* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, November 19, 2010

အဂျန်တာ လှိုဏ်ဂူတန်းကြီးများ

အဂျန်တာဟုဆိုလိုက်လျှင် ရှေးဟောင်းဗုဒ္ဓဘာသာ ပန်းချီ၊ ပန်းပု အနုပညာဝါသနာပါသူတိုင်း ရင်းရင်း နှီးနှီး သိရှိထားကြပြီးဖြစ်သည်။ အိန္ဒိယပြည်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ကမ္ဘာလှည့်ခရီးသည်တို့ အိန္ဒိယ ပြည်ကို စိတ်ဝင်စားအောင်ဆွဲဆောင်လှုံ့ဆော်သောစကားတစ်ခုရှိသည်။ ထိုစကားမှာ "Incredible India" မယုံကြည်နိုင်လောက်အောင် ထူးဆန်းထွေလာ အံ့သြဖွယ်ရာကောင်းသောအိန္ဒိယဟု အမြဲတမ်းကြွေးကြော် လေ့ရှိပါသည်။ ဟုတ်လည်းဟုတ်လောက်ပါသည်။ လွန်လေပြီးသော နှစ်ပေါင်း (၂၁၀၀)ခန့်က ဗုဒ္ဓဘာသာ ကျောက်ဆစ်အနုပညာ၊ ပန်းချီ၊ ပန်းပု ပညာတို့ဖြင့်ပြည့်စုံကြွယ်ဝသည့် မြင်းခွာသဏ္ဍာန် သို့မဟုတ် အင်္ဂလိပ်အက္ခရာ (U) ပုံ၊ ဗမာအက္ခရာ (ပ) ပုံဟန်ရှိသော ဂူပေါင်း ၃၀ တို့၏ တည်ရာ အဂျန်တာ သို့မဟုတ် အဇန္တာ သို့မဟုတ် အဇ္ဇန္တအမည်ရသော လှိုဏ်ဂူတန်းကြီးများမှာ အိန္ဒိယ၏ သို့မဟုတ် ဗုဒ္ဓသာသနာသမိုင်း ၏ ပြည့်စုံကြွယ်ဝသော ဂုဏ်သိက္ခာအနုပညာဘဏ်တိုက်၊ ရတနာသိုက်ကြီးများသဖွယ်အဖြစ် တည်ရှိနေ သည်ကို တတ်သိနားလည်သော ပညာရှင်သုတေသီ အပေါင်းတို့က တညီတညွတ်တည်း လက်ခံထားခဲ့ကြ သည်။


"နှစ်ပေါင်း(၄၀)တိုင်တိုင် သုတေသနပြု၍ အဂျန်တာအကြောင်း သုတေသန စာအုပ်ရေးသားခဲ့သော အမေရိကန်သုတေသနပညာရှင် Prof Dr. Walter M Spink က "Ajanta: A brief History and Guide" ဟူသော သူ၏စာအုပ်တွင် "The caves had two periods of patronage: an early group was crafted around the 1st and 2nd centuries BC while a second wave of work began centuries later. Spink pinpoints the Vakataka emperor Harisena as a reigning sponsor of the incredible renaissance." ဟု ရေးသားခဲ့သည်။

"Soon after his rise to the throne in AD 460, the caves began to realise their present forms, until Harisena's unexpected death in 477. The site was probably deserted in the 480s. The silver lining to the tragedy, according to Spink, is that the sudden downfall of the eminent Vakataka empire at the pinnacle of the caves' energetic crafting is solely responsible for their phenomenally well-preserved state today. If you're interested, Spink's book Ajanta: A Brief History and Gudide (1994) can be bought from touts near the site."

Dr. Spink ၏ သုတေသနပြုချက်နှင့် အိန္ဒိယရှေးဟောင်းသုတေသနဌာန၏ သုတေသန ပြုချက်များအရ ဂူပေါင်း(၃၀)မျှရှိသော အဂျန်တာလှိုဏ်ဂူတန်းကြီးများကို နှစ်ခေတ်နှစ်ပိုင်း နှစ်မျိုးနှစ်စား လေ့လာတွေ့ ရှိရမည် ဖြစ်သည်။ B.C.(၂)ရာစု၊(၁)ရာစု ခေတ်ပိုင်းများနှင့် A.D.(၁)ရာစုမှ (၆)ရာစုအထိ ခေတ်အပိုင်း များဖြစ်သည်။ B.C (၂) ရာစုမှ (၁) ရာစုအထိ နှစ်ပေါင်းတစ်ရာခန့်ကာလ- ထေရ၀ါဒ ဗုဒ္ဓဘာသာ အားကောင်းသောခေတ်ပိုင်းဖြစ်ခဲ့သည်။ အသောကမင်းလက်ထက် သာသနာပြန့်ပွားရေး ဆောင်ရွက်ချက်အရ သုနာပန္တရတိုင်း (ဘုံဘေအနီးပင်လယ်ကမ်းရိုးတန်းတ၀ိုက်၊ ၀န၀ါသီတိုင်း၊ ကဏ္ဏတ္တက ပြည်နယ် နှင့် အန္တရာပရာဒေ့ရှ်တ၀ိုက်)၊ မဟာရဠဒေသများသို့ သာသနာပြုအဖွဲ့ စေလွှတ်ခဲ့ကြောင်း ထေရ၀ါဒ သာသနသမိုင်းများ (ပါရာဇိကဏ္ဍအဌကထာ၊ ဋီကာ၊မဟာဝံသ)တွင် တွေ့ရှိရသည်။ သို့ဖြစ်ခြင်းကြောင့် B.C.(၃၀၀) ခန့်ကရောက်ရှိသွားသော ထေရ၀ါဒဗုဒ္ဓ သာသ နာတော်သည် B.C.(၂)၊ B.C.(၁) ရာစု များအထိ ထိုမဟာရဌပြည်နယ်တ၀ိုက်တွင် ထွန်းကား တည်ရှိနေသည်မှာ မလွဲဧကန်ဖြစ်ချေမည်။ ထို့ကြောင့် အဂျန္တာလှိုဏ်ဂူတန်းကြီး၏အစသည် ထေရ၀ါဒ ပင် ဖြစ်ရမည်။ သို့ဖြစ်ခြင်းကြောင့် B.C.(၂)၊ B.C.(၁) ရာစုများအတွင်းက ထွင်းထုခဲ့သော လှိုဏ်ဂူ များသည် ထေရ၀ါဒလှိုဏ်ဂူများဖြစ်ခဲ့သည်။

ထေရ၀ါဒလှိုဏ်ဂူများတွင် ဗုဒ္ဓဆင်းတုတော်များထုလုပ်ထားခြင်း၊ ဗုဒ္ဓရုပ်ပုံတော်များ ရေးဆွဲ ထားခြင်း မရှိခဲ့ချေ။ မြတ်ဗုဒ္ဓကိုယ်စား ကြာပွင့်များ၊ ညောင်ပင်များ၊ စက်ဘီးများ(ဓမ္မစကြာ) ခြေရာများကိုသာ ထွင်းထုထားခဲ့သည်ကို တွေ့ရှိရသည်။ ထိုလှိုဏ်ဂူကြီးများမှာ သံဃာတော်များ သီတင်းသုံးကြသည့် ကျောင်းဆောင်များ (၀ိဟာရ)၊ ဆွမ်းစားဆောင် (ဘောဇနသာလာ)၊ တရားထိုင်အ ခန်းငယ်များ (ကမ္မဌာနကုဋီ)၊ ဘုရားဝတ်ပြုဆောင်များ၊ စာသင်စာချအဆောင်များ အဖြစ်အသုံးပြုခဲ့ သည်ကို အများအားဖြင့်တွေ့ရသည်။ ထေရ၀ါဒခေတ် B.C. (၂-၁) လှိုဏ်ဂူများတွင် ဘုရားဆင်းတု မပါသော ဆန်ချီပုံဟန် စေတီငယ်များကို ဟမ္မိကာတင်၍ ထိုဟမ္မိကပေါ်တွင် ထီးပါ/မပါ နှစ်မျိုး ထုလုပ်ကိုးကွယ်ခဲ့ကြသည်ကိုတွေ့ရသည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာယဉ်ကျေးမှု မှေးမှိန်၍ မဟာယာနဗုဒ္ဓဘာသာ အားကောင်းလာသော A.D.(၁ မှ-၆) ရာစုအထိ နှစ်ပေါင်း ၆၀၀ နီးပါးကာလများတွင် ပလ္လင်ပေါ်တွင် ခြေထောက်တွဲလျား ချ၍ ထိုင်တော်မူသော မြတ်စွာဘုရားက တရားဟောတော်မူဟန် ပုံတော်ခပ်များများကို ထုလုပ်လာ ကြသည်။ တင်ပလ္လင်ခွေ၍ တရားဟောဟန်ပုံများလည်း ထုလုပ်ကြသည်။ ထိုမြတ်စွာဘုရား ရုပ်တုတော်၏ ၀ဲယာ နှစ်ဘက်တို့တွင် အမည်နာမ မဖော်ပြသော အလုပ်အကျွေးနှစ်ယောက်၏ ပုံတို့ကို နွဲ့နွဲ့နှောင်းနှောင်း ထုလုပ် ထားသည်။ အိန္ဒိယရှေးဟောင်း သုတေသနဌာနအရာရှိများကို မေးလိုက် တိုင်း အလုပ်အကျွေးနှစ်ပါးဟုသာ ဖြေကြသည်။ မည်သူမည်ဝါ ဟူ၍မပြောနိုင်ကြ။ ထေရ၀ါဒတွင် မြတ်စွာဘုရား၏အလုပ်အကျွေးမှာ အရှင်အာနန္ဒာတစ်ပါးတည်းသာရှိသည်။ ၀ဲ-ယာနှစ်ဖက် ဟန်ချက်ညီညီ လှပစေဖို့ တစ်ဘက်တစ်ရုပ် ထုလုပ်ခြင်းဖြစ်မည်ထင်ပါသည်။ လက်ဝဲရံ လက်ယာရံ သာရိပုတ္တရာ၊ မောဂ္ဂလန်မထေရ်ကြီးနှစ်ပါး မဖြစ်နိုင် ဘူးလားဟုမေးသည့်အခါမှာလည်း ဖြစ်နိုင်သည်ဟုပင် ပြောကြပြန်ပါသည်။ အချို့ဘုရားဆင်းတုတော်များ၏ ၀ဲ-ယာ တွင် လက်ဝတ်တန်ဆာ၊ လည်ဆွဲတန်ဆာ အပြည့်နှင့် မကိုဋ်ခေါင်းပေါင်း စောင်းထားသော ဘုရားလောင်းရုပ်တုများကိုလည်း တွေ့ရသည်။

မည်သည့်ဂူသည်ထေရ၀ါဒ၊ မည်သည့်ဂူသည် မဟာယာနဟု ခွဲခြား၍ မရတော့ပေ။ A.D (၅-၆) ရာစုများတွင် Vakataka မင်းဆက်၊ Harisena မင်းလက်ထက်တွင် ဤလှိုဏ်ဂူတန်းကြီးများတွင် မဟာယာနသံဃာတော်များမြောက်များစွာ သတင်းသုံးတော်မူခဲ့ကြပေသည်။ A.D.(၂-၃-၄) ရာစုနှစ် များတွင် တိုင်းရေးပြည်ရေး မငြိမ်သက်သဖြင့် ခပ်မှိန်မှိန်ဖြစ်နေခဲ့သော Ajanta ဂူကျောင်းတိုက် ကြီးများကို Harisena မင်းက အရှိန်အဟုန်မြှင့်၍ ချီးမြှေက်ထောက်ပံ့ခဲ့ရာ ပန်းချီ ပန်းပု အနုပညာရှင် များ၏လက်စွမ်းများသည် အမြင့်ဆုံးအရှိန်အဟုန်သို့တက်ရောက်ခဲ့သည်။







ထေရ၀ါဒ ခေတ်ကတည်ဆောက်ခဲ့သော ထူပါစေတီတစ်လုံးတွင် ထွင်းဖောက်၍ ဘုရားဆင်း တုများထုလုပ်ကိုးကွယ်ခဲ့သည်။ ထီးမပါသော ဟမ္မိကတွင် ထီးတင်လှူပူဇော်ခြင်းများကို တွေ့ရသည်။ ကျောက်ထီးတပ်ဆင်ရန် အဆင်မပြေသော စေတီများတွင် သစ်သားထီးများတပ်ဆင်ခဲ့သည်ကို လည်းတွေ့ရသည်။ ကျောက်ဆစ်လက်ရာများမှာပို၍ ပို၍အနုစိပ်ချောမွတ်လာသည်။ ဘုရားပုံတော် များ၏ အသွင်အပြင်တွင်လည်း အသက်ဝင်လှုပ်ရှားသည့်ဟန်များကို မျက်နှာသွင်ပြင်၏ အပြင်ရံ တွင်တွေ့ရ သည်။ လှိုဏ်ဂူအမှတ် (၂၆) တွင် ဖူးတွေ့ရသော အောင်တော်မူခန်း၊ ပရိနိဗ္ဗာန်စံခန်း၊ ရုပ်ကြွများမှာ ဂုတ္တခေတ်ရုပ်ကြွများကဲ့သို့ပင်ဖြစ်သည်။

လှိုဏ်ဂူအမှတ်(၉)တွင် စေတီတော်နှင့် တွဲလျက်ထုလုပ်ထားသော အာသနမုဒြာ၊ ဓမ္မစက္ကမုဒြာ ၏လက်ရာမှာ အံ့ချီးဖွယ်ရာဖြစ်သည်။ A.D.(၅-၆)ရာစု လက်ရာများဖြစ်ခြင်းကြောင့် အိန္ဒိယပြည်အ လယ်ပိုင်း မြောက်ပိုင်းတွင် ထွန်းကားနေသော ဂုတ္တခေတ်ဟန်များနှင့် မတိမ်းမယိမ်းရှိလေသည်။ ဓမ္မစက္ကမုဒြာကို ဗီဟာနယ်သားတို့က တင်ပလ္လင်ခွေအပြည့်ထိုင် (Fully crosslegs) ဟန်ဖြင့် ထုလုပ်ကြသည်။ မဟာရဋ္ဌ ကျောက်ဆစ်ဆရာတို့က ပလ္လင်ပေါ်မှာထိုင်နေသော မြတ်စွာဘုရားကို ခြေတော်နှစ်ဖက်အောက်မှာချစေ၍ သက်တောင့်သက်သာထိုင်နေဟန်(အာသနမုဒြာ)ဖြင့်ဓမ္မဒေသနာ ဆင်းတုများကို ထုလုပ်ကြသည်။ ထိုအာသနမုဒြာ၊ ဓမ္မဒေသနာ ဆင်းတုတော်များ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းတွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ ဝှေးမြို့၊ (ရှေးဟောင်းဗုဒ္ဓဘာသာထွန်းကားရာ)နယ် တွင်လည်းကောင်းတွေ့ရှိရသည်။

နံရံဆေးရေးပန်းချီများတွင် မြတ်စွာဘုရား၏ဘ၀ဖြစ်စဉ်များ၊ ဇာတ်တော်များ၊ မြတ်စွာဘုရား၏ မျက်မှောက်ဘ၀ဖြစ်စဉ် ဖွားမြင်သည်မှ ပရိနိဗ္ဗာန်စံသည်အထိ အကြောင်းအရာတို့ကို အသေးစိတ်ဖော် ပြသည့် နံရံဆေးရေးပန်းချီများမှာ ကြီးကြီးကျယ်ကျယ် ပျက်စီးသွားသည်မရှိ၊ ဖတ်လို့မှတ်လို့ရလောက် အောင်ထင်ရှားစွာ ယနေ့တိုင်ကျန်ရှိနေသည်မှာ ရှေးခေတ်ဗုဒ္ဓဘာသာ အနုပညာရှင်တို့၏ အံ့ချီးဖွယ် ကောင်းသောနည်းစနစ်ပင်ဖြစ်သည်။



B.C. (၂)ရာစုမှ A.D. (၆)ရာစုအထိ နှစ်ပေါင်း ၈၀၀ ခန့် ထေရ၀ါဒနှင့် မဟာယာနဗုဒ္ဓ ဘာသာဝင်တို့လက်တွဲညီညီလက်ဆင့်ကမ်း၍ သယ်ဆောင်ခဲ့သော ဤမျှကြီးမြတ်သည့်ဘာသာတ ရားတစ်ခု၊ ဤမျှလောက်ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနား ဤကမ္ဘာမြေပေါ်တွင် တည်ရှိနေရစ် စေသတည်းဟု ခိုင်ခိုင်မာမာမှတ်တိုင်ကြီး စိုက်ထူခဲ့သည်မှာ ဤ Ajanta ပင်ဖြစ်လေသလောဟု ရင်သပ်ရှုမော အံ့သြရပေသည်။

နံရံတွင်ရေးသော ပန်းချီဆေးတို့ကို သစ်ခေါက်အမျိုးမျိုးတို့မှထွက်သော အဆီအနှစ် တို့ဖြင့် လည်းကောင်း၊ မြေမှထွက်သော ကျောက်တစ်မျိုးမျိုးတို့ အရောင်မျိုးစုံရှိသည့် ကျောက်တို့ကို မှုန့်မှုန့် ညက်ညက်ကြိတ်ချေရောစပ်လျက်လည်းကောင်း ရေးဆွဲခဲ့ကြသည်။ ချုပ်ထိန်းသည့်ဆေးကိုမူ သစ်ပင်တို့မှ ထွက်သော သစ်စေး၊ ကျွဲစသော သားကောင်တို့မှထွက်သော သားရေအစေးတို့ဖြင့် ထိမ်းချုပ်ခဲ့ကြောင်း သုတေသီတို့ ရှာဖွေတွေ့ရှိခဲ့ကြလေသည်။

မြန်မာနိုင်ငံတွင် ပင်းတယဂူ၊ ဘုရင့်ညီဂူ၊ ပိတ်ချင်းမြောင်ဂူ စသည့်ဂူများရှိပါသည်။ အလို အလျောက်သဘာဝဖြစ်ဂူများဖြစ်ကြပါသည်။ ထိုဂူများအတွင်းရှိ ဘုရားဆင်းတုများမှာ ပြင်ပမှာထွင်းထု ထည့်သွင်းပူဇော်ထားကြသည်သာများပါသည်။ သို့သော်ခေတ်ဦးမြန်မာများဖြစ်ကြသည့် ပျူတို့သည် ပုဂံဒေသတ၀ိုက်တွင်လည်းကောင်း၊ ဖိုဝင်းတောင်ဒေသတွင်လည်းကောင်း၊ သဲကျောက်တောင်များကို ဖောက်ထွင်း၍ ပလ္လင်တံကဲ၊ ဘုရားတန်ဆောင်းနှင့် ကျောက်ထွင်းပန်းပုရုပ်ကြွ သဲကျောက်ဆင်းတုများ ထွင်းထုပူဇော်ခဲ့ကြသည်ကို ဖိုဝင်းတောင်တ၀ိုက်၊ ပုဂံဒေသတ၀ိုက်တွင် အများအပြားတွေ့ရမည်ဖြစ် သည်။ ထို့ကြောင့် ပျူဂါမ=ပျူဂါမ်=ပုဂံ ခေတ်ဦးလူ ပျူမြန်မာတို့သည် ကျောက်တောင်များကို ဂူထွင်း၍ ပန်းချီ ပန်းပုတို့ဖြင့် ခြယ်မှုန်းလျက် ဘုရားတည်ကျောင်းဆောက်ပြုခဲ့ကြသည်မှာ အဂျန်တာအလိုရာ တို့၏ ခေတ်နောက်ပင်ကျသော်လည်း အနုပညာလက်ရာမှာကားနောက်တန်းမကျခဲ့ချေ။

အဂျန်တာရှိလှိုဏ်ဂူပေါင်း(၃၀) တို့တွင်ထူးထူးခြားခြား မှတ်သားဖွယ်ရာ ပန်းချီပန်းပုလက်ရာများ ရှိသည့် ဂူတို့ကိုအနည်းငယ် အကြမ်းဖျဉ်းမျှ သုံးသပ်ကြည့်လို့ ရပါသည်။

*ဂူအမှတ်(၁)လှိုဏ်ဂူမှာ မဟာယာန၀ိဟာရ လှိုဏ်ဂူတစ်ခုဖြစ်သည်။ အလှပဆုံးပန်းချီပန်းပုတို့ ဖြင့်တန်ဆာဆင်ထားလေသည်။ ဤမဟာယာနလှိုဏ်ဂူအတွင်းရှိ ပဒုမ္မာကြာဖူးကိုင်ထားသော ဘုရား လောင်းပုံပန်းချီရုပ်မှာ အိန္ဒိယပြည် နံရံပန်းချီလက်ရာအပေါင်းတို့တွင် အဂျန်တာအနုပညာက အလှပ အပြောင်မြောက်ဆုံးဟု ဖော်ပြနေပေသည်။ မြတ်စွာဘုရားအလောင်းတော်၏ နေ့စဉ်ဘ၀ ၀တ်စား ဆင်ယဉ်မှု၊ မျက်နှာအသွင်အပြင်၊ ကိုယ်အမူအရာဟန်တို့မှာ B.C (၅)ရာစု အဂျန်တာဒေသ မဟာယာန ဗုဒ္ဓဘာသာဝင် အနုပညာရှင်တို့၏ အပြောင်မြောက်ဆုံးသောလက်ရာဟု ဆိုရမည်ဖြစ် သည်။


ဘုရားလောင်း၏ပတ်ဝန်းကျင်တွင် နတ်သမီး၊ နတ်သား မြောက်များစွာခြံရံလျက် ပီပြင်ကြည် လင်သော မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ နှုတ်ခမ်း၊ မေးစေ့တို့ အပေါ်တွင် လွှမ်း၍နေသောအရိပ်အရောင် များမှာ ဒုက္ခပင်လယ်ဝေနေသော သတ္တလောကကြီးကို ဒုက္ခပင်လယ်မှ ဆယ်ထုတ်၍ နိဗ္ဗာန်ကျည်း ကုန်းထက်သို့ ပို့ဆောင်မည့် မဟာဂရုဏာရှင်ဖြစ်ကြောင်းကို မပြောသော်လည်း ပြောနေသကဲ့သို့ ထင်ရပေသည်။ ထေရ၀ါဒတွင် သောင်းခွင်စကြာဝဠာ နတ်ဗြဟ္မာတို့ ညီညာရုံးစုတောင်းပန်မှုကြောင့် တုသီတာနတ်နန်း စံမြန်းနေသော သေတကေတု ဘုရားလောင်းနတ်သား နတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်တော့မည့် အသွင်ဟန်မျိုးဟု ထေရ၀ါဒရှုထောင့်က ကြည့်မိလေသည်။

ရေးချယ်ထားသော ဆေးရောင်တို့မှာ အလွန်တောက်ပြောင်သော အစိမ်း၊ အပြာ၊ အနီရောင် များဖြစ်လေရာ ဒေသထွက်ဆေးဒန်း၊ ဒုတ္တာ၊ ဟင်္သာပြဒါးများ၊ ဟိမ၀န္တာတစ်ခွင်၊ တိဗက်ကုန်းမြေမြင့် တစ်ခွင်တွင် တွေ့ရသော တောက်ပြောင်သောအရောင်ရှိသည့် ကျောက်ခဲမျိုးစုံတို့ကို အမှုန့်ကြိတ်၍ ခြယ်မှုန်းထားသောဆေးရောင်များဖြစ်သည်။

*လှိုဏ်ဂူ(၂)မှာလည်း မဟာယာနကျောင်းတော်ပင်ဖြစ်သည်။ လှပတင့်တယ် ရှုမငြီးဖွယ်သော မြတ်စွာဘုရား၏ ဘ၀ဖြစ်စဉ် ဇာတ်တော်များ၊ မယ်တော်မာယာအိပ်မက်၊ လုမ္ဗိနီတွင်သိဒ္ဓတ္ထ ဖွားမြင် တော်မူခန်း တို့ကို တခမ်းတနား ခြယ်မှုန်းထားသည်ကို တွေ့ရသည်။

*လှိုဏ်ဂူ(၃)မှာ ငလျင်ဒါဏ်ကြောင့်ပြိုကျပျက်ဆီးနေသည်။ ပြင်ဆင်နေဆဲဖြစ်သည်။

*လှိုဏ်ဂူ(၄)မှာလည်း မဟာယာနလက်ရာတို့ဖြင့်ပြွမ်းသည့် ကျောင်းဆောင်တစ်ခုပင် ဖြစ်သည်။ ဂူတွင်းသို့ဝင်သွားလျှင် တစ်ဖက်တစ်ချက် ကျောက်တိုင်ပေါင်း(၁၄)တိုင်တို့ဖြင့် တန်ဆာဆင်လျက် ဂူငယ် အတွင်းမှာ အ၀လောကိတေသွာရနတ်ရုပ် ရှိလေသည်။ မဟာယာနဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်မှာ ဘေးရန်အပေါင်းတို့ကို အကာအကွယ်ပေးသည့် နတ်ဟုယူဆကြသည်။ ဘေးရန်အမျိုးမျိုးကြောင့် ပြေးလွှား ခိုလှုံလာကြသော လူသားပေါင်းမြောက်များစွာတို့၏ ရုပ်ကြွများဖြင့် ပီပီသသထွင်းလုပ်ထားရာ အထူးပင် ဆွဲဆောင်အားကောင်းသည့် ရုပ်ကြွလှိုဏ်ဂူတစ်ခု ဖြစ်သည်။

*လှိုဏ်ဂူ(၅)မှာ ပြိုကျပျက်စီးနေသည်။

*လှိုဏ်ဂူ(၆)မှာ အဂျန်တာတွင်တစ်ခုတည်းသော နှစ်ထပ်လှိုဏ်ဂူဖြစ်သည်။ လှိုဏ်ဂူအောက် ထပ်ရှိရုပ်ကြွများမှာ ပျက်စီးယိုယွင်းနေကြလေပြီ။ ထိုအောက်ထပ် တောင်နံရံလှိုဏ်ဂူအတွင်းတွင် အာသန မုဒြာဟန် သပ္ပါယ်သော ဗုဒ္ဓဆင်းတုတော်တစ်ခုရှိသည်။ အထက်ထပ်မှာ ကျယ်ပြန့်သောခန်းမဆောင်ကြီး တစ်ခု ဖြစ်သည်။ မျက်နှာကျက်နှင့် နံရံအားလုံး ဗုဒ္ဓ၀င်ပန်းချီတို့ဖြင့် ခြယ်မှုန်းထားသည်။

*လှိုဏ်ဂူ(၇)မှာ စံပြပုံစံတစ်ခုအဖြစ်တည်ဆောက်ထားသော လှိုဏ်ဂူဖြစ်သည်။ အတွင်းတွင် ဂူငယ်လေးခု၊ ၀ရံတာလက်ရုံးတန်းများဖြင့် လှပတင့်တယ်စွာ တည်ဆောက်ထားသည်။ ဓမ္မစက္က မုဒြာဟန် ဆင်းတုတော်များ ထုလုပ်ထားသည်။

*လှိုဏ်ဂူ(၈)မှာ ပျက်စီးယိုယွင်းနေသဖြင့်ပိတ်ထားသည်။

*လှိုဏ်ဂူ(၉)မှာ အဂျန်တာတွင် အစောဆုံးသော ထူပါစေတီတော် တည်ဆောက်ခဲ့သည့် ထေရ၀ါဒ လှိုဏ်ဂူဖြစ်သည်။ ဂူအမှတ်(၈-၉-၁၀-၁၂-၁၃-၁၅)တို့မှာ ထေရ၀ါဒလက်ရာ လှိုဏ်ဂူများ ဖြစ်ကြသည်။

*လှိုဏ်ဂူ(၁၀)မှာလည်း ထေရ၀ါဒသံဃာတော်တို့ ဘုရားကိုယ်စား ထူပါစေတီတည်ထား ကိုး ကွယ်ခဲ့ကြသည့် B.C(၁-၂)ရာစု ခန့်က တည်ဆောက်ခဲ့သည်။ စေတီယဃရ ဂူကျောင်းတော်ဖြစ်သည်။ နံရံဆေးရေးပန်းချီမှာ ပျက်စီး၍နေချေပြီ။ မုဆိုးလုပ်၍ သားကောင်လိုက်ရင်း တောင်ထိပ်မှ လှိုဏ်ဂူ တန်းရှိရာတောင်ကြားသို့ သားကောင်ကျသွားသဖြင့် ဤလှိုဏ်ဂူတန်းကြီးကို စတင်တွေ့ရှိခဲ့သော ဗြိတိသျှ အရာရှိ ဂျွန်စမစ်(၁၈၁၉)က သူ့နာမည်နှင့် သူရောက်ခဲ့သောခုနှစ်တို့ကို ဂူအတွင်း ကျောက် တိုင်တစ်ခုတွင် ထွင်းထုထားခဲ့သည်ကိုလည်းတွေ့ရသည်။

*လှိုဏ်ဂူ(၁၁-၁၂-၁၃-၁၄-၁၅)တို့မှာ ပျက်စီးနေသည်ကများ၍ ပြင်ဆင်ခြင်းမပြုနိုင်သေးချေ။ ဂူအမှတ် (၁၅)မှ (၂၀)အထိ လှိုဏ်ဂူပေါင်း (၆)ခုတို့မှာ A.D (၅)ရာစုနောက်ပိုင်းမှ ထွင်းထုထားသော မဟာယာနလှိုဏ်ဂူများဖြစ်ကြသည်။

*ဂူအမှတ်(၁၆)မှာ လှပသေသပ်သော ပန်းချီတို့ဖြင့် ဂူတွင်းနံရံတစ်ခုလုံး ခြယ်မှုန်းထားသည်။ ညီတော်မင်းနန်နှင့် ဇနပဒကလျာဏီတို့ လက်ထပ်ခန်း၊ နန္ဒမင်းသား သပိတ်ပိုက်၍ ဘုရားနောက် လိုက်ပါသွားခန်း၊ နန္ဒမင်းသားရဟန်းပြုခန်း၊ တရားအားထုတ်ခန်းတို့ဖြင့် ခြယ်မှုန်းထားသည်မှာ ရှုမငြီးဖွယ် ဖြစ်သည်။ လှိုဏ်ဂူ၏ ဗဟိုချက်မြောက်ဖက်နံရံတွင် သီဟာသနပလ္လင်တွင် တရားဟောတော်မူနေဟန် မြတ်ဗုဒ္ဓ၏ သဲကျောက်ဆင်းတုတော်မှာလည်း ကြည်နူးဖွယ်ရာဖြစ်သည်။

*လှိုဏ်ဂူ(၁၇)မှာ လှိုဏ်ဂူအ၀င်မှစ၍ လှိုဏ်ဂူအတွင်းနံရံတစ်ခုလုံး မျိုးစုံသောရုပ်ကြွတို့ဖြင့် ခြယ်မှုန်းထုလုပ်ထားသည်။ ဘုရားသီတင်းသုံးရာ အခန်းဝဆီသို့ ၀ဲ၊ယာ ကျောက်တိုင်တန်းတို့ဖြင့် တန်ဆာဆင်လျှက် "Dwarf" ဟူသော မြေစောင့်နတ်ရုပ်ပုကလေးများဖြင့် တိုင်များ၊ ထုတ်တန်းများကို မ၍ မ၍ တန်ဆာဆင်ထားသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

မြတ်စွာဘုရားနေပြည်တော်ပြန်ကြွခန်း၊ သားတော်ရာဟုလာ အမွေတောင်းခန်း၊ ခမည်းတော် သုဒ္ဓေါဒန သပိတ်လှမ်းယူခန်း ပန်းချီတို့မှာ အံ့ချီးဖွယ်ကောင်းလှပေသည်။

*လှိုဏ်ဂူ(၁၉)မှာ ဂူအ၀င်မျက်နှာစာမှစ၍ပင် အံ့ချီးဖွယ်ရာ မြတ်ဗုဒ္ဓ၏ ရုပ်ကြွများဖြင့် တန်ဆာ ဆင်ထားသည်။ စက်ဝိုင်းခြမ်းသဏ္ဍာန်၊ သို့မဟုတ် မြင်းခွာပုံသဏ္ဍာန် အလင်းရောင်ပေါက်၏ ၀ဲ၊ယာ နှစ်ဖက်တို့တွင် စင်္ကြန်ကြွဟန် မြတ်စွာဘုရား၏ရုပ်တုတော်များ၊ အာသနမုဒြာ၊ ဓမ္မစက္ကမုဒြာ နှစ်ဖြာ ရောယှက်ထုလုပ်ထားသည့် ရုပ်တုတော်များဖြင့် တန်ဆာဆင်ထားသည်မှာ အဂျန်တာလှိုဏ်ဂူ တန်းကို ဆင်းချီတက်ချီ ရှုကြည့်လာသူ လူအပေါင်းတို့ မောပန်းလာကြသော်လည်း ဤလှိုဏ်ဂူ (၁၉) အ၀င်ဝ၏ မြတ်စွာဘုရားကိုယ်တော်မြတ်တို့က ပန်းသူ နွမ်းသူတို့ကို လှမ်းကြိုနေတော်မူကြသဖြင့် အပန်းအနွမ်းတွေ ပြေပျောက်ဖွယ်ကောင်းလောက်အောင် ဆွဲဆောင်အားကောင်းလှပေသည်။ အ၀င်ဝ နံရံ တစ်ဖက်တစ်ချက် တွင် နံရံအမြင့်တို့တွင် ထွင်းထုထားသော ဘုရားဆင်းတုတော်တို့မှာ ကောင်းကင်တွင် ဈာန်ယာဉ်စီး ကြွတော်မူသည့်အလား ကြည်ညိုသဒ္ဓါပွားရပေသည်။ လှိုဏ်ဂူ၏ အပြင်ဘက် အနောက်နံရံတွင် နဂါးမင်းနှင့် မိဖုရားတို့ မြတ်စွာဘုရားကို ဖူးမြှော်နေဟန် နဂါးခုနှစ်ကောင် ပါးပျဉ်းထောင်၍ မြတ်စွာဘုရား ကိုယ်တော်မြတ်ကို နေ၊ မိုးတို့မှ ကာကွယ်ဟန် ရုပ်ကြွများကိုလည်း ဖူးတွေ့ခဲ့ရသည်။ အတွင်းသို့ ၀င်လိုက်သည့်အခါ လှပစွာ ပန်းပုရုပ်ကြွတို့ဖြင့်တန်ဆာဆင်ထားသော ကျောက်တို့၏အဆုံးအလယ်တွင် ကမ္ဘာလုံးပုံသဏ္ဍာန် စေတီတော၊် မြူးကြွနေသောနတ်ရုပ်များခံသည့် ပလ္လင်တော်၊ ထိုပလ္လင်တော်ပေါ်တွင် ရပ်တော်မူရုပ်ကြွမှာ စေတီတော်တွင်း အနည်းငယ်ဝင်၍ ရပ်နေပါသည်။ တံကဲကို ထောက်ထားသော ကျောက်တိုင်နှစ်ခု၏ထိပ်တွင် ပန်းကုံးကိုက်ချီထားသော ဟင်္သာရုပ်များမှာ မြတ်စွာဘုရားကို ပူဇော်နေဟန် ဖြစ်သည်။ စေတီလုံး၏ထိပ်တွင် လေးဒေါင့် ဟမ္မိက ဓါတ်တော်တိုက်၊ ထိုအထက်မှာ နတ်ရုပ်များက အဆင့်ဆင့် မ၍ မ၍ ထားသော ထီးသုံးဆင့် တို့ဖြင့်တန်ဆာဆင်ထားသော စေတီတော်နှင့် ဆင်းတုတော် တို့မှာ အဂျန်တာတွင်ဖူးမြင်သူတို့၏ စိတ်ဓါတ်ကို ဆွဲဆောင်အားအကောင်းဆုံးဟု ထင်မြင်ယူဆမိပေသည်။

*လှိုဏ်ဂူ(၂၀)မှာ ပြိုကျပျက်ဆီးခြင်းများသော ကျောင်းဆောင်ငယ်တစ်ခုဖြစ်သည်။ A.D(၅) ခန့်မှာ ပြန်လည်ပြင်ဆင်မွမ်းမံခဲ့သည်။ ကျောက်တိုင်၊ ၀ရံတာ၊ မကန်းရုပ်ပါသော လက်ရုံးလက်တန်း များ၊ နဂါးရုပ်များဖြင့် တန်ဆာဆင်ထားသော ကျောင်းဆောင်ငယ်တစ်ခုဖြစ်သည်။ မျက်နှာကျက်ထုတ် တန်းများ၊ အချင်ရနယ်များဖြင့် ပီပီပြင်ပြင်ရှိသည်။ ကျောက်တိုင်များတွင် ညွှတ်သောအကိုင်းရှိသည့် အင်ကြင်းပင် များကို ထွင်းထုထားသည်မှာ ထူးခြားသော အဓိပ္ပယ် ရှိပေမည်။ မျက်နှာကျက်တွင် ကောင်းကင်ပျံ နတ်ရုပ်များ၊ တရားဟောသော မြတ်စွာဘုရား၏ နောက်ကြောတွင် ပန်းကုံးကိုင်နတ်များ ကောင်းကင်ပျံနေ သည်မှာ ကြည်နူးဖွယ်ဖြစ်သည်။

*လှိုဏ်ဂူ(၂၁)မှ (၂၇)အထိ ဂူပေါင်း (၇)ခုတို့မှာ အပျက်အစီးများသည်ဖြစ်၍ (၇)ရာစု A.D မှာ မွမ်းမံထားသော ဂူများဖြစ်သည်။ ဂူ(၂၁)မှာ ဘုန်းကြီးကျောင်းဂူဖြစ်သည်။ ၀ရံတာကျောက်တိုင်များမှာ များစွာပျက်စီးခဲ့ပြီး လက်ရုံးတန်းများတွင် မကန်းရုပ်များတွေ့ရသည်။ နဂါးရုပ်များ၊ ဘီလူးရုပ်များဖြင့် အ၀င်ဝတွင် တန်ဆာဆင်ထားသည်။ အ၀င်ဝညာဘက် အခန်းငယ်ကလေးတွင် လက်ထဲတွင်ကလေး ငယ်ကိုပွေ့ချီလျှက် သူ၏အခြံအရံ သို့မဟုတ် သူ၏ကြင်ဘက်ပင်ဖြစ်မည်လော၊ ဘီလူးနှစ်ကောင်တို့ ခြေတစ်ဖက်တင် တစ်ဖက်ချ တင်နေသည့်ဟန်ကိုတွေ့ရသည်။ သံဃာတစ်ပါးတစ်ပါးသီတင်းသုံးသော အခန်းငယ်ကလေးပေါင်း လေးခန်းတစ်ခန်းစီ၊ တစ်ခန်းစီ၏အတွင်းတွင် တစ်ပါးစီ တစ်ပါးစီ အိပ် လောက်သောကျောက်ခုံတန်းလျားနှစ်ခုစီ ပြုလုပ်ထားသည်ကိုတွေ့ရသည်။ (၁၀)ပေပတ်လည်ခန့် ရှိသော ထိုအခန်းငယ်များတွင် နှစ်ပါးစီပင် သီတင်းသုံးလေသလော၊ တစ်ပါးတည်းပင် သီတင်း သုံးလေသလောဟု တွေးတောမိပါသည်။ ဘုန်းကြီးကျောင်းအဖြစ် အသုံးပြုသော လှိုဏ်ဂူတန်းတွင် အဓိကအ၀င်ဝ တံခါးရှိရာဘက်ကို ချန်ထား၍ ကျန်သောမျက်နှာ(၃)ဘက်တို့တွင် (၁၀)ပေပတ်လည် အခန်းငယ်များ ထွင်းထုထားခဲ့သော ၀ိဟာရများဖြစ်သည်။ အ၀င်နှင့်တည့်တည့် အခန်းအားလုံးတို့၏ အလယ်ဗဟိုချက် နံရံတစ်ဖက်တစ်ချက်တွင် ဓမ္မဒေသနာမုဒြာ ဘုရားဆင်းတုများကို ထုလုပ်ထား ကြသည်။

*လှိုဏ်ဂူ(၂၂)မှာ သံဃာတော်များ သီတင်းသုံးသည့် ၀ိဟာရဂူကျောင်းပင်ဖြစ်သည်။ တစ်ပါး စာ အခန်းငယ်လေးခု ရှိသည်။ အလယ်ခေါင်တွင် ခန်းမဆောင်ဖြစ်၍ မြတ်စွာဘုရား၏ ဆင်းတု တော်မှာ ခြေနှစ်ချောင်းတွဲလျားချထားဟန်၊ ဤသည်ကို Dr.Devaka Mettara က သူ၏စာအုပ်၌ ဗျာလမ္ဗပါဒမုဒြာဟု ရေးခဲ့လေသည်။ ခြေဖ၀ါးတော်နှစ်ဖက်မှာ ကြာပွင့်များပေါ်၌ နင်းထားလေသည်။ ဘုရားခန်း၏ နံရံနှင့် အထဲမျက်နှာကျက်၌ ဘုရား(၇)ဆူပုံတော်များ၊ အရိမေတ္တေယျဘုရားပုံများနှင့် ဘုရား(၇)ဆူနှင့် သက်ဆိုင် သော ဗောဓိပင် (၇)ပင်တို့ကို ထုထားလေသည်။ ဘုရား(၇)ဆူတို့မှာ ၀ိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသံ၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမတို့ ဖြစ်သည်။

လှိုဏ်ဂူ(၂၃)သည် ဂူအမှတ် (၂၁)နှင့် များစွာတူသည်။ ဘုရားဆောင်၊ စည်းဝေးခန်းမဆောင်၊ သံဃာ တစ်ပါးစီ သီတင်းသုံးသော အခန်းငယ်များဖြင့် တန်ဆာဆင်ထားသော ဂူကျောင်းဖြစ်သည်။ မပြီးမသတ်နိုင်ဘဲ ကျန်ရစ်ခဲ့သည်။ ပြီးသမျှ လက်ရာမှာ ကျောက်ဆစ်ပန်းပုတို့ဖြင့် အသေးစိတ်ခြယ် မှုန်းထားသည်။ ဘုရားဆောင်၊ စုဝေးရာ အဆောင်၊ သံဃာတော်များ သီတင်းသုံးသည့် အခန်းငယ်များ ဖြင့် တန်ဆာဆင်ထားသည်။ လက်ရာမှာ လှပသေသပ်သည်။ လည်ဆွဲတို့ဖြင့် တန်ဆာဆင်ထား သော မကန်းရုပ်များ၊ တံခါးပေါက်တစ်ဖက်တစ်ချက်၌ ခုံတက်နေသော နဂါးရုပ်များဖြင့် တန်ဆာ ဆင်ထားသည်မှာ မှတ်သားဖွယ် ဖြစ်သည်။

လှိုဏ်ဂူ(၂၄)သည် အဂျန်တာဝိဟာရဂူအပေါင်းတို့တွင် အကြီးဆုံးသော ဂူကျောင်းဖြစ်သည်။ ကြီးမားကျယ်ပြန့်သော အဆောင်အခန်းကြီးများကို ကျောက်ဆောင်ကျောက်သားများအတွင်း၌ ရှေး ခေတ်မင်းများ၊ သံဃာများ၊ လူများ သုံးချက်ညီပေါင်းစု ဖောက်ထွင်းထုလုပ်ခဲ့ကြသည်မှာ အံ့သြဖွယ်ရာ ဖြစ်သည်။ ဤလှိုဏ်ဂူ ကျောင်းဆောင်ကြီးများအတွင်း၌ ဘုရား၊ ရဟန္တာ၊ ဘုရားလောင်း၊ နတ်၊ နဂါး၊ ရုပ်လုံးရုပ်ကြွများဖြင့်လည်းကောင်း၊ မျက်နှာကျက်နံရံဆေးရေးပန်းချီများဖြင့်လည်းကောင်း ခြယ်မှုန်း တန်ဆာဆင်ပြုလုပ်ခဲ့ကြသည်မှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ်တို့၏ စုဝေးရာ ပြတိုက် ကြီးများကို တောတောင်လျှိုမြောင်တို့၏အကြား၌ တည်ဆောက်ခဲ့ကြလေသည်ဟုပင် ယူဆ ဖွယ်ရှိလေသည်။

မှတ်ချက်။ ။ Vakataka Dynasty. Harisena မင်းသည် အိန္ဒိယတောင်ပိုင်း၌ အုပ်စိုးစဉ် အိန္ဒိယမြောက်ပိုင်းတွင် ဂုတ္တမင်းဆက်များ အုပ်စိုးချိန်ဖြစ်သည်။ A.D(၅-၆)ခေတ်များသည် အိန္ဒိယ တောင်ပိုင်းတွင် အဂျန်တာကျောက်ဆစ်လက်ရာများ၏ခေတ်သစ်ဆန်းချိန် (Ajanta renaissance) ဟု Praohessar Spink က ဆိုခဲ့သည်။ သို့သော် Vakataka Dynasty တွင် ပြောင်မြောက်သော မင်းတစ်ပါး၊ Harisena ကွယ်လွန်ပြီးသော အခါ သာသနာတော်ကို ကာကွယ်စောင့်ရှောက်မည့်မင်း၊ ထောက်ပံ့အားပေး မည့်မင်းများ မရှိတော့သည့်အတွက်ကြောင့်လည်းကောင်း၊ ဗုဒ္ဓသာသာနာတော်ကို အနှောင့်အယှက် အဖျက်အဆီးများ ပေါ်ပေါက်လာသည့်အတွက်ကြောင့်လည်းကောင်း၊ သံဃာတော်များလည်း ကစဉ်ကလျား ပြေးလွှား ပုန်းအောင်းကြရလေသည်။ Ajanta ဟူသော ဗုဒ္ဓဘာသာယဉ် ကျေးမှု အမွေ အနှစ်တို့၏ စုဝေးရာ ပြတိုက်ကြီးမှာလည်း တောတောင်လျှိုမြောင် သစ်ပင် ခြုံနွယ်တို့၏အကြားမှာ မထင်မရှားပုန်းအောင်း နေခဲ့ရသည်မှာ နှစ်ပေါင်း(၁၂၀၀)ခန့် ကြာညောင်းခဲ့သည်။ A.D ၁၈ ကျော်ကျော်ရောက်မှ တောလိုက် မုဆိုးတစ်ယောက်၏ကျေးဇူးဖြင့် ဗုဒ္ဓယဉ်ကျေး မှုအမွေအနှစ်ရတနာသိုက်ကြီးကို ပြန်လည်ဖော်ထုတ် နိုင်ခဲ့လေသည်။

လှိုဏ်ဂူ(၂၅)သည် ပြီးစီးအောင် မဆောက်လုပ်နိုင်ခဲ့သော ဂူကျောင်းငယ်တစ်ခု ဖြစ်သည်။ ဂူအတွင်း နံရံသုံးဘက်လုံး၌ တစ်ပါးနေအခန်းများ ထွင်းထု၍ အလယ်၌ စုဝေးရာကွက်လပ်တစ်ခု ပါရှိလေသည်။


လှိုဏ်ဂူ(၂၆)ကို ရှေးဟောင်းဆရာတို့က စေတီယဂေဟာဟု ဆိုသည်။ ပါဠိတော်၌ စေတီယဃရ ဆိုပါသည်။ အဓိပ္ပာယ်အတူတူပင်။ စေတီမျှသာမဟုတ် ဗုဒ္ဓဆင်းတုများလည်း ကိန်းဝပ်ရာဖြစ်ခြင်းကြောင့် ဗုဒ္ဓ၀ိဟာရ လည်း ဆိုနိုင်သည်။ အမှတ်(၁၉) စေတီယဂေဟာထက် ဤဂူ (၂၆)က ပို၍ ကြီးသည်။ အမွှမ်းတင်ခြင်း၊ တန်ဆာဆင်ခြင်းတို့မှာ အတူတူပင် ဖြစ်သည်။ ဂူအတွင်းသို့ ၀င်သွားလျှင် အံ့ချီးဖွယ်ရာ ကောင်းသည်မှာ အမွှမ်းအပြောက် ရုပ်ကြွရုပ်လုံးတို့ဖြင့် တန်ဆာဆင်ထားသော ၀ဲယာကိုကိုးတိုင်စီ အသီးသီးရှိသည့် ကျောက်တိုင်ကြီး (၁၉)ခုရှိသည်။ ကျောက်တိုင် ကြီးများ၏အထက် မြင်းခွာသဏ္ဍာန် ကျောက်ထုတ်တန်းကြီး တစ်တန်းလုံး၌ ဗုဒ္ဓဖြစ်စဉ်နှင့်ပတ်သက်သော ကျောက်လုံးရုပ်ကြွများနှင့် လည်းကောင်း၊ အထက်ခေါင်မိုးကျောက်သားတွင် ကုန်းကြွကြွ အချင်ရနယ်များဖြင့်လည်းကောင်း တည်ဆောက်ထားသည်မှာ အပြင်၌ တစ်စစီလုပ် ထားသည်ကို အတွင်း၌ လာရောက်တပ်ဆင်ထားသည်ဟု ထင်မှားဖွယ်ရာဖြစ်သည်။ တကယ်စင်စစ်မူ ကျောက်တောင်ကြီးတစ်ခုတည်းကို ကျောင်တောင်ကြီးတစ်ခု အဖြစ် ဖန်ဆင်းလိုက်ကြခြင်းဖြစ်သည်။ အလည်တည့်တည်၌ ဟမ္မိကအထွဋ်တင်လျက် သပိတ်မှောက် ထားဟန် ထူပါကို ကျောက်တိုင် ကျောက်သားတို့အထက်၌ တည်ဆောက်ခဲ့ကြလေသည်။ ထိုသပိတ် မှောက်စေတီတော်၏ အောက်ခြေပလ္လင်မျက်နှာစာကို ကြာပလ္လင်ပေါ်၌ ခြေတော်နှစ်စုံတင်ထားသည့် ဓမ္မဒေ သနာ ဆင်းတုတော်ကို ထုလုပ်ခဲ့ကြလေသည်။ ပလ္လင်ပေါ်မှ ခြေတော်နှစ်စုံချထားသော တရားဟောဟန် ဗျာလမ္ဗပါဒဓမ္မဒေသနာဆင်းတုတော်များကို မြန်မာနိုင်ငံ ပုဂံမြို့ဟောင်း၌လည်း ဖူးတွေ့နိုင်ကြပါသည်။ ပုဂံမြို့ဟောင်း၌ ဗမာတို့ထုလုပ်သော ဗျာလမ္မပါဒဆင်းတုတော်မှာ ဒူးတော် နှစ်ဘက်၊ စုစုစည်းစည်းရှိ၍ သင်္ကန်းကို ခပ်ထူထူဖုံးထားခဲ့လေသည်။ ဂျန္တာအဲလိုရာ-ကိုင်လာ၊ ကနေရီ လှိုဏ်ဂူများရှိ A.D (၄.၅.၆)တွင် ထုသော ဆင်းတုတော်များမှာ ဒူးတော်နှစ်ဘက် ခပ်ကျယ်ကျယ် ချဲ့ကားထားသည်ကိုတွေ့ရသည်။ မဟာပုရိသလက္ခဏာတို့ကို ပေါ်လွင်စေလိုသောကြောင့်ဖြစ်မည်။ သင်္ကန်းကိုလည်း ခပ်ပါးပါးပင် လွှမ်းခြုံ ထားသည့်ဟန် ထုလုပ်ကြသည်။ ဤဂူအမှတ်(၂၆)မှာပင် အ၀င်ဝ၏ လက်ဝဲဘက်နံရံ၌ (၂၃)ပေခန့်ရှိမည်ဟု ခန့်မှန်းရသော ပရိနိဗ္ဗာန်စံမည့် အသွင်အပြင် လျောင်းတော်မူမြတ်စွာဘုရားတစ်ဆူကို ဖူးတွေ့ရသည်။ လျောင်းတော်မူဘုရား၏ အပေါ်ကောင်းကင်၌ သိကြား၊ ဗြဟ္မာ၊ နတ်ဒေ၀ါများက နံ့သာပန်းများဖြင့် ပူဇော်နေသည့်အသွင်များ၊ ပလ္လင်၏ အောက်ခြေ၌ ဆေးကြိတ်သည့်ဆရာဇီဝက၊ မြတ်စွာဘုရား၏ စိတ်အစဉ်ကို အမီလိုက်၍ သမာပတ် ၀င်စားနေသော အနုရုဒ္ဓါ၊ ငိုကြွေးနေသော အရှင်အာနန္ဒာနှင့် သံဃာတော်များ၊ ခြေတော်အစုံကို ဦးခိုက်၍နေသော အရှင်မဟာကဿပ၊ လူပရိသတ်၊ နတ်ပရိသတ်၊ ရဟန်းပရိသတ်၊ ပရိသတ်အစုံ နောက်ဆုံးဖူးမျှော်ကုန်သည့် အင်ကြင်းပင်ပျိုတို့၏အကြား လျောင်းတော်မူ မြတ်စွာဘုရား၏ပုံဟန်မှာ အသက်ဝင်လွန်းလှ၍ လွမ်းဆွေးဖွယ်ရာ ဖြစ်ပါသည်။ ဂုတ္တမင်းတို့က ကုသိန္နာ ရုံတွင် သဲကျောက် အနီဖြင့် ပရိနိဗ္ဗာနဗုဒ္ဓဆင်းတုတော် ကိုထု၍ပလ္လင်ပေါ်တင် ကျောင်းတော်ကို သီးခြား ဆောက်ခဲ့ကြရသည်။ အိန္ဒိယတောင်ပိုင်းသား Vakataka, Harisema မင်းတို့က တောင်သား တစ်ခုတည်း ကိုပင် ဘုရား၊ ပလ္လင်၊ တကဲ၊ ကျောင်း၊ တန်ဆောင်းတို့ကို တစ်ဆက်တည်း၊ တစ်ပေါင်းတည်း ထုလုပ်ခဲ့ ကြသဖြင့် ဂုတ္တတို့၏လက်ရာမှာ ချောမွတ်ဟန်ရှိသော်လည်း ချောမွတ်ပြေပြစ်ဟန် အနည်းငယ် လျော့ပါး သည့် တောင်ပိုင်းသား Harisena မင်းတို့၏လက်ရာမှာ ကျောက်တောင်ကို ထွင်းထုကြရသည် ဖြစ်ခြင်း ကြောင့် ဟတ္ထကမ္မ Handy-craft အမှုများများ ပြုကြရလေသည်။ ပို၍ ပို၍ အလုပ်များသည်။ ပို၍ ပို၍ ခက်ခဲသည်။ ပို၍ ပို၍ ပင်ပန်းသည်။ မင်းနှင့်ပြည်သူ ရဟန်းနှင့်လူ လက်တွဲ ညီညီ စုပေါင်းကောင်းမှုပြုခြင်း၏ လက္ခဏာဖြစ်သည်။ တစ်ယောက်တည်း တစ်ဦးတည်းဖြင့် ပြီးသော လုပ်ငန်းမျိုးမဟုတ်ပေ။

ပရိနိဗ္ဗာန်စံဗုဒ္ဓရုပ်ကြွ၏ခြေတော်ရင်း၌ မာရ၀ိဇယဆင်းတုတော်တစ်ဆူရှိပါသည်။ ကောင်းကင်၌ နတ်များပျော်ရွှင်မြူးတူး၍ နေကြခြင်းသည် အောင်မြင်ခြင်း၏ လက္ခဏာဖြစ်သည်။ မာရ်နတ်တို့ သားအဖ လေးယောက် ရှုံ့မဲ့မဲ့ဖြစ်နေကြခြင်းသည် ရှုံးနိမ့်ခြင်း၏ လက္ခဏာဖြစ်သည်။ ဤ၌ ထူးခြားသည်မှာ မြတ်စွာ ဘုရား၏ ညာလက်တော် မြေကြီးကိုထိသည့် ဘူမိဖဿပုံတော်ပင်ဖြစ်သည်။ ဖူးမြင်ဘူးသမျှ ဘူမိဖဿ တို့တွင် ညာဒူးပေါ်မှဆင်းသော မြေကြီးကိုထောက်မည့် ညာလက်တော်သည်မှောက် ထားသည့် လက်တော် ဖြစ်သဖြင့် ဘုရားဖူးသူတို့က လက်ခုံတော်ကို ဖူးရမည်ဖြစ်သည်။ ဤအဂျန္တာ မာရ၀ိဇယဘူမိဖဿမှာမူ ညာလက်တော်ကိုဆန့်၍ လက်ဝါးတော်ကို ဖြန့်၍ မြေကြီးကိုထိထားသည့် အနေအထားဖြစ်သည့်အတွက် ဘူမိဖဿဘုရားကိုဖူးမြင်ရာ၌ ညာလက်ဝါး၊ အတွင်းသားကိုပါ ဖူးမြင်ရမည်ဖြစ်သည်။ ထိုဖြန့်ထားသော ညာလက်ဝါး၌ စက်လေလော၊ ကြာပွင့်လေလော မှေးမှိန် နေသည့် ပုံရိပ်တစ်ခုကိုလည်းတွေ့ရသည်။ ရေးထိုးခဲ့သော ကျောက်စာများကို ထောက်ထား၍ ''Paragraphy" အရ ဤလှိုဏ်ဂူအမှတ်(၂၆)ရှိ စေတီဆင်းတု၊ အထူးသဖြင့် ပရိနိဗ္ဗာန်စံတော်မူ ပုံဆင်းတုများ၏ ခေတ်ကို A.D (၄၅၀)မှ (၅၀၀)အတွင်းဟု ခန့်မှန်းကြသည်။

လှိုဏ်ဂူ(၂၇)သည် ဂူအမှတ်(၂၆)နှင့် ဆက်လျက်တည်ဆောက်ထားသောကျောင်းဆောင်ငယ် တစ်ခု ဖြစ်သည်။ ဘုရားခန်း၊ သံဃာများဆုံစည်းရာ အလည်ကွက်လပ်၊ သံဃာတစ်ပါးချင်းသီတင်းသုံး သည့် အဆောင်ငယ်၊ အခန်းငယ်များ(လေးခန်း)ပါဝင်သည်။ နှစ်ထပ်ဆောင် ဆောက်လုပ်ခဲ့သော်လည်း ပြီးစီးခဲ့ဟန်မတူပေ။ တောင်ပြိုကျမှုများကြောင့်လည်း ပျက်စီးနေသည်က များသည်။ အ၀င် ပေါက်၏၀ဲယာ၌ မကန်း၊ နဂါး၊ ဂဠုန်အချိုးညီစွာ ပေါင်းစပ်၍ ဘုမ္မဒေ၀၊ နတ်ရုပ်ပုကလေးများက ရွက်ထားသည့် သတ္တ၀ါသုံးကောင်၏ရုပ်ကြွမှာ ထူးဆန်းပေသည်။ ဘုရားခန်း ဓမ္မဒေသနာမုဒြာ ဆင်းတုတော်ရှိသည်။

လှိုဏ်ဂူ (၂၈)နှင့် (၂၉) နှစ်ခုတို့မှာ မပြီးစီးသော ၀ိဟာရဂူကျောင်းများဖြစ်သည်။ ကျောင်းတိုင် တန်းများ၊ စေတီများအတွင်း၌ တည်ဆောက်ခဲ့ဟန်ရှိသည်။ အားလုံးပျက်စီးပျောက်ကွယ်လျက် ရှိချေပြီ။

လှိုက်ဂူ(၃၀)မှာလည်း ပျက်စီးပျောက်ကွယ်ခဲ့ပြီးဖြစ်သည်။


ဤမျှ ခမ်းနားကြီးကျယ်သော ဗုဒ္ဓယဉ်ကျေးမှု အနုပညာရတနာသိုက်ကြီးကို သွားရောက်ဖူး မျှော် လေ့လာလိုကြပါလျှင် ဘုံဘေမြို့သို့ တနည်းနည်းဖြင့် ရောက်အောင်သွားကြ၍ ဘုံဘေမှ မော်တော်ကား၊ အငှားကားကောင်းကောင်းငှားလျက် ကီလိုမီတာ (၃၀၀)ခန့် ကွာဝေးသော သြရမ်ဂဘတ်မြို့သို့ အရောက်မောင်း၊ ဟိုတယ် ကောင်းကောင်းမှာ ညအိပ်၊ သြရမ်ဂဘတ်၏ အရှေ့မြောက် ကီလိုမီတာ (၁၀၀)ခန့်မောင်းလျှင်၊ အကယ်၍ သြရမ်ဂဘတ်မှ နံနက် (၆)နာရီထွက်နိုင်ခဲ့လျှင် (၉)နာရီ ခန့်လောက်တွင် အဂျန္တာသို့ ကောင်းကောင်းကြီးရောက်နိုင်ပါသည်။ အဂျန္တာ၏နောက် ပေါ်ပေါက်ကြသော Elloror ကိုင်လာ၊ ကနေရီ ဂူများ၏ အကြောင်းကိုလည်း ဆည်းပူးစုဆောင်း၍ သတင်းကောင်းပါးရန် ရည်ရွယ်ထားပါသည်။

မင်းနန်းတော်ကြီးများ၊ မင်းနေပြည်တော်ကြီးများ၊ မင်းစီးသောရထားကြီးများ၊ ဘုန်းတန်ခိုး အာဏာ ကြီးမားသည့် မင်းကြီးတို့၏ ခန္ဓာကိုယ်ကြီးများ၊ ဆွေးမြေ့ပျက်စီးကြကုန်သော်လည်း သူတော်ကောင်းတရား ကား မဆွေးမြေ့နိုင်၊ တန်ဖိုးထားသူ၊ သိတတ်သူ၊ ကျင့်တတ်သူရှိသမျှ တည်ရှိနေမည်သာဖြစ်သည်။


"သူတော်ကောင်းတရား၊ နေရာတိုင်းမှာ ထွန်းတောက်ပါစေ

သူတော်ကောင်းတို့၏ အမွေအနှစ်တို့ကို ထိမ်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။

သီတဂူဆရာတော် ဉာဏိဿရ (D.Litt) (Ph.D)

အဂ္ဂမဟာပဏ္ဍိတ

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက

ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ

05.05.2010

ခတ္တမန္ဒူ။

Read more...

Kathina Programme (ကထိန်အစီအစဉ်)


13th Kathina Ceremony at Samnak Sambodhi Temple
On 21th Nov 2010 (Sunday)
19, Jalan 38, Desa Jaya, Kepong 52100

Programme

8:30am Procession

9.15am Guests or Devotees/taking seat in new building hall

9.30am Arrival of Sangha Members and taking seats in new building hall

Administrating of 5 Precepts by Dr. Ashin Indaka

Mangala Sutta Chanting By Sunday Dhamma Class Students

9.45am Speech by SSBA Chairman Mr. Yip Kum Fook

9.55am Dhamma Talk in Mandarin by Rev. Dr. Pannasami

10.30am Karaniya Sutta Chanting By Reverends.

10.35am Robes or Requisites Offering

11.00am Transferring of Merit By Rev. Dr. Pannsami

11.30am Lunch Dana For Sangha

11.45am Lunch for Guests or Devotees


Sadhu! Sadhu! Sadhu

Read more...

တူသောအကျိုး

ကျွန်မတို့ မောင်နှမ ၇-ယောက်စလုံးကို သည်အဖေ သည်အမေက မွေးခဲ့တာပါ။ သို့သော် အချို့က လှပြီး အချို့က အရုပ်ဆိုးသည်။ အချို့က အသားဖြူ၍ အချို့က မည်းသည်။ အချို့က ဆင်းရဲပြီး အချို့က ချမ်းသာသည်။ ဘာကြောင့်လဲဟု ဘုန်းကြီးဘ၀က လူဝင်စားဖြစ်ခဲ့သော ကျွန်မ စဉ်းစားမိသည်။

ထို့ကြောင့် ကျွန်မတို့မောင်နှမ ၇-ဦး၏ ပြုမူနေထိုင်ပုံများကို လေ့လာပြီး ၂၀၀၉-ခုနှစ် ဇူလိုင်လထုတ် မြတ်မင်္ဂလာစာစောင်မှာ မောင်လေးသေဆုံးပုံကို အမှန်အတိုင်း ဖော်ပြခဲ့ပါသည်။ ယခု ကျွန်မအမတယောက်၏ နောက်ဆုံးခရီးလေးကို ရင်နာစွာနှင့် ဖော်ပြလိုက်ပါသည်။

ကျွန်မ၏အမသည် အိမ်ထောင်ကျပြီး ရွှေတောင်မြို့တွင် နေထိုင်ပါသည်။ သားသမီး ၈-ယောက် မွေးပြီး ချက်နို့ဆီလုပ်ငန်းနှင့် ချမ်းချမ်းသာသာ နေထိုင်ရပါသည်။ သို့သော် အမတွင် ဆီးချိုရောဂါစွဲကပ်၍ မစားနိုင် မသောက်နိုင် တပိန်ပိန် တလိန်လိန်နှင့် ဖြစ်နေပါသည်။ အထူးကုဆရာဝန်ကြီးများနှင့် ကုသသော်လည်း မရပါ။ ခြေထောက်တွင် ခဲစူးမိသောအနာမှာ ဆီးချိုရှိ၍ မပျောက်တော့ဘဲ ကြီးသထက်ကြီးလာသည်။ ဆေးရုံကိုလည်း တက်လိုက်ဆင်းလိုက်နှင့် အကြိမ်ကြိမ်ပင် မိသားစုအားလုံးလည်း စိတ်ဆင်းရဲနေကြပါသည်။

မြန်မာတိုင်းရင်းဆေးနှင့်လည်း ကုပါသည်။ နောက်ဆုံး ဆရာဝန်များလက်လျှော့သည့်အခါ အိမ်သို့ပြန်ခေါ် လာပြီး အိမ်တွင်ပင် မိသားစုနှင့် သိုင်းသိုင်းဝိုင်းဝိုင်း ထားခဲ့သည်။ အမသည် အလှူဒါနကို မပြတ်ပြုသူ ဖြစ်သော်လည်း ၀ိပဿနာတရား အားမထုတ်ပါ။ ချမ်းသာသူဖြစ်၍ သူ့မိသားစုနှင့်သာ ပျော်ပျော်ကြီး နေထိုင်သူဖြစ်ပါသည်။

အမသည် အမဲသား အရမ်းကြိုက်သူဖြစ်သည်။ ကျွန်မတို့က အမဲသား မစားပါ။ အမကို ရှောင်ရန်ပြော သော်လည်း မရပါ။ နွားတကောင်လုံးကို ကြိုက်ပါသည်၊ နွားလျှာ၊ နွားမြီး၊ နွားခြေထောက်၊ ကလီစာ ဘာတခုမှ အလွတ်မပေးပါ။ ယခု အမ ဝေဒနာခံစားနေရသည့်အခါ နွားများကို မြင်နေရသည်ဟု မကြာခဏ ပြောသည်။ သူကတော့ အမဲသားစားချင်၍ အိပ်မက်လိုလို တကယ်လိုလို မြင်နေရသည်ဟု ပြောသည်။ ကျွန်မတို့ကတော့ အာသန္နကံ အကျိုးပေးမှာကို ကြောက်၍ အမအနီးတွင် အတတ်နိုင်ဆုံး ကောင်းမှုကုသိုလ်လုပ်သည့်အကြောင်း၊ ၀ိပဿနာအကြောင်းများကို ပြောပြသည်။

ရွှေတောင်မှာနေသော အမသည် ပြည်မြို့ ပြည်တော်အေး ရုပ်ရှင်ရုံ ရုံးလမ်းတွင် သေဆုံးသော ကုလားကြီး တယောက် သူ့ဆီလာသည်ဟု၎င်း၊ ဒေါ်လှရေ ကျွန်မလာခဲ့မယ်--သွားနှင့်--ဟူ၍၄င်း၊ မကြာခဏ ပြောဆိုပါ သည်။ ကျွန်မတို့လည်း ပရိတ်ရေများ ပက်ဖျန်း၍ သံဃာတော်များ ပင့်ဖိတ်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခဲ့ရသည်။ ဆရာတော်များ၏ တရားခွေများကိုလည်း စဉ်ဆက်မပြတ် ဖွင့်ပေးခဲ့ပါသည်။

အမမှာ သတိမရတချက်၊ ရတချက်နှင့် ပင်ပန်းကြီးစွာ အသက်ရှူနေရသည်ကို မကြည့်ရက်ဖြစ်ခဲ့ရသည်။ ထိုနေ့က ၀ိညာဉ်ချုပ်မည့်နေ့ဖြစ်ပါသည်။ အမ အခြေအနေမကောင်း၍ ကျွန်မတို့အားလုံး အမအနီးတွင် ရောက်နေပါသည်။
အမသည် ခဲအိုကြီး၏ ရင်ဘတ်ကို မှီ၍ထိုင်နေသည်။ ခဲအိုကြီး အမကို ဆေးတိုက်ရာ အခန်းဝမှာ ဒေါ်လှရောက်နေတယ်---အထဲခေါ်လိုက်ပါ-ဟု ပြော၍ ကျွန်မတို့အားလုံး ကြက်သီးမွေးညင်းများ ထသွားပါသည်။ သို့သော် အမသည် ဆေးသောက်ပြီး ဘုရား-ဘုရားဟု စကားနှစ်ခွန်း တီးတိုးညည်းလိုက်ပြီး ခေါင်းလေးစောင်း၍ ၀ိညာဉ်ချုပ်ခဲ့ပါသည်။

အဖေက အမနောက်ဆုံးသတိရသည်မှာ မြတ်စွာဘုရားရှင်ဖြစ်သည်။ ထို့ကြောင့် ကောင်းရာသုဂတိသို့ ရောက်နိုင်ပါသည်ဟု ကျွန်မတို့ မောင်နှမများကို ရှင်းပြပါသည်။ အမ၏အလောင်းကို နေရာရွှေ့သည့်အခါ အမ၏ ခန္ဓာကိုယ်မှ ဆီးများ ရေပုံးကြီးတပုံးခန့် ဝေါခနဲ ထွက်ကျလာသည်ကို အံ့သြဖွယ် တွေ့ရပါသည်။ ထို့ကြောင့် ဓာတ်ကြီး ၄-ပါးနှင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်ကြီးပါတကားဟု တရားရမိသည်။

အမ၏ အလောင်းကို ပြင်ဆင်ထားရာ အမ၏ ခန္ဓာကိုယ်မှ အမဲသားအနံ့ရသည်ဟု ထင်မိပါသည်။ အသုဘရှုသူများကလည်း ပြောကြပါသည်။ ထို့နောက် မြို့စွန်ရှိ သင်္ချိုင်းတွင် ဂူသွင်းပါသည်။ ကျွန်မတို့အားလုံး ဂူသွင်းသည်ကို စောင့်ကြည့်ကြပြီး သင်္ချိုင်းထဲမှ အထွက် လမ်းဘေးအစပ်တွင် မြေပုံ စိုစို တခုကို နင်းမိ၍ ကြည့်လိုက်ရာ မြေပုံပေါ်ရှိ မှတ်တိုင်တွင် ဒေါ်လှ-အသက် ၆၈-နှစ် ဘယ်နေ့ ဘယ်ရက်တွင် ကွယ်လွန်သည်ဟု ရေးထားသည်ကို တွေ့ရာ အမဆုံးသည့်နေ့ထက် နှစ်ရက်စော၍ သေသူဖြစ်ကြောင်း မယုံနိုင်စရာ တွေ့ရပါသည်။

ထို့ကြောင့် အမ အော်-အော်နေသော ဒေါ်လှမှာ ယင်းမြေပုံထဲမှ အမျိုးသမီးဖြစ်ကြောင်း သိလာသည်။ နောက်မှ စုံစမ်းရာ ရွှေတောင်မြို့ ဆယ်နာရီဈေးထဲမှ ဈေးသည် ဒေါ်လှဖြစ်ကြောင်း သိရ၍ အလွန်အံ့သြမိသည်။

မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့-ဆိုသည့် ဆုံးမစကားကို ကြားယောင်မိသည်။ ကြောက်စရာကောင်းသော အကြောင်းတရားများကို မပြုမိဖို့ ကျွန်မတို့ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရသော အမ၏အဖြစ်ကို သံဝေဂယူကြရန် ဖော်ပြလိုက်ပါသည်။
( ဖြစ်ရပ်မှန်)

တီတီအိပ်ခ်ျ (ပြည်)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇွန်လ)

Read more...

သုမိတြရ ကျွန်းပေါ်က သံဃာ့အစည်းအဝေးကြီး အပိုင်း (၂)

ကြွရောက်လာသော သံဃာထု
ထို ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇော်ပွဲသို့---
မြန်မာနိုင်ငံတော်မှ သံဃာတော်ပေါင်း-၆၀၀ ပါး
ထိုင်းနိုင်ငံမှ သံဃာတော်ပေါင်း-၄၀၀ ပါး
သီရိလင်္ကာနိုင်ငံမှ သံဃာတော်ပေါင်း-၃၀ ပါး
လာအိုနိုင်ငံမှ သံဃာတော်ပေါင်း-၁၀ ပါး
ကမ္ဗောဒီးယားနိုင်ငံမှ သံဃာတော်ပေါင်း-၂၅ ပါး
အမေရိကန်ပြည်ထောင်စုမှ သံဃာတော်ပေါင်း-၅ ပါး
အင်္ဂလန်နိုင်ငံမှ သံဃာတော်ပေါင်း-၁ ပါး
ပြင်သစ်နိုင်ငံမှ သံဃာတော်ပေါင်း-၁ ပါး
အိန္ဒိယနိုင်ငံမှ သံဃာတော်ပေါင်း-၅ ပါး
နီပေါနိုင်ငံမှ သံဃာတော်ပေါင်း-၅ ပါး
အင်ဒိုနီးရှားနိုင်ငံမှ သံဃာတော်ပေါင်း-၁၀၀ ပါး
ဂျပန်နိုင်ငံမှ သံဃာတော်ပေါင်း-၁၀ ပါး
ကိုရီးယားနိုင်ငံမှ သံဃာတော်ပေါင်း-၁၀ ပါး
တိဘတ် သံဃာတော်ပေါင်း ၂၅ ပါး
တရုပ်ပြည်မကြီးနှင့် ထိုင်ဝမ်နိုင်ငံ သံဃာတော်ပေါင်း-၅၀ ပါး
စုစုပေါင်း ထေရ၀ါဒ၊ မဟာယာန သံဃာတော် ၁၅၀၀ ခန့်တို့၏ မဟာသံဃာ့သန္နိပါတ အခမ်းအနားကြီးကို (၃၀၊၃၁)နှစ်ရက်တို့တိုင်တိုင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့လေသည်။

ရွှေအဆင့်ဆင့် ပဏာတင့်
ဆုမတြကျွန်း အနောက်ပိုင်းမှာ မီးတောင်တွေ အခိုးတလူလူ ထနေသည်။ ဆုမတြ တောင်ပိုင်းမှာ မုန်တိုင်းတွေ တရုန်းရုန်း တိုက်ခက်နေသည်၊ ရေလှိုင်းတွေ တ၀ုန်းဝုန်း ထနေသည်။ မြတ်ဘုရား ရွှေတိဂုံက မတုန်လှုပ်ပါ၊ ၁၅၀၀ ကျော်သော သံဃာတော်တို့ကလည်း မတုန်လှုပ်ပါ၊ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ခင်း ဘုရားအနေကဇာတင် အခန်းအနား (၇:၃၀)တွင် စတင်သည်။ မြန်မာ လာအို သီရိလင်္ကာ အင်ဒိုနီးရှား အိန္ဒိယ သံဃာ့ရာဇာ ၅ ပါးတို့ကို ထီးဖြူတော်မိုး၍ မဟာယာန အတီးအမှုတ် အက အခုံများဖြင့် ခန်းမဆောင်ကြီးအတွင်းသို့ ပင့်ဆောင်သည်။ သံဃာတော် ၁၅၀၀ ခန့် စည်းဝေးနိုင်သော ခန်းမဆောင်ကြီး၏ အပေါ်၌ မြတ်ဘုရားရွှေတိဂုံကို တည်ဆောက်ထားခြင်းဖြစ်သည်။ ခန်းမဆောင်ကြီး အလယ်ဗဟိုချက်၌ မြန်မာ့ကျောက်ဆင်းတုတော်ကြီး ၄ ဆူ၊ မြန်မာ့ရွှေကျွန်းသားဖြင့် ထုသည့် ပလ္လင်များပေါ်တွင် သီတင်းသုံးသည်။ မြန်မာ့ရွှေကျွန်းပေါ်မှာ ထွင်းထုထားသည့် တမ္ပ၀တီ၏ မြန်မာမှု ပန်းပု လက်ရာ ကျွန်းတံခါးကြီးများမှာလည်း ရွှေကျွန်း၊ ရွှေကျွန်းသား၊ ရွှေဘုရား၊ ရွှေလက်ရာ၊ ရွှေနှလုံးသား၊ ရွှေပေါ်မှာ ရွှေအဆင့်ဆင့် အလွန်ပဏာတင့်ပေသည်။

အစီအစဉ်
သံဃာ့ရာဇာ ဆရာတော်ကြီးများနှင့် အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီးများ၊ ဂျပန်၊ တရုပ်၊ တိဘတ်၊ ထေရ၀ါဒ ဘာသာရေး ခေါင်းဆောင်ကြီးများက ဖရောင်းတိုင်ကြီးများကို မီးညှိထွန်းကြသည်။ ခေါင်းလောင်း ၉ ချက်ထု၍ သံဃာတော် ၁၅၀၀တို့က နမော တဿ မဟာပဏာမ ၃ ကြိမ် ရွတ်ဆို၍ အခန်းအနား ဖွင့်တော်မူကြသည်။
ဆုမတြာကျွန်းကြီး၏ မြေထု ရေထု လေထုတွေ ပြင်းစွာ တုန်ဟီး၍ ကောင်းချီးပေးကြသည်။ မီးရှူး မီးပန်းများဖောက်လွတ်မည်ဟု ကြံစည်၍ နေကြစဉ်မှာပင် ဂျားဗားကျွန်းက မီးတောင်များမှာ တဖောင်းဖောင်း ပေါက်နေကြသည်။
အခန်းအနား ဖွင့်ပြီးနောက် အင်ဒိုနီးရှား ထေရ၀ါဒသံဃာ ၁၀၀ တို့၏ အကြီးအကဲ Most. Ven. Jinadhammo (President of Sangha Council) ဆရာတော်ကြီးက အဖွင့်မိန့်ခွန်း မြွတ်ကြားတော်မူသည်။
ဘုရား ဒါယကာကြီးက ကြိုဆိုနုတ်ခွန်းဆက် စကား လျှောက်ထားသည်။
အင်ဒိုနီးရှားနိုင်ငံ ဘာသာရေး သာသနာရေးဝန်ကြီးက ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာ ကိုယ်တိုင်တက်၍ မိန့်သည်။
ထိုင်းနိုင်ငံ သံဃာ့ရာဇာ၏သ၀ဏ်လွှာကို ဒေါက်တာ သကျအနီလသုဂန္ဓော က ဖတ်ကြားသည်။
လာအိုနိုင်ငံသံဃာ့ရာဇာဆရာတော်ကြီးက သူ၏သ၀ဏ်လွှာကို ကိုယ်တိုင် ဖတ်ကြားတော်မူသည်။
မြန်မာနိုင်ငံ သံဃာ့မဟာနာယကဥက္ကဋ္ဌဆရာတော်ကြီး၏ သ၀ဏ်လွှာကို ဗန်းမော်ဆရာတော်ကြီး ကိုယ်တိုင် ဖတ်ကြားတော်မူသည်။
လုပ်ငန်းကော်မတီ၏ အစီအရင်ခံစာကို ဒေါက်တာမျိုးမြင့်က ဖတ်ကြားလျှောက်ထားသည်။
ပူဇာပွဲနှင့် သံဃာ့အစည်းအဝေးကြီး၏ တခုလုံး သော့ချက်မိန့်ခွန်းကို သီတဂူဆရာတော်ကြီးက မိန့်တော်မူသည်။
မြန်မာသံဃာတော် အပါး ၆၀၀ တို့က မြန်မာမူကျကျ ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇာ အနေကဇာတင်တော်မူကြသည်။

ကမ္ဘာတ၀ှမ်းမှ သ၀ဏ်လွှာများ
၂ ရက်တိုင်တိုင် ကျင်းပသော ရွှေတိဂုံသံဃာ့အစည်းအဝေးကြီး၌ ထိုင်းနိုင်ငံ မဟာနိကာယသံဃာ့ရာဇာ၏ သ၀ဏ်လွှာ၊ ကမ္ဗောဒီးယားနိုင်ငံ မဟာနိကာယနှင့် ဓမ္မယုတ္တိ သံဃာ့ဂိုဏ်းကြီး၂ ဂိုဏ်း၏ သံဃာ့ရာဇာသ၀ဏ်လွှာ၊ လာအိုနိုင်ငံ သံဃာ့ရာဇာ၏ သ၀ဏ်လွှာ၊ လာအိုနိုင်ငံ Buddhsit Federation အဖွဲ့ ဥက္ကဋ္ဌ၏ သ၀ဏ်လွှာ၊ သီရိလင်္ကာနိုင်ငံ အမရပူရနိကာယ၊ ရာမညနိကာယနှင့် သျှာမနိကာယ ဟူသော နိကာယကြီး ၃ ခု၏ သံဃာ့ရာဇာ သ၀ဏ်လွှာများ၊ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး၏ သ၀ဏ်လွှာ၊ ဗုဒ္ဓဂယာ မဟာဗောဓိအသင်း၏သ၀ဏ်လွှာ၊ နီပေါနိုင်ငံ ထေရ၀ါဒသံဃာ့အဖွဲ့ ဥက္ကဋ္ဌသံဃာ့ရာဇာ၏ သ၀ဏ်လွှာ၊ ဆရာကြီး ဂိုအင်ကာ၏ သ၀ဏ်လွှာ၊ ကိုရီးယားနိုင်ငံ ဂိုးရှိုးဂိုဏ်း သံဃာ့ရာဇာ၏ သ၀ဏ်လွှာ၊ တိဘတ်ဗုဒ္ဓဘာသာ ၀ဇိရာယာန ဂိုဏ်းချုပ်၏ သ၀ဏ်လွှာ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး၏ သ၀ဏ်လွှာ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး၏ သ၀ဏ်လွှာ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ သ၀ဏ်လွှာ၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီး၏ သ၀ဏ်လွှာ၊ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်တက္ကသိုလ် ပါမောက္ခချုပ်၏ သ၀ဏ်လွှာ၊ ထိုင်းနိုင်ငံ မဟာမကုဋ် တက္ကသိုလ် ပါမောက္ခချုပ်၏ သ၀ဏ်လွှာ၊ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီး၏ ဂုဏ်ပြုသ၀ဏ်လွှာ၊ တရုပ်ပြည်သူ့သမ္မတနိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ ဥက္ကဋ္ဌကြီး၏ သ၀ဏ်လွှာ၊ စင်္ကာပူဗုဒ္ဓဘာသာအဖွဲ့ကြီး၏ သ၀ဏ်လွှာ၊ ထိုင်ဝမ်ဗုဒ္ဓဘာသာအဖွဲ့ကြီး၏ သ၀ဏ်လွှာ။
ဤသို့အားဖြင့် ၀န်ကြီးများ, သံတမန်များ, သံဃာ့ရာဇာများ, ဗုဒ္ဓဘာသာအဖွဲ့များစွာတို့က ချီးကျူးဂုဏ်ပြု သ၀ဏ်လွှာပေါင်း (၂၇)လွှာတို့ကို ပေးခဲ့ကြရာ ထို သ၀ဏ်လွှာအားလုံးတို့ကို သံဃာတော် ၁၅၀၀ တို့၏ မျက်မှောက်၌ အသီးအသီး ဖတ်ကြား လျှောက်ထားခဲ့ကြသည်။

ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇာ အနေကဇာတင် အစီအစဉ်၌ သံဃာဦးရေ အများဆုံးတက်ရောက်သော မြန်မာနိုင်ငံတော်က သံဃာတော် အပါး ၆၀၀ ခန့်တို့က မြန်မာ့ထေရ၀ါဒမူအရ အနေကဇာတင်ပြီးသော အခါ ထိုင်းနိုင်ငံမှ သံဃာ အပါး ၄၀၀၊ အင်ဒိုနီးရှားနိုင်ငံမှ သံဃာ အပါး ၁၀၀၊ သီရိလင်္ကာနိုင်ငံမှ သံဃာ ၃၅ပါး၊ ကမ္ဗောဒီးယားနိုင်ငံမှ သံဃာ ၂၅ ပါး လာအိုနိုင်ငံမှ သံဃာ ၁၀ပါး၊ အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတို့မှ သံဃာ ၁၀ပါး ဟူသော သံဃာတော် အရှင်မြတ်တို့က အသီးအသီး မိမိ မိမိတို့၏ တိုင်းပြည်ဓလေ့ထုံးစံများအရ ထေရ၀ါဒ နည်းစနစ်ဖြင့် အနေကဇာတင်တော်မူကြသည်။
ထို့ပြင် တရုပ်, ကိုရီးယား,ဂျပန်, ထိုင်ဝမ်, တိဘတ်, စင်္ကာပူ, ဗီယတ်နမ်, မလေးရှားနိုင်ငံ အသီးသီးမှ မဟာယာန သံဃာတော်တို့ကလည်း မဟာယာန နည်းစနစ်ဖြင့် အသီးသီး ရွတ်ဆို၍ ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇာ အနေကဇာတင် မင်္ဂလာ ကောင်းမှုပြုတော်မူကြသည်။

စာတမ်းဖတ်ကြားခြင်း
စာတမ်းဖတ် ဆွေးနွေးပွဲအပိုင်း၌ သုတေသနပြု သာသနာပြု စာတမ်းများကို ဖတ်ကြားခြင်း၊ စေတီတော် သမိုင်းများကို ကွန်ပြူတာ ပါဝါပွိုင့်ဖြင့် တင်သွင်း ရှင်းလင်း ဖတ်ကြားခြင်း၊ သာသနာပြုဆိုင်ရာ ပညာပေး စာတမ်းများကို တင်သွင်းဖတ်ကြားခြင်း၊ စားပွဲဝိုင်းဆွေးနွေးပွဲများပြုလုပ်ခြင်းဖြင့် World Buddhist Summit ကမ္ဘာ့ဗုဒ္ဓဘာသာ ထိပ်သီး ညီလာခံအသွင် ရောက်မှန်းမသိ ရောက်သွားသော အစည်းအဝေးပွဲတခုကို ကျင်းပနိုင်ခဲ့လေသည်။ ဤစာတမ်းဖတ်ကြားခြင်း အစီအစဉ်၌ မဟာစည်ဆရာတော်ဘုရားကြီး၏ အင်ဒိုနီးရှား သာသနာပြု ခရီးစဉ်အကြောင်းကို သာသနာထွန်းကားပြန့်ပွားရေး ဦးစီးဌာန ဒုတိယညွန်ကြားမှူး ဦးအောင်သိန်းညွှန့်က တင်သွင်း ဖတ်ကြားသည်။ အရှေ့တောင်အာရှ ဗုဒ္ဓဘာသာ သမိုင်းကို မဟာမကုဋ်တက္ကသိုလ်မှ ဒေါက်တာ သကျအနီလ သုဂန္ဓောက ကွန်ပြူတာပါဝါပွိုင့်ဖြင့် ဖတ်ကြား ရှင်းလင်ပြသည်။ စေတီတော်များ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာပုံကို တမ္ပ၀တီ ဦးဝင်မောင်က ကွန်ပြူတာပါဝါပွိုင့်ဖြင့် ရှင်းလင်းပြသည်။ စေတီတော် အဓိပ္ပါယ်၊ စေတီတော် ၄မျိုးနှင့် စေတီတော်ပူဇော်ရခြင်း အကြောင်းစာတမ်းကို အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြု တက္ကသိုလ်မှ ဒေါက်တာဓမ္မပိယက၎င်း၊ ဘာသာတရားအားလုံးတို့ အတူယှဉ်တွဲနေထိုင်ရေးနှင့် လူသားတို့ အကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်း စာတမ်းကို ဒေါက်တာ နန္ဒပါလ (UK) တင်သွင်းဖတ်ကြားသည်။ ဆရာကြီး ဦးစိုင်းအောင်ထွန်းက ဗုဒ္ဓ၀ါဒနှင့်ကမ္ဘာ့ငြိမ်းချမ်းရေး စာတမ်းကို တင်သွင်း ဖတ်ကြားသည်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဒေါက်တာစန္ဒာသီရိက သာသနာပြုလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်းအကြောင်း စာတမ်းကို ဖတ်ကြားသည်။ ဗောရောဗုဒ စေတီတော်ကြီး၏ သမိုင်းနှင့် ကျောက်ဆစ်ရုပ်ကြွ အနုပညာတို့၏ ကြီးကျယ် ခန်းနားမှု ကို သြစထရီးယား နိုင်ငံမှ ဒေါက်တာတိစုလက်ဘာ (Dr Tutsu Leber) က ပါဝါပွိုင့်များဖြင့် တင်သွင်း ဖတ်ကြားသည်။

ဒုတိယနေ့၏ နေ့လည်ခင်း
စားပွဲဝိုင်း ဆွေးနွေးခန်း၌ ဒေါက်တာဂုဏရတန (USA) ဆရာတော်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်တော်မူသည်။ ဦးဆောင်ဆွေးနွေးသည့် ပုဂ္ဂိုလ်များမှာ ဆရာကြီး ဦးစိုင်းအောင်ထွန်း၊ ဦးအောင်သိန်းညွှန့်၊ ဒေါက်တာဓမ္မပိယ (USA)၊ ဒေါက်တာနန္ဒပါလ (UK)၊ တမ္ပ၀တီ ဦးဝင်းမောင်၊ ဒေါက်တာတိစုလက်ဘာ (Dr Tutsu Leber) တို့က ဦးဆောင်တင်ပြ ဆွေးနွေးကြသည်။ ဒေါက်တာသကျအနီလ သုဂန္ဓောက အကူအညီသဘာပတိ အဖြစ် ဆောင်ရွက်သည်။ ဒေါက်တာ သစ္စပါလ (နယူးဒေလီ)က တင်သွင်း ဖတ်ကြားသော စာတမ်းအားလုံး၏ အနှစ်ချုပ်ကို ခြုံ၍ ငုံ၍ ပြောကြားခဲ့သည်။ သီတဂူဆရာတော်နှင့် ဒေါက်တာမျိုးမြင့်တို့က စားပွဲဝိုင်း ဆွေးနွေးပွဲကြီးတခုလုံး၏ အစီအစဉ်များကို ကြီးကြပ် စီမံ ဆောင်ရွက်တော်မူခဲ့ကြသည်။ စားပွဲဝိုင်း ဆွေးနွေးပွဲကြီး၏ နိဂုံးချုပ် မိန့်ခွန်းကို ဒေါက်တာဂုဏရတန (USA) က မိန့်ကြားတော်မူသည်။ နားထောင်သော ပရိသတ်တို့ မေးသမျှတို့ကို စာတမ်းရှင်တို့က ဖြေကြားခဲ့ကြသည်။ ဘုရားဒါယကာကြီး မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာ က ကျေးဇူးတင်စကား ပြောကြားသည်။ အင်ဒိုနီးရှားဆိုင်ရာ သာသနာရေးဌာန ညွန်ကြားရေးမှူးချုပ်က နိဂုံးချုပ် ပြောကြားသည်။ သီတဂူဆရာတော်ကြီးက အခန်းအနားတခုလုံး ပြီးဆုံးကြောင်း အခန်းအနားသိမ်း နုတ်ခွန်းဆက် စကား မိန့်ကြားတော်မူသည်။
မြန်မာနှင့် ထိုင်း သံဃာ ၁၀၀၀ တို့က အင်ဒိုနီးရှားနိုင်ငံ၌ ရောက်နေသော သဘာဝဘေးဒဏ် အားလုံး ချုပ်ငြိမ်းစေကြောင်း၊ အင်ဒိုနီးရှား နိုင်ငံသူ နိုင်ငံသားတို့ ဘေးဒုက္ခမှ လွတ်စေကြောင်း ဆုတောင်းသည့် အနေအားဖြင့် ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ အစရှိသော ဂါထာ၊ ယံ ဒုန္နိမိတ္တံ အစရှိသော ဂါထာများကို ရွတ်ဆို၍ ဆုတောင်း မေတ္တာ ပို့ကာ အခန်းအနားကြီး မဟာသံဃာ့ သန္နိပါတ အခန်းအနားကြီးကို အောင်မြင်စွာ ပြီးဆုံး ရုပ်သိမ်းခဲ့သည်။

ထို့နောက် တရုပ် နဂါးအကများဖြင့် ဧည့်ခံဖျော်ဖြေ၍ မီးရူး မီးပန်းများ ပစ်ပေါက်ကြသည်။ သံဃာ ၁၅၀၀တို့ အစည်းအဝေး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများက ဗောဓိပင်များ စိုက်ပျိုးတော် မူခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ ရုပ်သံလွင့် ဌာနများက ရုပ်သံလွင့်ရာ၌၎င်း၊ အင်ဒိုနီးရှားနိုင်ငံ သတင်းစာများက ရေးသားကြရာ၌၎င်း ရွှေတိဂုံစေတီပုံတူ ဖွင့်လှစ်ပူဇော်ပွဲ အခန်းအနားကို The World Buddhist Summit ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံကြီး ဟု ရေးသား ဖော်ပြကြသည်ကို တွေ့ရသည်၊
အောက်တိုဘာလ ၃၁ ရက် ညပိုင်း၌ မြန်မာနိုင်ငံမှ သံဃာတော်များ လေယာဉ် ၅ ဆင်းဖြင့် အသီးအသီး ပြည်ထောင်စုမြန်မာနိုင်ငံတော်သို့ ပြန်ကြွသွားတော်မူကြသည်။ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် သီတဂူဆရာတော်တို့အဖွဲ့သည် မီဒန်းမြို့၌ တစ်ညအိပ်သည်၊ နိုဝင်ဘာလ ၁ ရက် နံနက်တွင် မြန်မာ့ထေရ၀ါဒ နွယ်ဖွား အင်ဒိုနီးရှား ဘုန်းကြီးကလေး အရှင်ပညာသာမိ၏ တောင်းပန်ချက်အရ သူ၏ကျောင်းတိုက်တွင် သိမ်တော်ကြီးဆရာတော် အရှင်ကုမာရ၏ စီမံလမ်းညွှန်မှုဖြင့် ထေရ၀ါဒ သိမ်တခု သမုတ်ခဲ့ကြသည်။ ထိုသိမ်တော်ကို ညောင်တုန်းဆရာတော်ကြီးက သဒ္ဓမ္မသီတဂူသိမ်တော် ဟု အမည်ပြုတော်မူခဲ့သည်။

နိဂုံး
လှိုင်းတွေပဲ ခတ်ခက်, မုန်တိုင်းတွေပဲ ထန်ထန်, မီးခိုးပြာတွေပဲ ၀ဲဝဲ ရွှေတိဂုံ၏ ရွှေရောင်သည်ကား ၀င်းဝင်း တောက်လျက်သာပဲ ရှိနေပါတော့သည်။


သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းလင်းပါစေ။



သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ
Ph.D, D,Litt
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၁၁-၂၀၁၀

0 comments

Read more...

“အိပ်ရေးပျက်ပေမယ့် မြတ်ပါသည်”

ကျူရှူးဆရာတော်၊ ပီနန်ဆရာတော်ကြီး၊ ထိုင်ဝမ်ဆရာတော်ကြီး

ပီနန်ဆရာတော်ကြီး၊ ထိုင်ဝမ်ဆရာတော်ကြီး၊ နာဂိုယာဆရာတော်


ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ကျွန်တော့်ဆီကို တိုကျိုမြန်မာဘုန်းကြီးကျောင်း၊ ကျောင်းထိုင်ကိုယ်တော်က ဖုန်းဆက်လာခဲ့ပါတယ်။ နောက်အပတ်ထဲ ပီနန်ဆရာတော်ကြီး ကြွလာရင် ညပိုင်းတွေမှာ ဝေယျာဝစ္စ၀ိုင်းကူပေးဖို့  ဘယ်ရက်တွေအားမလဲ လို့ မေးလာပါတယ်။ ကျွန်တော်လည်း တနင်္လာကနေ သောကြာအထိ ကြားရက်ဆို ဘယ်ရက်မဆို အဆင်ပြေကြောင်း ပြန်ဖြေရင်း ရက်ညှိကြတော့ ဒီအပတ် အင်္ဂါနေ့နှင့်ဗုဒ္ဓဟူးနေ့ နှစ်ရက်ကို တာဝန်ယူပေးဖြစ်သွားပါတယ်။

ပီနန်ဆရာတော်ကြီးက တိုကျိုမြို့ မှာ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းအဆောက်အအုံတစ်ခု သီးခြားပေါ်ထွန်းလာဖို့ ကြိုးစားကြတော့ အရင်ဦးဆုံး န၀ကမ္မစိုက်ထုတ်လှူဒါန်းပြီး တိုက်တွန်း အားပေးမှုပြုခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ဒါကြောင့် အခု ကျောင်းကြီးပြီးစီးသွားချိန်မှာ ဆရာတော်ကြီးကို ပင့်ဆောင်ပြီး ကျောင်းတော်အသစ်ကြီးကို ပြသရင်း ကျေးဇူးပြုပူဇော်ဂုဏ်ပြုကြတာဖြစ်ပါတယ်။

အင်္ဂါနေ့ ည ကိုးနာရီလောက် သူငယ်ချင်းတစ်ယောက်နှင့်အတူ ဘုန်းကြီးကျောင်းကို ရောက်ခဲ့ပါတယ်။ မျှော်မှန်းထားတဲ့အတိုင်းပါပဲ။ ဧည့်ပရိသတ်တွေနှင့် ကျောင်းမှာ စည်ကားနေပါတယ်။ ဆရာတော်ကြီးကို ဖူးမြော်ရင်း သြ၀ါဒခံနေတဲ့သူတွေ၊ နံနက်အာရုံဆွမ်းအတွက် ချက်ပြုတ်စီမံတဲ့သူတွေနှင့် ကျောင်းရဲ့ အထပ်တိုင်းက လူတွေနှင့်ပြည့်နေပါတယ်။

ကျွန်တော်လည်း ဆရာတော်ကြီးသီတင်းသုံးနေတဲ့အခန်းထဲ ၀င်ရောက်ဝတ်ဖြည့်ပြီး ဆရာတော်ကြီးကို ဖူးတွေ့ကြည်ညိုခဲ့ပါတယ်။ ဆရာတော်ကြီးဟာ သက်တော်ရှစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း သက်တော်ခြောက်ဆယ်ကျော်အရွယ်လို့ ထင်ရအောင်ကို နုပျိုပြီး၊ သန်မာတောင့်တင်းတာကို သတိထားမိပါတယ်။ စကားပြောဆိုရာမှာ အသံသြဇာနှင့် ပြည့်စုံပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့လက္ခဏာတော်ကို ထင်ရှားစွာဖူးတွေ့ရပါတယ်။ ခြုံပြောရရင်တော့ ဘုန်းရှိန်ကံရှိန် အင်မတန်ကြီးမားကြောင်း မြင်တာနှင့်ကို သိနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဆရာတော်ကြီးက သာသနာပြုလုပ်ငန်းအတွေ့အကြုံတွေကို ဒကာ၊ ဒကာမတွေကို စိတ်အားထက်သန်စွာနဲ့မိန့်ကြားနေပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ ကို နှုတ်တော်ကနေလည်း ပြောနေသလို ကိုယ်လက် အမူအရာတော်အားဖြင့်လည်း ပြောနေသလို ခံစားရပါတယ်။

ဗန်းမော်ဆရာတော်ဘုရားကြီး ကြွရောက်ခဲ့စဉ်တုန်းကလည်း အနီးကပ်ဖူးမြော်ခွင့်ရခဲ့ဖူးလိုက်တော့ ဆရာတော်ကြီးနှစ်ပါးရဲ့  ထူးထူးခြားခြားစရိုက်လက္ခဏာမတူတာတွေကို သတိထားမိလိုက်ပါတယ်။ ဗန်းမော်ဆရာတော်ကြီးက ဒကာ၊ ဒကာမတွေအဖူးမြော်ခံတဲ့အခါ ဒကာ၊ ဒကာမတွေက စကားတွေဖောင်ဖွဲ့အောင်ပြောကြပြီး ဆရာတော်ကြီးက ပြုံးပြုံးလေးနားထောင်နေတတ်ပါတယ်။ လိုတော့မှ နဲနဲပါးပါး ၀င်ပြောပါတယ်။ အခန်းထဲမှာ နားထောင်လိုက်ရင် ဒကာ၊ ဒကာမအသံတွေကို ဆက်တိုက်ကြားနေရမှာဖြစ်ပြီး ဆရာတော်ကြီးအသံကို ရံဖန်ရံခါလောက်မှ ကြားရမှာဖြစ်ပါတယ်။ အခုပီနန်ဆရာတော်ကြီးကျတော့ ဆရာတော်ကြီးက အကြောင်းအရာအစုံအလင်ကို ဖြေးဖြေးချင်းမိန့်ကြားနေပြီး ဒကာ၊ ဒကာမတွေက နားထောင်ကြပါတယ်။ ဆရာတော်ကြီးရဲ့ အသက်အရွယ်နှင့် အခုလိုအပင်ပန်းခံပြီး ဒကာ၊ ဒကာမတွေကို အချိန်ပေးစကားပြော သြ၀ါဒပေးနိုင်တာ အံ့သြဖို့ကောင်းပါတယ်။



ကျွန်တော်တို့ကို ညဘက် ဝေယျာဝစ္စလုပ်ဖို့လို့ခေါ်ပေမယ့် တကယ့်တကယ် ဘာမှ ထွေထွေထူးထူးလုပ်စရာက ရှိတာမဟုတ်ပါဘူး။ ဆရာတော်ကြီးမကျိန်းခင် ဒကာ၊ ဒကာမတွေနှင့် ပြည့်နေပြီး၊ ည ၁၀နာရီခွဲကျတော့ ဆရာတော်ကြီးက ကျိန်းပါတော့တယ်။ ဆရာတော်ကြီးကို လာဖူးကြတဲ့ ဧည့်သည်တွေလည်း ပြန်သွားကြပါတယ်။ ဆရာတော်ကြီးကို ၀တ်ဖြည့်ဖို့က ဦးဇင်းငယ်တစ်ပါးက ရှိနေပါတယ်။ ကျွန်တော်တို့လည်း ဆွမ်းချက်တဲ့သူတွေကို ကူညီဖို့ ဆွမ်းစားခန်းထဲသွားခဲ့ပါတယ်။

ည (၁၁)နာရီခွဲကျော်ကျော်လောက်မှာ ဘုန်းကြီးကျောင်းနှင့် အသင်းအတွက် အင်တာနက်စာမျက်နှာသစ်ပြုလုပ်ဖို့ အစည်းအဝေးကိုစပါတယ်။ ပါဝင်သူတွေက ကျောင်းထိုင်ဦးဇင်း၊ အဖွဲ့ ဥက္ကဋ္ဌ ဦးလေးအပြင် အိုင်တီဆိုင်ရာတာဝန်ယူထားတဲ့ အစ်ကိုတစ်ယောက်နဲ့ ကျွန်တော်တို့ပါ။ အသင်းရဲ့ ပုံမှန်အစည်းအဝေးလုပ်တဲ့ရက်တွေမှာက ကျွန်တော်က မအားတော့ မသွားနိုင်။ ကျွန်တော် ဘုန်းကြီးကျောင်းသွားတဲ့အချိန်ဆိုရင်လည်း ကျောင်းထိုင်ဦးဇင်းကလွဲလို့  ကျန်တဲ့သူတွေကို တွေ့ဖို့က ခဲယဉ်းတော့။ အခုလို ကြုံကြိုက်တုန်းလေး တစ်ခါတည်း Meeting ထိုင်ဖြစ်ကြပါတယ်။ ကျွန်တော်တို့ မီတင်းက အိပ်ချင်မူးတူးမီတင်းပါဘဲ။ အားလုံးက ပင်ပန်းပြီး အိပ်ငိုက်နေကြပါပြီ။ ဒါပေမယ့် အလုပ်ကိစ္စဆိုတော့ မျက်လုံးတွေ အတင်းဖွင့်ပြီး လုပ်စရာကိစ္စပြီးပျက်သွားအောင် တစ်ခါတည်း ရှင်းလိုက်ကြတဲ့သဘောပါပဲ။ အသင်းအတွက် ဒိုမိန်းဝယ်ဖို့ ကိစ္စ၊ နာမည်ရွေးဖို့ကိစ္စ၊ hosting ၀ယ်ဖို့ကိစ္စ၊ Website မှာ ထည့်မယ့်အကြောင်းအရာတွေကို စီစစ်ရွေးချယ်တဲ့ကိစ္စ၊ Sitemap ဆွဲတဲ့ကိစ္စ စသည်ဖြင့် ဆွေးနွေးကြပြီး (၁၂)နာရီခွဲခါနီးလောက်မှာ ပြီးသွားပါတယ်။

ဘုန်းကြီးကျောင်းမှာ ဧည့်သည်တွေ အားလုံးပြန်သွားကြတော့ အတူလိုက်အိပ်တဲ့သူငယ်ချင်းရဲ့  Laptop ကွန်ပျူတာကို Windows အသစ်တင်ပေးဖို့  အလုပ်က ကျန်နေပါတယ်။ သူနှင့်ကလည်း လူချင်းတွေ့ဖို့ က ကျန်တဲ့အချိန်တွေမှာ မလွယ်တော့ အခုတွေ့တဲ့အချိန်လေး သူ အကူအညီတောင်းထားတာ လုပ်ပေးရပါတော့တယ်။ စက်ကို format ရိုက်၊ Windows တင်၊ Drivers တွေရှာတင်၊ သုံးမယ့် Software တွေ တင်၊ အင်တာနက်ချိတ်ပေး တာတွေ လုပ်ပြီးချိန်မှာတော့ လေးနာရီထိုးသွားပါပြီ။ ဒါနဲ့ အားလုံးလက်စသပ်ပြီး အိပ်ရပါတော့တယ်။ ငါးနာရီခွဲ ပြန်ထရမှာကိုး။

မနက်ငါးနာရီခွဲတော့ မျက်နှာသစ်ပြီးတာနှင့် အာရုံဆွမ်းအတွက်ကို စပြီးပြင်ဆင်ကြပါတယ်။ ခဏနေတော့ အလှူရှင်တွေလည်းရောက်လာကြပြီး အားလုံးဝိုင်းပြင်ဆင်ချက်ပြုတ်ကြပါတယ်။ ၆နာရီခွဲမှာ ပီနန်ဆရာတော်ကြီးနှင့်တကွ သံဃာတော်(၈)ပါးကို ရှမ်းခေါက်ဆွဲဆွမ်းကို ဆပ်ကပ်လှူဒါန်းကြပါတယ်။ ၇နာရီကျော်ကျော်လောက်မှာ ဆွမ်းကပ်တာပြီးသွားတော့ ကျန်တဲ့ ဧည့်သည်တွေနှင့် ကျွန်တော်တို့အားလုံး မနက်စာ စားကြပါတယ်။ စားသောက်လို့ပြီးတာနှင့် ပန်းကန်ခွက်ယောက်တွေ ဆေးကြောသန့်စင်၊ ဆွမ်းစားခန်းကို နေသားတကျဖြစ်အောင်ပြုလုပ်ပေးခဲ့ပြီး (၈) နာရီကျော်ကျော်လောက်မှာ ကျောင်းကနေ ပြန်လာခဲ့ပါတယ်၊ အလုပ်သွားဖို့က ရှိနေသေးတာဆိုတော့။







ဒုတိယညကိုတော့ ကျောင်းကို ည(၁၀)နာရီလောက်မှ ရောက်သွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ထုံးစံအတိုင်း ဧည့်သည်တွေက မနေ့ကထက်ကို ပိုစည်နေပါတယ်။ နောက်နေ့ဆရာတော်က ပြန်ကြွတော့မှာဆိုတော့ လာနှုတ်ဆက်ကြတဲ့သူတွေနှင့် ကျောင်းကပြည့်နေပါတယ်။ ကျွန်တော်လည်း ဆွမ်းစားခန်းထဲမှာ ဧည့်သည်တွေပြောနေကြတဲ့စကားတွေနားထောင်ရင်း ညနေစာ စားလိုက်ပါတယ်။ ည(၁၁) နာရီလောက်မှာ ဧည့်သည်တွေအားလုံးရှင်းသွားပါပြီ။ ကျွန်တော်လည်း ထမင်းစားသောက်ပြီး ဗိုက်လေးလေးရှိတာရော၊ မနေ့က အိပ်ရေးပျက်ထားတာရောနှင့် ဒီညတော့ စောစောစီးစီးအိပ်တော့မယ်လို့ စိတ်ကူးပြီး အိပ်ဖို့ပြင်ဆင်မယ်လုပ်တုန်း မနေ့ကတည်းက ကျောင်းမှာ ကျွန်တော်တို့နှင့်အတူလာအိပ်ပြီး ဝေယျဝစ္စကူလုပ်ပေးတဲ့ အကိုတစ်ယောက်က ဒီနေ့လည်းလာအိပ်တော့ သူနှင့်မအိပ်ခင် စကားစမြည်ပြောဖြစ်ပါတယ်။

စကားကပြောရင်းက ဘာသာရေးဘက်ရောက်သွားပါတယ်။ ဘာသာရေးကနေ အွန်လိုင်းဘာသာရေးကဏ္ဍကို ရောက်သွားပါတယ်။ အဲဒီကနေတစ်ဆင့်တက်လို့  ကျွန်တော်ဘလော့ဂ်ဂါမှန်းသိသွားတဲ့အချိန်မှာတော့ သူက ကြုံတုန်း ဘာသာရေးဆွေးနွေးချင်တယ်ဗျာ။ မေးချင်တာတွေလည်း ရှိတယ်၊ မအိပ်သေးဘူးဆိုပြီး ကျွန်တော်တို့သုံးယောက်သောက်ဖို့ ကော်ဖီထဖျော်လိုက်ချိန်မှာတော့ ကျွန်တော့်စိတ်ထဲ ငါတော့ လူပေါင်းမှားပြီလို့ တွေးမိလိုက်ပါတော့တယ်။

သူနဲ့က သီလနဲ့ပတ်သက်တဲ့ တချို့ မရှင်းတဲ့ကိစ္စ၊ သံဃာတော်နှင့် လူတွေကြား ဆက်ဆံရာမှာ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စ၊ ၀ိနည်းနှင့်ပတ်သက်တဲ့ကိစ္စ၊ တရားအားထုတ်တဲ့ နည်းတွေနှင့် ပတ်သက်တဲ့ကိစ္စ၊ အွန်လိုင်းမှာ ပြီးခဲ့တဲ့တလောကဖြစ်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ အငြင်းပွားမှုတွေအကြောင်း၊ ဓမ္မကထိကဆရာတော်တွေရဲ့  တရားဟောပုံ တရားပြပုံတွေအကြောင်း၊ စိတ္တနုပဿနာနှင့် ဓမ္မာနုပဿနာအကြောင်း စသည်ဖြင့် အကြောင်းအရာတွေတော်တော်စုံစုံလင်လင်ပါပဲ။ သူကလည်း မရှင်းတာမေးသလို၊ ကျွန်တော်ကလည်း သူ့ဆီက သိချင်တာတွေပြန်မေးခဲ့ပါတယ်။ ဒီလိုနဲ့ ဆွေးနွေးလိုက်တာ (၂)နာရီခွဲသွားပါတယ်။ စကားလက်စသတ်ပြီး အိပ်ယာဝင်ခဲ့ရပါတယ်။

မနက် (၅)နာရီခွဲအိပ်ယာပြန်ထပြီး အာရုံဆွမ်းပြင်ဆင်ပါတယ်။ ဒီနေ့ဆရာတော်ကြီးက အာရုံဆွမ်းဘုန်းပြီးတာနှင့်လေဆိပ်ဆင်းတော့မှာဆိုတော့ အာရုံဆွမ်းကို နည်းနည်းနောက်ကျပြီး (၇)နာရီထိုးခါနီးမှ ကပ်ကြပါတယ်။ ထမင်းကြော်နှင့် မြန်မာဟင်း၊ အီတာလီယံဟင်းတွေ ကပ်ပါတယ်။ ဆရာတော်ကြီးနှင့်အတူလိုက်ပါလာတဲ့ ထိုင်ဝမ်ဆရာတော်ပါ ပြန်ကြွမှာဖြစ်ပါတယ်။ ကျန်တဲ့သံဃာတွေအားလုံးက လေဆိပ်ကို လိုက်ပို့ကြပါမယ်။ ဆွမ်းစားပြီးချိန်မှာတော့ လေဆိပ်သွားဖို့ ပြင်ဆင်ကြပါတော့တယ်။ ကျွန်တော်တို့နှင့် ဆွမ်းအလှူရှင်တွေ၊ ဧည့်သည်တွေကတော့ မနက်စာ စားသောက်ကြပြီး ဆွမ်းစားခန်းကို ရှင်းလင်းရေးလုပ်ကြပါတယ်။ (၈)နာရီကျော်ကျော် အားလုံးပြီးတော့ ကျွန်တော်တို့တွေ အားလုံးကိုနှုတ်ဆက်ပြီး ကျောင်းကနေပြန်လာခဲ့ပါတော့တယ်။

ဒီနှစ်ရက်မှာ သံဃာတော်တွေကို ကိုယ်လှူတာမဟုတ်ပေမယ့် ကိုယ့်အလှူလိုမျိုးသဘောထားပြီး ဝေယျာဝစ္စကုသိုလ်တွေကို သဒ္ဓါတရားအပြည့်၊ စေတနာအပြည့်နှင့် လုပ်ပေးခဲ့ရတာ ၀မ်းသာကြည်နူးစရာကောင်းပါတယ်။ အိပ်ရေးပျက်ပေမယ့်လို့ မအိပ်ရတဲ့အချိန်မှာ သာသနာတော်အတွက်၊ အများအတွက် တန်ဖိုးရှိတဲ့ကိစ္စတွေကို လုပ်ပေးလိုက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပီနန်ဆရာတော်ကြီးကို ဖူးမြော်ရင်း ဆရာတော်ကြီးဆီက မျက်စိနှင့်မမြင်နိုင်ပေမယ့် ခံစားသိနှင့်ရရှိလိုက်တဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားတွေဖြစ်ပါတယ်။ နိုင်ငံခြားသာသနာပြုလုပ်ငန်းကို အောင်မြင်စွာလုပ်ဆောင်နေတဲ့ သာသနာပြုပုဂ္ဂိုလ်တစ်ဦးရဲ့  Personal Power က ကိုယ့်ဆီကို ကူးစက်ရိုက်ခတ်လိုက်တယ်လို့ပြောလို့ရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်း သာသနာတော်အတွက် ဆက်ပြီးကြိုးစားလုပ်ဆောင်နိုင်ဖို့ ကျွန်တော့်အတွက် အားသစ်ကို ဖြစ်စေခဲ့တာတော့ အမှန်ပါဘဲခင်ဗျာ။

လေးစားခင်မင်စွာဖြင့်
ဝိမုတ္တိသုခ

Read more...

သုမေဓာရှင်ရသေ့ ဘုရားဖြစ်ရန်စိတ်အကြံဖြင့် အဓိဋ္ဌာန်ပြုပုံ... (နုယဉ်- ဗုဒ္ဓ၀င်ရုပ်စုံ)




Read more...

ဒို့မေဘာသာ ဒို့မေစာကို


ဒို့မြေဌာနီ ရှေးခါစီဝယ်၊ မထေရ်အပေါင်း စံရာကျောင်းမှ
ငြိမ်းငြောင်းသာယာ မိန့်အာဏာကို၊ ရပ်ရွာလူများ လွန်လေးစားခဲ့၊
ခုကားသို့နှယ် မဟုတ်ကွယ်၍ နယ်ပယ်ပွားစီး သားသမီးတို့၊
ဘုန်းကြီးကျောင်းတွင် စာမသင်တော့။


ထို့ပြင် မြို့နေ ကလေးတွေက၊ ဒို့မေဘာသာ ဒို့မေစာကို
သင်ရာကောင်းမျှ မထင်ကြဘဲ ပြင်ကလာပေး စာပထွေးကို
အလေးဂရု အရေးပြု၏။


ယခုလိုသာ နှစ်ပေါင်းကြာလျှင်၊ မြန်မာပြည်ဖွား တိုင်းရင်းသားတို့
ဘုရားကိုစွန့် တရားစွန့်၍၊ စွန့်လိမ်မှန်စွာ မြတ်သံဃာတည်း။

ထိုအခါလူများ ကိုယ်ကျင့်အားဖြင့်၊ တရားမပါ အမှားစာကြောင့်၊
များစွာ ခုထက် တိုး၍ပျက်လိမ့်။


သို့တွက်များပြား ဘုန်းဘုရားတို့၊ တရားကိုယ်ကျင့် လုံအောင်ကျင့်၍၊
မလင့်စေရ ကိုယ်ဒေသ၌ သိပ္ပ ၀ိဇ္ဖာ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ
ဘုန်းလှိုင် ဟောပြ သြ၀ါဒကို၊ စိတ်ကကြည်ဖြူ လိုက်နာယူ၍၊
ကိုယ်မှု နှုတ်ပြောင်း၊ စိတ်လည်း ကောင်းလိမ့်။

အကောင်း မကောင်း အကြောင်းကြောင်းကို၊ သောင်းပြောင်း ကုန်စင် အစုံမြင်၍၊
ထေရ်ရှင် ရှေ့သွား၊ ဘုန်းအများ၏ တရားစဉ်နှင့် အဆင့်သင့်သား၊
ရှင်ကျင့်ဝတ်ခေါ် ရှေးစာတော်ကို၊ ခေတ်ပေါ် လှစ်ဆင့်၊ စုံအောင်ဖွင့်သည် ........
မျိုးနှင့် သာသနာ တည်ကြောင်းတည်း။


(အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီး)

မှတ်ချတ်။ ။ ဆရာတော်ကြီး၏ အမှတ်(၁၁)ကျမ်းစာ ရုပ်ပုံရှင်ကျင့်ဝတ်စာအုပ်၏ နောက်ဆုံးနိဂုံးချုပ်လင်္ကာကို
အများသူငှာ နာယူမှတ်သား အသိပွားဖို့ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။


ဒို့မေဘာသာ ဒို့မေစာ ဋီကာအဖွင့်


ပဋိသန္ဓေ အသစ်။ ။ ဆရာ့အထံ၌ သားငယ်ကို အပ်နှံခြင်းသည် ဘ၀သစ်၌ ပဋိသန္ဓေအသစ် ယူစေခြင်းနှင့်တူ၏။ လူ့ဘ၀၌ ပဋိသန္ဓေနေသူသည် မိမိဖြစ်ရာ အမျိုး၏ ရိုးရာလိုက်၍ စာသောက်နေထိုင် ကျင့်ကြံလေ့ရှိသကဲ့သို့ ဆရာကောင်းထံ၌ အပ်နှံမိယင် ဆရာကောင်း၏ အတုလိုက်၍ ဆရာ မကောင်းထံအပ်နှံမိယင်လည်း ထိုဆရာ မကောင်း၏ ထုံးစံကိုသာ လိုက်မိတော့သည်။ ထို့ကြောင့် ကျနစွာ သင်ပြမပေးတတ်သော ဆရာအထံ၌ နေမိခြင်းသည် အမျိုးညံ့မှာ ပဋိသန္ဓေနေမိခြင်းနှင့် တူ၏။ ကျနစွာ သင်ပြပေးတတ်သော ဆရာအထံ၌ နေမိခြင်းကား အမျိုးကောင်းမိဘထံမှာ ပဋိသန္ဓေ နေမိခြင်းနှင့် တူသည်။

အဋ္ဌကထာ။ ။ ပဗ္ဗဇ္ဇာ ဟိ နာမေသ ပဋိသန္ဓိဂ္ဂဟဏသဒိသာ။ ယထာ မနုဿာ ယတ္ထ ပဋိသန္ဓိံ ဂဏှန္တိ၊ တေသံ ယေ၀ ကုလာနံ အာစာရံ သိက္ခန္တိ။ ဧ၀ံ ဘိက္ခူပိ (သာမဏေရာပိ) ယေသံ သန္တိကေ ပဗ္ဗဇန္တိ၊ တေသံ ယေ၀ အာစာရံ ဂဏှန္တိ။
(သဠာယတနသံယုတ်၊ အာသီဝိသ၀ဂ္ဂ စတုတ္ထသုတ်)

တင်ပြစရာ အဖြာဖြာ။ ။ ဤနေရာဝယ် ကမ္ဘာပတ်ဝန်းကျင်နှင့် ပြည်တွင်းမငြိမ်မသက် ဖြစ်နေမှုများကို အရေးကြီးသော်လည်း "မိုးပြို အများနှင့်" ဖြစ်ရမည့် ကိစ္စဖြစ်၍ မစိစစ်လိုပါ။ သာသနာတော်နှင့် သက်ဆိုင်သော လက်ရှိအခြေမှန်ကိုသာ ဝေဘန်တင်ပြ လိုပါသည်။

(၁) များစွာသော ကျေးရွာနယ်ပယ်တို့၌ သီးတင်းသုံးနေတော်မူကြသော ဘုန်းတော်ကြီးများ၏ သြဇာအာဏာ သည် မြန်မာဘုရင်များ၏ လက်ထက်ကို မဆိုထားဘိ အင်္ဂလိပ်စိုးခိုက်ဖြစ်သော အနှစ်လေးဆယ်ကျော်လောက် အချိန်က ရရှိနေသလောက်မျှ အရှိန်အ၀ါမရှိ၊ သိသိသာသာကြီး ဆုတ်ယုတ်နေလေပြီ၊ ဤအချက်၌ ရှေးလက်ထက်က သြဇာရှိ၍ ယခု ဘာကြောင့် မရှိရသလဲဟု လေးလေးနက်နက် စဉ်းစားရပေမည်။


(၂) ရှေးအခါက ကျောင်းထိုင်ဘုန်းတော်ကြီးများသည် အနေအထိုင်အားဖြင် ရပ်ရွာသူ ရပ်ရွာသားလူအများတို့ လေးစားကျေနပ် လောက်အောင် ဣနြေ္ဒသိက္ခာကို ဆောင်တော်မူနိုင်ကြပေသည်။ ယခုသော်ကား အများအားဖြင့် ထိုသို့လေးစား ကျေနပ်လောက်ပါ သေးသလော။


(၃) ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူ ရွာသားကလေးများကို ယဉ်ကျေးလိမ္မာအောင် ဆုံးမ၍ အတက်ပညာကိုလည်း (လုံးလုံးအခမဲ့ တကဲ့မေတ္တာ စေတနာဖြင့်) သင်ပေးတော်မူကြ၏။ ယခုအခါ၌ကား ဘုန်းတော်ကြီးများ၏ ကျောင်း၌ စာသင်ယူမည့် ကလေးများပင် ရှားပါး၍ နေတော့သည်။


(၄) ဘုန်းတော်ကြီးကျောင်း၌ စာသင်ယူမည့် ကလေးသူငယ်များ ရှားပါးခြင်း၏ အကြောင်းမှာလည်း ဘုန်းတော်ကြီးများက သင်မပေးလိုကြ၍ မဟုတ်။ "ဘုန်းတော်ကြီးကျောင်းမှ ထွက်လာသော ကလေးများသည် များသောအားဖြင့် အောက်ကျနောက်ကျ ရှိကြ၏"ဟု ယူဆ၍ ဘုန်းကြီးကျောင်းထွက် မိဘများကိုယ်တိုင်က မိမိသားကို မထားလိုကြတော့ခြင်းကြောင့် ဖြစ်ဟန်တူလေသည်။ (၀မ်းနည်ဘွယ်ကောင်းလေစွ)။

(၅) တစ်ဖန် မြို့ကြီးငယ် အသွယ်သွယ်ရှိ ဘုန်းတော်ကြီးများ၏ သြဇာအာဏာကို စဉ်းစားကြည့်ကြပါစို့၊ အနည်းငယ်သော ဆရာတော်များမှ တစ်ပါး အများအပြားအားဖြင့် ဘုန်းတော်ကြီးတို့မှာ သြဇာအာဏာများကို မဆိုထားဘိ လူကြီးလူကောင်းဆိုသူ များ၏ လေးစားရိုသေခြင်းမျှကို ခံရဖို့ ခဲယဉ်းလေတော့သည်။ ထိုသို့ဖြစ်ရာ၌ အကြေားကား အသို့ပါနည်း..


(က) ယခုအချိန်မှာ အထက်တန်းစားဟု ဆိုသော ကုန်သည်များနှင့် အစိုးရအမှုထမ်းတို့သည် များသောအားဖြင့် ဘုန်းကြီးကျောင်း ထွက်များ မဟုတ်ကြချေ။ တချို့ကမူ ဘာသာခြားစာသင်ကျောင်းထွက်လည်း ဖြစ်ကြလေသေး၏။

(ခ) ထိုဘာသာခြား စာသင်ကျောင်းထွက်များသည် ငယ်စဉ်ကပင် ဗုဒ္ဓဘာသာတရားဓမ္မ လုပ်ငန်းကိစ္စဟူသမျှနှင့် မျက်နှာစိမ်း ခဲ့ကြခြင်း သူတို့ဆရာကြီးများ၏ မေတ္တာ ကရုဏာကိုခံယူခဲ့ရခြင်းတို့ကြောင့် ကြီးရင့်သောအခါ ဗုဒ္ဓဘာသာကို မစွန့်သော်လည်း ဗုဒ္ဓဘာာသာဝင် အရှင်ကောင်း အရှင်မြတ်များကို ဆည်းကပ်မိဖို့မှာ လွန်စွာပင် ခဲယဉ်းတော့သည်။ ကြုံကြိုက်သော သာမန် ဘုန်းကြီးကျောင်းများကိုသာ ကိုးကွယ်ဆည်းကပ်ရသည့်အတွက် ဗုဒ္ဓဘာသာအပေါ်မှာ လေးနက်သော စိတ်ကို မထားတတ်ကြ တော့ချေ။


(ဂ) ယခုလွတ်လပ်ပြီးသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ကား ထိုဘာသာခြားစာပေကို သာ၍ပင် အားကျပါးကျ သင်ယူနေကြပါသေးသည်။ ပစ္စည်းဥစ္စာ အထက်တန်းကျလေ ဘာသာခြားကျောင်း၌ အထားများလေလေဖြစ်၏။ လက်ရှိအခြေအနေကို စဉ်းစားရလျှင် နိုင်ငံတော်အစိုးရ အဆက်ဆက်သည် ထိုဘာသာခြား ပညာတတ်တွေသာ ဖြစ်ဖွယ်ရှိနေပေသည်။ (သို့ဖြစ်၍ ဘာသာခြား စာပေကို သင်သည့်အတွက် အပြစ်မဆိုသာ အများဆုံးနှင့် အမြန်ဆုံး တတ်မြောက်နိုင်သော နည်းလမ်းကိုသာ အသီးသီး ရှာဖွေရပေမည်)။


(၃) တစ်ဖန် မိမိတို့ဘက်သို့ လှည့်၍ ကြည့်ပြန်သော် အထိုက်အလျောက် ကြည်ညိုခံရသော ဆရာတော်များ လည်း သက်တော်ရွယ်တော် ရင့်ညောင်း၍ ဘ၀ပြောင်းဖို့အရေးနှင့် ဝေးကောင်းမှ ဝေးကြပေတော့မည်။ ဤအတိုင်းသွားခဲ့ပါသော် ကျေးလက်ရော မြို့ပါ သာသာနအရေး စိတ်လေးစရာပင် ဖြစ်နေပါတော့သည်။


(၄) တစ်ဆင့် စဉ်းစားဖွယ်ရှိသေး၏။ ဤသာသနာတော် အချိန်မှေးမှိန်သော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံ တော်ကား တိုးတက်မည်သာ ဖြစ်ပါမူ သာသနာတော်၏ ကံကြမ္မာကို သာသနာ့ဝန်ထမ်း ရဟန်းတော်တို့သာ ခံကြဖို့ပင် ဖြစ်ပါပေသည်။ သို့သော် လက်တွေ့အားဖြင့် ထိုသို့ဟုတ်နိုင်မည်မထင်ပါ။ အနော်ရထာမင်းစော လက်ထက်မှ စ၍အရာအရာယဉ်ကျေးမှု တိုးတက် ခြင်းသည် သာသနာတော်ကြောင်းဖြစ်ရကား သာသနာတော် မှေးမှိန်လျှင် တိုင်ပြည်လည်း ကိုယ်ကျင့်တရားမှစ၍ သေးသိမ်ဖို့ လမ်းကသာများနေပါသည်။ သို့ဖြစ်လျှင် သာသနာရေးနှင့် တိုင်းပြည်အရေးကို သွေးခွဲသင့်ပါဦးမည်လော။


(၅) "သာသနာတော်၏ အရှိအ၀ါ သြဇာအာဏာ ဆုတ်ယုတ်ခြင်းသည် နိုင်ငံတော်ဆုတ်ယုတ် ကြောင်းပင်" ဖြစ်ပါသည် ဟူသော ၀ါဒကိုလက်ခံနိုင်ကြပါမူ သာသနာတော်ဆုတ်ယုတ်ခြင်း၏ အကြေားများကို ဖယ်ရှားဖို့ ရဟန်းတော်များ၏ ကိုယ်ကျင့် သိက္ခာများကို ရှေးစနစ်အတိုင်း ဖြစ်နိုင်သမျှ ဖြစ်အောင် ကြိုးစားသင့်ပါ သည်။ ၀ိနည်းတော်နှင့် မဆန့်ကျင်သော သိပ္ပ ၀ိဇ္ဇဟူသမျှ ကိုလည်း ရဟန်းတော်များ ကိုယ်တိုင်ငွေကြေးအထောက်အပံ့မယူဘဲ ရှေးမူအတိုင်း သင်ပေးနိုင်အောင် အချိန်ရှိခိုက် လုံ့လစိုက်သင့် ပါသည်။ (ဤကိစ္စ၌ နည်းအမျိုးမျိုးရှိသောကြောင့် အသေးစိတ် မပြလိုတော့ပါ)။


(၆) ထိုအတိုင်း ကြိုးစားသောအားဖြင့် (ယောက်ျားကလေးများကို ဘုန်းတော်ကြီးများက သင်ပြ၍ မိန်းကလေး များကို သီလရှင် ဆရာများက သင်ပြပေးနိုင်ပါမူ) ဤမြန်မာနိုင်ငံသည် အဘယ့်ကြောင့် ငြိမ်ငြိမ်သက်သက်နှင့် မတိုးတက်ဘဲ ရှိအံ့နည်း။ သာသနာအရှိအ၀ါသည် အဘယ်မှာလျှင် ဤနိုင်ငံတော်နှင့် ကွဲကွာနိုင်ပါတော့နည်း။


(၇) ဤသို့ နိုင်ငံတော်နှင့် သာသနာတော်တိုးတက်ရာ တိုးတက်ကြောင်းများတွင် ရဟန်းတော်များ၏ ကိုယ်ကျင့် သိက္ခာတည်တံ့ ခိုင်မြဲရေးလည်း အပါအ၀င်ဖြစ်သောကြောင့် ရှေးဆရာတော်ကြီးများသည် သာမဏေကိုရင်ဖြစ်သည်မှ စ၍ကျင့်ကြရမည့် သိက္ခာစုကို ရှင်ကျင့်ဝတ်ဟု အမည်သမုတ်၍ ဖော်ထုတ်ညွှန်ပြတော်မူခဲ့ကြပေသည်။



(မှတ်ချက်) အမရပူရမြို့ ဆရာတော်ဘုရားကြီး၏ ရုပ်ပုံရှင်ကျင့်ဝတ် ကျမ်းစာအုပ်မှ ဆရာတော်၏ သာသနာနှင့် နိုင်ငံတော်ပေါ် ထားရှိသော နှလုံးသားကို သိရှိနိုင်ရန် ကူးယူ ဖေါ်ထုတ်ပေးခြင်းဖြစ်ပါသည်။)

Read more...

The Way to Nibbana (Part 14) - နိဗ္ဗာန်လမ်း (အပိုင်း ၁၄)

သက်တောင့်သက်သာဖြစ်မည့် ဣရိယာပုထ် တစ်ခုကို ယူ၍ အသက်ရှူပါ။ ပါးစပ်ပိတ်ထားပြီး အားစိုက်ထုတ်မှု မပါဘဲ သဘာဝအတိုင်း နှာခေါင်းဖြင့် အသက်ရှူပါ။ အသက်ရှူမှု ဖြစ်စဉ်ကို စူးစိုက်ထားရင်း ရှေးဦးစွာ အသက်ရှူသွင်းလိုက်ပြီး “တစ်”ဟုရေတွက်ပါ၊ အသက်ရှူထုတ်လိုက်ပြီး “နှစ်”ဟုရေတွက်ပါ။ အသက်ရှူမှုအပေါ် အာရုံစိုက်ထားရင်း ဤနည်းအတိုင်း တစ်ဆယ်အထိ ရေတွက်နိုင်ပါသည်။ အရေအတွက် တစ်ဆယ်မပြည့်မီ စိတ်ပျံ့လွင့်သွားနိုင်ပါသည်။ သို့သော် စိတ်ပျက်စရာ မလိုပါ။ အောင်မြင်သည်အထိ ကြိုးစားပါ။ တဖြည်းဖြည်းချင်း ရေတွက်မှု အစုံများ တိုးပွားလာပါလိမ့်မည်။ တစ်ဆယ်အထိ ရေတွက်မှု ငါးစုံရသည် ဆိုပါစို့။ နောက်ပိုင်း၌ မရေတွက်တော့ဘဲ အသက်ရှူမှုကိုသာ စူးစိုက်ရှူမှတ်နိုင်ပါသည်။ တစ်ချို့က ရေတွက်မှ သမာဓိရ၏။ တစ်ချို့က မရေတွက်မှ သမာဓိရ၏။ သမာဓိရဖို့ အရေးကြီး၏။ ရေတွက်ခြင်းသည် အရေးမပါသော ဒုတိယဦးစားပေး လုပ်ရပ်ဖြစ်၏။ သမာဓိ ထူထောင်မိသောအခါ ကိုယ်စိတ်နှစ်ပါး ပေါ့ပါးမှုကို ခံစားရမည်။ အလွန်အမင်း ငြိမ်းချမ်းမှုကိုလည်း ခံစားရမည်။ လေထဲမှာ မြောက်တက်သွားသကဲ့သို့ပင် ခံစားရနိုင်၏။ ဤကမ္မဋ္ဌာန်းကို ကာလအတန်ကြာသည်အထိ ကျင့်ကြံမိသောအခါ တစ်နေ့နေ့၌ “ခန္ဓာကိုယ်ကို အသက်ရှုမှုဖြင့်သာ ထောက်ပံ့ထားအပ်၏”ဟု နားလည်လာပေလိမ့်မည်။ “အသက်ရှူမှု ရပ်စဲသောအခါ ခန္ဓာကိုယ်လည်း ပျက်စီးရ၏”ဟု နားလည်လာပေလိမ့်မည်။ အနိစ္စသဘောကို ချက်ချင်းနားလည်၏။ ဖောက်ပြန်ပြောင်းလဲမှု ရှိသည့်နေရာ၌ ထာဝရ တည်မြဲသောအရာ သို့မဟုတ် ထူးဆန်းသည့်ဝိဥာဉ် မရှိနိုင်ပေ။ ထို့နောက် ထိုးထွင်းသိမှု ဥာဏ်အမြင်သည် အရဟတ္တဖိုလ်ရောက် ပေါက်မြောက်သည်အထိ ရင့်သန်တိုးပွားလာနိုင်၏။

အသက်ရှူမှုကို စူးစိုက်ရှုမှတ်ရသည့် ဤအာနာပါနကမ္မဋ္ဌာန်း အာရုံသည် သမာဓိကိုသာ ရရှိစေနိုင်သည်မဟုတ်။ လွတ်မြောက်မှု ရရှိရေးအတွက် ထိုးထွင်းသိမှု ဥာဏ်အမြင်ကိုပါ ထူထောင်ပေးနိုင်သည်ဟူသော အချက်မှာ ထင်ရှားလှ၏။

ရိုးရှင်းသည့် ဤကမ္မဋ္ဌာန်းကို အနှောင့်အယှက် အန္တရာယ် ကင်းမဲ့စွာ လူတကာတို့ လက်ကိုင်ပြု ကျင့်သုံးနိုင်၏။

ပို၍ အသေးစိတ် သိရှိရန်အတွက် စာရှုသူသည် ၀ိသုဒ္ဓိမဂ်ကို မှီငြမ်းပြုသင့်၏။ သတိပဋ္ဌာနသုတ် အလိုအရ အာနာပါန ဟူသည်မှာ -
“အမှတ်သတိဖြင့် ၀င်လေကို ရှူသွင်းခြင်း၊ အမှတ်သတိဖြင့် ထွက်လေကို ရှိုက်ထုတ်ခြင်း”ပင် ဖြစ်၏။

၁။ “အားထုတ်သော ယောဂီသည် ရှည်ရှည်ရှိုက်လျှင်လည်း ‘ရှည်ရှည်ရှိုက်သည်’ဟု သိ၏။ ရှည်ရှည်ရှူလျှင်လည်း ‘ရှည်ရှည်ရှူသည်’ဟု သိ၏။”
၂။ “အားထုတ်သော ယောဂီသည် တိုတိုရှိုက်လျှင်လည်း ‘တိုတိုရှိုက်သည်’ဟု သိ၏။ တိုတိုရှူလျှင်လည်း ‘တိုတိုရှူသည်’ဟု သိ၏။”
၃။ “အားထုတ်သော ယောဂီသည် ‘အလုံးစုံသော (ဆိုလိုသည်မှာ အစ အလယ် အဆုံး) အသက်ရှူမှု ဖြစ်စဉ်တစ်ခုလုံးကို ထင်ရှားသိလျက် ရှိုက်မည်’ဟု ကျင့်၏။ ‘အလုံးစုံသော အသက်ရှူမှု ဖြစ်စဉ်တစ်ခုလုံးကို ထင်ရှားသိလျက် ရှူမည်’ဟု ကျင့်၏။”
၎။ “အားထုတ်သော ယောဂီသည် ‘ရုန့်ရင်းသော ထွက်သက်ကို ငြိမ်းစေလျက် ရှိုက်မည်’ဟု ကျင့်၏။ ‘ရုန့်ရင်းသော ၀င်သက်ကို ငြိမ်းစေလျက် ရှူမည်’ဟု ကျင့်၏။” [အသက်ရှူမှု မပြင်ထန်လွန်းစေရဟု ဆိုလို၏။ ဘာသာပြန်ဆိုသူ]

အဘိညာဉ်

ဈာန်တရားတို့ကို အောင်မြင်ပေါက်မြောက်အောင် ထူထောင်ပြီးသော ယောဂီသည် နတ်မျက်စိကဲ့သို့ အထူးမြင်တတ်သောဥာဏ် (ဒိဗ္ဗစက္ခု)၊ နတ်နားကဲ့သို့ အထူးကြားတတ်သောဥာဏ် (ဒိဗ္ဗသောတ)၊ ရှေးဘ၀၌ ဖြစ်ပျက်ခဲ့ဖူးသည်ကို အစဉ်အောက်မေ့တတ်သောဥာဏ် (ပုဗ္ဗေနိဝါသာနုဿတိ)၊ သူတစ်ပါး၏ စိတ်ကို သိတတ်သောဥာဏ် (ပရစိတ္တ၀ိဇာနန)၊ တန်ခိုးအမျိုးမျိုးကို ပြနိုင်စွမ်းသောဥာဏ် (ဣဒ္ဓိဝိဓ)ဟူသည့် အထူးသိတတ်သော ဥာဏ်အစွမ်း (အဘိဥာဏ်) ငါးပါးကို အခက်အခဲ မရှိဘဲ ရရှိနိုင်၏။

ဈာန်နှင့် ဤအဘိဥာဏ်တို့သည် အရဟတ္တဖိုလ်ပေါက် ပြီးမြောက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်များ မဟုတ်ဟု ဆိုနိုင်၏။ သို့သော် ၎င်းတို့သည် ပိုင်ဆိုင်ရရှိသူအတွက် အသုံးဝင်သည် တန်ဖိုးရှိသည်ကား သေချာ၏။ ဥပမာ ၀ိပဿနာမျှကိုသာ ပွားများခြင်းဖြင့် ဈာန်တရားတို့၏ အကူအပံ့ မပါဘဲ အရဟတ္တဖိုလ် ဆိုက်ရောက်သော ဈာန်ခန်းခြောက်သည့် (သုက္ခ၀ိပဿက) ရဟန္တာများ ရှိခဲ့၏။ ဘုရားရှင် လက်ထက်တော် အခါက သာဝကများစွာ သာဝိကာမများစွာတို့သည် ဈာန်တရားကို မပွားများဘဲ အရဟတ္တဖိုလ် ဆိုက်ရောက်ခဲ့ကြ၏။

ပဉ္စမဈာန် ရရှိသူသာလျှင် အဘိညာဏ်ငါးပါး ရနိုင်၏။

ဒိဗ္ဗစက္ခုဟူသည် ဒေ၀တာစက္ခု သို့မဟုတ် နတ်မျက်စိပင် ဖြစ်၏။ အကြားအမြင်ဟုလည်း ခေါ်နိုင်၏။ ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ သာမန်မျက်စိ မံသစက္ခုဖြင့် မမြင်နိုင်သော နတ်လောက လူလောကရှိ အရာတို့ကို မြင်နိုင်၏။

သတ္တ၀ါတို့၏ သေဆုံးခြင်းနှင့် တစ်ဖန်မွေးဖွားခြင်းတို့ကို သိသော စုတူပပါတဥာဏ်သည် ဤ ဒိဗ္ဗစက္ခုနှင့် အလားတူ၏။ အနာဂတ်ကို သိသောဥာဏ်နှင့် ကောင်းမှု မကောင်းမှု အားလျော်စွာ သတ္တ၀ါတို့ ဖြစ်ကြရပုံကို သိသောဥာဏ်တို့သည်လည်း အမျိုးအစားတူသော ဥာဏ်များ ဖြစ်ကြ၏။

ဒိဗ္ဗသောတဟူသည် နတ်ကဲ့သို့ ကြားနိုင်စွမ်းပင် ဖြစ်၏။ အကြားအမြင်ဟုလည်း ခေါ်နိုင်၏။ အနီးမှဖြစ်စေ အဝေးမှဖြစ်စေ သိမ်မွေ့သော သို့မဟုတ် ကြမ်းတမ်းသော အသံကို ကြားနိုင်၏။

ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ဟူသည် မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အတိတ်ဘ၀တို့ကို သိနိုင် အောက်မေ့နိုင်သော အစွမ်းသတ္တိပင် ဖြစ်၏။ ဤ အဘိဥာဏ် အရာ၌ ဘုရားရှင်၏ အစွမ်းတော်သည် အကန့်အသတ် မဲ့၏။ အခြားသူတို့၏ အစွမ်းကား အကန့်အသတ် ရှိ၏။

ဣဒ္ဓိဝိဓဟူသည် ကောင်ကင်သို့ ပျံတက်နိုင်စွမ်း၊ ရေပေါ်၌ လမ်းလျှောက်နိုင်စွမ်း၊ မြေလျှိုးနိုင်စွမ်း၊ ရုပ်သွင်တစ်မျိုး ဖန်ဆင်နိုင်စွမ်း အစရှိသော အစွမ်းသတ္တိများပင် ဖြစ်၏။

နာဒရထေရ် The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

Read more...

ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီး၌

“ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီး၌ သာသနာကို စောင့်ရှောက်ပါမည်ဟု သိကြားမင်းဝန်ခံခဲ့ပါသည်။ ဤသို့ ၀န်ခံခဲ့လျှက် ယခုအခါ သာသနာတော်ကို ဆောင်ရွက်နေသော ငါတို့အား မစောင့်ရှောက်သောကြောင့် သိကြားမင်းသေကြောင်း သိရပေသည်။ ဤစည်ကို တီးရခြင်းဖြစ်ပါသည်။”

အရှင်ခေမာစာရ

မြန်မာ့ရာဇ၀င်ဇာတ်ပေါ်မှာ အပြုအမူမျိုးစုံ၊ အပြောအဆိုမျိုးစုံ၊ အတွေးအခေါ်မျိုးစုံနဲ့ မင်းများစွာပြုမူလှုပ်ရှားသွားခဲ့ကြ ပါတယ်။ ပရိသတ်အားကျတဲ့မင်း၊ ပရိသတ်နှစ်သက်တဲ့မင်း၊ ပရိသတ်တသသဖြစ်ကျန်ရစ်တဲ့မင်းတွေရှိခဲ့သလို ပရိသတ်စက်ဆုပ်တဲ့မင်း၊ ပရိသတ် မသတီတဲ့မင်း၊ ပရိသတ်အားမရတဲ့မင်းတွေလည်းရှိခဲ့ပါတယ်။ အဲဒီအထဲက ပရိသတ်အားကျတဲ့မင်း၊ ပရိသတ်နှစ်သက်တဲ့မင်း၊ ပရိသတ် တသသဖြစ်ကျန်ရစ်တဲ့မင်းတွေကို ခေတ်အဆက်ဆက် ပရိသတ်တွေက မင်းကောင်းမင်းမြတ်တွေအဖြစ် ကမ္ပည်းတင်ခဲ့ကြပါတယ်။

ဒီနေရာမှာ ပရိသတ်က မင်းကောင်း မင်းမြတ်အဖြစ် ကမ္ပည်းတင်တဲ့နေရာမှာ ”စံ” များစွာထဲက မဖြစ်မနေပါရတဲ့ ”စံ” တစ်ခုရှိပါတယ်။ အဲဒါကတော့ ဒီမင်းဟာ သာသနာရေးဘယ်လောက်အားပေးခဲ့သလဲ၊ ပြီးတော့ တစ်ဆင့်တက်တွေးပြီး စစ်မှန်တဲ့သာသနာရေးလား၊ ဒါမဖြစ်မနေထားရတဲ့စံပါ။ ဘာဖြစ်လို့ ဒီစံထားရသလဲဆိုတော့ မြန်မာ့ယဉ်ကျေးမူအခြေခံ အုတ်မြစ်တွေဟာ ထေရ၀ါဒဗုဒ္ဓစာပေတွေဖြစ်နေလို့ပါပဲ။

အင်းဝခေတ်မှာ ထူးခြားတဲ့မင်းတစ်ပါး ပေါ်ထွန်းခဲ့ပါတယ်။ အဲဒီမင်းကတော့ မင်းကြီးစွာစော်ကဲဆိုတဲ့မင်းပါ။ မင်းကြီးစွာစော်ကဲအကြောင်းက ရာဇ၀င်မှာ သင်ဖူးထားကြတာများလို့ အထူးပြောစရာမလိုတော့ပါဘူး။ ပြောချင်တာက မင်းကြီးစွာစော်ကဲနဲ့ သာသနာရေးပါ။ မင်းကြီးစွာ အင်းဝဘုရင် ဖြစ်လာတော့ ငယ်ဆရာဖြစ်တဲ့ ရခိုင်ဘုန်းကြီးကို ”မဟာသံဃရာဇာ”ဆိုတဲ့ ဘွဲ့တံဆိပ်ကိုကပ်ပြီး မင်းဆရာအဖြစ် ကိုးကွယ်ထားပါတယ်။ ”မဟာသံဃ ရာဇာ”ဘွဲ့ တံဆိပ်ရပုံ က ဒီလိုပါ။

မင်းကြီးစွာစော်ကဲအပါအ၀င် မင်းသားငယ်သုံးပါးကို ငယ်စဉ်က ရခိုင်ဘုန်းကြီးက စာသင်ပေးခဲ့ရပါတယ်။ ရခိုင်ဘုန်းကြီးက မင်းကြီးစွာစော်ကဲ မင်းဖြစ်မယ့်အရေးကို ငယ်စဉ်ကတည်းကသိခဲ့တယ်လို့ ဆိုပါတယ်။ ဘုန်းကံအလျောက် မင်းကြီးစွာ အင်းဝဘုရင်ဖြစ်တဲ့အခါ ငယ်ဆရာဘုန်းကြီးကို မေ့နေခဲ့ပါတယ်။ ဒီတော့ ဆရာဘုန်းကြီးက နှလုံးမသာမယာဖြစ်ပြီး ဘုန်းကြီးလို့ အသက်ရှည်လိုသော အနောက်တောင်ထောင့်၌ စည်းခံတည်လေ လို့ သတိရစေဖို့ အမှာလွှတ်လိုက်ပါတယ်။ မင်းကြီးစွာလဲ ဆရာဘုန်းကြီးမှာတဲ့အတိုင်း ရွှေစည်းခုံတည်ဖို့ စီစဉ်ပါတယ်။

ဒီနေရာမှာ သမိုင်းကြောင်းတစ်ခုဝင်လာပါတယ်။ ဘာလဲဆိုတော့ ဘုရားတည်မဲ့နေရာရဲ့ ကျောက်ဆောင်အနီးမှာ ရှေးကမုဠောဘုရားရှိခဲ့ဖူးပြီး ရေတိုက်စားလို့ ဓါတ်တော်ကြုတ် ဧရာဝတီမြစ်ထဲ ကျသွားခဲ့ပါတယ်။ ဧရာဝတီမြစ်ထဲ ကျသွားတဲ့ ဓါတ်တော်ကြုတ်ကို ဧရာပထနဂါးမင်းက သိမ်းဆည်း ကိုးကွယ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ရွှေစည်းခုံဘုရား တည်မယ့်သတင်းကြားတော့မှာ နဂါးမင်းက ဒါဠာနာဂမထေရ်ကို ဓါတ်တော်ကြုတ်နဲ့တကွ ဓါတ်တော်ငါးဆူကို လာပြီးပေးအပ်ပါတယ်။ မထေရ်ကလဲ ရလာတဲ့ဓါတ်တော်ငါးဆူကို မင်းကြီးစွာကို ဆက်ကပ်လိုက်ပါတယ်။ ဓါတ်တော်ငါးဆူထဲက နှစ်ဆုကို မူလမုဠောဘုရားမှာ ဌာပနာပြီး သုံးဆူကိုတော့ တည်ဆဲရွှေစည်းခုံမှာ ဠာပနာပါတယ်။

အဲဒီရွှေစည်းခုံတည်စဉ်မှာပဲ အင်းဝတစ်မြို့လုံး အုတ်အုတ်ကျက်ကျက်နဲ့ အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။ ဒီသတင်းကြားရတော့ ရခိုင်ဘုန်းကြီးက အင်းဝကိုကြွလာပြီး ကုက္ကိုပင်၊ ဆင်းကျုံး၊ မော်ကွန်း၊ သရပါတံခါး ရတနာ့ဂူတွေကို ရွှေစည်းခုံနဲ့ တစ်ပြိုင်နက် တည်ပေးလိုက်မှ ထိန်လန့်မှူတွေ ရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေကတော့ သူတို့ အချင်းချင်းသာ နားလည်နိုင်မယ့် လောကီပညာရပ်တွေထင်ပါတယ်။ ဒီတော့မှာ မင်းကြီးစွာက ငယ်ဆရာဘုန်းကြီးကို ပူဇော်သက္ကာရတွေပေးပြီး မဟာသံဃာ့ရာဇာ ဆိုတဲ့ ဘွဲ့ကို တစ်ခါတည်း ဆက်ကပ်လိုက်ပါတယ်။

ခေတ်အဆက်ဆက် မြန်မာ့ရာဇ၀င်မှာကလဲ စာပေပရိယတ္တိကျွမ်းကျင်ပြီး ထေရ၀ါဒလမ်းကြောင်းအတိုင်း လျှောက်ကြတဲံ့ ရဟန်းတော်တွေကတစ်ဖက်၊ စာပေပရိယတ္တိအားနည်းပြီး လောကီပညာတွေဖြစ်တဲ့ အင်းအိုင် မန္တာန်တွေကို လိုက်စားတဲ့ ရဟန်းတွေက တစ်ဖက်၊ အဲဒီလို လမ်းကြောင်းမတူတဲ့ ဟိုဖက်ဒီဖက် နှစ်ဖက်အားပြိုင်ခဲ့ကြတဲံ သာဓကတွေရှိခဲ့ဘူးပါတယ်။ အားပြိုင်ပြီဆိုကတည်းက တစ်ဖက်နဲ့တစ်ဖက် အားသာချက် အားနည်ချက်တွေနဲ့ လွန်ဆွဲခဲ့ကြမှာတော့ သေချာပါတယ်။ ဘယ်လောက်ပဲ အားပြိုင်မူတွေနဲ့ လွန်ဆွဲမူတွေရှိခဲ့ ရှိခဲ့၊ ဓမ္မလမ်းကြောင်းက အဓမ္မလမ်းကြောင်းမဖြစ်နိုင်သလို အဓမ္မ လမ်းကြောင်းကလဲ ဓမ္မလမ်းကြောင်း မဖြစ်နိုင်ခဲ့ပါဘူး။ နောင်မှာ သမိုင်းကပဲ စကားပြောသွားလေ့ရှိပါတယ်။

စောစောကပြောခဲ့တဲ့ မဟာသံဃရာဇာ ဘွဲ့ရတဲ့ဘုန်းကြီးက သာသာရေးကိစ္စတွေကို သူကပဲ ကိုယ်တွယ်ဖြေရှင်းပေး နေတယ်လို့ ဆိုပါတယ်။ မင်းကြီးစွာကိုယ်တိုင်ကလဲ သာသာရေးကိစ္စတွေကို သူ့ဘုန်းကြီးကိုပဲ တိုင်ပင်ပြီး လုပ်လေ့ရှိပါတယ်။ အဲဒီလိုထေရ၀ါဒအပြင်ဘက်က ဘုန်းကြီးက သာသာပိုင်တက်ဖြစ်ပြီး သာသနာရေးရာတွေကို ကိုင်တွယ်နေတော့ ပရိယတ္တိကျွမ်းကျင်တဲ့ ထေရ၀ါဒီရဟန်းတော်တွေအတွက် အခက်တွေ့ကုန် ကြတာပေါ့။

ဒီအခက်အခဲကို ဘယ်သူကဖြေရှင်းပေးလိုက်သလဲဆိုတော့ မနာပြင်ငါးဆူရပ်မှာနေတဲ့ အရှင်ခေမာစာရဆိုတဲ့ ရဟန်းတော်က ဖြေရှင်းပေးလိုက်ပါတယ်။ အရှင်ခေမာစာရဆိုတာက စာပေပရိယတ္တိကျွမ်းကျင်တဲ့ ထေရ၀ါဒီရဟန်းတော် တစ်ပါးပါ။ သူကဘယ်လိုဖြေရှင်းပေးလိုက်သလဲဆိုတော့

တစ်ည ညဥ့်နှစ်နာရီကျော်လောက်မှာ အချက်ပေါင်းများစွာ စည်တီးလိုက်ပါတယ်။ အရှင်ခေမာစာရ တီးလိုက်တဲ့စည်သံဟာ မင်းနန်းတော်အထိ လွှမ်းသွားပါတယ်။ ဒီတော့ မင်းကြီးစွာက ” ဒီစည်သံဟာ ရဟန်းတစ်ပါးပါး ပျံတော်မူလို့ တီးတာဖြစ်လိမ့်မယ်၊ ဘယ်ရဟန်းပျံတော်မူတယ်ဆိုတာ သွားစုံစမ်းချေ” ဆိုပြီး အမတ်တွေကို စုံစမ်းခိုင်းလိုက်ပါတယ်။ အမတ်တွေလဲ အရှင်ခေမာစာရဆီ ရောက်လာကြပါတယ်။ အရှင်ခေမာစာရကလဲ ရောက်လာမယ်မှန်းသိလို့ စောင့်နေဟန်ထင်ပါတယ်။

စည်တီးတာ အရှင်ဘုရား။

ဟုတ်ပေသည်။

ခု ဘယ်ရဟန်းပျံတော်မူ၍ စည်တီးသနည်း။

ဘယ်ရဟန်း ပုဂ္ဂိုလ်မျှ ပျံတော်မူခြင်းမရှိ၊ ဤစည်တီးခြင်းကား တာဝတိံသာ နတ်ပြည်မှ သိကြားမင်းသေ၍ တီးခြင်းဖြစ်သည်း။

အရှင်ဘုရားက သိကြားမင်းသေကြောင်းကို အဘယ်ကြောင့် သိသနည်း။

”ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီး၌ သာသနာကို စောင့်ရှောက်ပါမည်ဟု သိကြားမင်းဝန်ခံခဲ့ပါသည်။ ဤသို့ ၀န်ခံခဲ့လျှက် ယခုအခါ သာသနာတော်ကို ဆောင်ရွက်နေသော ငါတို့အား မစောင့်ရှောက်သောကြောင့် သိကြားမင်းသေကြောင်း သိရပေသည်။ ဤစည်ကို တီးရခြင်းဖြစ်ပါသည်။

အရှင်ခေမာစာရဆီက အဖြေစကားကြားရတော့ အမတ်တွေကလဲ ကြားရတဲံအတိုင်း မင်းကြီးစွာကို ပြန်လျှောက်ကြပါတယ်။ မင်းကြီးစွာကလဲ အသိဥာဏ်ရှိတဲ့မင်းဆိုတော့ အရှင်ခေမာစာရရဲ့ ဆိုလိုချက်ကို ချက်ချင်းသဘော ပေါက်လိုက်ပါတယ်။ ဒါကြောင့် မင်းကြီးစွာက အရှင်ခေမာစာရအပါအ၀င် ပရိယတ္တိကျွမ်းကျင်တဲ့ ထေရ၀ါဒီရဟန်းတော်တွေကိုလည်း ကျောင်းဆောင်တွေ ဆောက်လုပ်လှူပြီး ပူဇော်သက္ကာရ ပြုခဲ့ပါတယ်။ ပြီးတော့ ရွှေစည်းခုံနဲ့ သိမ်သမုတ်ပွဲကိုလည်း အရှင်ခေမာစာရတို့လို ပရိယတ္တိကျွမ်းကျင်တဲ့ ရဟန်းတော်တွေနဲ့ သမုတ်စေခဲ့ပါတယ်။ ဒါကြောင့် အင်းဝခေတ် စာမျက်နှာမှာ မင်းကြီးစွာစော်ကဲ မင်းကောင်းမင်းမြတ်အဖြစ် စာရင်းဝင်ခဲ့တာဟာလဲ အရှင်ခေမာစာရရဲ့ စည်တီးမှုတစ်စိတ် တစ်ဒေသက ကျေးဇူးပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

တကယ်တော့ အရှင်ခေမာစာရက သိကြားမင်းသေလို့ဆိုပြီး စည်းတီးခဲ့ပေမယ့် မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီး သိကြားမင်းကို သာသနာတော် စောင့်ရှောက်ဖို့ မမှာခဲ့သလို သိကြားမင်းကလဲ့ သာသာနာတော်ကို စောင့်ရှောက်ပါမယ်လို့ ၀န်ခံကတိမပေးခဲ့ပါဘူး။ ဘုရားသာသနာ သိကြားစောင့် ရှောက်တယ်ဆိုတဲ့စကားဟာ အမှန်မဟုတ်တဲ့ လောကပြောစဉ်တစ်ခုပါ။ ဒီပြောစဉ်ကို အခြေတည်ပြီး အရှင်ခေမာစာရက စည်တီးခဲ့တာပါ။

ဘာပဲပြောပြော အရှင်ခေမာစာရ တီးခဲ့တဲ့စည်သံဟာ အင်းဝခေတ်ဇာတ်ခုံကို ကြည့်မိတိုင်း ကြားနေရဆဲပါ။ တကယ်လို့များ ခေတ်တခေတ်ရဲ့ ဇာတ်ခုံထက်မှာ အရှင်ခေမာစာရလို ဇာတ်ဆောင်တစ်ဦးအနေနဲ့ စည်တီးဖို့ အခွင့်ကြုံလာခဲ့ရင် တီးဖြစ်အောင် တီးလိုက်ဖို့ပါပဲ။ မိမိတီးလိုက်တဲ့စည်သံဟာ နှောင်းခေတ် အဆက်ဆက်ထိ ကြားနေမှာတော့ သေချာပါတယ်။

ကျမ်းကိုး

(၁) သာသနာလင်္ကာရစာတမ်း (မဟာဓမ္မသတ်ကြီး)

(၂) ရတနာစာပေ (ရဝေထွန်း)

မြတ်သတိ မေ၊ ၂၀၀၁

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP