* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, December 4, 2010

သီတဂူဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ

E-mail Print PDF

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ။ အဂ္ဂမဟာပကျပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဖွဲ့ကြီး၏ ပြည်ပသြ၀ါဒါစရိယဆရာတော် Ph.D, D. Litt ဒေါက်တာအရှင်ဉာဏိဿရ ၏ သြ၀ါဒကထာ

ယနေ့အိန္ဒိယလာပြီး ပညာသင်ကြာနေကြတဲ့ရဟန်းတော်များအနေနဲ့ ကိုယ်ရတဲ့ဘွဲ့ဒီဂရီတွေနဲ့ ထိုက်တန်တဲ့ အရည်အသွေးရှိဖို့ကို ပြောချင်တာပါပဲ။ မြတ်စွာဘုရား ဧတဒဂ်ဘွဲ့တွေပေးအပ်ခဲ့တာဟာ ဘွဲ့ရတဲ့ပုဂ္ဂိုလ်တွေရဲ့ စွမ်းရည်သတ္တိနဲ့လျော်ကန်တဲ့ ဘွဲ့တွေကိုပေးတာ။ ရသင့်တဲ့ပုဂ္ဂိုလ်တွေကိုပေးတာ ဒီတော့ ပုဂ္ဂိုလ်နဲ့ဌာန ညီညွတ်တာတွေ့ရတယ်။ လူမှန်နေရာမှန် သုံးသည့်အတွက်ကြောင့် လုပ်ငန်းဟာအောင်မြင်တယ်။ လုပ်ငန်းကြီးတွေ လုပ်တဲ့နေရာမှာ လူမှန်နေရာမှန်ရှိဖို့ သိပ်အရေးကြီးတယ်။

ယနေ့ ဗုဒ္ဓဂယာလို့ခေါ်တဲ့ ဘုရားနယ်မြေ Holy Land ပေါ့။ ဘုရားလေးဆူပွင့်ပြီးပြီ။ ဗောဓိပင်လေးပင် ပေါက်တဲ့အပြင် ကမ္ဘာမှာအမြတ်ဆုံး၊ ကမ္ဘာဦးခေါင်းနယ်မြေမှာ နေကြတဲ့အရှင်မြတ်တို့က ကမ္ဘာ့သောတုဇန သံဃာတော်တွေဖြစ်ကြသလို ကမ္ဘာ့အဆင့်မှီ ပညာရပ်တွေကို သင်နေကြရသူတွေလည်းဖြစ်ကြတယ်။ ကမ္ဘာ့အဆင့်မှီတဲ့ အရည်အချင်းများနဲ့ ပြည့်စုံကြပါစေ။ ဘွဲ့တံဆိပ်တွေလည်း ရကြပါစေ။ ယနေ့မြန်မာနိုင်ငံမှာ သံဃာတော်အပါးလေးသိန်းကျော်ရှိမယ်ထင်တယ်။

ဒီအထဲမှာ ပညာအရည်အချင်းရှိတဲ့သူတွေဘယ်လောက် ရှိသလဲ။ အရည်အချင်းရှိသော်လည်း မယ်မယ်ရရအလုပ်လုပ်သူတွေ ဘယ်လောက်ရှိသလဲ အာလုံးသိကြတယ်။ အရည်အချင်းဘယ်လောက်ရှိရှိ ဘွဲ့တံဆိပ် ဘယ်လောက်ရရ အလုပ်မလုပ်ရင် မှတ်တမ်းမှတ်ရာ မထင်နိုင်ဘူး။ ဒါကြောင့် အလုပ်လုပ်နိုင်အောင် ကြိုးစားကြပါ။ အလုပ် လုပ်ဖြစ်အောင်လည်း လုပ်ကြပါ။

”မောဃံ သရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ” မဖြစ်အောင်လုပ်ကြ။ ကိုယ့်တိုင်းသူပြည်သားတွေကျွေး တဲ့ ထမင်းကိုစားတာ ဟာ အချည်းနှီး စားရာမရောက်အောင် အလုပ်လုပ်ကြ။

တိုင်းပြည်နဲ့သာသနာတော်အတွက် ကျန်ရစ်အောင်ငါ ဘာလုပ်မလဲ။ ဒါစဉ်းစားရမယ်။ တိုင်းပြည်နဲ့သာသနာအတွက် ကျန်ရစ်အောင်လုပ်ဖို့လိုသလို ကိုယ့်ဘ၀သံသရာ အတွက်လည်း အထုပ်အထည်အဖြစ်နဲ့ ယူသွားနိုင်ဖို့လိုတယ်။ ဘာမှလည်း ယူမသွားနိုင်ဘူး ဘာမှလည်းမကျန် ရစ်ဘူးဆိုရင် ခုနကပြောခဲ့တဲ့ ”မောဃံ သရဋ္ဌပိဏ္ဍံ ဘဉ္ဇတိ” ထဲပါသွားမယ်။

ခေတ်တစ်ခေတ်မှာ တစ်နေရာမှာတော့ ရင်ကော့ပြီးလျှောက်လှမ်းနိုင်အောင် ထူထောင်ကြ ဒီလိုလုပ်ရ တာဟာ သိပ်လွယ်တာတော့မဟုတ်ဘူး။ ဒို့ ၁၉၇၃-ခု၊ အသက် ၂၅ နှစ်မှာ ဓမ္မာစရိယအောင်တော့ အင်္ဂလိပ်စာ သင်ဖို့ ကြိုးစားတယ်။ ဓမ္မာစရိယတန်းတက်တုန်းက ရဟန်းဒကာက တစ်လ(၃၀)ကျပ်ထောက်ပံ့တယ်။ မိုးရွာလို့ ဆွမ်းခံမသွားနိုင်ရင် (၁၉)လမ်း မုံရွာမနော်ထမင်းဆိုင်မှာ စားတယ်။ ထမင်းအ၀စားမှ နှစ်ကျပ်ခွဲကျတယ်။ ဒါဟို ခေတ်ကဈေးပါ။ အင်္ဂလိပ်စာသင်မယ်လုပ်တာ။ ဒီဦးဇင်းလူထွက်မှာပဲဆိုပြီး ထောက်ပံ့ကြေးကိုဖြတ်လိုက်တယ်။ ဒို့ကလည်း ကိုယ်လုပ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တယ်။ ဒီတော့ လိုရမယ်ရစုထားတဲ့ သင်္ကန်းလေးတွေကို တဖြည်းဖြည်းချင်းရောင်းပြီး ကျောင်းစရိတ်ပေးရတယ်။ ဒီလိုပဲ ကြိုးစားခဲ့ရတာ။ ဒီအခြေအနေကို ရောက်အောင် လျှောက်ခဲ့ရတဲ့ခရီးဟာ ပင်ပန်းခကခဲခဲ့တယ်။

၁၉၆၃-ခုနှစ်၊ ကမ္ဘာအေးမှာ သာသနာသန့်ရှင်းရေးလုပ်တယ်။ အဲဒီအချိန်မှာ ဒို့ကရေကူးသံဃာ့တက္ကသိုလ်မှာ တက်နေဆဲ၊ အဲဒီနောက် တက္ကသိုလ်အက်ဥပဒေတွေ ဖျက်သိမ်း တော့ သံဃတက္ကသိုလ်လည်း ပျက်တာပေါ့။ အဲဒီမှာ နှစ်နှစ်လောက်ပညာသင်ခဲ့တယ်။ ဘာတွေသင်တာလည်းဆိုတော့ သင်္ချာ၊ ဟိန္ဒီ၊ အင်္ဂလိပ်၊ သက္ကဋ ထိသင်ရတယ်။ တစ်နှစ်မှာ ဇောတိကာရုံဆရာ တော်ကြီး ကမ္ဘာအေးကြွလာတော့ တရိုတသေ သွားနုတ်ဆက်တယ်။ ဆရာတော်ကြီးက မင်းဒီမှာဘာလုပ်နေ တာလဲမေးတော့ တပည့်တော်သံဃာ့တက္ကသိုလ်မှာ စာသင်နေပါတယ်ဘုရားလို့လျှောက်တယ်။ ဒီးတော့ ဆရာ တော်က ”ဟာ..ဒါတိရစ္ဆာနကထာတွေ သင်နေတာဟ” လို့မိန့်ပါတယ်။ ဒါတွေက ငါတို့အသက်လေးဆယ်လောက် အချိန်မှာ ဆိုပါတော့။

အဲဒီတုန်းက သာသနာ့ထိပ်တန်းဆရာတော်ကြီးတွေက အင်္ဂလိပ်စာကို တိရစ္ဆာနကထာလို့ပြောကြ တယ်။ ယနေ့နှစ်လေးဆယ်ခရီးမှာတော့ တိရစ္ဆာနကထာလို့ ဘယ်သူမှမပြောတော့ဘူး။ မသင်ရင်မဖြစ် မတတ်ရင်မဖြစ်ဘူး ဆိုတာကို ယနေ့မြန်မာပြည်ကဆရာတော်ကြီးတွေ နားလည်နေကြပြီ။ သံဃာတော်တွေ လေးငါးရာရှိတဲ့ စာသင်တိုက်ကြီးတွေမှာတောင် အင်္ဂလိပ်စာသင်နေကြပြီ။ အစိုးရပထမပြန်တန်း စာမေးပွဲတွေမှာ လည်း အင်္ဂလိပ်စာထည့်သွင်းဖို့ ဆုံးဖြတ်ချက်ချပြီးကြပြီ။ ဒီနေ့ကမ္ဘာမှာ အင်္ဂလိပ်စာဟာ မဖြစ်မနေသင်ရမယ့် ဘာသာစကားတစ်ရပ်ဆိုတာ အားလုံး သဘောပေါက်နေကြပြီ။

မြန်မာနိုင်ငံက ရဟန်းတော်တွေ နိုင်ငံတကာစင်မြင့်ပေါ် တက်နိုင်ဖို့ဆိုတာ အင်္ဂလိပ်စာတတ်ဘို့လို တယ်။ ပိဋကတ်တော်တွေကို အင်္ဂလိပ်လိုပြောဖို့ဆိုရင်လည်း ပိဋကတ်တတ်ဖို့လည်းလိုတယ်။ စွယ်စုံတတ် ရမယ်။ ဒါမှလည်း နိုင်ငံတကာစင်မြင့်ပေါ် ရင်ကော့ပြီးတော့ တက်နိုင်မယ်။ ဒို့က နိုင်ငံတကာစင်မြင့်ပေါ်မှာ တက်တာတာများလှပြီ။ ဦးဇင်းတို့ကို တိုက်တွန်းလိုတာက ကွာလီဖိုင်းဖြစ်ရန် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါ တယ်။ နောက်များများလေ့ကျင့်ကြ။ နိုင်ငံတကာစင်မြင့်မှာ Leader မဟုတ်တောင် Speaker ဖြစ်အောင်သင်ယူကြ။ Leader ဖြစ်ရင်တော့ပိုကောင်းတာပေါ့။

ရဟန်းတော်တွေအနေနဲ့ ပိဋကတ်တော်က လေးနက်တဲ့ ကျမ်းကြီး ကျမ်းခိုင်တွေကို ပိုင်နိုင်အောင် လုပ်ထားကြ။ လေးနက်တဲ့အတွေးတွေနဲ့ လေ့လာထားရင် ပညာရှိကြီးတွေကြား မှာ ကြာရှည်တည်တံ့တယ်။ အဲလိုအဟုတ်ဘဲ ပေါ်ပြူလာလိုက်နေရင်တော့ စတာနဲ့ဆုံးနိုင်တယ်။ ယနေ့မြန်မာ နိုင်ငံက ဓမ္မကထိကတွေကြားမှာ ခုပေါ်လိုက် ခုပျောက်လိုက်ဖြစ်နေကြတာဟာ ဗုဒ္ဓရဲ့ လေးနက်တဲ့ ပိဋကတ်တော်တွေကို ပိုင်နိုင်အောင် မကိုင်ကြလို့ဖြစ်တယ်။

ဓမ္မကထိကလုပ်ချင်ရင် ပဋိသမ္ဘိဒါမဂ် ၀ိသုဒ္ဓိမဂ် မဟာသတိပဋ္ဌာနသုတ်တွေကို ကြေညက်အောင်လေ့လာပြီး ကိုယ်နဲ့အတူ ဆောင်ထားရမယ်။ ဒါတွေဟာ ပိဋိကတ်တော်ထဲက လေးနက်တဲ့ ကျမ်းကြီးတွေပဲ။

ဒါကြောင့် ယနေ့ ဒို့တပည့်တွေကို ပြောချင်တာကတော့ ဘွဲ့ရအောင်လည်းလုပ်၊ အရည်အချင်းပြည့်မှီအောင်လည်း ကြိုးစားကြ။ နောက်ပိုင်းတိုင်းပြည်နဲ့ သာသနာတော်က အရှင်ဘုရားတို့ရဲ့ လက်ထဲမှာပဲ ရှိတယ် ဆိုတာ မြဲမြဲနှလုံးသွင်းထားကြဖို့ပါပဲ။ အားလုံးကိုယ်စိတ်နှဖြာ ကျန်းမာစွာနဲ့ မိမိတို့လိုအပ်တဲ့ ပညာရပ်တွေကို မြန်မြန်သင်ယူနိုင်ပြီး သာသနာပြုရဟန်းတော်များ ဖြစ်ပါစေလို့ ဒို့များကတိုက်တွန်းလိုက်ပါတယ်။

Read more...

Power ကူးစက်ခံရခြင်း (၄)



ဒီနှစ်ထဲမှာ Meme ဆိုတဲ့ စကားတစ်လုံးလည်း ခေါင်းထဲဝင်နေတာ အတော်လေးကြာပါပြီ။ သူကတော့ Gene နှင့် အသံထွက်ကာရံတူတဲ့ အဲဒီဂျင်းနှင့် အုပ်စုတူအဖွဲ့ထဲက စကားအသုံးအနှုန်းတစ်ခုပါပဲ။ လွယ်လွယ်နားလည်အောင်ပြောရရင်တော့ Meme က ဗိုင်းရပ်စ်ပိုးလိုမျိုးပါပဲ။ လူတစ်ဦးရဲ့  စိတ်ထဲမှာရှိနေတဲ့ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်မှု၊ ၀တ်ပုံစားပုံ၊ နေပုံထိုင်ပုံတွေ၊ ခံယူချက်တွေ၊ စရိုက်ဝါသနာတွေဟာ သူနှင့်ထိစပ်နေတဲ့ တခြားသူတွေဆီကို ကူးစက်ပျံ့ နှံ့ သွားနိုင်ပါတယ်။ ရောဂါပိုးကူးစက်သလိုမျိုး ကူးစက်သွားတာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စတင်တွေ့ရှိခဲ့တဲ့သူက ဗြိတိသျှသိပ္ပံပညာရှင် Richard Dawkins ဖြစ်ပါတယ်။ ၁၉၇၆ခုနှစ်က သူရေးခဲ့တဲ့ The Selfish Gene ဆိုတဲ့စာအုပ်မှာ အဲဒီ Meme အကြောင်းကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီMeme ဟာ တစ်ယောက်ကနေ တခြားတစ်ယောက်ဆီကို ကူးစက်သွားတဲ့အခါမှာ ဒုတိယကူးစက်ခံရတဲ့သူဆီမှာ သူက ပုံစံတစ်မျိုးပြောင်းသွားနိုင်ပါတယ်။ အဲဒီလိုပြောင်းသွားတဲ့ပုံစံနှင့် အခြားနောက်တစ်ယောက်ဆီကို ထပ်မံကူးစက်ပါတယ်။ နောက်ထပ်ကူးစက်ခံရတဲ့သူဆီမှာ ပုံစံနောက်ထပ်တစ်မျိုး ထပ်ပြောင်းသွားနိုင်ပါတယ်။ ဒီလိုမျိုးနှင့် နောက်တစ်ယောက် နောက်တစ်ယောက် ဆင့်ကဲဖြစ်စဉ်အနေနှင့် ကူးစက်သွားပါတော့တယ်။ ဒီလိုပုံစံပြောင်းလဲသွားတဲ့အခါမှာ မူလပထမပုံစံထက် ပိုကောင်းသွားနိုင်သလို ပိုလည်းဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ အကူးစက်ခံလူတွေ (Host) အပေါ် အရင်ကထက်ပိုလည်း ကောင်းသွားစေနိုင်သလို ပိုလည်းပျက်စီးဆုတ်နစ်သွားစေနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့တွေဟာ မိမိပတ်ဝန်းကျင်နှင့် ဆက်ဆံပတ်သက်ရတဲ့ အချိန်တိုင်းမှာ အမြဲသတိရှိဖို့ လိုအပ်နေတယ်ဆိုတာကို ထင်ရှားလာစေပါတယ်။ လူတစ်ယောက်နှင့် ဆက်ဆံလိုက်တိုင်းမှာ သူ့ဆီက Meme က ကိုယ့်ဆီကို ကူးစက်လာသလို၊ ကိုယ့်ရဲ့  Meme ကလည်း သူ့ဆီကို ကူးစက်သွားပါတယ်။

ရောဂါပိုးကူးစက်ပုံနှင့် နှိုင်းယှဉ်စဉ်းစားကြည့်ရင် ရောဂါပိုးတစ်ခု ကိုယ့်ဆီကူးစက်မလာစေဖို့မှာ ကိုယ်ကိုယ်တိုင်က အနေအထိုင်၊ အသွားအလာ၊ အစားအသောက်ကို သတိပြုဆင်ခြင်ရသလို ကိုယ်ခံအားကောင်းနေဖို့လည်း အထူးလိုအပ်ပါတယ်။ ဒါမှသာ မိမိဆီကို ရောဂါဝင်ရောက်မလာနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ဘက်က ကိုယ်ခံအားကျနေပြီဆိုရင်တော့ ဘာမဟုတ်တဲ့ ရောဂါသေးသေးလေးကလည်း ကိုယ့်ကို ဒုက္ခအများကြီးပေးနိုင်ပါတယ်။

Meme ကလည်း ဒီအတိုင်းပါပဲ။ ကိုယ်ကလူကြားထဲမှာနေရင် ပတ်ဝန်းကျင်လူတွေဆီက Meme Virus တွေက ကိုယ့်ဆီကို ရိုက်ခတ်ပါလိမ့်မယ်။ ပူးဝင်ကူးစက်နိုင်ဖို့ ကြိုးစားကြပါလိမ့်မယ်။ လူတွေနှင့် တိုက်ရိုက် အပြင်မှာထိတွေ့ ဆက်ဆံပတ်သက်နေရုံတင်မကပါဘူး။ အခုခေတ်မှာ တီဗွီတွေ၊ ရေဒီယိုတွေ၊ အင်တာနက်တွေ၊ တယ်လီဖုန်းတွေကနေတဆင့်လည်း Meme ဗိုင်းရပ်စ်က အလွယ်တကူ ကိုယ့်ဆီကို ကူးစက်လာနိုင်ပါတယ်။

ဗိုင်းရပ်စ် အကူးခံရမှာစိုးလို့မို့ လူကြားထဲမသွား၊ လူတွေနှင့်မပေါင်း၊ အင်တာနက်မသုံး၊ တီဗွီမကြည့်ပဲနေလို့လည်း ဖြစ်တဲ့ခေတ်မဟုတ်တော့ ကိုယ့်ဘက်က ကိုယ်ခံအားကောင်းအောင် လုပ်ရုံမှတစ်ပါး အခြားမရှိလို့ပဲပြောရမှာပါပဲ။

Read more...

သတိပဋ္ဌာန် လေးပါး

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အဘိဓမ္မာသင်ခန်းစာများ ပြန်လည် သင်ကြားခြင်းနှင့် မဟာသတိပဋ္ဌာနသုတ်သင်တန်းတို့ကို မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီခွဲအထိ ကျင်းပ ပြုလုပ်၏။

နံနက်ပိုင်းတွင် အဘိဓမ္မာသင်တန်းသား တစ်ဦးဖြစ်သူ ဦးထိန်လင်း၏ ဦးလေးအတွက် ရက်လည်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ တရားတော်နာ ရေစက်ချ အမျှပေးဝေခြင်း ဆွမ်းကပ်ပွဲ ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသော မိတ်ဆွေများနှင့် အဘိဓမ္မာသင်တန်းသူ သင်တန်းသားများလည်း လာရောက်ကြ၏။

အဘိဓမ္မာသင်ခန်းစာများကို ပြန်လည် သင်ကြားရာ ဝီထိပိုင်း၊ ပဉ္စဒွါရဝီထိများအကြောင်းနှင့် မဟာသတိပဋ္ဌာသုတ်၊ ဣရိယာပထပဗ္ဗပိုင်းတို့ကို လောကချမ်းသာဆရာတော် ပြန်လည် သင်ကြား ပို့ချပေး၏။

+++++

သတိပဋ္ဌာန် လေးပါး

မေး။ ။ အဘယ့်ကြောင့် သတိပဋ္ဌာန် လေးပါးတိတိ ဟောသနည်း။

ဖြေ။ ။ ဝေနေယျတို့၏ အစီးအပွားအား ဤလေးပါးသာ လျော်သောကြောင့် လေးပါးတိတိ ဟောသည်။

ဤသတိစေတသိက်သည် အာရုံရှိသလောက် များ၏။
များသော်လည်း ဝေနေယျတို့၏ အစီးအပွားအား ဤလေးပါးသာ လျော်သည်။

ဝေနေယျသည် -
(၁) ပညာနုံ့၍ တဏှာသဘောရှိသူ တစ်ယောက်၊
(၂) ပညာထက်၍ တဏှာသဘောရှိသူ တစ်ယောက်၊
(၃) ပညာနုံ့၍ ဒိဋ္ဌိသဘောရှိသူ တစ်ယောက်၊
(၄) ပညာထက်၍ ဒိဋ္ဌိသဘောရှိသူ တစ်ယောက်၊
ဤသို့ လေးယောက် ရှိ၏။

ထိုတွင် -
(၁) ကာယာနုပဿနာသည် ပညာနုံ့၍ တဏှာသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။ ဝါ - စင်ကြယ်ကြောင်း ဖြစ်၏။
(၂) ဝေဒနာနုပဿနာသည် ပညာထက်၍ တဏှာသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
(၃) စိတ္တာနုပဿနာသည် ပညာနုံ့၍ ဒိဋ္ဌိသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
(၄) ဓမ္မာနုပဿနာသည် ပညာထက်၍ ဒိဋ္ဌိသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
ဤသို့ ဝေနေယျတို့၏ အစီးအပွားအားလျော်စွာ လေးပါးသာ ဟောသည်။

တနည်း
ဤသတိပဋ္ဌာန်လေးပါးသည် သမထအားထုတ်သော ဉာဏ်နုံ့သူတစ်ယောက်, ဉာဏ်ထက်သူတစ်ယောက်၊ ဝိပဿနာအားထုတ်သော ဉာဏ်နုံ့သူတစ်ယောက်, ဉာဏ်ထက်သူတစ်ယောက် ဤလေးယောက်တို့၏ အစဉ်အတိုင်း ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
ထို့ကြောင့် လေးပါးသာ ဟောသည်။

တနည်း
ဤလေးပါးသည် သုဘဟူ၍, သုခဟူ၍, နိစ္စဟူ၍, အတ္တဟူ၍ ဖောက်ပြန်သော ဝိပလ္လာသလေးပါးကို အစဉ်အတိုင်း ပယ်သည်။
သြဃလေးပါး, ယောဂလေးပါး, အာသဝလေးပါး, ဂန္ထလေးပါး, ဥပါဒါန်လေးပါး, အဂတိလေးပါးတို့ကိုလည်း ပယ်သည်။
အာဟာရလေးပါးကိုလည်း ပိုင်းခြား၍ သိသည်။
ထို့ကြောင့်လည်း လေးပါးသာ ဟောသည်။

တနည်း
အောက်မေ့စရာတရား လေးပါးရှိ၏။
နိဗ္ဗာန်ဝင်ပေါက် လေးပေါက် ရှိ၏ဟု ပြလို၍ လေးပါးသာ ဟောသည်။
ဥပမာဖြင့် ဤသို့ သိအပ်၏။
မင်းနေပြည်၏ အရှေ့ဘက်၌ နေသော သူတို့သည် အရှေ့ဘက်၌ ထွက်သော ဘဏ္ဍာကို ယူ၍ အရှေ့ဘက် မြို့တံခါးဖြင့် မင်းနေပြည်သို့ ဝင်ကုန်၏။
တောင်ဘက်၌, အနောက်ဘက်၌, မြောက်ဘက်၌ နေသူတို့လည်း မိမိတို့အရပ်ထွက် ဘဏ္ဍာကို ယူ၍ မိမိတို့ အရပ်တံခါးဖြင့် ဝင်ကုန်၏။
ထို့အတူ ကာယ၌ ရှုသောသူတို့သည် ကာယအာရုံ အဖုံဖုံကို အောက်မေ့၍ ဘာဝနာအာနုဘော်ကို ယူ၍ ရသော အဋ္ဌင်္ဂိကမဂ္ဂင်တံခါးဖြင့် နိဗ္ဗာန်မြို့ကြီးသို့ ဝင်ကုန်၏။
ဝေဒနာ၌, စိတ္တ၌, ဓမ္မတို့၌ ရှုသော သူတို့သည် အသီးအသီး ဝေဒနာ, စိတ္တ, ဓမ္မအာရုံ အဖုံဖုံကို အောက်မေ့၍ ဘာဝနာအာနုဘော်ကို ယူ၍ ရသော အဋ္ဌင်္ဂိကမဂ္ဂင်တံခါးဖြင့် နိဗ္ဗာန်မြို့ကြီးသို့ ဝင်ကုန်၏။

(ညောင်လေးပင်ဆရာတော်၏ “သတိပဋ္ဌာန်အရသာ” မှ)

Read more...

The Way to Nibbana (Part 18) - နိဗ္ဗာန်လမ်း (အပိုင်း ၁၈)

အဓိပ္ပာယ် ဖွင့်ဆိုချက်

နိဗ္ဗာနဟူသော ပါဠ် (နိရ်ဝါနဟူသော သက္ကတ) စကားလုံးသည် “နိ” နှင့် “၀ါန” နှစ်ပုဒ်ပေါင်းထားခြင်း ဖြစ်၏။ “နိ”သည် မရှိခြင်း အနက်ကိုဟောသော ဥပသာရပုဒ် ဖြစ်၏။ “၀ါန”သည် (ယက်ကန်း)ရက်လုပ်ခြင်း သို့မဟုတ် တပ်မက်ခြင်းဟု အဓိပ္ပာယ် ရ၏။ ဤ တပ်မက်မှုသည် ဘ၀တစ်ခုကို အခြား ဘ၀တစ်ခုနှင့် ဆက်သွယ်ပေးသော ကြိုးကဲ့သို့ ပြုမူဆောင်ရွက်၏။

“၀ါန-ဟုဆိုအပ်သော တပ်မက်မှု တဏှာမှ နိ-ထွက်မြောက်တတ်သောကြေင့် နိဗ္ဗာန်ဟု ခေါ်ဆိုအပ်၏။”

သတ္တ၀ါ တစ်ဦးတစ်ယောက်သည် တပ်မက်မှု တွယ်တာမှုတို့ဖြင့် နှောင်ဖွဲခံထားရသမျှ ကလပတ်လုံး လေးမြင့်ရှည်ကြာသည့် မွေးသေသံသရာ စက်ဝန်း၌ ပုံသဏ္ဌာန် တစ်မျိုးဖြင့် အကောင်အထည် ပေါ်လာမည့် ကံသစ်တို့ကို ပြုလုပ် ဆည်းပူးနေ၏။ တပ်မက်မှု မှန်သမျှကို သုတ်သင်ပြီးသည့်အခါ အကျိုးပေးနိုင်သည့် ကံစွမ်းတို့သည် အကျိုးပေး ရပ်စွဲသွားပြီး ပုဂ္ဂိုလ်သတ္တ၀ါလည်း မွေးသေသံသရာမှ လွတ်မြောက်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုလေ၏။ ဗုဒ္ဓဘာသာ၏ လွတ်မြောက်မှု သဘောတရားမှာ မကောင်းမှုနှင့် ငရဲတို့မှ လွတ်မြောက်မှုမျှသာ မဟုတ်။ အမြဲမပြတ် ပြန်လည် ဖြစ်ထွန်းနေသည့် မွေးသေသံသရာမှ လွတ်မြောက်မှု ဖြစ်၏။

တပ်မက်မှု (လောဘ)၊ မုန်းတီးမှု (ဒေါသ) နှင့် မသိမိုက်မဲမှု (မောဟ)ဟု ဆိုအပ်သော မီးသုံးမျိုးတို့ ချုပ်ငြိမ်းမှု အဖြစ်ဖြင့်လည်း နိဗ္ဗာန်ကို ရှင်းပြအပ်၏။

“တစ်လောကကလုံး မီးဟုန်းဟုန်း တောက်လောင်နေ၏။ မည်သည့်မီးဖြင့် တောက်လောင်သနည်း ဟူမူကား လောဘမီး ဒေါသမီး မောဟမီး ဇာတိမီး ဇရာမီး မရဏမီး သောကမီး ပရိဒေ၀မီး ဒုက္ခမီး ဒေါမနဿမီး ဥပါယာသမီးတို့ဖြင့် တောက်လောင်၏။”ဟု ဘုရားရှင် ဟောတော်မူ၏။

ဤမီးများ အေးငြိမ်းရာ အဖြစ်ဖြင့် နိဗ္ဗာန်ကို အဓိပ္ပာယ်တစ်မျိုး ဘာသာပြန်ဆိုနိုင်၏။ ဤသို့ဖြင့် နိဗ္ဗာန်ဟူသည် ရာဂစသော ဤမီးများ ချုပ်ငြိမ်းမှုသာ ဖြစ်၍ တစ်ခြား ဘာမှ မဟုတ်ဟုလည်း ကောက်ချက် မချနိုင်ပေ။ ရာဂစသော မီးများ ချုပ်ငြိမ်းမှုကို ဥစ္ဆေဒ၀ါဒအရ ချုပ်ဆုံးမှုနှင့် ခွဲခြား နားလည်သင့်၏။ ဤ နေရာ၌ ရာဂစသော မီးများ ချုပ်ငြိမ်းခြင်း ဟူသည်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသာ ဖြစ်၏။

နိဗ္ဗာန်ဟူသည် အဘာဝတရားလော

နိဗ္ဗာန်ကို အာရုံခံ ပသာဒ ငါးမျိုးဖြင့် မသိမြင် မခံစားနိုင်ရုံမျှဖြင့် “နိဗ္ဗာန်ဟူသည် အဘာဝသဘော မရှိတရား ဖြစ်သည်”ဟု ဆိုခြင်းသည် သဘာဝ မကျပေ။ မျက်စိအမြင် ကန်းသူသည် အလင်းရောင်ကို မမြင်နိုင်ရုံမျှဖြင့် “အလင်းရောင် မရှိ”ဟု မှတ်ချက်ချသည်နှင့် တူ၏။ အများသိကြသည့် ပုံပြင်တစ်ခု၌ ရေနှင့်သာ ရင်းနှီးကျွမ်းဝင်သော ငါးတစ်ကောင်သည် လိပ်တစ်ကောင်နှင့် ဆွေးနွေးငြင်းခုံပြီးနောက် “ကုန်းမြေဟူသည် မရှိ”ဟု ကျေကျေနပ်နပ် အားရပါးရ မှတ်ချက်ချ၏။ သူ စုံစမ်း မေးမြန်းသမျှ “မရှိ မဟုတ်”ဟုသာ အဖြေရသောကြောင့် ဖြစ်၏။

တစ်ခါက ငါးတစ်ကောင် ရှိခဲ့၏။ ငါးဖြစ်သောကြောင့် တစ်သက်လုံး ရေမှာသာ နေရ၏။ ရေမှတစ်ပါး တစ်ခြားအရာ ဘာကိုမှ မသိပေ။ တစ်နေ့သ၌ ရေကန်မှာ နေကုန်နေခမ်း ကူးခတ်နေစဉ် ကုန်းမြေအလည်အပတ် ခရီးမှ ပြန်လာသော သူ့မိတ်တွေ လိပ်တစ်ကောင်နှင့် တွေ့၏။

“ကောင်းသော နေ့ပါ ကိုရွှေလိပ်။ မတွေ့ရတာ ကြာပြီ။ ဘယ်များ သွားနေပါသလဲ။”ဟု ငါးက မေး၏။
“အိုး၊ ခြောက်သွေ့တဲ့ ကုန်းမြေက အခုပဲ ပြန်လာပါတယ်”ဟု လိပ်က ပြန်ဖြေ၏။

“ခြောက်သွေ့တဲ့ ကုန်းမြေတဲ့လား။ ခြောက်သွေ့တဲ့ ကုန်းမြေဆိုတာ ဘာပြောတာလဲ။ ခြောက်သွေ့တဲ့ ကုန်းမြေဆိုတာ မရှိပါဘူး။ အဲဒါမျိုး မတွေ့ဖူးပါဘူး။ ခြောက်သွေ့တဲ့ ကုန်းမြေဆိုတာ အလကားပြောတာပါ”ဟု ငါးက တအံ့တသြ ဆို၏။

“ကောင်းပါပြီ။ အဲဒီအတိုင်း သင်ထင်မယ်ဆို ထင်နိုင်ပါတယ်။ တားမြစ် ကန့်ကွက်မယ့်သူ မရှိပါဘူး။ ဒါပေမယ့် အဲဒါ ငါရောက်ခဲ့တဲ့ ဒေသပါပဲ”ဟု လိပ်က ရိုးရိုးသားသား ပြန်ပြော၏။

“အိုး၊ လာပါဦး။ အဓိပ္ပာယ်ရှိတာ ပြောစမ်းပါ။ သင့်ရဲ့ ကုန်းမြေဆိုတာ ဘယ်လိုဟာလဲ ပြောပြစမ်းပါ။ ကုန်းမြေတစ်ခုလုံး စိုရွှဲနေတာလား”ဟု ငါးက မေး၏။

“ဟင့်အင်း။ မစိုဘူး”ဟု လိပ်က ဖြေ၏။

“ကုန်းမြေဆိုတာ နူးညံ့သိမ်မွေ့ စိုပြည်နေပြီ အေးစိမ့်နေတာလား”ဟု ငါးက မေး၏။

“ဟင့်အင်း။ မနူးညံ မသိမ်မွေ့ဘူး။ မစိုပြည်ဘူး။ မအေးဘူး”ဟု လိပ်ကဖြေ၏။

“ကုန်မြေဆိုတာ အလင်းရောင် ဖောက်ထွင်းနိုင်လောက်အောင် ကြည်လင်နေသလား”ဟု ငါးက မေး၏။

“ဟင့်အင်း။ အလင်း ဖောက်ထွင်းနိုင်လောက်အောင် မကြည်ဘူး”ဟု လိပ်က ဖြေ၏။

“ကုန်းမြေထဲမှာ ငါ့ရဲ့ ဆူးတောင်တွေနဲ့ ရွေ့လျားကူးခတ်လို့ရအောင်၊ ငါ့နှာခေါင်းနဲ့ တွန်းထိုးလို့ရအောင် နူးညံ့ပျော့ပျောင်း နေသလား”ဟု ငါးက မေး၏။

“ဟင့်အင်း။ နူးညံ့ ပျော့ပျောင်းမနေဘူး။ ကုန်းမြေမှာ သင် မကူးခတ်နိုင်ဘူး”ဟု လိပ်က ဖြေ၏။

“ကုန်းမြေဆိုတာ ရွေ့လျား စီးဆင်းနေသလား”ဟု ငါးက မေး၏။

“ဟင့်အင်း။ ရွေ့လည်း မရွေ့ဘူး။ စီးလည်း မစီးဘူး”ဟု လိပ်က ဖြေ၏။

“ကုန်းမြေဟာ လှိုင်းထသလား။ အဲဒီ မြေပြင်မှာ အမြှုတ်တွေ ဖွေးနေသလား”ဟု သည်းမခံနိုင်တော့ဘဲ နှာခေါင်းရှုံ့လျက် ငါးက မေး၏။

“ဟင့်အင်း။ လှိုင်းထတာ မတွေ့ခဲ့ရဘူး”ဟု လိပ်က ဖြေ၏။

“ဒါဆို”ဟု ငါးက ကျေကျေနပ်နပ် အားရပါးရ အာမေဍိတ် ပြုလိုက်၏။ “ကုန်းမြေဆိုတာ ဘာမှ မဟုတ်ပါဘူးလို့ ငါ မပြောခဲ့ဘူးလား။ ငါ မေးလိုက်ပြီလေ။ ငါမေးတော့ သင်ဖြေခဲ့တာပဲ။ ကုန်းမြေဆိုတာ စိုလည်း မစိုဘူး။ အေးလည်း မအေးဘူး။ ကြည်လည်း မကြည်ဘူး။ နူးညံ့မှုလည်း မရှိဘူးတဲ့။ စီးလည်း မစီးဆင်းဘူး။ လှိုင်းလည်း မထဘူးတဲ့။ ဒါတွေ တစ်ခုမှ မဟုတ်ရင် တစ်ခြား ဘာဖြစ်ဦးမလဲ။ ဘာမှ မဟုတ်ပါဘူးနော်။ လာပြောမနေနဲ့”ဟု ဆို၏။

“ကောင်းပါပြီ။ ကောင်းပါပြီ”ဟု လိပ်က ပြန်ပြော၏။ “ကုန်းမြေဆိုတာ ဘာမှ မဟုတ်ပါဘူးလို့ သင် ထင်မြင် ဆုံးဖြတ်တယ်ဆိုရင် ဆုံးဖြတ်ရုံပါပဲ။ ဒါပေမယ် သင်မသိဖူးရုံးနဲ့ပဲ သင်မသိဖူးတဲ့ အရာကို ဘာမှမဟုတ်ဘူးလို့ ပြောတဲ့အတွက် ရေဆိုတာဘာ၊ ကုန်းမြေဆိုတာဘာရယ်လို့ သိတဲ့ သူတွေကတော့ သင့်ကို မိုက်မဲတဲ့ ငါးတစ်ကောင်လို့ ပြောကြမှာပဲ”ဟု ဆို၏။

ထို့နောက် လိပ်သည် ငါးကို သူ့ရေအိုင်ငယ်၌ ချန်ထားခဲ့ပြီး ဝေးရာသို့ လှည့်ထွက်သွား၏။ ဘာမှ မဟုတ်သည့် ခြောက်သွေ့သော ကုန်းမြေသို့ နောက်တစ်ဖန် အလည်အပတ် ခရီးထွက်သွားလေ၏။

အဓိပ္ပာယ် ပြည့်ဝသည့် ဤပုံပြင်၌ “ကုန်းမြေ၊ ပင်လယ် နှစ်မျိုးလုံးနှင့် အကျွမ်းဝင်သော လိပ်သည် ကုန်းမြေ၏ သဘောမှန်ကို ငါး နားလည်အောင် ရှင်းမပြနိုင်သကဲ့သို့၊ ငါးသည်လည်း ပင်လယ်နှင့်သာ အကျွမ်းဝင်သောကြောင့် ကုန်းမြေဘာဖြစ်သည်ကို နားမလည်နိုင်”ဆိုသော အချက်မှာ ထင်ရှား၏။ အလားတူပင် လောကီ လောကုတ္တရာ နှစ်မျိုးလုံးကို သိကျွမ်းသော ရဟန္တာတို့သည် လောကုတ္တရာ တရားကို လောကသားတစ်ယောက် နားလည်အောင် လောကဝေါဟာဖြင့် ရှင်းမပြနိုင်ပေ။ လောကသား အနေနှင့်လည်း လောကီဗဟုသုတမျှဖြင့် လောကုတ္တရာကို နားမလည်နိုင်ပေ။

နိဗ္ဗာန်သည် ဘာမှမဟုတ်သည့် အဘာဝတရား ဖြစ်ခဲ့လျှင် ဟင်းလင်းပြင် (အာကာသ)နှင့် အတူတူပင် ဖြစ်ရပေမည်။ ဟင်းလင်းပြင် နှင့် နိဗ္ဗာန် နှစ်မျိုးလုံးသည် ထာဝရ တည်ရှိနေကြ၏။ မပြောင်းလဲကြပေ။ ဟင်းလင်းပြင်သည် သူကိုယ်တိုင် ဘာမှမဟုတ်သည့်အရာ ဖြစ်သောကြောင့် ထာဝရ တည်ရှိနေ၏။ နိဗ္ဗာန်သည်ကား ဟင်းလင်းပြင် ကင်းမဲ့သောတရား ဖြစ်၏။ အချုပ်အားဖြင့် ဟင်းလင်းပြင်သည် နိဗ္ဗာန်မဟုတ်။ နိဗ္ဗာန်သည်သာ နိဗ္ဗာန်ဖြစ်၏ဟု ဆိုနိုင်ပေသည်။

တည်ရှိသည့် ဘုံဘ၀ အမျိုးမျိုးတို့ကို ဟောတော်မူသော ဘုရားရှင်သည် “ဘာမှမရှိသည့် ဘုံဌာန (အာကိဉ္စညာယတန)”ကို အထူးတလည် ထည့်သွင်း ဟောကြားတော်မူ၏။

စိတ်အာရုံတစ်ခု အဖြစ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်၏ဆိုသော အချက်က နိဗ္ဗာန်ဟူသည် ဘာမှမဟုတ်သည့် အခြေအနေတစ်ခု မဟုတ်ကြောင်း အတိအလင်း သက်သေပြနေ၏။ နိဗ္ဗာန်သည် ဘာမှမဟုတ်သည့် အခြေအနေတစ်ခု ဖြစ်ခဲ့လျှင် ဘုရားရှင်သည် “အဆုံးမဲ့သော (အနန္တ)”၊ “ပြုပြင်ခြင်း ကင်းမဲ့သော (အသင်္ခတ)”၊ “မနှိုင်းယှဉ်အပ်သော (အနုပမေယျ)”၊ “လွန်မြတ်သော (နုတ္တရ)”၊ “အမြင့်မြတ်ဆုံးဖြစ်သော (ပရမ)”၊ “သာလွန်သော (ပရ)”၊ “အမြတ်ဆုံး ခိုကိုးရာ (ပရာယန)”၊ “လုံခြုံမှု (တာန)”၊ “ဘေးကင်းမှု (ခေမ)”၊ “အေးမြချမ်းသာသော (သိဝ)”၊ “ထူးကဲပြည့်စုံးသော (ကေ၀လ)”၊ “ဘုံဌာနကင်းသော (အနာလယ)”၊ “မကုန်ခန်း မပျက်စီးသော (အက္ခရ)”၊ “အပြီးစင်ကြယ်သော (၀ိသုဒ္ဓ)”၊ “လောကထက် လွန်မြတ်သော (လောကုတ္တရ)”၊ “မသေရာဖြစ်သော (အမတ)”၊ “လွတ်မြောက်ခြင်း (၀ိမုတ္တိ)”၊ “ငြိမ်းအေးခြင်း (သန္တိ)”၊ အစရှိသော ဝေါဟာရတို့ဖြင့် နိဗ္ဗာန်၏ အခြေအနေကို ဟောပြတော်မူမည် မဟုတ်ပေ။

ဥဒါန်းပါဠိတော် နှင့် ဣတိဝုတ်ပါဠိတော်တို့၌ နိဗ္ဗာန်ကို ရည်ရွယ်၍ အောက်ပါအတိုင်း ဟောတော်မူခဲ့၏။

“ရဟန်းတို့ ဖြစ်ပေါ်မှု မရှိသော (အဇာတ)၊ ထင်ရှားဖြစ်နေမှု မရှိသော (အဘူတ)၊ ပြုလုပ်ထားမှု မရှိသော (အကတ)၊ စီရင်ထားမှု မရှိသော (အသင်္ခတ) နိဗ္ဗာန်သည် ရှိ၏။ ရဟန်းတို့ ဖြစ်ပေါ်မှု မရှိသော၊ ထင်ရှား ဖြစ်နေမှု မရှိသော၊ ပြုလုပ်ထားမှု မရှိသော၊ စီစဉ်ထားမှု မရှိသော နိဗ္ဗာန်သည် အကယ်၍ မရှိပါမူ ဤလောက၌ ဖြစ်ပေါ်လာမှု၊ ထင်ရှားဖြစ်နေမှု၊ ပြုလုပ်ထားမှု၊ စီရင်ထားမှု သဘောရှိသော ခန္ဓာပဉ္စကမှ ထွက်မြောက်ရာသည် မထင်ရှားရာ။ ရဟန်းတို့ အကြင့်ကြောင့် ဖြစ်ပေါ်မှု မရှိသော၊ ထင်ရှားဖြစ်နေမှု မရှိသော၊ ပြုလုပ်ထားမှု မရှိသော၊ စီရင်ထားမှု မရှိသော နိဗ္ဗာန်သည် ရှိ၏။ ထိုကြောင့်သာ ထင်ရှားဖြစ်နေမှု၊ ပြုလုပ်ထားမှု၊ စီရင်ထားမှု သဘောရှိသော ခန္ဓာပဉ္စကမှ ထွက်မြောက်ရာသည် ထင်ရှား၏။”

ဣတိဝုတ်ပါဠိတော်၌ ဤသို့ ဟောတော်မူလေသည်။

“ဖြစ်ပေါ်နေသော၊ ထင်ရှားဖြစ်ပေါ်နေသော၊ ကောင်းစွာဖြစ်သော၊ ပြုလုပ်ထားသော၊ စီရင်ထားမှု ရှိသော၊ မမြဲသော၊

အိုခြင်း သေခြင်းတို့နှင့် ရောစပ်နေသော၊ ရောဂါအပေါင်းတို့၏ (တည်နေရာ)သိုက်မြုံသဖွယ်ဖြစ်သော၊ ပျက်စီးခြင်းရှိသော၊

အာဟာရ နှင့် တဏှာလျှင် ဖြစ်ကြောင်း အမွန်အစရှိသော၊ ထိုခန္ဓာငါးပါးကို နှစ်သက်ခြင်းငှာ မသင့်၊

ထိုခန္ဓာငါးပါး (သက္ကာယ)၏ ထွက်မြောက်ရာဖြစ်သော၊ (ကိလေသာ သင်္ခါရတို့၏) ငြိမ်းအေးရာဖြစ်သော၊ ကြံစည်မှု တက္ကဥာဏ်၏ အာရုံ မဟုတ်သော၊ ခိုင်မြဲသော၊

ဖြစ်ပေါ်မှု မရှိသော၊ ကောင်းစွာမဖြစ်သော၊ စိုးရိမ်မှုကင်းသော၊ ကိလေသာမြူကင်းသော၊

သံသရာဆင်းရဲ နှိပ်စက်ခံရသူတို့ ကျင့်အပ်သော၊ ဆင်းရဲတရားတို့၏ ချုပ်ရာဖြစ်သော၊ သင်္ခါရတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည် ချမ်းသာ၏။”

ထို့ကြောင့် ဗုဒ္ဓဘာသာတို့၏ နိဗ္ဗာန်သည် ဘာမမရှိသော အခြေအနေလည်း မဟုတ်၊ ချုပ်ငြိမ်းမှု သက်သက်လည်း မဟုတ်ပေ။ နိဗ္ဗာန် မဟုတ်သည်ကိုသာ တိတိကျကျ ပြောနိုင်၏။ နိဗ္ဗာန်သည် ထူးကဲသောတရား ဖြစ်သောကြောင့် အတိအကျအားဖြင့် မည်သည့်အရာသည် နိဗ္ဗာန်မည်၏ဟု ပြည့်စုံလုံလောက်စွာ မဖော်ပြနိုင်ပေ။ နိဗ္ဗာန်မည်သည် ထိုးထွင်း သိမြင်ရမည့် တရား ဖြစ်၏။

နာဒရထေရ် The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

Read more...

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂-ဒီဇင်ဘာ-၂၀၁၀)

Installing formwork for basement wall











0 comments

Read more...

အလိုတော်ပြည့်ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်မည်

အလိုတော်ပြည့်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပပြုလုပ်မည်။

မန္တလေးတိုင်း ပုဂံ/ညောင်းဦးမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှေးဟောင်း အလိုတော်ပြည့် ဘုရားပွဲတော်ကို ၁၃၇၂-ခုနှစ် နတ်တော်လဆန်း (၁၄-၁၅)ရက် ၂၀၁၀ခုနစ် ဒီဇင်ဘာ ၂၀-၂၁ ရက်နေ့များတွင် ပြည်တွင်းပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့် ဆရာတော်နှင့်
ဂေါပကအဖွဲ့ဝင် များမှ ဦးစီး၍ အမြို့မြို့အနယ်နယ်မှ ဆွမ်း၊ ရေချမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး(၅၀၀၀)တို့ဖြင့် အလိုတော်ပြည့် ဗုဒ္ဓပူဇနိယထီးဖြူတော်ဖွင့်ပွဲ အခမ်းအနားဖြင့် လှူဒါန်းပူဇော်ပြီး ပင့်သံဃာ (၅၂၈)ပါး တို့အား လှူဒါန်းဖွယ်ရာ ၀ထ္ထုများကိုလှူဒါန်း ပူဇော်နိုင်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ပင့်သံဃာတစ်ပါးလျှင် ကျပ်(၁၀၀၀၀)ဖြင့် ငွေပဒသာပင်များ လှူဒါန်းပူဇော်မည်ဖြစ်ပါသည်။

မိမိတို့လောင်းလှူလိုသော ပစ္စည်းများကို ပင့်သံဃာ(၅၂၈)ပါး အတွက် သံဃာ့ဒါန သံဃာစေ့ လှူဒါန်းနိုင်ပါကြောင်း ပြည်တွင်း ပြည်ပရှိ တပည့် ဒကာ/ဒကာမများတို့အား အသိပေးဖိတ်ကြားအပ်ပါသည်။

ဆက်သွယ်လှူဒါန်းနိုင်ရန် ဖုန်း 01.545337 -
Email: alodawpyei@myanmar.com.mm

Read more...

“အိုကံ”

Friday, 03 December 2010 12:04 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

T Z sayadaw (5)ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

စည်းစိမ် ဥစ္စာတွေ၊ အခြေအရံ တွေဆိုတာ ကံရဲ့ အကျိုးပေး တွေဗျ၊ ကံတွေ မဟုတ်ဘူး။ ကံ ဆိုတာ ကိုယ် အားထုတ်တဲ့ ဒါန၊ သီလ၊ ဘာဝနာတွေကို ခေါ်တာ ( နတ်မောက်မြို့နယ်၊ ဥယျာဉ်တောင်ကျောင်း ဆရာတော်)

ငယ်ငယ်က မိမိတို့နေတဲ့ ဘုန်းကြီးကျောင်းမှာ ကပ္ပိယကြီး နှစ်ယောက်ရှိတယ်။ “ဦးဖိုးငယ်”နဲ့ ဦးသာမှတ်”တဲ့ ။ ဦးဖိုးငယ် မျက်စိမမြင်တဲ့ ဒုက္ခိတကြီး၊ ဦးသာမှတ်ကတော့ အသက်အရွယ် အလျောက် အိုးမင်းတာက လွဲလို့ အားလုံး အင်္ဂါစုံ လင်ပါတယ်။ အသက်ကြီး လာတော့ ရွာထဲမှာ ဆူဆူညံညံ မနေလိုတာနဲ့ ဘုန်းကြီကျောင်းမှာ ကပ္ပိယ အဖြစ် လာနေတာ။ သူက ရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ “ဦးသာမြတ်”ရဲ့ အစ်ကို အရင်းပါ။ ဒါပေမယ့် ညီအစ်ကိုချင်း တယ်ပြီး သဘောထား မတိုက် ဆိုင်ကြပါဘူး။ မခေါ်မပြော ရယ်လို့တော့ မဟုတ်ပါဘူး။

သူတို့ ညီအစ်ကိုဟာ မိဘ မျိုးရိုးကတော့ မရှိ မရှား ဆိုတဲ့ အတန်းစား ထဲကပါပဲ။ နောက်တော့ ခေတ် ကာလ အလျောက် ရှာတတ် ဖွေတတ် ကြံဖတ်တတ်တဲ့ “ဦးသာမြတ်”က တစ်ရွာလုံးမှာ အချမ်းသာဆုံး ဖြစ်သွားပြီး “ဦးသာ မှတ်”ကတော့ သာမန်အဆင့်ပါပဲ။ အိုလာတော့လည်း သားသမီးတွေ သူ့အိုးသူ့အိမ် ခွဲသွားကြတာ အဘိုးကြီး အမယ်ကြီးနဲ့ မိတဆိုး မြေးကလေးတွေနဲ့ နည်းနည်းတော့ ကသီလင်တ ရှိတာပေါ့။ မြေးကလေးတွေ ရှင်လူထွက်ပြီး တောင်သူ လုပ်ကိုင်နိုင်ကြတော့ သူက အိမ်မှာ မနေတော့ဘဲ ဘုန်းကြီးကျောင်းမှာ ကပ္ပိယ လုပ်နေ တာ။

ကပ္ပိယကြီး နှစ်ယောက်မှာ မျက်စိမမြင်တဲ့ “ဦးဖိုးငယ်”က အသက်နည်းနည်းငယ်တယ်။ (၇၀)ကျော်ကျော် လေးပေါ့။ သူက မျက်စိသာ မမြင်တယ်၊ ကျောင်းဝိုင်းထဲမှာ ပေါင်းမြက်ရှင်းတဲ့ အလုပ်ကျတော့ အတော်ကို သေသပ် တယ်။ လက်တစ်ဖက်ကိုင် တူရွင်းပြား အရိုးတိုကလေးနဲ့ မြက်တွေကို ထိုးထိုးပြီး လက်နဲ့ စမ်းစမ်းပုံထားတာ။

အကွက်ကိုစေ့လို့။ အကွက်ကျော်ပြီး ပေါင်းမြက်တွေ ကွက်ကြားကျန်တယ်လို့ကို မရှိဘူး။ ထိုးပြီး သား မြက်ပင်တွေကိုလည်း လက်ကလေးနဲ့ သဲ့သဲ့ပြီး သပ်သပ်ရပ်ရပ် ပုံထားတာ ညီနေတာပဲ။ အမှိုက်စွန့်တဲ့ အခါကျတော့ ကျောင်းသား ကိုရင်တွေက စွန့်ပေးကြတယ်။ အငယ်ကတည်းက ဒီဘုန်းကြီး ကျောင်းမှာပဲ နေခဲ့တာဆိုတော့ ကျောင်းဝိုင်း တစ်ဝိုင်းလုံး ဘယ်နားမှာ ဘာရှိတယ် ဆိုတာ အကုန်မှတ်မိ နေတော့ အိမ်သာတို့၊ ရေးချိုး ကန်တို့ကိုလည်း ဘယ်သူမှ လိုက်ပို့စရာမလိုဘူး။ တောင်ဝှေး ကလေးနဲ့ ထောက်စမ်းပြီး သူ့ဟာသူ သွားတာပဲ။

မနက် အရုဏ်တက်ခါနီး ကြည်ဦး တွန်လောက်ဆို ကပ္ပိယကြီးတွေ နိုးကြပြီး ကျောင်းသား ကိုရင်တွေဆို ကပ္ပိယ ကြီးတွေ နိုးကြပြီး ကျောင်းသား ကိုရင်တွေ ဘုရားဝတ်တက်ဖို့နဲ့ ရွာထဲကို ဆွမ်းချက်နှိုးဖို့ ကုလားတက်တုန်း ခေါက်တာ၊ ရေနွေးကျိုတာ စတဲ့ ဗာဟိရ အလုပ်တွေကို ကပ္ပိယကြီး နှစ်ယောက်က လုပ်ကိုင်ပေးကြ တာဆိုတော့ ကျောင်းသား ကိုရင်တွေ ကလည်း ကြည်ဖြူ စောင့်ရှောက်ကြတယ်။ လသာတဲ့ ညတွေမှာဆို ကပ္ပိယ ကြီးတွေနဲ့ ရှေးဟောင်းနှောင်း ဖြစ်တွေ၊ ပုံပြင်တွေ ပြောပြတာကို ဝိုင်းပြီး နားထောင်ကြ၊ မေးမြန်း စပ်စုကြနဲ့ တစ်ခါတလေ ဆရာတော် ညအိပ်ညဥ့်နေ အဝေးကြွတဲ့ နေ့တွေဆို သန်းခေါင်သန်းလွဲအိ မအိမ်ကြဘူး။

ကျောင်းမှာ အမြဲနေကြတော့ အလှုအတန်းကြွတဲ့ ဆရာတော်ကြီးများနဲ့လည်း ရင်းနှီးကျွမ်းဝင်ကြတယ်။ ဆရာတော်တွေ နောက် ပါလာတတတ်တဲ့ လှည်းမောင်း ကပ္ပိယတွေနဲ့လည်း တရင်းတနှီး အကြောင်းသိ အပေါင်းအသင်း တွေလို ဖြစ်နေကြတာပေါ့။

တစ်ခါတော့ အလှူတစ်ခုမှာ ဆရာတော်ကြီးတွေ အတော်စုံတယ်။ နံနက်စော အရုဏ်တက် ရေနွေး ကြမ်းဝိုင်းမှာ ဆရာတော်ကြီးများနဲ့ ကပ္ပိယများ စကား စမြည်ပြောကြရင်း ကံ၊ ကံရဲ့ အကျိုးနဲ့ ပတ်သက်ပြီး ပြောကြရာက အာဂန္တုလှည်းမောင်း ကပ္ပိယကြီး တစ်ဦးက ကံ အကျိုးပေး ကွာခြားပုံနဲ့ ပတ်သက်ပြီး “ ဦးသာမှတ်”တို့ ညီအစ်ကို ကို နမူနာယူ ပြောပြတယ်။ ညီအစ်ကိုချင်း ဖြစ်ပေမယ့် “ဦးသာမြတ်”က အိုကံကောင်းပုံ၊ ပစ္စည်းဥစ္စာ ပြည့်ပြည့် စုံစုံနဲ့ သိုက်သိုက် ဝန်းဝန်း နေထိုင်ရပုံ၊ “ဦးသာမှတ်” ကတော့ ကသီလင်တနဲ့ ဘုန်းကြီးကျောင်းမှာ ကပ္ပိယ ဖြစ်နေရပုံ တို့ကို နှိုင်းယှဉ် ပြန်ပြော နေပါတယ်။ အဲဒီ အချိန်မှာ ကျောင်းခံ ကပ္ပိယ တွေကတော့ သူ့အလုပ်နဲ့သူ မအားလို့ စကားဝိုင်းမှာ မပါနိုင်ကြဘူး။

ကပ္ပိယကြီးရဲ့ စကားကို ကြားတော့ ရွာကျောင်းဆရာတော်က---

“ကပ္ပိယတို့ ဘုန်းကြီးပြောတာ ခဏ နားထောင်ပြီး သေသေချာချာ စဉ်စားကြဦး။ ဘုန်းကြီး ပြောပြမယ်။ အခု ကပ္ပိယတို့ ပြောနေတာ အိုကံ ကောင်းပုံကို ပြောနေ တာနော်။ ကံကောင်းတာနဲ့ ကံရဲ့ အကျိုးကောင်းတာ ကွဲကွဲပြားပြား မဖြစ်ဘဲ လုံးထွေး နေတယ်။ “ဘုန်းကြီးရဲ့ ကပ္ပိယကြီး “ဦးသားမှတ်”က အခုဆို “ မြန်မာအို ကျောင်းကြို ကျောင်းကြား” ဆိုသလို ကျောင်းမှာ ကပ္ပိယ လုပ်နေရတယ်။ သူ့ညီ “ဦးသာမြတ်”က ရွာထဲမှာပဲ စည်းစိမ် ဥစ္စာ အပြည့် အစုံနဲ့ နေရတယ်။ ဒါကြောင့် “ ဦးသာမှတ်”က အိုကံ မကောင်းဘူး။ “ဦးသာမြတ်”က အိုကံကောင်းတယ်” ပြောနေကြတာ မဟုတ်လား။

အဲဒါ ကပ္ပိယတို့ ကံ နဲ့ ကံရဲ့ အကျိုး မကွဲမပြားဘဲ လုံးထွေးပြီး အသိမှားနေကြတာ။

စည်းစိမ်ဥစ္စာတို့ အခြေအရံတို့ ဆိုတာ ကံတွေမဟုတ်။ ကံရဲ့ အကျိုးပေးတွေဗျ။ ကံဆိုတာ ကိုယ်အားထုတ်ထားတဲ့ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ခေါ်တာ။ အဲဒါကို ကွဲကွဲပြားပြား သိပြီဆိုရင် ကပ္ပိယတို့ စဉ်းစားကြည့်စမ်း-

ဒကာမကြီး “ဦးသာမြတ်”က ရွာထဲမှာ စည်းစိမ်ဥစ္စာတွေ၊ သားသမီး မြေးမြစ်တွေနဲ့ သိုက်သိုက်ဝန်းဝန်း နေတာ မှန်တယ်။ သူ့မှာ အတိုးအငှား ကိစ္စတွေနဲ့၊ အသစ် ပေးရတာရော၊ အဟောင်း တောင်းရတာ စာရင်းမှတ်ရတာနဲ့ လုံးချာကို လိုက်လို့။ အခါကြီး ရက်ကြီးတွေ မှာတောင် ဥပုသ် သီတင်း မှန်မှန် မစောင့်နိုင်ရှာဘူး။ အိုးအိမ်ခွဲသွားတဲ့ သားသမီး တွေကို အမွေခွဲပေးတာ မသင့်မျှနိုင်လို့ ပူညံပူညီလည်း ခဏခဏ ဖြစ်ရ သေးတယ်နော်။ ဒီကြားထဲ အတိုးအရင်း ပေးထားတဲ့ လူတွေနဲ့ တရားတပေါင် တွေ့ရတာလည်း ရှိသေးတယ်။ အခုတောင် အပေါင်ခံထားတဲ့ ယာမြေတွေ ဟို ပိုင်ရှင်က လာရွေးတာ၊ အရွေးမခံနိုင်လို့ ဆိုပြီး တိုင်ကြ တောကြလို့ ကြီးတောင့်ကြီးမားနဲ့ မြို့ကို ရုံးချိန်း သွားနေရလို့ ရွာမှာ မကပ်နိုင်သေးဘူးတဲံ။ အဲဒါ ကပ္ပိယတို့လည်း ကြားတယ် မဟတ်ုလား။

ဘုန်းကြီးကျောင်းမှာ ကပ္ပိယကြီး “ ဦးသာမှတ်”ကို ကြည့်လိုက်စမ်း။ မနက်စော အရုဏ်တက်လို့ နိုးပြီးဆိုတာနဲ့ ဗုဒ္ဓဝေယျာဝစ္စ၊ သံဃာဝေယျာဝစ္စ တွေလုပ်လို့၊ နေ့ခင်း ကျောင်းသား ကိုရင်တွေ စာသင်ချိန်မှာ သူတို့က သူတို့ဇရပ်မှာ တရား အားထုတ်လို့၊ ဘာစာရင်း မှလည်း မရှုပ်ဘူး။ ဘယ်သူနဲ့မှလည်း တရားတပေါင် တွေ့ရတာ မရှိဘူး။ ရစရာကော ပေးစရာကော ဘာမျှ အထူးအထွေ မရှိလို့ လောဘ၊ ဒေါသတွေလည်း ပွားစရာ မရှိဘူး။ အဲ အတိတ်ကံရဲ့ အကျိုးအရ စည်းစိမ်ဥစ္စာတွေ မပိုင်ဆိုင်ကြ ပေမယ့် တကယ့် အိုကံအစစ် ဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာတွေ ကတော့ဖြင့် ညီအစ်ကိုချင်း ကွာချင်းတိုင်း ကွာမနေပေဘူးလား။ ကဲ စဉ်းစားကြည့်ကြစမ်း၊ ဘယ်သူက အိုကံ ကောင်းသူ အစစ်လဲ။

ကပ္ပိယတို့ သေသေချာချာ စဉ်းစားကြ။ မြတ်စွာဘုရား သာသနာ အတွင်းမှာ လူဖြစ်ကြရတုန်း ဘုရား တပည့်သား ပျော်နည်း ပျော်တတ်ရတယ်။ ငါးပျော် ပျော်မနေရဘူး။ ဒါကိုကော သဘော ပေါက်ကြရဲ့လား။ ဘုရား တပည့်သားဆိုတာ တရားနဲ့ ပျော်ရတာမျိုးနော်။ ဟို ရေကန်ထဲမှာ ငါးတွေအကြောင်း သတိထားမိရဲ့လား။ ကန်ထဲမှာ ရေတွေ များနေတုန်းတော့ တစ်ကောင်နဲ့ တစ်ကောင်း၊ တစ်အုပ်နဲ့ တစ်အုပ် တယ်ပြီး မစုမိကြသေးဘူးနော်။ အဲ-- ကန်မှာ ရေတွေ နည်းလာပြီဆိုတော့ ကျန်တဲ့ ရေကွက် ကျဉ်းကျဉ်းလေးထဲမှာ ငါးတွေ စုမိလာကြပြီး အဲဒီအချိန်မှ ဘဝတူတွေ တိုးကြ လုကြနဲ့ သူ့ဘဝနဲ့ သူတော့ ပျော်နေကြတာပဲ မဟုတ်လား။ သူတို့က ငါးတွေ မို့လို့ ဘာမျှ မစဉ်းစား တတ်ကြပေမယ့် လူတွေအနေနဲ့ သေချာ စဉ်းစားကြည့်စမ်း။ ဒီလို စုဝေးမိကြတယ်ဆိုတာ ရေခန်းချိန် ရောက်လာလို့ဗျ၊ မဟုတ်ဘူးလား။ မကြခင်ရေတွေ အကုန်ခမ်းသွား ပြီဆိုရင် သူတို့ ဘာဖြစ်ကြမှာလဲ၊ ဒါကို သူတို့ သတိပြုရမှန်း မသိပေမယ့် လူတွေက သတိရပြုရမယ်။

ကဲ လူ့လောက မှာလည်း စဉ်းစားကြည့်။ သား သမီးတွေသာ မကဘဲ မြေးတွေ မြစ်တွေအထိ တစ်စု တစ်ဝေးကြီး ဖြစ်ချိန်ဆိုတာ ဘယ်လို အချိန်မျိုးမှာ ဖြစ်တာလဲ။ ဘဝ ရေခန်းချိန် ရောက်လို့ ဖြစ်တာဗျ။ ဒါကို သတိမထားဘဲ ပျော်နေကြတုန်း ဆိုရင် ဘာပျော်နည်း ပျော်တာလဲ၊ ရှင်းရှင်း ပြေားရရင် “ လူပျော်လား၊ ငါးပျော်လား” ဆိုပြီး ဆရာတော်က စကားကို ခဏရပ်လိုက်တော့ ကပ္ပိယကြီးတွေ ငြိမ်လို့။

ခဏနေမှ ကပ္ပိယကြီးက “ ဆရာတော်ကသာ ကြားကောင်းအောင် “ငါးပျော် ပျော်တယ်”လို့ ဆိုပေမယ့် အမှန်ကတော့ ငါးဆိုတာ တိရစ္ဆာန်ပဲဘုရား။ လက်စသတ်တော့ တပည့်တော်တို့ တစ်တွေဟာ ကိုယ်တိုင်လည်း တိရစ္ဆာန်ပျော်နည်းနဲ့ ပျော်ချင်နေကြပြီး သူများတွေ တိရစ္ဆာန်ပျော် ပျော်နေကြတာကို အဟုတ်ကြီး မှတ်ပြီး အားကျမိ နေကြတာကိုးဘုရား” လို့ လျှောက်ထားပါတယ်။

အေး-ပြုခဲ့တဲ့ ကံဟောင်း အထောက်အပံ့ ကောင်းလို့ စည်းစိမ်ဥစ္စာတွေ အခြေအရံတွေ ဘယ်လောက်ပဲ ပေါများနေနေ အိုလာပြီ ဆိုမှတော့ ခံစားနိုင်စွမ်းလည်း မရှိကြတော့ပါဘူး။ ဒါတွေကို အဟုတ်မှတ်ပြီး သာယာ စွဲလမ်း နေကြမယ် ဆိုရင်လည်း အိုကံဆိုးတွေ အဖြစ်နဲ့ နောက်ဆုံးမှာ သေကံ ဆိုးတွေ ဖြစ်ကြရမှာပဲ။ ရှေးက မြန်မာကြီးတွေ နာနာ ကြည်းကြည်း ဆဲကြတဲ့ စကားတစ်ခုမှာ “သေခြင်းဆိုး” ဆိုတာ ရှိတယ်မဟုတ်လား။ အဲဒါ ဒီလိုလူမျိုးတွေကို ပြောတာပဲ။

အလောင်းတော်ကြီးတွေ အသက်အရွယ် ကြီးရင့် လာကြတဲ့အခါ ထီးနန်း စည်းစိမ်တွေကို စွန့်ပြီး တရားနဲ့ မွေ့လျော် ကြတယ်။ တောထွက် ကြတယ်ဆိုတာ ကြားဖူးကြတယ် မဟုတ်လား။ လောက စည်းစိမ် တွေထဲမှာ ဘုရင့် စည်းစိမ်ထက် ဘယ်ဟာ သာနိုင်ဦးမှာလဲ။ ဒါတွေကို သာယာနေရင် အိုကံတွေ၊ သေခြင်း ဆိုးတွေ အဖြစ်နဲ့ နိဂုံးချုပ် ကြရမှာစိုးလို့။ ဒါတွေကို စွန့်ပြီး အိုကံကောင်းသူ အစစ် ဖြစ်အောင် တရားနဲ့ မွေ့လျှော် သွားကြတာပေါ့”လို့ အကျယ်တဝင့် မိန့်ကြားတော် မူပါတယ်။

ခေါင်းရင်းပိုင်းမှာ ထိုင်နေတဲ့ ဆရာတော်ကြီး တစ်ပါးကလည်း “ ကဲ- ကပ္ပိယတို့ ဒီနေ့ စကားဝိုင်းကဖြင့် တို့ တစ်တွေ သတိ မထားမိတဲ့ အချက်တွေကို အရေးတကြီး သတိပေးလိုက်တာပဲ။ “ဥယျာဉ်ဆရာတော်” ပြောတာမှန်တယ် ။

“ပုဗ္ဗဏှသုတ်” မှာ မြတ်စွာဘုရား ဟောထားတဲ့ “သုနက္ခတ္တံ”စတဲ့ ဂါထာမှာ ဆိုထားတာရှိတယ်။ “သုစရိုက်”တရားများ အားထုတ်နေသူဟာ အမြဲတမ်း နက္ခတ် (ဇာတာ စန်းလဂ်) ကောင်းနေသူ၊ မင်္ဂလာအပါင်း အမြဲတမ်း ခညောင်းနေသူ ဖြစ်ရုံမျှမက အချိန်တိုင်း ခဏတိုင်း မကောင်းမရှိ အကောင်း အတိသာ ဖြစ်တယ်၊ သုစရိုက် ပွားပြီး တရားနဲ့ မွေ့လျော်သူ မှန်သမျှ အိုကံသာ မကဘူး၊ နာကံတွေ၊ သေကံတွေ၊ ဘဝကူး ကံတွေကစပြီး နိဗ္ဗာန် ရသည်အထိ ကံကောင်း ကြသူတွေဖြစ်မှာ မလွဲဘူး။ အဲ တို့တစ်တွေ သာသနာကြုံတုန်း လူဖြစ်တုန်းမှာ အိုးခြင်းဆိုး၊ နာခြင်းဆိုး၊ သေခြင်းဆိုးတွေ မဖြစ်ကြဘဲ တစ်သံသရာလုံး ကံကောင်းသူတွေ ဖြစ်အောင် ကြိုးစားကြဖို့သာ မမေ့ မလျော့ကြနဲ့” လို့ မိန့်ကြား လိုက်တဲ့အခါ တစ်ကျောင်းလုံး သာဓုသံတွေ လွှမ်းသွားပါတော့တယ်။

၂၀၁၀-ခု၊ ဒီဇင်ဘာလ ၃-ရက်၊ သောကြာနေ့။

မေတ္တာဥယျာဉ်

Read more...

Friday, December 3, 2010 ဒီဇင်ဘာ ၄ ရက်နေ့ တရားအစီအစဉ်များ (၂)

ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ဟောကြားတော်မူသော

၁။ အလှည့် တရားတော်

၂။ သြော်..ဓမ္မကထိက တရားတော်

၃။ လှပါတယ်မေရယ် တရားတော်

၎။ အားကိုးမလွဲစေနဲ့ တရားတော်

၅။ မျောက်ဟာ မျောက်ပါပဲ တရားတော်

၆။ ဝမ်းပိုက်စေတမန် တရားတော်

၇။ အိပ်မနေကြနဲ့ တရားတော်(၁)

၈။ အိပ်မနေကြနဲ့ တရားတော်(၂)

၉။ ကျေးဇူးနဲ့ တန်ဖိုး တရားတော်

၁၀။ စားကြွင်း စား တရားတော်

၁၁။ မျောက်ယုတ်မာလို မဖြစ်စေနဲ့ တရားတော်

၁၂။ သင်တန်း (ဟင်္သာတ) တရားတော်

၁၃။ ဖိနပ်ကလေး တစ်ရံ တရားတော်

၁၄။ အခုတော့ဟုတ်တယ် တရားတော်


ထိုတရားတော်များကို ဒီဇင်ဘာ ၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၃း၀၀ နာရီမှ ၂၄း၀၀ နာရီထိ လွှင့်ကြားပေးသွားမည်ဖြစ်ပါတယ်..

Read more...

A formal (Seon) refuge and precepts ceremony

by Marcus

Precepts Ceremony – Sunday, January 9th, 2011

On Sunday the 9th of January 2011, the Bangkok Seon (Zen) Centre is holding a formal precepts ceremony for those wishing to take (or renew) the five lay Buddhist precepts. This is a formal ceremony and participants must register in advance - but all are welcome to do so!

If you would like to take part in this ceremony, please do come along to the next meeting of the Bangkok Seon Club, which is next Saturday night, December the 11th, at 7pm. Details here: http://littlebang.org/2010/11/22/seon-saturday-december-11th/

If it is not possible for you to come along next Saturday but you’d like to register for the ceremony in January, you can make contact by leaving a message on this page and someone from the Seon Centre will contact you. It is very important to register as soon as possible.
Speaking personally, the day I took refuge and vowed to observe, to the best of my ability, the five lay Buddhist precepts, was an especially significant day in my spiritual life, – and this is a fabulous chance to take formal refuge, in a Zen lineage, right here in Bangkok.
The exact wording of the five precepts can be seen here:
And a short piece on what the precepts mean to me personally can be seen here:
Again, the Zen Centre needs to know in advance who will be taking refuge, not least in order to prepare certificates and Dharma names, so do please register as soon as you can if you’d like to participate in this event. And finally, this ceremony is free of charge - but it is suggested that participants might find this an ideal time at which to make an appropriate donation.
———
- More details about the Bangkok Hanmaum Seon Centre here: http://littlebang.org/2010/11/22/seon-saturday-december-11th/
- More details about the Hanmaum lineage of Korean Buddhism here: http://www.hanmaum.org/eng/
- A regularly updated blog by a monk and four lay Dharma brothers in the Hanmaum lineage here: http://wakeupandlaugh.wordpress.com/
———-
“Have faith in your inherent Buddha nature,
entrust it with everything that confronts you,
don’t worry about whether things seem to be going well or not.
Let go of every worry.”
- Seon Master Daehaeng Sunim

Read more...

သ၀ဏ်လွှာ (၂)

၂၀၁၀-ပြည့်နှစ် အောက်တိုဘာလ ၃၀-ရက်နေ့တွင် ကျင်းပသော
အင်ဒိုနီးရှားနိုင်ငံ ဆုမတြကျွန်းမြောက်ပိုင်း ဘရာစတာဂီမြို့၌ကျင်းပသည့်
ရွှေတိဂုံပုံတူစေတီတော် အနေကဇာတင်ပွဲအခမ်းအနားသို့
အင်ဒိုနီးရှားနိုင်ငံ သာသနာရေးဝန်ကြီး ဒေါက်တာ သူရိယဓမ္မအလီ၏ သ၀ဏ်လွှာ


မိတ်ဆွေနိုင်ငံများမှ သံအမတ်ကြီးများ
ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ သာသနာရေးဝန်ကြီး
အင်ဒိုနီးရှားနိုင်ငံနှင့် မိတ်ဆွေနိုင်ငံများမှ သံဃာတော်များ
တက်ရောက်သူအားလုံးနှင့်မိတ်ဆွေများခင်ဗျား

ဘုရားသခင် ကောင်းချီးပေးပါစေဟု ဆုတောင်းပါတယ်

ယခုကဲ့သို့ အရေးပါသော အခမ်းအနားကြီးတစ်ရပ်ကို ကျင်းပနိုင်အောင် ကောင်းချီးပေးသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးကျူးအပ်ပါတယ်။ အခုကဲ့သို့ ထူးခြားလှသည့် အခမ်းအနားကြီးမှာ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးနှင့် မိတ်ဆွေသံအမတ်ကြီးများ မိတ်ဆွေနိုင်ငံများမှ ဆရာတော် သံဃာ တော်များကို ကြိုဆိုနှုတ်ခွန်းဆက်ပါကြောင်း ပြောကြားလိုပါတယ်။ ယခုလို အခါသမယမျိုးမှာ အင်ဒိုနီးရှား နိုင်ငံရဲ့ အလှအပနှင့် သဘာဝများကို ခံစားနိုင်ကြပါစေလို့ မျှော်လင့်မိပါတယ်။

ရွှေတိဂုံပုံတူစေတီတော်ကြီးကို အောင်မြင်စွာတည်ဆောက်ခဲ့ကြတဲ့ ကုသိုလ်ကောင်းမှုများအတွက် ဗဟိုစည်းရုံးရေးကောင်မတီရဲ့ ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။ ဒီစေတီတော်ကြီးကို ကမ္ဘာလှည့်ခရီးသည်များရဲ့ နယ်မြေမှာတည်ထားတဲ့အတွက် ရေရှည်အကျိုးခံစားခွင့် ရရှိမှာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် နယ်မြေဒေသတွင် ထင်ရှားကျော်ကြားသော နေရာမှာ ဒီစေတီ တော်ကြီးတည်ထားခြင်းဟာ ၀မ်းမြောက်ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် များအတွက် ဒီစေတီတော်ကြီးဟာ အနာဂတ်ကာလမှာ ဘာသာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းရဲ့ အစိတ် အပိုင်းတစ်ခုအဖြစ် တည်ရှိလာတော့မှာဖြစ်ပါတယ်။

ဧည့်သည်တော်များခင်ဗျား
ဒီအခမ်းအနားကြီးမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ကိုးကွယ်မှုဘာသာရေးအခြေအနေကို ပြောကြားလိုပါ တယ်။ အင်ဒိုနီးရှားလူမှုအဖွဲ့အစည်းဟာ ကွဲပြားခြားနားတဲ့ လူမျိုးစုများ ဘာသာစကားများ ယဉ်ကျေးမှု များနှင့် ဘာသာကိုးကွယ်မှုများဖြင့် ဖွဲ့စည်းထားပါတယ်။ အထူးသဖြင့် ဘာသာရေးကိုးကွယ် ယုံကြည်မှုမှာ ငါးမျိုးရှိပါတယ်။ အစ္စလာမ်ဘာသာဝင်ဦးရေ ၈၇.၂ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင်ဦးရေ ၆-ရာခိုင်နှုန်း၊ ကက်သလစ်ဘာသာဝင်ဦးရေ ၃.၆ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင်ဦးရေ ၃.၆ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာဝင်ဦးရေ ၁-ရာခိုင်နှုန်းနှင့် ကွန်ဟုချုနှင့် အခြားဘာသာဝင်ဦးရေ ၀.၃ ရာခိုင်နှုန်းရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကိုးကွယ်မှုဘာသာများ၏ တည်ရှိနေမှုကို အကာအကွယ်ပေးပါတယ်။ ဘာသာရေးယုံကြည်မှု လွတ်လပ်ခွင့်ကို အာမခံချက်ပေးပါတယ်။ ဒီအချက်တွေကို ၁၉၄၅-ခုနှစ်၊ အင်ဒိုနီးရှား နိုင်ငံအခြေခံဥပဒေ အပိုဒ် ၂၉-မှာ သတ်မှတ်ပြဌာန်းထားခဲ့ပါတယ်။ ဘာသာကိုးကွယ်မှုသည် အဓိပ္ပါယ်ပြည့်ဝ ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍတွင်ပါဝင်ကြောင်း လူမှုအသိုင်းအ၀ိုင်းနဲ့ အမျိုးသားရေးဘ၀မှ သီးခြား ခွဲထုတ်၍မရနိုင်ကြောင်းကို အခြေခံအချက်အနေနဲ့ ယုံကြည်လက်ခံထားပါတယ်။ ဘာသာယုံကြည်မှုဟာ လူသားများရဲ့ အပြုအမူကို တွန်းအားပေးနိုင်တဲ့ အရင်းအမြစ် တည်ထွင်ဆန်းသစ်မှုကို တွန်းအားပေးနိုင်တဲ့ အရင်းအမြစ်၊ လူမှုဘ၀မှာ လူသားစွမ်းအင်ကို စုစည်းပေးနိုင်တဲ့ အရင်းအမြစ်အဖြစ် အရေးပါပြီး အဓိပ္ပါယ် ပြည့်ဝကြောင်း မှတ်ယူထားပါတယ်။

အခမ်းအနားများ လူမှုရေးဘ၀များ စီးပွါးရေးဘ၀များ၊ နိုင်ငံရေးလုပ်ဆောင်မှုများနှင့် ယဉ်ကျေးမှု ရေးရာ ကိစ္စမှန်သမျှမှာ နေ့စဉ်နေ့တိုင်း ဘာသာရေးကိုးကွယ်မှုဟာ ရောင်ပြန်ဟပ်လျက် ရှိပါတယ်။ ဒီရောင်ပြန်ဟပ်မှုများနှင့်အတူ ဘာသာရေးကိုးကွယ်မှုနှင့် လူ့အဖွဲ့အစည်းဟာ ပတ်ဝန်းကျင်လူမှုဘ၀များ နှင့်အတူ တပေါင်းတစည်းတည်း တည်ရှိလာမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ရောနှောလျက်ရှိသော လူမူအဆောက်အအုံအတွက် ကိုးကွယ်မှုဘာသာရေး ယုံကြည်ချက်သဟဇာတဖြစ်မှုဟာ နိုင်ငံစည်းလုံးရေးအတွက် ရေရှည်ရပ်တည်ရေးအတွက် အရေးကြီးသော ကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ သဟဇာတမျှတညီညွတ်မှုဟာ ဘာသာအယူဝါဒတိုင်း ဘာသာရေးလုပ်ငန်း တာဝန်များ လုပ်ဆောင်တဲ့နေရာမှာ အခြေခံအချက်များကို ညှိနှိုင်းရခြင်းမရှိဘဲနှင့် အတူတကွ ယှဉ်တွဲ နေထိုင်ခွင့်ရှိသော လူမှုပတ်ဝန်းကျင် အခြေအနေတစ်ရပ်အပေါ် တည်မှီလျက်ရှိပါတယ်။

ရောနှောလျက်ရှိတဲ့ လူမှုအဆောက်အအုံတစ်ခုကို ထိန်းကျောင်းရတဲ့အလုပ်ဟာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဘာသာရေး လူ့အဆောက်အအုံတစ်ခုဟာ မျှော်မှန်း ချက်ကို ရယူဖို့နဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်ကို ထိန်းကျောင်းရန် ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။ အခြား တဘက်က ကြည့်ပြန်ပါလျင်လည်း နိုင်ငံစည်းလုံးညီညွတ်မှုကို ထိန်းကျောင်းရန်အတွက် လိုအပ်မှာဖြစ်ပါ တယ်။ ဒီလိုလုပ်ဆောင်ရတဲ့အခါ အသိဉာဏ်နဲ့ရင့်ကျက်မှုတို့ဟာ လွန်စွာအရေးကြီးပါတယ်။ ဘာသာရေး လူ့အဖွဲ့အစည်းများအတွင်း အုပ်စုတစ်စုရဲ့ အကျိုးစီးပွါးနှင့် တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွါး ညီမျှမှုကို ထိန်းသိမ်းဖို့ ဒီအသိဉာဏ်နဲ့ ရင့်ကျက်မှုတို့ဟာ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းများကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာမှာ သာသနာရေးဝန်ကြီးဌာနက မျှော်မှန်းချက်တစ်ရပ်ကို ချမှတ်ထားပါ တယ်။ ဒီမျှော်မှန်းချက်ကတော့ ‘အင်ဒိုနီးရှားနိုင်ငံအတွင်း ဘာသာဝင်များအချင်းချင်း အပြန်အလှန် လေးစားမှု အသိဉာဏ်ရှိပြီး တိုးတက်ဖြစ်ထွန်းမှုတို့ကို နားလည်သိရှိထားရန်’ လို့ပဲ ဖြစ်ပါတယ်။

ဒီမျှော်မှန်းချက်ကို ရောက်ရှိဖို့အတွက် သာသနာရေးဝန်ကြီးဌာနဟာ သာသာရေးဆိုင်ရာ လူမှု အဆောက်အအုံအချင်းချင်း သဟဇာတဖြစ်ထွန်းရန် ထိန်းသိမ်းဖို့နဲ့ တိုးတက်အောင် ဆောင်ရွက်ဖို့ မူဝါဒ နှစ်ရပ် ချမှတ်ထားပြီးဖြစ်ပါတယ်။ ပထမအချက်ကတော့ ယေဘုယျအားဖြင့် လူမှုအဆောက်အအုံအတွင်း ဆောင်ရွက်ခွင့် ပေးအပ်ထားခြင်းနှင့် ဘာသာရေးအုပ်စုများ ဘာသာရေးခေါင်းဆောင်များ ဘာသာရေး သဟဇာတဖြစ်ထွန်းမှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မတူကွဲပြားတဲ့ ဘာသာဝင်များအချင်းချင်း ညှိနှိုင်းဆွေးနွေးနိုင်ရန် အားပေးခြင်းမျိုး ဖြစ်ပါတယ်။

သာသနာရေးဝန်ကြီးဌာနက အမျိုးမျိုးသော ဘာသာပေါင်းစုံညှိနှိုင်းဆွေးနွေးပွဲများ ကွဲပြားခြားနားသော ယဉ်ကျေးမှုဆိုင်ရာ အမြင်များ၊ တိုးတက်ဖြစ်ထွန်းစေရန် ဆောင်ရွက်မှုများ ဘာသာရေးဆိုင်ရာ နက်နဲသော အမြင်သဘောထား တူညီမှုများ တူညီသောအမြင်ဖြင့် ဘာသာရေးပညာပေးခြင်းများကို ကူညီအားပေးထောက်ပံ့လျက်ရှိပါတယ်။ အခြေခံ သဘောထားတူညီမှုနှင့် မတူညီမှုများစွာကို ယင်းသို့သောညှိနှိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်များဖြင့် သိသာရှင်း လင်းအောင်ဆောင်ရွက်ပြီး ဘာသာရေးသဟဇာတဖြစ်ထွန်းမှုအတွက် တည်ငြိမ်သော မူဝါဒတစ်ရပ် ချမှတ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ ဘာသာရေးသဟဇာတဖြစ်ထွန်းမှုကို ထိန်းညှိရာမှာ လမ်းညွန်မှုများကို ပေးပါတယ်။ ဒီလမ်းညွန်မှုများဟာ ကွဲပြားခြားနားတဲ့ အယူဝါဒကြောင့် မတူညီသော အကျိုးစီးပွါးရရှိနိုင်တဲ့ ပြည်သူပြည်သားတို့ရဲ့ ဘ၀ကို ညီညွတ်မျှတအောင် ထိန်းညှိပေးနိုင်တဲ့ အခြေခံဥပဒေဆိုင်ရာ စည်းမျဉ်း စည်းကမ်းများပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုင်ရာ စည်မျဉ်းစည်းကမ်းများ ဘာသာရေးနှင့် ဘာသာရေးရုပ်သံလွှင့်ဆိုင်ရာ ထိပါးစော်ကားမှုများအတွက် စည်းမျဉ်းစည်းကမ်းများ အင်ဒိုနီးရှားနိုင်ငံအတွင်း ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအား ပြည်ပနိုင်ငံများမှ အကူအညီပေးခြင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဘာသာရေးရုံးပိတ်ရက်များအတွင်း ကျင်းပသော ဘာသာရေးအခမ်းအနား ကျင်းပခြင်းဆိုင်ရာ ညွှန်ကြားချက်များ ဘာသာရေးသဟဇာတဖြစ်ထွန်းမှုကို ထိန်းညှိပေးရာ၌ ဒေသဆိုင်ရာ ဘာသာရေးခေါင်းဆောင်များအတွက် လမ်းညွှန်မှုများ ဘာသာရေးညီညွတ်မှုအတွက် ဆွေးနွေးပွဲများ ဆောင်ရွက် လုပ်ကိုင်ခွင့်အပေါ် လမ်းညွှန်ချက်များ၊ ၀တ်ပြုရှိခိုးခြင်းဆိုင်ရာ အဆောက်အဦများ ဆောက်လုပ် ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ဖြစ်ပါတယ်။

ဧည့်သည်တော်များခင်ဗျား
လူမှုအဆောက်အအုံအတွင်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများရဲ့ တည်ရှိမှုနှင့် အသက်ဝင် မှုဟာ သဟဇာတဖြစ်ထွန်းသော လူမှုဘ၀ကို ထိန်းသိမ်းရာတွင် လွန်စွာအရေးပါလှပါတယ်။ သို့ရာတွင် အရေးကြီးဆုံး အချက်ကတော့ ဘာသာရေးသဟဇာတဖြစ်ထွန်းအောင် ထိန်းသိမ်းကြတဲ့အခါမှာ ဘာသာဝင် အားလုံးက နှလုံးသားအတွင်းက ပေါ်ထွက်လာတဲ့စေတနာနဲ့ ရိုးသားမှုဟာ အရေးတကာ့ အရေးအကြီးဆုံး အချက်ဖြစ်ကြောင်း ပြောကြားပါရစေ။
ဘာသာရေးသဟဇာတဖြစ်ထွန်းမှု တိုးတက်အောင် ဆောင်ရွက်ကြတဲ့အခါမှာ အတူယှဉ်တွဲ ပေါ်ပေါက်လာတတ်တဲ့ ပြဿနာများစွာကို ဘာသာဝင်အသီးသီးရဲ့ ခေါင်းဆောင်များက ဖြူစင်မြင့်မြတ် သော နှလုံးသားဖြင့် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာနိုင်ကြောင်း ပြောကြားလိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ကဲ့သို့သော ဘာသာဝင်အမျိုးမျိုးဖြင့် တည်ဆောက်ထားသည့် နိုင်ငံမျိုးတွင် ညီညွတ်သော လူမှုဘ၀များကို တည်ဆောက်ရာမှာ ဒီအချက်ဟာ လုပ်ငန်းအောင်မြင်ရန် အရေးပါသော အချက်တစ်ချက်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဒီလိုလက်တွေ့ကျတဲ့ အတွေ့အကြုံကို လူ့အဖွဲ့အစည်း တိုးတက်ရေးနှင့် လူ့ဘ၀ တန်ဖိုး ထိန်းကျောင်းနိုင်ရေးအတွက် လေ့လာသင်ယူနိုင်ကြပါစေလို့ မျှော်လင့်တောင့်တဆုတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်။
သာသနာရေးဝန်ကြီး
H. Suryadharma Ali

ဆက်လက်ဖော်ပြပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၂-၂၀၁၀

0 comments

Read more...

နှစ်ရက်တရားစခန်းပွဲနှင့် တနင်္ဂနွေ ဆည်းဆာတရားပွဲ

နှစ်ရက်တရားစခန်းပွဲနှင့် တနင်္ဂနွေဆည်းဆာတရားပွဲ

(ဇယမင်္ဂလာမိုးကုတ်ရိပ်သာ)

သာယာလှပတဲ့ မလက္ကားရေလက်ကြားပေါ်မှ SINGAPORA -ခြင်္သေ့မင်း စံပျော်ရာ၊ ကျွန်းမြတ်မဟာရဲ့ အနောက်ဖက်ကမ်းခြေအနီး၊ West Coast လမ်းမပေါ်ရှိ ဇယမင်္ဂလာ မာရ်အောင်မြင်ဘုရားကြီး၏ ရှေ့တော်မှောက်ဝယ၊် ဒီအပတ် စနေနှင့်တနင်္ဂနွေနေ့များ၌ ရှေ့ကနဲ့ မတူတစ်မူထူးပြီှးဆရာတော် ဦးဓမ္မိက၊၊ရင်တွင်းငြိမ်းဆရာတော်ဦးဥတ္တရသာရ နှင့် အရှင်ဇ၀နတို့၏တရားတော်များကို နာယူမှာသား ကျင့် ကြံပွားများကြရပြန်တော့မယ်။


နှစ်ရက်တရားစခန်းပွဲအစီအစဉ်

နေ့ရက် ၄-၁၂-၂၀၁၀ စနေနေ့ နှင့် ၅-၁၂-၂၀၁၀ တနင်္ဂနွေနေ့။

အချိန် နေ့လည် (၂)နာရီမှ ညနေ (၇)နာရီအထိ။

နေရာ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ (မိုးကုတ်ဝိပသနာဓမ္မရိပ်သာ)၊ 23A, Jalan Mas Puteh, Singapore 128628, West Coast Road.

ညတရားပွဲ အထူးအစီအစဉ်

အချိန် တနင်္ဂနွေနေ့ ညနေ (၇)နာရီ ၃၀ မှ (၉)နာရီထိ

ဓမ္မကထိကဆရာတော် ၊၊ရင်တွင်းငြိမ်းဆရာတော်ဦဥတ္တရသာရ

Read more...

သင့်အတွက် အချိန်ကောင်းလေးပါ...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။

သာဓု... သာဓု... သာဓု...။

Read more...

ကွန်ပျူတာသုံးစွဲသူတွေအတွက် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာ

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးထိခိုက်မှု မရှိအောင် ဆောင်ရွက်မှုဟာ အရေးကြီးပါတယ်။ ကာယလုပ်သားတွေ၊ စက်ရုံဝန်ထမ်းတွေမှ မဟုတ်ပါဘူး။ လုပ်ငန်းခွင်အန္တရာယ် သိပ်မရှိလှဘူးလို့ ထင်ရတဲ့ ဉာဏလုပ်သားတွေထဲမှာလည်း မထင်မှတ်ဘဲ ကျန်းမာရေးထိခိုက်ဆိုးဝါးတာမျိုး ဖြစ်စေတတ်ပါတယ်။

တခြားလုပ်ငန်းခွင်တွေထက်စာရင် ကွန်ပျူတာသုံးစွဲ လုပ်ကိုင်နေရသူတွေဟာ သက်သောင့်သက်သာထိုင်ပြီး လုပ်နေတာပဲ။ လုက်ငန်းခွင်ထိခိုက်မှုကို သိပ်ပြီးဂရုစိုက်စရာမလိုဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ အချိန်ကြာကြာ စွဲစွဲမြဲမြဲ လုပ်ကိုင်ရလေ့ရှိတဲ့ စာစီစာရိုက်တဲ့ လုပ်ငန်းမျိုးတွေမှာ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လေ့ရှိလို့ ကျန်းမာရေးထိခိုက်မှု ကင်းဝေးစေဖို့အတွက် ကီးဘုတ်ရဲ့ ဒီဇိုင်း ပြောင်းလဲတာမျိုး၊ စားပွဲကုလားထိုင်တွေကို အနိမ့်အမြင့် ချိန်လို့ရအောင် ဒီဇိုင်းလုပ်တာမျိုး အလေးထားဆောင်ရွက်လာပါတယ်။ အဲဒီလိုကျန်းမာရေးထိခိုက်တာကနေ ကင်းဝေးအောင်နဲ့ အလုပ်လုပ်ကိုင်ရတာ သက်သောင့်သက်သာရှိအောင် ဆောင်ရွက်တဲ့ လုပ်ငန်းကို Ergonomic လို့ ခေါ်ပါတယ်။

ကီးဘုတ်အသုံးပြုတာ အနေအထားမမှန်ခဲ့ရင် လက်ကောက်ဝတ်မှာရှိတဲ့ နာဗ်ကြောတွေ ထိခိုက်မှုဖြစ်စေပြီး ကိုက်ခဲနာကျင်ပါလိမ့်မယ်။
ပြီးခဲ့တဲ့ ၁၀-စုနှစ်အတွင်း လုပ်ငန်းခွင်မှာ ကွန်ပျူတာ သုံးစွဲမှုတွေ များလာတာနဲ့အမျှ ကွန်ပျူတာကို အချိန်ပြည့်လုပ်ကိုင်နေရတဲ့ ၀န်ထမ်းဦးရေဟာလည်း များလာပါတယ်။ ကုမ္ပဏီအများစုကတော့ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကိုပဲ အလေးထားဆောင်ရွက်နေပါတယ်။

အလုပ်တမျိုးတည်းကို ကြိမ်ဖန်များစွာ ဆောင်ရွက်ရတဲ့ စက်ရုံအလုပ်သမားတွေမှာ Repetitives Stress Injuries (RSI) ဖြစ်လေ့ရှိပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ RSI ဖြစ်တဲ့သူတွေ ကုသစရိတ်ဟာ တနှစ်ကို ဒေါ်လာ ခုနှစ်ဘီလီယံလောက် သုံးစွဲရလေ့ရှိတာကို တွေ့ရပါတယ်။ သေသေချာချာ တွက်ချက်ကြည့်တော့မှ ဆေးကုသမှုခံယူလို့ ကုန်ကျတဲ့စရိတ်ဟာ မနည်းတာကို တွေ့ရမှာပါ။

ကွန်ပျူတာလုပ်ငန်းခွင်===
သင့်ရဲ့ ကွန်ပျူတာလုပ်ငန်းခွင်မှာ ကွန်ပျူတာနဲ့ ကွန်ပျူတာစားပွဲ၊ ကုလားထိုင် စတာတွေအားလုံးကို အဆင်ပြေအောင် ထားပေးရပါမယ်။ ဒါမှ အလုပ်လုပ်ကိုင်ရတာ သက်သောင့်သက်သာရှိမှာဖြစ်ပြီး ကျန်းမာရေး ထိခိုက်မှုကနေ ကာကွယ်ပြီးသားလည်း ဖြစ်ပါလိမ့်မယ်။

ကွန်ပျူတာသုံးစွဲသူ တော်တော်များများဟာ ကွတ်ပျူတာအတွက် ငွေကုန်ကြေးကျခံပြီး ၀ယ်ယူပေမယ့် ကွန်ပျူတာ ထားသိုမှုကတော့ ဂရုတစိုက်လုပ်ဆောင်လေ့ မရှိကြတာ များပါတယ်။ ကွန်ပျူတာသုံးစွဲသူတွေ ကျန်းမာရေးဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာကို အလေးထားစစ်တမ်းတွေ ကောက်ယူပြီးမှ အကြံပေးထားတာဖြစ်လို့ လိုက်နာဆောင်ရွက်တာ မမှားပါဘူး။

ကွန်ပျူတာသုံး စားပွဲတွေ၊ ဆုံလည် ကုလားထိုင်တွေ ၀ယ်မှမဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ စားပွဲကိုပါ ခြေထောက်တိုပစ်တာမျိုး၊ အုတ်ခဲခု သုံးတာမျိုး လုပ်လို့ရပါတယ်။ ကိုယ့်ဘာသာ ကိုယ်လုပ်ရတာ အဆင်မပြေလို့ လက်သမားခေါ်ပြုပြင် သုံးစွဲခဲ့ရင်လည်း ကွန်ပျူတာစားပွဲသစ် ၀ယ်ယူတာလောက်တော့ ကုန်ကျစရိတ်ရှိမှာ မဟုတ်ပါဘူး။

အခု ဆောင်းပါးထဲမှာတော့ ပစ္စည်းတွေထားသိုဖို့ ကွန်ပျူတာသုံးစွဲနေတဲ့အချိန်မှာ ထိုင်သင့်တဲ့ ကိုယ်ဟန်အနေအထား၊ အလေ့အကျင့်တွေပေါ်မူတည်ပြီး နေရာထားသိုမှု စတဲ့အချက်တွေကို အကြံပြုရေးသားပါမယ်။

ကီးဘုတ်၊ မောက်စ်နဲ့ တခြား Pointing Device များ နေရာချထားခြင်း===
ကီးဘုတ်နဲ့ မောက်စ်တွေကို သုံးစွဲတဲ့အခါမှာ လက်မောင်းနဲ့ လက်ချောင်းလေးတွေ သက်သောင့်သက်သာ ရှိမယ့် သဘာဝအနေအထားဖြစ်အောင် ထားပေးရပါမယ်။ သင့်ရဲ့ လက်ဖျံနဲ့တံတောင်ဟာ ကြမ်းပြင်နဲ့ တပြေးတည်း ရှိရပါမယ်။ ကီးဘုတ်နေရာထားတာ အဆင်မပြေရင် ကျန်းမာရေးထိခိုက်ပြီး လက်ကောက်ဝတ် ကိုက်ခဲတာမျိုး ဖြစ်ပါလိမ့်မယ်။

* အလုပ်လုပ်ဖို့ နေရာရွေးပါ။
ကွန်ပျူတာ အစိတ်အပိုင်းတွေနဲ့ တခြားထည့်သွင်းတပ်ဆင်ပစ္စည်းတွေ ထားရှိဖို့ လုံလောက်တဲ့နေရာ ဖြစ်ရပါမယ်။
* ကီးဘုတ်ကို သင့်ရဲ့ရှေ့တည့်တည့်မှာ တိုက်ရိုက်ထားပါ။ ရှေ့တည့်တည့်မှာထားတဲ့အတွက် သင့်ပခုံးနဲ့ လက်မောင်းဟာ စာရိုက်ရာမှာ လွတ်လွတ်လပ်လပ် ရှိနေပါလိမ့်မယ်။
* သင့်ရဲ့ ကုလားထိုင်နဲ့ စားပွဲဟာ နိမ့်လို့ မြင့်လို့ ရတဲ့စားပွဲ၊ ကုလားထိုင်မျိုး မဖြစ်ခဲ့ရင် အနိမ့်အမြင့်ချိန်ပေးပါ။ သင့်ရဲ့ လက်ဖျံနဲ့ လက်မောင်းဟာ ၉၀-ဒီဂရီ ရှိနေပါစေ။
* သင့်လက်ကောက်ဝတ်ကို သိပ်ပြီးကွေးကောက်မနေအောင် ဂရုစိုက်ပါ။
* သင့်ပခုံးကိုလည်း ကိုယ်လိုအပ်ခဲ့ရင် ကီးဘုတ်မှာ လက်တင်ဖို့ ပြုလုပ်ထားတဲ့ ပစ္စည်းကိုဝယ်ယူသုံးစွဲပါ။

Mouse ကိုင်တွယ်ထားရှိရန် လမ်းညွှန်ခြင်း===
*လိုအပ်ခဲ့ရင် Keyboard မှာ လက်တင်ဖို့ ပြုလုပ်ထားတဲ့ဟာကို ၀ယ်ယူသုံးစွဲပါ။
* Mouse ကို ကိုင်တွယ်ရာမှာ ရွှေ့ဖို့နေရာ လုံလောက်အောင် ထားပါ။
* Mouse ကို ရွှေ့ရာမှာ လက်ဖနောင့်ကို စားပွဲပေါ်တင်ထားပြီး လက်ညှိုးကိုး Mouse ရဲ့ ဘယ်ဘက် Button ပေါ်မှာ လက်ခလယ်ကို Mouse ရဲ့ ညာဘက်က Button ပေါ်မှာ အုပ်ပြီး ခပ်ဖွဖွကိုင်တွယ်ပါ။

Monitor ကို နေရာချထားခြင်း===
* Monitor ကို ရှေ့တည့်တည့်ကြည့်ရတာ အဆင်ပြေမယ့် အကွာအဝေးမှာ ထားပြီး သင့်တော်တဲ့ အမြင့်မှာ ထားမယ်ဆိုရင် မျက်စိကိုက်တာ၊ ဇက်ကြောတက်တာ၊ ပခုံးကိုက်တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါမယ်။
* Monitor Desktop ကွန်ပျူတာပေါ်မှာ တင်ထားလို့ သိပ်ပြီး မြင့်နေရင် Desktop ကွန်ပျူတာကို တခြားသင့်တော်တဲ့ နေရာမှာထားပါ။
* Monitor ထားတဲ့နေရာဟာ အလင်းပြန်မယ့်နေရာ၊ အလင်းရောင် စူးရှတဲ့နေရာမျိုး မဖြစ်ပါစေနဲ့။
* သင့်ရဲ့ Monitor အမြင့်ဟာ မျက်စိနဲ့တတန်းတည်း၊ ဒါမှမဟုတ် သူ့ထက်နိမ့်အောင်ထားပါ။ ဒါမှ သင်ကြည့်ရတာ အဆင်ပြေပါလိမ့်မည်။
* သင့်ရဲ့ Monitor ဟာ ရှေ့နောက်၊ ဘယ်ညာ လှည့်လို့ရတဲ့ အမျိုးအစားဖြစ်ခဲ့ရင် နောက်ဘက်ကို နည်းနည်းလှန်ထားပါ။ ဒါမှ စူးစိုက်ကြည့်ရတာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။
* အလင်းအမှောင်၊ ပြတ်သားမှု၊ အရောင်တောက်ပမှု စတဲ့ ခလုတ်လေးတွေကို အသုံးပြုပြီး စာတွေ၊ ပုံတွေ၊ အရောင်တွေ ကြည်လင်ပြတ်သားအောင် ချိန်ထားပြီးမှ သုံးစွဲပါ။
* စာရွက်ညှပ်ဖို့ Holder တွေ၊ ကလစ်တွေ အသုံးပြုခဲ့ရင် Monitor နဲ့ တတန်းတည်း ထားပါ။
* Glass Filter သုံးစွဲဖို့လိုအပ်ခဲ့ရင် သင့်တော်တဲ့ အမျိုးအစား ၀ယ်ယူပါ။

အသုံးအဆောင် ပရိဘောဂများ ထားရှိခြင်း===
ပရိဘောကတွေကို သက်သောင့်သက်သာ အရှိဆုံးဖြစ်အောင် ထားပါ။
သင့်ရဲ့စားပွဲနဲ့ ကုလားထိုင်ကို နှိမ့်လို့ မြင့်လို့ရခဲ့ရင် သင့်ရဲ့ခန္ဓာကိုယ် အချိုးအစားနဲ့ ကိုက်ညီအောင် အနိမ့်အမြင့်ချိန်ပါ။ သေသေချာချာ ချိန်ညှိထားခဲ့ရင် အလုပ်လုပ်ရာမှာ ပိုပြီးသက်သောင့်သက်သာ ရှိစေတဲ့အပြင် ထိုင်ရတဲ့အနေအထားလည်း ပိုမှန်စေပါတယ်။

သင့်ရဲ့ထိုင်ခုံဟာ သင့်တော်တဲ့အမြင့်မှာရှိနေပါစေ။ လက်ဖျံ၊ ဒူး၊ ပေါင်တို့ဟာ ကြမ်းပြင်နဲ့ တတန်းတည်း ရှိနေပါစေ။
သင့်ထိုင်ခုံက မြင့်နေခဲ့ရင် ခြေတင်တဲ့ခုံတွေ သုံးနိုင်ပါတယ်။
မကြာခဏအသုံးပြုရတဲ့ ပစ္စည်းတွေကို လက်လှမ်းမီတဲ့နေရာမှာ ထားပါ။

အလင်းရောင် ချိန်ညှိခြင်း===
* သင် အလုပ်လုပ်ကိုင်ရာမှာ အခန်းရဲ့ အလင်းအမှောင် ချိန်ညှိပေးတာဟာ အဓိကကျပါတယ်။
* ဖြစ်နိုင်ရင် သင့်ရဲ့ ပစ္စည်းတွေကို ဒါမှမဟုတ် အလင်းရောင်ပေးတဲ့ မီးချောင်းတို့၊ ပြူတင်းပေါက်တို့ကို အလင်းမပြန်တဲ့ နေရာမျိုးဖြစ်အောင် ထားရှိပါ။
* ကွန်ပျူတာထားတဲ့ နေရာနားမှာ ပြူတင်းပေါက်ရှိခဲ့ရင် လိုက်ကာတို့၊ ပလပ်စတစ် ခန်းဆီးတို့ တပ်ထားပါ။
* Monitor ကို ပြူတင်းပေါက်နဲ့ မျက်နှာချင်းဆိုင် မထားဘဲ ဘေးတိုက်ထားပါ။ ဒါမှ ပြူတင်းပေါက်က နေထိုးတဲ့အလင်းရောင်ဟာ ဖန်သားပြင်ကို တိုက်ရိုက်မကျဘဲ အလင်းပြန်တာ နည်းပါလိမ့်မယ်။
* Monitor ထားတဲ့နေရာဟာ မီးချောင်းနှစ်ချောင်းကြားမှာ ထားပါ။ ဒါမှ မျက်စိစူးတာ သက်သာပါလိမ့်မယ်။ သင့်မျက်စိကို ဂရုစိုက်ပါ။
* ကွန်ပျူတာကို အချိန်ကြာကြာ သုံးစွဲလေ့ရှိရင်တော့ မျက်စိကိုက်တာတို့၊ ယားယံတာတို့ အနည်းနဲ့အများ ဖြစ်ပါလိမ့်မယ်။
* မကြာခဏ မျက်စိကို အနားပေးပါ။ ကွန်ပျူတာကို အချိန်အကြာကြီး ဆက်တိုက်မသုံးစွဲဘဲ မကြာခဏ နားပါ။
* မျက်မှန်၊ မျက်ကပ်မှန်ကို သုံးနေရတဲ့သူ ဖြစ်ရင် မျက်မှန် မျက်ကပ်မှန်တွေကို သန့်ရှင်းအောင် အမြဲဂရုစိုက်ပါ။
* ကွန်ပျူတာ ဖန်သားပြင်ကို သန့်ရှင်းအောင် ထားပါ။
* Glass Filter ကို သုံးစွဲခဲ့ရင် သူ့ရဲ့ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပါ။
* မျက်စိကျွမ်းကျင်သူများနဲ့ အမြဲပြသစစ်ဆေးပါ။

နေ့စဉ် အလုပ်လုပ်ကိုင်လေ့ရှိတဲ့ အမူအကျင့်များ===
ကွန်ပျူတာပစ္စည်းတွေ၊ ပရိဘောဂပစ္စည်းတွေ အလင်းရောင်ချိန်ညှိပေးတာတွေဟာ သင့်ရဲ့ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့အပြင် သင် နိစ္စဓူဝလုပ်ဆောင်လေ့ရှိတဲ့ အမူအကျင့်တွေဟာလည်း သင့်ရဲ့ ကျန်းမာရေး အဆိုးအကောင်းကို အကျိုးသက်ရောက်မှုအများကြီး ရှိစေပါတယ်။ သင် နေ့စဉ် လုပ်ကိုင်နေတဲ့ အမူအကျင့်တွေကို ပြုပြင်မှသာ အလုပ်လုပ်ကိုင်ရာမှာ အဆင်ပြေစေမှာပါ။

အလုပ်လုပ်ရာမှာ သက်သောင့်သက်သာ ဖြစ်အောင်၊ ပုံမှန်အနေအထားဖြစ်အောင် ဂရုစိုက်ပါ။
တနေကုန် ပုံစံတမျိုးတည်း ထိုင်မယ့်အစား သက်သောင့်သက်သာရှိမယ့် အနေအထားရှိအောင် ပုံစံအမျိုးမျိုး ပြောင်းထိုင်ပါ။

စာစီစာရိုက်တာမျိုးကို အားသွန်ခွန်စိုက် အချိန်အကြာကြီး ဆက်တိုက်မရိုက်ပါနဲ့။
ဆက်တိုက်အလုပ်လုပ်နေခဲ့ရင် မကြာခဏ ထပြီး လမ်းလျှောက်တာမျိုး၊ အာရုံပြောင်းပစ်တာမျိုး လုပ်ပါ။
အချိန်ကြာကြာ အကြိမ်နည်းနည်း အနားပေးမယ့်အစား အချိန်တိုတို မကြာခဏ အနားပေးပါ။

ကွန်ပျူတာသုံးစွဲသူတွေအတွက် ကျန်းမာရေးထိခိုက်မှု မရှိရအောင် ဆောင်ရွက်ရမယ့် အချက်တွေကို ရေးသားတင်ပြပြီးပါပြီ။ ဂရုတစိုက် လိုက်နာဆောင်ရွက်ရင် အန္တရာယ်ကင်းကင်းနဲ့ လုပ်ငန်းဆောင်ရွက်နိုင်ပါ လိမ့်မယ်။

ဖိုးနိုင်ဝင်း (Masterpiece)
(Lifestyle 2001-ဖေဖော်ဝါရီလ)

Read more...

ပါဠိစာပေ






အရှင်ရေးခဲ့သမျှ ဆောင်းပါးနှင့် စာတမ်းများထဲတွင် ‘ပါဠိစာပေ’ဆိုတဲ့ စကားလုံးကို စာဖတ်သူများ အကြိမ်များစွာ တွေ့ခဲ့ကြပါသည်၊၊ ပါဠိစာပေအကြောင်း မိတ်ဆက်စာတမ်းကို ယ္ခုတင်ပြလိုက်ပါတယ်၊ “အလင်း စက်” စာဖတ်သူများ ပါဠိစာပေဆိုင်ရာ ဗဟုသုတများစွာ ရလိမ့်မယ်လို့ ယူဆပါတယ်၊၊ ပါဠိစာပေ မည်မျှကျယ်ပြန့်သည်ဆိုသည်ကိုလည်း စာရှုသူများ တွေ့ရမှာဖြစ်ပါတယ်၊၊
ပါဠိစာပေတခုတည်းကိုပင် နိုင်ငံပေါင်းများစွာမှာ တက္ကသိုလ်ကြီးများ ဖွင့်လှစ်၍ သင်ယူနေကြရပါ တယ်၊၊ ပါဠိစာပေမှာ ဖော်ပြထားတဲ့ အတတ်ပညာများအကြောင်း၊ စိတ်ပညာဆိုင်ရာ၊ အတွေး ခေါ်ပညာဆိုင်ရာများ၊ စီးပွားရေးအကြောင်း၊ လူမှုရေးအကြောင်း၊ နိုင်ငံရေးအယူအဆများအကြောင်း၊ ဘာသာကိုးကွယ်မှု အကြောင်း၊ ဆေးဖက်ဆိုင်ရာ တင်ပြထားပုံများသည် ယနေ့ခေတ်ပေါ် ပညာရပ် များထက် အဆင့် မနိမ့်ကြောင်းကိုလည်း များစွာသော ခေတ်ပညာရှင်၊ အတွေးအခေါ်ပညာရှင်တို့ အသိမှတ်ပြုကြပြီး ဖြစ်သည်၊၊
မြတ်စွာဘုရားရှင်တို့လက်ထက်က အန္ဒိယနိုင်ငံမှာ တိုင်းကြီး(၁၆)တိုင်း ရှိတယ်လို့ အန္ဒိယနိုင်ငံသမိုင်း များမှာ ဖော်ပြပါတယ်၊၊ ထိုတိုင်းကြီး(၁၆)တိုင်းထဲမှာ ဥဇ္ဇေနီပြည်နှင့် မာဂဓတိုင်းတို့မှာ ပါဠိဘာသာစ ကားကို နိုင်ငံတော်ရုံးသုံး ဘာသာစကားအဖြစ် အသုံးပြုကြပါတယ်တဲ့၊၊ မြတ်စွာဘုရားရှင်ရဲ့ အတ္ထုပ္ပတ္တိကို လေ့လာကြည့်တဲ့အခါမှာလည်း ဘုရားရှင်သည် မာဂဓတိုင်းမှာ အနေများတာကို တွေ့ရပါတယ်၊၊ မြတ်စွာဘုရားရှင်အနေဖြင့် သူအနေများသည့် မာဂဓတိုင်းဘာသာစကားဖြင့် များစွာ သော တရားတော်များကို ဟောကြားခဲ့လိမ့်မည်ဟု ပါဠိသုတေသီတို့ ခန့်မှန်းကြပါသည်၊၊
မြတ်စွာဘုရားရှင် အသက်ရှင်နေထိုင်ပြီး(၄၅)နှစ်ကြာ ဟောပြောသင်ပြခဲ့သမျှကို “ပါဠိစာပေ”ဟုခေါ် ဆိုတာ ဖြစ်ပါတယ်၊ ဗုဒ္ဓရှင်တော်၏ ဟောပြော သင်ပြချက်များဖြစ်သောကြောင့် “ဗုဒ္ဓစာပေ”ဟုလည်း ခေါ်ပါသည်၊၊ ပါဠိစာပေသည် ကျယ်ပြန့်လွန်းအားကြီးလို့ အပိုင်းကြီး သုံးပိုင်းခွဲထားရပါတယ်၊၊ အပိုင်းကြီးသုံးပိုင်းဆိုတာ---
(၁) ၀ိနယ ပါဠိစာပေကဏ္ဍ၊
(၂) သုတ္တန္တ ပါဠိစာပေကဏ္ဍ၊
(၃) အဘိဓမ္မာ ပါဠိစာပေကဏ္ဍ၊ တို့ဖြစ်ပါတယ်၊၊

ဝိနယ ပါဠိစာပေဆိုတာကိုပဲ “၀ိနယ ပိဋက”လို့ခေါ်တွင်ပါတယ်၊ သုတ္တန္တ ပါဠိစာပေကို “သုတ္တန္တ ပိဋက” လို့ ခေါ်ပါတယ်၊ အဘိဓမ္မာ ပါဠိစာပေကိုတော့ “အဘိဓမ္မာပိဋက”လို့ခေါ်ပါတယ်၊၊ ပေါင်းလိုက်ရင် “တိပိဋက ပါဠိစာပေ”ဆိုတာ ဖြစ်လာပါတယ်၊၊ ဗုဒ္ဓစာပေလို့လည်း ခေါ်ပါတယ်၊၊ မြန်မာလိုအားဖြင့် ပိဋကတ်သုံးပုံလို့ ခေါ်ကြပါတယ်၊၊
(က) ၀ိနယ ပိဋကမှာ အုပ်ရေ (၅)အုပ်၊ စာမျက်နှာပေါင်း (၂၂၆၀)ရှိပါတယ်၊၊
(ခ) သုတ္တန္တ ပိဋကမှာ အုပ်ရေ (၂၃)အုပ်၊ စာမျက်နှာပေါင်း (၁၀၈၉၈)ရှိပါတယ်၊၊
(ဂ) အဘိဓမ္မာ ပိဋကမှာ အုပ်ရေ (၁၂)အုပ်၊ စာမျက်နှာပေါင်း (၃၅၉၇)ရှိပါတယ်၊၊
စုစုပေါင်း ပိဋကသုံးပုံမှာ စာမျက်နှာပေါင်း (၁၆၇၅၅)ရှိပြီး၊ နှစ်လက်မခန့်ထူသည့် ဆိုက်ကြီးစာအုပ် ပေါင်း(၄၀)နှင့် ကျမ်းအရေအတွက်(၅၃)မျှ ရှိပါတယ်၊၊ ပိဋကသုံးပုံတွင် သုတ်(stories)ပေါင်း (၄၀၀၀၀) ရှိသည်ဟုလည်း မှတ်သားရပါသည်၊၊
“၀ိနယပိဋက”မှာ မြတ်စွာဘုရားရှင်က သာသနာတော်အတွင်းမှာရှိတဲ့ကြတဲ့ ရဟန်းတော်များနှင့် ရဟန်းအမျိုးသ္မီးများအတွက် လိုက်နာရန်စည်းကမ်းများကို သင်ပြထားပါတယ်၊၊ “သုတ္တန္တ ပိဋက”မှာ စီးပွားရေး လူမှုရေး နိုင်ငံရေး၊ ဘာသာတရား ကျင့်ဝတ်များ၊ ပညာရပ်အမျိုးမျိုး၏ အကြောင်းများ၊ ဗုဒ္ဓခေတ် အန္ဒိယနိုင်ငံ အတွေးအခေါ်များ၊ သိပ္ပံပညာအကြောင်းများ၊ ဆေးပညာအတတ်များစသည့် အကြောင်းအရာ အမျိုးမျိုးကို ဟောပြောသင်ပြထားပါတယ်၊၊ “အဘိဓမ္မာပိဋက”မှာတော့ သတ္တ၀ါတစ် ဦး၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းထားပုံ၊ စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းထားပုံများအပြင် လေးနက်သည့် အတွေး အခေါ်များ၊ စိတ်ပညာရပ်များကို သင်ပြထားပါတယ်၊၊
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုသွားတာ နှစ်ပေါင်း(၂၅၀၀)ကျော်လာပါပြီ၊ ခေတ်စနစ်ပေါင်းများစွာ ခြားခဲ့ ပါပြီ၊၊ ဒီလို ခေတ်တွေ လူနေမှုစနစ်တွေ မတူတော့တဲ့အခါ ယဉ်ကျေးမှုပုံစံ၊ ရိုးရာပုံစံ၊ အပြောအဆို၊ အနေအထိုင်ပုံစံတွေ၊ အတွေးခေါ် အယူအဆတွေ၊ ယုံကြည်မှုပုံစံများပါ မတူဖြစ်လာပါတယ်၊၊ မြတ်စွာဘုရား လက်ထက်က သူ့ခေတ် သူ့အခါအလျောက် ဟောကြားချက်တွေ၊ သင်ပြချက်တွေကို ခေတ်သစ် စနစ်သစ်လူသားတို့ နားလည်ရခက်လာပါတယ်၊ တချို့ဟောကြားချက်များကို လုံးဝနား မလည်နိုင်သည်အထိ ဖြစ်လာပါတယ်၊၊
ဒီလိုအခြေအနေမျိုးမှာ နားလည်ရခက်တဲ့ ဗုဒ္ဓရှင်တော်ရဲ့ သင်ပြချက် ဟောပြောချက်များကို ခေတ်အခါ အလျောက် နားလည်ရလွယ်အောင် အဓိပ္ပါယ်ဖွင့်ဆို ရေးပြထားတဲ့ ပါဠိစာပေကျမ်းများ ပေါ်ထွက်လာ ပါတယ်၊၊ ထိုကျမ်းများကို အဋ္ဌကထာလို့ခေါ်ပါတယ်၊၊ ပိဋကသုံးပုံလုံးအတွက် အဋ္ဌကထာကျမ်းပေါင်း (၅၁)အုပ် ရှိတယ်လို့ ပါဠိစာပေသမိုင်းမှာ လေ့လာရပါတယ်၊၊ အင်္ဂလိပ်လိုတော့ Retold လို့ခေါ်မည် ထင်ပါတယ်၊၊ မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်က မြတ်စွာဘုရားရှင်နှင့် မြတ်စွာဘုရား၏ တပည့် ကြီးများ ဟောပြောသင်ပြသည့် ပါဠိစာပေကို “ပါဠိတော်”လို့ နာမည်သုံးနှုံးပြီး၊ မြတ်စွာဘုရား လွန်တော်မူပြီး ခေတ်ပေါင်းများစွာကြာမှ ပေါ်ထွက်လာသည့် ပါဠိစာပေများကိုတော့ အဋ္ဌကထာလို့ အမည်သုံးနှုံး ပါတယ်၊၊
အဋ္ဌကထာဆိုတဲ့ကျမ်းများက အဓိပ္ပါယ်ဖွင့်ဆို ရှင်းပြထားသည့်တိုင် နားလည်ရခက်နေသေးသည့် ပါဠိတော်ပုဒ်များ၊ ရှင်းမပြဘဲကျန်နေသေးသည့် ပါဠိတော်ပုဒ်များကို အဓိပ္ပါယ်ထပ်မံ ရှင်းပြထားသည့် ကျမ်းများလည်း ပေါ်ထွက်လာပါတယ်၊ ထိုကျမ်းများကိုတော့ “ဋီကာ”လို့ခေါ်ပါတယ်၊၊ ပိဋကသုံးပုံအ တွက် ဋီကာကျမ်းပေါင်း အုပ်ရေ(၃၇)အုပ်ရှိတယ်လို့ လေ့လာရပါတယ်၊၊ အဋ္ဌကထာနှင့် ဋီကာကျမ်းများ သည် ပါဠိတော်ထက် စာအုပ်ဆိုက်များစွာ ကြီးပါတယ်၊၊
စုစုပေါင်းလိုက်ရင် ပါဠိစာပေဆိုတဲ့အထဲမှာ---
၁. ပါဠိတော် အုပ်ရေ (၄၀)၊
၂. အဋ္ဌကထာ အုပ်ရေ (၅၁)၊
၃. ဋီကာ အုပ်ရေ (၃၇)၊ တို့သည် ပါဠိစာပေ၏ Primary Sources များအဖြစ် ပါဝင်ပါတယ်၊၊ ဗုဒ္ဓဘာ သာကို စနှစ်တကျ နားလည်သဘောပေါက်လိုသူများ၊ ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုဘာသာမျိုးလဲဟု အသေးစိတ် သိလိုသူများအနေဖြင့် သူများပါးစပ်ဖျားတွင် လမ်းဆုံးမနေဘဲ အရှင်တင်ပြထားသည့် ဤကျမ်းကြီးများကို ပါဠိဘာသာဖြင့်ဖြစ်စေ၊ ဘာသာပြန်အကူ အညီဖြင့်ဖြစ်စေ ကိုယ်တိုင်လေ့လာ သင့်ပါတယ်၊၊ ကမ္ဘာ့ဘာသာကြီးများအထဲတွင် ဗုဒ္ဓဘာသာသည် စာပေခိုင်မာ၊ သမိုင်းအထောက်ထား ခိုင်မာသည့် ဘာသာတခုဖြစ်ကြောင်း ပါဠိစာပေနှင့် ဗုဒ္ဓစာပေကို အသေးစိတ်လေ့လာသော “ရိုင်းဒေး ဗစ်”စသည့် အနောက်တိုင်း ပညာရှင်များ၊ The light of Asia စာအုပ်ကိုရေးသားခဲ့သည့် “ဆာအက် ဒ၀င် အာနိုး”စသူတို့က ဆိုပါသည်၊၊
ပါဠိစာပေသည် ဤမျှကျယ်ပြန့် နက်နဲပါတယ်၊၊ အပေါ်တွင်ရေတွက်ပြထားချက်သည် ပါဠိဘာသာနှင့် စာအုပ်အရေအတွက် ဖြစ်သည်၊ ထိုပါဠိကို ဘာသာပြန်ထားသည့် မြန်မာပြန်စာအုပ်အရေအတွက်မှာ ထို့ထက် များပါသည်၊၊ ပိဋကသုံးပုံလုံးနီးနီးကို အင်္ဂလိပ်ဘာသာသို့လည်း ပြန်ဆိုထားပြီး ဖြစ်ပါတယ်၊၊ ကမ္ဘာ့ဘာသာ World Religion တွင် ဗုဒ္ဓဘာသာသည် စာပေနယ်အကျယ်ပြန့်ဆုံးဖြစ်ကြောင်း ကမ္ဘာ့လုံးဆိုင်ရာ ပညာရေးအဖွဲ့၏ အစီရင်ခံစားများတွင် လေ့လာရပါသည်၊၊
ဤပါဠိစာပေကိုပင် တက္ကသိုလ်ကြီးများဖွင့်လှစ်၍ နိုင်ငံပေါင်းများစွာမှာ သင်ကြားနေကြရပါတယ်၊၊ ကမ္ဘာ့တက္ကသိုလ်ကြီးများတွင်လည်း Buddhist Literature Studies ကို Main Faculties များအဖြစ် သင်ကြား နေကြရကြောင်း သိရပါတယ်၊၊ တက္ကသိုလ်ကြီးတွင် ကမ္ဘာ့စာပေတရပ်အနေဖြင့် သင်ကြားရ လောက်အောင်လည်း အဆင့်မြင့်သည့် စာပေဖြစ်ပါသည်၊၊ ပါဠိစာပေမှာ လုံးဝမပါဝင်သည့် Arts and Imformations ဆိုတာ မရှိပါဘူး၊ သုတေသနပြုပြီး လက်ဆင့်ကမ်း အဆင့်မြှင့်ပြီးသာ အသုံးပြုနိုင်ကြ မယ်ဆိုရင် ယ္ခုထက်များစွာ တိုးတက်ပြီး လူတို့အကျိုးများဖွယ်ရှိပါတယ်၊၊
ပါဠိတော်စာရင်း၊ အဋ္ဌကထာစာရင်းနှင့် ဋီကာစာရင်းများထဲတွင် မပါဝင်ဘဲ သီးခြားတည်ရှိနေသည့် ကျမ်းကြီးများ ရှိပါသေးတယ်၊၊ ထိုကျမ်းကြီးများကတော့ မူလဋီကာကျမ်းများ၊ အနုဋီကာကျမ်းများ၊ မဓုဋီကာကျမ်းများ၊ ယောဇနာကျမ်းများ၊ ဂဏ္ဍိကျမ်းများ၊ ဒီပနီကျမ်းများ၊ ဆိုရိုးကျမ်းများ၊ အရကောက်ကျမ်းများ ဖြစ်ပါတယ်၊၊ ထိုကျမ်းကြီးများမှာ ပိဋကသုံးပုံထက်ပင် အုပ်ရေ အရေအတွက် များပါသည်၊၊ ဤကျမ်းကြီးများမှာ ပါဠိစာပေဖြင့်ရေးသားထားသည့် ကျမ်းကြီးများ ဖြစ်သောကြောင့် ပါဠိစာပေဆိုသည့် Frame ထဲတွင် ထည့်သွင်းရမည် ဖြစ်ပါသည်၊၊ ပါဠိစာပေနှင့် ဗုဒ္ဓဘာသာအကြောင်း လေ့လာလိုသူများအနေဖြင့် ဤကျမ်းကြီးများကို Secondary Sources များအဖြစ် လေ့လာရမည် ဖြစ်ပါသည်၊၊
မျက်မှောက်ခေတ်တွင် “ဒေးကာနယ်ဂီ,စင်မြူရယ် စမိုင်း”တို့၏ မိတ္တဗလဋီကာကဲ့သို့သော တက်ကျမ်း များ များစွာရေပန်းစားသည်ကို သတိပြုမိသည်၊၊ ဗုဒ္ဓစာပေ (ခေါ်) ပါဠိစာပေတွင် ထိုကဲ့သို့ ကျမ်းများ လည်း ရှိပါသည်၊၊ ထိုကျမ်းများကို နီတိစာပေဟု ခေါ်ပါသည်၊၊ လောကနီတိစသည့် ကျမ်းများ ဖြစ်သည်၊၊ ပါဠိဘာသာဖြင့်ရေးသော ကျမ်းပင်ဖြစ်သောကြောင့် နီတိစာပေကိုလည်း ပါဠိစာပေထဲတွင် ထည့်သွင်းရမည် ဖြစ်သည်၊၊
ပါဠိစာပေထဲတွင်နောက်ဆုံး ကျန်နေသေးသည့် ကျမ်းများမှာ “၀ံသကျမ်း”များ ဖြစ်ပါသည်၊၊ သာသနာ ၀ံသ၊ မဟာဝံသ၊ ဗောဓိဝံသ၊ ဒါဌာဝံသ၊ ဒီပ၀ံသ၊ ထူပ၀ံသစသည်ဖြင့် “၀ံသ”ကျမ်းပေါင်း(၅၀)ကျော် ရှိသည်ဟု ပါဠိစာပေသမိုင်းတွင် ဖော်ပြထားပါသည်၊၊ မြန်မာပြည်တွင်မူ “၀င်ကိုး ၀င်” တတ်ရင် စာတတ်သည်ဟု ပြောစမှတ်ရှိသည်၊၊ ဤ၀ံသကျမ်းများသည်လည်း ပါဠိဘာသာဖြင့် ရေးသားထား သောကျမ်းများ ဖြစ်သောကြောင့် ပါဠိစာပေစာရင်းတွင် မှတ်သားရပါမည်၊၊ “၀ံသစာပေ”သည် ပါဠိစာပေနှင့် ဗုဒ္ဓဘာသာကိုလေ့လာ လိုသူများအတွက် Sub-secondary Sources အနေဖြင့် လေ့လာရန်လိုအပ်သော စာပေအမျိုးအစား ဖြစ်သည်၊၊ ၀ံသစာပေသည် ပါဠိတော်ကဲ့သို့ အဋ္ဌကထာ ကျမ်းများ၊ ဋီကာကျမ်းများအထိပင် ရှိသည်၊၊ ၀ံသစာပေသည် အဓိကအားဖြင့် သမိုင်းအချက် အလက် များကို ဖော်ပြထားသော ကျမ်းများဖြစ်ပါသည်၊၊
သီရိလင်္ကာပါဠိစာပေတွင် ၀ံသကျမ်းပေါင်း(၅၀)ကျော်ရှိသည်ဟု သိရသည်၊၊ ယနေ့အချိန်အထိ ဤ၀ံသကျမ်းများကို တလေးတစား သင်ယူနေကြသည်ကို အရှင်ကိုယ်တိုင်ပင် သီရိလင်္ကာ Sunday School နှင့် ပရိဝေဏ (ခေါ်) စာသင်တိုက်ကြီးများတွင် တွေ့ခဲ့ရပါသည်၊၊
ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာနှင့် ၀ံသစာပေများကို သင်ကြားရလွယ်ကူအောင် စီရင်ထားသော ပါဠိသဒ္ဒါကျမ်းများစွာလည်း ရှိပါသည်၊၊ Pᾶli Grammar ဟု မှတ်သားရပါမည်၊၊ ထင်ရှားသော ပါဠိသဒ္ဒါကျမ်းများမှာ ကစ္စည်းသဒ္ဒါကျမ်း၊ ပါဏိနိသဒ္ဒါကျမ်း၊ မောဂ္ဂလာန်သဒ္ဒါကျမ်း၊ သဒ္ဒနီတိဓာတု မာလာ သဒ္ဒါကျမ်း၊ ရူပသိဒ္ဓိ သဒ္ဒါကျမ်းစသည်တို့ ဖြစ်သည်၊၊ ပါဠိဘာသာဖြင့် ရေးသားထားသော သဒ္ဒါကျမ်းပေါင်း (၂၀)ခန့် ရှိသည်ဟု ကြားဖူးပါသည်၊၊ ယ္ခုအခါအချို့ ပါဠိသဒ္ဒါကျမ်းများမှာ အစအနရှာ မရ တော့ချေ၊၊ (အချို့သဒ္ဒါကျမ်းများမှာ သက္ကတမူများ ဖြစ်သည်၊၊)
စင်စစ် ပါဠိသဒ္ဒါဟူသည် မြတ်စွာဘုရားရှင်ဟောကြားခဲ့သော ပါဠိတော်များ မဟုက်ချေ၊ ရှေးခေတ် ပါဠိပညာရှင် ဆရာတော်ကြီးများမှ ပါဠိစာပေ သမုဒြာကိုကူးခတ်ရင်း တူရာတူရာ ပါဠိအသွားအလာ နှင့် ပါဠိပုဒ်ပုံစံ စနစ်များကို ထုပ်နှုတ်မှတ်သားခဲ့ရာမှ ပါဠိလိုမှတ်သားခဲ့ခြင်း ဖြစ်သောကြောင့် နောင်အခါတွင် ကျမ်းအဆင့် ထိရောက်လာပြီး၊ ပါဠိစာပေတတ်လိုလျင် ပါဠိသဒ္ဒါကို အရင်တတ်အောင် သင်ရသည်အထိ ဖြစ်လာတော့သည်၊၊ အမှန်မှာ ပါဠိစာပေကို လေ့လာရာမှ ပါဠိစာပေ စနစ်ကို သိလာခြင်းသာ ဖြစ်သည်၊၊ ပါဠိသဒ္ဒါတတ်ပြီးမှ ပါဠိစာပေတတ်ခြင်း မဟုက်ဘဲ၊ ပါဠိစာပေတတ်ရာက ပါဠိစာပေ တည်ဆောက်ထားပုံ သဒ္ဒါဟူသည်ကို သဘောပေါက် နားလည်လာခြင်းဖြစ်သည်၊၊
ယနေ့ခေတ်တွင်မူ “သဒတ်မတာ စပ်မတာ၊ သဒါတတ်မှ စာတတ်သည်” ဟူ၍ ပါဠိစာပေကို အစလေ့ လာသူတို့ လွဲမှားစွာ သဘောပေါက်နေကြသည်မှာ အံ့သြဖွယ်ဖြစ်သည်၊၊ ဤကဲ့သို့သော ဆိုရိုးများကို အလေးဂရုပြုလွန်းပြီး ပါဠိသဒ္ဒါစာမေးပွဲကြီးများစွာကျင်းပ၍ သဒ္ဒါကျမ်းများကိုချည်း အာရုံစိုက်နေရ သောကြောင့် ပါဠိစာပေလေ့လာသော ပါဠိစာသင်သူအချို့မှာ တကယ့်ပါဠိစာပေကို လေ့လာသည့် အဆင့်အထိ မရောက်ဘဲ၊ ပါဠိသဒ္ဒါပင်လယ်တွင် နစ်မျောကြသည်ကိုလည်း အရှင်တို့မြန်မာ ပါဠိပညာ ရေးတွင် ရင်လေးဖွယ်ရာ တွေ့မြင်ရပါသေးသည်၊၊
သီရိလင်္ကာနိုင်ငံတွင် ပါဠိသဒ္ဒါကျမ်း များများမရှိ၊ များစွာလည်း မသင်ယူကြပါ၊ သို့သော် ပါဠိစာပေ အရာတွင် မြန်မာရဟန်းတော်များထက် သာလွန်သည်ကို ထေရာဝါဒနိုင်ငံအားလုံး သီရိလင်္ကာနိုင်ငံသို့ ငွေကုန် ကြေးကျခံပြီး ပညာသင်လာရောက် နေကြသည်က သက်သေပြုနေပါသည်၊၊ ကမ္ဘာသို့ ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓစာပေကို ဖြန့်ဖြူးရာတွင်လည်း သီရိလင်္ကာသားတို့က အခြားထေရာဝါဒ ဗုဒ္ဓဘာ သာ နိုင်ငံသားများထက် များစွာပင်ရှေ့ရောက်သည်ကို လက်တွေ့အားဖြင့် ၀န်ခံရပေမည်၊၊
ပါဠိစာပေကို အနှစ်ချုပ်ကြည့်လျင်---
၁. ပါဠိတော်၊
၂. အဋ္ဌကထာ၊
၃. ဋီကာ၊
၎. ၀ံသ၊
၅. နီတိ၊
၆. ပါဠိသဒ္ဒါ၊
၇. မြန်မာပြန် ပိဋကသုံးပုံ၊
၈. အင်္ဂလိပ်ဘာသာပြန် ပိဋကသုံးပုံဟူ၍ တွေ့ရမည် ဖြစ်ပါသည်၊၊

စာဖတ်သူများ အထက်တွင် ပါဠိတော်စာအုပ်ရေ(၄၀)ရှိသည်ဟု အရှင်တင်ပြခဲ့သည်ကို မှတ်မိမည် ထင်ပါသည်၊၊ ထိုပါဠိတော် အုပ်ရေ(၄၀)မှ ပါဠိတော် အုပ်ရေ(၂၀)ကို အလွတ်အာဂုံနှင့် သဘောရေးဖြေ အောင်မြင်စွာ ပြန်ဆို၊ ဖြေကြားနိုင်လျင် “တိပိဋကဘွဲ့”ကို မြန်မာပြည်တွင် ပေးအပ်ပါသည်၊၊ တိပိဋက စာမေးပွဲအတွက် ပါဠိတော်အုပ်ရေ လေးဆယ်မှ အုပ်ရေနှစ်ဆယ်ကို ရွေးချယ်ပြီး၊ နှုတ်တက်အာဂုံနှင့်၊ သဘောအဓိပ္ပါယ်ရေးဖြေ စာမေးပွဲကြီးကို မြန်မာပြည်တွင် နှစ်စဉ်ကျင်းပ ပါသည်၊၊ စာမေးပွဲဖြေဆို သည့် ရက်ပေါင်း (၃၃)ရက် ကြာသည်ဟုလည်း တိပိဋကမှတ်တမ်းများတွင် လေ့လာရပါသည်၊၊ အရှင် လေ့ လာမိသမျှ သီရိလင်္ကာနိုင်ငံတွင်လည်း “တိပိဋကာစရိယ”ဆိုသော စာမေးပွဲကြီးရှိပါသည်၊ အလွန် ခက်ခဲသည့် စာမေးပွဲကြီး ဖြစ်သည်ဟုလည်း သိရပါသည်၊၊
(၁၃၁၀)ခု မှစတင်ခဲ့သော တိပိဋကစာမေးပွဲကြီးသည် (၁၃၇၂)ခု၊ ယနေ့ဆိုလျင် နှစ်ပေါင်း(၆၂)ရှိခဲ့ပြီ၊ ဤမျှ ကြာသောနှစ်များအတွင်း တိပိဋကစာမေးပွဲအောင်သမြင့် တိပိဋကဘွဲ့ရရှိသွားသော မြန်မာရဟန်းတော်ပေါင်း (၁၂)ပါးမျှ ရှိသည်ဟုလည်း ဆိုပါသည်၊၊ တိပိဋကစာမေးပွဲတွင် ဖြေဆိုရသော သင်ရိုးပိဋက အုပ်(၂၀)မှာ---
ဝိနယပိဋက အတွက်---
(၁) ပါရာဇိကဏ် ပါဠိတော် (၁)အုပ်၊ စာမျက်နှာ
(၂) ပါစိတ် ပါဠိတော် (၁)အုပ်၊
(၃) မဟာဝါ ပါဠိတော် (၁)အုပ်၊
(၄) စူဠ၀ါ ပါဠိတော် (၁)အုပ်၊
(၅) ပရိဝါ ပါဠိတော် (၁)အုပ်၊ စုစုပေါင်း (၅)အုပ်၊ စာမျက်နှာ(၂၂၆၀)ဖြစ်ပါသည်၊၊
သုတ္တန္တပိဋကအတွက်---
(၁) သုတ်သီလက္ခန် ပါဠိတော် (၁)၊ စာမျက်နှာ(၂၃၆)၊
(၂) သုတ်မဟာဝါ ပါဠိတော် (၁)၊ စာမျက်နှာ(၂၈၃)၊
(၃) သုတ်ပါဌေယျ ပါဠိတော် (၁)၊ စာမျက်နှာ(၂၆၀)၊ စုစုပေါင်း (၃)အုပ်၊စာမျက်နှာပေါင်း(၇၇၉) ဖြစ်ပါသည်၊၊
အဘိဓမ္မာ ပိဋကအတွက်---
(၁) ဓမ္မသင်္ဂဏီပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၂၈၉)၊
(၂) ၀ိဘင်္ဂပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၄၅၃)၊
(၃) ဓာတုကထာပါဠိတော်၊ ပုဂ္ဂလပညတ်ပါဠိတော် (၁)အုပ်၊ စာမျက်နှာ (၁၀၀+၈၅=၁၈၅)၊
(၄) ကထာဝတ္ထုပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၄၉၃)၊
(၅) ယမိုက်ပါဠိတော် (၃)အုပ်၊ စာမျက်နှာ(၉၀၄)၊
(၆) ပဌာန်းပါဠိတော် (၅)အုပ်၊ စာမျက်နှာ(၃၅၉၇)၊၊ စုစုပေါင်း(၁၂)အုပ်၊ စာမျက်နှာပေါင်း(၄၉၉၈)၊ ဖြစ်ပါသည်၊၊ ဖော်ပြခဲ့ပြီးသည့် ပါဠိတော်သက်သက် အုပ်ရေ (၂၀)၊ စာမျက်နှာ(၈၀၀၀)ကျော်ခန့်ကို သင်ရိုးပိဋကတ်ဟု ခေါ်စမှတ်ပြုပါသည်၊၊ ကျန်နေသေး သည့် ပါဠိတော် အုပ်ရေ(၂၀) ကို ကျမ်းအိပ်ဟု ခေါ်တွင်ကြောင်းလည်း မှတ်သားရပါသေးသည်၊၊ တိပိဋကစာမေးပွဲတွင် မပါဝင်ဘဲ ကျန်နေသည့် ကျမ်း(၂၀)မှာ---
(၁) မဇ္ဈိမနိကာယ်မှ ပဏ္ဏာသသုံးကျမ်း (၃)အုပ်၊
(၂) သံယုတ္တနိကာယ်မှ ငါးကျမ်း (၃)အုပ်၊
(၃) အင်္ဂုတ္တရနိကာယ်မှ ဆယ့်တစ်ကျမ်း (၃)အုပ်၊
(၄) ခုဒ္ဒကနိကာယ်မှ ဆယ့်ကိုးကျမ်း (၁၁)အုပ်၊ စုစုပေါင်း အုပ်ရေ(၂၀)ဖြစ်ပါသည်၊၊ တိပိဋက စာမေးပွဲ တွင် မပါဝင်သည့်အတွက် ကျက်မှတ်သူမရှိ၍ ကျမ်းအိပ်ဟု ခေါ်တွင်နေသည့် ဤကျမ်း(၂၀)ကို ယ္ခုအခါတွင် မစိုးရိမ်ဆရာတော်ကြီး ဦးသီရိန္ဒစသည့် ဆရာတော်ကြီးများဦးစီး၍ “နိကာယ် စာမေးပွဲ” ကြီးများ ကျင်းပပြီး အသက်ဝင်သော ကျမ်းကြီးများဖြစ်လာအောင် ကြိုးစားနေကြသည်ဟုလည်း ပါဠိ စာပေ အကဲခပ်သူများက ဆိုပါသည်၊၊

+ မဇ္ဈိမနိကာယ် မှ ပဏ္ဏာသ(၃)အုပ် ဟူသည်မှာ +
(၁) မူလ ပဏ္ဏာသ (၁)အုပ်၊
(၂) မဇ္ဈိမ ပဏ္ဏာသ (၁)အုပ်၊
(၃) ဥပရိ ပဏ္ဏာသ (၁)အုပ်၊ စုစုပေါင်း (၃)အုပ်ဖြစ်ပါသည်၊၊

+ သံယုတ္တနိကာယ်မှ ငါးကျမ်း (၃)အုပ် ဟူသည်မှာ +
(၁) သဂါထာဝဂ္ဂ္ဂ သံယုတ် (၁)အုပ်၊
(၂) နိဒါန၀ဂ္ဂ၊ ခန္ဓ၀ဂ္ဂ သံယုတ် (၁)အုပ်၊
(၃) သဠာယတန၀ဂ္ဂ၊ မဟာဝဂ္ဂ သံယုတ် (၁)အုပ်၊ စုစုပေါင်း(၃)အုပ် ဖြစ်ပါသည်၊၊
+ အင်္ဂုတ္တရနိကာယ်မှ ဆယ့်တစ်ကျမ်း(၃)ဟူသည်မှာ +
(၁.၂.၃) ဧကက နိပါတ်မှစ၍ ဧကာဒသက နိပါတ်အထိ (၃)အုပ် ဖြစ်ပါသည်၊၊

+ ခုဒ္ဒကနိကာယ်မှ ဆယ့်ကိုးကျမ်း(၁၁)အုပ် ဟူသည်မှာ +
(၁) ခုဒ္ဒကပါဌ ပါဠိ၊
(၂) ဓမ္မပဒ ပါဠိ၊
(၃) ဥဒါန ပါဠိ၊
(၄) ဣတိဝုတ္တက ပါဠိ၊
(၅) သုတ္တနိပါတ ပါဠိ၊
(၆) ၀ိမာန၀တ္ထု ပါဠိ၊
(၇) ပေတ၀တ္ထု ပါဠိ၊
(၈) ထေရဂါထာ ပါဠိ၊
(၉) ထေရီဂါထာ ပါဠိ၊
(၁၀) ဇာတက ပါဠိ၊
(၁၁) နိဒ္ဒေသ ပါဠိ၊
(၁၂) ပဋိသမ္ဘိဒါမဂ္ဂ ပါဠိ၊
(၁၃) အပါဒါန ပါဠိ၊
(၁၄) ဗုဒ္ဓ၀ံသ ပါဠိ၊
(၁၅) စရိယာပိဋက ပါဠိ၊
(၁၆) နေတ္တိ ပါဠိ၊
(၁၇) ပေတကောပဒေသ ပါဠိ၊
(၁၈) မိလိန္ဒပဥှာ ပါဠိ၊
(၁၉) သုတ္တသင်္ဂဟ ပါဠိ၊ စုစုပေါင်း (၁၉)အုပ် ဖြစ်ပါသည်၊၊ ဤစာတမ်းတွင် အရှင်တင်ပြ ရေတွက် ပြခဲ့ သည်မှာ ပါဠိတော်အုပ်ရေ (၄၀)ကို အဓိကတင်ပြလိုက်ခြင်း ဖြစ်ပါသည်၊ အဋ္ဌကထာ အရေတွက်နှင့် ဋီကာစသည်တို့၏ စာရင်းအတိအကျကိုလည်း အရှင်ကြိုးစားပါအုံးမည်၊၊

အရှင် ပါဠိစာပေမိတ်ဆက်ကို တင်ပြလာခဲ့သည်မှာ ဤမျှဆိုလျင် အတိုင်းအတာတခုအထိ ပြည့်စုံပြီ ဟု ယူဆပါသည်၊၊ အရှင့်ထက် ပါဠိစာပေ တတ်ကျွမ်းသည့် ပါဠိပညာရှင်များအနေဖြင့် ဤစာတမ်းတွင် မှားယွင်းမှု တစုံတရာ၊ လွဲချော်မှုတစုံတရာတွေ့ခဲ့ပါလျင် အကြံပြုဆွေးနွေးဖို့ တောင်းပန်လိုက်ပါသည်၊၊
ပါဠိစာပေကို စိတ်ပါဝင်စားသူများ၊ ဗုဒ္ဓဘာသာကို လေ့လာသုတေသနပြုလိုသူများ အနေဖြင့် အရှင် တင်ပြခဲ့သည်များမှ ခြေရာခံပြီး ဆက်လက်လေ့လာရန်ဖြစ်ပါသည်၊၊ (A.D 1873) ကုန်းဘောင်ခေတ်၊ မင်းတုန်းမင်း လက်ထက်တွင် ဤပါဠိတော်ကျမ်းများကို ကျောက်ချပ်ရေ(၇၂၉)ပေါ်တွင် ရေးထွင်းစေ၍ ကျောက်ထက် အက္ခရာတင်ထားသည်ကိုလည်း ယနေ့တိုင်လေ့လာကြည့်ရှုနိုင်ပါသည်၊၊ သေလက္ခရာရုဠှ (ပဉ္စမ သင်္ဂါယနာ)ဟုခေါ်ပါသည်၊၊ တည်ရှိသောနေရာမှာ-မန်းတောင်ခြေ ကုသိုလ်တော်ဘုရားဝင်းအတွင်းတွင် ဖြစ်ပါသည်၊၊ အရှင်၏တင်ပြမှာမှုမှာ ဗုဒ္ဓစာပေကို တကယ်လေ့လာ သုတေသနပြုလိုသူအတွက် သေးငယ်သည့် အကူလေးမျှသာ ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓစာပေဟူသည်ကို ဘာမှန်းမသိဘဲ ဗုဒ္ဓဘာသာကို စွန့်လွှတ်ပြီး၊ အခြားဘာသာသို့ ကူးပြောင်းကြသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များကို “အလင်း စက်”၏ ပါဠိစာပေမိတ် ဆက်က အကျိုးတစုံတရာ ဖြစ်စေလိမ့်မည်ဟု အရှင် ယုံကြည်ပါသည်၊၊

အရှင်အနေဖြင့် Religion ခေါ် ကိုးကွယ်မှု ဘာသာတိုင်းတွင် စာပေရှိသည်၊ ထိုစာပေများကို ကိုယ်တိုင်လေ့လာပြီး၊ လက်တွေ့ကျသည်၊ အကျိုးအကြောင်း ခိုင်လုံသည်၊ အစစ်ဆေး အစမ်းသတ် ခံနိုင်သည်၊ ယုတ္တိရှိသည်ဟု ကိုယ်တိုင်သိပြီးမှသာ ကိုးကွယ်မှုကို ရွေးချယ်သင့်ကြောင်း တင်ပြအကြံပြု လိုပါသည်၊၊ မည်သည့်ဘာသာသည် အကောင်းဆုံး ဖြစ်သည်ဟုကား အရှင့် ဉာဏ်ဖြင့် မဆုံးဖြတ်ဝံ့ပါ၊၊ “အလင်း စက်” စာဖတ်ပရိတ်သတ်များ စာပေဖြင့်အလှဆင်ပြီး၊ စာပေဖြင့်ပင်ဘ၀ကို တည်ဆောက် အောင်မြင်ကြပါစေ..………..!

အရှင်ကေ၀လ (အလင်း စက်)
(၂.၁၂.၂၀၁၀)

(မှတ်ချက်/ တိပိဋကဓရ ရွှေရတုစာစောင်(၁၃၁၀-၁၃၆၀)၊ တိပိဋက ပါဠိစာပေသမိုင်း (မိုင်းခိုင်းမြို့ စားကြီး)၊ Guide to Tipitaka by U Kolay,A hand book of Lᾶli Literature by Oskar von Hinuber,The Pᾶli Literature of Ceylon by G.P.Malalasekera တို့ကို ကိုးကားပြီး ၍စာတမ်းကို ရေးပါသည်၊၊)

0 comments

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP