* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, November 22, 2010

“အင်ဒိုနီးရှားဗုဒ္ဓသာသနာ နိဒါန်း”










အရှင် စာမေးပွဲအတွက် လိုအပ်ရာရာတွေကို လေ့လာရန် တက္ကသိုလ်စာကြည့်တိုက်သို့ အကြိမ်များစွာ သွားရောက်ပြီး လေ့လာဖွယ်ရာများကို လေ့လာရသည်၊၊ စာကြည့်တိုက်ထဲတွင် အမှတ်မထင် စာအုပ် ကြီး တအုပ်ကိုတွေ့လိုက်ရသည်၊ သေခြာလှန်ကြည့်တော့မှ ဗောရောဗုဒေါ စေတီတော်ကြီး အကြောင်း ရေးသားထားသော စာအုပ်ဖြစ်သည်ကို သိလိုက်ရသည်၊၊ ဖတ်ရင်း ဖတ်ရင်း စိတ်ဝင်စားလာတာ ကြောင့် လိုအပ်သည့် အချက်အလက်များပါဝင်သည့် စာရွက်များကို မိတ္တူကူးယူခဲ့ရသည်၊၊ စာမေးပွဲ ပြီးလျင် ဤစေတီတော်ကြီးအကြောင်းကို စာတမ်းရေးပြီး “အလင်းစက်” ဆိုက်တွင် တင်မည်ဟု မှတ်သား ထားလိုက်သည်၊၊
ကမ္ဘာ့အကြီးဆုံးမှတ်တမ်းတင် ဗုဒ္ဓစေတီတော်ကြီး သမိုင်းနှင့် ခေတ်အဆက်ဆက် ဖြတ်သန်းလာပုံ များကို “အလင်း စက်” စာဖတ်သူများသိစေချင်တာကြောင့် အရှင် သမိုင်းအချက်အလက်များကို ရနိုင် သမျှရှာဖွေစုဆောင်းပြီး ရေးသားတင်ပြလိုက်ပါသည်၊၊ အမှားများ၊ ချို့ယွင်းချက်များ၊ ကွာဟချက်များရှိ လျင် “အလင်း စက်”ကို ထောက်ပြ အကြံပြုကြဖို့လည်း တောင်းပန်လိုပါသည်၊၊ သေခြာလေ့လာ ကြည့်သောအခါမှ ဤစေတီတော်ကြီးသမိုင်းသည် ဘာသာရေးသက်သက်တွင်မကဘဲ နိုင်ငံရေး၊ လူမှုရေးများပါ ရောနှောပါဝင်နေသည်ကို သိရသည်၊၊ သုတေသနစာတမ်းကြီး တစောင်လောက်ရေးမှ ပြည့်စုံမည်ကိုလည်း သဘောပေါက်မိသည်၊၊ တိုတိုနှင့် စာဖတ်သူစိတ်ဝင်စားလောက်သည့် အချက်အလက် တချို့တ၀က်ကို စုစည်းပြီး ဤစာတမ်းကို ကြိုးစားလိုက်ခြင်းဖြစ်ပါသည်၊၊

အင်ဒိုနီးရှားနိုင်ငံသည် သြစတြေးလျတိုက်နှင့် အာရှတိုက်အကြား အီကွေတာပေါ်တွင်တည်ရှိသော ကျွန်းနိုင်ငံတစ်ခု ဖြစ်သည်၊၊ အရှေ့အန္ဒိယကျွန်းစုနိုင်ငံဟု ခေါ်ဆိုနိုင်ပါသည်၊၊ ကျွန်းပေါင်း(၁၇၅၀၈) ကျော်ရှိသည်ဟု မှတ်တမ်းများအရ သိရသည်၊၊ ထင်ရှားသော ကျွန်းကြီးများမှာ---
(၁) စုမတြားကျွန်း၊
(၂) ဂျာဗားကျွန်း၊
(၃) ဗာလီကျွန်း၊
(၄) ၀က်ဂီယန်(ခေါ်) နယူးဂီနိကျွန်း
(၅) အနောက်ပိုင်း၊
(၆) ကလီမန္တံ(ခေါ်) ဘိုညိုတောင်ပိုင်းကျွန်း၊
(၇) စူလဝေစီ(ခေါ်) စေလေဘတ်ကျွန်းတို့ ဖြစ်သည်၊၊

ဤနိုင်ငံသည် အီကွေတာပေါ်တွင် တည်ရှိနေသောကြောင့် ပူအိုက်သောနိုင်ငံဖြစ်သည်၊၊ သို့သော် မိုးမကြာခဏ ရွာလေ့ရှိသောကြောင့် ရာသီဥတုမှာ နေသာသည်ဟုပင်ဆိုနိုင်သည်၊၊ ဂျုံနှင့် စပါးတို့ အထွက်ကောင်းသောကြောင့် ကျွန်၏နာမည်ကိုပင်ဂျာဗား(ယ၀)=ဂျုံစပါးပေါသောကျွန်းဟု ခေါ်တွင်ခဲ့ သည်၊၊ ဂျာဗားကျွန်းနှင့် ဗာလီကျွန်းတွင်နေထိုင်သူများမှာ ရုပ်ရည်အားဖြင့် မြန်မာတို့နှင့် များစွာဆင် တူသည်၊၊ အလုပ်အကိုင်မှာလည်း လယ်ယာကိုအဓိကထားပြီး လုပ်ကိုင်ကြလေသည်၊၊ ယ္ခုအခါ စက်မှု ထွန်းကားသောနိုင်ငံတစ်ခု အဆင့်သို့ရောက်နေပြီလည်း ဖြစ်သည်၊၊ ဤနိုင်ငံသည် ကမ္ဘာပေါ်တွင် လူ ဦးရေသိက်သည်းလွန်းသော နိုင်ငံများစာရင်းတွင် ပါဝင်ပါသည်၊၊ လူဦးရေမီလီယမ်(238) မျှရှိသည်ဟု မှတ်တမ်းတွင် ဖော်ပြထားပါသည်၊၊ နိုင်ငံ၏မြေအကျယ်အ၀န်းနှင့် လူဦးရေများစွာ မမျှတသောနိုင်ငံ ဖြစ်သည်၊၊ ယ္ခုအခါ အန္ဒိယမှ ကုန်သည်များနှင့် တရုပ်ပြည်မှ ကုန်သည်တို့အခြေချနေထိုင်သောနိုင်ငံ ဖြစ်သောကြောင့် Indochina=အင်ဒိုချိုင်းနား ဟုလည်းခေါ်တွင်လေသည်၊၊

အင်ဒိုကျွန်းတွင် မူလနေထိုင်ကြသည့်လူမျိုးများမှာ ဘာဘေးရီးယန်းလူမျိုးများဖြစ်သည်ဟု သမိုင်း မှတ်တမ်းက ဆိုပါသည်၊၊ သူတို့သည် တော တောင်နှင့် ပင်လယ်များတွင် သားငါးရှာဖွေ စားသောက် အသက်မွေးကြသည့် လူရိုင်းသာသာလူမျိုးစုများလည်း ဖြစ်သည်၊၊ လွန်ခဲ့သော နှစ်ပေါင်း(2000) ကျော်က အန္ဒိယပြည်မှ ကုန်သည်များသည် စုမတြားကျွန်းသို့ ကုန်ရောင်းရောက်လာပြီး၊ ဂျာဗားကျွန်း အထိ ရောင်းဝယ်ကြသည်ဟု မှတ်တမ်းတွင်တွေ့ရသည်၊၊ အန္ဒိယမှကုန်သည်များသည် ကုန်သွယ်မှု နှင့်အတူ အန္ဒိယယဉ်ကျေးမှု၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာတရားတို့ကို စုမတြားကျွန်းသို့ သယ်ဆောင် လာကြပြီး၊ အခြေခြနေထိုင်သည်အထိ နယ်မြေချဲ့လာခဲ့ကြသည်၊၊ ရိုးရာအစဉ်အလာ နတ်ဒေ၀တာများ ကို ကိုးကွယ်သည့် အင်ဒိုကျွန်းဒေသခံ(ဘာဘေရီယန်း)တို့အား ကုန်သည်လူသစ်များက ဟိန္ဒူဘာ သာနှင့် ဗုဒ္ဓဘာသာသို့တစတစ သွတ်သွင်းခဲ့သောကြောင့် ကာလကြာလာသောအခါ ဟိန္ဒူဘာသာ ၀င်နှင့် ဗုဒ္ဓဘာသာဝင်ဘုရင်များ အုပ်စိုးသည့် နိုင်ငံတခုဖြစ်လာခဲ့သည်၊၊

ထိုဘုရင်များထဲတွင် (A.D.7)ရာစု၊ စုမတြားတောင်ပိုင်း ပလင်ဘန်းမြို့တော်တွင် နန်းစိုက်သော သီရိဝိ ဇယမင်း၏ လက်ထက်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်ကြောင်း သမိုင်းမှတ်တမ်းများက ဆိုသည်၊၊ ထိုမင်းကြီးသည် သီရိဝိဇယ တက္ကသိုလ်ကြီးကိုတည်ထောင်၍ သက္ကဋစာပေ ဟိန္ဒူစာပေနှင့် ပါဠိစာပေ အပြင် အခြားတိုင်းတပါး စာပေများကိုပါ တက္ကသိုလ်ဘာသာရပ်များအဖြစ် သင်ကြားစေသဖြင့် ထို တက္ကသိုလ်ကြီးမှာ ခေတ်အခါအလျောက် နာမည်ကြီးသော စာပေလေ့လာရေး ဌာနကြီးတခု ဖြစ်ခဲ့ သည်ဟုလည်း သမိုင်းမှတ်တမ်းတွင် လေ့လာရပါသည်၊၊ နိုင်ငံတကာမှ ကျောင်း သားများ လာရောက် ပညာသင်ကြသည့် တက္ကသိုလ်ကြီးတခုလည်း ဖြစ်သည်၊၊ ဤတက္ကသိုလ် ကြီးကြောင့် စုမတြားကျွန်း သည် ထိုခေတ်က အင်ဒိုနေရှားကျွန်းအားလုံးတွင် ထင်ရှားခဲ့သည်၊၊ တရုပ်ရဟန်းတော် ဟူယင်စန်၏ ခရီးသွားမှတ်တမ်းတွင်လည်း “သူ အင်ဒိုကျွန်းသို့ရောက်စဉ်က သံဃာတော်(၁၀၀၀)ကျော် စာသင်နေ သည့် တက္ကသိုလ်ကြီးတခုကို တွေ့ခဲ့ရကြောင်း” ခရီးသွား မှတ်တမ်းစာအုပ်တွင် ဖော်ပြထားပါသည်၊၊

နောက်ထပ်ထူးခြားစေသော ပြယုဂ်မှုတစ်ခုမှာ(A.D.8)ရာစုက တည်ဆောက်ခဲ့သော ဗောရောဗုဒေါ စေတီတော်ကြီးဖြစ်သည်၊၊ ဤစေတီတော်ကြီးကို ကမ္ဘာ့အကြီးဆုံးသော ဗုဒ္ဓစေတီတော်ကြီးအဖြစ် UNESCO က အသိမှတ်ပြုထားသည့် ကမ္ဘာ့အမွေအနှစ် World Heritage ဖြစ်သည်၊၊ ဤမျှကြီးမားသော စေတီတော်ကြီးတစ်ဆူကို တည်ဆောက်ထားသည်ကို လေ့လာသောအားဖြင့် ထိုခေတ်က ဤနိုင်ငံသည် ဗုဒ္ဓဘာသာ အလွန်ထွန်းကားသောနိုင်ငံဖြစ်ကြောင်း သိသာသည်၊၊ စေတီတော်ကြီး သည် Central Java Island,Jogiakarta city တွင် တည်ရှိပြီး၊ အဆင့်(၁၀) ဆင့်ရှိသည်၊၊ စေတီတော်ပေါ်သို့ လေးမျက်နှာက်မှ အပေါ်ထပ်အဆုံးအထိ ကျောက်လေခါးဖြင့် တိုက်ရိုက်တက်နိုင်ပါသည်၊၊ စေတီတော်ကြီးတွင် ပတ်ပတ်လည်သွားလာနိုင်သော အဆင့် ကိုးဆင့်ရှိ သည်၊၊ ဖိနပ်တော်မှ အမြင့်ပေ(၁၃၈.၆)နှင့် ထုထည်ပေ(၄၆၇၄၄.၅)၊ အကျယ်ပေ (၃၉၆)ရှိသည်ဟု မှတ်တမ်းများတွင် လေ့လာသိရှိရသည်၊၊ ဤဗောရောဗုဒေါစေတီတော်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝတ် ကျောင်းတော်ကြီးထက် အနှစ်သုံးရာ စောကြောင်းလည်း UNESCO မှတ်တမ်းများက အခိုင်အမာဆိုထားပါသည်၊၊

အန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်ဟောင်းကို တူးဖော်စဉ်ကလည်း အင်ဒိုနီးရှားနိုင်ငံနှင့် ပတ်သက်သော ကြေးပြားစာတမ်းကို တွေ့ခဲ့ကြသည်၊ ထိုကြေးပြားတွင်“သုဝဏ္ဏဒီပခေါ် စုမတြားကျွန်းဘုရင် သီရိဗလ ပုတ္တဒေ၀က ရာဇဂြိုဟ်ပြည်နယ် ဂယာစီရင်စုမှ ရွာငါးရွာကို မိမိပိုင်သော စုမတြားမှ ရွာငါးရွာနှင့် လဲ လှယ်၍ နာလန္ဒာကျောင်းတော်ကြီးအား လှုပါ၏”ဟုရေးသားထားသည်ကို တွေ့ကြရလေသည်၊၊
ထိုကြေးစာတမ်းမှ‘သုဝဏ္ဏဘူဒီပ’ဟူသောစာကိုထောက်ဆ၍ သီရိဓမ္မာသောကမင်းလက်ထက်က ကိုး တိုင်း ကိုးဌာနသာသနာပြုရာတွင်ပါဝင်သော ‘သုဝဏ္ဏဘူမိ’ဟူသည် စုမတြားကျွန်းဖြစ်သည်ဟုလည်း သမိုင်းဆရာတို့ ဆိုကြသည်၊၊ ဤမှတ်တမ်းသက်သေများကိုထောက်ဆ၍ အင်ဒိုနီးရှားနိုင်ငံတွင် ခရစ်တော်မပေါ်မှီ နှစ်ပေါင်း(300)ခန့်ကပင် ဗုဒ္ဓဘာသာနှင့် သာသနာစည်ပင်ခဲ့ကြောင်း သမိုင်းသု တေသီတို့က ဆုံးဖြစ်ကြသည်၊၊

“ဗောရောဗုဒေါ”ဟူသောအမည်မှာ “၀ိဟာရ ဗုဒ္ဓေါ”မှဆင်းသက်လာသည်ဟု ဘာသာဗေဒပညာရှင် တို့က ဆိုသည်၊ ‘မြတ်စွာဘုရား ကျောင်းတော်’ဟု ဆိုလိုဟန်ရှိသည်၊၊ “ဗုဒူးရွာတွင်တည်ရှိသောကြောင့် ဗောရောဗုဒေါ ဟုခေါ်သည်”ဟုလည်းဆိုသည်၊၊ စေတီတော်ကြီးသည် အောက်ခြေမှ ဖိနပ်တော်မှ (၃၉၄)ပေ အလျား အနံစီရှိသည်၊၊ အမြင့်ပေ(၁၃၈)ပေ မြင့်ပါသည်၊၊ ဖိနပ်တော်အထက်တွင် အဆင့် လေးဆင့်ရှိ၍၊ ၀ရံတာ အကာအရံရှိပါသည်၊၊ စေတီတော်ကြီးကို cubic meter 55000 volcanic stonesများဖြင့် တည်ဆောက်ထားသည်ဟု သိရပါသည်၊၊ နှစ်ပေါင်း(၇၀)ကျော်ကြာ တည်ဆောက်ရ သည်ဟုလည်း စေတီတော် အတ္ထုပ္ပတ္တိစာတမ်းများက ဆိုပါသည်၊၊ အဆင့်တိုင်းတွင် ပတ်၍လှည့် လည် ကြည့်ရှုနိုင် သော လမ်းရှိသည်၊ ၀ရံတာ၏ အထက်တွင် ဘုရားကျောင်းဆောင်လေးများရှိပြီး၊ အဆောင်တိုင်းတွင် လူတကိုယ်စာမျှကြီးသော တင်ပလ္လင်ခွေပုံ ကျောက်ဆင်းတု ရုပ်ပွားတော်တစ်ဆူ စီရှိသည်၊၊ ထိုဆင်းတုတော်များမှာ တမျက်နှာတွင်(၁၀၈)ဆူရှိ သည်၊၊ လေးမျက်နှာပေါင်းလျင်(၄၃၂) ဆူဖြစ်ပါသည်၊၊
မြောက်ဘက်မျက်နှာမှ ရုပ်ပွားတော်များသည် လက်ယာလက်ဝါးဖြင့်ကာလျက် ဟန့်တားနေဟန်ဖြစ် သည်၊ ထိုသို့သော မြတ်စွာဘုရားရှင်၏ အမူအရာကို‘အဘယ မုဒြ’ဟု စာအခေါ်ရှိသည်၊ အားပေးလျက် တရားဟောတော်မူဟန်ဖြစ်သည်၊၊ အရှေ့ဘက်မျက်နှာမှ ဆင်းတုတော်များသည် လက်ဝါးကို လက် ယာခြေတော်ပေါ်၌ မှောက်လျက် တင်ထား သည့်ပုံများ ဖြစ်ပါသည်၊ ‘ဘူမိဖဿ မုဒြ’ဟု ခေါ်သည်၊ မြေကိုသက်သေတည်၍ တရားတော် ဟောနေ ဟန်ဖြစ်သည်၊၊

တောင်ဘက်မျက်နှာမှ ဆင်းတုတော်များသည် လက်ယာလက်ဖ၀ါးကို လက်ယာခြေ တော်ပေါ်၌ ပက်လက်လှန်ဖြန့်လျက် တင်ထားပုံများဖြစ်သည်၊၊‘ဒါန မုဒြ’ဟုခေါ်သည်၊ ပစ္စည်း ဥစ္စာကို တွယ်တာ တတ်မက်မှုဖြင့် သိမ်းဆုပ်မထားဘဲ ပယတ ပါဏိ=ဖြန့်ထား သောလက်ရှိလျက် ရက်ရက် ရောရော အလှုဒါနပြုရန် တိုက်တွန်းလျက် တရားဟောတော်မူဟန်ဖြစ်သည်၊၊ အနောက်ဘက်မျက်နှာမှ ဆင်း တုတော်များသည် လက်ဝဲလက်ပေါ်မှာ လက်ယာလက်ကို ပက်လက်လှန်လျက် တင်ထားပုံများဖြစ် သည်၊ ‘ဈာန မုဒြ’ဟုခေါ်သည်၊ မြတ်စွာဘုရားရှင် ဈာန်ဝင်စားနေပုံ ဖြစ်သည်၊၊

အဆင့်လေးဆင့်တွင် အတွင်းအပြင်နံရံများ၌ (၅၅၀)ဇာတ်တော် ရုပ်ပုံများ၊ ဘုရားအလောင်းတော် နောက်ဆုံးဘ၀ပုံများ၊ ဘုရားဖြစ်ပြီးပုံများကို ရုပ်လုံးကားအဖြစ်ဖြင့် ထွင်းထုထားသည်ကို တွေ့နိုင်ပါ သည်၊၊ နှစ်ပေါင်း(၁၀၀၀)ကျော်က ကျောက်ထွင်း ပန်းချီကားချက်များမှာ ယနေတိုင် ပီပီသသရှိနေဆဲ ဖြစ်သည်၊၊ ဘုရားအလောင်းတော် နိမိတ်ကြီးလေးပါးမြင်ပုံ၊ တောထွက်ပုံ၊ ဆန္ဒ အမတ်ကို မြင်းနှင့်အတူ နေပြည်တော်သို့ ပြန်လွှတ်ပုံ၊ ဘုရားအလောင်းတော်အား ဗြဟ္မာမင်းက သင်္ကန်းဆက်ကပ်နေပုံများကို နောက်ဘက်မျက်နှာတွင် တွေ့ရသည်၊၊ ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရား ဟောနေပုံကို အရှေ့ဘက်မျက်နှာ တွင် တွေ့နိုင်သည်၊၊ ဇာတ်ကားပန်းချီကားချပ်ပေါင်း(၂၁၄၁) ရှိသည် ဟု ဆိုပါသည်၊၊ ထိုကျောက်ထွင်း ပန်းချီကားချပ်များကို တချပ်ခြင်းဆက်လျက် စီတန်းထားမည်ဆို လျင် (၃)မိုင်ခန့်မျှရှိမည်ဟု ဆိုပါ သည်၊၊

ထိုလေးဒေါင့်ပုံ လေးဆင့်ပြီးသောအခါ အထက်တွင် အပိုင်းလေးဆင့်ရှိသေးသည်၊၊ အောက်ဆုံးအ ဆင့်တွင် ခေါင်းလောင်းပုံ စေတီငယ်များ အစဉ်အတိုင်း(၃၂)ဆူ၊(၂၄)ဆူ၊(၁၆)ဆူ၊ရှိ၍ စုစုပေါင်း စေတီ တော်ငယ်(၇၂)ဆူရှိပါသည်၊၊ ထိုစေတီလေးများမှာ အုပ်ဆောင်းပုံစံကဲ့သို့ နံရံတွင်အပေါက် ငယ်လေး များ ပါရှိသည်၊ အထဲတွင် တင်ပလ္လင်ခွေပုံ ကျောက်ဆင်းတု တဆူစီရှိပါသည်၊၊ အောက်လေးဆင့်မှ ဆင်းတုတော်(၄၃၂)ဆူနှင့် ဤအဆင့်မှ ဆင်းတုတော်(၇၂)ဆူနှင့် ပေါင်းလျင် ဆင်းတုတော်ပေါင်း (၅၀၄)ဆူဖြစ်သည်၊၊ ဆင်းတုတော်အားလုံး လူတကိုယ်စာမျှ ကြီးပါသည်၊၊

စေတီတော်ကြီး၏ အထက်ဆုံးအဆင့်တွင် အလယ်ဗဟိုဠ်တည့်တည့်၌ ခေါင်းလောင်းပုံ စေတီကြီး တော်တဆူ ရှိပါသည်၊၊ ထိုစေတီတော်တွင်မူ အတွင်းသို့လှိုဏ်ခေါင်း မပါသည်ကို တွေ့ရပါသည်၊၊ ဤဗောရောဗုဒေါစေတီတော်ကြီးကို (၈)ရာစုတွင် တည်ဆောက်သည်ဟု စေတီတော်သမိုင်းစာပေ များက ဆိုပါသည်၊၊ (A.D.775)ခုတွင် ပြီးစီးသည်ဟု မှတ်တမ်းပြုထားသည်ကို လေ့လာရပါသည်၊၊ ဤ မျှများပြားသော ကျောက်တုံးများကို ပြုပြင်သယ်ဆောင်၍၊ ဤမျှများပြားသော ဆင်းတုတော်များနှင့် ကျောက်ထွင်း ဇာတ်ကားရုပ်လုံးများကိုထွင်း၍ တည်ထားလှုခဲ့သော စေတီတော်ကြီး၏ မူလဒါယ ကာအမည်ကို မှတ်တမ်းများတွင် ရှာဖွေမရချေ၊၊

(A.D.8)ရာစုက ဘုန်းတန်ခိုးကြီးမားသော ဘုရင်တပါးပါးက တည်ဆောက်ခဲ့သည်ဟုသာ မှတ်ယူရ ပေမည်၊၊ ဘုရင်ချည်းသက်သက်လည်း ဤမျှခန်းနား ထည်ဝါသော စေတီတော်ကြီးကို မတည် ဆောက်နိုင်၊ ပြည်သူ ပြည်သားများလည်း ပါဝင်ရပေမည်၊ များစွာသော အကြောင်းများကို ထောက်ဆ၍ ထိုခေတ်ထိုအခါက အင်ဒိုကျွန်းတခုလုံးသည် ဗုဒ္ဓဘာသာဝင်တွေချည်း ဖြစ်မည်မှာ မလွဲနိုင်ချေ၊၊ ဗောရောဗုဒေါ စေတီတော်ကြီးတည်ခဲ့သော (A.D.8)ရာစု ခေတ်က အန္ဒိယပြည်မှစ၍ ပင်လယ်ကမ်းရိုးတမ်းတလျောက် မာလာယုကျွန်း(ခေါ်) စင်္ကာပူနိုင်ငံ၊ မလေးကျွန်းစု၊ အင်ဒိုနီးရှား ကျွန်းစုအားလုံး ဗုဒ္ဓဘာသာဝင် နိုင်ငံများဖြစ်သည်ဟု ပထ၀ီသမိုင်းကဆိုပါသည်၊၊

(13)ရာစုသို့ရောက်သောအခါ ဂျာဗားကျွန်းမှ ‘ဟဂျမ်ဝုရုက်’အမည်ရှိ ဟိန္ဒူဘုရင်သည် သရီဝိဇယ နိုင်ငံကို တိုက်ခိုက်သိမ်းပိုက်၍ အင်ဒိုကျွန်းစုအားလုံးကို အုပ်စိုးခဲ့သည်၊၊ နိုင်ငံ၏အမည်ကိုလည်း ‘မိုဂျိုပဟစ် နိုင်ငံတော်’ဟု ခေါ်တွင်စေလေသည်၊၊ ထိုအချိန်က ဟိန္ဒူဘာသာကို နိုင်ငံတော် ဘာသာအဖြစ်ဖြင့် ကိုးကွယ်ခဲ့သည်၊၊ (13)ရာစုနှစ်မှာပင် အာရေဘီယနိုင်ငံ၊ ပါရှားနိုင်ငံနှင့် အန္ဒိယ နိုင်ငံအနောက်တောင်ဘက်ကမ်းခြေတို့မှ မူစလင်ဘာသာဝင် ကုန်သည်များသည် အင်ဒိုကျွန်းများသို့ ရောက်လာပြီး၊ အခြေခြနေထိုင်ကာ၊ ကျွန်းသားတို့အား မူစလင်ဘာသာသို့ နည်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်းပြီး၊ နောက်ဆုံးတွင် နိုင်ငံကိုသိမ်းယူသည်အထိ ဖြစ်လာတော့သည်၊၊ ဂျာဗားဟိန္ဒူ မိုဂျိုပဟစ်နိုင်ငံတော်ကြီးကို(1478)ခုတွင် မူစလင်တို့က အပြီးအပိုင်သိမ်းယူလိုက်သည်ဟု မှတ်တမ်း များတွင် လေ့လာရပါသည်၊၊

ထိုအချိန်က ‘မိုဂျိုပဟစ်’ ဟိန္ဒူဘုရင်ကြီးသည် မူစလင်တို့လက်တွင် အဖမ်းမခံလိုသောကြောင့် ကိုယ် တိုင်အဆုံးစီရင်ပြီး နတ်ရွာစံရလေသည်၊၊ သားတော်အိမ်ရှေ့မင်းသားသည် ရသမျှပြည်သူများ နန်း တွင်းသူ နန်းတွင်းသားများကိုစုစည်းပြီး ဗာလီကျွန်းသို့ထွက်ပြေးတိမ်းရှောင်ခဲ့လေသည်၊၊ ယ္ခုအချိန် တိုင် တွေ့နေရသော ဗာလီကျွန်းမှ ဟိန္ဒူဗုဒ္ဓဘာသာဝင်များသည် ထိုမင်းသား၏ အဆက်အနွယ်များ ဖြစ်သည်၊၊ မိုဂျုပဟစ်ဘုရင်သည် စုမတြားကျွန်း၏ နောက်ဆုံးဟိန္ဒူဘုရင်ဖြစ်သည်၊ ထိုအချိန်မှစပြီး ယနေ့အထိ စုမကြားကျွန်းအပါဝင် အင်ဒိုနီးရှားနိုင်ငံကို မူစလင်ဘာသာဝင် ဘုရင်နှင့် အစိုးရတို့က အုပ်ချုပ်လာခဲ့သည်၊၊

ယနေ့အချိန်တွင် အင်ဒိုကျွန်းများ၌ ခရစ်ယန်ဘာသာဝင် အနည်းငယ်နှင့်အတူ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူ ဘာသာဝင်နှင့်၊ မူစလင်ဘာသာဝင်အများဆုံးနေထိုင်သော နိုင်ငံတခုအဖြစ်တွေ့နိုင်သည်၊၊ (13)ရာစု မှစတင်၍ အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာကွယ်ပျောက်ခဲ့သည်ဟု ဆိုနိုင်သည်၊၊ အင်ဒိုနီးရှားမြေပေါ်တွင် ဗုဒ္ဓသာသာနာတော် နှစ်ပေါင်း(700)နီးပါးမျှ ထွန်းကားခဲ့ဘူးသည်ဟု မှတ်သားရပါမည်၊၊ အင်ဒိုကျွန်း များပေါ်မှ သာသနာတော်ဆုပ်ခွာခဲ့သည်မှာ (၂၁)ရာစုအထိဆိုလျင် နှစ်ပေါင်း (၉၀၀)ခန့်ပင် ရှိပေမည်၊၊ မေတ္တာ ချစ်ခြင်း၊ ကရုဏာ သနားခြင်း၊ မုဒိတာ ၀မ်းသာခြင်း၊ ဥပေက္ခာ အညီအမျှစိတ်ထားခြင်း စသည့် ငြိမ်းချမ်းသည့် စိတ်ဓာတ်တို့၏ ရှင်သန်မွေးဖွားခဲ့ရာ စုမတြားမြေပေါ်တွင် ဆန့်ကျင်ဘက်ခွန်အားတို့ ကြီးစိုးရာခေတ်သို့ရောက်ခဲ့သည်မှာ ရာစုနှစ် ရှစ်ခုမှခန့် မျှကြာခဲ့သည်၊၊

အင်ဒိုဗုဒ္ဓသာသနာရောင်ချည် တဖန်သန်းချိန်……..
(၁၃၁၅)ခု နတ်တော်လဆန်း(၁၁)ရက်၊(၁၇.၁၂.၁၉၅၃)ခုတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်း၊ ဂျကာ တာမြို့မှ မစ်တာဘွန်းအန်အမည်ရှိ ကျောင်းဆရာတစ်ဦးသည် မြန်မာနိုင်ငံ မဟာစည်သာသနာ့ရိပ်သာ သို့ တရားအားထုပ်ရန် ရောက်လာခဲ့သည်၊၊ ဘွန်းအန်သည် မဟာစည်ဆရာတော် ဘုရားကြီးအထံတွင် ဗုဒ္ဓ၏ ၀ိပဿနာတရားတော်များကို ကြိုးစားအားထုပ်ပြီး တရားတော်များကို ကောင်းကောင်းသ ဘောပေါက် နားလည်လာကာ၊ သာသနာတော်၌ ရဟန်းပြုလိုသော စိတ်များဖြစ်ပေါ်လာခဲ့သည်၊၊ ထို့ကြောင့် မစ်တာဘွန်းအန်သည် မဟာစည်ဆရာတော်ကြီးအထံတွင် ရဟန်းပြုခွင့်တောင်းပြီး၊ (၁၃၁၅)ခု၊ တပေါင်းလဆုတ်(၁၅)ရက်၊ (၅.၇.၁၉၅၄)ခု၊ စနေနေ့တွင် ရဟန်းဒါယကာ သတိုးသီရိသုဓမ္မ ဆာဦးသွင်+ဒေါ်သိန်းသိန်းတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သည့် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပါသည်၊၊ မစ်တာဘွန်အန်၏ ရဟန်းခံရာတွင် မဟာစည်ဆရာတော်ကြီးက ဥပဇ္ဈာယ်ဆရာ၊ တိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၊ ဦးညာဏုတ္တရ၊ သီဟိုဠ်ဆရာတော် အာနန္ဒာမေတ္တေယျ၊ ဦးသုဇာတ၊ ဦးဝဏ္ဏိတဆရာတော်တို့က ကမ္မ၀ါဆရာတော်များ ဖြစ်ကြသည်၊၊

သူသည် မဟာစည်ဆရာတော်ကြီးနှင့် မဟာစည်တရားနည်းပြနှ စာချဆရာတော်များအထံတွင် တရား အားထုပ်သည့်အပြင် ပါဠိစာပေများကိုလည်း နှစ်နှစ်ခန့်မျှ ကြိုးစားသင်ယူခဲ့ပါသည်၊၊ မစ်တာဘွန်းအန်၏ ရဟန်းဘွဲ့အမည်မှာ အရှင်ဇိနရက္ခိတဟူ၍ ဖြစ်သည်၊၊ မြတ်စွာဘုရားရှင်က စောင့်ရှောက်သူဟု အဓိပ္ပါယ်ရသည်၊၊ မဟာစည်ဆရာတော်ကြီးသည် ပိဋကတ်စာပေအပြင် အခြားအထွေထွေစာပေ များကိုလည်း နှံ့စပ်သူဖြစ်ရကား အင်ဒိုရဟန်းတော် အရှင်ဇိနရက္ခိတအား ဗုဒ္ဓ၏ လိုရင်းအဓိကျသော သုတ် အဘိဓမ္မာ ၀ိနည်းတို့ပါဝင်သည့် ပါဠိစာပေတို့ကို နှစ်နှစ်အတွင်း နှံ့စပ်အောင် သင်ကြားပေးခဲ့သည်၊၊ အင်ဒိုနီးရှားနိုင်ငံတွင် ရှေးယခင်က ဗုဒ္ဓသာသနာတော် နေရောင် လရောင် ပမာထွန်းကားခဲ့ပုံများကိုလည်း မဟာစည်ဆရာတော် ကြ၀ါဒတစ်ရပ်အနေဖြင့် သင်ကြား ပြောပြခဲ့လိမ့်မည်မှာ မလွဲချေ၊၊

အင်ဒိုနီးရှားရဟန်းတော် အရှင်ဇိနရက္ခိတသည် မဟာစည်သာနာ့ရိပ်သာတွင် နှစ်နှစ်နီးနီးမျှ တရား အားထုပ် စာပေများသင်ကြားပြီးသောအခါ ဤမျှအေးချမ်းစစ်မှန်သည့် မြတ်ဗုဒ္ဓ၏ တရားတော်များ အင်ဒိုကျွန်းများမှ ကွယ်ပြောက်ခဲ့ရသည်ကို ရင်နာမဆုံးဖြစ်လာခဲ့သည်၊ ထို့ကြောင့် အရှင်ဇိနရက္ခိတ သည် အင်ဒိုမြေမှ ကွယ်ပြောက်ခဲ့ပြီးသော ဗုဒ္ဓသာသနာတော်ကို တဖန်အသက် သွင်းလိုသော ဆန္ဒ များတ ဖွားဖွားဖြစ်ပေါ်လာသည်၊၊ သူသည် မဟာစည်ဆရာတော်အထံတွင် သာသနာပြုရဟန်းတပါး၌ ပြည့်စုံသင့်သည့် အရည်အခြင်းများကို ပြည့်စုံအောင် သင်ကြား ဖြည့်ဆည်းပြီး မိခင်နိုင်ငံဖြစ်သည့် အင်ဒိုနီး ရှားနိုင်ငံသို့ ရဟန်းဝတ်ဖြင့်ပင် ရဲဝံ့စွာပြန်လာခဲ့သည်၊၊

အရှင်ဇိနရက္ခိတ၏ သာသနာပြုခရီးမှာ ပန်းခင်းလမ်းလျောက်ရသလို ဖြောင့်ဖြူးခဲ့သည်ကား မဟုက်ပါ၊ အကြောင်းမှာ မွတ်စလင်အစိုးရတို့ အုပ်ချုပ်သောအင်ဒိုမြေသို့ ရဟန်းအသွင်ဖြင့် သင်္ကန်းဝတ်ထား သည့် အရှင်ဇိနရက္ခိတအတွက် နေရာမရှိတော့ခြင်းဖြစ်သည်၊၊ သူ၏မိသားစု ဆွေမျိုးများသည်ပင် မူစ လင်ဘာသာဝင်များ ဖြစ်နေရကား ဗုဒ္ဓဘာသာသို့ကူးပြောင်းရုံမျှမကဘဲ ရဟန်းပါဝတ်ပြီးသော ရဟန်း တော်ဘွန်းအန်ကို မူစလင်ဘာသာအလိုအရ မိစ္ဆာဒိဌိစာရင်းသွင်းလိုက်ကြတော့သည်၊၊ နေစရာ နေရာ ပေးဖို့မဆိုထားနှင့် အိမ်ရိပ်နင်းသည်ကိုပင် အမင်္ဂလာဟုပြောဆိုကြလေသည်၊၊
မိခင် အင်ဒိုမြေတွင် နေစရာ နေရာမရှိတော့သော ရဟန်းတော်ဘွန်းအန်သည် အင်ဒိုကျွန်းများနှင့် များစွာမဝေးသည့် မာလာယုကျွန်း(စင်္ကာပူ)တွင် ရဟန်းဘ၀အတွက် နေရာအသစ်ကို ရှာဖွေခဲ့ရသည်၊၊ အင်ဒိုနီးရှားသည် စင်္ကာပူမှ တောင်ဘက်မိုင်(၅၂၅)သာဝေးသည်၊၊ ထိုအချိန်က စင်္ကာပူတွင် သီရိလင်္ကာဆရာတော် ဘိက္ခုနာရဒ၊ အာနန္ဒာမေတ္တိယ၊ အရှင်ပိယဒဿိ စသည့် အကျော် အမော်ဆ ရာတော်များ နေထိုင်ကြလေသည်၊၊ ထိုသီရိလင်္ကာဆရာတော်များက အင်ဒိုပြည်ဖွား မြန်မာရဟန်း တော် အရှင်ဇိနရက္ခိတကို လိုအပ်နေသေးသည့် ဗုဒ္ဓစာပေများ၊ တရားအားထုပ်နည်းများကို သင်ကြား ပေးရုံမျှမက၊ ဘာသာခြားတို့အား ဗုဒ္ဓသာသနာသို့ ယုံကြည်လာအောင် သင်ပြဟောပြောနည်းများကို သင်ပေးခြင်း၊ သာသနာ့ညီအကိုတော်များအဖြစ်ဖြင့် အတူအကွနေထိုင်ခွင့်များကို စေတနာ သဒ္ဓါအား ကောင်းကောင်းဖြင့် ခွင့်ပြုခဲ့ကြလေသည်၊၊

အရှင်ဇိနရက္ခိတသည် မာလာယုကျွန်း သီဟိုဠ်ဆရာတော်များအထံတွင် တရားအားထုပ် စာပေသင် ကြားနေရင်း မိခင်အင်ဒိုကျွန်းများသို့ မကြာခဏသွားရောက်ပြီး သူ၏မိသားစု၊ မိဘဆွေမျိုးများမှ စ တင်ပြီး ဗုဒ္ဓတရားတော်များကို ဟောပြောသင်ပြခဲ့သည်၊၊ တစတစ သူ၏မိသားစု၊ မိဘဆွေမျိုးများမှ စတင်ပြီး ဗုဒ္ဓတရားတော်ကို ယုံကြည်လာကာ၊ ငါးနှစ်သက်တမ်းသို့ရောက်သောအခါ အင်ဒိုမြေပေါ် တွင် ဗုဒ္ဓဘာသာသို့ ယုံကြည်သူနှင့် ဗုဒ္ဓဘာသာသို့ပြောင်းလာသူ အရေအတွက် (၆၀၀)ကျော်လာခဲ့ သည်၊၊
ဗုဒ္ဓဘာသာသို့မပြောင်းသေးသော်လည်း ဗုဒ္ဓဘာသာကိုယုံကြည်လာသူ အရေအတွက်မှာ ထို့ထက်ပင်များသည်၊၊ အင်ဒိုဗုဒ္ဓဘာသာဝင် အသစ်များက အရှင်ဇိနရက္ခိတ၏ မြန်မာပြည်မှ ဆရာအရင်းများကို တွေ့ဖူးချင်ကြကြောင်းနှင့် အင်ဒိုမြေပေါ်တွင် ဒီထက်မက သာသနာအခြေချလို ကြကြောင်း အရှင်ဇိနရက္ခိတအား လျောက်ထားကြလေသည်၊၊

အရှင်ဇိနရက္ခိတနှင့် သူ၏ဗုဒ္ဓဘာသာဝင် အသစ်စက်စက် ဒါယကာ ဒါယိကာမများဆွေးနွေးတိုင်ပင်ပြီး မြန်မာနိုင်ငံ သာသနာရေးဌာနသို့ အင်ဒိုနီးရှားနိုင်ငံသို့သင့်တော်သည့် သံဃာတပါးပါးကြွရောက် သာသနာပြုရန် ပင့်လျောက်လိုက်ကြလေသည်၊၊ သာသနာရေးဌာနမှ အင်ဒိုနီးရှားသို့ကြွရောက် သာသနာပြုရန် မဟာစည်ဆရာတော်ကြီးအား တာဝန်ပေးလိုက်သည်၊၊ ဆရာတော်ကြီးအနေဖြင့် လည်း တပည့်အရင်းဖြစ်သည့် အရှင်ဇိနရက္ခိတအားချီးမြှောက်လိုသောကြောင့် အင်ဒိုနီးရှားသို့ကြွ ရောက် သာသနာပြုရန်သဘောတူခဲ့သည်၊၊
မဟာစည်ဆရတော်သည် (၁၃၂၁)ခု၊ ကဆုန်လဆန်း(၈)ရက်၊(၁၄.၅.၅၉) ကြာသာပတေးနေ့ ည(၈.၂၅)အချိန်တွင် မြန်မာပြည် ရန်ကုန်လေဆိပ်မှ စင်္ကာပူနိုင်ငံသို့ ဘီအိုစီလေယဉ်ဖြင့် ထွက်ခွာခဲ့ သည်၊၊ အင်္ဂလိပ်စာ အခက်ခဲရှိသော ဆရာတော်အား ဦးစိန်ဝှက်မှ စင်္ကာပူလေကြောင်းတလျောက် ကူညီပံ့ပိုးခဲ့ပါသည်၊၊ စင်္ကာပူသို့ ညပိုင်း(၁၂.၅)ရောက်သည်၊၊ စင်္ကာပူတွင် တစ်ညမျှကျိန်းစက်ပြီး နောက်နေ့နံနက်(၁၀)နာရီတွင် စင်္ကာပူမှ အင်ဒိုနီးရှားနိုင်ငံသို့ လေယဉ်ဖြင့် ခရီးဆက်သည်၊၊ နေ့(၁)နာရီတွင် ဂျာဗားကျွန်း ဂျကာတာလေဆိပ်သို့ ရောက်သည်၊ ဆရာတော်သည် အင်ဒိုနီးရှားတွင် ၁၃၂၁ခု၊ ကဆုန်လဆန်း(၈)ရက်မှ၊ ၁၃၂၁ခု၊ နယုန်လဆုပ်၁၀ရက်အထိ သီတင်းသုံးပြီး သာသနာပြုခဲ့သည်၊၊ ဆရာတော်၏ အင်ဒိုနီးရှားတွင် နေစဉ်အတွင်း သိမ်သမုတ်ခြင်း ရှင်နှစ်ပါးပြုပေးခြင်း ရဟန်းတပါးခံပေးခြင်း၊စသည့် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်၊၊ တရားပွဲ(၄၀)ကျော်ခန့်ကိုလည်း ဘာသာပြန်အကူအညီဖြင့် ဟောပြောခဲ့ပါသည်၊၊ ယ္ခုလက်ရှိ အင်ဒိုနီးရှားတွင် တွေ့မြင်နေရသော ဗုဒ္ဓဘာသာနှင့် သာသနာမှ အရှင်ဇိနရက္ခိတနှင့် မဟာစည်ဆရာတော်တို့မှ ဆင်းသက်ခဲ့သော သာသနာဖြစ်ကြောင်း ရိုးသားစွာဝန်ခံရပေမည်၊၊

ဦးဘွန်းအန်တစ်ဦးတည်းမှ စခဲ့သော အင်ဒိုနီးရှားသာသနာသည် ယ္ခုဆိုလျင် လူပေါင်းသန်းနှင့်ချီ၍ ဗုဒ္ဓဘာသာ သာသနာတော်သို့ရောက်ခဲ့ကြပြီ ဖြစ်သည်၊၊ ရဟန်း သာမဏေပေါင်းလည်း ရာဂဏန်းအ ထိရှိပြီဖြစ်ကြောင်း ကြားသိရသည်၊၊ အရှင်ဇိနရက္ခိတမှ စခဲ့သောအင်ဒိုနီးရှားသာသနာသည် (၁၀.၁၀.၂၀၁၀)တွင် အထွဋ်အထိပ်သို့ရောက်သည်ဟု ဆိုနိုင်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် သူ၏ တပည့်အစဉ်ဆက်မှ ဆင်းသက်လာသော ဂျပန်လူမျိုးဗုဒ္ဓဘာသာ မစ်တာ တွန်ဂါရီယိုဂျို အန်ကာဆာ မိသားစုမှ အမြင့်ပေ(၁၇၀)ရှိ ရွှေတိဂုံစေတီတော်ပုံစံတူကို အင်ဒိုမြေ၊ မီဒန်ပြည်နယ်၊ ဘရာစတာဂီမြို့တွင် တည်ဆောက် လှုဒါန်းခဲ့သောကြောင့် ဖြစ်သည်၊၊ ထိုရွှေတိဂုံစေတီတော် အနေကဇာတင်ပွဲသို့ မြန်မာနိုင်ငံမှ သံဃာတော် (၆၀၀)ကျော်ကြွရောက်ခဲ့ကြောင်းလည်း မှတ်တမ်း များတွင် သိရပါသည်၊၊

“အလင်း စက်” စာဖတ်ပရိသတ်သို့ ဗောရောဗုဒေါစေတီတော် သမိုင်းနှင့် အင်ဒိုဗုဒ္ဓသာသနာအ ကြောင်း အရှင်တင်ပြခဲ့သည်မှာ ဤမျှဆိုလျင် အတန်အသင့်ပြည့်စုံပြီဟု ယူဆပါသည်၊၊ စိတ်ဝင်စား သူများအနေဖြင့် အင်တာနက်မှာဖြစ်စေ၊ စာအုပ်စာတမ်းများတွင်ဖြစ်စေ ဆက်လက်လေ့လာကြ ရန်ဖြစ်ပါသည်၊၊ အရှင့်အနေဖြင့် ၀က်ဆိုက်များတွင် အတင်နည်းနေသေးသည့် အကြောင်းအရာတ ရပ်ကို အင်တာနက်စာဖတ်သူများသို့ တင်ပြပေးခြင်း ဖြစ်ပါသည်၊၊ လုံးဝပြည့်စုံသည်ဟုလည်း မဆိုနိုင် ပါ၊၊ အရှင် ဤစာတမ်းကိုရေးသားရန် အချက်လက်လိုချင်၍ လေ့လာသောအခါ အင်တာနက်တွင် မြန်မာလိုရေးသားထားသည့် အချက်အလက် မရှိသလောက် ရှားသည်ကို သိလိုက်ရသည်၊၊ အရှင် တင်ပြသော ယ္ခုစာတမ်းသည် ထိုလိုအပ်ချက်ကို ဖြည့်စွတ်ရာလည်း ရောက်မည်ဖြစ်ပါသည်၊၊ အရှင် ဤစာတမ်းကိုရေးသားရာတွင် မဟာစည်ဆရာတော်ဘုရားကြီး၏ အင်ဒိုနီးရှား သာသနာပြုမှတ် တမ်းစာအုပ်နှင့် အင်္ဂလိပ်လိုရေးသားသည့် A study of Burobudur in Indonesia စာတမ်း၊အခြား ပါးစပ်ရာဇ၀င်များကိုအခြေ ပြုပြီး ရေးသားပါကြောင်း ရိုးသားစွာ ၀န်ခံလိုပါသည်၊၊

ယ္ခုစာတမ်းတွင် စာဖတ်သူများအတွက် ဗုဒ္ဓဘာသာ သမိုင်းဗဟုသုတနှင့် ဘာသာရေးအမြင်၊ လူမျိုးရေး အမြင်များအပြင်၊ ဗုဒ္ဓအနုပညာဆိုင်ရာ ဗဟုသုတများကိုလည်း ရနိုင်မည်ဟု ယုံကြည်မိပါသည်၊၊ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓစေတီတော်တစ်ဆူအကြောင်းကို သိခွင့်ရပြီး၊ သွားရောက်ပြီး လေ့လာဖူးမျှော် ကြည်ညိုနိုင်မည်ဆိုရင် ပို၍ကျေးဇူးများမည် ဖြစ်ပါသည်၊၊ စေတီတော်ကြီးကို ဖူးမျှော်ကြည်ညိုရင်း ရှေးခေတ် ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာတရား လေးနက်မှု၊ အနုပညာစွမ်းရည်၊ လက်မှုပညာ တိုးတက်မှု၊ လုပ်အားစွမ်းရည်များကို လေ့လာရမည် ဖြစ်သည်၊ စက်မှုမထွန်းကားသေးသည့် နှစ်ပေါင်း (၁၅၀၀)ခန့်က တည်ဆောက်ခဲ့သည့် စေတီတော်ကြီး၏ ခမ်းနားထည်ဝါမှုကိုလည်း အံ့သြဘနန်း တွေ့ ရမည် ဖြစ်ပါသည်၊၊ မီးတောင်များမှဖြစ်သော ကျောက်သားတို့ဖြင့်တည်ဆောက်ထားသည့် ဗောရော ဗုဒေါ စေတီတော်ကြီး အကြောင်းကို လေ့လာခွင့် မှတ်သားခွင့်ရသော “အလင်း စက်”စာဖတ်သူများ မိမိတို့လက်ထက်တွင် ဗုဒ္ဓဘာသာနှင့် သာသနာတော်ကို ရှေးခေတ်ဗုဒ္ဓဘာသာဝင်တို့ထက် အောက်မ ကျစေဘဲ ထောက်ပံ့အားပေးနိုင်ကြပါစေလို့ တိုက်တွန်းရင်း စာတမ်းကို အဆုံးသတ်လိုက်ပါတယ်၊၊

အရှင်ကေ၀လ(အလင်း စက်)
(၁၉.၁၁.၂၀၁၀)
(မှတ်ချက်/
ဗုဒသာနိကပထ၀ီဝင် (တောင်ပေါက်ဆရာတော်)၊ မဟာစည်ဆရာတော် အင်ဒိုနီးရှား သာသနာပြုမှတ်တမ်းနှင့် အခြားအင်တာနက်မှတ် တမ်းများ၊ ဗောရောဗုဒေါစေတီတော်ကြီး UNESCO မှတ်တမ်းများကို ကိုးကား၍ ဤစာတမ်းကို ရေးသားပါသည်၊၊)

0 comments

Read more...

ဒိဗ္ဗစက္ခု အဘိညာဉ်၏ တန်ခိုးစွမ်းအင် အဘယ်မျှ ရှိသနည်း

ဒကာ။ ။ အလောင်းတော်မြတ်ဟာ မဇ္ဈိမယံ၌ ဒိဗ္ဗစက္ခု အဘိညာဉ်ကို ရတော်မူပြီးသောအခါ ထိုအဘိညာဉ်မှ ဆင့်ကဲဆင့်ကဲ ထူးခြားသော အဘိညာဉ်တွေ တက်တက်ပြီး သဗ္ဗညု ဗုဒ္ဓအဖြစ်ကို ရယူနိုင်တာလို့ ဟောပြောနေကြတာ ဟုတ်ရဲ့လား ဆရာတော်၊ ဒိဗ္ဗစက္ခုအဘိညာဉ်ရဲ့ တန်ခိုးစွမ်းအင်များကို သိပါရစေ ဘုရား။
ဆရာ။ ။ အင်း… ဒိဗ္ဗစက္ခုအဘိညာဉ်၊ သို့မဟုတ် ဒိဗ္ဗစက္ခုဝိဇ္ဇာဉာဏ်ကိုပင် (၁) စုတူပပါတဉာဏ် (၂) ယထာကမ္မူပဂဉာဏ် (၃) အနာဂတံသဉာဏ် လို့လည်း ခေါ်နိုင်သေးတယ်။ အဲဒီ ဉာဏ်သုံးပါးဟာ ဒိဗ္ဗစက္ခုဉာဏ်နဲ့ အတူတူပဲ၊ အဲဒါ ဒိဗ္ဗစက္ခုအဘိညာဉ်ရဲ့ တန်ခိုးစွမ်းအင်တွေပဲ၊ ဒီ ဒိဗ္ဗစက္ခုစွမ်းအင်ကို ဥပါသကာ ကဏ္ဍမှာ အကျယ်ဖြေဆိုခဲ့ဖူးပြီလို့ မှတ်ထင်တယ်။
ဒကာ။ ။ ဒကာကြီးတို့ နားရှင်းအောင် တပါးစီရဲ့ အနက်အဓိပ္ပာယ်များကို တိုတိုနဲ့ လင်းပြပါဦး ဆရာတော်၊ ဒီပဥှာကို မမေးရသေးပါဘူး။
ဆရာ။ ။ အင်း… ဒိဗ္ဗစက္ခုဆိုတဲ့ အသိဉာဏ်မြင်ဟာ မဂ် ဖိုလ် နိဗ္ဗာန် မှတပါး လောကီတရားစုအားလုံးကို သိချင်ရင် သိမြင်နိုင်တဲ့ စွမ်းအင်တန်ခိုးရှိတယ်။
(၁) ယင်း ဒိဗ္ဗစက္ခုဉာဏ်ဖြင့် စုတေခါနီးသတ္တ၀ါကိုလည်း သိနိုင်တယ်၊ ပဋိသန္ဓေနေပြီးကာစ သတ္တ၀ါကိုလည်း သိနိုင်တယ်၊ မျိုးရိုးဇာတိဂုဏ်ကိုလည်း သိနိုင်တယ်။ ရုပ်အဆင်း လှ, မလှ နဲ့ အထက်တန်းစားဘ၀ အောက်တန်းစားဘ၀၌ ဖြစ်ရပုံတို့ကိုပါ စုံလင်စွာ သိနိုင်တယ်၊ အဲဒါကို စူတုပပါတဉာဏ်လို့ ခေါ်တယ်။
(၂) ယင်း ဒိဗ္ဗစက္ခုဉာဏ်ဖြင့်ပင် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကယ် အပါယ်လေးပါးသားတို့၏ ဒုက္ခမျိုးစုံ ခံစားနေရပုံ တို့ကို မြင်သိရတဲ့အခါမှာ သူတို့သည် ဘယ်ကံတွေကို ပြုလုပ်ကြသောကြောင့် သို့ကလောက် ကြောက်စရာ ဆင်းရဲပင်ပမ်းစွာသော ဒုက္ခကြီးတွေကို ရယူခံစားကြရကုန်သနည်း ဟု စိတ်ညွတ်ဆင်ခြင်တော်မူတဲ့အခါ ယင်းတို့ပြုလုပ်လာကြတဲ့ အကုသိုလ်ကံမျိုးစုံကို သိမြင်တော်မူလာတယ်၊ အဲဒါကိုပင် ယထာကမ္မူပဂဉာဏ် လို့ခေါ်တယ်။
ထို့အတူပဲ လူ, နတ်, ဗြဟ္မာ ဘုံစားတို့၏ ချမ်းသာမျိုးစုံ ခံ, စံ နေကြပုံတို့ကို သိမြင်ရတဲ့အခါ ယင်းတို့သည် ဘယ်ကံတွေ ပြုလုပ်ခဲ့ကြလို့ သို့ကလောက် ချမ်းသာရတာလဲလို့ ဆင်ခြင်တော်မူလိုက်တဲ့အခါ သူတို့ ပြုလုပ်ခဲ့ကြတဲ့ ကာမာဝစရ ကုသိုလ်ကံတွေ၊ ရူပါဝစရ ကုသိုလ်ကံတွေ၊ အရူပါဝစရ ကုသိုလ်ကံတွေ မြင်သိရပြန်တယ်၊ အဲဒီလို ကုသိုလ်ကံတွေကို တွေ့မြင်တော်မူတာကိုပင် ယထာကမ္မူပဂဉာဏ် လို့ခေါ်တယ်။
(၃) အနာဂတံသဉာဏ်ဆိုတာက လက်ရှိ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်ပင် သုခိတ သတ္တ၀ါ, ဒုက္ခိတ သတ္တ၀ါတို့၏ ပြုလုပ်ပြီး ပြုလုပ်နေဆဲ ကုသိုလ်ကံ, အကုသိုလ်ကံ တို့ကို အကြောင်းခံပြီး ကြည့်ရှုဆင်ခြင်တော်မူလိုက်သောအခါ ဤပုဂ္ဂိုလ်ကား သုစရိတဓမ္မကုသိုလ်ကံတွေ အလွန်များသူဖြစ်သည်၊ ထိုထို ကုသိုလ်ကံတွေ၏ စွမ်းအင်ကြောင့် လူ့ရပ်, နတ်ရွာ, ဗြဟ္မာ နှစ်ဆယ် သုဂတိဘုံနယ်တို့၌ ဘ၀ပဋိသန္ဓေ ကပ်ရောက်ကာ ချမ်းသာကြတော့အံ့ ဟု သိတော်မူတဲ့ ဉာဏ်ကိုပင် အနာဂတံသဉာဏ် လို့ခေါ်တယ်။
ထို့အတူပဲ ဤသတ္တ၀ါကား ရှေးရှေးသော ဘ၀များစွာက ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက် အကုသိုလ်ကံတွေကိုသာ များစွာ ပြုခဲ့ချေသည်၊ မိစ္ဆာအယူဖြင့်သာ အမှားမှားကံတွေ ကိုယ်တိုင်လည်းပြုလုပ်ခဲ့ချေသည်၊ သူတပါးကိုလည်း ပြုမှားစေခဲ့လေသည်၊ ယင်း သတ္တ၀ါကား သေသည်၏ အခြားမဲ့၌ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကယ် အပါယ်လေးပါးလျှင် လားရာရှိ၏ဟု သိတော်မူတဲ့ဉာဏ်ကို အနာဂတံသဉာဏ် လို့ ခေါ်ဆိုတယ်။
အဲဒါ့ကြောင့် စုတူပပါတဉာဏ်တို့ ယထာကမ္မူပဂဉာဏ်တို့ အနာဂတံသဉာဏ်တို့ဟာ ဒိဗ္ဗစက္ခုအဘိညာဉ်က ဆက်စပ် ဖြစ်ပေါ်လာကြတဲ့ ဉာဏ်တော်မြတ်တွေသာ ဖြစ်လို့ ဒိဗ္ဗစက္ခုအဘိညာဉ်၏ တန်ခိုးစွမ်းအင်တွေပဲလို့သာ သိပေတော့။
အဲဒီ ဒိဗ္ဗစက္ခုဉာဏ်အရင်းခံပြီးတော့ အလောင်းတော်မြတ်၏ သန္တာန်၌ သတ္တ၀ါတို့၏ စုတိ, ပဋိသန္ဓေ ကို မသိအောင် ပိတ်ဖုံးထားလို့ အ၀ိဇ္ဇာခေါ်တဲ့ မောဟဓာတ်ကို ပယ်ဖြတ်ပစ်လိုက်တယ်။
ယင်း ဒိဗ္ဗစက္ခုအဘိညာဉ်ကို အရင်းခံပြီးတော့လည်း ယထာကမ္မူပဂအဘိညာဉ်နဲ့ သတ္တ၀ါတို့၏ ပြုလုပ်ခဲ့တဲ့ ရှေးအတိတ်ကံ အကြောင်းမှန်ကို သိမြင်တော်မူသောကြောင့်လည်း ယုံမှားခြင်း တဆယ့်ခြောက်ပါးကို လွန်မြောက်တော်မူသောကြောင့် ကင်္ခါဝိတရဏ အပိုင်း အခန်းကိုလည်း ရောက်ဆိုက်တော်မူသွားတယ်။
ဒီဉာဏ်တွေဟာ အာသ၀က္ခယဉာဏ်နဲ့ သဗ္ဗညုတဉာဏ်တော်မြတ်သို့ ရောက်အောင် အခြေခံ လမ်းခင်းပေးလိုက်တဲ့ ဥပနိဿယ သတ္တိတွေပဲ ဖြစ်တယ်၊ အဲဒါ့ကြောင့် ဒိဗ္ဗစက္ခုအဘိညာဉ် ရထားတဲ့ ပုဂ္ဂိုလ်ဟာ ယင်းဉာဏ်ကို အသုံးချတတ်ရင် “ လောကကြီးမှာ ကိုယ်ဖြစ်ချင်ရာ ဖြစ်စတမ်းပဲ” ဟူသော စွမ်းအင်သတ္တိနဲ့ အဓိပတိဗိုလ်တွေဟာ ရဲထွက် လာတော့တာပဲလို့သာ မှတ်ပေတော့တဲ့၊ ကဲ….အဲဒါဟာ ဒကာကြီးတို့ နားရှင်းအောင် တိုတိုနဲ့ လင်းပေးလိုက်တာပဲ၊ အဲဒါမှ မရှင်းသေးရင် ဒါထက်လင်းပေးနိုင်တဲ့ အဂ္ဂမဟာပဏ္ဍိ ဆရာသမားကြီးများထံ သွားမေးကြပေတော့။
ဒကာ။ ။ ဒီလို ဒိဗ္ဗစက္ခုအဘိညာဉ်၏ တန်ခိုးစွမ်းအင်တွေကို တိုတိုနဲ့ ရှင်းလင်းအောင် သိရလို့ ၀မ်းသာမဆုံးပါ ဆရာတော်၊ တခြားဆရာတွေလည်း ရှာနေစရာမလို တော့ပါဘူး ဘုရား။

Read more...

သင်ကိုယ်တိုင် စီစဉ်ခဲ့တဲ့ ကတိပေးပြီးတဲ့အလုပ်ကို သင် ကတိတည်ပါ

သူတော်စင်များနဲ့ ဂုရုများရဲ့ဘ၀များကို အကျွန်ုပ်တို့ ကြည့်ရှု့မယ်ဆိုယင် သူတို့ရဲ့အောင်မြင်မှုများအတွက် အတိမ်းအစောင်းမခံတဲ့ ဓလေ့စရိုက်တစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ကို ကွာခြားသွားစေ သာလွန်သွားစေတဲ့ ဓလေ့စရိုက်ကတော့ သူတို့ဘ၀ရဲ့ရည်မှန်းချက်များအတွက် လုံ့လ၀ီရိယရှိတဲ့ ကတိပေးပြီးတဲ့အလုပ်၊ ကတိက၀တ်၊ ဒါမှမဟုတ် သစ္စာစောင့်သိခြင်း တစ်ခုပဲ ဖြစ်ပါတယ်။

အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဟာ မိုးရွာရွာနေပူပူ ဒေါင်ကျကျပြားကျကျ သင်ရဲ့ရည်မှန်းချက်ကို မစွန့်ဘဲ စွဲမြဲစွာ ဆုပ်ကိုင်ထားဖို့ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရည်မှန်းချက်အတွက်ဖြစ်စေ လောကီအောင်မြင်မှုအတွက်ဖြစ်စေ ရရှိဖို့ ဒါဟာ အမှန်တရားပဲ ဖြစ်ပါတယ်။

အားကစား၊ သိပ္ပံ ဒါမှမဟုတ် ၀ိဇ္ဇာနယ်ပယ်များမှာ လောကီပန်းတိုင်ကို ရရှိခဲ့တဲ့သူများတောင်မှ သူတို့ကတိ ပေးပြီးတဲ့အလုပ်များမှ တဆင့် ရင်သပ်ရှု့မောဖွယ်ရာများကို ပြီးမြောက်စေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ရာဘင်ဒြာနတ်တဂိုး(Rabindranath Tagore)ရဲ့ဘ၀ဇာတ်ကြောင်းမှ ဖြစ်ရပ်အတိုအထွာတစ်ခုကို ပြောကြည့်ပါရစေ။
သူဟာ သန္တိနိကေတန်(Shantiniketan)ကို တည်ထောင်ခဲ့ပြီး အဲဒီမှာ နေ့စဉ် ကြိုးပမ်းအလုပ်လုပ်ပါတယ်။ တစ်ခါတုန်းက Mahatama Gandhi က သူ့ဆီသို့ ခရီးလှည့်လည်ခဲ့ပါတယ်။ သူဟာ အများပြည်သူလူထုနဲ့ပတ်သက်တဲ့စကားကို ပြောဆိုဖို့ အဲဒီနေရာကို သွားရောက်ခဲ့တာပါ။ အဲဒီနောက် သူတို့နှစ်ယောက်ကို စိတ်ဝင်စားစေတဲ့ ခေါင်းစဉ်များကို ဆွေးနွေးကြခြင်းဖြင့် သူဟာ တဂိုး(Tagore)နဲ့ အချိန်များစွာ အသုံးပြုခဲ့ပါတယ်။ နေ့လည်စာစားပြီးတဲ့နောက် Gandhi က အနားယူဖို့ သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဟိန္ဒူဘာသာဝင်တို့ဆုတောင်းရာနေရာရှိ အလုပ်သမားအချို့ ,Tagore ရဲ့ တပည့်နောက်လိုက်များက သူ့ကို ချဉ်းကပ်ခဲ့ကြပါတယ်။

“ Gandhiji! အကျွန်ုပ်တို့ကို သင် ကူညီနိုင်မလား?” လို့ သူတို့က မေးမြန်းခဲ့ပါတယ်။ “ဘာများပါလဲ?”လို့ Mahatma က ပြန်မေးပါတယ်။ “ အကျွန်ုပ်တို့ဟာ Rabindranath Tagore ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်ကြတယ်”လို့ သူတို့က ရှင်းပြခဲ့ပါတယ်။ “သူဟာ ကျန်းမာရေးကောင်းအောင် ထိန်းထိန်းသိမ်းသိမ်း မနေပါဘူး။ ဆရာဝန်က သူ့ကို အနားယူဖို့ ပြောထားပါတယ်။ ဒါပေမယ့် သူက မလိုက်နာပါဘူး။ နေ့လည်စာ စားပြီးယင် ချက်ချင်းဆိုသလို အလုပ်ကိုပြန်သွားပါတယ်။ ခေတ္တအခိုက်အတံ့မျှ အနားယူတယ်ဆိုတာမရှိပါဘူး။ အကျွန်ုပ်တို့ဟာ သူ့ရဲ့ ကျန်းမာရေး မထိခိုက်မပျက်စေချင်ပါဘူး။”

Gandhi က ပြောပါတယ်။ သူ့ကို အနားယူဖို့ အသင်တို့က အကျွန်ုပ်ကို ပြောစေချင်တာလား? သူတို့က ပြန်လည်ပြောပြကြပါတယ်။ “သူဟာ သင့်ရဲ့အကြံပြုချက်ကို ဆန့်ကျင်ပြီး လုပ်လိမ့်မယ်မဟုတ်ဆိုတာကို အကျွန်ုပ်တို့ သိတယ်။”

Gandhi ဟာ အနည်းငယ် အနားယူပြီးတဲ့နောက် သူဟာ Tagore-ရဲ့ နေထိုင်ရာနေရာကို သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ Tagoreဟာ သူ့ရဲ့အလုပ်မှာ နက်နက်နဲနဲနစ်မြှုပ်ထားတာကို Gandhi က တွေ့ရပါတယ်။ Tagore က မော့ကြည့်တဲ့အခါ အဲဒီမှာ ရပ်နေတဲ့ Gandhi ကို မြင်ပါတယ်။ Tagore က သူ့ကို မေးပါတယ်။ “သင်ဟာ ခပ်စောစောပဲ သင်ရဲ့အနားယူရာကနေ ရောက်လာတယ်ဆိုတော့ သင် သက်သောင့်သက်သာ မရှိလို့လား?”

Gandhi က ပြန်ပြောပါတယ်။ “သင်ဟာ နေ့လည်စားကို စားပြီးတာဖြစ်လို့ အနားယူဖို့ သင့်ကို ပြောရန် လာခဲ့တာပါ။ အဲဒီလိုအနားယူမယ်ဆိုယင် သင့်ရဲ့ကျန်းမာရေးဟာ ပျက်လိမ့်မယ်မဟုတ်။ သင်ဟာ ဒီရက်များမှာ ကျန်းမာရေးကို ထိန်းထိန်းသိမ်းသိမ်းမနေဘူး။”

Tagore က ပြန်လည်လို့ပြောပါတယ်။ “ဘယ်လိုလုပ် အဲဒါကို အကျွန်ုပ်က ပြုလုပ်နိုင်မှာလဲ? သင်နားလည်ဖို့ မှန်တာကို သင့်ကို အကျွန်ုပ် ပြောမယ်။ အကျွန်ုပ် အသက် ၁၂-နှစ်အရွယ်တုန်းက အကြောင်းတစ်ခုခုကြောင့် တစ်နေ့တာအတွင်း ဘယ်အချိန်မဆို အနားမယူဖို့ အဓိဋ္ဌာန်တစ်ခု ရှိခဲ့ပါတယ်။ ယခုအချိန်အထိ အဲဒီအဓိဋ္ဌာန်ကို ထိန်းသိမ်းထားပါတယ်။ အကျွန်ုပ်တို့ဟာ နှစ်ဘယ်လောက်လောက်များ နေထိုင်ရမှာမိုလို့လဲ? အဲဒီအဓိဋ္ဌာန်ကို အကျွန်ုပ် ဘာ့ကြောင့် ချိုးဖောက်ရမှာလဲ?”

Tagore ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ သူ့ပြုထားတဲ့ ကတိက၀တ်က Gandhi ကို လှုပ်ရှားသွားစေပါတယ်။ ၆၇-နှစ်ကြာသည့်တိုင်အောင် Tagore ဟာ ညပိုင်းအချိန်မှတပါး တစ်နေ့လုံး ဘယ်တော့မှ အနားမယူခဲ့ပါဘူး။ သူ့ရဲ့ရည်မှန်းချက်အတွက် သူ့ထားတဲ့ကတိက၀တ်က Gandhi ကို သဘောကျ အထင်ကြီးစေခဲ့ပါတယ်။ အဲဒီနောက် Gandhi က ပြောပါတယ်။ အကျွန်ုပ် သင်ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်ကို ယခု သိပါပြီ။”

Tagore လို ကတိပေးပြီးတဲ့အလုပ်ကို ပြုလုပ်နိုင်တဲ့သူတစ်ဦးတစ်ယောက်က လောကီပန်းတိုင်များ ရရှိပြီးလို့ ပြောင်မြောက်တဲ့အောင်မြင်မှုတွေ ဖန်တီးနိုင်တဲ့အခါ စိတ်ပိုင်းဆိုင်ရာလောကမှာ အကျွန်ုပ်တို့ ဘာတွေ ပြုလုပ်နိုင်မလဲ ဆိုတာကို စဉ်းစားပါ။

သူ့ရဲ့စာရေးသားခြင်းကို Tagore က ပြုလုပ်ခဲ့တဲ့အတိုင်း အလားတူသန္နိဋ္ဌာန်ဆုံးဖြတ်ချက်များနဲ့ အကျွန်ုပ်တို့ရဲ့ ကမ္မဋ္ဌာန်းထိုင်ခြင်းအမှုကို အကျွန်ုပ်တို့ဟာ ဆုံးဖြတ်ပြီး သန္နိဋ္ဌာန်ချပြီးဖြစ်မယ်ဆိုယင် အကျွန်ုပ်တို့ဟာလည်းပဲ အောင်မြင်ပါလိမ့်မယ်။ အကျွန်ုပ်တို့ ရင်ဆိုင်နေရတဲ့ ဆင်းရဲဒုက္ခများက စိတ်ပိုင်းဆိုင်ရာတိုးတက်မှုနဲ့ပတ်သက်လို့ အကျွန်ုပ်တို့ကို လုပ်ကိုင်နိုင်စွမ်းမရှိအောင် ပြုလုပ်ထားတဲ့ အရာများတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ အဲဒီလက်ဆောင်ဟာ အကျွန်ုပ်တို့ အသီးသီး ရရှိနိုင်လို့ ဖြစ်ပါတယ်။

ဒါပေမယ့် အကျွန်ုပ်တို့ဟာ ပေးပြီးတဲ့ကတိကို ချို့တဲ့ကင်းမဲ့နေမယ်ဆိုယင်၊ ကြိုးစားရာမှာ စိတ်မပါတပါ ဟက်ဟက်ပတ်ပတ်မရှိ ဖြစ်နေမယ်ဆိုယင်တော့ မရရှိနိုင်ပါဘူး။ ဒါပေမယ့် နေ့စဉ် ပုံမှန် ကမ္မဋ္ဌာန်းထိုင်လျင် အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရှာဖွေနေတဲ့ တိုးတက်မှုကို တွေ့ရပါလိမ့်မယ်။

အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ကမ္မဋ္ဌာန်းတရားများ ပြည့်စုံကောင်းမွန်လာလေလေ အကျွန်ုပ်တို့အတွင်းမှ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ရင်းမြစ်များက ထိတွေ့ ဆက်စပ်လာလေလေ ဖြစ်ပါတယ်။ ဒီနောက် အကျွန်ုပ်တို့မှာ ချစ်ခြင်းမေတ္တာတွေ များလာလေလေ အခြားသူများက အကျွန်ုပ်တို့ကို ချစ်ခြင်းမေတ္တာတွေ ပိုလာလေလေ ဖြစ်ပါတယ်။
ရှေးက အကျွန်ုပ်တို့ကို ကမောက်ကမဖြစ်စေခဲ့တဲ့အရာဝတ္ထုများဟာ အကျွန်ုပ်တို့အပေါ်မှာ စိုးမိုးခြယ်လှယ်မှုရှိတော့မယ်မဟုတ်ဘူး ဆိုတာကို တွေ့လာရပါလိမ့်မယ်။

ငြိမ်းချမ်းရေးနဲညီညွတ်မှုဟာ အကျွန်ုပ်တို့ရဲ့နှလုံးသားများ၊ နေအိမ်များသို့ ၀င်ရောက်လာပါလိမ့်မယ်။ အကျွန်ုပ်တို့ရဲ့ မိသားစုနဲ့ လူမှု့ဘ၀မှာ ငြိမ်းချမ်းလာပါလိမ့်မယ်။ ကျက်သရေမင်္ဂလာတွေ ပြည့်စုံလာပါလိမ့်မယ်။
အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ကိုယ်တိုင်နဲ့ပတ်သက်တဲ့ သဘောပေါက်သိနားလည်ခြင်းများကို ရိုးသားစွာ စိတ်ဝင်စားလာပါလျင် အမှန်တကယ်ပဲ ပြုလုပ်ဖို့ နည်းလမ်းများ ရနိုင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

Read more...

သာမညဖလ အခါတော်နေ့ (သို့မဟုတ်) သံဃာ့ကျေးဇူး မမေ့ဘူး အထူးပူဇော်မယ်…


တန်ဆောင်မုန်းလပြည့် ဆိုတာကတော့ ထူးခြားမှုတွေမျာစွာ ပြည့်စုံတဲ့ အချိန်အခါ ပါပဲ..။သာမညဖလသုတ္တန်ဒေသနာတော် (ရဟန်းပြုခြင်းအကျိုး)ကိုဟောကြားခဲ့လို့ သာမညဖလအခါတော်နေ့ လို့ သတ်မှတ်ထား ပါတယ်..။ကထိန်သင်္ကန်း ကပ်လှူပွဲ ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ပံ့သကူပစ်ပွဲ ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲ တွေကျင်းပကြတဲ့ ထူးမြတ်တဲ့ အခါသမယဖြစ်နေပါတယ်..။ကြာသင်္ကန်း ရက်လုပ်ပွဲ၊ အသီးတစ်ထောင်၊ အပွင့်တစ်ထောင် ၊ ထမင်းအုပ်တစ်ထောင် ၊ဆီမီးတစ်ထောင် ပူဇော်တဲ့ ထောင်ပြည့်ပွဲတော်လှေကားပွဲတော် (ခေါ်) ရှင်မာလဲပွဲတော် ဆိုတာလည်း ကျင်းပကြပါတယ် လို့ကြားဘူးမှတ်ဘူးခဲ့ပါတယ်..။

ထိုင်းနိုင်ငံမှာ နေစဉ်ကတော့ အဲဒီနေ့ ဆို ဆီမီးများစွာ အလှဆင်လို့ရေကန်ထဲ မျှောစေတဲ့ Loi Krathong လွိုင်ကထုန် ပွဲတော် ကို သူငယ်ချင်းတွေနဲ့အတူ ညဥ့်နက်သည်ထိ ဆင်နွှဲခဲ့ဘူးတာ အမှတ်ရနေခဲ့ပါတယ်..။

အခုတော့ ထူးကဲသောညကာလကို တစ်ဦးတည်း ကျော်ဖြတ်လွန်မြောက်ရမှာဖြစ်တာမို့ ပူဇော် ဆဲ ပဋ္ဌာနပါဠိကို ပဲဆက်လက်ရွတ်ဆိုပူဇော်ဘို့ဆုံးဖြတ်ရင်း တစ်ခါက ကျွန်မရေးသားဘူးတဲ့ ပိုစ့်လေးကို ပြန်လည် တင်ဆက်လိုက်ပါရစေရှင့်..။

***************************************************************

မေမေချစ်သော သားသား နဲ့မီးမီးရေ

က၌ အမြတ်ဆုံး ရတနာ သုံးပါးရှိတဲ့အထဲမှာ တန်ဆောင်မုန်းလပြည့် အချိန်အခါ ကာလ သမယဟာ သံဃာ ရတနာရဲ့ ဂုဏ်ကျေးဇူးကို ပူဇော် ကြတဲ့ အချိန်အခါ ဖြစ်နေပါတယ်နော်။ အဲလို အချိန်မျိုးမှာ မေမေဟာ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ တရား ရိပ်သာမှာ တရားအားထုတ်ဘို့ ရောက်ရှိလို့ နေခဲ့တဲ့ အတွက် ထူးကဲတဲ့ ကံတရားကို ကျေးဇူးတင်နေမိပါတယ်။ ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော်ဘုရားကြီး ကလည်း ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ဘုရားကြီး ရဲ့ ကျေးဇူးကို တုန့်ဆပ် ပူဇော် လိုတဲ့အတွက် မိုးကုတ် မြို့ မင်္ဂလာ တိုက်ဟောင်းမှာ တရားပြသ နေရာမှ တန်ဆောင်မုန်း လပြည့် မတိုင်ခင် နှစ်ရက် အလိုမှာ ပြန်လည် ကြွ ရောက်ခဲ့ပါပြီ။

လာ
တရားစခန်းသိမ်းပွဲ အဖြစ် ဆရာတော် ဘုရားကြီးက မိုးကုတ်မြို့မှ ဝါရင့် မိုးကုတ်ယောဂီများကို ဟောကြားတဲ့ တရားကို မေမေတို့ကို ပြန်လည် ဟောကြားပေးတာနာယူရတော့ မေမေ့မှာ အလွန် ဝမ်းမြောက်ပီတိ ဖြစ်ရပါသေးတယ်။ မေမေတို့ ယောဂီ သီလရှင် များ အားလုံး ပူဇော်ကန်တော့ခွင့် ရရှိခဲ့ တာကတော့မေမေ့ ဘဝမှာ ထူးကဲတဲ့ တိုက်ဆိုင်မှုပါပဲလေ။ မေမေ့ဘဝထဲမှ ကျေးဇူးရှိ ခဲ့ဘူးသော သံဃာ ရတနာ များအားလုံး ကို ပူဇော် ဦးခိုက်တဲ့ အနေနဲ့ သည်စာစုကို ရေးဖြစ်ပါတော့တယ် ကလေးတို့ရေ..။

အခုဆိုရင် မိုးညှင်းသိင်္ဂီကျောင်းတိုက်ရဲ့ ဓမ္မာရုံ ထဲမှာ ပဒေသာပင် လာရောက်လှူ ဒါန်းကြသူများနဲ့ စည်ကားနေတာပေါ့လေ။
မေမေတို့ ငယ်ငယ် ကတော့ တော်တော်လေး ပျော်ခဲ့ဘူးပါတယ်။ တန်ဆောင်တိုင်ပွဲတော် ဆိုရင် ကန်တော့ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန် သင်္ကန်း အလှူ ပွဲတော် မသိုးသင်္ကန်း ယက်လုပ် ပူဇော်ပွဲတော်၊ မဲ ဇလီ ဖူးသုပ် ဝေငှသော ပွဲတော်၊ ကျီးမနိုးပွဲတော် တွေကိုပြုလုပ်ခဲ့ ကြတာရဲ့ အတိတ်ခန္ဓာ အစဉ်တန်းဟာ အခုပြန် တွေး အခု ပြန် ပေါ်လာတော့တာပေါ့။
တန်ဆောင်မုန်း လပြည့်နေ့ကို သာမည ဖလ အခါတော်နေ့ အဖြစ် သတ်မှတ်တာ ကတော့မေမေ အရင် က မပြောပြ ဘူးသေး ပါဘူး။
ဂေါတမ ဘုရားရှင်လက်ထက်တော် အခါက တန်ဆောင်မုန်း လပြည့် ညမှာ အဇာ တသတ် မင်းသား မူးမတ် ပေါင်းစုံလင်စွာဖြင့် ညီလာခံသဘင်ဆင်ယင်ကျင်းပနေပါတယ်။ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးဝကင်း စင်ပပြီး ကြည်နူးသာယာ ဘွယ်ကောင်းတဲ့ တန်ဆောင်မုန်းလပြည့် ညရဲ့ အလှအပကို ကြည့်ပြီး အဇာတသတ် မင်းသားက
၁။ ရမဏီယာ ဝတ= မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။
၂။ အဘိရူပါ ဝတ= အလွန်လှပသော ညပါတကား။
၃။ ဒဿနီယာ ဝတ = ရှုဖွယ်ကောင်းသောညပါတကား။
၎။ ပါသာဒိကာ ဝတ=ကြည်လင် ရွှန်းပသော ညပါတကား။
၅။ လက္ခညာ ဝတ= မေ့မရနိုင်သောညပါတကား။
လို့ စကားငါးခွန်းနဲ့ ချီးမွမ်းတော် မူပါသတဲ့။ အဇာတသတ်မင်းတရားဟာ အဖေကို သတ်မိတဲ့အကုသိုလ်ကံ ကြောင့် အလွန် ကြည်နူးသာယာ ဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း လပြည့်ညရဲ့ အလှအပကို မခံစားနိုင်ပဲ အိပ်စက် မရအောင် ဖြစ်နေပါတယ်။
အဇာတသတ် မင်းသားလေးဟာ ငယ်ရွယ်စဉ် အခါမှာ ဒေဝဒတ် ကိုဆရာတင်မိပြီး အပေါင်းအသင်း မှားတဲ့ အတွက် ဖခင် ဘုရင်ကြီးကို သတ်မိသည်အထိ ဆိုးသွမ်း ခဲ့ဘူးတာ ကလေးတို့ သိပြီးသားဖြစ်မှာပါ။ ပဉ္စာနန္တိယ ကံကြီးထိုက်ပြီးတဲ့ အချိန်က စလို့ အိပ်မပျော်တဲ့ ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။
အဲဒီ ဝေဒနာပျောက်ကင်းအောင် မည်သည့်ဆေး နှင့်မှ ကုစား မရဖြစ်နေခဲ့တာ အမတ်တွေအကြံ ပေးတဲ့အတိုင်း တိတ္ထိ ဆရာကြီး ၆ ယောက် တို့ ထံ သွားရောက်ခဲ့ပါတယ်။ အဇာတသတ် ဘုရင်က သူသိလိုတဲ့ သာမညဖလ (ရဟန်း ပြုခြင်း အကျိုး ) ကိုမေးတဲ့ အခါ မှာ ကျေနပ်လောက်တဲ့အဖြေကို မရတဲ့အတွက် ပြန်လာခဲ့ရပါတယ်။
သမားတော်ကြီး ဇီဝက ကျေးဇူးကြောင့် ဘုရားရှင်ကို ဖူးတွေ့ မေးမြန်းသိရှိပြီးမှ အိပ်စက်လို့ ရသွားပါတော့တယ်။
အဇာတသတ်မင်းတရား ဘုရားရှင်ကို အဖူးအမျှော်သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်း ချိန်ခါ ကလေးပေါ့။ အဲဒီ အချိန်မှာ မြတ်စွာဘုရားဟာ ရာဇဂြိုလ် မြို့အနီး သမားတော် ကြီး ဆရာ ဇီဝက လှူ ဒါန်း ထားတဲ့ သရက် ဥယျာဉ် မှာ သီတင်းသုံးနေတဲ့ အချိန်ဖြစ်နေပါသေးတယ်။ သရက်ဥယျာဉ် ထဲမှာပဲ ဘုရားရှင်ဟာ အဇာတသတ်မင်းကို သာမညဖလ သုတ္တန် ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။
အလွန် သာယာလှပတဲ့ တောတောင်ရိပ်နဲ့ လပြည့်ညမှာ ဟောကြားတဲ့ တရားတော်ဟာ နောင်တ တစ်ဖန် ပူပန်မှုတွေနဲ့ ဆူပွက်လောင်မြိုက်တဲ့ နှလုံးသားကို အေးချမ်းသာယာမှုကို ဆောင်ကျဉ်း ပေးနိုင်ခဲ့တာပေါ့လေ..။
အဲဒီ သာမညဖလသုတ္တန်ဟာ ဒီဃ နိကာယ်၊ သီလက္ခန္ဓ ဝဂ္ဂ ပါဠိတော်မှာ ပါရှိပါတယ်။ ရဟန်းသံဃာတော်တွေ အတွက် ကြေးမုံမှန်တစ်ချပ် သဖွယ်ဖြစ်ပြီး ကိုယ်ကျင့်သီလ ရှိတယ် မရှိဘူးဆိုတာကို ဤသုတ္တန် ဖြင့်ထင်ဟပ်စေနိုင်ပါတယ်။
ရဟန်းပြုခြင်း အကျိုးတွေကို ဟောကြားတဲ့ နေ့ဖြစ်တဲ့အတွက် တန်ဆောင်မုန်း လပြည့်နေ့ကို သံဃာ တော်များနေ့လို့ ခေါ်ဆိုခဲ့တာ ကိုလည်းမှတ်သားထားလိုက်ပါ အုံးနော်။
သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့------
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။
၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။
၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။
အဇာတသတ်မင်းသားဟာ သာမညဖလသုတ္တန် ကိုနာယူလိုက်ရတဲ့အချိန်က စပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ် ကလေးတို့ရေ..။
သူရဲ့ အမှား ကို နောင်တ ဖြစ်ပြီး သတိတရားရလာ ခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် ကို အသက်ပေးပြီး ကြည်ညိုလာ တဲ့သူဖြစ်လာ ပါတယ်။
****မြတ်စွာဘုရား တပည့်တော်သည် မိုက်၍ တွေဝေ၍ မလိမ္မာ၍ အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါပြီ။ တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ( အာဏာ) ဟူသော အကြောင်းကြောင့် တပည့်တော် သတ်မိခဲ့ပါ၏။ ထို တပည့်တော် ၏ အပြစ်ကို နောင် အခါစောင့်စည်းခြင်းငှာ အပြစ်ဟု မြတ်စွာဘုရား ကလက်ခံတော် မူပါဘုရား။**** လို့ ဘုရားရှင်ထံပါး မှာ လျှောက်ထားခဲ့ပါတယ်။
မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။ နောင်အခါ စောင့်စည်း၏။ ထိုသူ၏ ကုစားစောင့်စားခြင်းသည် အရိယာ၏ ဝိနည်း အဆုံး အမ၌ ကြီးပွားခြင်း ပင်တည်းဟု ပြန်လည် မိန့်တော်မူ ပြီးစိတ်သက်သာရာရ စေခဲ့ပါတယ်။
နောက်တော့လည်းသူဟာပထမ သင်္ဂါယနာ တင်ပွဲကြီး ဖြစ်မြောက်အောင် ဒါယကာ အဖြစ်ခံယူ ကူညီခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့ပါတယ်။
ပိဋကတ်တော်များ ကို မပျက် မစီးရအောင် သံင်္ဂါ ယနာ အဆက်ဆက် တင်၍ ယနေ့တိုင်အောင် ထိန်းသိမ်း ထားနိုင်တာတွေ၊ ဓာတ်တော်များကို ရှာဖွေ ပြီး စုဆောင်း ထိန်းသိမ်းထားခဲ့လို့သာ သီရိဓမ္မာသော ကမင်းကြီး ကစေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုနိုင်တာတွေဟာ အဇာတသတ်မင်းသားရဲ့ ကျေးဇူးလို့ နားလည် လက်ခံရမှာပါပဲ ကလေးတို့ရေ..။
အဇာတသတ်မင်း တရား ဘုရားရှင်ကို အဖူးအမျှော် သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်းချိန်ခါ ကလေးပေါ။ နန်းတော်က ဘုရား ကျောင်းဆောင်ကို သွားတဲ့အခါ နန်းမြို့တော် အရှေ့ဘက် တံခါးကထွက် ရလို့ အရှေ့ဘက်ရှိတောင်ရိပ်နဲ့ သစ်ပင် အရိပ်များလူသွားလမ်းပေါ် ကျရောက်နေလို့ မှောင်မဲ နေတာပေါ့လေ..။ ဒါကြောင့် လိုက်ပါသူတွေအားလုံးဟာမီးရှူး မီးတိုင်တွေ အလင်းရောင်တွေ ထွန်းညှိပြီး သွားရောက်ခဲ့တာက အစပြုလို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ဟာ ဘုရားရှင်ကို ပူဇော်ပွဲအလေ့အထ စတင် ဖြစ်တည်ခဲ့ရပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ သာမညဖလ သုတ္တန်ကို နာကြားခဲ့လိုက်တဲ့ အဇာတသတ်မင်းတရား အဘို့ တရားအဆုံးမှာ သောတာပန် တည်နိုင်တာပေါ့။ သူကျူးလွန်ခဲ့တဲ့ ကံက မဂ်ဉာဏ် ဖိုလ် ဉာဏ် ကို တားမြစ်ထားခဲ့တာပေါ့လေ..။ ဒါကို သင်္ခန်းစာယူရပါလိမ့်မယ်။ သည် ဘဝမှာ မဂ်ဉာဏ် မရနိုင်တာကို သိပေမဲ့ အားတော့ မလျှော့ပါဘူး။ ကျေးဇူးတော်ရှင် မြတ်စွာဘုရားကို ကြည်ညိုပြီးသာသနာကို ကြိုးစား စောင့်ရှောက်ခဲ့ပါတယ်။
၁။ အိပ် မပျော်တဲ့ ရောဂါ ဝေဒနာ ငြိမ်းအေးသွားခဲ့ပါတယ်။
၂။ ရတနာသုံးပါးကို နှစ်နှစ် ကာကာ ယုံကြည် လာပါတယ်။
၃။ ပုထုဇဉ်တွေ ထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် အဖြစ်မှတ်တမ်းတင်ခံရပါတယ်။
၎။ အပြစ်ကြီးလေးသော မဟာ အဝီ စိ ငရဲ မှာ မခံစားရတော့ပဲ အပြစ်ပေါ့တဲ့ လောဟ ကုမ္ဘီ ငရဲမှာသာ ခံရ ပါတော့တယ်။
၅။ နောင် အနာဂတ်ကာလမှာ ဝိဇိတာဝီ အမည် ဖြင့် ပစ္စေက ဗုဒ္ဓါ ဖြစ်ပြီး ကျွတ်တမ်းဝင် ရပါလိမ့်မည်။
မေမေ ကတော့ ပိုင်းလော့ဆရာ တော်ဘုရားကြီးသင်ကြားပေးလိုက်တဲ့ လင်္ကာလေးကို အမှတ်ရမိတယ်။
ကိုယ် မိုက်- မိုက်မှန်းသိ --- လူမိုက်ပညာရှိ
ကိုယ်ဆိုး- ဆိုးမှန်းသိ - လူဆိုးပညာရှိ
ဆိုးလျက်နဲ့ပင် တော်သည်ထင် ဆိုးမြဲ ဆိုးမည်ပင်။
ကလေးတို့လည်း အဇာတသတ်မင်းသားကို နမူနာ ယူပြီး သံသရာမှာ ကိုးကွယ် ဆည်းကပ်သင့်တဲ့ ဆရာမှားခဲ့ လို့ရခဲ့တဲ့ ဆိုးကျိုးတွေ အပေါ် သင်္ခန်းစာယူ နိုင်ကြပါစေ။ မေမေတို့ ကို သံသရာ့ချောက်ထဲမကျအောင် လမ်းကြောင်း မှန်ကိုသွန်သင် ဆုံးမသင်ကြားပြသပေးတဲ့ ကျေးဇူးတော်ရှင် သံဃာတော် အပေါင်းကို သာမညဖလ အခါတော်နေ့မှာ ရိုသေလေးမြတ်စွာ ရှိခိုးပူဇော်ကြရအောင်နော်။

(မာဂဓီ-သာစည်ရဲ့ ရာသီပွဲတော် နေ့များစာအုပ်ကို ဖတ်ရှု ကိုးကားရေးသား ပါတယ်။ မာဂဓီ-သာစည် အရှင်မြတ်နှင့်အတူ ကျေးဇူးတော်ရှင် သံဃာတော် အပေါင်းကို ပူဇော် ဦးခိုက်၊ကန်တော့လိုက်ပါတယ်။)

Read more...

Moonlight



*Moonlight*

တပည့်တော်ဟာ အရှင်မြတ်ရဲ့ ရင်သွေးငယ်ပါ
ဒီကမ္ဘာလောကထဲ ခိုဝင်ရောက်လာ
အရှင်မြတ်ရဲ့  ပညာအလင်းနှင့်
မဟာကရုဏာဓာတ် ဖြန့်ကျက်ထားတဲ့ မြတ်နေရာ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
လေးသင်္ချေကမ္ဘာတစ်သိန်း
အတ္တမဲ့ ဖြည့်တင်းခဲ့ ရိက္ခာ
ကိုယ်တော်ရဲ့  ခြေဖမိုး
တပည့်တော်မှာ မြူမှုန်တစ်ပွင့်မျှသာ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
စားဖို့အတွက် အသက်ရှင်သူ
သက်ရှိတစ်ဦးအဖြစ်ထက်ပိုဖို့
ကိုယ်တော်မြတ် လမ်းပြတော်မူပါ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
လောကဓံလက်ကြမ်း ဆုတ်ညှစ်တဲ့အခိုက်မှာ
အရှင့်ရဲ့  ဓမ္မအလင်းဓာတ်
ခန္ဓာတွင်း စီးဝင်ခွင့်ပြုပါ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
ကိုယ်နှင့်ထိစပ် ဒီဝန်းကျင်အတွက်
အတိုင်းအတာတစ်ခုတော့
စွမ်းနိုင်သလောက် ပေးဆပ်ခွင့်ပြုပါ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
နောင်တော်များလျှောက်ခဲ့တဲ့ လမ်းမဟာ
တသွေမတိမ်း
တပည့်တော်လည်း လိုက်လျှောက်ခွင့်ပြုပါ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
ဆုံးဖြတ်ချက်ယိမ်းယိုင်လို့ စိတ်အားနည်းခိုက်မှာ
ဂုဏ်တော်မြတ်နှင့် မေတ္တာဓာတ်က
ဆွဲထူမ ထွေးပွေ့ တော်မူပါ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
ဘုန်းတော်ရှင်က နေမင်းပမာ
စကြာအနန္တ ထွန်းတောက်တဲ့အခိုက်
တပည့်တော်အား လတစ်စင်း ဖြစ်ခွင့်ပေးသနားပါ။

ဘာရယ်လို့တော့မဟုတ်ပါဘူး။ သီချင်းတစ်ပုဒ်နားထောင်ရင်း စိတ်ကူးပေါက်တာနှင့် ထရေးလိုက်တာပါ။ တန်ဆောင်မုန်းလပြည့်နေ့လည်း ဖြစ်နေတာနှင့်။ ကျွန်တော့်ရဲ့  ကဗျာမကျ စာမကျ တန်ဆောင်မုန်းလပြည့် အမှတ်တရပါ။ ဖတ်လို့အဆင်မပြေခဲ့ရင်တော့ ကဗျာက၀ိ ပညာရှိအပေါင်း သည်းခံတော်မူကြပါလို့။

ကျွန်တော်နားထောင်တဲ့ သီချင်းကို နားထောင်ကြည့်ချင်ရင်တော့ အဲဒီမှာ သွားနားထောင်ကြည့်ပါ။ သီချင်းနာမည်က Gekkou တဲ့။ ဆိုတဲ့အဆိုတော်က Chihiro Onitsuka ပါ။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ

Read more...

*ဘယ်ကမ္ဘာကို သွားရပါ့*

၂၁-၁၁-၂၀၁၀
တနင်္ဂနွေနေ့
တန်ဆောင်မုန်းလပြည့်နေ့
Tags: ,

Read more...

*ရတနာမြတ်သုံးပါး အနက်အဓိပ္ပာယ် သိမှတ်ဖွယ်*

11/20/2010 တောသားလေး , Posted in , 0 Comments


ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အများစုသည် ငယ်စဉ်ကတည်းက ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များကို နှုတ်တိုက်ရွက်ဆိုလာကြပါသည်။ ဒါပေမယ့် အများစုသည် တစ်လုံးချင်းစီ၏ ဘာသာပြန် အနှစ်သာရများကို မသိကြသေးဘဲ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဖြစ်သာ ရွက်ဆိုနေကြပါသည်။ အားလုံးကို မဆိုလိုပါ။ တစ်လုံးချင်းစီ၏ အဓိပ္ပာယ်ကို သိပြီး ရွက်ဆိုအာရုံပြုခြင်းသည် ပိုပြီးထိရောက်လှပါသည်။ ထို့ကြောင့် ဓမ္မမိတ်ဆွေ သူတော်ကောင်းအားလုံး သိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်

ဘုရားဂုဏ်တော်ကိုးပါး

၁။ အရဟံ…
၂။ သမ္မာသမ္ဗုဒ္ဓေါ…
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော…
၎။ သုဂတော…
၅။ လောက၀ိဒူ…
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ …
၇။ သတ္ထာဒေ၀မနုဿာနံ…
၈။ ဗုဒ္ဓေါ…
၉။ ဘဂ၀ါ…

၁။ အရဟံ
ကိလေသာတို့မှ ဝေးကွာပြီး ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို မပြုတော်မူသော လူနတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
အလုံးစုံသော တရားတို့ကို မဖောက်မပြန် အမှားမရှိဘဲ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့် (စရဏ) နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
( ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား )
၎။ သုဂတော
ကောင်းသော စကားကိုဆိုတော်မူသော ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တ လောက၊ သြကာသ လောက၊ သင်္ခါရ လောက၊ ဟူသော လောကအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ
ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိအောင် စွမ်းဆောင်နိုင်တော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
နတ်၊ လူ တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါးမှာ-
(၁) မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော က္ကဿရိယ ဘုန်းတော်။
(၂) တစ်ထောင့်ငါးရာ ကိလေသာ ရန်ဆူး ရန်ငြှောင့်တွေကို ပယ်ရှား သုတ်သင်နိုင်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန် လောက္ကုတ္တရာ တရားတို့ကို “ဓမ္မ” ဘုန်းတော်။
(၃) ပြန့်နှံ့ ကျော်စောသော ဂုဏ်သတင်းတို့နှင့် ပြည့်စုံတော်မူသော ယသ ဘုန်းတော်။
(၄) အလွန်ကြီးမားသော ပါရမီရှင်ဖြစ်၍ အလွန်သပ္ပာယ် အတုမရှိ ကျက်သရေနှင့် ပြည့်စုံတော်မူသော သီရီ ဘုန်းတော်။
(၅) အလိုရှိတော်မူလေသမျှ ချက်ချင်း ခဏ ပြည့်စုံတော်မူသော ကာမ ဘုန်းတော်။
(၆) ကြီးမာလှသော လုံ့လ၊ ၀ီရိယတော်တို့နှင့် ပြည့်စုံတော်မူသော ပယတ္တ ဘုန်းတော်။

တရားဂုဏ်တော်ခြောက်ပါး

၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော…
၂။ သန္ဒိဋ္ဌိကော…
၃။ အကာလိကော…
၎။ ဧဟိပဿိကော…
၅။ သြပနေယျိကော…
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ…

၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော
ကောင်းမွန်စွာ ဟောတော်မူအပ်သော ဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားရှင်၏ တရားတော်များသည် ကြားနားရခြင်းတည်းဟူဟော အစ၏ကောင်းခြင်း၊ ကျင့်ကြံ အားထုတ်ခြင်းတည်းဟူသော အလယ်၏ကောင်းခြင်း၊ ကျင့်ပြီးသောအခါ တရားထူးကိုရ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ရခြင်းတည်းဟူသော အဆုံး၏ကောင်းခြင်းများနှင့် ပြည့်စုံတော်မူပါသည်။
၂။ သန္ဒိဋ္ဌိကော
ကိုယ်တိုင် သိမြင်နိုင်တော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်တို့သည် ဟောတော်မူသည့်အတိုင်း ကျင့်ကြံအားထုတ်လျှင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်နိုင်ပါသည်။
၃။ အကာလိကော
အချိန်ဆွဲမနေဘဲ ချက်ချင်း အကျိုးပေးနိုင်သည်ဟု အဓိပ္ပာယ်ရပါသည်။
လောကီ ကုသိုလ် ကံများကဲ့သို့ (၅) ရက်၊ (၇) ရက်၊ တစ်ဘ၀၊ နှစ်ဘ၀ အချိန်ဆွဲမနေဘဲ ပုဂ္ဂိုလ်တစ်ဦး သန္တာန်၌ မဂ်ရအောင် ကမ္မဋ္ဌာန်း အားထုတ်၍ မဂ်ကုသိုလ် စိတ်ဖြစ်လျှင် ချက်ချင်း ဖိုလ်စိတ်တည်းဟူသော အကျိုးကိုပေးနိုင်သော ဂုဏ်ထူးရှိသည်ဟုဆိုလိုပါသည်။
၎။ ဧဟိပဿိကော
မြတ်စွာဘုရားရှင် တရားတော်များသည် အလွန်စင်ကြယ်သန့်ရှင်း၍ အပြစ်ကင်းသည့်အပြင် အမှန်ပင် ထင်ရှားရှိသောကြောင့် “လာပါ၊ ကိုယ်တိုင် သိရအောင် ကျင့်ကြံစမ်းပါ” ဟု အဓိပ္ပာယ်ရပါသည်။
၅။ သြပနေယျိကော
မိမိ စိတ်ထဲတွင် အမြဲတမ်း သိမ်းဆည်းပြီး မဂ်၊ ဖိုလ် တရားများကို အားထုတ်ထိုက်သည်ဟု အဓိပ္ပာယ်ရပါသည်။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ
သစ္စာတရားကို သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော ပညာရှိ သူတော်ကောင်းကြီးတို့သည်သာ အလိုရှိတိုင်း ကိုယ်စီ ကိုယ်င သိအပ် ခံစားအပ် သည်ဟု အဓိပ္ပာယ်ရပါသည်။

သံဃာ့ဂုဏ်တော်ကိုးပါး

၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော…
၅။ အာဟုနေယျော…
၆။ ပါဟုနေယျော…
၇။ ဒက္ခိဏေယျော…
၈။ အဉ္ဇလိကရဏီယျော…
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ…

၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် တရားသဖြင့် ဆုံးမရာ သာသနာတော်နှင့် သင့်လျော်အောင် ထုံးဟောင်း သက်သေပြ၍ ဆုံးမ အပ်သော အဆုံးအမတော်များကို ကောင်းမွန်စွာ ကျင့်ကြံတော်မူ သည်ဟု အဓိပ္ပာယ်ရပါသည်။
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် သူတစ်ပါး အထင်ကြီးအောင် ပစ္စည်း၊ လာဘ်နှင့် ဒကာ၊ ဒကာမ ပေါများအောင် ဟန်ဆောင်မှု ပရိယာယ် မာယာတို့ဖြင့် စဉ်းလဲ ကောက်ကျစ်ခြင်း မရှိဘဲ နိဗ္ဗာန်လမ်းနှင့် ဖြောင့်တန်းအောင် ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် အလွန်ကြီးမား များပြားသော သံသရာဝဋ္ဋ်ကြီး ဒုက္ခမီးတွေကို မြင်ကြပြီးဖြစ်၍ ဒုက္ခမီး၏ အပြီးချုပ်ငြိမ်းရာ် နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် ဒကာ ဒကာမတို့၏ ရိုသေ သမှု ပြစုလှူဒါန်းမှုကို ထိုက်တန်အောင် ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော
ဤစကားတို့သည် သံဃာ ဂုဏ်တော်တို့ကို ပြသော စကားမဟုတ်ဘဲ မဂ်ကိုရလျှင် ချက်ချင်း ဖိုလ်ရသောကြောင့် မဂ်ပုဂ္ဂိုလ်နှင့် ဖိုလ်ပုဂ္ဂိုလ်တို့သည် တစ်ယောက်တည်းသာ ဖြစ်ကြောင်း သိစေတော်မူ လိုရင်းပင်ဖြစ်ပါသည်။
၅။ အာဟုနေယျော
အဝေးမှ ယူဆောင်၍ ပူဇော်အပ်သော ပစ္စည်းကိုလည်း ခံယူထိုက်၏ ဟူသော အဓိပ္ပာယ်ရပါသည်။
၆။ ပါဟုနေယျော
ဧည့်သည် အဖို့ စီမံထားသော ပစ္စည်းကိုလည်း ခံယူထိုက်၏ဟု အဓိပ္ပာယ်ရပါသည်။
၇။ ဒက္ခိဏေယျော
မိမိအတွက် ချမ်းသာဖို့ရန် လှူဒါန်းခြင်းနှင့် သေလွန်သူ မိဘ ဆွေမျိုးများအတွက် ရည်စူးလှူဒါန်းသော အလှူကိုလည်း ခံယူထိုက်၏ဟု အဓိပ္ပာယ်ရပါသည်။
၈။ အဉ္ဇလိကရဏီယျော
အရိယာ သံဃာတော်တို့သည် တစ်လောကလုံးရှိ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ကြည်လင်ရွင်ပျ မြတ်နိုးလှစွာ လက်စုံမိုး၍ ရှိခိုးမှုကိုလည်း ခံယူတော်မူထိုက်ပေသည်ဟု အဓိပ္ပာယ်ရပါသည်။
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ
အရိယာ သံဃာတော်တို့သည် ကုသိုလ်ကောင်းမှုတည်းဟူသော ကောင်းမှု မျိုးစေ့ကို ကြဲချ စိုက်ပျိုးရန် မြတ်သော လယ်ယာမြေကောင်းနှင့် တူတော်မူပေသည်ဟု အဓိပ္ပာယ်ရပါသည်။
ကျွန်တော်ယခုလို ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်အဓိပ္ပာယ်တွေကို ဓမ္မမိတ်ဆွေများအား ပြန်လည် မျှဝေနိုင်ခြင်းဟာ အဖေရဲ့ ကျေးဇူးကြောင့်ဘဲ ဖြစ်ပါတယ်။ ကျွန်တော်အဖေက ကျွန်တော် တိုင်းတစ်ပါးကို လာတော့ ဆရာတော် အရှင်ဇနကဘိဝံသ ရေးသားသော ရတနာ့ဂုဏ်ရည် စာအုပ်ကို ထည့်ပေးလိုက်တယ်။ အဲဒီစာအုပ်က လူတိုင်းလေ့လာ ဖတ်ရှု့ လိုက်နာသင့်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ ယခုလည်း ကျွန်တော် ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်များကို ရတနာ့ဂုဏ်ရည် စာအုပ်ထဲမှ ကောက်နုတ်ပြီး ဓမ္မမိတ်ဆွေများကို သိသာနိုင်ရင် ဖော်ပြ ပေးလိုက်ခြင်းဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ အကျယ် ရှင်းပြထားပါတယ်။ အကျယ်သိချင်ရင်တော့ စာအုပ်ကိုသာ ဖတ်ကြည့်ကြပါခင်ဗျာ။

အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
တောသားလေး

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP