Virtuous Appearance of the Noble Ones - မြင့်မြတ်သူတို့၏ အသွင်အပြင်ဂုဏ်ရည်
![]() | ||
မှာဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။ |
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
![]() | ||
မှာဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။ |
နမောတဿ ကို သုံးကြိမ် ရွတ်သည်။ တစ်ယောက်သောသူ တီးသည့် နာပျော်ဖွယ် ကြေးစည်သံတစ်ချက် ကြားလိုက်ရသည်။ စိန်ရောင်ခြည် ဘုရားပင့်ဖြင့် မြတ်စွာဘုရားရှင်အား တစ်ယောက်သောသူက ပင့်ဖိတ်လိုက်သည်။ စိတ်ကို ညွတ်လိုက်သည်။ အာရုံကို သက်တော်ထင်ရှား မြတ်စွာဘုရား ပုံတော်ပေါ် တင်ထားလိုက်သည်။
သာဓု.. သာဓု.. သာဓု.. ဟူသော အသံက ဘုရားပင့်အပြီး ထွက်ပေါ်လာ၏။ ဘုရားပင့်ပြီးပြီ။ သမန္တာ.. အစရှိသည့် နတ်ပင့်ဂါထာဖြင့် သုံးယောက်ပြိုင်တူ နတ်ပင့်ကြသည်။ အနန္တော အနန္တ ငါးပါးကို ကန်တော့သည်။ ငါးပါးသီလ ယူသည်။ ဥပုသ်နေ့များတွင် ရံဖန်ရံခါ ရှစ်ပါးသီလ ယူသည်။ မြတ်စွာဘုရားရှင်အား သောက်တော်ရည်၊ သုံးတော်ရည်နှင့် ထိန်ထိန်ညီးနေသည့် လျှပ်စစ်မီး ကပ်လှူပူဇော်သည်။ ပြီးပြီ..။
အဲဒီနောက် ကရဏီယ.. အစဖြာသည့် မေတ္တသုတ် ပါဠိတော်ကို ရွတ်ဖတ်ပူဇော်သည်။ ဘုရားရှင်၏ ခြေတော်စုံကို နဖူးဖြင့် ထိသကဲ့သို့ အာရုံညွတ်၍ မြတ်စွာဘုရားရှင်အား ဦးတိုက်မိသည်။ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိတော်ရွတ်ဖတ်သည်။ အတွေးပုံရိပ်တွင် ပါဠိတော် စကားလုံးတစ်လုံးချင်း ပေါ်အောင်နှင့် စကားလုံး တစ်လုံးချင်းတို့၏ ပြီးဆုံးပုံကို အတတ်နိုင်ဆုံး ပေါ်အောင် ပုံဖော်ရွတ်ဖတ်မိသည်။ ပဋ္ဌာန်းက ကြည့်ရွတ်ဖန်များ၍ သုံးယောက်လုံး အလွတ်ရနေပြီ။ ကဲ.. ကြာချင်သလောက်သာ ကြာပစေတော့.. ခုနေ ရွတ်ဖတ်နေရင်း သေသွားရင်တောင် မြတ်ပြီဟု.. စိတ်ကို ဒုံးဒုံးချကာ မြတ်စွာဘုရားရှင်အား မိမိအသက်ပါ အပ်နှင်းနိုင်အောင် ကြိုးစားလိုက်သည်။ ရွတ်ဖတ်ပြီးပြီ..။ မြန်မာလို မေတ္တာထပ်ပို့သည်။ ၃၁-ဘုံသားတို့အား အမျှဝေသည်။ အမျှဝေသံ တစ်ကြိမ်ပြီးတိုင်း ကြေးစည်သံ တစ်ချက်ကြားရသည်။ စုစုပေါင်း ကြေးစည်သံ သုံးခါ..။ နတ်ပြန်ပို့သည်။ နာရီကြည့်မိတော့ ၄၅-မိနစ်၊ မိနစ် ၅၀ လောက် ကြာသွားသည်။
ပြီးတော့ တစ်ယောက်သောသူက ပုတီးစိပ်သည်။ တစ်ခါတရံ တရားမှတ်သည်။ တစ်ယောက်သောသူက ရံဖန်ရံခါ မေတ္တာပို့ချင်ပို့သည်။ တရားမှတ်ချင်မှတ်သည်။ တစ်ယောက်သောသူက ကြေးစည်ကို မူလနေရာ ပြန်ထားသည်။
ဤကား ကျွန်တော်တို့သုံးယောက် ညစဉ်ညတိုင်း မပျက်မကွက် ပြုလုပ်မိသော ကုသိုလ်အစုပေတည်း..။
လေးစားစွာဖြင့်
ဖိုးသား
Read more...၁)
သူ အိပ်ရာမှ စောစီးစွာ နိုးထလာခဲ့သည်။ ဗာရာဏသီဆောင်းသည် ငွေ့ငွေ့လေးသာ အေးနေပြန်သည်။ သူ မျက်နှာသစ်လိုက်တော့လည်း ချမ်းစိမ့်စိမ့်..။ ဇန်န၀ါရီလတွင် ကျင်းပမည့် ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာဝိနည်းညီလာခံကြီးအတွက် စာတမ်းတစ်စောင်ကို ကူးလိုက်ခြစ်လိုက် ရေးနေခဲ့သည်။ မိတ်ဆွေ တစ်ဦးပြောသည့် ကူးဇစ် ကို အမှတ်ရကာ ပြုံးလိုက်၏။
မိတ်ဆွေက ရေးလက်စပါရဂူကျမ်း သီးဇစ်( Thesis) ကို ကူးဇစ်ပါဗျာ ဟု ခပ်ဖော့ဖော့ ရယ်သွမ်းသွေးပြောခြင်းဖြစ်သည်။ ကူးဇစ်ပဲ ဖြစ်ဖြစ် သီးဇစ်ပဲ ဖြစ်ဖြစ် ကျမ်းကြီးကြပ်သူ ပါမောက္ခ စိတ်ကြိုက်ဖြစ်အောင် ဖန်တီးရသည်က မလွယ်ကူကြောင်း သူနားလည်ထားပါသည်။ ကူးသာ ကူးငါ့ရှင်...။ ကူးရင်းနဲ့ တးစ်ဘက်ကမ်းရောက်သွားလိမ့်မယ်။ တစ်ဘက်ကမ်း (ပါရ) ရောက်သွားခြင်း (ဂူ) သည်ပင် ပါရဂူ ဖြစ်လေသည်မဟုတ်လား..။ သူ့ပါရဂူဘွဲ့ယူကျမ်းက ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင်မှ တင်ရမည်မို့ အေးအေးလူလူရှိနေသေးသည်။ အချိန်တန်တော့လည်း တစ်ဘက်ကမ်းရောက်ဖို့ ကူးရချေဦးမည်တည့်...။
ယခုတော့ ညီလာခံတွင် ဖတ်ကြားဖို့ စာတမ်းတစ်စောင် ရေးနေရသည်။ အမှန်တကယ်တော့ သူက စာသင်ကြားရေးတစ်ဘက်နှင့်မို့ ညီလာခံကို ရှောင်ကွင်းသွားဖို့ ကြိုးစားသေးသည်။ သို့သော် မြားဦးသည် သူ့ရင်ဘတ်ကို တည့်တည့်ပြန်စိုက်သည်။
(၂)
ယခု (၂၀၁၀-၂၀၁၁) ပညာသင်နှစ် စဦးပိုင်းကပင် တက္ကသိုလ် အဓိပတိကြီးက မြန်မာနိုင်ငံ ကိုယ်စားပြုပါဠိပညာရှင်ရဟန်းတော်ဆယ်ပါး ဖိတ်ပေးဖို အဆိုပြုခဲ့သည်။ သူပျော်ရွှင် ဂုဏ်ယူစွာပင် ရွှေပြည်ကြီးဆီက အထင်ကရတက္ကသိုလ်ပါမောက္ခပညာရှင်များကို ဖိတ်ကြားပေးခဲ့သည်။ သို့သော် ထိုထိုပါမောက္ခ ဆရာတော်ကြီးများက နိုင်ငံတကာအပင့်အဖိတ်များလှသည့်အတွက် ကြွမလာနိုင်ကြောင်း ပြန်ကြားကြလေသည့်အခါ သူကြေကွဲအားငယ်သွားရသည်။ သို့နှင့် သူနှင့်နီးစပ်ရာ အင်္ဂလိပ်စာတတ် ပေတတ်မိတ်ဆွေရဟန်းတော်များကို အပူကပ်ရတော့သည်။ သူ့ဆရာအရှင် ပါမောက္ခမဟာဌာနမှူး ဆရာတော်ကြီးတစ်ပါးတော့ သူ့ကို ချီးမြှောက်ရန် ကြွလာမည် ဟူသော အသံကတော့ သူ့အတွက် ကျယ်လောင်သော အောင်စည်အောင်မောင်းဖြစ်ပေချိမ့်မည်။
(အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီးတွင် တက်ရောက်နေသည့် အင်္ဂလိပ်စာတတ်ပေတတ် ပိဋကတ် အိုးကြမ်းကွဲမိတ်ဆွေရဟန်းတော်များ ရှိကြောင်း သူ တကယ်သိပါသည်။ သို့သော် မြန်မာနိုင်ငံမှ လေယာဉ်ပျံကြီးစီးနင်းကြွလာမည့် ပညာရှင်ကြီးများကို ကြိုဆိုလိုလှသော ညီလာခံကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ တိုက်တွန်းချက်ကို သူလစ်လျူရှု၍ မရချေပြီ တကား။)
မြန်မာကိုယ်စားပြုပါဠိပညာရှင်များထဲမှ စာတမ်းဖတ်ကြားရန် လေးပါးရွေးချယ်ထားသည်။ နှစ်ပါးက ကြွမလာနိုင်လေသောအခါ သူ့ကို စာတမ်းတစ်စောင် ဖတ်ရန် ကော်မတီက ထိုးအပ်လိုက်သည်။ အခြားစာတမ်းတစ်စောင်ကိုတော့ သူ့မိတ်ဆွေရဟန်းတော်တစ်ပါးက တာဝန်ယူထားလေသည်။ အော် ကျေးဇူးကြီးပေစွ..။ သို့နှင့် သူ စာတမ်းတစ်စောင်ကို ရေးခြစ်နေရခြင်းဖြစ်သည်။
နံနက် ၅း၀၀ နာရီကတည်းက စတင်ထိုင်မိသည်မို့ ညောင်းညာကိုက်ခဲသွားသည်။ ၀ါး...။ နံနက်ကော်ဖီဆွမ်းလေးတော့ ဘုန်းလေဦးမှ..။ ရေနွေးကြိုရန် လျှပ်စစ်ရေနွေးအိုးထဲ ရေဖြည့်လိုက်သည်။ ကံဆိုးလှစွာ ဖျပ်ကနဲ မီးပျက်သွားသည်။ ငတ်ပြီ...။ သူက အကောင်းမြင်တတ်သူ မဟုတ်သလို အဆိုးမြင်တတ်သူလည်း မဟုတ်..။ အင်း ခက်တာက အမှန်လည်း မမြင်တတ်သေး။ ဘာပဲဖြစ်ဖြစ် မနက်စာဟောင်းလောင်းဗာရာဏသီနံနက်ခင်းနှင့် မိဂဒါဝုန်ဒွန္နယာကြီးကို တိဘက်လိုပဲ နှုတ်ဆက်လိုက်ပါသည်။ တရှိဒေလေ (မင်္ဂလာပါ)
(သို့သော် ခပ်တိုးတိုး..မိတ်ဆွေတစ်ယောက်က ပြောသည်.. ပါမောက္ခဆိုတာ ခပ်တည်တည်ပေါ့ တဲ့ ..။)
ဓမ္မဂင်္ဂါ
(၁၁-၁၂-၂၀၁၀)
ဗာရာဏသီမှာ မီးတွေပျက်တာနဲ့ပဲ သူရေးချင်တာတွေ ရေခွင့်မရ။ စောင့်ဖတ်နေတဲ့ ဘလော့ချစ်သူများကလည်း ခပ်ပါးပါးမို့ ရေးလက်စတွေ ရပ်ထားလိုက်ပါတယ်။ ရပ်ထားတဲ့အချိန်တွေမှာ ၀င်ရေးကြမှာမို့ စီဘောက်စ်ကိုလည်း ပိတ်ထားလိုက်ပါတယ်။ ဒီရက်တွေမှာမှ ဗာရာဏသီမီုးကလည်း အငြိုးနဲ့ရွာခဲ့ပါသေးတယ်။ နေခဲ့တဲ့ သုံးနှစ်သက်တမ်းမှာ အေးလောက်အောင်ကို ရွာခဲ့တာပါ။ သတင်းစာတွေတော့ မဖတ်ရဲအောင်ပဲ။ လွန်ခဲ့တဲ့ လေးရက်လောက်က ရဟတ်ယာဉ်ပျက်ကျလို့ ကွယ်လွန်သွားတဲ့ အန္ဓရာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီိးချုပ်ကို ချစ်ကြသူတွေက လိုက်သေကြတာ ခုဆို တစ်ရာကျော်သွားပြီ။ အင်း သူတို့လည်း အစွဲကြီးသူတွေပေပဲပ။
သူလည်း တက္ကသိုလ်ဗိုက်ဗာ ( ဆိုရရင်တော့) အင်တာဗျူးပေါ့လေ အောင်အောင်မြင်မြင် ပြီးသွားပါပြီ။ အမှန်တကယ်တော့ ဗိုက်ဗာဆိုတာက သူထင်တာထက်နည်းနည်းတော့ ပိုပါတယ်။ တက္ကသိုလ် အဓိပတိရုံးခန်းမှာပြုလုပ်တဲ့ အင်တာဗျူးဟာ ပေါ့ပေါ့ပါးပါးမဟုတ်တာ သေချာခဲ့ပါတယ်။ ကံကောင်းတာလားတော့ မသိဘူး။ ဒုတိယအဓိပတိက အခါတိုင်း ပါရဂူကျောင်းသားတွေရဲ့ ဗိုက်ဗာကို ကိုယ်တိုင်တက်ရောက်လေ့ရှိပေမယ့် ဒီနေ့တော့ ခရီးလွန်နေဆိုပဲ။ သူ့ကို ဌာနဆိုင်ရာပါမောက္ခက ပါရဂူကျောင်းသားအဖြစ် လက်ခံလိုက်ပြီဆိုပေမယ့် လက်ခံလိုက်တဲ့ ကျောင်းသားက ပါရဂူကျမ်းပြုဖို့ အရည်အချင်းပြည့်မီကြောင်း အခြားတက္ကသိုလ်က ဆရာတွေရှေ့မှာ သက်သေပြရတဲ့သဘောပါ။ အဲဒီတော့ သူ့အတွက် မေးခွန်းတွေက ချိန်ကိုက်ဗုံးတွေလို ပေါက်ကွဲဖို့ အသင့်ရှိနေခဲ့လေမလား။
ပါမောက္ခဂုရုကြီးတွေ စုဝေးရာ အခန်းထဲ သူဝင်ရောက်သွားတာနဲ့ သူ့ရဲ့ ထူးခြားတဲ့ ရဟန်းအသွင်အပြင်က အားလုံးကို ဖမ်းစားလိုက်တယ်ထင်ပါတယ်။ ဟိန္ဒူကျောင်းသားတွေကြားထဲမှာ သူ့ဦးပြည်းစိမ်းစိမ်းက ဘာသာရပ်အသစ်ဖြစ်နေခဲ့တာပါ။ သူ့ပါမောက္ခက အနီးဆုံး ခုံမှာထိုင်ခိုင်းပါတယ်။ ပြီးတော့ သူ့ကို ကြွရောက်လာကြကုန်သော ဂုဏ်သရေရှိပါမောက္ခဆရာကြီးတွေနဲ့ မိတ်ဆက်ပေးပါလေရော။ ဘယ်ဘာသာနဲ့ ဖြေမှာတုန်းလို့လည်း မေးပါသေးတယ်။ “ပါဠိဘာသာယစေ၀ အင်္ဂလိသဘာသာယစ ” လို့ လုပ်ထည့်လိုက်တော့ ပါမောက္ခတော်တော်များများက ကုလားထိုင်ကို ခပ်တည်တည်နဲ့ နောက်မှီလိုက်ကြတော့တာပါ။ပါဠိဘာသာကို နည်းနည်းတော့ တွန့်သွားတာပါ။
အသက်ရှစ်ဆယ်ကျော်ရှိပြီဖြစ်တဲ့ ဂုရုကြီးကတော့ ရှေ့တိုးလာပါတယ်။ သူ့အတွက်ပျော်စရာကောင်းတဲ့ မေးခွန်းတွေ တစ်ခုပြီး တစ်ခု မေးတော့တာပါ။ အဲဒီဆရာကြီးက သူ့ကို သိနေပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူနဲ့ စကားပြောခွင့်ရခဲ့ဖူးပါတယ်။ အင်္ဂလန်နိုင်ငံ ဘာမင်ဂန်ဆရာတော် ဒေါက်တာအရှင်ရေ၀တဓမ္မက သူ့တပည့် ဆိုပဲ။ အဲဒီတော့ သူကလည်း ဒေါက်တာရေ၀တဓမ္မဆီမှာ နှစ်ရက်ခန့်( ထေရ၀ါဒတက္ကသိုလ်တက်စဉ်က) တပည့်တော်ဖူးလေတော့ ဆရာ့ဆရာ (ဘိုးဘိုးကြီး)ဆိုပြီး တရုတ်သိုင်းကားတွေထဲကလို ဆွေမျိုးစပ်ရတော့တာပါ။
ဆရာကြီးကလည်း ချစ်စရာဖြစ်သလို သူ့ပါမောက္ခကလည်း အားကိုးစရာကောင်းပါတယ်။ ဆရာကြီးရဲ့ ရေပက်မ၀င် ပါဠိဘာသာမေးခွန်းတွေက ၀ူတန်းတောင်ပေါ်က နဂါးနိုင်ဓားကွက်တွေလို လှပသိပ်သည်းနေသလို သူငယ်ငယ်တုန်းက အမြင်ကပ်ကပ်နဲ့ ကျက်ခဲ့တဲ့ စာတွေကလည်း နေလစကြာအတွင်းအားတွေဖြစ်နေခဲ့ပါရောလား။ ဆရာဂုရုကြီးကလည်း သူမေးတာတွေ ဖြေနိုင်နေတာမို့ ပျော်နေတာပါ။ သူ့ပါမောက္ခကတော့ နှုတ်ခမ်းမွှေးတွေထောင်နေအောင် ပြုံးနေတော့တာ။
ကျန်တဲ့ ပါမောက္ခတွေကလည်း လေးစားလောက်တဲ့ ဆရာဂုရုကြီးရဲ့ မေးခွန်းတွေနဲ့ သူ့ရဲ့ ဗရာမင်ဟန်ပန် ပါဠိဘာသာအသံထွက်နဲ့( ကြိုတင်လေ့ကျင့်ထားခြင်းဖြစ်သည်)အဖြေတွေကို ခေါင်းတရမ်းရမ်းနဲ့ ကောင်းချီး ပေးကြတာပါ။ နောက်တော့ ပါမောက္ခတစ်ယောက်က ငါလည်း အင်္ဂလိပ်လို မေးဦးမယ်ကွာလို့လုပ်တာပါ။ သူ့ပါမောက္ခကလည်း မေးချင်ရာမေးပေါ့။ အဲဒီပါမောက္ခကလည်း ဘာရယ်မဟုတ်တော့ပါဘူး။ ပါဠိဆရာဂုရုကြီးနဲ့ အမေး အဖြေလုပ်နေတာကို ကြည့်ပြီး စိတ်ပါပျော်နေရွှင်လာဟန်တူပါတယ်။ ဗာရမာဝါလားဘန္တေ(မြန်မာကိုယ်တော်) လေးတော့ မဆိုးဘူးပေါ့လေ။ (ဆရာဂုရုကြီးက ဖြေနိုင်တာတွေ မေးတာကိုး။ )
ူပါမောက္ခက “ ငါမေးချင်တာက ဒီနေ့ခေတ် အိန္ဒိယနိုင်ငံသား ဗုဒ္ဓဘာသာအဘိဓမ္မာစာပေပညာရှင်ကို သိလား”တဲ့။ သူ့စိတ်ထဲမှာ ပေါ်လာတာတွေက ရာဟုလာသံကစ္စည်း၊ အာနန္ဒာကောသလ္လာယန၊ ဓမ္မရက္ခိတ တို့ပါ။ သူတို့သုံးယောက်အမည်တွေကို ပြောပြလိုက်မိတယ်။ အဟတ် တစ်ပါးကျန်သွားတယ်။ ကျန်တဲ့ တစ်ပါးက အဖြေမှန်ပါ။ “ဇာဂဒိသ ကဿပကို မသိဘူးလား ” တဲ့။ “Oh Yes, he was the first director of Nava Nalanda Mahavira” အဲဒီအခါမှ ပေါက်သွားတာပါ။
နာလန္ဒာတက္ကသိုလ် အဟောင်းကြီးဘေးမှာ ဒီနေ့ခေတ် နာလန္ဒာတက္ကသိုလ်အသစ်ကို တည်ထောင်သူ ကိုယ်တော်ကြီးကို မေ့နေပါရောလား။ ဘာပဲဖြစ်ဖြစ် “ထိကေ ထိကေ“ အသံတွေနဲ့ အတူ သူထွက်လာနိုင်ခဲ့ပါတယ်။ ထိကေ ဆိုတာ အိုကေပေါ့။ အိန္ဒိယရောက်ရင် ထိကေလေးတော့ သိထားဦးမှ။ ထိကေရဲ့ အလွန်မှာ အပြုံးတွေ အပြုံးတွေ။
ဓမ္မဂင်္ဂါ
(၈-၉-၂၀၁၀)
(အဟောင်းလေးပါပဲ...) Read more...ဓမ္မပဒအဋ္ဌကထာ ကဏ္ဍနှစ်ခု စာမျက်နှာ (၁၈၁) ကို ဆောင်းပါး နှစ်ပုဒ်ဖြင့် သိစရာအချက်များကို ရေးပြီး ခဲ့ပါပြီ။ ဤစိတ္တကဏ္ဍတွင် စာမျက်နှာ (၃၀)၊ ဂါထာပေါင်း (၁၁) ခု၊ ၀တ္ထုပေါင်း (၉) ခုဖြင့် ရဟန်းတော်များ အကြောင်း၊ လူသားတစ်ဦး အကြောင်းတို့ကို ဖေါ်ပြထားပါသည်။ ရဟန်းတော်များ အကြောင်းကို ဖေါ်ပြရာတွင် အလုပ်အကျွှေး ရဟန်းတော် တစ်ပါး၊ အမည်မသိ ရဟန်းတော် တစ်ပါး၊ သာသနာ့ဘောင်တွင် ငြီးငွေ့သွားသော ရဟန်းတော် တစ်ပါး၊ သံဃရက္ခိတ မထေရ်ကြီး၏ တူတော် ရဟန်း တစ်ပါး၊ စိတ်အလိုသို့ လိုက်သော ရဟန်းတော် တစ်ပါး၊ ရဟန်းတော်ငါးရာ၊ ခန္ဓာကိုယ် ပုပ်စော်နံသော ဂိလာန ရဟန်းတော် တစ်ပါး၊ သောရေယျ သူဋ္ဌေးသား ဘ၀မှ ရဟန်းပြု လာသော ရဟန်းတော် တစ်ပါး အကြောင်းနှင့် လူသားတစ်ဦးဖြစ်သော နွားကျောင်းသား နန္ဒလုလင် အကြောင်းတို့ ဖြစ်ပါသည်။
စိတ္တကဏ္ဍအကြောင်း မရေးမီ ငယ်ငယ်ကကြားခဲ့ဖူးသော ဆရာတော်ကြီးတစ်ပါး၏ အကြောင်းကို သတိရမိပါသည်။ တစ်ချို့ ဆရာတော်များသည် စာပေပရိယတ် တတ်ကြွမ်းကြပါသော်လည်း တရား ဟောရမှာကို ၀န်လေးတတ် ကြပါသည်။ မဖြစ်မနေဟောကြရပြီ ဆိုသော်လည်း တိုတိုသာ ဟောတတ် ကြပါသည်။ လူတွေကလည်း အရှင်ဘုရား တရားကောင်းလိုက်တာဟု ချီးမွမ်းတတ်ကြပါသည်၊ ဘယ်လိုကောင်းတာလဲဟု မေးသောအခါ တရားကတိုလို့ပါဘုရား ဟုလျောက်ထားတတ် ကြပါသည်။ ယနေ့ခေတ် လူသားများသည် အချိန်ဆင်းရဲ ကြပါသည်။ အထူးသဖြင့် နိုင်ငံခြားတွင် ရောက်နေကြသော သူများဖြစ်ပါသည်။ တရားကို တိုတိုဟောမှ အဆင်ပြေပါသည်။ သီလပေး ရေစက်ချ အပါဝင် တစ်နာရီခန့် တရားဟောသည်ကို အချိန်ကြာသည်ဟု သတ်မှတ်သူများ ရှိပါသည်။ အကုန်ခံ ထားသည့် ငွေနှင့် လုပ်အားတို့ကို ကြည့်ပြီး သိစေချင်သည်များကို ပြောပြသော်လည်း နာယူလိုစိတ် နည်းပါးကြပါသည်။ လူအများသည် ရုပ်၏ အစာဖြစ်သော လှူရမှာကို မနှမြောကြပါသော်လည်း စိတ်၏ အစာဖြစ်သော တရားကို မသိချင်ကြပါ။ သို့အတွက် ဗုဒ္ဓဘာသာအကြောင်းက တစ်ဦးဦးက မေးလာခဲ့သော် ဘုန်းကြီးများထံသို့ တွန်းပို့ တတ်ကြပါသည်။
ဆရာတော်ကြီး၏ အကြောင်းကို ဆက်ရပါလျှင် တရားဟောမည် လုပ်သောအခါ အရှင်ဘုရား တရားကို တိုတိုဟောပါဘုရားဟု ဒကာတစ်ဦးက လျောက်ထားခဲ့ပါသည်။ ပလ္လင်ပေါ်သို့ ရောက်သောအခါ ထိုတရားဟောမည့် ဆရာတော်ကြီးက အတိုကြိုက်သော ဒကာများအတွက် ယနေ့ ဟောရမည့် တရားကတော့ စိတ် အကြောင်းပါပဲ၊ ကဲအားလုံးသော ဒကာများဘာတဲ့လဲ စိတ်ပါဘုရား၊ အေး အဲဒီ စိတ်ကို မှတ်ထားကြ ပေတော့၊ ကဲ သာဓုခေါ်ကြ ဟုဆိုပြီး ရေစက်ချကာ ပလ္လင်ပေါ်မှ ဆင်းခဲ့ ပေတော့သည်။
တိုတိုင်းလည်း မကောင်းပေ၊ တရားကို တစ်နာရီအတွင်း ပြီးစီးအောင် နာယူသင့်ပေသည်။ ရှည်လွန်းရင်လည်း မသင့်တော်ပေ။ အတိုင်းအရှည်ကို သိရပေမည်။ ယခုရေးမည့် စိတ္တကဏ္ဍသည်လည်း ဆရာ တော်ကြီးက ဟောပြသည့် စိတ်အကြောင်းပင် ဖြစ်ပေသည်။ ဘုရားရှင်က စိတ်အကြောင်းကို ဂါထာများဖြင့် ဟောတော်မူခဲ့သည်ကို အဋ္ဌကထာဆရာက ဖွင့်ဆိုပြပါသည်။
စိတ်အကြောင်းကို ပြောပြရာတွင် ဗုဒ္ဓ၏ အဘိဓမ္မာပိဋကတ်တွင် ကျယ်ပြန့်စွာ လေ့လာနိုင်ပါသည်။ လက်သန်း အဋ္ဌကထာဟု လည်းကောင်း၊ သဂြိုဟ်ဟု လည်းကောင်းခေါ်သော စာအုပ်ငယ်ကလေးတွင်ပင် စိတ်အကြောင်းကို ပြည့်ပြည့် စုံစုံ လေ့လာနိုင်ပါသည်။ ထိုစာအုပ်တွင် ပုဂ္ဂိုလ်အမျိုးအစား တစ်ဆယ့်နှစ်ဦး၊ တစ်ဦးစီတွင် ဖြစ်နိုင်ချေရှိသောစိတ်များ၊ အမိဝမ်းတွင်းတွင် ရှိနေခိုက် ဖြစ်နိုင်သောစိတ်၊ ပြင်ပကမ္ဘာသို့ ရောက်လာသောအခါ ဖြစ်သောစိတ်၊ တစ်ဘ၀ဆုံးခါနီးအခါ ဖြစ်သောစိတ်များ အကြောင်းတို့ကို ဖေါ်ပြ ထားပါ သည်။ ဤဓမ္မပဒအဋ္ဌကထာ ပထမအုပ် စိတ္တ၀ဂ်တွင်မူ အထက်ပါ တင်ပြခြင်းမျိုးမဟုတ်ပဲ စိတ်တစ်ခု တည်းကိုပင် အခြေအနေ အမျိုးမျိုးရှိနေကြောင်း ၀တ္ထုများဖြင့် ထင်ရှားစေကာ စိတ်ဝင်စားစရာဖြစ်အောင် အဋ္ဌကထာဆရာက ရှင်းလင်းပြသထားပါသည်။ ၀တ္ထုကိုးခုတွင် ပါရှိသော စိတ်များကို အောက်ပါအတိုင်း ဖေါ်ပြထားပါသည်။ စိတ်ကို တစ်ခါတစ်ရံ ၀ိဥာဏဟုလည်း ခေါ်ပါသည်။
၁။ တုန်လှုပ်တတ်သောစိတ် (ဖန္ဒနစိတ္တ) ၂။ လျပ်ပေါ်လော်လီတတ်သောစိတ် (စပလစိတ္တ) ၃။ စောင့်ရှောက်ရခက်သောစိတ် (ဒုရက္ခစိတ္တ)၊ ၄။ တားဆီးရခက်သောစိတ် (ဒုန္နိဝါရယ စိတ္တ) ၊ ၅၊ လျှင်မြန် သောစိတ် (လဟုစိတ္တ)၊ ၆၊ ဟိုဟိုဒီဒီတွေးတော တတ်သောစိတ်၊ သူ့စိတ်တိုင်းကျ၊ ထင်ရာလုပ်တတ် သောစိတ် (ယတ္ထကာမ နိပါတစိတ္တ)၊ ၇၊ ကြည့်ချင်လည်း မမြင်ရနိုင်သောစိတ် (သုဒုဒ္ဒသစိတ္တ)၊ ၈၊ သိမ်မွေ့ လွန်းသောစိတ် (သုနိပုဏစိတ္တ)၊ ၉၊ အဝေးကြီးသို့ ပြေးတတ်သောစိတ် (ဒူရင်္ဂမစိတ္တ)၊ ၁၀၊ တစ်ကိုယ်တော် ရွေ့ရှားတတ်သောစိတ် (ဧကစာရစိတ္တ)၊ ၁၁၊ အထည်ကိုယ် မရှိသောစိတ် (အသရီရ စိတ္တ)၊ ၁၂၊ လှိုင်ဂူသဖွယ် ဖြစ်သောစိတ် (ဂုဟာသယစိတ္တ)၊ ၁၃၊ မတည်တံ့သောစိတ် (အန၀ဋ္ဌိတစိတ္တ)၊ ၁၄၊ မြို့ကြီးနှင့်တူသောစိတ် (နဂရူပမစိတ္တ)၊ ၁၅၊ မှားယွင်းစွာ ဆောက်တည်ထားအပ်သောစိတ် (မိစ္ဆာပဏိဟိတစိတ္တ)၊ ၁၆၊ ကောင်းစွာ ဆောက်တည်ထားအပ်သောစိတ် (သမ္မာပဏိဟိတစိတ္တ) ဟု အများသူငါ နားလည်စေရန် ဖေါ်ပြထားပါသည်။ ဤဖေါ်ပြချက်များမှာ စိတ်သရုပ် မဟုတ်ဘဲ စိတ်ကို အထူးပြုထားသည့် နာမ၀ိသေသန စကားလုံးများ ဖြစ်ပါသည်။
တုန်လှုပ်တတ်သောစိတ် ဆိုသည်မှာ ထင်ရာမြင်ရာ အာရုံတွေအပေါ်မှာ စွဲလမ်းတတ်သည့် စိတ်ကို ဆိုလိုပါသည်။ ကျေးလက်တောရွာတွင် ရှိသော ကလေးသူငယ် တစ်ယောက်ကဲ့သို့ တည်တည်ငြိမ်ငြိမ် မနေတတ်ခြင်းကို လျပ်ပေါ်လော်လီတတ်သောစိတ်ဟု ဆိုထားပါသည်။ ကျဉ်းမြောင်းသော နေရာတွင် ရပ်တည်နိုင်ရာ ခဲယဉ်းသကဲ့သို့ပင် သင့်တင့်သော အာရုံကောင်းများအပေါ်တွင် ကြာကြာမရပ်တည် နိုင်သည်ကို စောင့်ရှောက်ရ ခက်သောစိတ်ဟု ဆိုလိုပြီး သူလိုချင်ပြီဆိုမှဖြင့် ချင်ချင်တူးတူး မူပြီးရောဆိုသည့် သဘောဖြင့် အသွင်မတူတာတွေကို ကိုယ်ထင်ရင် ကုဋင်ရွှေနန်း လုပ်တတ်သည့် စိတ်ကို တားဆီးရ ခက်သောစိတ်ဟု နားလည်ရပါသည်။ ဖြစ်တာလည်းမြန်၊ ချုပ်ငြိမ်းတာလည်း မြန်လွန်းလှသော စိတ်ကို လျှင်မြန် သောစိတ်ဟု ဖွင့်ဆိုပြီး ဟိုဟိုဒီဒီ တွေးတော တတ်သောစိတ်၊ သူ့စိတ်တိုင်းကျ၊ ထင်ရာလုပ်တတ် သောစိတ်ကိုမူ ရသင့်သလား၊ ဖြစ်သင့်သလား ၊ သင့်တော်သလား၊ အဆင့်အတန်း တူသလား၊ အသက်အရွယ် မျှရဲ့လား စသည်ဖြင့် ဘာတစ်ခုကိုမှ အလေးမထားဘဲ ထင်တိုင်းကြဲသည့် စိတ်ဟု ဆိုထားပါသည်။ မိမိတို့ ရှူနေသော လေသည် ထင်ရှားရှိပါသော်လည်း ကြည့်ချင်ပါက မမြင်ရနိုင် သလိုပင် ကြည့်ချင်လည်း မမြင်ရနိုင်သောစိတ် သဘာဝကိုလည်း သိထားရပါမည်။ သိမ်မွေ့လွန်းသောစိတ် ဆိုသည်မှာ နူးညံ့လွန်းသဖြင့် ကိုယ်တွယ်ရ ခက်ခဲသည်ကို ရည်ရွယ်ပါသည်။
အဝေးကြီးသို့ ပြေးတတ်သော စိတ်ဆိုသည်မှာ တထိုင်တည်းဖြင့် တစ်ကမ္ဘာလုံးသို့ ငွေမကုန်ပဲ ပတ်နိုင်သည့်စိတ် ဖြစ်ပေသည်။ တစ်ကိုယ်တော် ရွေ့ရှားတတ်သော စိတ်ဆိုသည်မှာ အဖေါ်မလို တစ်ချိန်တွင် တစ်ကြိမ်သာ ဖြစ်ပါသည်။ အထည်ကိုယ်မရှိသောစိတ် ဆိုသည်မှာ ကိုယ်တွယ်စမ်းသပ်၍ မရခြင်းကို ဆိုလိုပါသည်။ လှိုင်ဂူသဖွယ်ဖြစ်သောစိတ် ဟူသည်မှာ မဟာဘုတ်လေးပါး၊ (အပူအအေး၊ အပျော့၊ အမာ၊ တွန်းကံအား ဟူသော) သဘောတရား လေးပါးတို့ကို စိတ်သည် အမှီပြုပေသည်။ ပူရင်လည်း ခံစားချက်က တစ်မျိုး၊ အေးပြန်ရင်လည်း အတူတူပင်၊ မာသည်ကို ထိတွေ့ မိပြန်ရင်လည်း စိတ်က ပြောင်းတတ်သလို အပျော့ကို နင်းမိ၊ ထိတွေ့မိ ပြန်ရင်လည်း ပြောင်းပြန်သည်။ မတည်တံ့သောစိတ် ဆိုသည်မှာ မြင်း၏ ကျောကုန်းပေါ်တွင် တင်ထားခံရသော ပစ္စည်းတစ်ခုလိုပင်၊ ဖွဲပုံပေါ်တွင် ထိုးစိုက်ထားသော ငုတ်လိုပင် စိတ်သည် တစ်ခါတစ်ရံ ဗုဒ္ဓဘာသာဝင်ဖြစ်လိုက် တစ်ခါတစ်ရံ ဘာသာကူးပြောင်းလိုက်နှင့် တည်တည်တံ့တံ့ မရှိလှပေ။ မြို့ကြီးနှင့်တူသောစိတ် ဟူသည်မှာ မြို့တွင်းသို့ သူခိုးဝင်ပြီဆိုမှ ရှုပ်ထွေးလှသော လမ်း၊ အဆောက်အဦးတွေ များနေသဖြင့် ဖမ်းဆီးရ ခက်သကဲ့သို့ပင် စိတ်တွင်းသို့ မကောင်းသည့် အတွေးမှာများ ၀င်လာသည်ဆိုပါက မောင်းထုတ်ပစ်ရန် ခက်ပေသည်။ မှားယွင်းစွာ ဆောက်တည်ထားသောစိတ်ဆိုသည်မှာ အကုသလကမ္မပထ တရားဆယ်ပါးနှင့် ပြည့်နေသောစိတ်ကို ဆိုလိုပြီး ကောင်းစွာ ဆောက် တည်ထားသောစိတ်မှာမူ အပြန်အားဖြင့် ကုသလကမ္မပထ တရားဆယ်ပါးနှင့် ပြည့်စုံသောစိတ်ကို ဆိုလိုပါသည်။ ဤသို့လျှင် အများသူငါ နားလည်စေရန် အဋ္ဌကထာဆရာက စိတ်အကြောင်းကို အသေးစိတ် ရှင်းလင်း ဖေါ်ပြထားပါသည်။
ရှင်မေဃိယဟုခေါ်သော အလုပ်အကျွှေး ရဟန်းတစ်ပါး၏ စိတ်သည် တုန်လှုပ်ခဲ့သည်၊ လျပ်ပေါ်လော်လီခဲ့သည်၊ သူကိုယ်တိုင် သူ့စိတ်ကို မနိုင်သဖြင့် စောင့်ရှောက်ရ ခက်ခဲခဲ့သည်၊ တားဆီးရ ခက်ခဲခဲ့သည်၊ သူသည် ဘုရားရှင်၏ အမိန့်ကို ဆန့်ကျင်ခဲ့ပြီး တရားကျင့်ရန်ရည်ရွယ်ချက်ဖြင့် အချိန်မစောင့်ဘဲ သူနှစ်သက်သော မြစ်ဘေးက ဥယျာဉ်သို့ သွားခဲ့သည်၊ တရားထိုင်သောအခါတွင် ဘောဘ၊ ဒေါသ၊ မောဟစိတ်များ ပေါ်လာခဲ့သည်၊ သူသည် တားဆီးနီုင်စွမ်း မရှိသဖြင့် ဗုဒ္ဓထံတော်သို့ ပြန်လာခဲ့ပေသည်။ ထိုမေဃိယ ရဟန်းတော်ကို စိတ်ကိုထိန်းနိုင်လျှင် ချမ်းသာရနိုင်ကြောင်း ဟောပြောပြသောအခါ သောတာပန် ရဟန်းတော်ဖြစ်လာခဲ့ပြီး မကြာမီရဟန္တာ မထေရ်ကြီးတစ်ပါးလည်း ဖြစ်လာခဲ့ပါသည်။
အမည်မသိ ရဟန်းတော်တစ်ပါးသည်လည်း စေတနာကောင်းသော အမျိုးသမီးကြီး တစ်ဦး၏ ကောင်းသတင်းကို ကြားရသဖြင့် သူမနေသော နေရာသို့ လာခဲ့ရာမှာ ရဟန်းတော်က သူဖြစ်ချင်သည်များကို စိတ်ကူးဖြင့် တွေးတောခဲ့သည်၊ သူဖြစ်ချင်ခဲ့၊ အတွေးပေါ်ခဲ့သည်များကို စေတနာကောင်းသူ အမျိုးသမီးကြီးက သူတစ်ပါး၏ စိတ်အကြံကို သိသဖြင့် ဖြည့်ဆည်းပေးခဲ့သည်၊ ရဟန်းသည် ထိုကဲ့သို့ဖြစ်နေခဲ့သည်ကို ကြောင်စိတ် ၀င်ခဲ့လေသည်။ ကြောက်စိတ် ၀င်လာခဲ့ရခြင်းမှာ သူ့စိတ်ကို သူကိုယ်တိုင် မယုံသဖြင် တွေးချင်ရာကို တွေးမိလေရင် ဟူသော စိတ်ကူးကြောင့် ၀င်လာခဲ့ခြင်း ဖြစ်ပေသည်။ အမျိုးသမီးကြီးကို တွေ့သောအခါ အဖြစ်မှန်ကိုဆိုပြီး မနေလိုတော့ကြောင်း ပြောပြခဲ့လျက် ပြန်ခွင့်တောင်းခဲ့သည်။ တား၍ မရဘဲ သူ့သဘောဖြင့် ဇွတ်အတင်း ဘုရားရှင်ထံသို့ ပြန်လာခဲ့သည်။ ဘုရားရှင်က ပြန်သွားရန် တိုက်တွန်းခဲ့ ပါသော်လည်း မသွားရဲပုံ မသွားချင်တော့ပုံ ဇာတ်လမ်း ဖြစ်ပါသည်။ အဆုံးတွင် စိတ်ကိုထိန်း စေသဖြင့် တရားထူးကို ရခဲ့ပေသည်။
ဆင်းရဲမှလွတ်လိုသဖြင့် ရဟန်းဝတ်လာခဲ့သော သူဋ္ဌေးသားတစ်ဦးအကြောင်း ဖေါ်ပြထားသော ဇာတ်လမ်း ဖြစ်ပါသည်။ ဆရာအမျိုးမျိုးနှင့် တွေ့သဖြင့် အဆုံးအမတွေက များလှသည်။ ဆရာများ သားသေ ဆိုသလိုပင် ရဟန်းဝတ်ချင်စိတ် ကုန်သွားပြီး ငြီးငွေ့သော ရဟန်းတစ်ပါး ဖြစ်သွားခဲ့ရသည်။ ဘုရားရှင်နှင့် ဆုံသဖြင့် များများသိစရာမလို စိတ်တစ်ခုကိုသာ သိစရာလိုသည်ဟု မိန့်တော်မူခဲ့ ပါသည်။ ကြည့်ချင်လည်း မမြင်ရနိုင်သောစိတ်၊ သိမ်မွေ့ လွန်းသောစိတ်ကို နည်းစနစ်တကျ စောင့်ရှောက်နိုင်သူများ ချမ်းသာရပါသည်။
သံဃရက္ခိတ မထေရ်ကြီး၏ တူတော် ရဟန်းတစ်ပါးသည် အမျိုးသမီးတစ်ဦးနှင့် စိတ်ကူးတွင် အိမ်ထောင်ပြုခဲ့ပြီး ဆွမ်းစားနေရင်း သူ၏ ဦးကြီးတော်သူ ရဟန္တာမထေရ်ကြီးအား ယပ်ခပ်ပေးနေခဲ့ရာမှာ အဝေးကြီးသို့ ပြေးတတ်သောစိတ်၊ တစ်ကိုယ်တော် ရွေ့ရှားတတ်သောစိတ်၊ အထည်ကိုယ် မရှိသောစိတ်၊ လှိုင်ဂူသဖွယ် ဖြစ်သောစိတ်တို့ကြောင့် သူ့စိတ်ကူးမှ ဇနီးသည်အား ကလေးကို မထိန်းသိမ်းတတ်သဖြင့် ရိုက်လိုက်မိပါသည်။ တကယ်မဟုတ်သဖြင့် အရိုက်ခံလိုက်ရသူမှာ စိတ်ကူးမှ ဇနီးသည်မဟုတ်ဘဲ သူယပ်ခပ်ပေးနေခဲ့သော ဆွမ်းစားနေဆဲ ဦးရီးတော်မထေရ်မြတ်၏ ဦးခေါင်းဖြစ်ခဲ့ပါသည်။ ထိုအခါ ဟေ မိန်းမ ကိုတော့ နိုင်အောင် မရိုက်နိုင်ပဲ၊ အသက်ကြီး ရဟန်းတော်မှာ ဘာအပြစ်များရှိလို့ ရိုက်ရတာလဲ ဟု ဆိုသောအခါ ငါ့အကြောင်းတော့ သိသွားခဲ့ပြီဟု သိလိုက်ပြီး ယပ်တောင်ကိုချ ကြောက်လန့်ပြီး ထွက်ပြေးသော ၀တ္ထုတစ်ပုဒ် ဖြစ်ပါသည်။ ရဟန်းငယ်သည်လည်း ဘုရားရှင်၏ တရားတော်ကို ကြားနာရသဖြင့် အရိယာဖြစ်လာခဲ့ပါသည်။
စိတ်အလိုသို့ လိုက်သော ရဟန်းတော်တစ်ပါး၏ မတည်တံ့သော စိတ်ရှိသဖြင့် ခုနှစ်ကြိမ် လူဝတ်လဲပြီးမှ ရဟန္တာဖြစ်သွားရသော အကြောင်းကို ငါးနံပါတ် ၀တ္ထုတွင် ဖေါ်ပြထားပါသည်။ ရဟန္တာဖြစ်ရမည့် ဘ၀မှာပင် ဤကဲ့သို့သော အဖြစ်မျိုး ဘာကြောင့် ဖြစ်ရပါသလဲဟု ရဟန်းတော်များက သိချင်ကြပါသည်။ အမှန်မှာမူ ကိလေသာကြောင့်ဟု အဖြေထွက်ပါသည်။ ညစ်နွမ်းသော ထိုကိလေသာစိတ်သည် သူတော်ကောင်းတရားကို သိရန် ၀န်လေးတတ်ပါသည်။
ရဟန်းတော် ငါးရာသည် တရားကို ကြိုးစား အားထုတ်ကြသော ရဟန်းတော်များ ဖြစ်ခဲ့ကြပါသည်။ မြတ်စွာဘုရားရှင်က အဝေးမှ ရောင်ခြည်တော် လွှတ်ပြီး တရားဟောတော်မူခဲ့ပါသည်။ ဂုဏ်အထူးရှိသော ရဟန္တာမထေရ်များ ဖြစ်ခဲ့ကြပါသည်။ ခန္ဓာကိုယ် ပုပ်စော်နံသော ဂိလာန ရဟန်းတော် တစ်ပါးကိုမူ ဘုရားရှင်သည် ကိုယ်တော်တိုင် ပြုစုတော်မူပြီး စိတ်တည် ငြိမ်လာသောအခါမှ တရားကို ဟောတော် မူခဲ့ပါသည်။ ဂုဏ်အထူးရှိသော ရဟန္တာမထေရ်တစ်ပါးပင် ဖြစ်ခဲ့ပါသည်။ ၀န်ဆောင်နွားလာပမာ ဘ၀ဆက်တိုင်း အကျိုးမပေးမချင်း နောက်က လိုက်လာခဲ့သော အကုသိုလ်စေတနာ၏ သတ္တိကြောင့် ဤဘ၀တွင် ပုပ်စော်နံသော သူဖြစ်ခဲ့ရပါသည်။
ကောင်းစွာ ဆောက်တည်ထားအပ်သော စိတ်ကြောင့် သောရေယျ သူဋ္ဌေးသား ဘ၀မှ ရဟန်းပြု လာသော ရဟန်းတစ်ပါးသည် အလုံးစုံသောချမ်းသာကို ရခဲ့ပါသည်။ ၀ိသာခါ၏ ကျောင်းအမကြီး၏ မိဘများသည် ချမ်းသာကြပါသော်လည်း ယခုဘ၀တစ်ခုသာ အဆင်ပြေစေရန် လောကီချမ်းသာကို ပေးနိင်ခဲ့ပါသည်။ နတ်ချမ်းသာ၊ ဈာန်ချမ်းသာ၊ လောကလွန်ချမ်းသာများကို မပေးနိုင်ခဲ့ကြပါ။ ကောင်းစွာ ဆောက်တည်ထားအပ်သော စိတ်သည်သာလျှင် ချမ်းသာမျိုးစုံကို ပေးပါသည်။ ယင်းမှာ အခြားမဟုတ် ကုသလကမ္မပထတရား ဆယ်ပါးသာလျှင် ဖြစ်ပေသည်။ ထို့အတူပင် မှားယွင်းစွာ ဆောက်တည် ထားအပ်သောစိတ်သည် ပျက်စီးစေတတ်သည်။ လောကတွင် သူခိုးဟု အခေါ်ခံရသူက သူတစ်ပါးပစ္စည်းကို ခိုးယူနေသည် မဟုတ်သလို၊ (လာဘ်စားသူများသည် လူကြီးလူကောင်းဟု သတ်မှတ်ခံကြရသော လူအချိ့ ဖြစ်ပါသည်) ရန်သူတစ်ယောက်က ရန်ဖက်တစ်ဦးကို သတ်ဖြတ်သည်လည်း မဟုတ်ပေ။(မိမိ၏ ချစ်လှစွာသော ဇနီးများ၊ ဆရာသမားနှင့် မိဘများ၊ သားသမီးများကိုလည်း အကြောင်းအမျိုးမျိုးကြောင့် သတ်တတ်ကြသည်၊ သူတို့သည် ရန်ဖက်များ မဟုတ်ကြပါချေ။) တကယ် သတ်တတ်သူမှာ မှားယွင်းစွာ ဆောက်တည်ထားအပ်သော စိတ်သာလျှင် ဖြစ်ပေသည်။ နွားကျောင်းသား နန္ဒလုလင်သည် ဆင်းရဲသားမဟုတ် သူဋ္ဌေးတစ်ဦး ဖြစ်သည့်ပြင် သဒ္ဓါတရား အားကောင်းသောသူ တစ်ဦးလည်း ဖြစ်သည်။ အရိယာတစ်ဦးဖြစ်သော သူသည် ဘုရားရှင်နှင့် ရဟန်းများစွာ တို့အား လှူဒါန်းပြီး ချက်ချင်းဆိုသလို မကြာမီပင် အသတ်ခံခဲ့ရသည်။ သူ့အတွက် လွတ်မြောက်စရာ နည်းလမ်း မရှိခဲ့ပေ။ မြတ်စွာဘုရားက သူသည် ဘယ်အရပ်နေနေ လွတ်မြောက်နိုင်မည် မဟုတ်၊ သူ့ကို သေစေတတ်သူမှာ ပျက်စီးစေတတ်သော စိတ်ထား ဟုပင် မိန့်တော်မူပါသည်။
ဆောင်းပါးမှတ်စုများ
၁။ ဓမ္မပဒအဋ္ဌကထာ အပ္ပမာဒ၀ဂ်
၂။ အင်္ဂုတ္တရနိကာယပါဠိ
စာရေးသူ၏အာဘော်၊
ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။
ဆရာတော် ဒေါက်တာအရှင်နန္ဒက
ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်
အင်ချွန်းမြို၊တောင်ကိုရီးယား
Read more...အယ်ဒီတာခင်ဗျား
မကြာမီက တရားပွဲတစ်ခုတွင် ဆရာတော်တစ်ပါးက မြန်မာ့သာသနာဝင်တွင် အရေးပါသော ရှင်အရဟံဟူသည်မှာ သီဟိုဠ်တိုင်းသားဖြစ်ကြောင်း ဟောကြားသည်ကို နာခဲ့ရပါသည်။
ကျွန်တော်တို့ တွေ့ဖူးသည်မှာ ရှင်အရဟံသည် ရာမညတိုင်း မွန်လူမျိုးသာဖြစ်ကြောင်းဆိုပါသည်။ ရှင်အရဟံ သီဟိုဠ်လူမျိုးလား၊ မွန်လူမျိုးလားဆိုတာ ဘာသာရေးပြဿနာ ဆောင်းပါးရှင်ဆရာတော်အား မေးလျှောက်ပေးစေ လိုပါသည်ခင်ဗျား။
မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦး၊ ဖျာပုံမြို့။
အယ်ဒီတာထံမှ ရရှိသောစာတစ်စောင်အရ ဘာသာရေးပြဿနာ ဆောင်းပါးလွှာကဏ္ဍတွင် တင်ပြနိုင်ရန် စာပေကို ရှာဖွေကြည့်ရှုရ ရှင်အရဟံ၏ အကြောင်းအရာအား သာသနာလင်္ကာရစာတမ်းတွင် ၀ါဒအမျိုးမျိုးကို ဖော်ပြ၍ ရေးသားပြဆိုထားရာ ပရိတ္တနိဒါန်းလာ အကြောင်းအရာတွင်
သီဟိုဠ်ကျွန်းဝယ် ၀ိပ္ပ၀ါသီပြည်၌နေသော အမျိုးသားလုလင်တစ်ဥိးသည် ရဟန်းပဉ္စင်းခံ၍ ဒွါရာဝတီပြည်မှာ ပိဋကစာပေသင်လာ၏။ နောက် သထုံပြည်သို့သွား၍ ပိဋကစာပေ သင်ပြန်လေ၏။ ထိုရောအခါ သရေခေတ္တရာပြည်၌ ဟုချီ၍ ရှင်အရဟံအကြောင်း ဆက်လက်ဖော်ပြထားသဖြင့် ရှင်အရဟံ သီဟိုဠ်သားဖြစ်ရလေဟန် အဓိပ္ပါယ်ပေါ်နေလေသည်။
ထိုတွင်ပင် ၀ါဒအမျိုးမျိုး ဖော်ပြထားရာ ရာဇ၀င်လာသော ရှင်အရဟံအကြောင်းကို အခိုင်လုံဆုံး သဘောထားကြရသဖြင့် ဤတွင် ရာဇ၀င်လာ ရှင်အရဟံ ၀တ္တုအကြောင်းကို ဖော်ပြလိုက်ပါမည်။
ထိုကာလ သုနာပရန် တမ္ပဒိတ်တိုင်းမှာ သာသနာတော်စွဲစွဲမြဲမြဲ မထွန်းလင်းချေသေး။ ဘုရားဗျာဒိတ်တော်မူခဲ့သည့်အတိုင်း ထွန်းလင်းစေအံ့ဟု ရဟန္တာမြတ်တို့ ကြံပြီးလျှင် သိကြားမင်းထံသွား၍ သာသနာပြုနိုင်မည့်သူကို ညီညာတောင်းပန်ပါဟု ဆို၏။
သိကြားမင်းလည်း တာဝတိံသာတွင်ရှိသော နတ်သားတစ်ယောက်အား တောင်းပန်၍ုပုဏ္ဏေးမ၀မ်း၌ သန္ဓေနေလာစေ၍ နေ့လစေ့၍ ဖွားသည်ရှိသော် သီလဗုဒ္ဓိမည်သော မထေရ်မြတ်သည် စောင့်ကြပ်မ၍ အရွယ်ရောက်လျှင် ရဟန်းပြု၏။ ပိဋကကျမ်းဂန် တတ်မြောက်စွာလျက် ရဟန္တာအဖြစ်သို့ ရောက်လေ၏။ အရဟံဟူသော အမည်ဖြင့် ကျော်စော ထင်ရှား၏။ ထိုရှင်အရဟံသည် မြန်မာတိုင်းနိုင်ငံ၌ သာသနာသန့်ရှင်း ထွန်းလင်းစိမ့်သောငှာ ပုဂံပြည်သို့ ကြွတော်မူလာ၍ မြို့နှင့်မနီးဝေးသော တောရပ်တစ်ခု၌ နေတော်မူ၏။
သိကြားမင်းသည် မုဆိုးတစ်ယောက်အား ဖြားယောင်းလှည့်ပတ်၍ ရှင်အရဟံကို မြင်စေသော် ဤသူကား လူမဟုတ် နတ်ဘီလူးဖြစ်ရာသည်။ လူဖြစ်လျှင်လည်း လူရိုင်းဖြစ်ရာသည်။ မင်းမှာဆက်မည်ဟု မြို့သို့ခေါ်ဆောင်လေ၏။
ရှင်အရဟံလည်း ပရိက္ခရာရှစ်ပါးလွယ်ယူလျှက် လိုက်တော်မူလေ၏။ တောအုပ်တစ်ခုတွင် လူရိုင်းကို တွေ့၍ ဆောင်ခဲ့သည်ဟု မင်းအား မုဆိုးလျှောက် လျှင် မြတ်သော ဣနြေ္ဒနှင့်ပြည့်စုံသော အဖြစ်ကို နော်ရထာမင်းစောမြင်၍ ဤကား လူရိုင်းမဟုတ်၊ မြတ်သောသူတည်း၊ ဤသူကိုယ်ဝယ် မြတ်သောတရားရှိရာသည် ဟူ၍ နေရောင်နှင့်တွေ့သော ကြာမုံကဲ့သို့ ရွှင်လန်းသဖြင့် ကြံစည် ဆင်ခြင်တော်မူ၏။
မင်းကြီးလည်း ဤသူနေရာ ကြီးမြတ်လှသည်။ မြတ်သောသူ မှန်ပြီဟု ဆင်ခြင်၍ ဤသို့ မေးတော်မူ၏။
” ငါ့ရှင်ကား အဘယ်သူ၏ အမျိုးအနွယ်ဖြစ်တော်မူသနည်း။ အဘယ်အရပ်မှ ကြွလာတော်မူသနည်း၊ အဘယ်သူ၏ အဆုံးအမကို ခံယူတော်မူသနည်း” ဟု မေးတော်မူသော် ရှင်အရဟံလည်း ဤသို့ မိန့်တော်မူ၏။
”ငါ၏ အမျိုးအနွယ်ကား ဂုဏ်တော်ကိုးပါး၊ ဘုန်းတော်ခြောက်ပါး၊ အစိန္တေယျလေးပါးနှင့် ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရား အမျိုးအနွယ်တည်း”
ငါ၏ ဆရာဥပဇ္ဈာယ် အပေါင်းအဖော် သံဃာရှိသော နေရာအရပ်က လာခဲ့သတည်း။ သမ္မာသမ္ဗုဒ္ဓဘုရား ဟောကြားတော်မူသော အာဏာဒေသနာ တော်မှလာသော အဆုံးအမကို ခံသတည်း ဟု မိန့်တော်မူသော မင်းကြီးလည်း အားရနှစ်သက် ၀မ်းမြောက်ဝမ်းသာဖြစ်၍ ” သမ္မာသမ္ဗုဒ္ဓ ဟော်တော်မူသော တရားတော်ကို တစ်စိတ်တစ်ဒေသမျှ အကျွှန်ုပ်အား ဟော်တော်မူပါ” ဟု တောင်းပန်သည်တွင် သီရိဓမ္မာသောကမင်းကြီးအား နိဂြောဓသာမဏေ ဟောတော်မူသော အပ္ပမာဒတရားကို ဟောတော်မူသည်။
တရားဟောတော်မူပြီးသည့်အဆုံး၌ မင်းကြီး ဤသို့လျှောက်ပြန်၏။
သမ္မာသမ္ဗုဒ္ဓဘုရားကား ယခု အတီအရပ်မှာ ရှိတော်မူသနည်း၊ တရားတော်ကား အဘယ်မျှ အရေအတွက် ရှိတော်မူသနည်း၊ တပည့်သားတော်ကား ငါ့ရှင်မှတစ်ပါး အခြားရှိသေးသလော။ မရှိပြီလော ဟု လျှောက်သော် သမ္မာသမ္ဗုဒ္ဓဘုရား နိဗ္ဗာန်လားတော်မူကြောင်း ဓာတ်တော် မွေတော်သာ ယခုရှိကြောင်းကို လည်းကောင်း၊ တရားတော်သည် ဓမ္မက္ခန္ဓာ (၈၄၀၀၀) အရေအတွက်ရှိသောအကြောင်းကို လည်းကောင်း၊ သထုံပြည်ဝယ် ပဋက သုံးပုံ အစုံသုံးဆယ်ရှိကြောင်းကို လည်းကောင်း၊ ငါမှတစ်ပါး ပရမတ္ထသံဃာ၊ သမုတိသံဃာ များစွာရှိကြောင်းကိုလည်းကောင်း မိန့်တော်မူ၏။
ထိုစကားကို မင်းကြီးကြားတော်မူသော် အတိုင်းထက်အလွန် သဒ္ဓါခြင်းပြင်းစွာဖြစ်၍ ဤသို့ လျှောက်ပြန်၏။ ”အကျွှန်ုပ်အား ယခုမျက်မှောက် အရှင်မှတစ်ပါး အခြားကိုးကွယ်ရာ မရှိပြီ။ ယနေ့မှစ၍ အကျွှန်ုပ်၏ အသက်ကို အရှင်အား ဆောင်နှင်းတော့သည်။ အရှင့်အဆုံးအမကိုလည်း အကျွန်ုပ်ခံတော့မည်” ဟူ၍ လျှောက်ပြီးလျှင် အရညကင် ရသောအရပ်၌ သာယာလှစွာသော ကျောင်းဆောက်လုပ် လှူဒါန်းတော်မူ၏။ ပြည်သူ ပြည်သားအပေါင်းတို့ကိုလည်း အပ်တော်မူလေ၏။
ဤသို့လျှင် မင်းနှင့်တကွ ပြည်သူပြည်သားတို့သည် မူလကိုးကွယ်ရင်း အရည်းတို့ကို ပစ်ပယ်၍ ရှင်အရဟံနှင့် အရိယာသံဃာတို့အား ကိုးကွယ်ကုန်ကြသော် အရည်းတို့သည် လာဘ်ပူဇော်သက္ကာရမှ လျှောကျကုန်သည်ဖြစ်၍ ရှင်အရဟံအား ရန်းငြိုးကြီးစွာထားကြ၏။
မင်းကြီးလည်း ထိုအကြောင်းကို ဆင်ခြင်၍ စိုးရိမ်တော်မူသဖြင့် အရည်းတို့ကို နိုင်လောက်အောင် အစောင့်အနေခန့်ထား စောင့်နေစေ၏။ အရည်ကြီး သုံးကျိပ်နှင့်တကွ တပည့်လက်သား ခြောက်သောင်းတို့ကိုလည်း လူဝတ်လဲစေ၍ အဲမောင်းလှံကိုင်၊ ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထည့်တော်မူလေ၏။
ရှင်အရဟံလည်း သာသနာကြည်ညိုသူတို့ကို ရဟန်းပဉ္စင်း ပြုတော်မူစေ၍ သာသနာတော်မြတ် သန့်ရှင်းထွန်းလင်းစေ၏။ နော်ရထာမင်းစောသည် ထိုအခါ သံဝေဂရတော်မူ၍ ဤပြည်ကို အစဉ်မင်းပြုတော်မူကုန်သော အဆက်ဆက်သော ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့သည် အရည်းရဟန်းတို့အယူကို ယူမှားကြကုန်သည်၊ ထိုသို့ ယူမှားကြလေသည်ကို ယူ၍ ရကောင်းပြန်ဘိမူကား တစ်ဖန်ပြန်စေချင်၏ ဟူ၍ သံဝေဂ နောင်တရရှိတော်မူလေသည်။
ရာဇ၀င်လာ ရှင်အရဟံ၏ အကြောင်းကား ဆိုခဲ့သည်အတိုင်းပင်ဖြစ်၏။
သီဟိုဠ်ကျွန်းသားဟု မဆို၊ ရှေးရှေးကျမ်းစာများမှ ဆိုလေ့ရှိသကဲ့သို့ ပုဏ္ဏေးမ၀မ်းမှာ ၀င်စား၍ဟုဆိုခြင်း၊ အမျိုးမြတ်တွင်ဖြစ်၍ ဟုဆိုခြင်းသည် ရှင်မောဂ္ဂလိပုတ္တတိဿ၊ ရှင်ဗုဒ္ဓဃောသတို့ ၀တ္တုကို လိုက်၍ ဆိုခြင်းဖြစ်ရာ၏။
သာသနာဘက်စာတမ်း ရာဇ၀င်စာတမ်းများအတိုင်းပင်
”နော့်ရထာ့ကံ၊ အရဟံ၊ ခုန်ပျံကျလှာဝဲ” ဟူသော က၀ိလက္ခဏာ သတ်ပုံအဖြေမှာလည်း ဆိုထားသဖြင့် ရှင်အရဟံသည် သီဟိုဠ်သားမဟုတ်၊ ရာမညတိုင်း သထုံပြည် အမျိုးမြတ်မှ ဆင်းသက်သူဟုသာ မှတ်သားသင့်ပါသည်။
သာသနာဘက်စာများတွင်
သုဝဏ္ဏဘုမ္မိ သထုံမြို့တွင် ဈာန်သမာပတ်ရသော အနောမဒဿီမထေရ်သည် အရှင်သောဏ၊ အရှင်ဥတ္တရတို့ ပြုစုသော သာသနာအနွယ်အဆက်ကို သံဃာငါးရာနှင့် ကောင်းစွာ စောင့်ထိန်းလျက် နေ၏။ ထိုအရှင်၏ တပည့်ကား အရှင်အဓိသီလ၊ ထိုအရှင်၏တပည့်ကား ရှင်ပြာဏဒဿီ၊ ထိုအရှင်၏ တပည့်ကား အရှင်ကာလ၊ ထိုအရှင်၏ တပည့်ကား ရှင်အရဟံ ဟူ၍ ဖော်ပြထားလေသတည်း
မြတ်သတိဝါဒီမဂ္ဂဇင်း
ဒီဇင်ဘာလ၊ ၂၀၀၀ ပြည့်နှစ်
Read more...Posted by ရွာဦးကျောင်း ဆရာတော် at 1:43 AM 0 comments Links to this post
Labels: သတင်း
စာမိတ်ဆက်
ဟိုတနေ့က အိန္ဒိယသံရုံးသွားပြီး ဗီဇာ သွားတင်တယ်။ ဗီဇာ သက်တမ်းနှင့်ပတ်သက်ပြီး စိတ်ထဲ မကောင်းဖြစ်မိတယ်။ စိတ်ထဲမှာ ခံစားနေရတာကို ပို့စ်နဲ့ပဲ ရင်ဖွင့်လိုက်တာပါ။ နောက်တခုက ပြည်ပ ပညာတော်သင် သို့မဟုတ် အလည်သွားမည့် ရဟန်းတော်များအတွက် ပတ်စပို့အသစ် သို့မဟုတ် သက်တမ်းတိုးခြင်းနှင့်ပတ်သက်ပြီး သိထားသင့်တယ်ထင်လို့ စိတ်ကူးမိပြီး ဒီပို့စ်ကလေးကို ရေးဖြစ်သွားခြင်းပဲ ဖြစ်ပါသည်။
ဗီဇာဖြင့် ကုလားလုပ်ကြွေး
ဗီဇာက သုတေသန ဗီဇာ (Research Visa) ဖြစ်တော့ ၅ နှစ်ပေးရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပတ်စပို့ ၃ နှစ်စာကြောင့် နှစ်လချန် ပတ်စပို့က လွန်ခဲ့တဲ့ ၂ လလောက်က လုပ်ထားတာဆိုတော့ ၄ လ စာ နှုတ်လိုက်တော့ ၅ နှစ်ပေးရမည့် သုတေသန ဗီဇာက ၂ နှစ် ကျောပဲ ပေးလိုက်တော့သည်။ သံရုံးက ၀န်ထမ်းကို သုတေသန ဗီဇာအတွက် ၅ နှစ်ပေးဘို့ မေတ္တာရပ်ခံတော့ မင်းတို့ပတ်စပို့ကမှ ၃ နှစ်စာပဲ ငါတို့က ဘယ်လိုလုပ် ပေးလို့ရမှာလဲတဲ့။ ၅ နှစ်လဲ ဒေါ်လာ ၂၀၀၊ ၃ နှစ်လဲ ဒေါ်လာ ၂၀၀၊ ၂ နှစ်ခွဲလဲ ဒေါ်လာ ၂၀၀ ပေးရမှာတဲ့။ ဗီဇာကုန်တော့ ထပ်တိုးလို့ရတာပေါ့တဲ့၊ အဲလိုဆို ပိုက်ဆံ ထပ်ပေးရဦးမှာလားလို့ မေးတော့ ပေးရမှာပေါ့တဲ့။ အဲဒါဆို တို့နိုင်ငံက သုတေသနကျောင်းသားတွေ ရှုံးတာပေါ့၊ သူများနည်းတူ ၅ နှစ်မရဘဲ ၃နှစ်၊ ၂ နှစ်ကျော်ပဲ ရတယ်လို့ ပြောလိုက်တော့ အဲဒါ မင်းတို့ နိုင်ငံ ကဏ္ဍပဲတဲ့၊ တို့နှင့်မဆိုင်ဘူး တို့က မင်းတို့ ပတ်စပို့နှစ်ကို ကြည့်ပေးရမှာပဲတဲ့။
စိတ်မကောင်းတာက စီးပွားရေးဘက်ကကြည့်ရင် ကိုယ့်နိုင်ငံဘက်က အရှုံးပဲဖြစ်တယ်။ ကုလားတိုင်းပြည်ကို လုပ်ကြွေးနေရသလိုပဲ။ ကိုယ့်နိုင်ငံက ပိုက်ဆံ သူများနိုင်ငံ ၅နှစ်ကို အမေရိကန် ဒေါ်လာ ၂၀၀ ပေးရမည့်အစား ၃ နှစ်၊ ၂နှစ်ခွဲလောက်ကိုပဲ ဒေါ်လာ၂၀၀ ပေးနေရတယ်။ သက်တမ်းတိုးတော့ ပိုက်ဆံထပ်ကုန်ပြန်၊ ကုလားကို ထပ် ပူဇော်ရမပြန်။ ပတ်စပို့ ၅ နှစ်သာ ပေးမယ်ဆိုရင် မြန်မာနိုင်ငံ ပြည်သူတွေ ထောက်ပံ့လိုက်တဲ့ ဒေါ်လာ နောက်ထက် ကုလားကို ပေးစရာမလိုတော့ သဖြင့် ကိုယ့်အတွက်ရော နိုင်ငံအတွက်ရော save money ဖြစ်တာပေါ့။
နိုင်ငံတကာ ဗီဇာ
အိန္ဒိယနိုင်ငံ ပူနေးတက္ကသိုလ်မှာ ကျောင်းတက်စဉ်က ကိုရီးယားသူငယ်ချင်းနှင့် ထိုင်း သူငယ်ချင်းတို့နှင့် စကားစပ်မိပြီး ဗီဇာအကြောင်း ဆွေးနွေးဖြစ်တယ်။ မြန်မာနိုင်ငံကကျောင်းသားတွေ ဗီဇာကုန်လို့ ပတ်စပို့သက်တမ်းကုန်လို့ ပြန်ကြရတာတွေနှင့် ပတ်သက်ပြီး စဆွေးနွေးဖြစ်တာပါ။ သူတို့က ပြောတယ် မြန်မာနိုင်ငံက ဘာလို့ ပတ်စပို့သက်တမ်းကို ၃ နှစ်ပဲ ပေးသလဲပေါ့။ ဘာရည်ရွယ်ချက်နဲ့ ၃ နှစ်ပေးတယ်ဆိုတာ မသိတာအမှန်ပဲ။ ဒါ့ကြောင့် I don’t know ပဲ ပြောလိုက်ရတယ်။ ထိုင်းသူငယ်ချင်းက ပြောသေးတယ် ‘‘နိုင်ငံတကာ ဗီဇာဆိုတာ အနဲဆုံး ၅ နှစ်ပေးတာတဲ့၊’’ ကိုယ်လဲပဲ ဗီဇာနှင့်ပတ်သက်ပြီး ဃဃနန သိပ်ပြီးမသိဘူး။ ကိုရီးယားသူငယ်ချင်းကို မေးကြည့်တော့ သူတို့နိုင်ငံက ၁၀ နှစ်တောင် ပေးသတဲ့။
ပတ်စပို့အသစ် (သို့) သက်တမ်းတိုး
ပတ်စပို့ အသစ်ပဲ ဖြစ်ဖြစ်၊ သက်တမ်းတိုးတာပဲ ဖြစ်ဖြစ် လုပ်ငန်းစဉ်က သိပ်မကွာလှပါဘူး။ နံပါတ် (၁ ) အရေးကြီးဆုံးက သာသနာရေးဝန်ကြီးဌာန၏ ထောက်ခံစာ ပါရှိပါမှ ပတ်စ်ပို့ရုံးက သတ်တမ်းတိုးပေးခြင်း အသစ်လုပ်ပေးခြင်းများ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ၀န်ကြီးထောက်ခံစာ ဘယ်လို ရနိုင်မလဲ? ပတ်စပို့လုပ်သူတိုင်း တွေ့ကြုံရသည့် ပြဿနာ တစ်ခုဖြစ်သည်။
ဝန်ကြီးထောက်ခံစာ ရဘို့ -----------
(၁) ၀န်ကြီးထံသို့ မေတ္တာရပ်ခံစာ
(၂) ကိုယ်သွားမည့်နိုင်ငံ၏ ဖိတ်စာ၊
(၃) သာသနာဝင်မှတ်တမ်း မိတ္တူ
(၄) ပတ်စပို့ မိတ္တူ
(၅) ဓာတ်ပုံ
(၆) မြို့နယ် ရပ်ကွက်သံဃာ့နာယက ထောက်ခံစာ
(၇) ရဲစခန်း ထောက်ခံစာ ဟူသော အချက်အလတ် ၇ မျိုးပါရှိရမည်။
(၁) ၀န်ကြီးထံ မေတ္တာရပ်ခံစာ ဆိုသည်မှာ ပတ်စပို့ အသစ်လုပ်မည် သို့မဟုတ် သက်တမ်းတိုးမည် မှန်ကန်ကြောင်းကို ကိုယ်နေသည့် ကျောင်းထိုင်ဆရာတော်၏ လက်မှတ် ပါရှိရပါသည်။ ဒါက ပြဿနာမဟုတ်ပေမဲ့ နံပါတ် (၂) က အနဲငယ် ခက်ခဲပါလိမ့်မည်။
(၂) ကိုယ်သွားမည့်နိုင်ငံ၏ ဖိတ်စာ၊ ကျောင်းသားဖြစ်ပါက တက္ကသိုလ်က ခေါ်စာ၊ ဆိုင်ရာကပြောပါလိမ့်မည်၊ ထိုခေါ်စာ ပင့်စာများသည် နိုင်ငံအသီးအသီးရှိ မြန်မာသံရုံး၏ အသိမှတ်ပြု ထောက်ခံစာ ပါရမည်တဲ့။ တက္ကသိုလ်က ကျောင်းသားဖြစ်ကြောင်းစာများသည် ဘယ်သံရုံးကိုမှ ပို့လေ့မရှိ၊ ဘာမှလဲ မပတ်သက်၊ အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းရကား မြန်မာသံရုံးသို့ အသိအမှတ်ပြုလက်မှတ်ရဘို့ မလွယ်၊ အချိန် ငွေ များစွာပေးရလိမ့်မည်။ ထိုကုန်ကျစရိုက်သည် သူ့ပြည်မှာ ဖြစ်ပျက်တာဆိုတော့ သူ့နိုင်ငံကို လုပ်ကြွေးနေရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပိုက်ဆံ ချွေချွေတာတာ သုံးနေရသော မြန်မာ ကျောင်းသားများအတွက် မြန်မာသံရုံး၏ အသိမှတ်ပြုလက်မှတ် ရနိုင်ဘို့ရာ အလွန်ခက်ခဲပါသည်။ ထိုအကြောင်းအရာတွေကို စာအုပ်ကြီးအတိုင်း ပြည်ပအခြေအနေ မသိတဲ့ တာဝန်ရှိသူများကို နားလည်အောင် ပြောပြရပေလိမ့်မည်။
(၆) (၇) တို့လဲ ခက်ခဲသည့်မဟုတ် ရဲစခန်းကို ဘယ်ပုံ ဘယ်လို လက်မှတ်ရအောင် ယူမလဲဆိုတာ မြန်မာပြည်သူပြည်သားတိုင်း ကောင်းကောင်းကြီး သိထားသည်။ ဒါကတော့ ကိုယ့်နိုင်ငံတွင်သာမဟုတ် နိုင်ငံတော်တော်များများမှာ ဖြစ်တတ်သည့် သဘောတရားပင်။ သို့သော်လည်း အလုပ်သဘောအရ အလုပ်နဲနဲ ရှုပ်သွားသည်။
အချိန်ဘယ်လောက်စောင့်ရမလဲ?
ထို အချက်အလက် (Documents) တွေ အားလုံး စုပြီး ဌာနဆိုင်ရာသို့တင်ရပါသည်။ အချိန်ဘယ်လောက်ပေးရမလ? ဘယ်မှာ သွားတင်ရမလဲ? ဆိုတာ သိဘို့ လိုလာသည်။ နည်းလမ်း ၂ သွယ်ရှိပါသည်။ တနည်းက မဟာပါသာဏလိုဏ်ဂူ နောက်ကျော ဘဲဥပုံ စာကြည့်တိုက်မှာ သာသနာရေးဌာန တစ်ခုရှိသည်။ ထိုနေရာသို့ သွားတင်ရပါသည်။ တစ်နာရီးလောက် အချိန်ပေးရပါလိမ့်မည်။ ထိုဌာနမှာ ဖြည့်စွက်စရာရှိဖြည့်စွက်ရပါသည်။ ဘယ်လောက် ကြာမှ ၀န်ကြီးထောက်ခံစာ ရမလဲ မေးကြည့်တော့ အားရစရာပင်၊ ၂ ပတ် သို့မဟုတ် တစ်လ ကြာမည်တဲ့။ ဘာလို့ အဲလောက်ကြာလဲလို့ ဆက်မေးကြည့်တော့ ‘‘ အရှင်ဘုရားတဲ့ အရှင်ဘုရားတို့ ဖိုင်တွဲ (သူက ပြစ်မှုဖိုင်တွဲဟု ခေါ်သည်) တွေကို နေပြည်တော်ကို ပို့ရပါတယ်ဘုရား၊ နေပြည်တော်မရောက်ခင် ဒီမှာရှိတဲ့ လူကြီးတွေရဲ့ လက်မှတ်တွေ ပါရပါသေးတယ်ဘုရားတဲ့။ လက်မှတ်ထိုးပေးမည့် သူတွေ ရှိနေမှ အဆင်ပြေတာဘုရား။ လူကြီးတွေက နယ်ဘက်ရောက်နေရင် စောင့်ရပါတယ်ဘုရား၊ ဒီမှာလက်မှတ်ထိုးပြီးရင် နေပြည်တော်သွားမည့် လူကြုံရှာရပါသေးတယ်ဘုရား၊ ဖိုင်တွေအားလုံး စုစည်းပြီး လူကြုံနဲ့ နေပြည်တော်ကို ပို့ပေးရပါတယ်ဘုရား။ ဟိုနေပြည်တော်ရောက်သွားတော့လည်း လူကြီးတွေ စုံစုံညီညီ ရှိနေမှ အဆင်ပြေမယ်ဘုရား။ အကယ်၍ နယ်ရောက်နေကြရင် ထပ်စောင့်ရပါဦးမယ်ဘုရား။ အားလုံးပြီးကာမှ ဟိုကနေ ဒီကို လူကြုံရှိတဲ့အခါ အရှင်ဘုရားတို့ဖိုင်တွဲတွေ ပြန်ပို့ပါတယ်ဘုရား’’ ဟု တာဝန်ရှိသူက ပြောပြသည်။ သူ့ရဲ့လုပ်ငန်းစဉ် the process ကြီးကို ကြည့်မယ်ဆိုရင် အချိန်သည် မသေချာ မရေရာ ဇဝေဇ၀ါဖြစ်သည်။
ဒုတိယ နည်းကတော့ နေပြည်တော်ကို တိုက်ရိုက်သွားခြင်းပဲ ဖြစ်သည်။ နေပြည်တော်ရောက်တော့လည်း ဌာနဆိုင်ရာ လူကြီးတွေ စုံမှ သူတို့လက်မှတ်ရမည်၊ အကယ်၍ လူကြီးတယောက်ယောက်က နယ်ဘက် ရောက်နေရင် နေပြည်တော်မှာ စောင့်ပေဦးတော့၊ တည်းခိုစရာ နေရာမရှိသူအတွက်ကတော့ ပိုက်ဆံအကုန်ခံပြီး တည်းခိုခန်းရှာရပေဦးမည်။ ပတ်စပို့ရုံးကို မရောက်ခင် ၀န်ကြီးထောက်ခံစာ ရဖို့အတွက် ဤမျှ ကိစ္စများပါသည်။
အကောင်း နှင့် အဆိုး
နိုင်ငံတကာက အနည်းဆုံးပတ်စပို့သက်တမ်း ၅ နှစ်ပေးချိန်မှာ ပြည်မြန်မာက ၃ နှစ်ထဲပဲ ပေးတော့ ကောင်းကျိုး ဆိုးကျိုးတော့ ရှိပါလိမ့်မည်။ သူများနိုင်ငံတွေလို အနည်းဆုံး ၅ နှစ်ပေးရင် သိပ်ကောင်းမှာပဲဆိုပြီး တွေးမိတယ်။ အကယ်၍သာ ၅နှစ် သို့မဟုတ် ၁၀ နှစ်သာ ပေးလိုက်မယ်ဆိုရင် ခဏခဏ ခက်ခဲတဲ့ ၀န်ကြီးထောက်ခံစာမယူရတော့ဘူး၊ ဟိုထောက်ခံစာ ဒီထောက်ခံစာတွေ မယူရတော့ဘူး၊ ဟိုရုံး ဒီရုံးတွေကို သွားရ လာရတဲ့ ဒုက္ခလဲ သက်သာသွားမယ်၊ အချိန်ကုန် ငွေကုန် လူပန်း သက်သာသာမှာတော့ အမှန်ပင်ဖြစ်သည်။ သူများနည်း Research Visa (RV) ကို ၅ နှစ်ရတဲ့အတွက်ကြောင့် ကုလားကို ပေးရမည့် ဗီဇာသက်တမ်းတိုး Visa Extention အတွက် ပိုက်ဆံ အကုန်သက်သာသွားမယ်။ တကယ်တော့ ထိုဗီဇာအတွက် ပေးနေရတဲ့ ပိုက်ဆံတွေသည် မြန်မာပြည်တွင်းက ပြည်သူတွေရဲ့ ပိုက်ဆံပဲဖြစ်သည်အတွက် တိုင်းပြည်အတွက် အရှုံးတခုဟု မြင်မိသည်။
၅ နှစ် သက်တမ်း ထုတ်ပေးလိုက်ခြင်းကြောင့် အဆိုးကျိုးနှင့်ပတ်သက်ပြီး ဘာဖြစ်နိုင်သလဲ? စဉ်းစားမရ ဖြစ်နေသည်။ တချို့ကတော့ပြောပါတယ် ပတ်စပို့၊နှင့် လုပ်စားနေသူတွေအတွက် ၀င်ငွေနဲသွားနိုင်သည်။ ဒါလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် တိုင်းပြည်ချင်း ယှဉ်တဲ့အခါ ကိုယ့်ပြည်တွင်းက ငွေ ကိုယ့်ပြည်တွင်းက အရယူခြင်းက တိုင်းပြည်အတွက် တိုးတက်ကြောင်းမဟုတ်။ ပြည်ပငွေကို အရယူနိုင်မှသာ တိုင်းပြည်အတွက် တိုးတက်နိုင်သည်ဟု ပြောသည်။ ဒါလည်းဖြစ်နိုင်တာပဲ။
အိန္ဒိယနှင့် သနားတတ်သော သူငယ်ချင်း
အိန္ဒိယအစိုးရသည် သူများနိုင်ငံက ငွေ ပိုက်ဆံကို ကိုယ့်နိုင်ငံအတွင်း ၀င်အောင် ရောက်လာအောင်သာ ခွင့်ပြုသည်၊ သူ့ပြည်တွင်းက ငွေ ပြည်ပသို့ ထွက်ခွင့်မရှိ။
တကယ့်ဖြစ်ရပ်မှန် တစ်ခု ပြောပြပါဦးမယ်။ စာရေးသူ အိန္ဒိယပြည် မဟာရဋ္ဌပြည်နယ်ရှိ ပူနေးတက္ကသိုလ်မှာ အမ်အေတန်းတက်စဉ်က ခံလိုက်ရတဲ့ သူငယ်ချင်းမြန်မာ ရဟန်းတော်တစ်ပါးအကြောင်းဖြစ်ပါတယ်။ အင်တာနက်ကနေ လိမ်စား ညာစာနေသူတွေ အများကြီးရှိပါတယ်။ မေးလ်တွေ လာပါလိမ့်မည်၊ ငါ့မှာ ဒုက္ခရောက်နေပါတယ်။ အခု ဘယ်မှာနေနေရပါတယ်။ ပထွေးနဲ့ နေရပါတယ်။ ပထွေးက နှိပ်စက်တာ ခံနေရပါတယ်။ တချို့လည်း တိုင်းပြည်ကနေ ထွက်ပြေးနေရပါတယ်။ တိုင်းပြည်အစိုးရက ညှင်းပန်းနှိပ်စက်လို့ ရှောင်ပြေးနေရပါတယ်၊ ငါ့ အဖေက ဘဏ်မှာ ပိုက်ဆံ မီလျံပေါင်းများစွာ အပ်နှံထားပါတယ်၊ သူက စာချုပ်ထားတာက အိမ်ထောင်ကျတဲ့အခါမှသာ ဒီပိုက်ဆံတွေကို ထုတ်ယူခွင့်ရှိမှာပါ ဆိုပြီး မေးလ်တွေ မကြာမကြာ ရရှိပါလိမ့်မည်။။ အများစုက အာဖရိကတိုက်က ဖြစ်ပါတယ်။ ကိုယ်က သနားပြီး စာပြန်လိုက်ရင် နောက်ထက် တဆင့်တက်လာပါလိမ့်မည်။ ဘယ်သူ့ပုံမှန်းမသိတဲ့ ဓာတ်ပုံတွေ ပို့ပေးလိမ့်မည်။ နောက်တဆင့်က ဘဏ်အကောင့် တောင်းပါလိမ့်မည်။ ငွေလွှဲခိုင်းပါလိမ့်မည်။ စာရေးသူ ခဏခဏ ကြုံဖူးပါသည် သို့သော် ဘဏ်အကောင့်မရှိသဖြင့် မခံလိုက်ရ။
ဘုန်းကြီးဆိုတဲ့အမျိုးက သူများဒုက္ခရောက်ရင် သနားတတ်တဲ့ သဘောကိုး။ စာရေးသူ သူငယ်ချင်းက သနားလွန်းလို့ ထင်ပါရဲ့ သူ့ဆီလာတဲ့ ဖော်ပြခဲ့ပါ မေးလ်မျိုးရောက်လာတော့ နှလုံးလှုပ်ခါသွားတယ်၊ ပြီးတော့ မရမက ဆက်သွယ်တယ်၊ ဖုန်းတွေဆက်တဲ့ အဆင့်ရောက်တယ်၊ ဖုန်းနဲ့ တွေ့တော့လဲ သူ့ကို အုပ်ချုပ်တဲ့သူဆိုသည့် အဘိုးအိုနှင့် တွေ့ရတယ်၊ ပထမတော့ အိန္ဒိယ စာတိုက်ကနေ အမေရိကန် ဒေါ်လာ ၁၀၀ ပို့လိုက်တယ်၊ ရောက်သွားတယ်၊ ကုလားအစိုးရ မျက်စိလည်သွားပုံပဲ၊ နောက် ဒုတိယအကြိမ် အမေရိကန် ဒေါ်လာ ၆၀၀ ပို့လိုက်တယ်။ ဒီတခါတော့ ကုလားအစိုးရ တွေ့သွားပါတယ်။ ပို့သူ သူငယ်ချင်းကို ရဲက ခေါ်စစ်ပါလေရော။ မင်းပို့လိုက်တဲ့ ငွေတွေ ပို့မရဘူးဟု ရဲက ပြောသည်။ ပို့လိုက်တဲ့ ငွေက ၆၀၀ သို့သော် ကုလားက ၂၀၀ ပဲ ပြန်ပေးသည်။ အင်း---စဉ်းစားကြည့်တယ်၊ ကိုယ့်သူငယ်ချင်းက တကယ်ပဲ ကရုဏာရှိတာလား၊ သူငယ်ချင်းတယောက် ချီးမွမ်းတယ်၊ ဒီ အရှင်က ဘုရားအလောင်းကွတဲ့။ ဘယ်ကလာ ဘုရားလောင်းဖြစ်ရမှာလဲ အတာ၊ ထုံတာ၊ မအူမလည်လုပ်တာ၊ ခံလိုက်ပေါ့ ဟု နောက်သူငယ်ချင်းကတော့ သြဘာပြုသွားတယ်။ ကုလားအစိုးရကောင်းလို့ ၂၀၀ ပြန်ရတယ်၊ နို့မိုဆို ၉၀၀လုံး အလကား ဘုမသိဘဲ ပေးလိုက်ရသလိုဖြစ်သွားမယ်၊ အခုတော့ ၂၀၀ သက်သာသွားတယ်။
ဆိုလိုချင်တာ ဗီဇာ သက်တမ်းတိုးရင် ကိုယ်သွားရမည့် (သို့မဟုတ်) ကိုယ်နေရမည့်နိုင်ငံ၏သံရုံးကို ဒေါ်လာပေးရသည်၊ အနည်းငယ်သော ပတ်စပို့သက်တမ်းကြောင့် ဗီဇာ ၅ နှစ်ရမည့်အစား ၂ နှစ်ခွဲလောက် ရတဲ့ ဗီဇာအတွက် ၂၀၀ ဒေါ်လာပေးရမည်၊ ထိုအနည်းငယ်သော ဗီဇာကြောင့် သက်တမ်းတိုးက ပိုက်ဆံ များစွာကုန်သည့်အပြင် အချိန်ကုန် လူပင်ပန်းဦးမည်။ ထို့ကြောင့် ပတ်စပို့သက်တမ်း ၅ နှစ် အနဲဆုံး ရလျှင် ကောင်းမှာပဲ ဟု စိတ်ကူးသာ ယဉ်နေရပါတော့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၁၂-၂၀၁၀
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP