းများတွင် ဖော်ပြထားပါသည်၊၊

အာနာပါနသတိ=ထွက်လေ+၀င်လေကို အထက်တွင်ဖော်ပြခဲ့ပြီးသော နည်းများအတိုင်း စနစ်တကျ လေ့လာ ရှုမှတ်၊ အားထုတ် ပွားများမည်ဆိုလျင် ဗုဒ္ဓဘာသာဝင် ဟုတ်သူဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် မဟုက်သူဖြစ်စေ ဘ၀၏အဆုံးစွန်ပန်းတိုင် မဂ်ဖိုလ်ချမ်းသာများနှင့်အတူ၊ သန္တိသုခဟုဆိုအပ်သော အမြတ်ဆုံး အအေးချမ်းဆုံး၊ အခိုင်မာဆုံးသော မြတ်နိဗ္ဗာန်ကို ရရှိမည်အမှန် ဖြစ်ပါသည်၊၊

အရှင် သတိပဋ္ဌာန်နှင့်ဆက်စပ်၍ စာတမ်းနှစ်ခုကို “အလင်း စက်”ဆိုက်တွင်တင်ခဲ့ပါသည်၊၊ သတိပဋ္ဌာန် မိတ်ဆက်စာတမ်းနှင့် ယ္ခုတင်သော အာနာပါနသတိပဋ္ဌာန် ရှုမှတ်နည်းတို့ ဖြစ်ပါသည်၊၊ သတိပဌာန်မိတ်ဆက်ကိုတင်ပြရာမှ စာဖတ်သူများ၏ တောင်းဆိုလာမှုကြောင့် အာနာပါန သတိပဋ္ဌာန် ရှုမှတ်နည်းကို ရေးသားလိုက်ခြင်းဖြစ်ပါသည်၊၊ ရှုမှတ်လိုသူများအတွက် အခြေခံနည်းအနေဖြင့် အတိုင်းအတာတခုအထိ ပြည့်စုံသည်ဟု အရှင်ယူဆပါသည်၊၊ အကျယ်သိလိုသူများအတွက် အရှင်ညွှန်းထားသောကျမ်းများကို အင်တာနက်တွင်ရှာဖွေပြီး အသေးစိတ်လေ့လာရန်ဖြပ်ပါသည်၊၊

ဤစာတမ်းတွင် အမှားတစုံတရာတွေ့ရှိရပါက မေတ္တာဖြင့် ညွှန်ပြပေးကြပါရန်လည်း တောင်းပန်လိုပါသည်၊၊ အာနာပါနသတိ ပဋ္ဌာန်ကိုအားထုတ်ရာတွင် Walking meditation=လမ်းလျောက်၍ ရှုမှတ်ပုံသည်လည်း မပါမဖြစ်လိုအပ်ပါသည်၊ အရှင် အလျင်းသင့်သောအခါ လမ်းလျောက်၍ ရှုမှတ်ပုံကို တင်ပြမည်ဖြစ်ပါသည်၊၊
သတိပဋ္ဌာန် လေ့လာ မှတ်သား၊ ရှုမှတ် အားထုတ်ခြင်းဖြင့် ဘ၀၏ဖိအားအမောများ ပြေပျောက်ပြီး၊ နိဗ္ဗာန်ချမ်းသာကို ရရှိကြပါစေလို့ ဆန္ဒပြုလျက် အာနာပါနသတိ=ထွက်လေ+၀င်လေစာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊


အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၆.၁၂.၂၀၁၀)

(မှတ်ချက်/ ဒီ၊သတိပဋ္ဌာနသုတ်၊ မဇ်၊ မဟာသတိပဋ္ဌာနသုတ်၊ ၀ိပဿနာရှုနည်းကျမ်းများ၊ အတ္တ၀ါဒမှ အနတ္တ၀ါဒသို့ ခရီးစဉ်(ဦးရွှေအောင်)The heart of Buddhist meditation(Nyanaponika thera) Education for Mindfulness(Venerable Mirisse Dhammika)စာအုပ်များကို ကိုးကား၍ ဤစာတမ်းကိုရေးသားပါသည်၊၊)

အပြည့်အစုံသို့....

Read more...

အိန္ဒိယနိုင်ငံက မြန်မာအပါအ၀င် နိုင်ငံငါးနိုင်ငံအား ဆိုက်ရောက်ဗီဇာ ခွင့်ပြုသွားမည်



ခရီးသွားလာရောက်မှု မြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံက မြန်မာအပါအ၀င် နိုင်ငံငါးနိုင်ငံအား ဆိုက်ရောက်ဗီဇာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

အိန္ဒိယနိုင်ငံ၌ တည်ရှိသည့် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာဒေသအပြင် တာ့ခ်ျမဟာအပါအ၀င် အခြားသောလေ့လာဖွယ် ထင်ရှားသည့်နေရာများသည် နှစ်စဉ် ခရီးသွား တိုးတက်လျက်ရှိပြီး အာရှနိုင်ငံများမှ ပိုမိုလာရောက်ကြကြောင်းနှင့် အခြားသောနိုင်ငံများမှလည်း လာရောက်မှု ရှိနေကြောင်း သိရှိရသည်။

ယခုအခါတွင် ယင်းသို့ ခရီး သွားများ လာရောက်မှုကို ပိုမိုတိုးတက် လာစေရန်အတွက် အိန္ဒိယနိုင်ငံ အစိုးရသည် ဆိုက်ရောက် ဗီဇာကို နိုင်ငံငါးနိုင်ငံအား တိုးမြှင့်ခွင့်ပြုရန် စီစဉ်ထားရာတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငါးနိုင်ငံမှ နိုင်ငံသားများအား ဆိုက်ရောက်ဗီဇာများကို လေဆိပ်တွင် ထုတ်ပေးမှုအား ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်နိုင်ဖွယ်ရှိနေပြီး တရားဝင်ကြေညာချက်ကို မကြာမီ ပြုလုပ်မည်ဖြစ်သည်ဟု ထုတ်ပြန်မှုတစ်ရပ်အရ သိရသည်။

ဆိုက်ရောက် ဗီဇာများအား အိန္ဒိယနိုင်ငံရှိဒေလီ၊ မွမ်ဘိုင်း၊ ချင်း နိုင်၊ ကိုးလ်ကတ္တား လေဆိပ်များတွင် ထုတ်ပေးသွားမည်ဖြစ်သည် ဟု သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံသည် ဖင်လန်၊ ဂျပန်၊ လူဇင်ဘတ် စသည့် နိုင်ငံသားများအား ဆိုက်ရောက် ဗီဇာများကို ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်ဇန်န၀ါရီလမှ နိုဝင်ဘာလအတွင်း ယင်းဝန်ဆောင်မှုဖြင့် အိန္ဒိယနိုင်ငံသို့ရောက်ရှိခဲ့သော ခရီးသွားဦးရေမှာ ၅၆၄၄ ဦးဖြစ်သည်။

မြန်မာနိုင်ငံမှ ခရီးသွားများသည် ပြည်ပခရီးစဉ်များ ထွက်ခွာ သွားရောက်ကြရာတွင် ထိုင်း၊ စင်ကာပူ စသည့်နိုင်ငံများသို့ သွားရောက်မှု ပိုမိုပြီး အိန္ဒိယနိုင်ငံသည်လည်း ဘုရားဖူးခရီးသွားများ အနေဖြင့်နှစ်စဉ် ရွေးချယ်သွားရောက်ရာ ခရီးစဉ်ဒေသတစ်ခု ဖြစ်လာခဲ့သည်။

အိန္ဒိယနိုင်ငံသို့ ဘုရားဖူးခရီးစဉ်များ သွားရောက်ရာတွင် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၏ စီစဉ်မှုဖြင့် သွားရောက်ကြပြီး အိန္ဒိယနိုင်ငံ၏ ခရီးသွားစာရင်းတွင် မြန်မာနိုင်ငံသည်လည်း ခရီးသွားများပြားသော နိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းဝင်လာခဲ့ကြောင်း ခရီးသွား လုပ်ငန်းလုပ်ကိုင်သူ မြန်မာလူမျိုးတစ်ဦးက ပြောကြားခဲ့ပါသည်။

Read more...

သုတအဖြာဖြာ ( ၁ )

( 7-1990 ) Myat Mingala

Read more...

လူတိုင်းသိထားသင့်တဲ့“ကံ”အကြောင်း

Wednesday, 15 December 2010 17:12 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

ကမ္မပစ္စည်း အပိုင်း(၁)T Z sayadaw (8)

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

ကမ္မပစ္စည်း ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း လက်သုံးထား ပြောဆို နေကြတဲ့ “ကံနဲ့ ကံရဲ့ အကျိုး”ဆိုတဲ့ စကားထဲက ကောင်းကျိုး ဆိုးပြစ်တွေကို ဖန်တီး ပေးနေတဲ့ ကံတရား အကြောင်းပါပဲ။

အံ့ဩဖို့ကောင်းတာကတော့ “ကံတရား”ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားပြီး တရင်းတနှီး ရှိသလောက် လက်တွေ့ ဘဝနယ်ပယ် မှာတော့ သူစိမ်း ပြင်ပြင် လျစ်လျူ ရှုခြင်း ခံနေရတဲ့ အချက်ပါပဲ။

ဒါနဲ့ ပတ်သက်လို့ ဂျပန်ဘုန်းတော်ကြီး တစ်ပါးရဲ့စကားကို ပြေးပြီး သတိရ မိပါတယ်။ ဂျပန်ပြည်၊ မေဂျီခေတ်လို့ခေါ်တဲ့ မေဂျီ ဘာသာရေးဂိုဏ်းကြီး အထွတ်အထိပ် ရောက်နေချိန်မှာ ဗုဒ္ဓဘာသာတရားက ဂျပန်ပြည်ကိုရောက်ပါတယ်။ ဘာမဆို ဝေဖန်စစ် ဆေးခွင့်မရှိဘဲ ပြောသမျှကို လက်ခံ ယုံကြည်ရမယ်၊ မယုံကြည်သူတိုင်း အပြစ်ရမယ်၊ ယုံကြည်သူ အကျိုးရမယ်ဆိုတဲ့ လက်တွေ့မဆန်တဲ့ ဘာသာရေး တရားတွေကြားမှာ “ ဘယ်သူမဆို အကန်းယုံ အရမ်းယုံနဲ့ လက်ခံစရာမလိုဘူး၊ ဆန်းစစ်ဝေဖန်ခွင့်ရှိတယ်၊ လက်တွေ့ကျင့်သုံး သူတိုင်းကိုယ်သိ မျက်မှောက် လက်တွေ့ခံစားနိုင်တဲ့ အကျိုးကို ရစေမယ်”လို့ ကြွေးကြော်ပြီး လက်တွေ့ကျင့်စဉ် နည်းလမ်းပါ အပြည့်အစုံပါရှိတဲ့ ဗုဒ္ဓဘာသာ တရားတော်ဟာ လက်တွေ့ကျကျကို လိုလားတောင့်တနေတဲ့ ဂျပန်လူမျိုးတို့အတွက် အံဝင်ကွက်တိ ဖြစ်စေတဲ့အတွက် အချိန်တိုတို အတွင်းမှာပဲ ဗုဒ္ဓဘာသာတရားက လူတော်တော်များများရဲ့ ပါးစပ်ဖျားမှာ အုတ်အော်သောင်းတင်း ဆိုသလိုဖြစ်ပြီး တစ်မုဟုတ်ချင်း ဆိုသလို ပျံ့နှံ့သွားပါတယ်။

ဒါကို မေဂျီဂိုဏ်းခေါင်းဆောင်ပိုင်းက မခံချိမခံသာ ဖြစ်လာပုံရပါတယ်၊ တစ်နေ့မှာတော့ မေဂျီဂိုဏ်းက အသက်ရှစ် ဆယ်ကျော်လောက် ရှိပြီဖြစ်တဲ့ ခေါင်းဆောင် ပုဂ္ဂိုလ်ကြီးတစ်ဦးက ဗုဒ္ဓဘာသာ ကျောင်းကိုသွားပြီး အကြီးအကဲ ဘုန်းတော်ကြီးကို “သင်တို့ ဗုဒ္ဓဘာသာက ဒီလောက်အထိ အုတ်အော် သောင်းတင်း ဖြစ်နေရအောင် ဘယ်လို တရားမျိုးတွေမို့လဲ၊ ပြောပြစမ်းပါ”လို့ မေးပါသတဲ့။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးက “ဗုဒ္ဓရဲ့အဆုံးအမ အကျဉ်းချုပ်ကတော့ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ် ကိုထား ဆိုတဲ့ အခြေခံသုံးချက်ပါပဲ” လို့ ပြန်ပြောတဲ့အခါ၊ မေဂျီဂိုဏ်းဆရာကြီးက “ဒါလေးများ တို့ ရှစ်နှစ်သားလောက်ကတည်းက သိပြီးသားပါ၊ ဘာများ ဆန်းလို့လဲ”လို့ ပြန်ပြောတယ်။

အဲဒီအခါမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ပြန်ပြောတဲ့စကားက “အေး ... ရှစ်နှစ်သား လောက်ကတည်းက သိထားပေမယ့် အခုအသက်ရှစ်ဆယ် ကျော်သည်အထိ မကျင့်သုံးနိုင်သေးဘူးမို့လား” တဲ့။

ဟုတ်ပါတယ်၊ အဲဒီ မေဂျီဂိုဏ်းဆရာကြီးချည်း မဟုတ်ဘူး၊ ဒီနေ့ ဗုဒ္ဓဘာသာဝင် တော်တော်များများလဲပဲ၊ အဲဒီ “ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ အခြေခံ အဆုံးအမ သုံးပါးကို ရှစ်နှစ်သားခန့် လောက်ကတည်းက နှုတ်တက်ရ နေကြပေမယ့် အသက်ရှစ်ဆယ်အထိ ဘာမျှ ပီပီပြင်ပြင် သရုပ်မဖော်နိုင်ကြသူတွေ ဖြစ်နေကြတုန်းပါပဲ။

မြတ်ဗုဒ္ဓရဲ့ အဆုံးအမ သာသနာတော်က လိုက်နာကျင့်သုံး သရုပ်ဆောင်ရမည့် သာသနာဖြစ်တယ်၊ ဗုဒ္ဓဘာသာဝင် အများစုကတော့ “ နှုတ်ဆောင် ဗုဒ္ဓဘာသာ ဝင်တွေကများပြီး သရုပ်ဆောင် ဗုဒ္ဓဘာသာဝင်ဦးရေက အတော်ကိုနည်းနေပါတယ်၊ ဇာတ်ညွှန်းကို ဇာတ်သရုပ်ထင်ပြီး နှုတ်တက် အာဂုံရွတ်နေကြရုံနဲ့တော့ ကောင်းမွန်တဲ့ ဘဝဇာတ်ထုပ် တစ်ခုဖြစ်မလာမှာ သေချာပါတယ်။ ပြောရမှာ အားနာစရာ ကောင်းလောက်အောင် ခက်နေတဲ့ ကိစ္စကတော့ သရုပ်ကိုသာ ပီပီပြင်ပြင် မဆောင်ချင်ကြတာ၊ ရချင်တဲ့ ဆုကတော့ အကယ်ဒမီ လောက်နဲ့တင် မတင်းတိမ်သေးဘူး ကမ္ဘာကျော်တဲ့ အော်စကာဆုအထိ တက်တောင်း နေတယ်ဆိုရလောက်အောင် “ နိဗ္ဗာန် မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရချင်တယ်”လို့ အော်တောင်းနေကြတဲ့ကိစ္စပါပဲ။

“ ကောင်းကျိုးတွေဆိုတာ ကုသိုလ်ကံရှိသူတွေနဲ့ ထိုက်တန်ပါတယ်ဆိုရင် ဒီနေ့ကမ္ဘာမှာ အခြားဘာသာဝင်နိုင်ငံတွေက ချမ်းသာ မှုအထွတ်အထိပ် ရောက်နေပြီး ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ နိုင်ငံတွေက ဘာကြောင့် အဲဒီလိုမဖြစ်ကြတာလဲ” ဆိုတဲ့ မေးခွန်းကို မေးလေ့ ရှိသူများအနေနဲ့ ကိုယ်ကိုယ်တိုင်ရော သရုပ်ဆောင် ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ပြီးလားဆိုတာ ပြန်လည်သုံးသပ်မိကြဖို့ပါ။ တချို့ဆို “ သူများ ယောင်လို့ယောင် အမောင်တောင်မြောက်မသိ” ဆိုသလို ချပေးတာလိုက်ဆို၊ ရှိခိုးဦးတိုက် လုပ်ဟဲ့ဆိုလို့သာ လိုက်လုပ်နေကြပေမယ့် ပင်ကိုယ် သဒ္ဓါတရားတို့ ကိုယ်ပိုင်အသိတို့နဲ့ကျတော့ နှုတ်နဲ့တောင် ဖြောင့်ဖြောင့် မဆောင်နိုင်ကြ သေးတာဟာ မနုဿတ္တဒုလ္လဘ၊ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ ရခိုက် ကြုံခိုက်ဆိုတဲ့ ပင်ကိုအခြေခံကောင်းကြီးနှစ်ခုအတွက် အလွန်နှမြောစရာကောင်းတဲ့ အချည်းနှီးဖြစ်မှုကြီးတစ်ခုပါပဲ။

ဒါကြောင့် ကံတရား လို့ခေါ်တဲ့ ကမ္မပစ္စည်းနဲ့ ပတ်သက်လို့ ကောင်းကောင်းကြီး သဘောပေါက်အောင် လေ့လာစေချင်ပါတယ်။

ဒီကမ္မပစ္စည်းကို အဋ္ဌကထာဆရာတော်ကြီးများက သစ်ပင်တို့ရဲ့ အခြေခံဖြစ်တဲ့ “မျိုးစေ့”နဲ့ ဥပမာပေးပါတယ်၊ ဒါကို ပရမတ္ထ သရူပဘေဒနီကျမ်းပြု ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီးက -

(၁) “ ကမ္မပစ္စ္စေယော = သစ်ပင်တို့အား၊ မျိုးစေ့လားသို့၊ ကြွင်းငြားတူလတ်၊ သဟဇာတ်နှင့်၊ ကဋတ္တာဝိပါက်၊ ဤနှစ် ချက်အား၊ တစ်ဆယ့်ငါးတွင်၊ အားပါးထုတ်ထ၊ လုံ့လသည်းစွာ၊ အမူအရာ ဟူသော ကမ္မသတ္တိထူးဖြင့်၊ ကျေးဇူးပြုခြင်း လက္ခဏာရှိသော၊ သဟဇာတ် စေတနာဟူသော သဟဇာတကမ္မ၊ အတိတ်ကုသိုလ် အကုသိုလ် စေတနာဟူသော နာနက္ခဏိက ကမ္မနှစ်ပါး ပစ္စည်းတရား၎င်း” လို့ မြန်မာ အနက် ယောဇနာတော်မူခဲ့ပါတယ်။

ကမ္မပစ္စည်းက သဟဇာတကမ္မပစ္စည်းနဲ့ နာနက္ခဏိကပစ္စည်းလို့ နှစ်မျိုးရှိပါတယ်၊ ကောင်းမှု မကောင်းမှုတွေကို ပြုလုပ်တဲ့ အခါမှာ ကောင်းမှု ပြုခိုက် ကောင်းတဲ့စိတ်ကလေးဖြစ်တယ်၊ မကောင်းမှုပြုခိုက်မကောင်းတဲ့ စိတ်ကလေးဖြစ်တယ်။ အဲဒီလို စိတ် ကလေးဖြစ် နေခိုက်မှာ စိတ်ကသာ တစ်ခုတည်းဖြစ်တာ ဒီစိတ်နဲ့အတူ ဒီစိတ်ကလေးကို ဝိုင်းဝန်းပုံဖော်ပေးကြတဲ့ စေတသိက် တရားတွေကတော့ အများအပြား ပါဝင်ပါတယ်၊ ကောင်းတဲ့ ကုသိုလ်စိတ်ကို ဝိုင်းဝန်းပုံဖော်ပေးတဲ့ စေတသိက်တရားတွေက အများဆုံး (၃၈) ပါးလောက်ပါတယ်၊ အကုသိုလ်စိတ်ကို ပုံဖော်ပေးတဲ့ စေတသိက်တွေက (၂၇) ပါးရှိပါတယ်၊ ဖြစ်တဲ့စိတ် အမျိုးအစားအလိုက်အရေအတွက် လျော့တာတော့ ရှိတာပေါ့၊ ကုသိုလ်စိတ်မှာပဲ ဖြစ်ဖြစ်၊ အကုသိုလ်စိတ်မှာပဲ ဖြစ်ဖြစ်၊ တခြား ဝိပါက်ကြိယာစိတ်တွေမှာပဲ ဖြစ်ဖြစ်၊ စိတ်တစ်ခု ဖြစ်တိုင်းအမြဲပါဝင်ရတဲ့ စေတသိက်က (၇) ပါးရှိပါတယ်၊ စိတ်တိုင်းနဲ့ ဆက်ဆံပါဝင်တဲ့အတွက် သဗ္ဗစိတ္တ သာဓာရဏ စေတသိက် များလို့ ခေါ်ပါတယ်၊ အဲဒီ (၇)ပါး ထဲမှာမှ အဓိကအရေးပါဆုံးက “စေတနာ”စေတသိက်ပါ။

“စေတနာ”ဆိုတာ ကောင်းစိတ်၊ မကောင်းစိတ် တွေကို ဖြစ်ပေါ်လာအောင် စေ့ဆော်စည်းရုံးပေးတဲ့ စေတသိတ်တရားပါပဲ၊ သူ့ကို စည်းရုံးရေး တရားလို့ဆိုရင်လဲ မမှားပါဘူး။ ကောင်းတဲ့စေတနာလေး ဖြစ်ပေါ်လာရင် ကောင်းတဲ့စိတ်ကလေးနဲ့ ဝိုင်းဝန်းပုံဖော် ပေးမည့် ယှဉ်ဘက် စေတသိက်တွေလည်း တစ်ပြိုင်နက် ပူးပေါင်း ပါလာတာပါပဲ။ အဲဒီလိုကောင်းတဲ့ စိတ်ကလေးတွေ ဖြစ်လာတာနဲ့အတူ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေဆိုတာလဲ တစ်ပြိုင်နက်ပဲ ဖြစ်ပါတယ်။

စိတ်ကောင်းလေး ဖြစ်နေတဲ့အခါမှာ အသားအရေတွေ၊ အထူးသဖြင့်တော့ မျက်နှာက ကြည်လင်ဝင်းပနေတယ်။ မကောင်းတဲ့ စိတ်တွေဖြစ်တဲ့အခါ မျက်နှာနီမြန်း၊ ပုပ်သိုးပြီး မျက်နှာကြောတင်းတင်းကြီးတွေ ဖြစ်နေတယ်ဆိုတာ အဲဒီဆိုင်ရာစိတ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တွေ ခန္ဓာကိုယ်မှာ ပြန့်နှံ့လာတဲ့အတွက်ကြောင့် ဖြစ်ရတာပါ။ မြတ်စွာဘုရားရှင် ပဋ္ဌာန်းဒေသနာ တော်ကြီးကို သုံးသပ်ဆင် ခြင်တော်မူတဲ့အခါ တစ်ကိုယ်လုံးက ရောင်ခြောင်တော်တွေ ကွန့်မြူးတယ်ဆိုတာဟာလည်း အဲဒီ စိတ္တဇရုပ်တွေ ပြန့်နှံ့ပြီး အရောင်တွေ ထွက်တာပါပဲ။ စိတ်တော်အစဉ်မှာ အစွမ်းကုန်ကြည်လင်တောက်ပတဲ့ ဉာဏ်တော်နဲ့ တွဲယှဉ်မိတဲ့အခါ စိတ်တော်လည်းအထူးကြည်လင် တောက်ပသလို စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေကလည်း ကြည်လင်တောက်ပပြီး ပင်ကိုအခံအရောင်အတိုင်း ညိုတဲ့ အရောင်ရှိတဲ့ မျက်ခုံးတော်တို့က ညိုတဲ့ရောင်ခြည်တွေ၊ ဖြူဖွေးတဲ့ သွားတော်လို နေရာမျိုးက ဖြူတဲ့ရောင်ခြည်တွေ၊ နီမြန်းတဲ့ နှုတ်ခမ်း တော်လို နေရာမျိုးက နီတဲ့ရောင်ခြည်တွေ စသည်ဖြင့်ပေါ့။ အဲဒီမှာ စိတ်ရယ် စေတသိက်တွေရယ်၊ စိတ္တဇရုပ်တွေရယ် တစ်ပြိုင်နက်ဖြစ်ကြတာ ပါ။

အဲဒီဖြစ်စဉ်ထဲမှာ စိတ်တစ်ခုအတွင်းမှာပါဝင်တဲ့ “စေတနာ”စေတသိက်ကလေးကို “သဟဇာတကမ္မ”လို့ ခေါ်တာပါ။ ဒီအခိုက်မှာ စိတ်ကောင်း စေတနာကောင်း ကံကောင်းလေးလို့တော့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တခြားကောင်းကျိုးဆိုးပြစ်လို့ လူသိ များတဲ့ အကျိုးတွေကိုတော့ မဖြစ်စေနိုင်သေးပါဘူး၊ ကံမျိုးစေ့ဖြစ်ထွန်းအောင် ကျေးဇူးပြုနေဆဲ အခိုက်အတန့်သာ ဖြစ်ပါသေးတယ်။

ဒီအခိုက်မှာရှိတဲ့ စေတနာလေးကိုတော့ အတူဖြစ်ဘက် တရားတွေကို ဖြစ်ပေါ်အောင်သာ ကျေးဇူးပြုပေးတာဖြစ်လို့ သဟဇာတကမ္မလို့ခေါ်ရတာပါ။ ဆရာတော်ကြီး အနက်ပြန်တဲ့အထဲ “ကြွင်းးငြားတူလတ်၊ သဟဇာတ်နှင့်” ဆိုတာ ဒီသဟဇာတကမ္မပစ္စည်းရဲ့ အကျိုးဖြစ်တဲ့ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တွေကို ပြောတာပါပဲ။

အဲဒီလို ဖြစ်ပေါ်ပြီးလို့ ကံမျိုးစေ့အောင်မြင်သွားပြီ ဆိုတော့မှ ဒီကံမျိုးစေ့က ကောင်းကျိုး မကောင်းကျိုး လို့ခေါ်တဲ့ ဝိပါက် စိတ်တွေနဲ့ ကံကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်တရား အပါအဝင်ရုပ်ဝတ္ထုပစ္စည်းတွေကို ဖြစ်စေတာပါ။ ဗုဒ္ဓဘာသာဝင်တို့ ပြော ဆိုနေကြတဲ့ “ကံကောင်း ကံဆိုး” ဆိုတာ အဲဒီမျိုးစေ့အဖြစ် အောင်မြင်ဖြစ်ပေါ်တဲ့ ကံကို ခေါ်တာပဲ၊ အဲဒီမှာလည်း အဓိကအားဖြင့် စေတနာကပဲ ပြဋ္ဌာန်းတာဖြစ်လို့ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ = စေတနာကို ကံလို့ ငါဘုရားဟောတယ်”ဆိုပြီး မိန့်ကြားတာပါ။

ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့် မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

၂၀၁၀-ခု၊ ဒီဇင်ဘာလ ၁၅-ရက်၊ ဗုဒ္ဓဟူးနေ့။

Read more...

အမေအို မျှော်ရှာရော့မယ်

(၁)

ညတစ်ည။ အိပ်မပျော်သောညတစ်ည။ လသာသော ညတစ်ညပါပေ။ အိပ်အပေါ်ဆုံးထပ် လသာ ဆောင်မှာ လမ်းလျှောက်ရင်း ဘေးဝဲယာ အဆောက်အဦးတွေကို ငေးမောရင်း အတွေးနယ်ချဲ့ နေမိသည်။ ကျောင်းသားသစ်ဖြစ်ခါစမို့ အဆောင်မရသေးတော့ ဗာရာဏသီ (B.H.U) တက္ကသိုလ်၏ မလှမ်းမကမ်းတွင် အိမ် ငှါးနေရသည်။ ကုလားပြည်၏ ထုံးစံအရ အိမ်ဆောက်လျှင် ဘယ်တော့မှ အဆုံးလည်းမသတ် အမိုးလည်းမမိုး။ ထို့ကြောင့်မို့ လသာသည့်ညမျိုးတွင် အပေါ်တက်လမ်းလျှောက်ရင်းအိပ်မောကျနေသည့် ဗာရာဏသီမြို့ကြီးကို အထက်စီးကနေကြည့်ပြီး အတွေးနယ်ချဲ့ရတာ အလွန်အရသာရှိလှသည်။ အိမ်နှင့်ဝေးနေကြသူများမို့ အိမ် အကြောင်း တွေးပြီး လွမ်းနေရလျှင် အချိန်တို့ ဘယ်လိုကုန်သွားသည် မသိလိုက်ရ။

ထည်ဝါခန့်ငြားလှသည့် ရပ်ကွက်ထဲက အိမ်နီးနားချင်း တိုက်ခန်းများတွင်လည်း မီးရောင်ဟူ၍ မတွေ့ရ တော့။ တစ်မြို့လုံးလည်း တိတ်ဆိတ်ငြိမ်သက်နေလေပြီ၊ အဖော်မွန်ဟူ၍ မျက်စောင်းထိုး (B.H.U) ခြောက် ထပ်ဆေးရုံကြီးသာရှိတော့သည်။

လူသားတို့၏ ချို့ယွင်းနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို(၂၄)နာရီမနားတမ်းပြုပြင်ပေးနေသော ထိန်ထိန်ပြောင် လျှပ်စစ်မီးရောင် အောက်က(B.H.U) ဆေးရုံတစ်ခုသာ နာကျင်ငြီးတွားနေသည့် လူနာများ ဟိုဟိုဒီဒီပြေးလွှားနေကြသည့် သူနာပြုဆရာမလေးများ၏ ပုံရိပ်များနှင့် သက်ဝင်လှုပ်ရှားကျန်ရှိနေပေတော့ သည်။ ၀ိုးဝိုးဝါးဝါးဆေးရုံပုံရိပ်များကို ကြည့်မျှော်အဖော်ပြုရင်း တခါတရံများတော့စူးစူးဝါးဝါးအော်ငိုသံများကို ကြားရတတ်လေသည်။

ယူကျုံးမရ နာကျင်ကြေကွဲသံများကို ကြားရသည့်အခါ စိတ်ထဲမှာမချမ်းသာလှ။ အတွေးနယ်ချဲ့ချင်စိတ် လည်းမရှိတော့။ အသံလာရာဆီငေးမောကြည့်မိပြန်တော့ လူသေအလောင်းထုတ်လာသည့်လှည်းဖြင့် အပူသည်ဆွေမျိုးသားချင်းတစ်စုသာ မြင်ကွင်းတွင် ပေါ်လာပြန်လေသည်။ ထိုသောအခါ “အော်..သဗ္ဗံ ဇီဝိတံ မရဏပရိယောသာနံ- အသက်ရှင်နေရတဲ့ သတ္တ၀ါအားလုံးဟာ သေဆုံးခြင်းနဲ့အဆုံးသတ်ကြပါလား…” ဟု တဒင်္ဂ တခဏတော့ သံဝေဂဖြစ်မိပြန်သေးသည်။

သေမျိုးမို့ သေကြရသည့်တိုင်လူသားတို့ရင်ထဲက သံယောဇဉ်အမျှင်တန်းကတော့ အလွမ်းဇာတ်ကို အတောသတ်နိုင်ကြလိမ့်မည်မဟုတ်။ ချစ်သောသူတို့ ကွေကွင်းရခြင်း သောကကိုရင်မှာပိုက်၍ ဘယ်တော့မှ မရိုးနိုင်သောလွမ်းဇာတ်အခန်းဆက်ကိုဆက်လက်ကကြပေဦးမည်။ ထိုသို့သော မြင်ကွင်းများက ရွာမှကျန်ရစ် သည့် အမေအိုကို သတိရစေမိတော့သည်။ အော်… အမေအို နေထိုင်လို့ကောင်းမှကောင်းပါလေစ..။ ခုဆို အမေအို အသက်(၇၀)ကျော်ပြီမို့ ဆံပင်တွေဖြူလို့ ခါးလည်းပဲကိုင်းနေပေပြီ။ ဇရာရဲ့သင်္ကေတတွေ အမေအိုမှာ ပြည့်လို့နေပေပြီ။

သည်လိုညမျိုးတွင် နှစ်ခြိုက်စွာ အမေအိုအိပ်၍ ပျော်မှပျော်ပါလေစ။ တရေးနိုးသည့် အခါတိုင်းအဝေး ရောက်သားရဟန်းအကြောင်းကို အမေအိုတွေးတောကောင်းတွေးတောနေပေလိမ့်မည်။ အိပ်ရေးပျက်သောည ပေါင်းလည်း များကောင်းများနေပေလိမ့်မည်။ သားသမီး(၆)ယောက်ရှိသော်လည်း အခုတော့ အမေအိုနားမှာ တစ်ယောက်မှမရှိကြတော့ပါ။ အတောင်အလက်စုံသောအခါ ကိုယ့်အသိုက်အအုံနှင့် ကိုယ်ဖြစ်ကုန်ကြပြီ။ သားသမီးများ၏ မနိုင်ဝန်ကို ထမ်းလို့ကြမ်းတမ်းသော ဘ၀ခရီးလမ်းကို အမေအို လျှောက်လှမ်းခဲ့ရသည်။ သို့သော်.. သူ့ဝန်ကိုတော့ မည်သူထမ်းပေးပါဟု အမေအိုက မတောင်းဆိုခဲ့။

ထို့ကြောင့်ပင် မိဘမေတ္တာဟူသည် “ အစုန်သာရှိပြီး အဆန်မရှိ” ဟု ရှေးပညာရှိများဆိုမိန့်ခဲ့ကြတာ ဖြစ်ပေလိမ့်မည်။

ညစဉ်တိုင်း လျှပ်စစ်မီးရောင် ကင်းမဲ့နေသော တောင်ပေါ်ရွာလေး၏ မတောက်တတောက်ရေနံဆီ မီးရောင်အောက်မှာ အမေအိုတစ်ယောက် သားသမီးများအကြောင်းကို တစ်ယောက်ပြီးတစ်ယောက်တွေးနေရှာ ပေလိမ့်မည်။ မမြင်ဝိုးတ၀ါး မှောင်မိုက်နေသော ညအခါမျိုးတွင် စမ်းတ၀ါးဝါး အမေအိုမျှော်နေရှာတော့မည်။ အမေအိုအဆင်ပြေမှပြေပါလေစ…။

မှတ်မိသေးသည်။ သီရိလင်္ကာမှ မြန်မာပြည်ခဏပြန်လာသည့်အခါ ရွာကိုချက်ချင်း မပြန်ဖြစ်။ ရန်ကုန် တွင် ဗီဇာကိစ္စဖြင့် နှစ်ပတ်ခန့်မျှ မန္တလေး မတ္တရာ စစ်ကိုင်းတွင် (၁၀)ရက်ခန့်မျှ ကြာသွားသည့်အခါ သားတော်မောင် ပြန်လာမည့်ရက်ကို ဒီနေ့ဖြစ်လိမ့်နိုးနိုး မနက်ဖြန်ဖြစ်လိမ့်နိုးနိုး အမေအိုက စောင့်မျှော် နေရှာသည်။ ရောက်သင့်သည့်အချိန် သားရဟန်း မရောက်လာသည့်အခါ အမေအိုခမျာ စိတ်ပေါက်ပေါက်ဖြင့် မလာချင်လည်းနေတော့ဟု စိတ်ဒုံးဒုံးချလိုက်ကြောင်း ပြောပြမှသိရသည်။သို့သော် အမှန်တစ်ကယ် သားရဟန်း ပြန်လာလာမည့်ညတွင် တစ်ညလုံးမီးလှုံရင်း အမေအိုစောင့်မျှော်နေခဲ့ပါသည်။

ကားအခက်အခဲကြေင့် မနက်မိုးလင်းမှရောက်သည်။ သားရဟန်းရောက်လာတော့မှ (၁) နာရီလောက် မှေးပြီး သားရဟန်းအတွက် အရုဏ်ဆွမ်းထချက်ခဲ့သည်။ သားရဟန်းကို စောင့်မျှော်ရင်းမနက်မိုးလင်းခဲ့ရသည့် အမေအို၏ စကားသံကို ပြန်ကြားယောင်ရင်း မိမိအတွက်အမေအိုအိပ်ရေး ထပ်မပျက်ပါစေနှင့်ဟုသာ အကြိမ် ကြိမ်အခါခါ ဆုတောင်းနေရသည်။

(၂)

မိမိဘ၀တစ်လျှောက်လုံး လူရယ်ဟုသိတတ်သည့်အရွယ်မှစကာ မိခင်နှင့်ခွဲခွါပြီး နေခဲ့ရသဖြင့် မိဘမေတ္တာကို သိသာသိပြီး လက်တွေ့မှာတော့ ခံစားခွင့်များများမရခဲ့။ ခံစားခွင့်ရခဲ့စေဦးတော့ အသိဉာဏ် နုနယ်စဉ် ကလေးဘ၀မို့ မိဘမေတ္တာ အတိမ်အနက်ကို အကဲမဖြတ်နိုင်ခဲ့။ ၁၁-နှစ်သာအရွယ် သာမဏေ ဘ၀နှင့် မြို့ကိုပညာသင်သွားမည် ဆိုသောအခါ အမေအို မျက်နှာသိပ်မသာယာခဲ့။ သို့သော်လည်းသားကိုရင်၏ ကောင်းရာမွန်ရာလုပ်ရပ်မို့ အမေအိုတားမြစ်စကားမဆိုခဲ့။ တောမှာမွေးပြီး တောမှာပဲ တစ်သက်လုံးနေထိုင်လာ သူမို့ မြို့အကြောင်း အမေအိုကောင်းကောင်းမသိခဲ့။ သိမည်ဆိုစေဦးတော့ မြို့ဆိုတာ တောထက်သာတယ် ဆိုသည့် အသိထက်ပိုမည်မထင်။ သားကိုရင်ကို ကောင်းစားစေချင်သော ဆန္ဒမွန်တစ်ခု ဖြင့်သာ အမေအို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မြို့ကိုရောက်၍ စစ်ကိုင်း မန္တလေးမြို့ကြီးများတွင် ပညာသင်အပေါင်းအသင်းများ ပျော်ပျော်ရွှင် ရွှင်နေရပြန်တော့ ရွာအမေအိုကို သိပ်သတိမရတော့။ အကြောင်းတိုက်ဆိုင်၍ သတိရပြန်တော့လည်း ရံဖန်ရံခါ ထက်မပိုခဲ့။ ပထမကြီးတန်းရောက်သည့်နှစ်ကို သတိရနေမိသေးသည်။ အရွယ်အားဖြင့်လည်း ရဟန်းတက်ရ တော့မည်။ သည်ကြားထဲ အမေအိုနှင့် ရွာကို သတိရရုံစာရေးရုံကလွဲ၍ တစ်ကြိမ်တစ်ခါမျှ ရွာပြန်မရောက်ခဲ့။ အမေအိုလည်း အခုလောက်ဆို သားတော်မောင်ကို တွေ့ချင်ရှာတော့မည်။ ကိုယ်ကပြန်သွားပါမှ အမေအို အပါအ၀င် ညီအကိုမောင်နှမ ဆွေမျိုးသားချင်း သူငယ်ချင်းများကို စုံစုံလင်လင်တွေ့နိုင်ပေမည်။ တောသူ တောင်သားများအတွက် မြို့ကိုရောက်ဖို့ ဆိုသည်မှာမလွယ်ကူလှ။ “ ငါကပဲ ရွာပြန်မှဖြစ်မည် ဒီနှစ်တော့ ရွာကို ငါပြန်ဖြစ်အောင် ပြန်မည်” ဟု အထုပ်အပိုးပြင်ကာ တပေါင်း တန်ခူးအလွန်ပူပြင်းသည့် အညာနွေအပူဒါဏ် အောက်တွင် အမေအိုရှိရာ ဇာတိရွာသို့ထွက်လာခဲ့သည်။

မိမိမွေးဖွားရာ ဇာတိရွာက မြန်မာပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ တိုင်းအားဖြင့် မကွေးတိုင်းတွင် ပါရှိသော်လည်း ချင်းတောင်တန်းနှင့် ဆက်စပ်နေသည့်အတွက် ချင်းတိုင်းရင်းသားတို့ ၀င်ထွက်သွားလာလေ့ရှိသော မြို့ကလေးလည်းဖြစ်သည်။ အောက်ပိုင်းလူများကတော့ တောင်ယောဟုသတ် မှတ်ကြသည်။ မင်းတုန်းရှင်ဘုရင်လက်ထက်က လောင်းရှည်မိဖုရားကြီးကို အပိုင်စားပေးထားသည့်အတွက် လောင်းရှည်မြို့ဟု အမည်တွင်ကြောင်း ရွာကရှေးလူကြီးအချို့ပြောသည်ကို မှတ်သားဖူးသည်။ အိပ်ခြေအားဖြင့် (၇၀၀) ခန့်ရှိမည်ထင်သည်။ ရွာသားတို့သည် ဘိုးဘွားအစဉ်အဆက် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြပြီး ဘာသာတရားကို အမြတ်တနိုး အားထားကိုးကွယ်ကြသည်။

ဆရာတော် သံဃာတော်တို့၏ စကားကိုလည်း မြေ၀ယ်မကျ နားထောင်ကြ၍ မြန်မာလူမျိုးတို့၏ ရှေးဟောင်းဓလေ့ ထုံးတမ်းစဉ်လာတို့ကိုလည်း မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ တိုက်တာအဆောက်အဦးကြီးများ ထည်ဝါသောလျှပ်စစ်မီးများနှင့် ခမ်းခမ်းနားနား မနေနိုင်စေကာမူ တောင်ပေါ် သူ တောင်ပေါ်သားတို့၏ ရိုးသားဖြူစင်မှု ဧည့်ဝတ်ကျေပွန်မှု ယဉ်ကျေးပြူငှါ နွေးထွေးစွာဆက်ဆံတတ်မှုများ နှင့် ဘယ်တော့မှဟောင်းနွမ်းမသွားသည့် ပင်ကိုယ်သဘာဝ တောတောင်ရေမြေအလှများကတော့ မြို့ကြီးပြကြီး များတွင် ပိုက်ဆံပေးဝယ်မရသည့် ယောဒေသ၏ ဘိုးဘွားအမွေအနှစ်များပင်ဖြစ်သည်။

အမေအိုကိုတွေ့ချင်ဇောဖြင့်သာ ရွာကိုပြန်လာခဲ့ရသည်။ (၁၁) နှစ်သားအရွယ် ရွာကထွက်လာပြီးက တည်းက တစ်ခါမှမပြန်ခဲ့ဖူးသည်မို့ ဘယ်ကားကဘယ်ရောက်လို့ ဘယ်ကနေဘယ်ကိုစီးရမှန်းမသိ။ မန္တလေးနှင့် ချောက်ကိုတော့ မြသုံးလုံးကားစီးလျှင် ရောက်မည်ဆိုတာကိုသိသည်။ သို့သော်..ချောက်ကိုရောက်လျှင်ဘာ ဆက်လုပ်ရမည်နည်း…။ ချောက်ကိုရောက်ပြန်တော့ စမ်းတ၀ါးဝါး ဟိုမေးသည်မေးဖြင့် ဆိပ်ဖြူဘက်သို့ မြင်းလှည်းဖြင့်ကူးရပြန်သည်။ ဆိပ်ဖြူဘက်ကိုရောက်ပြန်တော့လည်း အသိအကျွမ်းအိမ်လည်းမရှိ တည်းခိုခန်း လည်းမရှိ ရွာကားဂိတ်ရယ်လို့လည်းသတ်သတ်မှတ်မှတ်မရှိ။ ဟိုဟိုဒီဒီသွားမေးဖို့ဆိုပြန်တော့ ရွာကတူ တူမများ အတွက်ဝယ်လာသည့် လက်ဆောင်ချင်းက ကန့်လန့်ကန့်လန့်နှင့် သွားလေရာသယ်လို့မဖြစ်။

အင်း….ခက်တော့ခက်ခြေပြီ စိတ်ပျက်စွာလမ်းဘေးက ဇရပ်ပျက်တစ်ခုပေါ်တွင် ခဏနားနေမိသည်။ ကံအားလျှော်စွာ ခရီးသည်လိုက်ရှာနေသည့် ရွာကကုန်ကားနှင့်တိုးတော့သည်။ ရင်ထဲကအလုံးကြီးကျသွားပြီး ရွာသွားမည့်ကားဟုသိသည်နှင့် ဘာမှမပြောတော့ဘဲ လူရော ပါလာသည့်အိတ်များပါ အကုန်လုံးပြစ်တင်ပြီး စီးလာခဲ့သည်။ အစကတော့ ကိုယ့်ဇောနှင့်ကိုယ်မို့ ရွာကိုသွားမည့် ကားတွေ့ဖို့သာ အရေးကြီးသည်။ ကျန်တာဘာမှထည့် မတွက်ခဲ့။ အချိန်အတော်ကြာအောင်စီးမိတော့မှ ရွာကားစီးရတာအဆင်မပြေလှကြောင်း သိလာရသည်။ ကုန်ပစ္စည်းများပေါ်ထိုင်လိုက်ရသည်မို့ အဆင်ပြေအောင်ခဏခဏ ပြင်ထိုင်ရသည်။ ဘေးခရီး သည်ကိုအားနာတော့ မနေနိုင်တော့မှ ပြင်ထိုင်ရပြန်သည်။

“အော်….ရွာပြန်ရတဲ့ဒုက္ခ…တယ်မသေးပါလားနော်..” ဟုလည်း စိတ်ထဲက အောက်မေ့မိသည်။ သို့သော် သတိကတော့ လက်မလွတ်ရဲ။ အမှတ်တမဲ့ ကားဘရိတ်အုပ်လိုက်လို့ ပြုတ်ကျခဲ့မှအခက်။ ကားက အမိုးကလည်းမပါ အကာကလည်းမရှိဆိုတော့ လက်က ကားကိုင်းကိုမြဲမြဲကိုင်ထားရသည်။ ထိုအခိုက်လမ်းဘေး ရွာကဖွင့်လိုက်သော သီချင်းသံကနားထဲသို့ ပြန့်လွင့်လာသည်။

“ လှည်းလမ်းကြောင်းတစ်လျှောက်xxxx ဖုန်လုံးကြီးတွေxxxx တလိပ်လိပ်တက်တာမြင်ယောင်သေး တော့သည်xxxx အညာဋ္ဌာနီ တခါလာမည်xxxx ကျနော့်အတွက်တော့ မေ့မရပါလေပြီxxxx ” အဆိုတော် သန်းထွန်းလေးရဲ့ သီးချင်းဖြစ်သည်။ သီချင်းကိုနားစိုက်နေရင်း “ အင်း…..ငါ့အတွက်တော့ ကားလမ်းကြောင်း တစ်လျှောက် ဖုန်လုံးကြီးတွေxxxx တလိပ်လိပ်တက်တာမြင်ယောင်သေးတော့သည်xxxx တောင်ပေါ် ရွာဆီxxxx တစ်ခါပြန်လာသည်xxxx ကျနော့် အတွက်တော့မေ့မရပါလေပြီxxxx ” ဟု ပြောင်းဆိုရမည့်ကိန်း ဆိုက်နေပြီဆိုသောအတွေးဖြင့် ကိုယ့်ဟာကိုယ် ပြုံးစိစိဖြစ်မိသည်။

တစ်ကယ်လည်းဟုတ်သည် ကားရပ်လိုက်တိုင်း တစ်လိပ်လိပ်တက်လာသော ဖုန်လုံးကြီးများအောက် တွင်လူရောကားပါ ပျောက်မတတ်ဖြစ်ခဲ့ရသည်။ ရွာပြန်မည်ဆိုပြီး ထုတ်လာခဲ့သော ရှိုးစမိုးများပင် ဘယ်ကို ရောက်ကုန်သည်မသိတော့။ ဖုန်ရုပ်သာပေါက်နေတော့သည်။ မည်သို့ပင်ဖြစ်စေ တောအလျှိုလျှို တောင်အထပ် ထပ်ကိုကျော်ဖြတ်၍ ရွာကိုရောက်သွားခဲ့ပါသည်။ ရွာကိုရောက်တော့ အချိန်အားဖြင့် ညနေငါးနာရီဝန်းကျင် လောက်ရှိမည်ထင်သည်။ အမေအိုတစ်ယောက် အိမ်ရှေ့ရေတိုင်လေးမှာ ရေခပ်နေသည်ကို အဝေးကလှမ်းမြင် နေရသည်။ သို့သော်…. အမေအိုကတော့ သားဖြစ်သူကို ကျောပေးထားသဖြင့် မမြင်သေး။ အနီးအနားရောက် တော့မှ အိမ်နီးနားချင်းတွေက အမေအိုကို လှမ်းအော်ပြောကြသည်။

အရီး….အရီး….

“ဟောဒီမှာ အရီးသား ကိုရင်ပြန်လာတယ်” ဆိုတော့မှ လုံချည်တိုတိုနှင့် ရေအိုးပင့်မည့်ဟန်ပြင်နေ ရာမှ အမေအိုက လှမ်းလာနေသော သား ကိုရင်ကိုတွေတွေကြီး ရပ်ကြည့်နေရှာလေသည်။ မတွေ့ရတာ ကြာပြီ ဖြစ်သည့် သားကိုရင်ကို ဗြုန်းကနဲ တွေ့လိုက်ရ၍ ၀မ်းသာလွန်းသည်လား။ သို့မဟုတ် အသက်ကြီးပြီဆိုတော့ မျက်စိမှုန်နေလို့အမြင် မသဲကွဲတော့တာလား မပြောတတ်။ မိနစ်အတော်ကြာသည်အထိ အမေအိုထံမှ ဘာသံမှ ထွက်မလာခဲ့။ အတော်လေးကြာတော့မှ လေးလေးတွဲ့တွဲ့အသံနဲ့…

“အော်….. ကိုရင်ကြွလာတာကိုး…..”

“အိမ်ပေါ်ကြွ…. ကိုရင်….”

ဆိုပြီး အိမ်ပေါ်ပင့်လို့ အပေါ်ရောက်လာတော့မှ သောက်ရေသုံးရေနှင့် နားစရာအိမ်စရာ သားကိုရင် တွက် အမေအိုစီစဉ်ပေးခဲ့သည်။ ရွာမှာနေ၍ အမေ့အရိပ်ခိုရစဉ်ကာလ မြို့ပြစာသင်သားဘ၀ ဆင်းရဲခဲ့သမျှ အတိုးချကာ ဇိမ်ကျချင်တိုင်း ကျနေပေတော့သည်။ အရုဏ်လည်း အရုဏ်မို့ နေ့ဆွမ်းဆိုလည်း နေ့ဆွမ်းမို့ လိုလေသေးမရှိစေရ ညီအကို မောင်နှမ ဆွေမျိုးသားချင်းများ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ ရွာသူ ရွာသားများ ကလည်း ၀ိုင်းဝန်းစောင့်ရှောက်ပေးခဲ့ကြသည်။ အမေအိုကလည်း သားတော်မောင် ငယ်ကတည်း က ကြိုက်တတ်သော ဟင်းများကို တတ်သမျှမှတ်သမျှ အကောင်းဆုံးဖြစ်အောင် ချက်ပေးရှာသည်။ ငယ်ကြိုက် ဖြစ်သော ဟင်းခြောက် (ဆတ်သားခြောက်) ဆိုလျှင် နေ့စဉ်နှင့်အမျှ မပြတ်စေရ။ ချက်တစ်ခါ ကြော်တစ်လှည့် အသုတ်တစ်မျိုး မရိုးရအောင် စီမံပေးရှာသည်။

“ ကိုရင်က ငယ်ငယ်ကတည်းက ဟင်းကောင်းမပါရင် ထမင်းစားတတ်တာမဟုတ်ဘူး ” ဟုလည်း ပါးစပ်ကတဖွဖွပြောရှာသေးသည်။ သို့ပေမယ့် သားတော်မောင်ကိုရင်က မြို့မှာအနေကြာ၍ မြို့စိတ်ပေါက်ကာ အမေ့လက်ရာကို မြို့ကဟင်းများလောက် ခံတွင်းမတွေ့တော့တာကိုတော့ အမေအိုမသိရှာခဲ့။

“ ကိုရင်……”

ဟင်းတွေကုန်အောင် ဘုဉ်ပေးလေ..။

ရက်တွေကြာရင် ကောင်းမှာမဟုတ်တော့ဘူး ဟုလည်း ခဏခဏ အမေအိုပြောတတ်ပြန်သေးသည်။ အမေ့ အားနာသနားစွာ အမေ့လက်ရာကို မြည်းကြည့်ပြန်တော့လည်း လျှာနှင့်သွားများက ဆန္ဒပြကာ အမေ့လက်ရာကိုမြည်းဖို့ရာ တစ်ခါနှင့်တစ်ခါ အချိန်အတော်ကြာခဲ့သည်။ အမေ့ဆန္ဒကို ဖြည့်ဖို့ကြိုးစားခဲ့သည့် တိုင် စားမရတော့သည့်အဆုံးမှာ….

ပြည့်စုံပြီ…..ဒကာမကြီး…ဟု လက်ကိုကာပြ၍ အမေအို၏ ဆန္ဒကို တားမြစ်ခဲ့ရသည်။ သို့သော်..စိတ်ထဲ မှာတော့ မကောင်းလှ။ မိဘအရိပ်ကို ခဏလောက်ပြန်ခိုခွင့်ရကာမှ မြို့ရောက်ခါစ သင်ခဲ့ရသည့် လောကနီတိ ထဲက “ မိဘအရိပ်ရဲ့အေးမြပုံ အကြောင်းကို” စာများနှင့် လက်တွေ့နှိုင်းယှဉ်လေ့လာနေမိတော့သည်။ မှတ်မိပါ သေးသည်။ ရွာရောက်ခါစညက လာရောက်နှုတ်ဆက်ကြတဲ့သူတွေကို ဧည့်ခံစကားပြောပြီး ခပ်စောစော အိမ်ပေါ်တက် အိပ်ယာဝင်မယ်လုပ်တော့ အမေလုပ်သူက နောက်ကလိုက်လာပြီး …..

ကိုရင်………….

ဘုရားရှိခိုးဦးနော်…ဟု..

သတိပေးခါမှ အိပ်ယာကုတင်ပေါ်မှ ကပြာကယာအောက်ပြန်ဆင်းပြီး ဘုရားစင်ရှေ့ထိုင် ဦးသုံးကြိမ်ချ သြကာသကန်တော့ချိုးကို အပြေးအလွှားဆိုပြီး အိပ်ယာဝင်ခဲ့ရသည်။ အမေအိုကတော့ ငါ့သား မြို့ကိုစာသင် သွား စာမေးပွဲတွေအောင်ပြီဆိုတော့ ဘုရားကန်တော့ဖို့ကျမှ ပြောနေရပါလား..လို့ တွေးကောင်းတွေးနေပေလိမ့် မည်။ မြို့စာသင်တိုက်မှာက ဘုရားရှိခိုးကျောင်းမတက်မိလျှင် ဒဏ်ထမ်းရသည်မို့ လူငယ်ကိုရင်ပီပီ အမေ့အိမ် ရောက်ခိုက် ကုသိုလ်ကို ရေသာခိုမိခြင်းပင်။ အိပ်ယာဝင်ပြီး မကြာမီ အမေအို ကုတင်နားရောက်လာပြီး….

ကိုရင်……ချမ်းသလား…။

စောင်ထပ်အုံမလား….ဟု ကြင်နာယုယစွာ သားတော်မောင်ကို မေးခဲ့သည်။

တော်ပြီ အမေ မယူတော့ဘူး ဆိုတော့မှ ခြုံစောင်ကို ဂရုတစိုက် ခြုံပေးခြင်း ခြင်ထောင်ကို သေသေချာချာချပေးကာ အမေအို မီးပိတ်ထွက်ခွါသွားခဲ့သည်။ အိပ်ယာထဲရောက် (၁၅) မိနစ်လောက်ကြာ အိပ်ပျော်ကာနီးတော့ အိပ်ယာကုတင်ဘေး ဘုရားစဉ်အောက် ဘုရားပူဇော်ထားသည့် ဆီမီးတိုင်၏ အလင်း ရောင်အောက်တွင် အမေအို၏ ရုပ်အလွှာဖြင့်ဘုရားရှိခိုးသံကို တဖန်မြင်ရ ကြားရပြန်သည်။

အစိန္တေယျ.. အစိန္တေယျ….

အပၸေမယ်..အပၸေမယ်….

ၾသကာသ..ၾသကာသ….

အ၀ိဇၨာ ပစၥယာ သခၤါရာ….

သခၤါရာ ပစၥယာ ၀ိညာဏံ….

ဟေတုပစ္စယော.. အာရမ္မဏ ပစ္စယော….

ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ….

ဥပါဒ်ရန်ဘေး ကင်းစင်ဝေ..ငြိမ်းအေးကြပါစေ….

အားလုံးကြားကြားသမျှ..အမျှ….အမျှ….အမျှ….ယူတော်မူကြပါကုန်လော့…..

သာဓု….သာဓု….သာဓု…..

တူဝေ……တူဝေ……တူဝေ………….(ကြေးစည်သံ)

အမေအို၏ မေတ္တာသံ ကြေးစည်သံနှင့် အမျှဝေသံတို့သည် ကြားနာရသူအဖို့ နှလုံးစိတ်ဝမ်း အေးချမ်း၍ ကြည်နူးဖွယ်ရာ အလွန်ကောင်းလှသည်။ အခြားသူအဖို့တော့ မပြောတတ် မိမိအတွက်မူ ကြားခဲ့ဖူးသမျှ အသံထဲမှာ အချိုဆုံး အအေးမြဆုံးဖြစ်ခဲ့သည်။

ဝေနေယျသတ္တ၀ါမှန်သမျှ အမေအို၏ မေတ္တာဓာတ်ကြောင့် ဧကန်မုချ ချမ်းသာရာ ရကြပါစေဟုလည်း ဆုတောင်းနေမိသည်။ မြတ်ဗုဒ္ဓ၏ ဓမ္မရင်ခွင်မှာ ခိုဝင်ငြိမ်းချမ်းနေသည့် အမေအိုတစ်ယောက် ဓမ္မကထိကဆရာ တော်အဆူဆူ ဟောသမျှ တရားတော်များကိုသာ နာခံမှတ်သားရင်း ကြီးပြင်းခဲ့ရသည်။ မြို့စာသင်တိုက်ရောက် သားကိုရင်လို စနစ်တကျသင်ယူခဲ့ရသည်မဟုတ်။ ထို့ကြောင့် ရွတ်သမျှပါဠိများက ဌာန်ကရိုဏ်းတော့ သိပ်မကျလှ မှန်တာရှိသလို မှားတာလည်းပါသည်။ ရှေ့ကစာနောက်ရောက် နောက်ကစာရှေ့ရောက်ဖြင့် အလွဲ လွဲအချော်ချော် ရွတ်ဖတ်ပူဇော်နေတာကိုလည်း ကြားခဲ့ရပြန်လေသည်။

မည်သို့ပင်ဖြစ်စေ အနက်အဓိပ္ပါယ် ကောင်းစွာမသိသော်လည်း မြတ်ဗုဒ္ဓ၏ လေးနက်သည့် တရားတော် အမှတ်ဖြင့် တတ်သမျှမှတ်သမျှ အကုန်ရွတ်ဖတ် ပူဇော်နေသော အမေအိုကို စိတ်ထဲမှ သာဓု….သာဓု…သာဓု…. ဟု အကြိမ်ကြိမ် အခါခါ ခေါ်မိပြန်ပါသည်။ ရသမျှဘုရားစာကို အကုန်ရွတ်ဖတ်ပြီး အမေအို အိပ်စက်အနား ယူသွားခဲ့သော်လည်း သားဖြစ်သူကတော့ အမေအို၏တရားသံအောက်တွင် အတွေးစတို့ လွင့်ပြန့်ရင်း ထိုညက မိုးလင်းမှ အိပ်ပျော်ခဲ့ရသည်။

(၃)

နောက်တစ်ရက်မနက် အတွေ့တာကြာပြီဖြစ်သော ရွာမှ သက်တော်ဝါတော်ကြီးဆရာတော်ကြီးများထံ သွားရောက်ဂါရ၀ပြု နုတ်ဆက်ခဲ့သည်။ ဆရာတော်ကြီးများကလည်း ၀မ်းသာအားရကြိုဆိုကြပြီး စာပေကိုကြိုး စားသင်ယူဖို့ ရောက်ရာအရပ်တိုင်းမှာ ကိုယ့်နယ်ကိုယ့်ဒေသဂုဏ်ကို ဆောင်ဖို့ နောင်တစ်ချိန် ဘွဲထူး ဂုဏ်ထူး များနှင့်ပြည့်စုံခဲ့လျှင်လည်း မိမိထက် အသက်အားဖြင့်လည်းကောင်း ဂုဏ်အားဖြင့်လည်းကောင်း ကြီးကြသည့် ဆရာတော် သံဃာတော်များကို ရိုရိုသေသေ လေးလေးစားစား ဆက်ဆံတတ်ဖို့ ဆုံးမကြလေသည်။

ဂါရ၀ နိဝါတစသော မင်္ဂလာတရားတော်များက ဗုဒ္ဓဘာသာဝင်တို့၏ ချစ်မြတ်နိုးဖွယ်ရာ သင်္ကေတများ ဖြစ်ကြောင်း။ ထိုတရားများကို မစောင့်ထိန်းခြင်းသည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရာရောက်ရုံသာမက ဘုရားရှင် ၏ တရားတော်များကိုပါ တန်ဖိုးမထားရာရောက်ကြောင်း။ ထို့ကြောင့် ဘ၀မှာ ကြီးပွါးတိုးတက်လိုပါက ထိုတရား များကို လက်ကိုင်ထားရမည်ဖြစ်ကြောင်း သြ၀ါဒစကားများ ပြောကြားကြ စွမ်းနိုင်သမျှ သင်္ကန်း ထီး ဖိနပ် ၀တ္ထုငွေ စသည်များကိုလည်း စွန့်ကြဲခဲ့ကြသည်။ ထိုမှအပြန် မဖူးရတာကြာပြီဖြစ်သော သက်တော်ရကုန်းပေါ်က စေတီတော်မြတ်ဆီ ခြေဦးလှည့်မိပြန်သည်။ မိမိတို့အိမ်နောက်ကျော တောင်ကုန်းပေါ်မှာတည်ပြီး ငယ်စဉ်က ခဏခဏ သွားရောက်ဖူးမျှော်ခဲ့ရသည့် စေတီတော်လည်းဖြစ်သည်။ စေတီတော်သို့ တက်ရောက်ဖူးမျှော်ရာ လမ်းတလျှောက်တွင် ယခင်က ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် လွှမ်းခြုံရာနေရာတို့သည် ယခုအခါ အိမ်အသစ်လေး များဖြင့် အစားထိုးနေရာယူလျှက်ရှိသည်။

လေဝှေ့ယမ်းသည့်အခိုက် လွင့်ပြန့်လာသည့် ထီးတော်မှဆည်းလည်းသံတို့သည် မိမိအား မတွေ့ရတာ ကြာ၍ ၀မ်းသာအားရ နုတ်ဆက်သည့်ပမာ တချွင်ချွင်ဖြင့် ကြိုဆိုလျှက်ရှိသည်။ ယခင်ကထုံးဖြူဖြူစေတီတော် မြတ်သည် ယခုအခါ ရွှေဝါရောင်လွှမ်းလို့နေလေပြီ။ ရွာသူရွာသားများ၏ ကောင်းမှုပင်လော ဒါမှမဟုတ် အခြားသူတစ်ဦး၏ ကောင်းမှုပင်လော မပြောတတ်။ တောင်ဘက်ကိုကြည့်လိုက်ပြန်တော့ ယခင်ကတော ချောက်၍ လူသူအရောက်အပေါက်နည်းခဲ့သော လျှိုချောက်ကြီးသည် ယခုအခါ ရွာသူရွာသားတို့၏ တရားအား ထုတ်ရာ မိုးကုတ်ရိပ်သာကြီးဖြစ်နေပေပြီ။ ဆရာတော် သီတင်းသုံးရာကျောင်းဆောင် ယောဂီသူတော်စင်များ တရားအားထုတ်ရာ အဆောင်တို့ဖြင့် တိုးတက်ပြောင်းလဲ၍ နေပေပြီ။

တစ်နှစ်ကို တစ်ကြိမ် နှစ်ကြိမ်ဆိုသလို လာရောက်တရားပြပေးခဲ့သည့် ဆရာတော်ကြီးများအားလည်း ရွာသူရွာသားတို့ကိုယ်စား ကျေးဇူးအခါခါ တင်မိသည်။ ဆရာတော်ကြီးများ အပင်ပန်းခံလာရောက်တရားပြသ ဆိုဆုံးမမှုတို့ကြောင့် မိမိရွာသူ ရွာသားများလည်း အသိပညာတိုးကြပါစေ။ မြတ်ဗုဒ္ဓ၏ ဓမ္မရင်ခွင်မှာနားခိုရင်း လိမ္မာယဉ်ကျေးကြသော သူတော်စဉ် သူတော်မွန်များ ဖြစ်ကြပါစေဟုလည်း ဆုတောင်းနေမိသည်။ ထို့အပြင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်။ နှစ်ဆန်းတစ်ရက် အန္တရာယ်ကင်းပွဲတော် စသော ဗုဒ္ဓဘာသာဝင်တို့၏ အခါကြီးရက်ကြီးများတွင် ဆရာတော် သံဃာတော်များပင့်၍ တရားနာယူကြ။ အပျို လူပျို ကလေး လူကြီး အဘိုးအဘွားများပါမကျန် ပျော်ပျော်ပါးပါး စီတန်းလို့ဆွမ်းဆန်စိမ်း လောင်းလှူနေကြမည် ကို စိတ်ထဲမှာ အလိုလိုမြင်ယောင်နေမိသည်။

ထိုမှ တစ်ဆက်တည်း ရွာအနောက်ဘက်ထိပ်မှာတည်ရှိသည့် စက်တော်ရာကုန်းတော်သို့ လျှောက်လာ မိသည်။ စက်တော်ရာကုန်းတော်မှာတော့ ယခင်ကုလို သာသာယာယာမရှိတော့။ အဆောက်အဦးများလည်း တောင့်တောင့်တင်းတင်း မရှိတော့သည့်အပြင် ကုန်းတော်သို့တက်ရောက်ရာလမ်းတလျှောက်မှာလည်း ခြုံနွယ် ပိတ်ပေါင်းတို့ဖြင့် လွှမ်းနေပြီး လူသွားလမ်းပင် ပျောက်မတတ်ဖြစ်နေသည်။ ရွာသူ ရွာသားများ အလုပ်မအားကြ သေးသဖြင့် မရှင်းလင်းရသေးတာ ဖြစ်ကြောင်း မကြာခင်ရွာသားများ စုပေါင်းသန့်ရှင်းရေးလုပ်ကြမှာဖြစ်ကြောင်း ပါလာသည့် ငယ်သူငယ်ချင်းများက ရှင်းပြကြသည်။

သူငယ်ချင်းများနှင့် အမှတ်တရဓာတ်ပုံရိုက်ကြ။ ငယ်စဉ်က စုပေါင်ပြီးတော့ မုန့်ဆီကြော် ကြော်ပြီးမိမိတို့ အားကျွေးမွေးခဲ့ကြသည့် မိဘများအကြောင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြောနေခဲ့ကြသည်။ စကားပြောရင်း ဘေးဝဲယာကြည့်လိုက်ပြန်တော့ အနောက်ဘက်ရှိ မိမိငယ်စဉ်က ကောက်သင်းကောက်ခဲ့ရသည့် အင်ဘူးပြင်က မိဘများလယ်ကွင်းပြင်ကိုတွေ့ရပြီး အချိန်အတော်ကြာ ကြည့်နေမိခဲ့သည်။ မိဘများလယ်ကွင်းပြင်နှင့် တစ်ဆက်တည်းရှိနေသည့် ဖိုးဘချစ်တဲကလေးမှာတော့ မိမိတို့ငယ်စဉ်ကလို မဟုတ်တော့။ မိုးဒဏ် လေဒဏ် နေပူဒဏ်တွေအောက်မှာ ဟိုယခင်ကလို နုပျိုသော အသွင်သဏ္ဍာန်များကွယ်ပျောက်ခဲ့လေပြီ။ သို့သော်လည်း တောင်သူလယ်သမားတို့အား တတ်နိုင်သမျှ အကာအကွယ်ပေးနေပုံရသည်။ တဲ၏ အရိပ်အောက်တွင် ကောက်စိုက်သမ၀တ်စုံဖြင့် အမျိုးသမီးအချို့ ခေတ္တခဏအပန်းဖြေအနားယူနေကြသည်ကို လှမ်းမြင်နေရ သည်။ အချိန်တို့ပြောင်းလဲသွားသည့်တိုင် လယ်ကွင်းထဲမှာ ထွန်ကြ ယက်ကြ စိုက်ကြ ပျိုးကြ တစ်နှစ်ပတ်လုံး နွားနှင့်နပန်းလုံးနေကြသည့် လယ်ယာမြေထဲက တောင်သူများ၏ ဘ၀ကတော့ မိမိမြင်ကွင်းထဲမှာ ဘာမှ မထူးခြား ပြောင်းလဲမသွားခဲ့။

လယ်ကွင်းပြင်များကြားတွင် နေပူမရှောင် မိုးရွာမရှောင် နွားနှင့်ဖက်လုံးပြီး ကုန်းရုန်းနေကြသော်လည်း လူလုံးမလှတလှ ၀မ်းရေးမ၀တ၀နှင့် လယ်ကန်သင်းရိုးတွေကြားမှာ ဘ၀တစ်ခုလုံးမြုပ်နှံ သွားခဲ့ကြသူများ မြုပ်နှံ နေကြဆဲပုဂ္ဂိုလ်များ။ ထို့အတူ သည်လိုဘ၀မျိုးဖြင့်သာ မိမိတို့ကိုလူတလုံး သူတလုံးဖြစ်အောင်ပြုစုပျိုးထောင်ခဲ့ ကြသည့် မိဘများကို တွေးတွေးပြီး သနားနေမိခဲ့သည်။

မြောက်ဘက်ကိုကြည့်လိုက်ပြန်တော့ ဟိုတုန်းက ငါးရှာ ဖားနှိုက် ကစားလိုက်ဖြင့် ဆော့ကစားခဲ့သည့် စလင်းချောင်းကြီးသည် နွေရာသီ၏ အပူဒဏ်အောက်တွင် ချောင်းရေများခမ်းခြောက်ကာ သဲသောင်ကလေးများ ဟိုတဖို့ ဒီတဖို့ မြင်တွေ့နေရသည်။ ထိုမှတဆက်တည်း ရေချိုးဆိပ်အထက်နားက ဇရပ်အိုကလေးတစ်ဆောင် နှင့် ထုံးဖြူဖြူအုတ်ဂူလေးများကတော့ မမြင်လိုက်ရသောအဘိုးအဘွားများ အနားယူအိပ်စက်ရာ သုဿာန်မြေ ပါလားဟု တွေးတောနေမိခဲ့သည်။

ထိုအခိုက် ရွာ၏အနောက်ယွန်းယွန်း စက်တော်ရာကုန်းတော်ခြေရင်း ဘုန်းကြီးကျောင်း(ယွန်းကျောင်း) မှ ကြေးစည်သံကြားလိုက်ရသဖြင့် ဆွမ်းစားဖို့ အချိန်တန်ပြီဆိုတာ သတိရကာ မိခင်အိုရှိရာသို့ ဆွမ်းစားရန်ပြန် ကြွခဲ့ရသည်။

(၄)

ရွာမှာတစ်လလောက်နေပြီးတော့ မြို့ပြန်ရမည့်ရက်ကို တဖြေးဖြေးရောက်လာခဲ့သည်။ မြို့ကိုပြန်ရ တော့မည်ဆိုပြန်တော့ ဆွေမျိုးသားချင်းများ မိတ်ဆွေအပေါင်းအသင်းများက တစ်ခါလာ၍ နှုတ်ဆက်ကြ ရှိစုမဲ့စု ချွေးနဲစာထဲက စွမ်းနိုင်သလောက်လှူဒါန်းကြ။ စာပေကိုကြိုးစားအားထုတ်ဖို့ ရပ်ရွာ၏ဂုဏ် နယ်ပယ်၏ ဂုဏ်ကို ဆောင်နိုင်အောင် ကြိုးစားဖို့မှာသူများက မှာနေကြသည်။ အမေအိုကတော့ ဘာမျှမလုပ် ဘေးမှာငုတ်တုပ်ထိုင် နေရင်း ငူငူငိုင်ငိုင် ဖြစ်နေပြန်ရှာသည်။ ပထမအကြိမ် (၁၁) နှစ်သားအရွယ် ရွာမှထွက်လာစဉ်က အမေ့မျက်နှာ မှာ မြင်ခဲ့ရသော ၀မ်းနည်းသည့်သင်္ကေတတမျိုးကို ဒုတိယအကြိမ် ထပ်မြင်ရပြန်ပြီ။

အမေအိုနှုတ်က ဘာမျှမပြောပေမယ့် အမေအိုမျက်နှာပေါ်က ၀မ်းနည်းသည့်သင်္ကေတများကိုတော့ ဖုံးလို့မရခဲ့။ အမေအိုကို ကျန်းမာရေးဂရုစိုက်ဖို့ မှာရင်းအားလုံးကိုနှုတ်ဆက်ကာ ကားပေါ်တက်ထွက်လာခဲ့ရပေ မယ့် အပြန်ခရီးတစ်လျှောက်မှာတော့ အမေအို၏ ပုံရိပ်လွှာကို အတွေးထဲမှာ ဖျောက်ဖျက်မရခဲ့။ အမေအိုတစ် ယောက် ဖျင်ကြမ်းတဘက်ကလေး ပုခုံးတင်ကာ သာတော်မောင် ထွက်သွားရာလမ်းကို မျက်စိတဆုံး အိမ်ပေါက်ဝက စောင့်ကြည့်ကျန်ရစ်နေခဲ့ပေလိမ့်မည်။

ညညရောက်ရင် ဘုရားဝတ်ပြုရင်း သားတော်မောင်အကြောင်း မြတ်စွာဘုရားထံ ဆုမွန်ကောင်တွေ တောင်းကောင်းတောင်းနေလိမ့်ဦးမည်။ ထို့အပြင် နောက်တစ်ကြိမ် သားတော်မောင် ပြန်လာမည့်နေ့ကို နေ့စဉ် နှင့်အမျှ အမေအိုမျှော်လင့်တမ်းတ စောင့်နေလိမ့်ဦးမည်။ (B.H.U) ဆေးရုံဆီ စိတ်ရောက်သွားရာမှ ရွာမှာကျန် ရစ်ခဲ့သည့် အမေအိုအကြောင်း တွေးနေမိတာ အချိန်ဘယ်လောက် ကြာသွားသည်မသိ။ ညကလည်းနက်လာ ပြီ အအေးဓာတ်ကလည်း လွန်ကဲလာပြီ ကောင်းကင်မှာ သာနေသည့်လကလည်း ကိုယ်နှင့်ခပ်လှမ်းလှမ်းဆီကို ရောက်သွားပြီ။ မနက်ဖြန် မနက်လည်း ကျောင်းသွားရဦးမည်။ သည့်ထက်ညဥ့်နက်အောင်နေ၍ မဖြစ်တော့။ သည်တော့မှ အိမ်အောက်ပြန်ဆင်းကာ အခန်းတံခါးကိုပိတ် မီးကိုမှိတ်၍ ခပ်သွက်သွက် အိပ်ရာဝင်လိုက်တော့ သည်…….။

အရှင်အစ္ဆရိယ (B.H.U)

Read more...

ရွှေစကားတို့ရဲ့မြစ်ဖျား (၁၃)

”သြော် မင်းက မဟုတ်ရင် မခံချင်ဘဲကိုး၊ အဲသလိုဆိုရင် မင်းတစ်သက်လုံး တစ်လောကလုံးနဲ့ ငြင်းခုံခိုက်ရန် ဖြစ်နေပေရော့၊ ဒီလောကကြီးက ဟုတ်ကဲ့လောကကြီးမှ မဟုတ်ဘဲ၊ မဟုတ်တဲ့လောကကြီးပဲကွယ့်၊ ဟုတ် ဟုတ်၊ မဟုတ် ဟုတ် သည်းခံပေါ့”

မစိုးရိမ်ဆရာတော်

လူသားတစ်ယောက် လောကကြီးထဲရောက်လာရင် သူရဲ့ အချိန်တိုင်း နေရာတိုင်းမှာ လောကတာဝန်တွေက အသင့်ရှိနေပြီးသားပါ။ အသင့်ရှိနေပြီးသား လောကတာဝန်တွေကို အဲဒီလူသားအနေနဲ့ ပြုမယ်ဆိုရင်လည်း ပြုလို့ရပါတယ်။ မပြုဘဲနေမယ်ဆိုရင်လည်း နေနိုင်ခွင့်ရှိပါတယ်။ ဒါက ကိုယ်ပိုင်အခွင့်အရေးပါ။ ဥပမာ အများသောက်တဲ့ရေအိုးနားမှာ ချွဲသလိပ်တွေ့တယ်ဆိုပါတော့။ တွေ့တဲ့သူက သန့်ရှင်းသွားရမှာပါ။ အများနဲ့ သက်ဆိုင်နေတဲ့ အလုပ်မှန်သမျှတော့ ဘယ်ဟာမှ မသေးငယ်ပါဘူး။ အားလုံးကြီးကျယ်တာချည်းပါပဲ။ ကိုယ့်ရှေ့မှာ တွေ့ရတဲ့ လောကတာဝန်ဟာ ကိုယ့်တာဝန်ပါပဲ။ လူဆိုတာ ပတ်ဝန်းကျင်တစ်ခုမှာ အသုံးတည့်အောင် နေဖို့လိုတယ်။ အသုံးတည့်နေရင် တန်ဘိုးရှိနေတာပါပဲ။ လူဆိုတာ ကိုယ့်အတွက်တော့ တစ်ကွက်ချန်စဉ်စားတတ်တယ်လို့ လောကပြောစဉ်ရှိပေမယ့် တကယ့်လူကတော့ ကိစ္စတိုင်းမှာ သူများအတွက် တစ်ကွက်ချန် စဉ်းစားပေးတတ်တာ သူတို့ရဲ့ ဗီဇဓမ္မတာပဲလေ။

ဒါပေမယ့် သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိစမြဲဆိုတဲ့အတိုင်း လောကကြီးက ကာလာအတိုင်းအတာတစ်ခုအထိ သတိရနေ သင့်တဲ့သူကို သတိရနေကြပါလိမ့်မယ်။ မေ့သင့်တဲ့သူကို မေ့လိုက်ကြပါလိမ့်မယ်။ လောကကိုချစ်သူ၊ မချစ်သူ၊ လောကအပေါ် တာဝန်ကျေသူ၊ မကျေသူ၊ အဲဒီကြားကာလမှာနေသူ စသည်ဖြင့် အကောင်းအဆိုး အယုတ်အမြတ်တွေကတော့ ဒွန်တွဲနေကြမှာပါ။

အထက်ပါစကားတွေနဲ့ အစီချီနေရတာကတော့ ဒီအတောအတွင်း လောကအပေါ် တစ်နည်းပြောရရင် လူမျိုးနဲ့ သာသနာအပေါ် တာဝန်ကျေခဲ့တဲ့ ဆရာတော်တွေအကြောင်း စဉ်းစားနေမိလို့ပါ။ ရှင်အရဟံ၊ ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဠသာရ၊ ဆရာတော်ဦးဗုဓ်၊ ကျော်အောင်စံထား ဆရာတော်၊ ရွှေကျင်ဆရာတော်၊ မဟာဝိသုဒ္ဓါရုံ ဆရာတော်၊ မန်လည်ဆရာတော်၊ လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ ဆရာတော်အရှင်ဇနကာဘိဝံသ၊ မစိုးရိမ်ဆရာတော်၊ မင်းကွန်းတိပိဋကဆရာတော် စသည် စသည်ဖြင့်ပေါ့၊ ဒီဆရာတော်တွေရဲ့ ထေရုပ္ပတ္တိတွေဖတ်ရတာ တဒင်္ဂလူပီသချင်တဲ့စိတ် ဖြစ်မိတာ အမှန်ပါပဲ။

အခု ဒုတိယအကြိမ်ပြန်ဖတ်ဖြစ်တဲ့ စာအုပ်ကတော့ မစိုးရိမ်ဆရာတော်ဘုရားရဲ့ ထေရုပ္ပတ္တိစာအုပ်ပါ၊ တစ်ကြိမ်သာရိုက်ပြီး ပြန်မရိုက်ဖြစ်တဲ့ စာအုပ်ဖြစ်တဲ့အတွက် လူထုလက်ထဲ ပြန်ပြန်နှံ့နှံ့မရှိနေတာတော့ သေချာပါတယ်။

မစိုးရိမ်ဆရာတော်ဘုရားအား ၁၂၄၁ ခုနှစ်မှာ မွေးဖွားပြီး ၁၃၃၇ ခုနှစ်မှာ ပျံလွန်တော်မူခဲ့ပါတယ်။ သက်တော်အားဖြင့် ၉၆ နှစ်ဆိုတော့ သက်တော်ရှည်ဆရာတော်တစ်ပါးလို့ ဆိုနိုင်ပါတယ်။ ခေတ်အားဖြင့်ခွဲရင် ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ဆရာတော်ပါ။ မန္တလေးမြို့က မစိုးရိမ်ကျောင်းတိုက်ကြီးကို စတင်တည်ထောင်ခဲ့လို့ မစိုးရိမ်ဆရာတော်ရယ်လို့ အမည်တွင်ခဲ့ပါတယ်။ ဆဌသင်္ဂါယနာတင်ပွဲမှာ ညောင်ရမ်းဆရာတော်ပျံလွန်တော်မူတဲ့အခါ ဥက္ကဌတာဝန်ယူခဲ့သလို စာသင်သားတွေ သင်ကြားပို့ချနေရတဲ့ အဘိဓမ္မာည၀ါ အရကောက်ကျမ်းတွေလဲ တည်းဖြတ်သုတ်သင်ခဲ့ပေးပါတယ်။

ဆရာတော်ရဲ့ ထေရုပ္ပတ္တိမှာ အထူးတွေ့ရတာက ရိုးဂုဏ်နဲ့ သမာသမတ်ကျတဲ့ လမ်းညွှန်မှုပါ။ ဒါကိုတော့ ဆရာတော်တစ်သက်လုံး စွဲကိုင်သွားတော် မူခဲ့ပါတယ်။ ဆရာတော်ကိုရင်ဘ၀က ခေတ္တလူထွက်ခဲ့တယ်လို့ ဆိုပါတယ်။ ရွာထဲက ရွယ်တူမိန်းကလေးကို နှစ်သက်နေလို့ ပြန်မ၀တ်တော့ဘူးဆိုပြီး ဇွတ်ပေကပ်နေလို့ လူကြီးတွေက ချော့ပြီး ပြန်ဝတ်ပေးခဲ့ရပါတယ်။ ဆရာတော် သင်္ကန်းပြတ်ဝတ်ပြီး ပထမကျော်၊ သကျသီဟစတဲ့ စာမေးပွဲတွေ အောင်ပြီးတော့မှာ ဆရာတော်အကို အမတွေက ” ဦးပဉ္စင်း လူမထွက်တော့ဘူးလားလို့ ” မေးတယ်လို့ ဆိုပါတယ်။ ဒီတော့ ဆရာတော်က ဘယ်လိုပြန်မိန့်သလဲဆိုတော့

ကိုယ့်လူတို့ ပထမ မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးကို ကြားဖူးကြမှာပါ။ အဲဒီ မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးကို အလွန်ကြည်ညိုတဲ့ ဦးဘိုးလှိုင်ဆိုတဲ့ ဒကာကြီးတစ်ယောာက်ရှိတယ်။ သူက တစ်နေ့မှာ သူ့ဆရာတော်ကို စကားတစ်ခွန်းလျှောက်တယ်။ ဘယ်လိုလျှောက်သလဲဆိုတော့ ဆရာတော် တစ်မဂ်တစ်ဖိုလ်ရအောင် ကျင့်တော်မူပါဘုရားတဲ့။ ဒါမှ တပည့်တော်တို့ ကြည်ညိုရာ အားရပါးရရှိပါတယ်ဘုရား။ တဲ့။ ဒီတော့ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးက ဘိုးလှိုင် တစ်မဂ်တစ်ဖိုလ်ရအောင် ကျင်ဖို့နေနေသာသာ တို့လို ပုထုဇဉ် ရဟန်းတွေအဖို့ လူမထွက်ဖြစ်အောင်ကိုပဲ အတော်ကို အောင့်နေရသတဲ့ လို့ ပြန်မိန့်ခဲ့တယ်တဲ့။ အဲဒီမဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးရဲ့ စကားအတိုင်းပဲ ဦးပဉ္စင်းတို့လည်း လူမထွက်ချင် အောင် လူမထွက်ဖြစ်အောင် အတော့်ကို အောင့်နေရတယ်တဲ့။

ရင်ထဲမှာ ရှိနေတာကို ရှိနေတဲ့အတိုင်း ဖွင့်ပြောလိုက်တဲ့ ဆရာတော်ဘုရားကြီးရဲ့ ရိုးဂုဏ်ပါ။ ရိုးဂုဏ်ဟာ လူသားတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဂုဏ်တစ်ခုပါ။ လောကမှာကြောက်ဖို့ အကောင်းဆုံးက ရိုးဂုဏ်နဲ့ ဆန့်ကျင်ဘက် ဟန်ဆောင်မှုပါပဲ။ ဟန်ဆောင်တယ်ဆိုတာ ဟန်ဆောင်တဲ့သူအတွက်ရော ဟန်ဆောင်ခံရသူအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးမရှိတဲ့ကိစ္စပါ။ ပြီးတော့ ဟန်ဆောင်တယ်ဆိုတာ ၀န်းထုပ်ဝန်းပိုး တစ်ခုလို ဟန်ဆောင်သူအတွက် ပင်ပန်းလှပါတယ်။

ရွှေစကြာဦးစိုးမြင့်နဲ့ ဆရာတော်

ရွှေစကြာဦးစိုးမြင့်ဆိုတာ ခေတ်တစ်ခေတ်မှာ အထင်ကရရှခဲ့ဖူးတဲ့ စာရေးဆရာပါ။ နတ်သျှင်နောင်ကို အမျိုးသားရေးအမြင်နဲ့ ရေးပြသွားခဲ့တဲ့ နားခံတော်ဝတ္တုဆို၇င် လယ်တီပဏ္ဍိတဦးမောင်ကြီးတို့ကိုယ်တိုင် လက်ဖျားခါ ချီးကျူးခဲ့ရတဲ့ဝတ္တုပါ။ စာတတ်တဲ့ လူပျံတော်တစ်ယောက်ဖြစ်သလို စိတ်လည်း အတော်တိုပုံရပါတယ်။

၁၃၀၉ ခုနှစ်မှာ မစိုးရိမ်ကျောင်းတိုက်က ဦးဥာဏောဘာသဆိုတဲ့ နာယကဘုန်းကြီးတစ်ပါးက ဓမ္မစရိယစချတန်းမှာ ၉ ကျမ်းလုံးကို တစ်နှစ်တည်းအောင်လာပါတယ်။ အောင်လာပုံကလည်း သူများနဲ့မတူပါဘူး။ ၁၃၀၈ ခုနှစ်မှာ စာချတန်းဝင်ဖြေတာ နှစ်မခြားတဲ့အပြင် ၉ ကျမ်းလုံးလည်း အောင်မြင်လာပါတယ်။ အောင်ပုံက တစ်သီးတစ်သန့် ထူးခြားနေပါတယ်။ ဒီအချိန်မှာ ရွှေစကြာဦးစိုးမြင့်က ပါဠိပညာရေးအဖွဲ့မှာ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်နေပါတယ်။ ကိုယ်တိုင်လည်း စာမေးပွဲတွေမှာ ထူးထူးချွန်ချွန်အောင်ခဲ့လေတော့ အခုလို ထူးထူးချွန်ချွန်အောင်လာတဲ့ ဦးဥာဏောဘာသကို ထူးထူးခြားခြားချီးမြှောက်လိုဟန်ရှိပါတယ်။ ဒါကြောင့် ရွှေစကြာဦးစိုးမြင့်က ထူးထူးခြားခြားအောင်လာတဲ့ ဦးဥာဏောဘာသကို ဘွဲ့ဂုဏ်ထူးတစ်ခု သီးသန့်ရွေးချယ်ပေးသင့်ကြောင်း ပါဠိပညာရေးအဖွဲ့ ဥက္ကဌဆီ စာတင်လိုက်ပါတယ်။ စာတင်ပြီးတော့ မစိုးရိမ်ဆရာတော်ဆီ ရောက်လာပါတယ်။ ရောက်တာနဲ့ ရွှေစကြာဥိးစိုးမြင့်ကလဲ စကားစဆိုပါတယ်။

ဦးဥာဏောဘာသကို ဘွဲ့ထူးဂုဏ်ထူးရွေးချယ်ပေးဖို့အတွက် ဥက္ကဌဆီ တပည့်တော် စာတင်ထားတယ်ဘုရား

စိုးမြင့် မင်းလုပ်ပုံမဟုတ်ဘူး။ မင်းက မစိုးရိမ်တိုက်ထွက်၊ သူတို့မစိုးရိမ်တိုက်က ထူးထူးခြားခြားအောင်လို့ ဒီစာတင်တယ်ထင်မှာပေါ့။ ဘွဲ့ထူးဂုဏ်ထူးရတော့လဲ ဘာမှဖြစ်မသွားပါဘူး။ ဆန္ဒာဂတိလိုက်တယ်လို့ ထင်သွား၇င် သိပ်ရှက်စရာကောင်းတယ်။

ထင်ရင်လဲ မတတ်နိုင်ဘူးဆရာတော်။ ပေးသင့်တာကတော့ အမှန်ပဲမဟုတ်လားဘုရား

မင်း ကဲ ဥာဏောဘာသအရင် ဒီလိုအောင်ဖူးတဲ့ပုဂ္ဂိုလ်မရှိဘူးလားကွာ

တစ်ပါးရှိတယ်လို့ ကြားဘူးပါတယ်ဘုရား။

မင်းကို အဲဒီဥပဉ္စင်းအောင်တုန်းကတော့ ဘာဖြစ်လို့ ဘွဲ့ဂုဏ်ထူးပေးဖို့ မစဉ်းစားခဲ့ကြသတုန်း။

တပည့်တော် အဖွဲ့ထဲမှာ မပါသေးလို့လား မပြောတတ်ပါဘုရား။ မှတ်တမ်းပြန်ကြည့်ပါဦးမယ်။

မင်းတို့ ဥာဏောကို ဘွဲ့ဂုဏ်ထူးပေးရင် ဥာဏောအရင်အောင်ခဲ့တဲ့ ဦးပဉ္စင်းကိုလဲ ပေးရမယ်မောင်ရ

ဒါကတော့ စဉ်းစားရမှာပေါ့ဘုရား

ဆရာတော်နဲ့ ရွှေစကြာဦးစိုးမြင့်တို့ အပြန်အလှန်ပြောခဲ့တဲ့စကားတွေပါ။ အဲဒီနှစ်က ဦးဥာဏောဘာသကို သိရောမဏိ ဘွဲ့ထူးပေးခဲ့သလို ဦးဥာဏောအရင်အောင်ခဲ့တဲ့ ဦးပဉ္စင်းကိုလည်း သိရောမဏိ ဘွဲ့ထူးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ မရှေးမနှောင်း ပါဠိပညာရေးအဖွဲ့ အစည်းအဝေးပွဲတစ်ခုမျာ တရားဝန်ကြီးချုပ် ဦးသိမ်းမောင်နဲ့ ရွှေစကြာဦးစိုးမြင့်တို့ ကိစ္စတစ်ခုနဲ့ပက်သက်ပြီး အကြီးအကျယ်ဒေါသ အတော်ထွက်နေတယ်လို့ဆိုပါတယ်။ စည်းဝေးပွဲပြီးသွားတော့ မစိုး၇ိမ်ဆရာတော်က ဦးစိုးမြင့်ကိုခေါ်ပြီး ဒေါသမထွက်ဖို့၊ အရာရာသည်းခံဖို့ ဆုံးမသြ၀ါဒပေးပါတယ်။ ဒေါသအရှိန်မပြယ်သေးတဲ့ ဦးစိုးမြင့်က ဆရာတော်ကို ဘယ်လိုပြန်လျှောက်သလဲဆိုတော့

”တပည့်တော် မဟုတ်ရင်မခံချင်ဘူး ဆရာတေ်၊ ဟုတ်ရင်တော့ ဘယ်လိုလုပ်လုပ် ခံမှာပဲလို့” လျှောက်ပါတယ်။ ဒီတော့ ဆရာတော်က

”သြော် မင်းက မဟုတ်ရင် မခံချင်ဘဲကိုး၊ အဲသလိုဆိုရင် မင်းတစ်သက်လုံး တစ်လောကလုံးနဲ့ ငြင်းခုံခိုက်ရန် ဖြစ်နေပေရော့၊ ဒီလောကကြီးက ဟုတ်ကဲ့လောကကြီးမှ မဟုတ်ဘဲ၊ မဟုတ်တဲ့လောကကြီးပဲကွယ့်၊ ဟုတ် ဟုတ်၊ မဟုတ် ဟုတ် သည်းခံမှပေါ့” လို့မိန်ပါတယ်။

ဒီတော့မှ ဦးစိုးမြင့်လည်း ဒေါသအရှိန်ပြယ်သွားတယ်လို့ ဆိုပါတယ်။ ရွှေစကြာဦးစိုးမြင့်နဲ့ ဆရာတော်ရဲက အခန်းကဏ္ဍမှာ ဥဒါန်းတွင်ရစ်ခဲ့တဲ့ ဆရာတော်ရဲ့ ရွှေစကားတစ်ခွန်းပါ။

လူပျံတော်ပတ္တမြားဦးမောင်မောင်နဲ့ ဆရာတော်

ဆရာတော့်အကြောင်းကိုရေးရင် မဖြစ်မနေပါရမယ့် ဒကာတစ်ယောက်လည်း ရှိပါသေးတယ်။အဲဒီသူက အခြားသူမဟုတ်ပါဘူး။ အားလုံးသိကြတဲ့ လူပျံတော်ပတ္တမြားသွေးဆေးကို စတင်ရောင်းချခဲ့တဲ့ လူပျံတော်ပတ္တမြားဦးမောင်မောင်ပါပဲ။

ဟိုဘက်ကာလတစ်ခုမှာ လူပျံတော်ပတ္တမြား ဦးမောင်မောင်က သူနေထိုင်ရာ ဖဆပလမှာ ဆရာတော်ကို ပင့်ပြီး ဆွမ်းကပ်ပါတယ်။ ဦးမောင်မောင်ရဲ့အိမ်က မိုးမလုံ လေမလုံ ခနော်ခနဲ့ အိမ်ကလေးပေါ်မှာ သင်ဖြူးဟောင်းကလေးခင်းပြီး ဆွမ်းကပ်ခဲ့ရတာပါ။ ဆွမ်းစားပြီးတော့ ဆရာတော်က စကားတစ်ခွန်းအမိန့်ရှိပါတယ်။ “ မင်းတို့ ကပ်တဲ့ဆွမ်းစားရတာ မျိုမကျဘူးကွာ။ မင်းတို့ကို ငါမေတ္တာပို့ပေးပါဦးမယ်တဲ့။

ဒီလိုနဲ့ ဦးမောင်မောင်က သွေးဆေးရောင်းရင်း တစ်နေ့တစ်ခြား ကြီးပွားချမ်းသာလာခဲ့ပါတယ်။ အဲဒီလို ကြီးပွားချမ်းသာလာတဲ့အခါ ဦးမောင်မောင်က တစ်ချိန်က ဆရာတော်ပြောခဲ့တဲ့စကားတွေကို ပြန်ပြီးသတိရပါတယ်။ ဒါကြောင့် ဆရာတော်နဲ့တွေ့တဲ့အခါ ဦးမောင်မောင်က ဆရာတော် မေတ္တာပို့ပေးလို့ ကြီးပွားချမ်းသာလာတာလို့ ထင်ကြောင်း လျှောက်ပါတယ်။ ဒီတော့ ဆရာတော်ကပြုံးပြီး တိုက်ဆိုင်လို့ပါကွာ။ ဒီလို တိုက်ဆိုင်မှုလေးတွေ ရှိနေလို့လဲ ခုခေတ် ဘိုးတော်အမည်ခံတွေ စားသာနေကြရတာပေါ့ကွာလို့ ပြန်မိန့်ပါတယ်။ တစ်ဖက်က ပြောလာတဲ့စကား အတိုင်း ဆရာတော် မှိန်းမနေခဲ့ပါဘူး။ ဆရာတော်ရဲ့ ရိုးဂုဏ်တစ်ခုပါပဲ။

ဆရာတော်ရဲ့ ရိုးဂုဏ်ကို ဘယ်လောက်အထိတွေ့ရသလဲဆိုရင် ဆရာတော်ပျံလွန်တော်မူခါနီးအထိပါပဲ။ ဆရာတော် ပျံလွန်တော်မမူမီ သုံးလခန့်အလို ၁၃၃၇ ခုနှစ်၊ ၀ါဆိုလဆန်း (၂) ရက်နေ့မှာ တပည့်တွေကို ငါတော့ အသက် ၉၆ နှစ်ပြည့်တော့မယ်။ ဘာတရားထူးမှမရဘူး လို့ ပွင့်ပွင့်လင်းလင်း သြ၀ါဒမိန့်ပါတယ်။ ဒီစကားကို လူပျံတော်ပတ္တမြား ဦးမောင်မောင်ပြန်ကြားတော့ ဘယ်လိုပြောသလဲဆိုတော့ ” ဆရာတော်ဟာ တရားထူးမရပေမယ့် ပုထုဇဉ်ထဲမှာတော့ အနီးကပ် အကြည်ညိုခံနိုင်ဆုံးဆရာတော်ပါ” လို့ မှတ်ချက်ချခဲ့ပါတယ်။

ရိုးဂုဏ်ဆိုတာ သစ္စာနဲ့ယှဉ်တွဲဖြစ်နေတဲ့အရာပါ။ မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု သစ္စာရှိနေကြမယ်ဆိုရင် အဲဒီမိသားစု၊ အဲဒီအဖွဲ့အစည်း၊ အဲဒီနိုင်ငံအတွက် လမ်းမပျောက်ပါဘူး။ လမ်းမပျောက်ရင် ပန်းတိုင်ဆိုတာ ကာလတစ်ခုဆီမှာပဲလေ …

ကျမ်းကိုး

ဘဒ္ဒန္တသူရိယာဘိဝံသ ထေရုပ္ပတ္တိကထာ

(အရှင်ရာဇဓမ္မဘိဝံသ ရေးသားသည်)

သူရဇ္ဇ ဇွန် ၊၂၀၀၁

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP